ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၂၇ စာ. ၁၈၅-၁၉၂
  • ယေဟောဝါသည် စင်ကြယ်သော ဝတ်ပြုရေးကို ကောင်းချီးပေးတော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် စင်ကြယ်သော ဝတ်ပြုရေးကို ကောင်းချီးပေးတော်မူ၏
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စင်ကြယ်သော ဝတ်ပြုရေးအတွက် အဓိက သော့ချက်
  • ယေဟောဝါသည် အရေခြုံ ဝတ်ပြုကိုးကွယ်မှုကို မုန်းတော်မူ၏
  • အလျင်အမြန်နှင့် ရုတ်တရက် ပြန်လည်တည်ထောင်ခြင်း
  • ယေဟောဝါ၏ ကြင်နာမှု ပြည့်ဝသော စောင့်ရှောက်မှု
  • လူမျိုးတို့အတွက် အလင်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • “နာမသစ်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၂၇ စာ. ၁၈၅-၁၉၂

အခန်း နှစ်ဆယ့်ခုနစ်

ယေဟောဝါသည် စင်ကြယ်သော ဝတ်ပြုရေးကို ကောင်းချီးပေးတော်မူ၏

ဟေရှာယ ၆၆:၁-၁၄

၁။ ဟေရှာယကျမ်း၏ နောက်ဆုံး အခန်းကြီးတွင် အဘယ် အဓိက အကြောင်းများကို ပေါ်လွင်စွာ ဖော်ပြထားသနည်း၊ အဘယ် မေးခွန်းများ၏ အဖြေကို ဖြေဆိုပေးသနည်း။

ဟေရှာယကျမ်း၏ နောက်ဆုံး အခန်းကြီးထဲတွင် ဤပရောဖက်ပြုချက်ကျမ်းမှ အဓိက အကြောင်းအချို့ကို လေးနက်ပေါ်လွင်ထင်ရှားသည့် ဇာတ်ထွတ်တစ်ခုအဖြစ် ဖော်ပြထားပြီး အရေးကြီးသော မေးခွန်းများကို အဖြေပေးထားသည်။ လေးနက်ပေါ်လွင်စွာ ဖော်ပြထားသော အဓိက အကြောင်းများတွင် ယေဟောဝါ၏ မြင့်မြတ်မှု၊ အရေခြုံခြင်းကို ကိုယ်တော် မုန်းတီးမှု၊ လူဆိုးများကို ပြစ်ဒဏ်ပေးရန် ကိုယ်တော် သတ်မှတ်ထားမှုနှင့် သစ္စာရှိသူများကို ကိုယ်တော် ချစ်မြတ်နိုးပြီး သူတို့အတွက် စိုးရိမ်ကြောင့်ကြပေးမှုများ ပါဝင်သည်။ ထို့ပြင် အောက်ပါမေးခွန်းများကို အဖြေပေးထားသည်– မည်သည့်အရာက စစ်မှန်သော ဝတ်ပြုရေးကို မှောက်မှားသော ဝတ်ပြုရေးမှ သီးခြားဖြစ်စေသနည်း။ ဘုရားသခင့် လူမျိုးတော်ကို ဖိနှိပ်နေစဉ် သန့်ရှင်းစင်ကြယ် ယောင်ဆောင်ကြသော အရေခြုံများအပေါ် ယေဟောဝါ အပြစ်ပေးစီရင်မည်ကို ကျွန်ုပ်တို့ မည်သို့ သေချာသိနိုင်သနည်း။ ယေဟောဝါအား ဆက်၍ သစ္စာရှိသူများကို ကိုယ်တော် မည်သို့ ကောင်းချီးပေးမည်နည်း။

စင်ကြယ်သော ဝတ်ပြုရေးအတွက် အဓိက သော့ချက်

၂။ ယေဟောဝါ၏ ကြီးမြတ်တော်မူခြင်းဆိုင်ရာ အဘယ် ကြေညာချက်ကို ကိုယ်တော် ထုတ်ဆင့်သနည်း၊ ဤကြေညာချက်သည် အဘယ်အရာကို မဆိုလိုသနည်း။

၂ ဦးစွာ၊ ယေဟောဝါ၏ ကြီးမြတ်တော်မူခြင်းကို ပရောဖက်ပြုချက်က ဤသို့ အလေးပေးဖော်ပြ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံ ဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဖို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာအရပ် ဖြစ်မည်နည်း။’” (ဟေရှာယ ၆၆:၁) ပြည်တော်သို့ ပြန်လည်စုသိမ်းခံရချိန်တွင် ဂျူးများ ယေဟောဝါ၏ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခြင်းကို ပရောဖက်က စိတ်ပျက်အားလျော့စေသည်ဟု အချို့သူများ ယူဆကြသည်။ ထိုသို့ ယူဆခြင်းသည် မမှန်ပါ; ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ယေဟောဝါ ကိုယ်တော်တိုင် မိန့်တော်မူမည်။ (ဧဇရ ၁:၁-၆; ဟေရှာယ ၆၀:၁၃; ဟဂ္ဂဲ ၁:၇၊ ၈) သို့ဖြစ်လျှင် ထိုစာပိုဒ်က အဘယ်အရာကို ဆိုလိုသနည်း။

၃။ မြေကြီးကို ယေဟောဝါ၏ “ခြေတင်ရာခုံ” အဖြစ် ဖော်ပြခြင်းသည် အဘယ်ကြောင့် သင့်တော်သနည်း။

၃ ဦးဆုံး၊ မြေကြီးကို ယေဟောဝါ၏ “ခြေတင်ရာခုံ” အဖြစ် အဘယ်ကြောင့် ဖော်ပြသည်ကို ကျွန်ုပ်တို့ သုံးသပ်ကြမည်။ ယင်းသည် နှိမ်၍ ပြောဆိုသည့် အသုံးအနှုန်း မဟုတ်ပါ။ စကြဝဠာအတွင်းရှိ သန်းထောင်ချီသော ကောင်းကင်တန်ဆာများအထဲတွင် ကမ္ဘာမြေကြီး တစ်ခုတည်းကိုသာ ထိုသို့ အထူးသတ်မှတ်ထားသည်။ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်သည် အစဉ် ထူးခြားစွာ တည်ရှိနေမည်၊ အကြောင်းမှာ ယေဟောဝါ၏ တစ်ပါးတည်းသော သားတော်သည် ဤကမ္ဘာပေါ်တွင် ရွေးနုတ်ဖိုး ပေးခဲ့သည်၊ ဤကမ္ဘာပေါ်တွင်ပင် ယေဟောဝါသည် မေရှိယ နိုင်ငံတော်အားဖြင့် ကိုယ်တော်၏ အချုပ်အခြာအာဏာကို သင်္ကာယန ကင်းရှင်းစေတော်မူမည်။ ထို့ကြောင့် မြေကြီးကို ယေဟောဝါ၏ ခြေတင်ရာခုံအဖြစ် ခေါ်ဆိုခြင်းသည် သင့်လျော်လှသည်! ဘုရင်တစ်ပါးသည် မြင့်မြတ်သော ပလ္လင်ပေါ် တက်ရန်အတွက် ခုံကို အသုံးပြုပြီး ယင်းနောက်တွင် ခြေတော်ကို တင်ထားပေမည်။

၄။ (က) ယေဟောဝါ ဘုရားသခင် ကျိန်းဝပ်ရန်အတွက် မြေကြီးပေါ်ရှိ မည်သည့် အဆောက်အအုံမဆိုသည် အဘယ်ကြောင့် မဖြစ်နိုင်သနည်း။ (ခ) “ဤအရာ အလုံးစုံတို့” ဟူသော စကားစုသည် အဘယ် အဓိပ္ပာယ် ရှိသနည်း၊ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ နားလည်ရမည်နည်း။

