အခန်း နှစ်
ဖခင်တစ်ဦးနှင့် ပုန်ကန်သော သားများ
၁၊ ၂။ ယေဟောဝါတွင် ပုန်ကန်သော သားများ မည်သို့ ရှိလာသည်ကို ရှင်းပြပါ။
မေတ္တာပြည့်ဝသော မိဘတိုင်းကဲ့သို့ မိမိ၏ သားသမီးများအတွက် လိုအပ်ရာကို ထောက်ပံ့ကျွေးမွေးခဲ့သည်။ နှစ်ပေါင်းများစွာ စားဝတ်နေရေးအတွက် အသေအချာ စီမံပေးခဲ့သည်။ လိုအပ်သည့်အခါ သူတို့ကို ဆုံးမပဲ့ပြင်ခဲ့သည်။ သို့သော် ဘယ်သောအခါမျှ အလွန်အကျွံ ပြစ်ဒဏ်ပေးခြင်းမျိုး မလုပ်ခဲ့ပါ; အမြဲ “သင့်တော်သည့် အတိုင်းအတာဖြင့် ဆုံးမ” ခဲ့သည်။ (ယေရမိ ၃၀:၁၁၊ ကဘ) ထို့ကြောင့် ထိုမေတ္တာရှင်ဖခင်က ဤစကားပြောသည့်အခါ သူ၏ နာကျင်သော ခံစားချက်ကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်သည်– “ငါကျွေးမွေးပြုစုသော သား . . . တို့သည် ငါ့ကို ပုန်ကန်ကြပြီ။”—ဟေရှာယ ၁:၂ခ။
၂ ဤတွင် ပုန်ကန်သော သားများဟူသည် ယုဒလူမျိုးကို ရည်ညွှန်းပြီး စိတ်ထိခိုက်နေသော ဖခင်မှာ ယေဟောဝါ ဘုရားသခင် ဖြစ်သည်။ အလွန် ကြေကွဲစရာပင်! ယေဟောဝါသည် ယုဒလူမျိုးကို ကျွေးမွေးခဲ့ပြီး လူမျိုးများအလယ်တွင် အဆင့်အတန်းမြင့်မြင့် ထားခဲ့သည်။ “ခြယ်လှယ်သော အဝတ်ကို ဝတ်စေ၏။ တဟာရှသားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့် ခြုံစေ၏” ဟု နောက်ပိုင်းတွင် ပရောဖက် ယေဇကျေလမှတစ်ဆင့် သူတို့ကို ပြန်သတိပေးခဲ့သည်။ (ယေဇကျေလ ၁၆:၁၀) သို့တိုင် များသောအားဖြင့် ယုဒလူမျိုးသည် သူတို့အတွက် ယေဟောဝါ လုပ်ဆောင်ခဲ့ရာများကို တန်ဖိုးထားလေးစားမှု မရှိပါ။ ယင်းအစား သူတို့ တော်လှန်ပုန်ကန်ခဲ့ကြသည်။
၃။ ယေဟောဝါသည် အဘယ်ကြောင့် ကောင်းကင်နှင့် မြေကြီးတို့ကို ဆင့်ခေါ်ကာ ယုဒ၏ တော်လှန်ပုန်ကန်မှုကို သက်သေထွက်ဆိုခိုင်းသနည်း။
၃ ခြေမြစ်ခိုင်လုံသော အကြောင်းရင်းဖြင့် ယေဟောဝါသည် မိမိ၏ ပုန်ကန်သော သားများနှင့်ပတ်သက်၍ ဤစကားများနှင့် အစပြု၏– “[ယေဟောဝါ] မိန့်တော်မူသည် ဖြစ်၍ အိုကောင်းကင် ကြားလော့။ အိုမြေကြီး နားထောင်လော့။” (ဟေရှာယ ၁:၂က) နာခံမှု မဲ့ခြင်း၏ အကျိုးဆက်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် သတိပေးချက်များကို ဣသရေလလူမျိုး လက်ခံရရှိချိန် ဖြစ်သော အစောပိုင်း ရာစုနှစ်များစွာက ကောင်းကင်နှင့် မြေကြီးသည် ကြားခဲ့ဘိသကဲ့သို့ ဖြစ်သည်။ မောရှေ ဤသို့ပြောခဲ့၏– “ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ ငါ တိုင်တည်သည်ကား သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ဝင်စားသော ပြည်၌ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။” (တရားဟောရာ ၄:၂၆) ယခု ဟေရှာယအချိန်တွင် ယေဟောဝါက ယုဒ၏ တော်လှန်မှုကို သက်သေထွက်ဆိုရန် မျက်မြင်မရသော ကောင်းကင်နှင့် မျက်မြင်ရ မြေကြီးကို ဆင့်ခေါ်နေခြင်း ဖြစ်သည်။
၄။ ယေဟောဝါသည် ယုဒလူမျိုးအား မိမိကိုယ်ကို ဖော်ပြရန် မည်သို့သော အနေအထားကို ရွေးချယ်ခဲ့သနည်း။
