ပေါ်တူဂီတွင် ကျမ်းစာသမ္မာတရား ပျံ့နှံ့စေခြင်း
မြောက်ဘက်ရှိ ကာမင်ယာမြို့မှ တောင်ဘက်ရှိ ဗီလာရီအာလ်ဒစန်တူးအဲန်တိုနျူးမြို့အထိဖြစ်သော ပေါ်တူဂီနိုင်ငံ၏ အတ္တလန်တိတ်ကမ်းခြေ မိုင် ၅၀၀ တစ်လျှောက်တွင် ရောင်စုံတံငါလှေ ထောင်ပေါင်းများစွာကို တွေ့ရှိရ၏။ တံငါသည်များသည် နှစ်ရာစုပေါင်းများစွာ ‘သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍ ရေများပေါ်မှာ လုပ်ဆောင်ခဲ့ရာ’ ပေါ်တူဂီနိုင်ငံသားများ အဓိကစားသည့်ငါးကို ရှာဖွေဖမ်းဆီးခဲ့ကြပြီ။—ဆာလံ ၁၀၇:၂၃။
လွန်ခဲ့သောနှစ်ပေါင်း ၇၀ အတွင်း ပေါ်တူဂီနိုင်ငံတွင် အခြားသောတံငါလုပ်ငန်းတစ်ခုကို ထမ်းဆောင်နေပါသည်။ ယေဟောဝါသက်သေများသည် ပုံဆောင်ငါး ထောင်ပေါင်းများစွာထံ သတင်းကောင်း ယူဆောင်သွားခြင်းလုပ်ငန်းတွင် အလွန်အလုပ်များနေကြ၏။ (မဿဲ ၄:၁၉) ၁၉၉၅ မေလတွင် ဘုရားသခင်၏နိုင်ငံတော်သတင်းကြေညာသူ အများဆုံးအရေအတွက် ၄၄,၆၅၀—၁ အချိုး ဒေသခံ ၂၁၀—ရှိခဲ့သည်။ အချို့မြို့များ၏အချိုးအစားသည် ယင်း၏ထက်ဝက်ပင်ဖြစ်သည်။
လုပ်ဆောင်သူ ဤမျှများပြားသောကြောင့် သက်သေခံရသည့်ရပ်ကွက်များစွာတွင် ပတ်စဉ်လိုလိုပင် အမှုဆောင်ကြရသည်။ ထို့ကြောင့် ပေါ်တူဂီသက်သေခံများသည် သူတို့၏ကျမ်းစာဆိုင်ရာမျှော်လင့်ချက်ကို အခြားသူများအားတင်ပြပြောဆိုရန် နည်းအမျိုးမျိုးကို ကြိုးစားအသုံးပြုလိုကြသည်။ မှန်ပါသည်၊ ကျမ်းစာသမ္မာတရားကို နည်းအမျိုးမျိုးဖြင့် အတတ်နိုင်ဆုံးဟောပြောဖို့ အရေးကြီးကြောင်း သူတို့သိရှိထားကြသည်။—၁ ကောရိန္သု ၉:၂၀-၂၃။
ဘာသာရေးစိတ်သန်သူများကို ကူညီပေးခြင်း
ပေါ်တူဂီနိုင်ငံ၏ ၁၉၉၁ ခုနှစ်သန်းခေါင်းစာရင်းအရ အသက် ၁၈ နှစ်နှင့် ၎င်းအထက်ရှိသူ ၇၀ ရာခိုင်နှုန်းသည် ရိုမန်ကက်သလစ်ဘာသာဝင်များဖြစ်ကြောင်း ဝန်ခံကြသည်။ သို့ဖြစ်စေကာမူ သူတို့သည် ကျမ်းစာအသိပညာ အလွန်နည်းနေသည်။ ဂျော်နာလ်ဒနိုတဲစ်ယာ့စ်သတင်းစာက ဤသို့မှတ်ချက်ချသည်– “ဤသည်ကား ဝမ်းနည်းစရာအကောင်းဆုံးဖြစ်သည်– သမ္မာကျမ်းစာအသိပညာကင်းမဲ့ခြင်းတည်း!” ဤသို့အဘယ်ကြောင့်ဖြစ်ရသနည်း။ ပေါ်တူဂီသတင်းစာ အဲစ်ပရဲစိုးက ဤသို့ဖြေဆိုသည်။ ဖက်တီမာရွာတွင် ကျင်းပခဲ့သော ဓမ္မဆရာ ၅၀၀ ၏အစည်းအဝေးအကြောင်း သတင်းစာက ဤသို့ဆိုသည်– “ဂိုဏ်းချုပ်ကြီး၏အဆိုအရ ဓမ္မဆရာသည် ‘သံတော်ဆင့်’ အရာကိုသီးသန့်လုပ်ဆောင်နိုင်ရန် အပိုလုပ်ငန်းမြောက်မြားစွာတို့ကို မလုပ်ကိုင်ရန်လိုသည်။ . . . ဓမ္မဆရာသည် သတင်းကောင်းကို စိတ်ရောကိုယ်ပါဟောပြောမည်ဆိုလျှင် အခြားမည်သည့်လုပ်ငန်းများအတွက်မဆို အချိန်ရှိမည်မဟုတ်ပါ။”
