ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇန်နဝါရီ စာ. ၂-၇
  • ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်ကိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်ကိုးစားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိုးရိမ်ပူပန်စေနိုင်တဲ့ အကြောင်းရင်းများ
  • တည်ငြိမ်အောင် ကူညီပေးမယ့်အရာ ခြောက်ခု
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇန်နဝါရီ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၁

ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်ကိုးစားပါ

၂၀၂၁ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်– “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်။” —ဟေရှာ. ၃၀:၁၅။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

အကြိုသုံးသပ်ချက်a

၁။ ဘုရင် ဒါဝိဒ်လိုပဲ တချို့ ဘယ်လို မေးမိနိုင်သလဲ။

အေးချမ်းတဲ့ဘဝကို လူတိုင်း လိုချင်ကြတယ်။ ဘယ်သူမှ စိုးရိမ်ပူပန် မနေချင်ဘူး။ ဒါပေမဲ့ တစ်ခါတလေ စိုးရိမ်ပူပန်မှုတွေ ကြုံရတယ်။ ဒါကြောင့် “နေ့တိုင်း သောကရောက်ပြီး ဘယ်လောက်ကြာကြာ စိုးရိမ်ပူပန်နေရဦးမှာလဲ” လို့ မေးခဲ့တဲ့ ဘုရင် ဒါဝိဒ်လို ယေဟောဝါရဲ့ ကျေးကျွန်တချို့ မေးမိနိုင်တယ်။—ဆာ. ၁၃:၂။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂ စိုးရိမ်ပူပန်တဲ့ ခံစားချက်ကို လုံးဝ ရှောင်လွှဲလို့ မရပေမဲ့ လျော့နည်းအောင် ထိန်းချုပ်နိုင်ပါတယ်။ စိုးရိမ်ပူပန်စေနိုင်တဲ့ အကြောင်းရင်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ပြဿနာတွေကို တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းဖို့ ကူညီပေးမယ့် လက်တွေ့ကျ နည်းလမ်း ခြောက်ခုကိုလည်း ဆွေးနွေးပါမယ်။

စိုးရိမ်ပူပန်စေနိုင်တဲ့ အကြောင်းရင်းများ

၃။ ဘယ်အခက်အခဲတွေ ကျွန်တော်တို့ ကြုံနေရသလဲ။ အဲဒါတွေကို ထိန်းချုပ်နိုင်သလား။

၃ စိုးရိမ်ပူပန်စေနိုင်တဲ့ အကြောင်းရင်း အတော်များများ ရှိတယ်။ တချို့ကိုတော့ ကျွန်တော်တို့ မတားဆီးနိုင်ဘူး။ ဥပမာ၊ နှစ်တိုင်း အစားအစာ၊ အဝတ်အထည်၊ အိမ်ခြံမြေ ဈေးတက်နေတာကို ဘာမှ မတတ်နိုင်ဘူး။ မရိုးမသားလုပ်ဖို့၊ လိင်အကျင့်ပျက်ဖို့ သွေးဆောင်တဲ့ အလုပ်ဖော်၊ ကျောင်းနေဖက်တွေကို ထိန်းချုပ်လို့ မရဘူး။ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေကို မတားဆီးနိုင်ဘူး။ ကျမ်းစာမူတွေနဲ့အညီ အသက်မရှင်သူတွေကြားမှာ နေရတဲ့အတွက် အဲဒီအခက်အခဲတွေကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ “ဒီလောကစနစ်ရဲ့ စိုးရိမ်ပူပန်စရာတွေ” ကြောင့် တချို့ ယေဟောဝါကို ဆက်ဝတ်ပြုတော့မှာ မဟုတ်ဘူးဆိုတာ လောကရဲ့ ဘုရား စာတန် သိတယ်။ (မ. ၁၃:၂၂။ ၁ ယော. ၅:၁၉) ဒါကြောင့် ဒီလောကမှာ စိုးရိမ်စရာ ပြဿနာတွေ ပြည့်နေတာ ကျွန်တော်တို့ မအံ့ဩကြဘူး။

