ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၅ စာ. ၉၂-၁၀၁
  • တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖိလိတ္တိလူမျိုးတစ်ဖက် “ပျံတတ်သော မီးမြွေ”
  • မောဘကို အသံတိတ်စေမည်
  • မျက်မှောက်ခေတ် “မောဘ” ပျက်စီးခြင်း
  • ဒမာသက်မြို့သည် ပျက်စီးရာ အစုအပုံ ဖြစ်လာ
  • ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်း
  • အီသီယိုးပီးယားသည် ယေဟောဝါထံတော်သို့ လက်ဆောင်ပဏ္ဏာ ဆောင်လာ
  • အီဂျစ်ပြည်၏ နှလုံး အရည်ပျော်
  • ယေဟောဝါအတွက် နိမိတ်လက္ခဏာနှင့် သက်သေ
  • ‘ငါ၏လူမျိုးသည် မင်္ဂလာရှိစေသတည်း’
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဤလောကမှ အကူအညီ မရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ၏ လက်တော်ကို ချီမြှောက်တော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၅ စာ. ၉၂-၁၀၁

အခန်း ဆယ့်ငါး

တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်

ဟေရှာယ ၁၄:၂၄–၁၉:၂၅

၁။ အာရှုရိနှင့်ပတ်သက်သော ဟေရှာယမှတ်တမ်းတွင် အဘယ် တရားစီရင် ကြွေးကြော်ချက် ပါသနည်း။

ယေဟောဝါသည် မိမိလူမျိုးတော်၏ ဆိုးသွမ်းမှုကို ဆုံးမပဲ့ပြင်ရန်အတွက် တိုင်းနိုင်ငံများကို အသုံးပြုနိုင်ပါသည်။ သို့သော် ကိုယ်တော်သည် တိုင်းနိုင်ငံများ၏ မလိုအပ်သော ရက်စက်ကြမ်းကြုတ်မှု၊ မာနကြီးမှုနှင့် စစ်မှန်သော ဝတ်ပြုရေးအပေါ် ရန်လိုမုန်းတီးမှုတို့ကြောင့် သူတို့ကို အပြစ်မပေးဘဲ နေမည် မဟုတ်ပါ။ ထို့ကြောင့် များစွာ ကြို၍ “ဗာဗုလုန်မြို့ကို ရည်ဆောင်၍ . . . ဗျာဒိတ်တော်” ကို မှတ်တမ်းတင်ရန် ဟေရှာယကို မှုတ်သွင်းတော်မူ၏။ (ဟေရှာယ ၁၃:၁) သို့ရာတွင် ဗာဗုလုန်သည် အနာဂတ် အန္တရာယ် ဖြစ်သည်။ ဟေရှာယခေတ်တွင် အာရှုရိသည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ဖိနှိပ်ဆန့်ကျင်နေသည်။ အာရှုရိသည် မြောက်ပိုင်းဣသရေလနိုင်ငံကို ဖျက်ဆီးပြီး ယုဒနိုင်ငံ၏ နယ်ပယ်အများစုကို သိမ်းပိုက်ထားသည်။ သို့သော် အာရှုရိ၏ အောင်မြင်မှုသည် ကန့်သတ်ခြင်း ခံရသည်။ ဟေရှာယ ဤသို့ ရေး၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား ‘ငါ၏ မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်း ဖြစ်၍ ငါ့စီရင်ချက်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ ထမ်းပိုးကို သူတစ်ပါးအပေါ်က ရွှေ့၍ သူတို့ပခုံးပေါ်မှာ တင်သော ဝန်ကို ချရသောအခွင့် ရှိလိမ့်မည်။’” (ဟေရှာယ ၁၄:၂၄၊ ၂၅) ဤပရောဖက်ပြုချက်ကို ဟေရှာယ ထုတ်ဖော်ပြောဆိုပြီး မကြာမီ ယုဒပြည်အပေါ် အာရှုရိ၏ ခြိမ်းခြောက်မှု ဖယ်ရှားခြင်း ခံရသည်။

၂၊ ၃။ (က) ယေဟောဝါသည် ရှေးအချိန်က မည်သူတို့အပေါ် မိမိလက်တော်ကိုဆန့်ခဲ့သနည်း။ (ခ) ယေဟောဝါသည် “မြေတစ်ပြင်လုံးတွင်” မိမိ၏ လက်တော်ကို ဆန့်ခြင်း ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။

၂ သို့သော် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး၏ အခြားရန်သူလူမျိုးများကော မည်သို့နည်း။ သူတို့လည်း တရားစီရင်ခြင်း ခံရမည်။ ဟေရှာယ ဤသို့ ကြေညာ၏– “မြေတစ်ပြင်လုံးတွင် ထိုသို့ ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့ လက်တော်ကို ဆန့်လျက်ရှိ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူ ဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသော လက်တော်ကို အဘယ်သူ လှန်လိမ့်မည်နည်း။” (ဟေရှာယ ၁၄:၂၆၊ ၂၇) ယေဟောဝါ၏ “အကြံတော်” သည် ကြံစည်ရုံမျှသာ မဟုတ်ပါ။ ကိုယ်တော်၏ မြဲမြံခိုင်ခံ့သော ဆုံးဖြတ်ချက်၊ စီရင်ပြဋ္ဌာန်းချက် ဖြစ်သည်။ (ယေရမိ ၄၉:၂၀၊ ၃၀) ဘုရားသခင်၏ “လက်တော်” သည် ကိုယ်တော်၏ အသုံးချတန်ခိုးတော် ဖြစ်သည်။ ဟေရှာယ အခန်းကြီး ၁၄ ၏ နောက်ဆုံး အခန်းငယ်များနှင့် အခန်းကြီး ၁၅ မှ ၁၉ တွင် ဖိလိတ္တိ၊ မောဘ၊ ဒမာသက်၊ အီသီယိုးပီးယား၊ အီဂျစ်တို့၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်များအကြောင်း ပါရှိသည်။

၃ သို့ရာတွင် ဟေရှာယက ယေဟောဝါ၏ လက်တော်သည် “မြေတစ်ပြင်လုံးတွင်” ဆန့်တော်မူကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဟေရှာယ၏ ထိုပရောဖက်ပြုချက်များသည် ရှေးအချိန်တွင် ဦးဆုံး ပြည့်စုံခဲ့သော်လည်း ယေဟောဝါသည် မြေကြီးပေါ်ရှိ နိုင်ငံအားလုံးအပေါ် မိမိ၏ လက်တော်ဆန့်မည့်အချိန် ဖြစ်သော “ဆုံးခန်းကာလ” အတွင်းတွင်လည်း မူအရ ပြည့်စုံလာမည်။ (ဒံယေလ ၂:၄၄၊ ကဘ; ၁၂:၉; ရောမ ၁၅:၄; ဗျာဒိတ် ၁၉:၁၁၊ ၁၉-၂၁) အနန္တတန်ခိုးရှင် ဘုရား ယေဟောဝါသည် မိမိ၏ ကြံစည်ချက်ကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် များစွာ ကြိုတင်၍ ဖော်ပြတော်မူ၏။ မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်၏ ဆန့်ထားသောလက်ကို ရုပ်စေနိုင်မည် မဟုတ်ပါ။—ဆာလံ ၃၃:၁၁; ဟေရှာယ ၄၆:၁၀။

ဖိလိတ္တိလူမျိုးတစ်ဖက် “ပျံတတ်သော မီးမြွေ”

၄။ ဖိလိတ္တိလူမျိုးနှင့်ပတ်သက်၍ ယေဟောဝါ၏ အသေးစိတ် ကြွေးကြော်ချက်အချို့မှာ အဘယ်နည်း။

၄ ဖိလိတ္တိလူမျိုးသည် ဦးဆုံး အာရုံစိုက်ခံရသည်။ “အာခတ်မင်းကြီး အနိစ္စရောက်သော နှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား– ‘အိုဖိလိတ္တိပြည်လုံး သင့်ကို ရိုက်သော ကြိမ်လုံး ကျိုးသည်ကို ထောက်၍ ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုး ပေါက်လိမ့်မည်။ သူ၏ အနွယ်သည်လည်း ပျံတတ်သော မီးမြွေ ဖြစ်လိမ့်မည်။’”—ဟေရှာယ ၁၄:၂၈၊ ၂၉။

၅၊ ၆။ (က) ဩဇိသည် ဖိလိတ္တိလူတို့အတွက် မည်သည့်နည်းဖြင့် မြွေတစ်ကောင်နှင့် တူသနည်း။ (ခ) ဟေဇကိသည် ဖိလိတ္တိလူတို့၌ အဘယ်အရာ ဖြစ်ကြောင်း ထင်ရှားသနည်း။

၅ ဩဇိမင်းတွင် ဖိလိတ္တိလူမျိုးတို့၏ အန္တရာယ်ကို ထိန်းချုပ်ထားနိုင်လောက်သည့် ခွန်အား ရှိခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၆:၆-၈) သူသည် ဖိလိတ္တိလူတို့အတွက် မြွေတစ်ကောင်ကဲ့သို့ ဖြစ်ပြီး သူ၏ ကြိမ်လုံးသည် ရန်ဘက် ဖြစ်သော အိမ်နီးချင်းနိုင်ငံများကို ရိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ဩဇိမင်း အနိစ္စရောက်—‘သူတို့ကို ရိုက်သော ကြိမ်လုံး ကျိုး’—ပြီးသည့်နောက် သစ္စာရှိ ယောသံမင်း အုပ်ချုပ်ခဲ့သော်လည်း “ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။” ထို့နောက် အာခတ် နန်းတက်သည်။ အခြေအနေ ပြောင်းသွားပြီး ဖိလိတ္တိလူတို့သည် ယုဒပြည်ကို ချင်းနင်းဝင်ရောက် တိုက်ခိုက်အနိုင်ယူခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၇:၂; ၂၈:၁၇၊ ၁၈) သို့ရာတွင် ယခုတစ်ဖန် အခြေအနေ ပြောင်းသွားပြန်သည်။ ဘီ.စီ.အီး. ၇၄၆ တွင် ဘုရင်အာခတ် အနိစ္စရောက်ပြီး လူငယ်ဟေဇကိ နန်းဆက်ခံခဲ့သည်။ အခြေအနေများက မိမိတို့ကို ဆက်၍ မျက်နှာသာ ပေးနေသည်ဟု ဖိလိတ္တိလူတို့ ယူဆမည်ဆိုလျှင် သူတို့အမှားကြီး မှားနေပါသည်။ ဟေဇကိသည် အဖျက်စွမ်းအားကြီးသူ ဖြစ်၏။ ဩဇိမင်းမှ ဆင်းသက်လာသူ (သူ၏ “အနွယ်” မှ “အသီး” ဖြစ်သူ) ဟေဇကိသည်—တိုက်ခိုက်သည့်အခါ လျှပ်စစ်ကဲ့သို့ အလွန် လျင်မြန်ပြီး သားကောင်ကို အဆိပ်ရည် ထိုးသွင်းလိုက်သကဲ့သို့ တောက်လောင်သော ဝေဒနာကို ဖြစ်စေနိုင်သည့်—“ပျံတတ်သော မီးမြွေ” နှင့် တူသည်။

