သမာဓိစောင့်သိသောလူမျိုး
“တံခါးတို့ကိုဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။”—ဟေရှာယ ၂၆:၂။
၁ “ဖြောင့်မတ်သောလူမျိုး” အကြောင်း ဟေရှာယ၏ဖော်ပြချက်သည် အဘယ်ကြောင့်အံ့အားသင့်စရာဖြစ်နိုင်သနည်း။
ယနေ့ လူမျိုးခပ်သိမ်းရှိကြကုန်သည်။ အချို့လူမျိုးများသည် ဒီမိုကရေစီစနစ်အောက်တွင်ရှိပြီး အချို့တို့ကမူ အာဏာရှင်စနစ်ကို ကျင့်သုံးကြသည်။ အချို့လူမျိုးတို့သည် ချမ်းသာပြီး အချို့တို့က ဆင်းရဲကြသည်။ ယင်းလူမျိုးအားလုံး ယေဘုယျတူညီချက်တစ်ခုရှိသည်– အားလုံးတို့သည် စာတန်ဘုရားဖြစ်သောလောက၏ အစိတ်အပိုင်းများဖြစ်ကြသည်။ (၂ ကောရိန္သု ၄:၄) ယင်းအချက်အရ ဟေရှာယဤသို့ပြောခြင်းသည် လူအချို့တို့အတွက် အဆန်းဖြစ်ပေမည်– “တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။” (ဟေရှာယ ၂၆:၂) ဖြောင့်မတ်သောလူမျိုးလော။ မှန်ပါသည်၊ ထိုဖြောင့်မတ်သောလူမျိုးရှိသည်၊ အကြောင်းမှာ ကျွန်ုပ်တို့ခေတ်တွင် ယင်းရှိသည်ကို ပရောဖက်ပြုထားသောကြောင့်ဖြစ်သည်။ ခြားနားသောဤလူမျိုးကို မည်သို့ခွဲခြားသိမြင်နိုင်သနည်း။
၂။ “ဖြောင့်မတ်သောလူမျိုး” ကား အဘယ်နည်း။ ကျွန်ုပ်တို့မည်သိနိုင်သနည်း။
၂ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဟေရှာယ ၂၆:၂ ကိုပြန်ဆိုရာတွင် ထိုလူမျိုးသည် “သစ္စာရှိအကျင့်အကြံကို စောင့်ထိန်းသော” လူမျိုးအဖြစ် ဖော်ပြထားသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းက ထိုအခန်းငယ်ကို “သမ္မာတရားကိုစောင့်ထိန်းသော ဖြောင့်မတ်သည့်လူမျိုး” ဟုပြန်ဆိုထားသည်။ ယင်းနှစ်ခုလုံးသည် အလွန်ဆီလျော်သည့်ဖော်ညွှန်းချက်များဖြစ်ကြသည်။ အမှန်အားဖြင့် ဖြောင့်မတ်သောလူမျိုးသည် ခရစ်တော်ဘုရင်ကို လက်အောက်ခံသော မြေကြီးပေါ်ရှိ တစ်မျိုးတည်းသောလူမျိုးဖြစ်သောကြောင့်၊ သို့အားဖြင့် စာတန့်လောက၏ အစိတ်အပိုင်းမဟုတ်သောကြောင့် ယင်းကိုသိမြင်ရန်လွယ်ကူသည်။ (ယောဟန် ၁၇:၁၆) သို့အားဖြင့် ယင်း၏အဖွဲ့ဝင်များအား ‘လူမျိုးများအလယ်တွင် မိမိတို့၏ကောင်းသောအကျင့်အကြံကို ထိန်းသိမ်းသူများ’ အဖြစ် သိရှိကြသည်။ သူတို့သည် ဘုရားသခင့်ဘုန်းထင်ရှားစေသည့် ဘဝပုံစံကို လိုက်လျှောက်ကြသည်။ (၁ ပေတရု ၂:၁၂) ထို့အပြင် သူတို့သည် မည်သည့်ကမ္ဘာ့အရပ်ဒေသတွင်ပင်ရှိနေပါစေ ‘အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော်၊ သမ္မာတရား၏အမှီတံကဲ၊ တည်ရာ’ ၏ အစိတ်အပိုင်းဖြစ်ကြသည်။ (၁ တိမောသေ ၃:၁၅) သမ္မာတရားကို ထောက်ခံခြင်းအားဖြင့် သူတို့သည် ခရစ်ယာန်ဘောင်သွန်သင်သော တိတ္ထိအတွေးအခေါ်များကို ငြင်းပယ်ပြီး “နှုတ်ကပါဌ်တရား၏နို့စစ်”—ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာဘက်မှ ခုခံကာကွယ်ကြသည်။ (၁ ပေတရု ၂:၂) ထို့အပြင် သူတို့သည် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့” အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲရှိရှိဟောပြောကြသည်။ (ကောလောသဲ ၁:၂၃) ထိုလူမျိုးသည် “ဘုရားသခင်၏ဣသရေလအမျိုး” တည်းဟူသော ဘိသိက်ခံခရစ်ယာန်အသင်းတော်၏ ကျန်ကြွင်းသူများဖြင့် ပါဝင်ဖွဲ့စည်းထားသည်ဟူသောအချက်ကို သံသယဖြစ်စရာတစ်စုံတစ်ရာရှိပါသလော။ လုံးဝမရှိပါလေ!—ဂလာတိ ၆:၁၆။
