ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၃ စာ. ၇၇-၈၄
  • မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေရှိယ—အရည်အချင်းရှိ ခေါင်းဆောင်
  • ဖြောင့်မတ်ပြီး ကရုဏာ ပြည့်ဝသော တရားသူကြီး
  • ကမ္ဘာပေါ်၌ ပြောင်းလဲသွားသော အခြေအနေများ
  • မေရှိယအားဖြင့် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့
  • စည်းလုံးသော လူမျိုးတစ်မျိုး ဘုရားသခင်ကို ဝတ်ပြုကြ
  • အတားအဆီးများကို ကျော်လွှားမည်
  • မေရှိယ၏ လက်အောက်ခံများအတွက် အဆုံးမဲ့ ပျော်ရွှင်ခြင်း!
  • ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကို ရှုမျှော်ပါ!
  • “စေတနာထားချိန်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မေရှိယနှင့်ပတ်သက်၍ ကြိုဟောခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၃ စာ. ၇၇-၈၄

အခန်း ဆယ့်သုံး

မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း

ဟေရှာယ ၁၁:၁–၁၂:၆

၁။ ဟေရှာယခေတ်ရှိ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသောလူမျိုး၏ ဝိညာဉ်ရေး အခြေအနေကို ဖော်ပြပါ။

ဟေရှာယခေတ်တွင် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး၏ ဝိညာဉ်ရေး အခြေအနေမှာ ဆိုးရွားနေသည်။ ဩဇိ၊ ယောသံကဲ့သို့သော သစ္စာရှိဘုရင်များ အုပ်ချုပ်မှုအောက်၌ပင် လူများစွာသည် မြင့်သောအရပ်တို့တွင် ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၅:၁-၄၊ ၃၄၊ ၃၅; ၂ ရာဇဝင်ချုပ် ၂၆:၁၊ ၄) ဟေဇကိ ဘုရင်ဖြစ်လာသောအခါ ပြည်တော်တွင် ရှိသော ဗာလဝတ်ပြုရေးနှင့် ဆက်နွှယ်ရာများကို ဖယ်ရှားခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၁:၁) ယေဟောဝါသည် မိမိလူမျိုးအား ကိုယ်တော့်ထံ ပြန်လှည့်လာရန် တိုက်တွန်းကာ ဆုံးမခံရမည်ဟု သတိပေးခဲ့ခြင်းသည် အံ့ဩစရာ မဟုတ်ပါ!

၂၊ ၃။ နေရာအနှံ့ သစ္စာမဲ့မှုများ ရှိသော်လည်း မိမိအား ကိုးကွယ်ဝတ်ပြုလိုသူများအတွက် အဘယ် အားပေးချက်ကို ယေဟောဝါ ပေးတော်မူသနည်း။

၂ သို့သော်လည်း အားလုံးသည် ပုန်ကန်သူချည်းသက်သက် မဟုတ်ပါ။ ယေဟောဝါ၏ သစ္စာရှိ ပရောဖက်များ ရှိပြီး သူတို့၏ စကားကို နားထောင်သော ဂျူးအချို့ ရှိခဲ့ပုံရသည်။ ထိုကဲ့သို့သောသူများအတွက် ယေဟောဝါတွင် နှစ်သိမ့်စကားများ ရှိသည်။ အာရှုရိတို့ ကျူးကျော်ဝင်ရောက်စဉ်အတွင်း ယုဒခံလိုက်ရသည့် ကြောက်မက်ဖွယ် လုယက်တိုက်ခိုက်မှုအကြောင်း ဖော်ပြပြီးနောက် ပရောဖက် ဟေရှာယသည် သမ္မာကျမ်းစာတွင် အလှပဆုံး စာပိုဒ်များမှ တစ်ခုအဝင်ဖြစ်သော မေရှိယ အုပ်ချုပ်မှုအောက် ခံစားရမည့် ကောင်းချီးများဆိုင်ရာ သရုပ်ဖော်ချက်ကို ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်။a ဗာဗုလုန်သုံ့ပန်းဘဝမှ ဂျူးများ ပြည်တော်ပြန်သည့် အချိန်တွင် ဤကောင်းချီးထဲမှ အသွင်အပြင်အချို့ အသေးစား ပြည့်စုံသွားသည်။ သို့သော် ပရောဖက်ပြုချက် တစ်ခုလုံးအနေနှင့် ယနေ့အချိန်တွင် အကြီးစား ပြည့်စုံစရာ ရှိသည်။ ဟေရှာယနှင့် သူ့ခေတ်ရှိ အခြားသစ္စာရှိဂျူးများသည် ထိုကောင်းချီးများကို မတွေ့မြင်မခံစားခဲ့ရသည်မှာ မှန်သည်။ သို့သော် သူတို့သည် ယုံကြည်ခြင်းဖြင့် စောင့်မျှော်ခဲ့ကြပြီး ရှင်ပြန်ထမြောက်ပြီးနောက်တွင် ဟေရှာယ၏ စကားများ ပြည့်စုံသည်ကို တွေ့မြင်ကြရမည်။—ဟေဗြဲ ၁၁:၃၅။

၃ ယေဟောဝါ၏ မျက်မှောက်ခေတ် လူမျိုးသည်လည်း အားပေးမှု လိုအပ်သည်။ လောက၏ စာရိတ္တစံနှုန်းများ အလျင်အမြန် ကျဆင်းနေမှု၊ နိုင်ငံတော်သတင်းကို ဆိုးဆိုးရွားရွား ဆန့်ကျင်မှုနှင့် ကိုယ်ပိုင်အားနည်းချက်များက သူတို့အားလုံးအတွက် စိန်ခေါ်ချက် ဖြစ်သည်။ မေရှိယနှင့် ၎င်း၏ အုပ်ချုပ်ချိန်နှင့်ပတ်သက်သော ဟေရှာယ၏ အလွန် စိတ်သက်သာဖွယ်စကားများက ဘုရားသခင်၏ လူများ ထိုစိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် ခွန်အားနှင့် အကူအညီ ပေးနိုင်သည်။

မေရှိယ—အရည်အချင်းရှိ ခေါင်းဆောင်

၄၊ ၅။ ဟေရှာယသည် မေရှိယ ကြွလာကြခြင်းနှင့်ပတ်သက်၍ မည်သို့ ပရောဖက်ပြုခဲ့သနည်း၊ ဟေရှာယ၏ စကားများထဲမှ အဘယ် အသုံးအနှုန်းကို မဿဲ သုံးခဲ့ကြောင်း ထင်ရှားသနည်း။

၄ ဣသရေလလူမျိုးထံ ယေဟောဝါ စေလွှတ်မည့် မေရှိယ၊ စစ်မှန်သော ခေါင်းဆောင် ကြွလာမည့်အကြောင်းကို ဟေရှာယခေတ် မတိုင်မီ ရာစုနှစ်များစွာက အခြားဟေဗြဲကျမ်းစာ ရေးသူများ ရေးသားဖော်ပြခဲ့ကြသည်။ (ကမ္ဘာဦး ၄၉:၁၀; တရားဟောရာ ၁၈:၁၈; ဆာလံ ၁၁၈:၂၂၊ ၂၆) ယခု ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ထပ်ဆင့်အသေးစိတ်အချက်များကို ထပ်ဖြည့်ပေးတော်မူသည်။ ဟေရှာယ ဤသို့ ရေး၏– “ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏ အမြစ်တို့တွင် အညွန့်သည် အသီး သီးလိမ့်မည်။” (ဟေရှာယ ၁၁:၁; ဆာလံ ၁၃၂:၁၁၊ နှိုင်းယှဉ်။) “အငုတ်” နှင့် “အညွှန့်” နှစ်ခုစလုံးက မေရှိယသည် ယေရှဲ၏ သား၊ ဣသရေလဘုရင်အဖြစ် ဆီနှင့် ဘိသိက်ပေးခြင်း ခံခဲ့ရသူ ဒါဝိဒ်မှ ဆင်းသက်လာမည် ဖြစ်ကြောင်း ဖော်ပြသည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၃; ယေရမိ ၂၃:၅; ဗျာဒိတ် ၂၂:၁၆) စစ်မှန်သော မေရှိယ ပေါ်ထွန်းလာသည့်အခါ ဒါဝိဒ်၏ အမျိုးအနွယ်မှ ဖြစ်သော ဤ “အညွှန့်” သည် အသီးကောင်းများ သီးရန် ဖြစ်သည်။

