ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၂၄ စာ. ၁၆၃-၁၆၉
  • ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောင်နိုင်သူ စစ်သည်တော်၏ ချီတက်မှု
  • စပျစ်သီး နယ်ရာကျင်း
  • ဘုရားသခင်၏ ချစ်ခင်ကြင်နာမှု
  • ဘုရားသခင်သည် ရန်သူ ဖြစ်လာ
  • ‘ကိုယ်တော်တိုင်အတွက် အသရေရှိသော ဘွဲ့နာမ’
  • ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • နောင်တနှင့် သက်ဆိုင်သော ဆုတောင်းချက်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၂၄ စာ. ၁၆၃-၁၆၉

အခန်း နှစ်ဆယ့်လေး

ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏

ဟေရှာယ ၆၃:၁-၁၄

၁၊ ၂။ (က) ခရစ်ယာန်များသည် ရောက်လာတော့မည့် “ယေဟောဝါ၏ နေ့” နှင့်ပတ်သက်၍ အဘယ် ကိုယ်ရေးကိုယ်တာဆိုင်ရာ စိတ်ဝင်စားမှု ရှိကြသနည်း။ (ခ) ရောက်လာတော့မည့် ယေဟောဝါ၏ နေ့ရက်တွင် အဘယ်အရေးကြီးသော အရေးကိစ္စ ပါဝင်ပတ်သက်သနည်း။

ခရစ်ယာန်များသည် “ဘုရားသခင်၏ နေ့ ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တ” ခဲ့ကြသည်မှာ အနှစ် နှစ်ထောင်နီးပါးခန့် ရှိပြီ။ (၂ ပေတရု ၃:၁၂; တိတု ၂:၁၃) ထိုနေ့ရက် ရောက်လာရန်အတွက် သူတို့ အလွန် စိတ်စောနေကြသည်ကို နားလည်နိုင်ပါသည်။ ထိုနေ့သည် မစုံလင်မှု၏ ပြင်းထန်သော ထိခိုက်မှုများမှ သက်သာရာ ရခြင်း၏ အစကို မှတ်သားဖော်ပြမည်။ (ရောမ ၈:၂၂) ဤ “ကိုင်တွယ်ရ ခဲယဉ်းသည့် နောက်ဆုံးနေ့ရက်များ” အတွင်း သူတို့ ခံစားရသော ဖိအားများ၏ အဆုံးလည်း ဖြစ်မည်။—၂ တိမောသေ ၃:၁၊ ကဘ။

၂ သို့ရာတွင်၊ ယေဟောဝါ၏ နေ့သည် ဖြောင့်မတ်သူများကို သက်သာမှု ရစေမည် ဖြစ်သော်လည်း “ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင် ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့” အတွက်မူ ဖျက်ဆီးခြင်းကို ဆိုလိုသည်။ (၂ သက်သာလောနိတ် ၁:၇၊ ၈) လေးလေးနက်နက် စဉ်းစားဆင်ခြင်သင့်သော အချက် ဖြစ်သည်။ ဘုရားသခင်သည် မိမိလူမျိုး ဒုက္ခခံနေရသော အခြေအနေမှ ကယ်လွှတ်ရန်အတွက်မျှဖြင့် လူဆိုးများအား ဖျက်ဆီးခြင်းကို အမှန် လုပ်ဆောင်တော်မူမည်လော။ ဟေရှာယ အခန်းကြီး ၆၃ က ပို၍ အရေးကြီးသောအရာ ဖြစ်သည့် ဘုရားသခင့် နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းကိစ္စ ပါဝင်ပတ်သက်ကြောင်း ဖော်ပြသည်။

အောင်နိုင်သူ စစ်သည်တော်၏ ချီတက်မှု

၃၊ ၄။ (က) ဟေရှာယ အခန်းကြီး ၆၃ ပါ ပရောဖက်ပြုချက်၏ နောက်ခံအခြေအနေမှာ အဘယ်နည်း။ (ခ) ဟေရှာယ မြင်တွေ့ရသော ယေရုရှလင်သို့ စစ်ချီတက်လာသူမှာ မည်သူနည်း၊ ကျမ်းပညာရှင်အချို့က ထိုသူ မည်သူ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသနည်း။

၃ ဟေရှာယ အခန်းကြီး ၆၂ တွင် ဂျူးလူမျိုးများ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး ပြည်တော်ကို ပြန်လည်တည်ထောင်ခြင်းအကြောင်း ကျွန်ုပ်တို့ ဖတ်ရသည်။ ဤမေးခွန်းများ ပေါ်လာသည်– ပြန်လည်တည်ထောင်ထားသော ဂျူးအကြွင်းအကျန်သည် နောက်တစ်ဖန် အခြားရန်သူလူမျိုးများ၏ ဖျက်ဆီးခြင်း ခံရမည်ဟု ကြောက်ဖို့ လိုသလော။ ဟေရှာယ၏ ရူပါရုံက သူတို့၏ ကြောက်ရွံ့မှုကို များစွာ သက်သာစေသည်။ ပရောဖက်ပြုချက်ကို ဤသို့ အစပြုထား၏– “တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်း ရှိ၍ ပန်းဆိုးသောအဝတ်ကို ဝတ်လျက် ဧဒုံပြည် ဗောဇရမြို့မှ လာသော ဤသူကား အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။”—ဟေရှာယ ၆၃:၁က။

