အခန်း နှစ်ဆယ့်ကိုး
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
၁၊ ၂။ ဟေဇကိသည် အာခတ်ထက် သာ၍ ကောင်းသော ဘုရင် ဖြစ်ကြောင်း မည်သို့ ထင်ရှားခဲ့သနည်း။
ဟေဇကိ ယုဒဘုရင် ဖြစ်လာချိန်တွင် အသက် ၂၅ နှစ် ရှိခဲ့သည်။ သူသည် မည်ကဲ့သို့သော ဘုရင် ဖြစ်လာမည်နည်း။ သူ၏ ခမည်းတော်၊ ဘုရင်အာခတ်၏ ခြေရာနင်းပြီး မိမိလက်အောက်ခံများကို မှားယွင်းသော ဘုရားများနောက် လိုက်ရန် သွေးဆောင်မည်လော။ သို့မဟုတ် ဘိုးဘေးဖြစ်သူ ဘုရင်ဒါဝိဒ်ကဲ့သို့ ယေဟောဝါ၏ ဝတ်ပြုရေးတွင် လူများကို ဦးဆောင်မည်လော။—၄ ဓမ္မရာဇဝင် ၁၆:၂။
၂ ဟေဇကိ နန်းတက်ပြီး မကြာမီအချိန်တွင် သူသည် “ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု” လိုစိတ် ရှိကြောင်း ထင်ရှားလာသည်။ (၄ ဓမ္မရာဇဝင် ၁၈:၂၊ ၃) သူ၏ နန်းစံပထမနှစ်တွင် ယေဟောဝါ၏ ဗိမာန်တော်ကို ပြန်လည်ပြုပြင်ရန်နှင့် ဗိမာန်တော်လုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၉:၃၊ ၇၊ ၁၁) ထို့နောက် ကြီးကျယ်ခမ်းနားစွာ ပသခါပွဲ ကျင်းပရန် စီစဉ်ခဲ့ပြီး မြောက်ပိုင်းဣသရေလ ဆယ်နွယ်နိုင်ငံ အပါအဝင် လူမျိုးတစ်မျိုးလုံးကို ဖိတ်ခေါ်ခဲ့သည်။ မမေ့နိုင်သော ပွဲတော်ပင်! ဘုရင်ရှောလမုန်လက်ထက်ကတည်းကစ၍ ထိုကဲ့သို့ပွဲမျိုး မရှိခဲ့ပါ။—၂ ရာဇဝင်ချုပ် ၃၀:၁၊ ၂၅၊ ၂၆။
၃။ (က) ဟေဇကိ စီစဉ်ပေးခဲ့သော ပသခါပွဲ တက်ရောက်ခဲ့သည့် ဣသရေလနှင့် ယုဒပြည်သူပြည်သားများသည် အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် ထိုပသခါပွဲ တက်ရောက်ခဲ့သူများ၏ ပြတ်သားသော လုပ်ဆောင်မှုမှ အဘယ် သင်ခန်းစာ ရရှိသနည်း။
၃ ပသခါပွဲ ကျင်းပပြီးစီးသွားသည့်အခါ တက်ရောက်သူများသည် အာရှရပင်များကို ခုတ်လှဲ၊ ဝတ်ပြုရေး ကျောက်တိုင်မကြီးများကို ချိုးဖဲ့၊ မြင့်သော အရပ်နှင့် မှောက်မှားသော ဘုရားများ၏ ယဇ်ပလ္လင်များကို ဖြိုချရန် လှုံ့ဆော်ခံခဲ့ရကြပြီး မိမိတို့မြို့ရွာများသို့ ပြန်ရောက်ပြီးနောက် စစ်မှန်သော ဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၃၁:၁) သူတို့၏ ယခင် ဘာသာရေးစိတ်ထားနှင့် ကွာခြားလိုက်လေခြင်း! ၎င်းမှ ယနေ့ ခရစ်ယာန်စစ်များသည် “အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲ” ရန် အရေးကြီးကြောင်း သင်ခန်းစာ ရနိုင်ပါသည်။ ဒေသခံ အသင်းတော်များတွင်ဖြစ်စေ၊ ပို၍ ကြီးသော စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင်ဖြစ်စေ ထိုကဲ့သို့ စုဝေးမှုများသည် အားပေးမှု၊ ညီအစ်ကို အသင်းအပင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်လည်းကောင်း ‘မေတ္တာစိတ် ရှိစေရန်နှင့် ကောင်းသောအကျင့်ကို ကျင့်စေရန်’ လှုံ့ဆော်မှု ရစေဖို့ အရေးပါသောကဏ္ဍမှ ပါဝင်သည်။—ဟေဗြဲ ၁၀:၂၃-၂၅။
ယုံကြည်ခြင်း စမ်းသပ်ခံရ
၄၊ ၅။ (က) ဟေဇကိသည် အာရှုရိကို မမှီခိုကြောင်း မည်သို့ ပြသခဲ့သနည်း။ (ခ) သနာခရိပ်သည် ယုဒပြည်ကို အဘယ် စစ်ဆင်ရေး ပြုလုပ်ခဲ့သနည်း၊ ဟေဇကိသည် ယေရုရှလင်မြို့ကို လျှပ်တစ်ပြက် တိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် အဘယ်အရာ လုပ်ဆောင်သနည်း။ (ဂ) ဟေဇကိသည် ယေရုရှလင်မြို့ကို အာရှုရိရန်မှ ကာကွယ်ရန် အဘယ် ပြင်ဆင်မှု ပြုလုပ်သနည်း။
၄ ယေရုရှလင်မြို့သည် ပြင်းထန်သော စမ်းသပ်မှုများကို ကြုံတွေ့ရတော့မည်။ ဟေဇကိသည် သူ၏ သစ္စာမဲ့သော ဖခင်အာခတ်က အာရှုရိတို့နှင့် မဟာမိတ်ဖွဲ့ထားခဲ့ခြင်းကို ဖျက်သိမ်းခဲ့သည်။ သူသည် အာရှုရိ၏ မဟာမိတ် ဖြစ်သော ဖိလိတ္တိလူတို့ကိုပင် တိုက်ခိုက်နှိမ်နင်းလိုက်သည်။ (၄ ဓမ္မရာဇဝင် ၁၈:၇၊ ၈) ၎င်းက အာရှုရိဘုရင်ကို အမျက်ထွက်စေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဖတ်ရသည်မှာ– “ဟေဇကိမင်းကြီး နန်းစံဆယ့်လေးနှစ်တွင် အာရှုရိ ရှင်ဘုရင် သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သော မြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံ” လေ၏။ (ဟေရှာယ ၃၆:၁) ညှာတာမှု ကင်းသော အာရှုရိစစ်တပ်၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုမှ ယေရုရှလင်မြို့ကို ကာကွယ်ရန် ရည်မျှော်ကာ ဟေဇကိသည် သနာခရိပ်အား အလွန်များသော ဆက်ကြေးဖြစ်သည့် ငွေအခွက် သုံးထောင်နှင့် ရွှေအခွက် သုံးရာကို ပေးရန် သဘောတူလိုက်ခြင်း ဖြစ်ဖွယ် ရှိသည်။a—၄ ဓမ္မရာဇဝင် ၁၈:၁၄။
