အခန်း လေး
‘သင်တို့သည် ငါ၏ သက်သေ ဖြစ်ကြ၏’!
၁။ ယေဟောဝါသည် ပရောဖက်ပြုချက်ကို မည်သို့ အသုံးပြုတော်မူသနည်း၊ ပရောဖက်ပြုချက် ပြည့်စုံသည်ကို ကိုယ်တော်၏ လူများ မည်သို့ တုံ့ပြန်သနည်း။
အနာဂတ်ကို တင်ကူးပြောနိုင်စွမ်းသည် စစ်မှန်သော ဘုရားသခင်ကို မှောက်မှားသော ဘုရားများနှင့် ခွဲခြားသိမြင်စေသော အရာတစ်ခု ဖြစ်သည်။ သို့သော် ယေဟောဝါ ပရောဖက်ပြုသည့်အခါ ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို သက်သေပြခြင်းထက်မက ကိုယ်တော် ရည်ရွယ်တော်မူခဲ့သည်။ ဟေရှာယ အခန်းကြီး ၄၃ တွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါ ပရောဖက်ပြုခြင်းသည် မိမိ၏ ဘုရားအဖြစ်တော်ကို သက်သေပြခြင်းအပြင် မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ကိုယ်တော် ချစ်မြတ်နိုးကြောင်း ပြခြင်းလည်း ဖြစ်သည်။ တစ်ဖန် ကိုယ်တော်၏ လူမျိုးတော်ကလည်း ပရောဖက်ပြုချက် ပြည့်စုံချက်ကို သိမြင်လျက်နှင့် ရေငုံနှုတ်ပိတ် မနေသင့်ပါ၊ သူတို့ မြင်တွေ့ခဲ့ရာများကို သက်သေခံသင့်သည်။ မှန်ပါသည်၊ သူတို့သည် ယေဟောဝါ၏ သက်သေများ ဖြစ်ကြရမည်။
၂။ (က) ဟေရှာယခေတ်က ဣသရေလလူမျိုး၏ ဝိညာဉ်ရေး အခြေအနေ မည်သို့ ရှိသနည်း။ (ခ) ယေဟောဝါသည် မိမိလူမျိုးတော်၏ မျက်စိကို မည်သို့ ဖွင့်ပေးသနည်း။
၂ ဝမ်းနည်းစရာမှာ ဟေရှာယခေတ်တိုင်သော် ဣသရေလ လူမျိုးများသည် ဝိညာဉ်ရေးဘက် မသန်မစွမ်းသူများဟု ယေဟောဝါ ယူမှတ်သည့်အထိ အခြေအနေ အလွန် ဆိုးနေသည်။ “မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့် နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။” (ဟေရှာယ ၄၃:၈) ဝိညာဉ်ရေးအရ မျက်စိကန်းသူများနှင့် နားပင်းနေသည့် လူမျိုးသည် ယေဟောဝါ၏ သက်ရှိသက်သေများအဖြစ် မည်သို့ အမှုဆောင်နိုင်ကြသနည်း။ နည်းတစ်နည်းသာ ရှိသည်။ သူတို့၏ မျက်စိများနှင့် နားများကို အံ့ဖွယ်နည်းဖြင့် ဖွင့်ပေးရမည် ဖြစ်သည်။ ယေဟောဝါ အမှန်ပင် ဖွင့်ပေးခဲ့သည်! မည်သို့အားဖြင့်နည်း။ ဦးဆုံး၊ ယေဟောဝါသည် ပြင်းထန်စွာ ဆုံးမသည်—မြောက်ပိုင်း ဣသရေလနိုင်ငံရှိ ပြည်သူပြည်သားများသည် ဘီ.စီ.အီး. ၇၄၀ တွင် ပြည်နှင်ဒဏ် ခံရကာ ယုဒပြည်သားများသည် ဘီ.စီ.အီး. ၆၀၇ တွင် ဖြစ်သည်။ ထို့နောက် ယေဟောဝါသည် သူတို့ကို လွတ်မြောက်စေကာ ဝိညာဉ်ရေးဘက် အားသစ်ပြန်လောင်းထားသော နောင်တရ အကြွင်းအကျန်ကို ဘီ.စီ.အီး. ၅၃၇ တွင် ပြည်တော်ပြန်စေခြင်းဖြင့် လူမျိုးတော်အတွက် တန်ခိုးပြ လုပ်ဆောင်တော်မူသည်။ အမှန်တွင်၊ ယေဟောဝါသည် ယင်းနှင့်ပတ်သက်သော မိမိ၏ ရည်ရွယ်ချက်ကို ပျက်ပြားစေနိုင်မည် မဟုတ်ကြောင်း မည်မျှ ယုံကြည်စိတ်ချသနည်းဟူမူ ဣသရေလလူမျိုး လွတ်မြောက်မည့်အကြောင်းကို နှစ်ပေါင်း ၂၀၀ ခန့် ကြိုကာ ဖြစ်ပျက်ခဲ့ပြီးသကဲ့သို့ ပြောဆိုသည်။
၃။ ယေဟောဝါသည် ပြည်နှင်ဒဏ် ခံရဖို့ ရှိသူများကို အဘယ် အားပေးချက် ပေးသနည်း။
၃ “အိုယာကုပ်အမျိုး၊ ဣသရေလအနွယ် သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ‘မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ သင်သည် ရေကို လျှောက်သွားသောအခါ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ အကြောင်းမူကား ငါသည် သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။”—ဟေရှာယ ၄၃:၁-၃က။
၄။ ယေဟောဝါသည် ဣသရေလလူမျိုး၏ ဖန်ဆင်းရှင် မည်သို့ ဖြစ်သနည်း၊ သူတို့၏ နေရင်းပြည်သို့ ပြန်ရမည်နှင့်ပတ်သက်၍ မိမိလူမျိုးကို ကိုယ်တော် အဘယ် အာမခံချက် ပေးသနည်း။
၄ ဣသရေလလူမျိုးသည် ယေဟောဝါ ပိုင်ဆိုင်ရာလူမျိုး ဖြစ်သောကြောင့် ကိုယ်တော်သည် ထိုလူမျိုးကို အထူး စိတ်ဝင်စားတော်မူ၏။ အာဗြဟံ ပဋိညာဉ် ပြည့်စုံချက်အတွက် ကိုယ်တော်တိုင်၏ ဖန်ဆင်းရာ ဖြစ်သည်။ (ကမ္ဘာဦး ၁၂:၁-၃) ထို့ကြောင့် ဆာလံ ၁၀၀:၃ ၌ ဤသို့ ဆို၏– “[ယေဟောဝါ]သည် ဘုရားသခင် ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏ အရှင် ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူ ဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။” ဣသရေလလူမျိုး၏ ဖန်ဆင်းရှင်၊ ရွေးနုတ်ရှင်အဖြစ် ယေဟောဝါသည် မိမိ၏ လူမျိုးကို သူတို့၏ နေရင်းပြည်သို့ ဘေးကင်းစွာ ပြန်ပို့ဆောင်တော်မူမည်။ ရေ၊ ရေလွှမ်းမိုးခြင်းနှင့် ချစ်ချစ်တောက် ပူသော သဲကန္တာရစသည့် အတားအဆီးများသည် သူတို့ကို အဟန့်အတားပြု၊ ဒုက္ခပေးနိုင်မည် မဟုတ်ပါ၊ အစောပိုင်း နှစ်ပေါင်း တစ်ထောင်ကျော်က ကတိထားရာ ပြည်တော်သို့ ခရီးရှည် နှင်ခဲ့စဉ်တွင် အလားတူအရာများသည် သူတို့၏ ဘိုးဘေးများအား အရှိန်မလျော့စေခဲ့သကဲ့သို့ ဖြစ်သည်။
