ဘုရားသခင်၏ပရောဖက်များကို ပုံသက်သေအဖြစ်ယူမှတ်ကြလော့
“ညီအစ်ကိုတို့ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်းအရာ၌ ထာဝရဘုရား၏နာမတော်နှင့် ဟောပြောသော ပရောဖက်တို့၏ပုံသက်သေကို မှတ်ယူကြလော့။”—ယာကုပ် ၅:၁၀၊ သမ္မာ။
၁။ ယေဟောဝါ၏ကျေးကျွန်များသည် နှိပ်စက်ညှဉ်းပန်းခံရသည့်အချိန်၌ပင် ရွှင်လန်းမှုရှိရန် မည်သည့်အရာကအကူအညီပေးသနည်း။
ယေဟောဝါ၏ကျေးကျွန်များသည် ဤနောက်ဆုံးအချိန်တွင် ကမ္ဘာအနှံ့ စိတ်ပျက်အားငယ်ဖွယ်ရာများ ပျံ့နှံ့နေသည့်ကြားမှ ရွှင်လန်းမှုရောင်ခြည်ဖြန့်လျက်ရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မိမိတို့သည် ဘုရားသခင်စိတ်တော်ရွှင်လန်းအောင် လုပ်နေကြကြောင်းကို သူတို့သိကြသောကြောင့်ဖြစ်သည်။ ယေဟောဝါ၏သက်သေများသည် သူတို့၏ လူသိရှင်ကြားဓမ္မအမှုဆောင်ခြင်းတွင် တွေ့ကြုံရသော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆန့်ကျင်မှုများကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ အကြောင်းမှာ ဖြောင့်မတ်ခြင်းအတွက် မိမိတို့ဒုက္ခခံစားနေရကြောင်းကို သိကြသောကြောင့်ဖြစ်သည်။ ယေရှုခရစ်က မိမိ၏နောက်တော်လိုက်များအား ဤသို့မိန့်တော်မူသည်– “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။” (မဿဲ ၅:၁၀-၁၂) မှန်ပါသည်၊ ဘုရားသခင့်ကျေးကျွန်များသည် ယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါတိုင်း ယင်းတို့ကို ဝမ်းမြောက်စရာအဖြစ်ယူမှတ်ကြသည်။—ယာကုပ် ၁:၂၊ ၃။
၂။ ယာကုပ် ၅:၁၀ အရ ကျွန်ုပ်တို့သည်းခံခြင်းကိုကျင့်သုံးရန် မည်သည့်အရာက အကူအညီဖြစ်စေနိုင်သနည်း။
၂ တပည့်တော်ယာကုပ် ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်းအရာ၌ ထာဝရဘုရား၏နာမတော်နှင့် ဟောပြောသော ပရောဖက်တို့၏ပုံသက်သေကို မှတ်ယူကြလော့။” (ယာကုပ် ၅:၁၀၊ သမ္မာ) အဘိဓာန်ပြုစုသူများဖြစ်ကြသည့် ဒဗလျူအက်ဖ်အန့်တ်နှင့် အက်ဖ်ဒဗလျူဂင့်ဂ်ရစ်ခ်တို့က ဤတွင် “ပုံသက်သေ” ဟုပြန်ဆိုသော ဂရိစကားလုံးကို “ကောင်းသောသဘောဖြင့် တုပရန် တစ်ဦးတစ်ယောက်အား တိုက်တွန်းသည့်၊ သို့မဟုတ် တိုက်တွန်းသင့်သည့် ပုံနမူနာ၊ ပုံစံ၊ ပုံသက်သေ” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ Theological Dictionary of the New Testament ၏အဆိုအရ “ယင်းသည် ပုံနမူနာတစ်ခုထက်မကပါ။ ယင်းသည် မူရင်းပုံစံအတိအကျဖြစ်သည်။” ထို့ကြောင့် ယေဟောဝါ၏ခေတ်သစ်ကျေးကျွန်များသည် ‘ဆင်းရဲဒုက္ခခံခြင်း’၊ ‘သည်းခံခြင်း’ တို့နှင့်စပ်လျဉ်း၍ ကိုယ်တော့်သစ္စာရှိပရောဖက်များကို ပုံသက်သေယူနိုင်ကြသည်။ သူတို့၏ဘဝကိုလေ့လာသောအခါ နောက်ထပ်မည်သည့်အရာများကို ကျွန်ုပ်တို့ပိုင်းခြားသိရှိနိုင်သေးသနည်း။ ယင်းက ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။
သူတို့ဆင်းရဲဒုက္ခတွေ့ခဲ့ကြ
၃၊ ၄။ ပရောဖက်အာမုတ်သည် အာမဇိ၏ဆန့်ကျင်မှုကို မည်သို့တုံ့ပြန်ခဲ့သနည်း။
၃ ယေဟောဝါ၏ပရောဖက်များသည် ဆင်းရဲဒုက္ခတွေ့ခြင်း သို့မဟုတ် မတရားပြုမူခံရခြင်းတို့ကို ရင်ဆိုင်ရလေ့ရှိသည်။ ပမာအားဖြင့် ဘီ.စီ.အီး. ကိုးရာစုအတွင်းက နွားသငယ်ဝတ်ပြုရေးယဇ်ပုရောဟိတ် အာမဇိသည် ပရောဖက်အာမုတ်အား ဆိုးညစ်စွာဆန့်ကျင်ဘက်ပြုခဲ့သည်။ အာမုတ်သည် ဒုတိယယေရောဗောင်မင်း ဓားဘေးဖြင့်သေရမည်၊ ဣသရေလလူမျိုးသည် ပြည်နှင်ခံရမည်ဟု ပရောဖက်ပြုခြင်းအားဖြင့် ဘုရင်ကိုဆန့်ကျင်ရန် လျှို့ဝှက်ကြံစည်သည်ဟု အာမဇိက မဟုတ်မမှန်စွပ်စွဲသည်။ အာမဇိက အာမုတ်အား ဤသို့မခန့်လေးစားပြောသည်– “အိုပရောဖက်၊ ယုဒပြည်သို့ပြေးသွားလော့။ ထိုပြည်မှာပရောဖက်ပြု၍ အသက်မွေးလော့။ နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏။” ဤသို့နှုတ်ဖြင့်တိုက်ခိုက်ခြင်းကို စိတ်ဓာတ်မကျဘဲ အာမုတ်ဤသို့ပြန်ပြောခဲ့သည်– “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ နွားကျောင်းသောသူ၊ သဖန်းသီးကိုဆွတ်သောသူဖြစ်စဉ်အခါ ထာဝရဘုရားသည် နွားကျောင်းရာမှငါ့ကိုနုတ်ယူ၍ သင်သွားလော့၊ ငါ၏ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။”—အာမုတ် ၇:၁၀-၁၅။
