ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၇/၁ စာ. ၉-၁၄
  • “ကြည့်ရှုလော့! ဤအရှင်ကား ငါတို့၏ ဘုရားသခင်ပေတည်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကြည့်ရှုလော့! ဤအရှင်ကား ငါတို့၏ ဘုရားသခင်ပေတည်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘တန်ခိုးတော်အားဖြင့် ကြီးမြတ်’
  • ‘ယေဟောဝါသည် တရားကို နှစ်သက်တော်မူ၏’
  • ‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’
  • ‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဘယ်လို ဘုရားမျိုးလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ကာကွယ်နိုင်စွမ်းတန်ခိုး—“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်”
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၇/၁ စာ. ၉-၁၄

“ကြည့်ရှုလော့! ဤအရှင်ကား ငါတို့၏ ဘုရားသခင်ပေတည်း”

ဤလေ့လာရန်ဆောင်းပါးနှစ်ခုတွင် ဆွေးနွေးထားသည့် အချက်အလက်များသည် ၂၀၀၂/၀၃ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့သော ခရိုင်စည်းဝေးကြီး၌ ထုတ်ဝေခဲ့သည့် ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ကို အခြေပြုထားသည်။—စာမျက်နှာ ၂၀ တွင်ရှိ “ကျွန်တော့်ရဲ့နှလုံးသားထဲက ဟာနေတဲ့နေရာကို ဒီစာအုပ်က ဖြည့်ပေးခဲ့တယ်၊” ဟူသည့်ဆောင်းပါးကိုရှု။

ကြည့်ရှုလော့! ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့မျှော်လင့်သောအရှင်၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ယေဟောဝါဖြစ်တော်မူ၏။”—ဟေရှာယ ၂၅:၉၊ ကဘ။

၁၊ ၂။ (က) ဘိုးဘေးအာဗြဟံအား ယေဟောဝါမည်သို့ခေါ်ဆိုခဲ့ပြီး ယင်းက ကျွန်ုပ်တို့အား အဘယ်အကြောင်းကို စဉ်းစားတွေးတောစေသနည်း။ (ခ) ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်နိုင်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မည်သို့စိတ်ချစေသနည်း။

“ငါ့အဆွေ။” ဤကား ဘိုးဘေး အာဗြဟံအား ကောင်းကင်နှင့် မြေကြီးဖန်ဆင်းရှင် ယေဟောဝါက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (ဟေရှာယ ၄၁:၈) သာမညလူသားတစ်ဦးသည် စကြဝဠာ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်နှင့် မိတ်ဆွေဖြစ်ရခြင်းကို မြင်ယောင်ကြည့်လိုက်ပါ! ‘ငါလည်း ဘုရားသခင်နဲ့ အဲ့ဒီလိုရင်းနှီးမှုမျိုးရဖို့ ဖြစ်နိုင်ပါ့မလား’ ဟု သင်စဉ်းစားပေမည်။

၂ သမ္မာကျမ်းစာက ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်နိုင်ကြောင်း ကျွန်ုပ်တို့ကိုစိတ်ချစေသည်။ အာဗြဟံသည် “ယေဟောဝါကို ယုံကြည်သည်” ဖြစ်၍ ထိုသို့သောရင်းနှီးမှုကို သူရရှိခဲ့၏။ (ယာကုပ် ၂:၂၃၊ ကဘ) ယနေ့လည်း ‘ဖြောင့်မတ်သောသူတို့သည် ကိုယ်တော် [“ယေဟောဝါ၊” ကဘ] နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။’ (သု. ၃:၃၂) ယာကုပ် ၄: ၈ တွင် ကျမ်းစာက ကျွန်ုပ်တို့အား “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟုတိုက်တွန်း၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံချဉ်းကပ်သွားမည်ဆိုလျှင် ကိုယ်တော်တုံ့ပြန်မည်မှာ ရှင်းနေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ထံ အမှန်ချဉ်းကပ်မည်ဖြစ်၏။ သို့သော် အဆိုပါမှုတ်သွင်းခံစကားများက အပြစ်ရှိပြီး မစုံလင်သည့်လူသားများဖြစ်သော ကျွန်ုပ်တို့ဘက်မှ စချဉ်းကပ်ရမည်ကို ဆိုလိုပါသလော။ လုံးဝမဟုတ်ချေ။ ကျွန်ုပ်တို့၏မေတ္တာရှင် ယေဟောဝါဘုရားသခင်သည် အရေးပါသော အမှုနှစ်ခုကို စီမံပေးထား၍သာ ကိုယ်တော်နှင့်ရင်းနှီးကျွမ်းဝင်နိုင်ခြင်းဖြစ်၏။—ဆာလံ ၂၅:၁၄။

၃။ ကိုယ်တော်နှင့်မိတ်ဆွေဖြစ်နိုင်ရန် အဘယ်အမှုနှစ်ခုကို ယေဟောဝါပြင်ဆင်ထားနှင့်ပြီနည်း။

