ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁ စာ. ၁၄-၁၉
  • ယေဟောဝါသည် မောသောသူတို့အား အစွမ်းခွန်အားကိုပေးတော်မူသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် မောသောသူတို့အား အစွမ်းခွန်အားကိုပေးတော်မူသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်း၏ အစွမ်းခွန်အား
  • ညီအစ်ကိုအသင်းအပင်း၏ လှိုက်လှဲနွေးထွေးမှု
  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အစွမ်းခွန်အား
  • “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်” ဖြစ်သည့် အကြီးအကဲများ
  • ဟေရှာယ ၄၀:၃၁—“ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • လက်မလျှော့ကြနှင့်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁ စာ. ၁၄-၁၉

ယေဟောဝါသည် မောသောသူတို့အား အစွမ်းခွန်အားကိုပေးတော်မူသည်

“ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] ကဲ့သို့မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။”—ဟေရှာယ ၄၀:၃၁။

၁၊ ၂။ ယေဟောဝါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသူတို့အား အဘယ်အရာပေးတော်မူသနည်း၊ ကျွန်ုပ်တို့ယခု အဘယ်အရာကို သုံးသပ်ကြမည်နည်း။

လင်းယုန်ငှက်များသည် ဝေဟင်ရှိစွမ်းပကားအကြီးမားဆုံးငှက်များတွင် အပါအဝင်ဖြစ်သည်။ သူတို့သည် အလွန်ဝေးလံသည့်ခရီးကို အတောင်မခတ်ဘဲနှင့်ပင် လေဟုန်စီး၍သွားနိုင်သည်။ ခုနစ်ပေကျော်ထိဖြန့်ကားနိုင်သည့် အတောင်များပါသော “ငှက်များ၏မင်း” ဖြစ်သည့် ရွှေလင်းယုန်သည် “လင်းယုန်ငှက်အပေါင်းတွင် စွဲမှတ်စရာအကောင်းဆုံးငှက်တစ်မျိုး” ဖြစ်သည်; တောင်များနှင့် လွင်ပြင်များအထက်တွင် ပျံသန်းသွားကာ [ယင်းသည်] တောင်ခင်တန်းတစ်ခုအထက်တွင် နာရီပေါင်းများစွာ ပျံဝဲနေပြီးနောက် ကောင်းကင်တွင် အမဲစက်ကလေးအဖြစ်သာ မြင်ရသည့်အထိ ကွေ့ကာဝိုက်ကာပျံတက်သွားသည်။—The Audubon Society Encyclopedia of North American Birds.

၂ လင်းယုန်၏ပျံသန်းမှုစွမ်းရည်ကို ရည်မှတ်ကာ ဟေရှာယ ဤသို့ရေးခဲ့သည်– “[ယေဟောဝါ] သည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့်ပြည့်စုံစေသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ပင်ပန်းခြင်းသို့ရောက်လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာယ ၄၀:၂၉-၃၁) ယေဟောဝါသည် ကိုယ်တော်အားယုံကြည်ကိုးစားသောသူတို့ကို ညောင်းတတ်ပုံမပေါ်သည့် လင်းယုန်၏အတောင်များ တပ်ဆင်ပေးလိုက်သည့်နှယ် ဆက်လက်လှုပ်ရှားစေနိုင်သော အစွမ်းခွန်အားကို ပေးတော်မူကြောင်းသိရခြင်းသည် မည်မျှစိတ်သက်သာစရာပါတကား! မောသောသူတို့အား အစွမ်းခွန်အားပေးရန် ကိုယ်တော်၏ ပြင်ဆင်ပေးချက် အချို့ကို သုံးသပ်ကြည့်ပါ။

ဆုတောင်းခြင်း၏ အစွမ်းခွန်အား

၃၊ ၄။ (က) ယေရှုသည် မိမိ၏တပည့်တော်များကို အဘယ်အရာလုပ်ဆောင်ရန် တိုက်တွန်းခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားပေးတော်မူရာတွင် ယေဟောဝါဘာလုပ်ပေးမည်ဟု ကျွန်ုပ်တို့မျှော်နိုင်သနည်း။

၃ “အမြဲဆုတောင်းရန်နှင့် လက်မလျှော့ရန်” မိမိ၏တပည့်တော်များကို ယေရှုတိုက်တွန်းခဲ့သည်။ (လုကာ ၁၈:၁၊ ကဘ) ဘဝ၏ဖိစီးမှုများက လွှမ်းမိုးမွှေနှောက်နေဟန်ရှိသောအခါ ယေဟောဝါထံ နှလုံးဖွင့်အံပြခြင်းသည် အစွမ်းခွန်အားပြန်ပြည့်လာကာ လက်လျှော့ခြင်းကို ရှောင်နိုင်ရန် အမှန်တကယ်အကူအညီဖြစ်စေနိုင်မည်လော။ ဖြစ်စေနိုင်သည်၊ သို့သော် ကျွန်ုပ်တို့စွဲမှတ်ထားရမည့်အရာတချို့ရှိသည်။

