ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁ စာ. ၁၃-၁၈
  • မိဘနှင့် သားသမီးများ—ဘုရားသခင်ကို ရှေးဦးထားကြလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘနှင့် သားသမီးများ—ဘုရားသခင်ကို ရှေးဦးထားကြလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်တာဝန်ဝတ္တရား
  • အဓိကတာဝန်ဝတ္တရား
  • လိုအပ်သောထောက်ပံ့မှုကိုပေးခြင်း
  • မိဘများ၊ အဘယ်အရာကို သင်တို့ရှေးဦးထားကြသနည်း
  • သားသမီးတို့—မည်သူ၏အလိုကို လိုက်မည်နည်း
  • မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁ စာ. ၁၃-၁၈

မိဘနှင့် သားသမီးများ—ဘုရားသခင်ကို ရှေးဦးထားကြလော့!

“ပညတ်တော်များကိုစောင့်ရှောက်၍ စစ်မှန်သောဘုရားသခင်ကိုခန့်ညားကြောက်ရွံ့လော့။”—ဒေသနာ ၁၂:၁၃၊ ကဘ။

၁ မိဘနှင့်သားသမီးများသည် အဘယ်ကြောက်ရွံ့စိတ်ကို မွေးမြူရန်လိုသနည်း။ ယင်းက သူတို့အား မည်သည့်အကျိုးပေးမည်နည်း။

“ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်” လိမ့်မည်ဟု ယေရှုခရစ်တော်နှင့်ပတ်သက်သော ပရောဖက်ပြုချက်တစ်ခုကဆိုသည်။ (ဟေရှာယ ၁၁:၃) ကိုယ်တော်၏ကြောက်ရွံ့ခြင်းသည် အဓိကအားဖြင့် ဘုရားသခင်ကို အလွန်ကြည်ညိုလေးစားပြီး စိုးရွံ့တော်မူခြင်းဖြစ်သည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသောကြောင့် ကိုယ်တော်အား မနှစ်မြို့စရာဖြစ်စေမိမည်ကို စိုးရိမ်တော်မူခြင်းဖြစ်သည်။ ယေရှုကို ပျော်ရွှင်စေခဲ့သည့်နည်းတူ သူတို့ကိုလည်း ပျော်ရွှင်စေမည့် ခရစ်တော်၌ရှိသော ဘုရားသခင်အားကြောက်ရွံ့သည့်သဘောကို မိဘနှင့်သားသမီးများ မွေးမြူရန်လိုသည်။ သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို နာခံခြင်းအားဖြင့် သူတို့၏ဘဝအသက်တာတွင် ကိုယ်တော်ကို ရှေးဦးထားဖို့လိုသည်။ ကျမ်းရေးသူတစ်ဦး၏အဆိုအရ “ယင်းသည် လူ၏ အလုံးစုံတာဝန်ဖြစ်သည်။”—ဒေသနာ ၁၂:၁၃၊ ကဘ။

၂။ ပညတ္တိကျမ်း၏ အရေးအကြီးဆုံးပညတ်ကား အဘယ်နည်း။ ယင်းကို မူလအားဖြင့် မည်သူ့အား ပေးခဲ့သနည်း။

၂ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရမည်’ ဟူသော ပညတ္တိကျမ်း၏ အရေးအကြီးဆုံးပညတ်ကို မူလအားဖြင့် မိဘများအား ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကို ပညတ္တိကျမ်း၏ထပ်ဆင့်စကားများက ဤသို့ဖော်ပြသည်– “[ယေဟောဝါကိုချစ်ခြင်းနှင့်စပ်လျဉ်းသည့်] ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၄-၇; မာကု ၁၂:၂၈-၃၀) ဤနည်းအားဖြင့် မိဘများသည် ကိုယ်ကိုယ်တိုင် ဘုရားသခင်ကိုချစ်ခြင်းအားဖြင့်လည်းကောင်း၊ သားသမီးများကို ထိုသို့ပြုရန် သွန်သင်ပေးခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်ကိုရှေးဦးထားကြရန် အမိန့်ရထားသည်။

ခရစ်ယာန်တာဝန်ဝတ္တရား

၃။ ကလေးသူငယ်များကို ဂရုစိုက်ခြင်းသည် အရေးကြီးကြောင်း ယေရှုမည်သို့ဖော်ပြသနည်း။

၃ ကလေးသူငယ်များကိုပင် ဂရုစိုက်ခြင်းသည် အရေးကြီးကြောင်း ယေရှုဖော်ပြတော်မူခဲ့သည်။ မြေကြီးပေါ်တွင် ယေရှုဓမ္မအမှုဆောင်ခြင်းပြီးဆုံးခါနီး အချိန်တစ်ချိန်တွင် လူတို့သည် သူတို့၏ကလေးသူငယ်များကို ကိုယ်တော်ထံခေါ်ဆောင်လာကြသည်။ ယေရှုသည် အလုပ်များလွန်းသဖြင့် အနှောင့်အယှက်ခံလိုမည်မဟုတ်ဟု အထင်ရှိပြီး တပည့်တော်များက ကြိုးစားဆီးတားလေသည်။ သို့သော်ယေရှုက တပည့်တော်များကို ဤသို့ပြစ်တင်ပြောဆိုတော်မူသည်– “ထိုသူငယ်တို့ကို ငါ့ထံသို့ လာပါလေစေ။ မဆီးတားကြနှင့်။” ယေရှုသည် “သူငယ်တို့ကိုချီပိုက်” လိုက်သေးသည်။ သို့အားဖြင့် ကလေးသူငယ်များကို ဂရုစိုက်ခြင်းသည် အရေးကြီးကြောင်း စိတ်နှလုံးထိခိုက်သွားစေသည့်နည်းဖြင့် ဖော်ပြတော်မူခဲ့သည်။—လုကာ ၁၈:၁၅-၁၇; မာကု ၁၀:၁၃-၁၆။

