ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၇ စာ. ၁၀၅-၁၁၂
  • “ဗာဗုလုန် ပြိုလဲပြီ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဗာဗုလုန် ပြိုလဲပြီ!”
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကြောက်မက်ဖွယ်သော ရူပါရုံ”
  • “ပြိုလဲပြီ!”
  • ကင်းစောင့်ကို မေးမြန်းခြင်း
  • သဲကန္တာရတွင် ညအချိန် ကျရောက်
  • ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၇ စာ. ၁၀၅-၁၁၂

အခန်း ဆယ့်ခုနစ်

“ဗာဗုလုန် ပြိုလဲပြီ!”

ဟေရှာယ ၂၁:၁-၁၇

၁၊ ၂။ (က) သမ္မာကျမ်းစာ တစ်အုပ်လုံး၏ ခြုံငုံအဓိကအကြောင်းကား အဘယ်နည်း၊ သို့သော် ဟေရှာယကျမ်းတွင် အဘယ်အရေးကြီးသော ပံ့ပိုးပေးသည့် ဒုတိယ အဓိကအကြောင်း ပါရှိသနည်း။ (ခ) သမ္မာကျမ်းစာ၌ ဗာဗုလုန် ပြိုလဲခြင်းဆိုင်ရာ အဓိကအကြောင်းကို မည်သို့ အဆင့်ဆင့် ဖော်ပြသနည်း။

သမ္မာကျမ်းစာကို ထင်ပေါ်သော အဓိက အကြောင်းတစ်ခုနှင့် တစ်ပုဒ်လုံးကို ရသမြောက်စေရန် ဖြည့်စွက်ပေးသော ဒုတိယ အဓိကအကြောင်းများဖြင့် ဖွဲ့စည်းထားသည့် ဂန္ထဝင်မြောက် တေးသွားရှည်တစ်ပုဒ်နှင့် နှိုင်းယှဉ်နိုင်သည်။ အလားတူပင် သမ္မာကျမ်းစာထဲတွင် ပင်မအဓိကအကြောင်း ဖြစ်သော မေရှိယ နိုင်ငံတော် အစိုးရအားဖြင့် ယေဟောဝါ၏ အချုပ်အခြာအာဏာ သင်္ကာယန ကင်းရှင်းခြင်းအကြောင်း ပါရှိသည်။ ထို့ပြင် ထပ်ကျော့ဖော်ပြသော အခြားအရေးကြီးသည့် အဓိက အကြောင်းအရာများလည်း ပါရှိသည်။ ယင်းတို့ထဲမှ တစ်ခုမှာ ဗာဗုလုန် ပြိုလဲခြင်းအကြောင်း ဖြစ်သည်။

၂ ထိုအဓိကအကြောင်းကို ဟေရှာယ အခန်းကြီး ၁၃ နှင့် ၁၄ တွင် နိဒါန်းပျိုး ဖော်ပြထားသည်။ ယင်းကို အခန်းကြီး ၂၁၊ ထိုမှတစ်ဖန် အခန်းကြီး ၄၄ နှင့် ၄၅ တို့တွင်လည်း ထပ်ကျော့ဖော်ပြသည်။ အနှစ်တစ်ရာ ကြာပြီးနောက် ယေရမိသည် ထိုအကြောင်းအရာကိုပင် အကျယ်တဝင့် ရေးသားခဲ့ပြီး ဗျာဒိတ်ကျမ်းတွင် ယင်း၏ ကြီးစွာသော အသံဖြင့် နိဂုံးချုပ်ခြင်းကို ဖော်ပြ၏။ (ယေရမိ ၅၁:၆၀-၆၄; ဗျာဒိတ် ၁၈:၁–၁၉:၄) သမ္မာကျမ်းစာကို လေးလေးနက်နက် လေ့လာသူတိုင်းသည် ဘုရားသခင့် နှုတ်ကပါဌ်တော်တွင် ပါသော အရေးကြီးသည့် ဤဖြည့်စွက်အဓိကအကြောင်းကို အာရုံစိုက်ဖို့ လိုသည်။ ဤသို့ အာရုံစိုက်နိုင်ဖို့ ဟေရှာယ အခန်းကြီး ၂၁ က ထောက်ကူပေးသည်၊ အကြောင်းမှာ ထိုကမ္ဘာ့အာဏာစက် ပြိုလဲခြင်းအကြောင်း အသေးစိတ် ပရောဖက်ပြုချက်များကို စိတ်ဝင်စားဖွယ် ဖော်ပြထား၍ ဖြစ်သည်။ ဟေရှာယ အခန်းကြီး ၂၁ သည် ယနေ့ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် မည်မျှ နိုးနိုးကြားကြားရှိသည်ကို တွက်ချက်ကြည့်ရန် အထောက်အကူပြုမည့် အခြားအရေးကြီး ကျမ်းစာအကြောင်းကို ဖော်ပြထားကြောင်း နောက်ပိုင်းတွင် ကျွန်ုပ်တို့ တွေ့ရမည်။

“ကြောက်မက်ဖွယ်သော ရူပါရုံ”

၃။ ဗာဗုလုန်ကို “သမုဒ္ဒရာတစ်လျှောက်ရှိ သဲကန္တာရ” ဟု အဘယ်ကြောင့် ခေါ်ဆိုသနည်း၊ ထိုအမည်သည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ အဘယ် နိမိတ် ပြသနည်း။

၃ ဟေရှာယ အခန်းကြီး ၂၁ ကို ကြောက်မက်ဖွယ် ဤစကားဖြင့် အစပြုထား၏– “သမုဒ္ဒရာတစ်လျှောက်ရှိ သဲကန္တာရကို ရည်သော ဗျာဒိတ်တော်ချက် ဟူမူကား တောင်မျက်နှာမှ လေမုန်တိုင်းဆင်တိုက်သကဲ့သို့ ကြောက်မက်ဖွယ်အရပ် သဲတောကြီးမှ ချီလာသည်တကား။” (ဟေရှာယ ၂၁:၁၊ သမ) ဗာဗုလုန်မြို့ကို ဥဖရတ်မြစ် [ယူဖရေးတီးမြစ်] ပေါ်တွင် ခွ၍ ဆောက်ထားပြီး ယင်း၏ အရှေ့ပိုင်း နယ်မြေတစ်ဝက်သည် ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ်ကြီး နှစ်သွယ်ကြားတွင် ရှိနေသည်။ ၎င်းသည် ပကတိပင်လယ်နှင့် အတော်အတန် ကွာဝေးသည်။ သို့ဖြစ်လျှင် “သမုဒ္ဒရာတစ်လျှောက်ရှိ သဲကန္တာရ” ဟု အဘယ်ကြောင့် ခေါ်ဆိုသနည်း။ အကြောင်းမှာ ဗာဗုလုန်မြို့၏ ဤဒေသကို နှစ်စဉ် ရေလွှမ်းမိုးလေ့ရှိကာ ရေပြင်ကျယ်၊ စိမ့်စမ်းပေါများသည့် “သမုဒ္ဒရာ” ဖြစ်စေသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဗာဗုလုန်လူမျိုးများသည် ရေကာတာ၊ ရေလွှဲတံခါး၊ တူးမြောင်း စသည်ဖြင့် အမျိုးမျိုး ပါဝင်သော စနစ်ဖြင့် ဤရေပြင်ကျယ် ကန္တာရကို ချုပ်ထိန်းခဲ့ကြသည်။ သူတို့သည် ထိုရေများကို မြို့၏ ကျုံးစနစ်အဖြစ် အထူးဖန်တီးကာ အသုံးပြုခဲ့သည်။ သို့သော် မည်သည့် လူ့အားထုတ်မှုမဆိုသည် ဘုရားသခင့် တရားစီရင်ချက်မှ ဗာဗုလုန်ကို ကယ်လွှတ်ပေးနိုင်မည် မဟုတ်ပါ။ ဤမြို့သည် တောကန္တာရတစ်ခု ဖြစ်ဖူးခဲ့သကဲ့သို့ တစ်ဖန် တောကန္တာရ ပြန်ဖြစ်သွားမည်။ ဘေးဒုက္ခကြီးသည် ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရမှသည် တောင်ပိုင်း ဣသရေလပြည်အထိ ရံဖန်ရံခါ မွှေနှောက်တိုက်ခတ်တတ်သည့် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဤမြို့ရှေ့ရှုရာလမ်းပေါ် ဦးတည်နေသည်။—ဇာခရိ ၉:၁၄၊ နှိုင်းယှဉ်။

