အခန်း သုံးဆယ်
“ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”
၁။ ကျွန်ုပ်တို့ကို ယေဟောဝါ နှစ်သိမ့်မှု ပေးသည့် နည်းတစ်နည်းကား အဘယ်နည်း။
ယေဟောဝါသည် ‘နှစ်သိမ့်မှု ပေးသည့် ဘုရားသခင် ဖြစ်တော်မူ၏။’ ကျွန်ုပ်တို့အား နှစ်သိမ့်မှု ပေးသည့် နည်းတစ်နည်းမှာ ကိုယ်တော့် နှုတ်ကပါဌ်တော်၌ မှတ်တမ်းတင်ထားသော ကတိတော်များအားဖြင့် ဖြစ်သည်။ (ရောမ ၁၅:၄-၆) ဥပမာ၊ သင် ချစ်မြတ်နိုးသူတစ်ဦး သေဆုံးခြင်းနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင့် ကမ္ဘာသစ်တွင် ချစ်မြတ်နိုးသူများ ရှင်ပြန်ထမြောက်မည် ဟူသော မျှော်လင့်ခြင်းထက် ပို၍ နှစ်သိမ့်ပေးနိုင်သည့်အရာ ရှိနိုင်ပါမည်လော။ (ယောဟန် ၅:၂၈၊ ၂၉) ယေဟောဝါသည် မကြာမီ ဆိုးသွမ်းမှုကို အဆုံးသတ်ပြီး ဤမြေကြီးကို ပရဒိသုတစ်ခုအဖြစ် ပြောင်းလဲမည် ဟူသည့် ကိုယ်တော်၏ ကတိတော်နှင့်ပတ်သက်၍ကော အသို့နည်း။ ရောက်ရှိလာတော့မည့် ထိုပရဒိသုအတွင်း ကပ်ကျော်ကယ်တင်ခံရပြီး ဘယ်တော့မှ မသေရတော့မည့် မျှော်လင့်ချက် အလားအလာသည် နှစ်သိမ့်မှု ဖြစ်သည် မဟုတ်လော။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ဗျာဒိတ် ၂၁:၃-၅။
၂။ ဘုရားသခင့် ကတိတော်များကို ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၂ ကျွန်ုပ်တို့သည် ဘုရားသခင့် ကတိတော်များကို အမှန်ပင် ယုံကြည်နိုင်သလော။ အမှန် ယုံကြည်နိုင်ပါသည်! ထိုကတိတော်များ ပေးတော်မူသောအရှင်ကို လုံးဝ ယုံကြည်စိတ်ချနိုင်သည်။ ကိုယ်တော်၌ မိမိ၏ နှုတ်ထွက်စကားအတိုင်း ဆောင်ကြဉ်းပေးနိုင်စွမ်းသာမက ဆောင်ကြဉ်းပေးလိုသော ဆန္ဒလည်း ရှိတော်မူ၏။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယင်းကို ယေရုရှလင်မြို့တွင် စစ်မှန်သော ဝတ်ပြုရေး ပြန်လည်ထူထောင်မည့်အကြောင်း ပရောဖက် ဟေရှာယမှတစ်ဆင့် ယေဟောဝါ၏ မိန့်တော်မူချက်နှင့်ဆက်စပ်ပြီး အားပါပါဖြင့် ထင်ရှားပြခဲ့သည်။ ဟေရှာယ အခန်းကြီး ၄၀ တွင် တွေ့ရသော ထိုပရောဖက်ပြုချက်ကို သုံးသပ်ကြည့်ကြစို့၊ ထိုသို့ သုံးသပ်ခြင်းက ကတိတော်များကို ပြည့်စုံစေတော်မူသောအရှင် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ခိုင်ခံ့စေနိုင်သည်။
နှစ်သိမ့်မှု ပေးသော ကတိတော်
၃၊ ၄။ (က) နောက်ပိုင်းအချိန်တွင် ဘုရားသခင့် လူမျိုးတော် လိုအပ်မည့် အဘယ် နှစ်သိမ့်စကားများကို ဟေရှာယ မှတ်တမ်းတင်ထားသနည်း။ (ခ) ယုဒနှင့် ယေရုရှလင် မြို့သူမြို့သားများသည် အဘယ်ကြောင့် ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေး ခေါ်ဆောင်ခံရမည်နည်း၊ ကျွန်ဘဝသည် မည်မျှ ကြာရှည်မည်နည်း။
၃ ဘီ.စီ.အီး. ရှစ်ရာစုမှ ပရောဖက် ဟေရှာယက နောက်ပိုင်းအချိန်တွင် ယေဟောဝါ၏ လူမျိုးတော် လိုအပ်မည့် နှစ်သိမ့်ဖွယ် စကားများကို မှတ်တမ်းတင်ခဲ့သည်။ ချဉ်းကပ်လာနေသည့် ယေရုရှလင် ပျက်စီးခြင်း၊ ဂျူးလူမျိုးများ ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ခံရခြင်းအကြောင်းကို ဘုရင်ဟေဇကိအား ပြောပြီးသည်နှင့် ပြန်လည်တည်ထောင်ခြင်း ကတိတော် ဖြစ်သော ယေဟောဝါ၏ စကားများကို ဟေရှာယ ဤသို့ ပြော၏– “သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား ‘ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆ [“ဒဏ်အပြည့်၊” ကဘ] ခံရပြီ။’”—ဟေရှာယ ၄၀:၁၊ ၂။
၄ ဟေရှာယ အခန်းကြီး ၄၀ ၏ အစပိုင်းတွင် ပါသော “နှစ်သိမ့်စေကြလော့” ဟူသည့် စကားက ဟေရှာယကျမ်း၏ ကျန်အပိုင်းတွင် ပါသော အလင်းနှင့် မျှော်လင့်ချက်တို့ဆိုင်ရာ သတင်းစကားကို ကောင်းစွာ ဖော်ပြသည်။ ယုဒနှင့် ယေရုရှလင်မြို့ရှိ ပြည်သူပြည်သားများသည် အယူဖောက်ပြန်ကြသည့်အတွက် ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေးခံရကြမည်။ သို့သော် ထိုဂျူးသုံ့ပန်းများသည် ဗာဗုလုန်တွင် ထာဝစဉ် ကျွန်ခံရမည် မဟုတ်ပါ။ သူတို့၏ ကျွန်ဘဝ အခြေအနေသည် သူတို့၏ အပြစ်များ “ပြေရှင်း” သွားသည့်အချိန်တွင် ကုန်ဆုံးသွားမည်။ ၎င်းသည် မည်မျှ ကြာမည်နည်း။ ပရောဖက် ယေရမိ၏ အဆိုအရ အနှစ် ၇၀ ဖြစ်သည်။ (ယေရမိ ၂၅:၁၁၊ ၁၂) ထို့နောက် ယေဟောဝါ ဦးဆောင်ကာ နောင်တရသော အကြွင်းအကျန်ကို ဗာဗုလုန်မှ ယေရုရှလင်သို့ ပြန်လည်ခေါ်ဆောင်မည်။ ယုဒပြည်၏ လူဆိတ်ညံရာ အနှစ် ၇၀ မြောက်နှစ်တွင် သုံ့ပန်းများသည် ကတိထားရာ လွတ်မြောက်ချိန် နီးပြီ ဖြစ်ကြောင်း သိရခြင်းသည် အလွန် နှစ်သိမ့်မှု ဖြစ်မည်!—ဒံယေလ ၉:၁၊ ၂။
၅၊ ၆။ (က) ဗာဗုလုန်မှ ယေရုရှလင်မြို့သို့ ရှည်လျားသော ခရီးစဉ်က ဘုရားသခင့် ကတိတော် ပြည့်စုံခြင်းကို အဘယ်ကြောင့် အတားအဆီး ဖြစ်မည် မဟုတ်သနည်း။ (ခ) ဂျူးလူမျိုးများ မိမိတို့ ပြည်တော်ကို ပြန်လည်ထူထောင်ခြင်းသည် အခြားလူမျိုးများအပေါ် အဘယ် သက်ရောက်မှု ရှိမည်နည်း။
၅ ဗာဗုလုန်မှ ယေရုရှလင်မြို့သို့ သွားသည့် ခရီးသည် သူတို့ ရွေးသည့် လမ်းပေါ် မူတည်၍ မိုင် ၅၀၀ မှ ၁,၀၀၀ အထိ ရှိသည်။ ရှည်လျားသော ခရီးစဉ်က ဘုရားသခင့် ကတိတော် ပြည့်စုံမှုကို အတားအဆီး ဖြစ်မည်လော။ ဖြစ်မည် မဟုတ်ပါ! ဟေရှာယ ဤသို့ ရေး၏– “တော၌ ဟစ်ကြော်သောသူ၏ အသံမှာ ‘ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ ထာဝရဘုရား၏ ဘုန်းတော် ပေါ်ထွန်း၍ လူအပေါင်းတို့သည် အတူ မြင်ရကြလတ္တံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။’”—ဟေရှာယ ၄၀:၃-၅။
