အခန်း ခုနစ်
သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
၁၊ ၂။ ငါ “ချစ်ရာသခင်” သည် အဘယ်အရာကို စိုက်ပျိုးသနည်း၊ သို့သော် ယင်းသည် မည်သို့ စိတ်ပျက်စရာ ဖြစ်သနည်း။
“ထိရောက်သော ပြောဆိုဆက်သွယ်မှု၌ သိမ်မွေ့လှပသော အသုံးအနှုန်းနှင့် ပြောင်မြောက်မှုအတွက် ဤထက် ကောင်းသည့် ဥပမာ မရှိပေ။” ကျမ်းစာအနက်ဖွင့်သူတစ်ဦးက ဟေရှာယ အခန်းကြီး ၅ ၏ အဖွင့်အခန်းငယ်များကို ရည်ညွှန်းကာ ထိုသို့ ပြောခဲ့သည်။ ဟေရှာယ၏ စကားများသည် လက်ရာမြောက်ရုံသာမကဘဲ မိမိလူမျိုးအပေါ် ယေဟောဝါ၏ မေတ္တာပါ စောင့်ရှောက်မှု သရုပ်သကန်ကို ကွင်းကွင်းကွက်ကွက် ပေါ်အောင် ခြယ်မှုန်းပေးထားသည်။ တစ်ချိန်တည်းတွင် ထိုစကားလုံးများက ကိုယ်တော် မနှစ်သက်သည့်အရာများကို ရှောင်ရန် ကျွန်ုပ်တို့အား သတိပေး၏။
၂ ဟေရှာယ၏ ပုံဆောင်စကားကို ဤသို့ အစပြုထား၏– “ငါချစ်မြတ်နိုးရာသခင်၏ စပျစ်ဥယျာဉ်ကို အကြင်းပြု၍ မေတ္တာသီချင်းကို ရှေ့တော်၌ ဆိုပါရစေ။ မြေသြဇာကောင်းသော တောင်စောင်းမှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တစ်ခု ရှိ၏။ မြေကို တူး၍ ကျောက်ခဲတို့ကို ဖယ်ပြီးမှ စပျစ်နီမျိုးသန့်ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်အလယ်၌ မျှော်စင်ကိုလည်း ဆောက်၍ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကိုသီးမည်ဟု မျှော်လင့်သည် ရှိသော် စပျစ်သီးရိုင်းကို သီးပါသည်တကား။”—ဟေရှာယ ၅:၁၊ ၂၊ ကဘ; မာကု ၁၂:၁ နှိုင်းယှဉ်။
စပျစ်ဥယျာဉ်ကို ပြုစုခြင်း
၃၊ ၄။ စပျစ်ဥယျာဉ်ကို အဘယ် မေတ္တာပါ ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ရသနည်း။
၃ ဟေရှာယသည် ဤဥပမာကို သီချင်းကဲ့သို့ ဆိုသည်ဖြစ်စေ၊ မဆိုသည်ဖြစ်စေ နားထောင်သူ ပရိသတ်၏ အာရုံကို ဖမ်းစားခဲ့မည်မှာ အမှန်ပင်။ အများစုသည် စပျစ်ဥယျာဉ် စိုက်ပျိုးခြင်းအလုပ်နှင့် ရင်းနှီးကျွမ်းဝင်ကြပုံ ရှိရာ ဟေရှာယ၏ ဖော်ပြချက်သည် ကွက်ကွက်ကွင်းကွင်း မြင်သာစေသည်။ ယနေ့ စပျစ်စိုက်ပျိုးသူများကဲ့သို့ပင် စပျစ်ဥယျာဉ်ပိုင်ရှင်သည် စပျစ်သီးအစေ့ကို မစိုက်ပျိုးဘဲ “မျိုးသန့်” သို့မဟုတ် တန်ဖိုးကြီး “စပျစ်နီ”—ကိုင်းကူး သို့မဟုတ် အခြားစပျစ်ပင်၏ အတက်ကို စိုက်ပျိုးသည်။ သင့်လျော်စွာပင် ဤစပျစ်ဥယျာဉ်ကို သီးအားကောင်းမည့် “မြေသြဇာကောင်းသော တောင်စောင်း” တွင် စိုက်ပျိုးလေသည်။
၄ ဖြစ်ထွန်းသော စပျစ်ဥယျာဉ်တစ်ခြံ ဖြစ်လာရန် အတော်ပင် ကြိုးစားအားထုတ်ရသည်။ ဟေရှာယက ပိုင်ရှင်သည် “မြေကို တူး၍ ကျောက်ခဲတို့ကို ဖယ်” သည်ဟု ဖော်ပြထားသည်—ပင်ပန်း၍ အားကုန်သော အလုပ် ဖြစ်၏! သူသည် “မျှော်စင်ကိုလည်း ဆောက်” ရန် ကျောက်တုံးကြီးများကို အသုံးပြုခြင်း ဖြစ်နိုင်သည်။ ရှေးအချိန်က ထိုကဲ့သို့သော မျှော်စင်များသည် ကောက်ပဲသီးနှံများကို ခိုးယူဖျက်ဆီးမည့် သူခိုးများနှင့် တိရစ္ဆာန်များကို စောင့်ကြပ်သော အစောင့်များ နေစရာ ဖြစ်သည်။a ထို့အပြင် သူသည် စပျစ်ဥယျာဉ်ကို ကာရန် အုတ်ရိုးကိုလည်း တည်ဆောက်သည်။ (ဟေရှာယ ၅:၅) အပေါ်ယံ မြေဆီလွှာ တိုက်စားမခံရစေရန် ၎င်းကို တည်ဆောက်လေ့ရှိကြသည်။
၅။ ပိုင်ရှင်သည် မိမိ၏ စပျစ်ဥယျာဉ်မှ အဘယ်အရာကို သင့်တော်စွာ မျှော်လင့်သနည်း၊ သို့သော် အဘယ်အရာကို သူရရှိသနည်း။
၅ ပိုင်ရှင်သည် မိမိ၏ စပျစ်ဥယျာဉ်ကို ကာကွယ်ရန် ဤမျှ ကြိုးစားအားထုတ်ထားပြီ ဖြစ်ရာ အသီးသီးမည်ဟု မျှော်လင့်ခြင်းသည် သဘာဝကျပါသည်။ ယင်းကို မျှော်လင့်၍လည်း စပျစ်သီးနယ်ရာ ကျင်းကိုပင် တည်ဆောက်ထားပြီ။ သို့သော် မျှော်လင့်သည်အတိုင်း ရိတ်သိမ်းရပါသလော။ မရိတ်သိမ်းရပါ၊ စပျစ်ဥယျာဉ်သည် စပျစ်သီး အရိုင်းများကို သီးသောကြောင့် ဖြစ်သည်။
စပျစ်ဥယျာဉ်နှင့် ၎င်း၏ ပိုင်ရှင်
