ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၁၈ စာ. ၁၂၀-၁၂၆
  • ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေ
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်တို့ “ချဉ်းကပ်ကြလော့”
  • ကျောက်ခဲတို့ကို သွန်းလောင်းရာ ပူဇော်သကာ ပူဇော်ခြင်း
  • “တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်”
  • ‘သင်၏ အလုံးအရင်းတို့သည် သင့်ကို ကယ်နုတ်နိုင်မည် မဟုတ်’
  • ‘ငါ့ကို ကိုးစားသောသူမူကား ပြည်တော်ကို အမွေခံရလိမ့်မည်’
  • ‘ဝေးသောသူ၊ နီးသောသူတို့အတွက် ငြိမ်သက်ခြင်း’
  • ဖခင်တစ်ဦးနှင့် ပုန်ကန်သော သားများ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ၏ လက်တော် တိုသည် မဟုတ်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၁၈ စာ. ၁၂၀-၁၂၆

အခန်း ဆယ့်ရှစ်

ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေ

ဟေရှာယ ၅၇:၁-၂၁

၁။ ယေဟောဝါသည် အဘယ် အာမခံချက်ကို ပေးတော်မူခဲ့သနည်း၊ ကိုယ်တော်၏ စကားတော်မှ အဘယ် မေးခွန်းများ ပေါ်ပေါက်လာသနည်း။

“သန့်ရှင်းခြင်းဟု နာမ ရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသော ဘုရား မိန့်တော်မူသည်ကား ‘ငါသည် မြင့်မြတ်သန့်ရှင်းသောအရပ်၌ နေ၏။ စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ ကြေကွဲနှိမ့်ချသော စိတ်သဘော ရှိသောသူတို့၌လည်း ငါနေ၏။’” (ဟေရှာယ ၅၇:၁၅) ဘီ.စီ.အီး. ရှစ်ရာစုမှ ပရောဖက် ဟေရှာယ၏ ရေးသားချက်များ ဖြစ်သည်။ ယုဒပြည်တွင် အဘယ်အရာ ဖြစ်ပျက်နေ၍ ဤမျှ နှစ်သိမ့်အားပေးမှု ဖြစ်သော သတင်းစကားကို ရေးခဲ့ခြင်း ဖြစ်သနည်း။ ထိုမှုတ်သွင်းခံစကားများသည် ယနေ့ ခရစ်ယာန်များကို မည်သို့ အထောက်အကူပြုသနည်း။ ဟေရှာယ အခန်းကြီး ၅၇ ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ထိုမေးခွန်းများ၏ အဖြေကို ရရှိမည်။

အသင်တို့ “ချဉ်းကပ်ကြလော့”

၂။ (က) ဟေရှာယ အခန်းကြီး ၅၇ ပါ စကားများသည် အဘယ်အချိန်နှင့် သက်ဆိုင်ပုံရသနည်း။ (ခ) ဟေရှာယခေတ်ရှိ ဖြောင့်မတ်သူများ၏ အခြေအနေမှာ အဘယ်နည်း။

၂  ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ဟေရှာယခေတ်အချိန်နှင့် သက်ဆိုင်ပုံရသည်။ ဆိုးသွမ်းမှုသည် ယခု မည်မျှအထိ အခိုင်အမာ အမြစ်တွယ်လာနေသည်ကို သုံးသပ်ကြည့်ပါ– “ဖြောင့်မတ်သောသူသည် ဆုံး၍၊ ဆုံးသည်ကို အဘယ်သူမျှ နှလုံးမသွင်း။ ဘုရားတရား ကြည်ညိုသူတို့သည် ဖျက်ဆီးခြင်း ခံရ၍ ခံရသည်ကို အဘယ်သူမျှ မဆင်ခြင်။ ဖြောင့်မတ်သောသူသည် ဆိုးသော အမှုအရာရှေ့မှာ ဖျက်ဆီးခြင်း ခံ၍ ငြိမ်းချမ်းရာသို့ ရောက်၏။ ဖြောင့်မတ်စွာ ကျင့်ပြီးလျှင် မိမိအိပ်ရာပေါ်မှာ နားနေရ၏။” (ဟေရှာယ ၅၇:၁၊ ၂၊ သမ္မာ) ဖြောင့်မတ်သူတစ်ဦး ဆုံးရှုံးသည်ကို မည်သူမျှ ဂရုမစိုက်ကြပါ။ သူ၏ အချိန်မတော် သေဆုံးခြင်းကို မည်သူမျှ သတိမပြုမိကြပါ။ သေခြင်း၌ အိပ်ပျော်ခြင်းသည် လူဆိုးတို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်ဒုက္ခမှ ကင်းလွတ်စေသောကြောင့် သူ့အတွက် ငြိမ်သက်မှု ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူမျိုးသည် ဝမ်းနည်းဖွယ် အခြေအနေသို့ ဆိုက်ရောက်နေသည်။ သို့သော် ဆက်၍ သစ္စာရှိသူများက ယေဟောဝါသည် အဘယ်အရာ ဖြစ်ပျက်နေသည်ကို တွေ့မြင်တော်မူသည့်အပြင် မိမိတို့အား ထောက်ကူမည်ကို သိထားခြင်းကြောင့် အားရှိကြမည်။

၃။ ယေဟောဝါသည် ဆိုးသွမ်းသော ယုဒလူမျိုးဆက်ကို မည်သို့ မိန့်တော်မူသနည်း၊ အဘယ်ကြောင့်နည်း။

၃ ယေဟောဝါသည် ဆိုးသွမ်းသော ယုဒလူမျိုးဆက်ကို ဤသို့ ဆင့်ခေါ်မိန့်တော်မူ၏– “စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည့်တန်ဆာမသားတို့ ချဉ်းကပ်ကြလော့။” (ဟေရှာယ ၅၇:၃) သူတို့ကို စုန်းမသား၊ ဖောက်ပြန်၍ ရသည့် သား၊ ပြည့်တန်ဆာ လုပ်၍ ရသည့် သားဟူသော ရှက်ဖွယ် အသုံးအနှုန်းဖြင့် ကောင်းစွာ ခေါ်ထိုက်သည်။ သူတို့ လိုက်စားခဲ့သော မှောက်မှားသည့် ဝတ်ပြုရေးတွင် ရုပ်ပုံကိုးကွယ်ခြင်းနှင့် နတ်ဝိဇ္ဇာအတတ်အပြင် လိင်စာရိတ္တယိုယွင်းသည့် အကျင့်များစသည့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ ပါဝင်သည်။ ထို့ကြောင့် ထိုအပြစ်ကျူးလွန်သူများကို ယေဟောဝါ ဤသို့ မေးတော်မူ၏– “သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကို ဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်ကြသည် မဟုတ်လော။ စိမ်းသောသစ်ပင် ရှိသမျှအောက်မှာ ရုပ် [ပုံ] ၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကို သတ်သောသူ မဟုတ်လော။”—ဟေရှာယ ၅၇:၄၊ ၅။