၆ ၎င်းသည် ဘုရင်သစ်နှင့် ကိုက်ညီသော ဖော်ပြချက်တစ်ခု ဖြစ်သည်။ “[ဟေဇကိသည်] ဖိလိတ္တိလူတို့ကို တိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သော မြို့များနှင့် ကင်းစောင့်သော မျှော်စင်များကို လုပ်ကြံလေ၏။” (၄ ဓမ္မရာဇဝင် ၁၈:၈) အာရှုရိဘုရင် သနာခရိပ်၏ ရာဇဝင်အရ ဖိလိတ္တိတို့သည် ဟေဇကိ၏ လက်အောက်ခံများ ဖြစ်လာခဲ့ကြသည်။ ဖိလိတ္တိလူတို့ အငတ်ဘေး ဆိုက်နေသည့်အချိန်တွင် ဆင်းရဲသောသူတို့—အားလျော့နေသည့် ယုဒနိုင်ငံ—သည် ဘေးကင်းလျက် ပစ္စည်းဥစ္စာ ပေါကြွယ်လျက် စံစားနေကြရသည်။—ဟေရှာယ ၁၄:၃၀၊ ၃၁၊ ဖတ်။

၇။ ဟေဇကိသည် ယေရုရှလင်မြို့တွင် ရောက်နေသော သံတမန်များအား ယုံကြည်ခြင်းဆိုင်ရာ အဘယ်ကြေညာချက်ကို ထုတ်ပြန်ရမည်နည်း။

၇ သံတမန်များသည် ယုဒပြည်တွင် ရောက်ရှိနေကြပုံရသည်—အာရှုရိကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်မည်။ သူတို့ကို မည်သို့ ပြန်ပြောသင့်သနည်း။ “တစ်ပြည်တစ်နိုင်ငံမှ ရောက်လာသော သံတမန်တို့အား အဘယ်သို့ ပြန်ပြောရမည်နည်း။” ဟေဇကိသည် တိုင်းတစ်ပါးနှင့် မဟာမိတ် ဖွဲ့ခြင်းဖြင့် လုံခြုံမှု ရှာယူသင့်သလော။ မရှာယူသင့်ပါ! တမန်များကို သူဤသို့ ပြန်ပြောသင့်သည်– “ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ၍ ထိုမြို့၌လည်း ဒုက္ခဆင်းရဲခြင်း ရောက်သော ကိုယ်တော်၏ လူတို့သည် ခိုလှုံရကြ၏။” (ဟေရှာယ ၁၄:၃၂၊ သမ္မာ) ဘုရင်သည် ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားရမည် ဖြစ်သည်။ ဇိအုန်မြို့၏ အုတ်မြစ်သည် မြဲမြံခိုင်ခံ့၏။ မြို့တော်သည် အာရှုရိ၏ ခြိမ်းခြောက်မှု အန္တရာယ်မှ လွတ်မည့် လုံခြုံရာအရပ် ဖြစ်မည်။—ဆာလံ ၄၆:၁-၇။

၈။ (က) ယနေ့တိုင်းနိုင်ငံအချို့သည် ဖိလိတ္တိနှင့် မည်သို့ တူသနည်း။ (ခ) ယေဟောဝါသည် ရှေးအချိန်ကကဲ့သို့ ယနေ့အချိန်တွင် မိမိ၏ လူမျိုးကို ထောက်မရန် မည်သို့ လုပ်ဆောင်ခဲ့ပြီနည်း။

၈ ဖိလိတ္တိတို့ကဲ့သို့ ယနေ့ အချို့သော တိုင်းနိုင်ငံတို့သည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများကို ဆိုးဆိုးရွားရွား ဆန့်ကျင်ကြသည်။ ယေဟောဝါ၏ ခရစ်ယာန်သက်သေများသည် အကျဉ်းထောင်များနှင့် ချွေးတပ်စခန်းများတွင် အချုပ်အနှောင် ခံကြရသည်။ ပိတ်ပင်ခံကြရသည်။ များစွာသောသူတို့သည် အသတ်ခံကြရသည်။ ဆန့်ကျင်သူတို့သည် “ဖြောင့်မတ်သောသူ၏ အသက်ကို သတ်ခြင်းငှာ” ဆက်၍ ရှာကြံကြသည်။ (ဆာလံ ၉၄:၂၁) ရန်သူများသည် ဤခရစ်ယာန်အုပ်စုကို “ဆင်းရဲသောသူ၊” “ဆင်းရဲသား” အဖြစ် မြင်ကြပေမည်။ သို့ရာတွင် ရန်သူများ ငတ်ပြတ်နေချိန်တွင် သူတို့သည် ယေဟောဝါ၏ ထောက်မမှုဖြင့် ဝိညာဉ်ရေးဘက် ကြွယ်ဝစွာ စံစားနေကြရသည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄; အာမုတ် ၈:၁၁) ယေဟောဝါသည် မျက်မှောက်ခေတ် ဖိလိတ္တိလူတို့အပေါ် မိမိ၏ လက်တော်ကို ဆန့်သည့်အခါ ထို “ဆင်းရဲသောသူတို့” သည် လုံခြုံမှု ရကြမည်။ မည်သည့်နေရာတွင်နည်း။ “ဘုရားသခင်၏ အိမ်တော်သား” များနှင့် ပေါင်းသင်းခြင်းအားဖြင့် ဖြစ်သည်၊ ယေရှုသည် ၎င်းအိမ်တော်၏ စစ်မှန်သော အုတ်မြစ်ကျောက် ဖြစ်သည်။ (ဧဖက် ၂:၁၉၊ ၂၀) ထို့အပြင် သူတို့သည် ဘုရင်အဖြစ် ယေရှုခရစ် အုပ်ချုပ်သည့် ယေဟောဝါ၏ ကောင်းကင်ဆိုင်ရာ နိုင်ငံတော်၊ “ကောင်းကင်ယေရုရှလင်” ၏ အကာအကွယ်အောက်၌ ရှိကြမည်။—ဟေဗြဲ ၁၂:၂၂; ဗျာဒိတ် ၁၄:၁။

မောဘကို အသံတိတ်စေမည်

၉။ နောက်ထပ်ကြေညာချက်သည် မည်သူတို့နှင့် သက်ဆိုင်သနည်း၊ ထိုလူမျိုးသည် ဘုရားသခင်လူမျိုး၏ ရန်သူ ဖြစ်ကြောင်း မည်သို့ ပြသခဲ့သနည်း။

၉ ပင်လယ်သေ၏ အရှေ့ဘက်အရပ်သည် ဣသရေလလူမျိုးတို့၏ နောက်အိမ်နီးချင်းနိုင်ငံ—မောဘပြည် ဖြစ်သည်။ ဖိလိတ္တိလူတို့နှင့် မတူဘဲ မောဘလူမျိုးတို့သည် အာဗြဟံ၏တူ လောတမှ ဆင်းသက်လာသူများ ဖြစ်၍ ဣသရေလလူမျိုးနှင့် ဆွေမျိုးတော်စပ်သည်။ (ကမ္ဘာဦး ၁၉:၃၇) ဆွေမျိုးတော်စပ်သည့်တိုင် မောဘသည် ဣသရေလလူမျိုးနှင့် ရန်သူ ဖြစ်သည့် သမိုင်းကြောင်း ရှိသည်။ ဥပမာ၊ မောရှေခေတ်တွင် မောဘဘုရင်သည် ဣသရေလလူမျိုးကို ကျိန်ဆဲဖို့ ပရောဖက် ဗာလမ်ကို ငှားခဲ့သည်။ ထိုသို့ ပြု၍ မအောင်မြင်သောအခါ မောဘသည် ဣသရေလလူတို့ကို ထောင်ချောက်ဆင် ဖမ်းရန် စာရိတ္တ ယိုယွင်းမှုနှင့် ဗာလ ဝတ်ပြုရေးကို အသုံးပြုခဲ့သည်။ (တောလည်ရာ ၂၂:၄-၆; ၂၅:၁-၅) သို့ဖြစ်သောကြောင့် ယခု ယေဟောဝါသည် “မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်” ကို မှတ်တမ်းတင်ရန် ဟေရှာယအား မှုတ်သွင်းခြင်းသည် အံ့ဩစရာ မဟုတ်ပါ။—ဟေရှာယ ၁၅:၁က။

၁၀၊ ၁၁။ မောဘ၌ အဘယ်အရာ ဖြစ်မည်နည်း။

၁၀ ဟေရှာယ၏ ပရောဖက်ပြုချက်၌ အာရမြို့၊ ကိရမြို့ (သို့မဟုတ် ကိရဟရက်မြို့)၊ ဒိဘုန်မြို့ အပါအဝင် မောဘပြည်ရှိ မြို့များစွာ၊ နေရာဒေသများစွာကို တိုက်ရိုက်ဖော်ပြထားသည်။ (ဟေရှာယ ၁၅:၁ခ-၂က) မောဘလူမျိုးတို့သည် ကိရဟရက်မြို့၏ အဓိကထုတ်ကုန် ဖြစ်နိုင်သည့် စပျစ်ပျဉ်များအတွက် ညည်းတွားမြည်တမ်းကြလိမ့်မည်။ (ဟေရှာယ ၁၆:၆၊ ၇) စပျစ်စိုက်ခင်းများဖြင့် နာမည်ကြီးသော စိဗမာနှင့် ယာဇာမြို့သည် ဖျက်ဆီးခံရမည်။ (ဟေရှာယ ၁၆:၈-၁၀) “သုံးနှစ်အသက်ရှိသော နွားမ” ဟု အဓိပ္ပာယ် ရှိနိုင်သော အက်ဂလက်သ် ရှီလစ်ရှီယာမြို့သည် အလွန် ပြင်းထန်သော ဝေဒနာကြောင့် သနားစဖွယ် အော်မြည်နေသည့် ကြံ့ခိုင်သော နွားသငယ်ကဲ့သို့ ဖြစ်မည်။ (ဟေရှာယ ၁၅:၅) မောဘလူမျိုးတို့၏ သိမ်းရုံးသတ်ဖြတ်ခြင်းကြောင့် “ဒိမုန်မြို့၏ရေ” သည် အသွေးနှင့် ပြည့်လာပြီး မြက်ပင်များ သွေ့ခြောက်ကုန်မည် ဖြစ်သည်။ သူတို့၏ ချောင်းများကို ရန်သူစစ်တပ်များက ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပုံရသည့်—ပုံဆောင်အရရော၊ စာသားအရပါ “နိမရိမ်ရေကန်တို့သည် ဆိတ်ညံ” လာမည်။—ဟေရှာယ ၁၅:၆-၉။