၆၊ ၇။ (က) စပျစ်ဥယျာဉ်ပိုင်ရှင်ကား မည်သူ ဖြစ်ပြီး စပျစ်ဥယျာဉ်ကား အဘယ်အရာ ဖြစ်သနည်း။ (ခ) ဥယျာဉ်ပိုင်ရှင်သည် အဘယ်တရားစီရင်မှုကို တောင်းဆိုခဲ့သနည်း။
၆ ပိုင်ရှင်သည် မည်သူ ဖြစ်ပြီး စပျစ်ဥယျာဉ်ကား အဘယ်အရာ ဖြစ်သနည်း။ စပျစ်ဥယျာဉ်ပိုင်ရှင်က ထိုမေးခွန်း၏ အဖြေကို မိမိကိုယ်တိုင် ဤသို့မိန့်တော်မူ၏– “ယခုမှာ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ငါနှင့် စပျစ်ဥယျာဉ်အမှုကို ကျေးဇူးပြု၍ စီရင်ကြပါလော့။ ငါ့စပျစ်ဥယျာဉ်၌ ငါမပြုရသေးသည့် ပြုရဦးမည့်အရာ ရှိသေးသလော။ စပျစ်သီးကိုသီးမည်ဟု မျှော်လင့်သော်လည်း စပျစ်သီး အရိုင်းကို အဘယ်ကြောင့် သီးသနည်း။ ယခုပင် ငါ့စပျစ်ဥယျာဉ်၌ ငါပြုမည့်အမှုကို ကျေးဇူးပြု၍ သင်တို့အား ဖော်ပြပါရစေ။ ခြံစည်းရိုးကို ငါပယ်ရှင်းကာ လောင်ကျွမ်းရမည်။ အုတ်ရိုးကို ငါဖြိုသဖြင့် ကျော်နင်းခြင်း ခံရမည်။”—ဟေရှာယ ၅:၃-၅၊ ကဘ။
၇ မှန်ပါသည်၊ ယေဟောဝါသည် စပျစ်ဥယျာဉ်ပိုင်ရှင် ဖြစ်တော်မူပြီး ပုံဆောင်သဘောအရ တရားရုံးတစ်ခုတွင် မိမိနှင့် မိမိကို စိတ်ပျက်စေသော စပျစ်ဥယျာဉ်တို့၏ အမှုကို တရားစီရင်ပေးရန် တောင်းဆိုနေသူအလား မိမိကိုယ်ကို ဖော်ပြထားသည်။ သို့ဆိုလျှင် စပျစ်ဥယျာဉ်ကား အဘယ်အရာ ဖြစ်သနည်း။ ဥယျာဉ်ပိုင်ရှင် ဤသို့ ရှင်းပြ၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား ယုဒလူတည်း။”—ဟေရှာယ ၅:၇က။
၈။ ဟေရှာယက ယေဟောဝါကို “ငါချစ်ရာသခင်” ဟု ခေါ်ခြင်းသည် အဘယ်အရာကို တင်ပြသနည်း။
၈ ဟေရှာယက စပျစ်ဥယျာဉ်ပိုင်ရှင် ယေဟောဝါကို “ငါချစ်ရာသခင်” ဟု ခေါ်ထားသည်။ (ဟေရှာယ ၅:၁) ဟေရှာယသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသောကြောင့်သာ ထိုကဲ့သို့ ဆိုနိုင်ခြင်းဖြစ်သည်။ (ယောဘ ၂၉:၄; ဆာလံ ၂၅:၁၄ နှိုင်းယှဉ်။) သို့ရာတွင် ပရောဖက်၏ ဘုရားသခင်ကို ချစ်သော မေတ္တာသည် ကိုယ်တော်၏ “စပျစ်ဥယျာဉ်”—ကိုယ်တော် “စိုက်ပျိုး” ခဲ့သည့် လူမျိုး—အပေါ် ပြခဲ့သော ဘုရားသခင်၏ မေတ္တာကို မယှဉ်နိုင်ပါ။—ထွက်မြောက်ရာ ၁၅:၁၇; ဆာလံ ၈၀:၈၊ ၉ နှိုင်းယှဉ်။
၉။ ယေဟောဝါသည် မိမိ၏ လူမျိုးကို တန်ဖိုးရှိသော စပျစ်ဥယျာဉ်တစ်ခုအဖြစ် မည်သို့ ဆက်ဆံခဲ့သနည်း။
၉ ယေဟောဝါသည် မိမိ၏ လူမျိုးကို ခါနာန်ပြည်တွင် “စိုက်ပျိုး” ခဲ့ပြီး အခြားလူမျိုးများအားဖြင့် ယိုယွင်းဖောက်ပြန်ခြင်းမှ အကာအကွယ် ရရန် စည်းရိုးနှင့်တူသော ပညတ်တော်များနှင့် ဥပဒေများကို ပေးခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ဆာလံ ၁၄၇:၁၉၊ ၂၀; ဧဖက် ၂:၁၄) ထို့ပြင် သူတို့ကို သွန်သင်ပေးရန် တရားသူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များကိုလည်း ယေဟောဝါ ပေးခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၃; မာလခိ ၂:၇; တမန်တော် ၁၃:၂၀) ဣသရေလလူမျိုး စစ်ရေးခြိမ်းခြောက်ခြင်း ခံရသည့်အခါ ကယ်တင်ပေးမည့်သူများကို ယေဟောဝါ ပေါ်ထွန်းစေတော်မူခဲ့သည်။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) ဆင်ခြင်တုံတရားဖြင့် ယေဟောဝါ ဤသို့ မေး၏– “ငါ့စပျစ်ဥယျာဉ်၌ ငါမပြုရသေးသည့် ပြုရဦးမည့်အရာ ရှိသေးသလော။”
ယနေ့ ဘုရားသခင့် စပျစ်ဥယျာဉ်ကို ခွဲခြားသိမြင်ခြင်း
၁၀။ ယေရှုသည် စပျစ်ဥယျာဉ်တစ်ခုနှင့်ပတ်သက်၍ အဘယ် ပုံဥပမာကို မိန့်တော်မူခဲ့သနည်း။
၁၀ ယေရှုက လူသတ်မှု ကျူးလွန်သော ခြံလုပ်သားများ ပုံဥပမာကို ပြောခဲ့ချိန်၌ စိတ်ထဲတွင် ဟေရှာယ၏ စကားများ ရှိခဲ့ပေမည်– “အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကို ငှား၍ အခြားသော ပြည်သို့ သွားလေ၏။” ဝမ်းနည်းစရာမှာ ခြံလုပ်သားတို့သည် စပျစ်ဥယျာဉ်ပိုင်ရှင်ကို သစ္စာဖောက်ကာ ပိုင်ရှင့်သားကိုပင် သတ်ပစ်ကြသည်။ ဤဥပမာသည် ဇာတိဣသရေလလူမျိုးထက်မက ပါဝင်ပတ်သက်ကြောင်း ဤသို့ ဆက်တင်ပြ၏– “ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့ [ဇာတိဣသရေလလူမျိုး] မှ နုတ်၍ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအား ပေးရလတ္တံ့။”—မဿဲ ၂၁:၃၃-၄၁၊ ၄၃။
