အခန်း ၁၀၄
ဘုရားသခင့်အသံတော် တတိယအကြိမ်ကြားရ
ဗိမာန်တော်တွင်ရှိစဉ် မကြာမီမိမိရင်ဆိုင်ရမည့်သေခြင်းနှင့်ပတ်သက်ပြီး ယေရှုသည် အလွန်စိတ်မချမ်းသာဖြစ်နေသည်။ ကိုယ်တော်အဓိကတွေးပူနေသည်မှာ ခမည်းတော်၏ဂုဏ်တော် မည်သို့ထိခိုက်မည်ဖြစ်သဖြင့် ကိုယ်တော်က “အိုအဘ၊ ကိုယ်တော်၏နာမတော်ကိုချီးမြှောက်တော်မူပါ” ဟုဆုတောင်းသည်။
ထိုခဏ၌ ကောင်းကင်မှကြီးသောအသံက “ငါချီးမြှောက်ခဲ့ပြီ။ တစ်ဖန်ငါချီးမြှောက်ဦးမည်” ဟုကြေညာသည်။
ဝိုင်းရံလျက်ရှိသောလူများတို့သည်အံ့အားသင့်၍ အချို့က “ကိုယ်တော်အားကောင်းကင်တမန်မြွက်သည်” ဟုပြောကြသည်။ အခြားသူတို့က မိုးခြိမ်းသံဟုဆိုကြ၏။ အမှန်မှာ ယေဟောဝါကားပြောတော်မူခြင်းဖြစ်သည်။ သို့သော်ဤကားယေရှုနှင့်ပတ်သက်ပြီး ဘုရားသခင့်အသံတော်ကိုပထမဆုံးကြားရခြင်းမဟုတ်ပါ။
လွန်ခဲ့သောသုံးနှစ်ခွဲက ယေရှုနှစ်ခြင်းခံစဉ် ဘုရားသခင်ကယေရှုအား “ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း” ဟူ၍ပြောသောအသံတော်ကို နှစ်ခြင်းဆရာယောဟန်ကြားခဲ့သည်။ ထိုနောက် လွန်ခဲ့သည့်ပသခါပွဲပြီး၍တစ်ချိန်တွင် ယာကုပ်၊ ယောဟန်နှင့်ပေတရုတို့ရှေ့ ယေရှုဘုန်းတန်ခိုးထွန်းတောက်ကိုယ်ရောင်ပြောင်းချိန်၌ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟူသော ဘုရားသခင့်အသံတော်ကိုသူတို့ကြားခဲ့ကြသည်။ ယခုတစ်ဖန်တတိယအကြိမ်အနေနှင့် ယေရှုမသေဆုံးမီ ၄ ရက်အလို၊ နိသန်လ ၁၀ ရက်၌ ဘုရားသခင့်အသံတော်ကိုလူတို့ကြားကြရပြန်သည်။ သို့သော် ဤတစ်ချိန်တွင် လူအများကြားရန် ဘုရားမိန့်မြွက်တော်မူသည်။
“ထိုစကားသံသည် ငါ့အဖို့အလိုငှာလာသည်မဟုတ်။ သင်တို့အဖို့အလိုငှာလာ၏” ဟုယေရှုရှင်းပြသည်။ ယေရှုသည် ဘုရားသခင့်သားတော်နှင့်ကတိထားရာမေရှိယအမှန်ပင်ဖြစ်ကြောင်း ဤအသံတော်ကသက်သေထူသည်။ “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏၊” “ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်” ဟုဆက်မိန့်တော်မူသည်။ ယေရှု၏သစ္စာရှိအသက်တာက ဤလောက၏မင်းစာတန်မာရ်နတ်သည် “ပြင်သို့နှင်ထုတ်ခြင်း၊” အဆုံးစီရင်ခြင်းကိုခံထိုက်ကြောင်း ခိုင်မာစေသည်။
ချဉ်းကပ်လာသော မိမိသေခြင်း၏အကျိုးသက်ရောက်မှုကိုထောက်ပြရန် ယေရှုဤသို့ဆိုသည်။ “ငါသည် မြေကြီးမှခွါ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကိုငါ့ထံသို့ငါဆွဲမည်။” ကိုယ်တော်၏သေခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ဘဲ ထိုသို့အားဖြင့် ထာဝရအသက်ကိုပျော်မွေ့နိုင်ရန် လူများကိုမိမိထံကိုယ်တော်ဆွဲဆောင်မည်ဖြစ်သည်။
သို့သော် လူအုပ်က “ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟုပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည်အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်း” ဟုချေပပြောဆိုသည်။
ဘုရားသခင်ကိုယ်တော်တိုင်၏အသံတော်အပါအဝင် သက်သေများစွာရှိသော်လည်း ယေရှုသည် ကတိထားရာမေရှိယ၊ စစ်မှန်သော လူသားဖြစ်ကြောင်း လူအများစုမယုံကြည်ကြချေ။ သို့သော် ကိုယ်တော်သည် လွန်ခဲ့သည့်ခြောက်လက တဲတော်ပွဲတွင်ပြောခဲ့သည့်အတိုင်း မိမိသည် “အလင်း” ဖြစ်ကြောင်းထပ်မံပြောဆို၍ နားထောင်သောသူများအား “အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှာ အလင်းကိုယုံကြည်ကြလော့” ဟုအားပေးသည်။ ထိုသို့မိန့်ဆိုပြီးနောက် အသက်အန္တရာယ်ရှိ၍ ကိုယ်တော်ထွက်ကြွတိမ်းရှောင်တော်မူသည်။