၅ ဆက်ကြေး ပေးရန်အတွက် နန်းတော်ဘဏ္ဍာတိုက်၌ ရှိသော ရွှေငွေနှင့် မလုံလောက်သောကြောင့် ဟေဇကိသည် ဗိမာန်တော်ရှိ အဖိုးတန် သတ္တုများကို ရနိုင်သလောက် ပြန်ယူလေသည်။ ရွှေကွပ်ထားသော ဗိမာန်တော် တံခါးများကိုလည်း ဖြတ်၍ သနာခရိပ်ထံ ပို့လိုက်သည်။ ၎င်းတို့သည် အာရှုရိကို စိတ်ကျေနပ်စေခဲ့သော်လည်း ခဏသာ ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၅၊ ၁၆) အာရှုရိသည် ယေရုရှလင်မြို့ကို အချိန်ကြာကြာ ဤအတိုင်းထားမည် မဟုတ်ကြောင်း ဟေဇကိ သိထားသည်။ ထို့ကြောင့် ပြင်ဆင်မှုများကို ပြုလုပ်ကြသည်။ လူများသည် ကျူးကျော်တိုက်ခိုက်သူ အာရှုရိတို့ကို ရေအထောက်အပံ့ ပေးနိုင်သည့် စမ်းရေတွင်းများကို ပိတ်ပစ်လိုက်ကြသည်။ ဟေဇကိသည် ယေရုရှလင်မြို့၏ ရဲတိုက်များကိုလည်း ခိုင်ခံ့စေပြီး “များစွာသော လှံလက်နက် ဒိုင်းလွှားတို့” ပါဝင်သော လက်နက်တိုက်တစ်ခုကို တည်ဆောက်လေသည်။—၂ ရာဇဝင်ချုပ် ၃၂:၄၊ ၅။
၆။ ဟေဇကိသည် မည်သူ့ကို ယုံကြည်ကိုးစားသနည်း။
၆ သို့ရာတွင် ဟေဇကိသည် စစ်ပရိယာယ် ကြွယ်ဝမှုကိုသော်လည်းကောင်း၊ ရဲတိုက်များကိုသော်လည်းကောင်း မကိုးစားဘဲ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါကိုသာ ယုံကြည်ကိုးစားသည်။ သူသည် မိမိ၏ တပ်မှူးများကို ဤသို့ မိန့်မှာ၏– “ခွန်အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသော အလုံးအရင်းအပေါင်းတို့ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌ နေသောသူတို့သည် သူ့ဘက်၌ နေသောသူတို့ထက် သာ၍ များကြ၏။ သူ့ဘက်၌ လူလက်ရုံး ရှိ၏။ ငါတို့ဘက်၌ ထောက်မ၍ စစ်ကူတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်။” တုံ့ပြန်မှုအနေနှင့် လူများသည် “ယုဒရှင်ဘုရင် ဟေဇကိ၏ စကားကို ကိုးစားကြ၏။” (၂ ရာဇဝင်ချုပ် ၃၂:၇၊ ၈) ဟေရှာယ ပရောဖက်ပြုချက်၏ အခန်းကြီး ၃၆ မှ ၃၉ ကို ပြန်လည်သုံးသပ်စဉ် ဖြစ်ပေါ်လာမည့် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များကို မြင်ယောင်ကြည့်ပါ။
ရာဗရှာခသည် မိမိ၏ ဖြစ်ကြောင်းကုန်စင်ကို ခင်းကျင်းပြ
၇။ ရာဗရှာခသည် မည်သူ ဖြစ်ပြီး အဘယ်ကြောင့် ယေရုရှလင်မြို့သို့ စေလွှတ်ခြင်း ခံရသနည်း။
၇ သနာခရိပ်သည် အခြားဗိုလ်မင်းနှစ်ဦးနှင့်အတူ ရာဗရှာခ (စစ်ရာထူးအမည် ဖြစ်၊ ကိုယ်ပိုင်အမည် မဟုတ်) ကို ယေရုရှလင်မြို့သို့ စေလွှတ်ကာ ထိုမြို့ လက်နက်ချရန် တောင်းဆိုလိုက်သည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၇) သူတို့သည် ဟေဇကိမင်း၏ ကိုယ်စားလှယ်သုံးဦး ဖြစ်သော ဟေဇကိ၏ နန်းတော်အုပ် ဧလျာကိမ်၊ အတွင်းရေးမှူး ရှေဗန၊ အာသပ်သား၊ စာရေးတော်ကြီး ယောအာတို့နှင့် မြို့ပြင်တွင် တွေ့ဆုံကြသည်။—ဟေရှာယ ၃၆:၂၊ ၃။
၈။ ရာဗရှာခသည် ယေရုရှလင်မြို့၏ ခုခံမှုကို ဖြိုဖျက်ပစ်ရန် မည်သို့ ကြိုးစားသနည်း။
၈ ရာဗရှာခ၏ ရည်ရွယ်ချက်မှာ ရိုးရိုးလေး ဖြစ်သည်—စစ်မတိုက်ရဘဲ လက်နက်ချစေရန် ယေရုရှလင်ကို အယုံသွင်းဖို့ ဖြစ်သည်။ ဟေဗြဲဘာသာစကားဖြင့် ဦးဆုံး သူ ဤသို့ ကြွေးကြော်၏– “သင် ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ . . . ငါ့ကို ပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။” (ဟေရှာယ ၃၆:၄၊ ၅) ထို့နောက် ရာဗရှာခသည် ကြောက်ရွံ့နေသော ဂျူးများအား မခံချင်အောင် ထိကပါးရိကပါး ပြောကာ သူတို့အား ကူညီမည့်သူ မရှိ ဖြစ်နေပြီဟု သတိပေးနေသည်။ မည်သူ့ထံ သူတို့ အကူအညီ တောင်းကြမည်နည်း။ “ကျိုးသော ကျူလုံးတောင်ဝှေး” ဖြစ်သည့် အီဂျစ်ကိုလော။ (ဟေရှာယ ၃၆:၆) ထိုအချိန်တွင် အီဂျစ်ပြည်သည် ကျိုးသော ကျူလုံးတစ်ခုနှင့် တူနေသည်၊ အမှန်မှာ ယခင် ကမ္ဘာ့အာဏာစက် ဖြစ်သော ထိုနိုင်ငံသည် ယာယီအားဖြင့် အီသီယိုးပီးယား၏ လက်အောက် ရောက်နေရပြီး ယခု လက်ရှိ အီဂျစ်ပြည်၏ ဖာရော၊ ဘုရင်တိရက္ကသည် အီဂျစ်လူမျိုး မဟုတ်ဘဲ အီသီယိုးပီးယားလူမျိုး ဖြစ်နေသည်။ ထို့ပြင် သူသည် အာရှုရိကို စစ်ရှုံးတော့မည် ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၉:၈၊ ၉) အီဂျစ်သည် မိမိကိုယ်ကိုပင် မကယ်နိုင်သောကြောင့် ယုဒပြည်ကိုလည်း အကူအညီ မပေးနိုင်သလောက် ဖြစ်သည်။
၉။ ယေဟောဝါသည် မိမိလူမျိုးတော်ကို စွန့်ပစ်မည်ဟု ရာဗရှာခ ပြောခြင်းသည် အဘယ်အရာကြောင့် ဖြစ်ကြောင်း ထင်ရှားသနည်း၊ သို့သော် အဖြစ်မှန်မှာ အဘယ်နည်း။