၄ ဘုရင်သည် သူ၏ ခြေတင်ရာခုံပေါ်တွင် မစံမြန်းသကဲ့သို့ ယေဟောဝါသည် ဤမြေကြီးပေါ်တွင် မစံမြန်းပါ။ ကျယ်ပြောလှသော ပကတိ ကောင်းကင်ပင် ကိုယ်တော်အတွက် မဆံ့ဝင်နိုင်ပါ! ထို့ကြောင့် မြေကြီးပေါ်ရှိ မည်သည့် အဆောက်အအုံမျှ ယေဟောဝါ၏ ပကတိ အိမ်တော်တစ်ခုအဖြစ် အသုံးပြုရန် မဖြစ်နိုင်ပါ။ (၃ ဓမ္မရာဇဝင် ၈:၂၇) ယေဟောဝါ၏ ပလ္လင်တော်နှင့် ကိုယ်တော် ကျိန်းဝပ်ရာနေရာသည် နာမ်ဝိညာဉ် နယ်ပယ်တွင် တည်ရှိကာ ဟေရှာယ ၆၆:၁ တွင် သုံးထားသည့် “ကောင်းကင်” ဟူသော အသုံးအနှုန်း၏ အဓိပ္ပာယ် ဖြစ်သည်။ ယင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရန် နောက်အခန်းငယ်က အထောက်အကူပြုသည်– “ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင် ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။” (ဟေရှာယ ၆၆:၂က) ယေဟောဝါက “ဤအရာ အလုံးစုံတို့”—ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးကို—လက်ဟန်အမူအရာဖြင့် ညွှန်ပြတော်မူသည်ကို မြင်ယောင်ကြည့်ပါ။ (ဟေရှာယ ၄၀:၂၆; ဗျာဒိတ် ၁၀:၇) စကြဝဠာခပ်သိမ်း၏ ကြီးမြတ်တော်မူသော ဖန်ဆင်းရှင်အနေနှင့် ကိုယ်တော်သည် မိမိအား သီးသန့်ထားပေးသော အဆောက်အအုံတစ်ခုလေးထက်မက ပို၍ ရထိုက်တော်မူ၏။ ကိုယ်တော်သည် အပြင်ပန်း ဝတ်ပြုကိုးကွယ်ခြင်းထက်မက ပို၍ ရထိုက်တော်မူ၏။

၅။ ကျွန်ုပ်တို့သည် “စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း” ကို မည်သို့ တင်ပြကြသနည်း။

၅ စကြဝဠာ အချုပ်အခြာ ပိုင်သအုပ်စိုးရှင်အတွက် မည်ကဲ့သို့သော ဝတ်ပြုကိုးကွယ်မှုသည် သင့်လျော်သနည်း။ ကိုယ်တော်တိုင် ဤသို့ မိန့်တော်မူ၏– “စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်း ရှိသောသူကိုသာ ငါကြည့်ရှုမည်။” (ဟေရှာယ ၆၆:၂ခ) မှန်ပါသည်၊ စင်ကြယ်သော ဝတ်ပြုရေးအတွက် မရှိမဖြစ် လိုအပ်ရာမှာ ဝတ်ပြုကိုးကွယ်သူများ၏ နှလုံးသဘောထားအမှန် ရှိခြင်း ဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် “စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း” ရှိရမည်။ ယင်းက ယေဟောဝါသည် ကျွန်ုပ်တို့ကို မပျော်ရွှင်စေလိုဟု ဆိုလိုပါသလော။ မဟုတ်ပါ၊ ကိုယ်တော်သည် “ပျော်ရွှင်တော်မူသော ဘုရားသခင်” ဖြစ်တော်မူပြီး၊ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများကိုလည်း ပျော်ရွှင်စေလိုသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ; ဖိလိပ္ပိ ၄:၄) သို့ရာတွင်၊ ကျွန်ုပ်တို့အားလုံးသည် မကြာခဏ အပြစ်ပြုကြသော်လည်း ကျွန်ုပ်တို့၏ အပြစ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပါ။ ကျွန်ုပ်တို့သည် ယင်းအပြစ်များကြောင့် “စိတ်နှိမ့်ချ” သင့်သည်၊ ယေဟောဝါ၏ ဖြောင့်မတ်သော စံနှုန်းများမှ လွဲချော်မှုကြောင့် ဝမ်းနည်းသင့်သည်။ (ဆာလံ ၅၁:၁၇) ကျွန်ုပ်တို့သည် နောင်တယူခြင်း၊ ကျွန်ုပ်တို့၏ အပြစ်ပြုလိုသော ဆန္ဒများကို တွန်းလှန်ခြင်း၊ ခွင့်လွှတ်မှု ရရန် ယေဟောဝါထံ ဆုတောင်းခြင်းအားဖြင့် “နှလုံး ကြေကွဲ” ကြောင်း တင်ပြရန် လိုသည်။—လုကာ ၁၁:၄; ၁ ယောဟန် ၁:၈-၁၀။

၆။ စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများသည် အဘယ်သဘောဖြင့် ‘ဘုရားသခင့်စကားကြောင့် တုန်လှုပ်ခြင်း ရှိ’ သင့်သနည်း။

၆ ထို့ပြင် ယေဟောဝါသည် ‘ကိုယ်တော်၏ စကားကြောင့် တုန်လှုပ်ခြင်း ရှိသောသူ’ တို့ကို ကြည့်ရှုတော်မူ၏။ ယင်းက ကျွန်ုပ်တို့သည် ကိုယ်တော်၏ မိန့်ဆိုချက်များကို ဖတ်သည့်အခါတိုင်း ကြောက်ရွံ့တုန်လှုပ်ရန် ကိုယ်တော် အလိုရှိတော်မူသည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ၊ ယင်းအစား ကိုယ်တော် မိန့်တော်မူချက်များကို ရိုသေလေးမြတ်စွာ ရှုမြင်ဖို့ ကိုယ်တော် အလိုရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘဝအသက်တာ၏ အရေးကိစ္စအားလုံးတွင် ကိုယ်တော်၏ ဆုံးမသြဝါဒများကို စိတ်ရိုးမှန်နှင့် ရှာဖွေကျင့်သုံးကြသည်။ (ဆာလံ ၁၁၉:၁၀၅) ဘုရားသခင်အား မနာခံမိမှာကို၊ ကိုယ်တော်၏ သမ္မာတရားကို လူ့ထုံးတမ်းစဉ်လာများဖြင့် ညစ်ညူးစေမိမှာကို၊ သို့မဟုတ် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားမိမှာကို ကြောက်ရွံသည့် အတွေးသဘောဖြင့်လည်း ကျွန်ုပ်တို့ “တုန်လှုပ်” နိုင်ကြသည်။ ဤကဲ့သို့သော နှိမ့်ချသည့် သဘောထားသည် စင်ကြယ်သော ဝတ်ပြုရေးအတွက် မရှိမဖြစ် လိုအပ်သည်—သို့သော်၊ ဝမ်းနည်းဖွယ်မှာ ယနေ့လောကတွင် ရှားပါးနေခြင်း ဖြစ်သည်။

ယေဟောဝါသည် အရေခြုံ ဝတ်ပြုကိုးကွယ်မှုကို မုန်းတော်မူ၏

၇၊ ၈။ ဘာသာရေး အရေခြုံများ၏ အပြင်ပန်း ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ မည်သို့ ရှုမြင်တော်မူသနည်း။

