ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၂ စာ. ၁၂-၂၂
  • ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖော်ပြသည့်စာအုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖော်ပြသည့်စာအုပ်
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာတွင်ပါရှိသည့် အကြောင်းအရာများ
  • သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်သလော
  • တိကျမှန်ကန်၍ ယုံကြည်စိတ်ချရ၏
  • ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်
  • ဘုရားသခင်အားသိကျွမ်းခြင်းပညာ ကို “တောင့်တ” ကြလော့
  • ဘုရားသခင်နှစ်သက်လက်ခံသည့် စစ်မှန်သောသွန်သင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သမ္မာကျမ်းစာ —ဘုရားသခင်ဆီကစာအုပ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သမ္မာကျမ်းစာသည် တကယ်ပင် ဘုရားသခင်ထံမှလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၂ စာ. ၁၂-၂၂

အခန်း ၂

ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖော်ပြသည့်စာအုပ်

၁၊ ၂။ ဖန်ဆင်းရှင်၏လမ်းညွှန်ချက်ကို ကျွန်ုပ်တို့အဘယ်ကြောင့် လိုအပ်သနည်း။

မေတ္တာပြည့်ဝသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် လူသားများအတွက် သွန်သင်ချက်နှင့်လမ်းညွှန်ချက်ပါရှိသည့် စာအုပ်တစ်အုပ် ပြင်ဆင်ပေးတော်မူမည်မှာ အကျိုးသင့်အကြောင်းသင့် ရှိလှပေသည်။ လူသားများသည် လမ်းညွှန်မှုလိုအပ်ကြောင်း အသင်သဘောမတူပေလော။

၂ လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်က ပရောဖက်နှင့်သမိုင်းဆရာဖြစ်သူတစ်ဦးက “လူသည် လမ်းသွားစဉ်အခါ မိမိခြေရာကို မစီရင်ပိုင်” ဟုရေးသားခဲ့သည်။ (ယေရမိ ၁၀:၂၃၊ ကဘ) ဤစကား၏မှန်ကန်မှုကို ယနေ့ ပို၍ပီပီပြင်ပြင်တွေ့လာရသည်! ယင်းကြောင့် သမိုင်းပညာရှင် ဝီလီယမ် အိတ်ချ်. မက္ကနီးလ်က “ဤကမ္ဘာမြေပြင်ပေါ် လူသားများတွေ့ ကြုံရသည့် သည်းထိတ်ရင်ဖိုအဖြစ်အပျက်များမှာ အဆက်မပြတ်နီးပါးဖြစ်ပေါ်သည့် အကျပ်အတည်းများနှင့် လူ့အဖွဲ့အစည်း၏ အတည်တကျဖြစ်နေသည့်အစီအစဉ် ကသောင်းကနင်းဖြစ်ခြင်းတို့ပင်ဖြစ်သည်” ဟုမှတ်ချက်ချသည်။

၃၊ ၄။ (က) သမ္မာကျမ်းစာကို မည်သည့်သဘောထားဖြင့် စတင်လေ့လာသင့်သနည်း။ (ခ) သမ္မာကျမ်းစာဆန်းစစ်မှုကို ကျွန်ုပ်တို့မည်သို့မည်ပုံဖြင့် ဆက်လက်ပြုလုပ်သွားမည်နည်း။

၃ အမြော်အမြင်ရှိသောညွှန်ကြားချက်ကို ကျွန်ုပ်တို့လိုအပ်ကြသည်။ ယင်းလိုအပ်ချက်အားလုံးကို သမ္မာကျမ်းစာက ဖြည့်ဆည်းပေးသည်။ လူအများသည် သမ္မာကျမ်းစာကို ပထမဆုံးအကြိမ် စူးစမ်းကြည့်သည့်အခါ၌ မွှန်ထူသွားတတ်ကြသည် မှာမှန်၏။ သမ္မာကျမ်းစာသည် ကြီးမားသောစာအုပ်ဖြစ်သည့်ပြင် အချို့အပိုင်းများသည် နားလည်ရန်မလွယ်ကူပေ။ သို့သော် သင့်အနေဖြင့် တန်ဖိုးကြီးမားသော အမွေရရှိရေးအတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ဟု ဖော်ပြထားသည့် တရားဝင်စာချုပ်စာတမ်းတစ်ခု လက်ခံရရှိသည်ဆိုပါက အချိန်ယူ၍၎င်းကို စေ့စပ်သေချာစွာလေ့လာမည်မဟုတ်လော။ စာချုပ်ထဲမှအချို့အပိုင်းသည် နားလည်ရန်ခက်ခဲပါက ဤကိစ္စမျိုး၌ အတွေ့အကြုံရှိသူတစ်ဦးဦးထံမှ သင်အကူအညီကို တောင်းယူပေမည်။ သမ္မာကျမ်းစာကိုလည်း အလားတူသဘောမျိုးဖြင့် ချဉ်းကပ်ပါလေ။ (တမန်တော် ၁၇:၁၁) ဤကိစ္စ၌ အမွေဥစ္စာရရှိခြင်းထက်မက အရေးကြီးသည်။ ပြီးခဲ့သည့်အခန်း၌ တွေ့ခဲ့ရသည့်အတိုင်း ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် ထာဝရအသက်ကိုရရှိစေနိုင်သည်။

၄ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖော်ပြသည့်စာအုပ်ကို ဆန်းစစ်ကြည့်ကြပါစို့။ ရှေးဦးစွာ သမ္မာကျမ်းစာဆိုင်ရာ ခြုံငုံသုံးသပ်ချက်ကို အကျဉ်းရုံးရှင်းပြပါမည်။ ၎င်းနောက် အသိအမြင်ဗဟုသုတကြွယ်ဝသူအများက သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းရာ နှုတ်ကပါဌ်တော်အဖြစ် အဘယ်ကြောင့်ယုံကြည်ကြသည့်အကြောင်းများကို ဆွေးနွေးပါမည်။

