အခန်း ၁၉
မြေကြီးသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် ပြည့်စုံသည့်အခါ
၁၊ ၂။ ယေဟောဝါ၏ ဖန်ဆင်းခံအရာတို့သည် မည်သို့ထိခိုက်ပျက်စီးသွားသနည်း။
ကျော်ကြားသော ပန်းချီဆရာတစ်ဦးက အလွန်သားနားသော ပန်းချီကားတစ်ချပ်ကို ခုလေးတင်လက်စသတ်ပြီးသည်ဟု ဆိုကြပါစို့။ ပန်းချီဆရာက ၎င်းကိုအလွန်ကောင်းသောအပြောင်မြောက်ဆုံးသောလက်ရာအဖြစ်မှန်ကန်စွာယူဆလိုက်သည်! သို့သော် ညတွင်းချင်းမှာပင် မနာလိုမရှုဆိတ်သော ပြိုင်ဘက်တစ်ဦးက ပန်းချီကားကို ပုံပန်းပျက်အောင်ဖျက်လိုက်သည်။ ထိုပန်းချီဆရာ ကြီးစွာစိတ်ထိခိုက်သွားမည်ကို နားလည်နိုင်ပါသည်။ လက်သရမ်းဖျက်ဆီးသွားသူ ထောင်ကျသည်ကို သူမြင်လိုစိတ် မည်မျှပြင်းပြလိုက်မည်ဖြစ်ခြင်း! ပန်းချီဆရာသည် သူ၏လက်ရာ နဂိုအလှအတိုင်းပြန်ဖြစ်စေလိုသည့် ဆန္ဒမည်မျှပြင်းပြမည်ကိုလည်း တွေးကြည့်နိုင်ပါသည်။
၂ ထိုပန်းချီဆရာကဲ့သို့ပင် ယေဟောဝါသည် ကမ္ဘာမြေကြီးကိုပြင်ဆင်၍ လူသားကိုနေရာချပေးရာ၌ အပြောင်မြောက်ဆုံးသော လက်ရာတစ်ခုကို ဖန်တီးတော်မူခဲ့သည်။ လူယောက်ျားနှင့်လူမိန်းမတို့ကို ဖန်ဆင်းပြီးနောက် မိမိ၏မြေကြီးဆိုင်ရာအလုပ်အားလုံးကို “အလွန်ကောင်းသည်” ဟု မိန့်ဆိုတော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏သားသမီးအရင်းဖြစ်ကြသဖြင့် သူတို့ကို ကိုယ်တော်ချစ်တော်မူ၏။ သူတို့အဖို့ ပျော်ရွှင်ချမ်းမြေ့၍ သာယာကြည်နူးဖွယ်ကောင်းသော အနာဂတ်ကို မြင်ယောင်တော်မူခဲ့သည်။ စာတန်က သူတို့ကိုပုန်ကန်အောင် သွေးဆောင်ခဲ့သည်မှာမှန်သော်လည်း ဘုရားသခင့်အံ့ချီးဖွယ် ဖန်ဆင်းခံအရာတို့သည် ပြင်ဆင်၍မရနိုင်သည့်အထိ ပျက်စီးသွားခြင်းမရှိပါ။—ကမ္ဘာဦး ၃:၂၃၊ ၂၄; ၆:၁၁၊ ၁၂။
၃။ “စစ်မှန်သောအသက်” ကား အဘယ်နည်း။
၃ ဘုရားသခင်သည် ဤအရာများကို ပြန်လည်တည့်မတ်ပြုပြင်ရန် သန္နိဋ္ဌာန်ချထားတော်မူ၏။ မူလရည်ရွယ်သည့်အတိုင်း ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည်ကို အလွန်အမင်း လိုလားတော်မူ၏။ ဒုက္ခမြားမြောင်၍တိုတောင်းသော ကျွန်ုပ်တို့၏ဘဝသည် “စစ်မှန်သောအသက်” မဟုတ်ပါ။ ယင်းသည် ယေဟောဝါမူလရည်ရွယ်ခဲ့သည်ထက် များစွာအဆင့်နိမ့်နေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင်ရစေလိုသည့် “စစ်မှန်သောအသက်” မှာ စုံလင်သောအခြေအနေတွင် “ထာဝရအသက်” ရှင်ခြင်းပင်ဖြစ်သည်။—၁ တိမောသေ ၆:၁၂၊ ၁၉၊ သတင်းကောင်း။
၄၊ ၅။ (က) ပရဒိသုမျှော်လင့်ချက်သည် အဘယ်သို့ပြည့်စုံလာမည်နည်း။ (ခ) အနာဂတ်မျှော်လင့်ချက်အကြောင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်တွေးတောသင့်သနည်း။
၄ ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်အတူ ယေဟောဝါရှေ့တော်၌ တာဝန်လိုက်ပါလာသည်။ (ယာကုပ် ၄:၁၇) သို့သော် ထိုအသိပညာကိုလက်တွေ့ကျင့်သုံး၍ ထာဝရအသက်ကိုလက်လှမ်းယူမည်ဆိုလျှင် ရရှိမည့်ကောင်းချီးမင်္ဂလာများကို စဉ်းစားကြည့်ပါ။ လက်တစ်ကမ်းအနာဂတ်တွင်ရှိသော ပရဒိသုမြေကြီး အသက်တာနှင့်စပ်လျဉ်းသည့် လှပသောပန်းချီကားတစ်ချပ်ကို ယေဟောဝါဘုရားသခင်က မိမိ၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် ရေးဆွဲထားတော်မူ၏။ ယေဟောဝါ၏လူမျိုးတော်အနေနှင့် ကျွန်ုပ်တို့သည် ဆုလာဘ်ရရှိလိုသည့်ဆန္ဒတစ်ခုတည်းဖြင့် ဘုရားသခင်အားဝတ်ပြုကြခြင်းမဟုတ်သည်မှာ ဆိုဖွယ်မရှိ။ ဘုရားသခင်ကိုချစ်၍ ဝတ်ပြုကြခြင်းဖြစ်သည်။ (မာကု ၁၂:၂၉၊ ၃၀) ၎င်းပြင်၊ ယေဟောဝါအားဝတ်ပြုခြင်းအားဖြင့် အသက်ကို ကျွန်ုပ်တို့ ထိုက်တန်စွာရရှိ ကြခြင်းမဟုတ်ပါ။ ထာဝရအသက်ဆိုသည်မှာ ဘုရားသခင်ပေးတော်မူသည့် ဆုကျေးဇူးသာဖြစ်သည်။ (ရောမ ၆:၂၃) ထိုသို့သောအသက်တာအကြောင်းကို အလေးအနက်တွေးတောခြင်းသည် ကျွန်ုပ်တို့အဖို့အကျိုးရှိသည်။ အကြောင်းမှာ ပရဒိသုမျှော်လင့်ချက်က ယေဟောဝါသည် အဘယ်သို့သောဘုရားသခင်အမျိုးအစားဖြစ်ကြောင်းကိုသတိရစေသောကြောင့်တည်း—ကိုယ်တော်သည် ‘မိမိကိုစိတ်အားထက်သန်စွာရှာသူတို့အား အကျိုးပေးတော်မူသော’ မေတ္တာပြည့်ဝသည့်အရှင်ဖြစ်တော်မူ၏။ (ဟေဗြဲ ၁၁:၆) ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးထဲ၌ အရှိန်ညီးညီးတောက်လောင်နေသည့် မျှော်လင့်ချက်သည် ကျွန်ုပ်တို့အား စာတန့်လောကတွင်ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံနိုင်သောခွန်အားရှိစေသည်။—ယေရမိ ၂၃:၂၀။
၅ လာလတ္တံ့သော မြေကြီးပရဒိသုတွင်ရရှိမည့် ထာဝရအသက်နှင့်ဆိုင်သော ကျမ်းစာအခြေခံမျှော်လင့်ချက်အပေါ် ယခုကျွန်ုပ်တို့အာရုံပြုကြပါစို့။ မြေကြီးသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် ပြည့်စုံသည့်အချိန်၌ ဘဝသည် မည်သို့မည်ပုံရှိလာမည်နည်း။
အာမဂေဒုန်အပြီး—ပရဒိသုမြေကြီးတစ်ခု
၆။ အာမဂေဒုန်ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လူသားများအဖို့ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။
၆ အထက်၌တင်ပြခဲ့သည့်အတိုင်း ယေဟောဝါဘုရားသခင်သည် မကြာမီ လက်ရှိဆိုးယုတ်သောအစီအစဉ်ကို ဖျက်ဆီးပစ်တော်မူမည်။ ဤလောကသည် ဟာမဂေဒုန်၊ သို့မဟုတ် အာမဂေဒုန်ဟု ကျမ်းစာခေါ်သောအရပ်သို့ လျင်မြန်စွာချဉ်းကပ်လျက်ရှိသည်။ ထိုစကားလုံးက လူအချို့အားစစ်ပြိုင်နိုင်ငံများဖြစ်ပွားစေမည့် နျူကလီးယားမီးလောင်တိုက်သွင်းမှုကို စဉ်းစားမိစေမည်ဖြစ်သော်လည်း အာမဂေဒုန်မှာ ထိုသို့လုံးဝမဟုတ်ပါ။ ဗျာဒိတ် ၁၆:၁၄-၁၆ (သမ) ၌ဖော်ပြသည့်အတိုင်း အာမဂေဒုန်ဆိုသည်မှာ “အနန္တတန်ခိုးရှင် ဘုရားသခင့်နေ့တော်ကြီးစစ်ပွဲ” ဖြစ်သည်။ “တစ်လောကလုံးရှိ ဘုရင်မင်းတို့” သို့မဟုတ် တိုင်းနိုင်ငံတို့ပါဝင်သည့်စစ်ပွဲဖြစ်သည်။ ခန့်အပ်ခံဘုရင်မင်းဖြစ်သော ယေဟောဝါဘုရားသခင့်သားတော်သည် မကြာမီ တိုက်ပွဲဆင်နွှဲတော်မူမည်။ ရလဒ်မှာ လုံးလုံးသေချာပြတ်သားပါသည်။ ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်အန်တုသူနှင့် စာတန့်ဆိုးယုတ်သောစနစ်၏ အစိတ်အပိုင်းဖြစ်သူအားလုံး သုတ်သင်ပယ်ရှင်း ခံရကြမည်။ ယေဟောဝါအပေါ် သစ္စာစောင့်သိသူတို့သာလျှင် အသက်ချမ်းသာရာရကြမည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၁၉:၁၁-၂၁။
၇။ ခရစ်တော် အနှစ်တစ်ထောင်အုပ်ချုပ်စဉ်အတွင်း စာတန်နှင့်၎င်း၏နတ်ဆိုးတို့သည် အဘယ်နေရာတွင်ရောက်နေကြမည်နည်း။ ထိုအခြေအနေက လူသားတို့ကို မည်သို့အကျိုးပြုမည်နည်း။