ထိုလူမျိုးမွေးဖွား
၃။ “ဖြောင့်မတ်သောလူမျိုး” မည်သို့မွေးဖွားလာကြောင်းကို ဖော်ပြပါ။
၃ “ဖြောင့်မတ်သောလူမျိုး” သည် မည်သည့်အချိန်တွင် မွေးဖွားခဲ့သနည်း။ ယင်း၏အစပြုခြင်းကို ဟေရှာယကျမ်းစာစောင်တွင် ပရောဖက်ပြုထားသည်။ ဟေရှာယ ၆၆:၇၊ ၈ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကိုမခံမီ သားကိုဖွား၏။ ဝေဒနာခံချိန်မရောက်မီ သားယောက်ျားကိုမြင်၏။ . . . ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင် သားများကိုဖွားမြင်ပါသည်တကား။” အထူးခြားဆုံးကား ဇိအုန်တည်းဟူသော ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်းသည် သားဖွားခြင်းဝေဒနာကို မခံစားရမီ “သားယောက်ျား” ကိုဖွားမြင်ရန်ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်တွင် မေရှိယနိုင်ငံတော်မွေးဖွားလာသည်။ (ဗျာဒိတ် ၁၂:၅) ထိုသို့ဖြစ်ပြီးနောက် ပထမကမ္ဘာစစ်တွင် နိုင်ငံပေါင်းများသည်ထက်များစွာပါဝင်လာပြီး ဘိသိက်ခံခရစ်ယာန်များသည် ပြင်းထန်သောဆင်းရဲဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ခံစားကြရသည်။ နောက်ဆုံး ၁၉၁၉ ခုရောက်သော် မြေကြီးပေါ်တွင် “သားယောက်ျား” ဖြစ်သော ဝိညာဏလူမျိုးပေါ်ပေါက်လာသည်။ သို့အားဖြင့် ဇိအုန်သတို့သမီးသည်—“ဖြောင့်မတ်သောလူမျိုး” သစ်မှ ဘိသိက်ခံအဖွဲ့ဝင်များဖြစ်သော—‘သားများကိုဖွားမြင်’ ခဲ့ပြီး သူတို့သည် အစဉ်တိုးချဲ့သွားမည့်ဟောပြောခြင်းလုပ်ငန်းအတွက် ဖွဲ့စည်းခံရကြသည်။—မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၄; ၁ ပေတရု ၂:၉။
၄။ ဘုရားသခင်၏ဖြောင့်မတ်သောလူမျိုးသည် သမာဓိစောင့်ထိန်းရန် အဘယ်ကြောင့်ကြိုးစားအားထုတ်ရသနည်း။
၄ ဤလူမျိုး အစပြုကတည်းက ပြင်းထန်သောသမာဓိစမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ အဘယ်ကြောင့်နည်း။ ကောင်းကင်နိုင်ငံတော်မွေးဖွားသောအခါ စာတန်နှင့်သူ၏နတ်ဆိုးများသည် ကောင်းကင်မှ မြေကြီးပေါ်သို့ မောင်းချခြင်းခံရကြသည်။ ကြီးသောအသံတစ်ခုကြွေးကြော်သည်ကား– “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပါဌ်တရားတော်အားဖြင့်လည်းကောင်း အောင်မြင်၍ အသေခံသည်တိုင်အောင် ကိုယ်အသက်ကိုမနှမြောကြ။” စာတန်သည် ဤအခြေအနေပြောင်းလဲခြင်းကို ဒေါသတကြီးတုံ့ပြန်ပြီး “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။” စာတန်၏ပြင်းထန်သည့်တိုက်ခိုက်မှုကို ဘိသိက်ခံခရစ်ယာန်များသည် အခိုင်အမာရပ်တည်လျက် ခံရပ်ခဲ့ကြသည်။ ယနေ့အထိ ဘုရားသခင်၏ ဖြောင့်မတ်သောလူမျိုးအဝင်ဖြစ်သည့် ဇွဲရှိသူများသည် ယေရှု၏ရွေးနုတ်သောအသွေးတော်ကို ယုံကြည်ကြပြီး “သေသည်တိုင်အောင်” သမာဓိစောင့်သိခြင်းအားဖြင့် မဟာကဲ့ရဲ့ရှုတ်ချသူကို ယေဟောဝါ ချေပနိုင်ရန် အချက်တစ်ခု ပေးနေကြသည်။—ဗျာဒိတ် ၁၂:၁၊ ၅၊ ၉-၁၂၊ ၁၇; နယပုံပြင် ၂၇:၁၁။
၅။ ခေတ်သစ်သက်သေခံများ၏ မည်သည့်ကောင်းမွန်သောသဘောထားက သူတို့အား သမာဓိစောင့်ထိန်းနိုင်ရန် အကူအညီပေးခဲ့ပြီနည်း။
