အခန်း တစ်ဆယ်
“စေတနာထားချိန်”
၁၊ ၂။ (က) ဟေရှာယသည် အဘယ် ကောင်းချီး ခံစားခဲ့ရသနည်း။ (ခ) ဟေရှာယ အခန်းကြီး ၄၉ ၏ ပထမတစ်ဝက်၌ မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်စကားများသည် မည်သူတို့နှင့် ပတ်သက်သနည်း။
သစ္စာရှိသူအားလုံးသည် ဘုရားသခင်၏ မျက်နှာသာပေးမှုနှင့် ကာကွယ်ပေးမှု ခံစားလာခဲ့ရသည်မှာ ကြာပေပြီ။ သို့သော် ယေဟောဝါသည် အရမ်းကာရော စေတနာထားခြင်းမျိုး မဟုတ်ပေ။ လူတစ်ဦးအနေဖြင့် ထူးမြတ်သော ထိုကောင်းချီး ရရန် အရည်အချင်း ပြည့်မီရမည်။ ဟေရှာယသည် ထိုသို့ ပြည့်မီသူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင့် မျက်နှာသာ ခံစားရကာ ယေဟောဝါ၏ အလိုတော်ကို အခြားသူများအား ကြေညာပေးရသည့် ကိုယ်တော်၏ အသုံးတော်ခံတစ်ဦး ဖြစ်ခွင့်ရခဲ့သည်။ ယင်းနှင့်ပတ်သက်၍ နမူနာတစ်ခုကို ဟေရှာယ ပရောဖက်ပြုချက် အခန်းကြီး ၄၉ ၏ ပထမတစ်ဝက်၌ မှတ်တမ်းတင်ထားသည်။
၂ ထိုစကားများသည် အာဗြဟံမျိုးနွယ်ကို ရည်စူးသော ပရောဖက်ပြုချက်စကားများ ဖြစ်သည်။ ကနဦးပြည့်စုံချက်တွင် ထိုမျိုးနွယ်သည် အာဗြဟံမှ ဆင်းသက်သော ဣသရေလလူမျိုး ဖြစ်သည်။ သို့ရာတွင် အသုံးအနှုန်း အများစုက ကြာမြင့်စွာ မျှော်လင့်ခဲ့ရသော အာဗြဟံ၏ မျိုးနွယ်တော်၊ ကတိထားရာ မေရှိယနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည်။ ဤမှုတ်သွင်းခံစကားများသည် အာဗြဟံ၏ ဝိညာဏ အမျိုးအနွယ်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြစ်လာသော မေရှိယ၏ ဝိညာဏ ညီတော်များနှင့်လည်း သက်ဆိုင်သည်။ (ဂလာတိ ၃:၇၊ ၁၆၊ ၂၉; ၆:၁၆) အထူးသဖြင့် ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ယေဟောဝါနှင့် ကိုယ်တော် ချစ်မြတ်နိုးသောသား၊ ယေရှုခရစ်တို့၏ကြားတွင် အထူးဆက်ဆံရေး ရှိကြောင်း ဖော်ပြသည်။—ဟေရှာယ ၄၉:၂၆။
ယေဟောဝါထံမှ ခန့်အပ်မှုနှင့် ကာကွယ်မှု ရ
၃၊ ၄။ (က) မေရှိယတွင် အဘယ် အထောက်အမ ရှိသနည်း။ (ခ) မေရှိယသည် မည်သူတို့ကို စကားပြောဆိုနေခြင်း ဖြစ်သနည်း။
၃ မေရှိယသည် ဘုရားသခင့် စေတနာ သို့မဟုတ် မျက်နှာသာ ပေးခြင်းကို ခံစားရ၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အခွင့်အာဏာနှင့် ဆိုင်ရာ အရည်အချင်းများကို ယေဟောဝါ ပေးသနားတော်မူသည်။ သို့ဖြစ်၍ အနာဂတ်တွင် ပေါ်လာမည့် မေရှိယသည် သင့်လျော်စွာ ဤသို့ ဆို၏– “တစ်ကျွန်းတစ်နိုင်ငံအရပ်တို့ ငါ့စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့ စေ့စေ့ နားထောင်ကြလော့။ ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏ နာမကို မှတ်တော်မူ၏။”—ဟေရှာယ ၄၉:၁။
၄ ဤတွင် မေရှိယသည် “ဝေးစွာသော” အရပ်မှ လူများကို ဦးတည်ပြောဆိုတော်မူ၏။ မေရှိယသည် ဂျူးလူမျိုးများအတွက် ကတိပြုထားခြင်း ဖြစ်သော်လည်း ကိုယ်တော်၏ ဓမ္မအမှုသည် လူမျိုးအားလုံးအတွက် ကောင်းချီး ခံစားရစေမည်။ (မဿဲ ၂၅:၃၁-၃၃) “တစ်ကျွန်းတစ်နိုင်ငံအရပ်တို့” နှင့် “လူမျိုးတို့” သည် ယေဟောဝါနှင့် ပဋိညာဉ် မဖွဲ့ထားသော်လည်း ဣသရေလလူမျိုးတို့၏ မေရှိယစကားကို ဂရုစိုက် နားထောင်သင့်သည်၊ အကြောင်းမှာ ကိုယ်တော်သည် လူသားအားလုံးကို ကယ်တင်ရန် စေလွှတ်ခံရသောကြောင့် ဖြစ်သည်။
၅။ မေရှိယသည် လူသားတစ်ဦးအနေနှင့် မမွေးဖွားမီအချိန်ကပင် မည်သို့ အမည်မှည့်ထားသနည်း။
၅ မေရှိယသည် လူသားအဖြစ် မမွေးဖွားမီ သူ့ကို နာမည်ပေးမည်ဟု ပရောဖက်ပြုချက်၌ ယေဟောဝါ ဖော်ပြ၏။ (မဿဲ ၁:၂၁; လုကာ ၁:၃၁) ယေရှု မမွေးဖွားမီ ကြာမြင့်စွာအချိန်ကပင် ကိုယ်တော်ကို “အံ့သြဖွယ် တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်” ဟု သမုတ်ထား၏။ (ဟေရှာယ ၉:၆) ဟေရှာယ၏ သားတစ်ယောက်အမည် ဖြစ်ဖွယ်ရှိသည့် ဧမာနွေလသည်လည်း မေရှိယအတွက် ပရောဖက်ပြုအမည် ဖြစ်သည်။ (ဟေရှာယ ၇:၁၄; မဿဲ ၁:၂၁-၂၃) မေရှိယဖြစ်သူအား ယေရှုအမည်ဖြင့် သိကြမည် ဖြစ်ကြောင်းကိုပင် မမွေးဖွားမီကတည်းက တင်ကူးဟောထားသည်။ (လုကာ ၁:၃၀၊ ၃၁) ဤအမည်မှာ “ယေဟောဝါသည် ကယ်တင်ခြင်း” ဟူ၍ အဓိပ္ပာယ်ရသော ဟေဗြဲစကားလုံးမှ ဆင်းသက်လာသည်။ ယေရှုသည် မိမိကိုယ်ကို ခရစ်တော်အဖြစ် ခန့်အပ်ခြင်း မဟုတ်သည်မှာ ရှင်းပါသည်။
၆။ မေရှိယ၏ နှုတ်တော်သည် မည်သည့်နည်းဖြင့် ထက်သော ဓားရှည်နှင့် တူပြီး ကိုယ်တော်သည် မည်သို့ ဖုံးကွယ် သို့မဟုတ် ကွယ်ဝှက်ခြင်း ခံရသနည်း။