၅။ (က) ယေဟောဝါ၏ စကားတော်များသည် ဝိညာဏ ဣသရေလလူမျိုးအတွက် မည်သို့ နှစ်သိမ့်မှု ဖြစ်သနည်း။ (ခ) မည်သူတို့သည် ဝိညာဏ ဣသရေလလူမျိုး၏ အပေါင်းပါများ ဖြစ်ပြီး သူတို့ကို မည်သူတို့က ရှေ့ပြေးပုံခိုင်းဖော်ပြခဲ့သနည်း။
၅ ယေဟောဝါ၏ စကားတော်များသည် ဝိညာဉ်တော်ဖွား “အသစ်ပြုပြင်သော သတ္တဝါ” အဖွဲ့ဝင်များ ဖြစ်ကြသည့် မျက်မှောက်ခေတ် ဝိညာဏ ဣသရေလလူမျိုး အကြွင်းအကျန်အတွက်လည်း နှစ်သိမ့်မှု ပေးသည်။ (၂ ကောရိန္သု ၅:၁၇) လူသားထု ဖြစ်သော “ရေ” ရှေ့တွင် မိမိတို့ကိုယ်ကို ရဲရင့်စွာ ဖော်ထုတ်ပြခြင်းဖြင့် ပုံဆောင် ရေလွှမ်းမိုးခြင်းမှ ဘုရားသခင်၏ မေတ္တာပါ ကာကွယ်မှုကို သူတို့ ရရှိခံစားခဲ့ကြသည်။ သူတို့၏ ရန်သူများထံမှ လာသော မီးသည် သူတို့ကို ဘေးပြုမည့်အစား သူတို့ကို အညစ်အကြေး ချွတ်ပေးခဲ့သည်။ (ဇာခရိ ၁၃:၉; ဗျာဒိတ် ၁၂:၁၅-၁၇) ယေဟောဝါ၏ စောင့်ရှောက်မှုသည် ဘုရားသခင့် ဝိညာဏလူမျိုးနှင့် ပူးပေါင်းခဲ့သော “အခြားသိုး” မှ “လူအုပ်ကြီး” အပေါ်လည်း တိုးချဲ့ခဲ့သည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆) အီဂျစ်ပြည်မှ ထွက်မြောက်လာသော ဣသရေလလူများနှင့်အတူ လိုက်ပါလာသည့် “အမျိုးမျိုးသော လူအများ” နှင့် ဗာဗုလုန် ပြည်နှင်ဒဏ် ခံရရာမှ လွတ်မြောက်လာသော ပြည်တော်ပြန်များနှင့်အတူ လိုက်ပါလာသည့် ဂျူးမဟုတ်သူများတို့သည် ထိုလူအုပ်ကြီး၏ ရှေ့ပြေးအရိပ် ဖြစ်သည်။—ထွက်မြောက်ရာ ၁၂:၃၈; ဧဇရ ၂:၁၊ ၄၃၊ ၅၅၊ ၅၈။
၆။ ယေဟောဝါသည် (က) ဇာတိ ဣသရေလ (ခ) ဝိညာဏ ဣသရေလကို ရွေးနုတ်ရာ၌ မိမိသည် တရားမျှတသော ဘုရားသခင် ဖြစ်ကြောင်း မည်သို့ ဖော်ပြသနည်း။
၆ ယေဟောဝါက မိမိလူမျိုးအား မေဒိ၊ ပေရသိ စစ်တပ်အားဖြင့် ဗာဗုလုန်မှ လွတ်မြောက်စေမည်ဟု ကတိပြုတော်မူ၏။ (ဟေရှာယ ၁၃:၁၇-၁၉; ၂၁:၂၊ ၉; ၄၄:၂၈; ဒံယေလ ၅:၂၈) တရားမျှတသော ဘုရားအနေနှင့် ယေဟောဝါသည် ဣသရေလလူမျိုးကို ရွေးရန် မိမိ၏ မီဒို-ပါးရှား “အစေအပါ” အား သင့်လျော်သော ရွေးနုတ်ဖိုးတစ်ခု ပေးမည် ဖြစ်သည်။ “သင့်ကို ရွေးဖို့ [“ရွေးဖိုးအဖြစ်၊” ကဘ] အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။ သင်သည် ငါမြတ်နိုးရာ ဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့် သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏ အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။” (ဟေရှာယ ၄၃:၃ခ၊ ၄) ဘုရားသခင် ကြိုမိန့်တော်မူခဲ့သကဲ့သို့ ပါးရှားအင်ပါယာသည် အီဂျစ်၊ အီသီယိုးပီးယားနှင့် သေဘပြည် အနီးတစ်ဝိုက်ကို အောင်ပွဲဆင်ခဲ့ကြောင်း သမိုင်းက အတည်ပြုသည်။ (သုတ္တံ ၂၁:၁၈) အလားတူပင် ယေဟောဝါသည် ၁၉၁၉ တွင် ယေရှုခရစ်အားဖြင့် ဝိညာဏ ဣသရေလ အကြွင်းအကျန်ကို သုံ့ပန်းဘဝမှ လွတ်မြောက်စေခဲ့သည်။ သို့ရာတွင် ယေရှုသည် မိမိ၏ လုပ်ဆောင်မှုအတွက် ဆုမလိုပါ။ ကိုယ်တော်သည် တိတ္ထိဘုရင် မဟုတ်ပါ။ မိမိ၏ ဝိညာဏ ညီတော်ရင်းများကို ကယ်လွှတ်ပေးခြင်း ဖြစ်သည်။ ထို့ပြင်၊ ၁၉၁၄ တွင် ယေဟောဝါသည် ‘လူအမျိုးမျိုးတို့ကို ကိုယ်တော်၏ အမွေဥစ္စာအဖြစ်နှင့် မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ပေးတော်မူခဲ့ပြီး ဖြစ်သည်။’—ဆာလံ ၂:၈။
၇။ ယေဟောဝါသည် ရှေးခေတ်နှင့် မျက်မှောက်ခေတ်ရှိ ကိုယ်တော့်လူမျိုးအပေါ် မည်သည့် ခံစားချက် ရှိတော်မူသနည်း။