၄ မိမိတို့၏ဆုတောင်းချက်များကို ဖြေကြားရာတွင် ယေဟောဝါလုပ်ပေးဖို့ ကျွန်ုပ်တို့မျှော်လင့်သောအရာသည် လက်တွေ့ကျရမည်။ အလွန့်အလွန်စိတ်ဓာတ်ကျခဲ့ဖူးသည့် ခရစ်ယာန်တစ်ဦးက နောက်ပိုင်းတွင် ဤသို့သိမြင်ခဲ့သည်– “အခြားအဖျားအနာတွေနဲ့ပတ်သက်ရင် ယေဟောဝါဟာ ဒီအချိန်မှာ အံ့ဖွယ်ရာတွေကို မလုပ်ပေးဘူး။ ဒါပေမဲ့ ကိုယ်တော်ဟာ ဒီစနစ်မှာ ဖြစ်နိုင်တဲ့အတိုင်းအတာအထိ ကုသပေးဖို့ ကျွန်မတို့ကို ထောက်မပေးပါတယ်။” သူမ၏ဆုတောင်းချက်များက အဘယ်ကြောင့် ထူးခြားသွားစေကြောင်း ရှင်းပြရာတွင် ဤသို့ဆက်ပြောသည်– “ယေဟောဝါရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို ချဉ်းကပ်ဖို့ ကျွန်မမှာ တစ်ရက်ကို ၂၄ နာရီရှိပါတယ်။” ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဝန်လေးစေနိုင်သည့် ဘဝ၏ဖိစီးမှုများမှ ကာကွယ်မပေးဘဲ ကိုယ်တော်သည် “ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို” ပေးတော်မူသည်တကား! (လုကာ ၁၁:၁၃; ဆာလံ ၈၈:၁-၃) ထိုဝိညာဉ်တော်က ကျွန်ုပ်တို့ရင်ဆိုင်ရနိုင်သည့် မည်သည့်စမ်းသပ်မှု သို့မဟုတ် ဖိစီးမှုကိုမဆို ခံရပ်နိုင်စေသည်။ (၁ ကောရိန္သု ၁၀:၁၃) အလွန်နီးကပ်နေပြီဖြစ်သည့် ကမ္ဘာသစ်တွင် စိတ်ဖိစီးမှုဖြစ်စရာပြဿနာရှိရှိသမျှကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်သည့်အချိန်အထိ ခံရပ်တည်ကြည်နိုင်ရန်လိုအပ်လျှင် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကို ယင်းက ကျွန်ုပ်တို့တွင်ထည့်သွင်းပေးနိုင်သည်။—၂ ကောရိန္သု ၄:၇။

၅။ (က) ကျွန်ုပ်တို့၏ဆုတောင်းချက်များ ထိရောက်စေဖို့အတွက် အဘယ်အရာနှစ်ခု လိုအပ်သနည်း။ (ခ) ကျွန်ုပ်တို့သည် သွေးသားအားနည်းမှုကို တိုက်လှန်နေရလျှင် မည်သို့ဆုတောင်းနိုင်သနည်း။ (ဂ) ကျွန်ုပ်တို့၏ဇွဲပါသော၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဆုတောင်းချက်များက ယေဟောဝါအား ဘာကိုတင်ပြမည်နည်း။

၅ သို့သော် ကျွန်ုပ်တို့၏ဆုတောင်းချက်များ အကျိုးသက်ရောက်ဖို့အတွက် ဇွဲရှိရမည်ဖြစ်ပြီး သတ်သတ်မှတ်မှတ်ဖြစ်ရမည်။ (ရောမ ၁၂:၁၂) ဥပမာ၊ သင်သည် သွေးသားအားနည်းမှုတစ်မျိုးနှင့် တိုက်လှန်နေရသောကြောင့် ရံဖန်ရံခါ ခြေကုန်လက်ပန်းကျလာသောအခါ အားနည်းချက်၌ အရှုံးပေးလိုက်ရသည့်အဖြစ်ကို တစ်နေ့တာအတွင်းရှောင်နိုင်ရန် သင့်အားထောက်ကူပေးဖို့ နေ့ရက်တိုင်း၏အစတွင် ယေဟောဝါကို တိုးလျှိုးအသနားခံပါ။ တစ်နေ့တာလုံးနှင့် ညစဉ်အိပ်ရာမဝင်မီ အလားတူဆုတောင်းပါ။ သင့်တွင် အတားအဆီးတစ်ခုရှိနေပါက ကိုယ်တော်၏ခွင့်လွှတ်မှုအတွက် ယေဟောဝါထံ ခယတောင်းခံပါ၊ သို့သော် အပြစ်ပြန်ပြုမိဖို့ဖြစ်စေသည့်အရာနှင့် အနာဂတ်တွင် ထိုအခြေအနေများကို သင်ရှောင်နိုင်ရန် လုပ်ရမည့်အရာများကိုလည်း ကိုယ်တော်အားပြောပါ။ ဤကဲ့သို့ ဇွဲပါသော၊ သတ်သတ်မှတ်မှတ်ဖြစ်သောဆုတောင်းချက်တို့က “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” အားတိုက်ပွဲကိုအောင်မြင်လိုသည့် သင့်စိတ်ရိုးမှန်မှုကို တင်ပြလိမ့်မည်။—ဆာလံ ၆၅:၂; လုကာ ၁၁:၅-၁၃။

၆။ ကျွန်ုပ်တို့သည် ဆုတောင်းရန်မထိုက်တန်ဟု ခံစားရသည့်အချိန်၌ပင် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါနားထောင်တော်မူမည်ဖြစ်ကြောင်း အဘယ်ကြောင့်မှန်ကန်စွာမျှော်လင့်နိုင်သနည်း။

၆ သို့သော် တစ်ခါတစ်ရံတွင် ခြေကုန်လက်ပန်းကျနေသောသူများသည် ဆုတောင်းဖို့မထိုက်တန်ဟု ခံစားရပေမည်။ ဤအတိုင်းခံစားခဲ့ရသော ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် နောက်ပိုင်းတွင် ဤသို့သိမြင်ခဲ့သည်– “ဒါဟာ ကိုယ်ဘာသာကိုယ် တရားစီရင်တာဖြစ်တဲ့အတွက်ကြောင့် အလွန်အန္တရာယ်ရှိတဲ့ စဉ်းစားတွေးတောမှုပဲ၊ အဲ့ဒါကို ကျွန်မတို့မလုပ်ပိုင်ဘူးလေ။” အမှန်ပင် “ဘုရားသခင်သည် ကိုယ်တော်တိုင် တရားဆုံးဖြတ်တော်မူသည်။” (ဆာလံ ၅၀:၆) “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်” သော်လည်း “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကို သိတော်မူသည်” ဟု ကျမ်းစာက ကျွန်ုပ်တို့ကို အာမခံသည်။ (၁ ယောဟန် ၃:၂၀) ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ဆုတောင်းဖို့မထိုက်တန်ဟု စီရင်ကောင်း စီရင်မည်ဖြစ်သော်လည်း ယေဟောဝါသည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဤသို့မယူမှတ်ကြောင်းသိရခြင်းသည် အလွန်နှစ်သိမ့်မှုဖြစ်ဖွယ်ရာပါတကား! အလွန်မထိုက်တန်ပါဟု ကျွန်ုပ်တို့ကို ယူမှတ်စေနိုင်ဖွယ်ရှိသည့် အသက်တာအခြေအနေများအပါအဝင် ကျွန်ုပ်တို့အကြောင်းကို ကိုယ်တော် “အလုံးစုံကိုသိတော်မူသည်။” (ဆာလံ ၁၀၃:၁၀-၁၄) ကိုယ်တော်၏ကရုဏာနှင့် နက်ရှိုင်းသောသိနားလည်မှုတို့က “ကျိုးပဲ့ကြေမွသောနှလုံး” မှလာသည့် ဆုတောင်းချက်များကို နားထောင်ရန် ကိုယ်တော်ကို လှုံ့ဆော်သည်။ (ဆာလံ ၅၁:၁၇) ကိုယ်တော်သည် “ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍ နားကိုပိတ်သောသူ” ကို ကိုယ်တော်တိုင်ပြစ်တင်ရှုတ်ချထားလျှင် ကျွန်ုပ်တို့၏ အော်ဟစ်အကူအညီတောင်းခံမှုကို မည်သို့ငြင်းပယ်နိုင်ပါမည်နည်း။—သု. ၂၁:၁၃။