သမ္မာကျမ်းစာတွင်ပါရှိသည့် အကြောင်းအရာများ

၅။ (က) ဟေဗြဲကျမ်းများ၌ (ခ) ဂရိကျမ်းများ၌ အဘယ်အကြောင်းအရာများပါဝင်သနည်း။

၅ သမ္မာကျမ်းစာ၌ စာစောင် ၆၆ စောင်ပါရှိပြီး ယင်းတို့ကို ဓမ္မဟောင်းနှင့်ဓမ္မသစ်ဟူ၍ အများအားဖြင့်ခေါ်ဆိုသော အပိုင်းနှစ်ပိုင်းအဖြစ်ခွဲထားသည်။ ကျမ်းစောင် သုံးဆယ့်ကိုးစောင်ကို ဟေဗြဲဘာသာဖြင့် အဓိကရေးသား၍ ၂၇ စောင်ကို ဂရိဘာသာဖြင့်ရေးသားသည်။ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိပါဝင်သည့် ဟေဗြဲကျမ်းစောင်များ၌ ဖန်ဆင်းခြင်းအကြောင်းနှင့် လူ့သမိုင်း၏ ကနဦးနှစ်ပေါင်း ၃,၅၀၀ အကြောင်းကို ခြုံငုံရေးသားထားသည်။ သမ္မာကျမ်းစာ၏ယင်းအပိုင်းကို ဆန်းစစ်ကြည့်သည့်အခါ ဘီ.စီ.အီး. ၁၆ ရာစုနှစ်တွင် လူမျိုးတစ်မျိုးအဖြစ် ဣသရေလလူမျိုး ဖွားမြင်အချိန်မှစ၍ ဘီ.စီ.အီး. ၅ ရာစုနှစ်အထိ သူတို့နှင့် ဘုရားသခင်ဆက်ဆံခဲ့ပုံအကြောင်းကို သိရှိရသည်။a ဂရိကျမ်းများတွင် မဿဲကျမ်းမှ ဗျာဒိတ်ကျမ်းအထိပါဝင်ပြီး စီ.အီး. ပထမရာစုနှစ်အတွင်းမှ ယေရှုခရစ်နှင့် တပည့်တော်များ၏ တရားဒေသနာတော်များနှင့် လှုပ်ရှားဆောင်ရွက်မှုများအကြောင်း အသားပေးဖော်ပြထားသည်။

၆။ သမ္မာကျမ်းစာတစ်အုပ်လုံးကို အဘယ်ကြောင့်လေ့လာသင့်သနည်း။

၆ အချို့သူတို့က “ဓမ္မဟောင်းကျမ်း” မှာ ဂျူးလူမျိုးအတွက်ဖြစ်ပြီး “ဓမ္မသစ်ကျမ်း” မှာ ခရစ်ယာန်များအတွက်ဖြစ်သည် ဟုဆိုကြသည်။ သို့သော် ၂ တိမောသေ ၃:၁၆၊ ၁၇ အရ “ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ကျေးဇူးများကိုပြုတတ်၏။” ထို့ကြောင့် ကျမ်းစာကိုမှန်ကန်စွာ လေ့လာလိုပါက တစ်အုပ်လုံးကို လေ့လာရပေမည်။ စင်စစ်ဆိုလျှင် ကျမ်းစာ၏ အပိုင်းနှစ်ပိုင်းသည် တစ်ပိုင်းကိုတစ်ပိုင်း ဖြည့်စွက်ပေးပြီး သဟဇာတကျကျပေါင်းစပ်၍ အလုံးစုံခြုံငုံသည့် အဓိကအချက်တစ်ချက်ကို ဖြစ်ပေါ်စေသည်။

၇။ သမ္မာကျမ်းစာ၏ အဓိကအချက်ကား အဘယ်နည်း။

၇ သင့်အနေဖြင့် ဘာသာရေးဝတ်ပြုစည်းဝေးများကို နှစ်အတန်ကြာတက်ရောက်၍ သမ္မာကျမ်းစာအချို့ဖတ်ပြသည်ကို ကြားဖူးပေမည်။ သို့တည်းမဟုတ် သင်ကိုယ်တိုင် သမ္မာကျမ်းစာမှကောက်နုတ်ချက်များကို ဖတ်ဖူးကောင်းဖတ်ဖူးပေမည်။ သမ္မာကျမ်းစာ၌ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ တူညီသည့် အချက်တစ်ချက်ရှိကြောင်း သင်သိပါသလော။ မှန်ပါသည်၊ သမ္မာကျမ်းစာ၌ သဟဇာတဖြစ်သော အဓိကအချက်တစ်ချက် ပျံ့နှံ့လျက်ရှိသည်။ ၎င်းအဓိကအချက်ကား အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်၏နိုင်ငံတော်အားဖြင့် လူသားများအပေါ် ဘုရားသခင်အုပ်စိုးပိုင်ခွင့်ကို သင်္ကာယနကင်းရှင်းစေခြင်းနှင့် မေတ္တာပြည့်ဝသော ကိုယ်တော့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်းပင်တည်း။ နောက်ပိုင်းတွင် ဤရည်ရွယ်ချက်ကို ဘုရားသခင် မည်သို့ပြည့်စုံစေမည့်အကြောင်း တွေ့ရပါမည်။

၈။ ဘုရားသခင့်ဥပဓိရုပ်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အရာများဖော်ပြသနည်း။

၈ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်းကို အကြမ်းဖျင်းဖော်ပြသည့်အပြင် ကိုယ်တော်၏ဥပဓိရုပ်တော်ကိုပါ ဖော်ပြသည်။ ဥပမာအားဖြင့် ဘုရားသခင်၌ ခံစားချက်ရှိကြောင်း၊ ကျွန်ုပ်တို့၏ရွေးချယ်မှုများသည် ကိုယ်တော်အဖို့အရေးပါကြောင်း သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သိရှိရသည်။ (ဆာလံ ၇၈:၄၀၊ ၄၁; သု. ၂၇:၁၁; ယေဇကျေလ၃၃:၁၁) ဘုရားသခင်သည် “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏” ဟူ၍ ဆာလံ ၁၀၃:၈-၁၄ ကဆို၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကရုဏာတော်ဖြင့်ဆက်ဆံ၍ ‘ကျွန်ုပ်တို့သည် မြေမှုန့်သက်သက်ဖြင့် ဖန်ဆင်းခံရကြောင်း’၊ သေဆုံးသည့်နောက် မြေမှုန့်သို့ပြန်သွားကြောင်း သတိရတော်မူ၏။။ (ကမ္ဘာဦး ၂:၇; ၃:၁၉) ကိုယ်တော်ပြသသည့် ဂုဏ်တော်များသည် အံ့ချီးဖွယ်ကောင်းလေစွ! သင်ကိုးကွယ်လိုသည့်ဘုရားမှာ ဤကဲ့သို့သောဘုရားသခင်ပင်ဖြစ်သည် မဟုတ်လော။