၇ ယေဟောဝါသည် ရွေးနုတ်ထားသော ပြည်နှင်ခံများအပေါ် ထားသည့် ကိုယ်တော်၏ သနားကြင်နာမှုအား ပွင့်ပွင့်လင်းလင်း ဖော်ပြပုံကို ဂရုပြုမှတ်သားကြည့်ပါ။ သူတို့သည် ကိုယ်တော်၏ “မြတ်နိုးရာ” နှင့် “အသရေ” ဖြစ်ကြပြီး သူတို့ကို ကိုယ်တော် “ချစ်” ကြောင်း မိန့်တော်မူသည်။ (ယေရမိ ၃၁:၃) ကိုယ်တော်သည် သစ္စာစောင့်သိသော မျက်မှောက်ခေတ် ကျေးကျွန်များအပေါ် ထိုသို့သော—ထိုထက်ပင် ပိုသော သဘောထား ရှိတော်မူ၏။ ဘိသိက်ခံ ခရစ်ယာန်များသည် ဘုရားသခင်နှင့် ဆက်ဆံရေး ရှိလာခဲ့ကြသည်၊ ယင်းသည် မွေးဖွားခြင်းအားဖြင့် မဟုတ်ဘဲ သူတို့၏ ဖန်ဆင်းရှင်ထံ ကိုယ်ကို ဆက်ကပ်အပ်နှံကြပြီးနောက်ပိုင်း ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြင့် ဤသို့ ရှိခြင်း ဖြစ်သည်။ ယေဟောဝါသည် ထိုသို့သောသူများကို သားတော်နှင့် မိမိထံတော်သို့ ဆွဲဆောင်တော်မူခဲ့ပြီး ကိုယ်တော်သည် သူတို့၏ ခံယူလွယ်သော နှလုံးများပေါ်တွင် ပညတ်များနှင့် မူများကို ရေးသားခဲ့၏။—ယေရမိ ၃၁:၃၁-၃၄; ယောဟန် ၆:၄၄။
၈။ ယေဟောဝါသည် ပြည်နှင်ခံရသူများကို အဘယ် အာမခံချက် ပေးသနည်း၊ သူတို့၏ လွတ်မြောက်ခြင်းနှင့်ပတ်သက်၍ သူတို့တွင် မည်သည့် ခံစားချက် ရှိမည်နည်း။
၈ ပြည်နှင်ခံများကို ထပ်ဆင့် အာမခံချက် ကမ်းလှမ်းကာ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏ အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ ‘အပ်လော့’ ဟု မြောက်မျက်နှာကိုလည်းကောင်း၊ ‘မထိမ်နှင့်’ ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ‘ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီး တည်းဟူသော ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ် လုပ်ပြီးသောသူအပေါင်းတို့ကို ဆောင်ခဲ့လော့’ ဟု ငါပြောမည်။” (ဟေရှာယ ၄၃:၅-၇) ကိုယ်တော်၏ သားသမီးများ လွတ်မြောက်မည့်အချိန်နှင့် သူတို့ ချစ်မြတ်နိုးသော ပြည်တော်သို့ ပြန်ခေါ်ဆောင်မည့်အချိန် ရောက်သောအခါ ကမ္ဘာ့အစွန်အဖျား ဒေသများပင် ယေဟောဝါ လက်လှမ်းမမီနိုင်ရာ ဟူ၍ မရှိပါ။ (ယေရမိ ၃၀:၁၀၊ ၁၁) ဤလွတ်မြောက်ခြင်းသည် သူတို့၏ အမြင်တွင် အစောပိုင်း အီဂျစ်ပြည်မှ လူမျိုးတော် လွတ်မြောက်ခြင်းကို မှေးမှိန်သွားစေမည်မှာ သေချာသည်။—ယေရမိ ၁၆:၁၄၊ ၁၅။
၉။ ယေဟောဝါသည် လွတ်မြောက်ခြင်းနှင့်ပတ်သက်သော ကိုယ်တော့် လုပ်ဆောင်ချက်များကို အဘယ် နည်းနှစ်နည်းဖြင့် ကိုယ်တော်၏ နာမတော်နှင့် ဆက်စပ်ပေးသနည်း။
၉ ယေဟောဝါက လူမျိုးတော်သည် မိမိနာမဖြင့် သမုတ်ခံရသူ ဖြစ်ကြောင်း ပြန်သတိပေးခြင်းဖြင့် ဣသရေလလူမျိုးကို လွတ်မြောက်စေမည်ဟူသော မိမိ၏ ကတိတော်ကို စိတ်ချစေသည်။ (ဟေရှာယ ၅၄:၅၊ ၆) အခြားလုပ်နိုင်ရာ မရှိတော့ပေ၊ ယေဟောဝါသည် မိမိနာမတော်ကို မိမိ၏ လွတ်မြောက်ခြင်း ကတိတော်များနှင့် ပူးတွဲထားသည်။ ထိုသို့ပြုခြင်းဖြင့် ကိုယ်တော်၏ ပရောဖက်ပြုချက်စကား ပြည့်စုံသည့်အခါ ကိုယ်တော်သည် ဘုန်းထင်ရှားမည် ဖြစ်ကြောင်း သေချာစေသည်။ ဗာဗုလုန်ကို အောင်မြင်သူပင်လျှင် အသက်ရှင်သော တစ်ဆူတည်းသော ဘုရားသခင် ရထိုက်တော်မူသည့် ဘုန်းမျိုးကို ခံစားရမည် မဟုတ်ပါ။
တရားဆိုင်ရသော ဘုရားများ
၁၀။ ယေဟောဝါသည် လူမျိုးများနှင့် သူတို့၏ ဘုရားများကို မည်သို့ စိန်ခေါ်ထားသနည်း။
၁၀ ယခု ယေဟောဝါသည် ဣသရေလလူမျိုးအား လွတ်မြောက်စေမည်ဟူသော ကတိတော်ကို စကြဝဠာ တရားရုံးအမှုတစ်ခုအတွက် အခြေခံထားကာ လူမျိုးတို့၏ ဘုရားများအား တရားဆိုင်စေသည်။ ကျွန်ုပ်တို့ ဖတ်ရသည်မှာ– “လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့ [၏ ဘုရားများ] တွင် အဘယ်သူသည် ဤအမှုကို ဖော်ပြမည်နည်း။ အရင် ဖြစ်လတ္တံ့သောအရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့ [သူတို့၏ ဘုရားများ] သည် အပြစ်တင်ခွင့်နှင့် လွတ်မည်အကြောင်း သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍ ‘ဤသို့ မှန်သည်’ ဟု ဝန်ခံကြစေ။” (ဟေရှာယ ၄၃:၉) ယေဟောဝါသည် ကမ္ဘာပေါ်ရှိ လူမျိုးများရှေ့ ခက်ခဲသော စိန်ခေါ်ချက်တစ်ရပ်ကို ထုတ်ဆင့်တော်မူ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ကိုယ်တော် ဤသို့ ဆိုခြင်း ဖြစ်၏– ‘သင်တို့ဘုရားများသည် အနာဂတ်ကို တိကျမှန်ကန်စွာ ကြိုဟောခြင်းဖြင့် မိမိတို့သည် ဘုရား ဖြစ်ကြောင်း သက်သေပြကြပါစေ။’ စစ်မှန်သောဘုရား တစ်ပါးတည်းသာ အမှားမပါဘဲ ပရောဖက်ပြုနိုင်သောကြောင့် ဤစမ်းသပ်မှုက သူတို့အားလုံးသည် ဘုရားတုများ ဖြစ်ကြောင်း ပေါ်သွားမည်။ (ဟေရှာယ ၄၈:၅) သို့သော် အနန္တတန်ခိုးရှင်သည် နောက်ထပ် တရားရေး ပြဋ္ဌာန်းထားချက်ကို ထုတ်ဆင့်တော်မူ၏– စစ်မှန်သောဘုရား ဖြစ်သည်ဟု ဆိုကြသူအားလုံး သက်သေများ ရှိရမည်၊ အနာဂတ်ကို တင်ကူးဟောကြားမှုအတွက်သာမက ယင်းတို့၏ ပြည့်စုံမှုအတွက်ပါ သက်သေ ရှိရမည်။ ယေဟောဝါသည် ဤတရားရေး တောင်းဆိုချက်အောက်မှ မိမိကိုယ်ကို ဖယ်ထုတ်မထားခြင်းမှာ သဘာဝကျပါသည်။