၆ မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်စကားကို ဤသို့ ဆက်ဆိုထား၏– “ငါ့နှုတ်ကို ထက်သော ဓားကဲ့သို့ ဖြစ်စေ၍ လက်တော်အရိပ်၌ ငါ့ကို ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ပြောင်လက်သော မြား ဖြစ်စေ၍ မြားတောင့်တော်ထဲမှ ဝှက်ထားတော်မူ” ၏။ (ဟေရှာယ ၄၉:၂၊ သမ္မာ) ယေဟောဝါ၏ မေရှိယသည် မြေကြီးဓမ္မအမှုကို စတင်ရန်အချိန် ဖြစ်သည့် စီ.အီး. ၂၉ တွင် ယေရှု၏ စကားများနှင့် လုပ်ဆောင်ပုံများသည် ထက်ပြီး ချောမွတ်နေသော လက်နက်များကဲ့သို့ ဖြစ်ကာ နားထောင်သူတို့၏ နှလုံးထဲ ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း သက်သေထင်ရှားခဲ့သည်။ (လုကာ ၄:၃၁၊ ၃၂) ကိုယ်တော်၏ စကားများနှင့် အပြုအမူတို့သည် ယေဟောဝါ၏ ရန်သူကြီး စာတန်နှင့် သူ၏ တမန်များ၏ အမျက်ဒေါသကို ဆွပေးခဲ့သည်။ ယေရှု မွေးဖွားချိန်မှစ၍ စာတန်သည် ကိုယ်တော်ကို သတ်ရန် ကြိုးစားခဲ့သော်လည်း ယေရှုသည် ယေဟောဝါ၏ မြားတောင့်တော်ထဲ၌ ဝှက်ထားသော မြားတစ်စင်းကဲ့သို့ ဖြစ်သည်။a ကိုယ်တော်သည် ခမည်းတော်၏ ကာကွယ်ပေးမှုကို လုံးလုံး ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၉၁:၁; လုကာ ၁:၃၅) သတ်မှတ်ထားချိန်တွင် ယေရှုသည် မိမိ၏ အသက်ကို လူသားများအတွက် ပေးဆက်ခဲ့သည်။ သို့သော် ခြားနားစွာ လက်နက်ကိုင်ဆောင်ထားသည့် သဘောဖြင့် ကိုယ်တော်၏ နှုတ်မှ ထက်သော ဓားရှည် ထွက်လျက် တန်ခိုးကြီး ကောင်းကင်တပ်မဟာ၏ စစ်သူကြီးတစ်ဦးအနေနှင့် ကြွလာမည့်အချိန် ရောက်လာမည်။ ဤအကြိမ်တွင်မူ ထက်သော ဓားရှည်မှာ ယေဟောဝါ၏ ရန်သူများအတွက် တရားစီရင်ချက်များ ထုတ်ပြန်ချမှတ်နိုင်သည့် ယေရှု၏ အခွင့်အာဏာကို ကိုယ်စားပြုသည်။—ဗျာဒိတ် ၁:၁၆။
ဘုရားသခင့် ကျေးကျွန်များ၏ တပင်တပန်း လုပ်ဆောင်မှုများ အချည်းနှီး မဖြစ်
၇။ ဟေရှာယ ၄၉:၃ တွင် ပါသော ယေဟောဝါ၏ စကားများသည် မည်သူနှင့် သက်ဆိုင်သနည်း၊ အဘယ်ကြောင့်နည်း။
၇ ယခု ယေဟောဝါသည် ဤပရောဖက်ပြုချက်စကားများကို မိန့်တော်မူ၏– “အိုဣသရေလ သင်သည် ငါ၏ ကျွန် ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်။” (ဟေရှာယ ၄၉:၃) ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏ ကျွန်အဖြစ် ဖော်ပြ၏။ (ဟေရှာယ ၄၁:၈) သို့သော် ယေရှုခရစ်သည် ဘုရားသခင်၏ အထူးခြားဆုံးသောကျွန် ဖြစ်သည်။ (တမန်တော် ၃:၁၃၊ ကဘ) ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများတွင် မည်သူမျှ ယေရှုကဲ့သို့ ယေဟောဝါ၏ “ဘုန်း” ကို မထင်ရှားစေနိုင်ပါ။ ထို့ကြောင့် စာသားအရ ဣသရေလလူများကို ရည်စူးခြင်း ဖြစ်သော်လည်း အမှန်မှာ ဤစကားများသည် ယေရှုနှင့် သက်ဆိုင်သည်။—ယောဟန် ၁၄:၉; ကောလောသဲ ၁:၁၅။
၈။ မေရှိယ၏ လူမျိုးကိုယ်နှိုက်သည် ကိုယ်တော်ကို မည်သို့ တုံ့ပြန်ကြသနည်း၊ သို့သော် မေရှိယသည် မိမိ၏ အောင်မြင်မှုများကို မည်သူ စီရင်သတ်မှတ်ရန် မျှော်လင့်သနည်း။
၈ သို့သော်လည်း ယေရှုသည် မိမိလူမျိုးကိုယ်နှိုက်၏ မထီမဲ့မြင်ပြုမှုနှင့် ငြင်းပယ်မှုကို ခံခဲ့ရသည် မဟုတ်လော။ မှန်ပါသည်။ ယေဘုယျအားဖြင့် ဣသရေလလူမျိုးသည် ယေရှုကို ဘုရားသခင့် ဘိသိက်ခံကျွန်အဖြစ် လက်မခံကြပါ။ (ယောဟန် ၁:၁၁) မြေကြီးပေါ်ရှိစဉ် ယေရှု လုပ်ဆောင်ခဲ့ရာအားလုံးသည် သူ၏ တစ်ခေတ်တည်းသားများအတွက် အကျိုးမရှိသလောက် ဖြစ်ပြီး အရေးမပါဟုပင် ရှုမြင်ခဲ့ကြပေမည်။ ဤသို့ ရှုမြင်ခြင်းက မိမိ၏ ဓမ္မအမှုတွင် အောင်မြင်ပုံ မရမှုကို မေရှိယက ထပ်၍ ဤသို့ ဆက်ဖော်ပြထား၏– “အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အား ကုန်ရပြီ။” (ဟေရှာယ ၄၉:၄က) မေရှိယသည် စိတ်ဓာတ်ကျ၍ ထိုသို့ ပြောခြင်း မဟုတ်ပါ။ ဆက်ပြောသော ဤစကားကို သုံးသပ်ကြည့်ပါ– “ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ ရှိ၏။ ငါခံရသော အခလည်း ငါ၏ ဘုရားသခင်လက်တော်၌ ရှိသည်။” (ဟေရှာယ ၄၉:၄ခ) မေရှိယ၏ အောင်မြင်မှုများကို လူသားများ မဟုတ်ဘဲ ဘုရားသခင် စီရင်သတ်မှတ်မည် ဖြစ်သည်။
၉၊ ၁၀။ (က) ယေဟောဝါထံမှ ရရှိသော မေရှိယ၏ တာဝန်မှာ အဘယ်နည်း၊ ကိုယ်တော်၏ ကြိုးစားအားထုတ်မှုသည် အဘယ်ရလဒ် ရစေသနည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် မေရှိယ၏ အတွေ့အကြုံမှ မည်သို့ ခွန်အားရနိုင်သနည်း။
၉ ယေရှုသည် ဘုရားသခင့် မျက်နှာသာ သို့မဟုတ် စေတနာကို အဓိက စိတ်ဝင်စားတော်မူ၏။ ပရောဖက်ပြုချက်၌ မေရှိယ ဤသို့ဆို၏– “ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍ ငါ၏ ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန် ဆောင်ခဲ့ရသောကျွန် ဖြစ်စေမည်အကြောင်း ငါ့ကို အမိဝမ်းထဲမှ စ၍ ဖန်ဆင်းတော်မူ” ၏။ (ဟေရှာယ ၄၉:၅) မေရှိယသည် ဣသရေလလူမျိုးတို့၏ စိတ်နှလုံးကို ကောင်းကင်ခမည်းတော်ထံသို့ ပြန်လှည့်စေမည်။ အများစုသည် လက်မခံကြသော်လည်း လက်ခံသူ အချို့ ရှိမည်။ သို့ရာတွင် ကိုယ်တော် ခံရသော အခသည် ယေဟောဝါ ဘုရားသခင်လက်တော်၌ ရှိသည်။ ကိုယ်တော်၏ အောင်မြင်မှုကို လူသားများ၏ စံနှုန်းများဖြင့် မဟုတ်ဘဲ ယေဟောဝါ ကိုယ်တော်တိုင်၏ စံနှုန်းများဖြင့် တိုင်းတာတော်မူ၏။
