အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်အတွက် အညွှန်းများ
ဒီဇင်ဘာ ၅–၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁-၅
‘ထာဝရဘုရား၏ တောင်တော်သို့ တက်သွားကြကုန်အံ့’
(ဟေရှာယ ၂:၂၊ ၃) နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ် တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ ၃ များပြားသောသူတို့ကလည်း လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
ယေဟောဝါ၏အိမ်တော် ချီးမြှောက်ခြင်းခံရ
၆ ဟေရှာယ၏ပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံရန် ဖြစ်သနည်း။ “နောက်ဆုံးသောကာလ၌” ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ်အရ “နောက်ဆုံးသောနေ့ရက်များတွင်” ဟုဖတ်ရသည်။ ခရစ်ယာန်ဂရိကျမ်းစောင်များ၌ ဤကာလကို မှတ်သားဖော်ပြသည့် ကြန်အင်လက္ခဏာများကို ကြိုဟောထားသည်။ ၎င်းတို့အထဲတွင် စစ်ပွဲများ၊ မြေငလျင်လှုပ်ခြင်း၊ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်းနှင့် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” တို့ပါဝင်သည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ။ လုကာ ၂၁:၁၀၊ ၁၁) ထိုပရောဖက်ပြုချက်များပြည့်စုံခြင်းက ကျွန်ုပ်တို့သည် “နောက်ဆုံးသောကာလ၊” ဤလက်ရှိအစီအစဉ်စနစ်၏ နောက် ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေရကြောင်း သက်သေ အထောက်အထားများ ဖြစ်သည်။ သို့ဖြစ်၍ ဟေရှာယကြိုဟောထားသည့်အရာများ ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံမည်ကိုတွေ့မြင်ရန် မျှော်လင့်ခြင်းသည် ဆင်ခြင်တုံတရားနှင့် ညီညွတ်သည်။
ဝတ်ပြုကိုးကွယ်ရာတောင်
၇ ဟေရှာယသည် စကားလုံးအနည်းငယ်ဖြင့် ကွက်ကွက်ကွင်းကွင်း မြင်သာစေသော ပရောဖက်ပြုသရုပ်သကန်ကို ခြယ်မှုန်းပေးထားသည်။ တောင်ထိပ်တွင် ဘုန်းကျက်သရေနှင့်ပြည့်သော အိမ်တော်၊ ယေဟောဝါ၏ ဗိမာန်တော်တည်ရာ မြင့်မားသောတောင်ကြီးတစ်လုံးကို ကျွန်ုပ်တို့တွေ့ရသည်။ ဤတောင်သည် ပတ်ဝန်းကျင်တွင်ရှိသော တောင်ကြီးတောင်ငယ်တို့ကို မိုးထားသည်။ သို့တိုင် ယင်းသည် စိုးထိတ်ကြောက်ရွံ့ဖွယ်မကောင်းဘဲ နှစ်သက်ဖွယ်ဖြစ်သည်။ လူမျိုးအားလုံးမှသူတို့သည် ယေဟောဝါ၏အိမ်တော်တည်သောတောင်ပေါ်သို့ တက်ရန်ဆန္ဒပြင်းပြကြရာ တဖွဲဖွဲတက်သွားကြသည်။ ယင်းကို မြင်ယောင်ကြည့်ရန် လွယ်ကူသည်၊ သို့သော် ယင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၈ ဟေရှာယခေတ်တွင် တောင်ကုန်းများနှင့် တောင်ကြီးများသည် အများအားဖြင့် ဝတ်ပြုရေးနှင့်ဆက်နွှယ်သည်။ ဥပမာ၊ ၎င်းတို့ကို ရုပ်တုကိုးကွယ်မှုနှင့် မှောက်မှားသော နတ်ဘုရားကျောင်းနေရာများအဖြစ် အသုံးပြုကြသည်။ (တရားဟောရာ ၁၂:၂။ ယေရမိ ၃:၆) သို့ရာတွင် ယေဟောဝါ၏အိမ်တော် သို့မဟုတ် ဗိမာန်တော်သည် ယေရုရှလင်မြို့ရှိ မောရိတောင်ထွတ်ကို အလှဆင်ပေးသည်။ သစ္စာရှိဣသရေလလူမျိုးများသည် စစ်မှန်သောဘုရားသခင်ကိုဝတ်ပြုရန် တစ်နှစ်လျှင်သုံးကြိမ် ယေရုရှလင်မြို့သို့ သွားကြပြီး မောရိတောင်ပေါ်သို့ တက်ကြသည်။ (တရားဟောရာ ၁၆:၁၆) ထို့ကြောင့် ‘ယေဟောဝါ၏အိမ်တော်တည်သောတောင်’ သို့ လူများတဖွဲဖွဲလာနေခြင်းက စစ်မှန်သောဝတ်ပြုရေးသို့ လူများစွာစုဝေးကြခြင်းကို ပုံဖော်ပြသည်။
၉ ယနေ့ ဘုရားသခင့်လူမျိုးသည် ကျောက်ဗိမာန်တော်တည်ရှိသည့် ပကတိတောင်တစ်ခုတွင် မစုရုံးကြသည်မှာ မှန်၏။ ယေရုရှလင်မြို့တွင်ရှိသော ယေဟောဝါ၏ဗိမာန်တော်သည် စီ.အီး. ၇၀ တွင် ရောမစစ်တပ်အားဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့အပြင် တမန်တော်ပေါလုက ယေရုရှလင်မြို့ရှိ ဗိမာန်တော်နှင့် ယင်းမတိုင်မီကရှိခဲ့သော ဝတ်ပြုရာတဲတော်တို့သည် ပုံတင်ပြချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။ ၎င်းတို့သည် သာ၍ကြီးမြတ်သော အမှန်တည်ရှိသည့် ဝိညာဏအရာ၊ “လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်” ကိုပုံတင်ပြသည်။ (ဟေဗြဲ ၈:၂) ထိုဝိညာဏတဲတော်သည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာပေါ် အခြေပြုထားသည့် ဝတ်ပြုရေးဖြင့် ယေဟောဝါထံချဉ်းကပ်ရန် အစီအစဉ်ဖြစ်သည်။ (ဟေဗြဲ ၉:၂-၁၀၊ ၂၃) ယင်းနှင့်အညီ ဟေရှာယ ၂:၂ တွင်ဖော်ပြထားသော ‘ယေဟောဝါ၏အိမ်တော်တည်သောတောင်’ သည် ကျွန်ုပ်တို့အချိန်ရှိ ချီးမြှောက်ခံရသည့် ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးကို ပုံတင်ပြသည်။ စင်ကြယ်သောဝတ်ပြုရေးကို သက်ဝင်ယုံကြည်သူများသည် တစ်စုံတစ်ခုသောနယ်မြေဒေသတွင် စုဝေးကြခြင်းမဟုတ်ပါ၊ စည်းလုံးသောဝတ်ပြုရေးတွင် စုဝေးနေခြင်းဖြစ်သည်။
စင်ကြယ်သောဝတ်ပြုရေး မြှင့်တင်ခံရခြင်း
၁၀ ပရောဖက်က ‘ယေဟောဝါ၏အိမ်တော်တည်သောတောင်’ သို့မဟုတ် စစ်ကြယ်သောဝတ်ပြုရေးသည် “တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်” ဟုဆိုထားသည်။ ဟေရှာယခေတ်မတိုင်မီ ကြာမြင့်စွာက ဘုရင်ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာကို ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂,၅၀၀ တွင်တည်ရှိသော ယေရုရှလင်မြို့ရှိ ဇိအုန်တောင်ပေါ်သို့ သယ်ဆောင်ခဲ့သည်။ သေတ္တာတော်သည် မောရိတောင်ပေါ်တွင် တည်ဆောက်ပြီးစီးသွားသော ဗိမာန်တော်သို့ပြောင်းရွှေ့ထားချိန်အထိ ထိုတောင်ပေါ်တွင်ပင်ရှိခဲ့သည်။ (၂ ဓမ္မရာဇဝင် ၅:၇။ ၆:၁၄-၁၉။ ၂ ရာဇဝင်ချုပ် ၃:၁။ ၅:၁-၁၀) ထို့ကြောင့် ဟေရှာယခေတ်တွင် ဘုရားသခင့်သေတ္တာတော်သည် ပကတိသဘောအရ အမြင့်တွင်တင်ခံရပြီးဖြစ်ကာ မှောက်မှားသောဝတ်ပြုကိုးကွယ်မှုအတွက်အသုံးပြုသော ပတ်ဝန်းကျင်ရှိ တောင်ကုန်းများထက် ပို၍မြင့်သည့်ဗိမာန်တော်တွင် တည်ရှိနေပြီဖြစ်သည်။
၁၁ အမှန်ပင်၊ ယေဟောဝါ၏ဝတ်ပြုရေးသည် ဝိညာဉ်ရေးသဘောအရ မှောက်မှားသောဘုရားများကို ဝတ်ပြုသူများ၏ ဘာသာရေးဓလေ့ထုံးစံများအထက်တွင် အမြဲရှိသည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် မိမိ၏ဝတ်ပြုရေးကို မသန့်ရှင်းသောဝတ်ပြုရေး၊ အမှန်ဆိုရလျှင် အားလုံးသော “တောင်ကြီးတောင်ငယ်တို့၏ထိပ်” ထက်လွန်စွာမြင့်မားသည့် ကောင်းကင်အမြင့်ထိ ချီးမြှောက်ခဲ့ပြီးဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ကိုယ်တော့်အား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ဝတ်ပြုလိုသူများကို အကြီးအကျယ် ပေါင်းစည်းစုသိမ်းခြင်းအားဖြင့် ဖြစ်သည်။—ယောဟန် ၄:၂၃။
ယေဟောဝါ၏အိမ်တော် ချီးမြှောက်ခြင်းခံရ
၂၀ ယေဟောဝါသည် မိမိ၏လူမျိုးအား ပျောက်သောသိုးကဲ့သို့ ဦးတည်ရာမရှိ လျှောက်သွားနေစေမည် မဟုတ်ပါ။ ကိုယ်တော်၏ နည်းလမ်းတော်များကို သူတို့သင်ယူရန်အလို့ငှာ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများအားဖြင့် မိမိ၏ “တရားတော်” နှင့် “နှုတ်ကပါဌ်တော်” ကို သူတို့အား ပေးတော်မူသည်။ ၎င်းမှရသည့်အသိပညာက သူတို့ကို “ခြေတော်ရာသို့ လိုက်သွား” ရန် ပြင်ဆင်ပေးသည်။ တန်ဖိုးထားလေးမြတ်မှုဖြင့် ပြည့်နေသောနှလုံးနှင့် ဘုရားသခင့်ညွှန်ကြားချက်နှင့်အညီ နေထိုင်ခြင်းဖြင့် သူတို့သည် ယေဟောဝါ၏ နည်းလမ်းတော်များအကြောင်း တစ်ဦးကိုတစ်ဦး ပြောဆိုကြသည်။ သူတို့သည် စည်းဝေးကြီးများနှင့် အုပ်စုငယ်လေးများ—နိုင်ငံတော်ခန်းမများတွင်နှင့် ကိုယ်ပိုင်အိမ်များတွင်—ဘုရားသခင့် နည်းလမ်းတော်များကို နားထောင်သင်ယူရန် အတူတကွစုဝေးကြသည်။ (တရားဟောရာ ၃၁:၁၂၊ ၁၃) သို့ဖြင့် ‘မေတ္တာနှင့် ကောင်းသောအကျင့်ကို ကျင့်ခြင်း’ တွင်ကြွယ်ဝပြည့်စုံရန် တစ်ဦးကိုတစ်ဦး အားပေးတိုက်တွန်းဖို့ အတူတကွစုဝေးခဲ့ကြသော အစောပိုင်းခရစ်ယာန်များ၏ နမူနာကို သူတို့အတုယူကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၂၁ သူတို့သည် ယေဟောဝါဘုရားသခင်၏ ချီးမြှောက်ခံရသောဝတ်ပြုရေးသို့ “တက်သွားကြ” ရန်အခြားသူများကို ဖိတ်ခေါ်ကြသည်။ ၎င်းသည် ကောင်းကင်သို့မတက်ကြွမီ မိမိ၏တပည့်တော်များကို ယေရှုပေးခဲ့သော အမိန့်တော်နှင့် ကိုက်ညီသည်မဟုတ်လော! ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဘုရားသခင့် ကျောထောက်နောက်ခံမှုဖြင့် ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းသို့ နာခံမှုရှိရှိသွားကြကာ သွန်သင်ပေး၊ တပည့်ဖြစ်စေပြီး နှစ်ခြင်းပေးကြသည်။
(ဟေရှာယ ၂:၄) ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။
ယေဟောဝါ၏အိမ်တော် ချီးမြှောက်ခြင်းခံရ