၁၁။ ပထမရာစုတွင် အဘယ် ဝိညာဏစပျစ်ဥယျာဉ် တည်ရှိခဲ့သနည်း၊ သို့သော် တမန်တော်များ သေဆုံးပြီးနောက်ပိုင်း အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။
၁၁ ထို “လူမျိုး” အသစ်မှာ “ဘုရားသခင်၏ ဣသရေလအမျိုး”—စုစုပေါင်း ၁၄၄,၀၀၀ ပါဝင်သော ဘိသိက်ခံ ခရစ်ယာန် ဝိညာဏလူမျိုး ဖြစ်ကြောင်း ထင်ရှားသည်။ (ဂလာတိ ၆:၁၆; ၁ ပေတရု ၂:၉၊ ၁၀; ဗျာဒိတ် ၇:၃၊ ၄) ယေရှုက မိမိသည် “မှန်သော စပျစ်နွယ်ပင်” ဖြစ်ပြီး ထိုတပည့်တော်များကို “အခက်များ” နှင့် ခိုင်းနှိုင်းခဲ့သည်။ ထိုအခက်များမှ အသီးသီးရန် မျှော်လင့်ခြင်းသည် သဘာဝကျပါသည်။ (ယောဟန် ၁၅:၁-၅) သူတို့သည် ခရစ်တော်ကဲ့သို့သော အရည်အသွေးများကို ထင်ရှားပြရမည် ဖြစ်ပြီး ‘နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်း’ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရမည်။ (မဿဲ ၂၄:၁၄; ဂလာတိ ၅:၂၂၊ ၂၃) သို့သော် တမန်တော် ဆယ့်နှစ်ပါး သေဆုံးချိန်မှစ၍ “မှန်သောစပျစ်နွယ်ပင်” ၏ အခက်များ ဖြစ်သည်ဟု ဆိုကြသူအများစုသည် အသီးကောင်း သီးမည့်အစား စပျစ်သီးရိုင်းများကို သီးခြင်းဖြင့် အတုအယောင်များ ဖြစ်ကြောင်း ထင်ရှားခဲ့သည်။—မဿဲ ၁၃:၂၄-၃၀၊ ၃၈၊ ၃၉။
၁၂။ ဟေရှာယ၏ စကားများသည် ခရစ်ယာန်ဘောင်ကို မည်သို့ ပြစ်တင်ရှုတ်ချသနည်း၊ ၎င်းသည် စစ်မှန်သော ခရစ်ယာန်များအတွက် အဘယ် သင်ခန်းစာဖြစ်သနည်း။
၁၂ ထို့ကြောင့် ဟေရှာယ ပြစ်တင်ရှုတ်ချခဲ့သော ယုဒလူမျိုးသည် ယနေ့အချိန်တွင် ခရစ်ယာန်ဘောင်နှင့် သက်ဆိုင်ပါသည်။ သမိုင်းကို လေ့လာကြည့်ပါက သူ့ကြောင့်ဖြစ်သော စစ်များ၊ ခရူးဆိတ်စစ်ပွဲများ၊ စုံစမ်းစစ်ဆေးမှု ခုံရုံးများက သူ၏ အသီးများသည် အလွန်ချဉ်ကြောင်း ဖော်ပြခဲ့ပြီ! သို့ဖြစ်စေကာမူ စစ်မှန်သော စပျစ်ဥယျာဉ် ဖြစ်သည့် ဘိသိက်ခံ ခရစ်ယာန်များနှင့် သူတို့၏ အပေါင်းပါ “လူအုပ်ကြီး” တို့သည် ဟေရှာယ၏ စကားများကို လိုက်လျှောက်ကြရမည်။ (ဗျာဒိတ် ၇:၉) သူတို့သည် စပျစ်ဥယျာဉ်ပိုင်ရှင်၏ နှစ်သက်လက်ခံမှု ရရန် တစ်ဦးစီအနေနှင့်ရော အုပ်စုလိုက်အနေနှင့်ပါ ကိုယ်တော် နှစ်သက်သော အသီးများကို သီးရမည် ဖြစ်သည်။
“စပျစ်သီး အရိုင်းများ”
၁၃။ မကောင်းသောအသီး သီးခြင်းကြောင့် မိမိ၏ စပျစ်ဥယျာဉ်ကို ယေဟောဝါ မည်သို့ ပြုတော်မူမည်နည်း။
၁၃ မိမိ၏ စပျစ်ဥယျာဉ်ကို အဆုံးစွန် ပြုစုပျိုးထောင်ထားခြင်းကြောင့် ယင်းကို ‘အမြှုပ်ထဝိုင်စပျစ်မျိုးဥယျာဉ်တစ်ခြံ’ ဖြစ်လာရန် ယေဟောဝါ တော်မှန်စွာ မျှော်လင့်တော်မူ၏! (ဟေရှာယ ၂၇:၂) သို့ရာတွင် အသုံးတည့်သောအသီး သီးမည့်အစား “စပျစ်သီးရိုင်း၊” ပကတိ စာသားအရ “အနံ့ဆိုးသော” သို့မဟုတ် “အပုပ်နံ့ထွက်သော အသီး” ကို သီးလေသည်။ (ဟေရှာယ ၅:၂၊ ကဘ၊ အောက်ခြေမှတ်ချက်; ယေရမိ ၂:၂၁) ထို့ကြောင့် လူမျိုးတော် ပတ်ပတ်လည်ရှိ မိမိ၏ အကာအကွယ် “ခြံစည်းရိုး” ကို ဖယ်ရှားပစ်မည်ဟု ယေဟောဝါ ကြေညာသည်။ လူမျိုးတော်ကို “ဖျက်ဆီး” ခံရသည့်အရာအဖြစ် ထားမည် ဖြစ်ကာ စွန့်ပစ်ခြင်းနှင့် မိုးခေါင်မှုဒဏ် ခံရမည် ဖြစ်သည်။ (ဟေရှာယ ၅:၆ ဖတ်။) ဘုရားသခင့် ပညတ်တော်ကို မနာခံပါက ထိုကဲ့သို့သော အခြေအနေများနှင့် တွေ့ကြုံရမည်ဟု မောရှေ သူတို့ကို သတိပေးခဲ့ပြီး ဖြစ်သည်။—တရားဟောရာ ၁၁:၁၇; ၂၈:၆၃၊ ၆၄; ၂၉:၂၂၊ ၂၃။
၁၄။ မိမိ၏ လူမျိုးတော်ထံမှ အဘယ်အသီးကို ယေဟောဝါ မျှော်လင့်တော်မူသနည်း၊ သို့သော် ယင်းအစား အဘယ်အရာ သီးသနည်း။