၁၁ မောဘလူမျိုးတို့သည် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ် ဖြစ်သော လျှော်တေအဝတ်ကို ဝတ်ရကြမည်။ သူတို့သည် အရှက်ကွဲခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို မှတ်သားဖော်ပြရန် ခေါင်းတုံးရိတ်ကြမည်။ အလွန် ဝမ်းနည်းကြောင်းနှင့် နှိမ့်ချခံရကြောင်းကို ပြသည့်အနေဖြင့် သူတို့၏ မုတ်ဆိတ်များကို “ရိတ်ပယ်” ကြမည် ဖြစ်သည်။ (ဟေရှာယ ၁၅:၂ခ-၄) ဟေရှာယကိုယ်တိုင် ထိုတရားစီရင်ချက်၏ ပြည့်စုံချက်အချို့ကြောင့် အပြင်းအထန် ခံစားရသည်။ မောဘနှင့်ပတ်သက်သော အမင်္ဂလာ သတင်းစကားများကြောင့် သူ၏ အတွင်းကလီစာများသည် စောင်းကြိုး တုန်ခါသကဲ့သို့ သနားစိတ် ဖြစ်ပေါ်ခဲ့သည်။—ဟေရှာယ ၁၆:၁၁၊ ၁၂။

၁၂။ မောဘနှင့်ပတ်သက်သည့် ဟေရှာယ၏ စကားများ မည်သို့ ပြည့်စုံခဲ့သနည်း။

၁၂ အဘယ်အချိန်တွင် ဤပရောဖက်ပြုချက် ပြည့်စုံမည်နည်း။ မကြာမီတွင် ဖြစ်သည်။ “ထိုသို့ ထာဝရဘုရားသည် မောဘ၏ အကြောင်းစကားကို အထက်က မိန့်တော်မူ၏။ ယခု တစ်ဖန် မိန့်တော်မူသည်ကား ‘အခစားသောသူ ရေတွက်သည်အတိုင်း သုံးနှစ်လွန်မှ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန် နည်း၍ ခွန်အား ကုန်ရကြလိမ့်မည်’ ဟု မိန့်တော်မူ၏။” (ဟေရှာယ ၁၆:၁၃၊ ၁၄) ယင်းစကားနှင့်အညီ ဘီ.စီ.အီး. ရှစ်ရာစုအတွင်း မောဘသည် ပြင်းထန်သည့် ဆင်းရဲဒုက္ခ ခံခဲ့ရပြီး ၎င်း၏ နေရာဒေသများစွာတွင် လူသူကင်းမဲ့သွားကြောင်း ရှေးဟောင်းသုတေသန အထောက်အထားများ ရှိသည်။ တိဂလတ်-ပိလေသာ ၃ သည် မိမိအား အခွန်ဆက်ရသည့် ဘုရင်များထဲတွင် မောဘဘုရင် စယ်လမနူ, ပါကြောင်း ဖော်ပြထားသည်။ သနာခရိပ်သည် မောဘဘုရင် ကမ်မူစူနဒ်ဘီထံမှ အခွန် ရရှိခဲ့သည်။ အာရှုရိ ဧကရာဇ်များ ဖြစ်သော အီစာ ဟက်ဒန်နှင့် အာသနပ္ပာ [အာရှုဗာနိပါလ်] တို့သည် မိမိတို့၏ လက်အောက်ခံ မောဘဘုရင်များ ဖြစ်သော မူစူရီနှင့် ကာမာရှာလ်တူတို့အကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက မောဘလူမျိုးသည် လူမျိုးတစ်မျိုးအဖြစ်မှ ပျောက်ကွယ်ခဲ့သည်။ မောဘလူမျိုးများ၏ မြို့များဟု ထင်ရသည့် မြို့အပျက်အယွင်းများကို တွေ့ရသော်လည်း ဣသရေလလူမျိုးတို့၏ တစ်ချိန်က တန်ခိုးကြီးခဲ့သော ဤရန်သူအကြောင်း ပစ္စည်းအထောက်အထားကို ယခုအထိ အနည်းငယ်သာ တူးဖော်တွေ့ရှိသေးသည်။

မျက်မှောက်ခေတ် “မောဘ” ပျက်စီးခြင်း

၁၃။ ယနေ့အချိန်တွင် အဘယ်အဖွဲ့အစည်းကို မောဘနှင့် နှိုင်းယှဉ်နိုင်သနည်း။

၁၃ ယနေ့ ရှေးခေတ်မောဘနှင့်တူသော ကမ္ဘာချီ အဖွဲ့အစည်းတစ်ခု ရှိသည်။ ၎င်းမှာ “မဟာဗာဗုလုန်” ၏ အဓိကအစိတ်အပိုင်း ဖြစ်သော ခရစ်ယာန်ဘောင် ဖြစ်သည်။ (ဗျာဒိတ် ၁၇:၅၊ ကဘ) မောဘနှင့် ဣသရေလသည် အာဗြဟံ၏ ဖခင် တေရမှ ဆင်းသက်လာကြသူများ ဖြစ်သည်။ ထိုနည်းတူ ခရစ်ယာန်ဘောင်သည် မျက်မှောက်ခေတ် ဘိသိက်ခံ ခရစ်ယာန် အသင်းတော်ကဲ့သို့ပင် ပထမရာစု ခရစ်ယာန် အသင်းတော်မှ မြစ်ဖျားခံ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ (ဂလာတိ ၆:၁၆) သို့ရာတွင် ခရစ်ယာန်ဘောင်သည်—မောဘကဲ့သို့ပင်—ဝိညာဏ သီလပျက်မှု တိုးပွားစေခြင်း၊ စစ်မှန်သည့် တစ်ဆူတည်းသောဘုရား ယေဟောဝါနေရာတွင် အခြားဘုရားများကို ဝတ်ပြုခြင်းဖြင့် ယိုယွင်းဖောက်ပြန်နေသည်။ (ယာကုပ် ၄:၄; ၁ ယောဟန် ၅:၂၁) အတန်းအစားတစ်ခုအနေဖြင့် ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် နိုင်ငံတော် သတင်းကောင်း ဟောပြောသူများကို ဆန့်ကျင်ကြသည်။—မဿဲ ၂၄:၉၊ ၁၄။

၁၄။ မျက်မှောက်ခေတ် “မောဘ” နှင့်ပတ်သက်၍ ယေဟောဝါ၏ ဆုံးမမှု ရှိလင့်ကစား ထိုအဖွဲ့အစည်းထဲရှိ တစ်ဦးချင်းစီအနေနှင့် အဘယ် မျှော်လင့်ချက် ရှိသနည်း။

၁၄ မောဘသည် နောက်ဆုံးတွင် ဖျက်ဆီးခံခဲ့ရသည်။ ခရစ်ယာန်ဘောင်လည်း ထပ်တူ ဖြစ်မည်။ ယေဟောဝါသည် မျက်မှောက်ခေတ် အာရှုရိနှင့် တူညီသောသူကို အသုံးပြုကာ သူမကို ဖျက်ဆီးမည်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) သို့ရာတွင် ဤမျက်မှောက်ခေတ် “မောဘ” တွင် ရှိနေသောသူများအတွက် မျှော်လင့်ချက် ရှိပါသည်။ မောဘနှင့်ပတ်သက်သော ပရောဖက်ပြုချက်ထဲတွင် ဟေရှာယ ဤသို့ဆို၏– “ရာဇပလ္လင်သည်လည်း ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့် ပြည့်စုံ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက် ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။” (ဟေရှာယ ၁၆:၅) ၁၉၁၄ တွင် ယေဟောဝါသည် ဒါဝိဒ်မင်းဆက် ဘုရင်တစ်ပါး ဖြစ်သော ယေရှု၏ ရာဇပလ္လင်ကို ခိုင်ခံ့မြဲမြံစွာ တည်ထောင်ခဲ့သည်။ ယေရှု၏ ဘုရင်အဖြစ်အနေသည် ယေဟောဝါ၏ မေတ္တာ-ကရုဏာ ဖော်ပြချက်တစ်ရပ် ဖြစ်ပြီး ဘုရင်ဒါဝိဒ်နှင့် ဖွဲ့ထားသော ဘုရားသခင့် ပဋိညာဉ် ပြည့်စုံချက် ဖြစ်ကာ ထာဝစဉ် တည်ရှိမည် ဖြစ်သည်။ (ဆာလံ ၇၂:၂; ၈၅:၁၀-၁၁; ၈၉:၃၊ ၄; လုကာ ၁:၃၂) စိတ်နှိမ့်ချသူများစွာသည် မျက်မှောက်ခေတ် “မောဘ” ကို စွန့်ခွာခဲ့ကြပြီး အသက်ရရန် အလို့ငှာ မိမိတို့ကိုယ်ကို ယေရှုခရစ်၏ လက်အောက်ခံ ဖြစ်စေခဲ့ကြသည်။ (ဗျာဒိတ် ၁၈:၄) ယေရှုသည် “လူမျိုးခြားတို့အား တရားမျှတခြင်းကို နားလည်စေ” မည် ဖြစ်ကြောင်းသိရခြင်းက ထိုသူတို့အတွက် နှစ်သိမ့်မှုပင်!—မဿဲ ၁၂:၁၈၊ ကဘ; ယေရမိ ၃၃:၁၅။

ဒမာသက်မြို့သည် ပျက်စီးရာ အစုအပုံ ဖြစ်လာ

၁၅၊ ၁၆။ (က) ဒမာသက်နှင့် ဣသရေလသည် ယုဒအပေါ် အဘယ် ရန်မူသည့် ခြေလှမ်းများ လှမ်းခဲ့ကြသနည်း၊ ဒမာသက်အတွက် အဘယ်ရလဒ် ထွက်ပေါ်ခဲ့သနည်း။ (ခ) ဒမာသက်မြို့နှင့်ပတ်သက်သော ကြေညာချက်တွင် မည်သူ့အတွက်ပါ ပါဝင်သနည်း။ (ဂ) ယနေ့ခရစ်ယာန်များသည် ဣသရေလ၏ ပုံနမူနာမှ အဘယ်အရာ သင်ယူနိုင်သနည်း။