၂၄ လူမျိုးများသည် တစ်မျိုးလုံးအနေဖြင့် ဤမြင့်မားသောပန်းတိုင်သို့ ဘယ်တော့မျှ ရောက်နိုင်မည် မဟုတ်ပါ။ ယင်းပန်းတိုင်သည် သူတို့အတွက် လက်လှမ်းမမီနိုင်ပါ။ ဟေရှာယ၏ စကားများသည် လူမျိုးများစွာထဲမှ စင်ကြယ်သောဝတ်ပြုရေးသို့ စုရုံးခံရသော တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ပြည့်စုံနေသည်။ ယေဟောဝါသည် သူတို့နှင့် “ဆွေးနွေးဆင်ခြင်” ခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာနေထိုင်တတ်ရန် သင်ကြားပေးခဲ့သည်။ စိတ်ဝမ်းကွဲပြီး ပဋိပက္ခထူပြောသော ဤလောကတွင် သူတို့သည် ပုံဆောင်သဘောအရ “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်” ခဲ့ကြပြီ။ မည်သို့အားဖြင့်နည်း။
၂၅ တစ်ချက်အနေနှင့် သူတို့သည် လူမျိုးများ၏ စစ်ပွဲများတွင် မပါခြင်းဖြင့် ဖြစ်သည်။ ယေရှုမသေမီ အချိန်အနည်းငယ်တွင် လက်နက်ကိုင်သူများက ကိုယ်တော်ကို ဖမ်းဆီးရန် လာကြသည်။ ပေတရုက မိမိသခင်ကို ကာကွယ်ရန် ဓားတစ်ချောင်းနှင့် တိုက်ခိုက်ခဲ့သောအခါ ယေရှုက သူ့ကို ဤသို့မိန့်တော်မူခဲ့၏– “သင့်ဓားကိုသူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) ထိုအချိန်မှစ၍ ယေရှု၏ခြေရာကို လိုက်လျှောက်သော နောက်တော်လိုက်များသည် သူတို့၏ဓားများကို ထွန်သွားဖြစ်စေခြင်းငှာ ထုလုပ်ခဲ့ကြပြီး လူသားအချင်းချင်းကို သတ်ဖြတ်ရန် လက်နက်များထုတ်လုပ်ခြင်းနှင့် အခြားနည်းများဖြင့် စစ်ပွဲကိုထောက်ခံအားပေးသည့် လုပ်ရပ်များနှင့် ကင်းကင်းနေခဲ့ကြသည်။ သူတို့သည် “လူအပေါင်းတို့နှင့်အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို . . . မီအောင်လိုက်ကြ” ၏။—ဟေဗြဲ ၁၂:၁၄။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၁:၈၊ ၉) ဇိအုန်သတို့သမီးသည်လည်း စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။ ၉ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌ အနည်းငယ်မျှကြွင်းစေတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူကြပြီ။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
ကျမ်းစာမေးခွန်းများအဖြေ–
၁:၈၊ ၉—ဇိအုန်သတို့သမီးသည် “စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း” မည်သို့ကျန်ရစ်သနည်း။ အဆီးရီးယားကျူးကျော်တိုက်ခိုက်ချိန်အတွင်း ယေရုရှလင်သည် စပျစ်ခြံအတွင်းမှ တဲပုတ် သို့မဟုတ် သခွားခင်းထဲမှ ခနော်ခနဲ့တဲကုပ်ကဲ့သို့ အလွန်အားအင်ချည့်နဲ့ပုံပေါက်နေမည်။ သို့သော် ယေဟောဝါ၏ ထောက်မမှုကြောင့် သောဒုံနှင့်ဂေါမောရကဲ့သို့ ဖြစ်မည်မဟုတ်ပေ။
(ဟေရှာယ ၁:၁၈) ထာဝရဘုရားမိန့်တော်မူသည်ကား လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှနီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၁:၁၈၊ သမ္မာ—“လာကြ။ ဆွေးနွေးဆင်ခြင်ကြကုန်အံ့” ဟူသောစကားက ဘာကိုဆိုလိုသနည်း။ ဒါက အပေးအယူဆွေးနွေးခန်းအကြောင်း ပြောနေခြင်းမဟုတ်ပါ။ ယင်းအစား တရားမျှတမှုကို အတည်ပြုပေးမည့် တရားရုံးအကြောင်း ပြောနေခြင်းဖြစ်သည်။ ထိုတွင် ဖြောင့်မတ်သောတရားသူကြီး ယေဟောဝါသည် ဣသရေလလူမျိုးများ ပြုပြင်ပြောင်းလဲပြီး မိမိတို့ကိုယ်ကို သန့်စင်စေရန် အခွင့်အရေးပေးတော်မူသည်။
it–2–E ၇၆၁ အပိုဒ် ၃
ပြန်လည်သင့်မြတ်ခြင်း
ပြန်လည်သင့်မြတ်ဖို့ ပြုလုပ်ရမယ့်အရာတွေ။ ဘုရားရဲ့ပညတ်ကို ချိုးဖောက်နေကြသူတွေဟာ ဘုရားနဲ့ ပြန်လည်သင့်မြတ်ဖို့လိုတယ်။ (ဆာ. ၅၁:၁-၄) လူတွေဟာ ဘုရားနဲ့ ဘယ်တော့မှ တန်းတူဖြစ်နိုင်မှာ မဟုတ်သလို မှန်ရာနဲ့ပတ်သက်ပြီး ဘုရားရဲ့စံနှုန်းတွေဟာလည်း ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်း ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ (ဟေရှာ. ၅၅:၆-၁၁။ မာလ. ၃:၆။ ယာ. ၁:၁၇ နဲ့နှိုင်းယှဉ်ပါ။) ဒါကြောင့် ဘုရားနဲ့ ပြန်လည်သင့်မြတ်နိုင်အောင် လုပ်တဲ့အခါ အလျှော့အတင်းလုပ်၊ မေးခွန်းထုတ်၊ အပေးအယူလုပ်လို့ မရပါ။ (ယောဘ ၄၀:၁၊ ၂၊ ၆-၈။ ဟေရှာ. ၄၀:၁၃၊ ၁၄ နဲ့နှိုင်းယှဉ်ပါ။) ဘာသာပြန်အများစုက ဟေရှာယ ၁:၁၈ ကို ‘ထာဝရဘုရားမိန့်တော်မူသည်ကား လာကြ၊ ဆွေးနွေးဆင်ခြင်ကြကုန်အံ့’ လို့ ဘာသာပြန်ထားပေမဲ့ ရှေ့နောက်စကားနဲ့ ပိုညီညွတ်တဲ့ ပြန်ဆိုချက်ဟာ “ယေဟောဝါပြောတာက- ‘လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့” ဖြစ်တယ်။ ဘုရားနဲ့ မသင့်မမြတ်ဖြစ်နေတာက ဘုရားကြောင့် လုံးဝမဟုတ်၊ လူတွေကြောင့်ပဲ ဖြစ်တယ်။—ယေဇ. ၁၈:၂၅၊ ၂၉-၃၂ နဲ့နှိုင်းယှဉ်ပါ။
ဒီဇင်ဘာ ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၆–၁၀
“ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတဲ့ မေရှိယ”
(ဟေရှာယ ၉:၁၊ ၂) သို့သော်လည်း ဒုက္ခဆင်းရဲခြင်းကို ခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ ၂ မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။
သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
၁၃ မေရှိယက ဂါလိလဲမှာ ဘုရားသခင့်အမှုတော် ဆောင်ရွက်မယ်ဆိုတာကို ကြိုဟောထားတယ်။ “ဇာဗုလုန်ခရိုင်၊” “နဿလိခရိုင်၊” “တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်” နဲ့ပတ်သက်ပြီး ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– “မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာ. ၉:၁၊ ၂) ယေရှုက ဘုရားသခင့်အမှုဆောင်ခြင်းကို ဂါလိလဲပြည်၊ ကပေရနောင်မြို့ကနေ စတင်ခဲ့တယ်။ ဇာဗုလုန်နဲ့ နဿလိခရိုင်မှာနေတဲ့ လူများစွာကိုလည်း ကိုယ်တော်သွန်သင်ခဲ့တဲ့အတွက် သူတို့က ကိုယ်တော်ဖော်ပြတဲ့ အမှန်တရားအလင်းကနေ အကျိုးခံစားကြရတယ်။ (မ. ၄:၁၂-၁၆) ဂါလိလဲပြည်မှာ တောင်ပေါ်တရားတော်ကို ယေရှု ဟောခဲ့တယ်၊ တမန်တော်တွေကို ရွေးချယ်ခဲ့တယ်၊ ပထမဦးဆုံး အံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော် ၅၀၀ ရှေ့ ကိုယ်ယောင်ထင်ရှားပြခဲ့တယ်။ (မ. ၅:၁–၇:၂၇။ ၂၈:၁၆-၂၀။ မာ. ၃:၁၃၊ ၁၄။ ယော. ၂:၈-၁၁။ ၁ ကော. ၁၅:၆) “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” မှာ ဟောပြောခြင်းအားဖြင့် ဟေရှာယပရောဖက်ပြုချက်ကို ကိုယ်တော်ပြည့်စုံစေခဲ့တယ်။ ကျန်တဲ့အစ္စရေးတစ်နယ်လုံးမှာလည်း ဘုရားသခင့်နိုင်ငံတော်သတင်းကို ယေရှုဟောပြောခဲ့တယ်။
ကတိတော်ဆိုင်ရာ ငြိမ်သက်ခြင်းမင်းသား
“ရှုတ်ချခံရသော” ပြည်တော်
၁၃ ယခု ဟေရှာယသည် အာဗြဟံ၏ သားစဉ်မြေးဆက်အပေါ်သို့ ကျရောက်မည့် ပြောင်းလဲမှုများထဲမှ အဆိုးရွားဆုံးတစ်ခုကို ဤသို့ရည်ညွှန်းဖော်ပြ၏– “ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။” (ဟေရှာယ ၉:၁) ဂါလိလဲသည် မြောက်ပိုင်းဣသရေလနိုင်ငံ၏ နယ်မြေတစ်ခု ဖြစ်သည်။ ဟေရှာယ၏ ပရောဖက်ပြုချက်တွင် “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” အပြင် ဂါလိလဲပင်လယ်အနီးမှ ဖြတ်သွားကာ မြေထဲပင်လယ်သို့ ဦးတည်သွားသည့် ရှေးခေတ်လမ်းမကြီးဖြစ်သော “အိုင်နားလျှောက်သောလမ်း” လည်းပါဝင်သည်။ ဟေရှာယခေတ်၌ ဤဒေသကို “တစ်ပါးအမျိုးသားနေရာဂါလိလဲပြည်” ဟုခေါ်ဆိုထားသည်၊ ဖြစ်နိုင်သည်မှာ ယင်းမြို့အများစုတွင် ဣသရေလလူမျိုးမဟုတ်သူများ နေထိုင်ကြခြင်းကြောင့် ဖြစ်မည်။ ဤပြည်သည် မည်သို့ “ရှုတ်ချခံရ” သနည်း။ မှောက်မှားသောဘုရားကိုးကွယ်သည့် အဆီးရီးယားတို့သည် ၎င်းပြည်ကိုအနိုင်ရပြီး ဣသရေလလူများကို နယ်နှင်ခေါ်ဆောင်သွားကာ နယ်မြေဒေသအားလုံး၌ အာဗြဟံ၏သားမြေးများမဟုတ်သည့် မှောက်မှားသောဘုရားကိုးကွယ်သူများအား နေရာချပေးသည်။ ထို့ကြောင့် မြောက်ပိုင်းဆယ်နွယ်နိုင်ငံသည် သီးသန့်နိုင်ငံတစ်နိုင်ငံအနေနှင့် သမိုင်းမှပျောက်ကွယ်ခဲ့ရသည်!—၄ ဓမ္မရာဇဝင် ၁၇:၅၊ ၆၊ ၁၈၊ ၂၃၊ ၂၄။
၁၄ ယုဒနိုင်ငံသည်လည်း အဆီးရီးယား၏ဖိနှိပ်မှုကို ခံနေရသည်။ ဇာဗုလုန်နှင့် နဿလိခရိုင်များကို ကိုယ်စားပြုသော ဆယ်နွယ်နိုင်ငံ၌ဖြစ်ခဲ့သကဲ့သို့ ၎င်းကို ထာဝရ “မှောင်မိုက်” ဖြစ်စေမည်လော။ ဖြစ်စေမည်မဟုတ်ပါ။ ယခင်က တောင်ပိုင်းယုဒနိုင်ငံသည် မြောက်ပိုင်းနိုင်ငံ၏ စိုးမိုးအုပ်ချုပ်မှုကို ခံခဲ့ရသည့်တိုင် “နောက်တစ်ဖန်” ယေဟောဝါသည် ကောင်းချီးများကို ဖြစ်စေတော်မူမည်။ မည်သို့အားဖြင့်နည်း။