၄။ စိုးရိမ်ပူပန်လွန်းရင် ဘာဖြစ်နိုင်သလဲ။

၄ တစ်ခါတလေ စိုးရိမ်ပူပန်လွန်းလို့ ဘာဆက်လုပ်ရမှန်း မသိလောက်အောင် ထူပူသွားနိုင်တယ်။ ဥပမာ၊ လိုအပ်တာတွေ ဝယ်ဖို့ ငွေ လောက်လောက်ငင မရှိမှာ၊ ဖျားနာလို့ အလုပ်ပျက်ပြီး အလုပ်ပြုတ်သွားမှာ တွေးပူမိနိုင်တယ်။ ဘုရားကို မနာခံဖို့ သွေးဆောင်ခံရတဲ့အခါ သစ္စာဖောက်မိမှာ စိုးရိမ်မိနိုင်တယ်။ မကြာခင် ဘုရားလူမျိုးကို စာတန့်ဘက်တော်သားတွေ တိုက်ခိုက်တော့မှာ ဖြစ်လို့ အဲဒီလို တိုက်ခိုက်လာတဲ့အခါ ဘယ်လို လုပ်မလဲဆိုပြီးတော့လည်း တွေးပူနိုင်တယ်။ အဲဒီလို ကိစ္စတွေအတွက် စိုးရိမ်ပူပန်တာ မှားသလား။

၅။ “မစိုးရိမ်ကြနဲ့တော့” လို့ ယေရှု ပြောတာ ဘာကို ဆိုလိုသလဲ။

၅ “မစိုးရိမ်ကြနဲ့တော့” လို့ နောက်လိုက်တွေကို ယေရှု ပြောထားတာ ကျွန်တော်တို့ သိတယ်။ (မ. ၆:၂၅) ဘာအတွက်မှ မစိုးရိမ်ရဘူးလို့ ယေရှု ပြောနေတာလား။ မဟုတ်ပါဘူး။ အရင်က သစ္စာရှိ ကျေးကျွန်တချို့ စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ ယေဟောဝါရဲ့ မျက်နှာသာ မဆုံးရှုံးသွားဘူး။b (၁ ဘု. ၁၉:၄။ ဆာ. ၆:၃) တကယ်တော့ ကျွန်တော်တို့ စိတ်အေးရအောင်၊ ဝတ်ပြုရေးကို ထိခိုက်တဲ့အထိ ဘဝ လိုအပ်ရာတွေအတွက် အစိုးရိမ် မလွန်အောင် ယေရှု ပြောနေတာ။ ဒါဆိုရင် စိုးရိမ်ပူပန်မှုကို ဘယ်နည်းတွေနဲ့ ထိန်းချုပ်နိုင်သလဲ။—“လုပ်ဆောင်နိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။

တည်ငြိမ်အောင် ကူညီပေးမယ့်အရာ ခြောက်ခု

ပုံ– တစ်နေ့တာအတွင်း ညီအစ်မတစ်ယောက် ဆုတောင်းနေ။ ၁။ အစာ မစားခင်။ ၂။ ပန်းခြံ ခုံတန်းရှည်ပေါ် ထိုင်နေစဉ်။ ၃။ ကျမ်းစာ မလေ့လာခင်။

စာပိုဒ် ၆ ကိုကြည့်ပါc

၆။ ဖိလိပ္ပိ ၄:၆၊ ၇ အရ ဘာက စိတ်ငြိမ်သက်စေနိုင်သလဲ။

၆ (၁) မကြာခဏ ဆုတောင်းပါ။ စိတ်ဖိစီးနေတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါဆီ စိတ်ထက်သန်စွာ ဆုတောင်းခြင်းအားဖြင့် စိတ်သက်သာမှု ရမယ်။ (၁ ပေ. ၅:၇) “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ခံစားရမယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) ယေဟောဝါက တန်ခိုးကြီးတဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သင့်ကို စိတ်ငြိမ်သက်စေပါလိမ့်မယ်။—ဂလ. ၅:၂၂။