၇ ဟေရှာယသည် သူ၏ တစ်ခေတ်တည်းသားများကို စစ်ဆေးကြည့်ရှုသည့်အခါ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများတွင် ကိုယ်တော် ရှာနေသော သဘောထားရှိသူ အနည်းငယ်သာ ရှိကြောင်း သူ သတိပြုမိသည်။ ထိုအကြောင်းကြောင့် အယူဖောက်ပြန်သော ယေရုရှလင်သည် ရောက်ရှိလာတော့မည့် တရားစီရင်ခြင်းကို ခံထိုက်သည်။ ယေရုရှလင်မြို့တွင်ရှိ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ မည်သို့ ရှုမြင်ကြောင်း မှတ်သားကြည့်ပါ– “နွားကို သတ်သောသူသည် လူကို သတ်သောသူနှင့် တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကို ဖြတ်သောသူနှင့် တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့် တူ၏။ လောဗန်ကို မီးရှို့သောသူသည် ရုပ်တုကို ကောင်းချီးပေးသောသူနှင့် တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိ အလိုရှိရာလမ်းကို ရွေးကြ၏။ မိမိ ဆိုးညစ်သော အမှုတို့၌ မွေ့လျော်ကြ၏။”—ဟေရှာယ ၆၆:၃။

၈ ဤစကားများသည် ဟေရှာယကျမ်း ဦးဆုံး အခန်းကြီးတွင် မှတ်တမ်းတင်ထားသော ယေဟောဝါ၏ စကားများကို ကျွန်ုပ်တို့အား ပြန်သတိရစေသည်။ ယင်းတွင် ထင်ရာစိုင်းသော လူမျိုးတော်၏ အပေါ်ယံ ဝတ်ပြုကိုးကွယ်လုပ်ဆောင်မှုများကို ကိုယ်တော် မနှစ်သက်ရုံမျှမက ဝတ်ပြုကိုးကွယ်သူများ၏ အရေခြုံမှုကြောင့် ကိုယ်တော်၏ ဖြောင့်မတ်သော အမျက်တော်ကို အမှန် တိုးများလာစေသည်ဟု ယေဟောဝါ မိန့်တော်မူခဲ့သည်။ (ဟေရှာယ ၁:၁၁-၁၇) ထိုနည်းတူပင် ယခု ယေဟောဝါသည် သူတို့၏ ပူဇော်သကာများကို စက်ဆုပ်ရွံရှာဖွယ် ပြစ်မှုများနှင့် ခိုင်းနှိုင်းထားသည်။ သူတို့၏ တန်ဖိုးကြီးသော နွားယဇ်သကာသည် လူတစ်ဦးအား သတ်ခြင်းကဲ့သို့ ယေဟောဝါ၏ နှစ်သက်မှု မရစေပါ! အခြားပူဇော်သကာများကို ခွေး သို့မဟုတ် ဝက်တစ်ကောင်ကို ပူဇော်ခြင်းနှင့် နှိုင်းယှဉ်ထားသည်၊ မောရှေပညတ်အရ မစင်ကြယ်သောအရာ ဖြစ်ပြီး ယဇ်ပူဇော်သကာအတွက် မသင့်လျော်သော တိရစ္ဆာန်များ ဖြစ်သည်။ (ဝတ်ပြုရာ ၁၁:၇၊ ၂၇) ယေဟောဝါသည် ထိုကဲ့သို့သော ဘာသာရေး အရေခြုံမှုကို အပြစ်မပေးဘဲ ဤအတိုင်း ခွင့်ပြုထားမည်လော။

၉။ ဂျူးအများစုသည် ဟေရှာယအားဖြင့် ယေဟောဝါ၏ သတိပေးချက်များကို မည်သို့ တုံ့ပြန်ခဲ့ကြသနည်း၊ အဘယ် အကျိုးဆက်နှင့် မလွဲမသွေ ကြုံတွေ့ရမည်နည်း။

၉ ယခု ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါသည်လည်း သူတို့ဖို့ ဘေးဥပဒ်များကို ရွေးမည်။ သူတို့ ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား ငါခေါ်သောအခါ အဘယ်သူမျှ မထူး၊ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်၍ ငါ မနှစ်သက်သောအရာကို ရွေးယူကြ၏။” (ဟေရှာယ ၆၆:၄) ဟေရှာယသည် ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ထိုစကားများကို ပြောနိုင်သည်မှာ သေချာသည်။ သူသည် ကိုယ်တော်၏ လူမျိုးတော်ကို ‘ခေါ်ခြင်း’ နှင့် ‘စကားပြောခြင်း’ တို့ ပြုလုပ်ရာတွင် ယေဟောဝါ၏ အသုံးတော်ခံအဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့ပြီး ဖြစ်သည်။ ယေဘုယျအားဖြင့် မည်သူမျှ နားမထောင်ခဲ့ကြသည်ကို ပရောဖက် ကောင်းစွာ သိထားသည်။ သူတို့သည် မကောင်းသောအရာကို ဆက်၍ ပြုလုပ်ခဲ့ကြသောကြောင့် အကျိုးအပြစ်ကို မလွဲမသွေ ခံရကြမည်။ ယေဟောဝါသည် သူတို့ကို ဆုံးမအပြစ်ပေးရန် ရွေးချယ်တော်မူမည် ဖြစ်ပြီး အယူဖောက်ပြန်သော မိမိ၏ လူမျိုးအပေါ် ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်အပျက်များ ဖြစ်စေမည်။

၁၀။ ယုဒလူမျိုးနှင့် ယေဟောဝါ၏ ဆက်ဆံပုံသည် ခရစ်ယာန်ဘောင်အပေါ် ကိုယ်တော် ရှုမြင်ပုံအကြောင်း အဘယ်အရာ ဖော်ပြသနည်း။

၁၀ မျက်မှောက်ခေတ် ခရစ်ယာန်ဘောင်သည် ယေဟောဝါ မနှစ်သက်သောအရာများကို အလားတူပင် ပြုလုပ်ခဲ့ကြသည်။ သူ၏ ချာ့ချ်များသည် ရုပ်ပုံများဖြင့် ပြည့်နေသည်၊ ကျမ်းစာနှင့် မညီသော အယူဝါဒများ၊ ထုံးတမ်းစဉ်လာများကို တရားဟောပလ္လင်များမှ အမွှမ်းတင် ဟောပြောခဲ့ကြပြီး နိုင်ငံရေး အခွင့်အာဏာ ရှာဖွေခြင်းက လောကနိုင်ငံများနှင့် ဝိညာဉ်ရေးအရ ဖောက်ပြန်မှုကို သာ၍ ဖြစ်စေခဲ့ကြသည်။ (မာကု ၇:၁၃; ဗျာဒိတ် ၁၈:၄၊ ၅၊ ၉) ရှေးယေရုရှလင်မြို့ကဲ့သို့ ခရစ်ယာန်ဘောင် ခံထိုက်သော အပြစ်ဒဏ်—“ကြောက်သောအမှု”—သည် သူ၏ အပေါ်သို့ မလွဲမသွေ ရောက်ရှိလာမည်။ မလွဲမသွေ အပြစ်ပေးခံရသည့် အကြောင်းရင်းထဲတွင် ဘုရားသခင့် လူမျိုးတော်ကို သူ ဆက်ဆံခဲ့သော နည်းကြောင့် ဖြစ်သည်။

၁၁။ (က) ဟေရှာယခေတ် အယူဖောက်ပြန်သူများ၏ အပြစ်အပေါ် အဘယ် အပြစ် ထပ်ဆင့်သနည်း။ (ခ) ဟေရှာယ၏ တစ်ခေတ်တည်းသားများသည် သစ္စာရှိသူများကို အဘယ်သဘောဖြင့် ‘ဘုရားသခင့် နာမအားဖြင့်’ နှင်ထုတ်ကြသနည်း။