၄ ဟေရှာယသည် ယေရုရှလင်သို့ ချီတက်လာနေသော ကြံ့ခိုင်သန်မာတက်ကြွသည့် စစ်သည်တစ်ဦးကို တွေ့ရသည်။ ထိုသူ၏ တင့်တယ်သော အဝတ်အစားက အမြင့်ဆုံးရာထူး ရှိသူတစ်ဦး ဖြစ်ကြောင်း ပြသသည်။ ထိုသူသည် ဧဒုံပြည်တွင် အထင်ရှားဆုံးမြို့ ဖြစ်သည့် ဗောဇရမြို့မှ လာခြင်း ဖြစ်သည်ဟု ဖော်ပြထားခြင်းကြောင့် ထိုသူသည် ထိုရန်သူနယ်မြေကို ကြီးစွာ အောင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ထိုအောင်နိုင်သူသည် မည်သူ ဖြစ်နိုင်သနည်း။ ကျမ်းပညာရှင်အချို့က ထိုသူသည် ယေရှုခရစ် ဖြစ်သည်ဟု ဆိုကြသည်။ အချို့သူများက ထိုသူသည် ဂျူးစစ်ခေါင်းဆောင် ဂျုဒပ်စ် မက္ကဘိုင်းယပ်စ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ထိုစစ်သည် ကိုယ်တိုင်က မေးခွန်း မေးပြီးနောက် ဆက်ပြောသည့် စကားတွင် အဖြေပေးခြင်းဖြင့် မိမိမည်သူ ဖြစ်ကြောင်း ဤသို့ ဖော်ပြ၏– “ဖြောင့်မတ်ခြင်းတရားကို ဟော၍ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။”—ဟေရှာယ ၆၃:၁ခ။

၅။ ဟေရှာယ မြင်တွေ့ခဲ့ရသည့် စစ်သည်တော်မှာ မည်သူနည်း၊ အဘယ်ကြောင့် ထိုသို့ ဖြေဆိုသနည်း။

၅ ဤစစ်သည်မှာ ယေဟောဝါ ကိုယ်တော်တိုင် ဖြစ်သည်မှာ သေချာသည်။ အခြားနေရာများတွင် ကိုယ်တော်ကို “ခွန်အားကြီး” သောအရှင်၊ “ဖြောင့်မတ်စွာ ပြော” သော အရှင်အဖြစ် ဖော်ပြသည်။ (ဟေရှာယ ၄၀:၂၆; ၄၅:၁၉၊ ၂၃) စစ်သည်တော်၏ တင့်တယ်သော ဝတ်လုံက ဆာလံဆရာ၏ ဤစကားများကို ပြန်သတိရစေသည်– “အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။” (ဆာလံ ၁၀၄:၁) ယေဟောဝါသည် မေတ္တာရှင် ဘုရားသခင် ဖြစ်သော်လည်း ကိုယ်တော်သည် လိုအပ်သည့်အခါ စစ်သည်တစ်ဦး၏ ကဏ္ဍကို လုပ်ဆောင်တော်မူကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြသည်။—ဟေရှာယ ၃၄:၂; ၁ ယောဟန် ၄:၁၆။

၆။ ယေဟောဝါသည် အဘယ်ကြောင့် ဧဒုံစစ်ပွဲမှ ပြန်လာနေသနည်း။

၆ သို့သော်၊ ယေဟောဝါသည် အဘယ်ကြောင့် ဧဒုံတိုက်ပွဲမှ ပြန်လာနေသနည်း။ ဘိုးဘေး,ဧသောအချိန်မှစ၍ အစဉ်မပြတ် ရန်သူ ဖြစ်သော ဧဒုံလူမျိုးတို့သည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး၏ ရန်သူဟောင်းကြီး ဖြစ်သည်။ (ကမ္ဘာဦး ၂၅:၂၄-၃၄; တောလည်ရာ ၂၀:၁၄-၂၁) ယေရုရှလင်မြို့ ဖျက်ဆီးခံရချိန်တွင် ဧဒုံလူမျိုးများက ဗာဗုလုန် စစ်သားများအား အားပေးအားမြှောက် ပြုခဲ့ခြင်းဖြင့် ယုဒလူတို့အပေါ် ဧဒုံလူမျိုး၏ မုန်းတီးခြင်း အတိမ်အနက်သည် အထူး ထင်ရှားလာသည်။ (ဆာလံ ၁၃၇:၇) ယေဟောဝါသည် ထိုကဲ့သို့သော ရန်လိုမုန်းတီးမှုကို မိမိကိုယ်တိုင်အား ထိပါးစော်ကားခြင်းအဖြစ် သဘောထားတော်မူသည်။ ထို့ကြောင့် ကိုယ်တော်သည် ဧဒုံအပေါ် မိမိ၏ လက်စားချေသည့် ဓားတော်ကို လွှတ်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အံ့အားသင့်စရာ မဟုတ်ပါ။—ဟေရှာယ ၃၄:၅-၁၅; ယေရမိ ၄၉:၇-၂၂။

၇။ (က) ဧဒုံနှင့်ပတ်သက်သော ပရောဖက်ပြုချက် ဦးဆုံး မည်သို့ ပြည့်စုံခဲ့သနည်း။ (ခ) ဧဒုံသည် အဘယ်အရာကို ပုံဆောင်သနည်း။