၄ ယေဟောဝါ၏ဝိညာဉ်တော်က အာမုတ်အား ရဲရင့်စွာပရောဖက်ပြုရန် ခွန်အားပေးခဲ့သည်။ အာမုတ်ဤသို့ပြောသောအခါ အာမဇိမည်သို့တုံ့ပြန်မည်ကို စဉ်းစားကြည့်ပါ– “ထာဝရဘုရား၏ [ယေဟောဝါ၊ ကဘ] အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတစ်ဖက်၌ ပရောဖက်မပြုနှင့်၊ ဣဇာက်အမျိုးတစ်ဖက်၌ မမြွက်နှင့်ဟုသင်ဆိုသော် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား သင်၏မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတစ်ပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်။” ထိုပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ (အာမုတ် ၇:၁၆၊ ၁၇) အယူဖောက်ပြန်သည့်ပရောဖက်အာမဇိ မည်မျှတုန်လှုပ်ခဲ့မည်တကား!
၅။ ယေဟောဝါ၏ ခေတ်သစ်ကျေးကျွန်များတို့၏အခြေအနေနှင့် ပရောဖက်အာမုတ်၏အခြေအနေတို့စပ်ကြား တူညီမှုများကို မည်သို့နှိုင်းယှဉ်နိုင်သနည်း။
၅ ယနေ့လည်း ယေဟောဝါသက်သေများ၏အခြေအနေသည် ထိုအဖြစ်အပျက်နှင့်ဆင်တူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားများကို ကြေညာကြသောကြောင့် ဆင်းရဲဒုက္ခခံရကြပြီး လူများစွာတို့က ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို မခန့်လေးစားပြောဆိုကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ဟောပြောရန် အခွင့်အာဏာအပ်နှင်းမှုသည် ဓမ္မပညာသင်ကျောင်းများမှ မဟုတ်ပါ။ ယင်းအစား ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်က ဘုရားနိုင်ငံတော်သတင်းကို ကြွေးကြော်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားများကို ပြောင်းလဲခြင်းလည်းမပြု၊ အာနိသင်လျော့ပါးအောင်လည်း မပြုကြပါ။ ယင်းသို့ပြုမည့်အစား အာမုတ်နည်းတူ နားထောင်သူများမည်သို့ပင်တုံ့ပြန်ပါစေ ကျွန်ုပ်တို့သည် နာခံမှုရှိရှိဖြင့် ယင်းကိုကြေညာကြသည်။—၂ ကောရိန္သု ၂:၁၅-၁၇။
သည်းခံခြင်းကို သူတို့ကျင့်သုံးခဲ့ကြ
၆၊ ၇။ (က) ဟေရှာယပရောဖက်ပြုခြင်းကို မည်သည့်အရာကထူးခြားစေသနည်း။ (ခ) ယေဟောဝါ၏ ယခုခေတ်ကျေးကျွန်များသည် ဟေရှာယနည်းတူ မည်သို့လုပ်ဆောင်ကြသနည်း။
၆ ဘုရားသခင့်ပရောဖက်များသည် သည်းခံခြင်းကို ကျင့်သုံးခဲ့ကြသည်။ ဥပမာ၊ ဘီ.စီ.အီး. ရှစ်ရာစုအတွင်းက ယေဟောဝါ၏ပရောဖက်အဖြစ် အမှုထမ်းသောဟေရှာယသည် သည်းခံခြင်းကိုတင်ပြခဲ့သည်။ သူ့အား ဘုရားသခင်ဤသို့မိန့်တော်မူသည်– “ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့သွားပြီးလျှင် သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်ဟုပြောလော့။ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့။” (ဟေရှာယ ၆:၉၊ ၁၀) လူများသည် အမှန်ပင် ထိုနည်းအတိုင်းတုံ့ပြန်ကြသည်။ သို့သော် ယင်းက ဟေရှာယအား လက်လျှော့စေသလော။ ဝေးပါသေးသည်၊ သည်းခံခြင်းဖြင့် ယေဟောဝါ၏သတိပေးသတင်းများကို ဇွဲရှိရှိကြေညာခဲ့သည်။ အထက်ကကိုးကားသွားသော ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဟေဗြဲအသုံးအနှုန်းဖွဲ့စည်းပုံက လူများ “ထပ်ခါထပ်ခါ” ကြားရသော ပရောဖက်များ၏ကြွေးကြော်ခြင်းသည် “ကြာရှည်သော ဆက်တိုက်ဖြစ်ခြင်း” သဘောကိုဆောင်သည်။—Gesenius’ Hebrew Grammar.