၅ ဘုရားသခင့်နိုင်ငံတော်အကြောင်း ခေတ်သစ်သက်သေခံခြင်း အစပြုသော ၁၉၁၉ ခုနှစ်တွင် ထိုအချိန်က ကျမ်းစာကျောင်းသားများဟုခေါ်သော ယေဟောဝါသက်သေများသည် အရေအတွက်အားဖြင့် နည်းသော်လည်း ယုံကြည်ခြင်းတွင် ထက်သန်ကြသည်။ သူတို့သည် ‘ပြအိုး၊ ရင်တားတို့တွင် ကယ်တင်ခြင်းကိုစီရင်ထားသော ခိုင်ခံ့သောမြို့’ ၏ အမာခံအဖွဲ့သားများဖြစ်လာကြသည်။ သူတို့၏ယုံစားမှုသည် “အချိန်အကန့်အသတ်မဲ့ ကျောက်ဖြစ်တော်မူသော ဂျားယေဟောဝါ” တွင်ဖြစ်သည်။ (ဟေရှာယ ၂၆:၁၊ ၃၊ ၄၊ ကဘ) ရှေးအချိန်က မောရှေနည်းတူ သူတို့ဤသို့ကြွေးကြော်ကြသည်– “ငါသည် ထာဝရဘုရား၏နာမတော်ကို ဖော်ပြသည်ဖြစ်၍ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မူလအမြစ်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင်ဖြစ်တော်မူ၏။”—တရားဟောရာ ၃၂:၃၊ ၄။
၆။ ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မိမိ၏လူများအား မည်သည့်နည်းဖြင့်ကောင်းချီးပေးသနည်း။
၆ ထိုအချိန်မှစ၍ ဘုရားသခင့်နိုင်ငံတော်အစီအစဉ်တံခါးကို ကျယ်စွာဖွင့်ထားကာ ဦးစွာ ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ မှ အကြွင်းအကျန်များ စုသိမ်းခံရပြီး ယခုအခါ အခြားသိုးမှ “လူအုပ်ကြီး” သည် ယေဟောဝါ၏နိုင်ငံတော်ရည်ရွယ်ချက်များကြေညာခြင်းတွင် ပူးပေါင်းပါဝင်လာကြသည်။ (ယောဟန် ၁၀:၁၆) သို့ဖြင့် ဤသို့ရွှင်လန်းစွာကြေညာနိုင်သည်– “အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ။ အကျွန်ုပ်တို့အမျိုးကိုတိုးပွားစေသဖြင့် ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။” (ဟေရှာယ ၂၆:၁၅) ဤလောကလယ်ကွင်းကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်လိုက်သောအခါ ဤစကားများ မည်မျှမှန်ကန်သည်ကို ကျွန်ုပ်တို့တွေ့ရှိရပါသည်တကား! သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် လာမည့်ခရစ်တော်၏နိုင်ငံတော်အကြောင်းကို “မြေကြီးစွန်းတိုင်အောင်” သက်သေခံပြီးလျက်ရှိသည်။ (တမန်တော် ၁:၈) ထိုတိုးပွားမှုအတိုင်းအတာကို စာမျက်နှာ ၁၂ မှ ၁၅ တွင်ဖော်ပြထားသော ကမ္ဘာချီယေဟောဝါသက်သေများ၏ ၁၉၉၄ ခုလုပ်ငန်းတော်နှစ်မှတ်တမ်းတွင် အကဲခတ်နိုင်သည်။
အများဆုံးကြေညာသူနှုန်းသစ်
၇၊ ၈။ (က) ဘုရားသခင်၏လူများသည် ‘မိမိတို့၏တဲကြိုးကို ရှည်စေ’ ကြကြောင်း မည်သည့်အထောက်အထားရှိသနည်း။ (ခ) ၁၉၉၄ ခု လုပ်ငန်းတော်နှစ်မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် ‘သူတို့၏နေရာအပိုင်းအခြားကို တိုးချဲ့’ ရာတွင် မည်သည့်ကဏ္ဍကို သင်အထင်အရှားတွေ့မြင်နိုင်သနည်း။
၇ ဤမှတ်တမ်း၏ ပေါ်လွင်ချက်အချို့ကို စဉ်းစားကြည့်ပါ။ လယ်ကွင်းတွင် အများဆုံးဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၄,၉၁၄,၀၉၄ အထိပင်! ‘ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြသော လူများအပေါင်း [လူအုပ်ကြီး၊ ကဘ]’ အား စဉ်ဆက်မပြတ်စုသိမ်းနေသည်ကို ကြည့်မြင်နေရခြင်းသည် မည်မျှအားရကျေနပ်ဖွယ်ပါတကား! မှန်ပါသည်၊ ဤသူများလည်း သမာဓိစောင့်သိသူများအဖြစ် သက်သေထူခဲ့ကြပြီ။ ဤသူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေ” ကြပြီး ယေရှု၏ရွေးဖိုးပူဇော်သက္ကာ၌ ယုံကြည်ခြင်းတင်ပြကြသောကြောင့် ဖြောင့်မတ်သည်ဟု ယူမှတ်ခံရကြသည်။—ဗျာဒိတ် ၇:၉၊ ၁၄။
