ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၂/၁၅ စာ. ၈-၁၃
  • သင့်အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိုးထွင်းသိမြင်ခြင်း၏အဓိကဇာစ်မြစ်
  • ဇီဝစက်များ၏ရည်ရွယ်ချက်
  • နာမည်ကောင်းရရန်အချိန်
  • “လူ့ရှိသမျှတာဝန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဒေသနာ ၃:၁၁—“ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၂/၁၅ စာ. ၈-၁၃

သင့်အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း

“လူသားတို့သည် . . . တစ်သက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့သောငှာ၊ပညာတရားကိုလေ့ကျက်လျက် . . . ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။”—ဒေသနာ ၂:၃။

၁၊ ၂။ မိမိကိုယ်ကို တော်သင့်လျောက်ပတ်စွာ စိတ်ဝင်စားခြင်းသည် အဘယ်ကြောင့်မမှားသနည်း။

သင်သည် သင့်ကိုယ်သင် တန်ဖိုးထားစိတ်ဝင်စားသည်မဟုတ်လော။ ယင်းသည် ဖြစ်ရိုးဖြစ်စဉ်ပင်။ ထို့ကြောင့်လည်း နေ့စဉ်အစာစားသည်၊ မောပန်းသည့်အခါ အိပ်သည်၊ မိတ်ဆွေသူငယ်ချင်းများ၊ ကိုယ်ချစ်မြတ်နိုးရသူများနှင့် ပေါင်းသင်းလိုကြသည်။ တစ်ခါတစ်ရံ ဆော့ကစားကြ၊ ရေကူးကြ၊ သို့မဟုတ် မိမိကြိုက်နှစ်သက်ရာကို ပြုလုပ်တတ်ကြရာ မိမိကိုယ်ကို ဟန်ချက်ညီညီ စိတ်ဝင်စားကြောင်း တင်ပြကြ၏။

၂ မိမိကိုယ်ကိုဤသို့စိတ်ဝင်စားခြင်းသည် ရှောလမုန်ကို ဘုရားသခင်ရေးသားစေသည့် ဤစကားများနှင့် ညီညွတ်ပါသည်– “စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ကောင်းသောအခွင့်မရှိ။” ရှောလမုန်က မိမိ၏အတွေ့အကြုံကိုအခြေပြုပြီး ဤသို့ထပ်ဆင့်ခဲ့သည်– “ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကိုရနိုင်သည်ဟု ငါသိမြင်၏။ ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူခံစားရသနည်း။”—ဒေသနာ ၂:၂၄၊ ၂၅။

၃။ အဘယ် စိတ်ရှုပ်ထွေးစရာမေးခွန်းများသည် လူအများအတွက် အဖြေရှာမတွေ့ဘဲဖြစ်နေပါသနည်း။

၃ သို့တိုင် လူ့အသက်သည် စားခြင်း၊ သောက်ခြင်း၊ အိပ်ခြင်းနှင့် အကျိုးတစ်မျိုးမျိုးပြုခြင်းမျှသာမဟုတ်ကြောင်းကို သင်သိထားပါသည်။ ကျွန်ုပ်တို့တွင် နာကျင်မှုများ၊ စိတ်ဓာတ်ကျဆင်းမှုများ၊ ပူပန်မှုများရှိကြ၏။ ထို့ပြင် ကျွန်ုပ်တို့၏ဘဝအဓိပ္ပာယ်ကို ပြန်လည်မသုံးသပ်နိုင်သည့်အထိ အလုပ်များလွန်းနေပုံရှိကြသည်။ အသင်လည်း ထိုသို့ပင်မဟုတ်ပေလော။ သည်ဝေါလ်စထရိဂျာနယ် ၏အယ်ဒီတာဟောင်း ဗာမန့်တ် ရဝိုင်စတာက ကျွန်ုပ်တို့၏တိုးတက်လာသော အသိပညာနှင့် ကျွမ်းကျင်မှုများကို မှတ်ချက်ချပြီးနောက် ဤသို့ရေးသားခဲ့သည်– “အထူးအဆန်းတစ်ခုရှိနေသည်။ လူကိုယ်နှိုက်အကြောင်း၊ သူ၏ဘေးကျပ်နံကျပ်အဖြစ်များနှင့် ဤစကြဝဠာတွင် သူ၏အခြေအနေအကြောင်းကို သုံးသပ်ကြည့်ရာ အသက်စဖြစ်ပေါ်ချိန်က သိရှိသလောက်သာ သိရှိသေးသည်။ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်ကြသနည်း၊ မည်သည့်အကြောင်းကြောင့်ရှိကြရသနည်း၊ မည်သည့်အရပ်သို့ ဦးတည်နေကြသနည်းဟူသောမေးခွန်းများနှင့် ကျန်ရစ်ရလေသည်။”

၄။ ကျွန်ုပ်တို့နှင့်ပတ်သက်သောမေးခွန်းများကို ကျွန်ုပ်တို့တစ်ဦးစီသည် အဘယ်ကြောင့်ဖြေဆိုနိုင်ချင်စိတ်ရှိသင့်သနည်း။

၄ ‘ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်ကြသနည်း။ မည်သည့်အကြောင်းကြောင့် ဤတွင်ရှိကြရသနည်း။ မည်သည့်အရပ်သို့ ဦးတည်နေကြသနည်း’ ဟူသောမေးခွန်းများကို မည်သို့ဖြေဆိုမည်နည်း။ လွန်ခဲ့သောဇူလိုင်လတွင် မစ္စတာရဝိုင်စတာ ကွယ်လွန်သည်။ ထိုအချိန်တိုင်လေသော် ကျေနပ်ဖွယ်အဖြေများကို သူရရှိနေသည်ဟု ထင်သလော။ ပိုမိုအချက်ကျကျမေးရလျှင် ရရှိနိုင်သည့်နည်းလမ်းရှိပါသလော။ ထို့ပြင် ယင်းက ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော၊ ပို၍အဓိပ္ပာယ်ရှိသော ဘဝအသက်တာကိုရရှိရန် မည်သို့အကူအညီပေးမည်နည်း။ ကြည့်ကြစို့။

