အခန်း နှစ်ဆယ့်တစ်
ယေဟောဝါ၏ လက်တော်ကို ချီမြှောက်တော်မူ၏
၁။ ဟေရှာယသည် ယေဟောဝါအား အဘယ်ကြောင့် တန်ဖိုးထားလေးမြတ်သနည်း။
ဟေရှာယသည် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးပြီး ကိုယ်တော်အား ချီးမွမ်းနေရခြင်းကို ပျော်မွေ့သည်။ သူဤသို့ ကြွေးကြော်၏– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။” အဘယ်အရာကြောင့် ပရောဖက်တွင် ဖန်ဆင်းရှင်အပေါ် ထိုကဲ့သို့သော တန်ဖိုးထားလေးမြတ်မှု ရှိလာစေသနည်း။ အဓိကအချက်တစ်ခုမှာ ယေဟောဝါနှင့် ကိုယ်တော့် လုပ်ဆောင်မှုများနှင့်ပတ်သက်သော သူ၏ အသိပညာ ဖြစ်သည်။ ဟေရှာယ ဆက်ပြောသော စကားများက ယင်းအသိပညာကို ဖော်ပြ၏– “အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။” (ဟေရှာယ ၂၅:၁) သူ့မတိုင်ခင်က ရှိခဲ့သော ယောရှုကဲ့သို့ပင် ဟေရှာယအနေနှင့် ယေဟောဝါသည် သစ္စာရှိပြီး ယုံကြည်စိတ်ချထိုက်သည်၊ ကိုယ်တော်၏ “အကြံတော်”—ကိုယ်တော် ရည်ရွယ်ထားသည့်အရာများ—အားလုံး ပြည့်စုံလာကြောင်းကို သိထားသည်။—ယောရှု ၂၃:၁၄။
၂။ ယခု ဟေရှာယသည် ယေဟောဝါ၏ အဘယ်အကြံတော်ကို ကြေညာပြီး ဤအကြံတော်၏ ရည်မှန်းချက်ကား အဘယ်အရာ ဖြစ်နိုင်သနည်း။
၂ ယေဟောဝါ၏ အကြံတော်များထဲတွင် ဣသရေလလူမျိုး၏ ရန်သူများကို တရားစီရင်ခြင်း ကြေညာချက်များ ပါဝင်သည်။ ယခု ဟေရှာယက ယင်းတို့ထဲမှ တစ်ခုအကြောင်း ဤသို့ ကြေညာ၏– “မြို့ကို အမှိုက်ပုံ [“ကျောက်ပုံ၊” ကဘ]၊ ခိုင်ခံ့သော မြို့ကို ဖြိုဖျက်ရာ ဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။” (ဟေရှာယ ၂၅:၂) ဤအမည်မဖော်ပြထားသော မြို့သည် မည်သည့်မြို့ ဖြစ်သနည်း။ ဟေရှာယသည် ဘုရားသခင့် လူမျိုးတော်၏ ရန်သူအဖြစ် ကြာမြင့်စွာ တည်ရှိခဲ့သော မောဘပြည် အာရမြို့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။a သို့မဟုတ် အခြားခိုင်ခံ့သောမြို့ ဖြစ်သည့် ဗာဗုလုန်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။—ဟေရှာယ ၁၅:၁; ဇေဖနိ ၂:၈၊ ၉။
၃။ ယေဟောဝါ၏ ရန်သူများသည် အဘယ်နည်းဖြင့် ကိုယ်တော့်အား ချီးမွမ်းကြသနည်း။
၃ ၎င်းတို့၏ ခိုင်ခံ့သော မြို့ကို နှိမ်နင်းမည့် ယေဟောဝါ၏ အကြံတော် ဖြစ်မြောက်လာသည့်အခါ ကိုယ်တော်၏ ရန်သူများ မည်သို့ တုံ့ပြန်ကြမည်နည်း။ “အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။” (ဟေရှာယ ၂၅:၃) အနန္တတန်ခိုးရှင်၏ ရန်သူများသည် ကိုယ်တော်ကို ကြောက်ရွံ့မည်ဆိုလည်း ကြောက်ရွံ့လောက်ပေသည်။ သို့သော် သူတို့သည် ကိုယ်တော်အား မည်သို့ ချီးမွမ်းကြသနည်း။ မိမိတို့၏ မှောက်မှားသော ဘုရားများကို စွန့်ပြီး စင်ကြယ်သော ဝတ်ပြုရေးကို လက်ခံလာကြမည်လော။ ဝေးလေစွ! ယင်းအစား ဖာရောနှင့် နေဗုခဒ်နေဇာတို့ကဲ့သို့ ကိုယ်တော်၏ အတိုင်းထက်အလွန် သာလွန်မှုကြောင့် မလွဲမရှောင်သာ အသိအမှတ်ပြုလိုက်ရသောအခါ ယေဟောဝါအား သူတို့ ချီးမွမ်းကြ၏။—ထွက်မြောက်ရာ ၁၀:၁၆၊ ၁၇; ၁၂:၃၀-၃၃; ဒံယေလ ၄:၃၇။
၄။ ယနေ့ အဘယ် “ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့” တည်ရှိသနည်း၊ သူမပင် ယေဟောဝါကို မည်သို့ ချီးမွမ်းရသနည်း။
၄ ယနေ့ “ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့” သည် “လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီး” တစ်နည်းအားဖြင့် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၊ “မဟာဗာဗုလုန်” ဖြစ်သည်။ (ဗျာဒိတ် ၁၇:၅၊ ၁၈) ဤအင်ပါယာ၏ အဓိကအစိတ်အပိုင်းမှာ ခရစ်ယာန်ဘောင် ဖြစ်သည်။ ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်များသည် ယေဟောဝါကို မည်သို့ ချီးမွမ်းကြသနည်း။ မိမိသက်သေခံများ၏ အကျိုးအတွက် ကိုယ်တော် ဆောင်ရွက်ပေးခဲ့သော အံ့ဖွယ်အမှုများ အမှန် ဖြစ်နေသည်ကို အခံရခက်ခက်နှင့် ဝန်ခံခြင်းအားဖြင့် ဖြစ်သည်။ အထူးသဖြင့် ယေဟောဝါ၏ ကျေးကျွန်များသည် မဟာဗာဗုလုန်တွင် ဝိညာဏသုံ့ပန်း ဖြစ်နေရခြင်းမှ လွတ်မြောက်ပြီးနောက် အားမာန်တက်ကြွစွာ ပြန်လည်လုပ်ဆောင်စေခဲ့သော ၁၉၁၉ ခုနှစ်တွင် ထိုခေါင်းဆောင်များသည် “ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ချီးမွမ်း” ခဲ့ကြသည်။—ဗျာဒိတ် ၁၁:၁၃။b