၄ တင်းမာနေသော အခြေအနေကြောင့် သဘောရိုးဖြင့် စေ့စပ်ဆွေးနွေးမှုတစ်ခု လိုအပ်ခဲ့သည်။ သို့ရာတွင် ဤအခြေအနေတင်းမာမှုကြား၌ပင် ယေဟောဝါက မိမိကိုယ်ကို ယုဒလူမျိုးကို ဝယ်ယူထားသည့် ပိုင်ရှင်အဖြစ် မဟုတ်ဘဲ မေတ္တာရှိသော မိဘတစ်ဦးအဖြစ် ဖော်ပြခဲ့ခြင်းသည် မှတ်သားဖွယ်—နှလုံးနွေးထွေးဖွယ် ဖြစ်သည်။ အမှန်ပင်၊ ယေဟောဝါသည် မိမိ၏ လူမျိုးအား ထင်ရာစိုင်းသော သားများကြောင့် စိတ်ဒုက္ခ ရောက်နေသည့် ဖခင်တစ်ဦး၏ ရှုထောင့်မှနေ၍ ကိစ္စရပ်ကို ဆင်ခြင်သုံးသပ်ရန် မေတ္တာရပ်ခံခဲ့သည်။ ယုဒပြည်ရှိ အချို့သော မိဘများသည် ထိုကဲ့သို့သော ဘေးကျပ်နံကျပ် အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးကြရာ ထိုဥပမာကြောင့် စိတ်လှုပ်ရှားသွားကြပေမည်။ မည်သို့ပင် ဖြစ်စေကာမူ ယေဟောဝါသည် ယုဒလူမျိုးအပေါ် မိမိ၏ ခံပြင်းမှုအကြောင်းကို ဖွင့်ချတော့မည်။
ဆင်ခြင်ဉာဏ်မဲ့ တိရစ္ဆာန်များပင် ပိုင်းခြားသိတတ်သည်
၅။ ဣသရေလလူမျိုးနှင့် မတူဘဲ နွားနှင့် မြည်းတို့သည် သစ္စာရှိသည့်သဘော မည်သည့်နည်းဖြင့် တင်ပြသနည်း။
၅ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့မိန့်တော်မူ၏– “နွားသော်လည်း မိမိအရှင်ကို သိ၏။ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား ငါ့ကိုမသိကြ။ ငါ၏ လူမျိုးမူကား မဆင်ခြင်တတ်ပါတကား။” (ဟေရှာယ ၁:၃)a နွားနှင့် မြည်းတို့သည် အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သူတို့နှင့် အကျွမ်းဝင်သော ဝန်တင်တိရစ္ဆာန်များ ဖြစ်သည်။ ဤနိမ့်ကျသော တိရစ္ဆာန်များပင် သစ္စာရှိသည့် သဘောကို တင်ပြပြီး မည်သူသည် သူတို့၏ သခင် ဖြစ်ကြောင်း အကင်းပါးစွာ သိကြသည်ကို ယုဒလူမျိုး ငြင်းမည် မဟုတ်ပါ။ ယင်းနှင့် စပ်လျဉ်း၍ အရှေ့အလယ်ပိုင်း မြို့တစ်မြို့၏ ညနေချမ်းအချိန်ကို ကိုယ်တိုင် တွေ့မြင်ခဲ့သော ကျမ်းစာသုတေသီတစ်ဦး၏ စကားကို သုံးသပ်ကြည့်ပါ– “အုတ်တံတိုင်းအတွင်းသို့ တိရစ္ဆာန်အုပ် ရောက်သွားသည်နှင့် မကြာမီ သူတို့ စတင် လမ်းခွဲသွားကြသည်။ နွားထီးတိုင်းသည် မိမိတို့သခင်နှင့် သူတို့ အိမ်သွားရာလမ်းကို လုံးဝ သိကြသည်၊ ရှုပ်ထွေးကျဉ်းမြောင်းပြီး ကောက်ကွေ့သည့် လမ်းကြားများတွင် ခေတ္တမျှ မျက်စိလည်နေခြင်း မရှိသည်ကို အံ့သြဖွယ် တွေ့ရသည်။ မြည်းများမှာမူ တံခါးဝသို့ တည့်တည့် လျှောက်သွားကြပြီး ‘မိမိသခင်ပိုင် တင်းကုပ်’ ရောက်သည်အထိ သွားကြသည်။”
၆။ ယုဒလူမျိုးသည် ဆင်ခြင်ဉာဏ်ရှိရှိဖြင့် ပြုမူရန် မည်သို့ ပျက်ကွက်ခဲ့သနည်း။
၆ ထိုကဲ့သို့သော မြင်ကွင်းများကို ဟေရှာယခေတ်တွင် မြင်တွေ့နေကျ ဖြစ်သောကြောင့် ယေဟောဝါ၏ သတင်းတရား ဆိုလိုချက်မှာ ရှင်းနေပါသည်– ဆင်ခြင်ဉာဏ်မဲ့ တိရစ္ဆာန်များပင် မိမိတို့၏ သခင်နှင့် မိမိတို့၏ တင်းကုပ်ကို မှတ်မိကြလျှင် ယုဒလူမျိုးသည် ယေဟောဝါအား ကျောခိုင်းထွက်သွားခြင်းအတွက် မည်သို့ ဆင်ခြေပေးနိုင်သနည်း။ အမှန်ပင် သူတို့သည် “မဆင်ခြင်တတ်” ကြပါ။ သူတို့၏ ကြွယ်ဝမှုနှင့် သူတို့ တည်ရှိနေမှုမှာ ယေဟောဝါပေါ်တွင် တည်မှီသည်ဟူသည့် အချက်ကို သူတို့ မသိလေသယောင် လုပ်နေသည်။ ယေဟောဝါက ယုဒလူမျိုးအား “ငါ၏ လူမျိုး” အဖြစ် ရည်ညွှန်းပြောဆိုဆဲ ဖြစ်၍ ယင်းသည် ကရုဏာတော်၏ အထောက်အထားတစ်ရပ်ပင်!