ထိုးထွင်းသိမြင်ခြင်း၏အဓိကဇာစ်မြစ်

၅။ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်နှင့်ပတ်သက်သော မေးခွန်းများကို ထိုးထွင်းသိမြင်ရန် ကြိုးစားရာတွင် ဘုရားသခင့်အကူအညီကို အဘယ်ကြောင့်တောင်းခံသင့်သနည်း။

၅ ကျွန်ုပ်တို့သည် ဘဝအသက်တာ၏ရည်ရွယ်ချက်ကို မိမိဘာသာရှာဖွေရမည်ဆိုလျှင်အတတ်ပညာနှင့် အတွေ့အကြုံများသူတို့အပါအဝင် အမျိုးသားအမျိုးသမီးများစွာနည်းတူ ကျွန်ုပ်တို့သည် အောင်မြင်မှုအနည်းငယ်သာရမည် သို့မဟုတ် လုံးဝရမည်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့သည် စွန့်ပစ်ထားခြင်းမခံကြရပါ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အကူအညီပေးထားတော်မူပြီ။ စဉ်းစားကြည့်လိုက်လျှင် ကိုယ်တော်သည် “ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ” ၍စကြဝဠာတစ်ခုလုံးနှင့် သမိုင်းအကုန်အစင်ကို ပြည့်ဝစုံလင်စွာ သိကျွမ်းတော်မူသောကြောင့် ထိုးထွင်းသိမြင်ခြင်းနှင့် ဉာဏ်ပညာ၏ အထွတ်အထိပ်မဖြစ်ပေလော။ (ဆာလံ ၉၀:၁၊ ၂) ကိုယ်တော်သည် လူကိုဖန်ဆင်းတော်မူပြီး လူတို့တွေ့ကြုံခံစားရသမျှကို သိရှိနားလည်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ထိုးထွင်းသိမြင်ဉာဏ်ရရှိရန် အသိပညာနှင့် သိရှိနားလည်မှု အကန့်အသတ်သာရှိသော မစုံလင်သည့်လူသားများကိုမဟုတ်ဘဲ ကိုယ်တော်တစ်ဦးတည်းကိုသာ မှီခိုအားထားသင့်သည်။—ဆာလံ ၁၄:၁-၃; ရောမ ၃:၁၀-၁၂။

၆။ (က) ဖန်ဆင်းရှင်သည် လိုအပ်သောထိုးထွင်းသိမြင်ခြင်းကို မည်သို့ပေးသနားထားတော်မူသနည်း။ (ခ) ရှောလမုန် မည်သို့ပါဝင်ပတ်သက်သနည်း။

၆ ဖန်ဆင်းတော်မူရှင်ကိုယ်တော်တိုင် လူ့ဘဝ၏အဓိပ္ပာယ်ကို ကျွန်ုပ်တို့တစ်ဦးစီအား ဖော်ပြမည်ဟု မမျှော်လင့်နိုင်သော်လည်း ထိုးထွင်းသိမြင်ခြင်း၏အရင်းအမြစ်—ကိုယ်တော်မှုတ်သွင်းထားတော်မူသော နှုတ်ကပါဌ်တော်ကို ပေးသနားထားတော်မူပြီ။ (ဆာလံ ၃၂:၈; ၁၁၁:၁၀) ဤနေရာတွင် ဒေသနာကျမ်းသည် အထူးတန်ဖိုးရှိပါသည်။ ၎င်းကိုရေးသားသူအား ဘုရားသခင်မှုတ်သွင်းတော်မူသောကြောင့် ‘ရှောလမုန်သည် အရှေ့တိုင်းသားအပေါင်းတို့ထက် သာ၍ပညာရှိ’ ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၆-၁၂; ၄:၃၀-၃၄) “ရှောလမုန်၏ပညာ” သည်အလည်အပတ်ရောက်လာသော မိဖုရားအတွက် အလွန်စွဲမှတ်ဖွယ်ရာဖြစ်ခဲ့သောကြောင့် သူမက သတင်းတစ်ဝက်သာကြားခဲ့ရသေးကြောင်း၊ ကိုယ်တော်၏ ပညာတော်ကိုကြားသော လူတို့သည် မင်္ဂလာရှိကြောင်း ပြောခဲ့ပါသည်။a (၃ ဓမ္မရာဇဝင် ၁၀:၄-၈) ကျွန်ုပ်တို့လည်း ရှောလမုန်မှတစ်ဆင့် ဖန်ဆင်းတော်မူရှင် ပေးသနားတော်မူသောဉာဏ်ပညာမှ ထိုးထွင်းသိမြင်ခြင်းနှင့် ပျော်ရွှင်မှုရရှိနိုင်ကြပါသည်။

၇။ (က) မိုးကောင်းကင်အောက်၌ပြုသောအမှု အများစုကို ရှောလမုန်မည်သို့ကောက်ချက်ချသနည်း။ (ခ) အရှိကိုအရှိအတိုင်း ရှောလမုန်အကဲဖြတ်ခြင်းကို အဘယ်အရာက ဖော်ပြသနည်း။