၃ ပထမအမှုမှာ ယေရှုသည် ‘သူ့အသက်ကိုစွန့်၍ လူများကိုရွေးရန်’ ယေဟောဝါစီစဉ်တော်မူခဲ့၏။ (မဿဲ ၂၀:၂၈) ထိုရွေးနုတ်ဖိုးပူဇော်ရာယဇ်သည် ဘုရားသခင်ထံ ကျွန်ုပ်တို့ကို ချဉ်းကပ်နိုင်စေသည်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ချစ်ကြ၏” ဟုဆိုသည်။ (၁ ယောဟန် ၄:၁၉) မှန်ပါသည်၊ ဘုရားသခင်သည် “[ကျွန်ုပ်] တို့ကို ရှေ့ဦးစွာချစ်” သောကြောင့် ကိုယ်တော်နှင့်မိတ်ဆွေဖြစ်နိုင်ဖို့ အုတ်မြစ်ချပေးတော်မူခဲ့၏။ ဒုတိယအမှုမှာ၊ ယေဟောဝါရှင်သည် မိမိကိုယ်ကို ကျွန်ုပ်တို့အား ဖော်ပြခဲ့ခြင်းဖြစ်သည်။ မည်သည့်မိတ်ဆွေဖွဲ့မှုမျိုးမဆိုသည် တစ်ဖက်ပုဂ္ဂိုလ်ကို တကယ်သိကျွမ်းလာပြီး သူ၏ထူးကဲသောအရည်အသွေးများကို တန်ဖိုးထားလေးမြတ်မှုတို့အပေါ် အခြေခံသည်။ ယင်းက အဘယ်အရာကိုဆိုလိုကြောင်း စဉ်းစားသုံးသပ်ကြည့်ပါ။ အကယ်၍ ယေဟောဝါသည် မိမိကိုယ်ကိုပုန်းကွယ်ထားပြီး၊ မည်သို့မျှမသိနိုင်သော ဘုရားသခင်တစ်ပါးဖြစ်မည်ဆိုလျှင် ကိုယ်တော်နှင့် ဘယ်တော့မျှ ရင်းနှီးနိုင်မည်မဟုတ်ချေ။ သို့တိုင်၊ မိမိကိုယ်ကို ပုန်းကွယ်ထားမည့်အစား ကျွန်ုပ်တို့ ကိုယ်တော့်အားသိကျွမ်းရန် ယေဟောဝါအလိုရှိတော်မူ၏။ (ဟေရှာယ ၄၅:၁၉) ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့နားလည်နိုင်သည့် အသုံးအနှုန်းများနှင့် မိမိကိုယ်ကို ဖော်ပြပေးတော်မူသည်၊ ယင်းသည် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်ရုံမျှမက ကိုယ်တော်ကို မိမိတို့၏ကောင်းကင်ခမည်းတော်အနေနှင့် ကျွန်ုပ်တို့သိပြီး ပြန်ချစ်စေလိုတော်မူကြောင်း သက်သေအထောက်အထားဖြစ်သည်။

၄။ ယေဟောဝါ၏အရည်အသွေးတော်များကို ပိုမိုသိကျွမ်းလာသည်နှင့်အမျှ ကျွန်ုပ်တို့မည်သို့ခံစားလာရမည်နည်း။

၄ ကလေးငယ်လေးတစ်ဦးက သူငယ်ချင်းများအား သူ၏ဖခင်ကို လက်ညှိုးထိုးပြပြီး “ဒါ တို့အဖေလေ” ဟု ဂုဏ်ယူဝင့်ကြွားစွာ သဘောရိုးနှင့် ပြောဆိုသည်ကို အသင်တွေ့ဖူးပါသလော။ ဘုရားသခင်ကိုဝတ်ပြုသူတို့သည် ယေဟောဝါနှင့်ပတ်သက်၍ ထပ်တူခံစားဖို့ ခိုင်လုံသောအကြောင်းရင်းရှိကြပါသည်။ တည်ကြည်သောလူတို့သည် ‘ကြည့်ရှုလော့! ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’ ဟု ဟစ်ကြွေးကြမည့်အချိန်တစ်ချိန်ရှိမည်ကို သမ္မာကျမ်းစာက ကြိုပြောသည်။ (ဟေရှာယ ၂၅:၈၊ ၉) ယေဟောဝါ၏အရည်အသွေးတော်များကို ကျွန်ုပ်တို့ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေ၊ စိတ်ကူး၍ရသလောက်တွင် အကောင်းဆုံးဖခင်နှင့် အရင်းနှီးဆုံးမိတ်ဆွေဟု ကျွန်ုပ်တို့ခံစားရလေဖြစ်မည်။ မှန်ပါသည်၊ ယေဟောဝါ၏အရည်အသွေးတော်များကို သိနားလည်လာခြင်းသည် ကိုယ်တော့်ထံချဉ်းကပ်ဖို့ အကြောင်းများဖြစ်ပေါ်စေသည်။ ထို့ကြောင့် ယေဟောဝါ၏အခြေခံဂုဏ်ရည်တော်များဖြစ်သော တန်ခိုးတော်၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် မေတ္တာတော်တို့ကို ကျမ်းစာဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြစို့။ ဤဆောင်းပါးတွင်၊ အဆိုပါအရည်အသွေးတော်များမှ ပထမသုံးခုကို ဆွေးနွေးသုံးသပ်ကြမည်။

‘တန်ခိုးတော်အားဖြင့် ကြီးမြတ်’

၅။ ယေဟောဝါတစ်ပါးတည်းကိုသာ ‘အတိုင်းအဆမဲ့တန်ခိုးရှင်’ ဟုခေါ်ဆိုရခြင်းက အဘယ်ကြောင့်သင့်လျော်ပြီး ကိုယ်တော်၏အံ့ဖွယ်တန်ခိုးတော်ကို အဘယ်နည်းများဖြင့် ကိုယ်တော်အသုံးပြုတော်မူသနည်း။

၅ ယေဟောဝါသည် ‘တန်ခိုးတော်အားဖြင့် ကြီးမြတ်’ တော်မူ၏။ (ယောဘ ၃၇:၂၃၊ သမ္မာ) ယေရမိ ၁၀:၆ က ဤသို့ဆိုသည်– “အိုထာဝရဘုရား ကိုယ်တော်နှင့်အဘယ်သူမျှမတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။” မည်သည့်သက်ရှိနှင့်မျှမတူဘဲ ယေဟောဝါသည် တန်ခိုးတော်အကန့်အသတ်မရှိ ပိုင်ဆိုင်ထားတော်မူ၏။ ဤအကြောင်းကြောင့် ကိုယ်တော်တစ်ပါးတည်းကိုသာ ‘အတိုင်းအဆမဲ့တန်ခိုးရှင်’ ဟုခေါ်ဆိုခြင်းဖြစ်သည်။ (ဗျာ. ၁၅:၃) ယေဟောဝါသည် မိမိ၏အံ့ဖွယ်တန်ခိုးကို ဖန်ဆင်းရန်၊ ဖျက်ဆီးရန်၊ ကာကွယ်ပေးရန်နှင့် ပြန်လည်ထူထောင်ရန် အသုံးပြုတော်မူ၏။ ကိုယ်တော်၏ ဖန်ဆင်းခြင်းနှင့် ကာကွယ်ခြင်းတန်ခိုးတော်ဆိုင်ရာ နမူနာနှစ်ခုကိုသာ သုံးသပ်ကြည့်ပါ။