၉။ ဘုရားသခင့် စံနှုန်းတော်များနှင့်ပတ်သက်၍ ရှင်းလင်းသောအမြင်ကို သမ္မာကျမ်းစာက မည်သို့ပေးထားသနည်း။ ယင်းတို့ကိုသိရှိခြင်းမှ ကျွန်ုပ်တို့မည်သို့အကျိုးခံစားရသနည်း။

၉ သမ္မာကျမ်းစာသည် ဘုရားသခင်၏ စံနှုန်းတော်များနှင့်စပ်လျဉ်း၍လည်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ၎င်းတို့ကို ပညတ်တရားများအဖြစ် တစ်ခါတစ်ရံဖော်ပြသည်။ သို့သော် ၎င်းတို့သည် အများအားဖြင့် ပစ္စည်းပြသင်ခန်းစာဖြင့် သင်ကြားပေးသည့်အခြေခံမူများတွင် ထင်ဟပ်လျက်ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျိုးအလို့ငှာ ရှေးဣသရေလလူမျိုး၏သမိုင်းမှ ဖြစ်ရပ်အချို့ကို ရေးသားစေတော်မူ၏။ ပွင့်ပွင့်လင်းလင်းရေးသားထားသည့် ၎င်းမှတ်တမ်းများက လူတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်သည့်အခါ မည်သို့ဖြစ်ပျက်တတ်ကြောင်း၊ ကိုယ့်နည်းကိုယ်ဟန်ဖြင့်သွားပါက ဝမ်းနည်းဖွယ်အကျိုးရလဒ်ရရှိကြောင်း ပြသသည်။ (၃ ဓမ္မရာဇဝင် ၅:၄; ၁၁:၄-၆; ၂ ရာဇဝင်ချုပ် ၁၅:၈-၁၅) ဤကဲ့သို့သော တကယ့်ဘဝမှတ်တမ်းများကိုဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့၏နှလုံးသားအပေါ် အကျိုးသက်ရောက်မည်မှာ ယုံမှားဖွယ်မရှိပေ။ မှတ်တမ်းတင်ဖြစ်ရပ်များကို မြင်ယောင်အောင်အားထုတ်မည်ဆိုပါက မှတ်တမ်းထဲမှလူများနှင့်အတူ ထပ်တူထပ်မျှခံစားရမည်ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ကောင်းသောစံနမူနာများမှ အကျိုးကျေးဇူးရယူနိုင်ပြီး၊ ဒုစရိုက်သမားများအားကျော့မိသည့် အန္တရာယ်ချောက်ပေါက်များကို ရှောင်ကွင်းနိုင်ပေမည်။ သို့သော်လည်း သမ္မာကျမ်းစာတွင် ဖတ်ရှုရသမျှသည် ဘုရားသခင်မှုတ်သွင်းရာ စင်စစ်ဖြစ်ကြောင်း မည်သို့သေချာစိတ်ချနိုင်သနည်း ဟူသောအရေးကြီးသည့်မေးခွန်းကို ဖြေဆိုရန်လိုနေပါသည်။

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်သလော

၁၀။ (က) သမ္မာကျမ်းစာသည် ခေတ်နောက်ကျသွားပြီဟု အချို့သူများ အဘယ်ကြောင့် ယူဆကြသနည်း။ (ခ) ၂ တိမောသေ ၃:၁၆၊ ၁၇ က သမ္မာကျမ်းစာအကြောင်း မည်သို့ဆိုထားသနည်း။

၁၀ အကြံပေးစာအုပ်အများသည် နှစ်အနည်းငယ်အတွင်း ခေတ်နောက်ကျသွားလေ့ရှိသည်ကို သင်သတိပြုမိပေမည်။ သမ္မာကျမ်းစာကော မည်သို့ရှိသနည်း။ ယင်းသည် အလွန့်အလွန်ရှေးကျသောစာအုပ်ဖြစ်ပြီး ၎င်း၏နောက်ဆုံးစာသားများရေးသားပြီးစီးချိန်မှ ရေတွက်လျှင်နှစ်ပေါင်း ၂,၀၀၀ နီးပါးကုန်လွန်ခဲ့လေပြီ။ ယင်းကြောင့် အချို့သူတို့က သမ္မာကျမ်းစာသည် မျက်မှောက်ခေတ်နှင့် ဆီလျော်သက်ဆိုင်ခြင်းမရှိတော့ဟု ထင်မှတ်ကြသည်။ သို့သော် သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းရာဖြစ်ပါက သက်တမ်းမည်မျှရင့်ရင့် ယင်း၏အကြံပြုချက်များသည် အစဉ်သဖြင့် ခေတ်မီနေသင့်ပေသည်။ ကျမ်းစာများအနေဖြင့် “ဘုရားသခင့်လူယုံတော် စုံလင်၍၊ ကောင်းမှုအမျိုးမျိုးအဖို့ အသင့်ရှိစေအံ့သောငှာ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင် ဆုံးမခြင်းများ၌ အကျိုးရှိ” နေမြဲရှိသင့်ပေသည်။—၂ တိမောသေ ၃:၁၆၊ ၁၇၊ သမ။

၁၁-၁၃။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၁ အသေအချာ ဆန်းစစ်ကြည့်လိုက်သည့်အခါ သမ္မာကျမ်းစာ၏ အခြေခံမူများသည် အက္ခရာတင်ရေးသားခဲ့စဉ်က လက်တွေ့သက်ဆိုင်မှုရှိခဲ့သကဲ့သို့ ယနေ့တိုင် လက်တွေ့သက်ဆိုင်မှုရှိသည်ကို တွေ့ရသည်။ သာဓကအားဖြင့် လူ့ပင်ကိုစရိုက်နှင့်စပ်လျဉ်း၍ လူမျိုးဆက်တိုင်းနှင့် သက်ဆိုင်သည့်သဘောကို သမ္မာကျမ်းစာက ကောင်းစွာနားလည်ကြောင်း ထင်ဟပ်လျက်ရှိသည်။ မဿဲကျမ်း အခန်းကြီး ၅ မှ ၇ ၌တွေ့ရသည့် ယေရှု၏တောင်ပေါ်ဒေသနာတော်တွင် ထိုသဘောကို အလွယ်တကူတွေ့နိုင်ပေသည်။ ၎င်းဒေသနာတော်ကို အိန္ဒိယနိုင်ငံခေါင်းဆောင်ဟောင်း မိုဟန်ဒပ်စ် ကေ. ဂန္ဒီက အလွန်အထင်ကြီးလေးစားမိသဖြင့် ဗြိတိသျှအရာရှိတစ်ဦးအား ဤသို့ပြောကြားခဲ့ဖူးသည်– “ဤတောင်ပေါ်ဒေသနာ၌ ခရစ်တော်ဟောကြားခဲ့သည့် တရားဒေသနာတော်အတိုင်း သင့်နိုင်ငံနှင့်ကျွန်ုပ်နိုင်ငံ သဘောတူကျင့်သုံးခဲ့ကြမည်ဆိုလျှင် ကျွန်ုပ်တို့နှစ်နိုင်ငံ၏ပြဿနာများသာမက တစ်ကမ္ဘာလုံး၏ပြဿနာများကိုပင် ဖြေရှင်းပြီးဖြစ်လိမ့်မည်။”