တစ်ဖက်တွင် ပေါ်တူဂီနိုင်ငံရှိ ယေဟောဝါသက်သေများသည် ကျမ်းစာသမ္မာတရားကို နည်းအမျိုးမျိုးဖြင့် အတတ်နိုင်ဆုံးဟောပြောခြင်း၌ အလုပ်များနေကြသည်။ ယင်းကြောင့် စိတ်ရင်းမှန်ကက်သလစ်မြောက်မြားစွာတို့သည် ကျမ်းစာအသိပညာရရှိနေကြသည်။
ကာလော့တာသည် ဘာသာတရားကိုင်းရှိုင်းသော ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဘာသာရေးဂိုဏ်းတစ်ခု၏ လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမသည် သက်သေခံဖြစ်သူ အဲန်တိုနျူးအလုပ်လုပ်သော မူလတန်းကျောင်းတွင် ကျောင်းဆရာမလည်းဖြစ်သည်။ မှန်မှန်ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်သူ အဲန်တိုနျူးသည် နေ့လယ်စာစားချိန်တွင် မိမိ၏လုပ်ဖော်ဆောင်ဖက်များကို ကျမ်းစာအကြောင်း ကြိုးစားပြောဆိုလေ့ရှိသည်။ တစ်နေ့သောအခါ ကာလော့တာက သူ့အား ငရဲမီးနှင့် မာရိဂိုဏ်းအကြောင်း မေးမြန်းခဲ့သည်။ အဲန်တိုနျူးသည် ယင်းအကြောင်းများကို ကျမ်းစာမည်သို့သွန်သင်ကြောင်း ဖော်ပြပေးပြီးနောက်ပိုင်းတွင် ကျမ်းစာဆွေးနွေးခန်းများစွာပြုလုပ်ခွင့်ရရှိခဲ့သည်။ ကာလော့တာသည် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ပထမအကြိမ်စည်းဝေးတက်ချိန်တွင် သူ့အတွက် အလွန်စိတ်စွဲမှတ်စရာဖြစ်ခဲ့သည်။ သို့ရာတွင် စည်းဝေးအချိန်သည် သူမအသင်းဝင်ထားသည့် ဘာသာရေးဂိုဏ်းဂဏ၏စည်းဝေးချိန်နှင့် တိုက်ဆိုင်နေသည်။ ဤတွင် သူမသည် ဆုံးဖြတ်ချက်ချဖို့လိုကြောင်း သိရှိလာသည်။ သူမ မည်သို့ပြုလုပ်မည်နည်း။
ကာလော့တာသည် လူငယ့်အသင်းတစ်သင်းလုံးကို စည်းဝေးစေပြီး မိမိသည် ထိုအသင်းမှ အဘယ်ကြောင့်နုတ်ထွက်မည်ဖြစ်ကြောင်း ကျမ်းစာမှရှင်းပြသည်။ သူမ၏ဆုံးဖြတ်ချက်ကို အားလုံးကပြစ်တင်ပြောဆိုကြသော်လည်း စတဲလာအမည်ရှိ အမျိုးသမီးငယ်တစ်ဦးက ဂရုစိုက်နားထောင်၏။ နောက်ပိုင်းတွင် သူ့ကိုကာလော့တာဆက်စကားပြောဆိုသည့်အခါ စတဲလာသည် အသက်၏မူလအစနှင့် ယင်း၏ရည်ရွယ်ချက်အကြောင်း မေးခွန်းများစွာမေးမြန်းခဲ့သည်။ ထိုအခါ ကာလော့တာသည် သူမအား အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်ကိုပေးပြီး သူမနှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။a