၆၊ ၇။ နေသည် မည်မျှစွမ်းအားကြီးပြီး အဘယ်အရေးပါသော အမှန်တရားကို ထောက်ခံပေးသနည်း။

၆ နေသာသည့်နေ့တစ်နေ့၌ အပြင်ဘက်ထွက်ရပ်မည်ဆိုလျှင် သင်၏အရေပြားတွင် မည်သို့ခံစားရမည်နည်း။ နေ၏နွေးထွေးမှုဖြစ်သည်။ အမှန်ဆိုရလျှင်၊ ယေဟောဝါဖန်ဆင်းခြင်းတန်ခိုးတော်၏ အကျိုးကို သင်ခံစားနေရခြင်းဖြစ်၏။ နေသည် မည်မျှစွမ်းအားကြီးသနည်း။ နေ၏ဗဟိုအူတိုင်တွင် အပူချိန် ၂၇ သန်း ဒီဂရီဖာရင်ဟိုက်ခန့်ရှိ၏။ အကယ်၍ သင်သည် နေ၏ဗဟိုအူတိုင်မှ ပင်အပ်ထိပ်ဖျားအရွယ် အပိုင်းအစတစ်ခုကိုယူ၍ ဤကမ္ဘာပေါ်၌ထားမည်ဆိုလျှင် ဤအပူခဲလေးမှ မိုင်ပေါင်း ၉၀ အတွင်း ဘေးကင်းစွာ ရပ်နေနိုင်မည်မဟုတ်ချေ! နျူကလီးယားဗုံး သန်းပေါင်းရာနှင့်ချီ ပေါက်ကွဲမှုပမာဏနှင့်ညီမျှသော စွမ်းအင်ကို နေက စက္ကန့်တိုင်း ထုတ်လွှတ်ပေးလျက်ရှိ၏။ သို့တိုင်၊ ကမ္ဘာသည် ထိုအလွန်ပူသောနျူကလီးယားမီးဖိုကြီးကို အကွာအဝေးအနေတော်မှနေ၍ လှည့်ပတ်နေသည်။ အလွန်နီးသွားပါက ကမ္ဘာ့ရေထုသည် အခိုးအငွေ့ဖြစ်ကုန်မည်; အလွန်ကွာဝေးသွားပါမူ ရေထုသည် အေးခဲသွားလိမ့်မည်။ မည်သည့်လွန်ကဲမှုမဆိုသည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အား သက်မဲ့ဖြစ်သွားစေနိုင်သည်။

၇ နေကြောင့် လူတို့အသက်ရှင်နေကြရသော်လည်း အများစုကမူ နေကို အမှုမဲ့အမှတ်မဲ့ သဘောထားကြ၏။ သို့နှင့် နေမှ သင်ယူနိုင်စရာများကို သူတို့လက်လွတ်သွားကြလေသည်။ ဆာလံ ၇၄:၁၆ တွင် ယေဟောဝါသည် “နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ” ဟုဆိုသည်။ မှန်ပါသည်၊ နေသည် ‘ကောင်းကင်၊ မြေကြီးကို ဖန်ဆင်းတော်မူသည့်အရှင်’ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်း၏။ (ဆာလံ ၁၄၆:၆) ထိုအရာသည် ယေဟောဝါ၏ ဧရာမဖန်ဆင်းခြင်းတန်ခိုးတော်အကြောင်း ကျွန်ုပ်တို့ကိုသွန်သင်ပေးသည့် ဖန်ဆင်းခြင်းလက်ရာတစ်ခုမျှသာ ရှိပါသေးသည်။ ယေဟောဝါ၏ ဖန်ဆင်းခြင်းတန်ခိုးတော်အကြောင်း ကျွန်ုပ်တို့ပိုသိလာလေ ကျွန်ုပ်တို့၏ကြည်ညိုလေးမြတ်မှု ပိုပြီးနက်ရှိုင်းလာလေပင်။

၈၊ ၉။ (က) မိမိအား ဝတ်ပြုသူများကို ကာကွယ်စောင့်ရှောက်ရန် ယေဟောဝါတလိုတလားရှိကြောင်းကို အဘယ်အကြင်နာတရားပြည့်ဝသည့် ရုပ်လုံးဖော်ချက်က တင်ပြသနည်း။ (ခ) ကျမ်းစာခေတ်မှ သိုးထိန်းတစ်ဦးသည် သူ၏သိုးများကို မည်သို့စောင့်ရှောက်ပြီး ယင်းက ကျွန်ုပ်တို့၏ မဟာသိုးထိန်းကြီးနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။