၇ ရှောလမုန်၏စိတ်နှလုံးနှင့် ဦးနှောက်ကို အကျိုးသက်ရောက်ခဲ့သော ဘုရားသခင်ပေးသည့် ဉာဏ်ပညာတော်ကို ဒေသနာကျမ်းက ထင်ရှားစေသည်။ ရှောလမုန်မှာ အချိန်၊ ဥစ္စာနှင့် ထိုးထွင်းဉာဏ်ရှိသဖြင့် “မိုးကောင်းကင်အောက်၌ပြုသမျှတို့ကို” သူလေ့လာသုံးသပ်ခဲ့ပါသည်။ အများစုမှာ “အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်” ကြောင်းသူတွေ့ရှိသည်။ ယင်းသည် ဘဝရည်ရွယ်ချက် အကြောင်းစဉ်းစားသောအခါ စိတ်စွဲမှတ်ရမည့် ချင့်ချိန်ဝေဖန်စရာ မှုတ်သွင်းခံအချက်ဖြစ်သည်။ (ဒေသနာ ၁:၁၃၊ ၁၄၊ ၁၆) ရှောလမုန်သည် ပွင့်လင်းစွာဖြင့် အရှိအတိုင်းရှုမြင်ပြောဆိုနေခြင်းဖြစ်သည်။ ဥပမာ၊ ဒေသနာ ၁:၁၅၊ ၁၈ ပါသူ၏စကားများကို သုံးသပ်ကြည့်ပါ။ လူတို့သည် ရာစုနှစ်တစ်လျှောက် အုပ်ချုပ်နည်းအမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့ကြပြီဖြစ်ကာ တစ်ခါတစ်ရံ ပြဿနာများကိုဖြေရှင်းရန်နှင့် လူ့ဘဝကို တိုးတက်စေရန် စေတနာစိတ်ဖြင့် ကြိုးစားခဲ့ကြပြီ။ သို့သော် ဤမစုံလင်သောစနစ်၏ “ကောက်သောအရာ” တို့ကိုတစ်စုံတစ်ယောက်သည် အမှန်တကယ်ဖြောင့်စေနိုင်ခဲ့ပြီလော။ ထို့ပြင် တစ်ဦးတစ်ယောက်သည် အသိပညာပိုများလာလေ လူ့သက်တမ်းတိုတွင် အဘယ်အရာကိုမျှ အပြည့်အဝမပြုပြင်နိုင်ကြောင်း သာ၍သိရှိလာလေဖြစ်သည်။ ဤသို့သိရှိလာခြင်းကား လူအများကို စိတ်ပျက်စေတတ်သော်လည်း ကျွန်ုပ်တို့ကိုကား ထိုသို့မဖြစ်စေသင့်ပါ။

၈။ ရှေးကြာမြင့်စွာကတည်းက အဘယ်သံသရာများ ရှိလာခဲ့ပြီနည်း။

၈ စဉ်းစားစရာနောက်တစ်ချက်မှာ နေဝင်နေထွက်ခြင်း၊ လေရေတို့၏ရွေ့လျားစီးဆင်းမှုအစရှိသည့် ကျွန်ုပ်တို့ကိုအကျိုးသက်ရောက်သော သံသရာလည်ခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် မောရှေ၊ ရှောလမုန်၊ နပိုလီယံနှင့် ကျွန်ုပ်တို့၏ဘိုးဘေးလက်ထက်ကတည်းက ရှိနှင့်ခဲ့သည်။ ဆက်လက်၍လည်းရှိနေပါသည်။ ထပ်တူပင် “လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။” (ဒေသနာ ၁:၄-၇) လူ့ရှုထောင့်မှကြည့်လျှင် အပြောင်းအလဲမရှိလှချေ။ ရှေးခေတ်ကလူများနှင့် ယခုခေတ် လူများသည် အလားတူလုပ်ငန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် အောင်မြင်မှုများရှိခဲ့ကြပြီ။ လူ့သဘာဝအရ တစ်ဦးတစ်ယောက်သည် နာမည်ကျော်ကြားခဲ့မည်၊ ထူးထူးခြားခြားလှပခဲ့မည်၊ စွမ်းရည်ထက်ခဲ့မည်ဆိုဦးတော့ ယခု ထိုသူ အဘယ်မှာရှိသနည်း။ ကွယ်လွန်ပြီဖြစ်၍ သူ့ကိုမေ့ကောင်းမေ့ချေပြီ။ ယင်းသို့ဆိုခြင်းကား စိတ်ညှိုးငယ်စရာမဟုတ်ပါ။ လူအများသည် သူတို့၏ဘိုးဘွားများအမည်၊ သူတို့ဘယ်မှာမွေး၍ ဘယ်မှာမြှုပ်နှံထားခံရသည်ကိုပင် မသိကြချေ။ ထို့ကြောင့် လူ့ဆောင်ရွက်မှုများနှင့် ကြိုးစားမှုများသည် အနတ္တသာဖြစ်ကြောင်း ရှောလမုန်သည် အဘယ်ကြောင့်အရှိအတိုင်းရှုမြင်ခဲ့ရသည်ကို သဘောပေါက်နိုင်ပါသည်။—ဒေသနာ ၁:၉-၁၁။

၉။ လူသား၏အခြေအနေအပေါ် အရှိအတိုင်း ထိုးထွင်းသိမြင်ခြင်းအားဖြင့် မည်သို့အကူအညီရနိုင်မည်နည်း။