၇ ထိုကပ်ဘေးကြီးကို သင် ကပ်ကျော်သည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်တွင် မြေကြီးအသက်တာဘဝသည် မည်သို့ရှိချေမည်နည်း။ (၂ ပေတရု ၃:၁၃) ကျွန်ုပ်တို့မှန်းဆနေစရာမလိုပါ။ ကျမ်းစာက ပြောပြထားပြီးဖြစ်သည်။ ပြောထားသမျှမှာလည်း ရင်ဖိုစရာ၊ ပီတိဖြစ်စရာချည်းဖြစ်သည်။ စာတန်နှင့်သူ၏နတ်ဆိုးတို့သည် ယေရှုခရစ်စိုးစံတော်မူသည့် အနှစ်တစ်ထောင်အတွင်း လှုပ်ရှားမှုရပ်စဲခံရပြီး အနက်ဆုံးတွင်းထဲ၌ ချုပ်နှောင်ခြင်းခံရကြမည်။ ဆိုးညစ်၍မလိုတမာစိတ်ထားရှိသော ထိုသတ္တဝါများက နောက်ကွယ်မှခြောင်းမြောင်းခြင်း၊ ဒုက္ခရောက်အောင်လှုံ့ဆော်ခြင်း၊ ကျွန်ုပ်တို့အား ဘုရားသခင်ကိုဆန့်ကျင်သည့် သစ္စာမဲ့သောအပြုအမူများပြုလုပ်ရန် ဆွပေးခြင်းရှိတော့မည်မဟုတ်။ စိတ်သက်သာစရာပါတကား!—ဗျာဒိတ် ၂၀:၁-၃။
၈၊ ၉။ ကမ္ဘာသစ်တွင် ဒုက္ခဆင်းရဲနှင့် အိုခြင်းနာခြင်းတို့သည် ဘာဖြစ်သွားကြမည်နည်း။
၈ အချိန်တန်သော် ဖျားနာမှုမှန်သမျှ ပျောက်ကွယ်သွားမည်။ (ဟေရှာယ ၃၃:၂၄) ထိုအခါ ခြေကျိုးသူတို့သည် ပကတိကျန်းမာသန်စွမ်းသောခြေပေါ် မတ်တတ်ရပ်၍လမ်းလျှောက် ပြေးလွှား ကခုန်ကြမည်။ နားပင်းသူတို့သည် ၎င်းတို့၏ အသံတိတ်ဆိတ်သည့်လောကအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးနောက် ၎င်းတို့ပတ်ဝန်းကျင်မှ ကြည်နူးနာပျော်ဖွယ်ကောင်းသောအသံများကို ကြားလာကြမည်။ မျက်မမြင်သူများသည် အရောင်အသွေးနှင့် ပုံပန်းသဏ္ဌာန်စုံလင်လှသောကမ္ဘာတစ်ခု မျက်စိရှေ့ပေါ်လာသည်ကိုတွေ့ မြင်ရသည့်အခါ အံ့အားသင့်ပြီး ပင့်သက်ရှိုက်မိကြမည်။ (ဟေရှာယ ၃၅:၅၊ ၆) အဆုံး၌ သူတို့ချစ်ခင်မြတ်နိုးသူတို့၏မျက်နှာကို မြင်တွေ့ရကြမည်။ ထိုအခါ ဝမ်းသာ၍ဝဲလာသည့်မျက်ရည်များကြောင့် သူတို့၏အမြင်အာရုံသည် အခိုက်အတန့်အားဖြင့် မှုန်ဝါးသွားကောင်းမှုန်ဝါးသွားမည်!
၉ တွေးကြည့်လိုက်ပါ! မျက်မှန်၊ ချိုင်းထောက်၊ တုတ်ကောက်၊ ဆေးဝါး၊ သွားဆေးခန်း၊ ဆေးရုံများ မရှိတော့ပြီ! စိတ်ကြောင့်ဖြစ်သောဖျားနာမှုများနှင့် စိတ်ကျဝေဒနာများကြောင့် လူတို့ပျော်ရွှင်မှုနောက်တစ်ဖန်ဆုံးရှုံးရတော့မည်မဟုတ်။ ကလေးသူငယ်များလည်း ရောဂါဝေဒနာ ဖိစီးခံရတော့မည်မဟုတ်။ အိုမင်းရင့်ရော်ခြင်း၏ဆိုးကျိုးများလည်း ပြောင်းပြန်လှန်ပစ်ခံရပေမည်! (ယောဘ ၃၃:၂၅) ကျွန်ုပ်တို့ ပိုမို၍ကျန်းမာသန်စွမ်းလာကြမည်။ နံနက်တိုင်းနံနက်တိုင်း ပြန်လည်လန်းဆန်းစေသည့် တစ်ညတာအိပ်စက်ခြင်းမှ လှုပ်ရှားတက်ကြွ၍ ရောင့်ရဲကျေနပ်မှုပေးသော အလုပ်နှင့်ပြည့်သည့် နေ့သစ်တစ်နေ့အတွက် အားမာန်အပြည့်၊ ထက်သန်သောစိတ်ဓာတ်အပြည့်၊ အားသစ်အင်သစ်အပြည့်နှင့် နိုးထလာကြမည်။
၁၀။ အာမဂေဒုန်ကပ်ကျော်သူတို့သည် အဘယ်အလုပ်တာဝန် ထမ်းဆောင်ကြရမည်နည်း။
၁၀ အာမဂေဒုန်ကပ်ကျော်သူများလုပ်ရမည့် နှစ်သက်ဖွယ်ကောင်းသောအလုပ်လည်း အမြောက်အမြားရှိမည်။ သူတို့သည် ကမ္ဘာမြေကြီးကို ပရဒိသုတစ်ခုအဖြစ် အသွင်ပြောင်းလဲစေကြမည်။ ညစ်ညမ်းသောစနစ်ဟောင်း၏ အကြွင်းအကျန်မှန်သမျှကို သုတ်သင်ရှင်းလင်းပစ်မည်။ ပြွတ်သိပ်ညစ်ပတ်သည့် ဆင်းရဲသားရပ်ကွက်နှင့် ပျက်စီးယိုယွင်းနေသည့်မြေကြီးတို့သည် ဥယျာဉ်ပန်းခြံများအဖြစ် ပြောင်းလဲလာမည်။ ကမ္ဘာသားအားလုံးသည် စည်းစိမ်ချမ်းသာပြည့်စုံ၍ နှစ်လိုဖွယ်ကောင်းသော အိုးအိမ်များတွင် နေထိုင်ကြရမည်။ (ဟေရှာယ ၆၅:၂၁) အချိန်ကုန်လွန်သည်နှင့်အမျှ မြေကြီးပရဒိသုအစိတ်အပိုင်းများသည် ဧဒင်ဥယျာဉ်တွင် ဖန်ဆင်းရှင်ပြဋ္ဌာန်းတော်မူသည့် လှပမှုစံနှုန်းကို တစ်ကမ္ဘာလုံးမီလာသည်အထိ တဖြည်းဖြည်းကြီးထွားကျယ်ပြန့် ပြောင်းလဲလာမည်။ ထိုပြန်လည်ထူထောင်ခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခွင့်ရခြင်းသည် မည်မျှကျေနပ်နှစ်သိမ့်ဖွယ်ကောင်းမည်တကား!