၁၀ ယနေ့၊ ယေရှု၏ နောက်လိုက်များသည် အချည်းနှီးအရာကို ပင်ပင်ပန်းပန်း လုပ်ဆောင်နေရသည်ဟု ရံဖန်ရံခါ ခံစားကြရပေမည်။ အချို့သော ဒေသများတွင် လုပ်ဆောင်မှု ပမာဏ၊ စိုက်ထုတ်ခဲ့သော အတိုင်းအတာတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါ သူတို့ဓမ္မအမှု၏ ရလဒ်သည် အရာမထင်ပုံပေါက်နေပေမည်။ သို့တိုင် သူတို့သည် ခံနိုင်ရည် ရှိကြပြီး ယေရှု၏ ပုံသက်သေမှ အားပေးမှု ရခဲ့ကြသည်။ ထို့ပြင် တမန်တော် ပေါလု၏ ဤစကားများကြောင့်လည်း ခွန်အား ရခဲ့ကြသည်– “ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။
“လူအမျိုးမျိုးတို့ လင်းစရာ”
၁၁၊ ၁၂။ မေရှိယသည် “လူမျိုးတို့ လင်းစရာ” မည်သို့ ဖြစ်ခဲ့သနည်း။
၁၁ ဟေရှာယ ပရောဖက်ပြုချက်တွင် ယေဟောဝါက မေရှိယအား ဘုရားသခင့်ကျေးကျွန် ဖြစ်ရခြင်းသည် “သာမညအမှု” မဟုတ်ကြောင်း သတိပေးကာ အားပေးထားသည်။ ယေရှုသည် “ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်း” တို့အတွက် ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ပြင် ယေဟောဝါ ဤသို့ ထပ်ရှင်းပြ၏– “ထိုအမှုမက သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ သင့်ကို တစ်ပါးအမျိုးသား [“လူမျိုး၊” ကဘ] တို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။” (ဟေရှာယ ၄၉:၆) ယေရှု၏ မြေကြီးဓမ္မအမှုသည် ဣသရေလလူမျိုးနှင့်သာ ကန့်သတ်ထားသည် ဖြစ်ရာ “မြေကြီးစွန်းတိုင်အောင်” ရှိသော လူများကို မည်သို့ အလင်း ထွန်းလင်းသနည်း။
၁၂ ကမ္ဘာ့ဇာတ်ခုံမှ ယေရှု ထွက်ခွာသွားခြင်းနှင့်အတူ ဘုရားသခင်၏ “လူမျိုးတို့ လင်းစရာ” သည် မငြိမ်းသွားကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ ယေရှု သေဆုံးပြီး ၁၅ နှစ်ခန့်အကြာတွင် သာသနာပြုများ ဖြစ်သော ပေါလုနှင့် ဗာနဗတို့သည် ဟေရှာယ ၄၉:၆ တွင် ပါသော ပရောဖက်ပြုချက်ကို ကိုးကားပြီး ယင်းကို ယေရှု၏ တပည့်တော်များ ဖြစ်သော ကိုယ်တော်၏ ဝိညာဏ ညီတော်များနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ သူတို့ ဤသို့ ရှင်းပြခဲ့၏– “မှာတော်မူသော ဗျာဒိတ်တော် အချက်ကား ‘သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသား [“လူမျိုး၊” ကဘ] တို့ လင်းစရာဖို့ ငါခန့်ထား၏’ ဟု ဗျာဒိတ်တော် ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။” (တမန်တော် ၁၃:၄၇) ပေါလု မသေဆုံးမီ ကယ်တင်ခြင်း သတင်းကောင်းသည် ဂျူးများအတွက်သာမက “လောကီနိုင်ငံတစ်လျှောက်လုံးကို နှံ့ပြားသည်” ကို သူ တွေ့မြင်သွားရသည်။ (ကောလောသဲ ၁:၆၊ ၂၃) ယနေ့အချိန်တွင် ခရစ်တော်၏ ဘိသိက်ခံ ညီတော် အကြွင်းအကျန်သည် ယင်းလုပ်ငန်းကို ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ သန်းနှင့်ချီရှိပြီ ဖြစ်သော “လူအုပ်ကြီး” ၏ ထောက်မမှုဖြင့် သူတို့သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံဒေသပေါင်း ၂၃၀ ကျော်တွင် “လူမျိုးတို့ လင်းစရာ” အဖြစ် အမှုဆောင်ကြသည်။—ဗျာဒိတ် ၇:၉။
၁၃၊ ၁၄။ (က) မေရှိယနှင့် ကိုယ်တော်၏ နောက်လိုက်များသည် ဟောပြောခြင်းလုပ်ငန်းအပေါ် အဘယ် တုံ့ပြန်မှုများကို ကြုံတွေ့ခဲ့ရသနည်း။ (ခ) အဘယ် အခြေအနေသည် ပြောင်းပြန် ဖြစ်ပျက်ခဲ့သနည်း။
၁၃ ယေဟောဝါသည် မိမိ၏ ကျွန်မေရှိယ၊ မေရှိယ၏ ဘိသိက်ခံ ညီတော်များ၊ သူတို့နှင့်အတူ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်လျက် ရှိသော လူအုပ်ကြီးအဝင်အားလုံးတို့၏ နောက်ခံအင်အား ဖြစ်ကြောင်း အမှန်ပင် ထင်ရှားခဲ့ပြီ။ ယေရှုကဲ့သို့ပင် ကိုယ်တော်၏ တပည့်တော်များသည် မထီမဲ့မြင် ပြုမှု၊ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်မှာ မှန်ပါသည်။ (ယောဟန် ၁၅:၂၀) သို့သော် ယေဟောဝါ သတ်မှတ်ထားချိန်တွင် မိမိ၏ သစ္စာရှိ ကျေးကျွန်များကို ကယ်လွှတ်ရန်နှင့် ဆုချရန် အခြေအနေများကို ပြောင်းပြန် ဖြစ်သွားရန် ကိုယ်တော် အမြဲ လုပ်ဆောင်တော်မူသည်။ “လူတို့ မထီမဲ့မြင်ပြုရာ၊ လူမျိုးတို့ ရွံရှာရာ” ဖြစ်သူ မေရှိယနှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ ကတိပြု၏– “သစ္စာစောင့်တော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးချယ်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ကြောင့် ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မှူးမတ်တို့သည်လည်း ပျပ်ဝပ်ကြလိမ့်မည်။”—ဟေရှာယ ၄၉:၇၊ သမ္မာ။