၄။ “လူမျိုးတကာတို့ကို တပည့်ဖြစ်စေ” ရမည်ဟူသောအမိန့်တော်ကို မည်သူများရရှိခဲ့သနည်း။ ယင်းက သူတို့ဘာလုပ်ရန် တောင်းဆိုသနည်း။

၄ မိမိတို့၏သားသမီးများအပြင် အခြားသူများကိုလည်း သွန်သင်ပေးရန် တာဝန်ရှိကြောင်း တပည့်တော်များကို ယေရှုသဘောပေါက်နားလည်စေတော်မူခဲ့သည်။ ကိုယ်တော်သေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုသည် ‘ငါးရာမကသောညီအစ်ကိုများရှေ့တစ်ပြိုင်နက်’ ပေါ်ထွန်းတော်မူခဲ့သည်—ထိုသူတို့ထဲတွင် မိဘအချို့လည်းပါဝင်သည်။ (၁ ကောရိန္သု ၁၅:၆) ယင်းအမှုသည် တမန်တော် ၁၁ ပါးအပါအဝင်စုဝေးခဲ့ရာ ဂါလိလဲနယ်ရှိ တောင်တစ်တောင်အပေါ်၌ ဖြစ်ပျက်ခဲ့ပုံရှိသည်။ ထိုတွင် သူတို့အပေါင်းကို ယေရှု ဤသို့တိုက်တွန်းတော်မူသည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”(မဿဲ ၂၈:၁၆-၂၀) ဤအမိန့်တော်ကို အဘယ်ခရစ်ယာန်တစ်ဦးတစ်ယောက်မျှ လျစ်လျူမရှုနိုင်ပါ။ ယင်းကို လိုက်နာကြရန် ဖခင်နှင့်မိခင်များသည် သူတို့သားသမီးများကို ဂရုစိုက်ခြင်းသာမက လူသိရှင်ကြားဟောပြာခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်း၌လည်း ပါဝင်ရန်လိုသည်။

၅။ (က) တမန်တော်အားလုံးမဟုတ်သည့်တိုင် အများစုသည် အိမ်ထောင်သည်များဖြစ်ကြ၍ သားသမီးများရှိနိုင်ကြောင်း ဘာကတင်ပြသနည်း။ (ခ) အိမ်ထောင်ဦးစီးများသည် အဘယ်သြဝါဒကို အလေးအနက်ထားပြီး လိုက်နာရန်လိုသနည်း။

၅ ထူးခြားသည်ကား၊ တမန်တော်များပင်လျှင် ဟောပြောခြင်းနှင့် ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းခြင်းတာဝန်ကို မိမိတို့၏အိမ်ထောင်ရေးတာဝန်နှင့် ဟန်ချက်ညီစေကြရ၏။ (ယောဟန် ၂၁:၁-၃၊ ၁၅-၁၇; တမန်တော် ၁:၈) ဤသို့ပြုရန်လိုခြင်းမှာ သူတို့အားလုံးမဟုတ်သည့်တိုင် အများစုသည် အိမ်ထောင်သည်များဖြစ်ကြသောကြောင့်တည်း။ ယင်းကြောင့် တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “ကေဖနှင့် သခင်ဘုရား၏ညီများမှစ၍ ကြွင်းသောတမန်တော်များကဲ့သို့ ငါတို့သည် . . . မဖြစ်သောမယားပါစေခြင်းငှာအခွင့်မရှိသလော။” (၁ ကောရိန္သု ၉:၅; မဿဲ ၈:၁၄) တမန်တော်အချို့တို့တွင် သားသမီးများ ရှိခဲ့ပေမည်။ ယူစီးဘီးယပ်စ်အစရှိသည့် အစောပိုင်းသမိုင်းဆရာများက ပေတရုတွင် သားသမီးရှိသည်ဟု ဆိုသည်။ အစောပိုင်းခရစ်ယာန်မိဘအားလုံးတို့သည် ကျမ်းစာဆိုင်ရာ ဤသြဝါဒကို လိုက်နာရန် လိုအပ်ခဲ့သည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၈။

အဓိကတာဝန်ဝတ္တရား

၆။ (က) အိမ်ထောင်သည် ခရစ်ယာန်အကြီးအကဲများသည် အဘယ်စိန်ခေါ်ချက်ကိုရင်ဆိုင်ရသနည်း။ (ခ) အကြီးအကဲတစ်ဦး၏ အဓိကတာဝန်ကား အဘယ်နည်း။

၆ ယနေ့ အိမ်ထောင်သည် ခရစ်ယာန်အကြီးအကဲများသည် တမန်တော်များ၏အခြေအနေမျိုးတွင် ရှိကြသည်။ သူတို့သည် မိသားစုများ၏ ဝိညာဏနှင့်ကာယရေးကိုကြည့်ရှုပြုစုပေးရန်တာဝန်နှင့် လူသိရှင်ကြား ဟောပြောခြင်း၊ ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းခြင်းတာဝန်တို့ကို ဟန်ချက်ညီညီ ထမ်းဆောင်ကြရမည်ဖြစ်သည်။ အဘယ်လုပ်ဆောင်မှုကို ဦးစားပေးသင့်သနည်း။ ၁၉၆၄၊ မတ် ၁၅ ကင်းမျှော်စင် [လိပ်] က ဤသို့သတိပြုစေသည်– “[ဖခင်၏] အဓိကတာဝန်သည် သူ၏မိသားစုအပေါ်ဖြစ်သည်။ အမှန်မှာ သူသည် ဤတာဝန်ကိုမကျေပွန်လျှင် ကောင်းမွန်စွာအမှုထမ်းနိုင်လိမ့်မည်မဟုတ်ပါ။”