၉ လူ့အခြေခံအခြေအနေကို ဘုရားသခင့်အကူအညီဖြင့် ဤသို့ထိုးထွင်းသိမြင်ခြင်းက ကျွန်ုပ်တို့ကို စိတ်ပျက်သွားစေမည့်အစား အပြုသဘောပါသောအကျိုးရရှိစေပြီး၊ မကြာမီပျောက်ပျက် မေ့လျော့သွားတော့မည့် ပန်းတိုင်များ သို့မဟုတ် လိုက်စားမှုများကို မှားမှားယွင်းယွင်းတန်ဖိုးထားမိခြင်းမှ ရှောင်ရှားရန် လှုံ့ဆော်ပေးသည်။ ဘဝမှအဘယ်အကျိုးရရှိနေပြီး အဘယ်အရာကို ဖြစ်ထွန်းစေရန် ကြိုးစားနေကြောင်း ခန့်ခွဲဝေဖန်ဖို့ အကူအညီပေးသင့်သည်။ ဥပမာ၊ ခြိုးခြံကျင့်သူများဖြစ်မည့်အစား ဟန်ချက်ညီညီစားသောက်ခြင်းမှ ပျော်ရွှင်မှုရရှိနိုင်ကြသည်။ (ဒေသနာ ၂:၂၄) ယခုကျွန်ုပ်တို့တွေ့မြင်ကြမည့်အတိုင်း ရှောလမုန်သည် အပြုသဘောပါပြီး အကောင်းမြင်စိတ်အရှိဆုံး ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့သည်။ အကျဉ်းချုပ်ဖော်ပြရလျှင် ထာဝစဉ်ပျော်ရွှင်ရမည့် ရည်ရွယ်ချက်ရှိအနာဂတ်ကိုပေးနိုင်သော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ဆက်ဆံရေးကို အလွန်တန်ဖိုးထားသင့်ခြင်းဖြစ်သည်။ ရှောလမုန်က ဤသို့အလေးအနက်ဖော်ပြခဲ့သည်– “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ခြာသတည်း။”—ဒေသနာ ၁၂:၁၃။

ဇီဝစက်များ၏ရည်ရွယ်ချက်

၁၀။ ရှောလမုန်သည် တိရစ္ဆာန်နှင့်လူကို အဘယ်နည်းဖြင့်နှိုင်းယှဉ်တင်ပြသနည်း။

၁၀ ဒေသနာကျမ်းတွင်ဖော်ပြထားသည့် ဘုရားသခင့်ဉာဏ်ပညာတော်သည် ကျွန်ုပ်တို့ဘဝ၏ရည်ရွယ်ချက်ကို ဆင်ခြင်သုံးသပ်ရန် အထောက်အကူပြုနိုင်သည်။ မည်သို့အားဖြင့်နည်း။ ရှောလမုန်သည် ကျွန်ုပ်တို့မစဉ်းစားမိသည့် အခြားအမှန်တရားများကို လက်တွေ့ကျကျအာရုံပြုခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်ခုကား လူနှင့်တိရစ္ဆာန်တို့၏ ဆင်တူသည့်အချက်များဖြစ်သည်။ ယေရှုက ကြင်နာစွာဖြင့် တပည့်တော်များကို သိုးနှင့်နှိုင်းယှဉ်တော်မူခဲ့သော်လည်း အမှန်မှာ လူတို့သည် များသောအားဖြင့် တိရစ္ဆာန်နှင့် အနှိုင်းမခံလိုကြပါ။ (ယောဟန် ၁၀:၁၁-၁၆) သို့တိုင် ရှောလမုန်သည် မငြင်းသာသောအချက်အလက်အချို့ကို ဤသို့ဖော်ပြခဲ့သည်– “လူတို့ကို ဘုရားသခင်စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း။ လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကိုတွေ့ကြုံလျက်၊ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ . . . သို့ဖြစ်၍၊ လူသည် တိရစ္ဆာန်ထက်ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ . . . အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။”—ဒေသနာ ၃:၁၈-၂၀။

၁၁။ တိရစ္ဆာန်တစ်ကောင်၏ဇီဝစက်ကို မည်သို့ဖော်ပြနိုင်သနည်း။ (ခ) ဤဆန်းစစ်ချက်ကို သင်မည်သို့သဘောရသနည်း။

၁၁ သင်ရှုစားရပျော်သော ခွေးတူဝက်တူ သို့မဟုတ် ယုန်တစ်ကောင်ကိုစဉ်းစားကြည့်ပါ။ (တရားဟောရာ ၁၄:၇၊ ကဘ; ဆာလံ ၁၀၄:၁၈၊ ကဘ; သု. ၃၀:၂၆၊ ကဘ) သို့မဟုတ် ကမ္ဘာတစ်ဝန်း အမျိုးပေါင်း ၃၀၀ ကျော်ရှိသည့် ရှဉ့်သတ္တဝါကို စဉ်းစားကြည့်ပါ။ ၎င်း၏ဇီဝစက်ကား အဘယ်နည်း။ ယင်းသည် မွေးဖွားလာပြီးနောက် မိခင်က ၎င်းကိုရက်သတ္တပတ်အနည်းငယ် နို့တိုက်ကျွေးမွေးပါသည်။ မကြာမီပင် အမွေးပေါက်လာပြီး အပြင်သို့ထွက်ဝံ့လေသည်။ ဟိုခုန်ဒီခုန်နှင့် အစာရှာစားနေသည်ကို သင်တွေ့ရှိပေမည်။ သို့သော် များသောအားဖြင့် ၎င်းသည် ငယ်မျစ်နုနယ်စဉ် ပျော်ရွှင်မြူးထူးဆော့ကစားနေပုံသာရှိသည်။ ထို့နောက် တစ်နှစ်နှစ်နှစ်ခန့် ကြီးပြင်းလာသောအခါ မိတ်ဖက်ရန် အဖော်ရှာတော့သည်။ ယင်းနောက် အသိုက်အအုံ သို့မဟုတ် ခိုအောင်းရာနေရာ တည်ဆောက်၍ သားဆက်ပွားလေသည်။ စားစရာအသီးအနှံသစ်ဥသစ်ဖု၊ အစေ့များ အလုံအလောက်ရှာတွေ့မည်ဆိုလျှင် ရှဉ့်မိသားစုသည် ဝဖြိုးလာကာ အသိုက်အအုံကို တိုးချဲ့ရန်အချိန်ရပေမည်။ သို့သော် နှစ်အနည်းငယ်အကြာတွင်ပင် ၎င်းတိရစ္ဆာန်သည် အသက်ကြီးသွားပြီးထိခိုက်ဒဏ်ရာရဖို့၊ ရောဂါဖြစ်ဖို့ အကြောင်းပိုများလာပေမည်။ ဆယ်နှစ်အရွယ်ခန့်တွင် သေရရှာသည်။ ရှဉ့်အမျိုးအစားအပေါ်မူတည်၍ အနည်းငယ်ကွာခြားမှုရှိသည်မှလွဲလျှင် ယင်း၏ဇီဝစက်သည် ထိုအတိုင်းသာဖြစ်သည်။