၅ ကတိထားတော်မူသော မေရှိယသည် ယေရှု ဖြစ်သည်။ ခရစ်ဝင်ကျမ်းရေးသူ မဿဲက ယေရှုသည် “နာဇရက်လူ” ဟု အခေါ်ခံရခြင်းသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေခြင်း ဖြစ်ကြောင်း ပြောဆိုရာတွင် ဟေရှာယ ၁၁:၁ ပါ စကားများကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် နာဇရက်မြို့တွင် ကြီးပြင်းခဲ့ခြင်းကြောင့် ယေရှုကို နာဇရက်လူဟု ခေါ်ခဲ့ကြသည်၊ ယင်းအမည်သည် ဟေရှာယ ၁၁:၁ တွင် “အညွန့်” အတွက် အသုံးပြုထားသော ဟေဗြဲစကားလုံးနှင့် ဆက်စပ်နေသည်မှာ ထင်ရှားသည်။b—မဿဲ ၂:၂၃၊ ကဘ၊ အောက်ခြေမှတ်ချက်; လုကာ ၂:၃၉၊ ၄၀။

၆။ မေရှိယသည် မည်ကဲ့သို့သော ဘုရင်မျိုး ဖြစ်ရမည့်အကြောင်း ပရောဖက်ပြုထားသနည်း။

၆ မေရှိယသည် မည်ကဲ့သို့သော ဘုရင်မျိုး ဖြစ်မည်နည်း။ ကိုယ်တော်သည် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံကို ဖျက်ဆီးခဲ့သည့် ရက်စက်ကြမ်းကြုတ်၊ ထင်ရာလုပ်တတ်သော အာရှုရိဘုရင်နှင့် တူမည်လော။ လုံးဝ တူမည် မဟုတ်။ မေရှိယနှင့်ပတ်သက်၍ ဟေရှာယက ဤသို့ ဆို၏– “ထာဝရဘုရား၏ ဝိညာဉ်တော် တည်းဟူသော ဉာဏ်ပညာကို ပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသော ဝိညာဉ်၊ ထာဝရဘုရားကို သိ၍ ကြောက်ရွံ့သော သဘောကို ပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်။” (ဟေရှာယ ၁၁:၂၊ ၃က) မေရှိယသည် ဆီဖြင့် မဟုတ်ဘဲ ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသည်။ ၎င်းသည် ယေရှု နှစ်ခြင်းခံချိန်တွင် ဖြစ်သည်၊ ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ယေရှုအပေါ်သို့ ဆင်းသက်သည်ကို နှစ်ခြင်းဆရာ ယောဟန် တွေ့မြင်ရသည်။ (လုကာ ၃:၂၂) ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှု “အပေါ်မှာ ကျိန်းဝပ်တော်မူ” ကာ ကိုယ်တော်သည် ဉာဏ်ပညာ၊ တတ်သိနားလည်မှု၊ အကြံဉာဏ်၊ ခွန်အားသတ္တိ၊ အသိပညာတို့နှင့်အညီ ပြုမူလုပ်ဆောင်သည့်အခါ ယင်းကို သူသက်သေထူသည်။ အုပ်စိုးသူတစ်ဦးအတွက် ကောင်းမွန်လှသော အရည်အချင်းများပင်တည်း!

၇။ ယေရှုသည် မိမိ၏ သစ္စာရှိနောက်လိုက်များအား အဘယ် ကတိပြုခဲ့သနည်း။

၇ ယေရှု၏ နောက်လိုက်များသည်လည်း သန့်ရှင်းသော ဝိညာဉ်တော် ရရှိနိုင်သည်။ ဟောပြောချက်တစ်ခုတွင် ယေရှု ဤသို့ ကြေညာခဲ့၏– “သင်တို့သည် အဆိုး ဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လော။” (လုကာ ၁၁:၁၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ သန့်ရှင်းသော ဝိညာဉ်တော်ကို တောင်းဆိုရန် ဘယ်တော့မျှ မတွန့်ဆုတ်သင့်ပါ၊ ထို့ပြင် ၎င်း၏ အကျိုးဖြစ်စေသော အသီးများ ဖြစ်သည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့ကို ပြုစုပျိုးထောင်ခြင်းကိုလည်း မရပ်သင့်ပါ။ (ဂလာတိ ၅:၂၂၊ ၂၃) ယေရှု၏ နောက်လိုက်များသည် ဘဝပြဿနာများကို အောင်မြင်စွာ ဖြေရှင်းရာတွင် အထောက်အကူပြုမည့် “အထက်မှ သက်ရောက်သော ပညာ” ကို တောင်းခံလျှင် ပေးမည်ဟု ယေဟောဝါ ကတိပြု၏။—ယာကုပ် ၁:၅; ၃:၁၇။

၈။ ယေဟောဝါကို ကြောက်ရွံ့ခြင်းတွင် ပျော်ရွှင်မှုကို ယေရှု မည်သို့ တွေ့ရှိသနည်း။

၈ မေရှိယ ပြသခဲ့သော ယေဟောဝါအား ကြောက်ရွံ့ခြင်းကား အဘယ်နည်း။ ယေရှု၏ ကြောက်ရွံ့ခြင်းက ဘုရားသခင် အပြစ်ပေးမည်ကို ကြောက်သော ထိတ်လန့်ခြင်းမျိုး မဟုတ်သည်မှာ သေချာသည်။ ယင်းအစား မေရှိယသည် ဘုရားသခင်အား ရိုသေကြောက်ရွံ့ကာ မေတ္တာဖြင့် ကြည်ညိုလေးမြတ်တော်မူ၏။ ဘုရားသခင်အား ကြောက်ရွံ့သူတစ်ဦးသည် ယေရှု ပြုတော်မူသကဲ့သို့ “[ကိုယ်တော်] နှစ်သက်တော်မူသောအမှုကို” အစဉ်မပြတ် ပြုလုပ်လိုစိတ် ရှိသည်။ (ယောဟန် ၈:၂၉) အကျိုးဖြစ်ထွန်းသော ယေဟောဝါအား ကြောက်ရွံ့ခြင်းတွင် နေ့စဉ် လျှောက်လှမ်းခြင်းထက် ပို၍ ရွှင်လန်းစရာအကြောင်း မရှိဟု စကားအားဖြင့်ရော၊ ပုံသက်သေအားဖြင့်ပါ ယေရှု သွန်သင်တော်မူ၏။

ဖြောင့်မတ်ပြီး ကရုဏာ ပြည့်ဝသော တရားသူကြီး

၉။ ယေရှုသည် ခရစ်ယာန် အသင်းတော်အတွင်း တရားဆုံးဖြတ်ရန် တာဝန်ရထားသူများအတွက် အဘယ် ပုံသက်သေ ချမှတ်ပေးသနည်း။