၇။ ခရစ်ယာန်ဖခင်များသည် ဘုရားသခင်ကို မည်သို့ရှေးဦးထားကြသနည်း။

၇ ထိုကြောင့် ဖခင်များသည် ‘ကိုယ့်သားသမီးကို . . . ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ မွေးမြူ’ ရမည်ဟူသော အမိန့်ကိုနာခံခြင်းအားဖြင့် ဘုရားသခင်ကို ရှေးဦးထားကြရမည်။ (ဧဖက် ၆:၄) ဖခင်သည် ခရစ်ယာန်အသင်းတော်တွင် ကြီးကြပ်ရသောအခြားတာဝန်များရှိဦးတော့ အထက်ပါတာဝန်ကို အခြားသူတစ်ဦးအား မလွှဲအပ်နိုင်ပါ။ ဤကဲ့သို့သောဖခင်များသည် သူတို့၏တာဝန်များ—မိသားစုအဝင်ဖြစ်သူများအတွက် ကာယရေး၊ ဝိညာဉ်ရေးနှင့် စိတ်ဓာတ်ရေးကိုဖြည့်စွက်ခြင်း—ကိုထမ်းဆောင်လျက် တစ်ကြိမ်တည်းတွင်လည်း အသင်းတော်၌ မည်ကဲ့သို့ကြီးကြပ်ကွပ်ကဲနိုင်မည်နည်း။

လိုအပ်သောထောက်ပံ့မှုကိုပေးခြင်း

၈။ အကြီးအကဲတစ်ဦး၏ဇနီးသည် သူ့ကို မည်သို့ထောက်ပံ့ကူညီနိုင်သနည်း။

၈ အိမ်ထောင်ရေးတာဝန်များရှိသောအကြီးအကဲများသည် ထောက်ပံ့ကူညီမှုလိုအပ်ကြောင်း ထင်ရှားပါသည်။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် သူမ၏လင်ယောက်ျားကို ထောက်ပံ့ကူညီပေးနိုင်ကြောင်း အထက်တွင် ကိုးကားသည့် ကင်းမျှော်စင်က ဤသို့ဖော်ပြသည်– “ခင်ပွန်းသည် သူ၏တာဝန်အသီးသီးကို ပြင်ဆင်ရာတွင် အဆင်အပြေဆုံးဖြစ်စေရန် သူမစီစဉ်ပေးမည်။ အိမ်တွင် အစီအစဉ်ဇယားကောင်းတစ်ခုရှိခြင်း၊ အချိန်မှန်အစာစားခြင်း၊ အသင်းတော်အစည်းအဝေးများသို့ အိမ်မှအချိန်မီထွက်နိုင်ရန် အဆင်သင့်ရှိခြင်းအားဖြင့် ခင်ပွန်းသည်နှင့် မိမိအတွက်ပါ အချိန်ကုန်သက်သာစေရန် ကူညီပေးမည်။ . . . ယေဟောဝါနှစ်သက်တော်မူသောလမ်းစဉ်အတိုင်း လိုက်လျှောက်ကြရန် သားသမီးများကို လေ့ကျင့်ပေးရာတွင် လင်ယောက်ျား၏လမ်းညွှန်မှုဖြင့် ခရစ်ယာန်ဇနီးသည်လုပ်ဆောင်နိုင်သည့်အရာ များစွာရှိသည်။” (သု. ၂၂:၆) မှန်ပါသည်၊ မိန်းမသည် “အထောက်အမ” အဖြစ် ဖန်ဆင်းထားခြင်းခံရသောကြောင့် သူမ၏ခင်ပွန်းသည် သူမ၏အကူအညီကို ပညာရှိစွာလက်ခံယူပါလိမ့်မည်။ (ကမ္ဘာဦး ၂:၁၈) လင်သားသည် သူမ၏ထောက်ပံ့ကူညီမှုဖြင့် မိသားစုနှင့် အသင်းတော်တာဝန်များကို ပိုမိုထိရောက်စွာထမ်းဆောင်နိုင်ပါလိမ့်မည်။

၉။ သက်သာလောနိတ်အသင်းတော်ရှိ မည်သူတို့သည် အသင်းတော်သားများကို အကူအညီပေးရန် အားပေးခံရသနည်း။

၉ သို့ရာတွင် “ဘုရားသခင်၏သိုးတော်စုကိုထိန်း” ရသည့်အပြင် မိမိ၏အိမ်ထောင်ကိုလည်း ကြည့်ရှုပြုစုရသော ကြီးကြပ်မှူးတစ်ဦးကို ထောက်ပံ့ကူညီပေးရေး၌ ပါဝင်နိုင်သူသည် ခရစ်ယာန်အကြီးအကဲများ၏ ဇနီးသည်များသာ မဟုတ်ပါ။ (၁ ပေတရု ၅:၂) အခြားမည်သူတို့ ကူညီပေးနိုင်သေးသနည်း။ မိမိတို့အပေါ် “အုပ်ချုပ်” သူများကို ပမာဏပြုကြရန် သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများကို တမန်တော်ပေါလုတိုက်တွန်းခဲ့သည်။ သို့တိုင် ဤညီအစ်ကိုများ—အထူးသဖြင့် မအုပ်ချုပ်ရသူများ—ထံဆက်ပြီး ပေါလုဤသို့စာရေးသည်– “ညီအစ်ကိုတို့၊ စည်းကမ်းမရှိဘဲ ပြုတတ်သောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။”—၁ သက်သာလောနိတ် ၅:၁၂-၁၄၊ သမ္မာ။