၁၂။ (က) အရှိအတိုင်းရှုမြင်မည်ဆိုလျှင် လူအများ၏ ဇီဝစက်သည် သာမန်တိရစ္ဆာန်တို့၏ဇီဝစက်နှင့် အဘယ်ကြောင့်တူသနည်း။ (ခ) ကျွန်ုပ်တို့စိတ်ထဲရှိ တိရစ္ဆာန်တစ်ကောင်ကို နောက်တစ်ကြိမ်တွေ့ရှိခဲ့လျှင် အဘယ်အကြောင်းစဉ်းစားမိမည်နည်း။

၁၂ ယင်းသည် တိရစ္ဆာန်တစ်ကောင်၏ဇီဝစက်ဖြစ်သည်ကို လူအများငြင်းလိမ့်မည်မဟုတ်ပါ။ ရှဉ့်တစ်ကောင်မှာ ကြိုတင်ကြံရွယ်ထားသည့် ဘဝရည်ရွယ်ချက်ရှိလိမ့်မည်ဟူ၍လည်း ယူမှတ်ကြမည်မဟုတ်ပါ။ သို့ရာတွင် လူများစွာတို့၏အသက်တာသည် ၎င်းနှင့်မထူးမခြားလှဟု သင်ဝန်ခံမည်မဟုတ်ပေလော။ နို့စို့သူငယ်များအဖြစ် သူတို့မွေးဖွားလာကြပြီး ပြုစုကြည့်ရှုခံရကြသည်။ လူငယ်များအဖြစ် သူတို့စားကြ၊ ကြီးပြင်းလာကြပြီး ဆော့ကစားတတ်ကြ၏။ မကြာမီပင် သူတို့သည် လူကြီးများဖြစ်လာကြပြီး အိမ်ထောင်ဖက်တွေ့လာကြရာ နေထိုင်စရာနေရာနှင့် အသက်မွေးရာလုပ်ငန်းကို ရှာဖွေယူကြသည်။ အောင်မြင်ကြမည်ဆိုလျှင် ဝဖြိုးလာပြီး သားသမီးများမွေးဖွားရန် သူတို့အိမ် (ရိပ်မြုံ) ကိုတိုးချဲ့ကြပါသည်။ သို့သော် ဆယ်စုနှစ်များ အလျင်အမြန်ကုန်လွန်သွားပြီး အသက်ထောက်လာကြ၏။ အသက် ၇၀၊ ၈၀ မတိုင်မီမကွယ်လွန်သည့်တိုင် ယင်းနောက်ပိုင်းတွင် “ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်း” ပြည့်လျက်သေဆုံးကြပါသည်။ (ဆာလံ ၉၀:၉၊ ၁၀၊ ၁၂) သင်သည် ရှဉ့် (သို့မဟုတ် အခြားတိရစ္ဆာန် တစ်မျိုးမျိုးကို) နောက်တစ်ကြိမ်တွေ့သည့်အခါ လေးလေးနက်နက်စဉ်းစားစရာဖြစ်စေသော ဤအချက်အလက်များကို တွေးတောကြည့်သင့်သည်။

၁၃။ အဘယ်အကျိုးဆက်သည် တိရစ္ဆာန်များနှင့်လူတို့အတွက် မှန်ကန်ကြောင်းတွေ့ရှိရသနည်း။

၁၃ ရှောလမုန်သည် လူများ၏အသက်တာကို တိရစ္ဆာန်များ၏အသက်တာနှင့် အဘယ်ကြောင့်ခိုင်းနှိုင်းခဲ့ရကြောင်း သင်ယခုသဘောပေါက်ပေပြီ။ သူက “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . ဖွားမြင်ချိန်နှင့် သေချိန်လည်းရှိ၏” ဟုရေးသားခဲ့သည်။ နောက်ဖြစ်အင် သေခြင်းသည် လူနှင့်တိရစ္ဆာန်အတွက်ပါ တစ်မျိုးတည်းဖြစ်၍ “တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။” ထပ်ဆင့်၍ “အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏” ဟုသူကဆိုသည်။—ဒေသနာ ၃:၁၊ ၂၊ ၁၉၊ ၂၀။

၁၄။ လူအချို့သည် သာမန်ဇီဝစက်ကိုပြောင်းလဲရန် မည်သို့ကြိုးစားကြသနည်း။ သို့သော် အဘယ်အကျိုးသက်ရောက်သနည်း။

