အခန်း သုံး
“ဆွေးနွေးဆင်ခြင်ကြကုန်အံ့”
၁၊ ၂။ ယေဟောဝါသည် ယေရုရှလင်မြို့နှင့် ယုဒပြည်ရှိ အုပ်ချုပ်သူများ၊ ပြည်သူပြည်သားများကို မည်သူတို့နှင့် ခိုင်းနှိုင်းသနည်း၊ ၎င်းသည် အဘယ်ကြောင့် ခြေမြစ်ခိုင်လုံသနည်း။
ယေရုရှလင် မြို့သူမြို့သားများသည် ဟေရှာယ ၁:၁-၉ တွင် မှတ်တမ်းတင်ထားသော ပြစ်တင်ခံရသည့် စကားကို ကြားရပြီးနောက် မိမိတို့ဘက်မှ မှန်ကြောင်း တင်ပြလိုကြပေမည်။ သူတို့က ယေဟောဝါအား ပူဇော်သည့် ပူဇော်သကာအားလုံးကို ဂုဏ်ယူဝင့်ကြွားစွာ ထောက်ပြလိုကြမည်မှာ သေချာသည်။ သို့သော် အခန်းငယ် ၁၀ မှ ၁၅ တွင် ယင်းသို့သော စိတ်ထားများအပေါ် ယေဟောဝါ၏ တွေဝေသွားစေသည့် တုံ့ပြန်မှုကို ဖော်ပြသည်။ ဤသို့ စ၍ မိန့်တော်မူ၏– “သောဒုံမြို့ကို အစိုးရသော မင်းတို့ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။”—ဟေရှာယ ၁:၁၀။
၂ သောဒုံနှင့် ဂေါမောရ ဖျက်ဆီးခံရခြင်းမှာ ဖောက်ပြန်သော လိင်ဆိုင်ရာ အကျင့်အကြံများအပြင် သူတို့၏ နှလုံးခိုင်မာခြင်းနှင့် မာနထောင်လွှားခြင်းတို့ကြောင့်လည်း ပါသည်။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁; ၁၉:၄၊ ၅၊ ၂၃-၂၅; ယေဇကျေလ ၁၆:၄၉၊ ၅၀) ဟေရှာယ၏ ပရိသတ်သည် မိမိတို့ကို ထိုကျိန်ခြင်းခံရသော မြို့သားများနှင့် နှိုင်းသည်ကို ကြားသည့်အခါ ထိတ်လန့်သွားကြပေမည်။a သို့သော် ယေဟောဝါသည် မိမိလူမျိုးကို ထိုသို့ပင် ရှုမြင်ပြီး ဟေရှာယကလည်း သူတို့၏ “နား” ကို ကလိရန်အတွက် ဘုရားသခင့် သတင်းစကားကို အားမပျော့စေခဲ့ပါ။—၂ တိမောသေ ၄:၃။
၃။ လူများ၏ ပူဇော်သကာများကို “ဝပြီ” ဟု ယေဟောဝါ ဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း၊ ဤသို့ အဘယ်ကြောင့် ဖြစ်ရသနည်း။
၃ မိမိလူမျိုး၏ ဟန်ပြဝတ်ပြုကိုးကွယ်မှုနှင့်ပတ်သက်၍ ယေဟောဝါ မည်သို့ ခံစားရကြောင်း သတိပြုပါ။ “ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်။’” (ဟေရှာယ ၁:၁၁) ယေဟောဝါသည် လူများ၏ ပူဇော်သကာအပေါ် မှီခိုနေရခြင်း မဟုတ်ကြောင်း သူတို့ မေ့သွားကြသည်။ (ဆာလံ ၅၀:၈-၁၃) လူသားတို့ ပူဇော်နိုင်ဖွယ်ရှိသည့် အဘယ်အရာမျှ ကိုယ်တော်အတွက် မလိုအပ်ပါ။ ထို့ကြောင့် စိတ်မပါ့တပါဖြင့် ယဇ်များကို ပူဇော်နေခြင်းဖြင့် ဘုရားသခင်အား ကောင်းကျိုးပြုလုပ်နေခြင်း ဖြစ်သည်ဟု ယူမှတ်လျှင် သူတို့ အမှားကြီး မှားပါသည်။ ယေဟောဝါသည် ထိရောက်သော ဥပစာအသုံးအနှုန်းကို အသုံးပြုထားသည်။ “ငါဝပြီ” ဟူသော စကားအသုံးအနှုန်းကို “ငါအီနေပြီ” သို့မဟုတ် “ပြည့်ကယ်နေပြီ” ဟူ၍လည်း ပြန်ဆိုနိုင်သည်။ ထပ်၍ မြင်လျှင် ပျို့အန်ချင်လောက်သည့်အထိ စားပိုးနင့်နေသည့် အဖြစ်မျိုး ကြုံဖူးပါသလော။ ယေဟောဝါသည် ထိုပူဇော်သကာများကို မြင်လိုက်သည်နှင့် တကယ်ပင် ပျို့အန်ချင်နေသည်!
၄။ ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ လူများ လာကြခြင်း၏ အချည်းနှီး ဖြစ်မှုကို ဟေရှာယ ၁:၁၂ က မည်သို့ ဖော်ပြသနည်း။
၄ ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “သင်တို့သည် ငါ့ရှေ့မှာ မျက်နှာပြခြင်းငှာ လာကြသောအခါ ငါ့တံတိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူ တောင်းသနည်း။” (ဟေရှာယ ၁:၁၂) လူများသည် ‘ကိုယ်တော်ကို မျက်နှာပြရန် လာရမည်၊’ ဆိုလိုသည်မှာ ယေရုရှလင်မြို့တွင် ရှိသော ကိုယ်တော်၏ ဗိမာန်တော်သို့ လာရမည် ဟူသည့် တောင်းဆိုချက်မှာ ယေဟောဝါ ကိုယ်တော်တိုင် ထုတ်ဆင့်ထားသော ပညတ် မဟုတ်လော။ (ထွက်မြောက်ရာ ၃၄:၂၃၊ ၂၄) မှန်ပါသည်၊ သို့သော် ထိုနေရာသို့ သူတို့ လာခြင်းသည် စစ်မှန်သော ဝတ်ပြုရေးအပေါ် ဖြူစင်သော ရည်ရွယ်ချက် မရှိဘဲ ဟန်ပြ၊ သမားရိုးကျအဖြစ်သာ လာနေကြခြင်း ဖြစ်သည်။ မိမိ၏ တံတိုင်းတော်သို့ သူတို့ အခေါက်ခေါက် လည်ပတ်ရောက်လာခြင်းသည် ယေဟောဝါအမြင်တွင် “ကျော်နင်း” ရာသာကျသည်၊ ကြမ်းပြင်ပါးသွားခြင်းမှ လွဲ၍ အဘယ်အကျိုးမျှ မဖြစ်ထွန်းပါ။
၅။ ဂျူးလူမျိုးများ ဆောင်ရွက်ကြသည့် ဝတ်ပြုရေးနှင့်ဆိုင်သည့် လုပ်ရပ်အချို့ကား အဘယ်နည်း၊ ယင်းတို့သည် ယေဟောဝါအား အဘယ်ကြောင့် “ဝန်ထုပ်” ဖြစ်လာသနည်း။
၅ ယခု သာ၍ ပြင်းထန်သည့် စကားလုံးများကိုပင် ယေဟောဝါ အသုံးပြုခြင်းသည် အံ့အားသင့်စရာ မဟုတ်ပါ! “အချည်းနှီးသော [“ဘောဇဉ်၊” ကဘ] ပူဇော်သကာကို နောက်တစ်ဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့ မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှု [“လျှို့ဝှက်ဆန်းကြယ်သော အတတ်၊” ကဘ] နှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။ ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ပွဲများကို မုန်း၏။ ငါ့ကို နှောင့်ယှက်စရာ [“ဝန်ထုပ်၊” ကဘ] ဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါ ပင်ပန်း၏။” (ဟေရှာယ ၁:၁၃၊ ၁၄) ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်း၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းအားလုံးတို့သည် ဣသရေလလူမျိုးအား ပေးသည့် ဘုရားသခင့် ပညတ်တရားတွင် ပါဝင်သည်။ ပညတ်တရား၌ “လဆန်းနေ့” ကို စောင့်ထိန်းရမည် ဟူ၍သာ မိန့်မှာထားပြီး ပွဲနေ့များတွင် အကျိုးဖြစ်ထွန်းသော အစဉ်အလာ အခမ်းအနားများကို တဖြည်းဖြည်းနှင့် အတည်ပြုခဲ့သည်။ (တောလည်ရာ ၁၀:၁၀; ၂၈:၁၁) လဆန်းနေ့ကို လစဉ် ဥပုသ်နေ့အဖြစ် ထားရှိကာ ထိုနေ့တွင် လူတို့သည် အလုပ်လုပ်ခြင်းကို ရပ်ထားပြီး ပရောဖက်များနှင့် ယဇ်ပုရောဟိတ်များထံမှ သွန်သင်ချက်များ ရရန်အတွက်ပင် အတူတကွ စုဝေးကြသည်။ (၄ ဓမ္မရာဇဝင် ၄:၂၃; ယေဇကျေလ ၄၆:၃; အာမုတ် ၈:၄၊ ၅) ထိုကဲ့သို့သော ကျင့်စောင့်မှုများသည် မမှားပါ။ ပြဿနာမှာ ၎င်းတို့ကို ဟန်ပြသာ ပြုလုပ်ကြခြင်း ဖြစ်သည်။ ထို့အပြင် ဂျူးများသည် ဘုရားသခင့် ပညတ်တော်ပါ ပွဲနေ့ ကျင့်စောင့်ခြင်းကို “လျှို့ဝှက်ဆန်းကြယ်သော အတတ်” ဖြစ်သည့် နတ်ဝိဇ္ဇာ အတတ်ပညာများနှင့် ရောနှော၍ ကျင်းပလာကြသည်။b ထို့ကြောင့် ယေဟောဝါအား သူတို့၏ ဝတ်ပြုရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် ကိုယ်တော်အတွက် “ဝန်ထုပ်” ဖြစ်စေသည်။
၆။ ယေဟောဝါသည် အဘယ်သဘောဖြင့် “ပင်ပန်း” လာသနည်း။
၆ သို့သော် ယေဟောဝါသည် မည်သို့ “ပင်ပန်း” နိုင်ခဲ့သနည်း။ အမှန်မှာ၊ ကိုယ်တော်သည် “ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် . . . မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိ” ချေ။ (ဟေရှာယ ၄၀:၂၆၊ ၂၈) ယေဟောဝါက မိမိ၏ ခံစားချက်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရန် ကွက်ကွက်ကွင်းကွင်း မြင်စေသော ဥပစာအသုံးအနှုန်းကို အသုံးပြုခြင်း ဖြစ်၏။ လေးလံသည့် ဝန်ထုပ်တစ်ခုကို ထမ်းထားရသည်မှာ ကြာလွန်းသောကြောင့် အလွန့်အလွန် မောပန်းလာကာ ပစ်ချချင်လောက်သည့် အဖြစ်မျိုးထိ သင် ကြုံဖူးပါသလော။ ၎င်းသည် မိမိလူမျိုး၏ အရေခြုံ ဝတ်ပြုကိုးကွယ်မှု လုပ်ရပ်များနှင့်ပတ်သက်၍ ယေဟောဝါ ခံစားရပုံ ဖြစ်သည်။
၇။ ယေဟောဝါသည် မိမိလူမျိုး၏ ဆုတောင်းချက်များကို အဘယ်ကြောင့် နားမထောင်တော့သနည်း။
၇ ယခု ယေဟောဝါသည် ဝတ်ပြုကိုးကွယ်မှု လုပ်ရပ်ရှိသမျှတွင် လက်ပွန်းတတီး အကျဆုံးနှင့် ကိုယ်တိုင်ကိုယ်ကျ အဖြစ်ဆုံးနှင့်စပ်လျဉ်း၍ မိန့်တော်မူသည်။ “သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ ငါသည် မျက်စိကို လွှဲမည်။ များစွာသော ပတ္ထနာကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) လက်ဝါးဖြန့်ခြင်း၊ လက်ဝါးဖြန့်ထားလျက်နှင့် လက်ကို အပေါ်သို့ ဆန့်ထုတ်ထားခြင်းသည် တိုးလျှိုးတောင်းပန်သည့် ဟန်အမူအရာတစ်ခု ဖြစ်သည်။ ယေဟောဝါအတွက် ဤကိုယ်နေဟန်ပန်သည် အဓိပ္ပာယ်မဲ့ ဖြစ်လာသည်၊ အကြောင်းမှာ ဤလူမျိုး၏လက်သည် အသွေးနှင့် ပြည့်နေ၍ ဖြစ်သည်။ အကြမ်းဖက်မှုသည် ပြည်တော်ထဲတွင် ပျံ့နှံ့နေသည်။ အားနည်းသူများကို ဖိနှိပ်ခြင်းသည် ရိုးနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အနိုင်ကျင့်သူ၊ တစ်ကိုယ်ကောင်းဆန်သူများက ယေဟောဝါထံမှ ကောင်းချီးရရန် တောင်းလျှောက်ခြင်းသည် ရွံရှာဖွယ်အရာ ဖြစ်သည်။ ယေဟောဝါက “ငါသည် နားမထောင်” ဟု ဆိုခြင်းသည် အံ့အားသင့်စရာ မဟုတ်ပါ!
၈။ ယနေ့ ခရစ်ယာန်ဘောင်သည် အဘယ်အမှားကို ကျူးလွန်ကြသနည်း၊ အချို့ခရစ်ယာန်များသည် အလားတူ ထောင်ချောက်အတွင်း မည်သို့ ကျဆင်းခဲ့ကြသနည်း။
၈ ကျွန်ုပ်တို့အချိန်တွင် ခရစ်ယာန်ဘောင်သည် မဆုံးနိုင်သော ထပ်ခါတလဲ အချည်းနှီး ဆုတောင်းချက်များနှင့် အခြားဘာသာရေး ‘လုပ်ရပ်များ’ ဖြင့် ထိုကဲ့သို့ပင် ဘုရားသခင့် မျက်နှာသာ ဆုံးရှုံးခဲ့သည်။ (မဿဲ ၇:၂၁-၂၃) ကျွန်ုပ်တို့လည်း ထိုထောင်ချောက်အတွင်း မကျသွားရန် အလွန် အရေးကြီးသည်။ တစ်ခါတစ်ရံ ခရစ်ယာန်တစ်ဦးသည် ကြီးလေးသည့်အပြစ် ပြုလုပ်မိပြီးနောက် ပြုလုပ်ခဲ့ရာကို ဖုံးကွယ်ထားကာ ခရစ်ယာန် အသင်းတော်အတွင်း လုပ်ဆောင်မှုကို တိုး၍ ပြုပါက သူ၏ အပြုအမူများသည် မိမိ၏ အပြစ်ကို တစ်နည်းနည်းဖြင့် ချေဖျက်သွားမည်ဟု တွေးယူကြသည်။ ထိုကဲ့သို့သော အပြင်ပန်း လုပ်ရပ်များသည် ယေဟောဝါစိတ်တော်နှင့် မတွေ့စေပါ။ ဝိညာဏ ဖျားနာမှုအတွက် တစ်ခုတည်းသော ကုထုံးကို နောက်အခန်းငယ်များတွင် ဟေရှာယ ဖော်ပြထားသည်။
ဝိညာဏ ဖျားနာမှုအတွက် ကုထုံး
၉၊ ၁၀။ ကျွန်ုပ်တို့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းတွင် သန့်ရှင်းခြင်းသည် မည်မျှ အရေးကြီးသနည်း။
၉ ထောက်ထားစာနာတတ်သော ဘုရားသခင် ယေဟောဝါသည် ယခု နွေးထွေး၍ ပိုမိုဆွဲဆောင်မှု ဖြစ်စေသည့် လေသံသို့ ပြောင်းလိုက်သည်။ “ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေ [“ဖိနှိပ်သူကို တည့်မတ်၊” ကဘ] ကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏ အမှုကို စောင့်ကြလော့။” (ဟေရှာယ ၁:၁၆၊ ၁၇) ဤတွင် မပြုမဖြစ်သော သို့မဟုတ် အမိန့် ကိုးခုကို ဆက်တိုက် တွေ့ရသည်။ ပထမလေးခုသည် ဖယ်ရှားပစ်ရမည့် မကောင်းမှု သဘောဆောင်သည့် အရာများ ဖြစ်ပြီး နောက်ဆုံး ငါးခုမှာ ယေဟောဝါ၏ ကောင်းချီး ရရှိစေသည့် ကောင်းမှု သဘောဆောင်သည့် လုပ်ရပ်များ ဖြစ်သည်။