၅။ ယေဟောဝါအား အကြွင်းမဲ့ ကိုးစားသူများကို ကိုယ်တော် မည်သို့ ကာကွယ်တော်မူသနည်း။
၅ ကိုယ်တော့်ရန်သူများဘက်မှ ကြည့်လျှင် ယေဟောဝါသည် ကြောက်ဖွယ်ကောင်းသော်လည်း ကိုယ်တော်အား ဝတ်ပြုကိုးကွယ်လိုသော စိတ်နူးညံ့သိမ်မွေ့၊ နှိမ့်ချသူများအတွက်မူ ကိုယ်တော်သည် ခိုလှုံရာ ဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေး မင်းဆိုးမင်းညစ်များသည် စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများ၏ ယုံကြည်ခြင်းကို ဖြိုဖျက်ရန် နည်းမျိုးစုံ ကြိုးစားမည် ဖြစ်သော်လည်း ဤသူများသည် ယေဟောဝါအား အကြွင်းမဲ့ ကိုးစားခြင်းကြောင့် သူတို့ အောင်မြင်ကြမည် မဟုတ်ပါ။ ပူပြင်းတောက်လောင်နေသည့် နေအရှိန်ကို မိုးတိမ်ဖြင့် ကွယ်လိုက်သကဲ့သို့၊ မိုးသက်မုန်တိုင်းအရှိန်ကို နံရံတစ်ခုဖြင့် ဆီးတားပေးလိုက်သကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြင့် နောက်ဆုံးတွင် ကိုယ်တော်သည် မိမိအား အန်တုသူများကို အလွယ်တကူ အသံတိတ်သွားစေသည်။—ဟေရှာယ ၂၅:၄၊ ၅ ဖတ်။
‘လူခပ်သိမ်းအတွက် စားသောက်ပွဲကြီး’
၆၊ ၇။ (က) မည်သို့သော စားသောက်ပွဲကို ယေဟောဝါ တည်ခင်းပေးသနည်း၊ မည်သူတို့အတွက်နည်း။ (ခ) ဟေရှာယ ပရောဖက်ပြုခဲ့သည့် စားသောက်ပွဲကြီးသည် အဘယ်အရာ၏ ရှေ့ပြေးအရိပ် ဖြစ်သနည်း။
၆ မေတ္တာရှိသော ဖခင်တစ်ဦးကဲ့သို့ပင် ယေဟောဝါသည် မိမိ၏ သားသမီးများကို အကာအကွယ် ပေးရုံမျှသာမကဘဲ အထူးသဖြင့် ဝိညာဏ နည်းလမ်းဖြင့်လည်း ကျွေးမွေးတော်မူသည်။ ၁၉၁၉ တွင် မိမိ၏ လူမျိုးကို အချုပ်အနှောင်မှ လွတ်မြောက်စေပြီးနောက် ကိုယ်တော်သည် ဝိညာဏအစာ အလျှံပယ်ပါသည့် အောင်ပွဲခံ စားသောက်ပွဲကြီးတစ်ခုကို သူတို့ရှေ့မှောက်၌ တည်ခင်းပေး၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲ တည်းဟူသော ဆူသော ခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာ စစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၆။
၇ စားသောက်ပွဲကြီးကို ယေဟောဝါ၏ “တောင်” ပေါ်တွင် တည်ခင်းထားသည်။ ထိုတောင်ကား အဘယ်နည်း။ “နောက်ဆုံးသော ကာလ၌” ခပ်သိမ်းသော လူမျိုးတို့ စုဝေးကြမည့် “ထာဝရဘုရား၏ အိမ်တော် တည်သောတောင်” ဖြစ်သည်။ ၎င်းသည် သစ္စာရှိ ဝတ်ပြုသူများကို ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း မရှိသည့် ယေဟောဝါ၏ “သန့်ရှင်းသောတောင်” ဖြစ်သည်။ (ဟေရှာယ ၂:၂; ၁၁:၉) ဤမြှင့်တင်ခံရသော ဝတ်ပြုရာနေရာတွင် ယေဟောဝါသည် သစ္စာရှိသူများအတွက် အလျှံပယ် စားသောက်ပွဲကြီးကို တည်ခင်းပေးထားသည်။ ယခု ရက်ရောစွာ ထောက်ပံ့ပေးထားသော ဝိညာဉ်ရေးဆိုင်ရာ ကောင်းသောအရာများက ဘုရားသခင့် နိုင်ငံတော်သည် လူသားများအတွက် တစ်ခုတည်းသော အစိုးရ ဖြစ်လာသည့်အခါ ပြင်ဆင်ပေးမည့် ကာယရေးဆိုင်ရာ ကောင်းသောအရာများ၏ အကြိုရှေ့ပြေး ဖြစ်သည်။ ထိုအချိန်တွင် ငတ်မွတ်ခြင်း ရှိမည် မဟုတ်ပါ။ “ပြည်တော်၌ များစွာသော စပါး ရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၈၊ ၁၆။
၈၊ ၉။ (က) လူသားများ၏ အဘယ်ကြီးမားသော ရန်သူနှစ်ပါးသည် ပယ်ရှင်းခြင်းခံရမည်နည်း။ ရှင်းပြပါ။ (ခ) ဘုရားသခင်သည် မိမိလူမျိုး ခံရသော ကဲ့ရဲ့ရှုတ်ချမှုကို ဖယ်ရှားရန် အဘယ်အရာ ပြုတော်မူမည်နည်း။
၈ ယခုအချိန်တွင် ဘုရားသခင် ပြင်ဆင်ပေးသော ဝိညာဏ အစားအစာများကို ပါဝင်သုံးဆောင်သူများအတွက် ခမ်းနားထည်ဝါသော အလားအလာများ ရှိသည်။ ဟေရှာယ ဆက်ပြောသော စကားများကို နားထောင်ကြည့်ပါ။ အပြစ်နှင့် သေခြင်းကို အသက်ရှူကျပ်စေသော “တဘက်” သို့မဟုတ် “မျက်နှာဖုံး” နှင့် နှိုင်းယှဉ်ကာ ဤသို့ ဆိုထား၏– “လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ် [“တဘက်၊” သမ] ကိုလည်းကောင်း ဤတောင်ပေါ်မှာ [ယေဟောဝါ] ပယ်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၇၊ ၈က။