ဤအတောအတွင်း ကာလော့တာသည် ဝိညာဉ်ရေးဘက် ကောင်းစွာတိုးတက်ပြီး ၁၉၉၁၊ ဇွန်လတွင် နှစ်ခြင်းယူကာ နောက်ခြောက်လအကြာတွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုတော်ဆောင်ရွက်လေသည်။ ၁၉၉၂၊ မေလတွင် သူမနှင့် အဲန်တိုနျူးတို့သည် ထိမ်းမြားမင်္ဂလာပြုပြီးနောက် အကူအညီသာ၍လိုအပ်သော အနီးအနားရှိအသင်းတော်တစ်ခုတွင် ဆက်လက်၍ အတူတူရှေ့ဆောင်နေကြ၏။ စတဲလာကော မည်သို့နည်း။ သူမသည် ၁၉၉၃ မေလတွင် နှစ်ခြင်းယူပြီးနောက် ယခုမှန်မှန်ရှေ့ဆောင်နေပါသည်။
လူငယ်တစ်ဦးဖြစ်သူ ဖရန်စစ္စကိုသည် ဘာသာတရားအလွန်ကြည်ညိုသူဖြစ်သည်။ သူသည် တနင်္ဂနွေနေ့တိုင်း နံနက်ချိန်တွင် မားစ်တက်ပြီး နေ့လယ်ပိုင်းတွင် ပုတီးစိပ်ရွတ်ဆိုသည့်အခမ်းအနားများကို တက်လေ့ရှိသည်။ မားစ်ပွဲကျင်းပချိန်တွင် ဘုန်းကြီးကိုကူညီပေးသူ အမှုထမ်းလည်းဖြစ်သည်။ နောင်တစ်ချိန်ချိန်တွင် ဘုရားသခင်သည် မိမိကို “သူတော်စင်” ဖြစ်စေရန်အတွက်ပင် သူဆုတောင်းထားသည်တကား!
ဖရန်စစ္စကိုသည် ကျမ်းစာတစ်အုပ် တကယ်ရလိုသဖြင့် သူငယ်ချင်းတစ်ဦးက သူ့ကိုငှားပေးလိုက်သည်။ ဘုရားသခင်၌နာမတော်ရှိကြောင်းနှင့် ၎င်းသည်ယေဟောဝါဖြစ်ကြောင်း သူသိရှိသည့်အခါ အလွန်အံ့အားသင့်သွားသည်။ (ထွက်မြောက်ရာ ၆:၃; ဆာလံ ၈၃:၁၈) ဝတ်ပြုကိုးကွယ်မှု၌ ရုပ်ပုံများအသုံးပြုခြင်းကို ဘုရားသခင်တားမြစ်ကြောင်း ထွက်မြောက်ရာ ၂၀:၄၊ ၅ တွင် သူဖတ်ရသောအခါ သာ၍ပင်အံ့သြသွားသည်! ချာ့ချ်တွင် အရုပ်များအပြည့်ရှိနေသည့်အတွက် ဤရောထွေးရှုပ်ယှက်ခတ်မှုကို နားလည်နိုင်ရန် ကူညီပေးဖို့ ဘုရားသခင်ထံလှိုက်လှိုက်လှဲလှဲ ဆုတောင်းသည်။ ရက်အနည်းငယ်အကြာတွင် ကျောင်းနေဖက်ဟောင်းတစ်ဦးနှင့်တွေ့ဆုံ၍ ညကျောင်းကို သူအဘယ်ကြောင့်မလာတော့သနည်းဟု မေးမြန်းခံခဲ့ရသည်။
“ငါ ပိုကောင်းတဲ့ညကျောင်းတစ်ခုကိုတက်နေတယ်” ဟုသူငယ်ချင်းက ဖြေဆိုသည်။
“ဘယ်ကျောင်းလဲ၊ ဘာလေ့လာနေသလဲ” ဟုဖရန်စစ္စကိုပြန်မေးသည်။ မိတ်ဆွေ၏အဖြေက သူ့ကိုအလွန်အမင်းအံ့သြသွားစေသည်။
