အခန်း နှစ်ဆယ့်သုံး
ယေဟောဝါအား စောင့်မျှော်လျက် နေပါ
၁၊ ၂။ (က) ဟေရှာယ အခန်းကြီး ၃၀ တွင် အဘယ် အကြောင်းအရာများ ပါသနည်း။ (ခ) ယခု အဘယ် မေးခွန်းများကို ဆင်ခြင်သုံးသပ်ကြမည်နည်း။
ဟေရှာယ အခန်းကြီး ၃၀ တွင် ဆိုးယုတ်သူများအပေါ် ဘုရားသခင်၏ ထပ်ဆင့်ကြေညာချက်များကို ကျွန်ုပ်တို့ ဖတ်ရသည်။ သို့သော်လည်း ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းတွင် နှလုံးနွေးထွေးမှု ပေးသော ယေဟောဝါ၏ အရည်အချင်းအချို့ကို အလေးပေးဖော်ပြထားသည်။ အမှန်တွင်၊ ယေဟောဝါ၏ ဂုဏ်ရည်တော်များကို မည်မျှ ကွင်းကွင်းကွက်ကွက် အသုံးအနှုန်းများဖြင့် ဖော်ပြထားသနည်းဟူမူ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှစ်သိမ့်အားရဖွယ် ရောက်ရှိနေခြင်းကို မြင်တွေ့လိုက်ရကာ ကိုယ်တော် လမ်းညွှန်ပေးသည့် အသံတော်ကို ကြားလိုက်ရပြီး ကိုယ်တော်၏ ကိုင်တွယ်ကုသပေးမှုကို ထိတွေ့ခံစားလိုက်ရသည့်အလား ဖြစ်ကြသည်။—ဟေရှာယ ၃၀:၂၀၊ ၂၁၊ ၂၆။
၂ သို့တိုင် ဟေရှာယ၏ တစ်ပြည်တည်းသားချင်းများ ဖြစ်သော အယူဖောက်ပြန်သည့် ယုဒပြည်သူပြည်သားတို့သည် ယေဟောဝါထံ ပြန်လှည့်လာရန် ငြင်းဆိုကြသည်။ ယင်းအစား သူတို့သည် လူကို ယုံစားကြသည်။ ထို့ကြောင့် ယေဟောဝါ မည်သို့ ခံစားရသနည်း။ ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ယေဟောဝါအား မျှော်လင့်လျက် နေရန် ယနေ့ခရစ်ယာန်များအား မည်သို့ ထောက်ကူပေးသနည်း။ (ဟေရှာယ ၃၀:၁၈) စစ်ဆေးကြည့်ကြစို့။
မိုက်မဲမှုနှင့် ဘေးဆိုး
၃။ အဘယ်အကြံကို ယေဟောဝါ ဖော်ထုတ်ပြတော်မူသနည်း။
၃ ယုဒခေါင်းဆောင်များသည် အာရှုရိတံပိုးအောက် မရောက်စေသည့် ထွက်ပေါက်တစ်ခု ရရန် လျှို့ဝှက်ကြံစည်နေသည်မှာ ကြာပေပြီ။ သို့သော် ယေဟောဝါသည် စောင့်ကြည့်လာခဲ့သည်။ ယခု ကိုယ်တော်သည် သူတို့၏ အကြံကို ဤသို့ ဖော်ထုတ်ပြတော်မူ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ပုန်ကန်သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်း တိုင်ပင်ကြ၏။ ငါ့ဝိညာဉ်အခွင့် မရှိဘဲ မိတ်သဟာယ ဖွဲ့၍ အထပ်ထပ် အပြစ်ရောက်ကြ၏။ . . . အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။’”—ဟေရှာယ ၃၀:၁၊ ၂ခ။
၄။ ဘုရားသခင်အား ပုန်ကန်သူများသည် ဘုရားသခင့် နေရာတွင် အီဂျစ်ကို မည်သို့ အစားထိုးကြသနည်း။
၄ မိမိတို့အကြံအစည်ကို ဖော်ထုတ်ခံရသည့်အခါ ထိုကြံရာပါ ခေါင်းဆောင်များသည် အလွန် လန့်ဖျပ်သွားကြသည်! မဟာမိတ်ဖွဲ့ရန် အီဂျစ်ပြည်သို့ သွားခြင်းသည် အာရှုရိကို ရန်ဘက်ပြုခြင်းထက်မကပါ၊ ၎င်းသည် ယေဟောဝါ ဘုရားသခင်ကို ပုန်ကန်ခြင်း ဖြစ်သည်။ ဘုရင်ဒါဝိဒ်ခေတ်၌ လူများသည် ယေဟောဝါကို ခိုလှုံရာ ရဲတိုက်အဖြစ် အားကိုးအားထား ပြုခဲ့ကြပြီး ‘ကိုယ်တော်၏ အတောင်တော်အရိပ်၌’ ခိုလှုံခဲ့ကြသည်။ (ဆာလံ ၂၇:၁; ၃၆:၇) ယခု သူတို့သည် “ဖာရောဘုရင်၏ ဘုန်းကို အမှီပြု၍ . . . အဲဂုတ္တုအရိပ်ကို ခိုလှုံ” ကြသည်။ (ဟေရှာယ ၃၀:၂က) သူတို့သည် ဘုရားသခင့်နေရာတွင် အီဂျစ်ကို အစားထိုးခဲ့ကြသည်! သစ္စာဖောက်မှုပါတကား!—ဟေရှာယ ၃၀:၃-၅ ဖတ်။
၅၊ ၆။ (က) အီဂျစ်ပြည်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် အဘယ်ကြောင့် မဟာအမှား ဖြစ်သနည်း။ (ခ) ဘုရားသခင့် လူမျိုးတော် သွားခဲ့သော အဘယ် အစောပိုင်း ခရီးစဉ်က အီဂျစ်ပြည်သို့ သွားသော ဤခရီးစဉ်သည် ပညာမဲ့ကြောင်း ပေါ်လွင်သနည်း။