၁၅ ဟေရှာယသည် “ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်” ဆက်၍ မှတ်တမ်းတင်သည်။ (ဟေရှာယ ၁၇:၁-၆၊ ဖတ်။) ဣသရေလနိုင်ငံ၏ မြောက်ဘက်တွင် ရှိသော ဒမာသက်မြို့သည် “ရှုရိပြည်၏ ခေါင်း” ဖြစ်သည်။ (ဟေရှာယ ၇:၈) ယုဒပြည်၌ ဘုရင်အာခတ် အုပ်ချုပ်ချိန်တွင် ဒမာသက်မြို့၏ မင်း ရေဇိန်သည် ဣသရေလမင်း ပေကာနှင့် မဟာမိတ် ဖွဲ့ကာ ယုဒပြည်ကို ကျူးကျော်တိုက်ခိုက်သည်။ သို့ရာတွင် အာခတ်၏ တောင်းဆိုမှုကြောင့် အာရှုရိမင်း တိဂလတ်-ပိလေသာ ၃ သည် ဒမာသက်မြို့ကို တိုက်ခိုက်အောင်မြင်ပြီး ပြည်သူပြည်သားများစွာကို သိမ်းသွားသည်။ ၎င်းနောက် ဒမာသက်မြို့သည် ယုဒပြည်ကို မခြိမ်းခြောက်နိုင်တော့ချေ။—၄ ဓမ္မရာဇဝင် ၁၆:၅-၉; ၂ ရာဇဝင်ချုပ် ၂၈:၅၊ ၁၆။

၁၆ ဣသရေလပြည်သည် ဒမာသက်မြို့နှင့် မဟာမိတ် ဖွဲ့ခြင်းကြောင့် ဒမာသက်မြို့နှင့်ပတ်သက်သော ယေဟောဝါ၏ တရားစီရင်ခြင်းကြေညာချက်တွင် သစ္စာမဲ့သော မြောက်ပိုင်းဣသရေလနိုင်ငံပါ ပါဝင်နေခြင်း ဖြစ်နိုင်သည်။ (ဟေရှာယ ၁၇:၃) ဣသရေလပြည်သည် ရိတ်သိမ်းရာကာလတွင် အနည်းငယ်သာ သီးသော လယ်ကွက်ကဲ့သို့လည်းကောင်း၊ အသီးများကို လှုပ်ခြွေပြီးနောက် အသီးအနည်းငယ်သာ ကျန်ရှိသည့် သံလွင်ပင်ကဲ့သို့လည်းကောင်း ဖြစ်လာမည်။ (ဟေရှာယ ၁၇:၄-၆)ယေဟောဝါအား ဆက်ကပ်အပ်နှံထားသူများ အလေးအနက် စဉ်းစားရမည့် ပုံနမူနာပင်! ကိုယ်တော်သည် အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုခြင်းကို မျှော်လင့်ပြီး နှလုံးအပြည့်ဖြင့် မြင့်မြတ်သော ဝတ်ပြုခြင်းကိုသာ လက်ခံတော်မူသည်။ ထို့ပြင် ကိုယ်တော်သည် မိမိ၏ ညီအစ်ကိုအား ဆန့်ကျင်ရန်မူသူတို့ကို မုန်းတော်မူ၏။—ထွက်မြောက်ရာ ၂၀:၅; ဟေရှာယ ၁၇:၁၀၊ ၁၁; မဿဲ ၂၄:၄၈-၅၀။

ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်း

၁၇၊ ၁၈။ (က) ဣသရေလလူမျိုးအချို့သည် ယေဟောဝါ၏ ကြေညာချက်ကို မည်သို့ တုံ့ပြန်ကြသနည်း၊ သို့သော် အများစု၏ တုံ့ပြန်ပုံကား အဘယ်နည်း။ (ခ) မျက်မှောက်ခေတ်တွင် ဟေဇကိခေတ်နှင့် အဘယ်ဆင်တူသည့် အဖြစ်အပျက်များ ရှိသနည်း။

၁၇ ယခု ဟေရှာယ ဤသို့ ဆို၏– “ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသောအရှင်ကို ရည်မှတ်၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဖူးမြော်ရလိမ့်မည်။ မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာ တည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။” (ဟေရှာယ ၁၇:၇၊ ၈) မှန်ပါသည်၊ ဣသရေလပြည်မှ လူအချို့တို့သည် ယေဟောဝါ၏ သတိပေးကြေညာချက်ကို ဂရုပြုလိုက်လျှောက်ကြသည်။ ဥပမာ၊ ဟေဇကိက ယုဒပြည်၌ ကျင်းပသော ပသခါပွဲကို တက်ရောက်ရန် ဣသရေလ ပြည်သူပြည်သားများကို ဖိတ်ခေါ်ဖို့ စေလွှတ်သည့်အခါ အချို့သော ဣသရေလပြည်သားများသည် လက်ခံတုံ့ပြန်ကြပြီး စစ်မှန်သော ဝတ်ပြုရေးတွင် မိမိတို့၏ ညီအစ်ကိုများနှင့် ပူးပေါင်းရန် တောင်ပိုင်းသို့ ခရီးထွက်ကြသည်။ (၂ ရာဇဝင်ချုပ် ၃၀:၁-၁၂) သို့သော်၊ ဣသရေလပြည်သားအများစုသည် ဖိတ်စာ ယူလာသည့် တမန်များကို ကဲ့ရဲ့ပြောင်လှောင်ကြသည်။ ပြည်တော်သည် ပြုပြင်၍ မရနိုင်လောက်အောင် အယူဖောက်ပြန်နေသည်။ ထို့ကြောင့် သူ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော် ပြည့်စုံလာသည်။ အာရှုရိသည် ဣသရေလမြို့များကို ဖျက်ဆီးပြီး၊ ပြည်တော်သည် သီးနှံမဖြစ်ထွန်းသော လွင်တီးခေါင် ဖြစ်လာသည်။—ဟေရှာယ ၁၇:၉-၁၁၊ ဖတ်။

၁၈ ယနေ့အချိန်တွင်ကော မည်သို့နည်း။ ဣသရေလလူမျိုးသည် ဖောက်ပြန်သော လူမျိုးတစ်မျိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုနိုင်ငံရှိ ပြည်သူပြည်သားများအား စစ်မှန်သော ဝတ်ပြုရေးသို့ ပြန်လာရန် အကူအညီပေးဖို့ ကြိုးစားခဲ့သည့် ဟေဇကိ၏ လုပ်ဆောင်ပုံက ယနေ့ အယူဖောက်ပြန်သော ခရစ်ယာန်ဘောင် အဖွဲ့အစည်းရှိသူများအား စစ်မှန်သော ခရစ်ယာန်များက အကူအညီ ပေးရန် ကြိုးစားကြပုံကို ကျွန်ုပ်တို့အား သတိရစေသည်။ ၁၉၁၉ ကတည်းက “ဘုရားသခင်၏ ဣသရေလအမျိုး” မှ တမန်များသည် စစ်မှန်သော ဝတ်ပြုရေးသို့ လူများကို ဖိတ်ခေါ်ရန် ခရစ်ယာန်ဘောင်တစ်လျှောက် သွားခဲ့ကြသည်။ (ဂလာတိ ၆:၁၆) အများစုက ငြင်းပယ်ခဲ့ကြသည်။ များစွာသောသူတို့သည် တမန်များကို ကဲ့ရဲ့ပြောင်လှောင်ခဲ့ကြသည်။ သို့သော် အချို့ လက်ခံတုံ့ပြန်ခဲ့ကြသည်။ ယခု သူတို့သည် သန်းနှင့်ချီသောသူများ ဖြစ်နေကြပြီး ကိုယ်တော့် သွန်သင်ခြင်းခံရသူများအနေဖြင့် ‘ဣသရေလလူမျိုး၏ သန့်ရှင်းတော်မူသော ဘုရားကို ဖူးမြော်ခြင်း’ ၌ ပျော်မွေ့ကြသည်။ (ဟေရှာယ ၅၄:၁၃) သူတို့သည် မသန့်ရှင်းသော ဝတ်ပြုရေး ယဇ်ပလ္လင်များ—လူလက်ဖြင့် လုပ်သော ဘုရားများအား ဆည်းကပ်ကိုးကွယ်၊ ယုံစားခြင်း—ကို စွန့်လွှတ်ကြပြီး ယေဟောဝါထံသို့ စိတ်ထက်သန်စွာ လှည့်လာကြသည်။ (ဆာလံ ၁၄၆:၃၊ ၄) ဟေရှာယနှင့် တစ်ခေတ်တည်းသား ဖြစ်သော မိက္ခာကဲ့သို့ သူတို့တစ်ဦးစီသည် ဤသို့ ပြောဆိုကြ၏– “ငါမူကား ထာဝရဘုရားကို မျှော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။”—မိက္ခာ ၇:၇။

၁၉။ ယေဟောဝါသည် မည်သူ့ကို ဆုံးမတော်မူမည်နည်း၊ ၎င်းက သူတို့အတွက် အဘယ်အဓိပ္ပာယ် ရှိမည်နည်း။

၁၉ သေမျိုးဖြစ်သော လူသားတို့အား ယုံကြည်ကိုးစားသူများနှင့် အလွန် ကွာခြားလှပါသည်! ဤနောက်ဆုံးသော နေ့ရက်များတွင် အကြမ်းဖက်မှုနှင့် အုံကြွမှုတို့ကြောင့် ကသောင်းကနင်းနိုင်သည့် ဂယက်များသည် လူသားများအား အဆက်မပြတ် ရိုက်ခတ်နေသည်။ ပုန်ကန်သူ လူသားထု ဖြစ်သော မငြိမ်မသက် “ပင်လယ်” သည် ကျေနပ်ရောင့်ရဲမှု မရှိ၊ တော်လှန်မှုများ ဖြစ်ရန် နှိုးဆွပေးသည်။ (ဟေရှာယ ၅၇:၂၀; ဗျာဒိတ် ၈:၈၊ ၉; ၁၃:၁) ယေဟောဝါသည် ဤဆူညံပုန်ကန်သည့် လူအုပ်ကို “ဆုံးမတော်” မူမည်။ ကိုယ်တော်၏ ကောင်းကင်နိုင်ငံတော်သည် ပြဿနာ ဖြစ်စေသော အဖွဲ့အစည်းနှင့် လူတစ်ဦးချင်းစီကို ဖျက်ဆီးပစ်မည် ဖြစ်ပြီး ၎င်းတို့သည် “လေပွေ၌ ပါသွားသော အမှိုက်ကဲ့သို့ . . . နှင်ခြင်းကို ခံရကြလိမ့်မည်။”—ဟေရှာယ ၁၇:၁၂၊ ၁၃; ဗျာဒိတ် ၁၆:၁၄၊ ၁၆။