၁၁။ ယေဟောဝါသည် မိမိ၏ ကျေးကျွန်များကို အဘယ် တာဝန်ပေးသနည်း၊ ယေဟောဝါသည် ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို မည်သို့ ဖော်ပြသနည်း။
၁၁ တန်ခိုးမရှိသည့် မှောက်မှားသော ဘုရားများတွင် သက်သေများ မရှိဘဲ ဖြစ်နေသည်။ ထို့ကြောင့် သက်သေရပ်သည့်နေရာ လစ်လပ်နေခြင်းမှာ ရှက်ဖွယ်ကောင်းလှသည်။ သို့သော် ယခု မိမိ၏ ဘုရားအဖြစ်တော်ကို ခိုင်မာစေရန် ယေဟောဝါ၏ အလှည့်ရောက်ပြီ။ မိမိလူများဆီသို့ ကြည့်လိုက်ပြီး ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင်တို့သည် ငါ့ကို သိမှတ်ယုံကြည်၍ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း ငါ၏ သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ် ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ် ဘုရားသခင်မျှ မရှိရာ။ ငါတစ်ပါးသည် ထာဝရဘုရား ဖြစ်၍ ငါမှတစ်ပါး ကယ်တင်သောသခင် မရှိ။ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသော ဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင် မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေ ဖြစ်ကြ၏။ နေ့ရက်ကာလ မဖြစ်မီ ငါသည် ဘုရား ဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်း။”—ဟေရှာယ ၄၃:၁၀-၁၃။
၁၂၊ ၁၃။ (က) ယေဟောဝါ၏ လူမျိုးတော်တွင် အဘယ် သက်သေများစွာကို တင်ပြစရာ ရှိသနည်း။ (ခ) ယေဟောဝါ၏ နာမတော်သည် မျက်မှောက်ခေတ်အချိန်တွင် မည်သို့ ကျော်စောထင်ရှားလာသနည်း။
၁၂ ယေဟောဝါ၏ စကားတော်ကို တုံ့ပြန်သည့်အနေနှင့် မကြာမီ သက်သေရပ်ရာ နေရာသည် ရွှင်လန်းဝမ်းမြောက်နေသော သက်သေ ပရိသတ်ကြီးနှင့် ပြည့်လျှံသွားသည်။ သူတို့၏ သက်သေထွက်ဆိုချက်သည် ရှင်းလင်းပြီး မချေပနိုင်ရာ ဖြစ်သည်။ ယောရှုကဲ့သို့ပင် သူတို့သည် ‘ယေဟောဝါ မိန့်တော်မူသမျှသည် အကုန်အစင် ပြည့်စုံတော်မူ၏။ မပြည့်စုံသည့်အရာ တစ်ခုမျှ မရှိ’ ဟု သက်သေထွက်ဆိုကြ၏။ (ယောရှု ၂၃:၁၄) ယုဒပြည်သူပြည်သားများ ပြည်နှင်ခံရခြင်းနှင့် ပြည်နှင်ခံရရာမှ အံ့ဖွယ်လွတ်မြောက်ခြင်းအကြောင်း တစ်သံတည်း ကြိုဟောခဲ့သော ဟေရှာယ၊ ယေရမိ၊ ယေဇကျေလနှင့် အခြားပရောဖက်များ၏ စကားများသည် ယေဟောဝါ၏ လူမျိုးတော်၏ နားတွင် ကြားနေရဆဲ ဖြစ်သည်။ (ယေရမိ ၂၅:၁၁၊ ၁၂) ယုဒလူမျိုးကို လွှတ်ပေးမည့်သူ ကုရုကို သူ မမွေးသေးမီ အချိန်ကပင် နာမည်ပေးထားခဲ့သည်တကား!—ဟေရှာယ ၄၄:၂၆–၄၅:၁။
၁၃ ဤသက်သေအထောက်အထား တောင်ပုံရာပုံကို ထောက်ရှုလျှင် ယေဟောဝါသည် စစ်မှန်သည့် တစ်ဆူတည်းသောဘုရား ဖြစ်မှုကို မည်သူ ငြင်းဆိုနိုင်သနည်း။ တိတ္ထိဘုရားများနှင့် မတူဘဲ ယေဟောဝါ တစ်ပါးတည်းသာ ဖန်ဆင်းခြင်း မခံခဲ့ရပါ၊ ကိုယ်တော် တစ်ပါးတည်းသာ စစ်မှန်သောဘုရား ဖြစ်တော်မူ၏။a သို့ဖြစ်၍ ယေဟောဝါ၏ နာမတော်ကို ခံယူထားသော လူမျိုးသည် ကိုယ်တော်၏ အံ့ဖွယ်လုပ်ဆောင်မှုများအကြောင်းကို အနာဂတ် မျိုးဆက်သစ်များနှင့် ကိုယ်တော်အကြောင်း သိလိုသူ အခြားသူများအား ပြန်ပြောပြရသည့် ထူးခြားပီတိဖြစ်ဖွယ် အခွင့်ထူးကို ရရှိထားကြသည်။ (ဆာလံ ၇၈:၅-၈) ထိုနည်းတူ ယေဟောဝါ၏ မျက်မှောက်ခေတ် သက်သေများသည် ယေဟောဝါ၏ နာမတော်ကို မြေကြီးတစ်ပြင်လုံးတွင် ကြေညာရသည့် အခွင့်ထူး ရရှိကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် ကျမ်းစာကျောင်းသားများသည် ယေဟောဝါဟူသော ဘုရားသခင့် နာမတော်၏ အဓိပ္ပာယ် နက်ရှိုင်းမှုကို ပို၍ သိရှိလာခဲ့သည်။ သို့နှင့် ၁၉၃၁၊ ဇူလိုင် ၂၆ တွင် ကိုလမ်ဘတ်စ်၊ အိုဟိုင်အို၌ ကျင်းပသော စည်းဝေးကြီး၌ အသင်းမ၏ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က “အမည်သစ်” ဟု ခေါင်းစဉ်တပ်ထားသော သန္နိဋ္ဌာန်ကို တင်ဆက်ခဲ့သည်။ “ကျွန်တော်တို့ကို ယေဟောဝါသက်သေများ ဆိုတဲ့အမည်နဲ့ သိကြဖို့နဲ့ အခေါ်ခံရဖို့ ဆန္ဒ ရှိကြပါတယ်” ဟူသည့် စကားကို စည်းဝေးကြီး တက်ရောက်သူများ ဝမ်းသာပီတိ ဖြစ်ခဲ့ကြပြီး “သဘောတူပါတယ်!” ဟူ၍ ကျယ်လောင်စွာ ဖြေဆိုခြင်းဖြင့် သန္နိဋ္ဌာန်ကို လက်ခံအတည်ပြုခဲ့ကြသည်။ ထိုအချိန်မှစ၍ ယေဟောဝါ၏ နာမတော်သည် ကမ္ဘာတစ်ခွင် ကျော်စောထင်ရှားခဲ့သည်။—ဆာလံ ၈၃:၁၈။