၁၄ ဤသို့အရှိအတိုင်းတွေ့မြင်ပြီး ဝေဖန်သုံးသပ်ခြင်းကို အပျက်သဘောဖြင့်တွေးတောခြင်းဟု ယူမှတ်စရာမလိုပါ။ မှန်သည်၊ အချို့က မိဘတို့ပိုင်ဆိုင်သည်ထက်ပိုရှိရန် အချိန်ပိုအလုပ်လုပ်ကြခြင်းအားဖြင့် မိမိတို့အခြေအနေကို ကြိုးစားပြောင်းလဲပေးကြသည်။ ဘဝကိုတိုးသိနားလည်ရန်ကြိုးစားစဉ် မိမိတို့၏အဆင့်အတန်း ပိုမြင့်မားလာစေရန် ပညာရေးကို ပိုအချိန်ပေးပြီး ဆည်းပူးခဲ့ကြပေမည်။ သို့မဟုတ် ကျန်းမာရေးပိုကောင်းလာပြီး အသက်အနည်းငယ်တိုးရှည်လာရန် ကာယလေ့ကျင့်ခန်း၊ သို့မဟုတ် နည်းလမ်းတကျ အစာရှောင်ခြင်းတို့ကို အာရုံစူးစိုက်ကြပေမည်။ ဤကြိုးပမ်းမှုများကား တစ်နည်းတစ်ဖုံအကျိုးပြုကောင်းပြုအံ့။ သို့သော် ယင်းကြိုးပမ်းမှုများသည် အောင်မြင်လိမ့်မည်ဟု မည်သူသေချာပေါက်သိနိုင်မည်နည်း။ အောင်မြင်သည်ဆိုဦးတော့ မည်မျှကြာကြာခံမည်နည်း။

၁၅။ လူအများ၏အသက်တာနှင့်ပတ်သက်သည့် အဘယ်ပွင့်လင်းသောအကဲဖြတ်ချက်သည် ခိုင်လုံသနည်း။

၁၅ ရှောလမုန်က “အနတ္တတိုးပွားစရာအကြောင်း များပြားသည်ဖြစ်၍၊ လူသည်အဘယ်ကျေးဇူးရှိသနည်း။ အရိပ်ကဲ့သို့လွန်တတ်သော အနတ္တအသက်ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ . . . လူနောက်မှာ ဖြစ်လတ္တံ့သောအမှုအရာတို့ကို . . . အဘယ်သူပြောနိုင်သနည်း။” (ဒေသနာ ၆:၁၁၊ ၁၂) သေခြင်းသည် လူတစ်ဦး၏ကြိုးပမ်းမှုများကို လျင်မြန်စွာရပ်တန့်သွားစေတတ်သောကြောင့် ဥစ္စာတိုးပွားလာရန် ရုန်းကန်ခြင်း၊ စည်းစိမ်တိုးပွားရန်ရည်စူးပြီး နှစ်ချီ၍ကျောင်းပညာဆည်းပူးခြင်းသည် အမှန်အကျိုးရှိပါသလော။ အရိပ်ကဲ့သို့လွန်တတ်သော လူ့အသက်တာသည် ဤမျှတိုတောင်းသဖြင့် မိမိ၏ရည်မှန်းချက် အထမြောက်မည်မဟုတ်ကြောင်း ရိပ်မိသည့်အခါ အခြားပန်းတိုင်တစ်ခုသို့ ဦးလှည့်ဖို့ကြိုးစားရန်အချိန်မရှိတော့ဟု လူအများကသဘောထားကြ၏; ‘မိမိနောက်မှာ’ မိမိ၏သားသမီးများ မည်သို့ဖြစ်ကြမည်ကို အဘယ်သူမျှသေချာပေါက်မသိနိုင်ပါ။

နာမည်ကောင်းရရန်အချိန်

၁၆။ (က) တိရစ္ဆာန်များ မပြုလုပ်နိုင်သည့် အဘယ်အမှုကို ကျွန်ုပ်တို့ပြုလုပ်သင့်သနည်း။ (ခ) အခြားအဘယ်အမှန်တရားက ကျွန်ုပ်တို့၏အတွေးအခေါ်အပေါ် အကျိုးသက်ရောက်သင့်သနည်း။

၁၆ ကျွန်ုပ်တို့သည် တိရစ္ဆာန်များနှင့်မတူ ‘အကျွန်ုပ်လူဖြစ်ရခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။ မွေးရမည့်အချိန်နှင့်သေရမည့်အချိန်ရှိ မပြောင်းလဲနိုင်သောသံသရာမျှလော’ ဟုစဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည်။ ယင်းနှင့်စပ်လျဉ်း၍ လူနှင့်တိရစ္ဆာန်အကြောင်း ရှောလမုန်၏စကားပါ အမှန်တရားကို ပြန်စဉ်းစားကြည့်ပါ– “မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။” ယင်းကြောင့် သေခြင်းသည် တစ်ဦးတစ်ယောက်၏အဖြစ်ကို လုံးဝလမ်းဆုံးစေသည်ဟု ဆိုလိုခြင်းလော။ လူ့ကိုယ်ခန္ဓာတွင် မသေနိုင်သောဝိညာဉ်စိုးလ်မရှိဟုကျမ်းစာကဖော်ပြပါသည်။ လူတို့သည် ဝိညာဉ်စိုးလ်များဖြစ်ကြပြီး ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ (ယေဇကျေလ ၁၈:၄၊ ၂၀) ရှောလမုန်က ဤသို့အကျယ်ချဲ့ပါသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်းမေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှတို့ကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသောမရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေသနာ ၉:၅၊ ၁၀။