၁၂ ယေရှု၏ဒေသနာတရားတော်ကို လူတို့အထင်ကြီးလေးစားကြသည်မှာ မဆန်းပါ! တောင်ပေါ်ဒေသနာတော်တွင် ကိုယ်တော်က စစ်မှန်သောပျော်ရွှင်မှု ရရှိနိုင်သည့်နည်းလမ်းကို ပြသထားတော်မူ၏။ အငြင်းပွားမှုကို မည်သို့ဖြေရှင်းရမည့်အကြောင်း ရှင်းပြထားတော်မူ၏။ ဆုတောင်းပုံနှင့်စပ်လျဉ်း၍ သွန်သင်ချက်ပေးထားတော်မူ၏။ ရုပ်ပစ္စည်းလိုအပ်ချက်များအပေါ် ထားရှိသင့်သည့် အမြော်အမြင်အရှိဆုံး သဘောထားကို ထောက်ပြတော်မူပြီး အခြားသူများနှင့် သင့်မြတ်စွာဆက်ဆံရေးအတွက် ရွှေပညတ်ကိုလည်း ပေးတော်မူ၏။ ဘာသာရေးကလိမ်ကျမှုကို မည်သို့သတိပြုရမည့်အကြောင်းနှင့် လုံခြုံမှုရှိသည့်အနာဂတ်ကို မည်သို့ရယူနိုင်ကြောင်း ၎င်းဒေသနာတော်၌ ပါဝင်သည်။

၁၃ ထူးခြားသော ထိုဒေသနာတော်နှင့်တကွ ကျန်အပိုင်းအားလုံးတွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ဘဝအခြေအနေ တိုးတက်ရေးအတွက် ဘာလုပ်ရမည်၊ ဘာရှောင်ရမည်အကြောင်း ရှင်းလင်းစွာဆိုထားသည်။ သမ္မာကျမ်းစာ၏အကြံဉာဏ်သည် အလွန်တရာလက်တွေ့ကျလှသဖြင့် ပညာပေးသူတစ်ဦးက ဤသို့ပြောကြားရန် လှုံ့ဆော်ခြင်းခံခဲ့ရသည်– “ကျွန်တော်သည် ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ရရှိထားသည့် အထက်တန်းကျောင်း အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး စိတ်ကျန်းမာရေးနှင့် စိတ်ပညာဆိုင်ရာစာအုပ် အမြောက်အမြား ဖတ်သော်လည်း အောင်မြင်သောအိမ်ထောင်သည်ဘဝ တည်ဆောက်ရေး၊ သက်ငယ်ပြစ်မှုတားဆီးရေး၊ မိတ်ဆွေဖွဲ့နည်းနှင့် မိတ်မပျက်အောင်ထိန်းသိမ်းနည်းတို့ကဲ့သို့သောကိစ္စများ၌ သမ္မာကျမ်းစာ၏အကြံဉာဏ်သည် ကောလိပ်တွင် ကျွန်တော်ဖတ်ခဲ့၊ လေ့လာခဲ့သမျှထက် သာလွန်ကြောင်းတွေ့ရှိရသည်။” သမ္မာကျမ်းစာသည် လက်တွေ့ကျ၍ ခေတ်မီသည့်အပြင် အားကိုးမှီခို၍လည်း ရပေသည်။

တိကျမှန်ကန်၍ ယုံကြည်စိတ်ချရ၏

၁၄။ သမ္မာကျမ်းစာသည် သိပ္ပံနည်းကျ မှန်ကန်တိကျမှုရှိကြောင်း အဘယ်သာဓကများက ပြသသနည်း။

၁၄ သမ္မာကျမ်းစာသည် သိပ္ပံဖတ်စာအုပ်မဟုတ်သော်လည်း သိပ္ပံပညာနှင့်ပတ်သက်လျှင် တိကျမှန်ကန်မှုရှိသည်။ သာဓကအနေဖြင့် ကမ္ဘာမြေကြီးပြားသည်ဟု လူအများယုံကြည်လက်ခံသည့် အချိန်တစ်ချိန်တွင် ဟေရှာယက ကမ္ဘာကို “စက်” (ဟေဗြဲ၊ ချုဂ်ဟ်၊ “စက်လုံး”) အဖြစ်ရည်ညွှန်းဖော်ပြခဲ့၏။ (ဟေရှာယ ၄၀:၂၂) ဟေရှာယခေတ်နောက်ပိုင်း နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာပြီးသည်အထိ ကမ္ဘာမြေကြီးလုံးဝန်းသည်ဟူသော ယုံကြည်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်မခံကြသေးပေ။ ထို့ ပြင် လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်က ရေးသားခဲ့သည့် ယောဘ ၂၆:၇ ၌ ဘုရားသခင်သည် “မြေကြီးကို အခုအခံမရှိ ဆွဲထားတော်မူ၏” ဟူ၍ဆိုထားသည်။ “နက္ခတ္တဗေဒ သက်သေထူသည့်အတိုင်း ကမ္ဘာမြေကြီးကို အာကာသဟင်းလင်းပြင်တွင် အခုအခံမရှိဆွဲထားသည်ဟူသော အမှန်တရားကို ယောဘမည်သို့သိရှိသည်ဟူသည့်အချက်မှာ သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းကြောင်း လက်မခံသူတို့လွယ်ကူစွာ မဖြေရှင်းပေးနိုင်သည့်ပုစ္ဆာဖြစ်သည်” ဟူ၍ ကျမ်းစာပညာရှင်တစ်ဦးကဆို၏။

၁၅။ သမ္မာကျမ်းစာ၏ရေးသားဟန်က ကျမ်းစာအပေါ် ယုံကြည်ကိုးစားစိတ်ကို မည်သို့တိုးပွားစေသနည်း။