၁၄။ ယေဟောဝါသည် အဘယ်အရာနှင့်ပတ်သက်ပြီး ဣသရေလလူမျိုးအား သတိရစေသနည်း၊ ဤသတိပေးချက်သည် အဘယ်ကြောင့် အခန့်သင့် ဖြစ်သနည်း။
၁၄ ယေဟောဝါသည် မိမိ၏ နာမတော်အား တလေးတစား ခံယူထားသူများကို “မျက်ဆန်တော်ကဲ့သို့” ရှုမြင်ကာ ဂရုစိုက် စောင့်ရှောက်တော်မူ၏။ ယင်းသို့ စောင့်ရှောက်မည် ဖြစ်ကြောင်းကို ဣသရေလလူများအား အီဂျစ်ပြည်မှ ကယ်တင်ခဲ့ပုံနှင့် တောကန္တာရတစ်လျှောက် သူတို့အား လုံခြုံစွာ ဦးဆောင်ခဲ့ပုံတို့ကို ပြောပြခြင်းဖြင့် ကိုယ်တော် သူတို့အား သတိရစေတော်မူ၏။ (တရားဟောရာ ၃၂:၁၀၊ ၁၂) ထိုအချိန်၌ သူတို့အလယ်တွင် အခြားဘုရား မရှိခဲ့ပါ၊ သူတို့သည် အီဂျစ်ပြည်ရှိ ဘုရားအားလုံး လုံးလုံး နှိမ့်ချခံရခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။ မှန်ပါသည်၊ အီဂျစ်တို့၏ ဘုရားပရိသတ်တစ်ခုလုံးသည် အီဂျစ်ပြည်ကို မကယ်တင်နိုင်ခဲ့သကဲ့သို့ ဣသရေလလူမျိုး ထွက်ခွာသွားခြင်းကိုလည်း မတားဆီးနိုင်ခဲ့ပါ။ (ထွက်မြောက်ရာ ၁၂:၁၂) ထိုနည်းတူ မြို့တွင်း၌ပင် မှောက်မှားသော ဘုရားဗိမာန် အနည်းဆုံး ၅၀ ရှိသော တန်ခိုးကြီး ဗာဗုလုန်သည် အနန္တတန်ခိုးရှင်က မိမိ၏ လူများကို လွတ်မြောက်စေသည့်အခါ ဟန့်တားနိုင်မည် မဟုတ်ပါ။ ယေဟောဝါမှတစ်ပါး “ကယ်တင်သောသခင် မရှိ” သည်မှာ ရှင်းနေပါသည်။
စစ်မြင်းများ လဲစေပြီး ထောင်များကို ဖွင့်ထားကြ
၁၅။ ယေဟောဝါသည် ဗာဗုလုန်နှင့်ပတ်သက်၍ မည်သို့ ပရောဖက်ပြုသနည်း။
၁၅ “သင်တို့ကို ရွေးနုတ်သောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် သင်တို့အတွက် ဗာဗုလုန်မြို့သို့ စေလွှတ်၍ . . . [“အကျဉ်းထောင် ကန့်လန့်ကျင်တို့ကို ပြုတ်ကျစေကာ သင်္ဘောထဲရှိ ခါလဒဲလူတို့ကို ညည်းညူအော်ဟစ်နေစေမည်၊” ကဘ] ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ ရှင်ဘုရင် ဖြစ်၏။ ပြင်းထန်သော ပင်လယ်ရေ [“ပင်လယ်နှင့် ပြင်းထန်သောရေ၊” ကဘ] ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲ အလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တစ်ပြိုင်နက်တည်း အိပ်စေ၍ မီးစာသေသကဲ့သို့ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်။”—ဟေရှာယ ၄၃:၁၄-၁၇။
၁၆။ ဗာဗုလုန်၊ ခါလဒဲကုန်သည်များနှင့် ဗာဗုလုန်မြို့အတွက် ခုခံကာကွယ်သူ မည်သူမဆိုသည် မည်သို့ ဖြစ်မည်နည်း။
၁၆ ဗာဗုလုန်မြို့သည် ပြည်နှင်ခံရသူများအတွက် ယေရုရှလင်မြို့သို့ ပြန်ရန် တားဆီးထားသော အကျဉ်းထောင်တစ်ခုနှင့် တူသည်။ သို့သော် ဗာဗုလုန်မြို့၏ အကာအကွယ်များသည် အနန္တတန်ခိုးရှင်၊ အစောပိုင်းအချိန်က “ပင်လယ် [ပင်လယ်နီ] နှင့်” ယော်ဒန်မြစ်ရေများ ဖြစ်နိုင်သည့် “ပြင်းထန်သောရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော” အရှင်အတွက် အဟန့်အတား မဖြစ်ပါ။ (ထွက်မြောက်ရာ ၁၄:၁၆; ယောရှု ၃:၁၃) ထိုနည်းတူပင်၊ ယေဟောဝါ၏ ကိုယ်စားလှယ် ကုရုသည် မိမိ၏ စစ်သားများ မြို့တွင်းသို့ ဝင်နိုင်ရန် အားကြီးသော ဥဖရတ်မြစ်ရေကို လျော့ကျသွားစေမည်။ ဗာဗုလုန်မြို့၏ တူးမြောင်းများ—ထောင်နှင့်ချီသော ကုန်သည် လှေသမ္ဗန်များနှင့် ဗာဗုလုန် နတ်ဘုရားများကို သယ်ဆောင်သည့် ကုန်တင် သမ္ဗန်ကြီးများ သွားလာသည့် ရေကြောင်းလမ်းများ—တွင် လှော်ခတ်သွားလာနေကြသော ခါလဒဲ ကုန်သည်များသည် သူတို့၏ အင်အားကြီး မြို့တော် ကျဆုံးသည့်အခါ ဝမ်းနည်းညည်းတွားကြမည်။ ပင်လယ်နီတွင် ဖာရော၏ စစ်မြင်းရထားများကဲ့သို့ပင် ဗာဗုလုန်၏ လျင်မြန်သော စစ်မြင်းရထားများသည် ခိုကိုးရာမဲ့ ဖြစ်မည်။ ၎င်းတို့သည် ထိုမြို့ကို မကယ်တင်နိုင်ပါ။ ဆီမီးခွက်တစ်ခုမှ ဝါကြန့်ကြန့်မီးကို လွယ်လွယ်နှင့် ငြိမ်းသတ်လိုက်သကဲ့သို့ ချင်းနင်းဝင်ရောက်သူသည် ပြန်လည်ခုခံမည့် မည်သူ့ကိုမဆို ရှင်းပစ်မည်။