၄။ “မဟာဗာဗုလုန်” နှင့်ပတ်သက်သော ဗျာဒိတ်ကျမ်းမှ ရူပါရုံတွင် “ရေ” နှင့် “တော” သည် မည်သို့ ပါဝင်ပတ်သက်ပြီး “ရေ” သည် အဘယ်အရာကို ဆိုလိုသနည်း။

၄ ဤကျမ်း၏ အခန်းကြီး ၁၄ တွင် ကျွန်ုပ်တို့ လေ့လာခဲ့ပြီးသည့်အတိုင်း ရှေးဗာဗုလုန်နှင့် ဆင်တူသော မျက်မှောက်ခေတ်အရာမှာ “မဟာဗာဗုလုန်၊” မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် မဟာဗာဗုလုန်ကို “တော၊” “ရေ” တို့နှင့် ဆက်စပ်၍ သရုပ်ဖော် တင်ပြထားသည်။ မဟာဗာဗုလုန်ကို တွေ့မြင်ရန် တမန်တော် ယောဟန်သည် တောသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ သူသည် “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု” ကို ကိုယ်စားပြုသည့် “ရေအပေါ်မှာထိုင်” သည်ဟု သိခဲ့ရသည်။ (ဗျာဒိတ် ၁၇:၁-၃၊ ၅၊ ၁၅) မှောက်မှားသော ဘာသာ ဆက်တည်ရှိနေရန် လူအများ၏ ထောက်ခံမှုသည် အမြဲပင် အဓိကကဏ္ဍမှ ပါဝင်ခဲ့သည်၊ သို့သော် ထို “ရေ” သည် နောက်ဆုံးတွင် သူ့ကို အကာအကွယ် ပေးနိုင်မည် မဟုတ်ပါ။ သူသည် ရှေးဗာဗုလုန်ကဲ့သို့ပင် သူမသည် ဘာမျှ မကျန်၊ စွန့်ပစ်ခံရပြီး လူဆိတ်ညံလျက် ကျန်ရစ်မည်။

၅။ ဗာဗုလုန်သည် “စဉ်းလဲသောသူ” နှင့် “ဖျက်ဆီးတတ်သောသူ” ဟူသည့် အမည် မည်သို့ ရလာသနည်း။

၅ ဟေရှာယခေတ်တွင် ဗာဗုလုန်သည် တန်ခိုးကြီး ကမ္ဘာ့အာဏာစက် မဖြစ်သေးပါ၊ သို့သော် သူ့အချိန် ရောက်လာသောအခါ သူသည် မိမိ၏ တန်ခိုးကို အလွဲ သုံးမည် ဖြစ်ကြောင်း ယေဟောဝါ ကြို၍ သိမြင်တော်မူသည်။ ဟေရှာယ ဤသို့ ဖော်ပြ၏– “ကြောက်မက်ဖွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူ [“စဉ်းလဲသောသူတို့၊” ကဘ] သည် လုယူ [“စဉ်းလဲစွာ ပြုမူ၊” ကဘ] ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။” (ဟေရှာယ ၂၁:၂က) ဗာဗုလုန်သည် ယုဒပြည် အပါအဝင် သူအနိုင်ရခဲ့သည့် တိုင်းနိုင်ငံများကို အမှန်ပင် ဖျက်ဆီးလုယူမည် ဖြစ်သည်။ ဗာဗုလုန် လူမျိုးများသည် ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းယူပြီး ယင်း၏ ဗိမာန်တော်ကို လုယူကာ လူများကို သုံ့ပန်းများအဖြစ် ဗာဗုလုန်သို့ ခေါ်ဆောင်သွားမည်။ ထိုနေရာတွင် ဤခိုကိုးရာမဲ့နေသော သုံ့ပန်းများသည် တရားပျက်စွာ ဆက်ဆံခံရ၊ သူတို့၏ ယုံကြည်ခြင်းအတွက် လှောင်ပြောင်ခံရ၊ ပြည်တော်သို့ ပြန်ရန် မျှော်လင့်ချက်မရှိ ဖြစ်ကြမည်။—၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁; ဆာလံ ၁၃၇:၁-၄။

၆။ (က) အဘယ် ညည်းတွားခြင်းကို ယေဟောဝါ ရပ်တန့်စေတော်မူမည်နည်း။ (ခ) ဗာဗုလုန်ကို မည်သည့်လူမျိုးတို့ တိုက်ခိုက်ကြမည်ဟု ကြိုဟောထားသနည်း၊ ၎င်းသည် မည်သို့ ပြည့်စုံသနည်း။

၆ မှန်ပါသည်၊ ဗာဗုလုန်သည် သူ့အတွက် ဒုက္ခခံရာအချိန် ဖြစ်မည့် ဤ “ကြောက်မက်ဖွယ်သောရူပါရုံ” ကို အထူးခံထိုက်ပါသည်။ ဟေရှာယ ဤသို့ ဆက်ဆို၏– “ဧလံပြည်သားတို့ တက်သွားကြလော့။ မေဒိပြည်သားတို့ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့် သူတစ်ပါး ညည်းတွားခြင်း ရှိသမျှကို ငါငြိမ်းစေ၏။” (ဟေရှာယ ၂၁:၂ခ) ထိုတရားပျက်သော အင်ပါယာ၏ ဖိနှိပ်ခံခဲ့ရသူတို့သည် လွတ်ငြိမ်းခွင့် ရကြမည်။ နောက်ဆုံးတွင် သူတို့၏ ညည်းတွားမှုကို အဆုံးတိုင်စေမည်! (ဆာလံ ၇၉:၁၁၊ ၁၂) သို့သော် အဘယ်နည်းများဖြင့် ဤလွတ်ငြိမ်းခွင့် ရောက်လာမည်နည်း။ ဟေရှာယက ဗာဗုလုန်ကို တိုက်ခိုက်မည့် နိုင်ငံနှစ်ခု၏ အမည်– ဧလံနှင့် မေဒိ ဟူ၍ ဖော်ပြသည်။ ရာစုနှစ်နှစ်ခု ကြာပြီးနောက် ဘီ.စီ.အီး. ၅၃၉ တွင် ပါးရှားဘုရင် ကုရုသည် ဗာဗုလုန်ကို တိုက်ခိုက်ရန် ပါးရှားနှင့် မေဒိ ပူးတွဲစစ်တပ်ကို ဦးဆောင်လာမည်။ ဧလံနှင့်ပတ်သက်၍ ပါးရှားဘုရင်များသည် ဘီ.စီ.အီး. ၅၃၉ မတိုင်မီတွင် အနည်းဆုံး ၎င်းနယ်မြေ၏ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားကြမည်။a ထို့ကြောင့် ပါးရှားစစ်တပ်တွင် ဧလံလူမျိုးများ ပါဝင်နေမည်။