၁၀။ ညီအစ်ကိုအားလုံးတို့၏ချစ်ခြင်းမေတ္တာပါသောကူညီမှုက အသင်းတော်အပေါ် အဘယ်အလွန်ကောင်းသောအကျိုးသက်ရောက်မှုရှိစေသနည်း။

၁၀ အသင်းတော်ရှိညီအစ်ကိုများသည် စိတ်အားငယ်သူတို့ကို အားပေးရန်၊ အားနည်းသောသူတို့ကို ထောက်မရန်၊ စည်းကမ်းမရှိဘဲ ပြုတတ်သောသူတို့ကို သတိပေးရန်၊ ခပ်သိမ်းသောသူတို့အပေါ် စိတ်ရှည်ရန် လှုံ့ဆော်ပေးသည့် ချစ်ခြင်းမေတ္တာရှိကြမည်ဆိုလျှင် မည်မျှကောင်းမွန်လှသည်တကား! ကြီးစွာသောဆင်းရဲဒုက္ခများကြားမှ ကျမ်းစာသမ္မာတရားကို လက်ခံသည်မှာမကြာသေးသော သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများသည် ယင်းသို့ပြုမူရန် ပေါလု၏သြဝါဒကို လိုက်နာကျင့်သုံးခဲ့ကြသည်။ (တမန်တော် ၁၇:၁-၉; ၁ သက်သာလောနိတ် ၁:၆; ၂:၁၄; ၅:၁၁) အသင်းတော်တစ်ခုလုံးကို အားရှိ၍ စည်းလုံးစေသည့် သူတို့၏ချစ်ခြင်းမေတ္တာပါသော ဝိုင်းဝန်းကူညီမှု၏ အလွန်ကောင်းသောအကျိုးသက်ရောက်မှုကို စဉ်းစားကြည့်လေ! ထိုနည်းတူစွာ ယနေ့ ညီအစ်ကိုများသည် တစ်ဦးကိုတစ်ဦး နှစ်သိမ့်ကူညီပြီး သတိပေးကြသောအခါ အိမ်ထောင်ရှိသည့် အကြီးအကဲအများစု၏ သိုးထိန်းခြင်းတာဝန်ကို လွယ်ကူစေပါသည်။

၁၁။ (က) “ညီအစ်ကိုများ” ဟူသောစကားလုံးတွင် မိန်းမများပါဝင်သည်ဟု ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။ (ခ) ယနေ့ ပါရမီရင့်ကျက်သောခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အသက်အရွယ်ငယ်သည့်အမျိုးသမီးများကို မည်သို့ကူညီပေးနိုင်သနည်း။

၁၁ တမန်တော်ပေါလုရည်ညွန်းရေးသားသူ “ညီအစ်ကိုများ” တွင် မိန်းမများပါဝင်သလော။ ပါဝင်ပါသည်။ အကြောင်းမူကား မိန်းမများစွာတို့သည် ယုံကြည်သူများဖြစ်လာကြ၏။ (တမန်တော် ၁၇:၁၊ ၄; ၁ ပေတရု ၂:၁၇; ၅:၉) ဤမိန်းမများသည် အဘယ်အကူအညီမျိုးကို ပေးနိုင်ကြမည်နည်း။ အသင်းတော်များတွင် မိမိတို့၏ “အလိုဆန္ဒကို မထိန်းမသိမ်းနိုင်သော” သို့မဟုတ် ‘စိတ်အားငယ်သော’ အသက်အရွယ်ငယ်သည့်အမျိုးသမီးများ ရှိခဲ့သည်။ (၁ တိမောသေ ၅:၁၁-၁၃) ယနေ့ မိန်းမအချို့သည် ထပ်တူပြဿနာများရှိကြသည်။ သူတို့အလိုအပ်ဆုံးကား နားထောင်ပေးတတ်သူ၊ သို့မဟုတ် ကိုယ်ချင်းစာနာတတ်သူသာဖြစ်သည်။ များသောအားဖြင့် အကောင်းဆုံးအကူအညီပေးနိုင်သူကား ပါရမီရင့်ကျက်သောခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သည်။ ဥပမာ၊ ခရစ်ယာန်အမျိုးသားတစ်ဦး ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မသင့်တော်သည့် ကိုယ်ရေးကိုယ်တာပြဿနာများကို သူမဆွေးနွေးတင်ပြနိုင်သည်။ ဤကဲ့သို့အကူအညီပေးခြင်း၏တန်ဖိုးကို ပေါလုက ဤသို့ဖော်ပြသည်– “အသက်ကြီးရင့်သောမိန်းမတို့သည် . . . ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ . . . ဖြစ်၍ ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ အသက်ပျိုသောမိန်းမတို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ကျန်းမာသည့်စိတ်သဘောရှိသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံသောသူဖြစ်စေခြင်းငှာ . . . ဆုံးမပေးကြရမည်။”—တိတု ၂:၃-၅၊ ကဘ။