“ယေဟောဝါသက်သေများရဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ငါကျမ်းစာသင်နေတယ်” ဟုသူငယ်ချင်းက ဖြေသည်။ “ငါနဲ့လိုက်ချင်သလား။”
ဖရန်စစ္စကို၏ဦးဆုံးအကြိမ်အစည်းအဝေးတွင် သူတွေ့မြင်သောမြင်ကွင်း—ပြုံးပြုံးရွှင်ရွှင်မျက်နှာထားများ; အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ရင်းနှီးခင်မင်စွာ စကားပြောဆိုနေသူများ; မိဘများနှင့်အတူထိုင်၍ ဟောပြောချက်များကို ဂရုစိုက်နားထောင်နေသော သားသမီးများ—သည် သူ့အတွက်မယုံနိုင်စရာဖြစ်ခဲ့သည်။
“ကျွန်တော်ဟာ သူစိမ်းသက်သက်ဖြစ်နေပေမဲ့ မိသားစုအဝင်လိုပဲခံစားလိုက်ရတယ်!” ဟုဖရန်စစ္စကိုက တအံ့တသြပြောပြသည်။ သူသည် ထိုအချိန်မှစ၍ စည်းဝေးများကို မှန်မှန်တက်ရောက်လေသည်။ ယခုဖရန်စစ္စကိုသည် အသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်နေပြီး သူ၏ဇနီးနှင့် ကလေးနှစ်ယောက်တို့နှင့်အတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ကြီးမြတ်တော်မူသော ဘုရားသခင့်နိုင်ငံတော်ကတိတော်များကြောင့် ဝမ်းမြောက်ရွှင်လန်းမှု ခံစားနေရ၏။
ဆွေမျိုးများကို သမ္မာတရားဝေမျှခြင်း
လစ္စဘန်ဆိပ်ကမ်းမြို့တော်ဒေသတွင် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်သူ မယ်နူးဝယ်လာသည် ဆွေမျိုးများအပါအဝင် လူတိုင်းကို ကြင်နာစွာ ဇွဲရှိရှိသက်သေခံသောကြောင့် ဝိညာဏငါးများစွာကို ဖမ်းမိခဲ့သည်။ သူတို့တွင် မောင်အရင်းဖြစ်သူ လက်နက်မဲ့နှင့် လက်နက်ကိုင်တိုက်ခိုက်နည်း သင်တန်းများ တက်ခဲ့သူ ဇူဇေးအဲသွာဒူးလည်းပါဝင်သည်။ သူသည် အကြိမ်ကြိမ်ဥပဒေချိုးဖောက်ခဲ့ရာ နောက်ဆုံးစွဲချက် ၂၂ မှုဖြင့်ရုံးတင်စစ်ဆေးခံခဲ့ရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရသည်။ သူသည် အလွန်အကြမ်းဖက်သူဖြစ်သဖြင့် အကျဉ်းသားချင်းများပင် သူ့ကိုကြောက်လန့်နေကြသည်။ သို့ဖြစ်၍ သူ့ကို တိုက်ပိတ်ထားကြသည်။
