ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇန်နဝါရီ စာ. ၂၇-၃၁
  • လူတွေရဲ့ ခြားနားမှုကို ကြည့်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေရဲ့ ခြားနားမှုကို ကြည့်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ
  • တခြားသူတွေနဲ့ ဆက်ဆံပုံ
  • ဝံပုလွေများနဲ့ သိုးငယ်များ
  • “အဲဒီလူတွေကို ရှောင်ပါ”
  • အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော
    နိုးလော့!—၂၀၀၇
  • ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇန်နဝါရီ စာ. ၂၇-၃၁
သားအမိနှစ်ယောက် အငြင်းပွားနေကြ၊ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် အတူ အလုပ်လုပ်နေကြ

လူတွေရဲ့ ခြားနားမှုကို ကြည့်ပါ

“ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ . . . ရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်။” —မာလ. ၃:၁၈။

သီချင်း– ၁၂၇၊ ၁၀၁

သင် မှတ်မိသလား

  • ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံကို ဘယ်လို တိုးတက်စေနိုင်သလဲ။

  • တခြားသူတွေနဲ့ ဆက်ဆံပုံကို ဘယ်လို တိုးတက်စေနိုင်သလဲ။

  • ကိုယ်ရည်ကိုယ်သွေး ပိုကောင်းမွန်အောင် လုပ်ဆောင်ရာမှာ ဘယ်လို တိုးတက်စေနိုင်သလဲ။

၁၊ ၂။ ယနေ့ ဘုရားလူမျိုး ဘာအခက်အခဲ ကြုံတွေ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

ကျန်းမာရေးဝန်ထမ်းများစွာဟာ ကူးစက်ရောဂါရှိသူတွေကြားမှာ အလုပ်လုပ်ကြတယ်။ လူနာတွေကို ကူညီပေးချင်လို့ ပြုစုကြတယ်။ ဒါပေမဲ့ ကိုယ်ကုသပေးနေတဲ့ရောဂါ ကိုယ့်ကို မကူးစက်အောင် ကာကွယ်ဖို့ လိုတယ်။ အလားတူပဲ ကျွန်တော်တို့အများစုဟာ ဘုရားရေးရာ အရည်အသွေးတွေနဲ့ ဆန့်ကျင်တဲ့ သဘောထားတွေ၊ စရိုက်တွေ ကူးစက်ခံရသူတွေကြားမှာ နေထိုင်လုပ်ကိုင်ကြရတယ်။ ဒါဟာ ကျွန်တော်တို့အတွက် စိန်ခေါ်ချက်ပါပဲ။

၂ ဒီနောက်ဆုံးကာလမှာ ကိုယ်ကျင့်တရားတွေ ပရမ်းပတာဖြစ်နေတယ်။ တိမောသေဆီ ရေးတဲ့ တမန်တော်ပေါလုရဲ့ ဒုတိယစာစောင်မှာ ဘုရားသခင်နဲ့ ကင်းကွာနေသူတွေရဲ့ စရိုက်တွေအကြောင်း ဖော်ပြထားတယ်။ အဲဒီစရိုက်တွေ ပိုများလာတယ်။ (၂ တိမောသေ ၃:၁-၅၊ ၁၃ ကိုဖတ်ပါ။) အဲဒီအကျင့်စရိုက်တွေ ပျံ့နှံ့မှုကြောင့် ထိတ်လန့်မိနိုင်ပေမဲ့ အဲဒီလိုလူတွေရဲ့ အပြုအမူတွေ၊ သဘောထားတွေ ကျွန်တော်တို့ကို လွှမ်းမိုးလာနိုင်တယ်။ (ပညာ. ၁၃:၂၀) နောက်ဆုံးကာလမှာ လူတွေ တင်ပြတဲ့ အရည်အသွေးတွေနဲ့ ဘုရားလူမျိုးတွေ တင်ပြတဲ့ အရည်အသွေးတွေ ကွာခြားပုံကို ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။ တခြားသူတွေကို ဘုရားရေးရာပိုင်း ကူညီပေးရင်း မကောင်းတဲ့စရိုက်တွေ ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကိုလည်း ဆွေးနွေးသွားပါမယ်။