၁၅ တမန်တော်မဿဲက ယေရှု၏ မြေကြီးဓမ္မအမှုဆောင်ခြင်းဆိုင်ရာ မှုတ်သွင်းခံမှတ်တမ်းတွင် ဤမေးခွန်းကို အဖြေပေးထားသည်။ ထိုဓမ္မအမှု၏ အစောပိုင်းနေ့ရက်များအကြောင်း ဖော်ပြရာတွင် မဿဲဤသို့တင်ပြ၏– “နာဇရက်မြို့ကိုစွန့်သွားလျက်၊ [ယေရှုသည်] ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ရောက်၍ နေတော်မူ၏။ ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက်ဟူမူကား၊ ‘ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏’ ဟုဟောထားသတည်း။”—မဿဲ ၄:၁၃-၁၆။
၁၆ မှန်ပါသည်၊ ဟေရှာယကြိုပြောခဲ့သည့် “နောက်တစ်ဖန်” သည် ခရစ်တော်၏ မြေကြီးဓမ္မအမှုဆောင်ချိန် ဖြစ်သည်။ ယေရှု၏ မြေကြီး အသက်တာအများစုကို ဂါလိလဲတွင် အသုံးပြုခဲ့သည်။ မိမိ၏ဓမ္မအမှုကိုအစပြုကာ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုစဟောပြောခဲ့သည့် နေရာသည် ဂါလိလဲခရိုင်တွင် ဖြစ်သည်။ (မဿဲ ၄:၁၇) ဂါလိလဲတွင် မိမိ၏အကျော်ကြားဆုံး တောင်ပေါ်ဒေသနာကို ဟောပြောခဲ့သည်၊ တမန်တော်များကို ရွေးချယ်ခဲ့သည်၊ ပထမဦးဆုံးအံ့ဖွယ်အမှုကို ပြုလုပ်ခဲ့သည်၊ ထမြောက်ပြီးနောက် တပည့်တော် ၅၀၀ ကိုကိုယ်ယောင်ပြခဲ့သည်။ (မဿဲ ၅:၁–၇:၂၇။ ၂၈:၁၆-၂၀။ မာကု ၃:၁၃၊ ၁၄။ ယောဟန် ၂:၈-၁၁။ ၁ ကောရိန္သု ၁၅:၆) ဤနည်းဖြင့် ယေရှုသည် “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” ကိုဂုဏ်တင်ကာ ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်။ ယေရှုသည် မိမိ၏ဓမ္မအမှုကို ဂါလိလဲပြည်တွင်ရှိသောလူများနှင့် ကန့်သတ်မထားသည်မှာမှန်ပါသည်။ နယ်မြေတစ်ခွင် သတင်းကောင်းဟောပြောခြင်းဖြင့် ယုဒပြည်အပါအဝင် ဣသရေလတစ်မျိုးလုံးကို “ဂုဏ်အသရေနှင့် ပြည့်စုံစေ” ခဲ့သည်။
“ကြီးစွာသောအလင်း”
၁၇ သို့သော် မဿဲ၏ ဖော်ပြချက်တွင်ပါသော ဂါလိလဲပြည်ရှိ “ကြီးစွာသောအလင်း” ကားအဘယ်နည်း။ ယင်းကိုလည်း ဟေရှာယပရောဖက်ပြုချက်မှ ကိုးကားခဲ့ခြင်းဖြစ်သည်။ ဟေရှာယဤသို့ရေးခဲ့၏– “မှောင်မိုက်ထဲမှာသွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာယ ၉:၂) စီ.အီး. ပထမရာစုတွင် တိတ္ထိမုသားများကြောင့် သမ္မာတရားအလင်း ကွယ်ခဲ့ရသည်။ ဂျူးဘာသာရေးခေါင်းဆောင်များသည် “ဘုရားသခင်၏ပညတ်တော်ကိုပယ်” ကာ မိမိတို့၏ ဘာသာရေးထုံးတမ်းစဉ်လာများကို လက်ကိုင်ပြုခြင်းကြောင့် ပြဿနာထပ်တိုးလာသည်။ (မဿဲ ၁၅:၆) နှိမ့်ချသူများသည် အဖိအနှိပ်ခံရပြီး “လမ်းပြသောလူကန်းတို့” နောက်လိုက်ကာ မျက်စိလည်လမ်းမှားခဲ့ကြသည်။ (မဿဲ၂၃:၂-၄၊ ၁၆) မေရှိယယေရှု ပေါ်ထွန်းလာသောအခါ အံ့ဖွယ်နည်းဖြင့် စိတ်နှိမ့်ချသူများစွာ၏ မျက်စိကို ဖွင့်ပေးခဲ့သည်။ (ယောဟန် ၁:၉၊ ၁၂) မြေကြီးပေါ်ရှိစဉ် ယေရှု၏အမှုတော်နှင့် ကိုယ်တော်၏ပူဇော်သကာမှရသော ကောင်းချီးများကို “ကြီးစွာသောအလင်း” အဖြစ် ဟေရှာယပရောဖက်ပြုချက်တွင် သင့်လျော်စွာဖော်ပြသည်။—ယောဟန် ၈:၁၂။
(ဟေရှာယ ၉:၆) အကြောင်းမူကား ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။
သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ ဝမ်းမြောက်ရွှင်လန်းပါ
၁၈ ခရစ်တော်ဟာ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်းမှာ တခြားသူတွေရဲ့အဖေလည်း ဖြစ်လာပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်သူတွေဟာ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ရမှာ ဖြစ်တယ်။ (ယော. ၃:၁၆) အဲဒီအခါ ခရစ်တော်က သူတို့ရဲ့ ‘ထာဝရဖခင်’ ဖြစ်လာပါလိမ့်မယ်။—ဟေရှာ. ၉:၆၊ ၇။
က၀၇–E ၅/၁၅ ၆
ဆင်းရဲဒုက္ခ သိပ်များတဲ့ ကမ္ဘာကြီးထဲမှာ မျှော်လင့်ချက်ရှိနေ
မျှော်လင့်ချက်ရှိနိုင်တဲ့ အခြေခံအကြောင်းရင်း
ယေရှုခရစ်က တပည့်တွေကို ဒီလို ပြောတယ်- “သင်တို့ ဤသို့ ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။’” (မဿဲ ၆:၉၊ ၁၀) ယေရှုခရစ် အုပ်ချုပ်မယ့် အဲဒီကောင်းကင်နိုင်ငံတော်က ဘုရားသခင်ဟာ မြေကြီးကို အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိတာကို ဖော်ပြတယ်။—ဆာလံ ၂:၇-၁၂။ ဒံယေလ ၇:၁၃၊ ၁၄။
ယနေ့ လူတွေဟာ အရာရာကို ကြောက်လန့်နေကြရတဲ့အတွက် ဘုရားအကူအညီ လိုနေတယ်ဆိုတာ ထင်ရှားတယ်။ မကြာခင် ဘုရား ကြားဝင်ကူညီပေးတော့မှာပါ။ ဘုရားမှာ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိကြောင်း၊ နာမတော် သန့်ရှင်းမြင့်မြတ်ကြောင်း ဖော်ထုတ်ဖို့ ယေရှုခရစ်ကို မေရှိယဘုရင်ကို အခွင့်အာဏာ ပေးထားတယ်။ (မဿဲ ၂၈:၁၈) ဘုရားနိုင်ငံတော်က ကြောက်ရွံ့စိုးရိမ်စရာ အကြောင်းအားလုံးကို မကြာခင် ရှင်းပစ်တော့မယ်။ ဟေရှာယ ၉:၆ မှာ ယေရှုကို “ထာဝရအဘ၊” “အံ့သြဖွယ်တိုင်ပင်ဘက်၊” “ငြိမ်သက်ခြင်းအရှင်” လို့ ခေါ်ထားတဲ့တွက် သူ့မှာ လိုအပ်တဲ့အရည်အချင်းတွေရှိမှန်း သိရတယ်။ သူက ကျွန်တော်တို့ စိုးရိမ်နေတာအားလုံးကို ဖယ်ရှားပေးနိုင်တဲ့ ဘုရင်ပါ။
“ထာဝရအဘ” ဆိုတဲ့ နှစ်သက်စရာကောင်းတဲ့ ဘွဲ့အမည်ကို စဉ်းစားကြည့်ပါ။ ဒီဘွဲ့ပိုင်ရှင် ယေရှုဟာ ရွေးဖိုးပူဇော်သကာပေးဆက်ခဲ့တဲ့အတွက် နာခံမှုရှိတဲ့ လူတွေကို ထာဝရအသက်ပေးဖို့ သူ့မှာ တန်ခိုးနဲ့ အခွင့်အာဏာ ရှိရုံမက ဆန္ဒလည်းရှိတယ်။ အပြစ်ရှိတဲ့ ပထမလူအာဒံ အမွေပေးခဲ့တဲ့ အပြစ်နဲ့ မစုံလင်မှုကနေ လုံးလုံးလွတ်မြောက်တော့မှာ သေချာတယ်။ (မဿဲ ၂၀:၂၈။ ရောမ ၅:၁၂။ ၆:၂၃) သေဆုံးသွားတဲ့လူတွေကိုလည်း ခရစ်တော်ဟာ ဘုရားပေးအခွင့်အာဏာကို အသုံးပြုပြီး အသက်ပြန်ရှင်စေတော့မှာဖြစ်တယ်။—ယောဟန် ၁၁:၂၅၊ ၂၆။
ယေရှု မြေကြီးပေါ်ရှိတုန်းက “အံ့သြဖွယ်တိုင်ပင်ဘက်” ဖြစ်မှန်း ဖေါ်ပြခဲ့တယ်။ ယေရှုဟာ ကျမ်းစကားတွေကို သိကျွမ်းပြီး လူတွေရဲ့ စိတ်နေစိတ်ထားကို သိတာတွေကြောင့် လူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတတ်တယ်။ ကောင်းကင်မှာ ခရစ်တော်စအုပ်စိုးချိန်မှာလည်း “အံ့သြဖွယ်တိုင်ပင်ဘက်” ဆက်ဖြစ်ပြီး ယေဟောဝါရဲ့ ဆက်သွယ်ရေးလမ်းကြောင်းမှာ အဓိကအရေးပါသူ ဖြစ်နေပါတယ်။ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ ဆုံးမစကားတွေဟာ အပြစ်ဆိုစရာမရှိတဲ့ ပညာရှိစကားတွေပဲ။ အဲဒါကိုယုံကြည်သက်ဝင်ရင် မရေရာမသေချာတဲ့ဘဝ၊ အရာရာ ကြောက်လန့်နေတဲ့ ဘဝမျိုးကနေ လွတ်မြောက်နိုင်မယ်။
ဟေရှာယ ၉:၆ မှာ ယေရှုကို “ငြိမ်သက်ခြင်းအရှင်” လို့လည်း ခေါ်ထားတဲ့အတွက်” မကြာခင် သူ့တန်ခိုးနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး မမျှတမှုတွေကို ဖယ်ရှားတော့မယ်။ ဘယ်လိုနည်းနဲ့လည်း။ လူအားလုံးကို ငြိမ်းချမ်းသာယာတဲ့ မေရှိယနိုင်ငံတော်အစိုးရ လက်အောက် ရောက်စေခြင်းအားဖြင့် ဖြစ်တယ်။—ဒံယေလ ၂:၄၄၊ ၄၅။
ဘုရားနိုင်ငံတော်အစိုးရအောက်မှာ ကမ္ဘာတစ်ဝန်း ငြိမ်သက်ခြင်း အမြဲရှိလိမ့်မယ်။ ဘာကြောင့်သေချာသိနိုင်သလဲ။ ဟေရှာယ ၁၁:၉ က ဒီလိုဆိုထားတယ်– “ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ [နိုင်ငံတော်မှာ နေထိုင်သူများ] အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” နောက်ဆုံးတော့၊ မြေကြီးပေါ်နေထိုင်သူအားလုံး ဘုရားကို သိကျွမ်းပြီး စကားနားထောင်ကြလိမ့်မယ်။ ဒီလိုဖြစ်လာမှာကို သဘောကျသလား။ သဘောကျတယ်ဆိုရင် “ယေဟောဝါကိုသိကျွမ်းတဲ့ပညာ” ကို ချက်ချင်း စဆည်းပူးပါ။
ဒီနေ့ခေတ်နဲ့ပတ်သက်ပြီး ကျမ်းစာပြောထားတာတွေ၊ သာယာချမ်းမြေ့တဲ့ အနာဂတ်ကတိအကြောင်း လေ့လာရာကနေ ဘုရားကို ယုံကြည်လာပြီး အသက်ပေးတဲ့ အသိပညာကို ရပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေ အခမဲ့ ကျမ်းစာသင်ပေးတာကို လက်ခံဖို့ တိုက်တွန်းပါတယ်။ ဒီလိုနဲ့၊ ဆင်းရဲဒုက္ခများတဲ့ ဒီလောကမှာ စိုးရိမ်ကြောက်ရွံ့တာတွေ လျော့နည်းပြီး စစ်မှန်တဲ့ မျှော်လင့်ချက် ရှိနိုင်ပါမယ်။
(ဟေရှာယ ၉:၇) ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
ကတိတော်ဆိုင်ရာ ငြိမ်သက်ခြင်းမင်းသား
၂၈ ဘုရားသခင်သတ်မှတ်ချိန်တွင် ခရစ်တော်သည် ကမ္ဘာပေါ်တွင် ငြိမ်သက်ခြင်းကို တည်ရှိစေမည်၊ ယင်းသည် ကမ္ဘာချီဖြစ်မည်ဖြစ်ပြီး မြဲမြံစွာတည်ရှိ၊ ထာဝရတည်ရှိမည်။ (တမန်တော် ၁:၇) “ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။” (ဟေရှာယ ၉:၇က) ငြိမ်သက်ခြင်းမင်းသားအဖြစ် ကိုယ်တော်၏ အခွင့်အာဏာကိုကျင့်သုံးရာတွင် ယေရှုသည် နိုင်ထက်စီးနင်းအုပ်ချုပ်မှု နည်းလမ်းများကို အသုံးပြုမည်မဟုတ်ပါ။ ကိုယ်တော်သည် မိမိအားလက်အောက်ခံသူများ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ရုပ်သိမ်းပစ်မည်မဟုတ်၊ အတင်းအကျပ် လက်အောက်ခံစေမည်လည်း မဟုတ်ပါ။ ယင်းအစား ကိုယ်တော်ဆောင်ရွက်မည့်အရာအားလုံးသည် “တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်” ခြင်းအားဖြင့်ဖြစ်မည်။ အားတက်စေသော အပြောင်းအလဲတစ်ခုပင်!