၇။ ဟေရှာယ၏ ရူပါရုံသည် သူ့ကို မည်သို့ ထိခိုက်စေသနည်း၊ အဘယ်အဓိပ္ပာယ်နည်း။

၇ ယခု ဟေရှာယက ဤရူပါရုံသည် သူ့အပေါ် မည်သို့ အကျိုးသက်ရောက်ကြောင်း ဖော်ပြထားသည်ကို မှတ်သားပါ– “ထိုကြောင့် ငါသည် ဒုက္ခကြီးစွာ ရောက်၏။ သားဖွားသော မိန်းမ ခံရသကဲ့သို့ ဝေဒနာကို ခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာ ခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက် ရှိ၏။ ငါ့စိတ်နှလုံးသည် ယိမ်းယိုင်လျက် ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက် ရှိ၏။ ငါပျော်မွေ့သော ညချမ်းအချိန်သည် ပြောင်းလဲ၍ တုန်လှုပ်ခြင်း ဖြစ်၏။” (ဟေရှာယ ၂၁:၃၊ ၄၊ သမ္မာ) ပရောဖက်သည် နှစ်လိုဖွယ်ကောင်းသော ညချမ်းအချိန်တွင် အေးအေးဆေးဆေး စဉ်းစားဆင်ခြင်ခြင်း၌ မွေ့လျော်ပုံရသည်။ သို့သော် ယခု နေဝင်ဖြိုးဖျချိန်သည် သူ့ကို နှစ်သက်ဖွယ် မဖြစ်စေပါ၊ ကြောက်ရွံ့မှု၊ နာကျင်မှုနှင့် စိတ်ချောက်ချား တုန်လှုပ်မှုတို့ကိုသာ ဖြစ်စေသည်။ သားဖွားနေသည့် အမျိုးသမီးကဲ့သို့ ဝေဒနာ ခံစားရပြီး သူ၏ နှလုံးသည် “ယိမ်းယိုင်လျက် ရှိ၏။” ကျမ်းပညာရှင်တစ်ဦးက ဤစကားစုကို “ငါ့နှလုံးသည် အရမ်းကာရော ခုန်နေသည်” ဟု ပြန်ဆိုထားသည်၊ “ဂဏာမငြိမ်ခြင်း၊ သွေးခုန်နှုန်း မမှန်ခြင်း” ကို ရည်ညွှန်းသည့် အသုံးအနှုန်းကို သုံးထားသည်။ ဤသောက အဘယ်ကြောင့် ရောက်ရသနည်း။ အထောက်အထားအရ ဟေရှာယ၏ ခံစားချက်များသည် ပရောဖက်ပြုချက် ဖြစ်သည်။ ဘီ.စီ.အီး. ၅၃၉ အောက်တိုဘာ ၅/၆ ရက် ညတွင် ဗာဗုလုန်လူမျိုးသည် ထိုသို့သော ထိတ်လန့်ကြောက်ရွံ့မူမျိုး ခံစားရမည်။

၈။ ပရောဖက်ပြုချက်အရ မြို့ရိုးအပြင်တွင် ရန်သူများ ရှိနေသည့်တိုင် ဗာဗုလုန်လူမျိုးတို့သည် မည်သို့ ပြုမူကြသနည်း။

၈ အဖြစ်ဆိုးသော ထိုညတွင် အမှောင်ထု ကျသကဲ့သို့ ဗာဗုလုန် လူမျိုးများ၏ စိတ်ထဲတွင် ကြောက်စိတ်သာ စိုးမိုးနေသည်။ ရာစုနှစ်နှစ်ခုခန့် ကြို၍ ဟေရှာယ ဤသို့ ကြိုပြော၏– “စားပွဲကို ပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက် နေကြ၏။” (ဟေရှာယ ၂၁:၅က) မှန်ပါသည်၊ မာန်မာန ထောင်လွှားသောမင်း ဗေလရှာဇာသည် စားသောက်ပွဲကြီးတစ်ခုကို တည်ခင်းကျွေးမွေးနေသည်။ မှူးကြီးမတ်ရာတစ်ထောင်နှင့် သူတို့၏ ဇနီးများ၊ မယားငယ်များအတွက် နေရာထိုင်ခင်းများကို စီစဉ်ထားသည်။ (ဒံယေလ ၅:၁၊ ၂) စားသောက်ပွဲတွင် ပါဝင်သူများသည် မြို့ရိုးအပြင်တွင် ရန်သူစစ်တပ် ရှိကြောင်း သိထားကြသော်လည်း မိမိတို့မြို့ကို မဖြိုဖျက်နိုင်ဟု ယုံကြည်ထားကြသည်။ ထုထည်ကြီးမားသော မြို့ရိုးနှင့် အလွန် နက်သော ကျုံးရေက သူတို့အား သိမ်းပိုက်ရန် မဖြစ်နိုင်ပုံ ပေါက်စေသည်၊ သူ့တွင် ဘုရားများစွာ ရှိခြင်းက သိမ်းပိုက်ဖို့ ဆိုသည်မှာ စဉ်းစား၍ပင် မရစရာ ဖြစ်စေသည်။ ထို့ကြောင့် “စားသောက်လျက် နေကြ၏!” ဗေလရှာဇာသည် ယစ်မူးနေပြီး ထိုသို့ မူးနေသည်မှာ သူတစ်ဦးတည်း မဖြစ်နိုင်ပါ။ သူတို့ကို နှိုးထပေးဖို့ လိုသည်ဟု ဟေရှာယ ဆက်ပြောသည့် ပရောဖက်ပြုချက်စကားများအရ အစိုးရ အရာရှိများလည်း မူးနေကြောင်း ဖော်ပြသည်။

၉။ “လွှားကို ဆီလောင်း” ရန် အဘယ်ကြောင့် လိုအပ်လာသနည်း။

၉ “အို၊ မင်းများတို့ ထကြ၊ လွှားကို ဆီလောင်းကြ။” (ဟေရှာယ ၂၁:၅ခ) ရုတ်တရက် ပါတီပွဲ ပြီးဆုံးသွားသည်။ မင်းညီမင်းသားတို့သည် သူတို့ကိုယ်သူတို့ နှိုးကြရတော့သည်! အသက်ကြီးနေပြီ ဖြစ်သော ပရောဖက် ဒံယေလအား ဖြစ်ပျက်နေရာသို့ ခေါ်လိုက်ရာ ယေဟောဝါသည် ဗာဗုလုန်ဘုရင် ဗေလရှာဇာအား ဟေရှာယ ဖော်ပြခဲ့ရာနှင့် ဆင်တူသော ထိတ်လန့်နေသည့် အခြေအနေ ရောက်စေသည်ကို သူတွေ့ရလေသည်။ မေဒိ၊ ပါးရှားနှင့် ဧလံလူမျိုးများ ပါဝင်သော မဟာမိတ် တပ်ပေါင်းစုက မြို့၏ အကွယ်အကာများကို ချိုးဖျက်ဝင်ရောက်လာသည့်အခါ ဘုရင့်မှူးကြီးမတ်ရာတို့မှာ ရှုပ်ယှက်ခတ်ကုန်သည်။ ဗာဗုလုန်မြို့ အကျမြန်လိုက်လေခြင်း! သို့သော် “လွှားကို ဆီလောင်းကြ” ဟူသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။ သမ္မာကျမ်းစာက တစ်ခါတစ်ရံ တိုင်းနိုင်ငံများ၏ ဘုရင်ကို လွှားအဖြစ် ရည်ညွှန်းခေါ်ဆိုသည်၊ အကြောင်းမှာ သူသည် တိုင်းပြည်ကို အကာအကွယ်ပေးသူ ဖြစ်၍တည်း။b (ဆာလံ ၈၉:၁၈၊ သမ္မာ) ထို့ကြောင့် ဟေရှာယကျမ်း၏ ဤအခန်းငယ်က ဘုရင်သစ်တစ်ပါး လိုကြောင်း ကြိုဟောခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဗေလရှာဇာသည် “ထိုည၌ပင်” ကွပ်မျက်ခံခဲ့ရသည်။ ထို့ကြောင့် “လွှားကို ဆီလောင်း” ရန် သို့မဟုတ် ဘုရင်အသစ်တစ်ပါးကို ဘိသိက်ပေးရန် လိုအပ်ခြင်း ဖြစ်သည်။—ဒံယေလ ၅:၁-၉၊ ၃၀။

၁၀။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် စဉ်းလဲစွာ ပြုမူသူများနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခြင်းမှ အဘယ်စိတ်သက်သာမှု ရယူနိုင်သနည်း။