၁၄ ဘုရားသခင်သည် လူမျိုးတော်ထံမှ အသီးကောင်းများ သီးရန် မျှော်လင့်တော်မူ၏။ ဟေရှာယနှင့် တစ်ခေတ်တည်းသား ဖြစ်သော မိက္ခာက ဤသို့ ဖော်ပြ၏– “တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်နှင့်အတူ သွားလာရာ၌ ကျိုးနွံလျက် နေခြင်းမှတစ်ပါး အဘယ်အရာကိုယေဟောဝါ တောင်းတော်မူသနည်း။” (မိက္ခာ ၆:၈၊ ကဘ; ဇာခရိ ၇:၉) သို့ရာတွင် လူမျိုးတော်သည် ယေဟောဝါ၏ နှိုးဆော်သတိပေးချက်ကို လိုက်လျှောက်ရန် ပျက်ကွက်ကြသည်။ “တရားစောင့်ကြမည်ဟု [ဘုရားသခင်] မျှော်လင့်တော်မူသော်လည်း ပညတ်တော်ကိုချိုးဖောက်ခြင်း၊ ဖြောင့်မတ်ခြင်းအရာ၌ အော်ဟစ်ငိုကြွေးခြင်းကို တွေ့မြင်တော်မူ၏။” (ဟေရှာယ ၅:၇ခ၊ ကဘ) သစ္စာမဲ့သော လူမျိုးသည် “သောဒုံစပျစ်နွယ်ပင်မျိုး” မှ သီးသော အဆိပ်ရှိသောစပျစ်သီး သီးမည်ဟု မောရှေ ကြိုဟောခဲ့သည်။ (တရားဟောရာ ၃၂:၃၂) သို့ဖြစ်၍ ဘုရားသခင့် ပညတ်တော်မှ သွေဖည်ခြင်း တစ်စိတ်တစ်ပိုင်းတွင် လိင်တူမေထုန်အပါအဝင် လိင်အကျင့်ယိုယွင်းခြင်း ပါဝင်ပေမည်။ (ဝတ်ပြုရာ ၁၈:၂၂) “ပညတ်တော် ချိုးဖောက်ခြင်း” ဟူသော အသုံးအနှုန်းကို “သွေးသွန်းခြင်း” ဟူ၍လည်း ပြန်ဆိုနိုင်သည်။ ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် အပြုအမူသည် နှိပ်စက်ခံရသူအား “အော်ဟစ်ငိုကြွေး” စေမည်မှာ သေချာသည်—ထိုအော်ဟစ်ငိုကြွေးသံသည် စပျစ်ဥယျာဉ်ပိုင်ရှင်၏ နားတော်သို့ ရောက်ခဲ့သည်။—ယောဘ ၃၄:၂၈ နှိုင်းယှဉ်။
၁၅၊ ၁၆။ ခရစ်ယာန်စစ်များသည် ဣသရေလလူမျိုး သီးသော မကောင်းသောအသီး မသီးရန် မည်သို့ ရှောင်ရှားနိုင်သနည်း။
၁၅ ယေဟောဝါ ဘုရားသခင်သည် “ဖြောင့်မတ်စွာ ကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်တော်မူ၏။” (ဆာလံ ၃၃:၅) ဂျူးလူမျိုးများကို ကိုယ်တော် ဤသို့ အမိန့်ပေးခဲ့၏– “တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။” (ဝတ်ပြုရာ ၁၉:၁၅) ထို့ကြောင့် အခြားသူများနှင့် ကျွန်ုပ်တို့ ဆက်ဆံရာတွင် မျက်နှာလိုက်ခြင်းကို ရှောင်ရမည် ဖြစ်ကာ လူများကို လူမျိုး၊ အသက်အရွယ်၊ ဆင်းရဲချမ်းသာ၊ အသားအရောင် စသည်တို့ဖြင့် စီရင်ဆုံးဖြတ်ခြင်း ဘယ်တော့မျှ မပြုရပါ။ (ယာကုပ် ၂:၁-၄) ကြီးကြပ်ရသည့် ရာထူးတွင် အမှုဆောင်ကြရသောသူများသည် “ငဲ့ကွက်သောစိတ်နှင့် အလျှင်းမပြုဘဲ” ကိစ္စရပ်တစ်ခုကို တရားစီရင်ခြင်း မပြုမီ နှစ်ဖက်စလုံးမှ ကြားနာရန် အမြဲ ကြိုးစားအားထုတ်ခြင်းသည် အလွန် အရေးကြီးသည်။—၁ တိမောသေ ၅:၂၁; သုတ္တံ ၁၈:၁၃။
၁၆ ထို့ပြင် ခရစ်ယာန်များသည် တရားမဲ့သော လောကတွင် နေထိုင်ရသောကြောင့် ဘုရားရေးရာ စံနှုန်းများနှင့် စပ်လျဉ်း၍ အပျက်သဘော သို့မဟုတ် ပုန်ကန်လိုသောသဘော မွေးမြူရန် လွယ်ကူပေမည်။ သို့သော် ခရစ်ယာန်စစ်များသည် ဘုရားသခင့် ပညတ်တော်များကို “နာခံရန် အသင့်ရှိ” ရမည်။ (ယာကုပ် ၃:၁၇၊ ကဘ) “ဆိုးညစ်သော ဤပစ္စုပ္ပန်ဘဝ” တွင် လိင်အကျင့်ဖောက်ပြန်ခြင်းနှင့် အကြမ်းဖက်မှုများ ရှိမည် ဖြစ်သော်လည်း “ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြု” ရန် လိုသည်။ (ဂလာတိ ၁:၄; ဧဖက် ၅:၁၅) သူတို့သည် လိင်ဆိုင်ရာ ပေါက်လွှတ်ပဲစား အမြင်မျိုးကို ရှောင်ရှားလိုကြပြီး သဘောထား ကွဲလွဲသည့်အခါ “စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့” မပါဘဲ ဖြေရှင်းသင့်သည်။ (ဧဖက် ၄:၃၁) ခရစ်ယာန်စစ်များသည် ဖြောင့်မတ်ခြင်းကို ပြုစုပျိုးထောင်ခြင်းဖြင့် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြပြီး ကိုယ်တော့် မျက်နှာသာကို ခံစားရသည်။
လောဘကြီးခြင်း၏ အခ
၁၇။ ဟေရှာယ၏ ပထမအမင်္ဂလာတွင် အဘယ် ဆိုးသွမ်းသည့် အပြုအမူကို ပြစ်တင်ရှုတ်ချထားသနည်း။