၈ ယေဟောဝါသည် မိမိ၏ကြီးမားလှသည့် တန်ခိုးတော်ကိုအသုံးပြု၍ ကျေးကျွန်များကို ကာကွယ်၊ ကြည့်ရှုစောင့်ရှောက်ပေးတော်မူ၏။ ယေဟောဝါ ကာကွယ်ပေးမည်ဟူသည့် ကတိတော်ကိုဖော်ပြရန် ကျမ်းစာသည် ရှင်းလင်းပီပြင်ပြီး ထိမိသောစကားလုံးများကိုသုံးကာ ရုပ်လုံးဖော်ပေးထားသည်။ ဥပမာ၊ ဟေရှာယ ၄၀:၁၁ ကို သတိပြုကြည့်ပါ။ ထိုတွင် ယေဟောဝါသည် မိမိကိုယ်ကို သိုးထိန်းတစ်ပါး၊ မိမိလူများကို သိုးများအဖြစ် ပမာပြုထားသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။” သင်သည် ထိုအခန်းငယ်ကို ရုပ်လုံးဖော် မြင်ယောင်ကြည့်နိုင်ပါသလော။

၉ အိမ်မွေးသိုးများလောက် အားကိုးရာမဲ့သည့် တိရစ္ဆာန်မရှိသလောက်ပင်။ ကျမ်းစာခေတ်မှ သိုးထိန်းတစ်ဦးသည် ဝံပုလွေ၊ ဝက်ဝံနှင့် ခြင်္သေ့တို့၏ရန်မှ မိမိ၏သိုးများကို ကာကွယ်ပေးရန် ရဲစွမ်းသတ္တိရှိရ၏။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆; ယောဟန် ၁၀:၁၀-၁၃) သို့သော် သိုးများအား ကာကွယ်ပေးသောအခါ ညင်သာဖို့လိုအပ်သည့်အချိန်အခါများလည်း ရှိပါသည်။ ဥပမာ၊ သိုးခြံနှင့် အလှမ်းကွာဝေးသည့်နေရာ၌ သိုးတစ်ကောင်သားပေါက်သောအခါ သိုးထိန်းသည် အကာအကွယ်မဲ့နေသည့် အဆိုပါမွေးကင်းစ သိုးပေါက်ကလေးကို မည်သို့ကာကွယ်ပေးမည်နည်း။ သိုးထိန်းသည် သိုးငယ်ကလေးအား သူ၏ခပ်ပွပွအပေါ်ဝတ်ရုံထဲတွင် ရက်နှင့်ချီ၍ပင် “ချီ၍ပိုက်ပွေ့” ခေါ်ဆောင်သွားရပေမည်။ သို့သော် သိုးပေါက်ကလေးသည် သိုးထိန်း၏ ရင်ခွင်ထဲ မည်သို့ရောက်ရှိလာသနည်း။ သိုးကလေးသည် သိုးထိန်းထံချဉ်းကပ်လာပြီး သူ၏ခြေထောက်ကို အသာလေးလာတို့ခြင်းပင် ဖြစ်နိုင်သည်။ သို့သော်၊ သိုးကလေးကို ကုန်းကောက်ပြီး ချီပွေ့ကာ လုံခြုံသော သူ၏ရင်ခွင်ထဲ ညင်ညင်သာသာ ထည့်သွင်းလိုက်သူမှာ သိုးထိန်းသာဖြစ်သည်။ ကျွန်ုပ်တို့၏ မဟာသိုးထိန်းရှင်သည် မိမိ၏ကျေးကျွန်များကို ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိခြင်းနှင့်ပတ်သက်သည့် အကြင်နာတရားပြည့်ဝသော ရုပ်လုံးဖော်ချက်ပင်တည်း!

၁၀။ ယနေ့ အဘယ်ကာကွယ်ပေးမှုကို ယေဟောဝါစီမံပေးတော်မူပြီး ထိုကာကွယ်ပေးမှုသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။

၁၀ ယေဟောဝါသည် ကာကွယ်ပေးမည်ဟု ကတိပေးရုံသာပေးခဲ့ခြင်းမဟုတ်ချေ။ ကျမ်းစာခေတ်တွင် ကိုယ်တော်သည် “ဘုရား [သခင်] ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာ” တတ်နိုင်တော်မူကြောင်း အံ့ဖွယ်နည်းများနှင့် ဖော်ပြတော်မူခဲ့၏။ (၂ ပေတရု ၂:၉) ယနေ့အချိန်တွင်ကော။ ယခုအချိန်၌ ဘေးဘယအပေါင်းမှကင်းဝေးစေရန် ကျွန်ုပ်တို့ကိုကာကွယ်ပေးဖို့ တန်ခိုးတော်ကို အသုံးပြုမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိရသည်။ သို့ရာတွင် ပို၍အရေးပါသည့် ဝိညာဉ်ရေးကာကွယ်မှုကို ကိုယ်တော်ပေးသနားတော်မူ၏။ မေတ္တာရှင်ဘုရားသခင်သည် စမ်းသပ်မှုများကို ခံရပ်နိုင်ရန်၊ ကိုယ်တော်နှင့်တန်ဖိုးရှိဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည့်အရာများကို ပြင်ဆင်ပေးခြင်းဖြင့် ဝိညာဉ်ရေးအန္တရာယ်မှ ကာကွယ်ပေးတော်မူ၏။ ဥပမာ၊ လုကာ ၁၁:၁၃ က ဤသို့ဖော်ပြသည်– “သင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော!” ကျွန်ုပ်တို့တွေ့ ကြုံရနိုင်သည့် မည်သည့်စမ်းသပ်မှု၊ မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဤတန်ခိုးပါသည့်စွမ်းအားက ကျွန်ုပ်တို့အား ထောက်ပံ့ပေးနိုင်သည်။ (၂ ကောရိန္သု ၄:၇) ဤနည်းဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့၏အသက်ကို တိုတောင်းသည့် နှစ်အနည်းငယ်အတွက်လောက်သာမဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ဖို့ စီစဉ်ပေးတော်မူ၏။ ထိုအလားအလာကို စိတ်ထဲစွဲမှတ်ထားခြင်းအားဖြင့် ဤအစီအစဉ်စနစ်၌ မည်သည့်ဆင်းရဲမှုမျိုးကိုခံရပါစေ ၎င်းကို “ခဏခံရ၍ပေါ့ပါးသော” အရာအဖြစ် ကျွန်ုပ်တို့ရှုမှတ်နိုင်ကြပေမည်။ (၂ ကောရိန္သု ၄:၁၇) ကျွန်ုပ်တို့အကျိုးအတွက် မိမိ၏တန်ခိုးတော်ကို မေတ္တာပါစွာအသုံးပြုတော်မူသည့် ဘုရားသခင်ထံသို့ ဆွဲဆောင်မခံရပေလော။