၉ ယခု ရာဗရှာခက ယေဟောဝါသည် မိမိလူမျိုးကို စိတ်တော်နှင့် မတွေ့သောကြောင့် သူတို့အတွက် တိုက်ခိုက်ပေးမည် မဟုတ်ဟု စောဒကတက်သည်။ ရာဗရှာခ ပြောသည်မှာ– သင်တို့က ‘ငါတို့ဘုရားသခင် ထာဝရဘုရားအား ကိုးစားကြသည်ဟု ဆိုပြန်မူ ထိုဘုရား၏ မြင့်ရာဌာနနှင့် ပူဇော်ရာပလ္လင်များကို ဟေဇကိမင်း ပယ်ရှားခဲ့ပြီ မဟုတ်လော။’ (ဟေရှာယ ၃၆:၇၊ သမ) အမှန်မှာ၊ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်ကို ဖြိုဖျက်ခြင်းသည် ယေဟောဝါကို ငြင်းပယ်ခြင်း လုံးဝ မဟုတ်ပါ၊ ယေဟောဝါထံတော်သို့ ဂျူးများ အမှန် ပြန်လာခဲ့ကြခြင်းသာ ဖြစ်သည်။
၁၀။ ယုဒပြည်ကို ကာကွယ်သူများ များခြင်း၊ နည်းခြင်းသည် အဘယ်ကြောင့် အရေးမကြီးသနည်း။
၁၀ စစ်ရေးဘက်မှ ကြည့်လျှင် မိမိတို့သည် အဘက်ဘက်တွင်သာလွန်သည်ဟု ရာဗရှာခက ဂျူးများကို သတိပေးလေသည်။ သူသည် ထောင်လွှားစွာ ဤသို့ စိန်ခေါ်လိုက်၏– “သင်၌ မြင်းစီးသူရဲ လုံလောက်အောင် ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။” (ဟေရှာယ ၃၆:၈) သို့သော် အမှန်ဆိုရလျှင် ယုဒပြည်တွင် လေ့ကျင့်ထားသော မြင်းစီးသူရဲ နည်းခြင်း၊ များခြင်းသည် အရေးကြီးပါသလော။ အရေးမကြီးပါ၊ ယုဒပြည်၏ လွတ်မြောက်ခြင်းသည် စစ်အင်အား သာလွန်မှုအပေါ် မူမတည်ပါ။ သုတ္တံ ၂၁:၃၁ [သမ္မာ] ၌ ဤသို့ ရှင်းပြထား၏– “စစ်တိုက်ရာ နေ့ရက်ကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း အောင်မြင်ခြင်းသည် ထာဝရဘုရားနှင့်သာ ဆိုင်သတည်း။” ထို့နောက် ရာဗရှာခက ယေဟောဝါ၏ ကောင်းချီးသည် ဂျူးများနှင့်အတူ မရှိဘဲ အာရှုရိနှင့်အတူ ရှိသည်ဟု အခိုင်အမာ ပြောဆိုသည်။ ဤသို့သာ မရှိခဲ့လျှင် အာရှုရိသည် ယုဒပြည်နယ်များအတွင်းသို့ ဤမျှတိုင် ထိုးဖောက်တိုက်ခိုက်နိုင်မည် မဟုတ်ဟု ခုခံပြောဆို၏။—ဟေရှာယ ၃၆:၉၊ ၁၀။
၁၁၊ ၁၂။ (က) ရာဗရှာခသည် အဘယ်ကြောင့် “ယုဒဘာသာစကား” ဖြင့်ပင် ဇွတ်ပြောနေသနည်း၊ သူသည် နားထောင်နေသော ဂျူးများကို သွေးဆောင်ရန် မည်သို့ ကြိုးစားသနည်း။ (ခ) ရာဗရှာခ၏ စကားများသည် ဂျူးများအား အဘယ် ထိခိုက်မှု ရှိနိုင်သနည်း။
၁၁ ဟေဇကိ၏ ကိုယ်စားလှယ်များက ရာဗရှာခ၏ အကြောင်းပြချက်များကို မြို့ရိုးပေါ်ရှိသူများ ကြားကာ စိတ်ဓာတ်ထိခိုက်သွားမည်ကို စိုးရိမ်ကြသည်။ ထိုဂျူးအရာရှိများက ဤသို့ တောင်းဆိုကြ၏– “ရှုရိဘာသာစကားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်။” (ဟေရှာယ ၃၆:၁၁) သို့သော် ရာဗရှာခသည် ရှုရိဘာသာစကားဖြင့် မပြောလိုပါ။ သူသည် ဂျူးများအား သံသယမျိုးစေ့ ချပေးပြီး သူတို့ ကြောက်ရွံ့လာသည့်အခါ လက်နက်ချကြရန်နှင့် တိုက်စရာ မလိုဘဲ ယေရုရှလင်မြို့ကို အောင်နိုင်ရန် ဖြစ်သည်! (ဟေရှာယ ၃၆:၁၂) သို့ဖြစ်၍ အာရှုရိတို့သည် “ယုဒဘာသာစကား” ဖြင့် ထပ်ပြောပြန်သည်။ သူက ယေရုရှလင်မြို့သားများအား ဤသို့ သတိပေး၏– “ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကို ကယ်ယူခြင်းငှာ မတတ်နိုင်။” ထို့နောက် သူသည် နားထောင်နေသူများအား အာရှုရိအုပ်ချုပ်မှုအောက် နေထိုင်ရမည့် ဘဝအခြေအနေမျိုးကို ရုပ်လုံးဖော်ပြခြင်းဖြင့် သူတို့ကို သွေးဆောင်ရန် ဤသို့ ကြိုးစားလေ၏– “ငါနှင့် မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။ သင်တို့ပြည်နှင့် တူသောပြည် တည်းဟူသော ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ် များသောပြည်သို့ သင်တို့ကိုပို့ခြင်းငှာ ငါမလာမီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏ အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကိုစား၍ ကိုယ်ရေကန်က ရေကို သောက်လျက် နေကြဦးလော့။”—ဟေရှာယ ၃၆:၁၃-၁၇။
၁၂ ဂျူးလူမျိုးများသည် ဤနှစ်အတွက် သီးနှံရိတ်သိမ်းစရာ ရှိမည် မဟုတ်ပါ—အာရှုရိ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ကောက်ပဲသီးနှံများကို သူတို့ မစိုက်ပျိုးဖြစ်ခဲ့ကြပါ။ အရည်ရွှမ်းသော စပျစ်သီးများ စားကာ ရေအေးအေး သောက်ရမည် ဟူသော အလားအလာသည် မြို့ရိုးပေါ်မှ နားထောင်နေကြသူများအတွက် အလွန် ဆွဲဆောင်မှု ဖြစ်မည်။ သို့သော် ဂျူးလူမျိုးများအား အားလျှော့စေရန် ရာဗရှာခ၏ ကြိုးစားခြင်းသည် ဤမျှနှင့် မပြီးသေးပါ။
၁၃၊ ၁၄။ ရာဗရှာခက ခုခံပြောဆိုသည့်တိုင် ရှမာရိပြည်တွင် ဖြစ်ပျက်ခဲ့ရာသည် ယုဒပြည်၏ အခြေအနေနှင့် အဘယ်ကြောင့် မသက်ဆိုင်သနည်း။