၉ မှန်ပါသည်၊ အပြစ်နှင့် သေခြင်း ရှိတော့မည် မဟုတ်! (ဗျာဒိတ် ၂၁:၃၊ ၄) ထို့ပြင် ယေဟောဝါ၏ ကျေးကျွန်များ နှစ်ထောင်နှင့်ချီ၍ သည်းခံခဲ့ရသော မဟုတ်မမှန် ကဲ့ရဲ့ရှုတ်ချမှုများ ကွယ်ပျောက်သွားမည်။ “ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။” (ဟေရှာယ ၂၅:၈ခ) မည်သို့ ဖြစ်လာမည်နည်း။ ယေဟောဝါသည် ထိုကဲ့ရဲ့ရှုတ်ချမှု၏ ရင်းမြစ် ဖြစ်သော စာတန်နှင့် သူ၏ မျိုးနွယ်ကို ဖယ်ရှားပစ်မည်။ (ဗျာဒိတ် ၂၀:၁-၃) ယေဟောဝါ၏ လူများသည် ဤသို့ ကြွေးကြော်ရန် လှုံ့ဆော်ခံရခြင်းသည် အံ့ဩစရာ မဟုတ်ပါ– “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့ မျှော်လင့်သော ငါတို့၏ ဘုရားသခင်ပေတည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ယေဟောဝါ ဖြစ်တော်မူ၏။ ကိုယ်တော်၌ ငါတို့သည် မျှော်လင့်လျက် နေကြပြီ။ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။”—ဟေရှာယ ၂၅:၉၊ ကဘ။
မာန်မာနကြီးသူများ နှိမ့်ချခံရ
၁၀၊ ၁၁။ ယေဟောဝါသည် မောဘအား အဘယ်သို့ ကြမ်းတမ်းစွာ ခံစေဖို့ စီစဉ်ထားသနည်း။
၁၀ စိတ်နှိမ့်ချကြောင်း တင်ပြသည့် မိမိ၏ လူများကို ယေဟောဝါ ကယ်တင်တော်မူ၏။ သို့ရာတွင် ဣသရေလလူမျိုး၏ အိမ်နီးချင်း ဖြစ်သူ မောဘသည် မာန်မာနကြီးသည်၊ ယေဟောဝါသည် မာန်မာနထောင်လွှားခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ (သုတ္တံ ၁၆:၁၈) ထို့ကြောင့် မောဘသည် နှိမ့်ချခံရရန်အတွက် လျာထားခံရသည်။ “အကြောင်းမူကား ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ တည်လျက် ကောက်ရိုးသည် နောက်ချေးရွှံ့အိုင်၌ ချနင်းခြင်းခံရသကဲ့သို့ မောဘသည် ကိုယ့်နေရာတွင် ချနင်းခြင်းခံရလိမ့်မည်။ ရေကူးသောသူသည် ရေကူးခြင်းငှာ လက်ကို ဆန့်သကဲ့သို့ မောဘသည် အိုင်အလယ်တွင် လက်ဆန့်၍ လိမ္မာစွာ ပြုသော်လည်း သူ၏ မာနသည် နှိမ့်ချခြင်း ခံရလိမ့်မည်။ သူ၏ ခိုင်ခံ့မြင့်လှသော မြို့ရိုးကို မြေတိုင်အောင် မြေမှုန့်ထဲသို့ပင် ဖြိုချခြင်း ခံရလိမ့်မည်။”—ဟေရှာယ ၂၅:၁၀-၁၂၊ သမ္မာ။
၁၁ ယေဟောဝါ၏ လက်တော်သည် ကိုယ်တော်၏ သန့်ရှင်းသော တောင်ပေါ်တွင် အကာအကွယ် ပေးလျက် “တည်” လိမ့်မည်။ သို့သော် မာနကြီးသော မောဘသည် “နောက်ချေးရွှံ့ဗွက်၌” ချနင်းခြင်း ခံရမည်။ ဟေရှာယအချိန်က မြေသြဇာ ပြုလုပ်ရန် ကောက်ရိုးကို နောက်ချေးပုံတွင် ထည့်၍ နင်းနယ်ကြသည်; ထိုနည်းတူ မောဘပြည်သည် မြင့်မားပြီး လုံခြုံမှု ရှိသည်ဟု ထင်ရသည့် တံတိုင်းများ ရှိသော်လည်း နှိမ့်ချခံရမည် ဖြစ်ကြောင်း ဟေရှာယ ကြိုဟောခြင်း ဖြစ်သည်။
၁၂။ ယေဟောဝါ၏ တရားစီရင်ချက်ကို မောဘတစ်မျိုးတည်းအတွက် အဘယ်ကြောင့် ရွေးပြီး ကြေညာရသနည်း။
၁၂ ထိုကဲ့သို့သော ပြင်းထန်သည့် အကြံတော်တွင် မောဘတစ်မျိုးတည်းကို ယေဟောဝါ အဘယ်ကြောင့် ရွေးထုတ်ပတ်သက်စေရသနည်း။ မောဘလူမျိုးများသည် အာဗြဟံ၏ တူ၊ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူ လောတမှ ဆင်းသက်လာသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး၏ အိမ်နီးချင်းနိုင်ငံမျှသာ မဟုတ်ဘဲ ဆွေမျိုးလည်း တော်စပ်သည်။ သို့သော်လည်း သူတို့သည် မှောက်မှားသော ဘုရားများကို ဝတ်ပြုကိုးကွယ်ခဲ့ကြပြီး ဣသရေလလူမျိုး၏ ရန်သူအဖြစ် အခိုင်အမာ ရပ်တည်ခဲ့ကြသည်။ သူတို့ကြမ္မာကို သူတို့ ခံထိုက်သည်။ ဤနေရာတွင် မောဘသည် ယနေ့ ယေဟောဝါ ကျေးကျွန်များ၏ ရန်သူများနှင့် ဆင်တူသည်။ အထူးသဖြင့် သူမသည် ခရစ်ယာန်ဘောင်နှင့် တူသည်၊ ပထမရာစု ခရစ်ယာန် အသင်းတော်မှ ဆင်းသက်လာသည်ဟု ဆိုသော်လည်း အစောပိုင်းတွင် တွေ့ခဲ့ရသည့်အတိုင်း သူသည် မဟာဗာဗုလုန်၏ အဓိကအပိုင်း ဖြစ်နေသည်။
ကယ်တင်ခြင်းသီချင်း
၁၃၊ ၁၄။ ယနေ့အချိန်တွင် ဘုရားသခင့်လူမျိုး၌ အဘယ် “ခိုင်ခံ့သောမြို့” ရှိသနည်း၊ မည်သူတို့သည် အထဲဝင်ခွင့် ရကြသနည်း။
၁၃ ဘုရားသခင့် လူမျိုးကော မည်သို့နည်း။ ယေဟောဝါ၏ မျက်နှာသာနှင့် အကာအကွယ် ရရှိသည့်အတွက် အလွန် ဝမ်းသာကြပြီး သူတို့၏ အသံကို လွှင့်ကာ သီချင်းဆိုကြသည်။ “ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတ္တံ့သော စကားဟူမူကား ‘ငါတို့၌ ခိုင်ခံ့သောမြို့ ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုး ဝင်ပါစေ။’” (ဟေရှာယ ၂၆:၁၊ ၂) ဤစကားများသည် ရှေးအချိန်တွင် အမှန် ပြည့်စုံခဲ့ပြီး ဖြစ်သော်လည်း မျက်မှောက်ခေတ်အချိန်တွင်လည်း အထင်အရှား ပြည့်စုံချက် ရှိပြန်သည်။ ယေဟောဝါ၏ “ဖြောင့်မတ်သောလူမျိုး၊” ဝိညာဏ ဣသရေလသည် ခိုင်ခံ့သော၊ မြို့ကဲ့သို့သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ရွှင်လန်းရန်နှင့် သီချင်းဆိုရန်အတွက် အကြောင်းကောင်းပါတကား!