၂၉ ယေရှု၏ပရောဖက်ပြုချက်ဆိုင်ရာ ဘွဲ့အမည်များ၏ အံ့ဖွယ်အဓိပ္ပာယ်ဆောင်မှုများကြောင့် ဟေရှာယ၏ပရောဖက်ပြုချက် ဤအပိုင်း၏ နိဂုံးစကားသည် အမှန်ပင်စိတ်တက်ကြွဖွယ်ဖြစ်သည်။ သူဤသို့ရေးထား၏– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော် [“ဇွဲ၊” ကဘ] အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။” (ဟေရှာယ ၉:၇ခ) မှန်ပါသည်၊ ယေဟောဝါသည် ဇွဲဖြင့် လုပ်ဆောင်တော်မူ၏။ ကိုယ်တော်သည် စိတ်မပါ့တပါနှင့် မည်သည့်အရာကိုမျှ မပြုလုပ်ပါ။ ကိုယ်တော်ကတိပြုထားသည့် မည်သည့်အရာကိုမဆို လုံးဝပြည့်စုံစေတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ သို့ဖြစ်၍ မည်သူမဆို ထာဝရငြိမ်သက်ခြင်းကို ပိုင်ဆိုင်လိုပါက နှလုံးအကြွင်းမဲ့ ယေဟောဝါအမှုဆောင်ပါလေ။ ယေဟောဝါဘုရားသခင်နှင့် ငြိမ်သက်ခြင်းမင်းသားယေရှုကဲ့သို့ ဘုရားသခင့်ကျေးကျွန်အားလုံးသည် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး” နိုင်ကြပါစေ။—တိတု ၂:၁၄။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၇:၃၊ ၄) ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူသွား၍ ခဝါသည်၏ လယ်နားမှာ လျှောက်သောလမ်း အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကိုကြိုဆို၍ တွေ့လျှင် ဆင့်ဆိုရမည်မှာ၊ ၄ သတိပြု၍ငြိမ်သက်စွာနေလော့။ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်းဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၇:၃၊ ၄—မင်းဆိုးအာခတ်ကို ယေဟောဝါ အဘယ်ကြောင့်ကယ်တင်ခဲ့သနည်း။ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့သည် ယုဒရှင်ဘုရင်အာခတ်ကို နန်းချပြီး သူ့နေရာတွင် ဒါဝိဒ်မျိုးနွယ်မဟုတ်သော တဗာလ၏သားကို နန်းတင်ရန် ကြံစည်ထားကြသည်။ ယင်းသည် စာတန်၏အကြံအစည်ဖြစ်ပြီး ဒါဝိဒ်နှင့်ဖွဲ့သော ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ကို ပျက်ပြားစေနိုင်သည်။ ကတိထားရာ “ငြိမ်သက်ခြင်းအရှင်” ပေါ်ထွက်လာမည့် ဆွေစဉ်မျိုးဆက်ကို ထိန်းသိမ်းရန် ယေဟောဝါသည် အာခတ်ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။—ဟေရှာယ ၉:၆။
(ဟေရှာယ ၈:၁–၄) တစ်ဖန်ထာဝရဘုရားက ‘သင်သည် ကြီးသောကျောက်သင်ပုန်းကို ယူပြီးလျှင် အသော့လုယက် မြန်မြန်ဖျက်လော့ဟုဆိုလိုသော မဟေရရှာလ လဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့်ရေးထားလော့’ ဟု ငါ့အားမိန့်တော်မူ၏။ ၂ ထိုအခါ သက်သေခံစေခြင်းအလိုငှာ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။ ၃ ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကိုချဉ်းသဖြင့် သူသည်ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း ထိုသားကို မဟေရရှာလ လဟာရှဗတ်ဟူသောအမည်ဖြင့် မှည့်လော့။ ၄ အကြောင်းမူကား ထိုသူငယ်သည် အမိ အဘဟု မခေါ်တတ်မီ ဒမာသက်မြို့၏စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အဆီးရီးယားရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။
it–1–E ၁၂၁၉
ဟေရှာယ
ယုဒပြည်မှာ ပရောဖက်ဟေရှာယ အမှုထမ်းချိန်အတွင်း အထူးသဖြင့် အာဟပ်မင်းလက်ထက်မှာ ကိုယ်ကျင့်တရား နိမ့်ကျနေကြတယ်။ မင်းညီမင်းသားနဲ့ လူတွေဟာ ဘုရားကိုပုန်ကန်သူတွေဖြစ်ကြပြီး လူမျိုးတစ်မျိုးလုံးရဲ့ နှလုံးနဲ့ဦးခေါင်းဟာ ယေဟောဝါအမြင်မှာ အနာရှိနေတယ်။ အစိုးရတဲ့မင်းတွေကို ‘သောဒုံမြို့ရဲ့အာဏာရှင်၊’ ပြည်သားတွေကို “ဂေါမောရမြို့သား” တွေလို့ခေါ်ကြတယ်။ (ဟေရှာ. ၁:၂-၁၀) သူတို့ နားထိုင်းလိမ့်မယ်လို့ ဟေရှာယကို ကြိုအသိပေးထားတယ်။ ယေဟောဝါက လူမျိုးတစ်မျိုးလုံး ပျက်စီးတဲ့အထိ အဲဒီအခြေအနေ ရှိနေမယ်လို့ ပြောတယ်။ ပြီးတော့ အပင်ကြီးတစ်ပင်ရဲ့ အငုတ်လို “ဆယ်ဖို့တွင်တစ်ဖို့၊” “သန့်ရှင်းသောအနွယ်” သာ ကျန်မယ်လို့ဆိုတယ်။ ဟေရှာယရဲ့ ကြိုဟောချက်ကို လူအများနားမထောင်ချင်ကြပေမဲ့ လူနည်းစုကတော့ နှစ်သိမ့်မှုရပြီး ယုကြည်ခြင်း အားတက်စရာ ဖြစ်ခဲ့မှာပဲ။—ဟေရှာ. ၆:၁-၁၃။
ဟေရှာယဟာ ယုဒပြည်ကို အဓိကအာရုံစိုက်ပေမဲ့ ယုဒရဲ့အခြေအနေ၊ သမိုင်းကြောင်းနဲ့ ဆက်စပ်နေတဲ့ အစ္စရေးနိုင်ငံရယ်၊ ပတ်ဝန်းကျင်က လူမျိုးတွေအကြောင်းလည်း ကြိုဟောခဲ့တယ်။ ဟေရှာယဟာ သြဇိမင်းသေဆုံးတဲ့ ဘီစီ ၇၇၈ ခုနှစ် ဒါမှမဟုတ် အဲဒီအချိန်မတိုင်ခင်က ပရောဖက်အရာကို ခံယူပြီး ဟေဇကိမင်းနန်းစံ ၁၄ နှစ် (ဘီစီ ၇၃၂) ကုန်တဲ့အထိ အမှုထမ်းခဲ့ပုံရတယ်။—ဟေရှာ. ၃၆:၁၊ ၂။ ၃၇:၃၇၊ ၃၈။
ဟေရှာယရဲ့ မိသားစု။ ဟေရှာယမှာ အိမ်ထောင်ရှိတယ်။ သူ့ဇနီးကို ‘ပရောဖက်မ’ လို့ခေါ်ကြတာ ပရောဖက်ရဲ့ဇနီးမက ဖြစ်ပုံရတယ်။ (ဟေရှာ. ၈:၃) သူလည်း တရားသူကြီးတွေခေတ်က ဒေဗောရ၊ ယောရှိမင်းလက်ထက်က ဟုလဒတို့လို ယေဟောဝါဆီကနေ ပရောဖက်တာဝန် ရထားပုံရှိတယ်။—သူကြီး. ၄:၄။ ၄ ရာ. ၂၂:၁၄။
“ဣသရေလအမျိုး၌ ပုဗ္ဗနိမိတ်နှင့် အံ့ဖွယ်သောအရာ” ဖြစ်စေဖို့ သားနှစ်ယောက် ပေးထားတယ်ဆိုပြီး ကျမ်းစာဆိုတယ်။ (ဟေရှာ. ၈:၁၈) အာခတ်မင်းလက်ထက်မှာ ဟေရှာယက ဘုရင်ကို သတင်းပါးတဲ့အခါ သားဖြစ်သူ ရှာယာရှုပ်ဟာ ဖခင်နဲ့အတူ လိုက်သွားနိုင်တဲ့အရွယ် ရှိနေပြီ။ ရှာယာရှုပ်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်က “ကျန်ကြွင်းသူတွေပဲ ပြန်လာမယ်” ဖြစ်တယ်။ ဒီနာမည်က ကြိုဟောချက်ဖြစ်တယ်။ ဟေရှာယရဲ့သားကို အဲဒီနာမည်ပေးထားတဲ့အတိုင်း ယုဒနိုင်ငံဟာ ပျက်စီးသွားပြီး ပြည်နှင်ခံရပြီးနောက် အကြွင်းအကျန်သာ နေရင်းပြည်ကို ပြန်လာမှာဖြစ်တယ်။ (ဟေရှာ. ၇:၃။ ၁၀:၂၀-၂၃) အကြွင်းအကျန်တွေ ဘီစီ ၅၃၇ မှာ ပြန်လာခဲ့တယ်။ အဲဒီနှစ်ဟာ ပြည်နှင်ခံရတဲ့ အနှစ် ၇၀ ပြည့်တဲ့နှစ်ဖြစ်ပြီး ပါးရှားဘုရင်ဆိုင်းရပ်က သူတို့ကို ဗာဗုလုန်လက်အောက်ကနေ လွတ်မြောက်ပြီလို့ အမိန့်ထုတ်ပြန်လိုက်တယ်။—၂ ရာ. ၃၆:၂၂၊ ၂၃။ ဧဇ. ၁:၁။ ၂:၁၊ ၂။
ဟေရှာယရဲ့ သားငယ်ကိုတော့ ကိုယ်ဝန်မရခင် နာမည်ပေးတယ်။ အဲဒီ နာမည်ကို စိတ်ချရတဲ့ သက်သေတွေရှေ့မှာ သင်ပုန်းပေါ် ရေးခဲ့တယ်။ သားမွေးပြီးတဲ့အထိ ဒီအကြောင်းကို လျှို့ဝှက်ထားပုံရှိတယ်။ သားမွေးပြီးမှသာ သက်သေတွေက ဒီကိစ္စဟာ ကြိုဟောချက်ဖြစ်မှန်း ထွက်ဆိုတယ်။ ဘုရားပေးတဲ့ ကလေးနာမည်က မဟေရရှာလ လဟာရှဗတ်ဖြစ်တယ်။ အဓိပ္ပာယ်ကတော့ “အသော့လုယက် မြန်မြန်ဖျက်လော့” ဖြစ်တယ်။ ဒီသားဟာ “အမိ၊ အဘ” လို့မခေါ်တတ်ခင် ဆီးရီးယားနိုင်ငံနဲ့ အစ္စရေးဆယ်နွယ်နိုင်ငံရဲ့ သင်းဖွဲ့မှု ပျက်သွားတဲ့အတွက် ယုဒနိုင်ငံမှာ စိုးရိမ်စရာ မရှိတော့ဘူးတဲ့။—ဟေရှာ. ၈:၁-၄။
ဒီကြိုဟောချက်အရ ယုဒနိုင်ငံ လွတ်မြောက်တော့မှာဖြစ်တယ်။ အဲဒါက ဆီးရီးယားဘုရင် ရေဇိန်နဲ့ အစ္စရေးဘုရင် ပေကာတို့ စစ်ချီလာတဲ့အခါ အဆီးရီးယားဘုရင် ကယ်လိုက်တဲ့အချိန်မှာ ဖြစ်တယ်။ အဆီးရီးယားတွေက ဒမတ်စကတ်မြို့ကို သိမ်းပိုက်လိုက်ပြီး ဘီစီ ၇၄၀ မှာ အစ္စရေးနိုင်ငံကို လုံးလုံးဖျက်ဆီးလိုက်တဲ့အခါ ကလေးနာမည်ရဲ့ အဓိပ္ပာယ်အတိုင်း ဖြစ်ပျက်လာတယ်။ (၄ ရာ. ၁၆:၅-၉။ ၁၇:၁-၆) အာခတ်မင်းဟာ ယေဟောဝါကို အားကိုးမယ့်အစား ဆီးရီးယားနဲ့ အစ္စရေးတို့ ပူးပေါင်းခြိမ်းခြောက်တာကို မခံရဖို့ အဆီးရီးယားဘုရင်ကို အကူအညီ တောင်းခဲ့တယ်။ ဒါကြောင့် ယေဟောဝါက ဟေရှာယကို သတိပေးခိုင်းတဲ့အတိုင်းပဲ အဆီးရီးယားတွေ ဂျေရုဆလင်မြို့အထိ ရောက်လာပြီး ယုဒနိုင်ငံကို ခြိမ်းခြောက်ခဲ့တယ်။—ဟေရှာ. ၇:၁၇-၂၀။