၅ အီဂျစ်ပြည်ခရီးစဉ်သည် ရိုးရိုးအလည်အပတ်သာ ဖြစ်သည်ဟူသည့်အဆိုကို ချေပလိုက်သည့်အလား ဟေရှာယက ပို၍ အသေးစိတ် ဖော်ပြ၏။ “နေဂပ်ပြည်ရှိ တိရစ္ဆာန်များဆိုင်ရာ ဗျာဒိတ်တော်ကား၊ ခြင်္သေ့မ၊ ဟောက်သော ခြင်္သေ့မ၊ မြွေဆိုး၊ ပျံတတ်သောမီးမြွေများသဖြင့် အလွန် ဆင်းရဲပူပန်သော ပြည်ကို လျှောက်လျက် မြည်းကျောပေါ်မှာ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ကုလားအုတ်ဘို့ပေါ်မှာ ဘဏ္ဍာများကိုလည်းကောင်း တင်၍ . . . ဆောင်သွားကြသည်တကား။” (ဟေရှာယ ၃၀:၆က၊ သမ္မာ) ကောင်းစွာ စီစဉ်ပြင်ဆင်ထားသော ခရီးစဉ် ဖြစ်ကြောင်း ရှင်းနေပါသည်။ သံတမန်တို့သည် တန်ဖိုးကြီးသော ပစ္စည်းများ ပါသည့် အထုပ်များကို ဝန်တင်တိရစ္ဆာန်များ ဖြစ်သော ကုလားအုတ်များနှင့် မြည်းများပေါ် တင်ဆောင်ကာ ဟောက်သော ခြင်္သေ့များနှင့် အဆိပ်ပြင်းသောမြွေများ ရှိသည့် တောကန္တာရကို ဖြတ်၍ အီဂျစ်ပြည်သို့ သွားရန် စီစဉ်ကြသည်။ နောက်ဆုံးတွင် သံအဖွဲ့သည် မိမိတို့၏ လိုရာခရီးသို့ ရောက်ပြီး သူတို့၌ ပါလာသော ဘဏ္ဍာရတနာများကို အီဂျစ်လူတို့အား ပေးလိုက်ကြ၏။ သူတို့သည် အကာအကွယ်ကို ငွေဖြင့် ဝယ်လိုက်ပြီ—သို့မဟုတ် ထိုသို့ပင် သူတို့ ယူဆခဲ့ကြသည်။ သို့ရာတွင် ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ကျေးဇူးမပြုနိုင်သောလူမျိုးထံသို့ ဆောင်သွားကြသည်တကား။ အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက် အကျိုးမပေးနိုင်။ ထို့ကြောင့် ‘မလှုပ်ဘဲ နေတတ်သော ရာခပ်’ ဟု ငါသမုတ်ပေ၏။” (ဟေရှာယ ၃၀:၆ခ၊ ၇) “ရာခပ်၊” “နဂါး” တို့သည် အီဂျစ်ပြည်ကို တင်စားသည်။ (ဟေရှာယ ၅၁:၉၊ ၁၀) သူသည် အားလုံး လုပ်ပေးမည်ဟု ကတိပြုသော်လည်း အဘယ်အရာမျှ မလုပ်ဆောင်ပေးပါ။ ယုဒလူမျိုး သူမနှင့် မဟာမိတ်ဖွဲ့ခြင်းသည် မဟာအမှား ဖြစ်သည်။
၆ သံတမန်များ၏ ခရီးစဉ်အကြောင်း ဟေရှာယ ဖော်ပြသည့်အခါ နားထောင်သူ ပရိသတ်သည် အလားတူသော မောရှေခေတ်က ခရီးစဉ်ကို ပြန်၍ သတိရကြပေမည်။ ထိုဘိုးဘေးများသည် ထပ်တူ “ကြောက်မက်ဖွယ်သော တောကြီး” ကို ဖြတ်သန်းသွားခဲ့ကြရသည်။ (တရားဟောရာ ၈:၁၄-၁၆) သို့ရာတွင် မောရှေခေတ်က ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည်၊ ကျွန်ခံရာနေရာနှင့် ဝေးရာသို့ ထွက်ခဲ့ကြခြင်း ဖြစ်သည်။ ဤအကြိမ်တွင်မူ သံတမန်များသည် အီဂျစ်ပြည်သို့ သွားပြီး အမှန်ပင် လက်အောက်ခံကြသည်။ အလွန် မိုက်မဲမှုပါတကား! ကျွန်ုပ်တို့သည် ထိုကဲ့သို့သော ပညာမဲ့သည့် ဆုံးဖြတ်ချက်ချကာ ဝိညာဏ လွတ်လပ်မှုကို ကျွန်ဘဝနှင့် လဲလှယ်ယူမိသည့် အဖြစ်မျိုး ဘယ်တော့မှ မဖြစ်ပါစေနှင့်!—ဂလာတိ ၅:၁ နှိုင်းယှဉ်။
ပရောဖက်၏ သတင်းတရားကို ဆန့်ကျင်ခြင်း
၇။ ယေဟောဝါသည် ယုဒလူမျိုးအတွက် မိမိ၏ သတိပေးချက်များကို ဟေရှာယအား အဘယ်ကြောင့် ရေးမှတ်စေသနည်း။
၇ ယေဟောဝါက ဟေရှာယအား သူယခုလေးတင် ပြောကြားခဲ့သော သတင်းစကားကို “နောင်ကာလအစဉ်အဆက် သက်သေအဖြစ် တည်စေခြင်းငှာ” ရေးမှတ်ထားဖို့ မိန့်တော်မူ၏။ (ဟေရှာယ ၃၀:၈၊ သမ္မာ) ကိုယ်တော်အား မကိုးစားဘဲ လူနှင့် မဟာမိတ်ဖွဲ့ခြင်းကို ယေဟောဝါ မနှစ်သက်ကြောင်း နောင်လူမျိုးဆက်—ကျွန်ုပ်တို့ခေတ်ရှိ လူမျိုးဆက် အပါအဝင်—သိရှိစေရန် မှတ်တမ်းတင်စေခြင်း ဖြစ်ရမည်။ (၂ ပေတရု ၃:၁-၄) သို့သော် ရေးသားထားသော မှတ်တမ်းတစ်ခုကို လက်ငင်း လိုအပ်ရသည့် အကြောင်းရှိသည်။ “ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန်သော အမျိုးသား၊ ထာဝရဘုရား၏ တရားတော်ကို နာယူခြင်းငှာအလိုမရှိသော အမျိုးသား ဖြစ်ကြ၏။” (ဟေရှာယ ၃၀:၉) လူများသည် ဘုရားသခင်၏ သွန်သင်ချက်ကို ငြင်းပယ်ခဲ့ကြသည်။ ထို့ကြောင့် နောက်ပိုင်း၌ မိမိတို့သည် သင့်တော်သော သတိပေးချက်များ မရခဲ့ပါဟု ငြင်းစရာ မရှိစေခြင်းငှာ ၎င်းတို့ကို ရေးမှတ်ထားရမည်။—သုတ္တံ ၂၈:၉; ဟေရှာယ ၈:၁၊ ၂။
၈၊ ၉။ (က) ယုဒခေါင်းဆောင်များသည် ယေဟောဝါ၏ ပရောဖက်များ ယိုယွင်းဖောက်ပြန်စေရန် အဘယ်နည်းဖြင့် ကြိုးစားကြသနည်း။ (ခ) ဟေရှာယသည် ကြိမ်းမောင်းခြောက်လှန့်မှုကို ကြောက်မည် မဟုတ်ကြောင်း မည်သို့ သက်သေပြသနည်း။