၁၄ ဤ “မြို့” အတွင်းသို့ မည်ကဲ့သို့သောသူများ ဝင်လာကြသနည်း။ သီချင်းထဲတွင် ဤသို့ အဖြေပေးထားသည်– “စိတ်နှလုံး တည်ကြည်သောသူတို့ ကိုယ်တော်၌ ကိုးစားသောကြောင့် လုံခြုံစွာ စောင့်ထိန်းတော်မူ၏။ ထာဝရဘုရား [“ဂျား ယေဟောဝါ၊” ကဘ] သည် နိစ္စအမြဲတည်သောကျောက် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၌ အစဉ်ကိုးစားကြလော့။” (ဟေရှာယ ၂၆:၃၊ ၄၊ သမ္မာ) ယေဟောဝါ ထောက်မပေးသော “စိတ်နှလုံး” မှာ ကိုယ်တော်၏ ဖြောင့်မတ်သော မူများကို နာခံလိုစိတ်၊ ဤလောက၏ ယက်ကန်ယက်ကန် ဖြစ်နေသော စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေးစနစ်များကို မဟုတ်ဘဲ ကိုယ်တော်အား ယုံကြည်ကိုးစားလိုစိတ် ဖြစ်သည်။ “ဂျား ယေဟောဝါ” တစ်ပါးတည်းသာ အားကိုးအားထားပြုနိုင်သော လုံခြုံမှုရှိသည့်ကျောက် ဖြစ်သည်။ ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားသူများသည် ကိုယ်တော်၏ ကာကွယ်ပေးမှုကို ရရှိပြီး “ငြိမ်သက်ခြင်းသက်သက်” တွင် ပျော်မွေ့ကြသည်။—သုတ္တံ ၃:၅၊ ၆; ဖိလိပ္ပိ ၄:၆၊ ၇။
၁၅။ ယနေ့ “မြင့်မြတ်သော မြို့” သည် မည်သို့ ရှုတ်ချခံခဲ့ရသနည်း၊ ‘ဆင်းရဲငတ်မွတ်သောသူတို့သည်’ အဘယ်နည်းဖြင့် ၎င်းကို နင်းကြသနည်း။
၁၅ ဘုရားသခင့် လူမျိုး၏ ရန်သူများ ကြုံတွေ့ရသည့်အရာနှင့် အခြားကြီး ခြားပါသည်! “မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော်မူ၏။ မြင့်မြတ်သော မြို့ကို ဖြို၍ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။” (ဟေရှာယ ၂၆:၅၊ ၆) ဤတွင်တစ်ဖန် ဟေရှာယက မောဘကို “မြင့်မြတ်သော မြို့” အဖြစ်ရည်ညွှန်းခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် အလွန့်အလွန် မာန်မာနကြီးသည့် ဗာဗုလုန်ကဲ့သို့သော အခြားမြို့တစ်မြို့ကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ မည်သည့်မြို့ကိုပင် ညွှန်းပါစေ ယေဟောဝါသည် “မြင့်မြတ်သော မြို့” ကို အခြေအနေ ပြောင်းပြန်ဖြစ်စေခဲ့ပြီး ကိုယ်တော်၏ “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့” သည် ၎င်းကို ခြေဖြင့် နင်းကြသည်။ ယနေ့အချိန်တွင် ဤပရောဖက်ပြုချက်သည် မဟာဗာဗုလုန်၊ အထူးသဖြင့် ခရစ်ယာန်ဘောင်နှင့် အလွန် ဆီလျော်သည်။ ၁၉၁၉ တွင် ဤ “မြင့်မြတ်သော မြို့” သည် ယေဟောဝါ၏ လူများ—နှိမ့်ချခြင်းခံရသောသူများ—ကို မလွဲမရှောင်သာ လွှတ်ပေးခဲ့ရပြီး ထိုလွတ်လာသူတို့က တစ်ဖန် မိမိတို့အား ချုပ်နှောင်ခဲ့သူများကို ခြေဖြင့် နင်းခဲ့ကြသည်။ (ဗျာဒိတ် ၁၄:၈) မည်သို့အားဖြင့်နည်း။ ယင်းအပေါ် ကျရောက်မည့် ရောက်ရှိလာတော့မည် ဖြစ်သော ယေဟောဝါ၏ လက်စားချေမှုအကြောင်းကို လူသိရှင်ကြား ကြေညာခြင်းအားဖြင့် ဖြစ်သည်။—ဗျာဒိတ် ၈:၇-၁၂; ၉:၁၄-၁၉။
ဖြောင့်မတ်ခြင်းနှင့် ယေဟောဝါ၏ “အောက်မေ့ဖွယ်ရာ” ကို လိုလားတောင့်တ
၁၆။ ဟေရှာယသည် ဆည်းကပ်ဝတ်ပြုခြင်းဆိုင်ရာ အဘယ် ပုံသက်သေကောင်းကို တင်ပြသနည်း။
၁၆ ဤအောင်ပွဲခံသီချင်း ဆိုပြီးနောက် ဟေရှာယက မိမိ၏ ဆည်းကပ်ဝတ်ပြုမှု အတိမ်အနက်နှင့် ဖြောင့်မတ်သော ဘုရားသခင်အား အမှုဆောင်ခြင်းမှ ရသည့် အကျိုးကျေးဇူးများကို ဖော်ပြသည်။ (ဟေရှာယ ၂၆:၇-၉ ဖတ်။) ပရောဖက်သည် ‘ယေဟောဝါအား မျှော်လင့်’ ပြီး ယေဟောဝါ၏ “အမည်” နှင့် “ဘွဲ့နာမတော် [“အောက်မေ့ဖွယ်ရာ၊” ကဘ]” ကို အလွန် တသလျက် ရှိသည့် ပုံသက်သေကောင်းကို တင်ပြသည်။ ယေဟောဝါ၏ ဘွဲ့နာမတော်မှာ အဘယ်နည်း။ ထွက်မြောက်ရာ ၃:၁၅ တွင် ဤသို့ဆို၏– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် . . . အစဉ် ငါ့အမည် ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ [“အောက်မေ့ဖွယ်ရာ၊” ကဘ]” ဖြစ်၏။” ဟေရှာယသည် ကိုယ်တော်၏ ဖြောင့်မတ်သော စံနှုန်းများ၊ နည်းလမ်းတော်များ အပါအဝင် ယေဟောဝါ၏ အမည်နှင့် ထိုအမည် ကိုယ်စားပြုရာအားလုံးကို မြတ်နိုးသည်။ ယေဟောဝါအပေါ် အလားတူ မေတ္တာပြုစုပျိုးထောင်သူများသည် ကိုယ်တော်၏ ကောင်းချီး ခံစားရမည်ကို စိတ်ချစေသည်။—ဆာလံ ၅:၈; ၂၅:၄၊ ၅; ၁၃၅:၁၃; ဟောရှေ ၁၂:၅။
၁၇။ လူဆိုးတို့သည် အဘယ် အခွင့်အရေးများကို ခံစားခွင့်ရမည် မဟုတ်သနည်း။