၁၀ ဆေးကြောခြင်းနှင့် စင်ကြယ်ခြင်းသည် စစ်မှန်သော ဝတ်ပြုရေး၏ အရေးကြီးသောအပိုင်းတွင် အမြဲ ပါဝင်သည်။ (ထွက်မြောက်ရာ ၁၉:၁၀၊ ၁၁; ၃၀:၂၀; ၂ ကောရိန္သု ၇:၁) သို့သော် မိမိအား ဝတ်ပြုကိုးကွယ်သူများ၏ နက်ရှိုင်းသော အတွင်းပိုင်း ဖြစ်သည့် နှလုံးအထိ သန့်ရှင်းရန် ယေဟောဝါ အလိုရှိတော်မူ၏။ အရေးအကြီးဆုံးမှာ အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေးတွင် သန့်ရှင်းခြင်း ဖြစ်သည်၊ ယေဟောဝါ မိန့်ဆိုနေသည်မှာ ဤအပိုင်း ဖြစ်၏။ အခန်းငယ် ၁၆ မှ ပထမ အမိန့်နှစ်ခုသည် ထပ်၍ ပြောခြင်းမျှသာ မဟုတ်ပါ။ ဟေဗြဲသဒ္ဒါ ကျွမ်းကျင်သူတစ်ဦးက ထိုပထမအချက် ဖြစ်သည့် “ဆေးကြောကြလော့” ဟူသည် သန့်ရှင်းစင်ကြယ်စေရန် အစပြု လုပ်ဆောင်ခြင်းကို ရည်ညွှန်းပြီး ဒုတိယ “စင်ကြယ်စေကြလော့” ဟူသည် ထိုသန့်ရှင်းမှုကို ဆက်ထိန်းသိမ်းသွားရန် အစဉ် ကြိုးစားအားထုတ်မှုကို ရည်ညွှန်းသည်ဟု ဆိုသည်။
၁၁။ အပြစ်ကို ဆိုင်ပြိုင်တွန်းလှန်ရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်သင့်သနည်း၊ အဘယ်အရာကို ဘယ်တော့မျှ မပြုလုပ်သင့်သနည်း။
၁၁ ယေဟောဝါ၏ မျက်မှောက်တွင် အဘယ်အရာမျှ ဖုံးကွယ်မထားနိုင်ပါ။ (ယောဘ ၃၄:၂၂; သုတ္တံ ၁၅:၃; ဟေဗြဲ ၄:၁၃) ထို့ကြောင့် ကိုယ်တော်၏ အမိန့်တော်တွင် “သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့” ဟု ဆိုခြင်းသည် တစ်ခုတည်းသောအရာ—မကောင်းမှု ပြုခြင်းမှ ရပ်လိုက်ပါဟူ၍ ဆိုလိုသည်။ ဆိုလိုသည်မှာ ကြီးလေးသည့် အပြစ်များကို ဖုံးကွယ်ဖို့ မကြိုးစားနှင့်၊ ထိုသို့ကြိုးစားခြင်း ကိုယ်နှိုက်သည် အပြစ်ဖြစ်သည်။ သုတ္တံ ၂၈:၁၃ တွင် ဤသို့ သတိပေးသည်– “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်။”
၁၂။ (က) “ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြ” ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) အထူးသဖြင့် အကြီးအကဲများသည် “တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့” နှင့် “ကောက်သောအရာကို ဖြောင့်စေကြလော့” ဟူသော ညွှန်ကြားချက် အမိန့်ကို မည်သို့ ကျင့်သုံးနိုင်သနည်း။
၁၂ ဟေရှာယ အခန်းကြီး ၁ အခန်းငယ် ၁၇ တွင် ယေဟောဝါ မိန့်မှာထားသော ကောင်းမှုသဘောပါသည့် လုပ်ရပ်များမှ များစွာ သင်ယူစရာ ရှိသည်။ ကိုယ်တော်က “ကောင်းမှုကို ပြုလော့” ဟူ၍လောက်သာ မပြောဘဲ “ကောင်းသော အကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့” ဟု မိန့်ဆိုထားသည်ကို မှတ်သားပါ။ ဘုရားသခင့်ရှေ့မှောက်တွင် အဘယ်အရာ ကောင်းသည်ကို နားလည်သဘောပေါက်ရန်နှင့် ယင်းကို ပြုလုပ်လိုစိတ် ရှိလာရန် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ကိုယ်ပိုင် လေ့လာရသည်။ ထို့ပြင် ယေဟောဝါက “တရားသဖြင့် ပြုကြလော့” ဟု မဆိုဘဲ “တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့” ဟု မိန့်ဆိုထားသည်။ အတွေ့အကြုံများသော အကြီးအကဲများပင်လျှင် ရှုပ်ထွေးသော ကိစ္စရပ်အချို့တွင် တရားမျှတသည့် လမ်းစဉ်ကို ရှာတွေ့ရန် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို စေ့စေ့စပ်စပ် ရှာဖွေသုတေသနပြုရန် လိုသည်။ ယေဟောဝါ၏ နောက်အမိန့်တော်တစ်ခု ဖြစ်သော “ဖိနှိပ်သူကို တည့်မတ်ကြလော့” ဟူသည့် တာဝန်လည်း ရှိ၏။ ဤညွှန်ကြားချက်အမိန့်သည် ယနေ့ ခရစ်ယာန်သိုးထိန်းများအတွက် အရေးပါသည်၊ သူတို့သည် သိုးအုပ်ကို ဖိနှိပ်သည့် “ကြမ်းတမ်းသော တောခွေးတို့” ရန်မှ ကာကွယ်ပေးလိုသောကြောင့် ဖြစ်သည်။—တမန်တော် ၂၀:၂၈-၃၀။
၁၃။ မိဘမဲ့ကလေး၊ မုဆိုးမများနှင့်ပတ်သက်သော အမိန့်တော်ကို ယနေ့ ကျွန်ုပ်တို့ မည်သို့ လက်တွေ့ကျင့်သုံးနိုင်သနည်း။
၁၃ နောက်ဆုံး အမိန့်နှစ်ခုသည် ဘုရားသခင့် လူမျိုးအတွင်းရှိ ပို၍ အကာအကွယ်မဲ့သူများ ဖြစ်သော မိဘမဲ့များ၊ မုဆိုးမများနှင့် ပတ်သက်သည်။ ဤလောကသည် သူတို့ထံမှ အလွန်အမင်း ခေါင်းပုံဖြတ် အခွင့်အရေး ယူတတ်ကြသည်; ဘုရားသခင့် လူမျိုးအလယ်တွင် ထိုသို့ မဖြစ်ရပါ။ မေတ္တာရှိ အကြီးအကဲများသည် အသင်းတော်အတွင်းရှိ မိဘမဲ့ကလေးများကို “တရားသဖြင့် စီရင်ကြ” သည်၊ သူတို့အား ခေါင်းပုံဖြတ် အခွင့်အရေး ယူလို၊ ဖျက်လိုဖျက်ဆီး လုပ်လိုသည့် ဤလောကတွင် တရားမျှတမှု ရရှိရန်နှင့် အကာအကွယ် ရရန် သူတို့ကို အကူအညီ ပေးကြသည်။ အကြီးအကဲများသည် မုဆိုးမများ၏ “အမှုကို စောင့်ကြ” သည်၊ သို့မဟုတ် ဟေဗြဲစကားလုံးအရ သူတို့၏ အကျိုးအလို့ငှာ “ရပ်တည်တိုက်လှန်ပေးကြသည်” ဟူ၍လည်း အဓိပ္ပာယ်ရသည်။ ကျွန်ုပ်တို့အလယ်တွင် ရှိသော ဆင်းရဲနွမ်းပါးသူများသည်လည်း ယေဟောဝါအတွက် တန်ဖိုးရှိသောကြောင့် ခရစ်ယာန်အားလုံးသည် ထိုသူတို့အတွက် အကာအကွယ်၊ နှစ်သိမ့်မှုနှင့် တရားမျှတမှုတို့ ရရှိသည့်နေရာ ဖြစ်လိုကြသည်။—မိက္ခာ ၆:၈; ယာကုပ် ၁:၂၇။
၁၄။ ဟေရှာယ ၁:၁၆၊ ၁၇ တွင် အဘယ် အပြုသဘောပါသော သတင်းကို ဖော်ပြထားသနည်း။