၁၁ ဟေရှာယ ဤသို့ ဆက်၍ ဆို၏– “ယေဟောဝါ၏ နှုတ်ကပါဌ် စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ ‘သင်တို့ကို မုန်း၍ ငါ့နာမကြောင့် သင်တို့ကို နှင်ထုတ်သော ညီအစ်ကိုတို့က “ယေဟောဝါသည် ဘုန်းပွင့်တော်မူစေသတည်း” ဟု ပြောတတ်ကြ၏။ ကိုယ်တော်သည် သင်တို့ ဝမ်းမြောက်စေရန် မုချ ပေါ်ထွန်းတော်မူမည်။ သူတို့မူကား ရှက်ကြောက်ကြလိမ့်မည်။’” (ဟေရှာယ ၆၆:၅၊ ကဘ) ဟေရှာယ၏ “ညီအစ်ကိုတို့” ဖြစ်သော သူ၏ ပြည်သားချင်းတို့သည် ဘုရားပေး တာဝန်များ ဖြစ်သော ယေဟောဝါ ဘုရားသခင်ကို ကိုယ်စားပြုခြင်းနှင့် ကိုယ်တော်၏ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုကို လက်အောက်ခံခြင်းတို့ကို ထမ်းဆောင်ကြသည်။ ထိုတာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် အမှန်ပင် အပြစ်ကြီးသည်။ သို့သော် သူတို့သည် ဟေရှာယကဲ့သို့ သစ္စာရှိပြီး နှိမ့်ချသူများကို မုန်းတီးခြင်းကြောင့် သူတို့အပြစ်များကို ပိုတိုးစေသည်။ ထိုသစ္စာရှိသူများသည် ယေဟောဝါ ဘုရားသခင်ကို မှန်ကန်စွာ ကိုယ်စားပြုကြသောကြောင့် ထိုအယူဖောက်ပြန်သူများသည် သူတို့ကို မုန်းတီးပြီး ဝိုင်းပယ်ကြသည်။ ‘ဘုရားသခင့် နာမတော်ကြောင့်’ နှင်ထုတ်ခံရသည့်သဘော သက်ရောက်သည်။ တစ်ချိန်တည်းတွင် ထိုမှောက်မှားသော ကျေးကျွန်များက “ယေဟောဝါသည် ဘုန်းပွင့်တော်မူစေသတည်း” ဟူသော ဘုရားတရား ကြည်ညိုသည့် စကားစုများကို အယောင်ဆောင် အသုံးပြုလျက် သူတို့သည် ယေဟောဝါကို ကိုယ်စားပြုသူများဟု ဆိုကြသည်။a

၁၂။ ဘာသာရေး အရေခြုံသူများက ယေဟောဝါ၏ သစ္စာရှိ ကျေးကျွန်အား နှိပ်စက်ညှဉ်းပန်းသော ပုံစံအချို့မှာ အဘယ်နည်း။

၁၂ စင်ကြယ်သော ဝတ်ပြုရေးကို ထောက်ခံသူများအား မှောက်မှားသော ဘာသာ မုန်းတီးခြင်းသည် အသစ်အဆန်း မဟုတ်ပါ။ ယင်းသည် ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်၏ ဆက်လက် ပြည့်စုံချက် ဖြစ်သည်၊ ယင်းတွင် စာတန့်မျိုးနွယ်နှင့် ဘုရားသခင့် မိန်းမမျိုးနွယ်အကြားရှိ ကြာရှည်စွာ တည်ရှိသော ရန်ငြိုးအကြောင်း ကြိုဟောထားသည်။ ပထမရာစုရှိ ယေရှု၏ ဘိသိက်ခံ နောက်လိုက်များသည်လည်း ပြည်သားချင်းတို့၏ လက်ချက်ဖြင့် ဒုက္ခခံရမည်—တရားဇရပ်မှ နှင်ထုတ်ခြင်း၊ သေသည်အထိ ညှဉ်းဆဲခြင်းနှင့် ကြုံတွေ့မည် ဖြစ်ကြောင်း ကိုယ်တော် မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၆:၂) မျက်မှောက်ခေတ်အချိန်၌ကော အသို့နည်း။ အလားတူ နှိပ်စက်ညှဉ်းပန်းမှုသည် ရှေ့တွင် ရှိနေကြောင်း “နောက်ဆုံးသောနေ့ရက်များ” အစတွင် ဘုရားသခင့် လူမျိုးတော် သိမြင်ခဲ့သည်။ (၂ တိမောသေ ၃:၁၊ သမ္မာ) လွန်ခဲ့သည့် ၁၉၁၄ ခုနှစ်တွင် ကင်းမျှော်စင်၌ ဟေရှာယ ၆၆:၅ ကို ကိုးကားပြီး ဤသို့ ရှင်းပြ၏– “ဘုရားသခင့်လူမျိုးအပေါ် သက်ရောက်သည့် နှိပ်စက်ညှဉ်းပန်းမှု အားလုံးနီးပါးသည် ခရစ်ယာန် အမည်ခံများထံမှ လာခဲ့ခြင်း ဖြစ်သည်။” ထိုဆောင်းပါးတွင် ဤသို့လည်း ဆိုထား၏– “ကျွန်ုပ်တို့ခေတ်တွင်—ဝိုင်းပယ်ခံရခြင်း၊ အဖွဲ့အစည်းကို နှောင့်ယှက်ခြင်း၊ ပကတိသတ်ဖြတ်ခြင်း—မည်မျှအထိ ပြင်းထန်မည်ကို ကျွန်ုပ်တို့ မသိပါ။” ထိုစကားများ မှန်ကန်ကြောင်း ထင်ရှားလာသည်! ထိုစကားများကို ထုတ်ဝေပြီး မကြာမီအချိန် ပထမကမ္ဘာစစ်အတွင်းတွင် ဓမ္မဆရာများ၏ လှုံ့ဆော်မှုကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းသည် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ခဲ့သည်။ သို့သော် ခရစ်ယာန်ဘောင်သည် ကြိုဟောထားသည့်အတိုင်း အရှက်ရခဲ့ကြသည်။ မည်သို့အားဖြင့်နည်း။

အလျင်အမြန်နှင့် ရုတ်တရက် ပြန်လည်တည်ထောင်ခြင်း

၁၃။ မူလပြည့်စုံချက်တွင် “မြို့၌ အုတ်အုတ်ကျက်ကျက်သော အသံ” မှာ အဘယ်နည်း။

၁၃ ဟေရှာယ ဤသို့ ပရောဖက်ပြု၏– “မြို့၌ အုတ်အုတ်ကျက်ကျက်သော အသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုးအပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏ စကားသံပေတည်း။” (ဟေရှာယ ၆၆:၆) ဤစကားများ၏ ဦးဆုံး ပြည့်စုံချက်တွင် “မြို့” သည် ယေဟောဝါ၏ ဗိမာန်တော် တည်ရှိရာ ယေရုရှလင်မြို့ ဖြစ်သည်။ “အုတ်အုတ်ကျက်ကျက်သော အသံ” မှာ ဘီ.စီ.အီး. ၆၀၇ တွင် ကျူးကျော်ဝင်ရောက်လာသော ဗာဗုလုန်စစ်တပ် ရုတ်ခြည်း ဝင်ရောက်တိုက်ခိုက်ချိန်တွင် ကြားရသော စစ်ကြောင့် ဖြစ်သည့် ဆူညံသံကို ဆိုလိုသည်။ သို့သော် မျက်မှောက်ခေတ် ပြည့်စုံချက်နှင့်ပတ်သက်၍ကော အသို့နည်း။