၈ ယခု ဟေရှာယက လူများ၏ ပုန်ကန်သော သဘောထား နမူနာတစ်ခုကို ဖော်ပြ၏။ “သူတို့ကလည်း ‘ဗျာဒိတ်တော်ကို မခံပါနှင့်’ ဟု ဗျာဒိတ်ခံသောသူတို့အားလည်းကောင်း၊ ‘မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သော စကားကို ပြောကြပါ။ လှည့်စားသော စကားကို ဟောကြပါ’” ဟု ဆိုကြ၏။ (ဟေရှာယ ၃၀:၁၀) သစ္စာရှိ ပရောဖက်များအား “မှန်သောစကား” သို့မဟုတ် စစ်မှန်သော စကားကို မပြောရန်နှင့် ၎င်းအစား “ချော့မော့သော စကား” နှင့် “လှည့်စားသော စကား” သို့မဟုတ် မှားယွင်းသော စကားကို ပြောရန် အမိန့်ပေးညွှန်ကြားခြင်းဖြင့် ယုဒခေါင်းဆောင်များသည် သူတို့နားကို ကလိထိုးပေးစေလိုကြကြောင်း ပြသကြသည်။ သူတို့သည် ချီးမွမ်းခံလိုကြသည်၊ အပြစ်တင်ခြင်းကို မခံလိုကြပါ။ သူတို့ နှစ်သက်သဘောကျရာနှင့်အညီ ပရောဖက် မပြုလိုသော မည်သည့်ပရောဖက်မဆိုကို ‘ထိုလမ်းမှ လွှဲကြ။ ဖယ်လိုက်ကြ’ သင့်သည်ဟု သူတို့ ယူဆထားသည်။ (ဟေရှာယ ၃၀:၁၁က၊ သမ္မာ) သူသည် နားဝင်ချိုသောအရာများကို ပြောချင် ပြော၊ သို့မဟုတ်လျှင် လုံးဝ မဟောဘဲ ဆိတ်ဆိတ်နေရုံသာ ရှိသည်!
၉ ဟေရှာယကို သဲသဲမဲမဲ ဆန့်ကျင်သူများက “ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါ” ဟု အခိုင်အမာ ပြောကြ၏။ (ဟေရှာယ ၃၀:၁၁ခ) “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား” ယေဟောဝါ၏ နာမဖြင့် ဟေရှာယ ဟောပြောခြင်းကို ရပ်တန့်စေကြသည်! ယေဟောဝါ၏ မြင့်မားသော စံနှုန်းများက သူတို့၏ ယုတ်ညံ့သော အခြေအနေကို မြင်စေသောကြောင့် ဤအမည်နာမသည် သူတို့၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသည်။ ဟေရှာယ မည်သို့ တုံ့ပြန်သနည်း။ “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား မိန့်တော်မူ” ၏ဟု ကြေညာသည်။ (ဟေရှာယ ၃၀:၁၂က) ဟေရှာယသည် တုံ့ဆိုင်းခြင်း မရှိဘဲ ဆန့်ကျင်သူများ မကြားလိုသော စကားကို ပြောဆို၏။ သူသည် ကြိမ်းမောင်းခြောက်လှန့်ခြင်းကို ကြောက်မည် မဟုတ်ပါ။ ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းပါတကား! ဘုရားသခင့် သတင်းတရားကို ကြေညာသည့်အခါ ခရစ်ယာန်များသည် ဘယ်တော့မျှ အလျှော့ပေးလိုက်လျှောခြင်း မလုပ်ရပါ။ (တမန်တော် ၅:၂၇-၂၉) ဟေရှာယကဲ့သို့ပင် သူတို့သည် ‘ယေဟောဝါ မိန့်တော်မူရာ ဖြစ်၏’ ဟု ဆက်ကြေညာကြသည်!
ပုန်ကန်ခြင်း၏ အကျိုးဆက်များ
၁၀၊ ၁၁။ ယုဒလူမျိုး၏ ပုန်ကန်မှု အကျိုးဆက်များကား အဘယ်အရာ ဖြစ်မည်နည်း။
၁၀ ယုဒလူတို့သည် ဘုရားသခင့် နှုတ်ကပါဌ်စကားတော်ကို ငြင်းပယ်ခဲ့ကြပြီး မုသာကို ယုံကာ “လိမ်ကောက်ယိုယွင်းခြင်းကို” ကိုးစားခဲ့ကြသည်။ (ဟေရှာယ ၃၀:၁၂ခ) အကျိုးဆက်များကား အဘယ်နည်း။ ဤလူမျိုး ဖြစ်ချင်တိုင်း ဖြစ်ရန် ခွင့်ပြုထားမည့်အစား ယေဟောဝါသည် လူမျိုးတော်ကို ကွယ်ပျောက်သွားစေမည်! ပုံဥပမာတစ်ခုဖြင့် ဟေရှာယ အလေးအနက် ဖော်ပြခဲ့သည့်အတိုင်း ယင်းသည် ရုတ်တရက် လုံးဝ ပျက်စီးသွားမည်။ ပုန်ကန်သော လူမျိုးသည် “ပြိုကျလုသော အုတ်ရိုးပျက်ကဲ့သို့လည်းကောင်း၊ မြင့်သော အုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ချင်း ပြိုပျက်တတ်၏။” (ဟေရှာယ ၃၀:၁၃) မြင့်သောအုတ်နံရံတွင် ဘေးသို့ ဖောင်းကြွလာခြင်းက နောက်ဆုံးတွင် နံရံကို ပြိုကျသွားစေသကဲ့သို့ ဟေရှာယနှင့် တစ်ခေတ်တည်းသားများ၏ ပုန်ကန်သောသဘောများ တိုးများလာခြင်းက လူမျိုးတော် ပျက်စီးခြင်းကို ဖြစ်စေမည်။
၁၁ ဟေရှာယသည် ရောက်ရှိလာတော့မည့် လုံးဝ ပျက်စီးမှုကို နောက်ထပ်ဥပမာတစ်ခုဖြင့် ဤသို့ တင်ပြ၏– “မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင် မီးဖိုထဲက မီးခဲ ကော်စရာဖို့၊ ရေကန်ထဲက ရေခပ်စရာဖို့ အိုးခြမ်းတစ်ခုမျှ မရှိစေခြင်းငှာ နှမြောခြင်း မရှိဘဲ အစိတ်စိတ် ခွဲခြင်း ခံရလိမ့်မည်။” (ဟေရှာယ ၃၀:၁၄၊ သမ္မာ) ယုဒပြည် ပျက်စီးခြင်းသည် တန်ဖိုးရှိသည့်အရာ ဘာမျှ မကျန်ရှိစေသည့်တိုင် လုံးလုံး ပျက်စီးခြင်း ဖြစ်မည်—မီးဖိုထဲမှ ပြာပူကို ကျုံးယူနိုင်လောက်အောင် သို့မဟုတ် စိမ့်ရေကို အပေါ်ယံ ခပ်ယူနိုင်လောက်သည့် အိုးခြမ်းပဲ့တစ်ခုပင် ကျန်ရှိမည် မဟုတ်ပါ။ အလွန် ရှက်ဖွယ်နိဂုံးပါတကား! ယနေ့ စစ်မှန်သော ဝတ်ပြုရေးကို ဆန့်ကျင်ပုန်ကန်သူများအတွက် ရောက်လာတော့မည့် ဖျက်ဆီးခြင်းသည် ထိုနည်းတူပင် ရုတ်တရက်နှင့် လုံးဝ ပျက်စီးခြင်း ဖြစ်မည်။—ဟေဗြဲ ၆:၄-၈; ၂ ပေတရု ၂:၁။