၆ အရှေ့တိုင်းမှ မင်းများသည် ခရီးတစ်ခု မထွက်ခွာမီ အများအားဖြင့် လူများကို ရှေ့ပြေးစေလွှတ်ပြီး လမ်းပေါ်ရှိ ကျောက်တုံးကြီးများကို ဖယ်ရှားခြင်း၊ ချိုင့်များကို မြေဖို့ခြင်းနှင့် တောင်များကို ညှိခြင်း စသည်တို့ကို ပြုလုပ်စေသည်။ ပြည်တော်ပြန်ဂျူးများ၏ ကိစ္စတွင် ဘုရားသခင် ကိုယ်တော်တိုင်သည် ရှေ့မှ ကြိုသွားကာ အတားအဆီး မှန်သမျှကို ဖယ်ရှားပေးသည့် ပုဂ္ဂိုလ်အလား ဖြစ်မည်။ ထို့ထက်ကား သူတို့သည် ယေဟောဝါ၏ နာမတော် ခံယူထားသောလူမျိုး ဖြစ်ပြီး ပြည်တော်သို့ ပြန်စေမည် ဟူသော မိမိ၏ ကတိတော် ပြည့်စုံစေခြင်းက လူမျိုးအားလုံးရှေ့တွင် ကိုယ်တော့်ဘုန်းကို ထင်ရှားစေမည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယေဟောဝါသည် မိမိ၏ ကတိတော်များကို ပြည့်စုံစေသည့်အရှင် ဖြစ်ကြောင်း ထိုလူမျိုးတို့ မဖြစ်မနေ မြင်တွေ့ကြရမည်။
၇၊ ၈။ (က) ဟေရှာယ ၄၀:၃ မှ စကားများသည် စီ.အီး. ပထမရာစုတွင် အဘယ် ပြည့်စုံချက် ရှိခဲ့သနည်း။ (ခ) ဟေရှာယ၏ ပရောဖက်ပြုချက်သည် ၁၉၁၉ တွင် အဘယ် အကြီးစား ပြည့်စုံမှု ရှိခဲ့သနည်း။
၇ ပြန်လည်တည်ထောင်ခြင်း ပရောဖက်ပြုချက်သည် ဘီ.စီ.အီး. ခြောက်ရာစုတွင်သာ ပြည့်စုံခဲ့ခြင်း မဟုတ်ခဲ့ပေ။ စီ.အီး. ပထမရာစုတွင်လည်း ပြည့်စုံခဲ့သည်။ ဟေရှာယ ၄၀:၃ ပြည့်စုံရာတွင် နှစ်ခြင်းဆရာ ယောဟန်သည် “တော၌ ဟစ်ကြော်သောသူ” ၏ အသံ ဖြစ်ခဲ့သည်။ (လုကာ ၃:၁-၆) ဝိညာဉ်တော် လှုံ့ဆော်ခံရ၍ ယောဟန်က ဟေရှာယ၏ စကားများသည် မိမိနှင့် သက်ဆိုင်ကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁:၁၉-၂၃) စီ.အီး. ၂၉ မှစ၍ ယောဟန်သည် ယေရှုခရစ်အတွက် လမ်းခရီး စတင် ပြင်ဆင်ပေးခဲ့သည်။a ယောဟန်၏ ရှေ့ပြေးကြွေးကြော်ချက်က လူများအား ကတိထားတော်မူသော မေရှိယကို မျှော်လင့်ရန်နှင့် ကိုယ်တော့်စကားကို နားထောင်ပြီး ကိုယ်တော်နောက် လိုက်ရန် လှုံ့ဆော်ပေးခဲ့သည်။ (လုကာ ၁:၁၃-၁၇၊ ၇၆) ယေရှုအားဖြင့် ယေဟောဝါသည် ဘုရားသခင့် နိုင်ငံတော်တစ်ခုတည်းကသာ လုပ်ဆောင်ပေးနိုင်သည့် အပြစ်နှင့် သေခြင်း အချုပ်အနှောင်မှ လွတ်မြောက်မှုထဲသို့ နောင်တရသူများကို ပို့ဆောင်တော်မူမည်။ (ယောဟန် ၁:၂၉; ၈:၃၂) ဝိညာဏ ဣသရေလလူမျိုး အကြွင်းအကျန်သည် ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်၏ အချုပ်အနှောင်အောက်မှ လွတ်မြောက်ကာ စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်သည့်အချိန်တွင် ဟေရှာယ၏ စကားများ အကြီးစား ပြည့်စုံခဲ့သည်။
၈ သို့သော် ကတိတော် ဦးဆုံး ပြည့်စုံခဲ့ခြင်းမှ အကျိုးခံစားရသည့် ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများနှင့် ပတ်သက်၍ကော မည်သို့နည်း။ သူတို့သည် မိမိတို့ ချစ်မြတ်နိုးသည့် ပြည်တော်သို့ ပြန်ရမည် ဟူသော ယေဟောဝါ၏ ကတိတော်ကို အမှန်တကယ် ယုံကြည်နိုင်သလော။ အမှန် ယုံကြည်နိုင်ပါသည်! ကွက်ကွက်ကွင်းကွင်း မြင်သာစေသော စကားများနှင့် နေ့စဉ်ဘဝအသက်တာမှ ပုံဥပမာများဖြင့် ယေဟောဝါသည် မိမိ၏ စကားတော်ကို အမှန် ပြည့်စုံစေမည် ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်သော ခိုင်လုံသည့် အကြောင်းရင်းများကို ယခု ဟေရှာယ ဖော်ပြသည်။
စကားတော်များကို ထာဝရ တည်မြဲစေသည့် ဘုရား
၉၊ ၁၀။ ဟေရှာယသည် လူ့အသက် ခဏမျှ တည်ရှိခြင်းနှင့် ဘုရားသခင့် “နှုတ်ကပါဌ်တရား” တည်မြဲခြင်းတို့၏ ဖီလာမှုကို မည်သို့ နှိုင်းယှဉ်ပြသနည်း။
၉ ဦးဆုံးအနေနှင့် ပြန်လည်တည်ထောင်ခြင်းကို ကတိပြုတော်မူသောအရှင်၏ စကားတော်များသည် ထာဝစဉ် တည်မြဲသည်။ ဟေရှာယ ဤသို့ ရေး၏– “တစ်ဖန် ထိုအသံက ‘ဟစ်ကြော်လော့’ ဟု ဆိုလျှင် ငါက ‘အဘယ်အရာကို ဟစ်ကြော်ရမည်နည်း’ ဟု မေးသော် ‘လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ ထာဝရဘုရား၏ လေတိုက်သောအခါ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင် ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပါဌ်တရားမူကား ကာလအစဉ်အမြဲ တည်၏’ ဟု ဆိုသတည်း။”—ဟေရှာယ ၄၀:၆-၈။
၁၀ မြက်ပင်သည် ထာဝစဉ် မတည်ရှိနိုင်ကြောင်း ဣသရေလလူမျိုးတို့ ကောင်းစွာ သိကြသည်။ ခြောက်သွေ့ရာသီတွင် ပြင်းထန်သော နေအပူရှိန်ကြောင့် မြက်ပင်တို့သည် အစိမ်းရောင်မှ သွေ့ခြောက်သော အညိုရောင်သို့ ပြောင်းသွားသည်။ တစ်နည်းအားဖြင့် လူ့အသက်သည် မြက်ပင်ကဲ့သို့ ဖြစ်သည်– သဘောအားဖြင့် ယာယီမျှလောက်သာ ဖြစ်သည်။ (ဆာလံ ၁၀၃:၁၅၊ ၁၆; ယာကုပ် ၁:၁၀၊ ၁၁) ဟေရှာယသည် လူ့အသက်တာ၏ ခေတ္တခဏသာ တည်ရှိမှုနှင့် ဘုရားသခင့် “နှုတ်ကပါဌ်တော်” သို့မဟုတ် ထုတ်ဖော်ပြသော ရည်ရွယ်ချက်၏ တည်မြဲမှုတို့၏ ခြားနားချက်ကို ယှဉ်၍ ဖော်ပြသည်။ မှန်ပါသည်၊ “ထာဝရဘုရား၏ နှုတ်ကပါဌ်တရား” သည် ထာဝစဉ် တည်၏။ ဘုရားသခင် မိန့်တော်မူသည့်အခါ မည်သည့်အရာကမျှ ကိုယ်တော်၏ နှုတ်ကပါဌ်တော်ကို မပယ်ဖျက်နိုင် သို့မဟုတ် မပြည့်စုံစေရန် မတားဆီးနိုင်ပါ။—ယောရှု ၂၃:၁၄။