၃။ တိမောသေ ဒုတိယစောင် ၃:၂-၅ မှာပါတဲ့ အကျင့်စရိုက်တွေက ဘယ်သူတွေနဲ့ သက်ဆိုင်သလဲ။

၃ “နောက်ဆုံးကာလဟာ အလွန်ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ ပြီးတော့ ဒီကာလမှာ လူတွေ တင်ပြမယ့် မကောင်းတဲ့စရိုက်၊ အရည်အသွေး ၁၉ မျိုးကို စာရင်းပြုဖော်ပြခဲ့တယ်။ ဒီစာရင်းဟာ ရောမ ၁:၂၉-၃၁ မှာ တွေ့ရတဲ့စာရင်းနဲ့ အတူတူပဲ။ ဒါပေမဲ့ တိမောသေဆီ ရေးတဲ့ ပေါလုရဲ့ စာထဲက စာရင်းမှာ တခြားခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ မတွေ့ရတဲ့ အသုံးအနှုန်းတွေ ပါဝင်တယ်။ “လူတွေဟာ . . . ” လို့ အစချီပြီး ဘုရားမဲ့တဲ့ အကျင့်စရိုက်တွေကို ပေါလု ဖော်ပြတယ်။ “လူတွေ” ဆိုတဲ့စကားလုံးဟာ ဒီလိုအကျင့်စရိုက်တွေ တင်ပြတဲ့ အမျိုးသား/သမီးတွေကို ဆိုလိုတယ်လို့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဒီအကျင့်စရိုက်တွေကို လူအားလုံး တင်ပြတာတော့ မဟုတ်ဘူး။ ခရစ်ယာန်တွေမှာ ခြားနားတဲ့စရိုက်တွေ ရှိကြတယ်။—မာလခိ ၃:၁၈ ကိုဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ

၄။ မာနကြီးတဲ့သူတွေကို ဘယ်လို ဖော်ပြမလဲ။

၄ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူတွေ၊ ငွေကို တပ်မက်သူတွေ ဖြစ်ကြမယ်လို့ ဖော်ပြပြီးတဲ့နောက် ဝါကြွားသူ၊ မောက်မာသူ၊ မာနထောင်လွှားသူ ဖြစ်ကြမယ်လို့လည်း ပေါလု ရေးသားခဲ့တယ်။ ဒီအရည်အသွေးတွေဟာ ကိုယ့်အစွမ်းအစ၊ ရုပ်ရည်အသွင်အပြင်၊ စည်းစိမ်ချမ်းသာ၊ အဆင့်အတန်းတွေကြောင့် သူတစ်ပါးထက် သာလွန်တယ်လို့ ယူမှတ်စေတယ်။ ဒီလိုစရိုက်မျိုး ရှိတဲ့သူတွေဟာ လေးစားအထင်ကြီးမှု ရချင်ကြတယ်။ မာနကြီးသူဟာ “ငါသာလျှင် ငါ့ကိုးကွယ်ရာ” ဆိုပြီး ထင်နေတတ်တယ်လို့ ပညာရှင်တစ်ယောက် ရေးတယ်။ မာနကြီးလွန်းခြင်းဟာ မနှစ်မြို့ဖွယ်ကောင်းလို့ မာနကြီးသူကတောင် တခြားသူတွေ မာနကြီးတာကို မကြိုက်ဘူးလို့ တချို့ ဆိုကြတယ်။