ယေဟောဝါ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြ
၁၂။ ယုဒလူမျိုးသည် ဖျက်ဆီးခြင်းဘေးကို မည်သို့ ရှောင်ရှားနိုင်သနည်း။
၁၂ သို့သော် ဟေရှာယ၏ နားထောင်သူ ပရိသတ်သည် ပျက်စီးခြင်းဘေးကို မရှောင်လွှဲနိုင်ဟူ၍တော့ မဟုတ်ပါ။ လွတ်လမ်း ရှိပါသည်။ ပရောဖက်က ဤသို့ ရှင်းပြ၏– “ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာ နေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။’ ” (ဟေရှာယ ၃၀:၁၅က) မိမိ၏ လူမျိုးတော်သည် “ငြိမ်ဝပ်စွာ နေ” ခြင်းဖြင့် ယုံကြည်ခြင်းကို တင်ပြမည် သို့မဟုတ် လူ့မဟာမိတ်များအားဖြင့် ကယ်တင်ခြင်း ရရန် ကြိုးစားခြင်းကို ရှောင်ကာ “ငြိမ်ဝပ်စွာ နေ” မည် သို့မဟုတ် ကြောက်စိတ် မဝင်စေဘဲ ဘုရားသခင့် ကယ်တင်နိုင်စွမ်းကို ယုံကြည်ကိုးစားကြောင်း တင်ပြမည်ဆိုလျှင် ယေဟောဝါသည် သူတို့ကို ကယ်တင်ရန် အဆင်သင့်ရှိတော်မူ၏။ “သင်တို့သည် ထိုသို့သော အလိုမရှိကြ”ဟု ဟေရှာယသည် လူများကို ပြောလေ၏။—ဟေရှာယ ၃၀:၁၅ခ။
၁၃။ ယုဒလူမျိုး ခေါင်းဆောင်များသည် အဘယ်အရာကို ယုံကြည်ကိုးစားကြသနည်း၊ ထိုကဲ့သို့သော ယုံကြည်ကိုးစားမှုသည် ခြေမြစ်မှန်ကန်ပါသလော။
၁၃ သို့ဖြစ်၍ ဟေရှာယသည် ဤသို့ အကျယ်ချဲ့ ဖော်ပြ၏– “‘ငါတို့သည် ထိုသို့ မနေ၊ မြင်းစီး၍ ပြေးမည်’ ဟု ဆိုသောကြောင့် သူတစ်ပါးတို့သည် သင်တို့ကို ပြေးစေမည်။ ‘ငါတို့သည် လျင်မြန်စွာ စီးသွားမည်’ ဟု ဆိုသောကြောင့် သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။” (ဟေရှာယ ၃၀:၁၆) ယုဒလူမျိုးများက ယေဟောဝါ မဟုတ်ဘဲ လျင်မြန်သော မြင်းများသည် မိမိတို့ကို ကယ်တင်မည်ဟု ထင်မှတ်ကြသည်။ (တရားဟောရာ ၁၇:၁၆; သုတ္တံ ၂၁:၃၁) သို့ရာတွင် ပရောဖက်က သူတို့၏ ရန်သူများသည် သူတို့ကို လိုက်၍ မီမည် ဖြစ်သောကြောင့် သူတို့၏ ကိုးစားမှုသည် အမြင်မှားမှု ဖြစ်မည်ဟု ဆန့်ကျင်ဘက် ပြော၏။ အရေအတွက်များသည့်တိုင် သူတို့အတွက် အကူအညီ ဖြစ်မည် မဟုတ်ပါ။ “ရန်သူတစ်ယောက်သော်လည်းကောင်း၊ ငါးယောက်သော်လည်းကောင်း ကြိမ်းမောင်းသော် တစ်ထောင်သောသူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက် ပြေးကြလိမ့်မည်။” (ဟေရှာယ ၃၀:၁၇က) ယုဒ၏ စစ်သည်များသည် လက်တစ်ဆုပ်စာမျှသာ ရှိသော ရန်သူတို့၏ အော်ဟစ်သံကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ပြေးကြမည်။a နောက်ဆုံးတွင် အကြွင်းအကျန်သာ ကျန်ရစ်မည် ဖြစ်ပြီး “တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာ ထူသော အလံကဲ့သို့လည်းကောင်း” ဖြစ်မည်။ (ဟေရှာယ ၃၀:၁၇ခ) ပရောဖက်ပြုထားသည့်အတိုင်း ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့ ဖျက်ဆီးခံရချိန်တွင် အကြွင်းအကျန်သာ အသက်ရှင်ကျန်ရစ်သည်။—ယေရမိ ၂၅:၈-၁၁။
ပြစ်ဒဏ်စီရင်ခြင်းခံရသည့်ကြားမှ နှစ်သိမ့်မှု
၁၄၊ ၁၅။ ဟေရှာယ ၃၀:၁၈ တွင် ရှေးခေတ် ယုဒပြည်သူပြည်သားများအတွက်နှင့် ယနေ့ စစ်မှန်သော ခရစ်ယာန်များအတွက် အဘယ် နှစ်သိမ့်ဖွယ်စကားများကို ကမ်းလှမ်းထားသနည်း။
၁၄ အလေးအနက် စဉ်းစားစရာ ဖြစ်သော ၎င်းစကားများသည် ဟေရှာယ၏ နားထောင်သူ ပရိသတ်၏ နားတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း မိမိ၏ သတင်းစကား အသံနေအသံထားကို ပြောင်းလိုက်သည်။ ဘေးဆိုးခြိမ်းခြောက်မှုမှ ကောင်းချီးများဆိုင်ရာ ကတိတော်တစ်ခု ဖြစ်သွားသည်။ “သို့ဖြစ်၍ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ စောင့်မျှော်တော်မူမည်။ ကရုဏာပြုလိုသောငှာ ထတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” (ဟေရှာယ ၃၀:၁၈၊ သမ္မာ) အားတက်ဖွယ် စကားများပါတကား! ယေဟောဝါသည် မိမိ၏ သားသမီးများကို လိုလိုလားလား မစပေးလိုသော အကြင်နာတရား ကြီးမားသည့် ဖခင်တစ်ဦး ဖြစ်သည်။ ကိုယ်တော်သည် ကရုဏာပြရခြင်းကို အားရနှစ်သက်တော်မူ၏။—ဆာလံ ၁၀၃:၁၃; ဟေရှာယ ၅၅:၇။