၁၄။ (က) မိမိ၏ ဗိမာန်တော်သို့ ယေဟောဝါ ကြွလာခြင်းအကြောင်း မာလခိ မည်သို့ ကြိုဟောခဲ့သနည်း။ (ခ) ယေဇကျေလ၏ ပရောဖက်ပြုချက်အရ ယေဟောဝါသည် မိမိ၏ ဗိမာန်တော်သို့ ကြွလာချိန်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ (ဂ) ယေဟောဝါနှင့် ယေရှုသည် အဘယ်အချိန်တွင် ဝိညာဏ ဗိမာန်ကို စစ်ဆေးခဲ့သနည်း၊ စင်ကြယ်သော ဝတ်ပြုရေးကို ကိုယ်စားပြုသည်ဟု ဆိုကြသူများအား မည်သို့ သက်ရောက်မှု ရှိခဲ့သနည်း။

၁၄ ဟေရှာယကျမ်းပါ ထိုစကားများသည် အခြားပရောဖက်ပြုချက် နှစ်ခုနှင့် ကိုက်ညီသည်၊ ပထမတစ်ခုမှာ ယေဇကျေလ ၄၃:၄၊ ၆-၉ တွင် မှတ်တမ်းတင်ထားချက် ဖြစ်ပြီး နောက်တစ်ခုမှာ မာလခိ ၃:၁-၅ ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်သည် မိမိ၏ ဗိမာန်တော်သို့ ကြွလာမည့်အချိန်ကို ယေဇကျေလ၌ရော မာလခိ၌ပါ ကြိုဟောထားသည်။ မာလခိ ပရောဖက်ပြုချက်၌ ယေဟောဝါသည် ကိုယ်တော့် အိမ်တော်ရှိ စင်ကြယ်သော ဝတ်ပြုရေးကို ကြည့်ရှုစစ်ဆေးပြီး ကိုယ်တော်အား အလွဲ ကိုယ်စားပြုနေသူများကို ဖယ်ရှားကာ သန့်စင်သူအဖြစ် လုပ်ဆောင်တော်မူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ယေဇကျေလ၏ ရူပါရုံတွင် ယေဟောဝါသည် ဗိမာန်တော်ထဲသို့ ဝင်ပြီး အကျင့်ယိုယွင်းခြင်းနှင့် ရုပ်ပုံကိုးကွယ်ခြင်းပုံစံ မှန်သမျှကို ဖယ်ရှားပစ်ရန် မိန့်တော်မူသော အရှင်အဖြစ် ဖော်ပြထား၏။b ထိုပရောဖက်ပြုချက်များ၏ မျက်မှောက်ခေတ် ပြည့်စုံချက်တွင် ၁၉၁၈ ခုနှစ်၌ ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်ရေးနှင့်ပတ်သက်၍ အရေးကြီးသော ဝိညာဏ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါနှင့် ယေရှုသည် စင်ကြယ်သော ဝတ်ပြုရေးကို ကိုယ်စားပြုသည်ဟု ဆိုကြသူအားလုံးကို စစ်ဆေးခဲ့ကြောင်း ထင်ရှားသည်။ ထိုစစ်ဆေးမှုက ယိုယွင်းနေသော ခရစ်ယာန်ဘောင်ကို အပြီးသတ် စွန့်ပစ်မှု ဖြစ်စေခဲ့သည်။ ခရစ်တော်၏ ဘိသိက်ခံ နောက်လိုက်များအတွက် ထိုစစ်ဆေးခြင်းသည် သန့်စင်ရာအချိန်တို ဖြစ်ကာ ယင်းနောက် ၁၉၁၉ ခုနှစ်တွင် လျင်မြန်စွာ ဝိညာဏ ပြန်လည်တည်ထောင်ခြင်း လိုက်ပါလာသည်။—၁ ပေတရု ၄:၁၇။

၁၅။ အဘယ် ဖွားမြင်မှုအကြောင်း ကြိုဟောထားသနည်း၊ ယင်းသည် ဘီ.စီ.အီး. ၅၃၇ တွင် မည်သို့ ပြည့်စုံသနည်း။

၁၅ ဤပြန်လည်တည်ထောင်ခြင်းကို အောက်ပါအခန်းငယ်များဖြင့် ဟေရှာယ ပုံဖော်ပြခြင်းသည် သင့်လျော်သည်– “ဇိအုန်သတို့သမီးသည် သားဖွားခြင်း ဝေဒနာကို မခံမီ သားကို ဖွား၏။ ဝေဒနာခံချိန် မရောက်မီ သားယောက်ျားကို မြင်၏။ ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ခြင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဖွားခြင်း ဝေဒနာကို ခံအံ့ဆဲဆဲတွင် သားများကို ဖွားမြင်ပါသည်တကား။” (ဟေရှာယ ၆၆:၇၊ ၈) ဗာဗုလုန်သို့ ပြည်နှင်ခံရသော ဂျူးများသည် ထိုစကားများ ဦးဆုံး ပြည့်စုံသည်ကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရသည်။ ဇိအုန် သို့မဟုတ် ယေရုရှလင်မြို့ကို သားဖွားသော အမျိုးသမီးတစ်ဦးအဖြစ် တစ်ဖန် ပုံဖော်ပြထားသည်၊ သို့သော် မွေးဖွားနေကျ ပုံစံဖြင့် မဟုတ်ပါ! မည်မျှ လျင်မြန်ပြီး၊ ရုတ်တရက် ဖြစ်သနည်း ဟူမူ သားဖွားခြင်း ဝေဒနာ မခံရမီ မွေးဖွားခြင်း ဖြစ်သည်! ယင်းသည် သင့်လျော်သော ပုံဖော်ချက် ဖြစ်သည်။ ဘီ.စီ.အီး. ၅၃၇ တွင် ကွဲပြားခြားနားသော လူမျိုးတစ်မျိုးအဖြစ် ဘုရားသခင့် လူမျိုးတော် တစ်ဖန် ပြန်လည်မွေးဖွားခြင်းသည် မည်မျှ လျင်မြန်ပြီး၊ ရုတ်တရက် ဖြစ်သနည်းဟူမူ အံ့ဖွယ်အမှုဟု ထင်မှတ်ရသည်။ အကြောင်းမှာ ကုရုသည် ဂျူးများအား သုံ့ပန်းဘဝမှ လွတ်မြောက်ပေးခဲ့သည့်အချိန်မှ သစ္စာရှိ အကြွင်းအကျန်သည် သူတို့၏ ပြည်တော်သို့ ပြန်ရောက်ချိန်မှာ လပိုင်းမျှသာတွင် ဖြစ်ပျက်ခဲ့သည်! ဣသရေလလူမျိုးအား မူလ မွေးဖွားမှုကို ဦးတည်စေသည့် အဖြစ်အပျက်များနှင့် ကွာခြားလိုက်လေခြင်း! ဘီ.စီ.အီး. ၅၃၇ တွင်၊ လွတ်မြောက်ဖို့အတွက် တားဆီးသော ဘုရင်ထံ အသနားခံ တောင်းလျှောက်ဖို့ မလိုပါ၊ ရန်လိုသော စစ်တပ်ထံမှ ထွက်ပြေးရန်လည်း မလိုပါ၊ တောကန္တာရအတွင်း အနှစ် ၄၀ ကြာ ခရီးသည် ဖြစ်စရာလည်း မလိုခဲ့ပါ။

၁၆။ ဟေရှာယ ၆၆:၇၊ ၈ ၏ မျက်မှောက်ခေတ် ပြည့်စုံချက်တွင် ဇိအုန်သည် အဘယ်အရာကို ပုံတင်ပြသနည်း၊ သူ၏ သားသမီးများသည် ပြန်လည်ဖွားမြင်ခြင်းနှင့် မည်သို့ ကြုံတွေ့ခဲ့ရသနည်း။