၁၄ ကြိုဟောခဲ့သော ထိုအခြေအနေ ပြောင်းပြန် ဖြစ်ခဲ့ကြောင်း နောက်ပိုင်းတွင် တမန်တော် ပေါလုက ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များထံ စာရေးခဲ့သည်။ သူက ယေရှုသည် ညှဉ်းဆဲရာ သစ်တိုင်တွင် နှိမ့်ချခံခဲ့ရသော်လည်း ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ခံရသည်ဟု ဖော်ပြခဲ့သည်။ ယေဟောဝါသည် မိမိ၏ ကျွန်ကို “ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ . . . ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်” ကြ၏။ (ဖိလိပ္ပိ ၂:၈-၁၁) ယေရှု၏ သစ္စာရှိ နောက်လိုက်များသည်လည်း နှိပ်စက်ညှဉ်းပန်းခြင်း ခံရမည်ဟု သတိပေးခဲ့သည်။ သို့သော် မေရှိယကဲ့သို့ပင် သူတို့သည် ယေဟောဝါ၏ စေတနာကို ယုံကြည်စိတ်ချကြသည်။—မဿဲ ၅:၁၀-၁၂; ၂၄:၉-၁၃; မာကု ၁၀:၂၉၊ ၃၀။
‘အထူး နှစ်သက်ဖွယ်သော အချိန်’
၁၅။ အဘယ် အထူး “အချိန်” အကြောင်း ဟေရှာယ ပရောဖက်ပြုချက်တွင် ဖော်ပြထားပြီး ယင်းက အဘယ်အရာကို ဆိုလိုသနည်း။
၁၅ ဟေရှာယ၏ ပရောဖက်ပြုချက်သည် အလွန် အရေးကြီးသော ဖော်ပြချက်တစ်ခုကို ဆက်ဖော်ပြ၏။ ယေဟောဝါသည် မေရှိယကို ဤသို့ မိန့်တော်မူ၏– “နှစ်သက်ဖွယ်သော အချိန် [“စေတနာထားချိန်၊” ကဘ] ၌ သင်၏ စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာ ကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါစောင့်ရှောက်၍ . . . လူမျိုးအား ပဋိညာဉ်တရားကို ပြုစရာဖို့ သင့်ကို ခန့်ထားမည်။” (ဟေရှာယ ၄၉:၈၊ ၉) ၎င်းနှင့် ဆင်တူသော ပရောဖက်ပြုချက်တစ်ခုကို ဆာလံ ၆၉:၁၃-၁၈ တွင် မှတ်တမ်းတင်ထားသည်။ ဆာလံဆရာက “စေတနာထားချိန်” ကို “မင်္ဂလာအချိန်ကာလ” ဟူသော အသုံးအနှုန်းဖြင့် အသုံးပြုဖော်ပြထားသည်။ ဤအသုံးအနှုန်းများက ယေဟောဝါ၏ စေတနာနှင့် ကာကွယ်ပေးမှုတို့ကို အထူးနည်းဖြင့် ပေးထားခြင်း ဖြစ်သော်လည်း သတ်မှတ်ထားသော ယာယီအချိန်ပိုင်းတစ်ခုအတွင်းနှင့်သာ သက်ဆိုင်သည်။
၁၆။ ရှေးဣသရေလလူမျိုးအတွက် ယေဟောဝါ၏ စေတနာထားချိန်ကား အဘယ်နည်း။
၁၆ စေတနာထားချိန်ကား အဘယ်နည်း။ မူရင်း နောက်ခံအဖြစ်အပျက်တွင် ယင်းစကားသည် ပြန်လည်တည်ထောင်ခြင်း ပရောဖက်ပြုချက်၏ အပိုင်းတစ်ခု ဖြစ်ပြီး ပြည်နှင်ခံရရာမှ ဂျူးများ ပြည်တော်ပြန်ခြင်းကို ကြိုဟောခဲ့ခြင်း ဖြစ်သည်။ ဣသရေလလူမျိုးသည် စေတနာထားချိန်နှင့် ကြုံကြိုက်ခဲ့ရသည်၊ သူတို့သည် “ပြည်တော်ကို ပြုပြင်လျက် ဆိတ်ညံသော အမွေခံရာ အရပ်တို့ကို အမွေ” ပြန်ရခဲ့ချိန်တွင် ဖြစ်သည်။ (ဟေရှာယ ၄၉:၈ခ) သူတို့သည် ဗာဗုလုန်တွင် “ချုပ်ထားသောသူတို့” မဟုတ်တော့ပါ။ ပြည်တော်ပြန် ခရီးလမ်းတွင် သူတို့သည် “ရေစာကို မငတ် မမွတ်၊” မည်သည့် “အပူကိုလည်း မခံရ” စေရန် ယေဟောဝါ လုပ်ဆောင်ပေးတော်မူခဲ့သည်။ အရပ်ရပ်တွင် ကွဲလွင့်နေကြသော ဣသရေလလူများသည် “ဝေးသောအရပ် . . . မြောက်မျက်နှာနှင့် အနောက်မျက်နှာမှ” သူတို့၏ ပြည်တော်သို့ ပြန်လည်စုဝေးလာကြသည်။ (ဟေရှာယ ၄၉:၉-၁၂) ဤထူးခြားသော အစောပိုင်း ပြည့်စုံချက် ရှိသော်လည်း ဤပရောဖက်ပြုချက်သည် ပို၍ ကြီးမားသော ပြည့်စုံချက် ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။
၁၇၊ ၁၈။ ပထမရာစုအတွင်း ယေဟောဝါသည် အဘယ် စေတနာထားချိန်ကို သတ်မှတ်ပေးခဲ့သနည်း။
၁၇ ဦးဆုံး၊ ယေရှု မွေးဖွားချိန်တွင် ကောင်းကင်တမန်များက ငြိမ်သက်ခြင်းနှင့် လူတို့အပေါ် ဘုရားသခင်၏ စေတနာ သို့မဟုတ် မျက်နှာသာ ပေးနေကြောင်း ကြွေးကြော်ခဲ့ကြသည်။ (လုကာ ၂:၁၃၊ ၁၄) ဤစေတနာမျိုးကို လူတိုင်းအပေါ် ထားခြင်း မဟုတ်ပါ၊ ယေရှုကို ယုံကြည်ကြောင်း တင်ပြသူများအပေါ်သာ ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ယေရှုသည် ဟေရှာယ ၆၁:၁၊ ၂ တွင် ပါသော ပရောဖက်ပြုချက်ကို လူထုရှေ့ ဖတ်ပြပြီး “ထာဝရဘုရား၏ မင်္ဂလာနှစ်” ကို ကြွေးကြော်သူအဖြစ် မိမိကိုယ်ကိုနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (လုကာ ၄:၁၇-၂၁) တမန်တော် ပေါလုက ခရစ်တော်သည် လူ့ဇာတိအဖြစ်၌ နေစဉ် ယေဟောဝါထံမှ အထူး ကာကွယ်မှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ (ဟေဗြဲ ၅:၇-၉) ထို့ကြောင့် ထိုအချိန်က စေတနာထားချိန်သည် ယေရှု လူသားဘဝအချိန်အတွင်း ဘုရားသခင်၏ မျက်နှာသာ ရရှိချိန်နှင့် သက်ဆိုင်နေသည်။