ယေဟောဝါပြမယ့် “နိမိတ်တွေ” အကြောင်း ဟေရှာယ အကြိမ်ကြိမ်ပြောခဲ့တယ်။ အဲဒီထဲမှာ သူ့သားနှစ်ယောက်နဲ့ သူကိုယ်တိုင်ပါ ပါတယ်။ ယေဟောဝါက ဟေရှာယကို အီဂျစ်နဲ့ အီသီယိုးပီးယားအတွက် နိမိတ်အနေနဲ့ သုံးနှစ်ပတ်လုံး အဝတ်မပါ ခြေဗလာနဲ့ သွားလာခိုင်းတာက သူတို့ကို အဆီးရီးယားဘုရင်က သုံ့ပန်းတွေဖြစ်စေမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။—ဟေရှာ.၂၀:၁-၆ ကို ဟေရှာ. ၇:၁၁၊ ၁၄။ ၁၉:၂၀။ ၃၇:၃၀။ ၃၈:၇၊ ၂၂။ ၅၅:၁၃။ ၆၆:၁၉ နဲ့နှိုင်းယှဉ်ပါ။
ပြည်နှင်ခံရတာ၊ ပြန်လည်တည်ထောင်တာနဲ့ဆိုင်တဲ့ ကြိုဟောချက်များ။ ယုဒပြည်ဘုရင်တွေကို နန်းချပြီး ဂျေရုဆလင်မြို့ကို ဖျက်ဆီးမယ့်လူမျိုးက အဆီးရီးယားနိုင်ငံမဟုတ်ဘဲ ဗာဗုလုန်နိုင်ငံဖြစ်လိမ့်မယ်လို့ ဟေရှာယ ကြိုဟောခွင့်ရခဲ့တယ်။ (ဟေရှာ. ၃၉:၆၊ ၇) ယုဒပြည်ကို အဆီးရီးယားတွေ “လည်ပင်းတိုင်အောင်” ချင်းနင်းလွှမ်းမိုးခဲ့ချိန်မှာ မြို့ထဲဝင်လာနိုင်မှာမဟုတ်ဘူးလို့ ဟေဇကိမင်းကို ဟေရှာယ နှစ်သိမ့်ပေးခဲ့တယ်။ (ဟေရှာ. ၈:၇၊ ၈) ယေဟောဝါရဲ့စကားအတိုင်း ကောင်းကင်တမန်တစ်ပါးလာပြီး ခွန်အားကြီးတဲ့ အဆီးရီးယားတပ်သား ၁၈၅,၀၀၀ ကို ဖျက်ဆီးပြီး ဂျေရုဆလင်မြို့ကို ကယ်လွတ်ခဲ့တယ်။—၆ ရာ. ၃၂:၂၁။
ယေဟောဝါက ဟေရှာယကို သူမြတ်နိုးတဲ့ ဂျေရုဆလင်မြို့ ပြန်လည်တည်ထောင်မယ့်အကြောင်း ကြိုဟောခွင့်၊ ရေးသားခွင့်ပေးလို့ သူ တကယ် ပျော်ရွှင်ခဲ့မှာပဲ။ ယေဟောဝါကို ဂျူးတွေ ပုန်ကန်ခဲ့ကြလို့ ကိုယ်တော်က သူတို့ကို ဗာဗုလုန်ဆီ ပြည်နှင်ခဲ့ပေမဲ့ အဲဒီနိုင်ငံဟာ ဘုရားလူမျိုးကို အငြိုးထားပြီး သုံ့ပန်းဘဝကနေ မလွှတ်ချင်တဲ့အတွက် သူ့ကို အရေးယူမှာဖြစ်တယ်။ ဟေရှာယ ကြိုဟောတာတွေထဲမှာ ဗာဗုလုန်ကို ယေဟောဝါတရားစီရင်ပြီး အကုန်အစင်ဖျက်ဆီးလို့ ပြန်မတည်ဆောက်နိုင်တော့တဲ့အကြောင်းတွေ ပါတယ်။—ဟေရှာ. ၄၅:၁၊ ၂။ အခန်းကြီး ၁၃၊ ၁၄၊ ၄၆-၄၈။
အခက်အခဲရင်ဆိုင်ကြုံတွေ့ရချိန်တွင် ယေဟောဝါအား ယုံကြည်ကိုးစားပါ
တိကျသောတင်ကူးဟောချက်များ
၂၃ ဟေရှာယသည် ယခု လက်ရှိအခြေအနေသို့ ပြန်လှည့်လိုက်သည်။ ယေရုရှလင်သည် ရှုရိ-ဣသရေလပူးတွဲအဖွဲ့၏ ဝိုင်းရံပိတ်ဆို့ခံနေရဆဲဖြစ်၍ ဟေရှာယဤသို့ဆို၏– “တစ်ဖန် ထာဝရဘုရားက ‘သင်သည် ကြီးသောကျောက်သင်ပုန်းကိုယူပြီးလျှင် . . . “မဟေရရှာလ လဟာရှဗတ်” ဟူသောအက္ခရာစာလုံးကို လူဘာသာအားဖြင့်ရေးထားလော့ဟု ငါ့အားမိန့်တော်မူ၏။ ထိုအခါ သက်သေခံစေခြင်းအလိုငှာ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။’” (ဟေရှာယ ၈:၁၊ ၂) မဟေရရှာလ လဟာရှဗတ်ဟူသောအမည်၏ အဓိပ္ပာယ်မှာ “အသော့လုယက် မြန်မြန်ဖျက်လော့” ဖြစ်သည်။ ဟေရှာယသည် ဤနာမည်ကို သင်ပုန်းကြီးပေါ်ရေးရာ၌ အသိသက်သေအဖြစ် အသရေရှိသူနှစ်ဦးကို ခေါ်ထားသည်၊ သို့ဖြင့် သူတို့သည် နောက်ပိုင်းတွင် ရေးသားထားချက်မှန်ကန်ကြောင်း အတည်ပြုနိုင်မည်။ သို့သော် ဤပုဗ္ဗနိမိတ်ကို ဒုတိယပုဗ္ဗနိမိတ်အားဖြင့် အတည်ပြုရန်ဖြစ်သည်။
၂၄ ဟေရှာယဤသို့ဆို၏– “ထိုနောက် ငါသည် ပရောဖက် [မ] ထံချဉ်းသဖြင့် သူသည် ပဋိသန္ဓေရရှိ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း ‘ထိုသားကို မဟေရရှာလ လဟာရှဗက်ဟူသောအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား ထိုသူငယ်သည် “အမိ၊ အဘ” ဟုမခေါ်တတ်မီ၊ ဒမာသက်မြို့၏စည်းစိမ် ရှမာရိမြို့ရှိလက်ရဥစ္စာကို အဆီးရီးယားဘုရင်သည် သိမ်းသွားလိမ့်မည်’ ဟုမိန့်တော်မူ၏။” (ဟေရှာယ ၈:၃၊ ၄၊ သမ္မာ) မကြာမီ အဆီးရီးယားသည် ယုဒပြည်ကိုဖိနှိပ်သော ရှုရိနှင့် ဣသရေလကို လုယူတိုက်ခိုက်မည်ဖြစ်ကြောင်း သင်ပုန်းကြီးနှင့် မွေးကင်းစကလေးတို့က နိမိတ်လက္ခဏာများဖြစ်ကြမည်။ မည်မျှနီးနေပြီနည်း။ ကလေးအများစု ပထမဆုံးသင်ယူရရှိသောစကားလုံး “အဘ၊” “အမိ” ဟု သူငယ်မပြောတတ်မီတွင် ဖြစ်သည်။ ထိုကဲ့သို့တိကျသည့်ကြိုဟောချက်က ဘုရားသခင်အပေါ် လူများ ယုံကြည်စိတ်ချမှုရှိလာစေသင့်သည်။ သို့မဟုတ် ယင်းကြောင့် ဟေရှာယနှင့် သူ၏သားများသည် အချို့သူများ၏ ပြောင်လှောင်ခြင်းခံရနိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ ဟေရှာယ၏ပရောဖက်ပြုချက်စကားများ ပြည့်စုံလာသည်။—၄ ဓမ္မရာဇဝင် ၁၇:၁-၆။
ဒီဇင်ဘာ ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁၁-၁၆
“မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်”
(ဟေရှာယ ၁၁:၃–၅) ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ ၄ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပါဌ်တော်လှံတံနှင့်ဒဏ်ခတ်၍ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ ၅ တရားနှင့်သစ္စာသည် သူ၏ခါးပန်းခါးစည်းဖြစ်လိမ့်မည်။
မေရှိယ၏အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
ဖြောင့်မတ်ပြီး ကရုဏာပြည့်ဝသောတရားသူကြီး
၉ ဟေရှာယက မေရှိယ၏ ဂုဏ်ရည်လက္ခဏာများအကြောင်း ဤသို့ကြို၍ထပ်ပြော၏– “မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်။” (ဟေရှာယ ၁၁:၃ ခ) သင်သည် တရားရုံးတွင် တရားဆိုင်နေရပါက ထိုကဲ့သို့သောတရားသူကြီးကို သင်လေးမြတ်မည်မဟုတ်လော။ လူသားအားလုံး၏ တရားသူကြီးအဖြစ်အနေတွင် မေရှိယသည် မှားယွင်းသောလျှောက်လဲချက်များ၊ ပါးနပ်သော တရားရုံးတွင်းအကွက်ဆင်မှုများ၊ ကောလာဟလများ သို့မဟုတ် စည်းစိမ်ဥစ္စာကဲ့သို့သော အပေါ်ယံအချက်အလက်များကြောင့် စီရင်ချက်တိမ်းစောင်းသွားမည်မဟုတ်ပါ။ ကိုယ်တော်သည် ကလိမ်ကျမှုကို ထုတ်ချင်းပေါက်မြင်တော်မူပြီး မနှစ်မြို့ဖွယ်အပြင်ပန်းအသွင်အပြင်ထက် ကျော်၍ကြည့်မြင်တော်မူကာ “စိတ်နှလုံး၏အတွင်းလူ၊” “ပုန်းကွယ်နေသောသူ” ကိုထိုးထွင်းသိမြင်တော်မူ၏။ (၁ ပေတရု ၃:၄၊ ကဘ၊ အောက်ခြေမှတ်ချက်) ယေရှု၏အကောင်းဆုံးပုံသက်သေသည် ခရစ်ယာန်အသင်းတော်၌ တရားစီရင်ရန် တာဝန်ရထားသူအားလုံးအတွက် စံနမူနာဖြစ်သည်။—၁ ကောရိန္သု ၆:၁-၄။
၁၀ မေရှိယ၏အမြင့်ဆုံးအရည်အသွေးများသည် တရားရေးရာဆုံးဖြတ်ချက်များအပေါ် မည်သို့သြဇာညောင်းမည်နည်း။ ဟေရှာယဤသို့ရှင်းပြ၏– “ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပါဌ်တော်လှံတံနှင့်ဒဏ်ခတ်၍ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ တရားနှင့်သစ္စာသည် သူ၏ခါးပန်းခါးစည်းဖြစ်လိမ့်မည်။”—ဟေရှာယ ၁၁:၄၊ ၅။
၁၁ ကိုယ်တော်၏နောက်လိုက်များကို အမှားပြင်ပေးရန် လိုအပ်သည့်အခါ ယေရှုသည် သူတို့အတွက် အကျိုးအရှိဆုံးနည်းဖြင့် ဆောင်ရွက်သည်—ခရစ်ယာန်အကြီးအကဲများအတွက် အလွန်ကောင်းသော ပုံသက်သေဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဆိုးသွမ်းမှုကို အကျင့်ပါပြုကျင့်သူတို့သည် ပြင်းပြင်းထန်ထန် စီရင်ခံရဖို့ရှိသည်။ ဘုရားသခင်သည် ဤအစီအစဉ်စနစ်ကို တရားစီရင်သည့်အခါ မေရှိယသည် လူဆိုးအားလုံးကိုဖျက်ဆီးခြင်းဆိုင်ရာ တရားစီရင်ချက်ကိုဖော်ထုတ်သည့် အာဏာသံဖြင့် “မြေကြီးကို . . . ဒဏ်ခတ်” တော်မူမည်။ (ဆာလံ ၂:၉; ဗျာဒိတ် ၁၉:၁၅ နှိုင်းယှဉ်။) နောက်ဆုံးတွင် လူသားတို့၏ငြိမ်သက်မှုကို အနှောင့်အယှက်ပြုမည့် လူဆိုးများရှိတော့မည်မဟုတ်ပါ။ (ဆာလံ ၃၇:၁၀၊ ၁၁) ဖြောင့်မတ်ခြင်းနှင့် သစ္စာတည်ကြည်ခြင်းကို ခါးပန်းနှင့်ခါးစည်းအဖြစ် စည်းထားသောယေရှုတွင် ယင်းကိုဆောင်ရွက်နိုင်သည့် အာဏာရှိသည်။—ဆာလံ ၄၅:၃-၇။
(ဟေရှာယ ၁၁:၆–၈) တောခွေးသည် သိုးသငယ်နှင့် အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ ၇ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ ၈ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။
အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု
၈ လူသားတွေက တိရစ္ဆာန်အားလုံးကို အုပ်စိုးပြီး သူတို့နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ လူများစွာဟာ သူတို့အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်ကြတယ်။ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကျတော့ကော။ “တောရိုင်းတိရစ္ဆာန်တွေအကြောင်း အနီးကပ်လေ့လာတဲ့ ပညာရှင်တွေက နို့တိုက်သတ္တဝါတွေမှာ စိတ်ခံစားချက်ရှိတယ်ဆိုတာ လေ့လာသိရှိခဲ့ကြတယ်” လို့ သတင်းတစ်ပုဒ်က ပြောတယ်။ တိရစ္ဆာန်တွေက ခြိမ်းခြောက်ခံရတယ်ဆိုရင် ဒေါသထွက်ပြီး ကြောက်စရာကောင်းပေမဲ့ သူတို့မှာလည်း ချစ်ခင်တတ်တဲ့ ခံစားချက်ရှိတယ်။ အဲဒီသတင်းက ဒီလိုဆက်ပြောတယ်– “နို့တိုက်သတ္တဝါတွေဟာ သူတို့ရဲ့သားငယ်တွေကို ကြင်ကြင်နာနာ မွေးမြူစောင့်ရှောက်ကြတယ်။”
၉ လူနဲ့တိရစ္ဆာန်ကြားမှာ သင့်မြတ်ငြိမ်သက်မှုရှိလိမ့်မယ်လို့ ကျမ်းစာမှာဖတ်ရတာကို ကျွန်ုပ်တို့ မအံ့သြသင့်ဘူး။ (ဟေရှာယ ၁၁:၆–၉; ၆၅:၂၅ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ ရေလွှမ်းမိုးဘေးပြီးနောက် နောဧနဲ့သူ့မိသားစု သင်္ဘောထဲက ထွက်လာတဲ့အချိန်ကို ပြန်သတိရပါ၊ “မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာလှုပ်ရှားတတ်သမျှနှင့် ပင်လယ်ငါးအပေါင်းတို့သည် သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော ရှိရကြလိမ့်မည်” လို့ ယေဟောဝါ သူတို့ကို ပြောခဲ့တယ်။ ဒါကြောင့် တိရစ္ဆာန်တွေက အသက်ဘေးကနေလွတ်ဖို့ လူသားတွေနဲ့ ဝေးဝေးမှာနေကြတယ်။ (က. ၉:၂၊ ၃) ဒါပေမဲ့ ယေဟောဝါက လူသားတွေနဲ့တိရစ္ဆာန်တွေရဲ့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မိမိရဲ့မူလရည်ရွယ်ချက်ပြည့်စုံဖို့ တိရစ္ဆာန်တွေရဲ့ ကြောက်ရွံ့တုန်လှုပ်တဲ့သဘောကို ဖယ်ရှားပေးနိုင်ပါတယ်။ (ဟော. ၂:၁၈) ကမ္ဘာပေါ်မှာအသက်ရှင်ဖို့ ကပ်ကျော်လွတ်မြောက်သူတွေအတွက် တကယ်ပျော်ရွှင်ကြည်နူးဖွယ်အချိန် စောင့်ကြိုနေပါတယ်။
(ဟေရှာယ ၁၁:၉) ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ
၉ ကမ္ဘာသစ်မှာ ပုံဆောင်ပရဒိသုရဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ အပြည့်အဝ ခံစားရပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့ ပကတိပရဒိသုမှာလည်း အသက်ရှင်ကြရမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပုံသွင်းပေးပြီး သွန်သင်ပေးပါလိမ့်မယ်။ ဘယ်လောက်အတိုင်းအတာနဲ့ သွန်သင်ပေးမယ်ဆိုတာ အခုအချိန်မှာ စဉ်းစားဖို့ ဉာဏ်မမီနိုင်ဘူး။ (ဟေရှာ. ၁၁:၉) ကိုယ်ရောစိတ်ပါ ပြည့်ဝစုံလင်လာအောင် ယေဟောဝါ ပြုလုပ်ပေးလိမ့်မယ်။ အဲဒီအခါ ဘုရားသခင့် ညွှန်ကြားချက်တွေကို နားလည်ဖို့၊ အပြည့်အဝနာခံဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါရဲ့ ပုံသွင်းမှုကို ဆက်ပြီးလက်ခံကြပါစို့။ ကျွန်တော်တို့ကို ပုံသွင်းခြင်းအားဖြင့် ယေဟောဝါ မေတ္တာပြနေတာကို တန်ဖိုးထားကြောင်း ဖော်ပြကြပါစို့။—သု. ၃:၁၁၊ ၁၂။
တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
တစ်ဖက်သတ်အစွဲတွေကို ဘုရားသခင့်နိုင်ငံတော် ဖယ်ရှား
တစ်ဖက်သတ်အစွဲတွေကို ထိန်းချုပ်ဖယ်ရှားဖို့ ကျမ်းစာအသိပညာက အထောက်အကူပေးနိုင်ပေမဲ့ အဲဒီအစွဲတွေကို အပြီးအပိုင် မဖယ်ရှားခင် ကိုင်တွယ်ဖြေရှင်းရမယ့် အကြောင်းရင်းနှစ်ခု ရှိပါတယ်။ ပထမအကြောင်းရင်းက အပြစ်နဲ့ လူ့မစုံလင်မှုဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်– “မပြစ်မှားတတ်သောလူ တစ်ယောက်မျှမရှိ။” (၃ ဓမ္မရာဇဝင် ၈:၄၆) ဒါကြောင့် ကျွန်ုပ်တို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ တမန်တော်ပေါလုလိုပဲ ကျွန်ုပ်တို့လည်း အတွင်းစိတ်သဘောကို တွန်းလှန်နေရပါတယ်။ ပေါလုက ဒီလိုပြောခဲ့တယ်– “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။” (ရောမ ၇:၂၁) ကျွန်ုပ်တို့ရဲ့ မစုံလင်တဲ့နှလုံးဟာ မကြာခဏဆိုသလို ‘မကောင်းကြံစည်’ တတ်ကြပြီး အဲဒါက မုန်းတီးမှုကို ဖြစ်စေနိုင်ပါတယ်။—မာကု ၇:၂၁။
ဒုတိယအကြောင်းရင်းက စာတန်မာရ်နတ်ရဲ့ သြဇာလွှမ်းမိုးမှု ရှိနေလို့ဖြစ်တယ်။ သမ္မာကျမ်းစာမှာ သူ့ကို “လူ့အသက်ကို သတ်သောသူ၊” “မြေတစ်ပြင်လုံးကို လှည့်စား” သူလို့ ဖော်ပြထားတယ်။ (ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၉) အဲဒါက တစ်ဖက်သတ်အစွဲ ပျံ့နှံ့နေရတဲ့ အကြောင်းရင်းနဲ့ တစ်ယူသန်မှု၊ ခွဲခြားဆက်ဆံမှု၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ မုန်းတီးမှုတွေကို လူသားတွေ ဖယ်ရှားဖို့ မဖြစ်နိုင်ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပေးပါတယ်။
ဒါကြောင့် တစ်ဖက်သတ်အစွဲကို အပြီးအပိုင် မဖယ်ရှားခင် အပြစ်၊ မစုံလင်မှုနဲ့ စာတန့်သြဇာလွှမ်းမိုးမှုကို အရင် ဖယ်ရှားရမှာဖြစ်တယ်။ ဒီကိစ္စကို ဘုရားသခင့်နိုင်ငံတော်က ဆောင်ရွက်လိမ့်မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။
ဘုရားသခင်ဆီ ဒီလိုဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှုခရစ် သင်ပေးခဲ့တယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) သဘောထားသေးမှုနဲ့ တစ်ဖက်သတ်အစွဲ အမျိုးမျိုးတို့အပြင် မတရားမှုမှန်သမျှကို ဖယ်ရှားပေးနိုင်တဲ့အရာက ဘုရားသခင့်နိုင်ငံတော်ပဲဖြစ်တယ်။
ဘုရားသခင့်နိုင်ငံတော် ရောက်လာပြီး ကမ္ဘာ့အရေးကိစ္စတွေကို ကိုင်တွယ်တဲ့အခါ စာတန်ကို “ချည်နှောင်” ထားမှာဖြစ်တယ်။ ဒါမှသာ သူဟာ “လူမျိုးတို့ကို နောက်တစ်ဖန် မလှည့်ဖြားနိုင်” မှာဖြစ်တယ်။ (ဗျာဒိတ် ၂၀:၂၊ ၃) အဲဒီနောက် “မြေကြီးသစ်” ဖြစ်တဲ့ လူ့အဖွဲ့အစည်းအသစ်မှာ “ဖြောင့်မတ်ခြင်း” လွှမ်းမိုးသွားပါလိမ့်မယ်။—၂ ပေတရု ၃:၁၃။
ဖြောင့်မတ်တဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့သူတွေဟာ အပြစ်ကနေ ကင်းလွတ်ပြီး စုံလင်လာကြပါလိမ့်မယ်။ (ရောမ ၈:၂၁) ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံ ပြည်သားတွေအနေနဲ့ သူတို့ဟာ “အဆိုးကိုမပြု၊ ဖျက်ဆီးခြင်းကိုလည်း ပြုကြ” မှာမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ။ ကမ္ဘာတစ်ခုလုံးမှာ “ထာဝရဘုရားကို သိကျွမ်းခြင်းပညာ” ပျံ့နှံ့သွားမှာ ဖြစ်လို့ပါပဲ။ (ဟေရှာယ ၁၁:၉၊ သမ္မာ) အဲဒီအချိန်ရောက်တဲ့အခါ လူသားအားလုံးဟာ ယေဟောဝါဘုရားသခင်ရဲ့ နည်းလမ်းတော်တွေကို သင်ယူပြီး ကိုယ်တော်ရဲ့ အရည်အသွေးတွေကို တုပကြမှာဖြစ်တယ်။ အဲဒီလိုနည်းနဲ့ တစ်ဖက်သတ်အစွဲတွေ ပပျောက်သွားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က “မျက်နှာလိုက်တော်မူခြင်းမရှိ” လို့ပါပဲ။—ရောမ ၂:၁၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၁၁:၁) ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။