ယေဟောဝါသည် မိမိလူမျိုးတော်ကို နေရင်းသို့ ဘေးကင်းစွာ ပို့ဆောင်တော်မူ၏
၁၇၊ ၁၈။ (က) ယေဟောဝါသည် အဘယ်အမှု “သစ်” အကြောင်း ပရောဖက်ပြုသနည်း။ (ခ) လူမျိုးတော်သည် ယခင် အဖြစ်အပျက်များကို မည်သည့်နည်းဖြင့် မအောက်မေ့ကြရန် ဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။
၁၇ ယေဟောဝါသည် လွတ်မြောက်ခြင်းဆိုင်ရာ အစောပိုင်း လုပ်ဆောင်ချက်နှင့် ယခု လုပ်ဆောင်တော့မည့်အရာတို့ကို နှိုင်းယှဉ်ကာ ဤသို့ မိန့်တော်မူ၏– “ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏ အရာတို့ကို ပမာဏ မပြုကြနှင့်။ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။ မြေခွေးနှင့် ကုလားအုတ်ငှက်မှစ၍ တောသားရဲတို့သည် ငါ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား ငါရွေးကောက်သောသူ၊ ငါ၏ လူတို့ သောက်စရာဖို့ တော၌ ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်ရေတို့ကိုလည်းကောင်း ငါပေးမည်။ ကိုယ်အဖို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။”—ဟေရှာယ ၄၃:၁၈-၂၁။
၁၈ “ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်” ဟု ဆိုရာတွင် မိမိကျေးကျွန်များသည် ကယ်တင်ခြင်းဆိုင်ရာ အတိတ်က ကိုယ်တော့် လုပ်ဆောင်ချက်များကို မေ့ပစ်ရန် ယေဟောဝါ မိန့်တော်မူခြင်း မဟုတ်ပါ။ အမှန်မှာ၊ ထိုလုပ်ဆောင်ချက် များစွာသည် ဣသရေလတို့၏ ဘုရားသခင် မှုတ်သွင်းသော သမိုင်းမှတ်တမ်းအဝင် ဖြစ်နေပြီး နှစ်စဉ် ပသခါပွဲ ကျင်းပချိန်တွင် အီဂျစ်ပြည်မှ လွတ်မြောက်ခြင်းကို ပြန်လည်အမှတ်ရရန် ယေဟောဝါ မိန့်တော်မူခဲ့သည်။ (ဝတ်ပြုရာ ၂၃:၅; တရားဟောရာ ၁၆:၁-၄) သို့ရာတွင် ယခု ယေဟောဝါသည် “အမှုသစ်” ဖြစ်သည့် သူတို့ကိုယ်တိုင် တွေ့ကြုံရမည့် အရာကို အခြေခံ၍ ကိုယ်တော့် ဂုဏ်ကျေးဇူးကို ချီးမွမ်းစေလိုတော်မူ၏။ ဤအမှုသစ်တွင် ဗာဗုလုန်မှ လွတ်မြောက်ခြင်းမျှသာမကပါ၊ ပို၍ တိုက်ရိုက်ကျသော သဲကန္တာရခရီး ဖြစ်နိုင်သည့် အံ့ဖွယ် အိမ်ပြန်ခရီးလည်း ပါဝင်သည်။ ယေဟောဝါသည် ထိုလွင်တီးခေါင်ဒေသတွင် သူတို့အတွက် “လမ်း” ပြင်ဆင်ပေးမည် ဖြစ်ပြီး မောရှေခေတ်က ဣသရေလလူမျိုးအတွက် ကိုယ်တော် ပြုလုပ်ခဲ့ရာကို ပြန်အမှတ်ရစေသည့် အံ့ဖွယ်အမှုများကို လုပ်ဆောင်တော်မူမည်—အမှန်ပင်၊ ကိုယ်တော်သည် ပြည်တော်ပြန်များကို ကန္တာရတွင် အစားအသောက် ကျွေးမွေးကာ ပကတိမြစ်ရေဖြင့် သူတို့ကို ရေငတ်ပြေစေမည်။ ထို့ကြောင့် သားရိုင်းတိရစ္ဆာန်များပင်လျှင် ဘုရားသခင် ဂုဏ်ကျေးဇူးကို ချီးမွမ်းပြီး လူများကို တိုက်ခိုက်ခြင်း မပြုရန် ယေဟောဝါ ပြင်ဆင်မှုများစွာ ပြုလုပ်တော်မူမည်။
၁၉။ ဝိညာဏ ဣသရေလ အကြွင်းအကျန်နှင့် သူတို့၏ အပေါင်းပါတို့သည် “သန့်ရှင်းရာလမ်း” ပေါ်တွင် မည်သို့ လျှောက်ကြသနည်း။
၁၉ ထိုနည်းတူ၊ ၁၉၁၉ တွင် ဝိညာဏ ဣသရေလ အကြွင်းအကျန်သည် ဗာဗုလုန် သုံ့ပန်းဘဝမှ လွတ်မြောက်လာခဲ့ပြီး သူတို့အတွက် ယေဟောဝါ ပြင်ဆင်ပေးခဲ့သော လမ်း “သန့်ရှင်းရာလမ်း” ဖြင့် စတင် ထွက်ခွာလာကြသည်။ (ဟေရှာယ ၃၅:၈) ဣသရေလလူများနှင့် မတူဘဲ သူတို့သည် ပူပြင်းခြောက်သွေ့သော ပထဝီဝင် မြေမျက်နှာသွင်ပြင်တစ်ခုမှ နောက်တစ်နေရာသို့ ရွှေ့ပြောင်းရန် မလိုခဲ့ပါ၊ သူတို့၏ ခရီးသည် လအနည်းငယ် ကြာပြီးနောက် ယေရုရှလင်မြို့သို့ ရောက်ရှိခြင်းဖြင့် အဆုံးမသတ်ခဲ့ပါ။ သို့ရာတွင် “သန့်ရှင်းရာလမ်း” သည် ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်ကို ဝိညာဏ ပရဒိသုသို့ ပို့ဆောင်ပေးခဲ့သည်။ သူတို့၏ ကိစ္စတွင် သူတို့သည် ဤအစီအစဉ်စနစ်တစ်လျှောက်လုံး ခရီးဆက်ရမည် ဖြစ်သောကြောင့် ထို “သန့်ရှင်းရာလမ်း” ပေါ်တွင် ဆက်ရှိနေကြသည်။ ဤလမ်းမကြီးပေါ်တွင် ရှိနေသမျှ ကာလပတ်လုံး—ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော စံနှုန်းများကို လိုက်လျှောက်နေသမျှ ကာလပတ်လုံး—သူတို့သည် ဝိညာဏ ပရဒိသုတွင် ရှိနေကြသည်။ ထို့ပြင် “ဣသရေလ မဟုတ်” သော လူအုပ်ကြီးအပေါင်းပါ သူတို့နှင့် ပူးပေါင်းခြင်းသည် အလွန် ရွှင်လန်းဝမ်းမြောက်စရာပင်! စာတန့်အစီအစဉ်စနစ်ကို အားကိုးသူများနှင့် အလွန် ခြားနားလျက် အကြွင်းအကျန်နှင့် သူတို့၏ အပေါင်းပါသည် ယေဟောဝါ၏ လက်တော်မှ ကြွယ်ဝသော ဝိညာဏ စားပွဲကြီး၌ ဆက်စံစားနေကြသည်။ (ဟေရှာယ ၂၅:၆; ၆၅:၁၃၊ ၁၄) မိမိလူမျိုးအပေါ် ယေဟောဝါ၏ ကောင်းချီးကို သိမြင်ကြသောကြောင့် တိရစ္ဆာန် သဘောရှိသူ များစွာသည် သူတို့၏ လမ်းစဉ်ကို ပြောင်းလဲခဲ့ကြပြီး စစ်မှန်သော ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းခဲ့ကြသည်။—ဟေရှာယ ၁၁:၆-၉။