၇ ထို့ကြောင့် ဟေရှာယ၏ ရူပါရုံသည် ယေရုရှလင်သို့ ပြန်လာကြသော ဂျူးများအတွက် များစွာ အားပေးမှု ဖြစ်သည်။ သူတို့၏ နေအိမ်အသစ်တွင် လုံခြုံစွာ နေထိုင်ရမည်ကို ယုံကြည်စိတ်ချစေသည်။ အမှန်ပင်၊ ပရောဖက် မာလခိခေတ်တိုင်သော် ဘုရားသခင်သည် ဧဒုံ၏ “တောင်တို့ကို လွင်ပြင် ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်” တော်မူခဲ့သည်။ (မာလခိ ၁:၃) သို့ဖြစ်လျှင် ဟေရှာယ ပရောဖက်ပြုချက်သည် မာလခိခေတ်တွင် လုံးဝ ပြည့်စုံခဲ့သည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ၊ ပျက်စီးပြိုပျက်နေသော အခြေအနေ၌ ရှိလင့်ကစား ဧဒုံလူမျိုးတို့သည် ပြိုပျက်ရာ နေရာများကို ပြန်လည်တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြကာ မာလခိက ဧဒုံပြည်သားတို့ကို “ဒုစရိုက်ပြည်သား၊” “ထာဝရဘုရား အစဉ် အမျက်ထွက်တော်မူသောလူမျိုး” ဟု ဆက်၍ ခေါ်ဝေါ်ခဲ့သည်။a (မာလခိ ၁:၄၊ ၅) ထို့ကြောင့် ပရောဖက်ပြုချက်အရ ဧဒုံဟူသည် ဧသော၏ သားစဉ်မြေးဆက်ထက်မက ပို၍ ပါဝင်ပတ်သက်မှု ရှိသည်။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ၏ ရန်သူ ဖြစ်ကြောင်း သူတို့ကိုယ်ကို သက်သေထူကြသော လူမျိုးအားလုံးကို ပုံဆောင်သည်။ ဤကိစ္စရပ်တွင် ခရစ်ယာန်ဘောင်လူမျိုးသည် အထူး ပေါ်လွင်ထင်ရှားသည်။ ဤမျက်မှောက်ခေတ် ဧဒုံ၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။

စပျစ်သီး နယ်ရာကျင်း

၈၊ ၉။ (က) ဟေရှာယ တွေ့မြင်ခဲ့သော စစ်သည်တော်သည် အဘယ်အရာ လုပ်ဆောင်တော်မူခဲ့သနည်း။ (ခ) ပုံဆောင် စပျစ်သီးနယ်ရာကျင်းကို အဘယ်အချိန်တွင်နှင့် မည်သို့ နင်းကြသနည်း။

၈ ပြန်လာသော စစ်သည်တော်ကို ဟေရှာယ ဤသို့ မေး၏– “ကိုယ်တော်သည် အဘယ်ကြောင့် နီသော အဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သောသူ၏ အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။” ယေဟောဝါ ဤသို့ ပြန်လည်ဖြေတော်မူ၏– “စပျစ်သီးကို ငါတစ်ယောက်တည်း နင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှ မပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက် ရှိပြီ။ ငါ့အဝတ်တန်ဆာ ရှိသမျှကို ငါဆိုးပြီ [“စွန်းကွက်လျက် ရှိပြီ၊” သမ္မာ]။”—ဟေရှာယ ၆၃:၂၊ ၃။

၉ ကွင်းကွင်းကွက်ကွက် ပုံပေါ်စေသော ထိုစကားများသည် သိမ်းရုံးသတ်ဖြတ်ခြင်းကို ဖော်ပြသည်။ ဘုရားသခင်၏ ဂုဏ်ကျက်သရေရှိသော ဝတ်လုံသည် စွန်းထင်းနေပြီး စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီး နယ်သောသူ၏ ဝတ်လုံနှင့် တူနေသည်! ယေဟောဝါက မိမိ၏ ရန်သူများကို ဖျက်ဆီးရန် ရွေ့လျားသည့်အခါ ထိုရန်သူတို့သည် ထောင်ချောက်မိနေသည့် အခြေအနေတွင် ရှိကြောင်း သိမြင်စေရန် စပျစ်သီးနယ်ရာ ကျင်းတစ်ခုသည် သင့်လျော်သော ပုံဆောင်ချက်တစ်ခု ဖြစ်သည်။ ဤပုံဆောင် စပျစ်သီးနယ်ရာကျင်းကို အဘယ်အချိန်တွင် နင်းမည်နည်း။ ယောလနှင့် တမန်တော် ယောဟန်တို့၏ ပရောဖက်ပြုချက်များတွင်လည်း ပုံဆောင် စပျစ်သီးနယ်ရာ ကျင်းအကြောင်း ဖော်ပြသည်။ ထိုပရောဖက်ပြုချက်များတွင် ပါသော စပျစ်သီးနယ်ရာကျင်းကို နင်းမည့်အချိန်မှာ ယေဟောဝါက ရန်သူများကို အာမဂေဒုန်တွင် နင်းချေဖျက်ဆီးမည့် အချိန်တွင် ဖြစ်သည်။ (ယောလ ၃:၁၃; ဗျာဒိတ် ၁၄:၁၈-၂၀; ၁၆:၁၆) ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ စပျစ်သီးနယ်ရာ ကျင်းသည်လည်း အလားတူအချိန်ကိုပင် ရှေ့သို့ ညွှန်ပြသည်။

၁၀။ မိမိကိုယ်တော်တိုင် စပျစ်သီးနယ်ရာကျင်းကို နင်းသည်ဟု ယေဟောဝါ အဘယ်ကြောင့် မိန့်တော်မူသနည်း။

၁၀ သို့သော် ကိုယ်တော်နှင့်အတူ အခြားမည်သည့်လူသားမျှ မပါဘဲ စပျစ်သီး နယ်ရာကျင်းကို ကိုယ်တော်တိုင် နင်းတော်မူသည်ဟု ယေဟောဝါ အဘယ်ကြောင့် မိန့်တော်မူသနည်း။ ကိုယ်တော်၏ ကိုယ်စားလှယ်အနေနှင့် ယေရှုခရစ်သည် စပျစ်သီး နယ်ရာကျင်းကို ဦးဆောင်နင်းတော်မူမည် မဟုတ်လော။ (ဗျာဒိတ် ၁၉:၁၁-၁၆) မှန်ပါသည်၊ ယေဟောဝါသည် နာမ်ဝိညာဉ်သားများကို မဟုတ်ဘဲ လူများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ မြေကြီးပေါ်မှ စာတန့်နောက်လိုက်များအား ဖယ်ရှားခြင်း တာဝန်ကို မည်သည့်လူသားကမျှ မလုပ်ဆောင်နိုင်ကြောင်း ကိုယ်တော် မိန့်တော်မူခြင်း ဖြစ်သည်။ (ဟေရှာယ ၅၉:၁၅၊ ၁၆) အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူတို့ လုံးလုံး ပျက်စီးသွားသည်အထိ မိမိ၏ အမျက်တော်တွင် သူတို့ကို ဆက်၍ နင်းတော်မူမည်။