၄။ ယုဒပြည်ရှိ လူဆိုးများသည် အဘယ် အပြစ်ကျူးလွန်ကြသနည်း။

၄ ယုဒပြည်ရှိ လူဆိုးများသည် “ကျီစယ်” ပျော်မြူးလျက် သူတို့၏ ထိတ်လန့်ဖွယ်ကောင်းသော မှောက်မှားသည့် ဝတ်ပြုရေးကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ကြသည်။ သူတို့ကို ပဲ့ပြင်တည့်မတ်ပေးရန် စေလွှတ်ခံရသော ဘုရားသခင့် ပရောဖက်များကို မျက်နှာပြောင်တိုက်ကာ မလေးစားသည့် အမူအရာ ဖြစ်သော လျှာထုတ်ပြခြင်းတို့ ပြုခြင်းဖြင့် အထင်အမြင်သေးစွာ ကဲ့ရဲ့ပြောင်လှောင်ကြသည်။ သူတို့သည် အာဗြဟံ၏ သားသမီးများ ဖြစ်ကြသော်လည်း သူတို့၏ ပုန်ကန်သော နည်းလမ်းများက သူတို့ကို ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်စေသည်။ (ဟေရှာယ ၁:၄; ၃၀:၉; ယောဟန် ၈:၃၉၊ ၄၄) ကျေးလက်ဒေသများရှိ သစ်ပင်ကြီးများအောက်၌ သူတို့၏ ရုပ်ပုံကိုးကွယ်မှုတွင် ဘာသာရေးစိတ် ထက်သန်ပြင်းထန်လာအောင် လှုံ့ဆော်ကြသည်။ တကယ့် ကြမ်းကြုတ်သော ဝတ်ပြုကိုးကွယ်မှုပင်! ရွံရှာဖွယ် ထုံးစံနည်းလမ်းများကြောင့် ပြည်တော်မှ ယေဟောဝါ နှင်ထုတ်ခဲ့သော လူမျိုးကဲ့သို့ပင် သူတို့သည် မိမိတို့၏ သားသမီးများကိုပင် သတ်၍ ပူဇော်ကြသည်!—၃ ဓမ္မရာဇဝင် ၁၄:၂၃; ၄ ဓမ္မရာဇဝင် ၁၆:၃၊ ၄; ဟေရှာယ ၁:၂၉။

ကျောက်ခဲတို့ကို သွန်းလောင်းရာ ပူဇော်သကာ ပူဇော်ခြင်း

၅၊ ၆။ (က) ယုဒပြည်သူပြည်သားများသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်မည့်အစား အဘယ်အရာ ပြုလုပ်ဖို့ ရွေးချယ်ခဲ့ကြသနည်း။ (ခ) ယုဒ၏ ရုပ်ပုံကိုးကွယ်ခြင်းသည် မည်မျှ ဗြောင်ကျ၊ ကျယ်ပြန့်သနည်း။

၅ ယုဒပြည်သူပြည်သားများသည် ရုပ်ပုံကိုးကွယ်ခြင်း၌ မည်မျှအထိ နစ်မွန်းခဲ့သည်ကို ကြည့်ပါ– “ချိုင့်ထဲမှာ ချောသော ကျောက်ခဲတို့တွင် သင်၏တာ ရှိ၏။ ထိုသို့သောအရာတို့သည် သင်၏ အမွေ [“ဝေပုံ၊” သမ္မာ] ဖြစ်၏။ ထိုသို့သောအရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။” (ဟေရှာယ ၅၇:၆) ဂျူးလူမျိုးများသည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး ဖြစ်သော်လည်း ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်မည့်အစား သူတို့သည် မြစ်ကြမ်းပြင်မှ ကျောက်တုံးများကို သယ်လာကြပြီး ၎င်းတို့နှင့် ဘုရားများ ပြုလုပ်ကြသည်။ ဒါဝိဒ်က ယေဟောဝါသည် သူ၏ အမွေခံရာအဖို့ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ဤအပြစ်ကျူးလွန်သူများသည် သက်မဲ့ ကျောက်တုံးရုပ်ပုံများကို သူတို့၏ ဝေပုံအဖြစ် ရွေးချယ်ခဲ့ပြီး ယင်းတို့ရှေ့တွင် သွန်းလောင်းရာ ပူဇော်သကာကို သွန်းလောင်းကြသည်။ (ဆာလံ ၁၆:၅; ဟဗက္ကုတ် ၂:၁၉) ယေဟောဝါ၏ နာမတော်ကို ကိုယ်စားပြုသော လူမျိုးသည် ဝတ်ပြုရေးကို ထိုသို့ ဖောက်လှဲဖောက်ပြန်ပြုခြင်းကြောင့် ကိုယ်တော်သည် သူတို့ထံမှ အဘယ် နှစ်သက်ဖွယ်ရာကို ရှာတွေ့နိုင်မည်နည်း။

၆ သစ်ပင်ကြီးများအောက်၊ ချိုင့်ထဲ၊ တောင်ပေါ်၊ မြို့ထဲ—နေရာတိုင်းတွင် ယုဒလူမျိုးတို့သည် ရုပ်ပုံကိုးကွယ်ခြင်းပြစ်မှု ကျူးလွန်ကြသည်။ သို့သော် ယေဟောဝါသည် ယင်းအရာအားလုံးကို တွေ့မြင်တော်မူပြီး ဟေရှာယမှတစ်ဆင့် သူ၏ ဖောက်ပြန်မှုကို ကိုယ်တော် ဤသို့ ဖော်ထုတ်တော်မူ၏– “မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ ခုတင်ကို ထားပြီးလျှင် ထိုအရပ်သို့ တက်၍ ယဇ်ပူဇော်တတ်၏။ သင် အောက်မေ့စရာ သက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီ။” (ဟေရှာယ ၅၇:၇-၈က) ယုဒသည် မြင့်သော နေရာများ၌ ဝိညာဏ မသန့်ရှင်းမှု ခုတင်ကို ပြင်ဆင်သည်၊ ထိုနေရာတွင် တိုင်းတစ်ပါးဘုရားများကို ယဇ်ပူဇော်ကြသည်။a ကိုယ်ပိုင်အိမ်များ၌ပင် တံခါးနှင့် တံခါးတိုင်များနောက်တွင် ရုပ်ပုံများကို ထားကြသည်။