၇ ယနေ့လူများစွာတို့သည် ဟေရှာယသယ်ဆောင်လာသော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လူများတုံ့ပြန်ခဲ့သည့်နည်းအတိုင်း တုံ့ပြန်ကြသည်။ သို့သော် ထိုသစ္စာရှိပရောဖက်နည်းတူ ကျွန်ုပ်တို့သည် ဘုရားနိုင်ငံတော်သတင်းကို “ထပ်ခါထပ်ခါ” ဟောပြောကြသည်။ ယင်းသည် ယေဟောဝါ၏အလိုတော်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဇွဲနှင့် မဆုတ်မနစ်သည်းခံခြင်းအားဖြင့် ယင်းသို့ပြုလုပ်ကြသည်။
“မိန့်တော်မူသမျှအတိုင်းပြုကြ၏”
၈၊ ၉။ ယေဟောဝါ၏ပရောဖက်မောရှေသည် မည်သည့်နည်းများအားဖြင့် ပုံနမူနာကောင်းဖြစ်သနည်း။
၈ သည်းခံမှုနှင့်နာခံမှုအရာတွင် ပရောဖက်မောရှေသည် ပုံသက်သေကောင်းဖြစ်သည်။ ကျွန်ခံနေရသည့် ဣသရေလလူမျိုးနှင့်အတူ ရပ်တည်ရန်ရွေးချယ်ခဲ့သည်။ သို့သော် သူတို့၏ကယ်လွှတ်ချိန်အတွက် သူစိတ်ရှည်စွာစောင့်ဆိုင်းခဲ့ရသည်။ ဣသရေလလူမျိုးအား ကျွန်အဖြစ်မှလွတ်မြောက်အောင် ဦးဆောင်ခေါ်ထုတ်ရန် ဘုရားသခင်အသုံးမပြုမီ မိဒျန်ပြည်၌ အနှစ် ၄၀ သူနေခဲ့သည်။ မောရှေနှင့် သူ့အစ်ကိုအာရုန်တို့သည် အီဂျစ်ဘုရင်ရှေ့ရောက်သောအခါတွင် ဘုရားသခင်အမိန့်ပေးထားသည့်အတိုင်း သူတို့ပြောဆိုပြုမူကြသည်။ အမှန်အားဖြင့် သူတို့သည် “မိန့်တော်မူသမျှအတိုင်းပြုကြ၏။”—ထွက်မြောက်ရာ ၇:၁-၆; ဟေဗြဲ ၁၁:၂၄-၂၉။
၉ မောရှေသည် တောထဲတွင် ဣသရေလတို့နှင့် ကြမ်းတမ်းခက်ထန်သော အနှစ် ၄၀ ကာလကို ကြံ့ကြံ့ခံရပ်တည်ခဲ့သည်။ ဣသရေလလူမျိုးတို့၏ တဲတော်တည်ဆောက်ခြင်းနှင့် ဝတ်ပြုရေးတွင်အသုံးပြုသော အခြားပစ္စည်းကိရိယာများပြုလုပ်ခြင်းတို့တွင် ဘုရားသခင့်ညွှန်ကြားမှုကို နာခံမှုရှိရှိသူလိုက်လျှောက်ခဲ့သည်။ ထိုပရောဖက်သည် ဘုရားသခင့်လမ်းညွှန်မှုကို မည်မျှတိတိကျကျလိုက်လျှောက်ခဲ့ကြောင်း ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။” (ထွက်မြောက်ရာ ၄၀:၁၆) ယေဟောဝါ၏အဖွဲ့အစည်းနှင့်ပေါင်းသင်းပြီး ကျွန်ုပ်တို့၏ဓမ္မအမှုကိုလုပ်ဆောင်နေစဉ် မောရှေ၏နာခံမှုကို ကျွန်ုပ်တို့သတိရကြပြီး တမန်တော်ပေါလု၏ “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့” ဟူသောသြဝါဒကို ကျင့်သုံးကြစို့။—ဟေဗြဲ ၁၃:၁၇။
သူတို့အပြုသဘောရှိကြ
၁၀၊ ၁၁။ (က) ပရောဖက်ဟောရှေသည် အပြုသဘောရှိကြောင်း မည်သည့်အရာကဖော်ပြသနည်း။ (ခ) ကျွန်ုပ်တို့၏ရပ်ကွက်ရှိလူများကို ချဉ်းကပ်သောအခါ အပြုသဘောကို ကျွန်ုပ်တို့မည်သို့ဆက်လက်ထိန်းသိမ်းနိုင်မည်နည်း။