၁၄ ယေဟောဝါ ဖော်ပြသော ထိုအမိန့်တော် ကိုးခုသည် မြဲမြံခိုင်ခံ့၊ အပြုသဘောဆောင်သည့် သတင်းစကားများသာတည်း! တစ်ခါတစ်ရံ အပြစ်ပြုမိခဲ့သူများက မိမိတို့သည် မှန်ရာကို ပြုလုပ်ရန် စွမ်းအား မရှိဟု ခံယူထားကြသည်။ ထိုကဲ့သို့ ယူမှတ်ခြင်းသည် စိတ်ပျက်အားလျော့စေသည်။ ထို့ပြင် သူတို့ မှားနေသည်။ မည်သည့်အပြစ်သားမဆိုသည် ယေဟောဝါ၏ အကူအညီဖြင့် သူ၏ အပြစ်လမ်းစဉ်ကို ရပ်တန့်ကာ ယင်းကို ကျောခိုင်းပြီး မှန်ရာကို ပြုနိုင်သည်ကို ကိုယ်တော် သိတော်မူသည့်အပြင် ကျွန်ုပ်တို့အားလည်း သိစေချင်သည်။
ထောက်ထားစာနာပြီး မျှတသော မေတ္တာရပ်ခံချက်
၁၅။ “ဆွေးနွေးဆင်ခြင်ကြကုန်အံ့” ဟူသည့် စကားစုကို တစ်ခါတစ်ရံ မည်သို့ နားလည်မှု လွဲမှားကြသနည်း၊ အမှန်တွင် ၎င်းသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။
၁၅ ယခု ယေဟောဝါ၏ အသံနေအသံထားသည် ပို၍ နွေးထွေးမှု ရှိပြီး ထောက်ထားစာနာသော အသံထားဖြင့် ဖြစ်သည်။ “ထာဝရဘုရား မိန့်တော်မူသည်ကား ‘လာကြ၊ တရားစီရင် [“ဆွေးနွေးဆင်ခြင်၊” သမ္မာ] ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်း ရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။’” (ဟေရှာယ ၁:၁၈) ဤနှစ်လိုဖွယ် အခန်းငယ်၏ အဖွင့်ဖိတ်ခေါ်ချက်ကို အများအားဖြင့် နားလည်မှုလွဲကြသည်။ ဥပမာ၊ အင်္ဂလိပ် ကျမ်းစာသစ်က “အချေအတင် ပြောဆိုကြစို့” ဟု ဆိုထားရာ သဘောတူညီညွတ်မှု ရရန် နှစ်ဖက်စလုံးမှ လိုက်လျောကြရမည့်အလား ဖြစ်နေသည်။ သို့သော် ယင်းသို့ မဟုတ်ပါ! ယေဟောဝါတွင် အပြစ်မရှိပါ၊ အထူးသဖြင့် ဤပုန်ကန်သော၊ အရေခြုံလူမျိုးနှင့် ပြုမူဆက်ဆံမှုတွင် အပြစ်တင်စရာ မရှိပါ။ (တရားဟောရာ ၃၂:၄၊ ၅) ဤအခန်းငယ်က ဂုဏ်ရည်တူနှစ်ဦးအကြား အပေးအယူ ဆွေးနွေးခန်းအကြောင်း ပြောနေခြင်း မဟုတ်ဘဲ တရားမျှတမှုကို အတည်ပြုပေးမည့် တရားရုံးအကြောင်း ပြောနေခြင်း ဖြစ်သည်။ ဤတွင် ယေဟောဝါက ဣသရေလလူမျိုးကို တရားရုံးတွင် အမှုဆိုင်ရန် ဆင့်ခေါ်လိုက်ဘိသကဲ့သို့ ဖြစ်သည်။
၁၆၊ ၁၇။ ယေဟောဝါသည် ကြီးလေးသည့် အပြစ်များကိုပင် ခွင့်လွှတ်ရန် လိုလိုလားလား ရှိကြောင်း ကျွန်ုပ်တို့ မည်သို့ သိရသနည်း။
၁၆ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ယူမှတ်နိုင်သည်၊ သို့သော် ယေဟောဝါသည် ကရုဏာနှင့် ထောက်ထားစာနာမှု အရှိဆုံး တရားသူကြီး ဖြစ်သည်။ ကိုယ်တော်၏ ခွင့်လွှတ်မှု စွမ်းရည်သည် ပြိုင်ဘက်ကင်းသည်။ (ဆာလံ ၈၆:၅) ဣသရေလလူမျိုး၏ “နီသောအဆင်းရှိ” သည့် အပြစ်များကို ကိုယ်တော်တစ်ပါးတည်းသာ နုတ်သိမ်းပေးနိုင်ပြီး ယင်းအပြစ်များကို “မိုးပွင့်ကဲ့သို့ ဖြူ” အောင် သန့်စင်ပေးနိုင်သည်။ မည်သည့် လူ့ကြိုးစားအားထုတ်မှု၊ မည်သည့် ပြုမူကျင့်ကြံနည်း၊ ပူဇော်သကာများ သို့မဟုတ် ဆုတောင်းချက်များကမျှ အပြစ်၏ စွန်းထင်းမှုကို မဖယ်ရှားပေးနိုင်ပါ။ ယေဟောဝါ၏ ခွင့်လွှတ်မှုကသာ အပြစ်ကို ဆေးကြောပေးနိုင်သည်။ စစ်မှန်ပြီး နှလုံးမှ နောင်တယူခြင်း ပါဝင်သည့် ကိုယ်တော် ချမှတ်ထားသော စည်းကမ်းချက်များပေါ် မူတည်၍ ထိုကဲ့သို့သော ခွင့်လွှတ်မှုကို ဘုရားသခင် ပေးသနားတော်မူ၏။
၁၇ ဤအမှန်တရားသည် မည်မျှ အရေးကြီးသနည်းဟူမူ ယေဟောဝါသည် ယင်းကို ကဗျာဆန်ဆန် ကွဲပြားခြားနားမှုဖြင့် ထပ်မံဖော်ပြသည်—“ကတ္တီပါနီ” ကဲ့သို့သော အပြစ်များသည် ဖြူဖွေးပြီး အရောင်ဆိုးမထားသော သိုးမွေးသစ်ကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။ ကြီးလေးသည့်အပြစ် ဖြစ်လျှင်ပင် အမှန် နောင်တရသည်ဟု ကိုယ်တော် တွေ့နေရသမျှ ကာလပတ်လုံး အပြစ်များကို အမှန် ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ကြောင်း ကျွန်ုပ်တို့ သိထားရန် ယေဟောဝါ အလိုရှိတော်မူ၏။ မိမိ၏ ကိစ္စတွင်လည်း ဤအတိုင်းပင် မှန်ကြောင်း ယုံရခက်နေသူများသည် မနာရှေကဲ့သို့သော နမူနာများကို ဆင်ခြင်သုံးသပ်သင့်၏။ သူသည် အလွန့်အလွန် ဆိုးရွားသည့် အပြစ်များကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သည်။ သို့တိုင်၊ သူ နောင်တယူခဲ့ပြီး ခွင့်လွှတ်ခံခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၃:၉-၁၆) ကြီးလေးသောအပြစ် ကျူးလွန်မိသူ အပါအဝင် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်နှင့် “ဆွေးနွေးဆင်ခြင်” ဖို့ အချိန်မနှောင်းသေးကြောင်း သိထားရန် ယေဟောဝါ အလိုရှိတော်မူ၏။
၁၈။ ယေဟောဝါသည် မိမိ၏ ပုန်ကန်သောလူမျိုးရှေ့တွင် အဘယ် ရွေးချယ်စရာကို ထားပေးသနည်း။
၁၈ ယေဟောဝါက မိမိ၏ လူမျိုးအား ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် သတိပေးသည်။ “သင်တို့သည် ကြည်ညိုနားထောင်လျှင် မြေအသီးအနှံကို စားရကြလိမ့်မည်။ သို့မဟုတ် ငြင်းဆန်ပုန်ကန်လျှင် ဓားလက်နက်ဖြင့် ဆုံးရကြလိမ့်မည် [“ဓားစာဖြစ်မည်၊” သမ] ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။” (ဟေရှာယ ၁:၁၉၊ ၂၀) ဤတွင် ယေဟောဝါ၏ သဘောထားကို အလေးအနက် ပေါ်လွင်စေရန် ကွက်ကွက်ကွင်းကွင်း မြင်သာသော နောက်ထပ် ဥပစာ အသုံးအနှုန်းကို ကိုယ်တော် အသုံးပြု၏။ ယုဒလူမျိုး ရွေးချယ်ရမည်မှာ– စားမည်လော၊ အစားခံမည်လော ဖြစ်သည်။ သူတို့သည် ယေဟောဝါအား လိုလိုလားလား နားထောင်နာခံသည့် သဘောထား ရှိမည်ဆိုလျှင် မြေအသီးအနှံကောင်းများကို စားရကြမည် ဖြစ်သည်။ သို့သော် သူတို့၏ ပုန်ကန်လိုသော သဘောထားကို တစ်ဇွတ်ထိုး ပြုလုပ်မည်ဆိုလျှင် သူတို့သည် ရန်သူ့ဓားလက်နက်ဖြင့် ဓားစာ ဖြစ်သွားမည်! လူများတို့သည် ဘုရားသခင်၏ ကရုဏာနှင့် ကြွယ်ဝသော ခွင့်လွှတ်မှုကို ရယူရန် မရွေးဘဲ ရန်သူ့ဓားစာကို ရွေးချယ်ခဲ့ကြခြင်းသည် လုံးဝ စဉ်းစား၍ မရနိုင်လောက်အောင်ပင်။ မည်သို့ပင်ဆိုစေ၊ နောက်အခန်းငယ်များတွင် ဟေရှာယ ဖော်ပြသည့်အတိုင်း ယေရုရှလင်မြို့တွင် ထိုအတိုင်း ဖြစ်ပျက်ခဲ့သည်။