၁၁။ (က) ယေဟောဝါသည် အဘယ်ကြောင့် “လက်စားချေရာနေ့” ကို ဖြစ်စေသနည်း။ (ခ) ရှေးအချိန်က ကိုယ်တော် “ရွေးနုတ်သောသူ” တို့သည် မည်သူတို့ ဖြစ်ပြီး၊ ယနေ့အချိန်တွင် မည်သူတို့နည်း။

၁၁ ယင်းတာဝန်ကို ကိုယ်တော်တိုင် အဘယ်ကြောင့် ဆောင်ရွက်တော်မူကြောင်း ယေဟောဝါ ဤသို့ ထပ်ဆင့် ရှင်းပြတော်မူ၏– “အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ [“လက်စားချေရာနေ့သည် ငါ့စိတ်၌ ရှိပြီ၊” သမ္မာ]။ ငါရွေးနုတ်သောသူတို့၏ နှစ်သည် ရောက်လာပြီ။” (ဟေရှာယ ၆၃:၄)b ယေဟောဝါ တစ်ပါးတည်းသာ မိမိလူမျိုးတော်အား ထိခိုက်နာကျင်စေသူများအပေါ် လက်စားချေ စီရင်ပိုင်ခွင့် ရှိသည်။ (တရားဟောရာ ၃၂:၃၅) ရှေးအချိန်က ကိုယ်တော် “ရွေးနုတ်သောသူတို့” မှာ ဗာဗုလုန်လူမျိုးလက်တွင် ဆင်းရဲဒုက္ခ ခံခဲ့ရသော ဂျူးလူမျိုးများ ဖြစ်သည်။ (ဟေရှာယ ၃၅:၁၀; ၄၃:၁; ၄၈:၂၀) မျက်မှောက်ခေတ်တွင် ဘိသိက်ခံ အကြွင်းအကျန် ဖြစ်သည်။ (ဗျာဒိတ် ၁၂:၁၇) ရှေးခေတ် အခြေအနေကဲ့သို့ သူတို့သည် ဘာသာရေး သုံ့ပန်းဘဝမှ ရွေးနုတ်ခံခဲ့ရသည်။ ထိုဂျူးများကဲ့သို့ပင် ဘိသိက်ခံများနှင့် သူတို့၏ “အခြားသိုး” အပေါင်းပါသည် နှိပ်စက်ညှဉ်းပန်းမှုနှင့် ဖိနှိပ်မှုတို့၏ သားကောင်များ ဖြစ်ခဲ့ကြသည်။ (ယောဟန် ၁၀:၁၆) ထို့ကြောင့် ဟေရှာယ ပရောဖက်ပြုချက်က ယနေ့ ခရစ်ယာန်များအား ဘုရားသခင် သတ်မှတ်ထားချိန်တွင် သူတို့၏ အကျိုးအတွက် ကိုယ်တော် ကြားဝင်မည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။

၁၂၊ ၁၃။ (က) ယေဟောဝါအား ထောက်မကူညီပေးမည့်သူ အဘယ်နည်းဖြင့် မရှိသနည်း။ (ခ) ယေဟောဝါ၏ လက်ရုံးတော်သည် ကယ်တင်ခြင်းကို မည်သို့ ဖြစ်စေသနည်း၊ ကိုယ်တော်၏ အမျက်ဒေါသသည် ကိုယ်တော်ကို မည်သို့ ထောက်မသနည်း။

၁၂ ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “ငါကြည့်ရှု၍ မစသောသူ မရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူ မရှိ [“သည်ကို အံ့သြရ၏၊” သမ္မာ]။ ထို့ကြောင့် ကိုယ်လက်သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။ လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ် နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။”—ဟေရှာယ ၆၃:၅၊ ၆။

၁၃ ယေဟောဝါ၏ ထူးခြားသော လက်စားချေရာ နေ့အတွက် မည်သည့်လူသား အထောက်အမ ပေးသူကိုမျှ ဂုဏ်မတင်နိုင်ပါ။ ယေဟောဝါသည် မိမိအလိုတော် ဆောင်ရွက်ရန် မည်သည့်လူသား အထောက်အကူမျှ မလိုအပ်ပါ။c ကိုယ်တော်၏ အတိုင်းထက်အလွန် တန်ခိုးကြီးသော လက်ရုံးတော် ခွန်အားသည် ယင်းတာဝန်ကို ဆောင်ရွက်ရန်အတွက် လုံလောက်သည်။ (ဆာလံ ၄၄:၃; ၉၈:၁; ယေရမိ ၂၇:၅) ထို့ပြင် ကိုယ်တော်၏ အမျက်ဒေါသသည် ကိုယ်တော့်ကို ထောက်မသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်၏ အမျက်ဒေါသသည် ထိန်းချုပ်မှု မရှိသော စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲ ဖြောင့်မတ်သော အမျက်ဒေါသ ဖြစ်၍ပင်။ ယေဟောဝါသည် ဖြောင့်မတ်သော မူများပေါ် အခြေခံ၍ အမြဲ ပြုမူဆောင်ရွက်တော်မူသောကြောင့် ကိုယ်တော်၏ အမျက်ဒေါသသည် ကိုယ်တော်၏ ရန်သူများ နှိမ့်ချအရှက်ခွဲခံရ၊ ဖျက်ဆီးခံရခြင်း ဖြစ်သော “သူတို့၏ အသွေးကို မြေပေါ်မှာ သွန်” စေရန် ထောက်မကာ လှုံ့ဆော်ပေးသည်။—ဆာလံ ၇၅:၈; ဟေရှာယ ၂၅:၁၀; ၂၆:၅။