၇။ ယုဒသည် မည်သို့သော သဘောဖြင့် ညစ်ညမ်းသော ဝတ်ပြုကိုးကွယ်ရေးတွင် ပါဝင်ပတ်သက်သနည်း။

၇ ယုဒသည် မသန့်ရှင်းသော ဝတ်ပြုကိုးကွယ်မှုတွင် ဤမျှအထိ အဘယ်ကြောင့် ပါဝင်ပတ်သက်သည်ကို အချို့ အံ့အားသင့်ကြပေမည်။ ယေဟောဝါကို စွန့်ပစ်ရန် အချို့သော အင်အားကြီးနိုင်ငံများက သူ့အား အတင်းအကျပ်ပြုခဲ့၍လော။ မဟုတ်ပါ။ သူသည် ယင်းကို စိတ်လိုကိုယ်လျောက်၊ ထက်သန်စွာ ပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါမှတစ်ပါး အခြားသူတို့အား အဝတ်ကို ချွတ်၍ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍ နေရာအရပ်ကို ရှာလေပြီ။” (ဟေရှာယ ၅၇:၈ခ) ယုဒသည် မှောက်မှားသော ဘုရားများနှင့် ပဋိညာဉ် ဖွဲ့ခဲ့ပြီး သူတို့နှင့် တရားမဝင် ဆက်ဆံခြင်းကို နှစ်သက်သည်။ သူမသည် အထူးသဖြင့် ညစ်ညမ်းသော လိင်ဆိုင်ရာ အကျင့်အကြံများကို နှစ်သက်ကာ ထိုဘုရားများအား ဝတ်ပြုကိုးကွယ်သည့် အမှတ်လက္ခဏာ ဖြစ်သော ယောက်ျားတန်ဆာကို ကိုယ်စားပြုသည့် အထိမ်းအမှတ်များကို အသုံးပြုဖွယ် ရှိသည်!

၈။ အထူးသဖြင့် မည်သည့် ဘုရင်လက်ထက်တွင် ယုဒပြည်၌ ရုပ်ပုံကိုးကွယ်မှု ထွန်းကားခဲ့သနည်း။

၈ အလွန်အကျွံ ယိုယွင်းဖောက်ပြန်မှု၊ ကြမ်းကြုတ်သည့် ဝတ်ပြုကိုးကွယ်မှုအဖြစ် ရုပ်လုံးဖော်ပြထားချက်သည် ယုဒ မင်းဆိုးများအကြောင်း ကျွန်ုပ်တို့ သိထားချက်နှင့် ကိုက်ညီသည်။ ဥပမာ၊ မနာရှေသည် မြင့်သော ကုန်းများကို တည်လုပ်ပြီး ဗာလ ယဇ်ပလ္လင်ကို တည်ကာ ဗိမာန်တော် ရင်ပြင်နှစ်ခုတွင် မှောက်မှားသော ဘာသာရေး ယဇ်ပလ္လင်များကို တည်ဆောက်ခဲ့သည်။ သူသည် မိမိ၏ သားများကို မီးဖြင့် ပူဇော်ခဲ့ပြီး မှော်အတတ်ကို လိုက်စားခဲ့သည်၊ ကာလဗေဒင်ကို ကြည့်ခဲ့သည်၊ နတ်ဝိဇ္ဇာအတတ် အမျိုးမျိုးကို လိုက်စားခဲ့သည်။ မနာရှေမင်းသည် သူကိုယ်တိုင် ပြုလုပ်ခဲ့သော မြင့်မြတ်သောတိုင် ရုပ်ပုံကိုလည်း ယေဟောဝါ၏ ဗိမာန်တော်တွင် ထားလေသည်။b မနာရှေသည် “ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကို ပြုစေခြင်းငှာ” ယုဒလူတို့ကို သွေးဆောင်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၁:၂-၉) ဟေရှာယ ၁:၁ တွင် မနာရှေ၏ အမည် မပါရှိသော်လည်း မနာရှေသည် ဟေရှာယကို သတ်သူ ဖြစ်သည်ဟု အချို့ ယုံကြည်ကြသည်။

“တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်”

၉။ ယုဒသည် တမန်များကို “ဝေးသောအရပ်သို့” အဘယ်ကြောင့် စေလွှတ်သနည်း။

၉ ယုဒ အပြစ်ကျူးလွန်ခြင်းသည် မှောက်မှားသော ဘုရားများ ဝတ်ပြုကိုးကွယ်ခြင်းမျှသာမကပါ။ ယေဟောဝါသည် မိမိ၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ဟေရှာယကို အသုံးပြုကာ ဤသို့ မိန့်တော်မူ၏– “ဆီမွှေး ပါလျက် ရှင်ဘုရင့်ထံသို့ သွားပြီ။ နံ့သာမျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။” (ဟေရှာယ ၅၇:၉) သစ္စာမဲ့ ယုဒနိုင်ငံသည် “ဘုရင်”—တိုင်းတစ်ပါးနိုင်ငံမှ ဘုရင် ဖြစ်ဖွယ်ရှိ—ထံသို့ သွားကာ ဆီမွှေး၊ နံ့သာမျိုးတို့ဖြင့် တင်စားသော တန်ဖိုးကြီးပြီး အလွန် ကောင်းသော လက်ဆောင်များကို ဆက်သကြသည်။ ယုဒသည် တမန်များကို ဝေးသော အရပ်သို့ စေလွှတ်ကြသည်။ အဘယ်ကြောင့်နည်း။ သူနှင့် နိုင်ငံရေး မဟာမိတ် ဖွဲ့ရန် တိုင်းတစ်ပါးနိုင်ငံများကို သွေးဆောင်ဖို့ ဖြစ်သည်။ ယေဟောဝါကို ကျောခိုင်းပြီး တိုင်းတစ်ပါး ဘုရင်များကို ကိုးစားကြသည်။

၁၀။ (က) ဘုရင်အာခတ်သည် အာရှုရိဘုရင်နှင့် မဟာမိတ် ဖွဲ့ရန် မည်သို့ ကြိုးစားသနည်း။ (ခ) ယုဒသည် မည်သည့်နည်းဖြင့် “မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ” သနည်း။