၁၆ မျက်မှောက်ခေတ် ပြည့်စုံချက်တွင် ဇိအုန်သည် ယေဟောဝါ၏ ကောင်းကင်ဆိုင်ရာ “မိန်းမ၊” ကိုယ်တော်၏ နာမ်ဝိညာဉ် ကောင်းကင်အဖွဲ့အစည်းကို ကိုယ်စားပြုသည်။ ၁၉၁၉ ခုနှစ်တွင် ထို “မိန်းမ” သည် မြေကြီးပေါ်ရှိ သူမ၏ ဘိသိက်ခံသားများကို စနစ်တကျ ဖွဲ့စည်းထားသောလူများ၊ “တိုင်းနိုင်ငံ” အဖြစ် မွေးဖွားခဲ့သည်ကို တွေ့မြင်ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့သည်။ ထိုပြန်လည်ဖွားမြင်ခြင်းသည် လျင်မြန်ပြီး လအနည်းငယ်အတွင်းတွင် ရုတ်တရက် ဖြစ်သည်။c ဘိသိက်ခံများသည် အုပ်စုတစ်စုအနေဖြင့် မလှုပ်မရှား သေနေသော အခြေအနေမှ သူတို့၏ “ပြည်တော်” ဖြစ်သော ဘုရားပေး ဝိညာဏ လှုပ်ရှားဆောင်ရွက်ရာ နယ်မြေတွင် လပိုင်းမျှလောက်နှင့် တက်ကြွစွာ ပြန်လည် ရှင်သန်လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ (ဗျာဒိတ် ၁၁:၈-၁၂) ၁၉၁၉၊ ဆောင်းဦးအချိန်တွင် ကင်းမျှော်စင်၏ တွဲဖက်ဂျာနယ်အသစ်ကို ထုတ်ဝေကြောင်း ကြေညာခဲ့သည်။ ရွှေခေတ် (ယခု နိုးလော့!) ဟု ခေါ်သော ထိုစာပေအသစ်က ဘုရားသခင့် လူမျိုးတော်သည် ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်ကြောင်းနှင့် အမှုဆောင်ရန် တစ်ဖန် ပြန်လည် ဖွဲ့စည်းပြီးခဲ့ကြောင်း သက်သေတစ်ရပ် ဖြစ်ခဲ့သည်။

၁၇။ ဝိညာဏ ဣသရေလနှင့်ပတ်သက်၍ ကိုယ်တော်၏ ရည်ရွယ်တော်မူချက်ကို လုပ်ဆောင်ရာတွင် အဘယ်အရာကမျှ မဆီးတားနိုင်ကြောင်း ကိုယ်တော့် လူမျိုးတော်ကို ယေဟောဝါ မည်သို့ စိတ်ချစေသနည်း။

၁၇ စကြဝဠာအတွင်းရှိ မည်သည့် စွမ်းအားတန်ခိုးကမျှ ဤဝိညာဏ ပြန်လည်ဖွားမြင်ခြင်းကို မတားဆီးနိုင်ခဲ့ပါ။ ယင်းသို့ ဖြစ်ကြောင်း နောက်အခန်းငယ်တွင် ဤသို့ ရှင်းရှင်းလင်းလင်း ဖော်ပြထား၏– “‘သားဖွားမည်အကြောင်းကို ငါသည် စီရင်ပြီးမှ မဖွားစေဘဲ နေရမည်လော’ ဟု ထာဝရဘုရား မေးတော်မူ၏။ ‘ငါသည် ပဋိသန္ဓေ ပေးပြီးမှ မဖွားနိုင်အောင် ချုပ်ထားရမည်လော’ ဟု သင်၏ ဘုရားသခင် မေးတော်မူ၏။” (ဟေရှာယ ၆၆:၉) ပဋိသန္ဓေ တည်ပြီဆိုလျှင် ကလေးမွေးခြင်းကို မရှောင်မလွဲနိုင်သကဲ့သို့ တစ်ချိန်က ရှိခဲ့သော ဝိညာဏ ဣသရေလ ပြန်လည်မွေးဖွားခြင်းကိုလည်း မတားဆီးနိုင်ပါ။ ဆန့်ကျင်မှုများ ရှိမည် မှန်သော်လည်း အနာဂတ်တွင် ဆန့်ကျင်မှု ပိုကြုံရမည့်ပုံ ရှိသည်။ သို့သော် ယေဟောဝါ အစပြုထားသည့်အရာကို တားဆီးရန် ကိုယ်တော် တစ်ပါးတည်းသာ တတ်နိုင်တော်မူပြီး ထိုသို့ ကိုယ်တော် ဘယ်တော့မျှ ပြုလုပ်မည် မဟုတ်ပါ! သို့ဖြစ်လျှင် ယေဟောဝါသည် ကိုယ်တော်၏ ပြန်လည်ရှင်သန်လာသော လူမျိုးတော်ကို မည်သို့ ဆက်ဆံတော်မူသနည်း။

ယေဟောဝါ၏ ကြင်နာမှု ပြည့်ဝသော စောင့်ရှောက်မှု

၁၈၊ ၁၉။ (က) ယေဟောဝါသည် အဘယ် ထိမိသော ပုံဥပမာကို အသုံးပြုတော်မူသနည်း၊ ၎င်းသည် ပြည်နှင်ခံရသော လူမျိုးတော်နှင့် မည်သို့ သက်ဆိုင်သနည်း။ (ခ) ယနေ့ ဘိသိက်ခံ အကြွင်းအကျန်သည် မေတ္တာပြည့်ဝသော ကျွေးမွေးစောင့်ရှောက်မှုမှ မည်သို့ အကျိုးခံစားခဲ့ရသနည်း။

၁၈ နောက်အခန်းငယ်လေးခု၌ ယေဟောဝါ၏ ကြင်နာမှု ပြည့်ဝသော စောင့်ရှောက်မှုအကြောင်း ထိထိမိမိ ရုပ်လုံးဖော်ထားသည်။ ဦးဆုံး ဟေရှာယ ဤသို့ ဆို၏– “ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင်မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။ သို့ပြုလျှင် သူ၏ ချမ်းသာခြင်း သားမြတ်ကို စို့၍ ဝကြလိမ့်မည်။ သူ၏ စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။ [“သူ၏ နှစ်သိမ့်ခြင်း သားမြတ်ကို စို့၍ ဝကြလိမ့်မည်။ သူ၏ ရင်ခွင်မှ စည်းစိမ်ကြွယ်ဝခြင်း နို့ကို သောက်၍ မွေ့လျော်ကြလိမ့်မည်၊” သမ္မာ]။” (ဟေရှာယ ၆၆:၁၀၊ ၁၁) ဤတွင် ယေဟောဝါသည် မွေးခါစ ကလေးငယ်ကို ပြုစုစောင့်ရှောက်သော အမျိုးသမီးတစ်ဦး ဥပမာကို အသုံးပြုတော်မူ၏။ ကလေးငယ်တစ်ဦး ဆာသည့်အခါ မပြတ် အော်ငိုတတ်သည်။ သို့သော် နို့စို့ရန် မိခင်၏ သားမြတ်နား ကပ်လိုက်သည်နှင့် သူ၏ ဝမ်းနည်းခြင်းမှာ ပျော်ရွှင်ကျေနပ်ရောင့်ရဲခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ အလားတူပင် ဗာဗုလုန်ရှိ သစ္စာရှိ ဂျူးအကြွင်းအကျန်သည် လွတ်မြောက်ပြီး ပြည်တော်ပြန်ချိန် ရောက်လာသောအခါ စိတ်မသာညည်းတွားသည့် အခြေအနေမှ ပျော်ရွှင်ကျေနပ်ရောင့်ရဲသည့် အခြေအနေသို့ လျင်မြန်စွာ ပြောင်းလဲသွားမည်။ သူတို့သည် ဝမ်းမြောက်ရွှင်လန်းကြမည်။ မြို့ကို ပြန်လည်တည်ဆောက်ပြီး မြို့သူမြို့သားများနှင့် စည်ပင်လာသည်နှင့်အမျှ ယေရုရှလင်၏ ဘုန်းကျက်သရေသည် ပြန်လည်သစ်ဆန်းလာမည်။ မြို့၏ ဘုန်းကျက်သရေကို ယင်းမြို့တွင် ရှိသော သစ္စာရှိ ပြည်သူပြည်သားများ ခံစားကြရမည်။ တစ်ဖန် သူတို့သည် လှုပ်ရှားတက်ကြွသော ယဇ်ပုရောဟိတ်အဖွဲ့အားဖြင့် ဝိညာဉ်အစာများ ပြန်လည်စားသုံးရကြမည်။—ယေဇကျေလ ၄၄:၁၅၊ ၂၃။