၅။ သစ္စာရှိကျေးကျွန်တွေတောင် ဘယ်လို မာနစိတ် ဝင်သွားကြ သလဲ။

၅ မာနကြီးတာကို ယေဟောဝါ စက်ဆုပ်တယ်။ “မောက်မာတဲ့မျက်လုံး” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) မာနက ဘုရားသခင်ထံချဉ်းကပ်ဖို့ အတားအဆီး ဖြစ်စေတယ်။ (ဆာ. ၁၀:၄) အဲဒါက မာရ်နတ်ရဲ့ စရိုက်ပဲ။ (၁ တိ. ၃:၆) ဝမ်းနည်းစရာက ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တချို့တောင် မာနစိတ် ဝင်ခဲ့ကြတယ်။ ယုဒဘုရင် ဩဇိဟာ နှစ်များစွာ သစ္စာရှိခဲ့တယ်။ “ဒါပေမဲ့ ဩဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး နံ့သာပေါင်းပလ္လင်မှာ နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာ. ၂၆:၁၆။ ၃၂:၂၅၊ ၂၆။

၆။ ဘာက ဒါဝိဒ်ကို မာနကြီးစေနိုင်သလဲ။ ဒါပေမဲ့ ဘာကြောင့် မာနမကြီးသလဲ။

၆ လူတချို့ဟာ ကိုယ့်ရုပ်ရည်၊ ကျော်ကြားမှု၊ ဂီတစွမ်းရည်၊ ခွန်အား၊ အစွမ်းအစ၊ အဆင့်အတန်းတို့ကြောင့် မာနကြီးလာကြတယ်။ ဒါတွေအားလုံးကို ဒါဝိဒ် ပိုင်ဆိုင်ထားပေမဲ့ ဘဝတစ်လျှောက်လုံး နှိမ့်ချနေခဲ့တယ်။ ဂေါလျတ်ကို သတ်ပြီး ဘုရင်ရှောလုရဲ့ သမီးတော်နဲ့ ထိမ်းမြားဖို့ ကမ်းလှမ်းခံရတဲ့အခါ “ကျွန်တော့်ဆွေမျိုးတွေ၊ အဖေ့အိမ်သားတွေက အစ္စရေးလူမျိုးမှာ ဘယ်သူတွေမို့လို့လဲ။ ကျွန်တော့်လိုလူစားမျိုးဟာ ဘုရင့်သမက် မဖြစ်ထိုက်ပါဘူး” လို့ ပြောခဲ့တယ်။ (၁ ရှ. ၁၈:၁၈) ဘာက ဒါဝိဒ်ကို နှိမ့်ချစေခဲ့တာလဲ။ ဘုရားသခင်က ကိုယ့်ကိုယ်ကိုယ် “ကိုင်းညွတ်” နှိမ့်ချပြီး ဂရုစိုက်ပေးတဲ့အတွက် ဒီအရည်အသွေးတွေ၊ စွမ်းရည်တွေ၊ အခွင့်ထူးတွေ ဒါဝိဒ် ရရှိထားတယ်။ (ဆာ. ၁၁၃:၅-၈) ယေဟောဝါဆီက မရဘဲ ကောင်းတဲ့အရာတစ်ခုမှ မပိုင်ဆိုင်နိုင်ကြောင်း ဒါဝိဒ် သိထားတယ်။—၁ ကောရိန္သု ၄:၇ နဲ့ နှိုင်းယှဉ်ပါ။