ယေရှုကိုဂျူးတို့မယုံခြင်းက “သူတို့သည် မျက်စိမမြင် စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါ ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကိုကွယ်စေတော်မူ၏” ဟူသောဟေရှာယစကားပြည့်စုံသည်။ ယေဟောဝါ၏ကောင်းကင်ဆိုင်ရာတရားရုံးတွင် ယေဟောဝါနှင့်အတူ ယေရှု၏လူသားမတိုင်မီဘုန်းအာနုဘော်တော်ကို ရူပါရုံ၌ဟေရှာယမြင်တွေ့ခဲ့သည်။ သို့နှင့်ဂျူးတို့သည် ဟေရှာယ၏စကားပြည့်စုံချက်နှင့်အညီ ဤသူသည်မိမိတို့၏ကတိထားရာကယ်တင်ရှင်ဖြစ်သည့်သက်သေကို ခေါင်းမာမာနှင့်ငြင်းဆန်ကြသည်။
အခြားတစ်ဖက်တွင် အရာရှိအတော်များများ (ဆန်ဟီဒရင်လွှတ်ရုံး၏အဖွဲ့ဝင်များ) ပင်ယေရှုကိုယုံကြည်ခဲ့ကြသည်။ နိကောဒင်နှင့်အရိမသဲမြို့သားယောသပ်သည် ထိုအရာရှိများအဝင်မှနှစ်ဦးဖြစ်သည်။ သို့သော် မိမိတို့ရာထူးမှထုတ်ပယ်ခံရမည်စိုး၍ အရာရှိအများသည် ယခုအချိန်တွင်ယုံကြည်ခြင်းတင်ပြရန်ပျက်ကွက်ကြသည်။ ယင်းကြောင့် ထိုသူများ မည်မျှဆုံးရှုံးပါသည်တကား။
ယေရှုမှတ်ချက်ချသည်မှာ “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုယုံကြည်၏။ ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုကြည့်မြင်၏။ . . . ငါ့စကားကိုကြားသောသူသည်မယုံကြည်ဘဲနေလျှင် ထိုသူကိုငါသည်အပြစ်မစီရင်။ လောကီသားတို့ကိုအပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်။ လောကီသားတို့ကိုကယ်တင်အံ့သောငှာ ငါလာ၏။ . . . ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့ရက်၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။”
ယေရှုကိုယုံကြည်သူများကယ်တင်ခြင်းရရန် ကိုယ်တော်ကိုစေလွှတ်ဖို့ လူသားတို့အပေါ်ထားရှိသောမေတ္တာက ယေဟောဝါအားလှုံ့ဆော်ခဲ့သည်။ ယေရှုအားဘုရားသခင်မိန့်ကြားစေသောစကားများကိုနားထောင်ခြင်း၊ မထောင်ခြင်းသည် လူအများ၏ကယ်တင်ခြင်းကို အဆုံးအဖြတ်ပေးမည်။ ခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်မည့် “နောက်ဆုံးနေ့ရက်” အတွင်းတရားစီရင်ခြင်းဖြစ်မည်။
“အကြောင်းမူကား ငါသည်ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကိုပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကိုငါသိ၏။ ထိုကြောင့်ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်” ဟုဆို၍ယေရှုနိဂုံးချုပ်သည်။ ယောဟန် ၁၂:၂၈-၅၀၊ ၁၉:၃၈၊ ၃၉။ မဿဲ ၃:၁၇၊ ၁၇:၅။ ဟေရှာယ ၆:၁၊ ၈-၁၀။
▪ အဘယ်အချိန်အခါသုံးရပ်တွင် ယေရှုနှင့်ပတ်သက်ပြီး ဘုရားသခင့်အသံတော်ကိုကြားရသနည်း။
▪ ယေရှု၏ဘုန်းအသရေကို ပရောဖက်ဟေရှာယမည်သို့မြင်သနည်း။
▪ ယေရှုကိုယုံကြည်သောအရာရှိများကား မည်သူများနည်း။ ကိုယ်တော်ကိုသူတို့အဘယ်ကြောင့် ဝန်မခံကြသနည်း။
▪ “နောက်ဆုံးနေ့ရက်” ဟူသည် အဘယ်နည်း။ ထိုအခါအဘယ်ပေါ်မူတည်၍ လူတို့တရားစီရင်ခံရမည်နည်း။