၁၁။ ယေဟောဝါ၏ ရေးသားထားသည့် နှုတ်ကပါဌ်တော်တွင် ပါသော ကတိတော်များ ပြည့်စုံရန် ကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။
၁၁ ယနေ့ ကျွန်ုပ်တို့တွင် ယေဟောဝါ၏ ရည်ရွယ်ချက်ဆိုင်ရာ မိန့်တော်မူချက်များကို ရေးသားထားသော သမ္မာကျမ်းစာ ရှိသည်။ သမ္မာကျမ်းစာသည် ရာစုနှစ်များတစ်လျှောက် ပြင်းထန်သော ဆန့်ကျင်မှုများ ကြုံခဲ့ရကာ မကြောက်မရွံ့ ဘာသာပြန်သူများနှင့် အခြားသူများသည် မိမိတို့အသက်ကို စွန့်၍ ယင်းကို မပျောက်မပျက်ရန် ထိန်းသိမ်းခဲ့ကြသည်။ သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုတစ်ခုတည်းကြောင့် ဆက်လက်တည်ရှိခြင်း ဖြစ်သည်ဟု မဆိုနိုင်ပါ။ ဤသို့ ဆက်လက်တည်ရှိနေခြင်းအတွက် ဂုဏ်တင်မှု အစုစုကို “အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၊” မိမိ၏ နှုတ်ကပါဌ်တော်ကို စောင့်ထိန်းတော်မူသော ယေဟောဝါအား ပေးရမည်။ (၁ ပေတရု ၁:၂၃-၂၅) ဤအချက်ကို သုံးသပ်ပါ– ယေဟောဝါသည် မိမိ၏ ရေးသားထားသော နှုတ်ကပါဌ်တော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းကြောင့် ယင်းတွင် ပါရှိသော ကတိတော်များ ပြည့်စုံရန် ကိုယ်တော့်ကို ယုံကြည်ကိုးစားနိုင်သည် မဟုတ်လော။
မိမိ၏ သိုးများကို ကြင်နာစွာ ဂရုစိုက်ကြည့်ရှု တော်မူသော တန်ခိုးကြီးသည့် ဘုရားသခင်
၁၂၊ ၁၃။ (က) ပြန်လည်တည်ထောင်ခြင်း ကတိတော်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ပြည်နှင်ခံဂျူးများအတွက် အဘယ် သတင်းကောင်း ရှိသနည်း၊ သူတို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၁၂ ပြန်လည်တည်ထောင်ခြင်း ကတိတော်ကို ယုံကြည်စိတ်ချနိုင်သည့် ဒုတိယ အကြောင်းရင်းကို ဟေရှာယ ဖော်ပြသည်။ ကတိပေးတော်မူသောအရှင်သည် မိမိ၏ လူမျိုးတော်ကို ကြင်နာစွာ ဂရုစိုက် ကြည့်ရှုတော်မူသော ခွန်အားကြီးမားသည့်အရှင် ဖြစ်သည်။ ဟေရှာယ ဤသို့ ဆက်ဆို၏– “ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ [“အသင်အမျိုးသမီး၊” ကဘ] မြင့်သော တောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ [“အသင်အမျိုးသမီး၊” ကဘ] ကျယ်သော အသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ ‘သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြ’ ဟု ယုဒမြို့ရွာတို့အား ပြောလော့။ ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ကြီးသောတန်ခိုးနှင့် ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ၌ ပါလျက် ဆုလာဘ်တော်သည် ရှေ့တော်၌ ရှိ၏။ မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။”—ဟေရှာယ ၄၀:၉-၁၁။
၁၃ ကျမ်းစာခေတ်က မိန်းမများသည် စစ်နိုင်သည့်သတင်း သို့မဟုတ် လွတ်လပ်ရေး ရတော့မည့် သတင်းကောင်းကို ဟစ်ကြွေးသီဆိုသော အောင်ပွဲခံ အခမ်းအနား ကျင်းပမြဲထုံးစံ ရှိသည်။ (၁ ဓမ္မရာဇဝင် ၁၈:၆၊ ၇; ဆာလံ ၆၈:၁၁၊ ကဘ) ဟေရှာယက ပြည်နှင်ခံဂျူးများအတွက် သတင်းကောင်း၊ တောင်ထိပ်များပေါ်မှပင် မကြောက်မရွံ့ ဟစ်ကြွေးနိုင်သည့် သတင်း ရှိမည် ဖြစ်ကြောင်း ပရောဖက်ပြုဖော်ပြသည်—ယေဟောဝါသည် မိမိ၏ လူမျိုးကို သူတို့ ချစ်မြတ်နိုးသော ယေရုရှလင်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားမည်! ယေဟောဝါသည် “ကြီးသောတန်ခိုးနှင့်” ကြွလာမည် ဖြစ်သောကြောင့် သူတို့ ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့ကြောင့် မည်သည့်အရာကမျှ ကိုယ်တော်၏ ကတိတော်များ ပြည့်စုံခြင်းကို မဆီးတားနိုင်ပါ။
၁၄။ (က) ယေဟောဝါသည် မိမိလူမျိုးအား နူးညံ့ကြင်နာစွာ ဦးဆောင်ခေါ်မည် ဖြစ်ကြောင်း ဟေရှာယ မည်သို့ ဥပမာပေးဖော်ပြသနည်း။ (ခ) သိုးထိန်းများသည် မိမိ၏ သိုးများကို ကြင်နာစွာ စောင့်ရှောက်ကြောင်း အဘယ် ဥပမာက ဖော်ပြသနည်း။ (လေးထောင့်ကွက်ကိုရှု။)
၁၄ သို့ရာတွင် ဤခွန်အားကြီးမားသော ဘုရားသခင်၌ နူးညံ့သိမ်မွေ့သော သဘောထား ရှိပြန်သည်။ ယေဟောဝါသည် မိမိ၏ လူမျိုးတော်အား သူတို့၏ ပြည်သို့ မည်သို့ ဦးဆောင်ကာ ပြန်ခေါ်သွားမည်ကို နွေးထွေးလှိုက်လှဲစွာ ဖော်ပြထားသည်။ ယေဟောဝါသည် မိမိ၏ သိုးများကို အတူတကွ စုရုံးစေပြီး သူတို့ကို “ပိုက်ပွေ့” သည့် မေတ္တာပြည့်ဝသော သိုးထိန်းတစ်ဦးနှင့် တူသည်။ ဤတွင် “ပိုက်ပွေ့” ဟု ပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် ဝတ်ရုံ၏ အထက်ပိုင်းတွင် ပိုက်သွားခြင်းကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ တစ်ခါတစ်ရံ သိုးထိန်းများသည် သိုးအုပ်နောက် မလိုက်နိုင်သည့် သိုးပေါက်လေးများကို ဤသို့ ပိုက်ချီသွားတတ်ကြသည်။ (၂ ဓမ္မရာဇဝင် ၁၂:၃) သိုးထိန်းဘဝအသက်တာမှ ကြည်နူးဖွယ်ကောင်းသည့် ထိုကဲ့သို့သော မြင်ကွင်းက ပြည်နှင်ခံလူမျိုးအပေါ် ထားသော ယေဟောဝါ၏ မေတ္တာပါ စိုးရိမ်ပူပန်မှုကို ယုံကြည်စိတ်ချစေသည်။ ခွန်အားကြီးမားသော်လည်း နူးညံ့ကြင်နာမှု ရှိသည့် ထိုကဲ့သို့သော ဘုရားသခင်သည် မိမိ ကတိပြုခဲ့ရာများကို ပြည့်စုံစေမည် ဖြစ်ကြောင်း အမှန် ယုံကြည်စိတ်ချနိုင်သည်!