၇။ နှိမ့်ချဖို့ ဘာက ကူညီပေးမလဲ။

၇ ဒါဝိဒ်လိုပဲ ဒီနေ့ ယေဟောဝါရဲ့ လူတွေလည်း နှိမ့်ချဖို့ ကြိုးစားကြတယ်။ စကြဝဠာမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ် ယေဟောဝါက ဒီနှစ်လို့ဖွယ် နှိမ့်ချမှု အရည်အသွေးကို တင်ပြကြောင်း သိရတဲ့အတွက် ကျွန်တော်တို့ အံ့ဩကြတယ်။ (ဆာ. ၁၈:၃၅) “ချစ်ခင်စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ” ဆိုတဲ့ ကျမ်းစကားကို ကျွန်တော်တို့ ကြိုးစားကျင့်သုံးကြတယ်။ (ကော. ၃:၁၂) မေတ္တာဟာ “မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး” ဆိုတာကိုလည်း သိထားကြတယ်။ (၁ ကော. ၁၃:၄) ကျွန်တော်တို့ နှိမ့်ချမှု တင်ပြတဲ့အခါ ယေဟောဝါဆီ လူတွေ ချဉ်းကပ်ချင်လာကြတယ်။ ဇနီးရဲ့ အမူအကျင့်ကြောင့် စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ခင်ပွန်း ယုံကြည်သူ ဖြစ်လာနိုင်သလိုပဲ ဘုရားလူမျိုး တင်ပြတဲ့ နှိမ့်ချမှုကြောင့် တခြားသူတွေကို ဘုရားသခင်ဆီ ဆွဲဆောင်နိုင်တယ်။—၁ ပေ. ၃:၁။

တခြားသူတွေနဲ့ ဆက်ဆံပုံ

၈။ (က) မိဘစကား နားမထောင်တာကို တချို့သူတွေ ဘယ်လို ရှုမြင်ကြသလဲ။ (ခ) ဘာလုပ်ဖို့ သားသမီးတွေကို ကျမ်းစာ သတိပေးသလဲ။

၈ နောက်ဆုံးကာလမှာ လူတွေ အချင်းချင်း ဘယ်လို ဆက်ဆံကြမယ်ဆိုတာကို ပေါလု ဖော်ပြခဲ့တယ်။ နောက်ဆုံးကာလမှာ သားသမီးတွေဟာ မိဘစကား နားမထောင်သူတွေဖြစ်မယ်လို့ ရေးခဲ့တယ်။ တစ်ခါတလေ အဲဒီအမူအကျင့်ကို လက်သင့်ခံတဲ့အပြင် ဒီနေ့ စာအုပ်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အားပေးအားမြှောက်ပြုလာကြတယ်။ ဒါပေမဲ့ မနာခံမှုက လူ့ဘောင်မှာ အရေးကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ မိသားစု တည်ငြိမ်မှုကို လှိုက်စားစေတယ်။ ဒီသဘောတရားကို သဘာပေါက်ထားတာ ကြာလှပါပြီ။ စိတ်ဝင်စားစရာက ရှေးဂရိနိုင်ငံမှာ မိဘကို ရိုက်ပုတ်ရင် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။ ရောမဥပဒေမှာ ဖခင်ကို ရိုက်ပုတ်တာက လူသတ်မှုလောက် အပြစ်ကြီးတယ်။ ဟီဘရူးကျမ်းစောင်တွေနဲ့ ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ သားသမီးတွေ မိဘကို ရိုသေဖို့ သတိပေးထားတယ်။—ထွ. ၂၀:၁၂။ ဧ. ၆:၁-၃။