၇။ ကျွန်ုပ်တို့ကိုယ်တိုင် ယေဟောဝါ၏ ပြင်ဆင်ပေးချက်များကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်သည့် နည်းအချို့ကား အဘယ်နည်း။
၇ ကျွန်ုပ်တို့အတွက် ယေဟောဝါ ပြုလုပ်ပေးခဲ့ရာအားလုံးကို ကျေးဇူးတင်လေးမြတ်မှု တင်ပြရန် ပျက်ကွက်ခြင်းအားဖြင့် ဆင်ခြင်ဉာဏ်မရှိ ပြုမူခြင်းမျိုးကို မည်သည့်အခါမျှ ကျွန်ုပ်တို့ မပြုလုပ်လိုကြပါ! ယင်းအစား ကျွန်ုပ်တို့သည် ဤစကားများ ပြောခဲ့သူ ဆာလံဆရာ ဒါဝိဒ်ကို အတုယူသင့်သည်– “အိုထာဝရဘုရား အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတော် ရှိသမျှတို့ကို ပြညွှန်ပါမည်။” (ဆာလံ ၉:၁) သမ္မာကျမ်းစာက “သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဉာဏ်ဖြစ်၏” ဟု ဆိုထားသောကြောင့် ယေဟောဝါအား သိကျွမ်းခြင်း အသိပညာ အဆက်မပြတ် ရယူခြင်းသည် ဤကိစ္စတွင် ကျွန်ုပ်တို့ကို အားပေးထောက်မမည်။ (သုတ္တံ ၉:၁၀) ယေဟောဝါ၏ ကောင်းချီးများကို နေ့စဉ်စေ့စေ့ စဉ်းစားဆင်ခြင်ခြင်းက ကျေးဇူးတင်တတ်လာစေရန်နှင့် ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်ကို အလေးမထားသည့် သဘော မရှိစေရန် ကျွန်ုပ်တို့ကို အကူအညီ ပေးမည်။ (ကောလောသဲ ၃:၁၅) “ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏။ မိမိ သွားသော လမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါ ပြမည်” ဟု ယေဟောဝါ မိန့်တော်မူ၏။—ဆာလံ ၅၀:၂၃။
“ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်” အား ထိတ်လန့်ဖွယ် စော်ကားမှုတစ်ရပ်
၈။ ယုဒလူမျိုးကို “အပြစ်ရှိသောအမျိုး” ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်သနည်း။
၈ ဟေရှာယသည် ယုဒလူမျိုးအတွက် မိမိ၏ သတင်းစကားကို ပြင်းထန်သည့် စကားလုံးများဖြင့် ဤသို့ဖော်ပြ၏– “အပြစ်ရှိသောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းဆောင်သောလူစု၊ အဆိုးပြုကျင့်သောအနွယ်၊ ဖောက်ပြန်သောသား . . . ပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလလူမျိုး၏ သန့်ရှင်းသော အရှင်ကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။” (ဟေရှာယ ၁:၄၊ သမ္မာ) ဆိုးသွမ်းသော အပြုအမူများသည် ဝန်ထုပ်ကြီးသဖွယ် စုပုံလာနိုင်သည်။ အာဗြဟံခေတ်က သောဒုံနှင့် ဂေါမောရမြို့၏ အပြစ်သည် “အလွန် အပြစ်လေး” ၏ဟု ယေဟောဝါ ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀) ယခု ယုဒလူတို့တွင် အလားတူရာသည် ထင်ရှားနေသည်၊ အကြောင်းမှာ ဟေရှာယက သူတို့သည် “ဒုစရိုက်ဝန်ကို ထမ်း” သည်ဟု ပြောထားသောကြောင့်ပင်။ ထို့အပြင် သူတို့ကို “အဆိုးပြုကျင့်သောအနွယ်၊ ဖောက်ပြန်သောသား” များအဖြစ် ခေါ်ဆိုထားသည်။ မှန်ပါသည်၊ ယုဒလူမျိုးတို့သည် အပြစ်ကျူးလွန်သော သားသမီးများနှင့် တူသည်။ သူတို့သည် “ကျောခိုင်း၍ ခွာသွားကြပြီ” သို့မဟုတ် စံတင်ကျမ်းသစ်အရ သူတို့သည် သူတို့၏ ဖခင်နှင့် “လုံးဝ အဆက်ပြတ်” နေသည်။
၉။ “ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်” ဟူသည့် စကားစုသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။