၁၇ အခန်းငယ် ၈ သည် ယေဟောဝါ၏ စကားများကို ဟေရှာယ ကိုးကားခြင်း မဟုတ်တော့ပါ။ ယုဒပြည်မှ ထွက်သော “စပျစ်သီးအရိုင်း” အချို့ကိုပြစ်တင်ရှုတ်ချလျက် အမင်္ဂလာ ခြောက်ခုထဲမှ ပထမဆုံး အချက်ကို မိမိကိုယ်တိုင် ဤသို့ ကြေညာ၏– “မိမိတို့သည် မြေ၏ အလယ်၌ တစ်စုတည်း နေရာကျ၍ လပ်သောအရပ် မရှိစေခြင်းငှာ အိမ်တစ်ဆောင်နှင့် တစ်ဆောင်ကိုလည်းကောင်း၊ လယ်တစ်ကွက်နှင့် တစ်ကွက်ကိုလည်းကောင်း ဆက်တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ၏ နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား အကယ်စင်စစ် ကြီးကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူ မရှိ။ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား စပျစ်ဥယျာဉ် တစ်ပယ်သည် စပျစ်ရည် တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာ ရကြလိမ့်မည်။”—ဟေရှာယ ၅:၈-၁၀။
၁၈၊ ၁၉။ ဟေရှာယနှင့် တစ်ခေတ်တည်းသားများသည် မြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်သော ယေဟောဝါ၏ ပညတ်များကို မည်သို့ လျစ်လျူရှုကြသနည်း၊ အဘယ်ရလဒ် ရမည်နည်း။
၁၈ ရှေးဣသရေလနိုင်ငံတွင် မြေယာအားလုံးသည် ယေဟောဝါအပိုင် ဖြစ်၏။ မိသားစုတိုင်းသည် ဘုရားပေး အမွေမြေ တစ်ကွက်စီကို ပိုင်ဆိုင်ခဲ့ကြရာ ယင်းမြေကွက်ကို ငှားရမ်းနိုင်သော်လည်း “သူတစ်ပါး အစဉ် ပိုင်စေခြင်းငှာ” မရောင်းရပေ။ (ဝတ်ပြုရာ ၂၅:၂၃) ဤပညတ်က မြေယာလက်ဝါးကြီးအုပ်ရောင်းဝယ်ခြင်း ကဲ့သို့သော အလွဲသုံးစားပြုမှုများကို တားဆီးပေးခဲ့သည်။ ထို့ပြင် မိသားစုများကို ဆင်းရဲတွင်းနက်သည့်အဖြစ်မှလည်း အကာအကွယ် ပေးခဲ့သည်။ သို့ရာတွင် ယုဒပြည်ရှိအချို့သူများသည် မြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်သော ဘုရားသခင့်ပညတ်များကို လောဘကြီးစွာ ချိုးဖောက်ခဲ့ကြသည်။ မိက္ခာဤသို့ ရေးခဲ့၏– “သူတစ်ပါး၏ အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက် သိမ်းယူလျက် လူနှင့် သူ၏ အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။” (မိက္ခာ ၂:၂) သို့သော် သုတ္တံ ၂၀:၂၁၊ [သမ] တွင်ဤသို့ သတိပေးထား၏– “အစအဦး၌ လောဘအလိုက် ဥစ္စာပိုင်ရသော်လည်း အဆုံးတွင် အမင်္ဂလာ တည်လိမ့်မည်။”
၁၉ ယေဟောဝါက ထိုလောဘသားတို့ မတရားသဖြင့် ရယူထားရာများကို ရုပ်သိမ်းပစ်မည်ဟု ကတိပြုထား၏။ သူတို့ အတင်းအဓမ္မ ရယူထားသည့်အိမ်များသည် “နေသောသူ မရှိ” ဖြစ်လာမည်။ သူတို့ မက်မောသော မြေယာများသည် ယင်းတို့ ထွက်ရှိနိုင်စွမ်း၏ အနည်းငယ်သာ ထုတ်ပေးမည်။ ဤကျိန်ဆိုချက်သည် မည်သို့နှင့် အဘယ်အချိန်တွင် ပြည့်စုံမည်ကို တိတိကျကျ မဖော်ပြပါ။ ယုတ်စွအဆုံး တစ်စိတ်တစ်ပိုင်းအနေနှင့် နောက်ပိုင်း ဗာဗုလုန်ပြည်သို့ ပြည်နှင်ခံရခြင်းဖြင့် ဖြစ်ပေါ်လာသော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။—ဟေရှာယ ၂၇:၁၀။
၂၀။ ယနေ့ခရစ်ယာန်များသည် အချို့သော ဣသရေလလူများ တင်ပြခဲ့သော လောဘကြီးသော သဘောထားများကို မည်သို့ ရှောင်ကြဉ်နိုင်သနည်း။
၂၀ ယနေ့ခရစ်ယာန်များသည် ထိုအချိန်က ဣသရေလလူမျိုးအချို့ တင်ပြခဲ့သော မရောင့်ရဲနိုင်သည့် လောဘကြီးမှုကို စက်ဆုပ်ရွံရှာရမည်။ (သုတ္တံ ၂၇:၂၀) ရုပ်ပစ္စည်းများကို တရားလွန်အလေးပေးလာသည့်အခါ မတရားသောနည်းများဖြင့် ငွေရှာသည့်အထိ ကိုယ့်သိက္ခာကို အကျခံဖို့ လွယ်ကူသွားသည်။ တစ်ဦးတစ်ယောက်သည် ဥပဒေနှင့်မလွတ်ကင်းသော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် လက်တွေ့မကျသော ဖြတ်လမ်းဖြင့် ချမ်းသာသည့် အကြံအဖန်များတွင် အလွယ်တကူ ကျော့မိသွားနိုင်သည်။ “ငွေရတတ်ခြင်းငှာ အလျင်အမြန် ပြုသောသူမူကား အပြစ်နှင့် မလွတ်ရ။” (သုတ္တံ ၂၈:၂၀) သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် ရှိသောအရာနှင့် ရောင့်ရဲနေရန် အလွန် အရေးကြီးသည်!—၁ တိမောသေ ၆:၈။
သံသယဖြစ်ဖွယ် အပန်းဖြေမှု၏ ထောင်ချောက်
၂၁။ ဟေရှာယ၏ ဒုတိယအမင်္ဂလာတွင် အဘယ်အပြစ်များကို ပြစ်တင်ရှုတ်ချထားသနည်း။