၁၀ ယင်းဥပမာတစ်ခုကို အာခတ်ဘုရင်ခေတ်တွင် တွေ့ရသည်။ ဣသရေလနှင့် ရှုရိ မဟာမိတ်အဖွဲ့ကို ကြောက်သဖြင့် သစ္စာမဲ့ ယုဒဘုရင်သည် အာရှုရိဘုရင် တတိယမြောက် တိဂလတ်-ပိလေသာထံသို့ သံတမန်များကို စေလွှတ်ပြီး “ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန် ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိ ရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါ” ဟု ပြောလေသည်။ အာခတ်သည် အာရှုရိ ဘုရင်ထံသို့ တံစိုးလက်ဆောင်အဖြစ် ရွှေ၊ ငွေများကို ပို့ပေးသောကြောင့် ဘုရင်သည် ရှုရိကို တိုက်ခိုက်ချေမှုန်းပေးခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၆:၇-၉) တိုင်းတစ်ပါးနိုင်ငံများနှင့် ယုဒ ပေါင်းသင်းခြင်းသည် “ရှီးအိုးလ်၏ အနက်” ထိတိုင် ဆင်းသက်ခြင်း ဖြစ်သည်။ (အမေရိကန် ဘာသာပြန်ကျမ်း) ထိုဆက်ဆံပေါင်းသင်းမှုကြောင့် သူသည် သေရမည်၊ သို့မဟုတ် ဘုရင်တစ်ပါး အုပ်ချုပ်သော လွတ်လပ်သည့် နိုင်ငံအဖြစ်မှ အဆုံးတိုင်သွားမည်။

၁၁။ ယုဒသည် လုံခြုံမှုနှင့်ပတ်သက်၍ အဘယ် မှားယွင်းသည့် သဘောထားကို တင်ပြသနည်း။

၁၁ ယေဟောဝါသည် ယုဒကို ဤသို့ ဆက်၍ မိန့်တော်မူ၏– “ဝေးစွာ ခရီးသွား၍ ပင်ပန်းသော်လည်း ‘မျှော်လင့်စရာ မရှိ’ ဟု မဆို။ ခွန်အားအသစ်ကို ရ၍ စိတ်အားလျော့ခြင်း မရှိ။” (ဟေရှာယ ၅၇:၁၀၊ သမ္မာ) မှန်ပါသည်၊ လူမျိုးတော်သည် သူမ၏ အယူဖောက်ပြန်သော လမ်းစဉ်တွင် လုံးပန်းခဲ့ကြပြီး ကြိုးစားအားထုတ်မှုများ မျှော်လင့်ချက် ကင်းမဲ့နေသည်ကို တွေ့မြင်ရန် ပျက်ကွက်ကြ၏။ ယင်းနှင့် ဆန့်ကျင်လျက် သူသည် မိမိ၏ ကိုယ်ပိုင်အစွမ်းဖြင့် အောင်မြင်မည်ဟု ယုံကြည်ကာ မိမိကိုယ်ကို လှည့်စားနေသည်။ သူသည် ခွန်အားအသစ် ရသည်၊ ကျန်းမာသည်ဟု ထင်မှတ်နေသည်။ အလွန် မိုက်မဲမှုပါတကား!

၁၂။ ခရစ်ယာန်ဘောင်သည် ယုဒပြည်သူများနှင့် အဘယ် ဆင်တူချက် ရှိသနည်း။

၁၂ ယနေ့အချိန်တွင် ဟေရှာယခေတ်ရှိ ယုဒလူမျိုးနှင့် ဆင်တူသော အကျင့်အကြံ ရှိသည့် အဖွဲ့အစည်းတစ်ခု ရှိသည်။ ခရစ်ယာန်ဘောင်သည် ယေရှု၏ နာမကို အသုံးပြုကြသော်လည်း တိုင်းနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ပြီး သူ၏ ဝတ်ပြုရာ နေရာများတွင် ရုပ်ပုံများနှင့် ပြည့်စေခဲ့သည်။ သူ၏ နောက်လိုက်များသည် သူတို့၏ ကိုယ်ပိုင်အိမ်များတွင်ပင် ရုပ်ပုံကိုးကွယ်ခြင်းဆိုင်ရာ ပုံများကို ထားကြသည်။ ခရစ်ယာန်ဘောင်သည် လူငယ်များကို တိုင်းနိုင်ငံများ၏ စစ်များတွင် ပူဇော်ခဲ့ကြပြီ။ ယင်းအရာအားလုံးသည် “ရုပ်[ပုံ]ကို ကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့” ဟု ခရစ်ယာန်များကို မိန့်တော်မူသော စစ်မှန်သည့် ဘုရားသခင်ကို အလွန် စိတ်ထိခိုက်စေမည်! (၁ ကောရိန္သု ၁၀:၁၄) ခရစ်ယာန်ဘောင်သည် နိုင်ငံရေးတွင် ပါဝင်ခြင်းဖြင့် ‘လောကီရှင်ဘုရင်တို့နှင့် မတရားသော မေထုန် ပြု” ခဲ့သည်။ (ဗျာဒိတ် ၁၇:၁၊ ၂) အမှန်ပင်၊ သူသည် ကုလသမဂ္ဂကို အဓိက ထောက်မပေးသူ ဖြစ်သည်။ ဤဘာသာရေး ပြည့်တန်ဆာမအဖို့ အဘယ် အလားအလာ ရှိသနည်း။ သူ၏ ရှေ့ပြေးစံနမူနာ ဖြစ်သော သစ္စာမဲ့ ယုဒ၊ အထူးသဖြင့် သူ့ကို ကိုယ်စားပြုသော မြို့တော် ယေရုရှလင်နှင့်ပတ်သက်၍ ယေဟောဝါ အဘယ်အရာ မိန့်တော်မူသနည်း။

‘သင်၏ အလုံးအရင်းတို့သည် သင့်ကို ကယ်နုတ်နိုင်မည် မဟုတ်’

၁၃။ ယုဒသည် အဘယ် “သစ္စာပျက်” မှုကို လုပ်ဆောင်သနည်း၊ ယေဟောဝါ၏ သည်းခံမှုကို မည်သို့ တုံ့ပြန်သနည်း။

၁၃ “သင်သည် သစ္စာပျက်သည်တိုင်အောင် . . . အဘယ်သူကို ကြောက်ရွံ့သနည်း” ဟု ယေဟောဝါ မေးတော်မူ၏။ မေးသင့်သော မေးခွန်း ဖြစ်သည်! ယုဒသည် ယေဟောဝါအပေါ် ကျန်းခံ့သော ဘုရားရေးရာ ကြောက်ရွံ့မှု မတင်ပြသည်မှာ အမှန်ပင်။ သို့မဟုတ်လျှင် သူသည် သစ္စာပျက်သော လူမျိုး၊ မှောက်မှားသော ဘုရားကို ကိုးကွယ်သူများ ဖြစ်လာမည် မဟုတ်ပါ။ ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “ငါ့ကို မေ့လျော့၍ သတိမပြုဘဲ နေသည် . . . ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာ နေသောကြောင့် သင်သည် ငါ့ကို မကြောက်ဘဲ နေသည် မဟုတ်လော။” (ဟေရှာယ ၅၇:၁၁) ယေဟောဝါသည် ယုဒအပေါ် ချက်ချင်း အပြစ်ပေး ဒဏ်ခတ်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ နေတော်မူသည်။ ယင်းအတွက် ယုဒသည် ကျေးဇူးတင်လေးမြတ်ပါသလော။ လေးမြတ်မှု မရှိပါ၊ ယင်းအစား ဘုရားသခင်၏ သည်းခံမှုကို ဥပေက္ခာ ပြုမှုဟု ရှုမြင်ကြ၏။ ကိုယ်တော်အား ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိတော့ချေ။