ချစ်ဖွယ်ကောင်းသော မြို့အတွက် ငိုချင်း
၁၉၊ ၂၀။ (က) သစ္စာဖောက်ခြင်း ခံစားရသည့် မိမိ၏ ခံစားချက်ကို ယေဟောဝါ မည်သို့ ဖော်ပြသနည်း။ (ခ) အဘယ်နည်းဖြင့် ‘တရားသည် ယေရုရှလင်မြို့တွင် နေရာကျ’ သနည်း။
၁၉ ထိုအချိန်က ယေရုရှလင်မြို့၏ ကမ်းကုန်အောင် ဆိုးသွမ်းမှုကို ဟေရှာယ ၁:၂၁-၂၃ တွင် တွေ့ရသည်။ ယခု ဟေရှာယသည် ငိုချင်း သို့မဟုတ် မြည်တမ်းသီချင်း ရေးဟန်ဖြင့် မှုတ်သွင်းခံ လင်္ကာတစ်ပုဒ်ကို ဤသို့ အစပြု၏– “သစ္စာရှိသော မြို့သည် အဘယ်သို့ မျောက်မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား လူအသက်ကို သတ်သောသူတို့သည် နေရာကျကြ၏။”—ဟေရှာယ ၁:၂၁။
၂၀ ယေရုရှလင်မြို့ ပြိုလဲသွားပုံပါတကား! တစ်ချိန်က သစ္စာရှိဇနီးတစ်ဦး ဖြစ်ခဲ့သူသည် ယခု ပြည့်တန်ဆာတစ်ဦး ဖြစ်နေသည်။ သစ္စာဖောက်ခံရခြင်းနှင့် ယေဟောဝါ၏ စိတ်ပျက်မိသည့် ခံစားချက်ကို သည့်ထက်ပို၍ ထိထိမိမိ ဖော်ပြနိုင်ဦးမည်လော။ “တရားသည် [ထိုမြို့] အထဲမှာ နေရာကျ၏။” အဘယ်အချိန်ကနည်း။ ဣသရေလလူမျိုးများ မတည်မရှိမီ အာဗြဟံခေတ်ကတည်းက ဤမြို့ကို ရှာလင်ဟု သမုတ်ခဲ့သည်။ ထိုမြို့ကို အုပ်ချုပ်သူသည် ဘုရင်လည်း ဖြစ်၊ ယဇ်ပုရောဟိတ်လည်း ဖြစ်သည်။ သူ၏အမည်မှာ “တရားမင်း” ဟု အဓိပ္ပာယ်ရှိသော မေလခိဇေဒက် ဖြစ်ကာ ၎င်းသည် သူနှင့်အလွန် သင့်လျော်ကြောင်း ထင်ရှားသည်။ (ဟေဗြဲ ၇:၂; ကမ္ဘာဦး ၁၄:၁၈-၂၀) မေလခိဇေဒက်နောက်ပိုင်း အနှစ် ၁,၀၀၀ ခန့်အချိန်တွင် ယေရုရှလင်မြို့သည် ဒါဝိဒ်နှင့် ရှောလမုန်တို့၏ အုပ်ချုပ်မှုအောက်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ “တရားသည် သူ၏အထဲမှာ နေရာကျ၏၊” အထူးသဖြင့် သူ၏ ဘုရင်များသည် ယေဟောဝါ၏ နည်းလမ်းများနှင့်အညီ လိုက်လျှောက်ခြင်းဖြင့် ပြည်သူများအတွက် ပုံသက်သေပြသည့်အခါ ဖြစ်သည်။ သို့သော် ဟေရှာယခေတ်တွင် ၎င်းအချိန်အခါသမယကို ရေးရေးသာ မှတ်မိကြတော့သည်။
၂၁၊ ၂၂။ ချော်နှင့် ဘီယာအရည်ကျဲသည် အဘယ်အရာကို ဖော်ပြသနည်း၊ ယုဒခေါင်းဆောင်များသည် ထိုကဲ့သို့သော ဂုဏ်ပုဒ်နှင့် အဘယ်ကြောင့် ကိုက်ညီသနည်း။
၂၁ လူများအလယ်ရှိ ခေါင်းဆောင်ပိုင်းများ၏ ပြဿနာသည် ပိုကြီးဟန်ရှိသည်။ ဟေရှာယက သူ၏ မြည်တမ်းသီချင်းကို ဤသို့ဆက်ဆို၏– “သင်၏ ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏ စပျစ်ရည် [“ဂျုံဘီယာ၊” ကဘ] သည် ရေနှင့် ရောလျက်ရှိ၏။ သင်၏မင်းတို့သည် ပုန်ကန် [“ခေါင်းမာ၊” ကဘ] ကြပြီ။ သူခိုးလက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကို စားကြ၏။ မိဘမရှိသောသူတို့အဖို့ တရားမစီရင်ကြ။ မုဆိုးမအမှုကို နားမထောင်ကြ။” (ဟေရှာယ ၁:၂၂၊၂၃) အဘယ်အရာ ဆက်ဖြစ်ရမည်ကို ဖော်ပြရန် ကွက်ကွက်ကွင်းကွင်း မြင်သာသည့် ဆက်တိုက် စကားလုံးနှစ်လုံးဖြင့် သီကုံးထားသည်။ ပန်းတိမ်ဖိုမှ ပန်းတိမ်သမားသည် အရည်ကြိုထားသည့် ငွေမှ ချော်အမြှုပ်များကို ဖယ်ကာ အဝေးသို့ လွှင့်ပစ်တတ်ကြသည်။ ဣသရေလ မင်းသားများနှင့် တရားသူကြီးများသည် ငွေနှင့် မတူဘဲ ချော်နှင့် တူကြ၏။ သူတို့ကို ဖယ်ရှားပစ်ရန် လိုသည်။ သူတို့သည် အရသာ ပျက်နေသည့် ဘီယာအရည်ကျဲလောက်ပင် အသုံးမကျတော့ပါ။ ထိုကဲ့သို့သော ယမကာကို သွန်ပစ်လိုက်ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်သည်!
၂၂ ခေါင်းဆောင်ပိုင်းများကို ထိုကဲ့သို့ ရေးသားဖော်ပြခြင်းသည် သင့်တော်ကြောင်း အခန်းငယ် ၂၃ က ပြသည်။ မောရှေပညတ်က ဘုရားသခင့်လူမျိုးကို အခြားလူမျိုးများမှ သီးခြားခွဲထားခြင်းဖြင့် ချီးမြှောက်ခဲ့သည်။ ဥပမာ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများကို ကာကွယ်ပေးရန် အမိန့်ထုတ်ထားခြင်းဖြင့် ထိုသို့ ပြုခဲ့သည်။ (ထွက်မြောက်ရာ ၂၂:၂၂-၂၄) သို့သော် ဟေရှာယခေတ်တွင် မိဘမဲ့ကလေးများဘက်မှ တရားစီရင်ပေးရန် မျှော်လင့်ချက်မှာ အလွန် နည်းပါးသည်။ မုဆိုးမများ၏ အကျိုးအတွက် ကြိုးစားလုပ်ဆောင်ပေးဖို့ မဆိုထားနှင့် သူ၏ အမှုကို ကြားနာစစ်ဆေးပေးမည့်သူပင် မရှိပေ။ ထိုတရားသူကြီးများနှင့် ခေါင်းဆောင်ပိုင်းများသည် မိမိတို့၏ အကျိုးစီးပွားအတွက် အလုပ်များနေကြသည်—တံစိုးစားခြင်း၊ လက်ဆောင် အလိုရှိခြင်းနှင့် သူခိုးများနှင့် ပေါင်းခြင်း ဖြစ်သော ရာဇဝတ်သားများကို အကာအကွယ် ပေးကာ သူတို့၏ သားကောင်များကို ဒုက္ခခံစေခြင်းအားဖြင့် ဖြစ်သည်။ ပို၍ ဆိုးသည်မှာ သူတို့သည် သူတို့၏ မှားယွင်းသည့် လမ်းစဉ်တွင် “ခေါင်းမာ” သို့မဟုတ် ဇွတ်တရွတ်နိုင်ကြသည်။ အလွန် ဝမ်းနည်းဖွယ်ကောင်းသည့် အခြေအနေပင်!