၇။ ဘုရားဆီ ဆုတောင်းတဲ့အခါ ဘယ်အချက်တွေ မှတ်ထားသင့်သလဲ။

၇ ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ရင်ဖွင့်ပြောပြပါ။ သတ်သတ်မှတ်မှတ် ပြောပါ။ ပြဿနာက ဘာလဲ၊ ဘယ်လို ခံစားနေရသလဲဆိုတာ ပြောပြပါ။ ကိုယ်ဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်မယ်ဆိုရင် ဖြေရှင်းနည်း တွေ့အောင် ဉာဏ်ပညာ ပေးဖို့၊ ဖြေရှင်းနိုင်အောင် ခွန်အား ပေးဖို့ ဆုတောင်းပါ။ ကိုယ့်ဘက်က ဘာမှ မတတ်နိုင်တဲ့ ပြဿနာ ဖြစ်မယ်ဆိုရင် အစိုးရိမ် မလွန်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ သတ်သတ်မှတ်မှတ် ဆုတောင်းမယ်ဆိုရင် အချိန်တန်တဲ့အခါ ယေဟောဝါ အဖြေပေးပုံကို ရှင်းရှင်းလင်းလင်း မြင်လာမယ်။ ချက်ချင်း အဖြေမရရင် လက်မလျှော့ပါနဲ့။ ယေဟောဝါက သတ်သတ်မှတ်မှတ် သာမက စွဲစွဲမြဲမြဲ ဆုတောင်းစေချင်တယ်။—လု. ၁၁:၈-၁၀။

၈။ ဘာတွေ ထည့်ဆုတောင်းသင့်သလဲ။

၈ ယေဟောဝါဆီ ဆုတောင်းပြီး စိုးရိမ်ပူပန်မှုတွေကို ပုံအပ်တဲ့အခါ ကျေးဇူးတင်စကား ပြောဖို့ မမေ့ပါနဲ့။ ကိုယ့်အခြေအနေက သိပ်ခက်နေရင်တောင် ရထားတဲ့ ကောင်းချီးတွေကို ရေတွက်ပါ။ တစ်ခါတလေ ခံစားချက် ပြင်းထန်လွန်းလို့ ထုတ်ပြောဖို့ စကားလုံး ရှာမရ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ‘ကူညီပေးပါ’ ဆိုတာလောက်ပဲ ပြောနိုင်တယ်ဆိုရင်တောင် ယေဟောဝါ အဖြေပေးမယ်ဆိုတာ စိတ်ချပါ။—၂ ရာ. ၁၈:၃၁။ ရော. ၈:၂၆။

အဲဒီညီအစ်မပဲ အလုပ်မှာ နေ့လယ်စာ နားချိန် တက်ဘလက် သုံးပြီး ကိုယ်ပိုင်လေ့လာမှု လုပ်နေ။

စာပိုဒ် ၉ ကိုကြည့်ပါd

၉။ စစ်မှန်တဲ့ လုံခြုံမှု ဘယ်လို ရှာတွေ့နိုင်သလဲ။

၉ (၂) ကိုယ့်ဉာဏ်ပညာကို မဟုတ်ဘဲ ယေဟောဝါရဲ့ ဉာဏ်ပညာကို အားကိုးပါ။ ပရောဖက် ဟေရှာယခေတ်မှာ ယုဒလူတွေဟာ အဆီးရီးယားတွေရဲ့ ခြိမ်းခြောက်မှု ကြုံရတဲ့အခါ အကူအညီ ရဖို့ အီဂျစ်ကို အားကိုးခဲ့ကြတယ်။ (ဟေရှာ. ၃၀:၁၊ ၂) ဒါပေမဲ့ အောင်မြင်မှာ မဟုတ်ဘူးလို့ ယေဟောဝါ သတိပေးတယ်။ (ဟေရှာ. ၃၀:၇၊ ၁၂၊ ၁၃) မိမိကို “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” ဆိုပြီး စစ်မှန်တဲ့ လုံခြုံမှု ရှာတွေ့နိုင်မယ့်နည်းကိုလည်း ဟေရှာယကတစ်ဆင့် ပြောတယ်။—ဟေရှာ. ၃၀:၁၅။