မယ်နူးဝယ်လာသည် ဇူဇေးအဲသွာဒူးထံ ခုနစ်နှစ်တိုင် စိတ်ရှည်လက်ရှည်လည်ပတ်သော်လည်း ကျမ်းစာသမ္မာတရားကို သူအမြဲငြင်းပယ်သည်။ နောက်ဆုံး အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်ကိုထုတ်ဝေသောအခါ ၎င်းကိုသူလက်ခံပြီး ကျမ်းစာသင်အံမှုစခဲ့သည်။ သို့နှင့်ချက်ချင်းပင် အကျင့်အကြံ အကြီးအကျယ်ပြောင်းလဲလေသည်။ တစ်ပတ်အကြာတွင် အကျဉ်းသား ၂၀၀ ရှေ့တွင် သူကိုယ်တိုင်သက်သေခံ၏။ နောက်တစ်ပတ်တွင် နောက်ထပ်လူ ၆၀၀ ရှေ့ သူသက်သေခံသည်။ ထို့နောက် အကျဉ်းထောင်တိုက်ခန်းများရှိ အခြားအကျဉ်းသားများထံ လည်ပတ်ခွင့်ပင် သူရရှိသည်။ သူ၏အမူအကျင့် အလွန်ပြောင်းလဲသောကြောင့် ထောင်ဒဏ်ကို ၁၅ နှစ်သို့လျှော့ပေါ့ခံရသည်။ ၁၀ နှစ်ထောင်ကျခဲ့ပြီးနောက် ခံဝန်ချက်ဖြင့် လွတ်မြောက်ခဲ့သည်။ ထိုအချိန်သည် လွန်ခဲ့သောငါးနှစ်တာကာလကဖြစ်သည်။ ယခု ဇူဇေးအဲသွာဒူးသည် နှစ်ခြင်းခံပြီးသော ယေဟောဝါသက်သေတစ်ဦးဖြစ်နေ၍ ဒေသခံအသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုထမ်းနေပြီ။ ‘တောခွေးသည် သိုးသငယ်နှင့်အတူနေ’ သည့်အဖြစ်အပျက်မှန်ပါတကား!—ဟေရှာယ ၁၁:၆။
မယ်နူးဝယ်လာသည် မိသားစုကို အဆက်မပြတ်ကြိုးစားသက်သေခံသောကြောင့် သူမ၏ခင်ပွန်း၊ သူမ၏မိသားစုအဝင် အခြားသူလေးဦးတို့ကိုပါ ယေဟောဝါ၏အမှုတော်ကို တက်ကြွစွာဆောင်ရွက်သူများဖြစ်လာစေခွင့်ရသည့် ရွှင်လန်းမှုကို ခံစားခဲ့ရပြီ။ သူမ၏ခင်ပွန်းသည်လည်း ယခု ဓမ္မအမှုထမ်းတစ်ဦးဖြစ်နေပေပြီ။
“သူတို့ကို ငါရိုက်ပြီး ကန်ထုတ်ပစ်မယ်”
မာရီးယားဒိုကောမိုးသည် လစ္စဘန်ဆိပ်ကမ်းမြို့၏ ဆင်ခြေဖုံးရပ်တွင် နေထိုင်နေစဉ် သက်သေခံများသည် သူမထံရောက်လာသည်။ သူမကြားနာသောတရားစကားကို နှစ်သက်သဖြင့် ခင်ပွန်းဖြစ်သူ အဲန်တိုနျူးကို အိမ်၌ကျမ်းစာလေ့လာခွင့်တောင်းဆိုသည်။ သူက “အဲ့ဒါ စဉ်းကိုမစဉ်းစားနဲ့။ ငါတို့အိမ်ထဲမှာ ယေဟောဝါသက်သေတွေကိုတွေ့ရင် သူတို့ကို ငါရိုက်ပြီး ကန်ထုတ်ပစ်မယ်” ဟုဖြေသည်။ စကားမစပ် အဲန်တိုနျူးသည် ကရာတေးနည်းပြဆရာနှင့် နံပါတ်သုံးအဆင့်ရှိ ခါးပတ်နက်ဆုရသူဖြစ်သည်။ ထို့ကြောင့် မာရီးယားဒိုကောမိုးသည် အခြားတစ်နေရာတွင် ကျမ်းစာသင်ရန် စိတ်ဆုံးဖြတ်လိုက်၏။
နောက်ပိုင်းတွင် အဲန်တိုနျူးသည် ရှစ်ရက်ကြာ ကရာတေးသင်တန်းတစ်ခုကိုတက်ရန် အင်္ဂလန်နိုင်ငံသို့သွားခဲ့ရသည်။ သူ၏ခရီးဆောင်အိတ်ထဲတွင် မာရီးယားဒိုကောမိုးသည် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို အသေအချာထည့်ပေးလိုက်သည်။bအဲန်တိုနျူးသည် သူ၏ခရီးစဉ်တွင် အချိန်ပိုရသောကြောင့် ထိုစာအုပ်ကို ဖတ်လိုက်ရသည်။ အပြန်ခရီးတွင် မုန်တိုင်းမိပြီး လေယာဉ်သည် အကြီးအကျယ်တုန်ခါခဲ့ရာ လေယာဉ်ဆိုက်ဖို့ပင် အခက်အခဲတွေ့ကြုံပါသည်။ ထိုအခါ အဲန်တိုနျူးသည် ယေဟောဝါထံ ပထမဦးဆုံးအကြိမ် ဆုတောင်းလေသည်။