ယေဟောဝါသည် မိမိ၏ လူမျိုးအား သန့်စင်မှု ပြုတော်မူမည်
၂၃။ မိမိ၏ ရန်သူများနှင့်ပတ်သက်၍ အဘယ် ခံစားချက်ကို ယေဟောဝါ ဖော်ပြသနည်း။
၂၃ ယေဟောဝါသည် ထိုကဲ့သို့သော အာဏာအလွဲသုံးစားမှုကို အစဉ် သည်းခံခွင့်ပြုနေမည် မဟုတ်ပါ။ ဟေရှာယ ဤသို့ ဆက်ဆို၏– “ထိုကြောင့် ဣသရေလအမျိုး၌ တန်ခိုးကြီးသော ဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့်အလျောက် စီရင်မည်။’” (ဟေရှာယ ၁:၂၄) ဤတွင် ယေဟောဝါသည် မိမိ၏ ဖြောင့်မတ်သော သခင်အဖြစ်အနေနှင့် တန်ခိုးကြီးမားမှုကို ထင်ရှားသိသာစေသော အသုံးအနှုန်း သုံးရပ်ကို ဖော်ပြထားသည်။ အာမေဍိတ်စကား “အဲ!” က ယခု ယေဟောဝါ၏ သနားကြင်နာမှုကို ကိုယ်တော်၏ အမျက်ဒေါသထွက်သည့်အတိုင်း အရေးယူ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် ရောနှောထားကြောင်း ဖော်ပြခြင်း ဖြစ်နိုင်သည်။ ယင်းသို့ အရေးယူရခြင်းအတွက် အကြောင်းရှိသည်မှာ သေချာသည်။
၂၄။ အဘယ် အဆင့်ဆင့် သန့်စင်မှုကို မိမိ၏ လူမျိုးတော်အတွက် ယေဟောဝါ ရည်ရွယ်ထားသနည်း။
၂၄ ယေဟောဝါ၏လူမျိုး ကိုယ်နှိုက်က မိမိတို့ကိုယ်ကို ကိုယ်တော်၏ ရန်သူ ဖြစ်စေခဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏ လက်တုံ့ပြန်မှုကို လုံးလုံး ခံထိုက်သည်။ ယေဟောဝါသည် မိမိကိုယ်ကို “ချင်ရဲပြေစေမည်” သို့မဟုတ် သူတို့ကို သုတ်သင်ပယ်ရှားပစ်မည်။ ၎င်းသည် ကိုယ်တော်၏ နာမတော် ခံယူထားသည့် လူမျိုးကို ထာဝရ လက်စတုံး ချေမှုန်းဖျက်ဆီးပစ်လိုက်သည်ဟု ဆိုလိုသလော။ မဟုတ်ပါ၊ ယေဟောဝါက ဤသို့ ဆက်၍ မိန့်ဆိုသည်– “သင့်ကိုလည်း ငါကိုင်ယူပြီးလျှင် ချော်နှင့် ရှင်းရှင်း ကင်းစင်စေ၍ သင်၏ ကြေးဖြူ [“စွန့်ပစ်ပစ္စည်း၊” ကဘ] ရှိသမျှကိုလည်း ပယ်ရှားမည်။” (ဟေရှာယ ၁:၂၅) ယခု ယေဟောဝါသည် ပုံဥပမာအနေနှင့် အဆင့်ဆင့် သန့်စင်ချေးချွတ်နည်းကို အသုံးပြုထားသည်။ ရှေးခေတ်က သန့်စင်မှုပြုသောသူသည် အဖိုးတန် သတ္တုနှင့် ချော်ကို ခွဲထုတ်ရန် ပြာရည် ထည့်ကြလေ့ရှိသည်။ ထိုနည်းတူပင် မိမိလူမျိုးသည် သုံးမရအောင် ဆိုးသွမ်းနေသည်ဟု မမြင်သောကြောင့် ယေဟောဝါသည် ‘သင့်တော်လျောက်ပတ်သည့် အတိုင်းအတာဖြင့် ဆုံးမ’ တော်မူမည်။ ကိုယ်တော်သည် သူတို့အထဲမှ “စွန့်ပစ်ပစ္စည်း”—သင်ယူရန်နှင့် နာခံရန် ငြင်းဆိုသူများ ဖြစ်သည့် ခေါင်းမာပြီး လိုလားနှစ်သက်ဖွယ်မကောင်းသူများကိုသာ ဖယ်ရှားပစ်မည်။c (ယေရမိ ၄၆:၂၈) ဟေရှာယသည် ဤစကားများဖြင့် သမိုင်းကြောင်းကို ကြိုတင် ရေးရသည့်အခွင့်ထူး ရရှိသည်။
၂၅။ (က) ယေဟောဝါသည် ဘီ.စီ.အီး. ၆၀၇ တွင် မိမိလူမျိုးအား မည်သို့ သန့်စင်ခဲ့သနည်း။ (ခ) ယေဟောဝါသည် မိမိလူမျိုးကို မျက်မှောက်ခေတ် အဘယ်အချိန်တွင် သန့်စင်ခဲ့သနည်း။
၂၅ ယေဟောဝါသည် အကျင့်ပျက် ခေါင်းဆောင်များနှင့် အခြားပုန်ကန်သူများ ဖြစ်သည့် ချော်အမြှုပ်ကို ဖယ်ထုတ်ပစ်ကာ မိမိ၏ လူမျိုးကို အမှန်ပင် သန့်စင်တော်မူခဲ့သည်။ ဟေရှာယခေတ်နောက်ပိုင်း နှစ်အတန်ကြာ ဖြစ်သော ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ ဖျက်ဆီးခံခဲ့ရပြီး ပြည်သူပြည်သားတို့သည် ဗာဗုလုန်တွင် အနှစ် ၇၀ ကြာ ပြည်နှင်ခံခဲ့ရသည်။ ၎င်းသည် အချို့နည်းများတွင် နောက်ပိုင်း ဘုရားသခင် ပြုလုပ်ခဲ့သော လုပ်ဆောင်မှုတစ်ရပ်နှင့် ဆင်တူသည်။ ဗာဗုလုန်သို့ ပြည်နှင်ခံရပြီး အတန်ကြာအချိန်တွင် ရေးသားခဲ့သည့် မာလခိ ၃:၁-၅ ပါ ပရောဖက်ပြုချက်က ဘုရားသခင်သည် သန့်စင်မှုတစ်ခုကို ထပ်၍ လုပ်ဆောင်တော်မူမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းက ယေဟောဝါ ဘုရားသခင်သည် မိမိ၏ “ပဋိညာဉ်တမန်တော်” ယေရှုခရစ်နှင့်အတူ ဝိညာဏ ဗိမာန်တော်သို့ လာမည့်အချိန်ကို ညွှန်ပြခဲ့သည်။ ယင်းသည် ပထမကမ္ဘာစစ် အပြီးတွင် ဖြစ်ပျက်ခဲ့ကြောင်း ထင်ရှားသည်။ အမှားအမှန်ကို စစ်ထုတ်ကာ ခရစ်ယာန်ဟုဆိုသူအားလုံးကို ယေဟောဝါ စစ်ကြောခဲ့သည်။ ရလဒ်ကား အဘယ်နည်း။
၂၆-၂၈။ (က) ဟေရှာယ ၁:၂၆ ၏ ကနဦး ပြည့်စုံချက်ကား အဘယ်နည်း။ (ခ) ဤပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်တွင် မည်သို့ ပြည့်စုံခဲ့သနည်း။ (ဂ) ဤပရောဖက်ပြုချက်သည် ယနေ့ အကြီးအကဲများကို မည်သို့ အကျိုးပြုနိုင်သနည်း။
၂၆ ယေဟောဝါ ဤသို့ အဖြေပေး၏– “သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာ ခန့်ထားသည်နည်းတူ တစ်ဖန် ငါခန့်ထားဦးမည်။ ထို့နောက်မှ သင်၏ နာမကို တရားသောမြို့၊ သစ္စာစောင့်သော မြို့ဟု သမုတ်ကြလိမ့်မည်။ ဇိအုန်မြို့သည် တရားအားဖြင့်လည်းကောင်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သောအားဖြင့်လည်းကောင်း ရွေးနုတ်ခြင်းကို ခံရကြလိမ့်မည်။” (ဟေရှာယ ၁:၂၆၊ ၂၇) ရှေးယေရုရှလင်မြို့သည် ဤပရောဖက်ပြုချက်၏ ကနဦး ပြည့်စုံမှုကို ကြုံတွေ့ခဲ့ရသည်။ ပြည်နှင်ခံရသူများသည် ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့ ချစ်မြတ်နိုးသည့် မြို့သို့ ပြန်ရောက်ရှိခဲ့ပြီးနောက် ထိုနေရာတွင် ယခင်ကကဲ့သို့ သစ္စာစောင့်သော တရားသူကြီးများနှင့် တိုင်ပင်မှူးမတ်တို့ ရှိခဲ့သည်။ ပရောဖက် ဟဂ္ဂဲနှင့် ဇာခရိ၊ ယဇ်ပုရောဟိတ် ယောရှု၊ ကျမ်းတတ် ဧဇရနှင့် မြို့ဝန် ဇေရုဗဗေလတို့အားလုံးသည် သစ္စာရှိ ပြည်တော်ပြန် အကြွင်းအကျန်အား ဘုရားသခင့် နည်းလမ်းများအတိုင်း လျှောက်လှမ်းရန် လမ်းပြ၊ ညွှန်ကြားခဲ့ကြသည်။ သို့ရာတွင် ပို၍ အရေးကြီးသည့် ပြည့်စုံချက်သည် ၂၀ ရာစုတွင် ဖြစ်ပျက်ခဲ့သည်။