၁၈ သို့ရာတွင်၊ ဤပရောဖက်ပြုချက် နောက်ထပ် ပြည့်စုံဖို့ ရှိသေးသည်။ ပေါလုသည် စေတနာထားချိန်နှင့်ပတ်သက်သော ဟေရှာယ၏ စကားများကို ကိုးကားပြီးနောက် သူ ဤသို့ ဆို၏– “ယခုပင် [အထူး] နှစ်သက်ဖွယ်သောအချိန် ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ဖြစ်၏။” (၂ ကောရိန္သု ၆:၂၊ သမ္မာ) ပေါလုသည် ဤစကားများကို ယေရှု သေဆုံးပြီး ၂၂ နှစ်ကြာမှ ရေးသားခဲ့ခြင်း ဖြစ်သည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ခရစ်ယာန် အသင်းတော် မွေးဖွားလာခြင်းနှင့်အတူ ယေဟောဝါသည် ခရစ်တော်၏ ဘိသိက်ခံ နောက်လိုက်များလည်း ပါဝင်ခံစားနိုင်ရန် အလို့ငှာ ကိုယ်တော်၏ စေတနာနှစ်ကို တိုးချဲ့ခဲ့ကြောင်း ထင်ရှားသည်။
၁၉။ ယနေ့ ခရစ်ယာန်များသည် ယေဟောဝါ၏ စေတနာထားချိန်မှ မည်သို့ အကျိုးကျေးဇူး ခံစားနိုင်သနည်း။
၁၉ ဘုရားသခင့် ကောင်းကင်နိုင်ငံတော် အမွေခံများအဖြစ် ဘိသိက်မခံရသော ယနေ့ခေတ်ရှိ ယေရှု၏ နောက်လိုက်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ မြေကြီးမျှော်လင့်ချက်ရှိသော ထိုသူတို့သည် ဤနှစ်သက်ဖွယ်အချိန်မှ အကျိုးခံစားနိုင်ပါသလော။ ခံစားနိုင်ပါသည်။ ပရဒိသု ကမ္ဘာပေါ်တွင် အသက်ရှင်ပျော်မွေ့ရန် “ကြီးစွာသော ဆင်းရဲဒုက္ခထဲက ထွက်မြောက်” လာမည့် လူအုပ်ကြီးအပေါ် ယေဟောဝါ စေတနာထားသည့်အချိန်သည် ယခုအချိန်ပင် ဖြစ်ကြောင်း ဗျာဒိတ်ကျမ်း၌ ဖော်ပြထား၏။ (ဗျာဒိတ် ၇:၁၃-၁၇) ထို့ကြောင့် မစုံလင်သော လူသားများအတွက် အကန့်အသတ်နှင့်ဖြစ်သော ယေဟောဝါ စေတနာထားသည့် ဤအချိန်ကာလပိုင်းအတွင်း ခရစ်ယာန်အားလုံး အခွင့်အရေးယူ လုပ်ဆောင်နိုင်ပါသည်။
၂၀။ ခရစ်ယာန်များသည် ယေဟောဝါ၏ မခံစားထိုက်သော ကရုဏာကို အကျိုးမဲ့ မခံရန် အဘယ်နည်းဖြင့် ရှောင်နိုင်သနည်း။
၂၀ တမန်တော် ပေါလုသည် ယေဟောဝါ၏ နှစ်သက်ဖွယ်အချိန်နှင့်ပတ်သက်သော ကြွေးကြော်ချက်ကို မပြောမီ သတိပေးချက်ကို ဦးစွာ ဖော်ပြခဲ့သည်။ သူက ခရစ်ယာန်များအား “ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့ မခံကြနှင့်” ဟု နှိုးဆော်သွေးဆောင်ခဲ့သည်။ (၂ ကောရိန္သု ၆:၁) ထိုသို့နှင့်အညီ ခရစ်ယာန်များသည် ရရှိသည့် အခွင့်အရေးတိုင်းကို ဘုရားသခင့် နှစ်သက်လက်ခံမှု ရရန်နှင့် ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်ရန် အသုံးပြုကြသည်။ (ဧဖက် ၅:၁၅၊ ၁၆) သူတို့သည် ပေါလု၏ ဤဆုံးမသြဝါဒကို လိုက်လျှောက်လျှင် အကျိုးရမည်– “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံး မရှိစေခြင်းငှာ သတိပြုကြလော့။ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ‘ယနေ့’ ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။”—ဟေဗြဲ ၃:၁၂၊ ၁၃။
၂၁။ ဟေရှာယ အခန်းကြီး ၄၉ ၏ ပထမပိုင်းကို အဘယ် ရွှင်လန်းဖွယ်စကားဖြင့် နိဂုံးချုပ်ထားသနည်း။
၂၁ ယေဟောဝါနှင့် မေရှိယအကြား ပရောဖက်ပြုထားရာများ အဆုံးပိုင်းတွင် ဟေရှာယသည် ရွှင်လန်းဖွယ်ကောင်းသည့် ဤဖော်ပြချက်ကို မြွက်ဆို၏– “အိုမိုးကောင်းကင်တို့ သီချင်းဆိုကြလော့။ အိုမြေကြီး ဝမ်းမြောက်ခြင်း ရှိလော့။ အိုတောင်များတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။” (ဟေရှာယ ၄၉:၁၃) ရှေးခေတ် ဣသရေလလူမျိုးများ၊ ယေဟောဝါ၏ ကြီးမြတ်သောကျွန် ယေရှုခရစ်အပြင်၊ ယနေ့အချိန်ရှိ ယေဟောဝါ၏ ဘိသိက်ခံ ကျွေးကျွန်များ၊ သူတို့၏ အပေါင်းပါ “အခြားသိုး” အတွက် နှစ်သိမ့်မှု ဖြစ်စေသော နှစ်လို့ဖွယ်စကားများ ဖြစ်သည်!—ယောဟန် ၁၀:၁၆။
ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို မမေ့လျော့
၂၂။ ယေဟောဝါသည် မိမိလူမျိုးတော်ကို ဘယ်တော့မျှ မမေ့ကြောင်း မည်သို့ အလေးပေးဖော်ပြသနည်း။
၂၂ ယခု ဟေရှာယသည် ယေဟောဝါ၏ ကြေညာချက်များကို ဆက်၍ ထုတ်ဆင့်၏။ ပြည်နှင်ခံ ဣသရေလလူမျိုးများ စိတ်အားလျော့ကာ မျှော်လင့်ချက် ပျောက်မည်ဟု ကြိုဟောထားသည်။ ဟေရှာယ ဤသို့ ဆို၏– “ဇိအုန်ကလည်း ‘ထာဝရဘုရားသည် ငါ့ကို စွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီ’ ဟု ဆိုလေ” ၏။ (ဟေရှာယ ၄၉:၁၄) ယင်းသည် မှန်ပါသလော။ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို စွန့်ပစ်ပြီး သူတို့ကို မေ့ပစ်လိုက်ပြီလော။ ယေဟောဝါ၏ ပြောရေးဆိုခွင့် ရှိသူအနေဖြင့် ဟေရှာယ ဤသို့ ဆက်ဆို၏– “မိန်းမသည် မိမိ ဖွားသော သားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါ မမေ့လျော့။” (ဟေရှာယ ၄၉:၁၅) ယေဟောဝါထံမှ မည်မျှ မေတ္တာပါသော အဖြေပါတကား! မိမိလူမျိုးအပေါ် ထားသည့် ဘုရားသခင်၏ မေတ္တာသည် မိခင်တစ်ဦး မိမိ၏ ရင်သွေးငယ်ပေါ် ထားသည့် မေတ္တာထက် ပို၍ ကြီးမားတော်မူ၏။ ကိုယ်တော်သည် မိမိအား သစ္စာစောင့်သူများအား အမြဲ စဉ်းစားလျက် နေတော်မူ၏။ သူတို့၏ အမည်များကို ကိုယ်တော့်လက်တော်တွင် ရေးထိုးထားသည့်အလား ကိုယ်တော် သူတို့ကို သတိရတော်မူ၏– “ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ် ရှိ၏။”—ဟေရှာယ ၄၉:၁၆။