၁၅ သမ္မာကျမ်းစာတွင်တွေ့ရှိရသော ရေးသားတင်ပြဟန်ကလည်း ဤစာအုပ်အပေါ် အားထားယုံကြည်စိတ်ကို တိုးပွားစေသည်။ ဒဏ္ဍာရီများနှင့်မတူဘဲ သမ္မာကျမ်းစာတွင်ပါရှိသော ဖြစ်ရပ်များသည် တိကျသောလူပုဂ္ဂိုလ်၊ တိကျသောရက်စွဲတို့နှင့် ဆက်စပ်လျက်ရှိသည်။ (၃ ဓမ္မရာဇဝင် ၁၄:၂၅; ဟေရှာယ ၃၆:၁; လုကာ ၃:၁၊ ၂) ရှေးခေတ်ကသမိုင်းဆရာတို့သည် ၎င်းတို့ဘုရင်များ၏ အောင်ပွဲများအကြောင်းကို အစဉ်ဆိုရမလောက် ပုံကြီးချဲ့ရေးသားပြီး၊ အရေးနိမ့်မှုများကိုဖုံးကွယ်လေ့ရှိကြစေကာမူ သမ္မာကျမ်းစာရေးသားသူတို့မူကား မိမိတို့၏ကြီးလေးသောအပြစ်များကိုပင် မထိမ်မချန် အမှန်အတိုင်းရိုးသားပွင့်လင်းစွာ ရေးသားခဲ့ကြသည်။—တောလည်ရာ ၂၀:၇-၁၃; ၂ ဓမ္မရာဇဝင် ၁၂:၇-၁၄; ၂၄:၁၀။

ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်

၁၆။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းရာဖြစ်ကြောင်း ထောက်ခံသည့် အခိုင်မာဆုံး သက်သေအထောက်အထားကား အဘယ်နည်း။

၁၆ ပြည့်စုံပြီးသောပရောဖက်ပြုချက်က သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းရာဖြစ်ကြောင်း မငြင်းနိုင်သောအထောက်အထားတင်ပြသည်။ သမ္မာကျမ်းစာတွင် အသေးစိတ်မှစ၍ပြည့်စုံခဲ့သော ပရောဖက်ပြုချက်အမြောက်အမြား ပါရှိသည်။ လူသားသက်သက်ဆိုလျှင် ဤသို့ဖြစ်မြောက်စေနိုင်မည်မဟုတ်သည်မှာ ရှင်းနေပါသည်။ သို့ဆိုလျှင် ထိုပရောဖက်ပြုချက်များ မည်သို့မည်ပုံဖြစ်ပေါ်လာသနည်း။ သမ္မာကျမ်းစာကိုယ်တိုင်က “ပရောဖက်စကားသည် လူ့အလိုအားဖြင့် ရောက်လာဖူးသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ လူတို့သည် ဘုရားသခင့်အထံတော်မှ တစ်ဆင့်ဟောပြောကြ၏” ဟုရှင်းပြ၏။ (၂ ပေတရု ၁:၂၁၊ သမ္မာ) သာဓကအချို့ကို စဉ်းစားဆင်ခြင်ကြည့်ပါလေ။

၁၇။ ဗာဗုလုန်ကျဆုံးခြင်းကို အဘယ်ပရောဖက်ပြုချက်များက ကြိုတင်ဟောထားသနည်း။ ၎င်းတို့ မည်သို့ပြည့်စုံခဲ့ကြသနည်း။

၁၇ ဗာဗုလုန်ကျဆုံးခြင်း။ မေဒိ (မီးဒီးစ်) လူမျိုးနှင့် ပေရသိ (ပါးရှား) လူမျိုးတို့၏လက်ချက်ဖြင့် ဗာဗုလုန်ကျဆုံးမည့်အကြောင်းကို ဟေရှာယနှင့်ယေရမိတို့က ဟောကိန်းထုတ်ခဲ့ကြသည်။ ထူးခြားသည်မှာ ဤဖြစ်ရပ်နှင့်ပတ်သက်သော ဟေရှာယပရောဖက်ပြုချက်ကို ဗာဗုလုန်မပျက်စီးမီ နှစ်ပေါင်း ၂၀၀ ခန့်က ကြိုရေးသားခဲ့ခြင်းပင်တည်း! ပရောဖက်ပြုချက်မှ အောက်ပါအချက်အလက်များသည် ယခုအခါတွင် သမိုင်းဝင်ဖြစ်ရပ်မှန်များ ဖြစ်နေလေပြီ– ဥဖရတ်မြစ်ရေကို လူဖန်တီးသောကန်အတွင်း လွှဲလိုက်ခြင်းအားဖြင့် ခန်းခြောက်စေခြင်း (ဟေရှာယ ၄၄:၂၇; ယေရမိ ၅၀:၃၈); ဗာဗုလုန်၏ မြစ်ရိုးတစ်လျှောက်ရှိ မြို့တံခါးများ၌ လုံခြုံရေးပေါ့ဆခြင်း (ဟေရှာယ ၄၅:၁); ကုရုအမည်ရှိသောမင်းတစ်ပါးက အောင်နိုင်ခြင်း။—ဟေရှာယ ၄၄:၂၈။

၁၈။ “ဂရိဘုရင်” ၏အတက်နှင့်အကျကိစ္စတွင် သမ္မာကျမ်းစာပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့သနည်း။

၁၈ “ဂရိဘုရင်” ၏အတက်အကျ။ ရူပါရုံတစ်ခုတွင် ဒံယေလသည် ဆိတ်ထီးတစ်ကောင်က သိုးထီးတစ်ကောင်ကို ခတ်ဝှေ့၍ ၎င်း၏ဦးချိုနှစ်ချောင်းကို ချိုးဖဲ့လိုက်သည်ကိုမြင်ရ၏။ ထိုနောက် ဆိတ်၏ဦးချိုကြီးသည် ကျိုးကျွတ်၍ ၎င်း၏နေရာ၌ ဦးချိုလေးချောင်း ပေါ်ထွက်လာသည်။ (ဒံယေလ ၈:၁-၈) ဒံယေလအားဤသို့ရှင်းပြ၏– “ချိုနှစ်ချောင်းနှင့်ပေါ်လာသော သိုးထီးသည် မေဒိဘုရင်၊ ပေရသိဘုရင်ဖြစ်၏။ ဆိတ်ထီးသည် ဂရိဘုရင်ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ဦးချိုကြီးသည် ပထမဘုရင်ဖြစ်၏။ ထိုချိုသည်ကျိုး၍ ၎င်း၏နေရာ၌ ချိုလေးချောင်းပေါက်သည်မှာ ဂရိလူမျိုးမှ နိုင်ငံလေးပါးတည်ထောင်လိမ့်မည်။ သို့ရာတွင် အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။” (ဒံယေလ ၈:၂၀-၂၂၊ သမ္မာ) ဤပရောဖက်ပြုချက်နှင့်အညီ ရာစုနှစ်နှစ်ခုမျှကြာပြီးနောက် “ဂရိဘုရင်” မဟာအလက်ဇန္ဒားသည် ဦးချိုနှစ်ချောင်းဖြစ်သော မေဒိ-ပေရသိအင်ပါယာကို အောင်နိုင်လိုက်သည်။ ဘီ.စီ.အီး. ၃၂၃ ခုနှစ်တွင် အလက်ဇန္ဒားအနိစ္စရောက်ပြီးနောက် နောက်ဆုံးတွင် သူ၏နေရာကို သူ၏ဗိုလ်ချုပ်ကြီးလေးဦးက ဝင်ယူလိုက်သည်။ သို့သော် ထိုနောက်ဆက်ခံနိုင်ငံတစ်ခုမျှ အလက်ဇန္ဒားအင်ပါယာ၏တန်ခိုးကို မမီခဲ့ချေ။