၉။ မိဘစကား နားထောင်ဖို့ လူငယ်တွေကို ဘာက ကူညီပေးမလဲ။

၉ မိဘတွေ လုပ်ပေးခဲ့တာတွေကို စဉ်းစားခြင်းအားဖြင့် မနာခံတဲ့သဘောထား ကူးစက်မခံရအောင် သားသမီးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ အဖဘုရားသခင်က နာခံဖို့ တောင်းဆိုထားကြောင်း နားလည်ထားခြင်းအားဖြင့် ကျေးဇူးတင်တတ်တဲ့သဘောထား မွေးမြူနိုင်တယ်။ လူငယ်တွေအနေနဲ့ မိဘတွေအကြောင်း အကောင်းပြောဆိုခြင်းအားဖြင့် မိဘတွေအပေါ် အကောင်းမြင်တတ်အောင် တခြားလူငယ်တွေကိုလည်း ကူညီပေးနိုင်တယ်။ မိဘတွေက သားသမီးတွေကို ချစ်ခင်တွယ်တာစိတ် မရှိရင် သားသမီးတွေ နာခံဖို့ ခက်နိုင်တယ်။ မိဘတွေရဲ့ စစ်မှန်တဲ့မေတ္တာကို လူငယ်တွေ ခံစားမိရင် နာခံဖို့ ခက်တဲ့အခါတောင်မှ မိဘတွေအကြိုက် လုပ်ဆောင်ချင်စိတ် ရှိမယ်။ “အိမ်ကနေ ထွက်သွားချင်တဲ့အခါတွေ ရှိပေမဲ့ မိဘတွေက အကျိုးသင့်အကြောင်းသင့်ရှိတဲ့ လမ်းညွှန်ချက်တွေ ချပေးတယ်၊ စည်းကမ်း ထုတ်ရတဲ့အကြောင်းရင်းတွေ ရှင်းပြတယ်၊ လွတ်လွတ်လပ်လပ် ပြောဆိုဆက်သွယ်တယ်။ အဲဒါက နာခံတတ်ဖို့ ကူညီပေးတယ်။ ကျွန်တော့်ကို ဂရုစိုက်ကြမှန်း၊ သူတို့နဲ့ အဆင်ပြေစေချင်မှန်း သိနိုင်တယ်” လို့ ဩစတင် ပြောတယ်။

၁၀၊ ၁၁။ (က) လူတွေမှာ အချင်းချင်းချစ်တဲ့ မေတ္တာမရှိကြောင်း ဘယ်စရိုက်တွေက ဖော်ပြသလဲ။ (ခ) ခရစ်ယာန်စစ်တွေဟာ လူလူချင်းကို ဘယ်အတိုင်းအတာထိ ချစ်ကြမလဲ။

၁၀ လူတွေ အချင်းချင်း မချစ်ကြဘူးဆိုတာကို ဖော်ပြတဲ့ တခြားမကောင်းတဲ့အရည်အသွေးတွေကို ပေါလု ဖော်ပြတယ်။ “မိဘစကား နားမထောင်သူ” နောက်မှာ ကျေးဇူးကန်းသူလို့ ဖော်ပြတာက သင့်လျော်ပါတယ်။ တခြားသူတွေ ပြတဲ့ကြင်နာမှုကို ကျေးဇူးတင်စိတ် မရှိသူတွေရဲ့ သဘောထားကို ဖော်ပြလို့ပဲ။ လူတွေဟာ သစ္စာမရှိသူတွေလည်း ဖြစ်ကြမယ်။ ညှိနှိုင်းလို့ မရသူတွေ ဖြစ်ကြမယ်။ တခြားသူတွေနဲ့ သင့်မြတ်လိုစိတ် ရှိကြမှာ မဟုတ်ဘူး။ ဘုရားကို စော်ကားပြောဆိုသူ၊ သစ္စာဖောက်သူ ဖြစ်ကြမယ်။ လူတွေကိုရော ဘုရားသခင်ကိုပါ ရိုင်းရိုင်းစိုင်းစိုင်း ထိခိုက်ပြောဆိုကြမယ်။ သွားပုပ်လေလွင့်ပြောသူ ဖြစ်ကြမယ်။ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ရည်ရွယ်ချက်နဲ့ ထိခိုက်ပြောဆိုကြမယ်။a

၁၁ ယေဟောဝါကို ကိုးကွယ်တဲ့သူတွေဟာ အချင်းချင်း စစ်မှန်တဲ့မေတ္တာ အမြဲတမ်း တင်ပြနေကြတဲ့အတွက် ဒီနေ့ မေတ္တာကင်းမဲ့နေတဲ့ လူတွေနဲ့ မတူကြဘူး။ လူလူချင်းကို ချစ်တဲ့မေတ္တာ အဂါးပေးဟာ ဘုရားသခင်ကို ချစ်တဲ့မေတ္တာပြီးရင် မောရှေပညတ်ရဲ့ ဒုတိယ အရေးကြီးဆုံးပညတ် ဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၂:၃၈၊ ၃၉) အချင်းချင်း ချစ်တဲ့မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတဲ့ အရည်အသွေး ဖြစ်မယ်လို့လည်း ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) အဲဒီခရစ်ယာန်မေတ္တာကို ရန်သူတွေအပေါ်လည်း ပြရမယ်။—မ. ၅:၄၃၊ ၄၄။