၁၀။ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြနိုင်တဲ့ အခြေအနေတချို့က ဘာတွေလဲ။

၁၀ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။ လစာကောင်းတဲ့ အလုပ် ရပေမဲ့ အချိန်ပို လုပ်ရမယ်၊ ဝတ်ပြုရေး လုပ်ဆောင်မှုတွေ ထိခိုက်လာမယ် ဆိုပါစို့။ နှစ်ခြင်းခံပြီးသား ဘုရားကျေးကျွန် မဟုတ်တဲ့ အလုပ်ဖော်တစ်ယောက်က သင့်ကို ကြိုက်နေတယ် ဆိုပါစို့။ ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်က “ငါ့ကို ရွေးမလား၊ မင်းရဲ့ ဘုရားကို ရွေးမလား” မေးလာတယ် ဆိုပါစို့။ အခြေအနေတိုင်းမှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတော့မယ်။ ဒါပေမဲ့ လိုအပ်တဲ့ လမ်းညွှန်မှုကို ယေဟောဝါ ပေးပါလိမ့်မယ်။ (မ. ၆:၃၃။ ၁၀:၃၇။ ၁ ကော. ၇:၃၉) မေးစရာကတော့ အဲဒီလမ်းညွှန်မှုအတိုင်း ယုံကြည်စိတ်ချစွာ လိုက်မလား ဆိုတာပါပဲ။

ကျမ်းစာနဲ့ ကျမ်းစာ အခြေပြုစာပေတစ်ခု ညီအစ်မ ဖတ်နေ။

စာပိုဒ် ၁၁ ကိုကြည့်ပါe

၁၁။ ဆန့်ကျင်မှု ကြုံရချိန်မှာ တည်ငြိမ်နေဖို့ ဘယ်ကျမ်းစာမှတ်တမ်းတွေကို လေ့လာနိုင်သလဲ။

၁၁ (၃) ကောင်းတဲ့ ပုံနမူနာ၊ မကောင်းတဲ့ ပုံနမူနာတွေကနေ သင်ခန်းစာ ယူပါ။ ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်ကိုးစားဖို့ သိပ်အရေးကြီးကြောင်း ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်း များစွာ ရှိတယ်။ အဲဒီမှတ်တမ်းတွေကို လေ့လာတဲ့အခါ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကြား တည်ငြိမ်နေဖို့ ဘုရားကျေးကျွန်တွေကို ဘာက ကူညီပေးကြောင်း စဉ်းစားပါ။ ဥပမာ၊ ဆက်မဟောပြောဖို့ တမန်တော်တွေကို ဂျူးတရားရုံးချုပ် အမိန့်ပေးတဲ့အခါ သူတို့ မကြောက်သွားဘူး။ “ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ သတ္တိရှိရှိ ပြန်ပြောကြတယ်။ (တ. ၅:၂၉) ရိုက်နှက်ခံရတာတောင် ထိတ်ထိတ်ပျာပျာ မဖြစ်ကြဘူး။ ဘာကြောင့်လဲ။ မိမိတို့ဘက်မှာ ယေဟောဝါ ရှိမှန်း၊ ဘုရားနှစ်သက်မှု ရထားမှန်း သိလို့ပါပဲ။ ဒါကြောင့် သတင်းကောင်း ဆက်ဟောကြတယ်။ (တ. ၅:၄၀-၄၂) တပည့်တော် သတေဖန်လည်း အသတ်ခံရခါနီးမှာတောင် မျက်နှာက “ကောင်းကင်တမန်ရဲ့ မျက်နှာလို ဖြစ်နေ” ပြီး တည်ငြိမ်အေးချမ်းနေတယ်။ (တ. ၆:၁၂-၁၅) ယေဟောဝါရဲ့ မျက်နှာသာ ရထားမှန်း ယုံကြည်စိတ်ချနေလို့ပဲ။