၁၉။ ယေရှုခရစ်၌ အဘယ်ပရောဖက်ပြုချက်များ ပြည့်စုံခဲ့သနည်း။

၁၉ ယေရှုခရစ်၏သက်တော်စဉ်။ ဟေဗြဲကျမ်းစာစောင်များ၌ ယေရှု၏ဖွားမြင်ခြင်း၊ ဓမ္မအမှုဆောင်ခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့တွင် ပြည့်စုံခဲ့သည့်ပရောဖက်ပြုချက် အမြောက်အမြားပါရှိသည်။ သာဓကအနေဖြင့် မေရှိယ၊ သို့မဟုတ် ခရစ်တော်သည် ဗက်လင်မြို့တွင်ဖွားမြင်မည့်အကြောင်းကို မိက္ခာကနှစ်ပေါင်း ၇၀၀ ကျော်ကြို၍ ဟောကိန်းထုတ်ခဲ့သည်။ (မိက္ခာ ၅:၂; လုကာ ၂:၄-၇) မိက္ခာနှင့်တစ်ခေတ်တည်း အသက်ရှင်ခဲ့သူဟေရှာယက မေရှိယသည် ရိုက်နှက်ခြင်းနှင့် တံတွေးဖြင့်ထွေးခြင်းခံရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ (ဟေရှာယ ၅၀:၆; မဿဲ ၂၆:၆၇) နှစ်ပေါင်းငါးရာကြို၍ ဇာခရိက မေရှိယသည် ငွေအသပြာ ၃၀ ဖြင့် သစ္စာဖောက်အပ်နှံခံရမည်အကြောင်း ပရောဖက်ပြုခဲ့သည်။ (ဇာခရိ ၁၁:၁၂; မဿဲ ၂၆:၁၅) ဒါဝိဒ်ကလည်း နှစ်ပေါင်းတစ်ထောင်ကျော်ကြို၍ ယေရှုမေရှိယခံရမည့် အရှက်ခွဲခြင်းနှင့် အသေသတ်ခြင်းအကြောင်းကို ဖော်ပြခဲ့သည်။ (ဆာလံ ၂၂:၇၊ ၈၊ ၁၈; မဿဲ ၂၇:၃၅၊ ၃၉-၄၃) ၎င်းပြင် ရာစုနှစ်ငါးခုခန့်ကြို၍ ဒံယေလပရောဖက်ပြုချက်က မေရှိယပေါ်ထွန်းမည့်အချိန်၊ ကိုယ်တော်၏ဓမ္မအမှုဆောင်ကာလ ကြာမြင့်သည့်အချိန်နှင့် အသေခံတော်မူမည့်အချိန်တို့ကို ဖော်ပြခဲ့သည်။ (ဒံယေလ ၉:၂၄-၂၇) ဤသည်တို့မှာ ယေရှုခရစ်တော်၌ ပြည့်စုံခဲ့သည့် ပရောဖက်ပြုချက်များမှ နမူနာအချို့မျှသာဖြစ်သည်။ ကိုယ်တော့်အကြောင်း များများဖတ်ရှုခြင်းဖြင့် အကျိုးဖြစ်ထွန်းကြောင်း နောက်ပိုင်းတွင် တွေ့ရှိရပေမည်။

၂၀။ ပြည့်စုံခဲ့သော ပရောဖက်ပြုချက်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၏ပြည့်စုံသော မှတ်တမ်းက ကျွန်ုပ်တို့အား အဘယ်ယုံကြည်စိတ်ချမှုပေးသနည်း။

၂၀ ကျမ်းစာမှ ရှည်လျားသောကာလနှင့်ဆိုင်သည့် အခြားပရောဖက်ပြုချက် အများအပြားလည်း ပြည့်စုံခဲ့လေပြီ။ ‘ဒါပေမဲ့၊ ဒါကကျွန်တော့်အသက်တာမှာ ဘာအကျိုးသက်ရောက်မှုရှိလို့လဲ’ ဟူ၍ အသင်မေးပေမည်။ အကယ်၍ လူတစ်ဦးသည် သင့်အားနှစ်ပေါင်းများစွာကြာကြာ အမှန်ချည်းပြောခဲ့ပြီး ယခုအသစ်အဆန်းတစ်မျိုးမျိုး ပြောလာခဲ့သည်ရှိသော် ထိုသူအား ချက်ချင်းသံသယဖြစ်မိမည်လော။ ဖြစ်မည်မဟုတ်ပေ! ဘုရားသခင်သည်ကျမ်းစာတစ်လျှောက်လုံး အမှန်တရားကိုသာ တစ်သမတ်တည်း မိန့်ကြားတော်မူခဲ့သည်။ ဤအချက်က လာလတ္တံ့သော မြေကြီးပရဒိသုဘုံနှင့်စပ်လျဉ်းသည့် ပရောဖက်ပြုချက်ကဲ့သို့သော သမ္မာကျမ်းစာကတိထားရာများအပေါ် ယုံကြည်သည့်သဘောကို တည်ဆောက်ပေးသင့်သည်မဟုတ်လော။ စင်စစ်ဆိုလျှင် ‘မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်’ ဟူ၍ရေးသားခဲ့သော ပထမရာစုမှ ယေရှု၏တပည့်တော်တစ်ဦးဖြစ်သည့် ပေါလုနည်းတူ ကျွန်ုပ်တို့ယုံကြည်စိတ်ချမှု ရှိနိုင်ပေသည်။ (တိတု ၁:၂) ထို့ပြင် ကျမ်းစာကိုဖတ်၍ ပေးထားသည့်သြဝါဒအတိုင်း လက်တွေ့ကျင့်သုံးမည်ဆိုလျှင် လူသားတို့၏ကိုယ်ပိုင်အစွမ်းအစဖြင့် မရနိုင်သောဉာဏ်ပညာကို အသုံးချရာရောက်မည်။ အကြောင်းမှာ သမ္မာကျမ်းစာသည် ထာဝရအသက်ကိုရစေသော ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖော်ပြသည့်စာအုပ်ဖြစ်၍တည်း။