၉ ဟေရှာယက မေရှိယ၏ ဂုဏ်ရည်လက္ခဏာများအကြောင်း ဤသို့ ကြို၍ ထပ်ပြော၏– “မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်။” (ဟေရှာယ ၁၁:၃ခ) သင်သည် တရားရုံးတွင် တရားဆိုင်နေရပါက ထိုကဲ့သို့သော တရားသူကြီးကို သင် လေးမြတ်မည် မဟုတ်လော။ လူသားအားလုံး၏ တရားသူကြီးအဖြစ်အနေတွင် မေရှိယသည် မှားယွင်းသော လျှောက်လဲချက်များ၊ ပါးနပ်သော တရားရုံးတွင်း အကွက်ဆင်မှုများ၊ ကောလာဟလများ သို့မဟုတ် စည်းစိမ်ဥစ္စာ ကဲ့သို့သော အပေါ်ယံ အချက်အလက်များကြောင့် စီရင်ချက် တိမ်းစောင်းသွားမည် မဟုတ်ပါ။ ကိုယ်တော်သည် ကလိမ်ကျမှုကို ထုတ်ချင်းပေါက် မြင်တော်မူပြီး မနှစ်မြို့ဖွယ် အပြင်ပန်း အသွင်အပြင်ထက် ကျော်၍ ကြည့်မြင်တော်မူကာ “စိတ်နှလုံး၏ အတွင်းလူ၊” “ပုန်းကွယ်နေသောသူ” ကို ထိုးထွင်းသိမြင်တော်မူ၏။ (၁ ပေတရု ၃:၄၊ ကဘ၊ အောက်ခြေမှတ်ချက်) ယေရှု၏ အကောင်းဆုံး ပုံသက်သေသည် ခရစ်ယာန် အသင်းတော်၌ တရားစီရင်ရန် တာဝန်ရထားသူအားလုံးအတွက် စံနမူနာ ဖြစ်သည်။—၁ ကောရိန္သု ၆:၁-၄။

၁၀၊ ၁၁။ (က) ယေရှုသည် မိမိ၏ နောက်လိုက်များကို မည်သည့်နည်းဖြင့် အမှားပြင်ပေးသနည်း။ (ခ) ယေရှုသည် လူဆိုးများအပေါ် အဘယ် တရားစီရင်ချက် ချတော်မူသနည်း။

၁၀ မေရှိယ၏ အမြင့်ဆုံး အရည်အသွေးများသည် တရားရေးရာ ဆုံးဖြတ်ချက်များအပေါ် မည်သို့ သြဇာညောင်းမည်နည်း။ ဟေရှာယ ဤသို့ ရှင်းပြ၏– “ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက် ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပါဌ်တော် လှံတံနှင့် ဒဏ်ခတ်၍ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ တရားနှင့် သစ္စာသည် သူ၏ ခါးပန်းခါးစည်း ဖြစ်လိမ့်မည်။”—ဟေရှာယ ၁၁:၄၊ ၅။

၁၁ ကိုယ်တော်၏ နောက်လိုက်များကို အမှားပြင်ပေးရန် လိုအပ်သည့်အခါ ယေရှုသည် သူတို့အတွက် အကျိုးအရှိဆုံးနည်းဖြင့် ဆောင်ရွက်သည်—ခရစ်ယာန် အကြီးအကဲများအတွက် အလွန်ကောင်းသော ပုံသက်သေ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဆိုးသွမ်းမှုကို အကျင့်ပါ ပြုကျင့်သူတို့သည် ပြင်းပြင်းထန်ထန် စီရင်ခံရဖို့ ရှိသည်။ ဘုရားသခင်သည် ဤအစီအစဉ်စနစ်ကို တရားစီရင်သည့်အခါ မေရှိယသည် လူဆိုးအားလုံးကို ဖျက်ဆီးခြင်းဆိုင်ရာ တရားစီရင်ချက်ကို ဖော်ထုတ်သည့် အာဏာသံဖြင့် “မြေကြီးကို . . . ဒဏ်ခတ်” တော်မူမည်။ (ဆာလံ ၂:၉; ဗျာဒိတ် ၁၉:၁၅ နှိုင်းယှဉ်။) နောက်ဆုံးတွင် လူသားတို့၏ ငြိမ်သက်မှုကို အနှောင့်အယှက်ပြုမည့် လူဆိုးများ ရှိတော့မည် မဟုတ်ပါ။ (ဆာလံ ၃၇:၁၀၊ ၁၁) ဖြောင့်မတ်ခြင်းနှင့် သစ္စာတည်ကြည်ခြင်းကို ခါးပန်းနှင့်ခါးစည်းအဖြစ် စည်းထားသော ယေရှုတွင် ယင်းကို ဆောင်ရွက်နိုင်သည့် အာဏာ ရှိသည်။—ဆာလံ ၄၅:၃-၇။

ကမ္ဘာပေါ်၌ ပြောင်းလဲသွားသော အခြေအနေများ

၁၂။ ဂျူးလူမျိုးတစ်ဦး ဗာဗုလုန်မှ ကတိထားရာပြည်သို့ ပြန်မည့်အရေးကို မျှော်တွေးကြည့်လျှင် အဘယ် စိုးရိမ်ပူပန်စရာများ ဖြစ်ပေါ်နိုင်သနည်း။

၁၂ ဂျူးလူမျိုးများ ယေရုရှလင်မြို့သို့ ပြန်ပြီး ဗိမာန်တော်ကို တည်ဆောက်ပါဟူသည့် ကုရု၏ အမိန့်ကို ယခုပင် ကြားသိလိုက်ရသည့် ဣသရေလတစ်ဦးကို မြင်ယောင်ကြည့်ပါ။ ပြည်တော်ပြန် ခရီးဝေးနှင်ရန် လုံခြုံမှု ရှိနေပြီ ဖြစ်သော ဗာဗုလုန်ကို စွန့်ခွာမည်လော။ အနှစ် ၇၀ ဣသရေလ လူမျိုးများ မရှိသည့် အတောအတွင်း စွန့်ပစ်ခံထားရသည့် လယ်ကွင်းများသည် ပေါင်းပင်များနှင့် ပြည့်နေပြီ။ ဝံပုလွေ၊ ကျားသစ်၊ ခြင်္သေ့နှင့် ဝက်ဝံများသည် ယခု ထိုလယ်ကွင်းများတွင် လွတ်လပ်စွာ ကျက်စားနေကြသည်။ မြွေဟောက်များလည်း ထိုနေရာတွင် အခြေချနေကြသည်။ ပြည်တော်ပြန် ဂျူးများသည် အသက်မွေးဝမ်းကျောင်းရန် အိမ်မွေးတိရစ္ဆာန်များကို မှီခိုကြရပေမည်—သိုးနွားတိရစ္ဆာန်အုပ်များမှ နို့၊ သိုးမွေး၊ အသား ရရှိမည် ဖြစ်ပြီး နွားဖြင့် လယ်ထွန်ကြပေမည်။ ၎င်းတို့သည် အသားစား သားရဲများ၏ အစာ ဖြစ်သွားမည်လော။ ကလေးငယ်များ မြွေဆိုး အပေါက်ခံရမည်လော။ လမ်းခရီး၌ သွားစဉ် ချောင်းမြောင်းတိုက်ခိုက်ခြင်း အန္တရာယ်နှင့်ပတ်သက်၍ကော မည်သို့နည်း။