၁၁။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်မှစ၍ သက်ရှိတိရစ္ဆာန်တို့နှင့် လူသားတို့၏အနာဂတ်ဆက်ဆံရေး မည်သို့ရှိမည်နည်း။
၁၁ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးခြင်းမရှိရလေအောင် ထိုလုပ်ငန်းရှိရှိသမျှကို ဘုရားပေးလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ကြမည်ဖြစ်သည်။ လူသားများသည် တိရစ္ဆာန်များနှင့်အတူ အေးချမ်းစွာနေထိုင်ကြမည်။ လူတို့သည် တိရစ္ဆာန်တို့ကို အကြောင်းမဲ့ သတ်ဖြတ်တော့မည်မဟုတ်ဘဲ ကမ္ဘာမြေကြီးကို ကြီးကြပ်ထိန်းသိမ်းရသည့် ကြီးလေးသောတာဝန်ကို ပြန်လည်ထမ်းဆောင်လျက် ၎င်းတို့ကို ကောင်းစွာစောင့်ရှောက်ကြမည်။ ဝံပုလွေနှင့်သိုးသငယ်၊ ခြင်္သေ့နှင့်နွားသငယ် အတူကျက်စား၍ အိမ်မွေးတိရစ္ဆာန်များသည် ဘေးအန္တရာယ် လုံးဝကင်းရှင်းကြသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ကလေးသူငယ်ပင် သားရိုင်းတိရစ္ဆာန်များကို ကြောက်စရာမလိုတော့သကဲ့သို့ ကမ္ဘာသစ်၏အေးချမ်းမှုကိုလည်း အကြင်နာမဲ့သော၊ ကြမ်းကြုတ်ရက်စက်သောသူတို့ ဖျက်ဆီးနှောင့်ယှက်တော့မည်မဟုတ်။ (ဟေရှာယ ၁၁:၆-၈) မည်မျှအေးချမ်းငြိမ်သက်သည့် ကမ္ဘာသစ်ပါတကား!
ပြောင်းလဲလာသည့်လူသားများ
၁၂။ ဟေရှာယ ၁၁:၉ သည် ယနေ့မည်သို့ပြည့်စုံလျက်ရှိသနည်း။ ပရဒိသုတွင် မည်သို့ပြည့်စုံလာမည်နည်း။
၁၂ မြေကြီးတစ်ပြင်လုံး၌ အဘယ်ကြောင့် ဘေးအန္တရာယ် မရှိတော့သည့်အကြောင်းကိုဟေရှာယ ၁၁:၉ ၌ဖော်ပြထားသည်။ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” တိရစ္ဆာန်တို့သည် ဗီဇဉာဏ်၏ ထိန်းချုပ်ညွှန်ကြားခြင်းခံရသဖြင့် ‘ယေဟောဝါအားသိကျွမ်းခြင်းပညာ’ ကိုဆည်းပူး၍ပြောင်းလဲခြင်း မပြုနိုင်သောကြောင့် အထက်ပါစကားသည် လူတို့နှင့်သာသက်ဆိုင်ပေသည်။ ဖန်ဆင်းရှင်နှင့်ဆိုင်သော အသိပညာသည် လူတို့ကို မုချ ပြောင်းလဲစေနိုင်သည်။ အသင်ကိုယ်တိုင်လည်း ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို အသက်တာ၌လက်တွေ့ကျင့်သုံးသည့်အတွက် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။ သန်းပေါင်းများစွာသောသူတို့လည်း ဤသို့ပင်ပြုလုပ်ခဲ့ကြပြီ။ သို့ဖြစ်သောကြောင့် ဤပရောဖက်ပြုချက်သည် ယေဟောဝါအားဝတ်ပြုနေသူများအပေါ် စတင်ပြည့်စုံလျက်ရှိသည်။ သို့သော် ကမ္ဘာတစ်ခွင်ရှိလူတို့သည် တိရစ္ဆာန်ကဲ့သို့သော၊ ရုန့်ရင်းကြမ်းတမ်းသောစရိုက်များကို ချွတ်ပယ်၍ ထာဝရအေးချမ်းစွာနေထိုင်သူများ ဖြစ်လာကြမည့်အချိန်ကိုလည်း ညွှန်ပြထားသည်။
၁၃။ ကမ္ဘာပေါ်တွင် အဘယ်ပညာရေးအစီအစဉ် ရှိလာမည်နည်း။
၁၃ မြေကြီးသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာ ပြည့်စုံသည့်အခါ မည်မျှပျော်ရွှင်ဖွယ်ကောင်းမည်ပါတကား! ရှင်ဘုရင်ယေရှုခရစ်နှင့် အပေါင်းပါမင်း ၁၄၄,၀၀၀ တို့၏ညွှန်ကြားမှုအောက်တွင် ပညာရေးအစီအစဉ်တစ်ရပ် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာမည်။ ထိုအခါ အသစ်သော “စာစောင်များ” ကိုအသုံးပြုလိမ့်မည်။ ၎င်းစာစောင်များမှာ ကမ္ဘာသူကမ္ဘာသားတို့အားပညာပေးရန် အခြေခံအဖြစ်အသုံးပြုမည့် ဘုရားသခင့်ထံမှညွှန်ကြားစာများ ဖြစ်မည်မှာသိသာသည်။ (ဗျာဒိတ် ၂၀:၁၂) လူသားတို့သည် စစ်အတတ်ကိုမသင်ကြတော့ဘဲ ငြိမ်းချမ်းရေးကိုသင်ကြမည်။ အဖျက်လက်နက်မှန်သမျှ ထာဝစဉ်ဖယ်ရှားခံရမည်။ (ဆာလံ ၄၆:၉) ကမ္ဘာသစ်တွင်နေထိုင်သူတို့သည် လူသားအချင်းချင်းကိုမေတ္တာထား၍ လေးလေးစားစားနှင့် ဂုဏ်သိက္ခာရှိရှိဆက်ဆံတတ်အောင် သင်ကြားခံရကြမည်။