၁၅။ (က) ယေဟောဝါသည် မည်သည့်အချိန်တွင် “ကြီးသောတန်ခိုးနှင့်” ကြွလာခဲ့ပြီး မည်သူသည် “လက်ရုံးတော်အားဖြင့် အစိုးရတော်မူ” သောသူ ဖြစ်သနည်း။ (ခ) အဘယ် သတင်းကောင်းကို မကြောက်မရွံ့ ကြွေးကြော်ရမည်နည်း။
၁၅ ဟေရှာယ၏ စကားများသည် ကျွန်ုပ်တို့ခေတ်အတွက် ပရောဖက်ပြုချက်ဆိုင်ရာ အဓိပ္ပာယ်များနှင့် ပြည့်နေသည်။ ၁၉၁၄ တွင်၊ ယေဟောဝါသည် “ကြီးသောတန်ခိုးနှင့်” ကြွလာခဲ့ပြီး ကောင်းကင်တွင် ကိုယ်တော့် နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ “လက်ရုံးတော်အားဖြင့် အစိုးရတော်မူ” မည့်သူမှာ မိမိ၏ ကောင်းကင်ပလ္လင်တွင် နန်းထိုင်ရန် ယေဟောဝါ ခန့်အပ်ခဲ့သူ သားတော် ယေရှုခရစ် ဖြစ်သည်။ ၁၉၁၉ တွင်၊ ယေဟောဝါသည် မြေကြီးပေါ်ရှိ မိမိ၏ ဘိသိက်ခံ ကျေးကျွန်များကို မဟာဗာဗုလုန်၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်စေခဲ့ပြီး အသက်ရှင်တော်မူသည့် စစ်မှန်သော ဘုရားသခင်၏ စင်ကြယ်သော ဝတ်ပြုရေး အပြည့်အဝ ပြန်လည်တည်ထောင်မှုကို စတင်တော်မူ၏။ ကြွေးကြော်သံကို နေရာအနှံ့မှ ကြားနိုင်ရန် အလို့ငှာ မြင့်သော တောင်ပေါ်မှ အသံလွှင့် အော်ပြောသကဲ့သို့ ၎င်းသည် မကြောက်မရွံ့ ကြေညာရမည့် သတင်းကောင်း ဖြစ်သည်။ သို့ဖြစ်၍ ယေဟောဝါ ဘုရားသခင်သည် မိမိ၏ စင်ကြယ်သော ဝတ်ပြုရေးကို ဤကမ္ဘာပေါ်တွင် ပြန်လည်တည်ထောင်ခဲ့ပြီ ဖြစ်ကြောင်း အခြားသူများ သိစေရန် အကျွန်ုပ်တို့၏ အသံများကို လွှင့်၍ ရဲရင့်စွာ ကြွေးကြော်ကြစို့!
၁၆။ ယနေ့ ယေဟောဝါသည် မိမိ၏ လူမျိုးကို မည်သည့်နည်းဖြင့် ဦးဆောင်သနည်း၊ အဘယ် ပုံနမူနာကို ချမှတ်ပေးသနည်း။
၁၆ ဟေရှာယ ၄၀:၁၀၊ ၁၁ ပါ စကားများသည် ယနေ့ကျွန်ုပ်တို့အတွက် လက်တွေ့ကျတန်ဖိုးရှိရာ များစွာ ပါရှိသည်။ မိမိလူမျိုးအား ယေဟောဝါ ဦးဆောင်သည့် နူးညံ့ကြင်နာသည့် အပြုအမူကို မှတ်သားရခြင်းက နှစ်သိမ့်မှု ဖြစ်စေသည်။ ကျန်သောသိုးများနောက် မလိုက်နိုင်သည့် သိုးသငယ်လေးများ အပါအဝင် သိုးတစ်ကောင်ချင်းစီ၏ လိုအပ်ချက်ကို သိနားလည်သည့် သိုးထိန်းတစ်ဦးကဲ့သို့ပင် ယေဟောဝါသည် မိမိ၏ သစ္စာရှိကျေးကျွန်တစ်ဦးချင်းစီ၏ ကန့်သတ်ချက်များကို သိနားလည်တော်မူ၏။ ထို့ပြင် နူးညံ့ကြင်နာသော သိုးထိန်းအနေဖြင့် ယေဟောဝါသည် ခရစ်ယာန် သိုးထိန်းများအတွက် ပုံနမူနာ ချမှတ်ပေးတော်မူ၏။ ယေဟောဝါ ကိုယ်တော်တိုင် ပြသခဲ့သော မေတ္တာပါ စိုးရိမ်ပူပန်မှုကို အတုယူကာ အကြီးအကဲများသည် သိုးအုပ်အပေါ် နူးညံ့ကြင်နာစွာ ဆက်ဆံရမည်။ ယေဟောဝါသည် “[သားတော်၏]အသွေးနှင့် ဝယ်တော်မူသော” သိုးအုပ်ထဲရှိ တစ်ဦးချင်းစီအပေါ် ကိုယ်တော် သဘောထားပုံကို သူတို့ အမြဲ နှလုံးမှတ်ကျုံးထားရမည်။—တမန်တော် ၂၀:၂၈။
တန်ခိုးနှင့် ဉာဏ်ပညာ အထွတ်အထိပ်
၁၇၊ ၁၈။ (က) ပြည်နှင်ခံ ဂျူးများသည် ပြန်လည်တည်ထောင်ခြင်း ကတိတော်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ဟေရှာယသည် စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော အဘယ် မှုတ်သွင်းခံ မေးခွန်းများကို မေးထားသနည်း။
၁၇ ဘုရားသခင်သည် တန်ခိုးနှင့် ဉာဏ်ပညာ အထွတ်အထိပ် ဖြစ်သောကြောင့် ပြည်နှင်ခံဂျူးများ ပြန်လည်တည်ထောင်ခြင်း ကတိတော်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ ဟေရှာယ ဤသို့ ဆို၏– “ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။ ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကိုညွှန်သောသူကား အဘယ်သူနည်း။”—ဟေရှာယ ၄၀:၁၂-၁၄။
၁၈ ဤသည်တို့မှာ ပြည်နှင်ခံဂျူးများ စေ့စေ့စဉ်းစားဆင်ခြင်ဖို့အတွက် စိုးရွံ့ထိတ်လန့်ဖွယ် မေးခွန်းများ ဖြစ်သည်။ လူသားများသည် အင်အားကြီးသော ပင်လယ်ဒီရေ မတက်လာစေရန် တားဆီးနိုင်ပါသလော။ လုံးဝ မတားဆီးနိုင်ပါ! သို့သော် မြေကြီးကို ဖုံးလွှမ်းထားသည့် ပင်လယ်များသည် ယေဟောဝါအတွက် ကိုယ်တော့်လက်ဖဝါးပေါ်ရှိ ရေစက် တစ်စက်ကဲ့သို့ ဖြစ်သည်။b သေးသိမ်သောလူများသည် အလွန် များပြားသော ကောင်းကင်ကြယ်များကို ရေတွက်နိုင်သလော သို့မဟုတ် ကမ္ဘာ့တောင်ကြီး၊ တောင်ငယ်များကို ချိန်တွယ်နိုင်သလော။ မလုပ်နိုင်ပါ။ သို့သော် ယေဟောဝါသည် ကောင်းကင်ကို တိုင်းတာသည့်အခါ လူတစ်ဦး အရာဝတ္ထုတစ်ခုကို အထွာ—လက်ဝါးဖြန့်ပြီး လက်မနှင့် လက်သန်းကြား အကွာအဝေး—ဖြင့် တိုင်းသကဲ့သို့ လွယ်လွယ်နှင့် တိုင်းတာနိုင်သည်။ ဘုရားသခင်သည် တောင်ကြီး၊ တောင်ငယ်တို့ကို ချိန်ခွင်ဖြင့် ချိန်တွယ်နိုင်သည်။ ဉာဏ်ပညာအရှိဆုံး လူသားများသည် ဘုရားသခင်အား လက်ရှိအခြေအနေတွင် အဘယ်အရာ လုပ်ဆောင်ပါ သို့မဟုတ် အနာဂတ်တွင် အဘယ်အရာ လုပ်ဆောင်ပါဟု အကြံပေးနိုင်ပါသလော။ လုံးဝ မပေးနိုင်ပါ!