၁၀ စစ်မှန်သော ဝတ်ပြုရေးကို နှစ်သက်မြတ်နိုးသူအားလုံးသည် ဤမှတ်တမ်းမှ နှစ်သိမ့်မှု ရကြသည်။ မျက်မှောက်ခေတ် ဗာဗုလုန်၊ မဟာဗာဗုလုန်သည် ရှေးဗာဗုလုန်ကဲ့သို့ပင် စဉ်းလဲစွာ ပြုမူသူ၊ လုယူဖျက်ဆီးတတ်သောသူ ဖြစ်သည်။ မျက်မှောက်ခေတ် ဘာသာရေး ခေါင်းဆောင်များသည် ယေဟောဝါသက်သေများကို ပိတ်ပင်ရန်၊ နှိပ်စက်ညှဉ်းပန်းရန် သို့မဟုတ် ဒဏ်ကြေးများ ကောက်ခံရန်အတွက် ပူးပေါင်းကြံစည်ကြသည်။ သို့သော် ဤပရောဖက်ပြုချက်တွင် ကျွန်ုပ်တို့အား အသိပေးထားသကဲ့သို့ ယေဟောဝါသည် ထိုကဲ့သို့သော စဉ်းလဲသည့် အပြုအမူအားလုံးကို မြင်တော်မူပြီး အပြစ်မပေးဘဲ နေမည် မဟုတ်ပါ။ ကိုယ်တော်နှင့်ပတ်သက်၍ မဟုတ်မမှန် ပြောသော၊ ကိုယ်တော်၏ လူမျိုးကို နှိပ်စက်ညှဉ်းဆဲသော ဘာသာတရားအားလုံးကို အဆုံးစီရင်တော်မူမည်။ (ဗျာဒိတ် ၁၈:၈) ထိုကဲ့သို့ ဖြစ်နိုင်ပါမည်လော။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်ရန် ရှေးခေတ် ဗာဗုလုန်ရော၊ မျက်မှောက်ခေတ် ဗာဗုလုန်ပါ ပြိုလဲခြင်းနှင့်ပတ်သက်၍ ကိုယ်တော်၏ သတိပေးချက်များ ပြည့်စုံခဲ့ပြီး ဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရန်သာ လိုသည်။

“ပြိုလဲပြီ!”

၁၁။ (က) ကင်းစောင့်၏ တာဝန်မှာ အဘယ်နည်း၊ ယနေ့ မည်သူသည် ကင်းစောင့်ကဲ့သို့ နိုးကြားတက်ကြွလျက် ရှိသနည်း။ (ခ) မြည်းတပ်နှင့် ကုလားအုတ်တပ်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။

၁၁ ယခု ယေဟောဝါသည် ပရောဖက်အား မိန့်တော်မူ၏။ ဟေရှာယ ဤသို့ ပြန်ပြောပြ၏– “အကြောင်းမူကား ဘုရားရှင်က ‘သင် သွား၍ ကင်းစောင့်ကို ထားလော့။ မြင်သည်အတိုင်း ပြောစေလော့’ ဟု ငါ့အား မိန့်တော်မူ၏။” (ဟေရှာယ ၂၁:၆) ထိုစကားများ၌ ဤအခန်းကြီးတွင် ပါသော အခြားအရေးကြီးသည့် အဓိကအကြောင်း—ကင်းစောင့် အကြောင်းဖော်ပြပေးသည်။ ယေရှုက မိမိ၏ နောက်လိုက်များအား “စောင့်နေကြလော့” ဟု တိုက်တွန်းခဲ့သောကြောင့် ဤစကားသည် ယနေ့ စစ်မှန်သော ခရစ်ယာန်ယောက်တိုင်းအတွက် စိတ်ဝင်စားစရာ ဖြစ်သည်။ “သစ္စာနှင့် သတိပညာရှိ ကျေးကျွန်” သည်ဘုရားသခင်၏ တရားစီရင်ရာနေ့ နီးပြီ ဖြစ်ကြောင်းနှင့် ဤယိုယွင်းဖောက်ပြန်သော လောက၏ အန္တရာယ်များအကြောင်း မိမိတွေ့မြင်ရာကို အမြဲ သတိပေးပြောပြလာခဲ့ပြီ။ (မဿဲ ၂၄:၄၂၊ ၄၅-၄၇၊ ကဘ) ဟေရှာယ ရူပါရုံမှ ကင်းစောင့်သည် အဘယ်အရာကို တွေ့ရသနည်း။ “ကင်းစောင့်သည်လည်း နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းတပ်တစ်တပ်၊ မြည်းတပ်တစ်တပ်၊ ကုလားအုတ်တပ်တစ်တပ်ကို မြင်၍ သတိနှင့် စေ့စေ့ကြည့်ရှုနားထောင်” ၏။ (ဟေရှာယ ၂၁:၇) ဤစစ်ရထား တစ်မျိုးစီသည် လေ့ကျင့်ထားသော မြင်းကြီးများ၏ သွားနှုန်းဖြင့် စစ်ဆင်ချီတက်လာသော စစ်ကြောင်းများကို ကိုယ်စားပြုခြင်း ဖြစ်နိုင်သည်။ မြည်းတပ်နှင့် ကုလားအုတ်တပ်တို့မှာ ပူးပေါင်းတိုက်ပွဲဝင်မည့် မေဒိနှင့် ပါးရှား အာဏာစက်နှစ်ခုကို သင့်လျော်စွာ ကိုယ်စားပြုသည်။ ထို့ပြင် ပါးရှားစစ်တပ်သည် စစ်တိုက်ရာတွင် မြည်းများနှင့် ကုလားအုတ်များကိုပါ အသုံးပြုခဲ့ကြောင်း ရာဇဝင်သမိုင်းက အတည်ပြုသည်။

၁၂။ ဟေရှာယ၏ ရူပါရုံမှ ကင်းစောင့်သည် အဘယ် အရည်အချင်းများကို တင်ပြသနည်း၊ ယနေ့ မည်သူတို့သည် ထိုအရည်အချင်းများ ရှိရန် လိုအပ်သနည်း။

၁၂ ထို့နောက် ကင်းစောင့်သည် သတင်းပေးရန် လှုံ့ဆော်ခံကြရသည်။ “‘သခင် ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာ အစဉ်ရပ်၍ တစ်ညလုံး၌လည်း ကင်းစောင့်လျက် နေပါ၏။ ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကို မြင်ပါသည်’ ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။” (ဟေရှာယ ၂၁:၈၊ ၉က) ရူပါရုံထဲမှ ကင်းစောင့်သည် “ခြင်္သေ့ကဲ့သို့” ရဲရင့်စွာ ကြွေးကြော်သည်။ ၎င်းက ဗာဗုလုန်ကဲ့သို့ အလွန့်အလွန် ကြောက်မက်ဖွယ်ကောင်းသော နိုင်ငံတစ်နိုင်ငံအပေါ် တရားစီရင်ချက်သတင်း ကြွေးကြော်ရန်မှာ သတ္တိလိုသည်။ ထို့ပြင် ခံနိုင်ရည်လည်း မရှိမဖြစ် လိုအပ်သည်။ ကင်းစောင့်သည် မိမိ၏ နေရာတွင် နေ့ရောညပါ ရှိနေသည်၊ သူ၏ နိုးကြားမှုကို ဘယ်တော့မျှ မလျော့သွားစေပါ။ ထိုနည်းတူပင် ဤမျက်မှောက်ခေတ် ကင်းစောင့်အတန်းအစားသည် သတ္တိနှင့် ခံနိုင်ရည် ရှိရန် လိုအပ်ခဲ့သည်။ (ဗျာဒိတ် ၁၄:၁၂) စစ်မှန်သော ခရစ်ယာန်အားလုံးသည် ဤအရည်အချင်းများ ရှိရန် လိုအပ်၏။

၁၃၊ ၁၄။ (က) ရှေးဗာဗုလုန်သည် မည်သို့ အခြေမလှ ဖြစ်ခဲ့ရသနည်း၊ သူမ၏ ရုပ်တုဆင်းတုတို့သည် မည်သည့်သဘောဖြင့် ချိုးဖဲ့ခံရသနည်း။ (ခ) မဟာဗာဗုလုန်သည် ထိုကဲ့သို့ ပြိုလဲခြင်းကို မည်သို့နှင့် မည်သည့်အချိန်တွင် ခံစားတွေ့ကြုံခဲ့ရသနည်း။