‘ယေဟောဝါသည် တရားကို နှစ်သက်တော်မူ၏’

၁၁၊ ၁၂။ (က) ယေဟောဝါ၏တရားမျှတမှုသည် ကျွန်ုပ်တို့အား ကိုယ်တော့်ထံ အဘယ်ကြောင့်ချဉ်းကပ်စေသနည်း။ (ခ) ယေဟောဝါ၏တရားမျှတမှုနှင့်ပတ်သက်၍ ဒါဝိဒ်မည်သို့ကောက်ချက်ချခဲ့ပြီး အဆိုပါမှုတ်သွင်းခံစကားများသည် ကျွန်ုပ်တို့အတွက် မည်သို့ စိတ်အားတက်စရာဖြစ်စေနိုင်သနည်း။

၁၁ ယေဟောဝါသည် ဖြောင့်မတ်တော်မူပြီး တရားမျှတမှုကို မျက်နှာမလိုက်ဘဲ တစ်သမတ်တည်းကျင့်သုံးတော်မူ၏။ ဘုရားသခင့်တရားမျှတမှုသည် ကျွန်ုပ်တို့အား ကိုယ်တော်ထံမှ ရှောင်ခွာပြေးစေသည့် အေးတိအေးစက် အကြင်နာကင်းမဲ့မှုမျိုးမဟုတ်ဘဲ ယေဟောဝါထံ ကျွန်ုပ်တို့ကို ဆွဲဆောင်သည့် နှစ်သက်ဖွယ်အရည်အသွေးတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာက ဤဂုဏ်ရည်တော်၏ ကြည်နူးအားရဖွယ်ကောင်းသည့် သဘောသဘာဝကို အထင်အရှားဖော်ပြပေးသည်။ သို့ဖြစ်၍ ယေဟောဝါ၏တရားမျှတမှု ကျင့်သုံးခြင်းဆိုင်ရာ နည်းလမ်းသုံးခုကို သုံးသပ်ကြည့်ကြစို့။

၁၂ ဦးဆုံး၊ ယေဟောဝါ၏တရားမျှတမှုသည် မိမိ၏ကျေးကျွန်များအပေါ် တည်ကြည်မြဲမြံစွာ ကျေးဇူးပြုဖို့ ကိုယ်တော့်ကို လှုံ့ဆော်ပေးသည်။ ဆာလံဆရာဒါဝိဒ်သည် ယေဟောဝါ၏ တရားမျှတမှုဆိုင်ရာ ဤအသွင်ကို ကိုယ်တွေ့ကြုံခဲ့ရသဖြင့် ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရ၏။ သူ၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် ဘုရားသခင့်နည်းလမ်းတော်များကို အသေအချာဆန်းစစ်လေ့လာရာမှ ဒါဝိဒ်မည်သို့ကောက်ချက်ချခဲ့သနည်း။ သူဤသို့ကြေညာခဲ့သည်– “ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။” (ဆာလံ ၃၇:၂၈) စိတ်အားတက်စရာ အာမခံချက်ပါတကား! ကျွန်ုပ်တို့၏ဘုရားသခင်သည် မိမိအပေါ်တည်ကြည်သူတို့ကို တစ်ခဏမျှပင် စွန့်ပစ်မည်မဟုတ်ပါ။ ထို့ကြောင့် ကိုယ်တော်၏ ပွန်းတီးရင်းနှီးမှုနှင့် မေတ္တာပါဂရုစိုက်မှုတို့ကို ကျွန်ုပ်တို့ အားထားနိုင်ကြသည်။ ကိုယ်တော်၏တရားမျှတမှုသည် ဤအရာကိုအာမခံ၏!—သု. ၂:၇၊ ၈။

၁၃။ ချို့ငဲ့သူများအတွက် ယေဟောဝါ၏စိုးရိမ်မကင်းဖြစ်မှုသည် ဣသရေလလူတို့ကိုပေးထားသည့် ပညတ်တော်တွင် မည်သို့ အထင်အရှားတွေ့ရသနည်း။

၁၃ ဒုတိယအနေနှင့်၊ ဘုရားသခင့်တရားမျှတမှုသည် ဖိနှိပ်ခံရသူတို့၏ လိုအပ်ချက်များကို အကင်းပါးပါးနှင့်သိသည်။ ယေဟောဝါသည် ချို့ငဲ့သူများအတွက် စိုးရိမ်မကင်းဖြစ်တော်မူကြောင်း ဣသရေလလူမျိုးကိုပေးထားသော ပညတ်တော်တွင် အထင်အရှားတွေ့ရသည်။ ဥပမာ၊ ပညတ်တော်က မိဘမဲ့များနှင့် မုဆိုးမများကို ကူညီစောင့်ရှောက်ရန် အစီအစဉ်များကို သေချာစွာစီမံပေးခဲ့၏။ (တရားဟောရာ ၂၄:၁၇-၂၁) ထိုသို့သောမိသားစုများ၏ဘဝ မည်မျှခက်ခဲမည်ကို အသိအမှတ်ပြုလျက် ယေဟောဝါကိုယ်တော်တိုင်သည် သူတို့၏ ဖခင်သဖွယ် တရားသူကြီးနှင့် ကာကွယ်ပေးရှင် ဖြစ်လာခဲ့သည်။ (တရားဟောရာ ၁၀:၁၇၊ ၁၈) ဣသရေလလူတို့သည် အကာအကွယ်မဲ့အမျိုးသမီးများနှင့် ကလေးများကို နှိပ်စက်မည်ဆိုလျှင် ထိုသူတို့၏အော်ဟစ်သံကို ကိုယ်တော်နားထောင်မည်ဟု ယေဟောဝါသတိပေးခဲ့၏။ ထွက်မြောက်ရာ ၂၂:၂၂-၂၄ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ကိုယ်တော်က ‘ငါအမျက်ပြင်းစွာထွက်မည်’ ဟုမိန့်တော်မူခဲ့သည်။ အမျက်ဒေါသသည် ယေဟောဝါ၏ ထင်ရှားသောအရည်အသွေးတစ်ခုမဟုတ်သော်လည်း တမင်သက်သက် မတရားလျှင်၊ အထူးသဖြင့် ခိုကိုးရာမဲ့သူများ မတရားသဖြင့်ခံရလျှင် ကိုယ်တော်သည် ဖြောင့်မတ်သောဒေါသ ထွက်လေသည်။—ဆာလံ ၁၀၃:၆။