ဘုရားသခင်၏ ချစ်ခင်ကြင်နာမှု

၁၄။ ယခု ဟေရှာယသည် အဘယ် သင့်လျော်သော သတိပေးချက်ကို ပေးသနည်း။

၁၄ လွန်ခဲ့သည့် အချိန်များက ဂျူးလူမျိုးများသည် မိမိတို့အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာများအပေါ် ကျေးဇူးတင်လေးမြတ်မှု အလျင်အမြန် ပျောက်သွားခဲ့ကြသည်။ သို့ဖြစ်၍ ဟေရှာယက ယေဟောဝါသည် ထိုအမှုအရာများကို အဘယ်ကြောင့် လုပ်ဆောင်တော်မူခဲ့ကြောင်း သူတို့ကို ပြန်သတိပေးခြင်းသည် သင့်လျော်ပါသည်။ ဟေရှာယ ဤသို့ ကြေညာ၏– “ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။ ‘အကယ်စင်စစ် သူတို့သည် ငါ၏လူ ဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏’ ဟု မိန့်တော်မူသဖြင့် သူတို့ကို ကယ်နုတ်တော်မူ၏။ အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ [“သူတို့ ခံရသမျှ ဒုက္ခကို ကိုယ်တော်တိုင် ခံရာရောက်တော်မူ၍၊” သမ]၊ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက် မေတ္တာကရုဏာတော် ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။”—ဟေရှာယ ၆၃:၇-၉။

၁၅။ ယေဟောဝါသည် အီဂျစ်ပြည်တွင်ရှိ အာဗြဟံ၏ သားမြေးများအပေါ် ချစ်ခင်ကြင်နာမှုကို မည်သို့နှင့် အဘယ်ကြောင့် တင်ပြတော်မူခဲ့သနည်း။

၁၅ ချစ်ခင်ကြင်နာမှု သို့မဟုတ် တည်မြဲသော မေတ္တာ တင်ပြရာတွင် ယေဟောဝါ ပြသတော်မူသော ထူးခြားသည့် ပုံသက်သေတစ်ရပ်ပါတကား! (ဆာလံ ၃၆:၇; ၆၂:၁၂) ယေဟောဝါသည် အာဗြဟံအပေါ် ချစ်ခင်တွယ်တာခဲ့သည်။ (မိက္ခာ ၇:၂၀) ကိုယ်တော်သည် ဘိုးဘေးဖြစ်သူအား သူ၏ မျိုးနွယ် သို့မဟုတ် သားစဉ်မြေးဆက်အားဖြင့် မြေကြီးပေါ်ရှိ လူမျိုးအပေါင်း ကောင်းချီး ခံစားရမည်ဟု ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ယေဟောဝါသည် ဣသရေလလူမျိုးအပေါ် ကြွယ်ဝစွာ ကျေးဇူးပြုခြင်းဖြင့် ထိုကတိတော်နှင့်အညီ စွဲစွဲမြဲမြဲ လုပ်ဆောင်တော်မူခဲ့သည်။ အာဗြဟံ၏ သားမြေးများကို အီဂျစ်ပြည် ကျွန်ဘဝမှ ကယ်လွှတ်ခြင်းသည် ကိုယ်တော်၏ သစ္စာရှိရှိ လုပ်ဆောင်မှုများထဲတွင် ထူးခြားသောအမှု ဖြစ်ခဲ့သည်။—ထွက်မြောက်ရာ ၁၄:၃၀။

၁၆။ (က) ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပဋိညာဉ် ဖွဲ့ချိန်တွင် အဘယ် ရှုမြင်ချက် ရှိခဲ့သနည်း။ (ခ) ဘုရားသခင်သည် မိမိလူမျိုးနှင့် မည်သို့ ဆက်ဆံတော်မူသနည်း။

၁၆ အီဂျစ်ပြည်မှ ထွက်လာကြပြီးနောက် ယေဟောဝါသည် ဣသရေလလူမျိုးကို သိနာတောင်သို့ ခေါ်ဆောင်လာခဲ့ပြီး ဤကတိပေးခဲ့သည်– “သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် . . . သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ . . . သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) ယေဟောဝါသည် ယင်းသို့ ကမ်းလှမ်းရာတွင် လှည့်စားခဲ့ခြင်းလော။ မလှည့်စားခဲ့ပါ၊ ယေဟောဝါ ကိုယ်တော်တိုင်က ‘အကယ်စင်စစ် သူတို့သည် ငါ၏လူ ဖြစ်ကြ၏။ သစ္စာမပျက်မည့် သားများ ဖြစ်ကြ၏’ ဟု မိန့်တော်မူခဲ့ကြောင်း ဟေရှာယ ဖော်ပြသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ ဆို၏– “ဤကျမ်းချက်တွင် အသုံးပြုထားသော ‘အကယ်စင်စစ်’ ဟူသည့် စကားလုံးမှာ ယေဟောဝါသည် စကြဝဠာ အချုပ်အခြာအာဏာရှင် သို့မဟုတ် တင်ကြိုသိနိုင်သော တန်ခိုးရှင် ဖြစ်သောကြောင့် အသုံးပြုထားခြင်း မဟုတ်ပါ၊ ကိုယ်တော်သည် မိမိလူမျိုးအပေါ် မျှော်လင့်ချက်နှင့် ယုံကြည်စိတ်ချမှု ရှိသော မေတ္တာကြောင့် ဖြစ်သည်။” မှန်ပါသည်၊ ယေဟောဝါသည် မိမိလူမျိုးတော်ကို အောင်မြင်စေလိုသော အရိုးခံ ဆန္ဒစိတ်ရင်းမှန်ဖြင့် ပဋိညာဉ် ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ထင်ရှားသော အပြစ်အနာအဆာများ ရှိလင့်ကစား ကိုယ်တော်သည် သူတို့ကို ယုံကြည်စိတ်ချကြောင်း တင်ပြတော်မူခဲ့သည်။ ဝတ်ပြုကိုးကွယ်သူများအပေါ် ထိုသို့သော ယုံကြည်စိတ်ချမှု ရှိသည့် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရခြင်းသည် အလွန် ထူးမြတ်လှသည်တကား! ယနေ့ အကြီးအကဲများသည် ဘုရားသခင် လူမျိုးတော်၏ အခြေခံ ကောင်းမွန်ရာ၌ ထပ်တူ ယုံကြည်စိတ်ချမှု တင်ပြကြသည့်အခါ တာဝန်လွှဲပြောင်း အပ်နှင်းခံထားရသူများအား ခွန်အားများစွာ ရှိစေကြသည်။—၂ သက်သာလောနိတ် ၃:၄; ဟေဗြဲ ၆:၉၊ ၁၀။