၁၄။ လူသားတို့သည် စည်းလုံးသောမိသားစုတစ်စု ဖြစ်လာသည့်အခါ ကမ္ဘာကြီးသည် မည်သို့ပြောင်းလဲသွားမည်နည်း။
၁၄ လူသားတို့သည် စည်းလုံးညီညွတ်သောမိသားစုကြီး ဖြစ်လာမည်။ စည်းလုံးညီညွတ်မှုနှင့် ညီနောင်ရင်းချာတော်စပ်မှုကို အဟန့်အတားပြုမည့်အရာလည်း ရှိတော့မည်မဟုတ်။ (ဆာလံ ၁၃၃:၁-၃) မည်သည့်အိမ်မျှ သူခိုးမဝင်နိုင်အောင် သော့ခတ်စရာလိုတော့မည်မဟုတ်။ ငြိမ်သက်ခြင်းတရားသည် လူ့နှလုံးသားတိုင်းတွင်လည်းကောင်း၊ အိမ်တိုင်းတွင်လည်းကောင်း၊ ကမ္ဘာ့ဒေသတိုင်းတွင်လည်းကောင်း စိုးမိုးလျက်ရှိမည်။—မိက္ခာ ၄:၄။
ပျော်ရွှင်ဖွယ်ကောင်းသော ရှင်ပြန်ထမြောက်ခြင်း
၁၅။ ကမ္ဘာပေါ်တွင် အဘယ်အုပ်စုနှစ်စု ရှင်ပြန်ထမြောက်လာကြမည်နည်း။
၁၅ အနှစ်တစ်ထောင်အတွင်း ရှင်ပြန်ထမြောက်ခြင်းရှိမည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သို့မဟုတ် တက်ကြွလှုပ်ရှားသည့်စွမ်းအား၏ ထင်ရှားသောသာဓက သို့မဟုတ် ဦးဆောင်လမ်းပြမှုတို့ကိုဆန့်ကျင်၍ နောင်တမယူဘဲပြုမူခြင်းအားဖြင့် ဝိညာဉ်တော်ကို စိတ်လိုကိုယ်လျောက် ပြစ်မှားသူတို့သည် ရှင်ပြန်ထမြောက်ကြမည်မဟုတ်။ (မဿဲ ၂၃:၁၅၊ ၃၃; ဟေဗြဲ ၆:၄-၆) ဤနည်းဖြင့်မည်သူပြစ်မှားသည်ကို ဘုရားသခင်ဆုံးဖြတ်တော်မူမည်။ သို့သော် သိသာထင်ရှားသော အုပ်စုနှစ်ခုသည် ရှင်ပြန်ထမြောက်လာကြမည်။ ၎င်းတို့မှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ” တို့ပင်ဖြစ်သည်။ (တမန်တော် ၂၄:၁၅) အစီအစဉ်စနစ်တကျ ထမြောက်လာကြမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်သို့အသက်ရှင်ရန် ဦးဆုံးကြိုဆိုခြင်းခံရမည့်သူတို့မှာ ယေဟောဝါအားသစ္စာရှိစွာ ဝတ်ပြုခဲ့သည့် ဖြောင့်မတ်သောသူတို့ဖြစ်ကြမည်ဟု အကျိုးသင့်အကြောင်းသင့် ကောက်ချက်ချနိုင်ပေသည်။—ဟေဗြဲ ၁၁:၃၅-၃၉။
၁၆။ (က) မြေကြီးပေါ်တွင် ရှင်ပြန်ထမြောက်လာသော “ဖြောင့်မတ်သောသူ” တို့တွင် မည်သူတို့ပါဝင်မည်နည်း။ (ခ) ရှေးခေတ်မှ အဘယ်သစ္စာရှိသူများကို သင်အထူးသဖြင့် တွေ့လိုသနည်း။ အဘယ်ကြောင့်နည်း။
၁၆ ယေဟောဝါ၏အမှုတော်ထမ်းများသည် စစ်သတင်း၊ သဘာဝကပ်ဘေးသတင်းနှင့် နာရေးသတင်းများအစား ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အံ့ဖွယ်ကောင်းသောသတင်းများကို ကြားရပေမည်။ အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ စာရာ၊ ယောဘ၊ မောရှေ၊ ရာခပ်၊ ရုသ၊ ဒါဝိဒ်၊ ဧလိယ၊ ဧသတာအစရှိသော သစ္စာရှိအမျိုးသားအမျိုးသမီးများ အသက်ပြန်ရှင်လာကြောင်း ကြားသိရသည့်အခါ စိတ်လှုပ်ရှားကြပေမည်။ ကျမ်းစာမှတ်တမ်းအများနှင့်ဆိုင်သော နောက်ခံသမိုင်းအသေးစိတ်အချက်အလက်များကို သူတို့ပြန်ပြောပြသည့်အခါ မည်မျှစိတ်လှုပ်ရှားဖွယ်ကောင်းသော သမိုင်းဝင်ဖြစ်ရပ်မှန်များ ပါရှိလာမည်တကား! ဤသူတို့မှစ၍ များမကြာမီကကွယ်လွန်ခဲ့ကြသည့် ဖြောင့်မတ်သောသူတို့လည်း စာတန့်စနစ်ဇာတ်သိမ်းပုံ၊ သန့်ရှင်းသောနာမတော်ကို ယေဟောဝါသိဒ္ဓိတင်ပုံအကြောင်း၊ စကြဝဠာပိုင်စိုးမှုအာဏာတော်မှန်ကန်မှုကို သက်သေထူပုံအကြောင်းတို့ကို အလားတူကြားသိချင်စိတ်ပြင်းပြမည်မှာ ယုံမှားဖွယ်မရှိပါ။