၁၄။ ယေဟောဝါသည် မျက်နှာမလိုက်ကြောင်း အဘယ်အရာက အမှန်တကယ် မှတ်သားဖွယ်သာဓကတစ်ရပ်ဖြစ်သနည်း။

၁၄ တတိယမူကား၊ တရားဟောရာ ၁၀:၁၇ ၌ ယေဟောဝါသည် “လူမျက်နှာကိုမထောက်၊ တံစိုးကိုမစား” ဟု ကျွန်ုပ်တို့ကို ကျမ်းစာကအာမခံထားသည်။ ယေဟောဝါသည် တန်ခိုးအာဏာ သို့မဟုတ် ဩဇာအရှိန်အဝါရှိ လူသားများစွာနှင့်မတူဘဲ ပစ္စည်းဥစ္စာကြွယ်ဝမှု၊ အပြင်ပန်းရုပ်သွင်၏ လွှမ်းမိုးမှုကို မခံချေ။ ကိုယ်တော်သည် ဘက်လိုက်ခြင်း သို့မဟုတ် မျက်နှာသာပေးခြင်းနှင့် လုံးဝကင်းရှင်းသည်။ ယေဟောဝါသည် မျက်နှာမလိုက်ကြောင်း အမှန်တကယ် မှတ်သားဖွယ် သာဓကတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ အဆုံးမဲ့အသက်တာရနိုင်သည့် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုသူများ ဖြစ်လာရခွင့်သည် အကျော်အမော်ပုဂ္ဂိုလ်အချို့အတွက်သာ ကန့်သတ်ထားသည်မဟုတ်။ ယင်းအစား တမန်တော် ၁၀:၃၄၊ ၃၅ က ဤသို့ဆိုလေသည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။” ဤအလွန်ကောင်းသောမျှော်လင့်ချက်သည် လူမှုရေးအဆင့်၊ အသားအရောင် သို့မဟုတ် နေထိုင်သောနိုင်ငံ မည်သို့ပင်ဖြစ်ပါစေ အားလုံးအတွက်ဖြစ်သည်။ ၎င်းသည် အမွန်မြတ်ဆုံး စစ်မှန်သည့်တရားမျှတမှု မဟုတ်ပေလော။ ယေဟောဝါ၏တရားမျှတမှုကို ကောင်းစွာနားလည်ထားမည်ဆိုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော့်ထံ ချဉ်းကပ်စေပေမည်!

‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’

၁၅။ ဉာဏ်ပညာကား အဘယ်နည်း၊ ၎င်းကို ယေဟောဝါမည်သို့တင်ပြတော်မူသနည်း။

၁၅ ရောမ ၁၁:၃၃ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေါလုက “ဘုရားသခင်၏ . . . ဉာဏ်တော်သည် အလွန်နက်နဲစွတကား!” ဟုဟစ်ကြွေးရန် စေ့ဆော်ခံခဲ့ရသည်။ အလွန်ကျယ်ဝန်းနက်နဲလှသည့် ယေဟောဝါဉာဏ်ပညာတော်၏ အသွင်အပြင်အမျိုးမျိုးကို ကျွန်ုပ်တို့တွေးတောဆင်ခြင်သည့်အခါ ကျွန်ုပ်တို့မအံ့သြဘဲမနေနိုင်ကြချေ။ သို့သော် ဤအရည်အသွေးကို ကျွန်ုပ်တို့ မည်သို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်နည်း။ ဉာဏ်ပညာသည် အသိပညာ၊ ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုတို့ကိုပေါင်းစပ်ပြီး အသုံးချတတ်၏။ ယေဟောဝါသည် မိမိ၏ကျယ်ဝန်းသောအသိပညာနှင့် နက်ရှိုင်းသောသိနားလည်မှုတို့ကို အသုံးပြုကာ အမြဲပင်အကောင်းဆုံးဆုံးဖြတ်ချက်များချပြီး အသင့်မြတ်ဆုံးနည်းလမ်းဖြင့် ယင်းတို့ကို ဆောင်ရွက်တော်မူ၏။

၁၆၊ ၁၇။ ယေဟောဝါ၏ ကျယ်ဝန်းလှသည့်ဉာဏ်ပညာအား ကိုယ်တော့်ဖန်ဆင်းရာများက မည်သို့သက်သေထင်ရှားပြသနည်း။ ဥပမာတစ်ခုပေးပါ။