၁၀ တရားစီရင်မည့်သတင်းအပြင် ဣသရေလနိုင်ငံတွင် ကွဲလွင့်နေကြသော သစ္စာရှိသူများအပေါ် ဘုရားသခင်၏ မေတ္တာပါအရေးစိုက်မှုကိုထင်ဟပ်သည့် ပရောဖက်ပြုချက်များကို ဖြန့်ချိသောအခါတွင် ပရောဖက်များသည် အပြုသဘောရှိရန်လိုအပ်သည်။ ယင်းသည် ၅၉ နှစ်ထက်မနည်း ပရောဖက်ဖြစ်ခဲ့သော ဟောရှေ၏အဖြစ်အပျက်တွင် မှန်ကန်သည်။ သူသည် အပြုသဘောဖြင့် ယေဟောဝါ၏သတင်းတော်များကို ဆက်၍ဖြန့်ဝေပြီး သူ၏ပရောဖက်ပြုစာစောင်ကို ဤသို့နိဂုံးချုပ်ထားသည်– “အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကိုသိရလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သောသူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား ထိုလမ်းတို့၌ ထိမိ၍လဲကြလိမ့်မည်။” (ဟောရှေ ၁၄:၉) ကျွန်ုပ်တို့သက်သေခံရန် ယေဟောဝါခွင့်ပြုနေသရွေ့ ကျွန်ုပ်တို့သည် အပြုသဘောရှိပြီး ဘုရားသခင်၏ မခံစားထိုက်သောကရုဏာတော်အား ပညာရှိရှိလက်ခံမည့်သူများကို ဆက်လက်ရှာဖွေကြစို့။
၁၁ ‘ထိုက်တန်သောသူများ’ ကိုရှာဖွေရန် ကျွန်ုပ်တို့သည် ဇွဲရှိပြီး အရာရာကို အပြုသဘောဖြင့်မြင်ရန်လိုသည်။ (မဿဲ ၁၀:၁၁) ဥပမာ၊ ကျွန်ုပ်တို့၏သော့ကို အထားမှားလျှင် ကျွန်ုပ်တို့၏ခြေလှမ်းများကို နောက်ကြောင်းပြန်ကောက်ပြီး ကျွန်ုပ်တို့ရောက်ခဲ့သမျှနေရာများတွင် ရှာကြမည်။ ယင်းသို့ထပ်ခါထပ်ခါပြုပြီးနောက်မှသာလျှင် ကျွန်ုပ်တို့ရှာတွေ့နိုင်မည်။ သိုးကဲ့သို့သောသူများကို ရှာဖွေရာတွင် အလားတူဇွဲရှိကြစို့။ ထပ်ခါထပ်ခါအမှုဆောင်ထားသော ရပ်ကွက်များတွင် သတင်းကောင်းကိုသူတို့လက်ခံလျှင် ကျွန်ုပ်တို့အတွက် မည်မျှရွှင်လန်းဖွယ်ပါတကား! ယခင်က ကျွန်ုပ်တို့၏ လူသိရှင်ကြားဓမ္မအမှုဆောင်ခြင်း ကန့်သတ်ခံခဲ့ရသောနိုင်ငံများတွင် ကျွန်ုပ်တို့၏လုပ်ငန်းကို ဘုရားသခင်ကောင်းချီးပေးနေခြင်းသည်လည်း ကျွန်ုပ်တို့အတွက် မည်မျှဝမ်းမြောက်ဖွယ်ပါတကား!—ဂလာတိ ၆:၁၀။
အားပေးမှု၏အခြေအမြစ်များ
၁၂။ ယောလ၏ မည်သည့်ပရောဖက်ပြုချက်သည် ၂၀ ရာစုတွင်ပြည့်စုံပြီး မည်သို့အားဖြင့်နည်း။
၁၂ ယေဟောဝါ့ပရောဖက်များ၏စကားများသည် ဓမ္မအမှုဆောင်နေသောကျွန်ုပ်တို့အတွက် ကြီးမားသည့်အားပေးမှုအခြေအမြစ်ဖြစ်နိုင်သည်။ ဥပမာ၊ ယောလပရောဖက်ပြုချက်ကို စဉ်းစားကြည့်ပါ။ ယင်းတွင် ဘီ.စီ.အီး. ကိုးရာစုက အယူဖောက်ပြန်သည့်ဣသရေလများနှင့် အခြားသူများအပေါ် တရားစီရင်ချက်သတင်းများပါဝင်သည်။ သို့သော် ဤသို့ပရောဖက်ပြုရန်လည်း ယောလမှုတ်သွင်းခံရသေးသည်– “ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍ သူတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။” (ယောလ ၂:၂၈၊ ၂၉) ယင်းသည် စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ယေရှု၏တပည့်တော်များအပေါ်၌ ပြည့်စုံခဲ့သည်။ ဤ ၂၀ ရာစုအတွင်း ဤပရောဖက်ပြုချက်သည် မည်မျှကြီးကျယ်စွာပြည့်စုံလာပါသည်တကား! ယနေ့ “ပရောဖက်ပြုသူ”၊ သို့မဟုတ် ယေဟောဝါ၏သတင်းတော်ကြွေးကြော်သူ သန်းပေါင်းများစွာရှိပြီး သူတို့ထဲတွင် ၆၀၀,၀၀၀ ကျော်တို့သည် အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နေကြသည်။
