အရှေ့နှင့်အနောက်ဆုံတွေ့ ကြရာဝယ်
“အရှေ့ကအရှေ့၊ အနောက်ကအနောက်ပဲ။ အဲဒီနှစ်ခုဘယ်တော့မှဆုံတွေ့ ကြမှာမဟုတ်ဘူး။” ဗြိတိသျှကဗျာဆရာရုဒ်ယာ့ဒ်ကစ်ပလင်က ယနေ့ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော လူမျိုးစု၊ လူမျိုးနွယ်၊ လူသားများအားကွဲပြားစေသော နက်ရှိုင်းသည့်ယဉ်ကျေးမှုကွာဟချက်များအကြောင်း ကျွန်ုပ်တို့အားသတိပေးသည်။ ဤအခြေအနေနှင့်ပတ်သက်၍ ဘုရားသခင်သည် တစ်စုံတစ်ရာမလုပ်ပေးနိုင်သလောဟူ၍ လူများစွာမေးမြန်းကြသည်။ လုပ်ပေးနိုင်ပါသည်! ယခုပင် ကိုယ်တော်တစ်စုံတစ်ခုကို ပြုလုပ်နေတော်မူပါသည်တကား! ကစ်ပလင်၏ကဗျာနောက်တစ်ကြောင်းတွင် ယင်းအကြောင်းကို ရည်ညွှန်းပြောဆိုထားသည်။ အရှေ့နှင့်အနောက်သည် မည်မျှကြာကြာကွာဟနေကြမည်နည်း။ ကဗျာဆရာ ဤသို့ပြောသည်– “ကောင်းကင်နှင့်မြေကြီးသည် မကြာမီ ဘုရားသခင့်တရားပလ္လင်ရှေ့တွင် ရပ်ရသည့်အချိန်အထိဖြစ်မည်။”
ဘုရားသခင်သည် တရားစီရင်ရေးတာဝန်များကို မိမိ၏သားတော်ယေရှုခရစ်အားလွှဲအပ်တော်မူသည်။ (ယောဟန် ၅:၂၂-၂၄၊ ၃၀) သို့သော် ထိုတရားစီရင်ရာအချိန်သည် မည်သည့်အခါတွင်စတင်သနည်း။ မည်သူများတရားစီရင်ခံရကြပြီး မည်သည့်အကျိုးဖြစ်ထွန်းသနည်း။ ၁၉၁၄ ခုနှစ်မှစတင်၍ လူသားများအပေါ်ဆိုက်ရောက်လာသည့် ကမ္ဘာစစ်ကြီးများနှင့် တစ်ပါတည်းပါလာသောဘေးဒုက္ခများအကြောင်းကို ပရောဖက်ပြုဖော်ပြခဲ့သူမှာ ယေရှုပင်ဖြစ်သည်။ ယင်းတို့သည် ကိုယ်တော်၏ “ရောက်ရှိခြင်းနှင့် ဤစနစ်ဆုံးခန်း” ကိုအမှတ်သညာပြုမည့် “နိမိတ်” ဖြစ်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။—မဿဲ ၂၄:၃-၈၊ ကဘ။
ဤအရေးကြီးသောပရောဖက်ပြုချက်၏အဆုံးတွင် လက်ရှိကျွန်ုပ်တို့၏အချိန်ကို တရားစီရင်ရာကာလတစ်ခုအဖြစ် သတ်မှတ်ဖော်ပြပြီး မိမိနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကိုလက်ယာတော်ဘက်၊ ဆိတ်တို့ကိုလက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။” ပုံဆောင်သဘောအရ ယခုမြေကြီးပေါ်ရှိလူအားလုံးတို့သည် တရားသူကြီးရှေ့တွင် စုရုံးရောက်ရှိနေကြပြီး ကိုယ်တော့်ကယ်တင်ခြင်းသတင်းကို မည်သို့တုံ့ပြန်သည်နှင့်ပတ်သက်၍ သူတို့တာဝန်မကင်းကြပါ။ မကြာမီ ကြီးစွာသောဒုက္ခ၌ တရားစီရင်ခြင်းအပြီးသတ်ဆောင်ရွက်သောအခါ နာခံမှုမရှိသောဆိတ်နှင့်တူသူများသည် “ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့ [နာခံမှုရှိသောသိုးနှင့်တူသူများ] မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့။”—မဿဲ ၂၅:၃၁-၃၃၊ ၄၆; ဗျာဒိတ် ၁၆:၁၄-၁၆။
‘အရှေ့မျက်နှာနှင့်အနောက်မျက်နှာတို့မှ’
ဤလောကကိုတရားစီရင်ခြင်းသည် အမှန်အားဖြင့် ပထမကမ္ဘာစစ်ထိုးနှက်မွှေနှောက်သည့်နှစ်များအတွင်းက စတင်ခဲ့သည်။ ထိုအချိန်က ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် စစ်အုပ်စုများကို စိတ်နှလုံးအကြွင်းမဲ့ထောက်ခံခဲ့ကြသည်။ ယင်းက သူတို့အား “ဘုရားသခင်၏အမျက်တော်” နှင့်ထိုက်တန်သော ဤဖောက်ပြန်ယိုယွင်းသည့်လောကအဝင်ဖြစ်ကြောင်း မှတ်သားဖော်ပြသည်။ (ယောဟန် ၃:၃၆) သို့သော် ဘုရားသခင်အားယုံကြည်မှုတင်ပြကြသည့် ငြိမ်းချမ်းမှုမြတ်နိုးသူခရစ်ယာန်များကား မည်သို့နည်း။ ထိုသူများသည် ၁၉၁၉ ခုနှစ်မှစတင်၍ ဘုရင်ယေရှုခရစ်ဘက်သို့ စုသိမ်းခံခဲ့ကြရသည်။