၁၂။ လူတွေကို ချစ်ကြောင်း ယေရှု ဘယ်လို ပြခဲ့သလဲ။

၁၂ ယေရှုဟာ တခြားသူတွေကို အလွန်ချစ်ကြောင်း ပြခဲ့တယ်။ ဘုရားနိုင်ငံတော် သတင်းကောင်းကို ဟောဖို့ တစ်မြို့ပြီးတစ်မြို့ သွားလာခဲ့တယ်။ မျက်မမြင်တွေ၊ ခြေဆွံ့သူတွေ၊ အနာကြီးရောဂါသည်တွေ၊ နားမကြားသူတွေကို ကောင်းအောင် လုပ်ပေးခဲ့တယ်။ လူသေတွေကို အသက်ပြန်ရှင်စေခဲ့တယ်။ (လု. ၇:၂၂) လူတွေရဲ့ မုန်းတီးမှု ခံရပေမဲ့ လူသားထုအတွက် အသက်ကို ပေးခဲ့တယ်။ ယေရှုရဲ့ မေတ္တာဟာ အဖဘုရားရဲ့ မေတ္တာကို အပြည့်အဝ ထင်ဟပ်တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ယေဟောဝါသက်သေတွေလည်း တခြားသူတွေအပေါ် ဘုရားရေးရာမေတ္တာ တင်ပြနေကြပါတယ်။

၁၃။ တခြားသူတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာက တခြားသူတွေကို ယေဟောဝါဆီ ဘယ်လို ဆွဲဆောင်နိုင်သလဲ။

၁၃ တခြားသူတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာက လူတွေကို ကောင်းကင်ဘုံစံ အဖဘုရားဆီ ဆွဲဆောင်တယ်။ ဥပမာ၊ ထိုင်းနိုင်ငံက လူတစ်ယောက်ဟာ ခရိုင်အစည်းအဝေးမှာ တွေ့ရတဲ့ ညီရင်းအစ်ကိုမေတ္တာကြောင့် ထိမိခဲ့တယ်။ အိမ်ပြန်တဲ့အခါ တစ်ပတ် နှစ်ကြိမ် ကျမ်းစာလေ့လာဖို့ တောင်းဆိုခဲ့တယ်။ ဆွေမျိုးသားချင်းအားလုံးကို ဟောပြောတယ်။ ခရိုင်အစည်းအဝေးပြီးလို့ ခြောက်လအကြာ နိုင်ငံတော်ခန်းမမှာ ပထမဆုံးအကြိမ် ကျမ်းစာဖတ်ရှုခြင်းတာဝန် ထမ်းဆောင်ခဲ့တယ်။ တခြားသူတွေအပေါ် မေတ္တာပြပုံကို ဆန်းစစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘မိသားစုမှာ၊ အသင်းတော်မှာ၊ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို ကူညီပေးဖို့ ကြိုးစားနေသလား။ တခြားသူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တတ်ဖို့ ကြိုးစားနေသလား။’

ဝံပုလွေများနဲ့ သိုးငယ်များ

၁၄၊ ၁၅။ လူများစွာမှာ ဘယ်တိရစ္ဆာန်စရိုက်တွေ ရှိသလဲ။ တချို့ ဘယ်လို ပြောင်းလဲခဲ့ကြသလဲ။