၁၇ သို့ရာတွင် လူသားအားလုံးသည် ယေဟောဝါနှင့် ကိုယ်တော်၏ မြင့်မြတ်သော စံနှုန်းများကို ချစ်မြတ်နိုးကြသည် မဟုတ်ပါ။ (ဟေရှာယ ၂၆:၁၀ ဖတ်။) စာရိတ္တနှင့် ဝိညာဉ်ရေးတွင် ဖြောင့်မတ်သော ယေဟောဝါ၏ ကျေးကျွန်များ နေထိုင်ရာပြည်၊ “တရားကျင့်ရာပြည်” ထဲသို့ ဝင်နိုင်ရန်အလို့ငှာ ဖြောင့်မတ်ခြင်းကို သင်ယူဖို့ ဆိုးသွမ်းသောသူများအား ကမ်းလှမ်းလျှင်ပင် သူတို့သည် ခေါင်းမာမာနှင့် မပြတ် ငြင်းဆိုကြမည်။ သို့ဖြစ်၍ ဆိုးသွမ်းသောသူများသည် “ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏ မပြုတတ်ပါ။” သူတို့သည် ယေဟောဝါ၏ နာမတော် သန့်ရှင်းမြင့်မြတ်ပြီးနောက် လူများထံ စီးဆင်းလာမည့် ကောင်းချီးများကို မွေ့လျော်ခံစားရရန် အသက်ရှင်နေမည် မဟုတ်ပါ။ မြေကြီးတစ်ပြင်လုံးသည် “တရားကျင့်ရာ ပြည်” ဖြစ်လာမည့် မြေကြီးသစ်တွင်ပင် အချို့သူများသည် ယေဟောဝါ၏ မေတ္တာကရုဏာကို တုံ့ပြန်ရန် ပျက်ကွက်ကြမည်။ ထိုသို့သောသူ၏ အမည်များသည် အသက်စာစောင်တွင် ရေးမှတ်ခြင်း ခံရမည် မဟုတ်ပါ။—ဟေရှာယ ၆၅:၂၀; ဗျာဒိတ် ၂၀:၁၂၊ ၁၅။
၁၈။ ဟေရှာယခေတ်ရှိ အချို့သူများသည် အဘယ်နည်းဖြင့် ကန်းခြင်းကို ရွေးချယ်ကြသနည်း၊ မည်သည့်အချိန်တွင် သူတို့သည် ယေဟောဝါအား မလွဲမရှောင် “မြင်” ရကြမည်နည်း။
၁၈ “အိုထာဝရဘုရား လက်တော်ကို ချီ [“မြှောက်၊” သမ] တော်မူသော်လည်း သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း ကိုယ်တော်၏ လူတို့အဖို့ စိတ်အားကြီးတော်မူကြောင်းကို သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။” (ဟေရှာယ ၂၆:၁၁) ဟေရှာယခေတ်၌ ယေဟောဝါသည် မိမိလူမျိုးတော်၏ ရန်သူများကို တိုက်ဖျက်ခြင်းဖြင့် သူတို့အား ကာကွယ်ပေးသည့်အခါ ယေဟောဝါ၏ လက်တော်အား ချီမြှောက်ပြခဲ့သည်။ သို့သော် အများစုသည် ယင်းကို အသိအမှတ် မပြုခဲ့ကြပါ။ ဝိညာဏကန်းခြင်းကို ရွေးချယ်ကြသော ထိုကဲ့သို့သောသူများသည် နောက်ဆုံးတွင် ကိုယ်တော်၏ စိတ်ဇောသန်မီးဖြင့် လောင်ကျွမ်းခြင်း ခံရသည့်အခါ ယေဟောဝါကို မလွဲမရှောင်သာ “မြင်” သို့မဟုတ် အသိအမှတ်ပြုရပေမည်။ (ဇေဖနိ ၁:၁၈) နောက်ပိုင်းတွင် ယေဇကျေလကို ဘုရားသခင် ဤသို့ ပြောသည်– “ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်။”—ယေဇကျေလ ၃၈:၂၃။
“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏”
၁၉၊ ၂၀။ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို အဘယ်ကြောင့်နှင့် အဘယ်သို့ ဆုံးမခဲ့သနည်း၊ ထိုကဲ့သို့သော ဆုံးမမှုမှ မည်သူတို့ အကျိုးရခဲ့သနည်း။
၁၉ မိမိ၏ တစ်ပြည်တည်းသားချင်းများ မွေ့လျော်ခံစားရသည့် ငြိမ်သက်ခြင်းနှင့် စည်းစိမ်ဥစ္စာ များပြားခြင်းသည် ယေဟောဝါ၏ ကောင်းချီးကြောင့် ဖြစ်သည်ကို ဟေရှာယ သိထားသည်။ “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အကြောင်းမူကား အကျွန်ုပ်တို့၏အမှု ရှိသမျှတို့ကို အကျွန်ုပ်တို့အဖို့ ပြုတော်မူ၏။” (ဟေရှာယ ၂၆:၁၂) ဤကောင်းချီးအပြင်၊ ယေဟောဝါသည် မိမိလူမျိုးတော်အတွက် အရန်သင့် စီစဉ်ထားသည့် “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်လာစေသည့် အခွင့်အရေး ချထားသော်လည်း ယုဒလူမျိုး၏ သမိုင်းတွင် ကောင်းတစ်ခါ ဆိုးတစ်လှည့် ဖြစ်ခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၆) ယုဒလူမျိုးသည် မှောက်မှားသော ဝတ်ပြုရေးဘက်သို့ ပြန်ပြန်လှည့်သွားခဲ့ကြသည်။ ရလဒ်အနေနှင့် မကြာခဏ အပြစ်ပေးဆုံးမခြင်း ခံခဲ့ရသည်။ သို့ရာတွင် “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ” သောကြောင့် ထိုကဲ့သို့သော ဆုံးမမှုသည် ယေဟောဝါ၏ မေတ္တာတော် အထောက်အထား ဖြစ်သည်။—ဟေဗြဲ ၁၂:၆။
၂၀ အများအားဖြင့် ယေဟောဝါသည် မိမိ၏ လူမျိုးအပေါ် အခြားလူမျိုးများ၊ “အခြားသောသခင်တို့” အုပ်စိုးစေရန် အခွင့်ပေးခြင်းဖြင့် ဆုံးမတော်မူ၏။ (ဟေရှာယ ၂၆:၁၃ ဖတ်။) ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်လူမျိုးများ သူတို့ကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားရန် ကိုယ်တော် ခွင့်ပြုသည်။ ၎င်းက သူတို့ကို အကျိုးကျေးဇူး ဖြစ်စေသလော။ ဆင်းရဲဒုက္ခကိုယ်နှိုက်သည် လူတစ်ဦးအတွက် အကျိုးကျေးဇူး မဟုတ်ပါ။ သို့ရာတွင် ဒုက္ခခံရသူသည် ဖြစ်ပျက်ခဲ့ရာမှ သင်ခန်းစာ ယူမည်၊ နောင်တယူပြီး ယေဟောဝါအား အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုမည်ဆိုလျှင် ထိုအခါ သူအကျိုးကျေးဇူး ခံစားရသည်။ (တရားဟောရာ ၄:၂၅-၃၁) ဂျူးတစ်စုံတစ်ဦးသည် ဘုရားရေးရာ နောင်တရကြောင်း တင်ပြကြပါသလော။ တင်ပြပါသည်! ဟေရှာယသည် ဤသို့ ပရောဖက်ပြုပြောဆို၏– “ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။” ဘီ.စီ.အီး. ၅၃၇ တွင် သုံ့ပန်းဘဝမှ ပြန်လာကြပြီးနောက် ဂျူးများသည် အခြားအပြစ်များကြောင့် မကြာခဏ ဆုံးမပေးရန် လိုအပ်ခဲ့သော်လည်း ကျောက်ဘုရားများ ကိုးကွယ်ခြင်း၏ သားကောင်အဖြစ်မျိုး တစ်ခါမျှ မရောက်တော့ပါ။
၂၁။ ဘုရားသခင့် လူမျိုးတော်ကို ဖိနှိပ်ခဲ့ကြသူများသည် အဘယ်အရာနှင့် ကြုံတွေ့ရမည်နည်း။