၁၉၊ ၂၀။ ယေဟောဝါ၏ ကြီးမြတ်မှုကို အလေးပေး ဖော်ပြရန် ဟေရှာယသည် အဘယ် သရုပ်ဖော်ချက်ကို အသုံးပြုသနည်း။
၁၉ မြေကြီးပေါ်ရှိ အားကြီးသော လူမျိုးတို့ကော အသို့နည်း၊ ဘုရားသခင်သည် မိမိ၏ ကတိတော်ကို ပြည့်စုံစေရန် လုပ်ဆောင်သည့်အခါ အတားအဆီး လုပ်နိုင်ကြမည်လော။ ဟေရှာယသည် လူမျိုးများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအဖြေပေး၏– “လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌ မြူမှုန့်ကဲ့သို့ ထင်မှတ်စရာ ရှိ၏။ ကျွန်းတို့သည်လည်း လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ လေဗနုန်တောသည် မီးမွေးဖို့မလောက်၊ ထိုတော၌ ရှိသော တိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်ဖို့ မလောက်။ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှ မဟုတ်သောအရာထက် သာ၍ ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။”—ဟေရှာယ ၄၀:၁၅-၁၇။
၂၀ ယေဟောဝါအတွက် လူမျိုးအားလုံးသည် ရေပုံးမှ ကျသော ရေစက် တစ်စက်ကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် အဘယ်အလေးချိန်မျှ မဖြစ်ပေါ်စေသည့် ချိန်ခွင်တွင် ကပ်နေသော ဖုန်မှုန့်မျှသာ ဖြစ်သည်။c လူတစ်ဦးသည် အလွန်ကြီးသော ယဇ်ပလ္လင်ကြီးတစ်ခု တည်ဆောက်ကာ လေဗနုန်တောင်များကို ဖုံးလွှမ်းထားသော သစ်ပင်အားလုံးကို ယဇ်ပူဇော်ရန် ထင်းအဖြစ်အသုံးပြုမည် ဆိုပါစို့။ ထို့နောက် သူသည် ထိုတောင်ပေါ်တွင် ကျက်စားသော တိရစ္ဆာန်အားလုံးကို ယဇ်ကောင်များအဖြစ် ပူဇော်မည်။ ထိုမျှလောက်သော ယဇ်ပူဇော်မှုသည်ပင် ယေဟောဝါအတွက် အရာမထင်ပေ။ စိတ်ကူးပေါ်လာရာများကို အသုံးပြုဖော်ပြခဲ့သော်လည်း မလုံလောက်သောကြောင့် ဟေရှာယက ပို၍ ပြင်းထန်သော ဖော်ပြချက်—ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် ယေဟောဝါ၏ ရှေ့မှောက်တွင် “အဘယ်မျှ မဟုတ်သောအရာထက် သာ၍ ငယ်” သည်ဟု ဖော်ပြသည်။—ဟေရှာယ ၄၀:၁၇။
၂၁၊ ၂၂။ (က) ဟေရှာယက ယေဟောဝါသည် အတုမရှိသောအရှင် ဖြစ်ကြောင်း မည်သို့ အလေးအနက် ဖော်ပြသနည်း။ (ခ) ဟေရှာယ၏ ကွက်ကွက်ကွင်းကွင်းမြင်သာစေသော ဖော်ပြချက်များသည် ကျွန်ုပ်တို့အား အဘယ် ကောက်ချက် ချစေသနည်း။ (ဂ) ပရောဖက် ဟေရှာယ၏ မှတ်တမ်းသည် အဘယ် သိပ္ပံပညာ ထွက်ဆိုချက်နှင့် ညီသနည်း။ (စာမျက်နှာ ၁၉၇ မှ လေးထောင့်ကွက်ကိုရှု။)
၂၁ ယေဟောဝါသည် အတုမရှိသောအရှင် ဖြစ်ကြောင်း ပို၍ အလေးအနက် ဖော်ပြရန် ဟေရှာယသည် ရွှေ၊ ငွေ၊ သစ်သားနှင့် ရုပ်တုဆင်းတု ပြုလုပ်သူများ၏ မိုက်မဲမှုကို တင်ပြသည်။ ထိုသို့သော မည်သည့်ရုပ်တုမဆိုသည် “မြေကြီးစက်အပေါ်မှာ ထိုင်” တော်မူထသော၊ ကမ္ဘာသူကမ္ဘာသားများအပေါ် အုပ်ချုပ်လျက်ရှိသော အရှင်ကို လျော်ကန်စွာ ကိုယ်စားပြုနိုင်ပါမည်လော။—ဟေရှာယ ၄၀:၁၈-၂၄ ဖတ်။
၂၂ ကွက်ကွက်ကွင်းကွင်း မြင်သာစေသော ဤဖော်ပြချက်အားလုံးက ကျွန်ုပ်တို့ကို ဤသို့ ကောက်ချက်ချစေသည်—တန်ခိုးနှင့် ဉာဏ်ပညာ အထွတ်အထိပ်၊ အတုမရှိသော ယေဟောဝါ၏ ကတိတော်များ မပြည့်စေရန် အဘယ်အရာကမျှ မတားဆီးနိုင်ပါ။ ပြည်တော်ပြန်ရန် မျှော်လင့်တောင့်တခဲ့ကြသော ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံနေရသူ ဂျူးများအတွက် ဟေရှာယ၏ စကားများသည် မည်မျှ နှစ်သိမ့်မှုနှင့် ခွန်အား ဖြစ်ခဲ့ပါမည်နည်း! ယနေ့ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ အနာဂတ်နှင့်ပတ်သက်သော ယေဟောဝါ၏ ကတိတော်များ အမှန်ပင် ဖြစ်ပျက်လာမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။
“ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း”
၂၃။ ပြည်နှင်ခံဂျူးများသည် အဘယ် အကြောင်းကြောင့် အားရှိနိုင်သနည်း၊ ယခု ယေဟောဝါသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ မည်သို့ အလေးပေးဖော်ပြသနည်း။
၂၃ ပြည်နှင်ဒဏ်ခံရသော ဂျူးများ အားယူနိုင်သည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။ လွတ်မြောက်မည်ဟု ကတိပေးတော်မူသောအရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်၊ ကြီးမားသောစွမ်းအင် အရပ်ရပ်၏ ရင်းမြစ် ဖြစ်တော်မူ၏။ အလွန် အံ့အားသင့်ဖွယ်ကောင်းသော အစွမ်းကို အလေးအနက် ဖော်ပြရန် ယေဟောဝါသည် ဖန်ဆင်းရာများတွင် ထင်ရှားသော မိမိ၏ အစွမ်းကို အာရုံစိုက်ရန် ဤသို့ ဆင့်ခေါ်ထား၏– “‘ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်း’ ဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ ‘အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၅၊ ၂၆။
၂၄။ မိမိကိုယ်တော်တိုင်၏ အကြောင်းကို မိန့်တော်မူရာတွင် မိမိနှင့် တန်းတူ ဖြစ်သောသူ မရှိကြောင်း ယေဟောဝါ မည်သို့ တင်ပြသနည်း။