၁၅ ဤအားတက်ဖွယ်စကားများသည် ဘီ.စီ.အီး. ၆၀၇၊ ယေရုရှလင်မြို့ ပျက်စီးခြင်းတွင် ကရုဏာကြောင့် လွတ်မြောက်ခွင့် ရခဲ့သော ဂျူးအကြွင်းအကျန်နှင့် ဘီ.စီ.အီး. ၅၃၇ တွင် ကတိထားရာ ပြည်တော်သို့ ပြန်ခွင့်ရသောသူ အနည်းငယ်နှင့် သက်ဆိုင်သည်။ သို့ရာတွင် ပရောဖက်၏ စကားများသည် ယနေ့ခရစ်ယာန်များအတွက်လည်း နှစ်သိမ့်မှု ဖြစ်စေသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ အကျိုးအတွက် “ထတော်” မူပြီး ဤဆိုးသွမ်းသော လောကကို အဆုံးတိုင်စေမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ “တရားသော ဘုရားသခင်” ယေဟောဝါသည် စာတန့်လောကကို တရားမျှတမှု လိုအပ်ချက်အတိုင်း တစ်ရက်ပင် ပို၍ တည်ရှိခွင့်ပြုမည် မဟုတ်ကြောင်း သစ္စာရှိ ဝတ်ပြုသူများ ယုံကြည်စိတ်ချနိုင်သည်။ ထို့ကြောင့် “ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည်” ဝမ်းမြောက်ရွှင်လန်းရန် အကြောင်းများစွာ ရှိသည်။
ယေဟောဝါသည် ဆုတောင်းချက်များကို အဖြေပေးခြင်းဖြင့် မိမိ၏ လူမျိုးတော်ကို နှစ်သိမ့်တော်မူ၏
၁၆။ ယေဟောဝါသည် စိတ်ဓာတ်ကျနေသူများကို မည်သို့ နှစ်သိမ့်ပေးသနည်း။
၁၆ သို့သော် မိမိတို့ မျှော်လင့်ထားချိန်တွင် ကယ်တင်ခြင်း ရောက်မလာသောကြောင့် အချို့သူများ စိတ်ဓာတ်ကျကြပေမည်။ (သုတ္တံ ၁၃:၁၂; ၂ ပေတရု ၃:၉) သူတို့သည် ယေဟောဝါ၏ ဂုဏ်ရည်တော်ထဲမှ အထူးအသွင်အပြင်တစ်ခုကို ပေါ်လွင်အောင် ဖော်ပြထားသော ဟေရှာယ ဆက်ပြောသော စကားများမှ နှစ်သိမ့်မှု ရနိုင်ပါသည်။ “ယေရုရှလင်မြို့၌ နေသော ဇိအုန်အမျိုး သင်သည် အစဉ် ငိုကြွေးရမည် မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြား [“လိုက်သည်နှင့်၊” ကဘ] သောအခါ ထူးတော်မူလိမ့်မည်။” (ဟေရှာယ ၃၀:၁၉) ဟေရှာယသည် အခန်းငယ် ၁၈ တွင် အများကိန်း ဖြစ်သော “သင်တို့” ဟူသော စကားလုံးမှ အခန်းငယ် ၁၉ တွင် “သင်” ဟူသော တစ်ခုကိန်းကို ပြောင်းလိုက်ခြင်းဖြင့် ဤစကားများတွင် သနားကြင်နာမှုကို ဖော်ပြသည်။ ယေဟောဝါသည် စိတ်ဓာတ်ကျနေသူများကို နှစ်သိမ့်တော်မူသည့်အခါ တစ်ဦးချင်းစီကို ကိုယ်တော် ဂရုစိုက်တော်မူသည်။ ဖခင်တစ်ဦးအနေနှင့် စိတ်ဓာတ်ကျနေသော သားတစ်ယောက်ကို ‘မင်းရဲ့ ညီအစ်ကိုလို ဘာကြောင့် မကြံ့ခိုင်နိုင်ရတာလဲ’ ဟု မတောင်းဆိုပါ။ (ဂလာတိ ၆:၄) ယင်းအစား တစ်ဦးချင်းစီကို ဂရုတစိုက် နားထောင်ပေးတော်မူ၏။ အမှန်ပင် “ထိုအသံကို ကြားလိုက်သည်နှင့် ထူးတော်မူလိမ့်မည်။” အလွန် အားတက်ဖွယ် စကားများပါတကား! စိတ်ဓာတ်ကျနေသူများသည် ယေဟောဝါအား ဆုတောင်းမည်ဆိုလျှင် ခွန်အားများစွာ ရရှိနိုင်သည်။—ဆာလံ ၆၅:၂။
ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ဖတ်ခြင်းဖြင့် ကိုယ်တော့် လမ်းညွှန်သံကို နားထောင်လော့
၁၇၊ ၁၈။ ခက်ခဲသော အချိန်ကာလအတွင်း၌ပင် ယေဟောဝါသည် ညွှန်ကြားချက်များကို မည်သို့ ပေးသနည်း။
၁၇ ဟေရှာယက ဆက်ပြောရာတွင် ဘေးဒုက္ခ ရောက်လာမည် ဖြစ်ကြောင်း နားထောင်သူ ပရိသတ်အား သတိပေး၏။ လူများအား “ဒုက္ခမုန့်ကို ကျွေး၍ ဆင်းရဲခြင်း ရေကို” သောက်စေမည်။ (ဟေရှာယ ၃၀:၂၀က) ဝိုင်းရံပိတ်ဆို့ခံရသောအခါ သူတို့ တွေ့ကြုံရမည့် အတိဒုက္ခနှင့် ဖိနှိပ်မှုတို့သည် ထမင်းစားရေသောက်သကဲ့သို့သော သာမန်အရာများ ဖြစ်လာမည်။ သို့တိုင် ယေဟောဝါသည် နှလုံးရိုးဖြောင့်သူများကို လာကယ်ရန် အဆင်သင့်ရှိတော်မူ၏။ “ကြီးမြတ်သော သွန်သင်ရှင်သည် နောက်တစ်ဖန် ပုန်းရှောင်၍ နေတော်မမူ။ သင့်မျက်စိများသည် ကြီးမြတ်သော သွန်သင်ရှင်ကို မြင်ရသော မျက်စိ ဖြစ်လာမည်။ သင်တို့သည် လက်ယာဘက်သို့ သွားသင့်သည် သို့မဟုတ် လက်ဝဲဘက်သို့ သွားသင့်သည့်အခါများတွင် ‘အသင်လူတို့၊ ဤလမ်း ဖြစ်၏။ ထိုအတိုင်း လျှောက်လော့’ ဟု သင့်နောက်မှ ပြောလိုက်သည်ကို သင့်နားနှင့် ကြရလိမ့်မည်။”—ဟေရှာယ ၃၀:၂၀ခ၊ ၂၁၊ ကဘ။b