၁၂။ ၁ ပေတရု ၃:၁၄ နဲ့ ၄:၁၄ အရ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

၁၂ မိမိတို့နဲ့အတူ ယေဟောဝါ ရှိမှန်း တမန်တော်တွေ ကောင်းကောင်း သိတယ်။ အံ့ဖွယ်အမှု လုပ်နိုင်တဲ့ တန်ခိုး ဘုရား ပေးထားလို့ပဲ။ (တ. ၅:၁၂-၁၆။ ၆:၈) ဒီနေ့ခေတ်မှာတော့ အဲဒီလို မဟုတ်ဘူး။ ဒါပေမဲ့ ဖြောင့်မတ်သူတွေ ဖြစ်လို့ ဆင်းရဲဒုက္ခ ခံရတဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ရနေမှန်း၊ ကျွန်တော်တို့နဲ့အတူ စွမ်းအားတော် ရှိနေမှန်း ကျမ်းစာကတစ်ဆင့် ဘုရား ကတိပေးထားလို့ ကျွန်တော်တို့ ပျော်ရွှင်နိုင်ကြတယ်။ (၁ ပေတရု ၃:၁၄။ ၄:၁၄ ကိုဖတ်ပါ။) ဒါကြောင့် ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ ဘယ်လို လုပ်မလဲလို့ ထိုင်တွေးနေမယ့်အစား ယေဟောဝါရဲ့ ထောက်မကယ်တင်နိုင်စွမ်းအပေါ် ယုံကြည်စိတ်ချမှု တိုးများလာအောင် လောလောဆယ် ဘာလုပ်နိုင်သလဲ ဆိုတာကိုပဲ အာရုံစိုက်ပါ။ “ခင်ဗျားတို့ ပြောရမယ့်စကား၊ လိုအပ်တဲ့ ဉာဏ်ပညာကို ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ဆန့်ကျင်သူအားလုံး စုပေါင်းရင်တောင် ဟန့်တားနိုင်မှာ၊ ငြင်းခုံနိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ ယေရှုရဲ့ ကတိကို အစောပိုင်း တပည့်တွေလိုပဲ ယုံကြည်ရမယ်။ “ခံနိုင်ရည် ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်” လို့ ယေရှု ကတိပေးထားတယ်။ (လု. ၂၁:၁၂-၁၉) သစ္စာရှိရှိ သေဆုံးသွားတဲ့ ကျေးကျွန်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ယေဟောဝါ မှတ်ထားတဲ့အတွက် ပြန်ထမြောက်ပေးနိုင်ကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။

၁၃။ ယေဟောဝါကို တည်ငြိမ်စွာ မကိုးစားခဲ့သူတွေအကြောင်း လေ့လာခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ။

၁၃ ယေဟောဝါကို တည်ငြိမ်စွာ မကိုးစားခဲ့သူတွေဆီကနေလည်း သင်ခန်းစာ ယူနိုင်ပါတယ်။ အဲဒီ မကောင်းတဲ့ ပုံနမူနာတွေကို လေ့လာခြင်းက သူတို့လို အမှားမျိုး မလုပ်မိအောင် ကူညီပေးပါလိမ့်မယ်။ ဥပမာ၊ ယုဒဘုရင် အာသဟာ နန်းသက် အစောပိုင်းမှာ အင်အားကြီး စစ်တပ်နဲ့ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါကို အားကိုးတဲ့အတွက် အောင်ပွဲရခဲ့တယ်။ (၂ ရာ. ၁၄:၉-၁၂) ဒါပေမဲ့ နောက်ပိုင်း ဘယ်လောက်မှ စစ်တပ်အင်အား မရှိတဲ့ အစ္စရေးဘုရင် ဗာရှာ စစ်ချီလာချိန်မှာတော့ အရင်ကလို ယေဟောဝါကို အားကိုးမယ့်အစား ဆီးရီးယားဘုရင်ဆီ ငွေပေးပြီး အကူအညီ တောင်းခဲ့တယ်။ (၂ ရာ. ၁၆:၁-၃) အကြီးအကျယ် နေမကောင်း ဖြစ်ပြီး သေဆုံးခါနီးမှာတောင် ယေဟောဝါဆီ အာသ အကူအညီ မတောင်းခဲ့ဘူး။—၂ ရာ. ၁၆:၁၂။