၉ ယုဒလူမျိုးသည် ထင်ရာစိုင်းခြင်းအားဖြင့် “ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်” ကို လုံးဝ ရိုသေလေးစားမှု မရှိကြောင်း တင်ပြကြသည်။ ဟေရှာယကျမ်းတွင် ၂၅ ကြိမ် တွေ့ရသော ထိုစကားစု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သန့်ရှင်းခြင်းဟူသည် သန့်စင်ခြင်း၊ စင်ကြယ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ယေဟောဝါ၏ သန့်ရှင်းမှုသည် အထွတ်အထိပ် ဖြစ်သည်။ (ဗျာဒိတ် ၄:၈) ဣသရေလလူမျိုးသည် ယဇ်ပုရောဟိတ်မင်းကြီး၏ ခေါင်းပေါင်းရှိ ရွှေပြားပေါ်တွင် ရေးထားသော “ထာဝရဘုရားအား သန့်ရှင်းခြင်း” ဟူသော စကားလုံးများကို တွေ့ရသည့်အခါတိုင်း ဤအချက်ကို သတိပေးခံရကြသည်။ (ထွက်မြောက်ရာ ၃၉:၃၀) ထို့ကြောင့် ယေဟောဝါကို “ဣသရေလလူမျိုး၏ သန့်ရှင်းသော အရှင်” ဟု ခေါ်ဝေါ်ခြင်းဖြင့် ဟေရှာယသည် ယုဒလူမျိုးအပြစ်၏ ကြီးလေးမှုကို အထူး ပေါ်လွင်စေသည်။ ထိုသူပုန်များသည် မိမိတို့၏ ဘိုးဘေးများအား ပေးခဲ့သည့် ဤပညတ်ကို တိုက်ရိုက် ချိုးဖောက်ကြသည်– “ငါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း ကိုယ်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်း ရှိရကြမည်”!—ဝတ်ပြုရာ ၁၁:၄၄။
၁၀။ “ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်” အား ရိုသေလေးစားမှု ကင်းမဲ့ခြင်း မဖြစ်ရန် ကျွန်ုပ်တို့ မည်သို့ ရှောင်နိုင်သနည်း။
၁၀ ယနေ့ ခရစ်ယာန်များသည် “ဣသရေလလူမျိုး၏ သန့်ရှင်းသော အရှင်” အား ရိုသေလေးမြတ်ခြင်း ကင်းမဲ့သည့် ယုဒလူမျိုး၏ ပုံနမူနာကို မလိုက်မိရန် အစွမ်းကုန် ကြိုးစားကြရမည်။ သူတို့သည် ယေဟောဝါ၏ သန့်ရှင်းခြင်းကို တုပရမည်။ (၁ ပေတရု ၁:၁၅၊ ၁၆) “မကောင်းသော အမှုကို ရွံရှာ” ဖို့လည်း လိုသည်။ (ဆာလံ ၉၇:၁၀) လိင်အကျင့်ယိုယွင်းခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ခိုးခြင်းနှင့် သောက်ကြူးခြင်းကဲ့သို့သော မသန့်ရှင်းသည့် အကျင့်များသည် ခရစ်ယာန် အသင်းတော်ကို ညစ်ညူးစေနိုင်သည်။ ထို့ကြောင့် ထိုအရာများ ပြုကျင့်ခြင်းကို ရပ်တန်းမှ ရပ်ရန် ငြင်းဆိုသူများအား အသင်းတော်မှ နှင်ထုတ်ရခြင်း ဖြစ်သည်။ အဆုံး၌ နောင်တ မယူဘဲ မသန့်ရှင်းသော လမ်းစဉ်ကို လိုက်သူများသည် ဘုရားသခင့် နိုင်ငံတော်အစိုးရ၏ ကောင်းချီးများ မခံစားရဘဲ ဖယ်ရှားခံရမည်။ ထိုကဲ့သို့သော ဆိုးသွမ်းသည့် အကျင့်အားလုံးသည် “ဣသရေလလူမျိုး၏ သန့်ရှင်းသော အရှင်” အား ထိတ်လန့်ဖွယ် စော်ကားမှုတစ်ရပ် ဖြစ်သည်။—ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၅:၆-၁၁; ၆:၉၊ ၁၀။
ခြေဖဝါးမှ ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ
၁၁၊ ၁၂။ (က) ယုဒလူမျိုး၏ အခြေအနေဆိုးကို ရှင်းပြပါ။ (ခ) ယုဒလူမျိုးအတွက် ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်မကောင်း မဖြစ်သင့်သနည်း။
၁၁ ဟေရှာယက ယုဒလူမျိုး၏ မကျန်းမာသော အခြေအနေကို ဖော်ပြကာ သူတို့နှင့် ဆင်ခြင်ရန် ထပ်၍ ကြိုးစားခဲ့ပြန်သည်။ သူ ဤသို့ ပြော၏– “သင်တို့သည် ထပ်ခါထပ်ခါ ဖောက်ပြန်ခြင်းဖြင့် အဘယ်ကြောင့် ဒဏ်ခံလိုသေးသနည်း။” [ကဘ] အမှန်မှာ သူတို့ကို ဟေရှာယ ဤသို့ မေးနေခြင်း ဖြစ်သည်– ‘ဒီလောက်တောင် ခံနေရတာ မမှတ်သေးဘူးလား။ ဆက်ပုန်ကန်ပြီး ဘာကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာရတာလဲ။’ ဟေရှာယ ဤသို့ ဆက်ပြော၏– “ဦးခေါင်းသည် အနာသက်သက် ရှိ၏။ နှလုံးသည်လည်း ခွန်အား အလျှင်း မရှိ။ ခြေဖဝါးမှ ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ။” (ဟေရှာယ ၁:၅၊ ၆က၊ သမ္မာ) ယုဒလူမျိုးသည် ရွံရှာဖွယ် အနာဆိုး စွဲကပ်နေသည့် အခြေအနေတွင် ရှိသည်—ခြေဖဝါးမှ ဦးခေါင်းတိုင်အောင် ဝိညာဉ်ရေး ကျန်းမာခြင်း မရှိ။ ကြောက်စရာကောင်းသော ရောဂါလက္ခဏာပင်!