၂၃။ ယေဟောဝါသည် မိမိတို့ကို စွန့်ပစ်မည် မဟုတ်ကြောင်း ခရစ်ယာန်များအနေဖြင့် ယုံကြည်စိတ်ချကြရန် ပေါလု မည်သို့ အားပေးခဲ့သနည်း။
၂၃ ဂလာတိ ခရစ်ယာန်များထံ ရေးသော တမန်တော် ပေါလု၏ စာတွင် ဤသို့ တိုက်တွန်းခဲ့၏– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ တည်ကြည်၍ ကျင့်လျှင် အချိန်တန်သော ကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။” (ဂလာတိ ၆:၉) ဟေဗြဲလူများထံသို့ ဤအားပေးစကားများကို ရေးသားခဲ့၏– “နာမတော်ကို ထောက်၍ ပြသော မေတ္တာကို . . . ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည် မဟုတ်။” (ဟေဗြဲ ၆:၁၀) ယေဟောဝါသည် မိမိလူမျိုးကို မေ့လျော့တော်မူပြီဟု ကျွန်ုပ်တို့ ဘယ်တော့မျှ မခံစားသင့်ပါ။ ရှေးဇိအုန်ကဲ့သို့ ခရစ်ယာန်များတွင် ရွှင်လန်းရန်နှင့် ယေဟောဝါကို သည်းခံစောင့်မျှော်ရန် အကြောင်းကောင်း ရှိသည်။ ကိုယ်တော်သည် မိမိ၏ ပဋိညာဉ်စကားများနှင့် ကတိတော်များကို ခိုင်မြဲစွာ စောင့်စည်းတော်မူ၏။
၂၄။ ဇိအုန်တွင် အဘယ် အခြေအနေ ပြန်ဖြစ်လာမည်နည်း၊ အဘယ် မေးခွန်းများကို သူ မေးမည်နည်း။
၂၄ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ထပ်ဆင့် နှစ်သိမ့်မှုကို ကမ်းလှမ်းတော်မူ၏။ “[ဇိအုန်] ကို လုယူဖျက်ဆီးသောသူတို့” ဖြစ်သော ဗာဗုလုန်လူမျိုးများက ဖြစ်စေ၊ အယူဖောက်ပြန်သော ဂျူးများက ဖြစ်စေ နောက်တစ်ဖန် အန္တရာယ်ပေးနိုင်တော့မည် မဟုတ်ပါ။ ဇိအုန်၏ “သားသမီးတို့” ဖြစ်ကြသော ယေဟောဝါအား ဆက်သစ္စာစောင့်သိကြသည့် ပြည်နှင်ခံ ဂျူးများသည် “အလျင်အမြန် ပြုကြလိမ့်မည်။” သူတို့သည် “စုဝေး” ကြလိမ့်မည်။ ယေရုရှလင်မြို့သို့ အလျင်အမြန် ပြန်ခြင်းဖြင့် ပြည်တော်ပြန် ဂျူးများသည် “မင်္ဂလာဆောင် သတို့သမီး” ကို “တင့်တယ်သောအဝတ်” ကို ဝတ်စေသကဲ့သို့ မိမိတို့၏ မြို့တော်ကို တန်ဆာဆင်ကြလိမ့်မည်။ (ဟေရှာယ ၄၉:၁၇၊ ၁၈) ဇိအုန်မြို့နေရာသည် “သုတ်သင်ပယ်ရှင်းသောအရပ်” ဖြစ်ခဲ့ဖူးသည်။ နေစရာအရပ် ကျပ်ညှပ်လာသည်ဟု ထင်ရသည့်အထိ ချက်ချင်းပင် နေထိုင်သူ အများအပြား ရှိလာရာ မည်မျှ အံ့သြစရာ ဖြစ်မည်ကို မြင်ယောင်ကြည့်ပါ။ (ဟေရှာယ ၄၉:၁၉၊ ၂၀၊ ဖတ်။) ဤသားသမီးများသည် မည်သည့်နေရာမှ လာကြကြောင်း သူ မေးလေ၏– “သင်ကလည်း ‘ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ပွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက် နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့် အဝေးသို့ လည်ရသောသူ ဖြစ်၍ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ငါသည် တစ်ယောက်တည်းနေသည် ဖြစ်၍ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်း’ ဟု အောက်မေ့လိမ့်မည်။” (ဟေရှာယ ၄၉:၂၁) ယခင် လွင်တီးခေါင် ဖြစ်ခဲ့သော ဇိအုန်အတွက် ဝမ်းမြောက်စရာ အခြေအနေပါတကား!
၂၅။ မျက်မှောက်ခေတ်တွင် ဝိညာဏ ဣသရေလသည် အဘယ် ပြန်လည်တည်ထောင်ခြင်းကို ကြုံတွေ့ခဲ့ရသနည်း။
၂၅ ထိုစကားများသည် မျက်မှောက်ခေတ် ပြည့်စုံချက် ရှိသည်။ ပထမကမ္ဘာစစ်၏ ခက်ခဲသော နှစ်များသည် ဝိညာဏ ဣသရေလအတွက် ဖျက်ဆီးခံရပြီး သုံ့ပန်းဘဝ ရောက်ချိန် ဖြစ်သည်။ သို့သော် ပြန်လည်ထူထောင်လာနိုင်ကာ ဝိညာဏ ပရဒိသု ပြန်ဖြစ်လာသည်။ (ဟေရှာယ ၃၅:၁-၁၀) တစ်ချိန်က ရစရာ မရှိအောင် ဖျက်ဆီးခံရသော မြို့ဟု ဟေရှာယ ဖော်ပြခဲ့သော မြို့သည် ယခု သားနှင့်၊ သမီးနှင့် တပျော်တပါး ယေဟောဝါအား ဝတ်ပြုနေသည့်မြို့ ပြန်ဖြစ်နေလေပြီ။
“လူများအဖို့ အချက်ပြ”
၂၆။ ယေဟောဝါသည် မိမိ လွတ်မြောက်ပေးခဲ့သော လူမျိုးတော်အတွက် အဘယ် ညွှန်ကြားချက် ပေးသနည်း။