၁၃။ (က) နှလုံးနွေးထွေးဖွယ် အဘယ် မြင်ကွင်းကို ဟေရှာယ ပုံဖော်ပြသနည်း။ (ခ) ဟေရှာယ ဖော်ပြသော ငြိမ်သက်ခြင်းသည် သားရိုင်းတိရစ္ဆာန်များရန်မှ လုံခြုံမှုရခြင်းထက်မက ပို၍ ပါဝင်ပတ်သက်ကြောင်း မည်သို့ သိရသနည်း။

၁၃ ယခု ဟေရှာယသည် ဘုရားသခင် ဖြစ်စေမည့် ပြည်တော် အခြေအနေနှင့်ပတ်သက်၍ နှလုံးနွေးထွေးဖွယ် မြင်ကွင်းကို ပုံဖော်ပြသည်။ သူ ဤသို့ ဆို၏– “တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင် ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့် ဝံမသည် အတူကျက်စား၍ သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၆-၉) ထိုစကားများသည် နှလုံးထိမိသည် မဟုတ်လော။ ဤတွင် ဖော်ပြထားသော ငြိမ်သက်ခြင်းသည် ယေဟောဝါအား သိကျွမ်းခြင်းပညာကြောင့် ရရှိလာခြင်း ဖြစ်ကြောင်း သတိပြုပါ။ ထို့ကြောင့် သားရိုင်းတိရစ္ဆာန်များရန်မှ အကာအကွယ် ရခြင်းထက် ပို၍ ပါဝင်ပတ်သက်သည်။ ယေဟောဝါအား သိကျွမ်းခြင်းပညာသည် တိရစ္ဆာန်များကို ပြောင်းလဲစေမည် မဟုတ်သော်လည်း လူများအပေါ် အကျိုးသက်ရောက်မှု ရှိမည်။ ပြည်တော်ပြန် ခရီးတွင်သော်လည်းကောင်း၊ ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင်သော်လည်းကောင်း ဣသရေလ လူမျိုးများသည် သားရိုင်းတိရစ္ဆာန်များကိုဖြစ်စေ၊ သားရိုင်းကဲ့သို့သော လူကြမ်းများကိုဖြစ်စေ ကြောက်စရာ မလိုပါ။—ဧဇရ ၈:၂၁၊ ၂၂; ဟေရှာယ ၃၅:၈-၁၀; ၆၅:၂၅။

၁၄။ ဟေရှာယ ၁၁:၆-၉ ၏ အကြီးစား ပြည့်စုံချက်ကား အဘယ်နည်း။

၁၄ သို့ရာတွင် ဤပရောဖက်ပြုချက်သည် အကြီးစား ပြည့်စုံဖို့ ရှိသည်။ ၁၉၁၄ တွင် မေရှိယယေရှုသည် ကောင်းကင်ဇိအုန်တောင်တွင် နန်းတင်ခံခဲ့ရသည်။ ၁၉၁၉ တွင် “ဘုရားသခင်၏ ဣသရေလအမျိုး” မှ အကြွင်းအကျန်များသည် ဗာဗုလုန်တွင် သုံ့ပန်း ဖြစ်နေသည့် ဘဝမှ လွတ်မြောက်ခဲ့ကြပြီး စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းတွင် ပါဝင်ခဲ့ကြသည်။ (ဂလာတိ ၆:၁၆) ရလဒ်အနေနှင့် ဟေရှာယ၏ ပရဒိသု ပရောဖက်ပြုချက်ဆိုင်ရာ မျက်မှောက်ခေတ် ပြည့်စုံချက်အတွက် လမ်းပွင့်သွားခဲ့သည်။ “တိကျမှန်ကန်သော အသိပညာ၊” ယေဟောဝါအား သိကျွမ်းခြင်းပညာသည် ဥပဓိရုပ်များကို ပြောင်းလဲစေခဲ့ပြီ။ (ကောလောသဲ ၃:၉၊ ၁၀၊ ကဘ) ယခင်က လူကြမ်းများသည် လူအေးများ ဖြစ်လာကြသည်။ (ရောမ ၁၂:၂; ဧဖက် ၄:၁၇-၂၄) ထိုသို့သော အခြေအနေများသည် ယခု သန်းနှင့်ချီသောသူတို့အပေါ် အကျိုးသက်ရောက်ခဲ့သည်၊ အကြောင်းမှာ ဟေရှာယ ပရောဖက်ပြုချက်တွင် မြေကြီးမျှော်လင့်ချက် ရှိသည့် အရေအတွက် အလျင်အမြန် တိုးပွားနေသော ခရစ်ယာန်များအကြောင်း ပါသောကြောင့် ဖြစ်သည်။ (ဆာလံ ၃၇:၂၉; ဟေရှာယ ၆၀:၂၂) မြေကြီးတစ်ခုလုံး ဘုရားသခင်၏ မူလရည်ရွယ်ချက်အတိုင်း လုံခြုံမှု၊ ငြိမ်သက်မှု ရှိသည့် ပရဒိသုအဖြစ် ပြန်လည်တည်ထောင်မည့်အချိန်ကို စောင့်မျှော်ရန် သူတို့ သင်ယူခဲ့ကြပြီ။—မဿဲ ၆:၉၊ ၁၀; ၂ ပေတရု ၃:၁၃။

၁၅။ ဟေရှာယ၏ စကားများသည် ကမ္ဘာသစ်တွင် စာသားအတိုင်း ပြည့်စုံရမည်ဟု မျှော်လင့်နိုင်စရာအကြောင်း ရှိသလော။ ရှင်းပြပါ။

၁၅ ဤပြန်လည်တည်ထောင်ထားသော ပရဒိသုတွင် ဟေရှာယ၏ ပရောဖက်ပြုချက်သည် စာသားအတိုင်း နောက်ထပ် ပြည့်စုံဖို့ အကြောင်း ရှိမည်လော။ ထိုသို့မျှော်လင့်ဖို့ ခိုင်လုံသော အကြောင်း ရှိသည်။ ပရောဖက်ပြုချက်သည် ပြည်တော်ပြန် ဣသရေလ လူမျိုးများအား ယုံကြည်စိတ်ချစေခဲ့သကဲ့သို့ မေရှိယ အုပ်ချုပ်မှုအောက် နေထိုင်လိုသူအားလုံးလည်း ထပ်တူ ယုံကြည်စိတ်ချမှု ဖြစ်စေသည်၊ သူတို့နှင့် သူတို့၏ သားသမီးများသည် လူ သို့မဟုတ် တိရစ္ဆာန်များက မိမိတို့အား အန္တရာယ်ပြုလေမည်လောဟု တွေးပူစရာ လိုမည် မဟုတ်ပါ။ မေရှိယ၏ နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် မြေကြီးသားအားလုံးသည် ဧဒင်ဥယျာဉ်တွင် အာဒံနှင့် ဧဝ စံစားခဲ့ရသော ငြိမ်သက်အေးချမ်းသည့် အခြေအနေမျိုးဖြင့် စံစားရမည်။ ဧဒင်ဥယျာဉ်တွင် နေထိုင်ရသည့် ပုံစံ—သို့မဟုတ် ပရဒိသုသည် အဘယ်အရာနှင့် တူမည် စသည့် အသေးစိတ်အချက်အားလုံးကို ကျမ်းစာစောင်များတွင် မဖော်ပြထားသည်မှာ မှန်ပါသည်။ သို့သော် ဘုရင်ယေရှုခရစ်၏ ဉာဏ်ပညာ၊ မေတ္တာဖြင့် အုပ်ချုပ်မှုအောက်တွင် အရာခပ်သိမ်းသည် ဖြစ်သင့်သည့်အတိုင်း ဖြစ်လာမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။