၁၇။ ဒေသနာ ၇:၁၊ ၂ ကကျွန်ုပ်တို့အား အဘယ်အရာကို ဆင်ခြင်စေသင့်သနည်း။

၁၇ ထိုမလွှဲမရှောင်သာသောအချက်ကိုထောက်ထားပြီး ဤစကားကိုသုံးသပ်ကြည့်ပါ– “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။ မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း အသင့်နှလုံးသွင်းမိကြလိမ့်မည်။” (ဒေသနာ ၇:၁၊ ၂) သေခြင်းသည် ‘လူခပ်သိမ်းတို့၏ လမ်းဆုံး’ ဖြစ်ခဲ့ပြီဟု ကျွန်ုပ်တို့သဘောတူဝန်ခံကြရမည်။ အဘယ်လူသားမျှ ထာဝရအသက်ပေးသော မည်သည့်အသက်ရှည်ဆေးကိုမျှ မသောက်၊ မည်သည့်ဗီတာမင်အားဆေးကိုမျှ မစား၊ မည်သည့်အစာရှောင်နည်းကိုမျှ မလိုက်၊ မည်သည့်ကာယလေ့ကျင့်ခန်းကိုမျှ မပြုလုပ်နိုင်ခဲ့ဖူးပါ။ များသောအားဖြင့်လည်း သူတို့ကွယ်လွန်၍ မကြာမီတွင် “သူ့ကိုလည်းမေ့လျော့တတ်ကြ၏။” သို့ဖြစ်လျှင် နာမည်တစ်ခုသည် “နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက်သာ၍ကောင်း၏” ဟုအဘယ်ကြောင့် ဆိုရသနည်း။

၁၈။ ရှောလမုန်သည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၈ သတိပြုခဲ့ရသည့်အတိုင်း ရှောလမုန်သည် အရှိအတိုင်းရှုမြင်တတ်သူဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ရှေ့နာမည်ကောင်း အမှန်ရရှိခဲ့ကြသူ ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အကြောင်းသိခဲ့သည်။ ယေဟောဝါဘုရားသခင်သည် အာဗြဟံနှင့် အကျွမ်းတဝင်ရှိတော်မူခဲ့ရာ သူနှင့်သူ၏အမျိုးအနွယ်ကို ကောင်းချီးပေးမည်ဟု ကတိထားတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၈၊ ၁၉; ၂၂:၁၇) မှန်ပါ၏၊ အာဗြဟံသည် ဘုရားသခင့်ရှေ့ နာမည်ကောင်းရရှိသူ ကိုယ်တော်၏မိတ်ဆွေဖြစ်လာပါသည်။ (၂ ရာဇဝင်ချုပ် ၂၀:၇; ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃) မိမိ၏အသက်နှင့် သား၏အသက်သည် မွေးခြင်းနှင့်သေခြင်းဆိုင်ရာ အတောမသတ်သည့် သံသရာ၏တစ်စိတ်တစ်ဒေသ လုံးဝမဟုတ်ကြောင်း အာဗြဟံသိသည်။ အသက်သည် ထိုမျှမကဖြစ်သည်မှာ မုချဧကန်ဖြစ်သည်။ မသေနိုင်သောဝိညာဉ်စိုးလ် ရှိခြင်းကြောင့်မဟုတ်ဘဲ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြန်အသက်ရှင်ရမည်ဟု သူတို့စိတ်ချခဲ့ကြသည်။ ဣဇာက်ကို “သေခြင်းမှထမြောက်စေခြင်းငှာ၊ ဘုရားသခင်တတ်နိုင်တော်မူသည်ကို” အာဗြဟံယုံကြည်စိတ်ချခဲ့သည်။—ဟေဗြဲ ၁၁:၁၇-၁၉။

၁၉။ ဒေသနာ ၇:၁ ၏အဓိပ္ပာယ်နှင့်ပတ်သက်၍ ယောဘထံမှ အဘယ်ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သနည်း။

၁၉ ယင်းကား “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်းဖွားမြင်သောနေ့ထက်သာ၍ကောင်း၏” ဟူသောအချက်ကို နားလည်နိုင်သည့် သော့ချက်ဖြစ်ပါသည်။ ရှောလမုန်သည် မိမိမတိုင်မီက ယောဘနည်းတူပင် လူ့အသက်ကိုဖန်ဆင်းတော်မူသောအရှင်သည် ယင်းကိုပြန်ပေးနိုင်၏ဟု ယုံကြည်စိတ်ချခဲ့သည်။ ကွယ်လွန်ခဲ့သူများကို ကိုယ်တော်အသက်ပြန်ရှင်စေနိုင်တော်မူသည်။ (ယောဘ ၁၄:၇-၁၄) သစ္စာရှိသူယောဘက “အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ” ဟုဆိုခဲ့သည်။ (ယောဘ ၁၄:၁၅) စဉ်းစားကြည့်ပါလေ၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကွယ်လွန်ခဲ့သောသစ္စာရှိကျေးကျွန်များကို “သနားခြင်းစိတ်ရှိတော်မူပါ” သည်။ (“ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို တစ်ဖန်ပြန်တွေ့လိုတော်မူမည်။”—ယေရုရှလင် ဘာသာပြန်ကျမ်း) ယေရှုခရစ်ရွေးနုတ်ဖိုးပူဇော်သကာ၏အကျိုးကို သက်ရောက်စေခြင်းအားဖြင့် ဖန်ဆင်းရှင်သည် လူတို့ကိုရှင်ပြန်ထမြောက်စေနိုင်တော်မူသည်။ (ယောဟန် ၃:၁၆; တမန်တော် ၂၄:၁၅) လူသားသည် သေဆုံးတတ်သည့် တိရစ္ဆာန်တို့နှင့် ကွာခြားနိုင်ကြောင်း ထင်ရှားနေပါသည်။

၂၀။ (က) အဘယ်အချိန်တွင် သေနေ့သည် မွေးနေ့ထက် သာ၍ကောင်းသနည်း။ (ခ) လာဇရု၏ရှင်ပြန်ထမြောက်ခြင်းသည် လူများစွာကို မည်သို့အကျိုးပြုခဲ့မည်ဖြစ်သနည်း။