၁၈ ယေဟောဝါသည် “ကြီးမြတ်သော ညွှန်ကြားပေးရှင်” ဖြစ်တော်မူ၏။ ကိုယ်တော်ကို မီသော သွန်သင်သူ တစ်ဦးမျှ မရှိပါ။ သို့သော် လူများသည် ကိုယ်တော်ကို မည်သို့ “မြင်” နိုင်၊ “ကြား” နိုင်ကြသနည်း။ ယေဟောဝါသည် ပရောဖက်များမှတစ်ဆင့် မိမိကိုယ်ကို ဖော်ပြတော်မူသည်၊ ယင်းစကားတို့ကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ (အာမုတ် ၃:၆၊ ၇) ယနေ့ သစ္စာရှိသော ဝတ်ပြုသူများသည် သမ္မာကျမ်းစာကို ဖတ်လိုက်သည့်အခါ ဘုရားသခင်၏ ဖခင်သဖွယ်အသံက ယင်းလမ်းတွင် လျှောက်လှမ်းရန် သွားရမည့် လမ်းကို ပြောပြလျက် မိမိတို့၏ အမူအကျင့် လမ်းစဉ်ကို ပြုပြင်ရန် အားပေးနေဘိသကဲ့သို့ ဖြစ်သည်။ ခရစ်ယာန်ယောက်တိုင်းသည် ကျမ်းစာစာမျက်နှာများအားဖြင့် ဖြစ်စေ၊ “သစ္စာနှင့်သတိပညာရှိသောကျွန်” ပြင်ဆင်ပေးသော ကျမ်းစာအခြေပြု စာပေစာတမ်းများအားဖြင့် ဖြစ်စေ ယေဟောဝါမိန့်တော်မူချက်များကို ဂရုတစိုက် နားထောင်သင့်သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ‘မိမိ၏ အသက်နှင့်ဆိုင်သောအမှု ဖြစ်’ သည့်အတွက် ယောက်တိုင်း အားစိုက်အင်စိုက် လုပ်ဆောင်ကြပါစို့။—တရားဟောရာ ၃၂:၄၆၊ ၄၇; ဟေရှာယ ၄၈:၁၇။
အနာဂတ် ကောင်းချီးများကို စေ့စေ့ဆင်ခြင်ပါ
၁၉၊ ၂၀။ ကြီးမြတ်သော သွန်သင်ရှင်၏ စကားသံကို တုံ့ပြန်သူများအတွက် အဘယ် ကောင်းချီးများ သိုထားသနည်း။
၁၉ ကြီးမြတ်သော သွန်သင်ရှင်၏ စကားသံကို တုံ့ပြန်သူများသည် သူတို့၏ ရုပ်တုများကို စက်ဆုပ်ဖွယ်အရာများအဖြစ် ရှုမြင်ကာ လွှင့်ပစ်လိုက်ကြမည်။ (ဟေရှာယ ၃၀:၂၂ ဖတ်။) သို့ဖြစ်၍ တုံ့ပြန်ရန် အသင့်ရှိသော ထိုသူများသည် အံ့ဖွယ်ကောင်းချီးများကို ခံစားရမည်။ ၎င်းတို့ကို ဟေရှာယက ဟေရှာယ ၃၀:၂၃-၂၆ တွင် မှတ်တမ်းတင်၍ ဖော်ပြထားသည်၊ ယင်းသည် နှစ်မြို့ဖွယ် ပြန်လည်ထူထောင်ရေး ပရောဖက်ပြုချက် ဖြစ်ပြီး ဂျူးအကြွင်းအကျန် သုံ့ပန်းဘဝမှ ပြည်တော်ပြန်ချိန် ဘီ.စီ.အီး. ၅၃၇ တွင် ဦးဆုံး ပြည့်စုံခဲ့သည်။ ယခုအချိန်တွင် ဤပရောဖက်ပြုချက်သည် ဝိညာဏ ပရဒိသုနှင့် ရောက်လာတော့မည့် ပကတိ ပရဒိသုတွင် မေရှိယ ဆောင်ကြဉ်းပေးမည့် အံ့ဖွယ်ကောင်းချီးများကို ကျွန်ုပ်တို့ တွေ့မြင်စေရန် အကူအညီ ပေးသည်။
၂၀ “သင်သည် လယ်၌ ကြဲသော မျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန် ကြွယ်ဝစွာ [“အဆီအနှစ်နှင့် ပြည့်သော မုန့်ကို၊” ကဘ] ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏ သိုး နွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်း [“ဆန်ခါချ၊” ကဘ] စေ၍ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌ လုပ်သော နွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။” (ဟေရှာယ ၃၀:၂၃၊ ၂၄) “အဆီအနှစ်နှင့် ပြည့်” သောမုန့်—အာဟာရ ပြည့်ဝသော အစားအစာ—သည် နေ့စဉ်အစားအစာ ဖြစ်မည်။ တိရစ္ဆာန်များပင် အကျိုးခံစားရသည်အထိ ပြည်တော်သည် စပါးသီးနှံများစွာ ထွက်ရှိမည် ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များသည် “ကောင်းမွန်စွာ ရောနှောသော စပါး”—ရှားပါးသော အချိန်အခါအတွက် သီးသန့်ဖယ်ထားသော ကောင်းမွန်သည့်အစာများကို စားကြရမည်။ ဤအစာများကိုပင် “ဆန်ခါချ” ခဲ့ကြသည်—ပုံမှန်အားဖြင့် လူများ စားသည့် စပါးသီးနှံကိုသာ ပြုလုပ်သည့် လုပ်ဆောင်မှု ဖြစ်သည်။ ဟေရှာယသည် သစ္စာရှိသူများအပေါ် ယေဟောဝါ၏ ကြွယ်ဝသော ကောင်းချီးများအကြောင်း ဥပမာပေး ဖော်ပြရာတွင် တကယ့် နှစ်မြို့ဖွယ် အသေးစိတ် အချက်များပင် ဖြစ်သည်!