၂၄ ဣသရေလလူမျိုး၏ သန့်ရှင်းသော ဘုရားသခင်သည် မိမိအကြောင်း ကိုယ်တိုင် ပြောပြနေတော်မူ၏။ မိမိနှင့် တန်းတူသူ မရှိကြောင်း ပြသရန် ယေဟောဝါသည် ကောင်းကင်ရှိ ကြယ်များကို အာရုံစိုက်စေတော်မူ၏။ တပ်မှူးတစ်ဦးသည် မိမိ၏ တပ်များကို နေရာအဆင့်အလိုက် ထားသကဲ့သို့ ယေဟောဝါသည် ကြယ်များကို အုပ်ချုပ်တော်မူ၏။ ကိုယ်တော်သည် ၎င်းတို့ကို စာရင်းခေါ်မည်ဆိုလျှင် ‘တစ်စုံတစ်ခုမျှ လွတ်သွားခြင်း ရှိမည် မဟုတ်ပါ။’ ကြယ်များအရေအတွက်သည် အလွန့်အလွန် များပြားသော်လည်း ကိုယ်တော်သည် သူတို့တစ်ခုချင်းစီကို သီးခြားအမည် သို့မဟုတ် နာမည်ကဲ့သို့သော အမှတ်အသားတစ်ခုဖြင့် မှည့်ခေါ်တော်မူသည်။ ၎င်းတို့သည် နာခံမှု ရှိသော စစ်သားများကဲ့သို့ မိမိတို့၏ နေရာတွင် နေကြပြီး အမိန့်တော်ကို နာခံကြသည်၊ အကြောင်းမှာ သူတို့ကို ဦးဆောင်တော်မူသောအရှင်သည် “တန်ခိုးနှင့် ပြည့်စုံတော်မူ” ပြီး “ခွန်အားကြီး” သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်နှင်ခံဂျူးများ ယုံကြည်စိတ်ချရန် အကြောင်းရှိပြီ။ ကြယ်များကို အမိန့်ပေးတော်မူသော ဖန်ဆင်းရှင်တွင် မိမိကျေးကျွန်များကို ထောက်ပံ့ကူညီရန် တန်ခိုး ရှိတော်မူ၏။
၂၅။ ဟေရှာယ ၄၀:၂၆ တွင် မှတ်တမ်းတင်ထားသော ဘုရားသခင်၏ ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်မည်နည်း၊ အဘယ် အကျိုးရလဒ်ဖြင့်နည်း။
၂၅ ဟေရှာယ ၄၀:၂၆ တွင် မှတ်တမ်းတင်ထားသည့် “အထက်သို့ မျှော်ကြည့်ကြလော့” ဟူသော ဘုရားသခင်၏ ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ထဲမှ မည်သူက ကလန်ကဆန် ပြုနိုင်သနည်း။ မျက်မှောက်ခေတ် နက္ခတ္တဗေဒ ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များက ကြယ်အတိပြီးသော ကောင်းကင်သည် ဟေရှာယခေတ်တွင် သူတို့ မြင်တွေ့ခဲ့ရသည်အရာထက် ပို၍ အံ့သြထိတ်လန့်ဖွယ်ကောင်းကြောင်း တင်ပြခဲ့ကြသည်။ စွမ်းအား အလွန်ကောင်းသော အဝေးကြည့် မှန်ပြောင်းဖြင့် ကောင်းကင်ကို စေ့စေ့ကြည့်ရှုလေ့လာသူ နက္ခတ္တဗေဒ ပညာရှင်များက တွေ့မြင်နိုင်သော စကြဝဠာအတွင်းတွင် ဂလက်ဆီပေါင်း ၁၂၅ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ ယင်းတို့ထဲမှ တစ်ခုဖြစ်သော နဂါးငွေ့တန်း ဂလက်ဆီတွင်ပင် အချို့သူများ၏ ခန့်မှန်းချက်အရ ကြယ်ပေါင်း ၁၀၀ ဘီလီယံကျော် ပါရှိသည်! ထိုသို့ သိရခြင်းကြောင့် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား နှလုံးတွင်းမှ ရိုသေခန့်ညားကာ ကိုယ်တော့် ကတိတော်ကို အကြွင်းမဲ့ ယုံကြည်စိတ်ချဖို့ နှိုးဆွသင့်သည်။
၂၆၊ ၂၇။ ဗာဗုလုန်တွင် ပြည်နှင်ခံရသူများ၏ ခံစားချက်ကို မည်သို့ ဖော်ပြထားသနည်း၊ အဘယ်အချက်များကို သူတို့ သိထားသင့်သနည်း။
၂၆ သုံ့ပန်းဘဝနှစ်များသည် ပြည်နှင်ခံဂျူးများအား စိတ်အားလျော့စေမည် ဖြစ်ကြောင်း သိထားတော်မူရာ ယေဟောဝါသည် ထပ်၍ စိတ်ချစေရန် ဤစကားများကို ကြို၍ မှတ်တမ်းတင်စေ၏– “အိုယာကုပ်အမျိုး သင် ‘သွားသောလမ်းကို ထာဝရဘုရား သိတော်မမူ’ ဟု အဘယ်ကြောင့် ပြောသနည်း။ အိုဣသရေလအမျိုး သင့် ‘အမှုကို သင်၏ ဘုရားသခင် မှတ်တော်မမူ’ ဟု အဘယ်ကြောင့် ဆိုရသနည်း။ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိ၊ စစ်၍ မကုန်နိုင်သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း သင်သည် မသိမကြားဖူးသလော။”—ဟေရှာယ ၄၀:၂၇၊ ၂၈။d
၂၇ မိမိတို့၏ ပြည်တော်မှ မိုင်ရာနှင့်ချီ ဝေးသော ဗာဗုလုန်တွင် ပြည်နှင်ခံရသူများ၏ ခံစားချက်ကို ဖော်ပြသည့် ယေဟောဝါ၏ စကားများကို ဟေရှာယ မှတ်တမ်းတင်သည်။ အချို့သူများက သူတို့ “သွားသောလမ်း”—ခက်ခဲပင်ပန်းသော ဘဝအသက်တာ—ကို ဘုရားသခင် မမြင် သို့မဟုတ် မသိပါဟု ယူမှတ်ကြသည်။ သူတို့က ယေဟောဝါသည် သူတို့ ခံစားနေရသော တရားမမျှတမှုများကို စိတ်မဝင်စားပါဟု ထင်ကြသည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံမှ မဟုတ်လျှင် အနည်းဆုံး ပေးခဲ့သော အကြောင်းအချက်အလက်မှ သူတို့ သိသင့်ရာများကို သတိပေးခြင်း ခံရသည်။ ယေဟောဝါသည် မိမိ၏ လူမျိုးကို လွတ်မြောက်စေနိုင်ပြီး ထိုသို့ ပြုရန် ဆန္ဒရှိတော်မူ၏။ ကိုယ်တော်သည် ထာဝရ ဘုရားသခင် ဖြစ်ပြီး မြေကြီးတစ်ခုလုံး၏ ဖန်ဆင်းရှင် ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရာများတွင် ကိုယ်တော် ထင်ရှားပြသခဲ့သည့် တန်ခိုးကို ကိုယ်တော် ပိုင်ဆိုင်ဆဲ ဖြစ်ပြီး အင်အားကြီး ဗာဗုလုန်ပင်လျှင် ကိုယ်တော် လက်လှမ်းမမီနိုင်သည့်အရာ မဟုတ်။ ထိုသို့သော ဘုရားသခင်သည် မမောပန်းနိုင်ရာ မိမိလူမျိုးတော်အပေါ် ပျက်ကွက်မည် မဟုတ်ပါ။ ယေဟောဝါ လုပ်ဆောင်မှုအားလုံးကို အပြည့်အဝ သဘောပေါက်နိုင်ရမည်ဟု မမျှော်လင့်သင့်ပါ၊ အကြောင်းမှာ ကိုယ်တော်၏ သိနားလည်မှု—သို့မဟုတ် ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားသိမြင်မှုနှင့် သိမြင်နိုင်စွမ်း—တို့သည် သူတို့ သိမြင်နားလည်နိုင်သည်ထက် ကျော်လွန်နေသောကြောင့်ပင်။