၂၀ ဆိုလိုသည်ကား ကွယ်လွန်သောသစ္စာရှိသူများကို ရှင်ပြန်ထမြောက်စေနိုင်တော်မူသော ယေဟောဝါရှေ့မှောက်တွင် နာမည်ကောင်းရထားပြီဆိုလျှင် သေနေ့သည် မွေးနေ့ထက် သာ၍ကောင်း၏ ဟူ၍ဖြစ်သည်။ သာ၍ကြီးမြတ်တော်မူသောရှောလမုန်ဖြစ်သည့် ယေရှုခရစ်တော်သည် ယင်းကို သက်သေထူတော်မူခဲ့ပြီ။ ဥပမာ၊ ကိုယ်တော်သည် သစ္စာရှိသူလာဇရုကို အသက်ပြန်ရှင်စေတော်မူခဲ့သည်။ (လုကာ ၁၁:၃၁; ယောဟန် ၁၁:၁-၄၄) သင်စဉ်းစားကြည့်နိုင်သည့်အတိုင်းပင် လာဇရုရှင်ပြန်ထမြောက်ခြင်းကို တွေ့မြင်ခဲ့သူများစွာသည် အကြီးအကျယ်စိတ်လှုပ်ရှားခဲ့ကြပြီး ဘုရားသခင်၏သားတော်ကို ယုံကြည်ကြလေသည်။ (ယောဟန် ၁၁:၄၅) သူတို့သည် ဘဝတွင်ရည်ရွယ်ချက်မရှိ၊ မိမိတို့မည်သူများဖြစ်ကြသည်၊ မည်သည့်အရပ်သို့သွားနေကြသည်ကို မသိကြသူများဖြစ်ပါမည်လော။ ထိုသို့မဟုတ်ကြဘဲ မိမိတို့သည် မွေးဖွားလာကြပြီး တစ်ခဏအသက်ရှင်လျက် ကွယ်လွန်တတ်သော သတ္တဝါများမျှ ဖြစ်စရာမလိုကြောင်း တွေ့ရှိနိုင်ကြသည်။ ဘဝတွင်သူတို့၏ရည်ရွယ်ချက်မှာ ယေရှု၏ခမည်းတော်ကိုသိကျွမ်းပြီး အလိုတော်ကိုဆောင်ရွက်ခြင်းနှင့် တိုက်ရိုက်ပင်မက နက်ရှိုင်း၍နှံ့စပ်စွာသက်ဆိုင်နေပါသည်။ အသင်ကော မည်သို့နည်း။ သင့်အသက်တာတွင် ရည်ရွယ်ချက်အစစ်အမှန်ရှိနိုင်၍ ရှိလည်းရှိသင့်ကြောင်းနားလည်ရန် သို့မဟုတ် ပိုမိုရှင်းလင်းသွားစေရန် ဤဆွေးနွေးတင်ပြချက်က အကူအညီပေးခဲ့ပြီလော။

၂၁။ ကျွန်ုပ်တို့အသက်ရှင်ရကျိုးနပ်ခြင်းနှင့်ပတ်သက်၍ အဘယ်ကဏ္ဍကို စစ်ဆေးကြည့်လိုသေးသနည်း။

၂၁ သို့တိုင် ဘဝတွင် စစ်မှန်၍ အဓိပ္ပာယ်ပြည့်ဝသော ရည်ရွယ်ချက်ရှိခြင်းမည်သည် သေခြင်းနှင့် တစ်ဖန်ပြန်အသက်ရှင်ခြင်းအကြောင်း တွေးတောရုံသက်သက်မဟုတ်ပါ။ ကျွန်ုပ်တို့၏အသက်တာကို နေ့စဉ်နေ့တိုင်း မည်သို့အသုံးပြုနေခြင်းနှင့်သက်ဆိုင်သည်။ ရှောလမုန်သည် ဒေသနာကျမ်းတွင် ယင်းကိုလည်း ရှင်းလင်းဖော်ပြထားကြောင်း နောက်ဆောင်းပါးတွင် တွေ့ရှိရကြလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a “ရှေဘမိဖုရား၏ဇာတ်လမ်းသည် ရှောလမုန်၏ဉာဏ်ပညာကို အလေးအနက်ဖော်ပြ၍ ထိုအကြောင်းကို ဒဏ္ဍာရီဟုမကြာခဏပြောဆိုကြသည်။ (၃ ရာ. ၁၀:၁-၁၃) သို့သော် သူမသည် ရှောလမုန်ထံသို့ စီးပွားရေးအတွက်လည်ပတ်သွားခဲ့ကြောင်း ၎င်း၏ရှေ့နောက်စကားကတင်ပြသည်ဟု နားလည်နိုင်စရာရှိ၏; ၎င်း၏သမိုင်းဝင်မှုကို သံသယဝင်စရာမလိုပါ။”—နိုင်ငံတကာ စံတင်ကျမ်းစာစွယ်စုံကျမ်း (၁၉၈၈) အတွဲ ၄၊ စာမျက်နှာ ၅၆၇။

သင်မှတ်မိသလော

◻ တိရစ္ဆာန်များနှင့်လူတို့သည် အဘယ်နည်းများဖြင့် တူသနည်း။

◻ လူ့ကြိုးပမ်းမှုနှင့် လုပ်ဆောင်မှုအများအပြားသည် အနတ္တသာဖြစ်ကြောင်း သေခြင်းက အဘယ်ကြောင့်အလေးအနက်ဖော်ပြသနည်း။

◻ သေနေ့သည် မွေးနေ့ထက် အဘယ်နည်းဖြင့်သာ၍ကောင်းနိုင်သနည်း။

◻ အဓိပ္ပာယ်ရှိသော ဘဝရည်ရွယ်ချက်ရှိခြင်းသည် အဘယ်ဆက်ဆံရေးအပေါ်မူတည်နေသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင့်အသက်သည်တိရစ္ဆာန်များ၏အသက်နှင့်မည်သို့ထူးထူးခြားခြားကွဲပြားသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