၂၀။ တိုင်းနိုင်ငံများ၏ “လုယူဖျက်ဆီး” ခြင်း ခံရသော်လည်း စစ်မှန်သော ခရစ်ယာန်များတွင် အဘယ်ယုံကြည်စိတ်ချမှု ရှိသနည်း။

၂၀ ရလဒ်ကား အဘယ်နည်း။ ဟေရှာယ ဤသို့ ဆို၏– “ညဦးညံ၌ ကြောက်မက်ဖွယ်ဘေး ရောက်၍ နံနက်မတိုင်မီပင် ကွယ်ပျောက်လေပြီ။ ငါတို့ကို ဖျက်ဆီးသူတို့ဝေပုံ၊ လုယက်သူတို့ဝေစုကား ထိုသို့ပင်တည်း။” (ဟေရှာယ ၁၇:၁၄၊ သမ္မာ) များစွာသောသူတို့သည် ယေဟောဝါ၏ လူမျိုးကို ကြမ်းကြမ်းတမ်းတမ်း၊ မခန့်လေးစား ဆက်ဆံခြင်းဖြင့် လုယူဖျက်ဆီးနေကြသည်။ စစ်မှန်သော ခရစ်ယာန်များသည် ကမ္ဘာ့ပင်မ ဘာသာရေး အစိတ်အပိုင်း မဟုတ်ကြ—ဟုတ်လည်း မဟုတ်လိုကြ—သောကြောင့် ဘက်လိုက်အပြစ်ရှာဝေဖန်သူများနှင့် အယူသီးဆန့်ကျင်သူများက သူတို့ကို အလွယ်တကူ ဖမ်းယူနိုင်သည့် သားကောင်များအဖြစ် ရှုမြင်ကြသည်။ သို့သော် ဘုရားသခင်၏ လူမျိုးအနေနှင့် မိမိတို့ ခံစားရသည့် ဘေးဒုက္ခ အဆုံးသတ်မည့် “နံနက်” သည် အလျင်အမြန် ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။—၂ သက်သာလောနိတ် ၁:၆-၉; ၁ ပေတရု ၅:၆-၁၁။

အီသီယိုးပီးယားသည် ယေဟောဝါထံတော်သို့ လက်ဆောင်ပဏ္ဏာ ဆောင်လာ

၂၁၊ ၂၂။ မည်သည့်နိုင်ငံသည် တရားစီရင်ခြင်း ကြေညာချက် ဆက်ရရှိသနည်း၊ ဟေရှာယ၏ မှုတ်သွင်းခံစကားများ မည်သို့ ပြည့်စုံသနည်း။

၂၁ အီဂျစ်ပြည်တောင်ပိုင်းတွင် ရှိသော အီသီယိုးပီးယားသည် ယုဒနိုင်ငံကို စစ်ရေးအရ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၂:၂၊ ၃; ၁၄:၁၊ ၉-၁၅; ၁၆:၈) ယခု ဟေရှာယသည် ထိုနိုင်ငံနှင့်ပတ်သက်သည့် တရားစီရင်ချက်ကို ဤသို့ ကြိုပြော၏– ‘အဲသယောပိမြစ်များအနားမှာ တဝီဝီ မြည်ပျံနေသည့် အင်းဆက်ပိုးများရှိရာ ပြည်’ အတွက် ဖြစ်သည်! (ဟေရှာယ ၁၈:၁-၆၊ ကဘ)a ယေဟောဝါက ထိုအီသီယိုးပီးယားကို ‘သုတ်သင်ပယ်ရှင်း’ မည်ဟု မိန့်တော်မူသည်။

၂၂ ဘီ.စီ.အီး. ရှစ်ရာစု နှောင်းပိုင်းတွင် အီသီယိုးပီးယားသည် အီဂျစ်ပြည်ကို အနိုင်ရခဲ့ပြီး အနှစ် ၆၀ အုပ်ချုပ်ခဲ့သည်ဟု လောကီသမိုင်း၌ ဖော်ပြ၏။ နောက်ပိုင်းတွင် အာရှုရိ ဧကရာဇ်များ ဖြစ်သော အီစာ ဟက်ဒန်နှင့် အာသနပ္ပာတို့က ပြန်သိမ်းပိုက်ခဲ့သည်။ အာသနပ္ပာက သီးဘီးမြို့ကို ဖျက်ဆီးပစ်သည်နှင့် အာရှုရိသည် အီဂျစ်ကို အောင်နိုင်ခဲ့သည်၊ ယင်းသို့ဖြင့် နိုင်းမြစ်ဝှမ်းအပေါ် အီသီယိုးပီးယားတို့ ကြီးစိုးအုပ်ချုပ်မှု နိဂုံးချုပ်သွားသည်။ (ဟေရှာယ ၂၀:၃-၆ ကိုလည်းရှု။) မျက်မှောက်ခေတ်နှင့်ပတ်သက်၍ကော မည်သို့နည်း။

၂၃။ မျက်မှောက်ခေတ် “အီသီယိုးပီးယား” သည် အဘယ်အခန်းကဏ္ဍတွင် ပါဝင်သနည်း၊ ၎င်းသည် အဘယ်ကြောင့် ဆုံးခြင်း ရောက်မည်နည်း။

၂၃ “ဆုံးခန်းကာလ” နှင့် ဆိုင်သည့် ဒံယေလ ပရောဖက်ပြုချက်တွင် ရန်လိုသော “မြောက်ရှင်ဘုရင်” ၌ မိမိ၏ ညွှန်ကြားချက်ကို လိုက်နာတုံ့ပြန်သည့်၊ “သူ့နောက်သို့ လိုက်” သည့် ကုရှပြည် [အီသီယိုးပီးယား] နှင့် လိဗုပြည် [လစ်ဗျား] ရှိသည်ဟု ဖော်ပြထားသည်။ (ဒံယေလ ၁၁:၄၀-၄၃) အီသီယိုးပီးယားကို “မာဂေါဂပြည်သား ဂေါဂမင်း” ၏ စစ်တပ်တွင် ပါဝင်တိုက်ခိုက်သူများအဖြစ်လည်း ဖော်ပြထားသည်။ (ယေဇကျေလ ၃၈:၂-၅၊ ၈) မြောက်ရှင်ဘုရင် အပါအဝင် ဂေါဂ၏ စစ်တပ်များသည် ယေဟောဝါ၏ သန့်ရှင်းသော လူမျိုးကို တိုက်ခိုက်သည့်အချိန်တွင် ဖျက်ဆီးခြင်း ခံရမည်။ ထို့ကြောင့် ယေဟောဝါ၏ လက်တော်သည် မျက်မှောက်ခေတ် “အီသီယိုးပီးယား” အပေါ်တွင်လည်း ဆန့်တော်မူမည်၊ အကြောင်းမှာ ယေဟောဝါ၏ အချုပ်အခြာအာဏာကို ဆန့်ကျင်သောကြောင့် ဖြစ်သည်။—ယေဇကျေလ ၃၈:၂၁-၂၃; ဒံယေလ ၁၁:၄၅။

၂၄။ ယေဟောဝါသည် တိုင်းနိုင်ငံများထံမှ မည်သည့်နည်းဖြင့် “လက်ဆောင်ပဏ္ဏာများ” ရရှိခဲ့သနည်း။

၂၄ သို့တိုင် ပရောဖက်ပြုချက်တွင် ဤသို့လည်း ဆိုထား၏– ‘ထိုအခါ ကြောက်မက်ဖွယ် ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းထတတ်သော၊ ကွဲပြားသော မြေ၌ နေသော လူမျိုးသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။’ (ဟေရှာယ ၁၈:၇) တိုင်းနိုင်ငံများသည် ယေဟောဝါ၏ အချုပ်အခြာအာဏာကို အသိအမှတ် မပြုသော်လည်း ယေဟောဝါ၏ လူမျိုးတော်ကို အကျိုးပြုသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသော အချိန်များ ရှိသည်။ အချို့တိုင်းနိုင်ငံများရှိ အာဏာပိုင်များသည် ယေဟောဝါ၏ သစ္စာရှိဝတ်ပြုသူများအတွက် မှတ်ပုံတင်ပေးခဲ့ကြပြီး ဥပဒေအရ လုပ်ပိုင်ခွင့်များ ရစေသည့် တရားရုံး ဆုံးဖြတ်ချက်များကို ချပေးခဲ့ကြသည်။ (တမန်တော် ၅:၂၉; ဗျာဒိတ် ၁၂:၁၅၊ ၁၆) ထို့ပြင် အခြားလက်ဆောင်ပဏ္ဏာများ ရှိသေးသည်။ “ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်ပဏ္ဏာများကို ဆောင်ခဲ့ရကြပါလိမ့်မည်။ . . . အီဂျစ်ပြည်မှ သံတမန်တို့သည် လာရကြပါလိမ့်မည်။ ကုရှ [အီသီယိုးပီးယား] ပြည်သည် မိမိလက်တို့ကို ဘုရားသခင့်ထံတော်သို့ အလျင်အမြန် ဆန့်ရပါလိမ့်မည်။” (ဆာလံ ၆၈:၂၉-၃၁၊ သမ္မာ) ယနေ့ ယေဟောဝါကို ကြောက်ရွံ့သော သန်းနှင့်ချီသည့် မျက်မှောက်ခေတ် “အီသီယိုးပီးယား” တို့သည် ဝတ်ပြုကိုးကွယ်ရေး ပုံစံဖြင့် “လက်ဆောင်ပဏ္ဏာ” ကို ယူဆောင်လာကြသည်။ (မာလခိ ၁:၁၁) သူတို့သည် မြေကြီးတစ်ပြင်လုံးတွင် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း ဖြစ်သော ကြီးမားသော လုပ်ငန်းတွင် ပါဝင်နေကြသည်။ (မဿဲ ၂၄:၁၄; ဗျာဒိတ် ၁၄:၆၊ ၇) ယေဟောဝါအား အလွန်ကောင်းသော လက်ဆောင်တစ်ခု ပေးခြင်းပင်!—ဟေဗြဲ ၁၃:၁၅။

အီဂျစ်ပြည်၏ နှလုံး အရည်ပျော်

၂၅။ ဟေရှာယ ၁၉:၁-၁၁ ကို ပြည့်စုံသည့်အနေဖြင့် ရှေးအီဂျစ်တွင် အဘယ်အရာ ဖြစ်ပျက်သနည်း။