၁၆ ကိုယ်တော့် ကျယ်ဝန်းလှသောဉာဏ်ပညာတော်၏ သိသာသော သာဓကအချို့ကား အဘယ်နည်း။ ဆာလံ ၁၀၄:၂၄ က ဤသို့ဆိုသည်– “အိုထာဝရဘုရား ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည်ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။” အမှန်တွင်၊ ယေဟောဝါဖန်ဆင်းထားရာများကို ကျွန်ုပ်တို့လေ့လာသိရှိလာလေ ကိုယ်တော့်ဉာဏ်ပညာတော်ကို အံ့ဩ၍မဆုံးဖြစ်ရလေပင်။ သိပ္ပံပညာရှင်များကပင် ယေဟောဝါဖန်ဆင်းထားသည့်အရာများမှ အတော်များများသိရှိလာကြသည်! သဘာဝလောကကြီးတွင်တွေ့မြင်ရသည့် ဒီဇိုင်းပုံစံများအား အတုယူပြုလုပ်ရန် ရှာဖွေလေ့လာသည့် ဇီဝတုပမှု (biomimetics) ဟုခေါ်သော အင်ဂျင်နီယာနယ်ပယ်ပင်ရှိနေပြီဖြစ်၏။

၁၇ ဥပမာ၊ ပင့်ကူအိမ်၏လှပမှုကို သင်တအံ့တသြငေးကြည့်ဖူးပေမည်။ ယင်းသည် အမှန်ပင် အံ့ဖွယ်ဒီဇိုင်းတစ်ခုဖြစ်၏။ ပြတ်လွယ်ပုံပေါက်သော အမျှင်လေးတချို့သည် စတီးလ်ထက်ပင် ပိုခိုင်မာပြီး ကျည်ကာအင်္ကျီ၏ ဖိုင်ဘာများထက်ခိုင်သည်။ မည်မျှအထိ ခိုင်သနည်း။ ငါးဖမ်းသင်္ဘောတွင်သုံးသည့် ငါးဖမ်းပိုက်အရွယ်အစားအထိ စကေးချဲ့ထားသော ပင့်ကူအိမ်တစ်ခုကို စိတ်ကူးကြည့်ပါ။ အဆိုပါပင့်ကူအိမ်သည် အရှိန်ကုန်ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်ကြီးတစ်စီးကိုပင် ရပ်တန့်သွားစေနိုင်လောက်အောင် ခိုင်ခံ့ပါသည်! မှန်ပါသည်၊ ဤအရာအားလုံးကို “ပညာတော်အားဖြင့်” ယေဟောဝါဖန်ဆင်းခဲ့၏။

၁၈။ ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို မှတ်တမ်းတင်ရန် လူသားများကို အသုံးပြုရာ၌ ယေဟောဝါ၏ဉာဏ်ပညာတော် မည်သို့တွေ့ရှိရသနည်း။

၁၈ ယေဟောဝါ၏ဉာဏ်ပညာ အကြီးကျယ်ဆုံးအထောက်အထားကို ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာ၌ပင် တွေ့ရ၏။ ယင်းစာအုပ်တွင်ပါသည့် ပညာရှိဆုံးမစကားများက ကျွန်ုပ်တို့ကျင့်ကြံနေထိုင်အပ်သည့် အကောင်းဆုံးနည်းကိုဖော်ပြပေးသည်။ (ဟေရှာယ ၄၈:၁၇) သို့သော် ယေဟောဝါ၏တုနှိုင်းမရနိုင်သည့် ဉာဏ်ပညာကို သမ္မာကျမ်းစာရေးသားပုံ၌လည်း တွေ့နိုင်ပါသည်။ မည်သို့တွေ့နိုင်မည်နည်း။ ယေဟောဝါသည် ကိုယ်တော့်ဉာဏ်ပညာဖြင့် မိမိ၏နှုတ်မြွက်စကားတော်ကို မှတ်တမ်းတင်ဖို့ လူတို့ကိုအသုံးပြုတော်မူခဲ့၏။ သမ္မာကျမ်းစာကို ရေးသားရန် ကောင်းကင်တမန်များအား ကိုယ်တော်အသုံးပြုခဲ့မည်ဆိုလျှင် ကျမ်းစာသည် ဤမျှဆွဲဆောင်အားကောင်းပါမည်လော! ကောင်းကင်တမန်များသည် ယေဟောဝါအား သူတို့၏မြင့်မားသည့် ရှုထောင့်မှ ပုံဖော်ပြကာ ကိုယ်တော့်အပေါ် သူတို့၏ကြည်ညိုလေးမြတ်မှု မည်မျှရှိကြောင်းကို ဖော်ပြနိုင်ကြမည်မှာ သေချာပါသည်။ သို့သော် ကျွန်ုပ်တို့ထက် အသိပညာ၊ အတွေ့အကြုံနှင့် အစွမ်းခွန်အား များစွာသာလွန်ပြီး စုံလင်သည့် ကောင်းကင်တမန်များ၏ အတွေးအမြင်မျိုး ကျွန်ုပ်တို့တွင် အမှန်ရှိနိုင်ပါမည်လော။—ဟေဗြဲ ၂:၆၊ ၇။

၁၉။ လူသားကျမ်းရေးသူတို့ကို အသုံးပြုခြင်းကြောင့် သမ္မာကျမ်းစာသည် အလွန်နွေးထွေးသောခံစားချက်ရှိပြီး ဆွဲဆောင်အားကောင်းကြောင်း အဘယ်ပုံဥပမာက ဖော်ပြသနည်း။