၁၂ ယုဒလူမျိုးအတွက် ကျွန်ုပ်တို့ စိတ်မကောင်း ဖြစ်သင့်သလော။ လုံးဝ မဖြစ်သင့်ပါ! အစောပိုင်း ရာစုနှစ်ပေါင်းများစွာကတည်းက နာခံမှု မရှိလျှင် ခံစားရမည့် ဘေးနှင့်ပတ်သက်၍ ဣသရေလတစ်မျိုးလုံးကို သင့်တော်စွာ သတိပေးခဲ့ပြီး ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအနေနှင့် သူတို့ကို ဤသို့ ပြောခဲ့၏– “ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။” (တရားဟောရာ ၂၈:၃၅) ပုံဆောင်သဘောအရ ယုဒလူမျိုးသည် ခေါင်းမာသော လမ်းစဉ်၏ အကျိုးဆက်ကို ယခု ခံစားနေရပြီ။ အကယ်၍ ယုဒလူမျိုးသာ ဘုရားသခင်ကို နာခံခဲ့ကြမည်ဆိုလျှင် ဤအရာအားလုံးကို ရှောင်နိုင်ခဲ့မည်။
၁၃၊ ၁၄။ (က) ယုဒလူမျိုးအပေါ်တွင် အဘယ် ထိခိုက်ဒဏ်ရာများ ရသွားသနည်း။ (ခ) ယုဒလူမျိုး ခံရသည့် ဝေဒနာများက သူ၏ ပုန်ကန်သည့် လမ်းစဉ်ကို ပြန်ပြောင်းဆင်ခြင်စေခဲ့သလော။
၁၃ ဟေရှာယက ယုဒလူမျိုး၏ သနားစဖွယ် အခြေအနေကို ဤသို့ ဆက်ဖော်ပြ၏– “စုတ်ရှသောအနာ၊ ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသော အနာသက်သက် ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့် မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရသေး။” (ဟေရှာယ ၁:၆ခ) ဤတွင် ပရောဖက်က ဒဏ်ရာသုံးမျိုးအကြောင်း ဖော်ပြသည်– စုတ်ရှသောအနာ (ဓားဒဏ်ရာ သင့်သူများကဲ့သို့သော ရှနာ)၊ ထိခိုက်၍ ရောင်သောအနာ (အရိုက်ခံရခြင်းကြောင့် ရောင်နေသည့်အနာ)၊ ရိယွဲသောအနာ (ကုသ၍ မရနိုင်ပုံပေါက်သော မကြာသေးမီက ရထားသည့် ဟပြဲအနာ) တို့ ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ရစရာ မရှိအောင် ဒဏ်ရာဒဏ်ချက်များဖြင့် ဆိုးဆိုးဝါးဝါး အပြစ်ပေးခံထားရသူကို မြင်ယောင်လာစေရန် ဖော်ပြခြင်း ဖြစ်သည်။ ယုဒ၏ အခြေအနေသည် အမှန်ပင် ဆိုးရွားလှသည်။
၁၄ ယုဒ၏ အလွန် ဆိုးရွားသော အခြေအနေက ယေဟောဝါထံ ပြန်လှည့်ရန် သူ့အား လှုံ့ဆော်ပေးပါသလော။ မပေးပါ! ယုဒသည် သုတ္တံ ၂၉:၁ တွင် ဖော်ပြထားသည့် ပုန်ကန်သူနှင့် တူသည်– “အထပ်ထပ် ဆုံးမခြင်းကို ခံသော်လည်း မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာ မရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။” ဤလူမျိုးသည် လက်လွှတ်လိုက်ရတော့မည့်ပုံ ပေါက်နေသည်။ ဟေရှာယက ဤသို့ပင် မြင်ကြောင်း သူ၏ အနာကို “မနှိပ်မနယ်ရ။ အဝတ်နှင့် မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရ” ဟု ဆို၏။b တစ်နည်းအားဖြင့်ဆိုလျှင် ယုဒသည် ပတ်တီး စည်းမထားသော တစ်ကိုယ်လုံးအနှံ့ ပေါက်နေသည့် ဟပြဲနေသော အနာနှင့် တူသည်။
၁၅။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး ဖျားနာမှုမှ အဘယ်နည်းများဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်သနည်း။
၁၅ ယုဒလူမျိုးထံမှ သင်ခန်းစာ ယူကာ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး ဖျားနာမှုကို သတိထားရမည်။ ယင်းသည် ကာယရေး ဖျားနာမှုကဲ့သို့ပင် ကျွန်ုပ်တို့ မည်သူ့တွင်မဆို ဖြစ်နိုင်သည်။ အမှန်သော် ကျွန်ုပ်တို့ထဲတွင် ဇာတိအလိုဆန္ဒများဖြင့် လွှမ်းမိုးမခံရသူ မည်သူ ရှိသနည်း။ လောဘကြီးခြင်းနှင့် အလွန်အကျွံ ပျော်ပါးလိုသည့် ဆန္ဒသည် ကျွန်ုပ်တို့၏ နှလုံးများတွင် အမြစ်စွဲနေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ဆိုးညစ်သော အမှုကို စက်ဆုပ်ရွံရှာ” ပြီး “ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ်ကြ” ရန် မိမိကိုယ်ကို လေ့ကျင့်ပေးဖို့ လိုသည်။ (ရောမ ၁၂:၉) ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် ဘုရားသခင့် ဝိညာဉ်အသီး သီးဖို့လည်း လိုသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုသို့ပြုလုပ်ခြင်းဖြင့် ယုဒလူမျိုးတွင် ဘေးသင့်ခဲ့သော—ဦးခေါင်းမှ ခြေဖဝါးတိုင် ဝိညာဉ်ရေး ဖျားနာနေသည့် အခြေအနေမျိုးကို ကျွန်ုပ်တို့ ရှောင်နိုင်မည်။