၁၄ နောက်ဆုံးကာလမှာ လူတွေ ပြနေတဲ့ တခြားအကျင့်စရိုက်တွေကြောင့်လည်း ခရစ်ယာန်တွေဟာ အဲဒီလူတွေနဲ့ ခပ်ခွာခွာ နေရမယ်။ ဘုရားတရားမဲ့သူတွေဟာ ကောင်းမြတ်ရာကို မုန်းတီးသူတွေ ဖြစ်ကြမယ်။ တခြားဘာသာပြန်ကျမ်းတွေမှာ “ကောင်းမှုကို မုန်းသူများ၊” “ကောင်းမှု မှန်သမျှရဲ့ ရန်သူများ” လို့ ပြန်ဆိုထားတယ်။ သူတို့ဟာ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ ဖြစ်ကြမယ်။ တချို့ကျတော့ တဇောက်ကန်းနိုင်သူ၊ တဇွတ်ထိုးနိုင်သူ၊ မဆင်မခြင်ပြုသူတွေ ဖြစ်ကြမယ်။

၁၅ ဒီလိုတိရစ္ဆာန်စရိုက်တွေ တင်ပြခဲ့ဖူးတဲ့သူများစွာဟာ အကောင်းဘက်ကို ပြောင်းလဲခဲ့ကြပြီ။ ဒီလိုပြောင်းလဲမှုကို ကျမ်းစာမှာ လှလှပပ ကြိုတင်ဖော်ကျူးထားတယ်။ (ဟေရှာယ ၁၁:၆၊ ၇ ကိုဖတ်ပါ။) အဲဒီမှာ သိုးငယ်၊ နွားကလေးစတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ သင့်မြတ်စွာ နေတဲ့ ဝံပုလွေ၊ ခြင်္သေ့စတဲ့ သားရိုင်းတွေအကြောင်း ဖတ်ရတယ်။ “ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့” သင့်မြတ်ငြိမ်သက်မှု လွှမ်းမိုးနေမှာကို သတိပြုကြည့်ပါ။ (ဟေရှာ. ၁၁:၉) တိရစ္ဆာန်တွေက ယေဟောဝါအကြောင်း မသင်ယူနိုင်ကြလို့ ဒီပရောဖက်ပြုချက် ပြည့်စုံမှုဟာ လူတွေနဲ့ သက်ဆိုင်တယ်။

အမျိုးသားတစ်ယောက်က အမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို လုနေ၊ ကျမ်းစာလေ့လာနေ၊ အကျင့်စရိုက် ပြောင်းလဲ

ကျမ်းစာမူတွေကို လိုက်နာခြင်းက ဘဝပုံစံတွေကို ပြောင်းလဲစေ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ကိုယ်ရည်ကိုယ်သွေးတွေ ပြောင်းလဲဖို့ လူတွေကို ကျမ်းစာ ဘယ်လို ကူညီပေးခဲ့ပြီလဲ။

၁၆ တစ်ချိန်က ဝံပုလွေတွေလို ကြမ်းကြုတ်ခဲ့ကြပေမဲ့ အခု တခြားသူတွေနဲ့ သင့်မြတ်စွာ နေထိုင်သူတွေ ရှိပါတယ်။ jw.org မှာပါတဲ့ သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင် ဆောင်းပါးတွဲတွေမှာ သူတို့အကြောင်း ဖတ်နိုင်တယ်။ ယေဟောဝါကို သိကျွမ်းဝတ်ပြုလာသူတွေဟာ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေနဲ့ မတူကြဘူး။ ဘုရားသခင်ကို ကိုးကွယ်ဟန်ဆောင်ပေမဲ့ တလွဲလုပ်နေတဲ့သူတွေ မဟုတ်ကြဘူး။ တစ်ချိန်က ကြမ်းကြုတ်ခဲ့သူတွေဟာ “စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင်ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်” ခဲ့ကြပြီ။ (ဧ. ၄:၂၃၊ ၂၄) လူတွေဟာ ယေဟောဝါအကြောင်း သိလာတာနဲ့အမျှ ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ လိုအပ်ကြောင်း သိလာကြတယ်။ ယုံကြည်ချက်တွေ၊ သဘောထားတွေ၊ အမူအကျင့်တွေ ပြောင်းလဲလာကြတယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ဖို့ မလွယ်ပေမဲ့ ဘုရားသခင့် အလိုတော်ကို စိတ်ရင်းမှန်စွာ ဆောင်ရွက်လိုသူတွေကို ဘုရားသခင့် စွမ်းအားတော်က ကူညီပေးပါမယ်။