ညီအစ်ကိုအသင်းအပင်း၏ လှိုက်လှဲနွေးထွေးမှု

၇။ (က) အစွမ်းခွန်အားပြန်ပြည့်လာစေဖို့ ကျွန်ုပ်တို့အားထောက်ကူရန် ယေဟောဝါစီစဉ်ပေးသည့် နောက်ထပ်ပြင်ဆင်ပေးချက်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းနှင့်ပတ်သက်၍ အဘယ်အရာများကိုသိရှိခြင်းသည် ကျွန်ုပ်တို့ကို အားအင်သန်စွမ်းလာစေနိုင်သနည်း။

၇ အစွမ်းခွန်အားပြန်လည်ပြည့်လာစေဖို့ ကျွန်ုပ်တို့အားထောက်မပေးရန် ယေဟောဝါစီစဉ်ထားသည့် ပြင်ဆင်ပေးချက်နောက်တစ်ခုမှာ ကျွန်ုပ်တို့၏ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းဖြစ်သည်။ ညီအစ်ကိုညီအစ်မများပါဝင်သော ကမ္ဘာချီမိသားစုအဝင်ဖြစ်ရခြင်းသည် အလွန်အဖိုးတန်သောအခွင့်ထူးကြီးပါတကား! (၁ ပေတရု ၂:၁၇) ဘဝ၏ဖိစီးမှုများက ကျွန်ုပ်တို့ကို ခြေကုန်လက်ပန်းကျသွားစေသည့်အခါ ညီအစ်ကိုအသင်းအပင်း၏လှိုက်လှဲနွေးထွေးမှုက အစွမ်းခွန်အား ပြန်ပြည့်လာစေရန် ကျွန်ုပ်တို့ကိုထောက်ကူသည်။ မည်သို့အားဖြင့်နည်း။ စိတ်ဖိစီးမှုဖြစ်စေသော စိန်ခေါ်ချက်များကို ကျွန်ုပ်တို့တစ်ဦးတည်း ရင်ဆိုင်နေခြင်းမဟုတ်ကြောင်းသိထားခြင်းကိုယ်နှိုက်က စွမ်းအားရှိလာစေနိုင်သည်။ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများထဲတွင် အလားတူဖိစီးမှုများ သို့မဟုတ် စုံစမ်းမှုများ ရင်ဆိုင်ရသူနှင့် ကျွန်ုပ်တို့နှင့်အတော်ပင်တူသည့် ခံစားချက်များကို တွေ့ကြုံခဲ့ရသည့်သူအချို့ရှိမည်မှာ မလွဲပေ။ (၁ ပေတရု ၅:၉) ကျွန်ုပ်တို့ခံစားကြုံတွေ့ခဲ့သောအရာသည် မကြုံဖူးသည့်အရာမဟုတ်ကြောင်းနှင့် ကျွန်ုပ်တို့ခံစားချက်များသည် အဆန်းမဟုတ်ကြောင်းသိရခြင်းက အားရှိစရာဖြစ်သည်။

၈။ (က) လိုအပ်သည့်အထောက်အကူနှင့် စိတ်သက်သာမှုကို ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းတွင် ရှာတွေ့နိုင်ကြောင်း အဘယ်နမူနာများက ဖော်ပြသနည်း။ (ခ) အသင်ကိုယ်တိုင် အဘယ်နည်းဖြင့် “အဆွေခင်ပွန်း” ၏ ထောက်မပေးမှု သို့မဟုတ် စိတ်သက်သာမှုပေးခြင်းခံခဲ့ရဖူးသနည်း။

၈ ကျွန်ုပ်တို့စိတ်သောကရောက်ချိန်တွင် လိုအပ်သောအထောက်အပံ့နှင့် စိတ်သက်သာမှုအတော်အတန်ပေးနိုင်သည့် “အဆွေခင်ပွန်း” တို့ကို ညီအစ်ကိုအသင်းအပင်း၏လှိုက်လှဲနွေးထွေးမှုတွင် ကျွန်ုပ်တို့ရှာတွေ့နိုင်သည်။ (သု. ၁၇:၁၇) အများအားဖြင့် ကြင်နာမှုရှိသောစကားများနှင့် စာနာမှုရှိသော အပြုအမူများလောက်သာ လိုပါသည်။ တန်ဖိုးမရှိဟူသည့် ခံစားချက်များကို တွန်းလှန်ခဲ့သည့် ခရစ်ယာန်တစ်ဦး ဤသို့ဇာတ်ကြောင်းပြန်သည်– “ကျွန်မနဲ့ပတ်သက်ပြီး အပြုသဘောပါတဲ့အရာတွေကို ပြောဆိုအားပေးခြင်းဖြင့် ကျွန်မမှာရှိထားတဲ့ အပျက်သဘောထားကို နိုင်နင်းဖို့ ကူမပေးမဲ့ မိတ်ဆွေတွေရှိပါတယ်။” (သု. ၁၅:၂၃) ညီအစ်မတစ်ယောက်သည် သူမ၏သမီးငယ်လေးသေဆုံးပြီးနောက် အစပိုင်း၌ အသင်းတော်အစည်းအဝေးများတွင် ဘုရားသခင့်နိုင်ငံတော်သီချင်းဆိုရန်၊ အထူးသဖြင့် ရှင်ပြန်ထမြောက်ခြင်းကို သီကုံးထားသည့်သီချင်းများကို ဆိုရန် အခက်တွေ့ခဲ့သည်။ “တစ်ခါမှာ မင်းလမ်းရဲ့တစ်ဖက်မှာထိုင်နေတဲ့ ညီအစ်မတစ်ယောက်က ကျွန်မငိုနေတာကို တွေ့သွားတယ်။ သူမလျှောက်လာပြီး ကျွန်မကိုလက်နဲ့ သိုင်းဖက်ထားလိုက်တယ်၊ အဲဒီနောက် ကျန်တဲ့သီချင်းအပိုင်းကို ကျွန်မနဲ့အတူဆိုတယ်။ ကျွန်မတို့အတွက် အကူအညီရနိုင်တဲ့နေရာလို့သိလာရတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေတက်ရတာဟာ ကျွန်မအတွက် ညီအစ်ကိုညီအစ်မတွေကိုချစ်တဲ့မေတ္တာပြည့်ဝပြီး ပျော်ရွှင်မှုကိုခံစားရစေတယ်” ဟု သူမပြန်ပြောင်းပြောပြသည်။