၁၄၊ ၁၅။ ယေဟောဝါသည် ယုဒ ပြုသောအမှုတို့နှင့် သူ၏ “အလုံးအရင်းတို့” အကြောင်း အဘယ်အရာ မိန့်တော်မူသနည်း။

၁၄ သို့ရာတွင်၊ ဘုရားသခင်၏ စိတ်ရှည်သည်းခံချိန် ကုန်ဆုံးသွားမည်။ ထိုအချိန်ကို ရှုမျှော်ကာ ယေဟောဝါ ဤသို့ ကြေညာ၏– “သင်၏ ကုသိုလ် [“ဖြောင့်မတ်ခြင်း၊” သမ္မာ] နှင့် သင် ပြုသောအမှုတို့ကို ငါဖော်ပြမည်။ ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ သင်၏ အလုံးအရင်းတို့သည် ကယ်နုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတစ်မှုတ်နှင့် လွင့်ကြလိမ့်မည်။” (ဟေရှာယ ၅၇:၁၂၊ ၁၃က) ယေဟောဝါသည် ယုဒ၏ အယောင်ဆောင် ဖြောင့်မတ်ခြင်းကို ဖော်ထုတ်တော်မူမည်။ သူ၏ ဟန်ဆောင်လုပ်ရပ်များသည် အဘယ် အကျိုးမျှ ပြုမည် မဟုတ်ပါ။ သူ၏ “အလုံးအရင်းတို့၊” သူ၏ ရုပ်ပုံများသည် သူ့ကို မကယ်လွှတ်နိုင်ပါ။ ဘေးဒုက္ခ ကျရောက်လာသောအခါ သူ ကိုးစားခဲ့သော ဘုရားများသည် လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ပျောက်လွင့်သွားမည်။

၁၅ ယေဟောဝါ၏ စကားတော်သည် ဘီ.စီ.အီး. ၆၀၇ တွင် ပြည့်စုံလာသည်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဖျက်ဆီးပြီး ဗိမာန်တော်ကို မီးရှို့ကာ ပြည်သူအများစုကို သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားချိန်တွင် ဖြစ်သည်။ “ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။”—၄ ဓမ္မရာဇဝင် ၂၅:၁-၂၁။

၁၆။ ခရစ်ယာန်ဘောင်နှင့် “မဟာဗာဗုလုန်” ၏ ကျန်အစိတ်အပိုင်းအပေါ် အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၁၆ အလားတူ၊ ခရစ်ယာန်ဘောင်၏ ရုပ်ပုံများစွာသည် ယေဟောဝါ၏ အမျက်ထွက်ရာနေ့တွင် သူ့ကို ကယ်လွှတ်မည် မဟုတ်ပါ။ (ဟေရှာယ ၂:၁၉-၂၂; ၂ သက်သာလောနိတ် ၁:၆-၁၀) “မဟာဗာဗုလုန်”—ကမ္ဘာ့ မှောက်မှားသော ဘာသာရေး အင်ပါယာ—၏ ကျန်အစိတ်အပိုင်းများနှင့်အတူ ခရစ်ယာန်ဘောင်သည် လုံးလုံး ဖျက်ဆီးခံရမည်။ ပုံဆောင် သားရဲနီနှင့် ၎င်း၏ ချိုဆယ်ချောင်းသည် “[မဟာဗာဗုလုန်] ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကို ချွတ်၍ သူ၏ အသားကို ကိုက်စားလိမ့်မည်။ သူ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၃၊ ၁၆၊ ၁၇) “ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့” ဟူသော အမိန့်ကို ကျွန်ုပ်တို့ နာခံခဲ့ခြင်းသည် အလွန် ဝမ်းသာစရာပါတကား! (ဗျာဒိတ် ၁၈:၄၊ ၅) ကျွန်ုပ်တို့သည် နောက်ပြန်လှည့်ခြင်း၊ ၎င်း၏ နည်းလမ်းများကို ပြန်လုပ်ဆောင်ခြင်း ဘယ်တော့မျှ မဖြစ်ပါစေနှင့်။

‘ငါ့ကို ကိုးစားသောသူမူကား ပြည်တော်ကို အမွေခံရလိမ့်မည်’

၁၇။ ‘ယေဟောဝါကို ကိုးစားသောသူတို့အတွက်’ အဘယ် ကတိတော် ရှိသနည်း၊ အဘယ်အချိန်တွင် ယင်းသို့ ဖြစ်ပျက်သနည်း။

၁၇ သို့သော် ဟေရှာယ ပရောဖက်ပြုချက်၏ နောက်စကားများကော အသို့နည်း။ “ငါ့ကို ကိုးစားသောသူမူကား ပြည်တော်ကို ပိုင်၍ ငါ၏ သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။” (ဟေရှာယ ၅၇:၁၃ခ) ယခု ယေဟောဝါသည် မည်သူတို့ကို မိန့်တော်မူနေသနည်း။ ကိုယ်တော်သည် ရောက်လာတော့မည့် ပျက်စီးခြင်းဘေးကို ကျော်၍ ရှုမြင်ကာ ဗာဗုလုန်မှ လူမျိုးတော် လွတ်မြောက်ခြင်းနှင့် ကိုယ်တော်၏ သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့တွင် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းအကြောင်းကို ကြိုဟောနေခြင်း ဖြစ်သည်။ (ဟေရှာယ ၆၆:၂၀; ဒံယေလ ၉:၁၆) ဤအချက်သည် သစ္စာရှိဂျူး မည်သူမဆိုအတွက် တကယ့် အားပေးမှု ရင်းမြစ် ဖြစ်မည်! ယေဟောဝါ ဤသို့ ထပ်၍ မိန့်တော်မူ၏– “‘မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတား မရှိစေနှင့်’ ဟု ငါပြောဆိုရ၏။” (ဟေရှာယ ၅၇:၁၄) မိမိလူမျိုးကို ဘုရားသခင် ကယ်လွှတ်မည့်အချိန် ရောက်လာသောအခါ အတားအဆီးအားလုံးကို ဖယ်ရှားထားပြီး ဖြစ်ကာ လမ်းအဆင်သင့် ဖြစ်နေမည်။—၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃၊ ကဘ။

၁၈။ ယေဟောဝါ၏ မြင့်မြတ်မှုကို မည်သို့ ဖော်ပြထားသနည်း၊ သို့တိုင် အဘယ် မေတ္တာပါ ဂရုစိုက်မှုကို ကိုယ်တော် ဖော်ပြတော်မူသနည်း။

၁၈ ယခု အစပိုင်းက ကိုးကားခဲ့သော စကားများကို ပရောဖက် ဟေရှာယ ဤသို့ ပြောပြ၏– “သန့်ရှင်းခြင်းဟု နာမ ရှိတော်မူထသော၊ အနန္တကာလ တည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသော ဘုရား မိန့်တော်မူသည်ကား ‘ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌ နေ၏။ စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ ကြေကွဲနှိမ့်ချသော စိတ်သဘော ရှိသောသူတို့၌လည်း ငါနေ၏။’” (ဟေရှာယ ၅၇:၁၅) ယေဟောဝါ၏ ပလ္လင်သည် ကောင်းကင်အမြင့်ဆုံးသော အရပ်တွင် တည်ရှိသည်။ ယင်းထက် သာ၍ မြင့်သော နေရာ သို့မဟုတ် သာ၍ မြင့်မြတ်သော နေရာ မရှိပါ။ ကိုယ်တော်သည် ထိုနေရာမှ နေ၍ အရာအားလုံး—လူဆိုးများ၏ အပြစ်မျှသာ မဟုတ်ဘဲ ကိုယ်တော်၏ အမှုတော်ကို ကြိုးစားဆောင်ရွက်နေသူများ၏ ဖြောင့်မတ်သော လုပ်ရပ်များကိုပါ တွေ့မြင်တော်မူသည်ဟု သိရခြင်းသည် အလွန် နှစ်သိမ့်မှု ဖြစ်စေသည်! (ဆာလံ ၁၀၂:၂၂; ၁၀၃:၆) ထို့ပြင် ဖိနှိပ်ခံရသူတို့၏ ညည်းတွားသံကို ကိုယ်တော် ကြားတော်မူပြီး နှလုံးကြေကွဲသူတို့ကို အားသစ်လန်းစေ၏။ ထိုစကားများသည် ရှေးအချိန်က နောင်တယူခဲ့သော ဂျူးများ၏ နှလုံးကို အမှန် ထိမိခဲ့မည်။ ယင်းစကားများသည် ယနေ့ ကျွန်ုပ်တို့၏ နှလုံးကိုပင် အမှန် ထိမိစေသည်။

၁၉။ ယေဟောဝါ၏ အမျက်တော်သည် အဘယ်အချိန်တွင် အဆုံးသတ်သနည်း။

၁၉ ယေဟောဝါ ထပ်ဆင့် မိန့်တော်မူသော စကားများသည်လည်း နှစ်သိမ့်မှု ဖြစ်စေသည်– “ငါသည် အစဉ် ဆုံးမမည် မဟုတ်။ အမြဲ အမျက်ထွက်မည် မဟုတ်။ ထိုသို့ ဟုတ်လျှင် လူ၏ ဝိညာဉ်သည် ငါ့ရှေ့မှာ အားလျော့၍ ငါဖန်ဆင်းသော အသက်ရှူသူသည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။” (ဟေရှာယ ၅၇:၁၆၊ သမ္မာ) ယေဟောဝါသည် အစဉ် အမျက်တော်ထွက်နေလျှင် ဘုရားသခင်၏ ဖန်ဆင်းခံ မည်သည့် သတ္တဝါမျှ အသက်မရှင်နိုင်ပါ။ သို့သော် ဝမ်းသာစရာမှာ ဘုရားသခင်၏ အမျက်တော်သည် အချိန် အကန့်အသတ်သာ ဖြစ်သည်။ ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်သွားလျှင် ပြီးဆုံးသွားသည်။ ဤမှုတ်သွင်းခံ ထိုးထွင်းသိမြင်မှုက ဖန်ဆင်းရာများအပေါ် ထားရှိသော ယေဟောဝါ၏ မေတ္တာတော်ကို နက်ရှိုင်းစွာ လေးမြတ်လာရန် ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။

၂၀။ (က) ယေဟောဝါသည် နောင်တမယူသော အပြစ်ပြုသူကို မည်သို့ ဆက်ဆံမည်နည်း။ (ခ) ယေဟောဝါသည် အပြစ်ကြောင့် နှလုံးကြေကွဲနေသူကို မည်သည့်နည်းဖြင့် နှစ်သိမ့်တော်မူသနည်း။

၂၀ ယေဟောဝါ ဆက်၍ မိန့်ဆိုစဉ် ကျွန်ုပ်တို့ ပို၍ ထိုးထွင်းသိမြင်မှု ရရှိလာသည်။ ဦးဆုံး ကိုယ်တော် မိန့်တော်မူသည်မှာ– “သူ၏ လောဘလွန်ကျူးခြင်း အပြစ်ကြောင့် ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိ အလိုရှိရာလမ်းသို့ လွှဲသွားလေ၏။” (ဟေရှာယ ၅၇:၁၇) လောဘကြီးခြင်းကြောင့် အမှားကျူးလွန်ခဲ့ခြင်းသည် ဘုရားသခင်ကို အမှန် အမျက်ထွက်စေသည်။ နှလုံး လမ်းလွဲနေသရွေ့ ယေဟောဝါ၏ အမျက်တော် ဆက်ထွက်နေသည်။ သို့သော် လမ်းလွဲသူသည် ဆုံးမမှုကို တုံ့ပြန်မည်ဆိုလျှင် အသို့နည်း။ သို့ဖြစ်လျှင် ယေဟောဝါ၏ မေတ္တာနှင့် စာနာထောက်ထားမှုက လုပ်ဆောင်မှု ပြုရန် ကိုယ်တော်အား လှုံ့ဆော်ပုံကို ဤသို့ တင်ပြတော်မူ၏– “သူ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သောသူတို့ကိုလည်းကောင်း ချမ်းသာပေးဦးမည်။” (ဟေရှာယ ၅၇:၁၈) ဆုံးမပဲ့ပြင်မှုဆိုင်ရာ လုပ်ဆောင်မှုများ ပြုပြီးနောက် ယေဟောဝါသည် အပြစ်ကြောင့် နှလုံးကြေကွဲနေသူကို ကုသပေးပြီး သူနှင့် သူနှင့်အတူ စိတ်ညှိုးငယ်သူတို့အား နှစ်သိမ့်မှု ပေးတော်မူ၏။ ထိုအကြောင်းကြောင့် ဘီ.စီ.အီး. ၅၃၇ တွင် ဂျူးလူမျိုးများ ပြည်တော်ပြန်နိုင်ခဲ့သည်။ ယုဒပြည်သည် လွတ်လပ်သောနိုင်ငံ ဘယ်တော့မျှ ပြန်မဖြစ်လာသည်မှာ မှန်ပါသည်။ သို့သော် ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ပြန်လည်ဆောက်ခဲ့ပြီး စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့သည်။