မေရှိယအားဖြင့် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့

၁၆။ ဘုရားသခင့် လူမျိုးအတွက် ဘီ.စီ.အီး. ၅၃၇ တွင် အဘယ်အရာသည် ထူသောအလံကဲ့သို့ ဖြစ်သနည်း။

၁၆ စာတန်သည် ဧဒင်တွင် အာဒံနှင့် ဧဝအား ဘုရားသခင်ကို မနာခံအောင် အောင်မြင်စွာ သြဇာလွှမ်းမိုးနိုင်ခဲ့သည့်အချိန်တွင် စင်ကြယ်သော ဝတ်ပြုရေး ဦးဆုံး တိုက်ခိုက်ခံခဲ့ရသည်။ ယနေ့အချိန်အထိ စာတန်သည် မိမိ၏ ပန်းတိုင် ဖြစ်သော လူများနိုင်သည်ထက်များများ ဘုရားသခင်ထံမှ ဝေးကွာအောင် စွမ်းဆောင်နေခြင်းကို မရပ်တန့်ခဲ့ပါ။ သို့သော် စင်ကြယ်သော ဝတ်ပြုရေး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေရန် ယေဟောဝါ ဘယ်တော့မျှ ခွင့်ပြုမည် မဟုတ်ပါ။ ကိုယ်တော်၏ အမည် ပါဝင်ပတ်သက်နေပြီး ကိုယ်တော်အား ဝတ်ပြုသူများကို စောင့်ရှောက်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ဟေရှာယမှတစ်ဆင့် ဤစိတ်စွဲမှတ်စရာ ကတိ ပြုတော်မူ၏– “ထိုကာလ၌ ယေရှဲ၏ အမြစ်သည် လူမျိုးတို့အဖို့ ထူသောအလံကဲ့သို့ ဖြစ်လျက် ကိုယ်တော်၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။” (ဟေရှာယ ၁၁:၁၀၊ သမ္မာ) ဘီ.စီ.အီး. ၅၃၇ တွင် နိုင်ငံ၏ မြို့တော်အဖြစ် ဒါဝိဒ်တည်ထောင်ခဲ့သော ယေရုရှလင်မြို့သည် ကွဲလွင့်ပျံ့နှံ့နေသော ဂျူးသစ္စာရှိ အကြွင်းအကျန်တို့အား ပြည်တော်ပြန်လာကာ ဗိမာန်တော် တည်ဆောက်ရန် ဖိတ်ခေါ်သော အလံကဲ့သို့ ဖြစ်ခဲ့သည်။

၁၇။ ယေရှုသည် ပထမရာစုနှင့် ကျွန်ုပ်တို့၏ခေတ်တွင် “လူမျိုးခြားတို့ကို” မည်သို့ “အုပ်စိုး” ခဲ့သနည်း။

၁၇ သို့ရာတွင်၊ ပရောဖက်ပြုချက်သည် ၎င်းထက် ပို၍ ညွှန်ပြသည်။ သိမြင်ခဲ့ရပြီး ဖြစ်သည်အတိုင်း လူမျိုးအားလုံး၏ ခေါင်းဆောင်စစ် ဖြစ်သော မေရှိယ အုပ်ချုပ်မှုကို ညွှန်ပြသည်။ တမန်တော် ပေါလုက သူ့ခေတ်တွင် လူမျိုးတို့သည် ခရစ်ယာန် အသင်းတော်တွင် နေရာတစ်နေရာ ရမည် ဖြစ်ကြောင်း ဖော်ပြရန် ဟေရှာယ ၁၁:၁၀ ကို ကိုးကားခဲ့သည်။ ဤအခန်းငယ်ကို ပြန်ဆိုထားသော စက်ပ်တွားဂျင့်ကျမ်းကို ကိုးကားကာ သူ ဤသို့ ရေးခဲ့၏– “တစ်ဖန် ဟေရှာယ ဆိုသည်ကား ‘ယေရှဲ၏ အမြစ်ပေါက်၍ လူမျိုးခြားတို့ကို အုပ်စိုးခြင်းငှာ ပေါ်ထွန်းသောသူ ဖြစ်လိမ့်မည်။ ထိုသူ၏ အပေါ်၌ လူမျိုးခြားတို့၏ မျှော်လင့်ခြင်းသည် တည်လိမ့်မည်’ ဟု ဆိုသတည်း။” (ရောမ ၁၅:၁၂) ထို့ပြင် ပရောဖက်ပြုချက်သည် ထပ်ဆင့်—ကျွန်ုပ်တို့အချိန်ထိပင် သက်ဆိုင်လာသည်၊ လူမျိုးတို့မှ လူများသည် မေရှိယ၏ ဘိသိက်ခံ ညီတော်များကို ထောက်ပံ့ပေးခြင်းဖြင့် ယေဟောဝါအား ချစ်ကြောင်း တင်ပြသည့်အခါတွင် ဤသို့ သက်ဆိုင်လာသည်။—ဟေရှာယ ၆၁:၅-၉; မဿဲ ၂၅:၃၁-၄၀။

၁၈။ ကျွန်ုပ်တို့အချိန်တွင် ယေရှုသည် စုဝေးစရာအရပ် မည်သို့ ဖြစ်ခဲ့သနည်း။

၁၈ ဟေရှာယ ရည်ညွှန်းဖော်ပြခဲ့သော “ထိုကာလ” ၏ မျက်မှောက်ခေတ် ပြည့်စုံချက်သည် ဘုရားသခင့် ကောင်းကင်နိုင်ငံတော် ဘုရင်အဖြစ် မေရှိယကို နန်းတင်ခဲ့သော ၁၉၁၄ တွင် အစပြုသည်။ (လုကာ ၂၁:၁၀; ၂ တိမောသေ ၃:၁-၅; ဗျာဒိတ် ၁၂:၁၀) ထိုအချိန်မှစ၍ ယေရှုခရစ်သည် ဝိညာဏ ဣသရေလလူမျိုးနှင့် ဖြောင့်မတ်သော အစိုးရကို လိုလားကြသော လူမျိုးအားလုံးမှ လူများအတွက် ထင်ရှားသောအလံ၊ စုဝေးရာ ဖြစ်ခဲ့သည်။ မေရှိယ၏ အုပ်ချုပ်မှုအောက်တွင် ယေရှု ကြိုဟောခဲ့သကဲ့သို့ လူမျိုးအပေါင်းတို့ထံသို့ သတင်းကောင်းကို သယ်ဆောင်သွားလေပြီ။ (မဿဲ ၂၄:၁၄; မာကု ၁၃:၁၀) ဤသတင်းကောင်းတွင် ထိထိမိမိ အကျိုးသက်ရောက်မှု ရှိသည်။ “လူ[မျိုး]ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည်” စင်ကြယ်သော ဝတ်ပြုရေးတွင် ဘိသိက်ခံ အကြွင်းအကျန်နှင့် ပူးပေါင်းခြင်းအားဖြင့် မေရှိယကို လက်အောက်ခံကြသည်။ (ဗျာဒိတ် ၇:၉) လူသစ်များစွာသည် ယေဟောဝါ၏ ဝိညာဏ “ဆုတောင်းရာအိမ်” တွင် အကြွင်းအကျန်နှင့် ဆက်ပူးပေါင်းလာခြင်းဖြင့် မေရှိယ၏ “ကျိန်းဝပ်တော်မူရာအရပ်၊” သာ၍ ကြီးမားသော ဘုရားသခင့် ဝိညာဏ ဗိမာန်တော်ကို ဘုန်းနှင့် ပြည့်စေကြသည်။—ဟေရှာယ ၅၆:၇; ဟဂ္ဂဲ ၂:၇။