၁၃၊ ၁၄။ လယ်ကွင်းဓမ္မအမှုတွင် ရွှင်လန်းမှုရနိုင်ရန် ခရစ်ယာန်လူငယ်များအား မည်သည့်အရာကအကူအညီဖြစ်စေနိုင်သနည်း။
၁၃ ဘုရားနိုင်ငံတော်ကြွေးကြော်သူများစွာတို့သည် လူငယ်များဖြစ်ကြသည်။ သူတို့အနေနှင့် လူကြီးများကို ကျမ်းစာအကြောင်းပြောပြရန်မှာ အမြဲမလွယ်ကူပါ။ တစ်ခါတစ်ရံ ယေဟောဝါ၏ ငယ်ရွယ်သောကျေးကျွန်များ ဤသို့အပြောခံရသည်– ‘မင်းတို့ဒီလိုလိုက်ဟောနေကြတာ အလကားအချိန်ကုန်တယ်။ မင်းတို့ တခြားအလုပ်တစ်ခုခုလုပ်သင့်တယ်။’ ငယ်ရွယ်သူယေဟောဝါသက်သေများက ထိုပုဂ္ဂိုလ်ထိုသို့ယူမှတ်ခြင်းအတွက် မိမိတို့ဝမ်းနည်းကြောင်း လိမ္မာပါးနပ်စွာပြန်ပြောနိုင်သည်။ ဤသို့ဆက်ပြောခြင်းက အကူအညီဖြစ်စေကြောင်း သတင်းကောင်းဟောပြောသည့်လူငယ်တစ်ဦး တွေ့မြင်ခဲ့သည်– “ခင်ဗျားလိုလူကြီးတစ်ယောက်နဲ့ စကားပြောရတာ ကျွန်တော့်အတွက် တကယ့်ကိုအကျိုးလည်းရှိ၊ နှစ်သက်စရာလည်းကောင်းတယ်လို့ ကျွန်တော်ယူဆတယ်။” သတင်းကောင်းဟောပြောခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်သည်မှာ သေချာသည်။ သေရေးရှင်ရေးသို့ရောက်နေသည်။ ဘုရားသခင်သည် ယောလအားဖြင့် နောက်ထပ်ဤသို့ကြေညာသေးသည်– “ထိုအခါ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။”—ယောလ ၂:၃၂။
၁၄ ဘုရားနိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် မိဘများနှင့်အတူလိုက်ပါသောကလေးများသည် ကိုယ်ပိုင်ပန်းတိုင်များထားခြင်းနှင့်ပတ်သက်သည့် မိဘများ၏အကူအညီကို ဝမ်းမြောက်ဝမ်းသာလက်ခံကြသည်။ ထိုငယ်ရွယ်သူများသည် ကျမ်းချက်တစ်ချက်ဖတ်ခြင်းမှစ၍ မိမိတို့၏ ကျမ်းစာအခြေပြုသည့်မျှော်လင့်ချက်ကို ရှင်းပြခြင်းနှင့် စိတ်ဝင်စားသူများအား သင့်လျော်သည့်စာပေများကို ဝေငှခြင်းတို့အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာကြသည်။ မိမိတို့၏တိုးတက်မှုနှင့် ယေဟောဝါ၏ကောင်းချီးတို့ကို သိမြင်လာကြသောအခါ ငယ်ရွယ်သောဘုရားနိုင်ငံတော်ကြညာသူများသည် သတင်းကောင်းဟောပြောရာတွင် ကြီးမားသည့်ရွှင်လန်းမှုကို ခံစားရကြသည်။—ဆာလံ ၁၁၀:၃; ၁၄၈:၁၂၊ ၁၃။
ဇွဲ နှင့် စောင့်ဆိုင်းတတ်သည့်သဘော
၁၅။ ဘုရားနိုင်ငံတော်ဟောပြောခြင်းအတွက် ကျွန်ုပ်တို့၏ဇွဲပြန်လည်ရှင်သန်ရန် ယေဇကျေလ၏ပုံသက်သေက မည်သို့ကူညီပေးနိုင်သနည်း။