၂၁ ဟေရှာယ၏ ဒုတိယအမင်္ဂလာမှာ ဤသို့ ဖြစ်သည်– “သေရည်သေရက်ကို သောက်အံ့သောငှာ နံနက်စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ ညကိုလည်း လွန်စေတတ်သောသူတို့သည် အမင်္ဂလာရှိ၏။ သူတို့၏ ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပလွေ၊ စပျစ်ရည် ပါတတ်၏။ ထာဝရဘုရား၏ အမှုတော်ကိုကား ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။”—ဟေရှာယ ၅:၁၁၊ ၁၂။
၂၂။ ဣသရေလပြည်တွင် အဘယ် ချုပ်တည်းခြင်း ကင်းမဲ့မှုအကြောင်း ဖော်ပြထားသနည်း၊ လူမျိုးတော်သည် အဘယ်ရလဒ် ရမည်နည်း။
၂၂ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တော်မူရာ မိမိ၏ ကျေးကျွန်များ တော်သင့်စွာ အပန်းဖြေသည်ကို မနာလိုငြူစူခြင်း မရှိပါ။ (၁ တိမောသေ ၁:၁၁၊ ကဘ) သို့သော်လည်း ထိုအပျော်ကြူးသူများသည် ရှိသင့်သည့် အတိုင်းအတာကို ကျော်လွန်ကြသည်! “သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏” ဟု ကျမ်းစာတွင် ဆိုထားသည်။ (၁ သက်သာလောနိတ် ၅:၇) သို့သော် ပရောဖက်ပြုချက်တွင် ပါသော သောက်စားပျော်ပါးသူများသည် သူတို့၏ ပေါက်လွှတ်ပဲစား သောက်ကြူးမှုကို နံနက်မိုးသောက်ချိန်မှ စတင်ပြီး ညအချိန်အထိ ဆက်သောက်ကြလေသည်! သူတို့သည် ဘုရားသခင် မတည်ရှိဘိသကဲ့သို့၊ ကိုယ်တော်သည် သူတို့၏ အပြုအမူများကို စာရင်းရှင်းမည် မဟုတ်သကဲ့သို့ ပြုမူကျင့်ကြံကြသည်။ ထိုကဲ့သို့သောသူများ၏ မှောင်မိုက်သော အနာဂတ်အကြောင်း ဟေရှာယ ကြိုဟောခဲ့သည်။ “ငါ၏ လူတို့သည် ပညာမရှိသဖြင့် သိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် ငတ်မွတ်လျက်၊ ဆင်းရဲသားတို့သည် ရေငတ်ပူဆွေးလျက် ရှိကြ၏။” (ဟေရှာယ ၅:၁၃၊ သမ္မာ) မှန်ကန်သော အသိပညာနှင့်အညီ ကျင့်ကြံရန် ငြင်းဆိုခြင်းကြောင့် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသောလူမျိုး—မြင့်သောသူနှင့် ယုတ်သောသူများ—သည် ရှီးအိုးလ်သို့ ဆင်းသက်ကြရမည်။—ဟေရှာယ ၅:၁၄-၁၇ ဖတ်။
၂၃၊ ၂၄။ အဘယ် ချုပ်တည်းမှုနှင့် အစွန်းမရောက်မှုတို့ကို ခရစ်ယာန်များ တင်ပြရန် တောင်းဆိုထားသနည်း။
၂၃ ပထမရာစုရှိ အချို့သော ခရစ်ယာန်များအလယ်တွင်လည်း “ပွဲလုပ်ခြင်း” သို့မဟုတ် “ထင်တိုင်းကြဲ ပါတီပွဲများ” သည် ပြဿနာတစ်ခု ဖြစ်ခဲ့သည်။ (ဂလာတိ ၅:၂၁၊ ကဘ; ဘိုင်းယင်းတန်; ၂ ပေတရု ၂:၁၃) ထို့ကြောင့် ယနေ့ ဆက်ကပ်အပ်နှံပြီး ဖြစ်သော ခရစ်ယာန်အချို့သည် မိတ်ဆုံပွဲများနှင့် ပတ်သက်၍ ပိုင်းခြားသိမြင်မှု နည်းကြောင်း တင်ပြခဲ့ကြခြင်းသည် အံ့အားသင့်စရာ မဟုတ်ပါ။ အရက်ယမကာကို အထိန်းအကွပ်မရှိ သောက်သုံးခြင်းက အချို့သူများအား အော်ကြီးဟစ်ကျယ် ဆူဆူညံညံ ဖြစ်စေခဲ့သည်။ (သုတ္တံ ၂၀:၁) သေရည်သေရက် လွန်စွာသောက်၍ မူးနေစဉ် အကျင့်ယိုယွင်းခဲ့ကြသူများပင် ရှိခဲ့သည်၊ အချို့သောမိတ်ဆုံပွဲကို ညလုံးပေါက် ဆက်ကျင်းပခြင်းဖြင့် နောက်နေ့ခရစ်ယာန်လုပ်ငန်းဆောင်တာများကို ထိခိုက်ခဲ့ကြသည်။
၂၄ သို့ရာတွင် မျှတမှု ရှိသောခရစ်ယာန်များသည် ဘုရားရေးရာအသီးများ သီးကြပြီး အပန်းဖြေမှု ရွေးချယ်ရာတွင် ချုပ်တည်းမှုနှင့် အစွန်းမရောက်မှုတို့ကို တင်ပြကြသည်။ သူတို့သည် ရောမ ၁၃:၁၃ တွင် တွေ့ရသော ပေါလု၏ ဤအကြံပေးချက်ကို လိုက်လျှောက်ကြသည်– “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း . . . တို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။”
အပြစ်ကို ရွံမုန်းပြီး အမှန်တရားကို ချစ်ခြင်း
၂၅၊ ၂၆။ ဟေရှာယ၏ တတိယနှင့် စတုတ္ထအမင်္ဂလာထဲတွင် ဣသရေလလူမျိုး၏ အဘယ် ဆိုးညစ်သော အတွေးအခေါ်ကို ဖော်ထုတ်သနည်း။