၉၊ ၁၀။ (က) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်း၏လှိုက်လှဲနွေးထွေးမှုကို မည်သို့ထောက်ကူနိုင်သနည်း။ (ခ) မည်သူများသည် အထူးသဖြင့် အကျိုးဖြစ်ထွန်းသောပေါင်းသင်းဆက်ဆံမှုလိုအပ်ပါသနည်း။ (ဂ) ကျွန်ုပ်တို့သည် အားပေးခံရရန်လိုအပ်နေသူများကို အဘယ်နည်းဖြင့်ကူညီနိုင်သနည်း။

၉ မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံးသည် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏လှိုက်လှဲနွေးထွေးမှုကို တင်ပြရန် တာဝန်ရှိကြသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မ အားလုံး ကိုအသိအမှတ်ပြုရန် ကျွန်ုပ်တို့၏နှလုံး “ကျယ်ဝန်း” သင့်သည်။ (၂ ကောရိန္သု ၆:၁၃) ညီအစ်ကိုအသင်းအပင်းမေတ္တာသည် သူတို့အတွက် အေးစက်စက်ဖြစ်ကြောင်း ခြေကုန်လက်ပန်းကျသွားသူများ ခံစားရမည်ဆိုပါက မည်မျှဝမ်းနည်းစရာဖြစ်မည်တကား! သို့တိုင် အချို့ခရစ်ယာန်များသည် အထီးကျန်ဆန်ပြီး လျစ်လျူရှုထားခံရသည်ဟု ခံစားနေရကြောင်း သတင်းပို့သည်။ သမ္မာတရားကိုအတိုက်ခံလုပ်သည့် ခင်ပွန်းရှိသောညီအစ်မတစ်ဦး ဤသို့အသနားခံခဲ့သည်– “တည်ဆောက်မှုဖြစ်စေတဲ့ ခင်မင်မှု၊ အားပေးမှုနဲ့ မေတ္တာပြည့်ဝတဲ့ပေါင်းသင်းဆက်ဆံမှု မလိုချင်တဲ့သူ၊ မလိုအပ်တဲ့သူ ဘယ်သူရှိပါ့မလဲရှင်။ အဲ့ဒါတွေကို ကျွန်မတို့လိုတယ်ဆိုတာ ညီအစ်ကိုညီအစ်မတွေကို ကျေးဇူးပြု၍သတိပေးပေးပါရှင်!” မှန်ပါသည်၊ အထူးသဖြင့် သူတို့ဘဝပေးအခြေအနေများကြောင့် ဝန်ပိနေသူများ—မယုံကြည်သူအိမ်ထောင်ဖက်ရှိသူများ၊ ကြင်ဖော်မဲ့မိဘများ၊ နာတာရှည်ရောဂါသည်များ၊ အိုမင်းနေသူများနှင့် အခြားအခြေအနေများ—သည် အကျိုးဖြစ်စေသောပေါင်းသင်းဆက်ဆံမှု လိုကိုလိုအပ်သည်။ ကျွန်ုပ်တို့ထဲမှတချို့သည် ထိုကိစ္စနှင့်ပတ်သက်ပြီး သတိပေးခံရဖို့ လိုနေပါသလော။

၁၀ အကူအညီပေးရန် ကျွန်ုပ်တို့ ဘာလုပ်နိုင်သနည်း။ ကျွန်ုပ်တို့၏မေတ္တာကို တိုးချဲ့တင်ပြကြစို့။ ဧည့်ဝတ်ပြုရန် ကမ်းလှမ်းသည့်အခါ အားပေးမှုလိုအပ်နေသူတို့ကို မမေ့ကြစို့နှင့်။ (လုကာ ၁၄:၁၂-၁၄; ဟေဗြဲ ၁၃:၂) သူတို့၏အခြေအနေကြောင့် ခေါ်ဖိတ်မှုကို လက်ခံနိုင်မည်မဟုတ်ဟု ယူဆလိုက်မည့်အစား မည်သည့်နည်းနှင့်မဆို သူတို့ကိုခေါ်ဖိတ်လိုက်ပါ။ သူတို့လက်မခံနိုင်လျှင်ပင် သူတို့ကိုအခြားသူများက ထောက်စာပေးကြောင်း သိရခြင်းက သူတို့အတွက် အားပေးမှုဖြစ်သွားစေမည်မှာ မလွဲပေ။ အစွမ်းခွန်အားပြန်ပြည့်လာစေရန် ဤအရာမျှသာ သူတို့လိုအပ်ခြင်းဖြစ်နိုင်သည်။