၈ အထူးသဖြင့် ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါ၏အဖွဲ့အစည်းအား ဤသို့မိန့်ဆိုချက်သည် ဆက်လက်ဖြစ်နေသည်– “သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာမျက်နှာကို ကြက်ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။” (ဟေရှာယ ၅၄:၂) ရလဒ်အနေနှင့် ဟောပြောခြင်းလုပ်ငန်းသည် ယုတ်လျော့ခြင်းမရှိ ဆက်လက်ဖြစ်မြောက်နေပြီး သုညဒီဂရီဖာရင်ဟိုက်အောက် ၅၀ မှ ၆၀ အထိ ရက်သတ္တပတ်ပေါင်းများစွာကြာ အပူချိန်ကျဆင်းသွားတတ်သောအခြေအနေကို ခံရပ်သည့် အကြမ်းပတမ်းခံသောရှေ့ဆောင်များရှိရာ အာလာစကာနယ်ခြားဒေသ ရေခဲထူထပ်သည့်ယူကွန်းတွင်ပင် ဆက်၍ဖြစ်မြောက်နေသည်။ မကြာသေးမီနှစ်များက ယေဟောဝါ၏သမာဓိစောင့်သိသောလူမျိုးထဲသို့ တစ်ခါနှင့်မျှမတူအောင်တိုး၍ လျင်မြန်စွာရောက်ရှိလာကြသည်။ ခရစ်ယာန်ဘောင်မဟုတ်သော အာရှနိုင်ငံများ၊ ယခင် ကွန်မြူနစ်ဝါဒကြီးစိုးသည့်နိုင်ငံများ၊ အာဖရိကနိုင်ငံများစွာနှင့် အီတလီ၊ စပိန်၊ ပေါ်တူဂီနှင့် တောင်အမေရိကတို့ကဲ့သို့သော ကက်သလစ်လွှမ်းမိုးသည့်နိုင်ငံများမှ လူများကို လက်ခံရန် ဝင်ပေါက်တံခါးကို သာ၍ကျယ်ဝန်းစွာ ဖွင့်ထားပေးသည်။ အိမ်မဲ့ရာမဲ့ဒုက္ခသည်များက လယ်ကွင်းအသစ်တစ်ခုကို ပေါ်ပေါက်စေသည်။ ဥပမာ၊ အင်္ဂလန်နိုင်ငံတွင် သက်သေခံများသည် နိုင်ငံခြားဘာသာစကားပြောလူမျိုးစု ၁၃ စုတို့၏ လိုအပ်ရာများကို အကူအညီပေးနေကြသည်။
“ဤသို့ဆက်၍ပြုနေကြလော့”
၉။ (က) ၁၉၉၄ ခု သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်က ဘာကိုဖော်ပြသနည်း။ (ခ) သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက် ပုံမှန်မဟုတ်မြင့်မားသော နိုင်ငံအချို့ကား အဘယ်နည်း။
၉ နှစ်ပတ်လည်မှတ်တမ်း၏ ထူးခြားထင်ရှားချက်နောက်တစ်ခုမှာ သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်ဖြစ်သည်။ ယေရှုမသေမီကလေးတွင် မိမိ၏သေခြင်းကိုအောက်မေ့ရန် သတိရအောက်မေ့ပွဲကို စတင်ကျင်းပခဲ့ပြီး မိမိ၏နောက်တော်လိုက်များအား ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ဆက်၍ပြုနေကြလော့” (၁ ကောရိန္သု ၁၁:၂၄၊ ကဘ) ၁၉၉၄ ခုနှစ်တွင် ထိုပညတ်တော်ကိုနာခံရန် စားသုံးသူအဖြစ်သော်လည်းကောင်း၊ ပါဝင်တက်ရောက်သူအဖြစ်သော်လည်းကောင်း စုရုံးရောက်ရှိလာကြသူပေါင်း ၁၂,၂၈၈,၉၁၇—လှုပ်ရှားသည့်ကြေညာသူများ၏ အရေအတွက်နှစ်ဆထက်မက များစွာကျော်လွန်—ခြင်းက ပီတိဖြာစရာဖြစ်သည်။ အချို့နိုင်ငံများတွင် သတိရအောက်မေ့ပွဲတက်ရောက်သူနှင့် ကြေညာသူတို့၏အချိုးသည် ယင်းထက်ပင်သာ၍မြင့်သည်။ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံများရှိ ကြေညာသူ ၄,၀၄၉ ယောက်တို့သည် မိမိတို့အရေအတွက်ထက်သုံးဆကျော်သော သတိရအောက်မေ့ပွဲတက်ရောက်သူ ၁၂,၈၇၆ ယောက်ကို ရရှိကြသည့်အတွက် အလွန်ဝမ်းမြောက်ကြသည်။ ဘီနင်နိုင်ငံတွင် သတိရအောက်မေ့ပွဲတက်ရောက်သူ ၁၆,၇၈၆ က ကြေညာသူအရေအတွက်၏ ငါးဆနီးပါးရှိကြောင်း ဖော်ပြသည်။ ကြေညာသူ ၄၅ ရှိသောအသင်းတော်တစ်ခုတွင် အောက်မေ့ပွဲတက်ရောက်သူ ၈၃၁ ပင်ရှိသည်!