၂၅ ဤတွင် ဟေရှာယ၏ တတိယနှင့် စတုတ္ထအမင်္ဂလာကို နားဆင်ပါလေ– “ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့ကလည်း ဘုရားသခင်၏ အမှုကို ငါတို့သည် မြင်ရမည်အကြောင်း အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏အကြံတော်သည် အနီးသို့ ချဉ်း၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။ မကောင်းကို အကောင်း၊ အကောင်းကို မကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း အလွဲယူတတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။”—ဟေရှာယ ၅:၁၈-၂၀။
၂၆ အပြစ်ပြုကျင့်သူများ၏ ကွက်ကွက်ကွင်းကွင်း သရုပ်သကန်ကို ခြယ်မှုန်းပြလိုက်ခြင်းပင်တည်း! လှည်းတွင် ဝန်တင်တိရစ္ဆာန်များကို တပ်ထားသကဲ့သို့ သူတို့သည် အပြစ်တွင် တွဲကပ်နေကြသည်။ ထိုအပြစ်ကျူးလွန်သူများသည် ရောက်လာတော့မည့် မည်သည့်တရားစီရင်ရာနေ့ကိုမျှ မကြောက်ကြပါ။ “[ဘုရားသခင့်] အမှုတော်ကို အလျင်အမြန် လာစေတော်မူပါ” ဟု လှောင်ပြောင်၍ ဆိုကြသည်။ ဘုရားသခင့် ပညတ်တော်ကို လိုက်နာမည့်အစား “အကောင်းကို မကောင်း၊ မကောင်းကို အကောင်း” ဟု ဆိုခြင်းအားဖြင့် ပြောင်းပြန် ယူမှတ်နေကြသည်။—ယေရမိ ၆:၁၅ နှိုင်းယှဉ်; ၂ ပေတရု ၃:၃-၇။
၂၇။ ယနေ့ ခရစ်ယာန်များသည် ဣသရေလလူမျိုး တင်ပြသော သဘောထားကို မည်သို့ ရှောင်နိုင်ကြသနည်း။
၂၇ ယနေ့ ခရစ်ယာန်များသည် မည်သို့သော အခြေအနေတွင်မဆို ထိုကဲ့သို့သော သဘောထားကို ရှောင်ရမည်။ ဥပမာ၊ မတရားမေထုန်နှင့် လိင်တူမေထုန်ကို လက်ခံဖွယ်ရာ ဖြစ်သည် ဟူသော လောကရှုမြင်ချက်ကို ခံယူရန် သူတို့ ငြင်းပယ်ကြသည်။ (ဧဖက် ၄:၁၈၊ ၁၉) မှန်ပါသည်၊ ခရစ်ယာန်တစ်ဦးသည် ကြီးလေးသောအပြစ် ကျူးလွန်မိစေနိုင်သည့် ‘တစ်စုံတစ်ခုသောအမှား’ ကို ပြုမိပေမည်။ (ဂလာတိ ၆:၁) အသင်းတော်ရှိ အကြီးအကဲများသည် အပြစ်ပြုမိသူများနှင့် အကူအညီ လိုနေသူများကို ထောက်မပေးရန် အဆင်သင့်ရှိကြသည်။ (ယာကုပ် ၅:၁၄၊ ၁၅) ဆုတောင်းချက်များနှင့် ကျမ်းစာအခြေပြု ဆုံးမစကားများ၏ အကူအညီဖြင့် ဝိညာဉ်ရေးတွင် ပြန်ကျန်းမာလာနိုင်သည်။ ထိုသို့ မဟုတ်လျှင် “ဒုစရိုက်၏ ကျွန်” ဖြစ်သွားမည့် အန္တရာယ်ရှိသည်။ (ယောဟန် ၈:၃၄) ခရစ်ယာန်များသည် ဘုရားသခင်ကို မထီမဲ့မြင်ပြုကာ ရောက်လာတော့မည့် တရားစီရင်ရာနေ့ကို မသိကျိုးကျွန် ပြုမည့်အစား ယေဟောဝါရှေ့မှောက်တွင် “အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှ မပါဘဲ” ဆက်တည်မြဲနေရန် ကြိုးစားအားထုတ်ကြသည်။—၂ ပေတရု ၃:၁၄; ဂလာတိ ၆:၇၊ ၈။
၂၈။ ဟေရှာယ၏ နောက်ဆုံး အမင်္ဂလာများတွင် အဘယ် အပြစ်များကို ပြစ်တင်ရှုတ်ချထားသနည်း၊ ထိုကဲ့သို့သော အပြစ်များကို ယနေ့ခရစ်ယာန်များ မည်သို့ ရှောင်နိုင်သနည်း။
၂၈ ဤနောက်ဆုံး အမင်္ဂလာများကို ဟေရှာယ ဖော်ပြသည်မှာ သင့်လျော်ပါသည်– “ငါသည်ပညာရှိသည်ဟု ကိုယ်ကို ထင်သောသူ၊ သမ္မာသတိနှင့်ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ စပျစ်ရည်ကို များစွာ သောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်းအမှု၌ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ မတရားသောသူတို့ကို အပြစ်မပေးဘဲ လွှတ်၍ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။” (ဟေရှာယ ၅:၂၁-၂၃) ဤစကားများသည် ပြည်တော်တွင် တရားသူကြီးများအဖြစ် အမှုဆောင်နေသူများအား ပြောခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ယနေ့ အသင်းတော်အကြီးအကဲများသည် “ငါသည် ပညာရှိသည်ဟု ကိုယ်ကို ထင်” ခြင်းကို ရှောင်ကြဉ်ကြသည်။ သူတို့သည် လုပ်ဖော်ဆောင်ဖက် အကြီးအကဲချင်းများထံမှ အကြံပြုချက်များကို နှိမ့်ချစွာ လက်ခံကြပြီး အဖွဲ့အစည်း၏ ညွှန်ကြားချက်များကို အနီးကပ် လိုက်လျှောက်ကြသည်။ (သုတ္တံ ၁:၅; ၁ ကောရိန္သု ၁၄:၃၃) သူတို့သည် သေရည်သေရက် လွန်ကြူးစွာ သောက်သူများ မဟုတ်ကြ၊ အသင်းတော် လုပ်ငန်းတာဝန်များကို ဆောင်ရွက်တော့မည်ဆိုလျှင် ဘယ်တော့မျှ မသောက်ကြပါ။ (ဟောရှေ ၄:၁၁) အကြီးအကဲများသည် မျက်နှာလိုက်ပုံပေါက်ခြင်းကိုပင် ရှောင်ကြဉ်ကြသည်။ (ယာကုပ် ၂:၉) ခရစ်ယာန်ဘောင် ဓမ္မဆရာများနှင့် ကွာခြားလှလေခြင်း! ထိုဓမ္မဆရာအများစုသည် ရောမ ၁:၁၈၊ ၂၆၊ ၂၇; ၁ ကောရိန္သု ၆:၉၊ ၁၀; နှင့် ဧဖက် ၅:၃-၅ တို့တွင် ပါသော တမန်တော် ပေါလု၏ သတိပေးချက်များနှင့် တိုက်ရိုက်ဆန့်ကျင်လျက် သူတို့အလယ်တွင်ရှိသော ဩဇာရှိစည်းစိမ်ချမ်းသာသည့် အပြစ်သားများကို ဖုံးဖိကာကွယ်ပေးကြသည်။