ယေဟောဝါသည် မိမိ၏ နာကြည်းမှုကို ဖော်ပြ
၂၀။ ဟေရှာယခေတ်ရှိ ဣသရေလလူမျိုးသည် ယေဟောဝါအပေါ် မည်သို့ တာဝန်ပျက်ကွက်ခဲ့ကြသနည်း။
၂၀ ရှေးခေတ်တွင် ပြန်လည်တည်ထောင်သော ဣသရေလ အကြွင်းအကျန်သည် ဟေရှာယခေတ်ရှိ ဆိုးသွမ်းသော လူမျိုးဆက်နှင့် နှိုင်းယှဉ်ကြည့်လျှင် တခြားစီ ဖြစ်သည်။ ဟေရှာယခေတ် လူမျိုးဆက်နှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “အိုယာကုပ်အမျိုး သင်သည် ငါ့ကို ပတ္ထနာမပြု။ အိုဣသရေလအမျိုး သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ သင်သည် မွှေးသော ကြံကို ငါ့ဖို့ ငွေနှင့် မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကို ပြု၍ ငါ့ကို ပင်ပန်းစေပြီတကား။”—ဟေရှာယ ၄၃:၂၂-၂၄။
၂၁၊ ၂၂။ (က) ယေဟောဝါ၏ တောင်းဆိုချက်များသည် ဝန်ထုပ် မဟုတ်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ (ခ) လူများသည် မိမိတို့အမှုကို ယေဟောဝါအား မည်သို့ ဆောင်ရွက်စေကြသနည်း။
၂၁ “ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ၊ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ” ဟု ယေဟောဝါ မိန့်တော်မူရာတွင် ယဇ်ပူဇော်သကာနှင့် လောဗန် (ဝတ်ပြုရေးတွင် အသုံးပြုသော နံ့သာတစ်မျိုး) ကို မတောင်းဆိုဟု မိန့်တော်မူခြင်း မဟုတ်ပါ။ အမှန်မှာ၊ ယင်းတို့သည် ပညတ်ပဋိညာဉ်အောက်ရှိ စစ်မှန်သော ဝတ်ပြုရေးတွင် အရေးပါသောအရာများ ဖြစ်သည်။ သန့်ရှင်းသော ဘိသိက်ဆီတွင် အမွှေးအကြိုင်အဖြစ် ထည့်သည့် ရနံ့သင်းသော ကြိမ်ပင်မျိုးကို ရည်ညွှန်းခြင်း ဖြစ်သော “ကြံ” သည်လည်း ထိုနည်းတူ အရေးပါသည်။ ဣသရေလလူမျိုးများသည် ယင်းတို့ကို ဗိမာန်တော်၌ ဝတ်ပြုမှုတွင် အသုံးမပြုဘဲ နေခဲ့ကြသည်။ သို့သော် ထိုတောင်းဆိုချက်များသည် ဝန်ထုပ်လော။ မဟုတ်ပါ! မှောက်မှားသော ဘုရားများ၏ တောင်းဆိုချက်နှင့် နှိုင်းယှဉ်လျှင် ယေဟောဝါ၏ တောင်းဆိုချက်များသည် လွယ်ကူသောအရာများ ဖြစ်သည်။ ဥပမာ၊ မှောက်မှားသောဘုရား မောလုတ်သည် ကလေးကို ပူဇော်ရန် တောင်းဆိုသည်—ယေဟောဝါသည် ထိုကဲ့သို့သောအရာကို တစ်ခါမျှ မတောင်းဆိုခဲ့ပါ!—တရားဟောရာ ၃၀:၁၁; မိက္ခာ ၆:၃၊ ၄၊ ၈။
၂၂ ဣသရေလလူမျိုးတွင် ဝိညာဏ သိမြင်နားလည်နိုင်စွမ်းသာ ရှိခဲ့မည်ဆိုလျှင် သူတို့သည် ဘယ်တော့မျှ ‘ယေဟောဝါကို စိတ်ပန်း’ စရာ ဖြစ်စေမည် မဟုတ်ပါ။ ကိုယ်တော့် ပညတ်တော်များကို ပြန်ကြည့်လျှင် သူတို့အပေါ် ထားသည့် ကိုယ်တော်၏ နက်ရှိုင်းသော မေတ္တာကို တွေ့မြင်ကာ သူတို့၏ ယဇ်ပူဇော်သကာတွင် အကောင်းဆုံးအပိုင်း ဖြစ်သော “ဆီဥ” ကို ကိုယ်တော်အား ဝမ်းမြောက်စွာ ပူဇော်ကြမည် ဖြစ်သည်။ ယင်းအစား သူတို့သည် ဆီဥကို မိမိတို့အတွက် လောဘကြီးစွာ ဖယ်ထားကြသည်။ (ဝတ်ပြုရာ ၃:၉-၁၁၊ ၁၆) ဤဆိုးသွမ်းသော လူမျိုးသည် သူတို့၏ အပြစ်ဝန်ထုပ်ဖြင့် ယေဟောဝါကို ဝန်လေးစေကြသည်—အမှန်ပင်၊ သူတို့၏ အမှုကို ကိုယ်တော်အား ဆောင်ရွက်စေကြသည်!—နေဟမိ ၉:၂၈-၃၀။
ဆုံးမခြင်းက အကျိုးရ
၂၃။ (က) ယေဟောဝါ ဆုံးမဒဏ်ပေးခြင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။ (ခ) ဣသရေလလူမျိုးအား ဘုရားသခင် ဆုံးမဒဏ်ပေးခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။