၁၅ ဘုရားသခင့်ပရောဖက်များသည် ဇွဲနှင့် စောင့်ဆိုင်းတတ်သည့်သဘောနှစ်မျိုးလုံး—ယနေ့ ကျွန်ုပ်တို့ဓမ္မအမှုဆောင်ရာ၌ လိုအပ်သောအရည်အသွေးကို တင်ပြခြင်းတွင်လည်း ပုံသက်သေကောင်းကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကို ကျွန်ုပ်တို့ ဦးဆုံးစတင်လေ့လာစဉ်က ရဲရင့်စွာထုတ်ဖော်ပြောဆိုရန် ဇွဲစိတ်တောက်လောင်မှုက ကျွန်ုပ်တို့အားလှုံ့ဆော်သည်။ သို့သော် နှစ်များကုန်လွန်လာပြီး ကျွန်ုပ်တို့၏သက်သေခံရသည့်ရပ်ကွက်ကို မကြာခဏအမှုဆောင်ပြီးဖြစ်မည်။ ဘုရားနိုင်ငံတော်သတင်းကို လက်ခံသူနည်းလာမည်။ ယင်းက ကျွန်ုပ်တို့၏ဇွဲကို မှေးမှိန်သွားစေသလော။ မှေးမှိန်သွားစေသည်ဆိုလျှင် “ဘုရားသခင်ခွန်အားပေး” ဟူ၍အဓိပ္ပာယ်ရသော ပရောဖက်ယေဇကျေလကို စဉ်းစားကြည့်ပါ။ ရှေးဣသရေလနိုင်ငံတွင် နှလုံးခိုင်မာသောသူတို့နှင့် တွေ့ကြုံရစေကာမူ ဘုရားသခင်သည် သူ့ကိုခွန်အားပေးပြီး ပုံဆောင်သဘောအရ သူ၏နဖူးကို မီးခတ်ကျောက်ကဲ့သို့ ခိုင်မာစေတော်မူခဲ့သည်။ သို့အားဖြင့် ယေဇကျေလသည် လူများနားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ နှစ်ပေါင်းမြောက်မြားစွာ သူ၏ဓမ္မအမှုကိုထမ်းဆောင်နိုင်ခဲ့သည်။ သူ့ပုံသက်သေက ကျွန်ုပ်တို့လည်း ထိုနည်းတူလုပ်ဆောင်နိုင်ကြောင်းတင်ပြပြီး ယင်းက ဟောပြောခြင်းအတွက် ဇွဲစိတ်ပြန်လည်ရှင်သန်ရန် အကူအညီဖြစ်စေနိုင်သည်။—ယေဇကျေလ ၃:၈၊ ၉; ၂ တိမောသေ ၄:၅။
၁၆။ မိက္ခာ၏ မည်သည့်သဘောထားကို ကျွန်ုပ်တို့ပြုစုပျိုးထောင်သင့်သနည်း။
၁၆ သည်းခံခြင်းကြောင့် မှတ်သားလောက်သူမှာ ဘီ.စီ.အီး. ရှစ်ရာစုက ပရောဖက်ပြုခဲ့သော မိက္ခာဖြစ်သည်။ “ငါမူကား ထာဝရဘုရားကိုမျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကိုနားထောင်တော်မူမည်” ဟု သူရေးသားခဲ့သည်။ (မိက္ခာ ၇:၇) မိက္ခာ၏ယုံကြည်စိတ်ချမှုသည် သူ၏ခိုင်မြဲသည့်ယုံကြည်ခြင်းတွင် အခြေစိုက်ထားသည်။ ယေဟောဝါသည် မိမိရည်ရွယ်တော်မူသောအရာကို မလွဲဧကန်ပြုလုပ်မည်ဖြစ်ကြောင်း ပရောဖက်ဟေရှာယနည်းတူ မိက္ခာသိသည်။ ယင်းကို ကျွန်ုပ်တို့လည်းသိကြသည်။ (ဟေရှာယ ၅၅:၁၁) ထို့ကြောင့် ဘုရားသခင့်ကတိတော်များပြည်စုံခြင်းအပေါ် စောင့်ဆိုင်းတတ်သည့်သဘောကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ကြစို့။ လူများသည် ဘုရားနိုင်ငံတော်သတင်းကို စိတ်ဝင်စားမှုအနည်းငယ်သာတင်ပြသောဒေသများ၌ပင် သတင်းကောင်းကို ဇွဲရှိရှိဟောပြောကြစို့။—တိတု ၂:၁၄; ယာကုပ် ၅:၇-၁၀။
ယနေ့ သည်းခံခြင်းကိုကျင့်သုံးခြင်း
၁၇၊ ၁၈။ ကျွန်ုပ်တို့ သည်းခံမှုကိုကျင့်သုံးနိုင်ရန် ရှေးခေတ်နှင့်ခေတ်သစ်ဆိုင်ရာ မည်သည့်ပုံသက်သေများက ကျွန်ုပ်တို့အားကူညီနိုင်သနည်း။