လူဆိတ်ညံလျက်ရှိသော ပြည်
၁၆။ (က) ယုဒပြည်၏ အခြေအနေကို ဟေရှာယ မည်သို့ ဖော်ပြသနည်း။ (ခ) အချို့သူများက ထိုစကားများသည် အာခတ် နန်းစံချိန်အတွင်း ပြောဆိုခဲ့ခြင်း ဖြစ်နိုင်သည်ဟု အဘယ်ကြောင့် ဆိုကြသနည်း၊ သို့သော် ၎င်းကို ကျွန်ုပ်တို့ မည်သို့ နားလည်နိုင်သနည်း။
၁၆ ယခု ဟေရှာယက ရောဂါကုထုံးဆိုင်ရာ ဥပမာအကြောင်းမှ ယုဒနယ်၏ လွင်တီးခေါင် အခြေအနေဆီသို့ စကားဦး လှည့်လိုက်သည်။ သူသည် စစ်မြေပြင်တစ်ခုကို စူးစိုက်ကြည့်နေဘိသကဲ့သို့ ဤသို့ ပြောသည်– “သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌ စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့ လူဆိတ်ညံလျက်ရှိ၏။” (ဟေရှာယ ၁:၇) ကျမ်းပညာရှင်အချို့က ဤစကားများကို ဟေရှာယကျမ်း အစပိုင်းတွင် တွေ့ရခြင်း ဖြစ်သော်လည်း မင်းဆိုးအာခတ် နန်းစံချိန်အတွင်း ဖြစ်နိုင်သည့် ပရောဖက်လုပ်ငန်း နှောင်းပိုင်းမှ မြွက်ကြားခဲ့ဖွယ် ရှိသည်ဟု ဆိုကြသည်။ သူတို့က ဩဇိမင်း အုပ်စိုးချိန်သည် အလွန် စည်ပင်ဝပြောရကား ထိုသို့သော လွင်တီးခေါင် အခြေအနေသည် ထိုမင်းအချိန်တွင် မဖြစ်နိုင်ဟု ဆိုကြသည်။ ဟေရှာယကျမ်းကို သက္ကရာဇ်စဉ်အတိုင်း စုဆောင်းရေးသားခြင်း ဟုတ်မဟုတ်ကို တပ်အပ် မပြောနိုင်သည်မှာ မှန်၏။ သို့ရာတွင် ပျက်စီးခြင်းနှင့်ပတ်သက်သော ဟေရှာယ၏ စကားများသည် ပရောဖက်ပြုချက် ဖြစ်နိုင်ဖွယ် ရှိသည်။ အထက်ပါစကားကို ပြောရာတွင် ကျမ်းစာ၏ အခြားနေရာများတွင်တွေ့ရသော နည်းတစ်ခုကို အသုံးပြုနေခြင်း ဖြစ်ဖို့ အကြောင်းများသည်—ထိုနည်းမှာ ပရောဖက်ပြုချက် ပြည့်စုံမည် သေချာကြောင်း အလေးအနက် ဖော်ပြရန် အနာဂတ်တွင် ဖြစ်မည့် အဖြစ်အပျက်တစ်ခုကို ဖြစ်ပြီးသွားဘိသကဲ့သို့ ဖော်ပြခြင်း ဖြစ်သည်။—ဗျာဒိတ် ၁၁:၁၅ နှိုင်းယှဉ်။
၁၇။ ပျက်စီးခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက် စကားများသည် ယုဒလူမျိုးအတွက် အဘယ်ကြောင့် အံ့အားသင့်စရာ မဖြစ်သင့်သနည်း။
၁၇ မည်သို့ပင်ဆိုစေကာမူ ယုဒပြည်ပျက်စီးခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက် စကားများသည် ခေါင်းမာပြီး နာခံမှု မရှိသည့် ဤလူမျိုးအတွက် အံ့အားသင့်စရာ မဖြစ်သင့်ပေ။ ပုန်ကန်မည်ဆိုလျှင် အဘယ်အရာ ဖြစ်ပျက်မည်ကို လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက သူတို့အား ယေဟောဝါ သတိပေးခဲ့ပြီး ဖြစ်သည်။ ကိုယ်တော် ဤသို့ မိန့်တော်မူခဲ့၏– “တစ်ပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသော အမှုကို ထိုပြည်၌ နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။ သာသနာပ လူတို့တွင် သင်တို့ကို အရပ်ရပ် ငါ ကွဲပြားစေ၍ ဓားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက် မြို့သည်လည်း ပျက်စီးလျက် ရှိလိမ့်မည်။”—ဝတ်ပြုရာ ၂၆:၃၂၊ ၃၃; ၃ ဓမ္မရာဇဝင် ၉:၆-၈။
၁၈-၂၀။ ဟေရှာယ ၁:၇၊ ၈ ပါ စကားများသည် အဘယ်အချိန်တွင် ပြည့်စုံခဲ့သနည်း၊ ယေဟောဝါသည် အဘယ်နည်းဖြင့် ထိုအချိန်က ‘အနည်းငယ်ကို ကျန်ကြွင်း’ စေသနည်း။
