-
ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၁၉၊ ၂၀။ အဘယ် အကြောင်းအရာများကို ဂျူးတို့ သတိရကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၉ ဆင်းရဲဒုက္ခကာလအလယ်တွင် အချို့ဂျူးများသည် အတိတ်ကာလကို ပြန်လည်စဉ်းစားဆင်ခြင်ရန် လှုံ့ဆော်ခံရကြသည်။ ဟေရှာယ ဤသို့ ဆို၏– “ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ ကာလကို အောက်မေ့ကြ၏။ ‘မိမိလူတို့ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊ မောရှေ၏ လက်ယာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှာ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊ လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ ချိုင့်ထဲသို့ သိုး နွား ဆင်းသွားသကဲ့သို့ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။”—ဟေရှာယ ၆၃:၁၁-၁၄က။
၂၀ မှန်ပါသည်၊ ဂျူးလူမျိုးသည် မနာခံမှုကြောင့် ဆင်းရဲဒုက္ခ ခံစားရစဉ် ယေဟောဝါသည် မိမိတို့၏ ရန်သူ ဖြစ်မည့်အစား မိမိတို့အား ကယ်လွှတ်ပေးခဲ့စဉ်အချိန်များကို ပြန်လည်သတိရကြသည်။ သူတို့၏ “သိုးထိန်း” မောရှေနှင့် အာရုန်သည် ပင်လယ်နီကို ဖြတ်၍ လုံခြုံစွာ ဦးဆောင်ခဲ့ပုံတို့ကို ပြန်လည်သတိရကြသည်။ (ဆာလံ ၇၇:၂၀; ဟေရှာယ ၅၁:၁၀) သူတို့သည် ဘုရားသခင့် ဝိညာဉ်တော်ကို စိတ်နာစေမည့်အစား မောရှေနှင့် ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသော အခြားအကြီးအကဲများ၏ ဦးဆောင်မှု ခံခဲ့ရချိန်ကို ပြန်လည်သတိရကြသည်။ (တောလည်ရာ ၁၁:၁၆၊ ၁၇) မိမိတို့၏ အကျိုးအတွက် မောရှေအားဖြင့် ယေဟောဝါ အသုံးပြုခဲ့သော “ဘုန်းကြီးသော လက်ရုံးတော်” ခွန်အားကို မြင်တွေ့ရခြင်းအားလည်း သတိရကြသည်! အချိန်တန်သော် ဘုရားသခင်သည် သူတို့ကို ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီးထဲမှ ခေါ်ထုတ်ခဲ့ပြီး နို့နှင့် ပျားရည် စီးသော ပြည်—ငြိမ်ဝပ်ချမ်းသာရာ အရပ်—သို့ ပို့ဆောင်ခဲ့သည်။ (တရားဟောရာ ၁:၁၉; ယောရှု ၅:၆; ၂၂:၄) သို့သော် ယခု ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် မျက်နှာသာရ ဆက်ဆံရေး ဆုံးရှုံးနေသောကြောင့် ဒုက္ခခံနေရသည်!
-