၂၈၊ ၂၉။ (က) ပင်ပန်းနွမ်းနယ်သူများကို ကိုယ်တော် မစပေးမည် ဖြစ်ကြောင်း ယေဟောဝါသည် မိမိလူမျိုးတော်အား မည်သို့ အသိပေးနှိုးဆော်သနည်း။ (ခ) ယေဟောဝါသည် မိမိကျေးကျွန်များအား အစွမ်းခွန်အားပေးပုံကို တင်ပြရန် အဘယ် သရုပ်ဖော်ချက်ကို အသုံးပြုတော်မူသနည်း။
၂၈ ယေဟောဝါသည် စိတ်ပျက်အားလျော့နေသော ပြည်နှင်ခံများအတွက် အားပေးစကားများကို ဟေရှာယမှတစ်ဆင့် ဤသို့ဆက်၍ မိန့်တော်မူ၏– “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”—ဟေရှာယ ၄၀:၂၉-၃၁။
၂၉ မောပန်းသောသူတို့အား ခွန်အား ပေးရန် လိုကြောင်း မိန့်တော်မူရာတွင် ယေဟောဝါသည် ပြည်နှင်ခံရသူများ ပြည်တော်ပြန်ရမည့် ခက်ခဲသော လမ်းခရီးကို စိတ်ထဲထား၍ မိန့်တော်မူခြင်း ဖြစ်နိုင်သည်။ အထောက်အကူအတွက် မိမိအား မျှော်ကိုးသော ပင်ပန်းသူများကို အကူအညီ ပေးခြင်းသည် ကိုယ်တော်၏ ထူးခြားသော လက္ခဏာ ဖြစ်ကြောင်း မိမိ၏ လူမျိုးကို ယေဟောဝါ အသိပေးတော်မူ၏။ ခွန်အား အသန်ဆုံးသူများ ဖြစ်သော “လူပျိုတို့” နှင့် “လုလင်တို့” သည် ပင်ပန်းသော အလုပ်ကြောင့် မောပန်းနွမ်းနယ်နိုင်ပြီး အားကုန်ခြင်းကြောင့် ခွေယိုင်နိုင်သည်။ သို့သော် ယေဟောဝါက မိမိအား ယုံကြည်ကိုးစားသူများကို ပြေးသော်လည်းကောင်း၊ လမ်းလျှောက်သော်လည်းကောင်း မမောပန်းသော တန်ခိုးခွန်အား ပေးမည်ဟု ကတိပြုတော်မူ၏။ တစ်ခါတည်းဖြင့် နာရီပေါင်းများစွာ ပျံသန်းနိုင်ပြီး အမြင်အားဖြင့် အားမစိုက်ဘဲ ပျံသန်းနေသည်ဟု ထင်ရသော စွမ်းအားကြီးသည့် လင်းယုန်ကို နမူနာထား၍ ယေဟောဝါသည် မိမိကျေးကျွန်များအား တန်ခိုးသတ္တိ ပေးမည့်ပုံကို ဥပမာဖြင့် ဖော်ပြ၏။e ယင်းသို့ ဘုရားသခင့် ထောက်မမှု အလားအလာဖြင့် ပြည်နှင်ခံဂျူးများသည် စိတ်ပျက်စရာအကြောင်း မရှိပါ။
၃၀။ ယနေ့ ခရစ်ယာန်စစ်များသည် ဟေရှာယ အခန်းကြီး ၄၀ ၏ နောက်ဆုံးအခန်းငယ်များမှ နှစ်သိမ့်မှုကို မည်သို့ ရယူနိုင်သနည်း။
၃၀ ဟေရှာယ အခန်းကြီး ၄၀ ပါ ထိုနောက်ဆုံး အခန်းငယ်များသည် ဤဆိုးညစ်သော အစီအစဉ်စနစ်၏ နောက်ဆုံးသော နေ့ရက်များတွင် အသက်ရှင်နေရသော ခရစ်ယာန်စစ်များအတွက် နှစ်သိမ့်ဖွယ် စကားများ ပါရှိသည်။ စိတ်ဓာတ်ကျစေသည့် ဖိအားများနှင့် ပြဿနာများ အလွန် များပြားခြင်းကြောင့် ကျွန်ုပ်တို့ ခံရသော ဆင်းရဲဒုက္ခနှင့် ကျွန်ုပ်တို့ ခံစားရသော မတရားမှုများကို ကျွန်ုပ်တို့၏ ဘုရားသခင်သည် သတိမပြုဘဲ မနေကြောင်း သိရှိစေရန် ၎င်းတို့က စိတ်ချစေသည်။ အရာခပ်သိမ်းကို ဖန်ဆင်းရှင်၊ “ဉာဏ်တော်သည် အနန္တ ဖြစ်” တော်မူသောအရှင်သည် ကိုယ်တော် သတ်မှတ်ထားသော အချိန်နှင့် နည်းလမ်းဖြင့် မတရားမှုများကို ပြုပြင်တော်မူမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၁၄၇:၅၊ ၆) ဤအတောအတွင်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစွမ်းခွန်အားဖြင် ခံရပ်စရာ မလိုပါ။ မကုန်ခန်းနိုင်သော စွမ်းအား၏ ပင်ရင်းအမြစ် ဖြစ်တော်မူသော ယေဟောဝါသည် မိမိ၏ကျေးကျွန်များ စမ်းသပ်ခံရသည့်အခါ တန်ခိုးတော်—“သာမန်ထက် ထူးကဲသော တန်ခိုးတော်”—ကို ပေးနိုင်တော်မူသည်။—၂ ကောရိန္သု ၄:၇၊ ကဘ။
၃၁။ ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများအတွက် ဟေရှာယ ပရောဖက်ပြုချက်တွင် အလင်းနှင့်ဆိုင်သော အဘယ် ကတိတော်များ ပါသနည်း၊ ကျွန်ုပ်တို့သည် အဘယ်အရာကို အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်သနည်း။
၃၁ ဘီ.စီ.အီး. ခြောက်ရာစုမှ ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများအကြောင်း စဉ်းစားကြည့်ပါ။ မိုင်ရာနှင့်ချီ ဝေးသော နေရာတွင် သူတို့ ချစ်မြတ်နိုးသော ယေရုရှလင်မြို့သည် လူဆိတ်ညံလျက် ရှိပြီး ဗိမာန်တော်သည် ပျက်ယွင်းနေသည်။ သူတို့အတွက် ဟေရှာယ၏ ပရောဖက်ပြုချက်သည် အလင်းရောင်နှင့် မျှော်လင့်ချက်ဆိုင်ရာ နှစ်သိမ့်မှု ပေးသော ကတိတော် ပါရှိခဲ့သည်—ယေဟောဝါသည် သူတို့ကို ပြည်တော်သို့ ပြန်လည်ခေါ်ဆောင်မည်! ဘီ.စီ.အီး. ၅၃၇ တွင် ယေဟောဝါသည် မိမိလူမျိုးတော်ကို ပြည်တော်သို့ ခေါ်ဆောင်တော်မူခဲ့ရာ ကိုယ်တော်သည် ကတိတော်များကို ပြည့်စုံစေသည့်အရှင် ဖြစ်ကြောင်း သက်သေထူတော်မူသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါသည်။ ဟေရှာယ ပရောဖက်ပြုချက်တွင် လှပစွာ ဖော်ပြထားသော ကိုယ်တော်၏ နိုင်ငံတော် ကတိတော်များသည် အမှန်ပင် ပြည့်စုံလာမည်။ ၎င်းသည် အမှန်ပင် သတင်းကောင်း—လူသားအားလုံးအတွက် အလင်းနှင့်ဆိုင်သောသတင်း ဖြစ်သည်!