၁၀။ (က) သတိရအောက်မေ့ပွဲ တက်ရောက်သည့်နှုန်းမြင့်မားခြင်းက ကျွန်ုပ်တို့အပေါ် မည်သည့်တာဝန်ကျရောက်စေသနည်း။ (ခ) သတိရအောက်မေ့ပွဲတက်ရောက်သူတစ်ဦးသည် ထပ်ဆင့်အကူအညီများရရှိပါက မည်သို့ဖြစ်နိုင်ကြောင်း ရှင်းပြပါ။
၁၀ ဤမင်္ဂလာရှိသောအခါသမယတွင် စိတ်ဝင်စားသူများစွာတို့ မိမိတို့နှင့်အတူရှိခြင်းအတွက် ယေဟောဝါသက်သေများပျော်ရွှင်ကြသည်။ သမ္မာတရားကိုသိနားလည်ခြင်းနှင့် မြတ်နိုးခြင်းတို့တွင် ဆက်လက်တိုးပွားရန် ဤသူများအားသူတို့ကူညီလိုကြသည်။ အချို့တို့သည် ရုရှားနိုင်ငံရှိ အားလားကဲ့သို့တုံ့ပြန်လိုကြပေမည်။ အားလားသည် အထူးရှေ့ဆောင်ညီအစ်မတစ်ဦးနှင့် သင်အံမှုပြုခဲ့သော်လည်း တိုးတက်မှုနှေးသဖြင့် သင်အံမှုရပ်ဆိုင်းခဲ့သည်။ သို့သော် သတိရအောက်မေ့ပွဲဖိတ်စာတစ်ခုကို အားလားလက်ခံရရှိခဲ့သည်။ အဓိပ္ပာယ်များစွာလေးနက်သောထိုပွဲသည် သူမအား အလွန်ဘဝင်ခိုက်သွားစေသည်။ အိမ်ပြန်ရောက်သောအခါ သူမ၏ဘာသာရေးရုပ်ပုံအားလုံးကို စွန့်ပစ်လိုက်ပြီး အကူအညီအတွက် ယေဟောဝါထံတွင်ဆုတောင်းခဲ့သည်။ နှစ်ရက်ကြာသောအခါ သတိရအောက်မေ့ပွဲကို သူမမည်သို့သဘောရကြောင်းသိရန် သူမထံသို့ ရှေ့ဆောင်ညီအစ်မရောက်လာသည်။ အကျိုးဖြစ်ထွန်းသည့်ဆွေးနွေးမှုဖြစ်မြောက်ခဲ့သည်။ အားလားသင်အံမှုပြန်လည်စတင်သည်။ မကြာမီ သက်သေခံခြင်းလုပ်ငန်းတွင် သူမပါဝင်လာတော့သည်။ ယင်းတွေ့ကြုံမှုက သတိရအောက်မေ့ပွဲတက်ရောက်သူများအား ပြန်လည်ပတ်ခြင်း၏ အကျိုးကျေးဇူးကို တင်ပြသည်။ လူများစွာတို့သည် အားလားနည်းတူ တုံ့ပြန်စရာအကြောင်းရှိပေသည်။
“အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်”
၁၁-၁၃။ (က) ဖြောင့်မတ်သောလူမျိုး၏ သစ္စာရှိအကျင့်အကြံ၏ အစိတ်အပိုင်းတစ်ခုကား အဘယ်နည်း။ (ခ) ခရစ်ယာန်စစ်များသည် အစည်းအဝေးများတက်ရန် အဘယ်ကြောင့်လိုသနည်း။
၁၁ သတိရအောက်မေ့ပွဲတော်သည် ယေဟောဝါသက်သေများ၏ ပြက္ခဒိန်တွင် အရေးအကြီးဆုံးအစည်းအဝေးဖြစ်သော်လည်း ယင်းတစ်ခုတည်းသာရှိသည်မဟုတ်ပါ။ ယေဟောဝါသက်သေများသည် တမန်တော်ပေါလု၏ ဤစကားများကို နာခံသောအားဖြင့် ပတ်စဉ်စုဝေးကြသည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူတို့သည် သစ္စာရှိအကျင့်အကြံအားဖြင့် ခွဲခြားသိမြင်နိုင်သော ယေဟောဝါ၏ဖြောင့်မတ်သည့်လူမျိုးနှင့်အတူ ပေါင်းသင်းကြသည်။ သစ္စာရှိအကျင့်အကြံများတွင် အစည်းအဝေးများကို သစ္စာရှိရှိတက်ရောက်ခြင်းပါဝင်သည်။
၁၂ တနင်္ဂနွေနေ့အစည်းအဝေးကို တစ်နိုင်ငံလုံးပျမ်းမျှတက်ရောက်သူသည် ကြေညာသူများအရေအတွက်ထက် ၁၂၅ ရာခိုင်နှုန်းရှိသော ဖိလစ်ပိုင်နိုင်ငံတွင် ထိုအချက်ကို ကောင်းစွာသဘောပေါက်ကြသည်။ အာဂျင်တီးနားရှိ သက်သေခံများနှင့် စိတ်ဝင်စားသူများပါဝင်သည့် အုပ်စုတစ်စုကလည်း ယင်းအချက်ကို ကောင်းစွာသဘောပေါက်သည်။ သူတို့သည် ခန်းမနှင့် ၁၂ မိုင်ဝေးသောနေရာတွင်နေထိုင်ကြသည်။ သို့သော် ဖျားရေးနာတာမှလွဲလျှင် သူတို့တစ်ယောက်မျှ အစည်းအဝေးများမပျက်ကွက်ကြကြောင်း တိုက်နယ်ကြီးကြပ်မှူးက မှတ်တမ်းပေးပို့သည်။ မြင်းလှည်းဖြင့်ဖြစ်စေ၊ မြင်းစီး၍ဖြစ်စေ လေးနာရီကြာခရီးနှင်ကြရပြီး ဆောင်းရာသီများတွင် ညအမှောင်ထုကိုဖြတ်လျက် အိမ်ပြန်ကြရသည်။