၂၆ ယခု ယေဟောဝါသည် ဟေရှာယကို မိမိ၏ လူမျိုးတော် ဗာဗုလုန်မှ လွတ်မြောက်မည့်အချိန်သို့ ပရောဖက်ပြုပုံစံဖြင့် ခေါ်ဆောင်သွားသည်။ သူတို့သည် ဘုရားသခင်၏ မည်သည့် ညွှန်ကြားချက်ကိုမဆို လက်ခံကြမည်လော။ ယေဟောဝါ ဤသို့ အဖြေပေး၏– “ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်း အပြည်ပြည်၌ နေသော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူ [“အချက်ပြ၊” ကဘ] သဖြင့် သူတို့သည် သင်၏ သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက် ဆောင်ခဲ့ကြလိမ့်မည်။” (ဟေရှာယ ၄၉:၂၂) မူလပြည့်စုံချက်တွင် ယခင်က အစိုးရရုံးစိုက်ရာ၊ ယေဟောဝါ၏ ဗိမာန်တော် တည်ရှိရာ ယေရုရှလင်မြို့သည် ယေဟောဝါ၏ “အချက်ပြ” ဖြစ်သည်။ အခြားလူမျိုးများထဲမှ ထင်ရှားကျော်ကြားပြီး အားကြီးသူများ ဖြစ်သည့် “ရှင်ဘုရင်တို့” နှင့် “မိဖုရား” ကဲ့သို့သောသူများပင် ဣသရေလလူမျိုးများ၏ ပြည်တော်ပြန်ခရီးတွင် ထောက်ပံ့ကူညီပေးကြသည်။ (ဟေရှာယ ၄၉:၂၃က) သူတို့ကို ထောက်မပေးသူများထဲတွင် ပါရှန်းဘုရင် ကုရု၊ အာတဇေရဇ် လောန်ဂင်မနပ်စ်နှင့် သူတို့၏ ပြည်သူပြည်သားတို့ ပါဝင်ကြောင်း ထင်ရှားသည်။ (ဧဇရ ၅:၁၃; ၇:၁၁-၂၆) ထို့ပြင် ဟေရှာယ၏ စကားများတွင် နောက်ထပ် ပြည့်စုံချက် ရှိသေးသည်။
၂၇။ (က) သာ၍ ကြီးသော ပြည့်စုံချက်အနေနှင့် လူအများသည် အဘယ် “အချက်ပြ” ဆီသို့ စုဝေးကြမည်နည်း။ (ခ) လူမျိုးအားလုံးသည် မေရှိယ၏ အုပ်ချုပ်မှုကို မဖြစ်မနေ ဝန်ခံရချိန်တွင် အဘယ်ရလဒ် ပေါ်ထွက်မည်နည်း။
၂၇ ဟေရှာယ ၁၁:၁၀ တွင် “လူများအဖို့ အချက်ပြ” အကြောင်း ဖော်ပြသည်။ တမန်တော် ပေါလုက ထိုစကားများကို ယေရှုခရစ်နှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (ရောမ ၁၅:၈-၁၂) ထို့ကြောင့် သာ၍ ကြီးသော ပြည့်စုံချက်အနေနှင့် ယေရှုနှင့် ကိုယ်တော်၏ ဝိညာဏ ဘိသိက်ခံ တွဲဖက်ဘုရင်တို့သည် လူများ စုဝေးလာမည့် ယေဟောဝါ၏ “အချက်ပြ” ဖြစ်ကြသည်။ (ဗျာဒိတ် ၁၄:၁) သတ်မှတ်ချိန်တွင် မြေကြီးပေါ်ရှိလူအားလုံး—ယနေ့ အုပ်ချုပ်သူ လူတန်းစားများပင်လျှင်—မေရှိယ၏ အုပ်ချုပ်မှုကို ဝန်ခံကြပေမည်။ (ဆာလံ ၂:၁၀-၁၁; ဒံယေလ ၂:၄၄၊ ၄၅) ရလဒ်ကား အဘယ်နည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင် သိလိမ့်မည်။”—ဟေရှာယ ၄၉:၂၃ခ။
‘ငါတို့ကို ကယ်တင်သော နေ့ရက်သည် ယခု သာ၍ နီးပြီ’
၂၈။ (က) ယေဟောဝါသည် မိမိလူမျိုးတော်ကို လွတ်မြောက်ပေးမည် ဖြစ်ကြောင်း အဘယ်စကားများဖြင့် တစ်ဖန် အာမခံသနည်း။ (ခ) ယေဟောဝါသည် လူမျိုးနှင့်ပတ်သက်၍ အဘယ်တာဝန် ရယူထားဆဲ ဖြစ်သနည်း။
၂၈ ဗာဗုလုန်တွင် ပြည်နှင်ခံနေရသော ဂျူးအချို့က ‘ဣသရေလလူမျိုး လွတ်မြောက်မယ်ဆိုတာ တကယ် ဖြစ်နိုင်ပါမလား’ ဟု တွေးဆကြပေမည်။ ယေဟောဝါသည် ထိုမေးခွန်းကို ဤသို့ မေးခြင်းဖြင့် ဆင်ခြင်သုံးသပ်ထား၏– “လက်ရဥစ္စာကို အားကြီးသောသူ၏ လက်မှ လုယက်နိုင်သလော။ ကြမ်းကြုတ်သောသူ၏ သုံ့ပန်းလူကို ကယ်လွှတ်နိုင်သလော။” (ဟေရှာယ ၄၉:၂၄၊ သမ္မာ) အဖြေမှာ လုပ်နိုင်သည်ဟူ၍ ဖြစ်သည်။ ယေဟောဝါသည် သူတို့ကို ဤသို့ အာမခံ၏– “အားကြီးသောသူ၏ သုံ့ပန်းလူကို ကယ်လွှတ်ခြင်း၊ ကြမ်းကြုတ်သောသူ၏ လက်ရဥစ္စာကို လုယက်ခြင်း ပြုနိုင်သည်။” (ဟေရှာယ ၄၉:၂၅က၊ သမ္မာ) နှစ်သိမ့်မှု ဖြစ်စေသည့် အာမခံချက်ပါတကား! ထို့ပြင် မိမိလူမျိုးအပေါ် ထားသည့် ယေဟောဝါ၏ စေတနာသည် သူတို့ကို ကာကွယ်ပေးမည် ဟူသော အခိုင်အမာ တာဝန်ယူမှုနှင့်အတူ သက်ရောက်လာသည်။ ရှင်းလင်းပြတ်သားစွာ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍ သင်၏ သားတို့ကို ကယ်တင်မည်။” (ဟေရှာယ ၄၉:၂၅ခ) ထိုတာဝန်ယူထားချက်သည် ယခုထိတိုင် အတည်ဖြစ်ဆဲ ဖြစ်သည်။ ဇာခရိ ၂:၈ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါသည် မိမိလူမျိုးတော်ကို ဤသို့ မိန့်တော်မူ၏– “သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။” မှန်ပါသည်၊ ယခု ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ လူများကို ဝိညာဏ ဇိအုန်သို့ စုဝေးရန် အခွင့်အရေး ရချိန်ဖြစ်သော စေတနာထားချိန်အတွင်း ပျော်မွေ့နေကြသည်။ သို့ရာတွင် ဤစေတနာထားချိန်သည် ကုန်ဆုံးသွားမည် ဖြစ်သည်။
၂၉။ ယေဟောဝါကို နာခံရန် ငြင်းပယ်သူများအတွက် အဘယ် ကြောက်မက်ဖွယ် အလားအလာ စောင့်ကြိုနေသနည်း။
၂၉ ယေဟောဝါကို နာခံရန် ခေါင်းမာမာနှင့် ငြင်းဆန်သူများ၊ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများကို နှိပ်စက်ညှဉ်းပန်းသူများပင် အဘယ်အရာ တွေ့ကြုံရမည်နည်း။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏ အသားနှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့ သူတို့သည် မိမိအသွေးကို ဝစွာ သောက်ရကြမည်။” (ဟေရှာယ ၄၉:၂၆က) ကြောက်မက်ဖွယ် အလားအလာပါတကား! ထိုခေါင်းမာသော ဆန့်ကျင်သူများ၌ ရေရှည် အနာဂတ် မရှိပါ။ သူတို့သည် ဖျက်ဆီးခံရမည်။ ထို့ကြောင့် မိမိလူမျိုးတော်ကို ကယ်တင်ပြီး သူတို့၏ ရန်သူများကို ဖျက်ဆီးခြင်းအားဖြင့် ယေဟောဝါကို ကယ်တင်ရှင်အဖြစ် တွေ့မြင်ရမည်။ “ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား ဖြစ်ကြောင်းကို လူအပေါင်းတို့သည် သိရကြလိမ့်မည်။”—ဟေရှာယ ၄၉:၂၆ခ။