[အောက်ခြေမှတ်ချက်များ]
a ဟေရှာယက ယေဟောဝါ ကြွလာတော်မူရာလမ်းကို ပြင်ဆင်ခြင်းအကြောင်း ကြိုပြောထားသည်။ (ဟေရှာယ ၄၀:၃) သို့ရာတွင် ခရစ်ဝင်ကျမ်းရေးသူများက ထိုပရောဖက်ပြုချက်ကို နှစ်ခြင်းဆရာ ယောဟန်က ယေရှုခရစ်အတွက် လမ်းပြင်ဆင်ခြင်းနှင့် ဆက်စပ်ထားသည်။ ယေရှုသည် ခမည်းတော်ကို ကိုယ်စားပြုပြီး ခမည်းတော်နာမဖြင့် ကြွလာခြင်းကြောင့် ခရစ်ယာန် ဂရိကျမ်းစာစောင်များ၏ မှုတ်သွင်းခံကျမ်းရေးသူများသည် ထိုကဲ့သို့ ဆက်စပ်ဖော်ပြခြင်း ဖြစ်သည်။—ယောဟန် ၅:၄၃; ၈:၂၉။
b “သမုဒ္ဒရာ၏ ထုထည်သည် ၁.၃၅ ကွမ်တီလီယံ (၁.၃၅ × ၁၀၁၈) မက်ထရစ်တန် သို့မဟုတ် ကမ္ဘာ့စုစုပေါင်း ထုထည်၏ ၁/၄၄၀၀ ခန့် ရှိသည်” ဟု တွက်ဆခဲ့ကြသည်။—၉၇ အန်ကာတာစွယ်စုံကျမ်း။
c ဖွင့်ဆိုသူ၏ သမ္မာကျမ်းစာဋီကာ၌ ဤသို့ ဆိုထား၏– “မြေထဲပင်လယ် အရှေ့ဒေသ ဈေးများ၌ ရောင်းဝယ်ဖောက်ကားရာတွင် အသား သို့မဟုတ် အသီးအနှံများကို ချိန်တွယ်သည့်အခါ ချင်တောင်းထဲရှိ ရေစက် အနည်းငယ် သို့မဟုတ် ချိန်ခွင်ပေါ် ကပ်နေသော ဖုန်မှုန့်အနည်းငယ်ကို ပမာဏ မပြုပါ။”
d ယေဟောဝါသည် “ထာဝရဘုရင်” ဖြစ်တော်မူသောကြောင့် ဟေရှာယ ၄၀:၂၈ မှ “အစဉ်အမြဲ တည်တော်မူသော” ဟူသည့် အသုံးအနှုန်းသည် “ထာဝရ” ကို ဆိုလိုသည်။—၁ တိမောသေ ၁:၁၇၊ သမ။
e လင်းယုန်သည် အနိမ့်ဆုံး စွမ်းအင်ကို အသုံးပြု၍ ကောင်းကင်တွင် ပျံဝဲနေနိုင်သည်။ အထက်သို့ တက်နေသော လေနွေးစီးကြောင်းကို ကျွမ်းကျင်စွာ အသုံးချခြင်းဖြင့် ဖြစ်သည်။
[စာမျက်နှာ ၁၉၃ ပါ လေးထောင့်ကွက်]
ယေဟောဝါ—မေတ္တာပြည့်ဝသော သိုးထိန်း
ဟေရှာယက ယေဟောဝါအား မိမိ၏ သိုးသငယ်များကို ပိုက်ပွေ့သော မေတ္တာပြည့်ဝသည့် သိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ (ဟေရှာယ ၄၀:၁၀၊ ၁၁) ဟေရှာယက ဤနွေးထွေးဖွယ်သရုပ်ဖော်ချက်ကို သိုးထိန်းများ၏ တကယ့်အဖြစ်မှန် လုပ်ဆောင်လေ့ရှိမှုများအပေါ် အခြေခံကြောင်း ထင်ရှားသည်။ အရှေ့အလယ်ပိုင်းဒေသ၊ ဟေရမုန်တောင်စောင်းရှိ သိုးထိန်းများကို စောင့်ကြည့်ကြသော မျက်မှောက်ခေတ် လေ့လာသူတစ်ဦးက ဤသို့ မှတ်တမ်းပြုစု၏– “သိုးထိန်းတိုင်းသည် မိမိသိုးအုပ်ရှိ သိုးများ မည်သို့ အခြေအနေ ရှိနေသည်ကို အနီးကပ် စောင့်ကြည့်ကြသည်။ သိုးပေါက်လေးများကို တွေ့ပါက ထိုပေါက်စလေးသည် သူ့မိခင်နောက် မလိုက်နိုင်လောက်အောင် အလွန်အားနည်းနေသေးသောကြောင့် သူ၏ ဝတ်ရုံကြီးရင်ဘတ်ပိုင်းတွင် ပိုက်ပွေ့ ၍ ခေါ်သွားသည်။ သူ့ရင်ခွင်တွင် ပြည့်နေပါက သိုးများကို ပခုံးပေါ်တွင် တင်၊ သူတို့၏ ခြေထောက်ကို ကိုင်ထားသည်၊ ထိုသို့မဟုတ်လျှင် မြည်းတစ်ကောင်၏ ကျောပေါ်တွင် အိတ်တစ်လုံး သို့မဟုတ် ခြင်းတောင်းတစ်ခုကို တင်ကာ မိခင်နောက် မလိုက်နိုင်မချင်း ထိုသိုးပေါက်လေးများကို သယ်ဆောင်သွားသည်။” ကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည် မိမိ၏ လူများအား ထိုကဲ့သို့ နူးညံ့ကြင်နာစွာ စိတ်ဝင်စားကြောင်း သိရခြင်းက နှစ်သိမ့်မှု ဖြစ်စေသည် မဟုတ်လော။
[စာမျက်နှာ ၁၉၇ ပါ လေးထောင့်ကွက်]
ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန်ကား အဘယ်နည်း
ရှေးအခါက ကမ္ဘာ ပြားသည်ဟု လူတို့ ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ဘီ.စီ.အီး. ခြောက်ရာစု အစောပိုင်းတွင် ဂရိအတွေးအခေါ် ပညာရှင် ပိုက်သာဂိုရပ်စ်က ကမ္ဘာမြေကြီးသည် စက်လုံးသဏ္ဌာန် ဖြစ်ရမည်ဟု ယူဆလာသည်။ သို့သော် ပိုက်သာဂိုရပ်စ်၏ သီအိုရီ မထုတ်မီ ရာစုနှစ်နှစ်ခုအချိန်တွင် ပရောဖက် ဟေရှာယက အလွန့်အလွန် ရှင်းလင်းတိကျစွာဖြင့် “မြေကြီးစက် [“စက်ဝန်း၊” ကဘ] အပေါ်မှာထိုင် . . . တော်မူသောသူ” ဟု အတိအကျ ဖော်ပြ၏။ (ဟေရှာယ ၄၀:၂၂၊ ၂၃) ဤတွင် “စက်ဝန်း” ဟူ၍ ပြန်ဆိုထားသည့် ဟေဗြဲစကားလုံး ချု ကို “လုံးဝန်း” ဟူ၍လည်း ပြန်ဆိုနိုင်ပါသည်။ စိတ်ဝင်စားစရာမှာ၊ လုံးဝန်းသော ပစ္စည်းတစ်ခုကိုသာ အဘက်ဘက်မှ ကြည့်လျှင် စက်ဝိုင်းပုံ ထွက်သည်။f သို့ဖြစ်၍ ပရောဖက် ဟေရှာယသည် ခေတ်ရှေ့ပြေးကာ သိပ္ပံနည်းအရ တိကျခိုင်လုံသော အဆိုတစ်ခုကို ရှေးဒဏ္ဍာရီ ယုံတမ်းစကားများ၏ လွှမ်းမိုးမှု မပါဘဲ မှတ်တမ်းတင်ခဲ့သည်။
[အောက်ခြေမှတ်ချက်]
f ပညာရပ်သဘောဖြင့် အတိအကျ ပြောရမည်ဆိုလျှင် ကမ္ဘာသည် ဘေးကားစက်လုံးပုံ ဖြစ်သည်။ ဝင်ရိုးစွန်းများတွင် အနည်းငယ် ပြားသည်။