၁၃ ရာဗရှာခသည် စစ်လက်နက်များအကြောင်း ပြောဆိုနေခြင်းမှ နောက်ထပ်စကားလက်နက်ဘက်သို့ ဆွဲလိုက်သည်။ ဟေဇကိက “ယေဟောဝါသည် ငါတို့ကို ကယ်ယူတော်မူမည်” ဟု ပြောခြင်းကို မယုံကြနှင့်ဟု သူသတိပေးသည်။ ရာဗရှာခက ရှမာရိပြည်၏ ဘုရားများသည် ဆယ်နွယ်နိုင်ငံကို အာရှုရိ၏ တိုက်ခိုက်အနိုင်ယူခြင်းမှ မကာကွယ်ပေးနိုင်ခဲ့ကြောင်း ဂျူးများအား သတိပေးသည်။ အာရှုရိ တိုက်ခိုက်အနိုင်ယူခဲ့သော အခြားတိုင်းပြည်များမှ ဘုရားများကော မည်သို့နည်း။ “ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော” ဟု သူမေးသည်။—ဟေရှာယ ၃၆:၁၈-၂၀။
၁၄ အမှန်မှာ၊ မှောက်မှားသော ဘုရားကိုးကွယ်သူ ရာဗရှာခသည် အယူဖောက်ပြန်သော ရှမာရိနှင့် ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့အကြား အကြီးအကျယ် ကွဲပြားခြားနားမှု ရှိကြောင်းကို သူသဘောမပေါက်ပါ။ ရှမာရိပြည်၏ မှောက်မှားသော ဘုရားများသည် ဆယ်နွယ်နိုင်ငံကို ကယ်တင်ရန် တန်ခိုးမရှိကြပါ။ (၄ ဓမ္မရာဇဝင် ၁၇:၇၊ ၁၇၊ ၁၈) တစ်ဖက်တွင်မူ ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့သည် မှောက်မှားသော ဘုရားများကို ကျောခိုင်းစွန့်ခွာကာ ယေဟောဝါအား တစ်ဖန်ဝတ်ပြုကိုးကွယ်နေပြီ ဖြစ်သည်။ သို့သော် ယုဒကိုယ်စားလှယ်များသည် ဤအကြောင်းကို ရာဗရှာခအား ရှင်းပြရန် မကြိုးစားကြပါ။ “ယုဒလူတို့လည်း စကားတစ်ခွန်းကိုမျှ မပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား ‘ပြန်မပြောနှင့်’ ဟု ရှင်ဘုရင် အမိန့်တော် ရှိသတည်း။” (ဟေရှာယ ၃၆:၂၁) ဧလျာကိမ်၊ ရှေဗနနှင့် ယောအာတို့သည် ဟေဇကိထံသို့ ပြန်လာကြပြီး ရာဗရှာခ၏ စကားများကို ပြန်လျှောက်တင်ကြ၏။—ဟေရှာယ ၃၆:၂၂။
ဟေဇကိ ဆုံးဖြတ်ချက်တစ်ခု ချ
၁၅။ (က) ယခု ဟေဇကိသည် အဘယ် ဆုံးဖြတ်ချက် ချရတော့မည်နည်း။ (ခ) ယေဟောဝါသည် မိမိ၏ လူမျိုးကို မည်သို့ စိတ်ချစေသနည်း။
၁၅ ယခု ဘုရင်ဟေဇကိသည် ဆုံးဖြတ်ချက်တစ်ခု ချရန် ရှိသည်။ ယေရုရှလင်မြို့သည် အာရှုရိထံ လက်နက်ချကြမည်လော၊ အီဂျစ်ပြည်နှင့် ပူးပေါင်းမည်လော၊ သို့မဟုတ် စစ်ပြိုင်၍ တိုက်ခိုက်မည်လော။ ဟေဇကိသည် အကြီးအကျယ် စိတ်ဖိစီးနေပြီ။ အသက်ကြီး ယဇ်ပုရောဟိတ်တို့နှင့်အတူ ဧလျာကိမ်နှင့် ရှေဗနတို့ကို ပရောဖက် ဟေရှာယမှတစ်ဆင့် ယေဟောဝါကို မေးမြန်းရန် စေလွှတ်ထားစဉ် သူသည် ယေဟောဝါ၏ ဗိမာန်တော်သို့ သွားလေ၏။ (ဟေရှာယ ၃၇:၁၊ ၂) လျှော်တေအဝတ်ကို ဝတ်ဆင်ထားသော ဘုရင့်စေတမန်တို့သည် ဟေရှာယထံသို့ ချဉ်းကပ်ကာ ဤသို့ ဆိုကြ၏– “ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောနေ့ ဖြစ်၏။ . . . အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ အာရှုရိ ရှင်ဘုရင် စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။” (ဟေရှာယ ၃၇:၃-၅) မှန်ပါသည်၊ အာရှုရိတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို စိန်ခေါ်နေသည်! ယေဟောဝါသည် သူတို့၏ ကဲ့ရဲ့စကားများကို ဂရုပြုမည်လော။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ဂျူးများအား ဤသို့ စိတ်ချစေ၏– “အာရှုရိ ရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့၍ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည် ဟူသော စကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့။”—ဟေရှာယ ၃၇:၆၊ ၇။
၁၆။ သနာခရိပ်သည် အဘယ်စာကို ပေးပို့လိုက်သနည်း။
၁၆ ထိုအတောအတွင်း၊ ဘုရင်သနာခရိပ်သည် လိဗနမြို့ကို တိုက်ယူနေစဉ် ဘုရင့်အပါးတော်၌ နေပေးရန် ရာဗရှာခကို ဆင့်ခေါ်ခဲ့သည်။ သနာခရိပ်သည် ယေရုရှလင်မြို့ကိစ္စကို နောက်ပိုင်းတွင် ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ (ဟေရှာယ ၃၇:၈) သို့သော် ရာဗရှာခ ထွက်ခွာသွားခြင်းသည် ဟေဇကိအား ဖိအားပေးမှုမှ မလွတ်ကင်းသွားစေပါ။ သနာခရိပ်က ယေရုရှလင်မြို့သားများသည် လက်နက်ချရန် ငြင်းဆိုမည်ဆိုပါက အဘယ်အရာ ကြုံရမည်ကို ဖော်ပြထားသည့် ဤခြိမ်းခြောက်စာကို ပို့လိုက်လေသည်– “အာရှုရိ ရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား . . . တို့ကို သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။” (ဟေရှာယ ၃၇:၉-၁၃) အာရှုရိတို့ အဓိက ပြောနေသည့် အချက်မှာ ပြန်လည်ခုခံလျှင် မိုက်မဲရာကျမည်—ပြန်လည်ခုခံခြင်းသည် ပို၍ ဒုက္ခရှာခြင်းသာ ဖြစ်မည် ဟူ၍ ဖြစ်သည်!