“အဲဒီလူတွေကို ရှောင်ပါ”

၁၇။ ဘုရားတရားမဲ့တဲ့အကျင့်စရိုက် တင်ပြသူတွေရဲ့ လွှမ်းမိုးမှုကို ဘယ်လို ရှောင်နိုင်ကြမလဲ။

၁၇ ဘုရားသခင့် အလိုတော် ဆောင်တဲ့သူတွေနဲ့ မဆောင်တဲ့သူတွေရဲ့ ကွာခြားချက်က ပိုသိသာထင်ရှားလာတယ်။ ဘုရားသခင်ကို ဝတ်ပြုနေတဲ့ ကျွန်တော်တို့တစ်တွေဟာ တခြားသူတွေရဲ့ မကောင်းတဲ့ သဘောထားတွေ လွှမ်းမိုးမခံရအောင် သတိပြုရမယ်။ ၂ တိမောသေ ၃:၂-၅ မှာ ဖော်ပြထားသူတွေကို ရှောင်ပါဆိုတဲ့ ကျမ်းစကားကို လိုက်နာကြတယ်။ ဘုရားတရားမဲ့တဲ့ စရိုက်ရှိသူတွေကို လုံးဝ ရှောင်ဖို့ မဖြစ်နိုင်ဘူး။ သူတို့နဲ့အတူ အလုပ်လုပ်တာ၊ ကျောင်းတက်တာ၊ အတူနေထိုင်တာ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ အကျင့်စရိုက်တွေကိုတော့ ရှောင်ရမယ်။ ကျမ်းစာလေ့လာခြင်း၊ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ထားသူတွေနဲ့ အနီးကပ်ပေါင်းသင်းခြင်းအားဖြင့် ရှောင်နိုင်ပါတယ်။

၁၈။ ကျွန်တော်တို့ရဲ့ ပြုမူပြောဆိုပုံက တခြားသူတွေကို ဘယ်လို အကျိုးပြုနိုင်သလဲ။

၁၈ တခြားသူတွေကိုလည်း ဘုရားရေးရာပိုင်းမှာ ကူညီပေးဖို့ ကြိုးစားကြရမယ်။ သက်သေခံဖို့ အခွင့်အရေး ရှာပါ။ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့စကား ပြောဆိုတတ်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကျွန်တော်တို့ ယေဟောဝါသက်သေတွေ ဖြစ်တယ်ဆိုတာကို တခြားသူတွေ သိစေပါ။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းက ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ဘုရားသခင်ကို ဂုဏ်တင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ‘ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်တတ်အောင် လေ့ကျင့်ပေးခြင်း ခံရတယ်။ လက်ရှိ လောကစနစ်မှာ ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်လည်း လေ့ကျင့်ပေးခြင်း ခံရတယ်။’ (တိ. ၂:၁၁-၁၄) ဘုရားအလိုတော်နဲ့အညီ ကျင့်ကြံနေထိုင်မယ်ဆိုရင် တခြားသူတွေ သတိပြုမိပြီး “ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်” လို့တောင် ပြောကြပါလိမ့်မယ်။—ဇာ. ၈:၂၃။

a “သွားပုပ်လေလွင့်ပြောသူ၊” “စွပ်စွဲသူ” ဆိုတဲ့ ဂရိစကားလုံးဟာ ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်သူ စာတန်အတွက် သုံးတဲ့ဝေါဟာရ ဒိုင်အာဘိုလို့စ် ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