၂၅ ယုဒပြည်တောင်ပိုင်းနှင့် နယ်ချင်း ဆက်နေသော အိမ်နီးချင်းနိုင်ငံမှာ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးနှင့် ကြာမြင့်စွာကတည်းက ရန်သူ ဖြစ်ခဲ့သော အီဂျစ်ပြည် ဖြစ်သည်။ ဟေရှာယ အခန်းကြီး ၁၉ သည် ဟေရှာယ အသက်ရှင်ချိန်အတွင်း အီဂျစ်ပြည်၏ ကသောင်းကနင်း အခြေအနေများကို ဖော်ပြသည်။ အီဂျစ်ပြည်တွင် “တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ” တိုက်ခိုက်သည့် ပြည်တွင်းစစ်များ ဖြစ်နေသည်။ (ဟေရှာယ ၁၉:၂၊ ၁၃၊ ၁၄) ပြိုင်ဘက်မင်းများသည် တစ်ချိန်တည်းတွင် တိုင်းပြည်၏ နယ်ပယ်အသီးသီးကို ပိုင်း၍ အုပ်ချုပ်ကြသည့် အဖြစ်အပျက်များကို သမိုင်းပညာရှင်များ ဖော်ပြကြသည်။ ‘ရုပ်တုများနှင့် ပြုစားသောသူတို့’ အပါအဝင် ကြွားဝါပြောဆိုနိုင်လောက်သည့် အီဂျစ်၏ ဉာဏ်ပညာသည် “ကြမ်းကြုတ်သော သခင်တို့လက်” မှ မကယ်တင်နိုင်ပါ။ (ဟေရှာယ ၁၉:၃၊ ၄) အီဂျစ်သည် အာရှုရိ၊ ဗာဗုလုန်၊ ပါးရှား၊ ဂရိနှင့် ရောမတို့၏ တစ်ဦးပြီး တစ်ဦး ဆက်တိုက် တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဤအဖြစ်အပျက်အားလုံးသည် ဟေရှာယ ၁၉:၁-၁၁ တွင် ပါသော ပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။

၂၆။ အကြီးစား ပြည့်စုံချက်၌ မျက်မှောက်ခေတ် “အီဂျစ်” ပြည်သူပြည်သားတို့သည် ယေဟောဝါ၏ တရားစီရင်ချက်ကို မည်သို့ တုံ့ပြန်ကြမည်နည်း။

၂၆ သို့ရာတွင် သမ္မာကျမ်းစာထဲ၌ အီဂျစ်သည် အများအားဖြင့် စာတန့်လောကကို တင်စားသည်။ (ယေဇကျေလ ၂၉:၃; ယောလ ၃:၁၉; ဗျာဒိတ် ၁၁:၈) ထို့ကြောင့် ဟေရှာယ၏ “အဲဂုတ္တုပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်” သည် အကြီးစား ပြည့်စုံချက် ရှိပါသလော။ အမှန်ပင် ရှိသည်! ပရောဖက်ပြုချက်၏ ဤအဖွင့်စကားများကို ယောက်တိုင်း သတိပြုမှတ်သားသင့်သည်– “ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုးတိမ်ကို စီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တုဆင်းတုတို့သည် လှုပ်ရှား၍ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏ အထဲမှာ အရည်ကျို [“ပျော်၊” သမ္မာ] လျက် ရှိလိမ့်မည်။” (ဟေရှာယ ၁၉:၁) ယေဟောဝါသည် မကြာမီ စာတန့်အဖွဲ့အစည်းကို ဖယ်ရှားသုတ်သင်ပစ်မည်။ ထိုအချိန်တွင် ဤအစီအစဉ်စနစ်၏ ဘုရားများသည် အချည်းနှီး ဖြစ်ကြောင်း တွေ့မြင်ရမည်။ (ဆာလံ ၉၆:၅; ၉၇:၇) ကြောက်ရွံ့သောကြောင့် “အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏ အထဲမှာ အရည်ပျော်လျက် ရှိလိမ့်မည်။” ထိုအချိန်နှင့်ပတ်သက်၍ ယေရှု ဤသို့ ကြိုဟောခဲ့၏– “မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာ လှိုင်းတံပိုး ကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သော ဘေးများကို မျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။”—လုကာ ၂၁:၂၅၊ ၂၆။

၂၇။ “အီဂျစ်” နှင့်ပတ်သက်၍ အဘယ် အတွင်းပြိုကွဲမှုများအကြောင်း ကြိုဟောခဲ့သနည်း၊ ၎င်းသည် ယနေ့အချိန်တွင် မည်သို့ ပြည့်စုံနေသနည်း။

၂၇ မိမိ၏ တရားစီရင်ခြင်းကို ဦးတည်စေသည့်အချိန်နှင့်ပတ်သက်၍ ယေဟောဝါက ဤသို့ ပရောဖက်ပြုမိန့်တော်မူ၏– “အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့် သူတို့သည် ညီအစ်ကိုချင်းတစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်းတစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။” (ဟေရှာယ ၁၉:၂) ဘုရားသခင့် နိုင်ငံတော် တည်ထောင်သော ၁၉၁၄ ခုနှစ်မှ စ၍ လူမျိုးတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုခြင်းအားဖြင့် “[ယေရှု] ၏ ရောက်ရှိနေခြင်း နိမိတ်” ကို မှတ်သားဖော်ပြခဲ့သည်။ လူမျိုးစုချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်သော အမျိုးဖြုတ် သတ်ဖြတ်မှု၊ လူမျိုးစု သန့်စင်ခြင်းဟု ခေါ်သည့်အရာများကြောင့် ဤနောက်ဆုံးသောနေ့ရက်များအတွင်း သန်းနှင့်ချီသောသူများ အသက်ဆုံးခဲ့ရသည်။ ထိုကဲ့သို့သော “ဒုက္ခဆင်းရဲခြင်း” သည် အဆုံး ပို၍ နီးလာသည်နှင့်အမျှ ပို၍ ဆိုးလာမည် ဖြစ်သည်။—မဿဲ ၂၄:၃၊ ၇၊ ၈။

၂၈။ တရားစီရင်ရာနေ့တွင် မှောက်မှားသော ဘာသာတရားသည် ဤအစီအစဉ်စနစ်ကို ကယ်ရန် အဘယ်အရာ လုပ်ဆောင်ပေးနိုင်မည်နည်း။

၂၈ “အဲဂုတ္တုပြည်၏ စိတ်သည် သူ၏ အထဲမှာ ပျက်လိမ့်မည်။ သူ၏ အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌လည်းကောင်း၊ ပြုစားသောသူတို့၌လည်းကောင်း၊ နတ်ဝင်နှင့် စုန်းတို့၌လည်းကောင်း ဆည်းကပ်ကြလိမ့်မည်။” (ဟေရှာယ ၁၉:၃) ဖာရောရှေ့ မောရှေ ရောက်ခဲ့ချိန်က အီဂျစ်ပုရောဟိတ်များသည် ယေဟောဝါ၏ တန်ခိုးကို မယှဉ်နိုင်သောကြောင့် အရှက်ရခဲ့ကြသည်။ (ထွက်မြောက်ရာ ၈:၁၈၊ ၁၉; တမန်တော် ၁၃:၈; ၂ တိမောသေ ၃:၈) အလားတူပင် တရားစီရင်ရာနေ့တွင် မှောက်မှားသော ဘာသာသည် ဤယိုယွင်းနေသော အစီအစဉ်စနစ်ကို ကယ်တင်နိုင်မည် မဟုတ်ပါ။ (ဟေရှာယ ၄၇:၁၊ ၁၁-၁၃၊ နှိုင်းယှဉ်။) နောက်ဆုံးတွင် အီဂျစ်သည် “ရက်စက်သော ရှင်ဘုရင်တစ်ပါး” ဖြစ်သော အာရှုရိလက်အောက် ရောက်ခဲ့သည်။ (ဟေရှာယ ၁၉:၄၊ သမ္မာ) ယင်းက ဤအစီအစဉ်စနစ်သည် မျှော်လင့်ချက် မဲ့သော အနာဂတ်ကို ရင်ဆိုင်နေရကြောင်း အရိပ်ပြနေသည်။

၂၉။ ယေဟောဝါ၏နေ့ ရောက်လာသောအခါ နိုင်ငံရေးသမားများသည် အဘယ်အသုံးကျမည်နည်း။

၂၉ သို့သော် နိုင်ငံရေး ခေါင်းဆောင်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ သူတို့ကော ကယ်တင်နိုင်မည်လော။ “အကယ်စင်စစ် ဇောနမင်းတို့သည် အရူး ဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သော အကြံကို ပေးကြ၏။” (ဟေရှာယ ၁၉:၅-၁၁ ဖတ်။) တရားစီရင်ရာနေ့တွင် လူသားတိုင်ပင်မှူးမတ်တို့ထံမှ အကူအညီ ရနိုင်မည်ဟု မျှော်လင့်ခြင်းသည် အလွန် ဆင်ခြင်ဉာဏ် မဲ့ရာ ကျသည်! သူတို့သည် လောကီအသိပညာ အားလုံးကို ကြိုက်သလို အသုံးချနိုင်လျှင်ပင် ဘုရားရေးရာ ဉာဏ်ပညာ မရှိကြပါ။ (၁ ကောရိန္သု ၃:၁၉) သူတို့သည် ယေဟောဝါကို ငြင်းပယ်ခဲ့ကြပြီး သိပ္ပံပညာဟု ခေါ်ဆိုသော အတွေးအခေါ်၊ ငွေ၊ ပျော်ရွှင်မှုနှင့် အခြားအစားထိုး ဘုရားများဘက် လှည့်သွားခဲ့ကြသည်။ ရလဒ်အနေနှင့် ဘုရားသခင့် ရည်ရွယ်ချက်နှင့်ဆိုင်သော အသိပညာ သူတို့တွင် မရှိပါ။ သူတို့သည် လှည့်ဖြားခံရကြပြီး စိတ်တည်ငြိမ်မှု မရှိကြပါ။ သူတို့၏ လုပ်ဆောင်မှုများသည် အချည်းနှီး ဖြစ်သည်။ (ဟေရှာယ ၁၉:၁၂-၁၅ ဖတ်။) “ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာ မည်မျှ ရှိသနည်း။”—ယေရမိ ၈:၉။