၁၉ ၁၉၁၉ ခုနှစ်တွင် ပြန်လည်တည်ထောင်ပြီးနောက် ဝိညာဏ ဣသရေလသည်လည်း ပေါများကြွယ်ဝသော ဝိညာဉ်အစာဖြင့် ကောင်းချီးရခဲ့သည်။ ထိုအချိန်မှစ၍ “သစ္စာနှင့် သတိပညာရှိကျွန်” အားဖြင့် ဝိညာဉ်အစာများ မှန်မှန် စီးဆင်းခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇) ယင်းသည် ဘိသိက်ခံ နောက်လိုက်အတွက် နှစ်သိမ့်မှုနှင့် ရွှင်လန်းမှုအချိန် အမှန် ဖြစ်ခဲ့သည်။ သို့သော် နောက်ထပ် ကောင်းချီးများ ရှိသေးသည်။

၂၀။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်အချိန်တွင် ယေရုရှလင်မြို့သည် “ပြည့်လျှံသော ချောင်း” ဖြင့် မည်သို့ ကောင်းချီး ခံစားခဲ့ရသနည်း။

၂၀ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘မြစ်ကဲ့သို့ ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] ကိုလည်းကောင်း၊ ပြည့်လျှံသော ချောင်းကဲ့သို့ လူမျိုးခြားတို့၏ စည်းစိမ်ကိုလည်းကောင်း ငါသည် ယေရုရှလင်မြို့သို့ အရောက်စီးသွားစေသဖြင့် သင်တို့သူငယ်များသည် ခါးထစ်ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။’” (ဟေရှာယ ၆၆:၁၂၊ သမ္မာ) ဤတွင် ပြုစုစောင့်ရှောက်မှုကို ကောင်းချီးများစွာ စီးဆင်းခြင်း—“မြစ်” နှင့် “ပြည့်လျှံသော ချောင်း”—တို့နှင့် ရောစပ်ပုံဖော်ထားသည်။ ယေရုရှလင်မြို့သည် ယေဟောဝါထံမှ ကြွယ်ဝသော ငြိမ်သက်ခြင်းဖြင့်သာမကဘဲ ဘုရားသခင့် လူမျိုးအပေါ် စီးဆင်းသော “လူမျိုးခြားတို့၏ စည်းစိမ်” ဖြင့်လည်း ကောင်းချီး ခံစားရမည်။ ယင်းက ယေဟောဝါ၏ လူမျိုးတွင် လူမျိုးခြားတို့နှင့် ပြည့်နေမည်ကို ဆိုလိုသည်။ (ဟဂ္ဂဲ ၂:၇) ရှေးခေတ် ပြည့်စုံချက်တွင် လူအမျိုးမျိုးမှ လူများစွာသည် ဣသရေလလူမျိုးနှင့် ပူးပေါင်းခဲ့ကြပြီး ဂျူးဘာသာသို့ ဘာသာပြောင်းဝင်သူများ ဖြစ်လာခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် သာ၍ ကြီးသော ပြည့်စုံချက် ဖြစ်ပျက်ခဲ့ပြီ၊ ‘အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ ထွက်သော လူအုပ်ကြီး’—လျှံနေသည့် ချောင်းရေကဲ့သို့သော လူထုကြီး—သည် ဝိညာဏ ဂျူးအကြွင်းအကျန်နှင့် ပူးပေါင်းသောအခါတွင် ဖြစ်သည်။—ဗျာဒိတ် ၇:၉; ဇာခရိ ၈:၂၃။

၂၁။ နှစ်သက်ဖွယ်ကောင်းသော ရေးသားပုံဖော်ချက်တစ်ရပ်တွင် အဘယ် နှစ်သိမ့်မှုမျိုးကို ကြိုဟောထားသနည်း။

၂၁ ဟေရှာယ ၆၆:၁၂ တွင်လည်း မိခင်မေတ္တာဆိုင်ရာ အသုံးအနှုန်း—ကလေးငယ်ကို ဒူးပေါ်တွင် မြှူခြင်း၊ ခါးထစ်ပေါ်တွင် ချီခြင်း—အကြောင်း ဖော်ပြထားသည်။ နောက်အခန်းငယ်တွင် အလားတူအချက်ကို စိတ်ဝင်စားဖွယ် အပြောင်းအလဲ မြင်ကွင်းဖြင့် ဖော်ပြထားသည်။ “မိခင်ထံမှ နှစ်သိမ့်မှု မပြတ် ရရှိသော အမျိုးသားတစ်ဦးကဲ့သို့ ငါသည် သင်တို့ကို မပြတ် နှစ်သိမ့်မည်၊ ယေရုရှလင်မြို့ကိစ္စတွင် သင်သည် နှစ်သိမ့်မှု ရရှိမည်။” (ဟေရှာယ ၆၆:၁၃၊ ကဘ) ကလေးငယ်သည် ယခု “အမျိုးသားတစ်ဦး၊” လူကြီးတစ်ဦး ဖြစ်နေပြီ။ သို့သော် သူ၏ မိခင်သည် ဒုက္ခကာလအချိန်တွင် သူ့ကို နှစ်သိမ့်ပေးလိုစိတ် ရှိဆဲ ဖြစ်သည်။

၂၂။ ယေဟောဝါသည် ကိုယ်တော်၏ မေတ္တာဆိုင်ရာ နူးညံ့ကြင်နာမှုနှင့် စွမ်းအားတို့ကို မည်သို့ ဖော်ပြတော်မူသနည်း။

၂၂ ဤနှစ်သက်ဖွယ်ကောင်းသော နည်းဖြင့် ယေဟောဝါသည် မိမိလူမျိုးအပေါ် ထားသော ကိုယ်တော်၏ မေတ္တာဆိုင်ရာ စွမ်းအားနှင့် နူးညံ့ကြင်နာမှုကို ပုံဖော်တော်မူ၏။ အကြီးမားဆုံးသော မိခင်မေတ္တာပင် သစ္စာရှိ လူမျိုးအပေါ် ထားသော ယေဟောဝါ၏ နက်ရှိုင်းသော မေတ္တာနှင့် ယှဉ်လျှင် မှေးမှိန်သွားသည်။ (ဟေရှာယ ၄၉:၁၅) ခရစ်ယာန်အားလုံးသည် သူတို့ကောင်းကင်ခမည်းတော်၏ ထိုအရည်အချင်းကို ရောင်ပြန်ဟပ် တင်ပြရန် အရေးကြီးသည်! တမန်တော် ပေါလုသည် ထိုသို့ တင်ပြခဲ့ကာ ခရစ်ယာန် အသင်းတော်အတွင်းရှိ အကြီးအကဲများအတွက် ပုံသက်သေကောင်းကို ချပေးခဲ့သည်။ (၁ သက်သာလောနိတ် ၂:၇-၈) ညီအစ်ကိုချင်းမေတ္တာသည် ယေရှု၏ နောက်လိုက်များ ဖြစ်ကြောင်း အဓိကအမှတ်အသား ဖြစ်မည်ဟု ကိုယ်တော် မိန့်တော်မူခဲ့သည်။—ယောဟန် ၁၃:၃၄၊ ၃၅။