၂၇ ၁၉၁၉ တွင် ယေဟောဝါ၏ မျက်မှောက်ခေတ် လူမျိုးသည် စမ်းသပ်ရာ ကာလထဲမှ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၊ မဟာဗာဗုလုန်၏ ဝိညာဏ အချုပ်အနှောင်မှ လွတ်မြောက်ခဲ့ကြသည်။ သစ္စာရှိ ဘိသိက်ခံ အကြွင်းအကျန်နှင့် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင် ဓမ္မဆရာတို့၏ ကွဲပြားခြားနားမှုသည် ရှင်းလင်းလာခဲ့သည်။ ဘုရားသခင်သည် မိမိ၏ လူမျိုးအား ‘တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့’—လူ့ထုံးတမ်းစဉ်လာအတိုင်း မဟုတ်ဘဲ ဘုရားသခင့် နှုတ်ကပါဌ်တော်နှင့်အညီ ဘုရားသခင့်လူမျိုးကို လမ်းညွှန်ပေးသည့် သစ္စာရှိ အမျိုးသားများ—‘ကို တစ်ဖန် ခန့်ထားခြင်းဖြင့်’ ကောင်းချီးပေးခဲ့သည်။ ယနေ့ အရေအတွက် ဆုတ်ယုတ်နေသော “သိုးစုငယ်” နှင့် တိုးများလာနေသော သန်းနှင့်ချီသည့် “အခြားသိုး” အပေါင်းပါတို့အကြားတွင် ထိုကဲ့သို့သော အမျိုးသားများ ထောင်နှင့်ချီ ရှိသည်။—လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆; ဟေရှာယ ၃၂:၁၊ ၂; ၆၀:၁၇; ၆၁:၃၊ ၄။
၂၈ မိမိတို့သည် တစ်ခါတစ်ရံ အသင်းတော်တွင် အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေး သန့်ရှင်းစေရန်နှင့် အမှားပြုသူများကို ပဲ့ပြင်ပေးရန် အလို့ငှာ “တရားသူကြီး” များအဖြစ် ဆောင်ရွက်ရသည်ကို အကြီးအကဲများ စိတ်စွဲမှတ်ထားကြသည်။ သူတို့သည် ဘုရားသခင်၏ ကရုဏာနှင့် တရားမျှတမှုကို အတုယူကာ ကိုယ်တော့် အလိုတော်နှင့်အညီ လုပ်ဆောင်ခြင်းကို အလေးအနက်ထား အားစိုက်လုပ်ဆောင်ကြသည်။ သို့သော် ကိစ္စရပ်အများစုတွင် သူတို့သည် “တိုင်ပင်မှူးမတ်” များအဖြစ် ဆောင်ရွက်ကြသည်။ သူတို့သည် မင်းသားများ သို့မဟုတ် မင်းဆိုးမင်းညစ်များနှင့် အလွန် ကွာခြားပြီး ‘ဘုရားသခင်၏ အမွေဖြစ်သူတို့အပေါ် အစိုးတရပြု’ သည့်ပုံပင် မထွက်စေရန် အတတ်နိုင်ဆုံး ကြိုးစားအားထုတ် လုပ်ဆောင်ကြသည်။—၁ ပေတရု ၅:၃၊ ကဘ။
၂၉၊ ၃၀။ (က) အဆင့်ဆင့် သန့်စင်မှုမှ ရသည့် အကျိုးကျေးဇူးကို ငြင်းပယ်သူများအတွက် ယေဟောဝါ မည်သို့ ကြေညာသနည်း။ (ခ) လူများသည် သူတို့၏ အပင်များနှင့် ဥယျာဉ်များကြောင့် အဘယ် သဘောဖြင့် ‘အရှက်ရကြ’ သနည်း။
၂၉ ဟေရှာယ ပရောဖက်ပြုချက်တွင် ဖော်ပြထားသော “ချော်” နှင့် ပတ်သက်၍ကော အသို့နည်း။ ဘုရားသခင့် သန့်စင်မှု အစီအစဉ်မှ အကျိုးရယူရန် ငြင်းဆန်သူများ မည်သို့ ဖြစ်မည်နည်း။ ဟေရှာယက ဤသို့ ဆက်ပြော၏– “လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍ ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သင်တို့သည် တပ်မက်ဖူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဖူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။” (ဟေရှာယ ၁:၂၈၊ ၂၉) ယေဟောဝါကို ပုန်ကန်၊ ပြစ်မှားသူများသည် ကိုယ်တော့် ပရောဖက်များ၏ သတိပေး သတင်းတရားများကို အချိန်အလွန်နှောင်းသည်အထိ လျစ်လျူရှုကြသောကြောင့် အမှန်ပင် “ပျက်စီး၊” “ဆုံးရှုံး” ကြရသည်။ ဘီ.စီ.အီး. ၆၀၇ တွင် ယင်းအဖြစ်ဆိုက်ခဲ့သည်။ သို့သော် ထိုကျမ်းတွင် ဖော်ပြထားသော အပင်များနှင့် ဥယျာဉ်များသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။
၃၀ ယုဒလူမျိုး၏ စွဲမြဲနေသည့် ပြဿနာတစ်ခုမှာ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည်။ အပင်များ၊ ဥယျာဉ်များနှင့် တောအုပ်ငယ်တို့သည် သူတို့၏ ယုတ်ညံ့သော အကျင့်များတွင် အများအားဖြင့် ပါဝင်သည်။ ဥပမာ၊ ဗာလနှင့် သူ၏ ခင်ပွန်း အာရှတရက်ကို ဝတ်ပြုသူများက ထိုဘုရားနှစ်ပါးသည် ခြောက်သွေ့သော ရာသီတွင် သေလွန်ပြီး သင်္ဂြိုဟ်ခံရသည်ဟု ယုံကြည်ကြသည်။ သူတို့ နိုးထလာကာ ပေါင်းဖက်ရန် နှိုးဆွပေးခြင်းဖြင့် နယ်မြေတွင် အသီးအနှံများစွာ ထွက်အောင် ပြုလုပ်ပေးဖို့ ရုပ်တုကိုးကွယ်သူများသည် တောအုပ်ငယ် သို့မဟုတ် ဥယျာဉ်များတွင် ရှိသော “မြင့်မြတ်သော” သစ်ပင်များအောက်တွင် လိင်ဖောက်ပြန်မှုများ ပြုရန် စုဝေးကြသည်။ နယ်မြေတွင် မိုးရွာပြီး အသီးအနှံများစွာ ထွက်သည့်အခါ မှောက်မှားသော ဘုရားများသည် ဂုဏ်တင်ခံရပြီး ရုပ်တုကိုးကွယ်သူများသည် သူတို့၏ အယူသီးမှုများ၌ ပို၍ အရိုးစွဲလာကြသည်။ သို့သော် ယေဟောဝါက ပုန်ကန်သော ရုပ်တုကိုးကွယ်သူများအား ပြုတ်ပြုတ်ပြုန်းအောင် ဖျက်ဆီးပစ်လိုက်သောအခါ မည်သည့်ရုပ်တုဘုရားကမျှ သူတို့ကို အကာအကွယ် မပေးနိုင်ကြပါ။ ပုန်ကန်သူများသည် ထိုအစွမ်းမရှိသော အပင်များနှင့် ဥယျာဉ်များကြောင့် ‘အရှက်ကွဲရကြ’ သည်။
