-
“စေတနာထားချိန်”ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၂၈။ (က) ယေဟောဝါသည် မိမိလူမျိုးတော်ကို လွတ်မြောက်ပေးမည် ဖြစ်ကြောင်း အဘယ်စကားများဖြင့် တစ်ဖန် အာမခံသနည်း။ (ခ) ယေဟောဝါသည် လူမျိုးနှင့်ပတ်သက်၍ အဘယ်တာဝန် ရယူထားဆဲ ဖြစ်သနည်း။
၂၈ ဗာဗုလုန်တွင် ပြည်နှင်ခံနေရသော ဂျူးအချို့က ‘ဣသရေလလူမျိုး လွတ်မြောက်မယ်ဆိုတာ တကယ် ဖြစ်နိုင်ပါမလား’ ဟု တွေးဆကြပေမည်။ ယေဟောဝါသည် ထိုမေးခွန်းကို ဤသို့ မေးခြင်းဖြင့် ဆင်ခြင်သုံးသပ်ထား၏– “လက်ရဥစ္စာကို အားကြီးသောသူ၏ လက်မှ လုယက်နိုင်သလော။ ကြမ်းကြုတ်သောသူ၏ သုံ့ပန်းလူကို ကယ်လွှတ်နိုင်သလော။” (ဟေရှာယ ၄၉:၂၄၊ သမ္မာ) အဖြေမှာ လုပ်နိုင်သည်ဟူ၍ ဖြစ်သည်။ ယေဟောဝါသည် သူတို့ကို ဤသို့ အာမခံ၏– “အားကြီးသောသူ၏ သုံ့ပန်းလူကို ကယ်လွှတ်ခြင်း၊ ကြမ်းကြုတ်သောသူ၏ လက်ရဥစ္စာကို လုယက်ခြင်း ပြုနိုင်သည်။” (ဟေရှာယ ၄၉:၂၅က၊ သမ္မာ) နှစ်သိမ့်မှု ဖြစ်စေသည့် အာမခံချက်ပါတကား! ထို့ပြင် မိမိလူမျိုးအပေါ် ထားသည့် ယေဟောဝါ၏ စေတနာသည် သူတို့ကို ကာကွယ်ပေးမည် ဟူသော အခိုင်အမာ တာဝန်ယူမှုနှင့်အတူ သက်ရောက်လာသည်။ ရှင်းလင်းပြတ်သားစွာ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍ သင်၏ သားတို့ကို ကယ်တင်မည်။” (ဟေရှာယ ၄၉:၂၅ခ) ထိုတာဝန်ယူထားချက်သည် ယခုထိတိုင် အတည်ဖြစ်ဆဲ ဖြစ်သည်။ ဇာခရိ ၂:၈ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါသည် မိမိလူမျိုးတော်ကို ဤသို့ မိန့်တော်မူ၏– “သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူ ဖြစ်၏။” မှန်ပါသည်၊ ယခု ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ လူများကို ဝိညာဏ ဇိအုန်သို့ စုဝေးရန် အခွင့်အရေး ရချိန်ဖြစ်သော စေတနာထားချိန်အတွင်း ပျော်မွေ့နေကြသည်။ သို့ရာတွင် ဤစေတနာထားချိန်သည် ကုန်ဆုံးသွားမည် ဖြစ်သည်။
-
-
“စေတနာထားချိန်”ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၃၀။ ယေဟောဝါသည် မိမိလူမျိုးတော်၏ အကျိုးအတွက် အဘယ် ကယ်တင်ခြင်း လုပ်ရပ်များကို လုပ်ဆောင်တော်မူခဲ့သနည်း၊ အဘယ်အရာကို ကိုယ်တော် လုပ်ဆောင်ဦးမည်နည်း။
၃၀ ထိုစကားများသည် မိမိလူမျိုးတော်ကို ဗာဗုလုန် အချုပ်အနှောင်အောက်မှ လွတ်မြောက်ရန် ကုရုကို ယေဟောဝါ အသုံးပြုခဲ့ချိန်တွင် ပထမအကြိမ် သက်ဆိုင်ခဲ့သည်။ မိမိလူမျိုးကို ဝိညာဏသုံ့ပန်းဘဝမှ လွတ်မြောက်ပေးရန် မိမိ၏ နန်းထိုင်ဘုရင်၊ ယေရှုခရစ်ကို ယေဟောဝါ အသုံးပြုခဲ့သော ၁၉၁၉ တွင်လည်း ယင်းစကားများ ထပ်တူ သက်ဆိုင်ခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာက ယေဟောဝါနှင့် ယေရှု နှစ်ဦးစလုံးကို ကယ်တင်တော်မူသောအရှင်အဖြစ် ဖော်ပြထားသည်။ (တိတု ၂:၁၁-၁၃; ၃:၄-၆) ယေဟောဝါသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်ပြီး၊ ယေရှု၊ မေရှိယသည် ကိုယ်တော်၏ “ကိုယ်စားလှယ်ချုပ်” ဖြစ်သည်။ (တမန်တော် ၅:၃၁၊ ကဘ) ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း လုပ်ရပ်များသည် အမှန် အံ့ဖွယ် ဖြစ်သည်။ ယေဟောဝါသည် သတင်းကောင်းအားဖြင့် စိတ်နှလုံး ရိုးဖြောင့်သူများကို မှောက်မှားသော ဘာသာရေး အချုပ်အနှောင်မှ လွတ်မြောက်စေသည်။ ရွေးနုတ်ဖိုး ပူဇော်သကာအားဖြင့် ကိုယ်တော်သည် အပြစ်နှင့် သေခြင်း အချုပ်အနှောင်မှ သူတို့ကို လွတ်မြောက်စေသည်။ ၁၉၁၉ တွင် ကိုယ်တော်သည် ယေရှု၏ ညီတော်များကို ဝိညာဏ အချုပ်အနှောင်မှ ကယ်လွှတ်ပေးခဲ့သည်။ ထို့ပြင် အလျင်အမြန် ချဉ်းကပ်လာနေသော အာမဂေဒုန်စစ်တွင် ကိုယ်တော်သည် သစ္စာရှိ လူသားများ ဖြစ်သော လူအုပ်ကြီးကို အပြစ်ပြုသူများအပေါ် ကျရောက်မည့် ပျက်စီးခြင်းဘေးမှ လွတ်မြောက်စေတော်မူမည်။
-