၁၂။ အသင်းတော်ရှိသူအားလုံးသည် မည်သူ၏ညွှန်ကြားမှုကို လိုက်နာရန် အရေးကြီးသနည်း။

၁၂ အသင်းတော်တွင် မိမိတို့၏လင်ယောက်ျားများနှင့် အကြီးအကဲများကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးသော နှိမ့်ချမှုရှိညီအစ်မများရှိခြင်းသည် ဆုကျေးဇူးတစ်ရပ်ပါတကား! (၁ တိမောသေ ၂:၁၁၊ ၁၂; ဟေဗြဲ ၁၃:၁၇) အားလုံးမေတ္တာစိတ်ဓာတ်နှင့် ဝိုင်းဝန်းကူညီပြီး ခန့်အပ်ခံ သိုးထိန်းများ၏ညွှန်ကြားမှုကို လက်အောက်ခံကြမည်ဆိုလျှင် အထူးသဖြင့် အိမ်ထောင်ရေးတာဝန်များရှိသော အကြီးအကဲများသည် အကျိုးကျေးဇူးခံစားကြရသည်။—၁ ပေတရု ၅:၁၊ ၂။

မိဘများ၊ အဘယ်အရာကို သင်တို့ရှေးဦးထားကြသနည်း

၁၃။ ဖခင်များစွာတို့သည် သူတို့၏မိသားစုတာဝန်ကို မည်သို့ပျက်ကွက်ကြသနည်း။

၁၃ လွန်ခဲ့သောနှစ်အနည်းငယ်က နာမည်ကျော်ကြားသော ဖျော်ဖြေရေးသမားတစ်ဦး ဤသို့ဖော်ပြသည်– “အလုပ်သမားရာချီရှိသည့် လုပ်ငန်းရှင်များသည် အောင်မြင်စွာ စီမံအုပ်ချုပ်ကြသည်ကို အကျွန်ုပ် တွေ့ဖူးသည်; အခြေအနေတိုင်းကို သူတို့ကိုင်တွယ်ဖြေရှင်းနိုင်သည်၊ စီးပွားရေးလောကတွင် မည်သို့ဒဏ်ပေးရမည်၊ ဆုချရမည်ကို သူတို့ကောင်းစွာသိကြသည်။ သို့သော် သူတို့စီမံအုပ်ချုပ်ရသော အကြီးဆုံးလုပ်ငန်းဖြစ်သည့် သူတို့၏အိမ်ထောင်အပေါ်မူကား တာဝန်ပျက်ကွက်ကြသည်။” အဘယ်ကြောင့်နည်း။ သူတို့သည် စီးပွားရေးနှင့် အခြားအရေးကိစ္စများကို ရှေးဦးထားကာ ဘုရားသခင်၏သြဝါဒကို လျစ်လျူရှုကြသောကြောင့် မဟုတ်ပေလော။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “ငါမှာထားသောစကားကို . . . သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။” ယင်းကို နေ့စဉ်ပြုရမည်ဖြစ်သည်။ မိဘများသည် သူတို့၏အချိန်—အထူးသဖြင့် သူတို့၏မေတ္တာနှင့်စိုးရိမ်ပူပန်မှု—ကိုမတွန့်မတိုဘဲ ပေးဖို့လိုသည်။—တရားဟောရာ ၆:၆-၉။

၁၄။ (က) မိဘများသည် သားသမီးများကို မည်သို့ဂရုစိုက်သင့်သနည်း။ (ခ) သားသမီးများကို ကောင်းစွာလေ့ကျင့်ပေးခြင်း၌ အဘယ်အရာပါဝင်သနည်း။

၁၄ သားသမီးများသည် ယေဟောဝါဆုချ၍ ပေးသနားတော်မူသောအမွေဥစ္စာဖြစ်သည်ဟု ကျမ်းစာက သတိပေးထားသည်။ (ဆာလံ ၁၂၇:၃) ဘုရားသခင်၏ဥစ္စာပစ္စည်း၊ သင့်အား ကိုယ်တော် အပ်နှင်းထားသည့် ဆုကျေးဇူးတစ်ခုကဲ့သို့ သင့်သားသမီးများကို ဂရုစိုက်ပါသလော။ သင့်ကလေးကို ချီပိုက်ပြီး သင့်မေတ္တာနှင့်ဂရုစိုက်မှုကို ပြမည်ဆိုလျှင် သူသည် အမှန်ပြန်တုံ့ပြန်ပါလိမ့်မည်။ (မာကု ၁၀:၁၆) သို့သော် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်” ပေးရန် သူ့ကိုပွေ့ဖက်နမ်းရှုပ်ရုံမကပြုလုပ်ရန်လိုသည်။ ဘဝတွင် မမျှော်လင့်ဘဲကျရောက်တတ်သည့်အန္တရာယ်များကို ရှောင်နိုင်သောဉာဏ်ရှိဖို့ရန် ကလေးသူငယ်သည် မေတ္တာပါသည့်ပဲ့ပြင်ဆုံးမမှုလည်း လိုအပ်သည်။ “သားကိုဆုံးမတတ်သော” မိဘသည် သူ့ကို အမှန်ချစ်သောသူဖြစ်သည်။—သု. ၁၃:၁၊ ၂၄၊ သမ္မာ; ၂၂:၆။