ဘုရားသခင်အားသိကျွမ်းခြင်းပညာ ကို “တောင့်တ” ကြလော့

၂၁။ သမ္မာကျမ်းစာမှ သိရှိရသည့်အကြောင်းအရာအချို့သည် မွှန်ထူစရာဖြစ်သည်ဟုထင်ရပါက ဘာလုပ်သင့်သနည်း။

၂၁ ကျမ်းစာကို လေ့လာသင်ကြားလာသည်နှင့်အမျှ ယခင်က သင်ကြားခဲ့သည့်အရာများနှင့် ခြားနားသောအရာများကို သိရှိလာပေမည်။ သင်အမြတ်တနိုးထားသည့် ဘာသာရေးဓလေ့ထုံးစံအချို့ပင် ဘုရားသခင်မနှစ်သက်ကြောင်း တွေ့ရှိလာပေမည်။ ထင်ရာစိုင်းသည့် ဤလောကတွင်တွေ့မြင်နေကျ အမှားနှင့်အမှန်စံနှုန်းများထက် မြင့်မားသောစံနှုန်းများ ဘုရားသခင်သတ်မှတ်ထားကြောင်းကိုပါ သိရှိလာပေမည်။ အစပိုင်း၌ မွှန်ထူ၍ဝေခွဲမရ ဖြစ်ကောင်းဖြစ်မည်။ သို့သော် သည်းခံစိတ်ရှည်ပါ! ကျမ်းစာကိုသေချာစွာဆန်းစစ်၍ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ရှာမှီးပါလေ။ သမ္မာကျမ်းစာ၏သြဝါဒက သင်၏အတွေးအခေါ်နှင့်အပြုအမူများကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုလာမည့်အလားအလာကို လက်ခံရန်အသင့်ရှိပါလေ။

၂၂။ သင်အဘယ်ကြောင့် သမ္မာကျမ်းစာ လေ့လာသင်ကြားနေသနည်း။ ယင်းကိုနားလည်အောင် အခြားသူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။

၂၂ စိတ်ရင်းစေတနာကောင်းရှိသော မိတ်ဆွေများနှင့် ဆွေမျိုးတို့က သင်ကျမ်းစာလေ့လာသည်ကို ဆန့်ကျင်ပေမည်။ သို့သော် ယေရှုက “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်” ဟုမိန့်တော်မူ၏။ (မဿဲ ၁၀:၃၂၊ ၃၃) အချို့က သင်သည် ဘာသာရေးဂိုဏ်းတစ်ခုနှင့် ပါဝင်ပတ်သက်သွားမည်၊ အယူသီးသွားမည်ကိုစိုးရိမ်ကြမည်။ သို့သော် အမှန်မှာ သင်သည် ဘုရားသခင်နှင့် သမ္မာတရားကို တိကျမှန်ကန်စွာသိကျွမ်းရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပါသည်။ (၁ တိမောသေ ၂:၃၊ ၄) ဤအကြောင်းကိုအခြားသူများနားလည်အောင် ကူညီပေးသည့်အနေနှင့် လေ့လာနေသည့်အကြောင်းအရာကိုပြောပြသည့်အခါ အငြင်းမပွားဘဲ အကျိုးသင့်အကြောင်းသင့်ရှိပါ။ (ဖိလိပ္ပိ ၄:၅) လူအများသည် ကျမ်းစာအသိပညာက လူတို့အား တကယ်အကျိုးပြုသည့် အထောက်အထားများကို တွေ့မြင်လာသည့်အခါ ‘နှုတ်ဖြင့်ပြောပြရန်ပင်မလိုဘဲ ယုံကြည်လာကြသည်။’—၁ ပေတရု ၃:၁၊ ၂၊ သတင်းကောင်း။

၂၃။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို “တောင့်တ” သည့်သဘော မည်သို့မွေးမြူနိုင်သနည်း။

၂၃ “ဖွားစသူငယ်များကဲ့သို့ တရားတော်နို့စစ်ကို တောင့်တကြလော့” ဟူ၍ ကျမ်းစာကတိုက်တွန်းသည်။ (၁ ပေတရု ၂:၂၊ သမ) နို့စို့ကလေးသည် မိခင်ထံမှအာဟာရကို အားထားနေရသဖြင့် ထိုလိုအပ်ချက် မပြည့်ဝမချင်း အလျှော့မပေးတတ်ချေ။ ထိုနည်းတူစွာ ကျွန်ုပ်တို့လည်း ဘုရားသခင်ထံတော်မှသက်ရောက်သော အသိပညာကိုအားထားရကြသည်။ ဆက်လက်လေ့လာခြင်းအားဖြင့် နှုတ်ကပါဌ်တရားတော်ကို “တောင့်တ” ပါလေ။ မှန်ပါသည်၊ ကျမ်းစာကို နေ့စဉ်ဖတ်ရန်ပန်းတိုင်ထားပါ။ (ဆာလံ ၁:၁-၃) သို့ပြုလျှင် ကြွယ်ဝသောကောင်းချီးများ ခံစားရပေမည်။ အဘယ်ကြောင့်ဆိုသော် ဆာလံ ၁၉:၁၁ က “တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏” ဟု ဘုရားသခင့်ပညတ်တရားများနှင့်စပ်လျဉ်း၍ ဆိုထားသောကြောင့်တည်း။

[အောက်ခြေမှတ်ချက်များ]

a ဘီ.စီ.အီး. (B.C.E.) ဆိုသည်မှာ “ခေတ်သက္ကရာဇ်မတိုင်မီ” (“before the Common Era”) ဟူ၍ဆိုလိုပြီး ဘီ.စီ. (B.C. “ခရစ်တော်မတိုင်မီ” “before Christ”) ထက်ပို၍တိကျမှန်ကန်သည်။ စီ.အီး. (C.E.) မှာ “ခေတ်သက္ကရာဇ် (“Common Era”) ကိုဆိုလိုသည်။ ယင်းကို အေ.ဒီ. (A.D.) အန်နိုဒိုမီနီ (anno Domini) ဟုခေါ်လေ့ရှိပြီး “ငါတို့သခင်၏နှစ်အတွင်း” ဟူ၍အဓိပ္ပာယ်ရှိသည်။