၁၇၊ ၁၈။ (က) အကာအကွယ် ပေးရန် ယေဟောဝါအား တောင်းဆိုရသည့် ဟေဇကိ၏ ရည်ရွယ်ရင်းကား အဘယ်နည်း။ (ခ) ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် အာရှုရိကို မည်သို့ အဖြေပေးသနည်း။
၁၇ ဟေဇကိသည် မိမိ ပြုလုပ်ရမည့် ဆုံးဖြတ်ချက်၏ အကျိုးဆက်များအကြောင်း လေးလေးနက်နက် စဉ်းစားကာ သနာခရိပ်၏ စာကို ဗိမာန်တော်အတွင်း ယေဟောဝါ ရှေ့တော်မှောက်တွင် ဖြန့်ထားလေသည်။ (ဟေရှာယ ၃၇:၁၄) နှလုံးသားထဲမှ ဆုတောင်းချက်တွင် အာရှုရိ၏ ခြိမ်းခြောက်မှုကို ယေဟောဝါ နားထောင်တော်မူရန် တိုးလျှိုးအသနားခံပြီး သူ၏ ဆုတောင်းချက်ကို ဤစကားများဖြင့် နိဂုံးချုပ်ထား၏– “အို အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ။” (ဟေရှာယ ၃၇:၁၅-၂၀) ဤဆုတောင်းချက်၌ ဟေဇကိ၏ အဓိကပူပင်မှုသည် မိမိလွတ်မြောက်ရန်အတွက် မဟုတ်ဘဲ အာရှုရိတို့သာ ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင်ခဲ့လျှင် ယေဟောဝါ၏ နာမတော် အကြီးအကျယ် ကဲ့ရဲ့ပြစ်တင်ခံရမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။
၁၈ ဟေဇကိ၏ ဆုတောင်းချက်ကို ဟေရှာယမှတစ်ဆင့် ယေဟောဝါ အဖြေပေးတော်မူ၏။ ယေရုရှလင်သည် အာရှုရိထံ လက်နက်ချဖို့ မလိုပါ၊ ကြံ့ကြံ့ခံ ရပ်တည်ရမည် ဖြစ်သည်။ ဟေရှာယသည် သနာခရိပ်ကို ရည်ညွှန်းလျက် ယေဟောဝါ၏ သတင်းစကားကို အာရှုရိတို့အား ဤသို့ ရဲရင့်စွာ ပြော၏– “ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင် သတို့သမီးသည် သင့်နောက်၌ [ပြောင်လှောင်လျက်] ခေါင်းညိတ်၏။” (ဟေရှာယ ၃၇:၂၁၊ ၂၂) ထို့နောက် ယေဟောဝါ ဤသို့ ထပ်ဆို၏– ‘အသင်ကား မည်သူ ဖြစ်၍ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ကဲ့ရဲ့ဆဲရေးရသနည်း။ သင်၏ အပြုအမူများကို ငါသိ၏။ သင်သည် အလွန် ရည်မှန်းချက် ကြီးပြီး အလွန် ကြွားဝါ၏။ သင်သည် သင်၏ စစ်အင်အားကို ကိုးစားပြီး များစွာသော နိုင်ငံတို့ကို သိမ်းပိုက်ခဲ့သည်။ သို့သော် သင်သည် မရှုံးနိမ့်နိုင်သူ မဟုတ်။ ငါသည် သင့်အကြံအစည်များကို ပျက်ပြားစေမည်။ ငါသည် သင့်ကို အနိုင်ယူမည်။ အခြားသူများကို သင်လုပ်ခဲ့သည်အတိုင်း သင်အား ပြန်ခံစေမည်။ ငါသည် သင့်နှာခေါင်းကို ချိတ်နှင့် ချိတ်၍ သင့်ကို အာရှုရိပြည်သို့ ပြန်စေမည်!’—ဟေရှာယ ၃၇:၂၃-၂၉။
“သင် မှတ်ရသော နိမိတ်လက္ခဏာ”
၁၉။ ယေဟောဝါသည် ဟေဇကိကို အဘယ်နိမိတ်လက္ခဏာ ပေးသနည်း၊ ယင်းက အဘယ်အရာကို ဆိုလိုသနည်း။
၁၉ ဟေဇကိတွင် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံမည် ဖြစ်ကြောင်း အဘယ် အာမခံချက် ရှိသနည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင် မှတ်ရသော နိမိတ်လက္ခဏာ ဟူမူကား ယခုနှစ်တွင် အလိုလို ကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူပေါက်သောအရာများကိုလည်းကောင်း သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကို ကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။” (ဟေရှာယ ၃၇:၃၀) ယေဟောဝါသည် အဝိုင်းခံထားရသော ဂျူးများအတွက် အစားအစာ စီစဉ်ပေးမည် ဖြစ်သည်။ အာရှုရိစစ်တပ်၏ သိမ်းပိုက်ထားမှုကြောင့် အသီးအနှံများကို မစိုက်ပျိုးနိုင်သော်လည်း ယမန်နှစ် ကောက်ရိတ်ချိန်က ကျကျန်ရစ်သော အစေ့များ ပြန်ပေါက်၍ ရသည့် အသီးကို စားရမည် ဖြစ်သည်။ ဥပုသ်နှစ် ဖြစ်သော နောက်နှစ်တွင် သူတို့သည် အခြေအနေ အလွန် ဆိုးသော်လည်း လယ်ကွက်များကို မစိုက်မပျိုးဘဲ ဤအတိုင်း ထားရမည် ဖြစ်သည်။ (ထွက်မြောက်ရာ ၂၃:၁၁) ယေဟောဝါက လူများသည် ကိုယ်တော်၏ စကားကို နားထောင်ကြမည်ဆိုလျှင် လယ်ကွက်များသည် သူတို့ကို ထောက်ပံ့ရန် လုံလောက်သည့် အသီးအနှံများ ထွက်ရှိမည် ဖြစ်ကြောင်း ကတိပေးတော်မူ၏။ ထို့နောက် နောက်နှစ်တွင် လူများသည် အသီးအနှံများကို ပုံမှန် စိုက်ပျိုးရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်မှု အကျိုးရလဒ်ကို ခံစားရမည် ဖြစ်သည်။