၁၄။ အာသရဲ့ အမှားကနေ ဘာသင်ယူနိုင်သလဲ။

၁၄ အစပိုင်းမှာ အာသဟာ အခက်အခဲ ကြုံချိန်မှာ ယေဟောဝါကို အားကိုးတယ်။ နောက်ပိုင်းမှာတော့ ဘုရားဆီ အကူအညီ မတောင်းတော့ဘဲ ကိုယ့်ဘာသာကိုယ် ဖြေရှင်းခဲ့တယ်။ အစ္စရေးကို တိုက်ဖို့ ဆီးရီးယားဆီ အကူအညီ တောင်းတာ အောင်မြင်ပုံရတယ်။ ဒါပေမဲ့ ကြာရှည်မခံခဲ့ဘူး။ “မင်းကြီးက ယေဟောဝါဘုရားကို အားမကိုးဘဲ ဆီးရီးယားဘုရင်ကို အားကိုးတဲ့အတွက် ဆီးရီးယားဘုရင်ရဲ့ စစ်တပ်ဟာ မင်းကြီးလက်ထဲကနေ လွတ်မြောက်သွားပြီ” လို့ ပရောဖက်ကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၂ ရာ. ၁၆:၇) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ ကျမ်းစာလမ်းညွှန်မှုကို မရှာဘဲ ကိစ္စရပ်တွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်မှာပါလို့ တွေးလာတဲ့အထိ ယုံကြည်စိတ်ချမှု မလွန်ကဲသင့်ဘူး။ ချက်ချင်း ဆုံးဖြတ်ချက် ချရမယ့် အခြေအနေမျိုးမှာတောင် ယေဟောဝါကို တည်ငြိမ်စွာ အားကိုးသင့်တယ်။ ဒါဆိုရင် အောင်မြင်ဖို့ ဘုရား ကူညီပေးပါလိမ့်မယ်။

ဟေရှာယ ၃၀:၁၅ ကို ရေးထားတဲ့ စာရွက်ကို ရေခဲသေတ္တာပေါ် ညီအစ်မ ကပ်နေ။

စာပိုဒ် ၁၅ ကိုကြည့်ပါf

၁၅။ ကျမ်းစာဖတ်တဲ့အခါ ဘာလုပ်နိုင်သလဲ။

၁၅ (၄) ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ပါ။ ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားရှိမယ်လို့ ပြောထားတဲ့ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ဖို့ ကြိုးစားပါ။ ကျယ်ကျယ်ဖတ်တာ၊ ချရေးတာ၊ မကြာမကြာ ပြန်ဖတ်တာတွေက မှတ်မိဖို့ ကူညီပေးနိုင်တယ်။ ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်ဖို့ ပညတ်ကျမ်းကို ပုံမှန် ဖတ်ရွတ်ဆင်ခြင်ပါလို့ ယောရှုကို ယေဟောဝါ မိန့်မှာတယ်။ အဲဒီပညတ်ကျမ်းက ကြောက်စိတ်ကို ဖယ်ပြီး ဘုရားလူမျိုးကို သတ္တိရှိရှိ ဦးဆောင်ဖို့ ယောရှုကို ကူညီပေးပါလိမ့်မယ်။ (ယောရှု ၁:၈၊ ၉) ကျမ်းချက်များစွာက စိုးရိမ်ပူပန်စရာ၊ ကြောက်လန့်စရာ အခြေအနေတွေမှာ စိတ်ငြိမ်သက်မှု ရဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။—ဆာ. ၂၇:၁-၃။ ပညာ. ၃:၂၅၊ ၂၆။

အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရင်း ညီအစ်မတစ်ယောက်နဲ့ စကားပြောနေ။

စာပိုဒ် ၁၆ ကိုကြည့်ပါg

၁၆။ ကျွန်တော်တို့ကို ကူညီပေးဖို့ အသင်းတော်ကို ယေဟောဝါ ဘယ်လို အသုံးပြုသလဲ။

၁၆ (၅) ဘုရားလူမျိုးနဲ့ ပေါင်းသင်းပါ။ မိမိကို တည်ငြိမ်စွာ ယုံကြည်ကိုးစားနိုင်အောင် ညီအစ်ကို/မတွေကတစ်ဆင့် ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးတယ်။ အစည်းအဝေးတွေမှာ ဟောပြောချက်တွေ၊ မှတ်ချက်တွေ၊ အားရှိစရာ စကားပြောဆိုမှုတွေကနေ ကျွန်တော်တို့ အကျိုးရတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အသင်းတော်ထဲက ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေကို ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ပြောလိုက်တဲ့အခါလည်း စိတ်ပေါ့သွားနိုင်တယ်။ မိတ်ဆွေဆီက ကြားရတဲ့ “ကောင်းတဲ့စကား” ဟာ စိုးရိမ်ပူပန်စိတ် သက်သာအောင် ကူညီပေးနိုင်တယ်။—ပညာ. ၁၂:၂၅။

အနာဂတ် နိုင်ငံတော် ကောင်းချီးတွေကို ညီအစ်မ တွေးတောနေ။

စာပိုဒ် ၁၇ ကိုကြည့်ပါh

၁၇။ ဟီဘရူး ၆:၁၉ အရ နိုင်ငံတော် မျှော်လင့်ချက်က အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ကို ဘယ်လို တည်ငြိမ်စေနိုင်သလဲ။

၁၇ (၆) မျှော်လင့်ချက် ခိုင်မာနေစေပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံတော် မျှော်လင့်ချက်ဟာ ‘ကျောက်ဆူးလိုပဲ။’ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကြုံရတဲ့အခါ တည်ငြိမ်စေနိုင်တယ်။ (ဟီဘရူး ၆:၁၉ ကိုဖတ်ပါ။) စိုးရိမ်ပူပန်စရာတွေ လုံးဝ မရှိတော့မယ့်၊ ယေဟောဝါ ကတိပြုထားတဲ့ အနာဂတ်အကြောင်း တွေးတောဆင်ခြင်ပါ။ (ဟေရှာ. ၆၅:၁၇) စိတ်ပျက်စရာ အခြေအနေတွေ မရှိတော့မယ့် ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ထဲ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ (မိ. ၄:၄) အဲဒီအကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ သင့်မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ပါ။ ဒါဆိုရင် “မျှော်လင့်ချက်ကို အဆုံးအထိ သေချာ” စေနိုင်ပါလိမ့်မယ်။—ဟီ. ၆:၁၁။

“တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်။”—ဟေရှာ. ၃၀:၁၅

ပုံ– စိတ်တည်ငြိမ်ဖို့ ညီအစ်မတစ်ယောက်ကို ကူညီပေးတဲ့ အချက် ခြောက်ချက်။ အဲဒီအချက်တွေကို ဆောင်းပါး အစပိုင်းမှာ ဆွေးနွေးထား။

လုပ်ဆောင်နိုင်ပုံ

  1. ၁။ မကြာခဏ ဆုတောင်းပါ

  2. ၂။ ယေဟောဝါရဲ့ ဉာဏ်ပညာကို အားကိုးပါ

  3. ၃။ ရှေးခေတ် ပုံနမူနာတွေကနေ သင်ခန်းစာ ယူပါ

  4. ၄။ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ပါ

  5. ၅။ ဘုရားလူမျိုးနဲ့ ပေါင်းသင်းပါ

  6. ၆။ မျှော်လင့်ချက် ခိုင်မာနေစေပါ

၁၈။ အနာဂတ်မှာ ဘယ်အခက်အခဲတွေ ကြုံရမယ်လို့ မျှော်လင့်ထားသင့်သလဲ။ ဘယ်လိုနည်းနဲ့ အောင်မြင်စွာ ရင်ဆိုင်နိုင်သလဲ။