၁၈ ဟေရှာယ ၁:၇၊ ၈ မှ စကားများသည် အာရှုရိ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဣသရေလပြည် ဖျက်ဆီးခံရပြီး ယုဒပြည် အနှံ့အပြားကို ဖျက်ဆီး၍ ဆင်းရဲစေခဲ့သော အချိန်တွင် ပြည့်စုံခဲ့ပုံရသည်။ (၄ ဓမ္မရာဇဝင် ၁၇:၅၊ ၁၈; ၁၈:၁၁၊ ၁၃; ၂ ရာဇဝင်ချုပ် ၂၉:၈၊ ၉) သို့သော် ယုဒပြည်သည် အကုန်အစင် သုတ်သင်ပယ်ရှင်းခြင်း မခံရပါ။ ဟေရှာယ ဤသို့ ဆို၏– “ဇိအုန်သတို့သမီးသည်လည်း စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသော မြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။”—ဟေရှာယ ၁:၈။
၁၉ ဖျက်ဆီးခြင်းကြားမှပင် “ဇိအုန်သတို့သမီး၊” ယေရုရှလင်မြို့သည် ရပ်တည်ကျန်ရစ်မည်။ သို့သော် အလွန် အားနွဲ့နေပုံ ပေါက်နေမည်—စပျစ်ခြံအတွင်းမှ တဲပုတ် သို့မဟုတ် သခွားခင်းထဲမှ အစောင့်တဲကဲ့သို့ ဖြစ်သည်။ ၁၉ ရာစု ကျမ်းပညာရှင်တစ်ဦး နိုင်းလ်မြစ်ကို စုန်၍ သွားသည့် ခရီးတစ်ခုတွင် “မြောက်လေပြန်မှုကို အန်တုနေသည့် စည်းရိုးကလေး” နှင့်တူသော တဲများကို သူတွေ့သည့်အခါ ဟေရှာယ၏ စကားများကို ပြန်အမှတ်ရခဲ့သည်။ ယုဒပြည်တွင် ကောက်ရိတ်ပြီးသွားသည့်အခါ ထိုတဲများသည် အလိုလို တစ်စစီ ပြုတ်ကျကာ ပြိုပျက်သွားလေသည်။ သို့သော် ယေရုရှလင်မြို့သည် တိုက်ပွဲတိုင်း အောင်သော အာရှုရိစစ်တပ်အမြင်တွင် ခနော်ခနဲ့ပုံ ပေါက်သော်လည်း ကပ်ဘေးမှ လွတ်မြောက်မည်။
၂၀ ဟေရှာယက ထိုပရောဖက်ပြုချက်စကားကို ဤသို့ အဆုံးသတ်ထား၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။” (ဟေရှာယ ၁:၉)c နောက်ဆုံးတွင် ယေဟောဝါသည် အာရှုရိ၏ တန်ခိုးအင်အားလက်မှ ယုဒကို အကူအညီ ပေးမည်။ သောဒုံ၊ ဂေါမောရနှင့် မတူဘဲ ယုဒပြည်သည် လုံးဝ ပျောက်ပျက်သွားမည် မဟုတ်ပါ။ ဆက်၍ တည်ရှိနေမည်။
၂၁။ ယေရုရှလင်မြို့ကို ဗာဗုလုန် ဖျက်ဆီးပြီးနောက် ယေဟောဝါသည် အဘယ်ကြောင့် ‘အနည်းငယ်ကို ကျန်ကြွင်းစေ’ ခဲ့သနည်း။
၂၁ နှစ်ပေါင်း ၁၀၀ ကျော် ကြာပြီးနောက်၊ ယုဒသည် ထပ်၍ ခြိမ်းခြောက်ခံရပြန်သည်။ လူများတို့သည် အာရှုရိကြောင့် ခံခဲ့ရသည့် အပြစ်ဒဏ်မှ သင်ခန်းစာ မယူခဲ့ကြပါ။ သူတို့သည် “ဘုရားသခင်၏ တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲ” ခဲ့ကြသည်။ ရလဒ်အနေနှင့် “ထာဝရဘုရား၏ အမျက်တော် မငြိမ်းနိုင်အောင် မိမိလူမျိုးကို ထွက်” ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၆) ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်အပေါ် အောင်ပွဲခံအနိုင်ရခဲ့ပြီး ဤအကြိမ်တွင် ‘စပျစ်ဥယျာဉ်မှ တဲကဲ့သို့’ သော အဘယ်အရာမျှ မကျန်ကြွင်းခဲ့ပါ။ ယေရုရှလင်မြို့ပင် ဖျက်ဆီးခံခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) သို့တိုင် ယေဟောဝါသည် ‘အနည်းငယ်ကို ကျန်ကြွင်းစေ’ ခဲ့သည်။ ယုဒလူမျိုးတို့သည် အနှစ် ၇၀ ကြာ ပြည်နှင်ဒဏ်ကို ကြံ့ကြံ့ခံခဲ့ရသော်လည်း ဤလူမျိုးနှင့် အထူးသဖြင့် ကတိထားရာ မေရှိယ ပေါ်ထွက်စေမည့် ဒါဝိဒ်၏ မျိုးဆက်ကို ဆက်၍ တည်ရှိစေမည်ဟု ယေဟောဝါ စိတ်ချစေခဲ့သည်။
၂၂၊ ၂၃။ ပထမရာစုတွင် ယေဟောဝါသည် အဘယ်ကြောင့် ‘အနည်းငယ်ကို ကျန်ကြွင်းစေ’ ခဲ့သနည်း။
၂၂ ပထမရာစု၌ ဣသရေလလူမျိုးသည် ပဋိညာဉ်ပြုထားသော ဘုရားသခင်၏ လူမျိုးအဖြစ် အကြီးမားဆုံး အကျပ်အတည်းကို နောက်ဆုံး ကြုံတွေ့ခဲ့ရသည်။ ယေရှုက မိမိသည် ကတိထားရာ မေရှိယ ဖြစ်ကြောင်း ဖော်ပြသည့်အခါ လူများသည် ကိုယ်တော်ကို ငြင်းပယ်ခဲ့ကြသည်၊ ရလဒ်အနေနှင့် ယေဟောဝါ သူတို့ကို ငြင်းပယ်ခဲ့သည်။ (မဿဲ ၂၁:၄၃; ၂၃:၃၇-၃၉; ယောဟန် ၁:၁၁) ၎င်းက မြေကြီးပေါ်တွင် ယေဟောဝါ၌ အထူးလူမျိုး ရှိနေခြင်းကို အဆုံးသတ်စေခဲ့သလော။ မဟုတ်ပါ။ တမန်တော်ပေါလုက ဟေရှာယ ၁:၉ သည် နောက်ထပ် ပြည့်စုံချက် ရှိဦးမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။ စက်ပ်တွားဂျင့်ကျမ်းကို ကိုးကားကာ သူ ဤသို့ ရေးခဲ့၏– “ဟေရှာယသည် အထက်က ဆိုပြန်သည်ကား ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော် မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။’ ”—ရောမ ၉:၂၉။