စည်းလုံးသော လူမျိုးတစ်မျိုး ဘုရားသခင်ကို ဝတ်ပြုကြ

၁၉။ အဘယ် အချိန်နှစ်ချိန်တွင် ယေဟောဝါသည် မြေကြီးတစ်ပြင်လုံးတွင် ပြန့်ကျဲနေသော မိမိ၏ လူမျိုးအကြွင်းအကျန်ကို စုသိမ်းတော်မူခဲ့သနည်း။

၁၉ တစ်ခါက ဣသရေလလူမျိုးသည် အင်အားကြီး ရန်သူများ၏ ဖိနှိပ်ညှဉ်းပန်းမှုကို ခံခဲ့ရသည့်အခါ ယေဟောဝါသည် သူတို့အတွက် ကယ်တင်ပေးခဲ့ကြောင်း ဟေရှာယက သူတို့အား ပြန်၍ သတိရစေသည်။ ဟေရှာယ ပြောနေသော အဖြစ်အပျက်၏ ဤအပိုင်း—အီဂျစ်ပြည်တွင် ကျွန်ခံနေရာမှ လူမျိုးတော်အား ယေဟောဝါ ကယ်လွှတ်ခဲ့ခြင်း—သည် သစ္စာရှိ ဂျူးအားလုံး၏ နှလုံးတွင် အမြတ်တနိုး သိုမှီးထားရာ ဖြစ်သည်။ ဟေရှာယ ဤသို့ ရေး၏– “ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တစ်ဖက်၌ ရှိသော ပြည်များတို့မှ ကယ်ယူခြင်းငှာ တစ်ဖန် ပြုတော်မူလိမ့်မည်။ တစ်ပါးအမျိုးသားတို့အဖို့ အလံကို ထူတော်မူသဖြင့် နှင်ထုတ်သော ဣသရေလအမျိုးသားနှင့် အရပ်ရပ် ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်နှာတို့မှ ခေါ်၍ စုဝေးစေတော်မူလိမ့်မည်။” (ဟေရှာယ ၁၁:၁၁၊ ၁၂) သူတို့အားလုံးကို လက်တော်ဖြင့် သိမ်းယူတော်မူသကဲ့သို့ ယေဟောဝါသည် သစ္စာရှိ ဣသရေလလူနှင့် ယုဒလူ အကြွင်းအကျန်များကို အရပ်ရပ် ကွဲလွင့်နေသော လူမျိုးအပေါင်းတို့ထဲမှ ခေါ်ဆောင်၍ လုံခြုံသော အိမ်တော်သို့ သူတို့ကို ဆောင်သွင်းမည် ဖြစ်သည်။ အသေးစားအနေနှင့် ၎င်းသည် ဘီ.စီ.အီး. ၅၃၇ တွင် ဖြစ်ပျက်ခဲ့သည်။ သို့သော် ပို၍ ကြီးမားသော အကြီးစား ပြည့်စုံချက် ရှိသည်! ၁၉၁၄ တွင် ယေဟောဝါသည် နန်းထိုင်ဘုရင် ယေရှုခရစ်တော်ကို “တစ်ပါးအမျိုးသားတို့အဖို့ အလံ” အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၁၉ မှစ၍ “ဘုရားသခင်၏ ဣသရေလ လူမျိုး” ထဲမှ အကြွင်းအကျန်တို့သည် ဤအလံရှိရာသို့ စုဝင်လာကြပြီး ဘုရားသခင့် နိုင်ငံတော်အောက်ရှိ စင်ကြယ်သော ဝတ်ပြုရေးတွင် စိတ်ထက်သန်စွာ ပါဝင်လာကြသည်။ ဤထူးခြားသော ဝိညာဏလူမျိုးသည် “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ” ထွက်လာကြသည်။—ဗျာဒိတ် ၅:၁၀။

၂၀။ ဘုရားသခင့် လူမျိုးသည် ဗာဗုလုန်မှ ပြန်လာပြီးနောက် အဘယ် စည်းလုံးမှုကို ရရှိစံစားကြမည်နည်း။

၂၀ ယခု ဟေရှာယသည် ပြန်လည်တည်ထောင်ထားသော လူမျိုးတော်၏ စည်းလုံးမှုကို ဖော်ပြသည်။ မြောက်ပိုင်းနိုင်ငံကို ဧဖရိမ်အဖြစ်နှင့် တောင်ပိုင်းနိုင်ငံကို ယုဒအဖြစ် ရည်ညွှန်းပြီး ဤသို့ ဆို၏– “ဧဖရိမ်အမျိုးသည် ငြူစူသောစိတ် ငြိမ်းလိမ့်မည်။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း ရန်ပြေကြလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ။ သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ ဥစ္စာကို အတူလုယူကြလိမ့်မည်။ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏အုပ်စိုးခြင်းကိုခံရကြလိမ့်မည်။” (ဟေရှာယ ၁၁:၁၃၊ ၁၄) ဂျူးလူမျိုးများ ဗာဗုလုန်မှ ပြန်လာကြသောအခါ လူမျိုးနှစ်မျိုးအဖြစ် ခွဲခြားခြင်း ရှိတော့မည် မဟုတ်ပါ။ ဣသရေလ အမျိုးအနွယ်ဝင်အားလုံးသည် မိမိတို့၏ ပြည်တော်သို့ စည်းလုံးစွာ ပြန်လာကြမည်။ (ဧဇရ ၆:၁၇) သူတို့သည် တစ်ဦးကို တစ်ဦး နာကြည်းအငြိုးထားခြင်း၊ ရန်ဘက်ပြုခြင်း ရှိတော့မည် မဟုတ်။ စည်းလုံးသော လူမျိုးအဖြစ် ပတ်ဝန်းကျင် နိုင်ငံများရှိ မိမိတို့၏ ရန်သူများကို တိုက်ခိုက်အောင်ပွဲဆင်ကြမည် ဖြစ်သည်။

၂၁။ ယနေ့ ဘုရားသခင့် လူမျိုး၏ စည်းလုံးမှုသည် မည်သို့ အမှန်ပင် ထူးခြားပေါ်လွင်သနည်း။

၂၁ “ဘုရားသခင်၏ ဣသရေလလူမျိုး” ၏ စည်းလုံးမှုသည် ပို၍ပင် စွဲမှတ်ဖွယ်ကောင်းသေးသည်။ ပုံဆောင် ဝိညာဏ ဣသရေလ ၁၂ နွယ်သည် ဘုရားသခင်နှင့် ဝိညာဏ ညီအစ်ကိုညီအစ်မများအား ချစ်သော မေတ္တာပေါ် အခြေခံသည့် စည်းလုံးမှုတွင် အနှစ် ၂,၀၀၀ နီးပါး ပျော်မွေ့ခဲ့ကြသည်။ (ကောလောသဲ ၃:၁၄; ဗျာဒိတ် ၇:၄-၈) ယနေ့ ယေဟောဝါ၏ လူမျိုး—ဝိညာဏ ဣသရေလလူမျိုးနှင့် မြေကြီးမျှော်လင့်ချက်ရှိသူများ—သည် ခရစ်ယာန်ဘောင် ချာ့ချ်များတွင် မခံစားရသော အခြေအနေ ဖြစ်သည့် မေရှိယ အုပ်ချုပ်မှုအောက် ငြိမ်သက်မှုနှင့် ကမ္ဘာချီ စည်းလုံးမှုကို စံစားကြရသည်။ ယေဟောဝါသက်သေများသည် မိမိတို့၏ ဝတ်ပြုရေးအား နှောင့်ယှက်ရန် စာတန်၏ ကြိုးစားအားထုတ်မှုကို ဝိညာဏ စည်းလုံးညီညွတ်မှုဖြင့် တိုက်လှန်ကြသည်။ လူမျိုးတစ်မျိုးပမာ မေရှိယ နိုင်ငံတော်နှင့် ယှဉ်သော သတင်းကောင်းကို လူမျိုးအပေါင်းတို့အား ဟောပြောသွန်သင်ပါ ဟူသည့် ယေရှု၏ အမိန့်တော်ကို လိုက်နာဆောင်ရွက်ကြသည်။—မဿဲ ၂၈:၁၉၊ ၂၀။