၁၇။ သစ္စာရှိသူတို့သည် ရှင်ပြန်ထမြောက်လာသော အခြားသူတို့အား အဘယ်အကူအညီပေးကြမည်နည်း။
၁၇ ထိုသစ္စာရှိသူများသည် ရှင်ပြန်ထမြောက်ခြင်း၏နောက်အဆင့်တွင် သေခြင်း၏အချုပ်အနှောင်မှ သန်းကုဋေပေါင်းများစွာသော “မဖြောင့်မတ်သောသူ” တို့လွတ်မြောက်လာသည့်အခါ မည်မျှအထောက်အကူပြုကြမည်တကား! လူသားအများထုမှာ ယေဟောဝါအားသိကျွမ်းခွင့် အလျှင်းမရခဲ့ကြချေ။ စာတန်က “သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ” ခဲ့သောကြောင့်ဖြစ်သည်။ (၂ ကောရိန္သု ၄:၄) သို့သော် မာရ်နတ်လုပ်ခဲ့သမျှအရာများသည် ပျက်ပြယ်သွားမည်ဖြစ်သည်။ မဖြောင့်မတ်သောသူတို့သည် သာယာလှပ၍ အေးချမ်းငြိမ်သက်သော ကမ္ဘာတစ်ခုပေါ်သို့ ပြန်ရောက်လာကြမည်။ သူတို့ကို ယေဟောဝါနှင့် စိုးစံလျက်ရှိသော သားတော်ယေရှုခရစ်တို့အကြောင်း သင်ကြားပေးမည့် စနစ်တကျဖွဲ့စည်းထားသည့် လူမျိုးတစ်မျိုးက ကြိုဆိုကြမည်။ ရှင်ပြန်ထမြောက်လာသည့် သန်းကုဋေများစွာသောသူတို့အနေဖြင့် ၎င်းတို့၏ဖန်ဆင်းရှင်အားသိကျွမ်း၍ ချစ်မြတ်နိုးလာကြသည်နှင့်အမျှ မြေကြီးသည် ယေဟောဝါအားသိကျွမ်းခြင်းပညာနှင့် မကြုံဖူးသည့်အတိုင်းအတာဖြင့် ပြည့်စုံလာလိမ့်မည်။
၁၈။ ရှင်ပြန်ထမြောက်လာသည့် ချစ်ခင်မြတ်နိုးရသူတို့ကို ကြိုဆိုရသည့်အခါ အသင်၌ မည်သို့သောခံစားချက်ရှိမည်ဟု ထင်သနည်း။
၁၈ ရှင်ပြန်ထမြောက်ခြင်းကြောင့် ကျွန်ုပ်တို့၏နှလုံးသည် မည်မျှဝမ်းသာပီတိဖြစ်မည်တကား! ရန်သူသေခြင်းကြောင့် စိတ်ဒုက္ခမရောက်ရသူ မည်သူရှိသနည်း။ ဖျားနာမှု၊ အိုမင်းမှု၊ မတော်တဆဖြစ်မှု၊ အကြမ်းဖက်မှုကြောင့်ချစ်ရသူတစ်ဦးသေဆုံး၍ မေတ္တာနှောင်ကြိုး၊ ခင်မင်မှုသံယောဇဉ် ပြတ်တောက်သည့်အခါ အသည်းအသန် ယူကျုံးမရမဖြစ်သူ မည်သူရှိသနည်း။ သို့ဖြစ်လျှင် ပရဒိသုတွင် ပြန်လည်ပေါင်းဆုံရခြင်း၏ဝမ်းမြောက်မှုကို တွေးကြည့်လိုက်ပါ။ ထိုအခါ မိခင်နှင့်ဖခင်၊ သားနှင့်သမီး၊ မိတ်ဆွေနှင့်ဆွေမျိုးတို့သည် ဝမ်းသာလုံးဆို့၍ ရယ်မောလျက်၊ ငိုကြွေးလျက် တစ်ဦးကိုတစ်ဦး တင်းကျပ်စွာပွေ့ဖက်မိကြပေမည်။
အဆုံး၌ စုံလင်လေပြီ
၁၉။ အနှစ်တစ်ထောင်ကာလအတွင်း အဘယ်အံ့ဖွယ်အမှု ဖြစ်ပျက်မည်နည်း။
၁၉ အနှစ်တစ်ထောင်ကာလအတွင်း အံ့ဖွယ်အမှုတစ်ခုဖြစ်လာဦးမည်။ လူသားတို့အဖို့ဆိုလျှင် ၎င်းမှာ ခရစ်တော်၏အနှစ်တစ်ထောင်စိုးစံမှု၏ ပီတိဖြစ်စရာအကောင်းဆုံးသော အသွင်လက္ခဏာဖြစ်ဖွယ်ရှိသည်။ ယေဟောဝါသည် သစ္စာရှိ၍နာခံသော ယောက်ျားမိန်းမတစ်ဦးစီအတွက် ရွေးနုတ်ဖိုးပူဇော်သကာ၏အကျိုးကို အသုံးပြုရန် သားတော်အားညွှန်ကြားတော်မူမည်။ ထိုနည်းဖြင့် အပြစ်ဒုစရိုက်မှန်သမျှ ဖယ်ရှားခြင်းခံရပြီး လူသားတို့သည် စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ခံရကြမည်။—၁ ယောဟန် ၂:၂; ဗျာဒိတ် ၂၁:၁-၄။
၂၀။ (က) စုံလင်သည်ဟုဆိုရာ၌ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ (ခ) အာမဂေဒုန်ကပ်ကျော်သူတို့နှင့် ရှင်ပြန်ထမြောက်လာသူတို့သည် အဘယ်အချိန်တွင် အပြည့်အဝအသက်ရှင်ကြမည်နည်း။