ယေဟောဝါအတွက် နိမိတ်လက္ခဏာနှင့် သက်သေ

၃၀။ မည်သည့်နည်းဖြင့် ‘ယုဒပြည်သည် အဲဂုတ္တုပြည်အတွက် ကြောက်မက်ဖွယ်’ ဖြစ်မည်နည်း။

၃၀ သို့ရာတွင် “အီဂျစ်ပြည်၏” ခေါင်းဆောင်များသည် “မိန်းမကဲ့သို့” အားလျော့နေကြစဉ် ဘုရားရေးရာဉာဏ်ပညာကို ရှာဖွေမျှော်ကိုးကြသူ အနည်းငယ် ကျန်ရှိနေသေးသည်။ ယေဟောဝါ၏ ဘိသိက်ခံများနှင့် သူတို့၏ အပေါင်းပါများသည် ‘ဘုရားသခင်၏ ဂုဏ်ကျေးဇူးများကို ဖော်ပြ’ ကြသည်။ (ဟေရှာယ ၁၉:၁၆; ၁ ပေတရု ၂:၉) သူတို့သည် ရောက်ရှိလာတော့မည့် စာတန့်အဖွဲ့၏ ဆုံးခန်းအကြောင်းကို လူများအား သတိပေးခြင်းတွင် သူတို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေကြသည်။ ဤအခြေအနေကို ရှုမျှော်ကာ ဟေရှာယ ဤသို့ဆို၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည်တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်ကြောင့် ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြောကာမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။” (ဟေရှာယ ၁၉:၁၇) ယေဟောဝါ၏ သစ္စာရှိတမန်များသည် ယေဟောဝါ ကြိုပြောထားသည့် ကပ်ဘေးများဆိုင်ရာ သတိပေးချက်များ ပါဝင်သည့် သမ္မာတရားကို လူများအား ဆက်၍ ပြောပြလျက် ရှိကြသည်။ (ဗျာဒိတ် ၈:၇-၁၂; ၁၆:၂-၁၂) ၎င်းသည် ဤလောက၏ ဘာသာရေး ခေါင်းဆောင်များကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

၃၁။ (က) ရှေးအချိန်တွင် (ခ) မျက်မှောက်ခေတ်အချိန်တွင် အီဂျစ်ပြည်ရှိ မြို့များ၌ “ခါနာန်ဘာသာစကားကို” မည်သို့ ပြောခဲ့ကြသနည်း။

၃၁ ဤကြွေးကြော်ခြင်းလုပ်ငန်း၏ အံ့ဖွယ်ရလဒ်များကား အဘယ်နည်း။ “ထိုကာလ၌ အဲဂုတ္တုပြည်တွင် မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင် တစ်မြို့ကို သူရိယာမြို့ [“ဖြိုလှဲရာမြို့၊” သမ] ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။” (ဟေရှာယ ၁၉:၁၈) ရှေးအချိန်က အီဂျစ်ပြည်သို့ ထွက်ပြေးခဲ့ကြသော ဂျူးများသည် ထိုမြို့များတွင် ဟေဗြဲဘာသာစကားများ ပြောခဲ့ကြသည့်အခါ ဤပရောဖက်ပြုချက် ပြည့်စုံခဲ့ဖွယ် ရှိသည်။ (ယေရမိ ၂၄:၁၊ ၈-၁၀; ၄၁:၁-၃; ၄၂:၉–၄၃:၇; ၄၄:၁) ယနေ့အချိန်တွင် မျက်မှောက်ခေတ် “အီဂျစ်” နယ်မြေဒေသများတွင် နေထိုင်ကာ ကျမ်းစာမှ သမ္မာတရား ဖြစ်သော “စင်ကြယ်သော ဘာသာစကား” ကိုပြောဆိုရန် သင်ယူခဲ့ကြသူများ ရှိသည်။ (ဇေဖနိ ၃:၉၊ ကဘ) ပုံဆောင် မြို့ငါးမြို့ထဲမှ တစ်မြို့ကို “ဖြိုလှဲရာမြို့” ဟု အခေါ်ခံရရာ “စင်ကြယ်သော ဘာသာစကား” ၏ တစ်စိတ်တစ်ပိုင်းသည် စာတန့်အဖွဲ့အစည်းကို ဖော်ထုတ်၊ “ဖြိုလဲ” ခြင်းနှင့် ဆက်စပ်နေကြောင်း ဖော်ပြသည်။

၃၂။ (က) အီဂျစ်ပြည်အလယ်တွင် အဘယ် “ယဇ်ပလ္လင်” ရှိသနည်း။ (ခ) ဘိသိက်ခံများသည် အီဂျစ်ပြည်နယ်စပ်တွင် ရှိသော “မှတ်တိုင်” နှင့် မည်သို့ ဆင်တူသနည်း။

၃၂ ယေဟောဝါလူမျိုးတော်၏ ကြွေးကြော်ခြင်းလုပ်ငန်းကျေးဇူးကြောင့် ဤအစီအစဉ်စနစ်တွင် ကိုယ်တော်၏ ကြီးမြတ်သော နာမတော်ကို လူသိများလာမည် ဖြစ်သည်။ “ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင် ထာဝရဘုရားကို ပူဇော်ရာ ယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့ မှတ်တိုင် ရှိလိမ့်မည်။” (ဟေရှာယ ၁၉:၁၉) ထိုစကားလုံးများသည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသူများ ဖြစ်သော ဘိသိက်ခံ ခရစ်ယာန်များ၏ အနေအထားကို ဖော်ပြသည်။ (ဆာလံ ၅၀:၅) သူတို့သည် “ယဇ်ပလ္လင်” အဖြစ် သူတို့၏ ပူဇော်သကာများကို ပူဇော်ကြပြီး၊ ‘သမ္မာတရား၏ အမှီတံကဲ၊ သမ္မာတရား၏ တည်ရာ’ အဖြစ် ယေဟောဝါအကြောင်း သက်သေခံကြသည်။ (၁ တိမောသေ ၃:၁၅; ရောမ ၁၂:၁; ဟေဗြဲ ၁၃:၁၅၊ ၁၆) သူတို့၏ “အခြားသိုး” အပေါင်းပါနှင့်အတူ သူတို့ကို “ပြည်အလယ်တွင်၊” နိုင်ငံနှင့် ကျွန်းကြီးကျွန်းငယ်ပေါင်း ၂၃၀ ကျော်တွင် တွေ့ရသည်။ သို့သော် သူတို့သည် “ဤလောကနှင့် မဆက်ဆံ” ကြပါ။ (ယောဟန် ၁၀:၁၆; ၁၇:၁၅၊ ၁၆) သူတို့သည် ဤလောကနှင့် ဘုရားသခင့် နိုင်ငံတော်အကြားတွင် ရှိသော နယ်နိမိတ်တွင် ရပ်နေဘိသကဲ့သို့ ထိုနယ်နိမိတ်ကိုဖြတ်ကျော်ကာ ကောင်းကင်အသက်တာ ဆုကျေးဇူး ရဖို့ အသင့်ရှိခဲ့ကြသည်။

၃၃။ ဘိသိက်ခံများသည် “အီဂျစ်” ပြည်တွင် မည်သည့်နည်းဖြင့် “နိမိတ်လက္ခဏာ” နှင့် “သက်သေ” ဖြစ်သနည်း။

၃၃ ဟေရှာယ ဤသို့ ဆက်ဆို၏– “ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ သက်သေလည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား သူတို့သည် ညှဉ်းဆဲခြင်းကိုခံရသောကြောင့် ထာဝရဘုရားကို အော်ဟစ်ကြသည် ရှိသော် ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ ရှိရာသို့ စေလွှတ်တော်မူ၍ ထိုသခင်သည် ကယ်တင်တော်မူ၏။” (ဟေရှာယ ၁၉:၂၀) “နိမိတ်လက္ခဏာ” နှင့် “သက်သေ” အဖြစ် ဘိသိက်ခံတို့သည် ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ကြပြီး ဤအစီအစဉ်စနစ်တွင် ယေဟောဝါ၏ နာမကို ချီးမြှင့်ကြသည်။ (ဟေရှာယ ၈:၁၈; ဟေဗြဲ ၂:၁၃) ကမ္ဘာတစ်ဝန်းတွင် ဖိနှိပ်ခံရသော လူများ၏ အော်ဟစ်အကူအညီ တောင်းနေသံများကို ကြားရသော်လည်း လူ့အစိုးရများသည် အနည်းနှင့်အများ ဆိုသလို အကူအညီ မပေးနိုင်ကြပါ။ သို့ရာတွင် ယေဟောဝါသည် စိတ်နူးညံ့သိမ်မွေ့သူ အားလုံးကို ကယ်လွှတ်ရန် ကြီးမြတ်တော်မူသော ကယ်တင်ရှင် ဘုရင်ယေရှုခရစ်ကို စေလွှတ်တော်မူမည်။ ဤနောက်ဆုံးသော နေ့ရက်များသည် အာမဂေဒုန်စစ်ပွဲတွင် အထွတ်အထိပ်သို့ ရောက်လာသည့်အခါ ဘုရားသခင်အား ကြောက်ရွံ့သောသူများကို ကယ်တင်ကာ ထာဝရကောင်းချီးများကို ရရှိစေမည်။—ဆာလံ ၇၂:၂၊ ၄၊ ၇၊ ၁၂-၁၄။

၃၄။ (က) “အဲဂုတ္တုလူတို့” သည် ယေဟောဝါကို မည်သို့ သိလာကြမည်နည်း၊ သူတို့သည် ကိုယ်တော်ကို မည်သည့် ပူဇော်သကာနှင့် လက်ဆောင်ပဏ္ဏာကို ပူဇော်ကြမည်နည်း။ (ခ) ယေဟောဝါသည် “အီဂျစ်” ကို ဘယ်သောအခါ ဒဏ်ခတ်ပြီး အဘယ်ကုသမှု လိုက်လာမည်နည်း။

၃၄ ဤအတောအတွင်း လူသားအားလုံးသည် တိကျမှန်ကန်သော အသိပညာ ရရှိပြီး ကယ်တင်ခံရရန် ဘုရားသခင် အလိုရှိတော်မူ၏။ (၁ တိမောသေ ၂:၄) ထို့ကြောင့် ဟေရှာယ ဤသို့ ရေး၏– “အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြသည် ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့် ပူဇော်သကာ အလှူဒါနကို ဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်၌ သစ္စာကတိထား၍ ထားသည်အတိုင်း ပြုကြလိမ့်မည်။ ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည်ကာလ သူတို့ တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။” (ဟေရှာယ ၁၉:၂၁၊ ၂၂) စာတန့်လောကတိုင်းနိုင်ငံ အားလုံးထဲမှလူများ ဖြစ်သော “အဲဂုတ္တုလူ” တစ်ဦးချင်းစီသည် ယေဟောဝါကို သိကျွမ်းလာပြီး ကိုယ်တော့်ထံသို့ “နှုတ်ခမ်းအသီး တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို” ဆက်သကြသည်။ (ဟေဗြဲ ၁၃:၁၅) သူတို့သည် ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံခြင်းဖြင့် သစ္စာကတိပြုကြပြီး သစ္စာစောင့်သိသော ဘဝအသက်ဖြင့် နေထိုင်အမှုဆောင်ခြင်းဖြင့် မိမိတို့၏ သစ္စာကတိကို ဖြေကြသည်။ ယေဟောဝါသည် ဤအစီအစဉ်စနစ်ကို အာမဂေဒုန်တွင် “ဒဏ်ခတ်” ပြီးနောက် လူသားများကို ကုစားရန် ကိုယ်တော်၏ နိုင်ငံတော်ကို အသုံးပြုတော်မူမည်။ ယေရှု၏ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း လူသားများသည် ဝိညာဉ်ရေး၊ စိတ္တရေး၊ စာရိတ္တနှင့် ကာယရေးစုံလင်ခြင်းသို့ မြှင့်တင်ခံရမည်—ကုသခြင်း အစစ်အမှန်ပါတကား!—ဗျာဒိတ် ၂၂:၁၊ ၂။