၁၃ ဟေရှာယ ရူပါရုံထဲမှ ကင်းစောင့်သည် စစ်မြင်းရထား ချီလာသည်ကို တွေ့ရသည်။ အဘယ် သတင်းပါသနည်း။ “သူကလည်း ‘ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ ဘုရားရုပ်တုဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်’ ဟု ထပ်၍ ဆိုလေ၏။” (ဟေရှာယ ၂၁:၉ခ) အလွန် ကျေနပ်အားရဖွယ်သတင်းပါတကား! ဘုရားသခင့် လူမျိုးအား စဉ်းလဲစွာ လုယူဖျက်ဆီးသူသည် နောက်ဆုံးတွင် ပြိုလဲသွားလေပြီ!c သို့သော် ဗာဗုလုန်၏ ရုပ်တုဆင်းတု ဘုရားတို့သည် အဘယ်သဘောဖြင့် ကျိုးပဲ့သနည်း။ ကျူးကျော်တိုက်ခိုက်သူ မီဒို-ပါးရှားတို့က ဗာဗုလုန်ဘုရားကျောင်းသို့ ဝင်ကာ မရေမတွက်နိုင်သော ရုပ်တုဆင်းတုတို့ကို ချေမွဖျက်ဆီးပစ်မည်လော။ မဟုတ်ပါ၊ ထိုသို့ပြုရန် မလိုပါ။ ဗာဗုလုန်၏ ရုပ်တုဘုရားများသည် မိမိတို့၏ မြို့ကို အကာအကွယ် ပေးနိုင်သည့် အစွမ်းမရှိကြောင်း ပေါ်သွားသော သဘောဖြင့် ချိုးဖဲ့ခံရမည်။ ထို့ပြင် ဗာဗုလုန်သည် ဘုရားသခင့်လူမျိုးကို ဆက်၍ မဖိနှိပ်နိုင်တော့သည့်အခါ ပြိုလဲမည် ဖြစ်သည်။

၁၄ မဟာဗာဗုလုန်နှင့်ပတ်သက်၍ကော မည်သို့နည်း။ ပထမကမ္ဘာစစ်အတွင်းတွင် ဘုရားသခင့်လူမျိုးကို ဖိနှိပ်ရန် အကွက်ချ ကြံစည်ကြကာ အချိန်အတန်ကြာအထိ ထိရောက်စွာ သုံ့ပန်း ဖြစ်စေခဲ့ကြသည်။ ဟောပြောခြင်းလုပ်ငန်းသည် လုံးဝ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌနှင့် အခြားထင်ပေါ်သော အရာရှိများသည် မှားယွင်းသော စွဲချက်များဖြင့် ထောင်ချခံခဲ့ရသည်။ သို့သော် ၁၉၁၉ တွင် အံ့ဖွယ်အလှည့်အပြောင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ဤအရာရှိများသည် ထောင်မှ လွတ်ပြီး ဌာနချုပ်ရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ကာ ဟောပြောခြင်းလုပ်ငန်းကို အသစ် ပြန်စခဲ့ကြသည်။ ထို့ကြောင့် မဟာဗာဗုလုန်သည် ပြိုလဲသွားပြီ၊ အကြောင်းမှာ ဘုရားသခင့်လူမျိုးကို ချုပ်နှောင်ထားနိုင်စွမ်း မရှိတော့၍ ဖြစ်သည်။d ဗျာဒိတ်ကျမ်း၌ ကောင်းကင်တမန်တစ်ပါးက ဟေရှာယ ၂၁:၉ တွင် ပါသော ကြေညာချက်စကားကို အသုံးပြုကာ ဤပြိုလဲခြင်းအကြောင်း နှစ်ကြိမ် ကြွေးကြော်သည်။—ဗျာဒိတ် ၁၄:၈; ၁၈:၂။

၁၅၊ ၁၆။ ဟေရှာယ၏ လူမျိုးသည် မည်သည့်သဘောဖြင့် “နင်းနယ်ခံရ” ပြီး သူတို့အပေါ် ထားသော ဟေရှာယ၏ သဘောထားမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၁၅ ဟေရှာယသည် ဤပရောဖက်ပြုချက်သတင်းကို မိမိ၏ လူမျိုးအပေါ် ထောက်ထားစာနာသည့် စကားများဖြင့် နိဂုံးချုပ်ထားသည်။ သူဤသို့ ဆို၏– “တလင်းပြင်၌ နင်းနယ်ခံရသော အိုငါ၏ လူမျိုးချင်းတို့ ဗိုလ်ခြေတို့အရှင် ထာဝရဘုရား ဣသရေလလူမျိုး၏ ဘုရားသခင့်ထံတော်မှ ကြားရသမျှကို သင်တို့အား ငါဆင့်ဆိုသတည်း။” (ဟေရှာယ ၂၁:၁၀၊ သမ္မာ) ကျမ်းစာထဲ၌ နင်းနယ်ခြင်းကို ဘုရားသခင့် လူမျိုးအား ဆုံးမခြင်း၊ သန့်စင်မှု ပြုခြင်းတို့ကို ပုံဆောင်ဖော်ပြလေ့ရှိသည်။ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးသည် ဂျုံစပါးကို စပါးခွံအဖျင်းများမှ သတ်သတ်ခွဲကာ သန့်စင်ပြီး စပါးအကောင်းများကိုသာ ကျန်ရှိစေသောနေရာ ဖြစ်သည့် ‘တလင်းပြင်၌ နင်းနယ်ခံရသောသူများ’ ဖြစ်လာမည်။ ဟေရှာယသည် ဤဆုံးမခြင်းကြောင့် ပီတိဖြစ်မနေပါ။ ယင်းအစား အနာဂတ် ‘တလင်းပြင်၌ နင်းနယ်ခံရသောသူများ၊’ သူတို့ထဲမှ အချို့သည် မိမိတို့၏ ဘဝတစ်ခုလုံးကို တိုင်းတစ်ပါးတွင် သုံ့ပန်းများအဖြစ် နေထိုင်သွားရကြမည်ကို သူထောက်ထားစာနာခဲ့သည်။

၁၆ ၎င်းသည် ကျွန်ုပ်တို့ ယောက်တိုင်းအား အကျိုးဖြစ်စေသော သတိပေးချက်တစ်ရပ် ဖြစ်ပေမည်။ ယနေ့ ခရစ်ယာန် အသင်းတော်အတွင်းရှိ အချို့သူများသည် အမှားပြုလုပ်သူများအပေါ် ထောက်ထားစာနာမှု မထားလိုဘဲ ရှိပေမည်။ ထို့ပြင် ဆုံးမပဲ့ပြင်ခံရသူများသည် စိတ်ခုသွားနိုင်ပါသည်။ သို့ရာတွင် ယေဟောဝါသည် မိမိ၏ လူမျိုးကိုသန့်စင်စေရန် ဆုံးမခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားမည်ဆိုလျှင် ဆုံးမခြင်းကို ဂရုမစိုက်ဘဲ နေမည် မဟုတ်သကဲ့သို့ နှိမ့်ချစွာ ခံရပ်သူများကိုလည်း အထင်သေးမည် မဟုတ်ပါ၊ ကျွန်ုပ်တို့ကို ဆုံးမသည့်အခါတွင်လည်း ငြင်းဆန်မည် မဟုတ်ပါ။ ဘုရားရေးရာ ဆုံးမခြင်းကို ဘုရားသခင့် မေတ္တာဖော်ပြချက်တစ်ရပ်အဖြစ် လက်ခံကြပါစို့။—ဟေဗြဲ ၁၂:၆။