သူတို့သည် ကမ္ဘာအနှံ့မှရောက်လာကြသူများဖြစ်ပြီး ပထမတွင် ဘိသိက်ခံ ၁၄၄,၀၀၀ မှ အကြွင်းအကျန်များသည် ခရစ်သက္ကရာဇ်တစ်လျှောက် နှစ်ရာစုများစွာကြာအထိ ရွေးချယ်ခံလာခဲ့ရသည်။ သူတို့သည် ကိုယ်တော့်ကောင်းကင်နိုင်ငံတော်တွင် ‘ခရစ်တော်၏အမွေခံဖက်များ’ ဖြစ်လာမည့်သူများဖြစ်ကြသည်။ (ရောမ ၈:၁၇) ထိုသူများအား ဘုရားသခင့်ပရောဖက်က ဤသို့ပြောသည်– “မစိုးရိမ်နှင့်။ ငါသည်သင်နှင့်အတူရှိ၏။ အရှေ့မျက်နှာမှသင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှသင့်ကိုစုသိမ်းမည်။ အပ်လော့ဟု မြောက်မျက်နှာကိုလည်းကောင်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော ငါ့နာမဖြင့်သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ်လုပ်ပြီးသောသူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟုငါပြောမည်။”—ဟေရှာယ ၄၃:၅-၇။
သို့သော် ထိုမျှမကသေးပါတကား! အထူးသဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ ယခုအခါ သန်းပေါင်းများစွာအထိဖြစ်လာသော လူအုပ်ကြီးသည် စတင်စုသိမ်းခံလာခဲ့ရသည်။ သူတို့သည် မဿဲ ၂၅:၃၁-၄၆ တွင်ယေရှုရည်ညွှန်းခဲ့သော “သိုး” များဖြစ်ကြသည်။ သူတို့ရှေ့ ရှိဘိသိက်ခံအကြွင်းအကျန်များနည်းတူ ဤသူတို့သည် ‘သင်တို့သည်ငါ၏သက်သေဖြစ်ကြ၏။ ငါသည်ဘုရားသခင်ဖြစ်၏’ ဟုကြေညာသောအရှင်အား “ယုံကြည်” လာသူများဖြစ်ကြသည်။ (ဟေရှာယ ၄၃:၁၀-၁၂) ဤလူအုပ်ကြီးကိုစုသိမ်းခြင်းသည်လည်း ‘အရှေ့အရပ်နှင့်အနောက်အရပ်မှ၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှနှင့် မြေကြီးစွန်း’ အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ငြိမ်းချမ်းရေးကိုမြတ်နိုးသောဤသိုးများသည် အပြည်ပြည်ဆိုင်ရာညီအစ်ကိုများအသင်းအဖွဲ့တစ်ခုအဖြစ် ပေါင်းစည်းထားခြင်းခံရကြသည်။ သူတို့နေထိုင်သည့် ၂၂၉ နိုင်ငံမှ ခြားနားသောဘာသာစကားများကို သူတို့အသီးသီးပြောဆိုကြသည်။ သို့သော် သူတို့သည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကို တညီတညွတ်တည်းဆောင်ရွက်မည်အကြောင်း နာမတော်ကိုပတ္ထနာပြုစေခြင်းငှာ” သမ္မာကျမ်းစာပါ ဘုရားသခင့်နိုင်ငံတော်သတင်းနှင့်ဆိုင်သည့် “စင်ကြယ်သောဘာသာစကား” (ကဘ) ကိုသင်ယူရာတွင် ဝိညာဉ်ရေးအရစည်းလုံးကြသည်။ (ဇေဖနိ ၃:၉) သူတို့၏ ယုံကြည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုဆိုင်ရာ စည်းလုံးခြင်းက အရှေ့နှင့်အနောက်အမှန်ဆုံတွေ့ခဲ့ကြောင်းနှင့် ကမ္ဘာအရပ်ရပ်ရှိလူများသည် ပိုင်သအုပ်စိုးရှင်ယေဟောဝါအား ဝတ်ပြုရန်နှင့် ချီးမွမ်းစေရန်တို့အတွက် အံ့ဖွယ်သာဓကဖြစ်သည်။
နောက်ဆက်တွဲမှတ်တမ်းများကတင်ပြသည့်အတိုင်း အချို့ဒေသများတွင် ဤစုသိမ်းမှုသည် ထူးခြားသည့်အခြေအနေများအောက်တွင် ဖြစ်ပွားနေသည်။