ကျွန်ုပ်တို့ကမ္ဘာမြေကြီးအတွက် အနာဂတ်ကားအဘယ်နည်း
“မှတ်တမ်းတင်ထားသော မည်သည့်ရာစုနှင့်မျှမတူအောင် ၂၀ ရာစုတွင် လူမဆန်သည့်ပြည်တွင်းအကြမ်းဖက်မှု၊ တိုက်ပွဲဆင်နွှဲမှုအရေအတွက် စစ်ဘေးဒုက္ခသည် များပြားမှု၊ စစ်ပွဲများတွင် သန်းပေါင်းများစွာသေဆုံးမှုနှင့် ‘ကာကွယ်ရေး’ စရိတ်စကကြီးမှုတို့ကို တွေ့ရှိရသည်” ဟု ၁၉၉၆ ခုနှစ်ကမ္ဘာ့စစ်တပ်နှင့် လူမှုရေးကုန်ကျစရိတ်ဟူသော စာအုပ်ကဖော်ပြသည်။ ဤအခြေအနေသည် တစ်ချိန်ချိန်ပြောင်းလဲပါမည်လော။
လွန်ခဲ့သည့်ရာစုနှစ်ပေါင်းများစွာက ဘုရားသခင်ပေးခဲ့သောကတိတော်တစ်ခုကို တမန်တော်ပေတရုက ခရစ်ယာန်များအား ဤသို့သတိပေးခဲ့သည်– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဤစကားများသည် မူလက ဟေရှာယပရောဖက်ပြုချက်တွင် ပါဝင်သောစကားဖြစ်သည်။ (ဟေရှာယ ၆၅:၁၇; ၆၆:၂၂) ရှေးခေတ်ဣသရေလလူမျိုးသည် ဗာဗုလုန်နိုင်ငံတွင် အနှစ် ၇၀ သုံ့ပန်းအဖြစ်ချုပ်နှောင်ခံရပြီးနောက် ကတိထားရာပြည်သို့ပြန်လာရသည့်အခါ အဦးပိုင်းပြည့်စုံချက်ကိုတွေ့ကြုံခဲ့ကြရသည်။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကတိတော်ကိုထပ်မံပြောဆိုခြင်းဖြင့် ထိုပရောဖက်ပြုချက်သည် သာလွန်ကြီးကျယ်သည့်အတိုင်းအတာဖြင့် ကမ္ဘာချီပြည့်စုံလာရဦးမည်ဖြစ်ကြောင်း ပေတရုဖော်ပြခဲ့သည်!
ဘုရားသခင့်အလိုတော်မှာ ကမ္ဘာတစ်ခွင် ဖြောင့်မတ်သောအခြေအနေ ဖြစ်ပေါ်တည်ရှိလာရန်ဖြစ်သည်၊ ယင်းကို ဘုရင်အဖြစ်ခရစ်တော်အုပ်စိုးသော မိမိ၏ကောင်းကင်နိုင်ငံတော်အားဖြင့် ဆောင်ကြဉ်းလာမည်ဖြစ်သည်။ “တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်းနောက်တစ်ဖန်မသင်ရကြ။” (ဟေရှာယ ၂:၄) ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ပြီးပြည့်စုံသည့် ငြိမ်းချမ်းမှုနှင့်လုံခြုံမှုမျိုးမှာ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆိုထားသည့် အများအခေါ်အားဖြင့် အကျွန်ုပ်တို့၏အဘ သို့မဟုတ် သခင်အရှင်၏ဆုတောင်းချက်ဖြင့် မိမိ၏နောက်လိုက်များ မျှော်လင့်နေကြရန်၊ တောင်းဆိုကြရန် ယေရှုသွန်သင်ပေးတော်မူခဲ့သည်။—မဿဲ ၆:၉၊ ၁၀။
ကောင်းကင်ဘုံကဲ့သို့ ဖြောင့်မတ်ခြင်းတည်နေရာ ကမ္ဘာပေါ်တွင် သင်အသက်ရှင်လိုပါသလော။ ယင်းသည် ဘုရားသခင်အားသိလို၍ ကိုယ်တော်၏ဖြောင့်မတ်သော နည်းလမ်းတော်များအတိုင်း အသက်ရှင်နေထိုင်ရန် စိတ်နှလုံးအကြွင်းမဲ့ရှာကြံသူတိုင်းအား သမ္မာကျမ်းစာကကမ်းလှမ်းသည့် မျှော်လင့်ချက်ဖြစ်သည်။