၁၁။ စိတ်ဖိစီးမှုခံစားနေရသူများသည် အဘယ်နည်းများဖြင့် အထောက်အမလိုအပ်နိုင်သနည်း။

၁၁ စိတ်ဖိစီးမှုခံနေရသူများသည် အခြားနည်းများဖြင့် ကူညီထောက်မမှုလိုပေမည်။ ဥပမာ၊ ကြင်ဖော်မဲ့မိဘတစ်ဦးသည် သူမ၏အဖမဲ့သားလေးကို စိတ်ဝင်စားမှုပြပေးဖို့ ရင့်ကျက်သောညီအစ်ကိုတစ်ဦး လိုအပ်ပေမည်။ (ယာကုပ် ၁:၂၇) ကြီးမားသည့်ကျန်းမာရေးပြဿနာများတွေ့ကြုံနေရသော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် ဈေးဝယ်ပေးဖို့ သို့မဟုတ် အိမ်ဗာဟီရလုပ်ပေးဖို့ အကူအညီအတော်အတန်လိုပေမည်။ သက်ကြီးရွယ်အိုတစ်ဦးသည် အထိုက်အလျောက်ပေါင်းသင်းမှုကို တမ်းတပေမည် သို့မဟုတ် လယ်ကွင်းဓမ္မအမှုဆောင်ထွက်ရန် အထောက်အမအတော်အတန် လိုပေမည်။ ဤကဲ့သို့သောအကူအညီအတွက် အဆက်မပြတ်လိုအပ်နေသောအခါ ယင်းသည် အမှန်ပင် ‘ကျွန်ုပ်တို့၏မေတ္တာစစ်မှန်မှုရှိမရှိစမ်းသပ်ခြင်းတည်း’။ (၂ ကောရိန္သု ၈:၈၊ သတင်းကောင်း) အချိန်နှင့် အားထုတ်မှုတို့လိုအပ်သောကြောင့် အကူအညီလိုနေသူများကို မျက်နှာလွှဲခြင်းပြုမည့်အစား အခြားသူများ၏လိုအပ်ချက်များကို အကင်းပါးပါးနှင့်တုံ့ပြန်ခြင်းအားဖြင့် ခရစ်ယာန်မေတ္တာ၏စမ်းသပ်ချက်ကို ကျွန်ုပ်တို့အောင်မြင်နိုင်ပေမည်။

ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အစွမ်းခွန်အား

၁၂။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကို အစွမ်းခွန်အားပြန်ပြည့်လာစေရန် မည်သို့ထောက်ကူသနည်း။

၁၂ အစာဆက်မစားတော့သောလူတစ်ဦးသည် မကြာမီအချိန်တွင် အင်အား သို့မဟုတ် အစွမ်းခွန်အား မရှိတော့ဘဲဖြစ်မည်။ ထိုနည်းတူ ဆက်လက်လှုပ်ရှားစေနိုင်သော အစွမ်းခွန်အားကို ယေဟောဝါကျွန်ုပ်တို့အားပေးတော်မူသည့် အခြားနည်းမှာ ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ ကောင်းကောင်းကျွေးမွေးရန် ကြီးကြပ်ပေးခြင်းအားဖြင့်ဖြစ်သည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄) အဘယ်ဝိညာဉ်အစာကို ကိုယ်တော်ထောက်မပေးထားပြီနည်း။ အထူးသဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာဖြစ်သည်။ (မဿဲ ၄:၄; ဟေဗြဲ ၄:၁၂ နှိုင်းယှဉ်။) ယင်းက အစွမ်းခွန်အားပြန်ပြည့်လာစေရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူသနည်း။ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ဖိစီးမှုများနှင့် ပြဿနာများသည် ကျွန်ုပ်တို့အားအင်ကို စတင်လှိုက်စားလာပါက ကျမ်းစာခေတ်က သစ္စာရှိအမျိုးသား အမျိုးသမီးများ၏ ခံစားချက်များနှင့် ဘဝအဖြစ်မှန်ရုန်းကန်လှုပ်ရှားမှုများအကြောင်းကို ဖတ်ခြင်းမှ ကျွန်ုပ်တို့ ခွန်အားရယူနိုင်သည်။ သူတို့သည် သမာဓိစောင့်သိမှုနှင့်ပတ်သက်သော ထင်ရှားသည့်နမူနာများဖြစ်သော်လည်း “ငါတို့ကဲ့သို့ ခံစားချက်များရှိသော” လူသားများဖြစ်ကြသည်။ (ယာကုပ် ၅:၁၇၊ ကဘ; တမန်တော် ၁၄:၁၅၊ ကဘ) သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ အလားတူစုံစမ်းမှုများနှင့် ဖိစီးမှုများကို ရင်ဆိုင်ခဲ့ရသည်။ နမူနာအချို့ကို သုံးသပ်ကြည့်ကြစို့။

၁၃။ ကျမ်းစာခေတ်ရှိသစ္စာရှိသော အမျိုးသားအမျိုးသမီးများသည် ကျွန်ုပ်တို့နှင့်အတော်ပင်တူသည့် ခံစားချက်များနှင့် တွေ့ကြုံမှုများရှိခဲ့ကြောင်း အဘယ်ကျမ်းစာဆိုင်ရာ နမူနာများက ပြသနည်း။

၁၃ ဘိုးဘေးအာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိထားသော်လည်း ဇနီးသည်သေဆုံးသောကြောင့် အလွန့်အလွန်ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့သည်။ (ကမ္ဘာဦး ၂၃:၂; ဟေဗြဲ ၁၁:၈-၁၀၊ ၁၇-၁၉ နှိုင်းယှဉ်။) မိမိ၏အပြစ်က ယေဟောဝါ၏အမှုတော်ကိုဆောင်ဖို့ မထိုက်တန်အောင်ဖြစ်စေသည်ဟု နောင်တရသောဒါဝိဒ် ခံစားခဲ့ရသည်။ (ဆာလံ ၅၁:၁၁) မောရှေတွင် မိမိ၏ချို့တဲ့မှုနှင့်ပတ်သက်သောခံစားချက်များ ရှိခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၀) ဧပဖြောဒိတ်သည် “ခရစ်တော်၏အမှု” တွင် သူ၏လုပ်ဆောင်မှုကို အသည်းအသန်ဖျားနာမှုက ကန့်သတ်လိုက်ကြောင်း သိရှိလာသည့်အခါ စိတ်ပျက်အားလျော့လာသည်။ (ဖိလိပ္ပိ ၂:၂၅-၃၀) ပေါလုသည် အသွေးအသားအားနည်းမှုကို ဆိုင်ပြိုင်တိုက်လှန်ခဲ့ရသည်။ (ရောမ ၇:၂၁-၂၅) ဖိလိပ္ပိအသင်းတော်ရှိ ဘိသိက်ခံညီအစ်မနှစ်ဦးဖြစ်သော ဧဝေါဒိနှင့် သုန္တုတ်တို့သည် သင့်သင့်တင့်တင့်နေနိုင်ရန် အခက်အခဲတစ်ခုခုရှိခဲ့ကြောင်း ထင်ရှားသည်။ (ဖိလိပ္ပိ ၁:၁; ၄:၂၊ ၃) ဤသစ္စာရှိပုဂ္ဂိုလ်များသည် ကျွန်ုပ်တို့ကဲ့သို့ ခံစားချက်များနှင့် အတွေ့အကြုံများရှိခဲ့ကြသော်လည်း လက်မြှောက်အရှုံးမပေးခဲ့ကြကြောင်းသိရခြင်းသည် မည်မျှအားရှိဖွယ်ပါတကား! ယေဟောဝါကလည်း သူတို့ကို ပစ်မထားခဲ့ပါ။