၂၁။ (က) ယေဟောဝါသည် ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ ခရစ်ယာန်များ၏ စိတ်သဘောကို မည်သို့ အားသစ်လန်းစေတော်မူခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ တစ်ဦးစီသည် အဘယ် အရည်အသွေးများကို မွေးမြူသင့်သနည်း။

၂၁ “အထွတ်အမြတ် ဖြစ်တော်မူသော” ယေဟောဝါသည် ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ အကြွင်းအကျန်၏ အကျိုးကိုလည်း ဂရုစိုက်ကြောင်း တင်ပြခဲ့သည်။ မိမိတို့၏ အပြစ်ကြောင့် နှလုံးကြေကွဲနေမှု၊ နှိမ့်ချသော သဘောထား ရှိမှုတို့ကြောင့် ကြီးမြတ်သော ဘုရားသခင် ယေဟောဝါသည် သူတို့ ဝေဒနာ ခံရသည့် အကြောင်းရင်းကို ကြင်နာစွာ သတိပြုမိပြီး သူတို့ကို ဗာဗုလုန် သုံ့ပန်းဘဝမှ ကယ်လွှတ်တော်မူခဲ့သည်။ ထိမိလဲစေနိုင်သည့် အတားအဆီးအားလုံးကို ကိုယ်တော် ဖယ်ရှားပေးခဲ့ပြီး စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်နိုင်ရန် သူတို့ကို လွတ်လပ်စေခဲ့သည်။ သို့ဖြင့် ဟေရှာယမှတစ်ဆင့် မိန့်တော်မူခဲ့သော ယေဟောဝါ၏ စကားတော်သည် ထိုအချိန်တွင် ပြည့်စုံခဲ့သည်။ ထိုစကားများနောက်တွင် ကျွန်ုပ်တို့တစ်ဦးစီနှင့် သက်ဆိုင်သော ထာဝရမူများ ပါရှိသည်။ ယေဟောဝါသည် စိတ်နှိမ့်ချသူများ၏ ဝတ်ပြုကိုးကွယ်မှုကိုသာ လက်ခံတော်မူ၏။ ထို့ပြင် ဘုရားသခင့် ကျေးကျွန်တစ်ဦးသည် အပြစ်ပြုမိလျှင် မိမိ၏အမှားကို အလျင်အမြန် အသိအမှတ်ပြုပြီး ဆုံးမမှုကို လက်ခံကာ မိမိ၏ နည်းလမ်းများကို ပြုပြင်တည့်မတ်သင့်သည်။ ယေဟောဝါသည် စိတ်နှိမ့်ချသူများကို ကုသပေးပြီး နှစ်သိမ့်မှု ပေးသော်လည်း “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ” ကြောင်း ကျွန်ုပ်တို့ ဘယ်တော့မျှ မမေ့ပါစေနှင့်။—ယာကုပ် ၄:၆။

‘ဝေးသောသူ၊ နီးသောသူတို့အတွက် ငြိမ်သက်ခြင်း’

၂၂။ ယေဟောဝါသည် (က) နောင်တရသူ (ခ) လူဆိုးတို့နှင့်ပတ်သက်၍ အဘယ် အနာဂတ်ကို ကြိုဟောတော်မူသနည်း။

၂၂ နောင်တယူသူတို့နှင့် ဆိုးသော လမ်းစဉ်၌ စွဲမြဲနေသူတို့၏ အနာဂတ်ကို နှိုင်းယှဉ်ရာတွင် ယေဟောဝါ ဤသို့ကြေညာ၏– “ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏ အနာကို ငါပျောက်စေမည် . . .။ မတရားသောသူတို့မူကား မငြိမ်နိုင်ဘဲ လှုပ်ရှား၍ ရွှံ့နှင့် အမှိုက်ကို ပက်သော ပင်လယ်ရေနှင့် တူကြ၏။ မတရားသောသူတို့၌ ငြိမ်သက်ခြင်း မရှိ။”—ဟေရှာယ ၅၇:၁၉-၂၁။

၂၃။ နှုတ်ခမ်းအသီးဟူသည် အဘယ်နည်း၊ ယေဟောဝါသည် ထိုအသီးကို မည်သည့်နည်းဖြင့် “ဖန်ဆင်း” နေတော်မူသနည်း။

၂၃ နှုတ်ခမ်းအသီးမှာ ဘုရားသခင်အား ပူဇော်သည့် ချီးမွမ်းခြင်းယဇ်—ကိုယ်တော်၏ နာမတော်ကို လူထုရှေ့ ကြေညာခြင်း ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၅) ယေဟောဝါသည် လူထုရှေ့ ကြေညာခြင်းကို မည်သို့ “ဖန်ဆင်း” တော်မူသနည်း။ ချီးမွမ်းခြင်းယဇ်ကို ပူဇော်ရန် တစ်ဦးချင်းစီသည် ဦးဆုံး ဘုရားသခင်အကြောင်း သင်ယူပြီးနောက် ကိုယ်တော်အား ယုံကြည်ရသည်။ ယုံကြည်ခြင်းက ကြားသိခဲ့ရာကို အခြားသူများအား ပြောဆိုရန် ထိုသူကို လှုံ့ဆော်ပေးသည်။ နောက်တစ်မျိုးဖြင့် ပြောရလျှင် သူသည် လူထုရှေ့ ကြေညာနေခြင်း ဖြစ်သည်။ (ရောမ ၁၀:၁၃-၁၅) မိမိအား ချီးမွမ်းရန် ကျေးကျွန်များကို တာဝန် ပေးအပ်ထားရှင်မှာ ယေဟောဝါ တစ်ပါးတည်းကိုယ်နှိုက် ဖြစ်ကြောင်းကိုလည်း သတိရသင့်သည်။ ထို့ပြင် ယေဟောဝါသည် ထိုချီးမွမ်းခြင်းယဇ်ကို မိမိလူမျိုး ပူဇော်နိုင်ရန် သူတို့ကို ကယ်လွှတ်တော်မူသော အရှင် ဖြစ်သည်။ (၁ ပေတရု ၂:၉) ထို့ကြောင့် ယေဟောဝါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်းတော်မူ၏ဟု ကောင်းစွာ ပြောနိုင်သည်။