ကင်းစောင့်ကို မေးမြန်းခြင်း

၁၇။ ဧဒုံကို “ဒုမာ” ဟု အဘယ်ကြောင့် သင့်လျော်စွာ ခေါ်ဆိုသနည်း။

၁၇ ဟေရှာယ အခန်းကြီး ၂၁ တွင် ပါသော ဒုတိယ ပရောဖက်ပြုချက်သတင်းသည် ကင်းစောင့်၏ ကဏ္ဍကို ဦးစားပေး ဖော်ပြသည်။ ဤသို့ အစပြုဆိုထား၏– “ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ‘အိုကင်းစောင့် ညအမှုကား အဘယ်သို့နည်း။ အိုကင်းစောင့် ညအမှုကား အဘယ်သို့နည်း’ ဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။” (ဟေရှာယ ၂၁:၁၁) ဤဒုမာပြည်သည် မည်သည့်နေရာတွင် ရှိသနည်း။ ကျမ်းစာခေတ်တွင် ထိုအမည်ဖြင့် မြို့များစွာ ရှိကြောင်း ထင်ရှားသည်၊ သို့သော် ယင်းတို့ထဲမှ တစ်ခုကိုမျှ ဤတွင် ဆိုလိုခြင်း မဟုတ်ပါ။ ဒုမာပြည်ကို စိရ၊ နောက်အမည်တစ်မျိုး ဖြစ်သော ဧဒုံပြည်တွင် မတွေ့ရပါ။ သို့ရာတွင် “ဒုမာ” သည် “တိတ်ဆိတ်” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ရှေ့တွင် ဖော်ပြခဲ့သော အဖြစ်အပျက်တွင်ကဲ့သို့ နယ်မြေ၏ အနာဂတ် အရိပ်အယောင် ဖော်ပြသော အမည်ပေးထားခြင်း ဖြစ်မည်။ နှစ်ပေါင်းများစွာ ဘုရားသခင့် လူမျိုး၏ ရန်သူ ဖြစ်ခဲ့သူ ဧဒုံသည် တိတ်ဆိတ်ခြင်း—သေခြင်းတွင် တိတ်ဆိတ်သွားခြင်းဖြင့် အဆုံးသတ်မည်။ သို့သော် ထိုသို့မဖြစ်မီ အချို့သူများသည် အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက် မေးမြန်းကြမည်။

၁၈။ “နံနက်သည် လာ၏၊ ညလည်း လာ၏” ဟူသော ကြေညာချက်သည် ရှေးဧဒုံအပေါ် မည်သို့ ပြည့်စုံသနည်း။

၁၈ ဟေရှာယ ရေးသားနေသည့်အချိန်တွင် တန်ခိုးကြီး အာရှုရိ၏ လမ်းကြောင်းသည် ဧဒုံဆီသို့ ဦးတည်နေပြီ။ ဧဒုံအမျိုးသားအချို့သည် မိမိတို့အား ဖိနှိပ်ခြင်း ဖြစ်သော ညအချိန် မည်သည့်အခါတွင် အဆုံးသတ်မည်ကို သိလိုကြသည်။ အဖြေကား အဘယ်နည်း။ “ကင်းစောင့်ကလည်း ‘နံနက်သည် လာ၏။ ညလည်း လာ၏။’” (ဟေရှာယ ၂၁:၁၂က) ဧဒုံလူမျိုးအတွက် ကောင်းသည့် နိမိတ် မဟုတ်ပါ။ မိုးကုပ်စက်ဝိုင်းတွင် နံနက်အလင်းရောင် ရေးရေးကို မြင်ရမည် ဖြစ်သော်လည်း ၎င်းသည် ခဏသာ ဖြစ်သော အမြင်မှားမှုမျှသာ ဖြစ်မည်။ ည—နောက်ထပ် ဖိနှိပ်ခံရမည့် မှောင်မိုက်ချိန်—သည် နံနက်ချိန် လာပြီးသည်နှင့် အလျင်အမြန် လိုက်လာမည်။ ဧဒုံ၏ အနာဂတ်နှင့်ပတ်သက်၍ သင့်လျော်သော သရုပ်ဖော်ချက်တစ်ခုပါတကား! အာရှုရိ၏ ဖိနှိပ်မှု အဆုံးတိုင်သွားမည် ဖြစ်သော်လည်း ဗာဗုလုန်သည် ကမ္ဘာ့အာဏာစက်အဖြစ် အာရှုရိနေရာတွင် ဆက်ခံကာ ဧဒုံလူများစွာကို သုတ်သင်မည်။ (ယေရမိ ၂၅:၁၇၊ ၂၁; ၂၇:၂-၈) ဤသံသရာသည် ထပ်ဖြစ်မည်။ ဗာဗုလုန်၏ ဖိနှိပ်မှု ခံရပြီးနောက် ပါးရှား၊ ထို့နောက် ဂရိ၏ ဖိနှိပ်မှုများ လိုက်လာမည်။ ထို့နောက် ရောမအုပ်ချုပ်ချိန်အတွင်း ခဏတာအချိန် ဖြစ်သော “နံနက်” ရှိမည် ဖြစ်သည်၊ ဧဒုံလူမျိုး ဖြစ်သူ ဟေရုဒ်သည် ယေရုရှလင်ကို အုပ်စိုးရသောအချိန်၌ ဖြစ်သည်။ သို့သော် ထို “နံနက်” သည် ကြာရှည်ခံမည် မဟုတ်ပေ။ နောက်ဆုံးတွင် ဧဒုံသည် ထာဝရ တိတ်ဆိတ်သည့် အခြေအနေ ဖြစ်သော သမိုင်းမှ ပျောက်ကွယ်သွားမည်။ ဒုမာအမည်သည် နောက်ဆုံးတွင် သူ၏ အခြေအနေနှင့် ကိုက်ညီသွားမည်။

၁၉။ “သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ . . . တစ်ဖန်လာကြ” ဟူ၍ ကင်းစောင့် ပြောသည့်အခါ အဘယ်အရာကို ဆိုလိုခြင်း ဖြစ်မည်နည်း။

၁၉ ကင်းစောင့်သည် မိမိ၏ သတင်းအတိုချုပ်ကို ဤစကားများဖြင့် နိဂုံးချုပ်လိုက်သည်– “သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ . . . တစ်ဖန် လာကြဟု ဆိုလေ၏။” (ဟေရှာယ ၂၁:၁၂ခ) “တစ်ဖန်လာကြ!” ဟူသော အသုံးအနှုန်းသည် ဧဒုံ၏ ရှေ့တွင် ‘ညများ’ မကုန်ဆုံးနိုင်အောင် ဆက်တိုက်လာနေမည်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုဖော်ပြချက်ကို “ပြန်လာသည်” ဟူ၍လည်း ပြန်ဆိုနိုင်သောကြောင့် လူမျိုးများကို တရားစီရင်ခြင်းဘေးမှ လွတ်မြောက်လိုသော မည်သည့်ဧဒုံလူမျိုးမဆိုသည် နောင်တယူပြီး ယေဟောဝါထံ “ပြန်လာ” သင့်ကြောင်း ပရောဖက်က အကြံပြုနေခြင်း ဖြစ်မည်။ မည်သည့်အချက်ပင် ဖြစ်ပါစေ ကင်းစောင့်သည် နောက်ထပ်မေးမြန်းရန် ဖိတ်ခေါ်ထားသည်။

၂၀။ ဟေရှာယ ၂၁:၁၁၊ ၁၂ တွင် မှတ်တမ်းတင်ထားသော ကြေညာချက်သည် ယနေ့ ယေဟောဝါလူမျိုးအတွက် အဘယ်ကြောင့် အဓိပ္ပာယ် အပြည့်ရှိသနည်း။