၁၄။ (က) ယေဟောဝါ၏နှုတ်ကပါဌ်တော်မှ အားအင်ရယူနိုင်ဖို့ ကျွန်ုပ်တို့ကိုကူညီပေးရန် ကိုယ်တော်သည် မည်သည့်ကိရိယာကို သုံးခဲ့ပြီနည်း။ (ခ) ကင်းမျှော်စင်နှင့် နိုးလော! ဂျာနယ်များတွင် လူမှုရေး၊ မိသားစုနှင့် စိတ်လှုပ်ရှားမှုပြဿနာများနှင့်ပတ်သက်သည့် ဆောင်းပါးများ အဘယ်ကြောင့်ပါရှိသနည်း။

၁၄ မိမိ၏နှုတ်ကပါဌ်တော်မှ အားအင်ရယူရန် ကျွန်ုပ်တို့ကိုကူညီပေးဖို့အတွက် ယေဟောဝါသည် ကျွန်ုပ်တို့အား ‘အချိန်တန်အစာ’ ပုံမှန်ထောက်ပံ့ပေးရန် သစ္စာနှင့်သတိပညာရှိသောကျွန်ကို အသုံးပြုသည်။ (မဿဲ ၂၄:၄၅၊ သမ) သစ္စာရှိသောကျွန်သည် ကျမ်းစာသမ္မာတရားဘက်မှ ခုခံကာကွယ်ရန်နှင့် လူ့တစ်ခုတည်းသောမျှော်ကိုးရာအဖြစ် ဘုရားသခင့်နိုင်ငံတော်ကို ကြွေးကြော်ရန် ကင်းမျှော်စင်နှင့် နိုးလော့! ဂျာနယ်တို့ကို ကြာမြင့်စွာကတည်းက အသုံးပြုလာခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဤဂျာနယ်တို့သည် အချို့သော ဘုရားသခင့်လူများပင် တွေ့ကြုံကြရသည့် လူမှုရေး၊ မိသားစုနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ စိန်ခေါ်ချက်များနှင့်ပတ်သက်သည့် အချိန်တန် ကျမ်းစာဆိုင်ရာ ဆောင်းပါးများကို ဖော်ပြလာခဲ့သည်။ ဤကဲ့သို့သောအကြောင်းအရာများကို အဘယ်ရည်ရွယ်ချက်အတွက် ထုတ်ဝေခဲ့ပါသနည်း။ ဤစိန်ခေါ်ချက်များကို ရင်ဆိုင်နေရသူများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အားအင်ရရှိလာဖို့နှင့် အားပေးမှုရရှိဖို့ အထောက်အကူရရန်ဖြစ်သည်မှာ သေချာသည်။ သို့သော် ဤကဲ့သို့သောဆောင်းပါးများက ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မတချို့ ခံစားတွေ့ကြုံခဲ့ရသည့် အရာများကို ကျွန်ုပ်တို့အားလုံး သာ၍နားလည်မှုရှိရန်လည်း ကူညီပေးသည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့သည် ပေါလု၏ဤစကားများကို လိုက်နာရန် ကောင်းစွာ ပြင်ဆင်ပေးခြင်းခံရသည်– “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။”—၁ သက်သာလောနိတ် ၅:၁၄။

“လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်” ဖြစ်သည့် အကြီးအကဲများ

၁၅။ အကြီးအကဲများအဖြစ် အမှုထမ်းနေသူများနှင့်ပတ်သက်၍ ဟေရှာယက အဘယ်သို့ပရောဖက်ပြုခဲ့သနည်း၊ ယင်းက သူတို့အပေါ်တွင် အဘယ်တာဝန်များ တင်ပေးသနည်း။

၁၅ ယေဟောဝါသည် ကျွန်ုပ်တို့ခြေကုန်လက်ပန်းကျလာသောအခါ ထောက်မပေးဖို့ အခြားအရာတစ်ခုဖြစ်သည့်—အသင်းတော်အကြီးအကဲများကို စီမံပေးထားတော်မူသည်။ သူတို့နှင့်ပတ်သက်၍ ပရောဖက်ဟေရှာယ ဤသို့ရေးသားခဲ့သည်– “ထိုမင်းတို့သည် လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၊ ၂) သို့နှင့် အကြီးအကဲများသည် သူတို့နှင့်ပတ်သက်၍ ယေဟောဝါကြိုတင်မိန့်တော်မူခဲ့သည့်အချက်များကို ပြည့်မီရန် တာဝန်ရှိကြသည်။ သူတို့သည် အခြားသူများအတွက် စိတ်သက်သာမှု၊ စိတ်လန်းဆန်းမှုတို့၏အရင်းအမြစ်များနှင့် “ထမ်းရွက်စရာဝန်ချင်း [သို့မဟုတ်၊ “ပင်ပန်းခက်ခဲသောအရာများ”; လုံးကောက်အဓိပ္ပာယ်အရ၊ “လေးလံသည့်အရာများ”] တို့ကို အချင်းချင်းကူညီ၍ ဆောင်ရွက်” ရန် တလိုတလားရှိသူများ “ဖြစ်ကြောင်း သက်သေထူကြရ” မည်။ (ဂလာတိ ၆:၂၊ ကဘ အောက်ခြေမှတ်ချက်) သူတို့သည် ယင်းကိုမည်သို့လုပ်ဆောင်နိုင်သနည်း။