၂၁ ယုဒအား ဖမ်းဆီးခဲ့သူများသည် မည်သို့ ဖြစ်မည်နည်း။ “ထိုသခင်တို့သည် သေကြပါပြီ။ တစ်ဖန် အသက်မရှင်ရကြပါ။ သင်္ချိုင်းသား ဖြစ်၍ ထမြောက်ခြင်း မရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍ သူတို့၏ အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပြီ။” (ဟေရှာယ ၂၆:၁၄) ဗာဗုလုန်သည် ယေဟောဝါ ရွေးချယ်ထားသော လူမျိုးအပေါ် ရက်စက်ခဲ့သည့်အတွက် ဆင်းရဲဒုက္ခ ခံစားရမည်။ ယေဟောဝါသည် မာန်ထောင်သော ဗာဗုလုန်ကို မေဒိနှင့် ပါးရှားတို့အားဖြင့် မှောက်လှန်ဖြိုဖျက်ကာ ယင်း၏ သုံ့ပန်းများကို လွတ်မြောက်စေမည်။ ထိုမြို့ကြီး ဗာဗုလုန်သည် သေနေဘိသကဲ့သို့ စွမ်းဆောင်နိုင်မှု မရှိသည့် အခြေအနေ ရောက်မည်။ နောက်ဆုံးတွင် သူမသည် လုံးဝ တည်ရှိတော့မည် မဟုတ်ပါ။
၂၂။ မျက်မှောက်ခေတ်တွင် ဘုရားသခင့် လူမျိုးတော်သည် မည်သို့ ကောင်းချီးခံစားခဲ့ရသနည်း။
၂၂ မျက်မှောက်ခေတ် ပြည့်စုံချက်တွင် ဆုံးမပဲ့ပြင်ခံရသော ဝိညာဏ ဣသရေလ အကြွင်းအကျန်ကို ၁၉၁၉ တွင် မဟာဗာဗုလုန်မှ လွှတ်ခဲ့ပြီး ယေဟောဝါ၏ အမှုတော်ကို ပြန်ထမ်းရွက်စေခဲ့သည်။ ပြန်လည်အသက်ဝင်လာသော ဘိသိက်ခံ ခရစ်ယာန်များသည် ဟောပြောခြင်း လုပ်ငန်းတွင် ခြေစုံပစ်ဝင်ရောက်ခဲ့ကြသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသည် သူတို့ကို အရေအတွက် တိုးပွားစေပြီး သူတို့နှင့်အတူ အမှုဆောင်ရန် “အခြားသိုး” ထဲမှ လူအုပ်ကြီးကိုပင် ပေါ်ပေါက်စေခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။ (ယောဟန် ၁၀:၁၆) “အိုထာဝရဘုရား အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ။ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေသဖြင့် ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။ အိုထာဝရဘုရား သူတို့သည် ဆင်းရဲခံရသောအခါ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသောအခါ ဆုတောင်းပတ္ထနာစကားကို သွန်းလောင်းကြပါပြီ။”—ဟေရှာယ ၂၆:၁၅၊ ၁၆။
‘သူတို့သည် ထမြောက်ကြပါလိမ့်မည်’
၂၃။ (က) ဘီ.စီ.အီး. ၅၃၇ တွင် ယေဟောဝါ၏ တန်ခိုးတော်ဆိုင်ရာ အဘယ်ထူးခြားသော ပြသမှု ဖြစ်ပျက်သနည်း။ (ခ) စီ.အီး. ၁၉၁၉ တွင် ၎င်းနှင့် ဆင်တူသော အဘယ်ပြသမှု ဖြစ်ပျက်ခဲ့သနည်း။
၂၃ ဟေရှာယသည် ယုဒလူမျိုးများ ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေစဉ် ရင်ဆိုင်ရသည့် အခြေအနေဆီသို့ ပြန်ဦးတည်လိုက်သည်။ သူက လူမျိုးတော်ကို ဝမ်းနာနေသော်လည်း အကူအညီ မပါဘဲနှင့် ကလေးမွေးနိုင်စွမ်း မရှိသော အမျိုးသမီးတစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ (ဟေရှာယ ၂၆:၁၇၊ ၁၈ ဖတ်။) ထိုအကူအညီကို ဘီ.စီ.အီး. ၅၃၇ တွင် ရရှိပြီး ယေဟောဝါ၏ လူမျိုးသည် ဗိမာန်တော်ကို ပြန်လည်ဆောက်ရန်နှင့် စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန် စိတ်ထက်သန်လျက် ပြည်တော်ပြန်ကြသည်။ အမှန်တွင်၊ လူမျိုးတော်သည် သေနေရာမှ ပြန်ရှင်လာသည်။ “ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏ အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌ နေသောသူတို့ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသောနှင်းကဲ့သို့ ဖြစ်၍ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။” (ဟေရှာယ ၂၆:၁၉) ယေဟောဝါ၏ တန်ခိုးတော် ပြသမှုတစ်ခုပါတကား! ထို့ပြင် ထိုစကားများသည် ၁၉၁၉ တွင် ဝိညာဏသဘောအရ ပြည့်စုံခဲ့ချိန်တွင် ကြီးကျယ်သည့် ပြသမှုတစ်ရပ်ပင်! (ဗျာဒိတ် ၁၁:၇-၁၁) ထို့ပြင် ကျွန်ုပ်တို့သည် ကမ္ဘာသစ်တွင် ထိုစကားများ စာသားအတိုင်း ပြည့်စုံလာပြီး လူသေများသည် ‘ယေရှု၏ စကားသံကို ကြား၍’ အောက်မေ့ရာ သင်္ချိုင်းများမှ “ထွက်ရမည့်အချိန်” ကို မျှော်လင့်တကြီး စောင့်နေကြသည်!—ယောဟန် ၅:၂၈၊ ၂၉။
၂၄၊ ၂၅။ (က) ဘီ.စီ.အီး. ၅၃၉ တွင် ဂျူးများသည် မိမိတို့ကိုယ်တိုင် ပုန်းနေရမည် ဟူသော ယေဟောဝါ၏ အမိန့်တော်ကို မည်သို့ နာခံခဲ့နိုင်သနည်း။ (ခ) “အတွင်းခန်း” သည် မျက်မှောက်ခေတ်တွင် အဘယ်အရာများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သနည်း၊ ၎င်းတို့အပေါ် အဘယ်သဘောထားကို ကျွန်ုပ်တို့ မွေးမြူရမည်နည်း။