၁၉ စာရေးဆရာများအဖြစ် လူတို့ကို အသုံးပြုခဲ့သဖြင့် သမ္မာကျမ်းစာသည် အလွန်ပင် နွေးထွေးသောခံစားချက်ရှိပြီး ဆွဲဆောင်အားကောင်းစေသည်။ ကျမ်းရေးသူတို့သည် ကျွန်ုပ်တို့ကဲ့သို့ ခံစားချက်ရှိကြသည့် လူများဖြစ်၏။ မစုံလင်ကြသည့်အတွက် ကျွန်ုပ်တို့ကဲ့သို့ပင် စမ်းသပ်မှုများနှင့် ဖိစီးမှုများကို ခံကြရသည်။ အခြေအနေတချို့တွင် သူတို့၏ ကိုယ်ပိုင်ခံစားချက်များနှင့် ရုန်းကန်လှုပ်ရှားမှုများကို သူတို့ကိုယ်တိုင် ရေးသားခဲ့ကြ၏။ (၂ ကောရိန္သု ၁၂:၇-၁၀) ထို့ကြောင့် သူတို့သည် အဘယ်ကောင်းကင်တမန်မျှ မဖော်ပြနိုင်သောစကားလုံးများဖြင့် ရေးသားခဲ့ကြသည်။ ဆာလံ ၅၁ တွင် မှတ်တမ်းတင်ထားသည့် ဒါဝိဒ်၏စကားများကို သုံးသပ်ကြည့်ပါ။ ကျမ်းခေါင်းစီးရေးထိုးထားချက်အရ ဒါဝိဒ်သည် ကြီးလေးသည့်အပြစ်ကိုကျူးလွန်ပြီးသည့်နောက် ဤဆာလံကျမ်းကို စပ်ဆိုခဲ့ခြင်းဖြစ်သည်။ သူ့နှလုံးကိုဖွင့်ချပြီး အလွန်ဝမ်းနည်းကြေကွဲသည့်အကြောင်း ဖော်ပြကာ ဘုရားသခင့်ခွင့်လွှတ်မှုကို အသနားခံခဲ့သည်။ အခန်းငယ် ၂ နှင့် ၃ က ဤသို့ဆိုသည်– “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။” အခန်းငယ် ၅ ကိုသတိပြုပါ– “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” အခန်းငယ် ၁၇ ၌ ဤသို့ထပ်ဆိုသည်– “ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” ကျမ်းရေးသူ၏ ပြင်းပြသည့်စိတ်သောကများကို သင်မခံစားမိပေလော။ ဤသို့သော ခံစားချက်မျိုးကို မစုံလင်သည့်လူသားမှလွဲ၍ အဘယ်သူဖော်ပြနိုင်မည်နည်း။

၂၀၊ ၂၁။ (က) လူသားကျမ်းရေးသူတို့ကို အသုံးပြုခဲ့လင့်ကစား သမ္မာကျမ်းစာတွင် ယေဟောဝါ၏ဉာဏ်ပညာတော်ပါရှိကြောင်း အဘယ်ကြောင့်ပြောဆိုနိုင်သနည်း။ (ခ) အဘယ်အကြောင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးသွားမည်နည်း။

၂၀ ယေဟောဝါသည် ထိုသို့မစုံလင်သည့် လူသားများကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့တကယ့်လိုအပ်ရာကို ထောက်ပံ့ပေးခဲ့သည်၊ “ဘုရားသခင်မှုတ်သွင်း” ခံမှတ်တမ်းလည်းဖြစ်၊ လူ့သဘောသဘာဝလည်းမပျက်စေပါ။ (၂ တိမောသေ ၃:၁၆) မှန်ပါသည်၊ အဆိုပါကျမ်းရေးသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ခံခဲ့ကြရ၏။ သို့နှင့် သူတို့သည် သူတို့ကိုယ်ပိုင်ဉာဏ်ပညာကိုမဟုတ်ဘဲ ယေဟောဝါ၏ဉာဏ်ပညာတော်ကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုဉာဏ်ပညာသည် လုံးလုံးယုံကြည်စိတ်ချနိုင်သည့် ဉာဏ်ပညာဖြစ်၏။ ကျွန်ုပ်တို့၏ဉာဏ်ပညာထက် များစွာသာလွန်လှသည့်အတွက် ဘုရားသခင်က မေတ္တာပါစွာ ဤသို့တိုက်တွန်းသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) ထိုပညာရှိအကြံပြုချက်ကို ဂရုစိုက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဉာဏ်ပညာအရှိဆုံးဘုရားသခင်ထံ ပို၍နီးနီးကပ်ကပ်ချဉ်းကပ်ကြသည်။

၂၁ ယေဟောဝါ၏အရည်အသွေးအားလုံးထဲတွင် နှစ်သက်ဖွယ်အကောင်းဆုံး၊ ဆွဲဆောင်မှုအရှိဆုံးသည် မေတ္တာဖြစ်၏။ မေတ္တာတော်ကို ယေဟောဝါမည်သို့ပြသခဲ့ပုံအား နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

သင်မှတ်မိသလော

• ကိုယ်တော်နှင့်ရင်းနှီးမှုကို ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့ အတွက် အဘယ်ခြေလှမ်းများကို ယေဟောဝါ ပြင်ဆင်ထားနှင့် ပြီနည်း။

• ယေဟောဝါ၏ဖန်ဆင်းနိုင်စွမ်းနှင့် ကာကွယ်ပေးနိုင်စွမ်းတို့၏ နမူနာအချို့ကား အဘယ်နည်း။

• ယေဟောဝါသည် မိမိ၏တရားမျှတခြင်းကို အဘယ်နည်းများဖြင့် ကျင့်သုံးသနည်း။

• သမ္မာကျမ်းစာတွင်သာမက ကိုယ်တော်၏ဖန်ဆင်းရာများ၌ပါ ယေဟောဝါ၏ဉာဏ်ပညာတော်ကို မည်သို့တွေ့ ရှိရသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သိုးကလေးအား မိမိရင်ခွင်ထဲတွင် ချီပွေ့ထားသည့် သိုးထိန်းတစ်ဦးကဲ့သို့ ယေဟောဝါသည် မိမိ၏သိုးတော်စုကို ညင်သာစွာ ဂရုစိုက်စောင့်ရှောက်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါ၏ဉာဏ်ပညာတော်ကို သမ္မာကျမ်းစာရေးသားပုံတွင် တွေ့ ရှိရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