၂၉။ ယေဟောဝါ၏ ဣသရေလစပျစ်ဥယျာဉ်အတွက် အဘယ် ဘေးဆိုးကြီးဖြင့် လမ်းဆုံးရမည့်အဖြစ်က စောင့်ကြိုနေသနည်း။
၂၉ “ဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြ” ပြီး ဖြောင့်မတ်သော အသီးများ သီးရန် ပျက်ကွက်သူများအတွက် ကြောက်ဖွယ်ဘေးဆိုးဖြင့် လမ်းဆုံးမည့်အကြောင်း ဖော်ပြကာ ဤပရောဖက်ပြုချက် သတင်းစကားကို ဟေရှာယ နိဂုံးချုပ်လိုက်သည်။ (ဟေရှာယ ၅:၂၄၊ ၂၅; ဟောရှေ ၉:၁၆; မာလခိ ၄:၁) သူဤသို့ ကြေညာ၏– “[ယေဟောဝါသည်] အဝေးမှာ နေသော လူမျိုးတစ်မျိုးအဖို့ အလံ [“အချက်ပြတစ်ခု၊” ကဘ] ကို ထူလျက် မြေကြီးစွန်းမှ လေချွန်၍ ခေါ်တော်မူသဖြင့် သူတို့သည် အလျင်အမြန် ပြေးလာကြလိမ့်မည်။”—ဟေရှာယ ၅:၂၆၊ သမ္မာ; တရားဟောရာ ၂၈:၄၉; ယေရမိ ၅:၁၅။
၃၀။ ယေဟောဝါ၏ လူမျိုးတော်ကို ဆန့်ကျင်တိုက်ခိုက်ရန် “လူမျိုးတစ်မျိုး” ကို မည်သူ စုရုံးစေမည်နည်း၊ အဘယ်ရလဒ် ဖြစ်မည်နည်း။
၃၀ ရှေးခေတ်က တိုင်ရှည်တစ်ချောင်းကို မြင့်သောနေရာတစ်ခုတွင် စိုက်ထူခြင်းသည် လူများနှင့် စစ်တပ်များအတွက် “အချက်ပြ” သို့မဟုတ် စုဝေးရာအရပ်အဖြစ် အသုံးပြုကြသည်။ (ဟေရှာယ ၁၈:၃; ယေရမိ ၅၁:၂၇ နှိုင်းယှဉ်။) ယခု ယေဟောဝါသည် မိမိ၏ တရားစီရင်ချက်ကို ဆောင်ရွက်ရန် ဤအမည်မဖော်သော “လူမျိုးတစ်မျိုး” ကို စုဝေးစေမည်။b အနိုင်ယူထိုက်သည့် လူမျိုးအဖြစ် မိမိ၏ ထင်ရာစိုင်းသောလူမျိုးအပေါ် အာရုံစိုက်လာစေရန် ကိုယ်တော် ‘လေချွန်သံပေး၍ ခေါ်တော်’ မူမည် ဖြစ်သည်။ “အကောင်ကို ဖမ်း၍ ဆောင်သွားကြ” မည့် ခြင်္သေ့ကဲ့သို့သော ထိုအောင်နိုင်သူများ၏ လျင်မြန်ပြီးကြောက်စရာကောင်းသော ချင်းနင်းတိုက်ခိုက်မှုနှင့် “အဘယ်သူမျှ မကယ်” ဘဲ ဘုရားသခင့် လူမျိုးတော် သိမ်းသွားခံရမည်ကို ပရောဖက်က ဆက်၍ ဖော်ပြထား၏။ (ဟေရှာယ ၅:၂၇-၃၀က ဖတ်။) ယေဟောဝါလူမျိုး၏ ပြည်တော်အတွက် ဝမ်းနည်းဖွယ် ရလဒ်ပါတကား! “ထိုပြည်ကို ကြည့်ရှုလျှင် မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲခြင်းဆင်းရဲသက်သက် ရှိ၍ မိုးကောင်းကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။”—ဟေရှာယ ၅:၃၀ခ။
၃၁။ ခရစ်ယာန်စစ်များသည် ယေဟောဝါ၏ ဣသရေလ စပျစ်ဥယျာဉ်အပေါ် သက်ရောက်သည့် အပြစ်ဒဏ်မျိုး မခံရရန် မည်သို့ ရှောင်ရှားနိုင်သနည်း။
၃၁ မှန်ပါသည်၊ ဘုရားသခင် အလွန် မြတ်မြတ်နိုးနိုးနှင့် စိုက်ပျိုးခဲ့သည့် စပျစ်ဥယျာဉ်သည် အသီး မသီးသော အပင်အဖြစ် မိမိကိုယ်ကို သက်သေထူသောကြောင့် ဖျက်ဆီးခြင်းသာ ခံထိုက်သည်။ ဟေရှာယ၏ စကားများသည် ယနေ့ ယေဟောဝါ၏ အမှုတော်ဆောင်လိုသူ အားလုံးအတွက် ထိမိလှသော သင်ခန်းစာတစ်ရပ်ပင်! ယေဟောဝါကို ချီးမွမ်းကာ သူတို့ကိုယ်နှိုက်၏ ကယ်တင်ခြင်းကို ဖြစ်စေသော ဖြောင့်မတ်ခြင်းအသီးမှလွဲ၍ အခြားအသီး မသီးရန် အားထုတ်နိုင်ကြပါစေ!
[အောက်ခြေမှတ်ချက်များ]
a ကျောက်ဖြင့် ဆောက်သော မျှော်စင်များထက် အကုန်အကျ နည်းသည့် တဲ သို့မဟုတ် လင့်စင်ကဲ့သို့သော ယာယီအဆောက်အဦများကို ပို၍ အသုံးပြုကြသည်ဟု ကျမ်းပညာရှင်အချို့ ယူဆကြသည်။ (ဟေရှာယ ၁:၈) ဤတွင် မျှော်စင်ဟု ဖော်ပြခြင်းက မိမိ၏ “စပျစ်ဥယျာဉ်” အတွက် ပိုင်ရှင်ဖြစ်သူသည် ပြုခဲသော ကြိုးစားအားထုတ်မှုကို ပြုကြောင်း ဖော်ပြသည်။
b အခြားပရောဖက်ပြုချက်များတွင် ဟေရှာယက ယုဒနိုင်ငံအပေါ် ယေဟောဝါ၏ ဖျက်ဆီးခြင်း တရားစီရင်ချက်ကို ဆောင်ရွက်မည့် လူမျိုးအဖြစ် ဗာဗုလုန်ကို ဖော်ပြထားသည်။