၃၁။ ရုပ်တုကိုးကွယ်သူများသည် အရှက်ထက် ပို၍ ဆိုးသော အဘယ်အရာ ရင်ဆိုင်ကြရသနည်း။
၃၁ သို့သော် ရုပ်တုကိုးကွယ်သော ယုဒလူမျိုးသည် အရှက်ထက် ပို၍ ဆိုးသောအရာကို ခံကြရသည်။ ပုံဥပမာကို ပြောင်းလိုက်ကာ ယခု ယေဟောဝါသည် ရုပ်တုကိုးကွယ်သူကို သစ်ပင်တစ်ပင်နှင့် ခိုင်းနှိုင်းလိုက်သည်။ “အရွက်နွမ်းသော သပိတ်ပင်ကဲ့သို့လည်းကောင်း၊ ရေမရှိသော ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၁:၃၀) အရှေ့အလယ်ပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့သော ရာသီတွင် ဤပုံဥပမာသည် သင့်လျော်လှပေသည်။ ရေပုံမှန် မရရှိလျှင် မည်သည့်အပင် သို့မဟုတ် မည်သည့်ဥယျာဉ်မျှ ကြာကြာမခံပါ။ သွေ့ခြောက်သွားသော ထိုသစ်ပင်မျိုးသည် အလွန် မီးလောင်လွယ်သည်။ ထို့ကြောင့် အခန်းငယ် ၃၁ တွင် ဖော်ပြထားချက်သည် သဘာဝကျသည်။
၃၂။ (က) အခန်းငယ် ၃၁ တွင် ဖော်ပြထားသော “ခွန်အားကြီးသောသူ” ကား မည်သူနည်း။ (ခ) သူသည် အဘယ် သဘောဖြင့် “ပိုက်ဆံလျှော်” ဖြစ်ပြီး အဘယ် “မီးပွား” သည် သူ့ကို လောင်ကာ ရလဒ်ကား အဘယ်နည်း။
၃၂ “ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော် ဖြစ်လျက်၊ သူ၏ အမှုသည် မီးပွား ဖြစ်လျက် ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်။ ထိုမီးကို အဘယ်သူမျှ မသတ်ရ။” (ဟေရှာယ ၁:၃၁) ထို “ခွန်အားကြီးသောသူ” ကားမည်သူနည်း။ ဟေဗြဲအသုံးအနှုန်းက ခွန်အားနှင့် ဥစ္စာ ကုံလုံခြင်းဟု အဓိပ္ပာယ်ဆောင်သည်။ ကြီးပွားချမ်းသာပြီး ကိုယ့်စွမ်းရည်ကိုသာ အားကိုးသော မှောက်မှားသည့် ဘုရားကို ကိုးကွယ်သူများအား ရည်စောင်ခြင်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ခေတ်ကဲ့သို့ပင် ဟေရှာယခေတ်တွင်လည်း ယေဟောဝါနှင့် ကိုယ်တော်၏ စစ်မှန်သော ဝတ်ပြုရေးကို ငြင်းပယ်သူ မနည်းပေ။ အချို့သူတို့သည် အောင်မြင်နေကြဟန် ရှိသည်။ သို့တိုင် ယေဟောဝါက ထိုကဲ့သို့သောသူများသည် မီးနံ့ရသည်နှင့် ပြတ်သွားသော ချိနဲ့ပြီး ခြောက်နေသည့် ‘လျှော်ကြိုး’ အမျှင်ကြမ်းပမာ ဖြစ်မည်ဟု သတိပေးထားသည်။ (တရားသူကြီး ၁၆:၈၊ ၉) ရုပ်တုကိုးကွယ်သူများ၏ ပစ္စည်းများ—သူတို့၏ ရုပ်တုဘုရားများ၊ စည်းစိမ်ဥစ္စာများ သို့မဟုတ် ယေဟောဝါ၏ နေရာတွင် သူတို့ အစားထိုး ဝတ်ပြုမှု မှန်သမျှသည်—မီးလောင်စေသည့် “မီးပွား” များကဲ့သို့ ဖြစ်မည်။ မီးပွားရော ပိုက်ဆံလျှော်ပါ အဘယ်သူမျှ မငြိမ်းသတ်နိုင်သော မီးတွင် လောင်ကျွမ်း၊ လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ စကြဝဠာအတွင်းရှိ မည်သည့်တန်ခိုးစွမ်းအားကမျှ ပြစ်ချက် မရှိသော ယေဟောဝါ၏ တရားစီရင်ချက်ကို ပျက်ပြားစေနိုင်မည် မဟုတ်ပါ။
၃၃။ (က) ယေဟောဝါ၏ ရောက်လာတော့မည် တရားစီရင်ခြင်း သတိပေးချက်ကလည်း ကိုယ်တော်၏ ကရုဏာကို မည်သို့ ဖော်ပြသနည်း။ (ခ) ယခု ယေဟောဝါသည် လူသားများကို အဘယ် အခွင့်အရေး ကမ်းလှမ်းထားသနည်း၊ ၎င်းသည် ကျွန်ုပ်တို့တစ်ဦးစီကို မည်သို့ အကျိုးသက်ရောက်သနည်း။
၃၃ ဤနောက်ဆုံးသတင်းသည် အခန်းငယ် ၁၈ တွင် ပါသော ကရုဏာ၊ ခွင့်လွှတ်မှုသတင်းနှင့် သဟဇာတ ဖြစ်ပါသလော။ လုံးဝ ဖြစ်ပါသည်! ယေဟောဝါသည် ကရုဏာရှင် ဖြစ်သောကြောင့် မိမိ၏ ကျွန်များအားဖြင့် ထိုသတိပေးချက်များကို ရေးမှတ်ကာ ကြေညာစေခဲ့သည်။ မည်သို့ပင် ဖြစ်စေ ‘ကိုယ်တော်သည် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တ ရစေခြင်းငှာ အမှန် အလိုတော်ရှိ၏။’ (၂ ပေတရု ၃:၉) ယင်းသည် ယနေ့ စစ်မှန်သော ခရစ်ယာန်ယောက်တိုင်းအား ဘုရားသခင့် သတိပေးသတင်းကို ကြေညာရန် အခွင့်အရေး ဖြစ်သည်၊ နောင်တရသူများသည် ကိုယ်တော်၏ ရက်ရောသော ခွင့်လွှတ်မှုမှ အကျိုးရရှိပြီး ထာဝရအသက် ရရှိစေရန် ဖြစ်သည်။ အချိန်မနှောင်းမီ ကိုယ်တော်နှင့်အတူ “ဆွေးနွေးဆင်ခြင်ကြ” ရန် လူသားများအား အခွင့်အလမ်း ပေးထားခြင်းသည် ယေဟောဝါ၏ အကြင်နာတရားပင်တည်း!
[အောက်ခြေမှတ်ချက်]
a ရှေးဂျူးများ၏ ထုံးတမ်းစဉ်လာအရ မင်းဆိုး မနာရှေသည် ဟေရှာယကို လွှနှင့် အပိုင်းပိုင်းဖြတ်၍ ကွပ်မျက်ခဲ့သည်ဟု အဆိုရှိသည်။ (ဟေဗြဲ ၁၁:၃၇ နှိုင်းယှဉ်။) ဟေရှာယအား ဤသို့ သေဒဏ် ချမှတ်နိုင်ရန် ပရောဖက် အတုအယောင်တစ်ဦးက အောက်ပါစွဲချက်ကို အသုံးပြုခဲ့ကြောင်း ရင်းမြစ်တစ်ခုက ဖော်ပြထား၏– “သူသည် ယေရုရှလင်မြို့ကို သောဒုံမြို့ဟု ခေါ်ဆိုခဲ့ပြီး ယုဒနှင့် ယေရုရှလင်မင်းသားများကို ဂေါမောရမြို့သားများ (ဖြစ်သည်ဟု) ကြေညာခဲ့သည်။”
b “လျှို့ဝှက်ဆန်းကြယ်သော အတတ်” အတွက် ဟေဗြဲစကားလုံးမှာ “ထိခိုက်စေသည့်အရာ၊” “ဆန်းကြယ်သောအရာ၊” “မှောက်မှားသောအရာ” ဟူ၍လည်း ပြန်ဆိုကြသည်။ ဓမ္မဟောင်းကျမ်းဆိုင်ရာ ဓမ္မအဘိဓာန်အရ ဟေဗြဲပရောဖက်များသည် “တန်ခိုးအလွဲသုံးခြင်းဖြင့် ဖြစ်ပေါ်စေသော ဒုစရိုက်အမှု” ကို ရှုတ်ချဖော်ပြရာတွင် ထိုစကားလုံးကို အသုံးပြုကြသည်။
c “သင့်ကိုလည်း ငါ ကိုင်ယူပြီးလျှင်” ဟူသည့် အသုံးအနှုန်းက ယေဟောဝါသည် မိမိ၏ လူမျိုးကို ထောက်ပံ့ပေးလာခဲ့ရာမှ ပြောင်း၍ အပြစ်ဒဏ် ပေးတော့မည်ဟု ဆိုလိုသည်။