၂၀ ဤကြေညာချက် အတိုလေးသည် မျက်မှောက်ခေတ် ယေဟောဝါ၏ လူမျိုးအတွက် များစွာ အဓိပ္ပာယ်ရှိသည်။e လူသားများသည် ဝိညာဏ မျက်စိကွယ်ခြင်း ညအမှောင်ထုထဲတွင် နစ်မြှုပ်နေခြင်း၊ ဘုရားသခင်နှင့် ကင်းကွာနေခြင်းတို့သည် ဤအစီအစဉ်စနစ် ပျက်စီးခြင်းသို့ ဦးတည်စေမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ကြသည်။ (ရောမ ၁၃:၁၂; ၂ ကောရိန္သု ၄:၄) ဤညအမှောင်အတွင်း ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို တစ်နည်းနည်းဖြင့် လူသားများ လုပ်ဆောင်ပေးနိုင်သည့် မှုန်ဝါးဝါး မျှော်လင့်ချက် မှန်သမျှသည် အမှောင်ထု ကျတော့မည့် အလင်းဖျော့ အမြင်မှား အရုဏ်ဦးအလင်းနှင့် တူသည်။ စစ်မှန်သော အရုဏ်ဦးအလင်း—ဤကမ္ဘာပေါ် ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်ချုပ်မှု အရုဏ်ဦးအလင်းသည် ရောက်ရှိလာတော့မည်။ သို့သော် ညတာ ဆက်ရှိနေသ၍ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား ဆက်ရှိနေခြင်း၊ ဤယိုယွင်းဖောက်ပြန်သည့် စနစ်၏ အဆုံး နီးကပ်နေပြီ ဖြစ်ကြောင်း ရဲရင့်စွာ ကြေညာခြင်းတို့ဖြင့် ကင်းစောင့်အတန်းအစား၏ ဦးဆောင်မှုနောက်ကို လိုက်ရမည်။—၁ သက်သာလောနိတ် ၅:၆။

သဲကန္တာရတွင် ညအချိန် ကျရောက်

၂၁။ (က) “သဲကန္တာရနှင့် ဆိုင်သော ဗျာဒိတ်တော်” ဟူသည့် စကားစုတွင် အဘယ်အဓိပ္ပာယ်များကို ရည်ရွယ်ခြင်း ဖြစ်မည်နည်း။ (ခ) ခရီးသွားသော ဒေဒန်လူစုတို့ကား အဘယ်နည်း။

၂၁ ဟေရှာယ အခန်းကြီး ၂၁ မှ နောက်ဆုံးကြေညာချက်သည် “သဲကန္တာရ” နှင့် ဆိုင်သည်။ ဤသို့ အစပြုထား၏– “သဲကန္တာရကို ရည်သော ဗျာဒိတ်ချက် ဟူမူကား အိုခရီးသည် ဒေဒန်လူစုတို့ သင်တို့သည် သဲကန္တာရတော၌ပင် တည်းခိုရကြလိမ့်မည်။” (ဟေရှာယ ၂၁:၁၃၊ သမ) ကြေညာချက်သည် အာရပ်လူမျိုးများကို တိုက်ရိုက်ပြောဆိုထားခြင်းကြောင့် သဲကန္တာရဟူသည်မှာ အာရေဗျကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ “သဲကန္တာရ” ကို ဟေဗြဲစကားလုံးတွင် ၎င်းနှင့် အလွန်ဆင်တူသော စကားလုံး ဖြစ်သည့် “ညနေ” ဟူ၍လည်း တစ်ခါတစ်ရံ ပြန်ဆိုသည်။ ညနေအမှောင်—ဒုက္ခကာလ—သည် ဤဒေသအပေါ်တွင် ကျရောက်တော့မည်ဟူသော အဓိပ္ပာယ်နှစ်မျိုး အသုံးပြုနိုင်သည့် စကားလုံး ဖြစ်သည်ဟု အချို့ ဆိုကြသည်။ ကြေညာချက်ကို အာရပ်အမျိုးအနွယ်တွင် ထင်ရှားသော ခရီးသွား ဒေဒန်လူမျိုးများ၏ ညအချိန် ကျက်စားတတ်သော မြင်ကွင်းဖြင့် အစပြုထားသည်။ ထိုသို့ ခရီးလှည့်လည်သွားသူတို့သည် ဟင်းခတ်အမွှေးအကြိုင်၊ ပုလဲနှင့် အခြားအဖိုးတန်ပစ္စည်းများ သယ်ဆောင်ကာ ကန္တာရ အိုအေစစ်တစ်ခုမှ အခြားတစ်ခုသို့ ကုန်သည်လမ်းကြောင်းအတိုင်း သွားကြသည်။ သို့သော် ဤတွင် သူတို့သည် လူသွားလူလာများသော လမ်းများမှ မဖြစ်မနေ သွေဖည်၍ အကာအကွယ်တွင် ညအိပ်ပုန်းအောင်းရသည်ကို ကျွန်ုပ်တို့ တွေ့ရသည်။ အဘယ်ကြောင့်နည်း။

၂၂၊ ၂၃။ (က) အာရပ်အမျိုးအနွယ်များ၏ ပခုံးပေါ်သို့ အဘယ် လေးလံသောဝန်ထုပ် ကျရောက်တော့မည့်ဆဲဆဲ ဖြစ်ပြီး သူတို့အပေါ် မည်သည့် အကျိုးဆက် ရှိမည်နည်း။ (ခ) ဤဘေးဒုက္ခ ကျရောက်ရန် မည်မျှ နီးနေပြီနည်း၊ မည်သူ့ လက်ချက်ဖြင့်နည်း။

၂၂ ဟေရှာယ ဤသို့ ရှင်းပြ၏– “တေမပြည်သားတို့ ရေငတ်သောသူအဖို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့် ဆီး၍ ကြိုကြ၏။ အကြောင်းမူကား သူတို့သည် ဓားဘေးမှလည်းကောင်း၊ ထုတ်သောဓား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှလည်းကောင်း ပြေးကြ၏။” (ဟေရှာယ ၂၁:၁၄၊ ၁၅) မှန်ပါသည်၊ စစ်ကြောင့် ဖြစ်သော လေးလံလှသည့် ဝန်သည် ထိုအာရပ်အနွယ်ဖွားများ၏ ပခုံးပေါ် ကျရောက်လာမည်။ နယ်မြေအတွင်း ရေအပေါများဆုံး အိုအေစစ် တည်ရှိသော တေမပြည်သည် အကူအညီ မဲ့နေသော စစ်ဘေးဒုက္ခသည်များထံ ရေနှင့်မုန့် ယူလာပေးရန် အတင်းအကျပ် တောင်းဆိုခံရသည်။ ဤဒုက္ခကာလသည် အဘယ်အချိန်တွင် ဖြစ်လာမည်နည်း။

၂၃ ဟေရှာယ ဤသို့ ဆက်ဆို၏– “ငါ့အား အရှင်ဘုရားက၊ သူရင်းငှားတို့၏ နှစ်တာအလျောက် တစ်နှစ်အတွင်းတွင် ဣသရေလလူမျိုး၏ ဘုရားသခင် ငါထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ကေဒါလူမျိုးတို့ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍ ချင်းတို့အမျိုးသားသူရဲ တည်းဟူသော လေးသမား အကြွင်းအကျန်သည် နည်းပါးကြလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။” (ဟေရှာယ ၂၁:၁၆၊ ၁၇၊ သမ) ကေဒါသည်လည်း ထင်ရှားသော အမျိုးအနွယ် ဖြစ်ပြီး တစ်ခါတစ်ရံ အာရေဗျတစ်ခုလုံးကို ခြုံငုံ၍ ခေါ်သည့် အမည် ဖြစ်သည်။ ယေဟောဝါသည် ထိုအမျိုး၏ လေးသမားနှင့် သူရဲ အရေအတွက် အနည်းငယ်မျှသာ ကျန်ကြွင်းစေမည်ဟု ဆုံးဖြတ်စီစဉ်ထားသည်။ အဘယ်အချိန်တွင်နည်း။ သူရင်းငှားတစ်ဦးသည် သူရမည့် လုပ်ခအတွက် သတ်မှတ်ပေးထားသည့်အချိန်ထက် ပို၍ အလုပ်မလုပ်သကဲ့သို့ “တစ်နှစ်အတွင်းတွင်” ဖြစ်ပျက်မည်။ ဤအရာအားလုံး တိတိကျကျ မည်သို့ ပြည့်စုံခဲ့သည်ကို အသေအချာ မသိရှိရပါ။ အာရှုရိမင်း နှစ်ပါးစလုံး—ဒုတိယမြောက် သာဂုန်နှင့် သနာခရိပ်—တို့သည် အာရေဗျကို အောင်နိုင်သည့်အတွက် ဂုဏ်ယူစွာ ဖော်ပြခဲ့ကြသည်။ ကြိုဟောခဲ့သည့်အတိုင်း ထိုဘုရင်တစ်ပါးပါးသည် ဤမာနကြီးသော အာရပ်အမျိုးအနွယ်များစွာကို သုတ်သင်ခဲ့ရပေမည်။