၁၃ ဤစနစ်အဆုံးနီးလာသည်နှင့်အမျှ ဘဝသည် ပိုမိုခက်ခဲလာပြီး ပြဿနာများလာကာ အစည်းအဝေးများမှန်မှန်တက်ရောက်ခြင်းသည် သာ၍ခက်ခဲမှုဖြစ်လာပေမည်။ သို့သော် ထိုအခြေအနေများအောက်တွင် ထိုအစည်းအဝေးများမှသာရရှိနိုင်သော ဝိညာဏအစာနှင့် လှိုက်လှဲပျူငှာသည့် ပေါင်းသင်းဆက်ဆံမှုကို တစ်ခါနှင့်မျှမတူအောင် ပို၍ကျွန်ုပ်တို့လိုအပ်လျက်ရှိသည်။
“ထိုအမှုကို အရေးတကြီးပြုလော့”
၁၄။ ယေဟောဝါသက်သေများသည် မိမိတို့၏ဓမ္မအမှုနှင့်ပတ်သက်၍ အရေးကြီးသည်ဟူသောအသိ အဘယ်ကြောင့်ရှိသနည်း။ မည်သည့်ရလဒ်က ယင်းကိုသရုပ်ဖော်သနည်း။
၁၄ လွန်ခဲ့သည့်နှစ်က အီတလီနိုင်ငံရှိ ကက်သလစ်ချာ့ချ်သည် ယေဟောဝါသက်သေများ၏လုပ်ငန်းကို “အတင်းအဓမ္မဘာသာသွင်းမှု” ဟု ကင်ပွန်းတပ်ခဲ့သည်။ အမှန်အားဖြင့် သက်သေခံများ၏လုပ်ဆောင်မှုသည် မည်သည့်အတင်းအဓမ္မမှုမျှ မပါပါ။ ယင်းအစား သူတို့၏ဓမ္မအမှုဆောင်ခြင်းသည် မိမိနှင့်စပ်ဆိုင်သူများအပေါ် နက်ရှိုင်းသောမေတ္တာတင်ပြမှုတစ်ရပ်ဖြစ်သည်။ ယင်းသည် ပေါလု၏စကားကိုနာခံကြောင်း သာဓကလည်းဖြစ်သည်– “နှုတ်ကပါဌ်တရားတော်ကို ဟောပြောလော့။ ထိုအမှုကို အရေးတကြီးပြုလော့။” (၂ တိမောသေ ၄:၂၊ ကဘ) အရေးကြီးသည်ဟူသောအသိက မိမိတို့၏ဓမ္မအမှုတွင်ဇွဲရှိရန် ယေဟောဝါသက်သေများအား လှုံ့ဆော်သည်။ ၁၉၉၄ ခုနှစ်အတွင်းက ကိုယ်နှင့်စပ်ဆိုင်သူများကို ဟောပြောခြင်း၊ ပြန်လည်ပတ်မှုပြုခြင်းတို့တွင် နာရီပေါင်း ၁,၀၉၆,၀၆၅,၃၅၄ ကိုအသုံးပြုပြီး ကျမ်းစာသင်အံမှု ၄,၇၀၁,၃၅၇ ခုကျင်းပခြင်းတွင် တွေ့မြင်ရသည့်အတိုင်းဖြစ်သည်။ များစွာသောသူတို့ ရှေ့ဆောင်နိုင်ကြခြင်းက ရှေ့ဆောင်စိတ်ဓာတ်သည် ရှင်သန်လှုပ်ရှားနေကြောင်း တင်ပြသည်။ ကမ္ဘာချီပျမ်းမျှရှေ့ဆောင်အရေအတွက် ၆၃၆,၂၀၂ က ယင်းကိုသက်သေထူသည်။
၁၅၊ ၁၆။ (က) လူငယ်လူကြီးများ ရှေ့ဆောင်စိတ်ဓာတ်ကို မည်သို့တင်ပြလာခဲ့ကြပြီနည်း။ (ခ) ၁၉၉၄ လုပ်ငန်းတော်နှစ်မှတ်တမ်းမှ နိုင်ငံများကိုကြည့်လိုက်လျှင် ထူးခြားထင်ရှားသည့်ရှေ့ဆောင်အရေအတွက်ကို အဘယ်တွင်တွေ့ရသနည်း။
၁၅ ဤရှေ့ဆောင်များတွင် ငယ်ရွယ်သူများစွာပါဝင်သည်။ အမေရိကန်ပြည်ထောင်စုရှိ အချို့တို့သည် ယခု အထက်တန်းကျောင်းတက်နေရင်း မိမိတို့၏အတန်းဖော်များကို ပင်မလယ်ကွင်းအဖြစ်ထားကာ မှန်မှန်ရှေ့ဆောင်နေသူများဖြစ်ကြသည်။ ရှေ့ဆောင်ခြင်းသည် ထိုနိုင်ငံအတွင်းရှိ ကျောင်းများစွာတို့တွင် ဝင်ရောက်ပျံ့နှံ့နေသော မူးယစ်ဆေးဝါးသုံးခြင်း၊ စာရိတ္တပျက်ပြားခြင်းနှင့် အကြမ်းဖက်ခြင်းတို့မှ မိမိတို့ကိုယ်ကိုကာကွယ်ရန် အကောင်းဆုံးနည်းဖြစ်ကြောင်း