အတားအဆီးများကို ကျော်လွှားမည်

၂၂။ ယေဟောဝါသည် မည်ကဲ့သို့ “အဲဂုတ္တုပင်လယ်၏ လျှာကို ဖျောက်ဖျက်” ပြီး “လက်တော်ကို မြစ်ပေါ်မှာ လှုပ်” တော်မူမည်နည်း။

၂၂ ဣသရေလလူမျိုးသည် ပြည်နှင်ခံဘဝမှ ပြည်တော်ပြန်ရာတွင် အနှောင့်အယှက် ဖြစ်စေသော ပကတိနှင့် ပုံဆောင် အတားအဆီး များစွာ ရှိသည်။ ၎င်းတို့ကို သူတို့ မည်သို့ ကျော်လွှားကြမည်နည်း။ ဟေရှာယ ဤသို့ ဆို၏– “ထာဝရဘုရားသည်လည်း အဲဂုတ္တုပင်လယ်၏ လျှာကို ဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသော လေတော်နှင့်တကွ လက်တော်ကို မြစ်ပေါ်မှာ လှုပ်၍ ချောင်းခုနစ်သွယ် ဖြစ်စေခြင်းငှာ ရိုက်ခတ်တော်မူသဖြင့် လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။” (ဟေရှာယ ၁၁:၁၅) ယေဟောဝါသည် မိမိ၏ လူမျိုးတော် ပြည်တော်ပြန်ခြင်းကို အဆီးအတား လုပ်သူအားလုံးအား ဖယ်ရှားပစ်မည် ဖြစ်သည်။ (စူးအက်ဇ်ပင်လယ်ကွေ့ ကဲ့သို့သော) အလွန့်အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ပင်လယ်နီ၏ လျှာ သို့မဟုတ် ဖြတ်ကူးနိုင်ပုံ မရသော ဥဖရတ်မြစ်ကြီးကို ပုံဆောင်သဘောဖြင့် ခြောက်သွေ့စေတော်မူမည်၊ သို့ဖြင့် လူတစ်ဦးသည် မိမိ၏ ခြေနင်းကို ချွတ်ဖို့ မလိုဘဲ ဖြတ်ကူးနိုင်မည် ဖြစ်သည်!

၂၃။ မည်သည့်နည်းဖြင့် ထိုနေရာတွင် “အာရှုရိပြည်မှ . . . သွားရာလမ်းကြီး” ရှိမည်နည်း။

၂၃ မောရှေခေတ်က ယေဟောဝါသည် ဣသရေလလူမျိုးကို အီဂျစ်ပြည်မှ ကယ်လွှတ်ပြီး ကတိထားရာ ပြည်တော်သို့ ချီသွားရန် လမ်းခရီးကို ပြင်ဆင်ပေးခဲ့သည်။ ယခု ကိုယ်တော်သည် ၎င်းနှင့် ဆင်တူသည့်အရာကို ပြုတော်မူမည် ဖြစ်၏– “ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ သွားရာလမ်းကြီး ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၁၁:၁၆) ပြည်နှင်ခံရသည့် နေရာမှ ပြည်တော်သို့ ပြန်သည့် လမ်းမကြီးတွင် ယေဟောဝါသည် သူတို့နှင့်အတူ လျှောက်နေသကဲ့သို့ ပြည်တော်ပြန်တို့ကို ဦးဆောင်တော်မူမည်။ ဆန့်ကျင်သူများသည် သူတို့ကို ဟန့်တားရန် ကြိုးစားကြမည် ဖြစ်သော်လည်း သူတို့၏ ဘုရားသခင် ယေဟောဝါသည် သူတို့နှင့်အတူ ရှိတော်မူမည်။ ဘိသိက်ခံ ခရစ်ယာန်များနှင့် သူတို့၏ အပေါင်းပါများသည် ယနေ့အချိန်တွင် အလားတူ အပြင်းအထန် တိုက်ခိုက်ခံရသော်လည်း သူတို့သည် ရဲရင့်စွာ ရှေ့သို့ ချီတက်သွားကြသည်! သူတို့သည် မျက်မှောက်ခေတ် အာရှုရိ ဖြစ်သော စာတန့်လောကမှ ထွက်လာကြပြီး အခြားသူများကိုလည်း ထိုသို့ ပြုလုပ်ရန် အကူအညီ ပေးကြသည်။ စင်ကြယ်သော ဝတ်ပြုရေးသည် အောင်မြင်ဖြစ်ထွန်းမည်ကို သူတို့သိထားကြသည်။ ၎င်းသည် လူ့လုပ်ဆောင်ချက် မဟုတ်ဘဲ ဘုရားသခင့် လုပ်ဆောင်ချက် ဖြစ်သည်။

မေရှိယ၏ လက်အောက်ခံများအတွက် အဆုံးမဲ့ ပျော်ရွှင်ခြင်း!

၂၄၊ ၂၅။ ယေဟောဝါ၏ လူမျိုးသည် အဘယ် ကျေးဇူးတင်ချီးမွမ်းစကားများကို ကြွေးကြော်ကြမည်နည်း။

၂၄ ယခု ဟေရှာယက ယေဟောဝါ၏ လူမျိုးသည် ကိုယ်တော်၏ စကားများ ပြည့်စုံခြင်းကြောင့် အထူး အားရရွှင်လန်းကြပုံကို နှစ်ထောင်းအားရသော စကားအသုံးအနှုန်းဖြင့် ဤသို့ ဖော်ပြ၏– “ထိုကာလ၌ သင်မြွက်ဆိုရမည်ကား ‘အိုထာဝရဘုရား အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း တစ်ဖန် အမျက်တော် ငြိမ်း၍ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။’” (ဟေရှာယ ၁၂:၁) မိမိ၏ ထင်ရာစိုင်းသော လူမျိုးကို ယေဟောဝါ ဆုံးမရာတွင် ပြင်းထန်ပါသည်။ သို့သော် ၎င်းက လူမျိုးတော်နှင့် ကိုယ်တော်၏ ဆက်ဆံရေးကို ပြေလည်စေရန်နှင့် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန် ဟူသော ရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်စေသည်။ နောက်ဆုံးတွင် ယေဟောဝါက မိမိအား သစ္စာရှိဝတ်ပြုသူများအား ကယ်တင်မည်ကို စိတ်ချစေသည်။ ကျေးဇူးတင်ကြောင်း သူတို့ တင်ပြကြခြင်းမှာ အံ့ဩစရာ မဟုတ်ပါ!