၁၇။ (က) ယေဟောဝါသည် ဣသရေလလူမျိုးအပေါ် မေတ္တာရှိကြောင်း အဘယ် သာဓက တင်ပြခဲ့သနည်း။ (ခ) ယနေ့ အဘယ်အရာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သနည်း။

၁၇ သို့သော်၊ ဣသရေလလူမျိုးနှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့ ဆို၏– “အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကို . . . ပြု၍ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။” (ဆာလံ ၁၀၆:၂၁-၂၂) သူတို့၏ မနာခံမှုနှင့် လည်ပင်းခိုင်မာသော သဘောထားတို့ကြောင့် ဘေးသင့်စေသော အခြေအနေသို့ ရောက်လေ့ ရှိခဲ့ကြသည်။ (တရားဟောရာ ၉:၆) ယေဟောဝါသည် သူတို့အပေါ် ချစ်ခင်ကြင်နာမှု ပြခြင်းကို ရပ်စဲခဲ့ပါသလော။ သို့ဖြစ်မည့်အစား “သူတို့ ခံရသမျှ ဒုက္ခကို ကိုယ်တော်တိုင် ခံရာ ရောက်တော်မူ” သည်ဟု ဟေရှာယ ဖော်ပြသည်။ ယေဟောဝါတွင် ရှိသော ကိုယ်ချင်းစာနာစိတ်ပါတကား! ဘုရားသခင်သည် မေတ္တာရှိသော အခြားမည်သည့် ဖခင်မဆိုကဲ့သို့ပင် သားသမီးများသည် မိမိတို့ကိုယ်နှိုက်၏ မိုက်မဲမှုကြောင့် ဒုက္ခခံရလျှင်ပင် သူတို့ ဒုက္ခခံနေရသည်ကို တွေ့မြင်ရခြင်းသည် နာကျင်မှု ဖြစ်စေသည်။ ကြိုဟောထားသည့်အတိုင်း မိမိ၏ မေတ္တာကို သက်သေထူသည့်အနေဖြင့် ကိုယ်တော်သည် “ကောင်းကင်တမန်” ကို စေလွှတ်တော်မူခဲ့သည်၊ ထိုသူမှာ ကတိထားတော်မူသော ပြည်တော်သို့ သူတို့ကို ဦးဆောင်ခေါ်သွားသူ လူသားမတိုင်မီက ယေရှု ဖြစ်နိုင်သည်။ (ထွက်မြောက်ရာ ၂၃:၂၀) သို့ဖြင့် “အဘသည် သားကို ချီပိုက်သကဲ့သို့” ယေဟောဝါသည် လူမျိုးတော်ကို ချီမတော်မူခဲ့ပြီး ခေါ်ဆောင်ခဲ့သည်။ (တရားဟောရာ ၁:၃၁; ဆာလံ ၁၀၆:၁၀) ထိုနည်းအတိုင်းပင် ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့ ဒုက္ခဆင်းရဲ ခံရသည်ကို သိမြင်တော်မူပြီး ကျွန်ုပ်တို့ အလွန် ဆင်းရဲကျပ်တည်းသောအခါ ကျွန်ုပ်တို့အတွက် ကိုယ်တော် စိတ်ထိခိုက်တော်မူသည်ကို ယုံကြည်စိတ်ချနိုင်သည်။ ‘ကျွန်ုပ်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့် ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌’ ယုံကြည်စိတ်ချစွာ ‘အပ်နှံ’ နိုင်ပါသည်။—၁ ပေတရု ၅:၇။

ဘုရားသခင်သည် ရန်သူ ဖြစ်လာ

၁၈။ ယေဟောဝါသည် မိမိလူမျိုး၏ ရန်သူ အဘယ်ကြောင့် ဖြစ်လာခဲ့သနည်း။

၁၈ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုအပေါ် ဘယ်တော့မျှ ရောင့်တက်စွာ မပြုသင့်ပါ။ ဟေရှာယ ဤသို့ ဆက်ဆို၏– “သူတို့သည်လည်း ပုန်ကန်၍ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထို့ကြောင့် သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။” (ဟေရှာယ ၆၃:၁၀) ယေဟောဝါသည် ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသော ဘုရားသခင် ဖြစ်သော်လည်း “ပြစ်မှားခြင်းအပြစ်တို့ကို . . . အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူ” ကြောင်း သတိပေးခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) ဣသရေလလူမျိုးသည် ပုန်ကန်မှုဆိုင်ရာ ပုံစံနမူနာ ဖြစ်ခြင်းဖြင့် အပြစ်ပေးခံရရန် မိမိတို့ကိုယ်ကို ဖြစ်စေခဲ့ကြသည်။ မောရှေ ဤသို့ သတိပေးခဲ့သည်– “သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ တော၌ ပြုမိသည်ကို မမေ့နှင့် . . .။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။” (တရားဟောရာ ၉:၇) ဘုရားသခင့် ဝိညာဉ်တော် အကျိုးသက်ရောက်မှုများကို ဖီဆန်ကြခြင်းဖြင့် ဝိညာဉ်တော်ကို စိတ်နာစေ၊ ဝမ်းနည်းစေခဲ့ကြသည်။ (ဧဖက် ၄:၃၀၊ သမ္မာ) သူတို့သည် ယေဟောဝါကို မိမိတို့၏ ရန်သူ မဖြစ်မနေ ဖြစ်စေခဲ့ကြသည်။—ဝတ်ပြုရာ ၂၆:၁၇; တရားဟောရာ ၂၈:၆၃။