၁၆။ ဆုတောင်းရန်မထိုက်တန်ဟုခံစားနေရသူတစ်ဦးကို အကြီးအကဲများ မည်သို့ကူညီပေးနိုင်သနည်း။

၁၆ အရှေ့ပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း တစ်ခါတစ်ရံ ခြေကုန်လက်ပန်းကျသူတစ်ဦးသည် မိမိဆုတောင်းရန်မထိုက်တန်တော့ပါဟု ခံစားရပေမည်။ အကြီးအကဲများ ဘာလုပ်နိုင်သနည်း။ ဤသူအတွက် သူနှင့်အတူဆုတောင်းနိုင်သည်။ (ယာကုပ် ၅:၁၄) သူ သို့မဟုတ် သူမကို ယေဟောဝါနှင့် အခြားသူများက မည်မျှချစ်ကြကြောင်း ထိုသူနားလည်ဖို့အထောက်အကူပေးရန် သူကြားနိုင်လောက်သည့်အသံဖြင့် ယေဟောဝါထံဆုတောင်းပေးခြင်းမျှနှင့် ထိုသူကို စိတ်သက်သာရာရစေမည်အမှန်။ အကြီးအကဲ၏ စိတ်အားထက်သန်သော လှိုက်လှဲသည့်ဆုတောင်းချက်ကို ကြားရခြင်းက စိတ်ပျက်အားလျော့နေသူ၏ ယုံကြည်စိတ်ချမှု ပိုမိုခိုင်မြဲရန် အကူအညီဖြစ်ပေမည်။ အခြားသူများအကျိုးအတွက် မိမိတို့၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်းမည်ဖြစ်ကြောင်း အကြီးအကဲများ ယုံကြည်စိတ်ချသည်ဆိုလျှင် သူ သို့မဟုတ် သူမသည် ထိုသို့ပင်ယုံကြည်စိတ်ချနိုင်ကြောင်း ဆင်ခြင်ရန်ကူညီခံရပေမည်။

၁၇။ အကြီးအကဲများသည် အဘယ်ကြောင့်အတူအမျှခံစားတတ်သော နားထောင်ပေးသူများဖြစ်ကြရမည်နည်း။

၁၇ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ၊ စကားပြောခြင်းငှာ . . . နှေးကြစေ” ဟု ယာကုပ် ၁:၁၉ ကဆိုသည်။ ခြေကုန်လက်ပန်းကျနေသူများ အစွမ်းခွန်အားပြန်ပြည့်လာစေဖို့ ကူညီရန် အကြီးအကဲများသည် အတူအမျှခံစားတတ်သည့် နားထောင်သူများလည်း ဖြစ်ကြရမည်။ အချို့ကိစ္စများတွင် အသင်းတော်သားများသည် ဤအစီအစဉ်စနစ်တွင် ဖြေရှင်း၍မရနိုင်သည့် ပြဿနာများ သို့မဟုတ် ဖိစီးမှုများနှင့် ရုန်းကန်နေရပေမည်။ သို့ဆိုလျှင် သူတို့လိုအပ်သည့်အရာမှာ သူတို့၏ပြဿနာကို “ပြေလည်” စေမည့် ဖြေရှင်းချက်တစ်စုံတစ်ရာမဟုတ်ဘဲ သူတို့မည်သို့မည်ပုံခံစားသင့်သည်ဟုမပြောသော၊ အကောင်းအဆိုးမဝေဖန်ဘဲ ကောင်းကောင်းနားထောင်ပေးမည့်သူကိုပြောဆိုရုံမျှသာဖြစ်သည်။—လုကာ ၆:၃၇; ရောမ ၁၄:၁၃။

၁၈၊ ၁၉။ (က) နားထောင်ရန်လျင်မြန်ခြင်းက ခြေကုန်လက်ပန်းကျနေသူများ၏ဝန်ကို သာ၍လေးလံသွားစေခြင်းမှ အကြီးအကဲတစ်ဦးကို မည်သို့ရှောင်ရှားစေနိုင်သနည်း။ (ခ) အကြီးအကဲများသည် “တစ်စိတ်တစ်သဘောတည်း” ကိုပြသသောအခါ ရလဒ်များကားအဘယ်နည်း။

၁၈ အကြီးအကဲတို့၊ နားထောင်ရန်လျင်မြန်ခြင်းက ခြေကုန်လက်ပန်းကျနေသူများ၏ဝန်ကို အမှတ်မထင်သာ၍လေးလံသွားစေခြင်းမှ ရှောင်ရှားနိုင်ရန် သင်တို့ကိုထောက်ကူနိုင်သည်။ ဥပမာ၊ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် စည်းဝေးအချို့ကို ပျက်ကွက်နေပါက သို့မဟုတ် လယ်ကွင်းဓမ္မအမှုဆောင်ခြင်းတွင် ကျဆင်းလာပါက သူ သို့မဟုတ် သူမအား ဓမ္မအမှုတွင် ပို၍လုပ်ဆောင်ဖို့ သို့မဟုတ် အစည်းဝေးများပို၍မှန်လာဖို့ သွန်သင်ချက်ပေးရန် အမှန်လိုအပ်ပါသလော။ လိုကောင်းလိုမည်။ သို့သော် သင်သည် အခြေအနေတစ်ခုလုံးကိုခြုံငုံ၍မြင်သလော။ ကျန်းမာရေးပြဿနာများ တိုးပွားလာခြင်းလော။ မိသားစုတာဝန်များ လတ်တလောပြောင်းလဲသွားခြင်းလော။ သူ သို့မဟုတ် သူမကို ဝန်လေးစေသည့် အခြားအခြေအနေများ သို့မဟုတ် ဖိစီးမှုများရှိနေသလော။ ထိုသူသည် ပို၍မလုပ်ဆောင်နိုင်ခြင်းကြောင့် အလွန်အပြစ်ရှိသည်ဟု ခံစားနေရနိုင်ကြောင်း သတိရပါ။