၂၀ စုံလင်ခြင်း! အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါဘုရားသခင်ကို ပြစ်မှားခြင်းမတိုင်မီက အာဒံနှင့်ဧဝခံစားခဲ့ရသောအသက်တာမျိုးသို့ ပြန်လည်ရောက်ရှိခြင်း ဟူ၍အဓိပ္ပာယ်ရှိသည်။ စုံလင်သောလူသားတို့သည် ကာယ၊ ဉာဏ၊ စိတ်လှုပ်ရှားမှု၊ စာရိတ္တ၊ ဝိညာဏအရသာမက စိတ်ကူးရနိုင်သမျှ နည်းလမ်းအားလုံးအရပါ ဘုရားသခင့်စံနှုန်းများနှင့် အပြည့်အဝစံမီကြပေမည်။ သို့သော် လူအားလုံးသည် တစ်ထေရာတည်းတူညီလာကြမည်လော။ လုံးဝမဟုတ်ပါ! ယေဟောဝါသည် အမျိုးမျိုးအဖုံဖုံကွဲပြားသည်ကို နှစ်သက်တော်မူကြောင်း ဖန်ဆင်းရာများဖြစ်သော သစ်ပင်ပန်းမန်၊ တိရစ္ဆာန်တို့က ကျွန်ုပ်တို့အားသိရှိစေသည်။ စုံလင်သောလူသားများသည် ကွဲပြားခြားနားသော ပင်ကိုစရိုက်များနှင့် ပင်ကိုစွမ်းရည်များ ကိုယ်စီရှိကြမည်။ လူတိုင်းလူတိုင်း ဘုရားသခင့်ရည်ရွယ်သည့်အတိုင်း ဘဝကိုမွေ့လျော်ရမည်။ “ကြွင်းသောလူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ရကြ” ဟူ၍ဗျာဒိတ် ၂၀:၅ ၌ဆို၏။ ရှင်ပြန်ထမြောက်လာသူတို့သည် အာမဂေဒုန်ကပ်ကျော်သူတို့နည်းတူ အပြစ်ကင်းစင်သော စုံလင်ခြင်းအဖြစ်သို့ရောက်ရှိသည့်အခါ အပြည့်အဝအသက်ရှင်လာကြမည်ဖြစ်သည်။
၂၁။ (က) ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံးတွင် ဘာဖြစ်လာမည်နည်း။ (ခ) စာတန်နှင့်တကွ ၎င်းဘက်တွင်ရပ်တည်သူအပေါင်းတို့သည် နောက်ဆုံးတွင် ဘာဖြစ်သွားကြမည်နည်း။
၂၁ စုံလင်သောလူသားတို့သည် နောက်ဆုံးစမ်းသပ်မှုတစ်ခုရင်ဆိုင်ရကြမည်။ အနှစ်တစ်ထောင်အဆုံးတွင် စာတန်နှင့်နတ်ဆိုးတို့သည် အနက်ဆုံးသောတွင်းမှ တစ်ခဏလွှတ်ခြင်းခံရကာ လူသားတို့ကို ယေဟောဝါထံမှလွဲသွားစေရန် နောက်ဆုံးကြိုးပမ်းခွင့် ရရှိကြမည်ဖြစ်သည်။ လူအချို့သည် ဘုရားသခင်အားချစ်ခြင်းထက်မှားယွင်းသောဆန္ဒများကို ဦးစားပေးကြမည်ဖြစ်သော်လည်း ၎င်းပုန်ကန်မှုသည် ဖြတ်တောက်ခံရမည်ဖြစ်သည်။ ယေဟောဝါသည် တစ်ကိုယ်ကောင်းဆန်သောဤသူတို့ကို စာတန်နှင့်၎င်း၏နတ်ဆိုးများနှင့်အတူ ကွပ်မျက်တော်မူမည်။ ထိုအခါ ဒုစရိုက်သမားမှန်သမျှ ထာဝစဉ်ပပျောက်သွားလတ္တံ့။—ဗျာဒိတ် ၂၀:၇-၁၀။
သင်ဘာပြုလုပ်မည်နည်း
၂၂။ ပရဒိသုတွင် ဘာလုပ်မည်ဟု သင်မျှော်လင့်ထားသနည်း။
၂၂ ယေဟောဝါဘုရားသခင်ကိုချစ်၍ ပရဒိသုမြေကြီးပေါ်တွင် နေထိုင်ကြကုန်သောသူတို့ရှေ့မှောက်တွင် အနန္တကာလသည် အဆုံးမရှိဆန့်တန်းလျက်ရှိမည်။ ထိုသူတို့ မည်မျှဝမ်းမြောက်မည်ကို ကျွန်ုပ်တို့တွေး၍ရနိုင်မည်မဟုတ်။ အသင်လည်း ထိုဝမ်းမြောက်မှုကို ဝေမျှခံစားနိုင်ပါသည်။ ဂီတ၊ အနုပညာ၊ လက်မှုပညာသာမက စုံလင်သောလူသားများ၏ အောင်မြင်မှုအားလုံးသည် ဤကမ္ဘာဟောင်းမှ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်သောဆရာတို့၏ ပြောင်မြောက်သောလက်ရာများထက်ပင် သာလွန်ပေမည်! ထိုမျှမက လူသားတို့သည် စုံလင်ပြီး၎င်းတို့ရှေ့တွင် အကန့်အသတ်မရှိသောအချိန် ရှိနေမည်။ စုံလင်သောလူသားတစ်ဦးအနေနှင့် သင်ဘာလုပ်နိုင်မည်ကို စိတ်ကူးကြည့်ပါ။ သင်နှင့်လူသားချင်းတို့သည် စကြဝဠာတစ်ခွင်ရှိ ကုဋေများစွာသောဂလက်ဆီများမှသည် အလွန့်အလွန်သေးငယ်သော အက်တမ်အောက်အမှုန်များအထိ ယေဟောဝါ၏ဖန်ဆင်းရာများအကြောင်းကို လေ့လာခွင့်ရရှိမည့်အဖြစ်ကိုလည်း စဉ်းစားကြည့်ပါ။ လူသားများရရှိသမျှအောင်မြင်မှုတို့သည် မေတ္တာရှင်ကောင်းကင်ခမည်းတော်၏နှလုံးတော်ကို တိုး၍နှစ်သိမ့်ကျေနပ်စေမည်ဖြစ်သည်။—ဆာလံ ၁၅၀:၁-၆။