၁၅။ မိဘ၏ပဲ့ပြင်ဆုံးမမှုလိုကြောင်း အဘယ်အရာက ဖော်ပြသနည်း။

၁၅ မိဘ၏ပဲ့ပြင်ဆုံးမမှုလိုကြောင်း ကျောင်းအကြံပေးအရာရှိတစ်ဦး၏ ရုံးခန်းတွင်းသို့ လာကြသော ကလေးများ၏အဖြစ်ကို သူမဖော်ပြပုံက သဘောပေါက်စေသည်– “သူတို့သည် သနားစရာကောင်းသည့် စိတ်အားငယ်ပြီး အကူအညီမဲ့သောသူများဖြစ်ကြသည်။ အဖြစ်မှန်ကို သူတို့တင်ပြပြောဆိုကြသည့်အခါ မျက်ရည်ကျကြသည်။ ကလေးသူငယ်များစွာ—ထင်သည်ထက်များပြားစွာ—တို့သည် ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့ကြပြီ။ မခံရပ်နိုင်အောင် ပျော်ရွှင်လွန်း၍မဟုတ်ဘဲ ငယ်လွန်းသည့်အရွယ်တွင် သူတို့သည် ‘တာဝန်ယူ’ နေကြရသောကြောင့် ပျော်ရွှင်မှုမရှိ၊ ဂရုစိုက်မည့်သူမရှိ၊ ဖိစီးမှုများလွန်းနေ၍ မနိုင်ဝန်ထမ်းနေရသည်ဟု ခံစားကြရသောကြောင့်ဖြစ်သည်။” သူမက ဤသို့ဆက်ပြောသည်– “မိမိသည် တာဝန်ခံဖြစ်နေရသည်ဟု ခံစားရခြင်းသည် လူငယ်တစ်ယောက်အတွက် အလွန်ထိတ်လန့်စရာဖြစ်သည်။” မှန်ပါသည်၊ ကလေးသူငယ်များသည် ပဲ့ပြင်ဆုံးမမှုကို ငြင်းဆိုပေမည်။ သို့သော် အမှန်မှာ မိဘတို့၏လမ်းပြညွှန်ကြားမှုနှင့် ကန့်သတ်ချက်များကို သူတို့တန်ဖိုးထားကြ၏။ မိဘများသည် သူတို့ကို စည်းကမ်းသတ်မှတ်ပေးသည့်အထိ သူတို့ကိုဂရုစိုက်ခြင်းကို ကျေနပ်ကြသည်။ ထိုသို့ပြုလုပ်သောမိဘ၏ ဆယ်ကျော်သက်ကလေးတစ်ဦးက “အဲ့ဒါကြောင့် ကျွန်မစိတ်ပေါ့သွားတယ်” ဟူ၍ပြောသည်။

၁၆။ (က) ခရစ်ယာန်အိမ်ထောင်များတွင် ကြီးပြင်းလာသော ကလေးသူငယ်အချို့သည် မည်သို့ဖြစ်သွားသနည်း။ (ခ) ကလေးတစ်ဦး၏ ထင်ရာစိုင်းသောလမ်းစဉ်ကြောင့် မိဘများ၏လေ့ကျင့်ပေးမှုမကောင်းပါဟူ၍ အဘယ်ကြောင့် မဆိုနိုင်သနည်း။

၁၆ သို့တိုင် မိဘ၏ချစ်ခင်ယုယမှုနှင့် ကောင်းစွာလေ့ကျင့်မှုပေးခံရသော်လည်း ယေရှု၏ပုံဥပမာပါ သားမိုက်နည်းတူ မိဘ၏ လမ်းပြညွှန်ကြားမှုကိုငြင်းပယ်ပြီး လမ်းလွဲသော လူငယ်အချို့ရှိသည်။ (လုကာ ၁၅:၁၁-၁၆) ထိုသို့ဖြစ်ပျက်ခြင်းကိုယ်နှိုက်က နယပုံပြင် ၂၂:၆ ညွှန်ကြားသည့်အတိုင်း ကလေးသူငယ်ကို ကောင်းစွာလေ့ကျင့်ပေးရန် မိဘများပျက်ကွက်သည်ဟူ၍ ဆိုနိုင်စရာမဟုတ်ပါ။ ‘သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လျှင် သူသည် ထိုလမ်းမှမလွှဲ’ ဟူသောစကားကို ယေဘုယျစည်းမျဉ်းအဖြစ်ပေးထားခြင်းဖြစ်သည်။ ဝမ်းနည်းစရာမှာ သားမိုက်နည်းတူ ကလေးသူငယ်အချို့သည် ‘မိဘစကားကို မထီလေးစားပြု’ ကြပေမည်။—သု. ၃၀:၁၇၊ ကဘ။

၁၇။ ထင်ရာစိုင်းသောကလေးသူငယ်များ၏မိဘတို့သည် အဘယ်အကြောင်းမှ နှစ်သိမ့်မှုရယူနိုင်သနည်း။