၁၉ သို့ဆိုလျှင် ထိုညီအစ်ကို သို့မဟုတ် ညီအစ်မကို သင်မည်သို့ကူညီနိုင်သနည်း။ သင်သည် ကောက်ချက်မချမီနှင့် အကြံဉာဏ်မပေးမီ နားထောင်ပေးပါလေ! (သု. ၁၈:၁၃) ပိုင်းခြားသိမြင်တတ်သောမေးခွန်းများဖြင့် ထိုသူ၏နှလုံးထဲမှခံစားချက်များကို ‘ထုတ်ယူ’ ပါ။ (သု. ၂၀:၅) ဤခံစားချက်များကို လျစ်လျူမရှုလိုက်ပါနှင့်—ယင်းတို့ကို အသိအမှတ်ပြုပါ။ ခြေကုန်လက်ပန်းကျနေသူသည် ကျွန်ုပ်တို့ကို ယေဟောဝါ ဂရုစိုက်တော်မူကြောင်းနှင့် ရံဖန်ရံခါ ကျွန်ုပ်တို့၏အခြေအနေများက ကျွန်ုပ်တို့ကိုကန့်သတ်ကောင်းကန့်သတ်မည်ဖြစ်သည်ကို နားလည်တော်မူကြောင်း ယုံကြည်စိတ်ချရန် လိုပေမည်။ (၁ ပေတရု ၅:၇) အကြီးအကဲများသည် ဤကဲ့သို့ “တစ်စိတ်တစ်သဘောတည်း” ကိုပြသသောအခါ ခြေကုန်လက်ပန်းကျသူများသည် ‘သူတို့စိုးလ် လန်းဆန်း’ လာသည်ကို တွေ့ရကြမည်။ (၁ ပေတရု ၃:၈၊ သတင်းကောင်း; မဿဲ ၁၁:၂၈-၃၀၊ ကဘ) သူတို့သည် ဤကဲ့သို့သောလန်းဆန်းမှုကို တွေ့ရသောအခါ ပို၍လုပ်ဆောင်ဖို့ ပြောရန်လိုမည်မဟုတ်ပါ; သူတို့၏နှလုံးသည် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းတွင် တိုင်းတိုင်းဆဆဖြင့် လုပ်ဆောင်နိုင်သမျှကိုလုပ်ဆောင်ရန် သူတို့ကို တွန်းအားပေးမည်။—၂ ကောရိန္သု ၈:၁၂; ၉:၇ နှိုင်းယှဉ်။

၂၀။ ဤဆိုးညစ်သောလူမျိုးဆက်၏နိဂုံး အလွန်နီးကပ်လာသောကြောင့် ကျွန်ုပ်တို့သည် အဘယ်အရာကိုလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချသင့်သနည်း။

၂၀ ကျွန်ုပ်တို့သည် လူ့သမိုင်းတစ်လျှောက်တွင် ဘေးကျပ်နံကျပ်အဖြစ်ဆုံးအချိန်၌ အသက်ရှင်နေကြရသည်မှာ အမှန်ပင်။ နိဂုံးကာလသို့ ကျွန်ုပ်တို့သာ၍နီးကပ်ရောက်ရှိလာသည်နှင့်အမျှ စာတန့်လောကတွင် အသက်ရှင်ရခြင်း၏ဖိစီးမှုများသည် သာ၍တိုးပွားနေပါသည်။ အမဲလိုက်နေသည့် ခြင်္သေ့အလား မာရ်နတ်သည် ကျွန်ုပ်တို့ကို အမဲအဖြစ်အခွင့်ကောင်းယူနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့ခြေကုန်လက်ပန်းကျပြီး လက်မြှောက်အရှုံးပေးသွားဖို့ စောင့်ဆိုင်းနေသည်။ ယေဟောဝါသည် မောသောသူတို့အား အစွမ်းခွန်အားကို ပေးသနားတော်မူခြင်းအတွက် မည်မျှကျေးဇူးတင်ဖို့ ကောင်းလိုက်သည်ဖြစ်ခြင်း! ပျံဝဲနေသောလင်းယုန်တစ်ကောင်၏ ခွန်အားကြီးမားသည့်အတောင်များကို ကျွန်ုပ်တို့အားတပ်ဆင်ပေးလိုက်သည့်နှယ် ကျွန်ုပ်တို့အားဆက်လက်လှုပ်ရှားစေနိုင်သော အစွမ်းခွန်အားပေးရန် ကိုယ်တော်စီစဉ်ပေးထားသည့် ပြင်ဆင်ပေးချက်များကို အပြည့်အဝအသုံးပြုနိုင်ကြပါစေ။ ဤဆိုးညစ်သောလူမျိုး၏နိဂုံး အလွန်နီးကပ်နေသည့်အတွက်ကြောင့် ယခုအချိန်သည် ထာဝရအသက်—ဆုအတွက် ပြေးပွဲတွင် အပြေးရပ်လိုက်ရန် အချိန်မဟုတ်ပါ။—ဟေဗြဲ ၁၂:၁။

သင့်အဖြေကားအဘယ်နည်း

◻ ကျွန်ုပ်တို့ဆုတောင်းချက်များကို ဖြေကြားပေးတော်မူရာတွင် ယေဟောဝါဘာလုပ်ပေးမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။

◻ ကျွန်ုပ်တို့သည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းထံမှ အားအင်ရယူနိုင်သနည်း။

◻ ဘုရားသခင့်နှုတ်ကပါဌ်တော်က အစွမ်းခွန်အားပြန်ပြည့်လာရန် မည်သို့ကူညီပေးသနည်း။

◻ အကြီးအကဲများသည် ခြေကုန်လက်ပန်းကျသူများကို အစွမ်းခွန်အားပြန်ပြည့်လာရန် မည်သို့ကူညီပေးနိုင်သနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဧည့်ဝတ်ပြုရန်ကမ်းလှမ်းသည့်အခါ အားပေးမှုလိုအပ်နေသူများကို မမေ့ကြပါစို့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခြေကုန်လက်ပန်းကျသူများသည် မိမိတို့မည်မျှ မေတ္တာထားခြင်းခံရကြောင်း နားလည်ရန်အကူအညီပေးဖို့ အကြီးအကဲများသည် ယေဟောဝါထံ ဆုတောင်းနိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