၁၈ ဒီစနစ် အဆုံးတိုင်ခါနီးလေ စိုးရိမ်ပူပန်စရာ အခက်အခဲတွေ တိုးများလေ ဖြစ်လိမ့်မယ်။ ကိုယ့်အစွမ်းခွန်အားကို မဟုတ်ဘဲ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့် အဲဒီအခက်အခဲတွေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့ ၂၀၂၁ ခုနှစ် နှစ်ချုပ်ကျမ်းချက်က ကူညီပေးနိုင်တယ်။ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ယုံကြည်ကြောင်း ဒီနှစ်တစ်လျှောက်လုံး လုပ်ရပ်နဲ့ ပြကြပါစို့။—ဟေရှာ. ၃၀:၁၅။

သင် ဘယ်လို ဖြေမလဲ

  • စိုးရိမ်ပူပန်မှုတချို့က ဘာကြောင့် မမှားသလဲ။

  • တည်ငြိမ်နေဖို့ ကူညီပေးမယ့်အရာ ခြောက်ခုက ဘာတွေလဲ။

  • ၂၀၂၁ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ဟာ ဘာကြောင့် အချိန်ကိုက် ဖြစ်သလဲ။

သီချင်း ၈ တို့ခိုလှုံရာ ယေဟောဝါ

a အခုနဲ့ အနာဂတ်မှာ စိတ်ဖိစီးစရာ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ဘယ်လောက် အရေးကြီးကြောင်း ၂၀၂၁ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က အလေးပေး ဖော်ပြတယ်။ နှစ်ချုပ်ကျမ်းချက်ပါ အကြံဉာဏ်ကို လိုက်လျှောက်နိုင်တဲ့ လက်တွေ့ကျနည်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b သစ္စာရှိ ညီအစ်ကို/မတချို့ဟာ အလွန်အမင်း စိုးရိမ်ပူပန်တာ၊ ထိတ်လန့်တာမျိုး ခံစားရနိုင်တယ်။ အဲဒါဟာ ကျန်းမာရေး ပြဿနာ ဖြစ်ပြီး ယေရှု ပြောနေတဲ့ စိုးရိမ်ပူပန်မှုနဲ့ မရောထွေးသင့်ဘူး။

c ပုံအညွှန်း– (၁) တစ်နေ့တာအတွင်း ညီအစ်မတစ်ယောက် စိုးရိမ်ပူပန်မှုတွေအကြောင်း ဆုတောင်းနေ။

d ပုံအညွှန်း– (၂) ဉာဏ်ပညာ ရဖို့ နေ့လယ်စာ စားချိန်မှာ ကျမ်းစာ ဖတ်နေ။

e ပုံအညွှန်း– (၃) ကျမ်းစာမှာပါတဲ့ ကောင်းတဲ့ ပုံနမူနာ၊ မကောင်းတဲ့ ပုံနမူနာတွေကို တွေးတောဆင်ခြင်နေ။

f ပုံအညွှန်း– (၄) အလွတ်ကျက်မှတ်ထားချင်တဲ့ အားရှိစရာ ကျမ်းချက်ကို ရေခဲသေတ္တာပေါ် ကပ်နေ။

g ပုံအညွှန်း– (၅) အမှုဆောင်မှာ မိတ်ဆွေတွေနဲ့ ပျော်ရွှင်နေ။

h ပုံအညွှန်း– (၆) အနာဂတ်အကြောင်း စဉ်းစားခြင်းအားဖြင့် မျှော်လင့်ချက် ခိုင်မာနေစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