၂၄။ (က) ဘုရားသခင့် ငြိမ်သက်ခြင်းကို မည်သူတို့ ခံစားကြရပြီး ရလဒ်ကား အဘယ်နည်း။ (ခ) မည်သူတို့သည် ငြိမ်သက်ခြင်း မခံစားရသနည်း၊ သူတို့ အဘယ်ရလဒ် ရရှိကြသနည်း။

၂၄ ဂျူးများသည် ယေဟောဝါအား ချီးမွမ်းသီချင်းဆိုကာ မိမိတို့ ပြည်တော်သို့ ပြန်ရောက်စဉ်တွင် တကယ့် စိတ်လှုပ်ရှားဖွယ် နှုတ်ခမ်းအသီးများ ပူဇော်နေကြပေမည်! သူတို့သည် ပြည်တော်ပြန်ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သော ယုဒပြည်မှ အဝေးတွင် ရှိနေသော “ဝေးသောသူ” များ သို့မဟုတ် ပြည်တော်တွင် ရောက်ရှိနှင့်ပြီးသော “နီးသောသူ” များ ဖြစ်ပါစေ ဘုရားသခင့် ငြိမ်သက်ခြင်း ခံစားရ၍ ရွှင်လန်းကြပေမည်။ ဆန့်ကျင်ဘက်အနေနှင့် လူဆိုးများမူ အလွန် ကွဲပြားခြားနားသည်! ယေဟောဝါ၏ ဆုံးမပဲ့ပြင်မှု လုပ်ရပ်ကို တုံ့ပြန်ရန် ပျက်ကွက်သည့် ဆိုးသွမ်းသူ မည်သူမဆို၊ မည်သည့်နေရာတွင်ပင် ရှိပါစေ သူတို့၌ ငြိမ်သက်မှု လုံးဝ မရှိပါ။ မငြိမ်သက်၊ လှုပ်ရှားနေသော ပင်လယ်ကဲ့သို့ သူတို့သည် နှုတ်ခမ်းအသီး မဟုတ်ဘဲ “ရွှံ့နှင့် အမှိုက်၊” မစင်ကြယ်သည့်အရာ မှန်သမျှကို မပြတ် ထွက်ပေါ်စေကြသည်။

၂၅။ အဝေး၊ အနီးရှိသူတို့သည် ငြိမ်သက်ခြင်းကို မည်သို့ ခံစားလာကြရသနည်း။

၂၅ ယနေ့လည်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် နေရာတိုင်းတွင် ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို ကြေညာကြသည်။ နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ဝေးသောနေရာ၊ နီးသောနေရာမှ ခရစ်ယာန်များသည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ချီးမွမ်းကြွေးကြော်ခြင်းဖြင့် သူတို့၏ နှုတ်ခမ်းအသီးကို ပူဇော်ကြသည်။ သူတို့ သီဆိုသော ချီးမွမ်းသီချင်းကို “မြေကြီးအစွန်အဖျားမှ” ကြားရသည်။ (ဟေရှာယ ၄၂:၁၀-၁၂၊ သမ) သူတို့၏ အသံကို ကြားပြီး တုံ့ပြန်သူများသည် ဘုရားသခင့် နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာပါ သမ္မာတရားကို ယုံကြည်လိုက်စားကြသည်။ ထိုသူတို့သည် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” အား ဝတ်ပြုကိုးကွယ်ခြင်းမှ ရရှိသော ငြိမ်သက်ခြင်းကို ခံစားကြရသည်။—ရောမ ၁၆:၂၀။

၂၆။ (က) လူဆိုးများအတွက် ရှေ့တွင် အဘယ်အရာ ရှိသနည်း။ (ခ) စိတ်နှိမ့်ချသူများအတွက် အဘယ် ထူးခြားသော ကတိတော် ရှိသနည်း၊ ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်မှုသည် အဘယ်အရာ ဖြစ်သင့်သနည်း။

၂၆ လူဆိုးများသည် နိုင်ငံတော် သတင်းစကားကို ဂရုမစိုက်ကြသည်မှာ မှန်ပါသည်။ သို့သော် မကြာမီ သူတို့သည် ဖြောင့်မတ်ခြင်းမှ ရရှိသော ငြိမ်သက်ခြင်းကို အနှောင့်အယှက် ပေးနိုင်တော့မည် မဟုတ်ပါ။ “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏ နေရာကို စေ့စေ့ ရှာ၍ မတွေ့ရ” ဟု ယေဟောဝါ ကတိပြုထား၏။ ယေဟောဝါအား ခိုလှုံသူတို့သည် အံ့ဖွယ်နည်းဖြင့် ပြည်တော်ကို အမွေခံရမည်။ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ထိုအချိန်တွင် ကျွန်ုပ်တို့၏ ကမ္ဘာသည် နှစ်လိုဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လာမည်! ကျွန်ုပ်တို့သည် ဘုရားသခင်အား ချီးမွမ်းခြင်း သီချင်းကို ထာဝရ သီဆိုသွားနိုင်ရန် အလို့ငှာ ဘုရားသခင့် ငြိမ်သက်ခြင်းကို ဘယ်တော့မျှ မဆုံးရှုံးစေဖို့ စိတ်ပိုင်းဖြတ်ထားနိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်များ]

a “ခုတင်” ဟူသော အသုံးအနှုန်းသည် ယဇ်ပလ္လင် သို့မဟုတ် မှောက်မှားသော ဘုရားများအား ဝတ်ပြုကိုးကွယ်သည့် နေရာကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ခုတင်ဟု ခေါ်ဆိုထားခြင်းက ထိုဝတ်ပြုကိုးကွယ်မှုသည် ဝိညာဏ ပြည့်တန်ဆာ လုပ်ခြင်း ဖြစ်ကြောင်း သတိရစေသည်။

b မြင့်မြတ်သော တိုင်များသည် အမျိုးသမီးအပိုင်းကို ကိုယ်စားပြုနိုင်ပြီး မြင့်မြတ်သော အထောက်အခံ တိုင်လုံးများသည် ယောက်ျား၏ အပိုင်းကို ကိုယ်စားပြုပုံရသည်။ ၎င်းတို့နှစ်ခုစလုံးကို သစ္စာမဲ့ ယုဒပြည်သူပြည်သားများ အသုံးပြုခဲ့ကြသည်။—၄ ဓမ္မရာဇဝင် ၁၈:၄; ၂၃:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