၂၁။ ရရှိတော့မည့် ကောင်းချီး အပြည့်အစုံကို ဖော်ပြပါ။
၂၁ “မြင့်သောတောင် ရှိသမျှနှင့် ထင်ရှားသောကုန်း ရှိသမျှတို့အပေါ်မှာ ရေစီးရာ မြစ်နှင့် ချောင်းများရှိကြလိမ့်မည်။” (ဟေရှာယ ၃၀:၂၅ခ)c ဟေရှာယက ယေဟောဝါ၏ ကောင်းချီး အပြည့်အစုံကို အလေးပေး ဖော်ပြသည့် သင့်လျော်သော ပုံဖော်ချက်စကား ဖြစ်သည်။ အဖိုးတန်ပစ္စည်း ဖြစ်သော ရေ ရှားပါးမည် မဟုတ်ပါ—မြေနိမ့်သော ဒေသများတွင်သာမက တောင်အားလုံးအပေါ်တွင်၊ “မြင့်သောတောင် ရှိသမျှနှင့် ထင်ရှားသောကုန်း ရှိသမျှတို့အပေါ်” တွင် ရေစီးနေမည်။ မှန်ပါသည်၊ အငတ်အမွတ် ခံရခြင်းသည် အတိတ်ကအရာ ဖြစ်သွားမည်။ (ဆာလံ ၇၂:၁၆) ထို့ပြင် ပရောဖက်၏ အာရုံသည် တောင်များထက် မြင့်သောအရာများဆီသို့ ပြောင်းသွားသည်။ “ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍ သူတို့ ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ လ၏ အလင်းသည် နေ၏ အလင်းကဲ့သို့ ဖြစ်၍ နေ၏ အလင်းသည်လည်း ပကတိထက် ခုနစ်ဆ လင်းလိမ့်မည်။” (ဟေရှာယ ၃၀:၂၆) ဤထွန်းတောက်သော ပရောဖက်ပြုချက်အတွက် စိတ်တက်ကြွဖွယ် အထွတ်အထိပ်ပါတကား! ဘုရားသခင့် ဘုန်းတော်၏ ထွန်းလင်းမှုသည် အတောက်ပဆုံး ထွန်းတောက်မည်။ ဘုရားသခင်၏ သစ္စာရှိ ဝတ်ပြုသူများအတွက် သိုမှီးထားသော ကောင်းချီးများသည် သူတို့ ယခင်က ခံစားခဲ့ရသော မည်သည့်အရာထက်မဆို အလွန့်အလွန်—ခုနစ်ဆတိုင်—သာလွန်မည်။
တရားစီရင်ခြင်းနှင့် ရွှင်လန်းခြင်း
၂၂။ သစ္စာရှိသူများ ကောင်းချီး ခံစားရခြင်းနှင့် ဆန့်ကျင်လျက် ယေဟောဝါသည် လူဆိုးများအတွက် အဘယ်အရာ သိုမှီးထားသနည်း။
၂၂ ဟေရှာယ သတင်းစကားသံကို တစ်ဖန် ပြောင်းလိုက်ပြန်သည်။ “ကြည့်ရှုလော့!” ဟု ဆိုကာ နားထောင်နေသူ ပရိသတ်၏ အာရုံကို ဆွဲယူလိုက်သည်။ “ထာဝရဘုရား၏ နာမတော် အရှိန်သည် ဒေါသမီးလောင်လျက်၊ အခိုးမှိုင်းအုံလျက်၊ ဝေးကွာရာမှ ရောက်လာပြီ။ ခံတွင်းတော်သည် အမျက်နှင့် ပြည့်လျှံ၍ လျှာတော်သည် ကျွမ်းလောင်သော မီးသဖွယ် ဖြစ်၏။” (ဟေရှာယ ၃၀:၂၇၊ သမ) ယေဟောဝါသည် ယခုအချိန်အထိ ဝေးဝေး နေတော်မူကာ မိမိလူမျိုး၏ ရန်သူများအား သူတို့ ကြိုက်ရာ လုပ်ခွင့်ပြုထားသည်။ ယခု ကိုယ်တော်သည် တဖြည်းဖြည်းနှင့် ချဉ်းကပ်လာနေသော မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ တရားစီရင်ရန် ချဉ်းကပ်လာပြီ။ “ထွက်သက်တော်သည်လည်း လူမျိုးတို့ကို ဖျက်ဆီးခြင်းစံကောဖြင့် ပြာအံ့သောငှာ လွှမ်းမိုးသော ရေကဲ့သို့ လည်တိုင်အောင် မီလိမ့်မည်။ လမ်းလွဲစေသော ဇက်ကိုလည်း သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။” (ဟေရှာယ ၃၀:၂၈၊ သမ္မာ) ဘုရားသခင့် လူမျိုးတော်၏ ရန်သူများသည် “လွှမ်းမိုးသောရေ” ၏ ဝန်းရံခြင်းကို ခံရမည် ဖြစ်ပြီး ပြင်းထန်စွာ “စံကောဖြင့် ပြာ” ခြင်း ခံရကာ “ဇက်ကြိုး” ဖြင့် ထိန်းချုပ်ခြင်း ခံရမည်။ သူတို့ ဖျက်ဆီးခံရမည်။
၂၃။ အဘယ်အရာက ယနေ့ ခရစ်ယာန်များကို “ဝမ်းမြောက်” စေသနည်း။
၂၃ ယခုတစ်ဖန် မိမိတို့၏ ပြည်တော်သို့ တစ်နေ့ ပြန်ရမည့် သစ္စာရှိ ဝတ်ပြုသူများ၏ ပျော်ရွှင်ဖွယ် အခြေအနေကို ဖော်ပြရန် ဟေရှာယ၏ လေသံ ပြောင်းသွားပြန်သည်။ “သင်တို့သည် ပွဲခံသော နေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။” (ဟေရှာယ ၃၀:၂၉) စာတန့်လောက တရားစီရင်ခံရမည်ကို စေ့စေ့ စဉ်းစားဆင်ခြင်သည့်အခါ၊ “ကယ်တင်ခြင်းသို့ ရောက်ရာ ကျောက်” ဖြစ်သော ယေဟောဝါထံတော်မှ အကာအကွယ် ရမှုနှင့် ရရှိမည့် နိုင်ငံတော် ကောင်းချီးများကြောင့် ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ထိုနည်းတူ “ဝမ်းမြောက်” ကြသည်။—ဆာလံ ၉၅:၁။
၂၄၊ ၂၅။ ကျရောက်လာတော့မည့် အာရှုရိအပေါ် တရားစီရင်ခြင်း အဖြစ်မှန်ကို ဟေရှာယ ပရောဖက်ပြုချက်တွင် မည်သို့ အလေးအနက် ဖော်ပြသနည်း။