သင်၏အသိပညာကို စစ်ဆေးခြင်း

သမ္မာကျမ်းစာသည် အဘယ်နည်းများဖြင့် တစ်မူထူးခြားသနည်း။

သမ္မာကျမ်းစာကို အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။

သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းရာ နှုတ်ကပါဌ်တော်ဖြစ်ကြောင်း အဘယ်အရာက သက်သေထူသနည်း။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

သင်၏သမ္မာကျမ်းစာကို ကောင်းစွာအသုံးချပါ

သမ္မာကျမ်းစာကို ကောင်းစွာသိကျွမ်းရန် မခက်ပါ။ မာတိကာကိုကြည့်၍ ကျမ်းစာစောင်များ စီစဉ်ထားပုံနှင့် တည်နေရာကိုရှာတတ်အောင် သင်ယူပါ။

သမ္မာကျမ်းစာ၏ ကျမ်းစောင်များ၌ လွယ်ကူစွာရည်ညွှန်းကိုးကားနိုင်ရန် အခန်းကြီးနှင့် အခန်းငယ်များပါရှိသည်။ အခန်းကြီးခွဲခြားခြင်းကို ၁၃ ရာစုနှစ်အတွင်းက ထည့်သွင်းခဲ့ပြီး ၁၆ ရာစုမှ ပြင်သစ်စာပုံနှိပ်သူတစ်ဦးက ဂရိကျမ်းစောင်များကို ယနေ့တွေ့ရှိရသည့်အတိုင်းအခန်းငယ်များအဖြစ် ခွဲခြားခဲ့ပုံရသည်။ တစ်အုပ်လုံးတွင် အခန်းကြီးနံပါတ်နှင့် အခန်းငယ်နံပါတ် နှစ်မျိုးလုံးပါရှိသော ပထမဦးဆုံးသမ္မာကျမ်းစာမှာ ၁၅၅၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ပြင်သစ်ဘာသာပြန်ကျမ်းတစ်စောင် ဖြစ်သည်။

ဤစာအုပ်တွင် ကျမ်းချက်များကိုရည်ညွှန်းသည့်အခါ ပထမနံပါတ်မှာ အခန်းကြီးကိုညွှန်း၍ ဒုတိယနံပါတ်မှာ အခန်းငယ်ကိုညွှန်းသည်။ သာဓကအနေနှင့် “သု. ၂:၅” သည် နယပုံပြင်ကျမ်း အခန်းကြီး ၂၊ အခန်းငယ် ၅ ဟုဆိုလိုသည်။ ရည်ညွှန်းထားသောကျမ်းချက်များကို ဖွင့်ဖတ်ခြင်းအားဖြင့် များမကြာမီအတွင်း ကျမ်းချက်ရှာဖွေရာ၌ လွယ်ကူသက်သာလာသည်ကို သင်တွေ့ရလိမ့်မည်။

သမ္မာကျမ်းစာကို ကောင်းစွာသိကျွမ်းနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ၎င်းကိုနေ့စဉ်ဖတ်ရှုခြင်းပင်ဖြစ်သည်။ အစပိုင်း၌ ခက်ခဲပင်ပန်းသောအလုပ်ဟု ထင်ရပေမည်။ သို့ရာတွင် အခန်းကြီးအတိုအရှည်ကိုလိုက်၍ တစ်ရက်လျှင် သုံးခန်းမှငါးခန်း ဖတ်ရှုသွားမည်ဆိုပါက ကျမ်းစာတစ်အုပ်လုံးကို တစ်နှစ်အတွင်း အပြီးဖတ်နိုင်မည်ဖြစ်သည်။ ယနေ့မှစ၍ ဖတ်ရှုပါလေ။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

သမ္မာကျမ်းစာ—တစ်မူထူးခြားသောစာအုပ်

• သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်း” ရာဖြစ်၏။ (၂ တိမောသေ ၃:၁၆) စာလုံးများကို လူသားများရေးသားသော်ငြားလည်း သူတို့၏စဉ်းစားတွေးခေါ်မှုများကို ဘုရားသခင်ညွှန်ကြားတော်မူသောကြောင့် သမ္မာကျမ်းစာသည် အမှန်ပင် “ဘုရားသခင်၏ နှုတ်ကပါဌ်တရား” ဖြစ်၏။—၁ သက်သာလောနိတ် ၂:၁၃။

• သမ္မာကျမ်းစာကို ကွဲပြားသောသမိုင်းနောက်ခံရှိသည့် လူပေါင်း ၄၀ ခန့်က ရာစုနှစ်ပေါင်း ၁၆ ခုမက ကြာညောင်းသည့်ကာလအတွင်း ရေးသားခဲ့သည်။ သို့ပင်ငြားလည်း သမ္မာကျမ်းစာတစ်အုပ်လုံးသည် အစမှအဆုံး သဟဇာတဖြစ်သည်။

• သမ္မာကျမ်းစာသည် အခြားမည်သည့်စာအုပ်ထက်မဆို အပြင်းအထန်ငြင်းခုံဝေဖန်ခြင်း ပို၍ခံခဲ့ရသည်။ အလယ်ခေတ်ကာလအတွင်း လူများစွာတို့သည် ကျမ်းစာစောင်မိတ္တူ လက်ဝယ်ပိုင်ဆိုင်ခြင်းသက်သက်ဖြင့် သစ်တိုင်တွင်ချည်နှောင်၍ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရကြသည်။

• သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် အရောင်းစွံသောစာအုပ်ဖြစ်သည်။ ယင်းကို တစ်အုပ်လုံးအနေနှင့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ ဘာသာစကားပေါင်း ၂,၀၀၀ ကျော်ဖြင့် ဘာသာပြန်ပြီးဖြစ်သည်။ အုပ်ရေသန်းပေါင်းထောင်နှင့်ချီ၍ ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ရာ ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာတစ်အုပ်မျှ ရှာမတွေ့နိုင်သည့်နေရာဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

• သမ္မာကျမ်းစာမှ သက်တမ်းအကြာဆုံးအပိုင်းသည် ဘီ.စီ.အီး. ၁၆ ရာစုနှစ်တွင် ရေးသားခဲ့ရာဖြစ်သည်။ . . .။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