၂၃။ ယေဟောဝါ ပြန်လည်တည်ထောင်ထားသော လူမျိုး၏ ဝမ်းမြောက်ဖွယ် အခြေအနေကို ဖော်ပြပါ။

၂၃ ယေဟောဝါသည် ကိုယ်တော်၏ မေတ္တာကို အလုပ်ဖြင့် တင်ပြတော်မူ၏။ ထို့ကြောင့် ကိုယ်တော် ဤသို့ ဆက်၍ မိန့်တော်မူ၏– “ထိုသို့ တွေ့မြင်သဖြင့် သင်တို့၏ နှလုံးသည် ရွှင်မြူး၍ အရိုးတို့သည် စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အားလည်းကောင်း၊ အမျက်တော်သည် ရန်သူတို့အားလည်းကောင်း ထင်ရှားလိမ့်မည်။” (ဟေရှာယ ၆၆:၁၄) ဟေဗြဲဘာသာစကား သဒ္ဒါကျွမ်းကျင်သူတစ်ဦးက “ထိုသို့ တွေ့မြင်သဖြင့်” ဟူသော အသုံးအနှုန်းသည် ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ပြည်တော်ပြန်များ အဘယ်အရာကို ကြည့်ကြည့်၊ “ရွှင်မြူးစရာသာ တွေ့မည်” ကို ဆိုလိုသည်ဟု ဖော်ပြ၏။ သူတို့ ချစ်မြတ်နိုးသော ပြည်တော်သို့ ပြန်လည်ရောက်ရှိခြင်းကြောင့် ပီတိဖြစ်မှုကို စကားဖြင့် မဖော်ပြနိုင်လောက်အောင် သူတို့ အမှန် ရွှင်လန်းဝမ်းမြောက်ကြမည်။ သူတို့၏ အရိုးများ တစ်ဖန် ပြန်လည်သန်မာလာသည့်အလား၊ မိုးတွင်းအချိန်တွင် ရှင်သန်ပေါက်ပွားကြသော မြက်ပင်များအလား သူတို့သည် ငယ်ရွယ်နုပျိုလာသည်ဟု ခံစားရမည်။ ဤကောင်းချီးခံစားရသော အခြေအနေသည် လူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ “ထာဝရဘုရား၏ လက်တော်” အားဖြင့် ဖြစ်ကြောင်း အားလုံး သိလာကြမည်။

၂၄။ (က) ယနေ့ ယေဟောဝါ၏ လူမျိုးတော်အပေါ် သက်ရောက်လျက် ရှိသော အဖြစ်အပျက်များကို ဆင်ခြင်သုံးသပ်ရာမှ သင် အဘယ်သို့ ကောက်ချက်ချသနည်း။ (ခ) ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်သည် အဘယ်အရာ ဖြစ်သင့်သနည်း။

၂၄ ယနေ့ ယေဟောဝါ၏ လူမျိုးအလယ်တွင် ယေဟောဝါ၏ လက်တော် လုပ်ဆောင်နေသည်ကို သင် သတိပြုမိသလော။ စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်လာခဲ့နိုင်ခြင်းကို မည်သည့်လူသားမျှ မပြုလုပ်နိုင်ပါ။ လူမျိုးအပေါင်းမှ အဖိုးတန်သော သန်းနှင့်ချီသည့် လူများကို ဝိညာဏ ပြည်တော်ရှိ သစ္စာရှိ အကြွင်းအကျန်နှင့် လာရောက်ပူးပေါင်းစေခဲ့ရန် မည်သည့် လူသားမျှ မလုပ်ဆောင်နိုင်ပါ။ ထိုအရာများကို ယေဟောဝါ ဘုရားသခင် တစ်ပါးတည်းသာ လုပ်ဆောင်နိုင်တော်မူ၏။ ယေဟောဝါ၏ မေတ္တာဆိုင်ရာ ထိုဖော်ပြချက်များသည် ကျွန်ုပ်တို့အား အလွန် ရွှင်လန်းဝမ်းမြောက်စေသော အကြောင်းရင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ မေတ္တာတော်ကို အလေးမထားဘဲ ဘယ်တော့မျှ မဖြစ်ပါစေနှင့်။ ကျွန်ုပ်တို့သည် ဆက်လက်၍ ‘ကိုယ်တော်၏ စကားကြောင့် တုန်လှုပ်ခြင်း’ ရှိကြပါစေ။ ကျွန်ုပ်တို့သည် ကျမ်းစာမူများနှင့်အညီ နေထိုင်ကာ ယေဟောဝါ အမှုတော် ထမ်းခြင်းမှ ကျေနပ်နှစ်သိမ့်မှု ရှာတွေ့ရန် သန္နိဋ္ဌာန် ချထားကြပါစို့။

[အောက်ခြေမှတ်ချက်များ]

a ယနေ့ ခရစ်ယာန်ဘောင်မှ လူများစွာသည် ယေဟောဝါ၏ ကိုယ်ပိုင်နာမတော်ကို အသုံးပြုရန် ငြင်းဆိုကြသည်၊ နာမတော်ကို ကျမ်းစာဘာသာပြန်ကျမ်းများစွာမှပင် ထုတ်ပစ်ကြသည်။ အချို့သူများသည် ဘုရားသခင့် ကိုယ်ပိုင်နာမတော်ကို အသုံးပြုသော ကိုယ်တော့် လူမျိုးတော်ကို ကဲ့ရဲ့ပြောင်လှောင်ကြသည်။ သို့တိုင် ထိုသူတို့သည် “ဂျားကို ချီးမွမ်းလော့” ဟု အဓိပ္ပာယ်ရသော “ဟာလေလုယ” စကားလုံးကို အယောင်ဆောင် အသုံးပြုကြသည်။

b ယေဇကျေလ ၄၃:၇၊ ၉ တွင် အသုံးပြုထားသော “ရှင်ဘုရင်၏ အသေကောင်” များဟူသော စကားအသုံးအနှုန်းသည် ရုပ်ပုံများကို ရည်ညွှန်းသည်။ ယေရုရှလင်မြို့ရှိ ပုန်ကန်သော ခေါင်းဆောင်များနှင့် ပြည်သားများသည် ဘုရားသခင့် ဗိမာန်တော်ကို ရုပ်ပုံများဖြင့် ညစ်ညမ်းစေခဲ့ကြသည့်အပြင် ၎င်းတို့ကို ဘုရင်များအဖြစ် တင်မြှောက်ခဲ့ကြသည်။

c ဤတွင် ပရောဖက်ပြုထားသော ဖွားမြင်ခြင်းသည် ဗျာဒိတ် ၁၂:၁၊ ၂၊ ၅ တွင် ဖော်ပြထားချက်နှင့် မတူပါ။ ဗျာဒိတ်ကျမ်း၏ ထိုအခန်းကြီးတွင် ပါသော “သားယောက်ျား” သည် ၁၉၁၄ ခုနှစ်တွင် စတင် အကောင်အထည် ပေါ်လာသော မေရှိယနိုင်ငံကို ပုံတင်ပြသည်။ သို့သော် ပရောဖက်ပြုချက် နှစ်ခုစလုံး၌ ပါသော “မိန်းမ” သည် အတူတူပင် ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