၂၄။ အာရေဗျနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခဲ့ကြောင်း မည်သို့ သေချာသိနိုင်သနည်း။

၂၄ သို့ရာတွင် ဤပရောဖက်ပြုချက် အတိအကျ ပြည့်စုံခဲ့ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ ယင်းအချက်ကို ဤကြေညာချက်၏ နောက်ဆုံးစကားများ ဖြစ်သော “ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏” ထက် ပို၍ အားပါလေးနက်စေနိုင်ရာ မရှိပါ။ ဟေရှာယခေတ်မှ လူများအတွက် ဗာဗုလုန်သည် အာရှုရိထက် တန်ခိုးအာဏာ ကြီးသွားပြီးနောက် လွန်ကြူးစွာ စားသောက်ပျော်ပါးနေသည့် တစ်ညနေခင်းအတွင်းတွင် တန်ခိုးအာဏာ ထိုးကျသွားမည် ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်ပုံ မရပေ။ တန်ခိုးကြီး ဧဒုံပြည်သည် လူသေအလား တိတ်ဆိတ်ငြိမ်သက်သွားမည်၊ သို့မဟုတ် ချမ်းသာကြွယ်ဝသော အာရပ်အမျိုးအနွယ်အပေါ်သို့ ဆင်းရဲဒုက္ခနှင့် နွမ်းပါးမှု ညအချိန် ကျရောက်လာမည် စသည်တို့သည်လည်း အလားတူ ဖြစ်နိုင်ပုံ မရပေ။ သို့သော် ယေဟောဝါက ယင်းသို့ ဖြစ်မည်ဟု မိန့်တော်မူပြီး ထိုအတိုင်း ဖြစ်ပျက်လာသည်။ ယနေ့ ယေဟောဝါက မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာသည် ပျောက်ကွယ်သွားမည်ဟု ကျွန်ုပ်တို့အား မိန့်တော်မူ၏။ ၎င်းသည် ဖြစ်နိုင်ခြေရှိသော အရာမျှသာ မဟုတ်ဘဲ ဒိဋ္ဌ ဖြစ်လာမည့်အရာ ဖြစ်သည်။ ယေဟောဝါ ကိုယ်တော်တိုင်၏ မိန့်တော်မူချက်ပါတကား!

၂၅။ ကျွန်ုပ်တို့သည် ကင်းစောင့်၏ ပုံသက်သေကို မည်သို့ တုပနိုင်သနည်း။

၂၅ သို့ဖြစ်၍ ကင်းစောင့်ကဲ့သို့ ဖြစ်ကြစို့။ ကင်းမျှော်စင်အမြင့်ပေါ်တွင် ရပ်၍ ကျရောက်လာနိုင်သည့် မည်သည့် အန္တရာယ် အရိပ်လက္ခဏာကိုမဆို တွေ့မြင်ဖို့ မိုးကုပ်စက်ဝိုင်းကို စေ့စေ့ကြည့်ရှုနေသကဲ့သို့ ဆက်၍ နိုးနိုးကြားကြား ရှိကြစို့။ ယနေ့ မြေကြီးပေါ်ရှိ ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်၊ သစ္စာရှိ ကင်းစောင့်အတန်းအစားနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြပါစို့။ ကျွန်ုပ်တို့သည် သူတို့နှင့် ပူးပေါင်းကာ ကျွန်ုပ်တို့ မြင်တွေ့ရာများ—ကောင်းကင်တွင် ယေရှုခရစ် အုပ်ချုပ်လျက် ရှိကြောင်း၊ မကြာမီ ကိုယ်တော်သည် ဘုရားသခင်နှင့် လူသားတို့ ကင်းကွားနေခြင်း ဖြစ်သည့် အမှောင်ဖုံးသော တာရှည်သည့် ညကို အဆုံးတိုင်စေမည် အကြောင်းနှင့် ၎င်းပြီးနောက် ကိုယ်တော်သည် စစ်မှန်သော နံနက်အရုဏ်ဦး ဖြစ်သော ကမ္ဘာ့ပရဒိသုတွင် အနှစ်တစ်ထောင် အုပ်ချုပ်မှုကို ဦးဆောင်သွားမည် ဖြစ်ကြောင်းတို့နှင့် ဆိုင်သည့် အံ့ချီးဖွယ်သာဓကကို ရဲရဲဝံ့ဝံ့ ကြွေးကြော်ကြပါစို့!

[အောက်ခြေမှတ်ချက်များ]

a ပါးရှားဘုရင် ကုရုကို တစ်ခါတစ်ရံ “အာရှန်မင်း” ဟု ခေါ်ဆိုခဲ့သည်—အာရှန်သည် ဧလံရှိ ဒေသတစ်ခု သို့မဟုတ် မြို့တစ်မြို့ ဖြစ်သည်။ ဘီ.စီ.အီး. ရှစ်ရာစု၌ ဖြစ်သော ဟေရှာယခေတ်ရှိ ဣသရေလလူမျိုးတို့သည် ပါးရှားလူမျိုးတို့အကြောင်း ကောင်းစွာ မသိဘဲ ဧလံလူမျိုးအကြောင်းကိုသာ သိခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤနေရာတွင် ဟေရှာယသည် ပါးရှားနေရာတွင် ဧလံအမည်ကို သုံးခဲ့ခြင်း ဖြစ်မည်။

b ကျမ်းစာဋီကာဆရာများစွာက “လွှားကို ဆီလောင်းကြ” ဟူသည့် စကားလုံးသည် စစ်တိုက်သည့်အခါ အများအားဖြင့် ချော်သွားစေရန် စစ်မြေပြင် မသွားမီ သားရေလွှားများကို ဆီလောင်းရသည့် ရှေးစစ်အလေ့အထကို ရည်ညွှန်းသည်ဟု ယူဆကြသည်။ ၎င်းသည် ဖြစ်နိုင်သည့် အနက်ဖွင့်ဆိုချက် ဖြစ်သော်လည်း မြို့တော် ကျရှုံးသည့် ညတွင် ဗာဗုလုန်လူမျိုးများသည် တိုက်ပွဲအတွက် အရန်သင့်ဖြစ်ရန် သူတို့၏ လွှားများကို အမဲဆီသုတ်ချိန် ရဖို့မဆိုထားနှင့်၊ ခုခံချိန်ပင် မရလိုက်ကြောင်း သတိပြုသင့်သည်။

c ဗာဗုလုန် ပြိုလဲခြင်းနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက်သည် အလွန် တိကျလွန်းသောကြောင့် အချို့သော ကျမ်းစာဝေဖန်သူများက အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက်မှ ယင်းကို ရေးသားခဲ့ခြင်း ဖြစ်ရမည်ဟု တွေးတောယူဆခဲ့ကြသည်။ သို့သော် ဟေဗြဲကျမ်းပညာရှင် အက်ဖ်. ဒဲလစ်ရှ်က ပရောဖက်တစ်ပါးသည် နှစ်ပေါင်း ရာနှင့်ချီ၍ အဖြစ်အပျက်များကို ကြိုဟောရန် မှုတ်သွင်းခံရသည်ဟု ကျွန်ုပ်တို့ လက်ခံပါက ထိုသို့ တွေးတောယူဆစရာအကြောင်း မရှိပါဟု ရေးသား၏။

d ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ် နီးပြီ! အခန်း ၂၅၊ စာမျက်နှာ ၉-၁၁ ရှု။

e ကင်းမျှော်စင်မဂ္ဂဇင်း၏ အစောပိုင်း ၅၉ နှစ်အတွင်း မျက်နှာဖုံးတွင် ဟေရှာယ ၂၁:၁၁ ကို ဖော်ပြခဲ့ကြသည်။ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စဲလ် နောက်ဆုံး ရေးသားခဲ့သော ဟောပြောချက်၏ အဓိကအချက်သည် ထိုကျမ်းချက်ပင် ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