ထိုလူငယ်များကတွေ့ရှိကြသည်။ အခြားလူငယ်များစွာတို့ကလည်း ကျောင်းပြီးလျှင် ရှေ့ဆောင်လုပ်ရန် ပန်းတိုင်ထားရှိကြသည်။ ယူကရိန်းနိုင်ငံရှိ အီရီးနာသည် ကျောင်းပြီးသောအခါ ရှေ့ဆောင်လုပ်ရန်ပြင်ဆင်သည့်အနေနှင့် သူမ၏အထက်တန်းကျောင်းနေသက်တစ်လျှောက်လုံး အရန်ရှေ့ဆောင်ခဲ့သည်။ သူမကျောင်းပြီးသောအခါ မိမိတို့ကိုယ်စား မှန်မှန်ရှေ့ဆောင်လုပ်နိုင်ရန်အတွက် သူမ၏မိသားစုသည် လောကအလုပ်များကို တာဝန်ယူလုပ်ကိုင်ပေးကြခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည်။ ယူကရိန်းနိုင်ငံတွင် စီးပွားရေးအရမလွယ်ကူပါ။ သို့သော် အီရီးနာဤသို့ပြောသည်– “ကျွန်မအတွက်သာမက ကျွန်မဟောပြောတဲ့လူတွေအတွက်ပါ အသက်ရစေမယ့်လုပ်ငန်းကို ကျွန်မလုပ်နေတယ်ဆိုတာကျွန်မသိတယ်” အီရီးနာကဲ့သို့ထင်မှတ်သော လူငယ်များစွာရှိသည်ကို တွေ့ရခြင်းက အမှန်ပင်အားရစရာဖြစ်သည်။ ‘အသက်ပျိုစဉ်အခါ မိမိတို့၏ဖန်ဆင်းရှင်ကိုအောက်မေ့’ ခြင်းထက် သူတို့အတွက်သာ၍ကောင်းသောအရာ ရှိပါဦးမည်လော။—ဒေသနာ ၁၂:၁။
၁၆ ရှေ့ဆောင်များစွာတို့သည် အသက်ကြီးသူများဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက သူမ၏ဖခင်နှင့်အစ်ကိုဖြစ်သူတို့သည် စစ်ပွဲတွင်တိုက်ခိုက်ရင်း သေဆုံးသွားပြီး မိခင်နှင့်ညီမဖြစ်သူတို့သည် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် သေနတ်ထိမှန်ခဲ့ကြောင်း မှတ်တမ်းတစ်ခုကဖော်ပြသည်။ နောက်ပိုင်းတွင် သူမ၏သားသေဆုံးခဲ့သည်။ ယခု သူမသည် ဇရာထောင်းလာပြီး ကျန်းမာရေးချို့တဲ့လာသောအချိန်တွင် ယေဟောဝါသည် ခရစ်ယာန်အသင်းတော်အားဖြင့် သူမဆုံးရှုံးခဲ့သည့်မိသားစုထက် သာ၍ကြီးမားသောမိသားစုကိုပေးထားသည်။ သူမသည် မှန်မှန်ရှေ့ဆောင်ခြင်းအားဖြင့် အခြားသူများကိုကူညီရာတွင် ရွှင်လန်းလျက်ရှိသည်။
၁၇၊ ၁၈။ ကျွန်ုပ်တို့တစ်ဦးစီသည် ရှေ့ဆောင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှေ့ဆောင်စိတ်ဓာတ်ကို မည်သို့တင်ပြနိုင်ကြသနည်း။
၁၇ လူတိုင်းရှေ့ဆောင်မဖြစ်နိုင်ကြသည်တော့ မှန်ပါသည်။ ကျွန်ုပ်တို့တစ်ဦးစီအတွက် မည်သည့်အရာမဆို ကျွန်ုပ်တို့အတတ်နိုင်ဆုံးပူဇော်နိုင်သော ဆယ်ဖို့တစ်ဖို့ကို ယေဟောဝါနှစ်သက်လက်ခံတော်မူသည်။ (မာလခိ ၃:၁၀၊ ကဘ) ကျွန်ုပ်တို့အားလုံး ဤဇွဲရှိသောရှေ့ဆောင်များ၏ စိတ်ဓာတ်မျိုးကို ပြုစုပျိုးထောင်ပြီး ကျွန်ုပ်တို့အခြေအနေပေးသရွေ့ သတင်းကောင်းဟောပြောခြင်းကိုချဲ့ထွင်ရန် လုပ်ဆောင်နိုင်ကြသည်အမှန်။