၂၅ ပြန်လည်တည်ထောင်ထားသော ဣသရေလလူမျိုးသည် ယေဟောဝါအပေါ် အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိပြီး ဤသို့ ကြွေးကြော်ကြ၏– “‘ဘုရားသခင်သည် ငါ့ကို ကယ်တင်ရာအကြောင်း ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ် မရှိဘဲ ကိုးစားပါမည်။ ထာဝရဘုရား [“ဂျားယေဟောဝါ၊” ကဘ] သည် ငါ့ကို ကယ်တင်ရာကယ်တင်ကြောင်း ဖြစ်၍ ငါ့ခွန်အား၊ ငါသီချင်းဆိုရာ ဖြစ်တော်မူ၏။’ သို့ဖြစ်၍ သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ကယ်တင်ခြင်း စမ်းရေတွင်းမှ ရေခပ်ရကြလိမ့်ည်။” (ဟေရှာယ ၁၂:၂၊ ၃) အခန်းငယ် ၂ မှ “ခွန်အား” ဟူ၍ ဘာသာပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်းတွင် “ချီးမွမ်းထောမနာ” အဖြစ် ဖော်ပြထားသည်။ ဝတ်ပြုကိုးကွယ်သူများသည် “ဂျားယေဟောဝါ” ထံမှ ကယ်တင်ခြင်းကြောင့် ချီးမွမ်းသီဆိုသံ ပွင့်ထွက်လာခြင်း ဖြစ်သည်။ ယေဟောဝါအမည်၏ အတိုကောက် ဖြစ်သော “ဂျား” ကို ကျမ်းစာထဲတွင် ချီးမွမ်း၊ ကျေးဇူးတင်သည့် ခံစားချက် ပေါ်လွင်ရန် အသုံးပြုသည်။ “ဂျားယေဟောဝါ” ဟူသော စကားလုံး—မြင့်မြတ်သော နာမတော်ကို နှစ်ထပ်ကွမ်း ခေါ်ဆိုခြင်း—က ဘုရားသခင်အား ချီးမွမ်းသံကို အမြင့်ဆုံးအထိ မြှင့်တင်ထားသည်။

၂၆။ ယနေ့ ဘုရားသခင့် အမှုတော်တို့ကို လူမျိုးများအား ဖော်ပြကြသူများမှာ မည်သူတို့နည်း။

၂၆ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူ အစစ်အမှန်များသည် မိမိတို့၏ ပျော်ရွှင်မှုကို မိမိတို့အတွက်သာ မထားနိုင်ကြပါ။ ဟေရှာယ ဤသို့ ကြိုပြော၏– “ထိုကာလ၌လည်း ‘ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ’ . . . ဟု မြွက်ဆိုရလိမ့်မည်။” (ဟေရှာယ ၁၂:၄၊ ၅) ၁၉၁၉ ကတည်းက ဘိသိက်ခံ ခရစ်ယာန်များ—နောက်ပိုင်းတွင် သူတို့၏ အပေါင်းပါ “အခြားသိုး၏ အကူအညီဖြင့်—“မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြ” ခဲ့ကြသည်။ သူတို့သည် ဤရည်ရွယ်ချက်အတွက် သီးသန့်ခွဲထားခံရသည့် “ရွေးချယ်တော်မူသောအမျိုး၊ . . . သန့်ရှင်းသောလူမျိုး” ဖြစ်ကြသည်။ (ယောဟန် ၁၀:၁၆; ၁ ပေတရု ၂:၉) ဘိသိက်ခံတို့သည် ယေဟောဝါ၏ သန့်ရှင်းသော နာမတော် မြင့်မြတ်တော်မူကြောင်း ကြေညာပြီး ၎င်းကို မြေတစ်ပြင်လုံးကိုလည်း သိစေကြသည်။ သူတို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူအားလုံးအား သူတို့၏ ကယ်တင်ခြင်းအတွက် ကိုယ်တော့် ပြင်ဆင်ပေးချက်များ၌ ရွှင်လန်းဝမ်းမြောက်ခြင်းတွင် ဦးဆောင်ကြသည်။ ဟေရှာယ ဤသို့ ကြွေးကြော်သကဲ့သို့ပင် ဖြစ်၏– “အိုသတို့သမီးဇိအုန် ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်သည် သင်၏ အလယ်၌ ကြီးမြတ်တော်မူ၏။” (ဟေရှာယ ၁၂:၆၊ သမ္မာ) ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်သည် ယေဟောဝါ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။

ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကို ရှုမျှော်ပါ!

၂၇။ မိမိတို့၏ သေချာသော ယုံကြည်ခြင်းကို စောင့်မျှော်နေစဉ် ခရစ်ယာန်များသည် အဘယ်အရာတွင် ယုံကြည်စိတ်ချနေကြသနည်း။

၂၇ ယနေ့ သန်းပေါင်းများစွာသောသူတို့သည် “လူများအဖို့ ထူသောအလံ”—ဘုရားသခင့် နိုင်ငံတော်တွင် နန်းတင်ခံခဲ့ရသော ယေရှုခရစ်ထံတော်သို့ စုဝေးခဲ့ကြသည်။ သူတို့သည် ထိုနိုင်ငံတော်၏ လက်အောက်ခံများ ဖြစ်ရခြင်းအတွက် ရွှင်လန်းဝမ်းမြောက်ကြပြီး ယေဟောဝါ ဘုရားသခင်နှင့် ကိုယ်တော်၏ သားတော်အား သိကျွမ်းရခြင်းအတွက် ပီတိဖြစ်နေကြသည်။ (ယောဟန် ၁၇:၃) သူတို့သည် စည်းလုံးညီညွတ်သော ခရစ်ယာန်ချင်းတို့နှင့်အတူ ပျော်ရွှင်မှု ကြီးစွာရကြပြီး ယေဟောဝါ၏ ကျေးကျွန်စစ်များ၏ အမှတ်အသား ဖြစ်သော ငြိမ်သက်ခြင်းကို ထိန်းသိမ်းထားရန် ကြိုးစားအားထုတ်ကြသည်။ (ဟေရှာယ ၅၄:၁၃) ဂျားယေဟောဝါသည် မိမိ၏ ကတိတော်များကို ပြည့်စုံစေမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချပြီး မိမိတို့၏ မျှော်လင့်ချက်၌ ယုံကြည်စိတ်ချမှု ရှိကာ ၎င်းကို အခြားသူများအား ဝေမျှခြင်းတွင် ကြီးစွာသော ရွှင်လန်းမှုကို ရှာတွေ့ကြသည်။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတစ်ဦးစီသည် ဘုရားသခင့် အမှုတော်ဆောင်ရန်နှင့် အခြားသူများလည်း ထိုသို့ လုပ်ဆောင်ရန် အကူအညီ ပေးခြင်းတွင် မိမိတို့ စွမ်းအားအကုန် ဆက်ထုတ်သုံးနိုင်ကြပါစေ။ အားလုံးသည် ဟေရှာယ၏ စကားများကို နှလုံးသွင်းကာ ယေဟောဝါ၏ မေရှိယအားဖြင့် ကယ်တင်ခြင်းတွင် ရွှင်လန်းဝမ်းမြောက်ကြပါစို့!

[အောက်ခြေမှတ်ချက်များ]

a “မေရှိယ” သည် “ဘိသိက်ခံ” ဟု အဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံး မာရှီအာခ် မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းနှင့် အဓိပ္ပာယ်တူသော ဂရိစကားလုံးမှာ ခရီစတော့စ် သို့မဟုတ် “ခရစ်တော်” ဖြစ်သည်။—မဿဲ ၂:၄၊ ကဘ၊ အောက်ခြေမှတ်ချက်။

b “အညွန့်” အတွက် ဟေဗြဲစကားလုံးသည် နီစာ ဖြစ်ပြီး “နာဇရက်” သည် နော့စ်ရီ ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