‘ငါ၏လူမျိုးသည် မင်္ဂလာရှိစေသတည်း’

၃၅၊ ၃၆။ ဟေရှာယ ၁၉:၂၃-၂၅ ပြည့်စုံချက်တွင် ရှေးအချိန်က အီဂျစ်၊ အာရှုရိနှင့် ဣသရေလတို့အကြား အဘယ်ဆက်နွှယ်မှုများ ရှိခဲ့သနည်း။

၃၅ ထို့နောက် ပရောဖက်သည် မှတ်သားဖွယ်ကောင်းသော ဖြစ်ပေါ်တိုးတက်မှုတစ်ခုကို ဤသို့ ကြိုတင်တွေ့မြင်၏– “ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည်တိုင်အောင် လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့လည်းကောင်း၊ အဲဂုတ္တုလူသည် အာရှုရိပြည်သို့လည်းကောင်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်း ပေါင်း၍ တတိယအမျိုး တည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသောအမျိုး ဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း ‘ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏ အမွေဥစ္စာ ဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်း’ ဟု ကောင်းချီးပေးတော်မူလိမ့်မည်။” (ဟေရှာယ ၁၉:၂၃-၂၅) မှန်ပါသည်၊ တစ်နေ့သောအခါ အီဂျစ်နှင့် အာရှုရိအကြားတွင် မိတ်ဆွေကဲ့သို့သော ဆက်ဆံရေး တည်ရှိလာမည်။ မည်သို့အားဖြင့်နည်း။

၃၆ ယေဟောဝါသည် အတိတ်ကာလက မိမိ၏ လူမျိုးကို လူမျိုးခြားတို့လက်မှ ကယ်နုတ်သည့်အခါ ကိုယ်တော်သည် သူတို့အတွက် လွတ်မြောက်ရာ လမ်းမကြီးများကို ပြင်ဆင်ပေးခဲ့သည်ဟု ပြောနိုင်ပေသည်။ (ဟေရှာယ ၁၁:၁၆; ၃၅:၈-၁၀; ၄၉:၁၁-၁၃; ယေရမိ ၃၁:၂၁) ဗာဗုလုန် ကျရှုံးပြီးနောက် အာရှုရိ၊ အီဂျစ်နှင့် ဗာဗုလုန်တွင် ပြည်နှင်ဒဏ်ခံနေရသူများသည် ကတိထားရာ ပြည်တော်သို့ ပြန်ခွင့်ရသည့်အချိန်တွင် ဤပရောဖက်ပြုချက် အကန့်အသတ်ဖြင့် ပြည့်စုံခဲ့သည်။ (ဟေရှာယ ၁၁:၁၁) သို့သော် မျက်မှောက်ခေတ်အချိန်တွင်ကော မည်သို့နည်း။

၃၇။ “အာရှုရိ” နှင့် “အီဂျစ်” တို့အကြား လမ်းမကြီးတစ်ခု ရှိနေဘိသကဲ့သို့ ယနေ့ သန်းနှင့်ချီသောသူတို့သည် မည်သို့ နေထိုင်ကြသနည်း။

၃၇ ယနေ့ ဘိသိက်ခံ ဝိညာဏ ဣသရေလ၏ အကြွင်းအကျန်သည် “မြေကြီးအလယ်၌ မင်္ဂလာပြုသောအမျိုး ဖြစ်” သည်။ သူတို့သည် စစ်မှန်သော ဝတ်ပြုရေးကို ပြုစုပျိုးထောင်ကြပြီး တိုင်းနိုင်ငံအားလုံးမှ လူများအား နိုင်ငံတော်သတင်း ကြေညာလျက် ရှိကြသည်။ ထိုတိုင်းနိုင်ငံအချို့သည် အာရှုရိကဲ့သို့ စစ်မှုစစ်ရေး အားသန်သူများ ဖြစ်သည်။ အခြားတိုင်းနိုင်ငံတို့မှာ ဒံယေလ ပရောဖက်ပြုချက်ထဲမှ အီဂျစ် ဖြစ်နိုင်သည့် “တောင်ရှင်ဘုရင်” အချိန်ကကဲ့သို့ ပို၍ လွတ်လွတ်လပ်လပ် ရှိကြသည်။ (ဒံယေလ ၁၁:၅၊ ၈) စစ်မှုစစ်ရေးဘက် အားသန်သော နိုင်ငံများနှင့် ပို၍ လွတ်လပ်သော နိုင်ငံများထဲမှ သန်းနှင့်ချီသောသူတို့သည် စစ်မှန်သော ဝတ်ပြုရေးလမ်းပေါ် တက်လျှောက်ခဲ့ကြပြီ။ ထို့ကြောင့် လူမျိုးအပေါင်းမှ လူများသည် စည်းစည်းလုံးလုံး “တညီတညွတ်တည်း ဝတ်ပြု” နေကြသည်။ သူတို့ထဲတွင် လူမျိုးရေး ခွဲခြားမှုများ မရှိပါ။ သူတို့သည် တစ်ဦးကို တစ်ဦးချစ်ကြပြီး “အာရှုရိလူသည် အဲဂုတ္တုပြည်သို့လည်းကောင်း၊ အဲဂုတ္တုလူသည် အာရှုရိပြည်သို့လည်းကောင်းသွားလာ” သည်ဟု အမှန်ပင် ပြောနိုင်ပါသည်။ တစ်နေရာမှ အခြားတစ်နေရာသို့ သွားနိုင်သည့် လမ်းမကြီးတစ်ခု ရှိနေဘိသကဲ့သို့ ဖြစ်သည်။—၁ ပေတရု ၂:၁၇။

၃၈။ (က) ဣသရေလအမျိုးသည် “အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်း ပေါင်း၍ တတိယအမျိုး” မည်သို့ ဖြစ်လာမည်နည်း။ (ခ) ယေဟောဝါက ‘ငါ၏ အမျိုးသည် မင်္ဂလာရှိစေသတည်း’ ဟု အဘယ်ကြောင့် မိန့်တော်မူသနည်း။

၃၈ သို့သော် ဣသရေလအမျိုးသည် “အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်း ပေါင်း၍ တတိယအမျိုး” မည်သို့ ဖြစ်လာသနည်း။ “ဆုံးခန်းကာလ” အစောပိုင်းတွင် မြေကြီးပေါ်မှ ယေဟောဝါအား အမှုဆောင်သူ အများစုသည် “ဘုရားသခင်၏ ဣသရေလအမျိုး” အဝင်များ ဖြစ်ခဲ့သည်။ (ဒံယေလ ၁၂:၉၊ ကဘ; ဂလာတိ ၆:၁၆) ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ မြေကြီးမျှော်လင့်ချက် ရှိသော “အခြားသိုး” မှ လူအုပ်ကြီး ပေါ်ပေါက်လာခဲ့သည်။ (ယောဟန် ၁၀:၁၆က; ဗျာဒိတ် ၇:၉) လူမျိုးအပေါင်း—အီဂျစ်နှင့် အာရှုရိတို့ဖြင့် တင်စားဖော်ပြထားသူများ—မှ ထွက်လာသူများသည် ယေဟောဝါ၏ ဝတ်ပြုရေးအိမ်တော်သို့ တဖွဲဖွဲ ဝင်ရောက်လာကြပြီး အခြားသူများကိုလည်း မိမိတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်နေကြသည်။ (ဟေရှာယ ၂:၂-၄) သူတို့သည် ဘိသိက်ခံ ညီတော်များကဲ့သို့ ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ကြသည်၊ ထပ်တူစုံစမ်းမှုများကို ခံရပ်ကြသည်၊ တူညီသော သစ္စာစောင့်သိမှု၊ သမာဓိရှိမှုကို တင်ပြကြသည်၊ ဝိညာဏစားပွဲ တစ်ခုတည်းတွင် စားသုံးကြသည်။ မှန်ပါသည်၊ ဘိသိက်ခံများနှင့် “အခြားသိုး” တို့သည် “သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်း” ဖြစ်ကြသည်။ (ယောဟန် ၁၀:၁၆ခ၊ သမ္မာ) ယေဟောဝါသည် သူတို့၏ ဇွဲနှင့် ခံနိုင်ရည်ကို ကြည့်ရှုတော်မူကာ သူတို့၏ လုပ်ဆောင်မှုကို နှစ်သက်တော်မူကြောင်းကို တစ်ဦးတစ်ယောက် သံသယဝင်နိုင်သလော။ ‘ငါ၏ လူမျိုးသည် မင်္ဂလာရှိစေသတည်း’ ဟု သူတို့အတွက် ကောင်းချီးမင်္ဂလာ ကြေညာခြင်းသည် အံ့အားသင့်စရာ မဟုတ်ပါ!

[အောက်ခြေမှတ်ချက်]

a ကျမ်းပညာရှင်အချို့က “တဝီဝီ မြည်ပျံနေသည့် အင်းဆက်ပိုးများ” ဟူသော အသုံးအနှုန်းသည် အီသီယိုးပီးယားနိုင်ငံတွင် မကြာခဏ ကျရောက်တတ်သော ကျိုင်းကောင်များကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အခြားသူများက “တဝီဝီ မြည်” အတွက် ဟေဗြဲစကားလုံး တက်လော့ဆော်သည် မျက်မှောက်ခေတ် အီသီယိုးပီးယားတွင် နေထိုင်သော ဟာမမှ ဆင်းသက်လာသည့် ဂါလာလူမျိုးများက အဆိပ်ပြင်း တက်စီယင်ကောင်၏ အမည် အသံထွက် ဖြစ်သော ဆော့ဆော်ရော့နှင့် ဆင်တူသည်ဟု ဆိုကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