၂၃။ ပရဒိသုတွင် ဘဝအသက်တာသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငြီးငွေ့စရာကောင်းမည်မဟုတ်သနည်း။
၂၃ ထိုအခါ ဘဝသည် ငြီးငွေ့ဖွယ်ကောင်းမည်မဟုတ်။ အချိန်ရွေ့လျောလာသည်နှင့်အမျှ စိတ်ဝင်စားစရာ ပို၍ပို၍တိုးများလာမည်။ သင်သိသည့်အတိုင်း ဘုရားသခင်အားသိကျွမ်းခြင်းပညာဆိုသည်မှာ အဆုံးဟူ၍မရှိပေ။ (ရောမ ၁၁:၃၃) အနန္တကာလတစ်လျှောက် ဆည်းပူးလေ့လာစရာအများအပြား၊ စူးစမ်းရှာဖွေစရာ နယ်ပယ်သစ်များ အစဉ်ရှိနေမည်ဖြစ်သည်။ (ဒေသနာ ၃:၁၁) ယေဟောဝါဘုရားသခင်အကြောင်း ဆက်၍ဆည်းပူးလေ့လာသွားမည်ဆိုလျှင် သင်သည် နှစ်အနည်းငယ်မျှသာမဟုတ်ဘဲ အစဉ်ထာဝရ ဆက်၍အသက်ရှင်သွားပေလိမ့်မည်!—ဆာလံ ၂၂:၂၆။
၂၄၊ ၂၅။ အဘယ်ကြောင့် ယခုအချိန်၌ပင် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်အညီ အသက်ရှင်နေထိုင်သင့်သနည်း။
၂၄ ပရဒိသုမြေကြီးပေါ်တွင်ရရှိမည့် ကြည်နူးဖွယ်ကောင်းသောအနာဂတ်သည် ကြိုးစားရကျိုး၊ အနစ်နာခံစွန့်လွှတ်ရကျိုးနပ်သည်မဟုတ်ပေလော။ နပ်သည်မှာဆိုဖွယ်မရှိ။ ယေဟောဝါသည် ခမ်းနားကြီးကျယ်သော အနာဂတ်၏သော့ကို သင့်အားကမ်းလှမ်းထားတော်မူ၏။ ၎င်းသော့မှာ ဘုရားသခင်အားသိကျွမ်းခြင်းပညာတည်း။ ၎င်းကို သင်အသုံးပြုမည်လော။
၂၅ သင် ယေဟောဝါကိုချစ်လျှင် ကိုယ်တော့်အလိုတော်ဆောင်ရသည်ကို ပျော်ပိုက်မည်။ (၁ ယောဟန် ၅:၃) ထိုလမ်းစဉ်အတိုင်း လိုက်လျှောက်သည်နှင့်အမျှ ကောင်းချီးမင်္ဂလာများကို သင်ခံစားရပေမည်။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို လက်တွေ့ကျင့်သုံးမည်ဆိုပါက ဒုက္ခပင်လယ်ဝေနေသည့် ဤလောကအတွင်း၌ပင် သာ၍ပျော်ရွှင်သည့်ဘဝကို ရရှိနိုင်ပေသည်။ အနာဂတ်ဆုကျေးဇူးများမှာ ကြီးမားလှပေသည်။ ယင်းသည် ထာဝရအသက်ကိုရစေသည့် အသိပညာဖြစ်သောကြောင့်တည်း! ယခုအချိန်သည် သင့်အဖို့ လုပ်ကိုင်ဆောင်ရွက်ရန်အချိန်အခါကောင်း ဖြစ်ပေသည်။ ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်အညီ အသက်ရှင်နေထိုင်ရန် သန္နိဋ္ဌာန်ချပါ။ ယေဟောဝါပေါ်ထားရှိသော သင့်မေတ္တာကိုသက်သေပြပါ။ ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကိုဂုဏ်ပြု၍ စာတန်ကိုမုသာကောင်ဖြစ်ကြောင်း သက်သေထူပါ။ အတုံ့အလှည့်အားဖြင့် စစ်မှန်သောဉာဏ်ပညာတို့၏ ပင်ရင်းဖြစ်သော ယေဟောဝါဘုရားသခင်သည် မြင့်မြတ်၍မေတ္တာပြည့်ဝသော နှလုံးတော်ဖြင့် သင်၌အားရဝမ်းမြောက်တော်မူလိမ့်မည်။ (ယေရမိ ၃၁:၃; ဇေဖနိ ၃:၁၇) ကိုယ်တော်သည် သင့်ကိုထာဝရချစ်တော်မူမည်တည်း!
သင်၏အသိပညာကို စစ်ဆေးခြင်း
“စစ်မှန်သောအသက်” ကား အဘယ်နည်း။
အာမဂေဒုန်ပြီးနောက် ကမ္ဘာပေါ်တွင် အဘယ်အရာဖြစ်ပေါ်လာမည်နည်း။
မည်သူတို့ ကမ္ဘာပေါ်သို့ ရှင်ပြန်ထမြောက်လာကြမည်နည်း။
လူသားများ အဘယ်သို့ စုံလင်လာကြမည်နည်း။ အဘယ်သို့ နောက်ဆုံးစမ်းသပ်ခံရမည်နည်း။
ပရဒိသုနှင့်ပတ်သက်၍ သင်၏မျှော်လင့်ချက်ကား အဘယ်နည်း။
[စာမျက်နှာ ၁၈၈၊ ၁၈၉ ပါ ရုပ်ပုံ]
မြေကြီးသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် ပြည့်စုံသည့်အခါ ပရဒိသုတွင်အသက်ရှင်ရန် သင်မျှော်လင့်သလော