၂၄ ဤဝမ်းမြောက်ဖွယ် စကားပြောပြီးနောက် ဟေရှာယသည် တရားစီရင်ခြင်းအကြောင်းဆီသို့ ပြန်သွားကာ ဘုရားသခင့် အမျက်တော်၏ ရည်ရွယ်ချက်ကို ခွဲခြားသိရှိစေသည်။ “ထာဝရဘုရားသည်လည်း ဘုန်းကြီးသော အသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက် မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ သို့ဖြစ်၍ အာရှုရိလူသည် ထာဝရဘုရား၏ အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။” (ဟေရှာယ ၃၀:၃၀၊ ၃၁) ဤသရုပ်ဖော်တင်ပြချက်ဖြင့် အာရှုရိကို ဘုရားသခင် အမှန်ပင် တရားစီရင်မည် ဖြစ်ကြောင်း ဟေရှာယ အလေးပေးဖော်ပြသည်။ အမှန်ပင် အာရှုရိသည် ဘုရားသခင့် ရှေ့တော်မှောက်တွင် ရပ်နေပြီး ကိုယ်တော်၏ တရားစီရင်ချက် “လက်ရုံးတော်” ကို မြင်ရသည့်အခါ ကြောက်ရွံ့တုန်လှုပ်သည်။
၂၅ ပရောဖက်က ဤသို့ ဆက်ဆို၏– “ထာဝရဘုရား စီရင်၍ သူ၏ အပေါ်မှာ လေးစွာ ချထားတော်မူသော လှံတံသည် လျှောက်သွားရာ၌ စောင်း၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။” (ဟေရှာယ ၃၀:၃၂၊ ၃၃) ဟိန္နုံချိုင့်၌ ရှိသော တောဖက်အရပ်ကို မီးလောင်နေသောနေရာအရပ်အဖြစ် ဤနေရာတွင် ပုံဆောင် အသုံးပြုထားသည်။ အာရှုရိသည် ထိုနေရာတွင် နိဂုံးချုပ်သွားသည်ဟု တင်ပြခြင်းက ထိုလူမျိုးအပေါ် ကျရောက်မည့် ပျက်စီးခြင်းသည် ရုတ်တရက်နှင့် လုံးဝ ပျက်စီးခြင်း ဖြစ်ကြောင်းကို ဟေရှာယ အလေးပေးဖော်ပြခြင်း ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၂၃:၁၀၊ နှိုင်းယှဉ်။
၂၆။ (က) အာရှုရိနှင့်ပတ်သက်သော ယေဟောဝါ၏ ကြွေးကြော်ချက်တွင် မျက်မှောက်ခေတ်နှင့် အဘယ် သက်ဆိုင်မှု ပါရှိသနည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် ယေဟောဝါအား မည်သို့ စောင့်မျှော်လျက်နေကြသနည်း။
၂၆ ဤတရားစီရင်ချက် သတင်းသည် အာရှုရိနှင့် တိုက်ရိုက်သက်ဆိုင်သော်လည်း ဟေရှာယ ပရောဖက်ပြုချက်၏ ဆိုလိုရင်းသည် ထိုထက်ပို၍ တာသွားသည်။ (ရောမ ၁၅:၄) ယေဟောဝါသည် မိမိလူမျိုးအား ဖိနှိပ်သူအားလုံးအပေါ် ရေလွှမ်းမိုးစေရန်၊ ပြာထုတ်ပစ်ရန်နှင့် ဇက်ခွံ့ရန်အတွက် တစ်ဖန် အဝေးမှ လာဘိသကဲ့ လာမည်။ (ယေဇကျေလ ၃၈:၁၈-၂၃; ၂ ပေတရု ၃:၇; ဗျာဒိတ် ၁၉:၁၁-၂၁) ထိုနေ့ရက် အလျင်အမြန် လာပါစေ! ကြားကာလအချိန်အတွင်း ခရစ်ယာန်များသည် ကယ်နုတ်ရာ နေ့ရက်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူတို့သည် ဟေရှာယ အခန်းကြီး ၃၀ တွင် မှတ်တမ်းတင်ထားသည့် ကွက်ကွက်ကွင်းကွင်း မြင်သာစေသော စကားလုံးများကို ဆင်ခြင်သုံးသပ်ခြင်းမှ ခွန်အားရယူကြသည်။ ထိုစကားများက ဘုရားသခင့် ကျေးကျွန်များသည် ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားလေးမြတ်ရန်၊ ကျမ်းစာလေ့လာခြင်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ရန်နှင့် ရရှိမည့် နိုင်ငံတော် ကောင်းချီးများကို ဆင်ခြင်တွေးတောရန် အားပေးသည်။ (ဆာလံ ၄၂:၁၊ ၂; သုတ္တံ ၂:၁-၆; ရောမ ၁၂:၁၂) ထို့ကြောင့် ဟေရှာယ၏ စကားများသည် ယေဟောဝါအား စောင့်မျှော်လျက် နေရန် ကျွန်ုပ်တို့အားလုံးကို အထောက်အကူပြုသည်။
[အောက်ခြေမှတ်ချက်များ]
a ယုဒလူမျိုးသည် သစ္စာရှိခဲ့မည်ဆိုလျှင် ယင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နိုင်သည်ကို မှတ်သားပါလေ။—ဝတ်ပြုရာ ၂၆:၇၊ ၈။
b ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ဤတစ်နေရာတည်းတွင်သာ ယေဟောဝါအား “ကြီးမြတ်သောသွန်သင်ရှင်” ဟု ခေါ်ဆိုထားသည်။
c ဟေရှာယ ၃၀:၂၅က တွင် “များစွာသောလူတို့ကို သတ်၍ ရဲတိုက်တို့သည် ပြိုလဲသောအခါ” ဟူ၍ ဖတ်ရသည်။ ဦးဆုံး ပြည့်စုံချက်အနေနှင့် ၎င်းသည် ဗာဗုလုန် ပျက်စီးခြင်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်၊ ယင်းက ဟေရှာယ ၃၀:၁၈-၂၆ တွင် ကြိုပြောထားသည့် ကောင်းချီးများကို ခံစားစေရန် လမ်းပွင့်သွားစေသည်။ (အပိုဒ် ၁၉ ရှု။) ထို့ပြင် မြေကြီးသစ်တွင် ထိုကောင်းချီးများ အကြီးစား ပြည့်စုံခြင်းကို ဖြစ်စေမည့် အာမဂေဒုန် ဖျက်ဆီးခြင်းကိုလည်း ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။