(ဟေရှာယ ၁၁:၁၀) ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍ လူများအဖို့ထူသော အလံဖြစ်လိမ့်မည်။ ထိုအလံ၌ တစ်ပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၁၁:၁၊ ၁၀—ယေရှုခရစ်သည် “ယေရှဲအမျိုးအငုတ်” နှင့် “ယေရှဲ၏အမြစ်” မည်သို့ဖြစ်နိုင်သနည်း။ (ရောမ ၁၅:၁၂) လူ့မျိုးနွယ်အရဆိုသော် ယေရှုသည် “ယေရှဲအမျိုးအငုတ်” မှပေါ်ထွက်လာခြင်း ဖြစ်သည်။ ကိုယ်တော်သည် ယေရှဲ၏သား ဒါဝိဒ်မှဆင်းသက်လာသောကြောင့် ယေရှဲ၏ဆွေစဉ်မျိုးဆက် ဖြစ်သည်။ (မဿဲ ၁:၁-၆; လုကာ ၃:၂၃-၃၂) သို့သော် ယေရှုခရစ် ဘုရင့်အာဏာရရှိခြင်းသည် ကိုယ်တော်နှင့် ဘိုးဘေးများ၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိ၏။ ကိုယ်တော်သည် နာခံမှုရှိသောလူသားများကို ကမ္ဘာမြေပေါ် ထာဝရအသက်ပေးပိုင်ခွင့်အာဏာ ရရှိထားသောကြောင့် သူတို့၏ “ထာဝရအဘ” ဖြစ်လာသည်။ (ဟေရှာယ ၉:၆) ထို့ကြောင့် ကိုယ်တော်သည် ယေရှဲအပါအဝင် ကိုယ်တော့်ဘိုးဘေးများ၏ “အမြစ်” လည်းဖြစ်သည်။
(ဟေရှာယ ၁၃:၁၇) ကြည့်ရှုလော့။ ငွေကိုပမာဏမပြု။ ရွှေကိုအလိုမရှိသော မေဒိလူများကို သူတို့တစ်ဖက်၌ ငါနှိုးဆော်မည်။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
ကျမ်းစာမေးခွန်းများအဖြေ–
၁၃:၁၇—မေဒိလူမျိုးသည် အဘယ်နည်းဖြင့် ငွေကိုပမာဏမပြု၊ ရွှေကိုအလိုမရှိကြသနည်း။ မေဒိနှင့် ပါရှန်းလူမျိုးသည် လက်ရပစ္စည်းဥစ္စာထက် အောင်ပွဲရကျော်စောခြင်းကို ပိုအလေးပေးကြသည်။ ထို့ကြောင့် ကုရုသည် ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်မှ နေဗုခဒ်နေဇာသိမ်းယူခဲ့သော ရွှေတန်ဆာ၊ ငွေတန်ဆာများကို ပြည်တော်ပြန်သုံ့ပန်းများအား ပြန်ပေးခဲ့၏။
ဒီဇင်ဘာ ၂၆–ဇန်နဝါရီ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁၇–၂၃
“အာဏာတလွဲသုံးတာက အခွင့်အာဏာကို ဆုံးရှုံးစေ”
(ဟေရှာယ ၂၂:၁၅၊ ၁၆) ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင်၊ ၁၆ မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကိုထွင်း၍ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့်ဆိုင်သနည်း။
သစ္စာမဲ့ခြင်းဆိုင်ရာ သင်ခန်းစာများ
တစ်ကိုယ်ကောင်းဆန်သော ဘဏ္ဍာစိုး
၁၆ ယခု ပရောဖက်သည် သစ္စာမဲ့သောလူမျိုးတစ်မျိုးလုံးကို အာရုံစိုက်ဖော်ပြခြင်းမှ သစ္စာမဲ့သူတစ်ဦးထံသို့ အာရုံပြောင်းလိုက်သည်။ ဟေရှာယဤသို့ရေး၏– “ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ်ရှေဗနအိမ်သို့သွားပြီးလျှင်၊ “မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကိုထွင်း၍ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ ဤအရပ်နှင့်အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့်ဆိုင်သနည်း။”’”—ဟေရှာယ ၂၂:၁၅၊ ၁၆။
၁၇ ရှေဗနသည် ဘုရင်ဟေဇကိ၏ ‘နန်းတော်ဘဏ္ဍာစိုး’ ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ဘုရင်ပြီးလျှင် ဒုတိယသြဇာအရှိန်အဝါရှိသောရာထူး ပိုင်ဆိုင်ထား၏။ သူထံမှ များစွာတောင်းဆိုခံရသည်။ (၁ ကောရိန္သု ၄:၂) သို့သော် နိုင်ငံနှင့်လူမျိုးအရေးကို ဦးစားပေးဆောင်ရွက်သင့်သည့်အချိန်တွင် ရှေဗနသည် မိမိဂုဏ်အသရေအတွက်သာ လုပ်ဆောင်နေသည်။ သူသည် ဘုရင့်သင်္ချိုင်းဂူနှင့်ပင်ယှဉ်နိုင်သည့် ကြီးကျယ်ခမ်းနားသောသင်္ချိုင်းဂူတစ်ခုကို မိမိအတွက် မြင့်သောကျောက်ဆောင်တစ်ခုတွင် ထွင်းခဲ့သည်။ ယေဟောဝါသည် ယင်းကိုတွေ့ရှိပြီး သစ္စာမဲ့သောဘဏ္ဍာစိုးကို သတိပေးရန် ဟေရှာယအား ဤသို့မှုတ်သွင်းတော်မူ၏– “ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကိုနှင်ထုတ်တော်မူလိမ့်မည်။ သင့်ကိုအမှန်ကိုင်ဖမ်း၍၊ တလိမ့်လိမ့်လှိမ့်လျက် လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ကျက်သရေရထားတို့သည် သင့်အရှင်၏အမျိုး အရှက်ကွဲစရာဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှ သင့်ကိုချမည်။” (ဟေရှာယ ၂၂:၁၇–၁၉) သူ၏အတ္တဆန်လွန်းခြင်းကြောင့် ရှေဗနသည် ယေရုရှလင်မြို့၌ သာမန်သင်္ချိုင်းဂူတစ်ခုပင် ပိုင်ခွင့်ရမည်မဟုတ်ပါ။ ယင်းအစား အခြားဝေးသောပြည်တွင် သေဆုံးရန် လောက်လွှဲစာကဲ့သို့ လွှဲပစ်ခြင်းခံရမည်။ ဤသည်မှာ ဘုရားသခင့်လူမျိုးတော်အတွင်း အခွင့်အာဏာအပ်နှင်းခံထားရသူအားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ အာဏာအလွဲသုံးခြင်းသည် ထိုအခွင့်အာဏာကိုဆုံးရှုံးစေပြီး နှင်ထုတ်ခြင်းခံရနိုင်သည်။
(ဟေရှာယ ၂၂:၁၇–၂၂) ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကိုနှင်ထုတ်တော်မူလိမ့်မည်။ သင့်ကိုအမှန်ကိုင်ဖမ်း၍၊ ၁၈ တလိမ့်လိမ့်လှိမ့်လျက် လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ကျက်သရေ ရထားတို့သည် သင့်အရှင်၏အမျိုး အရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်။ ၁၉ ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှသင့်ကိုချမည်။ ၂၀ ထိုကာလ၌ ငါ့ကျွန် ဟိလခိ၏သား ဧလျာကိမ်ကိုငါခေါ်၍၊ ၂၁ သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့်ချီးမြှောက်၍ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင် သူသည်ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏ အဘဖြစ်လိမ့်မည်။ ၂၂ ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့် သူသည် အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။
သစ္စာမဲ့ခြင်းဆိုင်ရာ သင်ခန်းစာများ
၁၇ ရှေဗနသည် ဘုရင်ဟေဇကိ၏ ‘နန်းတော်ဘဏ္ဍာစိုး’ ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ဘုရင်ပြီးလျှင် ဒုတိယသြဇာအရှိန်အဝါရှိသောရာထူး ပိုင်ဆိုင်ထား၏။ သူထံမှ များစွာတောင်းဆိုခံရသည်။ (၁ ကောရိန္သု ၄:၂) သို့သော် နိုင်ငံနှင့်လူမျိုးအရေးကို ဦးစားပေးဆောင်ရွက်သင့်သည့်အချိန်တွင် ရှေဗနသည် မိမိဂုဏ်အသရေအတွက်သာ လုပ်ဆောင်နေသည်။ သူသည် ဘုရင့်သင်္ချိုင်းဂူနှင့်ပင်ယှဉ်နိုင်သည့် ကြီးကျယ်ခမ်းနားသော သင်္ချိုင်းဂူတစ်ခုကို မိမိအတွက် မြင့်သောကျောက်ဆောင်တစ်ခုတွင် ထွင်းခဲ့သည်။ ယေဟောဝါသည် ယင်းကိုတွေ့ရှိပြီး သစ္စာမဲ့သောဘဏ္ဍာစိုးကို သတိပေးရန် ဟေရှာယအား ဤသို့မှုတ်သွင်းတော်မူ၏– “ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကိုအမှန်ကိုင်ဖမ်း၍၊ တလိမ့်လိမ့်လှိမ့်လျက် လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ကျက်သရေ ရထားတို့သည် သင့်အရှင်၏အမျိုး အရှက်ကွဲစရာဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှ သင့်ကိုချမည်။” (ဟေရှာယ ၂၂:၁၇–၁၉) သူ၏အတ္တဆန်လွန်းခြင်းကြောင့် ရှေဗနသည် ယေရုရှလင်မြို့၌ သာမန်သင်္ချိုင်းဂူတစ်ခုပင် ပိုင်ခွင့်ရမည်မဟုတ်ပါ။ ယင်းအစား အခြားဝေးသောပြည်တွင် သေဆုံးရန် လောက်လွှဲစာကဲ့သို့ လွှဲပစ်ခြင်းခံရမည်။ ဤသည်မှာ ဘုရားသခင့်လူမျိုးတော်အတွင်း အခွင့်အာဏာအပ်နှင်းခံထားရသူအားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ အာဏာအလွဲသုံးခြင်းသည် ထိုအခွင့်အာဏာကိုဆုံးရှုံးစေပြီး နှင်ထုတ်ခြင်းခံရနိုင်သည်။