၂၄ သို့ရာတွင် သစ္စာရှိသူများသည် ဟေရှာယမှတစ်ဆင့် ကတိပြုခဲ့သော ဝိညာဏ ကောင်းချီးများ၌ မွေ့လျော်ခံစားလိုလျှင် သူတို့သည် ယေဟောဝါ၏ ဤအမိန့်ကို နာခံကြရမည်– “ငါ၏ လူတို့ လာကြ။ အတွင်းခန်းထဲသို့ ဝင်၍ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာ ပုန်းရှောင်၍ နေကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှာ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသော အသွေးကို ဖော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တစ်ဖန် ဝှက်၍ မထားရ။” (ဟေရှာယ ၂၆:၂၀၊ ၂၁; ဇေဖနိ ၁:၁၄ နှိုင်းယှဉ်။) ဤစကားများသည် ကုရုမင်း ဦးဆောင်သော မေဒိနှင့် ပါးရှားတို့ ဗာဗုလုန်ကို အနိုင်ရသည့် ဘီ.စီ.အီး. ၅၃၉ တွင် အစအဦး ပြည့်စုံခဲ့ခြင်း ဖြစ်ပေမည်။ ဂရိသမိုင်းပညာရှင် ဇီနိုဖုန်း၏ အဆိုအရ ကုရုသည် ဗာဗုလုန်မြို့ထဲသို့ ဝင်ရောက်လာသည့်အခါ လူတိုင်း မိမိတို့၏ အိမ်ထဲတွင် နေရန် အမိန့်ပေးသည်၊ အကြောင်းမှာ မိမိ၏ မြင်းစီးသူရဲများအား “အိမ်အပြင်ဘက်တွင် တွေ့သူအားလုံးကို သတ်ရန် အမိန့်ပေး” ထားသည်။ ဤပရောဖက်ပြုချက်ပါ “အတွင်းခန်း” သည် ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါလူမျိုး၏ သောင်းနှင့်ချီသော အသင်းတော်များနှင့် နီးကပ်စွာ ဆက်နွှယ်နေနိုင်သည်။ ထိုသို့သော အသင်းတော်များသည် ကျွန်ုပ်တို့၏ အသက်တာတွင်၊ “ကြီးစွာသောဆင်းရဲဒုက္ခ” တစ်လျှောက်ပင် အဓိကကဏ္ဍမှ ဆက်ရှိနေမည်။ (ဗျာဒိတ် ၇:၁၄) ကျွန်ုပ်တို့သည် အသင်းတော်အပေါ် ကောင်းသော သဘောထားထိန်းသိမ်းထားရန်နှင့် ၎င်းနှင့် မှန်မှန် ပူးပေါင်းရန် အရေးကြီးလှပေသည်!—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၂၅ မကြာမီ စာတန့်လောက၏ အဆုံး ရောက်လာတော့မည်။ ယေဟောဝါသည် ထိုကြောက်မက်ဖွယ်အချိန်အတွင်း မိမိလူမျိုးအား မည်သို့ ကာကွယ်မည်ကို ယခု ကျွန်ုပ်တို့ မသိရသေးပါ။ (ဇေဖနိ ၂:၃) သို့သော် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ယေဟောဝါအပေါ် ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအပေါ် မူတည်မည်ကိုမူ ကျွန်ုပ်တို့ သိထားကြသည်။
၂၆။ ဟေရှာယခေတ်နှင့် ကျွန်ုပ်တို့ခေတ်တွင် “လဝိသန်” သည် အဘယ်အရာ ဖြစ်ပြီး ဤ “ပင်လယ်၌ ရှိသော နဂါး” အဘယ်အရာ ဖြစ်သွားမည်နည်း။
၂၆ ထိုအချိန်ကာလကို ရှုမျှော်ကာ ဟေရှာယ ဤသို့ ပရောဖက်ပြု၏– “ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုလည်းကောင်း၊ လိမ်သော မြွေလဝိသန်ကိုလည်းကောင်း ခိုင်ခံ့ကြီးမားသော ဓားတော်နှင့် ဒဏ်ပေး၍ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။” (ဟေရှာယ ၂၇:၁) ဦးဆုံး ပြည့်စုံချက်၌ “လဝိသန်” သည် ဗာဗုလုန်၊ အီဂျစ်နှင့် အာရှုရိကဲ့သို့သော ဣသရေလလူမျိုးအား အရပ်ရပ် ကွဲပြားစေခဲ့သည့် တိုင်းပြည်များကို ရည်ညွှန်းသည်။ အချိန်တန်သည့်အခါ ယေဟောဝါ၏ လူမျိုး မိမိတို့ပြည်တော်သို့ ပြန်ကြခြင်းကို ထိုတိုင်းပြည်များ မတားဆီးနိုင်ခဲ့ကြပါ။ သို့သော် မည်သူသည် မျက်မှောက်ခေတ် လဝိသန် ဖြစ်သနည်း။ ယင်းသည် “ရှေးမြွေဟောင်း” စာတန်နှင့် ဝိညာဏ ဣသရေလကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သူအသုံးပြုသော လက်နက် ဖြစ်သည့် ဤမြေကြီးပေါ်ရှိ သူ၏ ဆိုးသွမ်းသော အစီအစဉ်စနစ်တို့ ဖြစ်ကြောင်း ထင်ရှားသည်။ (ဗျာဒိတ် ၁၂:၉၊ ၁၀; ၁၃:၁၄၊ ၁၆၊ ၁၇; ၁၈:၂၄) “လဝိသန်” သည် ၁၉၁၉ တွင် ဘုရားသခင့်လူမျိုးအား ဆက်၍ ချုပ်နှောင်ထားနိုင်စွမ်း မရှိတော့ပါ၊ မကြာမီ ယေဟောဝါက ‘ပင်လယ်၌ ရှိသော နဂါးကို သတ်’ သည့်အခါ သူသည် လုံးလုံး ပျောက်ကွယ်သွားမည်။ ဤအတောအတွင်း “လဝိသန်” သည် ယေဟောဝါ၏ လူမျိုးကို ဆန့်ကျင်ရန် ကြိုးစားမှု မှန်သမျှ တကယ့် အောင်မြင်မှု ရမည် မဟုတ်ချေ။—ဟေရှာယ ၅၄:၁၇။
“အမြှုပ်ထဝိုင်”
၂၇၊ ၂၈။ (က) ယေဟောဝါ၏ စပျစ်ဥယျာဉ်သည် မြေကြီးတစ်ပြင်လုံးကို အဘယ်အရာနှင့် ပြည့်စေခဲ့သနည်း။ (ခ) ယေဟောဝါသည် မိမိ၏ စပျစ်ဥယျာဉ်ကို မည်သို့ ကာကွယ်သနည်း။
၂၇ ယခု ဟေရှာယသည် လွတ်လပ်နေပြီ ဖြစ်သော ယေဟောဝါလူမျိုး၏ ဖြစ်ထွန်းအောင်မြင်မှုများကို နောက်သီချင်းတစ်ပုဒ်ဖြင့် ဤသို့ လှပစွာ သီကျူး၏– “ထိုကာလ၌ [“အမြှုပ်ထဝိုင်၊” ကဘ] စပျစ်ဥယျာဉ်ကိုအကြောင်းပြု၍ ဤသို့ သီချင်းဆိုကြလော့။ ‘ငါထာဝရဘုရားသည် ဥယျာဉ်စောင့် ဖြစ်၏။ မခြားမလပ် ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှာ နေ့ညမပြတ် စောင့်ရှောက်မည်။’ ” (ဟရှာယ ၂၇:၂၊ ၃) ဝိညာဏ ဣသရေလလူမျိုး အကြွင်းအကျန်နှင့် အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သော သူတို့၏ အပေါင်းပါများသည် မြေကြီးတစ်ပြင်လုံးကို ဝိညာဏ ဖြစ်ထွန်းမှုဖြင့် အမှန်ပင် ပြည့်စေခဲ့ကြသည်။ ပွဲကျင်းပရန်—သီချင်းဆိုရန် အကြောင်းရင်းပါတကား! ဂုဏ်တင်မှုအားလုံး မိမိ၏ စပျစ်ဥယျာဉ်ကို မေတ္တာဖြင့် ဂရုစိုက်သော ယေဟောဝါ ရထိုက်တော်မူ၏။—ယောဟန် ၁၅:၁-၈။