၂၀။ အာရှုရိ၏ တိုက်ခိုက်မှုမှ လွတ်မြောက်ကြသူများသည် အဘယ်နည်းဖြင့် “အောက်မှာ အမြစ်စွဲ၍ အထက်မှာ အသီး သီးကြလိမ့်မည်” နည်း။
၂၀ ယခု ယေဟောဝါက အလွယ်တကူ အမြစ်ဆွဲနုတ်၍ မရနိုင်သော အပင်တစ်ပင်နှင့် မိမိ၏ လူမျိုးတော်ကို ဤသို့ နှိုင်းယှဉ်ထား၏– “ဘေးလွတ် . . . သော ယုဒအမျိုးသားတို့သည် တစ်ဖန် အောက်မှာ အမြစ်စွဲ၍ အထက်မှာ အသီး သီးကြလိမ့်မည်။” (ဟေရှာယ ၃၇:၃၁၊ ၃၂) မှန်ပါသည်၊ ယေဟောဝါအား ယုံကြည်ကိုးစားသူများသည် ကြောက်စရာအကြောင်း မရှိပါ။ သူတို့နှင့် သူတို့၏ သားသမီးများသည် ပြည်တော်တွင် ခိုင်မြဲစွာ ကျန်ရစ်ကြမည်။
၂၁၊ ၂၂။ (က) သနာခရိပ်နှင့်ပတ်သက်၍ အဘယ်သို့ ပရောဖက်ပြုထားသနည်း။ (ခ) သနာခရိပ်နှင့်ပတ်သက်သော ယေဟောဝါ၏ စကားများ မည်သို့နှင့် မည်သည့်အချိန်တွင် ပြည့်စုံသနည်း။
၂၁ ယေရုရှလင်မြို့ကို အာရှုရိ ခြိမ်းခြောက်ခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ ယေဟောဝါ ဤသို့ အဖြေပေးတော်မူ၏– “သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။” (ဟေရှာယ ၃၇:၃၃၊ ၃၄) အာရှုရိနှင့် ယေရုရှလင်တို့ တိုက်ပွဲ ဖြစ်မည် မဟုတ်ပါ။ အံ့အားသင့်စရာမှာ မတိုက်ဘဲ ရှုံးသွားမည့်သူမှာ ဂျူးများ မဟုတ်ဘဲ အာရှုရိ ဖြစ်မည်။
၂၂ ကိုယ်တော့် မိန့်တော်မူချက်နှင့်အညီ ယေဟောဝါသည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ကာ သနာခရိပ်၏ အကောင်းဆုံး စစ်သည် ၁၈၅,၀၀၀ ကို သုတ်သင်ပစ်တော်မူ၏။ လိဗနမြို့တွင် ယင်းသို့ ဖြစ်ပျက်ပုံရသည်၊ သနာခရိပ် အိပ်ရာမှ နိုးသည့်အခါ မိမိ၏ စစ်ဦးစီးများ၊ အရာရှိများနှင့် အင်အားကြီး စစ်သူရဲများ သေဆုံးနေသည်ကို တွေ့ရသည်။ သူသည် ရှက်ရှက်နှင့် နိနေဝေမြို့သို့ ပြန်သွားသည်၊ သူ၏ ရှုံးနိမ့်မှုသတင်း ပြန့်နေသော်လည်း သူသည် သူ၏ မှောက်မှားသော ဘုရား နိသရုတ်ကို အစွဲကြီးကြီးဖြင့် ဆက်ဆည်းကပ်ဝတ်ပြုဆဲ ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် နိသရုတ်၏ ဗိမာန်တွင် ဝတ်ပြုကိုးကွယ်နေစဉ် သနာခရိပ်သည် သူ့သားနှစ်ယောက်၏ လုပ်ကြံခြင်းကို ခံရလေသည်။ ဤတွင် တစ်ဖန် သက်မဲ့ဖြစ်သော နိသရုတ်သည် ကယ်လွတ်ပေးရန် တန်ခိုး မရှိကြောင်း ထင်ရှားသည်။—ဟေရှာယ ၃၇:၃၅-၃၈။
ဟေဇကိ၏ ယုံကြည်ခြင်း ပိုမို ခိုင်ခံ့လာ
၂၃။ ယုဒပြည်ကို သနာခရိပ် ဦးဆုံးလာသည့်အချိန်တွင် ဟေဇကိသည် အဘယ် အကျပ်အတည်းနှင့် ကြုံတွေ့ရသနည်း၊ ဤအကျပ်အတည်းတွင် အဘယ်အရာများ ပတ်သက်နေသနည်း။
၂၃ ယုဒပြည်ကို သနာခရိပ် ဦးဆုံးလာတိုက်သည့် အချိန်လောက်တွင် ဟေဇကိသည် အသည်းအသန် နာမကျန်း ဖြစ်နေသည်။ ဟေရှာယက သူသည် သေတော့မည်ဟု ပြော၏။ (ဟေရှာယ ၃၈:၁) အသက် ၃၉ နှစ်အရွယ် ဘုရင်သည် ဝမ်းနည်းပက်လက် ဖြစ်သွားသည်။ သူ၏ စိုးရိမ်ပူပန်မှုသည် သူ၏ ကျန်းမာရေးအတွက်သာ မဟုတ်၊ ပြည်သားများ၏ အနာဂတ်ရေးအတွက်လည်း ပါသည်။ ယေရုရှလင်နှင့် ယုဒသည် အာရှုရိ၏ ကျူးကျော်တိုက်ခိုက်ခံရမည့် အန္တရာယ်နှင့် ကြုံနေရသည်။ ဟေဇကိ သေဆုံးသွားခဲ့လျှင် မည်သူ ဦးဆောင်၍ တိုက်မည်နည်း။ ထိုအချိန်တွင် ဟေဇကိ၌ မင်းရိုက်ရာ ဆက်ခံမည့် သား မရှိပါ။ ဟေဇကိသည် မိမိအား ကရုဏာပြရန် ယေဟောဝါအား စိတ်ထက်သန်စွာ အသနားခံတောင်းပန်သည်။—ဟေရှာယ ၃၈:၂၊ ၃။
၂၄၊ ၂၅။ (က) ယေဟောဝါသည် ဟေဇကိ၏ ဆုတောင်းချက်ကို မည်သို့ ကြင်နာစွာ အဖြေပေးသနည်း။ (ခ) ဟေရှာယ ၃၈:၇၊ ၈ တွင် ဖော်ပြထားသည့်အတိုင်း အဘယ် အံ့ဖွယ်အမှုကို ယေဟောဝါ ပြုတော်မူသနည်း။