၁၈ သို့သော် ရှေဗနသည် သူ၏ရာထူးမှ မည်သို့ဖယ်ရှားခြင်းခံရမည်နည်း။ ဟေရှာယမှတစ်ဆင့် ယေဟောဝါဤသို့ရှင်းပြ၏– “ထိုကာလ၌ ငါ့ကျွန် ဟိလခိ၏သား ဧလျာကိမ်ကိုငါခေါ်၍၊ သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့်ချီးမြှောက်၍ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင် သူသည်ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏အဘ ဖြစ်လိမ့်မည်။ ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့် သူသည် အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။” (ဟေရှာယ ၂၂:၂၀–၂၂) ဧလျာကိမ်အား ရှေဗန၏နေရာတွင် အစားထိုးခြင်းဖြင့် သူသည် ဒါဝိဒ်၏သော့နှင့်အတူ ဘဏ္ဍာစိုးဝတ်သည့်အဝတ် ပေးအပ်ခံရမည်ဖြစ်သည်။ သမ္မာကျမ်းစာ၌ အခွင့်အာဏာ၊ အုပ်စိုးမှု၊ သို့မဟုတ် တန်ခိုးအာဏာတို့ကိုဖော်ပြရာတွင် “သော့” ဟူသည့်အသုံးအနှုန်းကို အသုံးပြုသည်။ (မဿဲ ၁၆:၁၉ နှိုင်းယှဉ်။) ရှေးအချိန်က သော့များအပ်နှင်းခြင်းခံရသည့် ဘုရင့်အကြံပေးပုဂ္ဂိုလ်တစ်ဦးသည် အများအားဖြင့် ဘုရင့်နန်းတော်အခန်းများကို ကြီးကြပ်အုပ်ချုပ်ရပြီး ဘုရင်၏အမှုဆောင်ရွက်လိုသူများကိုပင် ဆုံးဖြတ်စိစစ်ပေးရသည်။ (ဗျာဒိတ် ၃:၇၊ ၈ နှိုင်းယှဉ်။) ထို့ကြောင့် ဘဏ္ဍာစိုး၏ တာဝန်သည် အရေးကြီးပြီး ယင်းအမှုကိုဆောင်ရွက်သည့် မည်သူ့ထံမှမဆို များစွာတောင်းဆိုခံရသည်။ (လုကာ ၁၂:၄၈)ရှေဗနသည် စွမ်းရည်ရှိသောသူ ဖြစ်နိုင်သော်လည်း သူ၏သစ္စာမဲ့မှုကြောင့် ယေဟောဝါသည် သူ့နေရာကို အစားထိုးမည်။
(ဟေရှာယ ၂၂:၂၃–၂၅) မြဲသောအရပ်၌စွဲသော တံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင် ဖြစ်လိမ့်မည်။ ၂၄ သူ၏အဘအိမ်၌ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ဆွဲထားကြလိမ့်မည်။ ၂၅ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွေ့၍ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၃၆:၂၊ ၃၊ ၂၂။ ရှေဗနသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရသော်လည်း သူ့နေရာကို အစားဝင်သူ၏ စာရေးအဖြစ် ဘုရင့်အမှုတော်ကို ဆက်ထမ်းဆောင်ခွင့်ရခဲ့သည်။ (ဟေရှာယ ၂၂:၁၅၊ ၁၉) ကျွန်ုပ်တို့သည် အကြောင်းအချို့ကြောင့် ယေဟောဝါအဖွဲ့အစည်းတွင် တာဝန်ရှိအနေအထားမှ ဖယ်ရှားခံရပါက ကိုယ်တော်ခွင့်ပြုသည့် အဘယ်အခြေအနေတွင်မဆို ဘုရားသခင့်အမှုတော်ကို ဆက်ထမ်းဆောင်သင့်သည်မဟုတ်လော။
သစ္စာမဲ့ခြင်းဆိုင်ရာ သင်ခန်းစာများ
ပုံဆောင်တံစို့နှစ်ခု
၁၉ နောက်ဆုံးတွင် ယေဟောဝါသည် ရှေဗန၏နေရာတွင် ဧလျာကိမ်ကိုလွှဲပြောင်းကြောင်းဖော်ပြရန် ပုံဆောင်အသုံးအနှုန်းကို အသုံးပြုသည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “မြဲသောအရပ်၌စွဲသော တံစို့ကဲ့သို့ သူ့ [ဧလျာကိမ်] ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင် ဖြစ်လိမ့်မည်။ သူ၏အဘအိမ်၌ ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ဆွဲထားကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့ [ရှေဗန] သည် နေရာမှရွေ့၍ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း ခုတ်ပယ်ခြင်းကိုခံရလိမ့်မည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။”—ဟေရှာယ ၂၂:၂၃–၂၅။
၂၀ ဤအခန်းငယ်များတွင်ပါသည့် ပထမတံစို့သည် ဧလျာကိမ် ဖြစ်သည်။ သူသည် သူ့အဖဟိလခိ၏အိမ်တွင် “ကျက်သရေပလ္လင်” ဖြစ်လာမည်။ ရှေဗနနှင့်မတူဘဲ မိမိ၏ဖခင်အိမ် သို့မဟုတ် နာမည်ကို အရှက်ရစေမည်မဟုတ်ပါ။ ဧလျာကိမ်သည် အိမ်တွင်းခွက်ဖလားများဖြင့် ဖော်ပြခံရသော အခြားဘုရင့်အမှုထမ်းများကို မြဲမြံစွာထောက်မပေးမည်။ (၂ တိမောသေ ၂:၂၀၊ ၂၁) ၎င်းနှင့်ဆန့်ကျင်လျက် ဒုတိယတံစို့သည် ရှေဗနကို ရည်ညွှန်းသည်။ သူသည် ဘေးကင်းလုံခြုံသည်ဟု ယူမှတ်ရသော်လည်း ဖယ်ရှားခံရမည်။ သူ့ကိုဆက်၍မျှော်ကိုးသူများ ပျက်စီးမည်ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟေရှာယ ၂၁:၁) ရေလွှမ်းမိုးသောတောနှင့်ဆိုင်သော ဗျာဒိတ်တော်ကား တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက်ဖွယ်သောပြည်၊ တောကြီးမှလာ၏။
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၂၁:၁—“ရေလွှမ်းမိုးသောတော” သည် အဘယ်ဒေသဖြစ်သနည်း။ ဗာဗုလုန်သည် ပင်လယ်နှင့်မနီးသော်လည်း ယင်းကို ထိုသို့ခေါ်ဆိုထားသည်။ အကြောင်းမှာ ဥဖရတ်မြစ်နှင့် တိုက်ဂရစ္စမြစ်ရေသည် ထိုဒေသကို ဖြတ်သန်းစီးဆင်းပြီး ရွှံ့နွံပေါသောအရပ်ဖြစ်စေသောကြောင့် ဖြစ်သည်။
(ဟေရှာယ ၂၃:၁၇၊ ၁၈) အနှစ်ခုနစ်ဆယ်လွန်သောအခါ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တစ်ဖန် အမြတ်ရသောဘာသာသို့ လိုက်ပြန်၍ မြေကြီးမျက်နှာပေါ်မှာရှိသမျှသော လောကီနိုင်ငံတို့နှင့် မတရားသောမေထုန်ကိုပြုလိမ့်မည်။ ၁၈ သို့ရာတွင် သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ဆည်းပူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သောဥစ္စာသည် ထာဝရဘုရားရှေ့တော်၌နေသော သူတို့အဖို့ဖြစ်၍ သူတို့သည်ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။
ယေဟောဝါသည် တုရု၏မာန်မာနကို ရှုတ်ချတော်မူ၏
၂၂ ဟေရှာယဤသို့ဆက်ဆို၏– “အနှစ်ခုနစ်ဆယ်လွန်သောအခါ အဘယ်သူမျှ မအောက်မေ့သော ပြည့်တန်ဆာမိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သင့်ကို သူတစ်ပါးတို့ သတိရစေခြင်းငှာ သာယာသောအသံနှင့်တီး၍ တေးချင်းများစွာသီဆိုလော့ဟူ၍ ပြည့်တန်ဆာမိန်မအား သီဆိုသောတေးချင်းအတိုင်း တုရုမြို့၌ ဖြစ်လိမ့်မည်။ အနှစ်ခုနစ်ဆယ်လွန်သောအခါ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တစ်ဖန် ပြည့်တန်ဆာအခရရန် ပြုလုပ်ပြန်၍ မြေကြီးပေါ်မှာရှိသမျှသောတိုင်းနိုင်ငံတို့နှင့် မတရားမေထုန်ကိုပြုလိမ့်မည်။”—ဟေရှာယ ၂၃:၁၅ခ–၁၇၊ သမ္မာ။
၂၃ ဘီ.စီ.အီး. ၅၃၉ တွင်ဗာဗုလုန်ကျပြီးနောက် ဖိုနီးရှားသည် မီဒိုပါးရှားအင်ပါယာ၏ လက်အောက်ခံပြည်နယ် ဖြစ်လာသည်။ ပါးရှားဧကရာဇ် မဟာကုရုသည် သဘောထားကြီးသောမင်း ဖြစ်သည်။ ဤအုပ်ချုပ်မှုအသစ်အောက်တွင် တုရုသည် သူ၏ယခင်လုပ်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်ပြီး ကမ္ဘာ့စီးပွားရေးဗဟိုအဖြစ် ပြန်လည်အသိအမှတ်ပြု လက်ခံစေရန် ကြိုးစားမည်ဖြစ်သည်၊ ပြည့်တန်ဆာတစ်ဦးသည် မိမိ၏ဖောက်သည်များက မေ့သွား၊ ဆုံးရှုံးသွားခြင်းကြောင့် စောင်းတီးသီချင်းဆိုပြီး မြို့ပတ်လည်သွားကာ ဖောက်သည်အသစ်များကို ဆွဲဆောင်သကဲ့သို့ ပြန်ကြိုးစားမည်။ တုရုမြို့ အောင်မြင်မှုရမည်လော။ အောင်မြင်မည်၊ ယေဟောဝါသည် သူ၌ အောင်မြင်မှုရစေတော်မူမည်။ အချိန်တန်သည့်အခါ ကျွန်းမြို့တော်သည် မည်မျှကြီးပွားလာသနည်းဟူမူ ဘီ.စီ.အီး. ခြောက်ရာစုအဆုံးပိုင်းတွင် ပရောဖက်ဇာခရိ ဤသို့ပြောမည်– “တုရုမြို့သည် မိမိအဖို့ ရဲတိုက်ကိုတည်ဆောက်၍ ငွေကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေစင်ကို လမ်း၌ရှိသောရွှံ့ကဲ့သို့လည်းကောင်း စုပုံ” လေ၏။—ဇာခရိ ၉:၃။
‘သူ၏အမြတ်ရခြင်းအရာတို့သည် သန့်ရှင်းလိမ့်မည်’
၂၄ ဆက်ပြောမည့် ပရောဖက်ပြုချက်စကားများသည် အလွန်ထူးခြားသည်! “သူရသောအခအမြတ်ကို ဆည်းပူးသိုထားခြင်းမပြုဘဲ ထာဝရဘုရားအဖို့ သီးသန့်ထားလိမ့်မည်။ ထိုအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့အဖို့ဖြစ်လျက် သူတို့သည် ဝစွာစား၍တင့်တယ်သောအဝတ်ကို ဝတ်ရကြလိမ့်မည်။” (ဟေရှာယ ၂၃:၁၈၊ သမ္မာ) တုရု၏ကုန်ပစ္စည်းအမြတ်အစွန်းများသည် မည်သို့ သီးသန့်ထားသောအရာ ဖြစ်လာသနည်း။ ယေဟောဝါသည် မိမိ၏လူမျိုးကို ဝစွာစားစေခြင်း၊ အဝတ်ဝတ်စေခြင်းဖြစ်သော မိမိ၏အလိုတော်နှင့်အညီအသုံးပြုရန်အတွက် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်သည်။ ၎င်းသည် ဣသရေလလူမျိုးများ ဗာဗုလုန်ပြည်နှင်ခံဘဝမှပြန်လာပြီး နောက်ပိုင်းတွင်ဖြစ်ပျက်လာသည်။ ဗိမာန်တော်ဆောက်လုပ်ရန်အတွက် တုရုလူမျိုးများသည် အာရဇ်သစ်သားများကိုပေးခြင်းဖြင့် သူတို့ကိုအကူအညီပေးသည်။ သူတို့သည် ယေရုရှလင်မြို့နှင့် တစ်ဖန်ကုန်သွယ်မှုကိုလည်း ပြုကြသည်။—ဧဇရ ၃:၇; နေဟမိ ၁၃:၁၆။