အဲန်တိုနျူးအိမ်ပြန်ရောက်သောအခါ ဇနီးဖြစ်သူကိုကျမ်းစာသင်ပေးသူက အစည်းအဝေးတက်ရန် သူ့အားဖိတ်ခေါ်သည်။ ဖိတ်ခေါ်ချက်ကို သူလက်ခံ၏။ စည်းဝေးတွင် လူတိုင်းခင်ခင်မင်မင်ရှိကြသည်ကို သူတွေ့ရှိခဲ့သည်။ သူနှင့်ကျမ်းစာသင်အံမှုကျင်းပရန် အစီအစဉ်များပြုလုပ်ပြီးနောက် အချိန်တိုကလေးတွင် အဲန်တိုနျူးသည် ဆုံးဖြတ်ချက်များချရန်လိုအပ်ကြောင်း သိရှိလေသည်။ နောက်ဆုံး သူသည် ကရာတေးမသင်တော့ဘဲ သူ၏သင်သားများအား ယခုမှစ၍ထာဝစဉ် ငြိမ်သက်စွာနေထိုင်တတ်ရန် သွန်သင်ပေးလေတော့သည်။ သူတို့အနက် ခါးပတ်နက်ဆုရသူတစ်ဦးပါ ယခုနှစ်ခြင်းခံပြီးသော ခရစ်ယာန်တစ်ဦး ဖြစ်လေပြီ။
အဲန်တိုနျူးမူကား ၁၉၉၁ ဧပြီလတွင် နှစ်ခြင်းခံခဲ့သည်။ သူနှစ်ခြင်းခံပြီး နောက်တစ်ရက်တွင် အရန်ရှေ့ဆောင်အဖြစ် စတင်အမှုဆောင်ရွက်လေသည်။ နောက်ခြောက်လအကြာတွင် မှန်မှန်ရှေ့ဆောင်ဆက်လုပ် ပြီး မကြာမီပင် အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၁၂ ခုကျင်းပနေတော့သည်။ သူသည် ၁၉၉၃ ဇူလိုင်လမှစ အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
မကြာခဏ အမှုဆောင်သောရပ်ကွက်တွင်
ဤနိုင်ငံ၏ ရပ်ကွက်မြောက်မြားစွာတွင် ပတ်စဉ် ပြန်ပြီးအမှုဆောင်နေရ၏။ သို့ဖြစ်၍ သက်သေခံများသည် သူတို့၏ “တံငါ” လုပ်ငန်းဖြစ်ထွန်းရန် မည်သို့ပြုလုပ်ဆောင်ရွက်ရကြသနည်း။
ဇွာအုသည် အိမ်တိုင်းမှလူတိုင်းကိုတွေ့ဆုံရန် ကြိုးစားပါသည်။ သူသည် အမျိုးသမီးတစ်ဦးထံ ရောက်သွားသောအခါ ထိုအိမ်တွင် သူမအပြင် အခြားမည်သူများနေထိုင်သေးသနည်းဟု မေးမြန်းသည်။ ထိုအမျိုးသမီးက ခင်ပွန်းဖြစ်သူနှင့် သားနှစ်ယောက်ရှိကြောင်း၊ သို့သော် သူတို့သည် ညနေချိန်မှ အလုပ်ကပြန်လာလေ့ရှိသဖြင့် သူတို့နှင့်တွေ့ဆုံရန် ခဲယဉ်းမည်ဖြစ်ကြောင်း ဖြေဆိုသည်။ သို့နှင့် ဇွာအုသည် အခြားနေရာသို့ဆက်သွားပြီး သက်သေခံလေသည်။ တစ်နာရီခွဲအကြာတွင် သူ့ထံလူတစ်ယောက်ရောက်လာသည်။