၂၃ ဤအကြိမ်တွင် အသက်ရှင်ကျန်ရစ်သူများမှာ ယေရှုခရစ်ကို ယုံကြည်ကြသော ဘိသိက်ခံ ခရစ်ယာန်များ ဖြစ်သည်။ ဦးဆုံး သူတို့သည် ယုံကြည်သူဂျူးများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ယုံကြည်သူ တစ်ပါးအမျိုးသားများ ပူးပေါင်းပါဝင်လာသည်။ သူတို့အားလုံးကို စုပေါင်း၍ ဣသရေလလူမျိုးသစ်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြစ်လာသည်။ (ဂလာတိ ၆:၁၆; ရောမ ၂:၂၉) ဤ ‘မျိုးဆက်’ သည် စီ.အီး. ၇၀၊ ဂျူးအစီအစဉ်စနစ်ကို ဖျက်ဆီးခြင်းဘေးမှ ကပ်ကျော်ခဲ့သည်။ အမှန်ပင်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” သည် ယနေ့ ကျွန်ုပ်တို့နှင့်အတူ ရှိနေဆဲ ဖြစ်သည်။ ယခုအချိန်တွင် “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့ [“လူအုပ်ကြီး၊” ကဘ]” ဖြင့် ဖွဲ့စည်းထားသည့် သန်းနှင့်ချီသော ယုံကြည်သူများသည် သူတို့နှင့် ပူးပေါင်းလာကြပြီ။—ဗျာဒိတ် ၇:၉။
၂၄။ ကျွန်ုပ်တို့အားလုံးသည် လူသားများ၏ အကြီးမားဆုံး အကျပ်အတည်းအချိန်တွင် လွတ်မြောက်လိုပါက အဘယ်အရာကို သတိပြုသင့်သနည်း။
၂၄ ဤလောကသည် မကြာမီ အာမဂေဒုန်စစ်ပွဲနှင့် ရင်ဆိုင်ရတော့မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ၎င်းသည် ယုဒနိုင်ငံကို ချင်းနင်းတိုက်ခိုက်ခဲ့ကြသော အာရှုရိ သို့မဟုတ် ဗာဗုလုန်ထက် ပို၍ ကြီးကျယ်မည် ဖြစ်ပြီး စီ.အီး. ၇၀ တွင် ယုဒပြည်ကို သိမ်းရုန်းဖျက်ဆီးခဲ့သည့် ရောမထက်ပင် ပို၍ ကြီးမားမည် ဖြစ်သည့်တိုင် ကပ်ကျော်သူ ရှိဦးမည်။ (ဗျာဒိတ် ၇:၁၄) ထို့ကြောင့် အားလုံးသည် ယုဒလူမျိုးကို ပြောခဲ့သော ဟေရှာယ၏ စကားများကို ဂရုတစိုက် စဉ်းစားဆင်ခြင်ရန် အလွန်ပင် အရေးကြီးသည်! ၎င်းစကားများသည် ထိုအချိန်က သစ္စာရှိသူများအား ကယ်တင်ခြင်း ရစေခဲ့သည်။ ထို့ပြင် ယနေ့ ယုံကြည်သူများအတွက် ကယ်တင်ခြင်းကို ဖြစ်စေနိုင်သည်။
[အောက်ခြေမှတ်ချက်]
a ယင်း၏ ရှေ့နောက်စကားအရ “ဣသရေလအမျိုးသားတို့” ဟူသည် ယုဒနှစ်နွယ်နိုင်ငံကို ရည်ညွှန်းသည်။
b ဟေရှာယ၏ စကားများက သူ့ခေတ်ရှိ ဆေးကုထုံးကို ဖော်ပြ၏။ ကျမ်းစာသုတေသီ အီး. အိပ်ချ်. ပလန်တာက ဤသို့ဖော်ပြ၏– “ပြည်တည်နေသည့် အနာကို ‘အနာကျက်စေရန်’ အဆင့်ဆင့် ပြုလုပ်ရာတွင် ဦးဆုံး ပြည်များကို ထုတ်ပစ်ရသည်; ထို့နောက် ဟေဇကိ၏ အဖြစ်အပျက်အတိုင်း (အခန်း ၃၈ အငယ် ၂၁)၊ ယင်းကို အနာအုံဆေးနှင့် အုံကာ ‘စည်းထား’ လိုက်သည်၊ ထို့နောက် လုကာ အခန်း ၁၀ အငယ် ၃၄ တွင် ဖော်ပြသကဲ့သို့ အနာခွက်များကို သန့်စင်ပေးရန် လိမ်းဆေးအဆီ သို့မဟုတ် ဆေးဖယောင်းချက် ဖြစ်ဖွယ်ရှိသည့် အဆီနှင့် ဝိုင်တို့ကို အသုံးပြုသည်။”
c စီ. အက်ဖ်. ကိုင်လ်နှင့် အက်ဖ်. ဒဲလစ်ရှ်တို့၏ ဓမ္မဟောင်းကျမ်းအပေါ် အကျယ်ဖွင့်ခြင်း စာအုပ်၌ ဤသို့ဆို၏– “ဤတွင် ပရောဖက်၏ ဟောပြောချက် တစ်ကန့် ဆုံးသွားသည်။ ကျမ်းစာထဲတွင် အခန်းငယ် ၉ နှင့် ၁၀ ကြား၌ နေရာခြားထားခြင်းဖြင့် ဤနေရာမှ စ၍ အကန့်နှစ်ကန့် ခွဲလိုက်ကြောင်း ဖော်ပြ၏။ အပိုင်းအကန့်ကြီးကြီးငယ်ငယ်ကို နေရာခြားထား၍ဖြစ်စေ၊ စာကြောင်းကို ဖြတ်လိုက်ခြင်းဖြင့်ဖြစ်စေ ဤသို့ ခွဲခြားသည့်နည်းသည် သရအမှတ်အသားပြခြင်း၊ အသံထွက်အမှတ်အသားပြခြင်းထက် ပို၍ ရှေးကျပြီး ရှေးအကျဆုံး ထုံးစံပေါ်တွင် အခြေခံသည်။”