၁၇ အချို့သောပရောဖက်တို့သည် မိမိတို့၏တာဝန်ကို သည်းခံလျက် စွဲစွဲမြဲမြဲထမ်းဆောင်သော်လည်း သူတို့ပရောဖက်ပြုချက်၏ ပြည့်စုံမှုကို မမြင်ခဲ့ရချေ။ သို့သော် မတရားပြုမူခံရလေ့ရှိသောအခါများတွင် သူတို့၏သည်းခံမှုရှိစွဲမြဲတည်ကြည်မှုက ကျွန်ုပ်တို့၏ဓမ္မအမှုကို ကျေပွန်စေနိုင်ကြောင်း သဘောပေါက်ရန်အကူအညီဖြစ်စေသည်။ ၂၀ ရာစုအစောပိုင်းက သစ္စာရှိဘိသိက်ခံများ၏ ပုံသက်သေမှလည်း ကျွန်ုပ်တို့အကျိုးကျေးဇူးရနိုင်ကြသည်။ သူတို့၏ကောင်းကင်မျှော်လင့်ချက်သည် သူတို့မျှော်လင့်သလောက် အလျင်အမြန်မပြည့်စုံခဲ့သော်လည်း ဖင့်နွှဲနေဟန်ရှိခြင်းကြောင့် သူတို့အား ကိုယ်တော်ထင်ရှားပြသခဲ့သည့် ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ခြင်းအတွက်ဇွဲကို မှေးမှိန်သွားစေမည့်စိတ်ပျက်ခြင်းကို သူတို့ခွင့်မပြုကြပါ။
၁၈ ဤခရစ်ယာန်များစွာတို့သည် ကင်းမျှော်စင် နှင့် ယင်း၏တွဲဖက်ဂျာနယ်ဖြစ်သည့် နိုးလော့! (ယခင်က The Golden Age နှင့် နောက်ပိုင်းတွင် Consolation ဟုအမည်ရခဲ့) တို့ကို မှန်မှန်ဖြန့်ဝေလာခဲ့ကြသည်။ သူတို့သည် ဤတန်ဖိုးရှိဂျာနယ်များကို လမ်းပေါ်ရှိလူများနှင့် ယနေ့ မဂ္ဂဇင်းလမ်းကြောင်းဟုကျွန်ုပ်တို့ခေါ်သော အိမ်များတွင် ဇွဲရှိရှိဖြန့်ဝေပေးကြသည်။ မြေကြီးဆိုင်ရာအသက်တာပြီးဆုံးသွားသော သက်ကြီးရွယ်အိုညီအစ်မတစ်ဦးသည် သူမသက်သေခံနေခြင်းကို တွေ့နေကျဖြစ်သော ဖြတ်သန်းသွားလာသူများက သူမ မရှိတော့ကြောင်းကို ချက်ချင်းသတိထားမိကြသည်။ သူမ၏ လူသိရှင်ကြားဓမ္မအမှုဆောင်ခြင်းကို လေးမြတ်သောသတိပြုမိသောသူများ၏ မှတ်ချက်များအရ သူမ၏ သစ္စာရှိစွာအမှုဆောင်သော နှစ်ပေါင်းများစွာတစ်လျှောက် သူမသည် အကြီးအကျယ်သက်သေခံခဲ့ပါတကား! သင်သည် နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအနေနှင့် သင့်ဓမ္မအမှုတွင်တွေ့ဆုံသူများ၏လက်ထဲသို့ ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို မှန်မှန်ဝေငှနေသလော။
၁၉။ ဟေဗြဲ ၆:၁၀-၁၂ က ကျွန်ုပ်တို့ကိုမည်သို့အားပေးသနည်း။
၁၉ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် အမှုဆောင်ကြသောညီအစ်ကိုများ၏ သည်းခံမှုနှင့် သစ္စာရှိအမှုတော်ဆောင်ခြင်းတို့ကိုလည်း ဆင်ခြင်ကြည့်ပါ။ သူတို့ထဲမှ အတော်များများသည် ယခု အသက်ကိုးဆယ်တစ်ရာရှိသော်လည်း သူတို့သည် မိမိတို့ခန့်အပ်ခံရသည့်တာဝန်ကို ဇွဲရှိရှိထမ်းဆောင်နေကြသော ဘုရားနိုင်ငံတော်ကြွေးကြော်သူများ ဖြစ်နေဆဲဖြစ်သည်။ (ဟေဗြဲ ၁၃:၇) ကောင်းကင်မျှော်လင့်ချက်ရှိကြသော အခြားသက်ကြီးရွယ်ကြီးများနှင့် “အခြားသိုး” များထဲမှ အသက်ကြီးရင့်လာကြသောသူအချို့ကော မည်သို့နည်း။ (ယောဟန် ၁၀:၁၆) ဘုရားသခင်သည် မိမိနာမတော်အတွက် သူတို့၏လုပ်ဆောင်မှုနှင့် သူတို့တင်ပြသောမေတ္တာကို မေ့လျော့သည့်တိုင်အောင် မဖြောင့်မတ်မှုကိုပြုတော်မူမည်မဟုတ်ကြောင်း သူတို့စိတ်ချသေချာကြသည်။ ငယ်ရွယ်သောယုံကြည်သူချင်းတို့နှင့်တွဲ၍ အသက်ကြီးသူယေဟောဝါသက်သေများသည် သူတို့လုပ်နိုင်သည့်အရာကိုလုပ်ခြင်း၊ ယုံကြည်ခြင်းတင်ပြခြင်းနှင့် ဘုရားသခင့်အမှုတော်မြတ်တွင် သည်းခံမှုတင်ပြခြင်းတို့တွင် ကြိုးစားအားထုတ်နိုင်ကြပါစေ! (ဟေဗြဲ ၆:၁၀-၁၂) သို့ဖြစ်လျှင် ရှေးပရောဖက်များကဲ့သို့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့်သော်လည်းကောင်း၊ လာမည့် “ကြီးစွာသောဒုက္ခ” ကို ဖြတ်သန်းသွားခြင်းအားဖြင့်သော်လည်းကောင်း သူတို့သည် ထာဝရအသက်တည်းဟူသော ကြွယ်ဝသည့်ဆုကျေးဇူးကို ရိတ်သိမ်းကြရမည်။—မဿဲ ၂၄:၂၁။
၂၀။ (က) ပရောဖက်တို့၏ “ပုံသက်သေ” မှ မည်သည့်အရာများကို သင်ခန်းစာရရှိသနည်း။ (ခ) ပရောဖက်များကဲ့သို့သည်းခံခြင်းက ကျွန်ုပ်တို့အား မည်သို့အကူအညီပေးနိုင်သနည်း။
၂၀ ဘုရားသခင့်ပရောဖက်များချမှတ်ခဲ့သော မည်မျှကောင်းသည့်ပုံသက်သေပါတကား! သူတို့သည် ဆင်းရဲဒုက္ခကိုခံရပ်၊ သည်းခံခြင်းကိုတင်ပြ၊ ဘုရားရေးရာအရည်အချင်းအမျိုးမျိုးကို တင်ပြကြသောကြောင့် သူတို့သည် ဘုရားသခင့်နာမတော်နှင့် စကားပြောရသည့်အခွင့်ထူးကိုရကြသည်။ ကိုယ်တော်၏ ခေတ်သစ်သက်သေများအနေနှင့် ကျွန်ုပ်တို့သည် သူတို့ကဲ့သို့ဖြစ်ပြီး ဤသို့ကြေညာသော ပရောဖက်ဟဗက္ကုတ်ကဲ့သို့ သန္နိဋ္ဌာန်ချကြစို့– “ငါသည် ငါ့လင့်စင်ပေါ်မှာရပ်လျက် ရဲတိုက်၌အမြဲနေလျက် ငါ့အား [ဘုရားသခင်] အဘယ်သို့မိန့်တော်မူမည်ကိုလည်းကောင်း . . . စောင့်နေ [၏။]” (ဟဗက္ကုတ် ၂:၁) ကျွန်ုပ်တို့သည် သည်းခံခြင်းကိုတင်ပြနေပြီး ကျွန်ုပ်တို့၏မဟာဖန်ဆင်းရှင်ယေဟောဝါ၏ နာမတော်ကို ထင်ရှားကျော်ကြားရန် ရွှင်လန်းစွာ လူသိရှင်ကြားဆက်ကြေညာနေစဉ် အလားတူစိတ်ပိုင်းဖြတ်ထားကြစို့!—နေဟမိ ၈:၁၀; ရောမ ၁၀:၁၀။
ဤအချက်များကို သင်သဘောပေါက်သလော
◻ ပရောဖက်အာမုတ်သည် ရဲစွမ်းသတ္တိဆိုင်ရာမည်သည့်ပုံသက်သေကို တင်ပြသနည်း။
◻ ပရောဖက်မောရှေသည် မည်သည့်နည်းဖြင့် ပုံသက်သေဖြစ်သနည်း။
◻ ယေဟောဝါ၏ ခေတ်သစ်သက်သေများသည် အာမုတ်နှင့်ဟေရှာယနည်းတူ မည်သို့လုပ်ဆောင်နိုင်ကြသနည်း။
◻ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် ဟောရှေနှင့်ယောလတို့ထံမှ မည်သည့်သင်ခန်းစာရယူနိုင်သနည်း။
◻ ယေဇကျေလနှင့်မိက္ခာတို့၏ပုံသက်သေမှ ကျွန်ုပ်တို့မည်သို့အကျိုးကျေးဇူးရယူနိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အာမဇိ၏ပြင်းထန်သည့်ဆန့်ကျင်မှုကြားမှ ယေဟောဝါ၏ဝိညာဉ်တော်က အာမုတ်အား ရဲရင့်စွာပရောဖက်ပြုရန် ခွန်အားပေးခဲ့သည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သစ္စာရှိဘိသိက်ခံများသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် သည်းခံမှုတင်ပြခြင်းအားဖြင့် ပုံသက်သေကောင်းကိုတင်ပြခဲ့ကြသည်