၂၃ ပြင်းထန်သော်လည်း ထိုသို့ပင် ခံထိုက်သည့် ယေဟောဝါ၏ ဆုံးမမှုသည် အလိုတော်ရှိသော ရလဒ်များကို ပေါ်ထွက်စေရာ ကရုဏာ သက်စရာ ဖြစ်စေသည်။ “ငါကိုယ်တိုင်သာလျှင် ကိုယ့်အတွက်ကြောင့် သင်၏ လွန်ကျူးမှုများကို ဖြေဖျောက်၍ သင်၏ ဒုစရိုက်မှုများကို သတိမရ၊ မအောက်မေ့သောအရှင် ဖြစ်၏။ ငါ့ကို သတိရစေလော့။ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း လျှောက်လဲလော့။ သင်၏ ပထမအဘသည် ဒုစရိုက်ကို ပြု၍ သင်၏ ပရောဖက်တို့ [“အနက်အဓိပ္ပာယ်ပြန်သောသူတို့၊” ကဘ၊ အောက်ခြေမှတ်ချက်] သည် ငါ့ကို လွန်ကျူးပြစ်မှားကြပြီ။ သင်၏ မင်းတို့သည် ငါ့သန့်ရှင်းရာဌာနကို ရှုတ်ချကြပြီ။ ထိုကြောင့် ယာကုပ်အမျိုးသည် ရှင်းရှင်း ဖျက်ဆီးခြင်းကိုလည်းကောင်း၊ ဣသရေလအနွယ်သည် ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်းကောင်း ခံစေခြင်းငှာ ငါအပ်လိုက်ခဲ့ပြီ။” (ဟေရှာယ ၄၃:၂၅-၂၈) ကမ္ဘာပေါ်ရှိ လူမျိုးအားလုံးနည်းတူ ဣသရေလလူမျိုးသည် “ပထမအဘ” အာဒံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဣသရေလလူမျိုးသည် “အပြစ်လွတ်” ကြောင်း သက်သေမပြနိုင်ပါ။ ဣသရေလလူမျိုး၏ “ပရောဖက်တို့”—ပညတ်တရား သွန်သင်သူများ၊ သို့မဟုတ် အနက်ပြန်ပေးသူများ—ပင်လျှင် ယေဟောဝါကို ပြစ်မှားပြီး မှောက်မှားသောအရာများကို သင်ပေးခဲ့ကြသည်။ သို့ဖြစ်၍ ယေဟောဝါသည် လူမျိုးတစ်မျိုးလုံးကို “ဖျက်ဆီး” ပြီး “ကဲ့ရဲ့ပြစ်တင်ခြင်း” ကို ခံစေမည် ဖြစ်သည်။ ကိုယ်တော်သည် “သန့်ရှင်းရာဌာန” တွင် အမှုဆောင်နေသူအားလုံးကို ရှုတ်ချတော်မူမည်။
၂၄။ ရှေးခေတ်နှင့် မျက်မှောက်ခေတ် နှစ်ခုစလုံးတွင် မိမိလူမျိုးကို ယေဟောဝါ ခွင့်လွှတ်ခြင်းသည် အဘယ် အကြောင်းရင်းကြောင့် ဖြစ်သနည်း၊ သို့တိုင် သူတို့အပေါ် ယေဟောဝါ မည်သို့ ခံစားချက် ရှိသနည်း။
၂၄ သို့သော် ဘုရားသခင် ကရုဏာပြခြင်းသည် ဣသရေလလူမျိုး၏ နောင်တရမှုကြောင့်သာမကဘဲ၊ ယေဟောဝါကိုယ်တိုင်၏ အကျိုးအတွက်ကြောင့်ပါ ဖြစ်ကြောင်း မှတ်သားပါ။ မှန်ပါသည်၊ ကိုယ်တော်၏ နာမတော် ပါဝင်ပတ်သက်နေသည်။ ဣသရေလလူမျိုးကို ထာဝရ ပြည်နှင်ဒဏ်ပေး၍ စွန့်ပစ်လိုက်မည်ဆိုလျှင် ဘေးမှ ကြည့်နေသူများသည် ကိုယ်တော်၏ နာမတော်ကို ကဲ့ရဲ့ရှုတ်ချကြပေမည်။ (ဆာလံ ၇၉:၉; ယေဇကျေလ ၂၀:၈-၁၀) ယနေ့လည်း ထိုနည်းတူပင်၊ လူသားများကို ကယ်တင်ခြင်းသည် ယေဟောဝါ၏ နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်၏ အချုပ်အခြာအာဏာ ထင်ရှားစေခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ဒုတိယနေရာတွင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကိုယ်တော်၏ ဆုံးမမှုကို ခြွင်းချက်မရှိ လက်ခံသူနှင့် ကိုယ်တော့်ကို နာမ်ဝိညာဉ်၊ သမ္မာတရားနှင့် ကိုးကွယ်သူတို့ကို ယေဟောဝါ ချစ်မြတ်နိုးတော်မူ၏။ ဘိသိက်ခံဖြစ်စေ၊ အခြားသိုးဖြစ်ပါစေ ထိုသူတို့ကို ကိုယ်တော် ချစ်မြတ်နိုးကြောင်း ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သကာပေါ် အခြေခံ၍ သူတို့၏ အပြစ်များကို ဖြေလွှတ်ပေးခြင်းအားဖြင့် တင်ပြတော်မူ၏။—ယောဟန် ၃:၁၆; ၄:၂၃၊ ၂၄။
၂၅။ မဝေးတော့သော အနာဂတ်တွင် ယေဟောဝါသည် အဘယ် စိုးရွံ့ထိတ်လန့်ဖွယ် အမှုများကို ပြုတော်မူမည်နည်း၊ ယခုအချိန်တွင် ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်မှုကို မည်သို့ ပြသနိုင်သနည်း။
၂၅ ထို့ပြင် ယေဟောဝါသည် မကြာမီ မိမိအပေါ် သစ္စာစောင့်သိသော ကိုးကွယ်သူများ ဖြစ်သည့် လူအုပ်ကြီးကို ချစ်မြတ်နိုးကြောင်း တင်ပြတော်မူမည်၊ သူတို့ကို “ကြီးစွာသော ဆင်းရဲဒုက္ခ” တစ်လျှောက် ကယ်တင်တော်မူပြီး သန့်စင်ပြီး ဖြစ်သည့် “မြေကြီးသစ်” ထဲသို့ ပို့ဆောင်ခြင်းဖြင့် သူတို့၏ အကျိုးအတွက် အမှုသစ်ကို ပြုတော်မူသောအချိန်တွင် ဖြစ်သည်။ (ဗျာဒိတ် ၇:၁၄; ၂ ပေတရု ၃:၁၃) သူတို့သည် လူသားများ တွေ့ဖူးသမျှတွင် စိုးရွံ့ထိတ်လန့်ဖွယ် အကောင်းဆုံး ယေဟောဝါ၏ တန်ခိုးတော် ထင်ရှားပြသခြင်းကို တွေ့မြင်ရကြမည်။ ထိုအဖြစ်အပျက်ဆိုင်ရာ သေချာသော မျှော်လင့်ချက်သည် ဘိသိက်ခံ အကြွင်းအကျန်နှင့် လူအုပ်ကြီးအဝင် အားလုံးကို ရွှင်လန်းဝမ်းမြောက်စေပြီး ‘သင်တို့သည် ငါ၏ သက်သေ ဖြစ်ကြ၏’ ဟူသော မြင့်မြတ်သည့် တာဝန်နှင့်အညီ နေ့စဉ် အသက်ရှင်နေထိုင်စေသည်။—ဟေရှာယ ၄၃:၁၀။
[အောက်ခြေမှတ်ချက်]
a လူမျိုးများ၏ ဒဏ္ဍာရီပေါင်းချုပ်တွင် ပါသော ဘုရားများသည် “မွေးဖွား” လာသူများ ဖြစ်ပြီး “သားသမီး” များ ရှိကြသည်။