၂၄ ဟေရှာယသည် နန်းတော်ဝင်းအတွင်းမှ မထွက်သွားမီ ရောဂါဖိစီးခံနေရသော ဘုရင့်အိပ်ရာနံဘေးသို့ သွား၍ နောက်ထပ် ဤသတင်းကို ပြောရန် ယေဟောဝါ စေလွှတ်တော်မူ၏– “သင်၏ ပတ္ထနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တစ်ဆယ့်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိ ရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်။” (ဟေရှာယ ၃၈:၄-၆; ၄ ဓမ္မရာဇဝင် ၂၀:၄၊ ၅) ယေဟောဝါသည် မိမိ၏ ကတိတော်ကို ထူးဆန်းသော နိမိတ်လက္ခဏာတစ်ခုဖြင့် ယုံကြည်စိတ်ချစေမည် ဖြစ်သည်– “ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက် ပြန်စေမည်။”—ဟေရှာယ ၃၈:၇၊ ၈က။
၂၅ ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်၏ အဆိုအရ ဘုရင့်နန်းတော်အတွင်း လှေကားတစ်ခု ရှိကာ ယင်းအနီးတွင် တိုင်မကြီးတစ်ခု ရှိနိုင်သည်။ နေရောင်ခြည်သည် တိုင်မပေါ်သို့ ကျသည့်အခါ လှေကားထစ်များပေါ်သို့ အရိပ်ကျလေသည်။ လှေကားတစ်ထစ်ပြီး တစ်ထစ်ပေါ် အရိပ်တိုးတိုးသွားခြင်းကို ကြည့်ကာ နေ့အချိန်ကို တိုင်းတာနိုင်သည်။ ယခု ယေဟောဝါသည် အံ့ဖွယ်အမှုတစ်ခု ပြုလုပ်တော်မူမည်။ အရိပ်သည် ပုံမှန်အတိုင်း တစ်ထစ်ပြီး တစ်ထစ် တိုးသွားပြီးနောက် ယင်း၏ မူလနေရာ လှေကားထစ် ဆယ်ထစ်သို့ ပြန်ဆုတ်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်ရပ်ကို မည်သူ ကြားဖူးသနည်း။ သမ္မာကျမ်းစာ၌ ဤသို့ ဖော်ပြ၏– “ဆိုသည်အတိုင်း ဆယ်ချက် ရွေ့ပြီးသော အရိပ်သည် ဆယ်ချက် ပြန်လေ၏။” (ဟေရှာယ ၃၈:၈ခ) ထိုနောက် မကြာမီအချိန်တွင် ဟေဇကိသည် အဖျားပျောက်သွားသည်။ ဤအဖြစ်အပျက်သည် ဗာဗုလုန်အထိ သတင်းပြန့်သွားသည်။ ယင်းအကြောင်းကို ဗာဗုလုန်ဘုရင် ကြားသည့်အခါ အဖြစ်အပျက်အမှန် သိရန် ယေရုရှလင်မြို့သို့ တမန်များကို စေလွှတ်လေသည်။
၂၆။ ဟေဇကိကို အသက်ဆက်ရှည်ခွင့်ပေးခြင်း၏ ရလဒ်တစ်ခုမှာ အဘယ်နည်း။
၂၆ အံ့ဖွယ်နည်းဖြင့် ပြန်လည်ကျန်းမာလာပြီး သုံးနှစ်ခန့်အကြာတွင် ဟေဇကိ၏ သားဦး မနာရှေ မွေးဖွားလာသည်။ ဘုရားသခင့် ကရုဏာတော်ကြောင့် မွေးဖွားလာခြင်း ဖြစ်သော်လည်း မနာရှေသည် ကြီးပြင်းလာသည့်အခါ ဘုရားသခင်၏ ကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်ကြောင်း မတင်ပြပါ! ယင်းအစား သူ၏ ဘဝတစ်လျှောက်လုံးနီးပါး ယေဟောဝါ၏ ရှေ့တော်၌ မကောင်းသည့်အရာများကို ကမ်းကုန်အောင် ပြုလုပ်လေသည်။—၂ ရာဇဝင်ချုပ် ၃၂:၂၄; ၃၃:၁-၆။
ပိုင်းခြားချင့်ချိန်မှု နည်းသွားခြင်း
၂၇။ ဟေဇကိသည် ယေဟောဝါအား ကျေးဇူးတင်လေးမြတ်ကြောင်း မည်သည့်နည်းများဖြင့် တင်ပြသနည်း။
၂၇ ဘိုးဘေးဒါဝိဒ်ကဲ့သို့ပင် ဟေဇကိသည် သစ္စာရှိသူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို တန်ဖိုးထား၏။ သုတ္တံ ၂၅:၁ အရ သူသည် ယခု သုတ္တံ အခန်းကြီး ၂၅ မှ ၂၉ တွင် တွေ့ရသော အကြောင်းအရာများကို စုစည်းရန် စီစဉ်သူ ဖြစ်သည်။ ဆာလံ ၁၁၉ ကိုလည်း ရေးစပ်စီကုံးခဲ့သူဟု အချို့ ယုံကြည်ထားကြသည်။ ဖျားနေရာမှ ပြန်လည်နာလန်ထူလာပြီးနောက် ရေးစပ်သီကုံးသော ကျေးဇူးတော် ချီးမွမ်းသည့် နှစ်လိုဖွယ်သီချင်းက သူသည် နက်ရှိုင်းသော ခံစားချက် ရှိသည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ဖော်ပြသည်။ သူက ဘဝအသက်တာတွင် အရေးအကြီးဆုံးသောအရာမှာ ယေဟောဝါအား ကိုယ်တော့် ဗိမာန်တော်တွင် “တစ်သက်လုံး” ချီးမွမ်းနိုင်ခြင်း ဖြစ်သည်ဟု နိဂုံးချုပ်ထား၏။ (ဟေရှာယ ၃၈:၉-၂၀) ကျွန်ုပ်တို့အားလုံးသည်လည်း စင်ကြယ်သော ဝတ်ပြုရေးနှင့် ပတ်သက်၍ ထိုကဲ့သို့ စိတ်ထား ရှိကြပါစေ!