၂၈ ယေဟောဝါ၏ ယခင်က ထွက်ခဲ့သော အမျက်ဒေါသကို ရွှင်လန်းခြင်းဖြင့် အမှန် အစားထိုးခဲ့ပြီ! “ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား စစ်ပွဲ၌ ငါတွေ့ပါစေသော။ ချက်ချင်း တိုက်၍ တစ်ပြိုင်နက် မီးရှို့မည်။ သို့မဟုတ် ငါ၏ အစွမ်းသတ္တိကို ကိုးစား၍ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေ။ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေသော်။” (ဟေရှာယ ၂၇:၄၊ ၅) ယေဟောဝါ၏ စပျစ်နွယ်ပင်များသည် “အမြှုပ်ထဝိုင်” များစွာ အဆက်မပြတ် ထွက်ရှိစေရန် စပျစ်ဥယျာဉ်ကို ပျက်စီးစေနိုင်သော ဆူးပင်နှင့် တူသည့်အရာ မှန်သမျှကို ကိုယ်တော်သည် မီးနှင့် ဖျက်ဆီးလောင်ကျွမ်းစေသည်။ သို့ဖြစ်၍ ခရစ်ယာန် အသင်းတော်၏ ကောင်းကျိုးကို မည်သူတစ်ဦးတစ်ယောက်ကမျှ အန္တရာယ် မပြုပါစေနှင့်! ‘ယေဟောဝါ၏ အစွမ်းသတ္တိကို ကိုးစား’ ကာ ကိုယ်တော်၏ မျက်နှာသာနှင့် ကာကွယ်မှုကို အားလုံး ရှာကြံကြပါစို့။ ထိုသို့ပြုခြင်းသည် ယေဟောဝါနှင့် မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်သည်—ယင်းသည် မည်မျှ အရေးကြီးသနည်းဟူမူ ဟေရှာယ နှစ်ကြိမ်တိုင် ဖော်ပြသည်။ ရလဒ်ကား အဘယ်နည်း။ “နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သဖြင့် လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။” (ဟေရှာယ ၂၇:၆)c ဤအခန်းငယ် ပြည့်စုံခြင်းသည် ယေဟောဝါ တန်ခိုးတော်၏ တကယ့် အံ့ဖွယ်သာဓကပင်! ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံ ခရစ်ယာန်များသည် မြေကြီးကို ဝိညာဉ်ရေးအရ အာဟာရရှိ အစားအစာ၊ “အသီး” ဖြင့် ပြည့်စေခဲ့ပြီ။ ရလဒ်အနေနှင့် သန်းနှင့်ချီသော သူတို့၏ အပေါင်းပါ၊ “ဘုရားဝတ်ကို နေ့ညမပြတ် ပြုကြ” သော အခြားသိုးသည် သူတို့နှင့် ပူးပေါင်းလာခဲ့ကြသည်။ (ဗျာဒိတ် ၇:၁၅) ယိုယွင်းပျက်စီးနေသော လောကအလယ်တွင် ကိုယ်တော်၏ မြင့်မားသော စံနှုန်းများကို သူတို့ ပျော်ရွှင်စွာ စောင့်စည်းကြသည်။ ထို့ပြင် ယေဟောဝါသည် သူတို့ကို တိုးပွားမှုဖြင့် ဆက်၍ ကောင်းချီးပေးတော်မူ၏။ “အသီး” စားသုံးရခြင်းနှင့် ယင်းကို ကျွန်ုပ်တို့ ကိုယ်တိုင်၏ ချီးမွမ်းသံများအားဖြင့် အခြားသူတို့အား ဝေမျှခြင်း အခွင့်ထူးကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပါစေနှင့်!
[အောက်ခြေမှတ်ချက်များ]
a အာရဟူသော အမည်၏ အဓိပ္ပာယ်မှာ “မြို့ကြီး” ဖြစ်နိုင်သည်။
c ဟေရှာယ ၂၇:၇-၁၃ ကို စာမျက်နှာ ၁၃၈ မှ လေးထောင့်ကွက်တွင် ဆွေးနွေးထားသည်။
[စာမျက်နှာ ၁၃၈ ပါ လေးထောင့်ကွက်]
“ကြီးသောတံပိုး” က လွတ်လပ်မှုကို ကြေညာပေး
ဘီ.စီ.အီး. ၆၀၇ တွင် ယေဟောဝါသည် မိမိ၏ ထင်ရာစိုင်းသော လူမျိုးကို သုံ့ပန်းအချုပ်အနှောင်ဘဝ ရောက်စေခြင်းအားဖြင့် ဆုံးမသည့်အခါ ယုဒ၏ ဒုက္ခဆင်းရဲခြင်းသည် ပိုတိုးများလာသည်။ (ဟေရှာယ ၂၇:၇-၁၁၊ ကဘ ဖတ်။) လူမျိုးတော်၏ မှားယွင်းမှုသည် တိရစ္ဆာန် ပူဇော်သကာများဖြင့် အပြစ်မဖြေနိုင်အောင် ကြီးမားလှသည်။ ထို့ကြောင့် “ခြောက်လှန့်အော်ဟစ်” ခြင်းဖြင့် သို့မဟုတ် ပြင်းထန်သော လေကြောင့် ဖြစ်ပေါ်သည့် “မှုတ်ထုတ်ခြင်း” ကြောင့် သိုးဆိတ်များကို ကွဲလွင့်စေသကဲ့သို့ ယေဟောဝါသည် ဣသရေလလူမျိုးကို ပြည်တော်မှ နှင်ထုတ်တော်မူ၏။ ထို့နောက်တွင် မိန်းမသားများဖြင့် တင်စားဖော်ပြခံရသည့် အားနည်းသော လူများပင်လျှင် ပြည်တော်တွင် ကျန်ကြွင်းရာများကို အမြတ်ထုတ်နိုင်ကြသည်။
သို့ရာတွင် မိမိ၏ လူမျိုးကို သုံ့ပန်းဘဝမှ ယေဟောဝါ ကယ်လွှတ်မည့်အချိန် ရောက်လာသည်။ ပြောရမည်ဆိုလျှင် လယ်သမားတစ်ဦးသည် သံလွင်သီးများကို ခူးယူရာတွင် အပင်များမှ လွတ်ကျွတ်စေသကဲ့သို့ ကိုယ်တော်သည် သူတို့ကို သုံ့ပန်းဘဝမှ လွတ်စေတော်မူမည်။ “အိုဣသရေလအမျိုးသားတို့ ထိုကာလ၌လည်း ထာဝရဘုရားသည် [ဥဖရတ်] မြစ်ကြီးမှ စ၍ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့် သင်တို့သည် တစ်ယောက်နောက် တစ်ယောက် ကောက်သိမ်းခြင်း ကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ထိုကာလ၌လည်း ကြီးသောတံပိုးကို မှုတ်ရလိမ့်မည်။ အာရှုရိပြည်၌ ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့်ပစ်လျက် နေသောသူတို့သည် လာ၍ ယေရုရှလင်မြို့တွင် သန့် ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုးကွယ်ကြလိမ့်မည်။” (ဟေရှာယ ၂၇:၁၂၊ ၁၃) ကုရုသည် ဘီ.စီ.အီး. ၅၃၉ တွင် အောင်ပွဲရပြီးနောက်ပိုင်း အာရှုရိနှင့် အီဂျစ်ပြည် အပါအဝင် မိမိအင်ပါယာအတွင်းရှိ ဂျူးအားလုံး လွတ်လပ်ခွင့် ပေးသည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်သည်။ (ဧဇရ ၁:၁-၄) ၎င်းသည် ဘုရားသခင့် လူမျိုးအတွက် လွတ်မြောက်ခြင်း ဓမ္မသီချင်းကို ပဲ့တင်ထပ်သည့် “ကြီးသောတံပိုး” သံမြည်သည့်အလား ဖြစ်သည်။