၁၉၊ ၂၀။ အဘယ် အကြောင်းအရာများကို ဂျူးတို့ သတိရကြသနည်း၊ အဘယ်ကြောင့်နည်း။

၁၉ ဆင်းရဲဒုက္ခကာလအလယ်တွင် အချို့ဂျူးများသည် အတိတ်ကာလကို ပြန်လည်စဉ်းစားဆင်ခြင်ရန် လှုံ့ဆော်ခံရကြသည်။ ဟေရှာယ ဤသို့ ဆို၏– “ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ ကာလကို အောက်မေ့ကြ၏။ ‘မိမိလူတို့ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊ မောရှေ၏ လက်ယာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှာ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊ လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ ချိုင့်ထဲသို့ သိုး နွား ဆင်းသွားသကဲ့သို့ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။”—ဟေရှာယ ၆၃:၁၁-၁၄က။

၂၀ မှန်ပါသည်၊ ဂျူးလူမျိုးသည် မနာခံမှုကြောင့် ဆင်းရဲဒုက္ခ ခံစားရစဉ် ယေဟောဝါသည် မိမိတို့၏ ရန်သူ ဖြစ်မည့်အစား မိမိတို့အား ကယ်လွှတ်ပေးခဲ့စဉ်အချိန်များကို ပြန်လည်သတိရကြသည်။ သူတို့၏ “သိုးထိန်း” မောရှေနှင့် အာရုန်သည် ပင်လယ်နီကို ဖြတ်၍ လုံခြုံစွာ ဦးဆောင်ခဲ့ပုံတို့ကို ပြန်လည်သတိရကြသည်။ (ဆာလံ ၇၇:၂၀; ဟေရှာယ ၅၁:၁၀) သူတို့သည် ဘုရားသခင့် ဝိညာဉ်တော်ကို စိတ်နာစေမည့်အစား မောရှေနှင့် ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသော အခြားအကြီးအကဲများ၏ ဦးဆောင်မှု ခံခဲ့ရချိန်ကို ပြန်လည်သတိရကြသည်။ (တောလည်ရာ ၁၁:၁၆၊ ၁၇) မိမိတို့၏ အကျိုးအတွက် မောရှေအားဖြင့် ယေဟောဝါ အသုံးပြုခဲ့သော “ဘုန်းကြီးသော လက်ရုံးတော်” ခွန်အားကို မြင်တွေ့ရခြင်းအားလည်း သတိရကြသည်! အချိန်တန်သော် ဘုရားသခင်သည် သူတို့ကို ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီးထဲမှ ခေါ်ထုတ်ခဲ့ပြီး နို့နှင့် ပျားရည် စီးသော ပြည်—ငြိမ်ဝပ်ချမ်းသာရာ အရပ်—သို့ ပို့ဆောင်ခဲ့သည်။ (တရားဟောရာ ၁:၁၉; ယောရှု ၅:၆; ၂၂:၄) သို့သော် ယခု ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် မျက်နှာသာရ ဆက်ဆံရေး ဆုံးရှုံးနေသောကြောင့် ဒုက္ခခံနေရသည်!

‘ကိုယ်တော်တိုင်အတွက် အသရေရှိသော ဘွဲ့နာမ’

၂၁။ (က) ဣသရေလလူမျိုးသည် ဘုရားသခင့် နာမတော်နှင့် ဆက်စပ်လျက် အဘယ် ကြီးမြတ်သည့် အခွင့်ထူးကို ရရှိနိုင်ခဲ့ကြသနည်း။ (ခ) အာဗြဟံ၏ သားမြေးများကို အီဂျစ်ပြည်မှ ကယ်လွှတ်ခြင်းသည် ဘုရားသခင်၏ အဘယ်အခြေခံ အကြောင်းရင်းကြောင့် ဖြစ်သနည်း။

၂၁ သို့သော် ဣသရေလလူမျိုးတို့၏ ရုပ်ပစ္စည်း ဆုံးရှုံးမှုကို သူတို့ စွန့်ပစ်ခဲ့သော ဘုရားသခင့် နာမတော် ဘုန်းထင်ရှားခြင်းတွင် ပါဝင်ရခြင်း အခွင့်အရေးနှင့် နှိုင်းယှဉ်လိုက်လျှင် အသေးအဖွဲ ဖြစ်သွားသည်။ မောရှေသည် ဂျူးလူမျိုးတို့ကို ဤသို့ ကတိပြုခဲ့သည်– “သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင် ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း သင့်ကို ကိုယ်တော်အဖို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။ သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။” (တရားဟောရာ ၂၈:၉၊ ၁၀) ယေဟောဝါသည် အာဗြဟံ၏ သားသမီးများကို ကာကွယ်ကာ အီဂျစ်ပြည် ကျွန်ဘဝမှ လွတ်မြောက်ပေးခဲ့စဉ်က ကိုယ်တော်သည် သူတို့အတွက် ပို၍ သက်သောင့်သက်သာ သို့မဟုတ် ပိုနှစ်လိုဖွယ် အသက်တာ ရရှိအောင် ပြုလုပ်ပေးရုံမျှသာ မဟုတ်ပါ။ ကိုယ်တော်သည် ပို၍ အရေးကြီးသောအရာ ဖြစ်သည့် ကိုယ်တော့် နာမတော်အတွက် လုပ်ဆောင်တော်မူခဲ့ခြင်း ဖြစ်သည်။ မှန်ပါသည်၊ ကိုယ်တော်၏ နာမတော် “မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေ” ဖို့ သေချာအောင် ပြုခဲ့ခြင်း ဖြစ်သည်။ (ထွက်မြောက်ရာ ၉:၁၅၊ ၁၆) ထို့ပြင် တောကန္တာရထဲတွင် ပုန်ကန်သော ဣသရေလလူမျိုးကို ဘုရားသခင် ကရုဏာပြခဲ့ခြင်းသည် စိတ်ထိခိုက်လှုပ်ရှားရုံမျှကြောင့် မဟုတ်ပါ။ “တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏ နာမအသရေကို မပျက်စေခြင်းငှာ” ဟု ယေဟောဝါ ကိုယ်တော်တိုင် မိန့်တော်မူခဲ့သည်။—ယေဇကျေလ ၂၀:၈-၁၀။