၁၈ ဥပမာ၊ ဩစတြေးလျနိုင်ငံတွင် ဧပြီလ ၁၆ ရက်နေ့ကို လမ်းပေါ်သက်သေခံရန် အထူးနေ့ရက်အဖြစ် သတ်မှတ်ထားသည်။ ယင်းလုပ်ငန်းကို ကြေညာသူများနှင့် ရှေ့ဆောင်များက ကောင်းစွာပါဝင်ထောက်မကြကြောင်း ထိုလအတွက် ကြေညာသူနှုန်းသစ် ၅၈,၇၈၀ ယောက်က ယင်းကိုသက်သေထူသည်။ ထို့အပြင် လွန်ခဲ့သောနှစ်၏ဤလတွင် ဝေငှရသောမဂ္ဂဇင်းထက် မဂ္ဂဇင်း ၉၀,၀၀၀ ပို၍ဝေငှရသည်။ ထိုအထူးနေ့ရက်တွင် ညီအစ်မတစ်ဦးက လူတစ်ဦးကိုမဂ္ဂဇင်းဝေငှပြီး စိတ်ဝင်စားမှုရှိသည်နှင့် ပြန်လည်ပတ်ရန် သူ၏အမည်နှင့်လိပ်စာကို မှတ်သားသောအချိန်တွင် သူတို့သည် ဆွေမျိုးများဖြစ်ကြောင်း သူမသိသွားသည်။ သူတို့သည် နှစ်ပေါင်း ၃၀ ကြာကွဲကွာနေကြသော တစ်ဝမ်းကွဲမောင်နှမများဖြစ်ကြောင်း သိလာကြရသည်။ ယင်းက အလွန်ပျော်စရာကောင်းသည့် ပြန်လည်ပတ်မှုဖြစ်မည်မှာ သေချာလိုက်သည်ဖြစ်ခြင်း!
အဆုံးအထိသမာဓိစောင့်သိလေ
၁၉။ ယေဟောဝါ၏ဖြောင့်မတ်သောလူမျိုးသည် အဆုံးအထိသမာဓိစောင့်ထိန်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၉ စာတန့်လောက၏ နောက်ဆုံးအခြေအနေသို့ ဆိုက်ရောက်လာချိန်တွင် ဘုရားသခင်၏ ဖြောင့်မတ်သောလူမျိုးတော်အတွင်းရှိ လူအားလုံးတို့သည် သမာဓိစောင့်သိရန် အရေးကြီးနေသည်။ မကြာမီ ယေဟောဝါ၏သန့်ရှင်းသောလူမျိုးသည် ဤသို့ကြွေးကြော်သံကို ကြားရကြမည်– “ငါ၏လူတို့ လာကြ။ အတွင်းခန်းထဲသို့ဝင်၍ သင်တို့ကိုကွယ်ကာသောတံခါးများကို ပိတ်ထားကြလော့။ အမျက်ကာလလွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍နေကြလော့။” သွေးသွန်းမှုကိုကျူးလွန်သော ဤလောကသည် ဘုရားသခင့်တရားစီရင်ခြင်းကို မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်ရမည်။ “အကြောင်းမူကား ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့်အပြစ်ပေးလိုသောငှာ မိမိအရပ်ဌာနထဲကထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသောအသွေးကို ဖော်ပြရလိမ့်မည်။ မိမိ၌အသေခံသောသူတို့ကို နောက်တစ်ဖန်ဝှက်၍မထားရ။” (ဟေရှာယ ၂၆:၂၀၊ ၂၁) ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါ၏ဖြောင့်မတ်သောလူမျိုးနှင့် ပေါင်းသင်းသော သမာဓိစောင့်ထိန်းသည့်ခရစ်ယာန်များအဖြစ် မားမားမတ်မတ်ရပ်တည်ကြစို့။ သို့ဖြင့် ခရစ်တော်နိုင်ငံတော်၏ မြေကြီး သို့မဟုတ် ကောင်းကင်နယ်ပယ်တွင် ထာဝရအသက်ဆုကို ရွှင်လန်းစွာဆွတ်ခူးကြရမည်။
သင်မှတ်မိသလော
◻ “ဖြောင့်မတ်သောလူမျိုး” သည် မည်သည့်အချိန်တွင် မွေးဖွားသနည်း။
◻ ဤနောက်ဆုံးကာလတွင် ဘုရားသခင်၏လူများသည် အဘယ်ကြောင့်ခံနိုင်ရည်လိုအပ်သနည်း။
◻ ၁၉၉၄ ခု လုပ်ငန်းတော်နှစ်မှတ်တမ်းတွင် တွေ့ရသော မြင့်မားသည့်ကြေညာသူနှုန်းနှင့် ဓမ္မအမှုတွင် အသုံးပြုသောနာရီတို့က မည်သည့်အရာကိုဖော်ပြသနည်း။
◻ ဤလောက၏အဆုံးနီးလာသည်နှင့်အမျှ အစည်းအဝေးများတက်ရောက်ခြင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။
◻ ဘုရားသခင့်ဖြောင့်မတ်သောလူမျိုးနှင့် ပေါင်းသင်းသူတိုင်း အဘယ်ကြောင့် သမာဓိစောင့်ထိန်းရမည်နည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါ၏ဖြောင့်မတ်သောလူမျိုးမှ သမာဓိစောင့်ထိန်းသူများသည် စုံလင်သည့်အဖြစ်နှင့် ထာဝရအသက်ဆုကို ဆွတ်ခူးရရှိကြမည်