“ဦး၊ ကျွန်တော်နဲ့စကားပြောချင်တယ်ဆို” ဟုထိုသူက ဇွာအုကိုပြောသည်။ “ကျွန်တော့်နဲ့တွေ့ချင်တဲ့ကိစ္စကို ပြောပြပါ။”
“ခွင့်လွှတ်ပါ၊ ကျွန်တော်ခင်ဗျားကို မသိလို့ပါ” ဟုအံ့သြရသူ ဇွာအုတောင်းပန်၏။ “ခင်ဗျား ဘယ်သူလဲ။”
“ကျွန်တော် အဲန်တိုနျူးပါ။ ဒီလမ်းထဲမှာနေတယ်။ ကျွန်တော်တို့မိသားစုနဲ့ စကားပြောချင်တယ်ဆိုလို့ အမေကပြောပြတယ်။ ဒါကြောင့် ဘာများပြောချင်သလဲဆိုတာကိုသိချင်လို့ ဦးကိုလာရှာတာပါ။”
ဇွာအုသည် အဲန်တိုနျူးကို ကောင်းစွာသက်သေခံပြီး ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ ဒုတိယအကြိမ်သင်အံမှုပြုပြီးနောက် အဲန်တိုနျူးက သင်အံမှုကို တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးနိုင်မည်လောဟု တောင်းဆိုသည်။ သူသည် လေးလအတွင်းပင် ဇွာအုနှင့်အတူ သူ၏လမ်းပေါ်၌ သတင်းကောင်းစတင်ဟောပြောလေသည်။ နောက်သုံးလအကြာတွင် နှစ်ခြင်းခံယူသည်။ သူ၏မိခင်သည်လည်း မကြာမီက ကျမ်းစာစလေ့လာလေသည်။ ဓမ္မအမှုဆောင်ရာတွင် အိမ်ထောင်ရှိသူတိုင်းအား သက်သေခံခြင်းသည် မည်မျှအရေးကြီးသည်တကား!
ပေါ်တူဂီရေပြင်တွင် ဝိညာဏတံငါလုပ်ငန်းကို များစွာလုပ်ကိုင်စရာရှိနေသေးကြောင်း ဤစိတ်အားတက်ကြွဖွယ် တွေ့ကြုံမှုများကတင်ပြသည်။ ယေဟောဝါသည် အပတ်တကုတ်ကြိုးစားနေကြသော ထိုနိုင်ငံတွင်ရှိသက်သေခံများကို တိုးတက်သောကျမ်းစာသင်အံမှု ထောင်ပေါင်းများစွာကိုပေးခြင်းဖြင့် ကောင်းချီးသွန်းလောင်းနေတော်မူသည်။ လူတိုင်းအား ကျမ်းစာသမ္မာတရားကို ဟောပြောနိုင်ရန် နည်းအမျိုးမျိုးကို သူတို့ထပ်ဆင့်ရှာဖွေကြစဉ် ဖိလိပ္ပိမြို့ရှိခရစ်ယာန်များအား တမန်တော်ပေါလုရေးသားခဲ့သောစကားများသည် ယနေ့ ပေါ်တူဂီနိုင်ငံတွင် အမှန်တကယ်ပင် ပြည့်စုံနေပါသည်– “အနည်းနည်းအားဖြင့် ခရစ်တော်၏အကြောင်းကို ကြော်ငြာခြင်းရှိပြီ။”—ဖိလိပ္ပိ ၁:၁၈၊ သမ။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
b နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
[စာမျက်နှာ ၂၅ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)စပိန်
ပေါ်တူဂီ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျမ်းစာသမ္မာတရားကို သိရှိစေရန် ပေါ်တူဂီနိုင်ငံရှိ သက်သေခံများသည် အခွင့်အရေးတိုင်းကို အသုံးပြုကြ