၁၇ ထင်ရာစိုင်းသောသားတစ်ဦး၏ ဖခင်က ဤသို့ဝမ်းနည်းစွာ ပြောသည်– “သူ့နှလုံးကိုထိမိဖို့ ကျွန်တော်အကြိမ်ကြိမ်ကြိုးစားခဲ့တယ်ဗျာ။ နည်းမျိုးစုံလည်း ကြိုးစားခဲ့ပြီးပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိတော့ဘူး။ ဘယ်နည်းနှင့်မှလည်း မအောင်မြင်ဘူး။” ဤကဲ့သို့ ထင်ရာစိုင်းတတ်သောကလေးသူငယ်များသည် သားမိုက်နည်းတူ အချိန်တန်လျှင် ခံစားခဲ့ရသော မေတ္တာပါသည့်လေ့ကျင့်သွန်သင်မှုကို သတိရကာ ပြန်လှည့်လာမည်ဟု မျှော်လင့်နိုင်သည်။ သို့သော် ကလေးအချို့သည် ကလန်ကဆန်ပြုမူပြီး စာရိတ္တယိုယွင်းကြသဖြင့် သူတို့၏မိဘများ စိတ်ဆင်းရဲကြရသည်မှာအမှန်။ ကမ္ဘာပေါ်တွင်အသက်ရှင်ခဲ့သော အကြီးမြတ်ဆုံးဆရာပင်လျှင် သူ၏သွန်သင်မှုကို ကြာမြင့်စွာခံယူခဲ့သည့် ယုဒရှကာရုတ်၏ သစ္စာဖောက်မှုကိုခံခဲ့ရသည့်အဖြစ်မှ မိဘများသည် နှစ်သိမ့်မှုရယူနိုင်ပေမည်။ ယေဟောဝါကိုယ်တော်တိုင်လည်း မိမိဘက်မှ အပြစ်ဆိုဖွယ်ရာအကြောင်းမရှိလျက်ပင် ဝိညာဏသားများစွာတို့က ကိုယ်တော်၏သြဝါဒစကားကို ငြင်းပယ်ကာ ပုန်ကန်ခဲ့ကြသောကြောင့် အမှန်ဝမ်းနည်းတော်မူခဲ့မည်။—လုကာ ၂၂:၄၇၊ ၄၈; ဗျာဒိတ် ၁၂:၉။

သားသမီးတို့—မည်သူ၏အလိုကို လိုက်မည်နည်း

၁၈။ ဘုရားသခင်ကိုရှေးဦးထားကြောင်း ကလေးသူငယ်များအနေနှင့် မည်သို့ဖော်ပြနိုင်သနည်း။

၁၈ အသင်လူငယ်များကို ယေဟောဝါ ဤသို့တိုက်တွန်းတော်မူသည်– “သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။” (ဧဖက် ၆:၁) ဤသို့ပြုခြင်းအားဖြင့် လူငယ်များသည် ဘုရားသခင်ကို ရှေးဦးထားကြသည်။ မမိုက်ကြပါနှင့်! “မိုက်သောသူသည် အဖသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏” ဟုဘုရားသခင်၏နှုတ်ကပါဌ်တော်ကဆိုသည်။ သင်သည် ပဲ့ပြင်ဆုံးမမှုခံရစရာမလိုဟူ၍ ထောင်လွှားစွာ မယူမှတ်သင့်ပါ။ အမှန်မှာ “ကိုယ်စင်ကြယ်သည်ဟုထင်လျက် အညစ်အကြေးကိုမဆေးသေးသောလူမျိုးတစ်ဆက်” ရှိ၏။ (သု. ၁၅:၅; ၃၀:၁၂၊ သမ) ထို့ကြောင့် ဘုရားသခင်၏လမ်းညွှန်မှုကိုလိုက်နာပါလေ—မိဘ၏ပညတ်များနှင့် ဆုံးမစကားတို့ကို “နားထောင်လော့”၊ “ပိုက်ကျုံး” လော့၊ “မမေ့နှင့်”၊ “စေ့စေ့မှတ်” ပါ၊ “စောင့်ထိန်းလော့”၊ “မစွန့်” နှင့်။—သု. ၁:၈; ၂:၁၊ သမ; ၃:၁; ၄:၁; ၆:၂၀၊ သမ။

၁၉။ (က) ကလေးသူငယ်များသည် ယေဟောဝါ၏စကားကိုနားထောင်ရန် အဘယ်လေးနက်ခိုင်လုံသောအကြောင်းပြချက်များရှိသနည်း။ (ခ) လူငယ်များသည် ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၁၉ ယေဟောဝါ၏စကားကိုနားထောင်ရန် သင့်မှာ လေးနက်ခိုင်လုံသောအကြောင်းပြချက်များရှိသည်။ သင့်ကို ကိုယ်တော်ချစ်တော်မူသောကြောင့် သင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ ပျော်ရွှင်မှုရရှိစေရန် အကူအညီပေးလို၍ သားသမီးတို့သည် မိဘစကားကိုနားထောင်ရမည်ဟူသောပညတ်အပါအဝင် ပညတ်များစွာကို ပေးထားတော်မူပြီ။ (ဟေရှာယ ၄၈:၁၇) သင်သည် အပြစ်နှင့်သေခြင်းမှ ကယ်တင်ခံရပြီး ထာဝရအသက်ခံစားနိုင်ရန် ကိုယ်တော့်သားတော်ကိုလည်း အသေခံစေတော်မူခဲ့ပြီ။ (ယောဟန် ၃:၁၆) သင်ကျေးဇူးတင်ပါသလော။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ သင့်ကို ငုံ့၍ကြည့်ရှုနေတော်မူသည်၊ သင်သည် ကိုယ်တော်ကို အမှန်တကယ်ချစ်မြတ်နိုးပြီး ပြင်ဆင်တော်မူချက်များကို တန်ဖိုးထားမထား သင့်နှလုံးကို စစ်ကြောစီရင်နေတော်မူသည်။ (ဆာလံ ၁၄:၂) စာတန်သည်လည်း ကြည့်ရှုနေသည်။ သင်သည် ဘုရားသခင်၏စကားကို နားထောင်မည်မဟုတ်ပါဟူ၍ဆိုကာ ကိုယ်တော်ကို ကဲ့ရဲ့နေသည်။ သင်သည် ကိုယ်တော်၏စကားကို နားမထောင်သည့်အခါ စာတန်ကိုပျော်ရွှင်စေပြီး ယေဟောဝါကို “စိတ်တော်နာ” စေရာရောက်သည်။ (ဆာလံ ၇၈:၄၀၊ ၄၁) ယေဟောဝါသည် သင့်ကို ဤသို့မေတ္တာရပ်ခံသည်– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) မှန်ပါသည်၊ မေးစရာကား သင်သည် မည်သူ့အလိုကိုလိုက်မည်နည်း။ စာတန်၏အလိုကိုလော၊ ယေဟောဝါ၏အလိုတော်ကိုလော။