၂၈။ အံ့ဖွယ်နည်းဖြင့် ကုသမှု ခံရပြီးနောက် တစ်ချိန်တွင် ဟေဇကိသည် ပိုင်းခြားချင့်ချိန်မှုနှင့်ပတ်သက်၍ အဘယ်အမှား ပြုမိသနည်း။
၂၈ ဟေဇကိသည် သစ္စာရှိသူ ဖြစ်သော်လည်း မစုံလင်သောသူ ဖြစ်သည်။ ယေဟောဝါ သူ့အား ကုသပေးပြီးနောက် တစ်ချိန်တွင် ပိုင်းခြားချင့်ချိန်မှုတွင် ကြီးလေးသော အမှားတစ်ခုကို ပြုမိသည်။ ဟေရှာယ ဤသို့ ဖော်ပြ၏– “ထိုကာလအခါ ဗာလဒန်သား ဗာဗုလုန်မင်းကြီး မေရောဒပ်ဗာလဒန်သည် ဟေဇကိမင်း နာ၍ အနာပျောက်သည်ကို ကြားသောကြောင့် မေတ္တာစာနှင့် လက်ဆောင် ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ ဟေဇကိမင်းသည် သူတို့ ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှ မရှိ။”—ဟေရှာယ ၃၉:၁၊ ၂။b
၂၉။ (က) ဟေဇကိသည် ဗာဗုလုန် ကိုယ်စားလှယ်များအား မိမိ၏ စည်းစိမ်ဥစ္စာများကို ပြသခြင်းသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ဖြစ်နိုင်သနည်း။ (ခ) ပိုင်းခြားချင့်ချိန်မှုတွင် ဟေဇကိ၏ အမှားကြောင့် အဘယ် အကျိုးဆက်များ ဖြစ်လာမည်နည်း။
၂၉ ယေဟောဝါ၏ ကောင်းကင်တမန်အားဖြင့် အထိနာစွာ ရှုံးနိမ့်ပြီးနောက်၌ပင် အာရှုရိသည် ဗာဗုလုန် အပါအဝင် နိုင်ငံများစွာကို ဆက်၍ ခြိမ်းခြောက်နေသေးသည်။ ဟေဇကိသည် အနာဂတ်တွင် မဟာမိတ် ဖြစ်လာနိုင်သည့် ဗာဗုလုန်ဘုရင်၏ အထင်ကြီးမှုကို ရလိုပေမည်။ သို့သော် ယေဟောဝါသည် ယုဒပြည်သူပြည်သားများ သူတို့၏ ရန်သူများနှင့် မိတ်ဖွဲ့ခြင်းကို မလိုလားပါ၊ မိမိကိုသာ ယုံကြည်ကိုးစားစေလိုတော်မူ၏! ယေဟောဝါသည် ပရောဖက် ဟေရှာယမှတစ်ဆင့် ဟေဇကိ၏ အနာဂတ်ကို ဤသို့ ဖော်ပြတော်မူ၏– “နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရ . . .။ သင်နှင့်နွယ်၍ ရသော သင်၏ သားမြေးတို့ကိုလည်း ယူသွား၍ သူတို့သည် ဗာဗုလုန် ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော် လုပ်ရကြလိမ့်မည်။” (ဟေရှာယ ၃၉:၃-၇) မှန်ပါသည်၊ မိမိအား အထင်ကြီးစေရန် ဟေဇကိ လုပ်ဆောင်ပြခဲ့သော ဤလူမျိုးကပင် နောက်ဆုံးတွင် ယေရုရှလင်မြို့၏ ဘဏ္ဍာများကို လုယူကာ မြို့သူမြို့သားများကို ကျွန်လုပ်မည် ဖြစ်သည်။ ဗာဗုလုန် လူမျိုးများအား မိမိ၏ ဘဏ္ဍာများကို ဟေဇကိ ပြသခြင်းက သူတို့၏ လောဘရမ္မက်ကိုသာ နှိုးဆွစေပါသည်။
၃၀။ ဟေဇကိသည် ကောင်းသော သဘောထားကို မည်သို့ ပြသခဲ့သနည်း။
၃၀ မိမိ၏ ဘဏ္ဍာများကို ဗာဗုလုန်လူမျိုးတို့အား ဟေဇကိ ပြသခဲ့ခြင်း အဖြစ်အပျက်ကို ရည်ညွှန်းပုံရလျက် ၂ ရာဇဝင်ချုပ် ၃၂:၂၆ ၌ ဤသို့ ဖော်ပြ၏– “ဟေဇကိသည် မိမိစိတ်ထောင်လွှားသော အပြစ်ကြောင့် ယေရုရှလင် မြို့သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကို နှိမ့်ချသောကြောင့် လက်ထက်တော်ကာလတွင် ထာဝရဘုရား၏ အမျက်တော် မသက်ရောက်။”
၃၁။ ဟေဇကိအတွက် အခြေအနေများ မည်သို့ ဖြစ်ထွန်းခဲ့သနည်း၊ ၎င်းမှ ကျွန်ုပ်တို့ အဘယ် သင်ခန်းစာ ရရှိသနည်း။
၃၁ ဟေဇကိသည် မစုံလင်လင့်ကစား သစ္စာရှိသူတစ်ဦး ဖြစ်ခဲ့သည်။ မိမိ၏ ဘုရားသခင် ယေဟောဝါသည် ခံစားချက် ရှိသော တကယ့်ပုဂ္ဂိုလ်တစ်ပါး ဖြစ်ကြောင်း သူသိခဲ့သည်။ ဖိစီးခံရချိန်တွင် ဟေဇကိသည် ယေဟောဝါထံ စိတ်ထက်သန်စွာ ဆုတောင်းခဲ့ရာ ယေဟောဝါလည်း သူ့ကို အဖြေပေးခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် သူ၏ ကျန်ရှိသော အသက်တာကို ငြိမ်သက်မှု ရှိရန် ခွင့်ပြုခဲ့ပြီး ယင်းကြောင့် ဟေဇကိ ကျေးဇူးတင်ခဲ့သည်။ (ဟေရှာယ ၃၉:၈) ယနေ့ ကျွန်ုပ်တို့အတွက်လည်း ယေဟောဝါသည် အလားတူပင် တကယ့် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သင့်သည်။ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ကျွန်ုပ်တို့သည် ဟေဇကိကဲ့သို့ “ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူ” သော ယေဟောဝါအား ဉာဏ်ပညာနှင့် ထွက်မြောက်ရာလမ်းအတွက် မျှော်ကိုးနိုင်ကြပါစေ။ (ယာကုပ် ၁:၅) ကျွန်ုပ်တို့သည် ဆက်ခံနိုင်ရည် ရှိပြီး ယေဟောဝါအား ယုံကြည်ခြင်း တင်ပြကြမည်ဆိုလျှင် ကိုယ်တော်သည် ယခုရော အနာဂတ်ပါ “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူ” မည်ကို ကျွန်ုပ်တို့ စိတ်ချနိုင်သည်။—ဟေဗြဲ ၁၁:၆။
[အောက်ခြေမှတ်ချက်များ]
a ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉.၅ သန်းကျော် ရှိသည်။
b သနာခရိပ် ရှုံးနိမ့်ပြီးနောက် ပတ်ဝန်းကျင်နိုင်ငံများက ဟေဇကိထံသို့ ရွှေ၊ ငွေနှင့် အခြားအဖိုးတန်လက်ဆောင်များကို ပေးကြသည်။ ၂ ရာဇဝင်ချုပ် ၃၂:၂၂၊ ၂၃၊ ၂၇ တွင် ကျွန်ုပ်တို့ ဖတ်ရသည့်အတိုင်း “ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ” လာပြီး ယင်းကြောင့် “ထိုကာလမှစ၍ ခပ်သိမ်းသော လူမျိုးရှေ့မှာ ဘုန်းကြီး” လာခဲ့သည်။ အာရှုရိအား ဆက်ကြေး ပေးရစဉ်က ကုန်ခန်းသွားသော ဘဏ္ဍာတိုက်ထဲတွင် ထိုလက်ဆောင်များကို ပြန်ဖြည့်ထားနိုင်ခြင်း ဖြစ်ပေမည်။