၃၀။ ယေဟောဝါသည် မိမိလူမျိုးတော်၏ အကျိုးအတွက် အဘယ် ကယ်တင်ခြင်း လုပ်ရပ်များကို လုပ်ဆောင်တော်မူခဲ့သနည်း၊ အဘယ်အရာကို ကိုယ်တော် လုပ်ဆောင်ဦးမည်နည်း။
၃၀ ထိုစကားများသည် မိမိလူမျိုးတော်ကို ဗာဗုလုန် အချုပ်အနှောင်အောက်မှ လွတ်မြောက်ရန် ကုရုကို ယေဟောဝါ အသုံးပြုခဲ့ချိန်တွင် ပထမအကြိမ် သက်ဆိုင်ခဲ့သည်။ မိမိလူမျိုးကို ဝိညာဏသုံ့ပန်းဘဝမှ လွတ်မြောက်ပေးရန် မိမိ၏ နန်းထိုင်ဘုရင်၊ ယေရှုခရစ်ကို ယေဟောဝါ အသုံးပြုခဲ့သော ၁၉၁၉ တွင်လည်း ယင်းစကားများ ထပ်တူ သက်ဆိုင်ခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာက ယေဟောဝါနှင့် ယေရှု နှစ်ဦးစလုံးကို ကယ်တင်တော်မူသောအရှင်အဖြစ် ဖော်ပြထားသည်။ (တိတု ၂:၁၁-၁၃; ၃:၄-၆) ယေဟောဝါသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်ပြီး၊ ယေရှု၊ မေရှိယသည် ကိုယ်တော်၏ “ကိုယ်စားလှယ်ချုပ်” ဖြစ်သည်။ (တမန်တော် ၅:၃၁၊ ကဘ) ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း လုပ်ရပ်များသည် အမှန် အံ့ဖွယ် ဖြစ်သည်။ ယေဟောဝါသည် သတင်းကောင်းအားဖြင့် စိတ်နှလုံး ရိုးဖြောင့်သူများကို မှောက်မှားသော ဘာသာရေး အချုပ်အနှောင်မှ လွတ်မြောက်စေသည်။ ရွေးနုတ်ဖိုး ပူဇော်သကာအားဖြင့် ကိုယ်တော်သည် အပြစ်နှင့် သေခြင်း အချုပ်အနှောင်မှ သူတို့ကို လွတ်မြောက်စေသည်။ ၁၉၁၉ တွင် ကိုယ်တော်သည် ယေရှု၏ ညီတော်များကို ဝိညာဏ အချုပ်အနှောင်မှ ကယ်လွှတ်ပေးခဲ့သည်။ ထို့ပြင် အလျင်အမြန် ချဉ်းကပ်လာနေသော အာမဂေဒုန်စစ်တွင် ကိုယ်တော်သည် သစ္စာရှိ လူသားများ ဖြစ်သော လူအုပ်ကြီးကို အပြစ်ပြုသူများအပေါ် ကျရောက်မည့် ပျက်စီးခြင်းဘေးမှ လွတ်မြောက်စေတော်မူမည်။
၃၁။ ခရစ်ယာန်များသည် ဘုရားသခင်၏ စေတနာ ခံစားရသူများ ဖြစ်ရခြင်းကို မည်သို့ တုံ့ပြန်သင့်သနည်း။
၃၁ သို့ဖြစ်၍ ဘုရားသခင်၏ စေတနာ ခံစားရသူများ ဖြစ်ရခြင်းသည် အခွင့်ထူးတစ်ရပ်ပင်တည်း! ကျွန်ုပ်တို့အားလုံးသည် ဤမင်္ဂလာနှစ်ကို ပညာရှိစွာ အသုံးချနိုင်ကြပါစေ။ ရောမမြို့သားများထံ ရေးသော ပေါလု၏ စကားများကို နာခံကာ ကျွန်ုပ်တို့အချိန်၏ အရေးတကြီး ဖြစ်မှုနှင့်အညီ လုပ်ဆောင်နိုင်ကြပါစေ– “ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခု သာ၍ နီးသောကြောင့်လည်းကောင်း၊ ညဉ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလအချိန်ကို ထောက်လျက် မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တပ်မက်ခြင်းအလို့ငှာ မကြံစည်ကြနှင့်။”—ရောမ ၁၃:၁၁-၁၄။
၃၂။ ဘုရားသခင့် လူမျိုးတော်သည် အဘယ် အာမခံချက်များ ရရှိထားသနည်း။
၃၂ ယေဟောဝါသည် မိမိ၏ ဆုံးမသြဝါဒကို လိုက်နာသူများအား ဆက်၍ မျက်နှာသာ ပေးတော်မူမည်။ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို သူတို့ ဆက်လုပ်ဆောင်နိုင်ရန် လိုအပ်သော ခွန်အားနှင့် စွမ်းရည်များကို ကိုယ်တော် ပေးသနားတော်မူမည်။ (၂ ကောရိန္သု ၄:၇) ယေဟောဝါသည် မိမိ၏ ကျေးကျွန်များအား သူတို့၏ ခေါင်းဆောင် ယေရှုကဲ့သို့ အသုံးပြုတော်မူမည်။ ကိုယ်တော်သည် သူတို့၏ နှုတ်ကို “ထက်သော ဓားကဲ့သို့” ဖြစ်စေခြင်းဖြင့် သတင်းကောင်းကို စိတ်နူးညံ့သူများ၏ နှလုံးထဲသို့ ရောက်ရှိစေမည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကိုယ်တော်သည် မိမိ၏ လူမျိုးတော်ကို “လက်တော်အရိပ်” ဖြင့် ကာကွယ်တော်မူမည်။ “ပြောင်လက်သော မြား” ကဲ့သို့ သူတို့ကို ‘ကိုယ်တော်၏ မြားတောင့်တော်ထဲ၌’ ဝှက်ထားတော်မူမည်။ အမှန်ပင်၊ ယေဟောဝါသည် မိမိလူမျိုးကို စွန့်ပစ်မည် မဟုတ်ပါ!—ဆာလံ ၉၄:၁၄; ဟေရှာယ ၄၉:၂၊ ၁၅၊ သမ္မာ။
[အောက်ခြေမှတ်ချက်]
a “ယေရှုသည် ဘုရားသခင်၏ သား ဖြစ်ပြီး ပရောဖက်ပြုထားသော မိမိ၏ ခေါင်းကို ကြိတ်မည့်သူ ဖြစ်ကြောင်း (က ၃:၁၅) စာတန် သေချာပေါက် သိသောကြောင့် ယေရှုကို သတ်နိုင်ရန် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ခဲ့သည်။ သို့သော် ယေရှုကို ပဋိသန္ဓေစွဲမည့်အကြောင်း မာရိအား ကောင်းကင်တမန် ဂါဗြေလ ကြေညာချိန်တွင် ဤသို့ ပြောခဲ့၏– ‘သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးသော ဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။’ (လု ၁:၃၅) ယေဟောဝါသည် မိမိ၏ သားတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ နို့စို့ကလေးအရွယ်တွင် ယေရှုကို သတ်ပစ်ရန် ကြိုးစားအားထုတ်မှုများ မအောင်မြင်ခဲ့ပါ။”—ယေဟောဝါသက်သေများ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၈၆၈ [လိပ်]။