၂၀။ ကြောက်သည့်အခါ၌ပင် ယေဟောဝါကိုဝတ်ပြုနိုင်သည့်သတ္တိကို လူငယ်တစ်ဦးထိန်းသိမ်းရန် မည်သို့ပြုလုပ်သနည်း။

၂၀ သင့်အပေါ် စာတန်နှင့် သူ၏လောကသက်ရောက်စေသည့် ဖိစီးမှုများကြောင့် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် မလွယ်ကူပါ။ တကယ်ထိတ်လန့်စရာဖြစ်နိုင်သည်။ လူငယ်တစ်ဦးက ဤသို့မှတ်ချက်ချသည်– “ကြောက်လန့်တာဟာ ချမ်းတာနဲ့တူတယ်။ အဲဒါကိုဖြေဖျောက်နိုင်တယ်။” သူမက ဤသို့ရှင်းပြသည်– “ချမ်းတယ်ဆိုရင် အနွေးထည်ဝတ်လိုက်နိုင်တယ်။ ချမ်းနေသေးတယ်ဆိုရင် နောက်ထပ်တစ်ထည် ဝတ်လိုက်နိုင်တယ်။ မချမ်းတော့တဲ့အထိ တစ်ထပ်ပြီးတစ်ထပ်ဝတ်နိုင်တယ်။ အဲ့ဒါကြောင့် ကြောက်တဲ့အခါ ယေဟောဝါကိုဆုတောင်းတာဟာ ချမ်းလို့ အနွေးထည်ဝတ်တာနဲ့တူတယ်။ တစ်ကြိမ်ဆုတောင်းပြီးနောက် ကြောက်နေသေးရင် ကျွန်မမကြောက်တော့တဲ့အထိ ထပ်ခါထပ်ခါ ဆုတောင်းတယ်။ တကယ်လည်း အောင်မြင်တယ်။ အဲ့ဒီလိုလုပ်လို့ ကျွန်မဒုက္ခမရောက်ခဲ့တာ။”

၂၁။ ကျွန်ုပ်တို့အသက်တာတွင် ဘုရားသခင်ကို အမှန်တကယ်ရှေးဦးထားမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့အား မည်သို့အားပေးထောက်မမည်နည်း။

၂၁ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ဘုရားသခင်ကို အမှန်တကယ်ရှေးဦးထားကြမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို အားပေးထောက်မတော်မူမည်။ ကျွန်ုပ်တို့ကို ကိုယ်တော်ခွန်အားပေးမည်။ လိုအပ်သည့်အခါ သားတော်အတွက် ပြုတော်မူသည့်နည်းတူ ကောင်းကင်တမန်များ၏အကူအညီကို ပေးသနားတော်မူလိမ့်မည်။ (မဿဲ ၁၈:၁၀; လုကာ ၂၂:၄၃) အသင် မိဘနှင့်သားသမီးတို့၊ ရဲရင့်ခြင်း ရှိကြလော့။ ခရစ်တော်တင်ပြခဲ့သော ကြောက်ရွံ့ခြင်းစိတ်မျိုးကို မွေးယူပါ။ သင်တို့ကို ပျော်ရွှင်မှုရရှိစေမည်။ (ဟေရှာယ ၁၁:၃) မှန်ပါသည်၊ “ပညတ်တော်များကိုစောင့်ရှောက်၍ စစ်မှန်သောဘုရားသခင်ကိုခန့်ညားကြောက်ရွံ့လော့။ အကြောင်းမူကား၊ ယင်းသည် လူ၏ အလုံးစုံတာဝန်ဖြစ်သည်။”—ဒေသနာ ၁၂:၁၃၊ ကဘ။

သင်ဖြေနိုင်သလော

◻ ယေရှု၏အစောပိုင်းတပည့်နောက်လိုက်များသည် အဘယ်တာဝန်များကို ဟန်ချက်ညီညီဆောင်ရွက်ဖို့လိုခဲ့သနည်း။

◻ ခရစ်ယာန်မိဘများသည် အဘယ်တာဝန်ကို ကျေပွန်ရမည်နည်း။

◻ အိမ်ထောင်ရှိသော အကြီးအကဲများအတွက် အဘယ်အကူအညီရှိသနည်း။

◻ အသင်းတော်တွင် ညီအစ်မများသည် အဘယ်တန်ဖိုးရှိလုပ်ငန်းကို လုပ်ဆောင်နိုင်ကြသနည်း။

◻ ကလေးသူငယ်များသည် အဘယ်ဆုံးမသြဝါဒစကားနှင့် လမ်းပြညွှန်ကြားမှုကို လိုက်နာရန် အရေးကြီးသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရင့်ကျက်သော ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ငယ်ရွယ်သောအမျိုးသမီး လိုအပ်သော အကူအညီကို များသောအားဖြင့်ပေးနိုင်သည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ထင်ရာစိုင်းသောကလေးသူငယ်များ၏ မိဘတို့သည် အဘယ်နှစ်သိမ့်မှုကို ကျမ်းစာမှရရှိနိုင်သနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