၂၂။ (က) အနာဂတ်တွင် ဘုရားသခင်သည် မိမိလူမျိုးတော်၏ အကျိုးအတွက် အဘယ်ကြောင့် တစ်ဖန် တိုက်တော်မူမည်နည်း။ (ခ) ဘုရားသခင့် နာမတော်ကို ချစ်မြတ်နိုးခြင်းက ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများအပေါ် အဘယ်နည်းဖြင့် အကျိုးသက်ရောက်သနည်း။

၂၂ သို့ဖြစ်၍ ဟေရှာယသည် ဤပရောဖက်ပြုချက်ကို လေးနက်သော နိဂုံးဖြင့် အဆုံးသတ်ထားသည်! ဤသို့ ဆိုထား၏– “ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှာ [“ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမ ပြုရန်၊” ကဘ] ကိုယ်တော်၏ လူတို့ကို ဆောင်သွားတော်မူပါပြီ။” (ဟေရှာယ ၆၃:၁၄ခ) ယေဟောဝါသည် မိမိလူမျိုး၏ အကျိုးစီးပွားအတွက် အဘယ်ကြောင့် အပြင်းအထန် တိုက်တော်မူကြောင်း ယခု ကောင်းစွာ တွေ့မြင်နိုင်သည်။ ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမ ပြုရန် ဖြစ်သည်။ ထို့ကြောင့် ဟေရှာယ ပရောဖက်ပြုချက်က ယေဟောဝါ၏ နာမတော်ကို ခံယူထားခြင်းသည် စိုးရွံ့ဖွယ်ကောင်းသော အခွင့်အရေး ဖြစ်သကဲ့သို့ တာဝန်ကြီးလည်း ဖြစ်ကြောင်း လေးနက်သော သတိပေးချက်တစ်ရပ် ဖြစ်သည်။ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ယေဟောဝါ၏ နာမတော်ကို သူတို့ကိုယ်တိုင်၏ အသက်ထက် ပို၍ ချစ်မြတ်နိုးကြသည်။ (ဟေရှာယ ၅၆:၆; ဟေဗြဲ ၆:၁၀) သူတို့သည် ထိုမြင့်မြတ်သော နာမတော်ကို ကဲ့ရဲ့ရှုတ်ချမှု ဖြစ်စေနိုင်သည့် မည်သည့်အရာမဆိုကို မပြုလုပ်လိုကြပါ။ သူတို့သည် ဘုရားသခင်ကို ဆက်၍ သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားသခင်၏ သစ္စာရှိသော မေတ္တာကို တုံ့ပြန်ကြသည်။ ထို့ပြင် သူတို့သည် ယေဟောဝါ၏ တင့်တယ်သော နာမတော်ကို ချစ်မြတ်နိုးကြသောကြောင့် ရန်သူများကို ကိုယ်တော်၏ အမျက်တော် စပျစ်သီးနယ်ရာကျင်းတွင် ကိုယ်တော် နင်းမည့် နေ့ကို မျှော်လင့်တောင့်တကြသည်—ယင်းနေ့သည် သူတို့အတွက် အကျိုးရှိမည် ဖြစ်သောကြောင့်သာ မဟုတ်ပါ၊ သူတို့ ချစ်မြတ်နိုးသော ဘုရားသခင်၏ နာမတော်ကို ဘုန်းထင်ရှားစေမည် ဖြစ်သောကြောင့်ပင်။—မဿဲ ၆:၉။

[အောက်ခြေမှတ်ချက်များ]

a စီ.အီး. ပထမရာစုမှ ဟေရုဒ်သည် ဧဒုံလူမျိုး ဖြစ်သည်။

b ကိုယ်တော် “ရွေးနုတ်သောသူတို့၏ နှစ်” ဟူသော အသုံးအနှုန်းနှင့် “လက်စားချေရာနေ့” ဟူသော အသုံးအနှုန်းတို့သည် အချိန်ကာလ တစ်ခုတည်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ အလားတူ အသုံးအနှုန်းများကို ဟေရှာယ ၃၄:၈ တွင် ယှဉ်တွဲအသုံးပြုထားပုံကို မှတ်သားပါ။

c မည်သူ တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို ထောက်မခြင်း မရှိသောကြောင့် ယေဟောဝါ အံ့သြကြောင်း ဖော်ပြထားသည်။ ယေရှု သေဆုံးပြီး အနှစ် ၂,၀၀၀ နီးပါး ကြာချိန်အထိ လူသားများထဲမှ တန်ခိုးအာဏာရှိသူများသည် ဘုရားသခင့် အလိုတော်ကို ဆက်၍ ဆန့်ကျင်နေကြဆဲ ဖြစ်သောကြောင့် အံ့သြခြင်း ဖြစ်နိုင်သည်။—ဆာလံ ၂:၂-၁၂; ဟေရှာယ ၅၉:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