ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၂၅ စာ. ၁၅၉-၁၆၄
  • ဘုရင်နှင့် ကိုယ်တော်၏ မင်းသားမှူးမတ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရင်နှင့် ကိုယ်တော်၏ မင်းသားမှူးမတ်များ
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖြောင့်မတ်စွာနှင့် တရားသဖြင့် အုပ်ချုပ်ခြင်း
  • မျက်စိ၊ နား၊ နှလုံးတို့ဖြင့် အာရုံစိုက်ခြင်း
  • “ဉာဏ်မဲ့သူ”
  • ဘုန်းကျက်သရေနှင့် ပြည့်သော ခြားနားမှု!
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • မျက်မှောက်ခေတ်သတင်း ကြေညာသော ရှေးခေတ် ပရောဖက်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ပရဒိသု ပြန်လည်တည်ထောင်လေပြီ!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၂၅ စာ. ၁၅၉-၁၆၄

အခန်း နှစ်ဆယ့်ငါး

ဘုရင်နှင့် ကိုယ်တော်၏ မင်းသားမှူးမတ်များ

ဟေရှာယ ၃၂:၁-၂၀

၁၊ ၂။ ပင်လယ်သေ ကျမ်းလိပ်ပါ ဟေရှာယကျမ်း၏ စာသားများနှင့်ပတ်သက်၍ အဘယ်သို့ ဆိုနိုင်သနည်း။

၁၉၄၀ ပြည့်လွန်နှစ်များ အကုန်ပိုင်းတွင် ပါလက်စတိုင်းနိုင်ငံ၊ ပင်လယ်သေအနီးရှိ ဂူများအတွင်းမှ ထူးခြားမှတ်သားဖွယ် ကျမ်းလိပ်အစုအပုံကို တွေ့ရှိခဲ့သည်။ ၎င်းတို့ကို ပင်လယ်သေ ကျမ်းလိပ်များဟု လူသိများလာပြီး ဘီ.စီ.အီး. ၂၀၀ နှင့် စီ.အီး. ၇၀ အတွင်း တစ်ချိန်ချိန်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။ ယင်းတို့အထဲမှ လူသိအများဆုံးအရာမှာ ကြာရှည်ခံ သားရေပေါ်တွင် ဟေဗြဲဘာသာဖြင့် ရေးသားထားသော ဟေရှာယကျမ်းလိပ် ဖြစ်သည်။ ဤကျမ်းလိပ်သည် ကျမ်းအပြည့်အစုံနီးပါး ပါဝင်ပြီး ယင်းတွင်ပါသော စာသားများသည် ၎င်းနောက်ပိုင်း အနှစ် ၁,၀၀၀ ခန့်တွင် ကူးရေးခဲ့သော မက်စိုရက်တစ် ကျမ်းလက်ရေးစာမူများနှင့် အနည်းအကျဉ်းသာ ကွာခြားမှု ရှိသည်။ ထိုကြောင့် သမ္မာကျမ်းစာသည် တိကျမှန်ကန်စွာ လက်ဆင့်ကမ်း ကူးရေးခံခဲ့ရကြောင်း ဤကျမ်းလိပ်က သက်သေပြသည်။

၂ ဟေရှာယ ပင်လယ်သေကျမ်းလိပ်နှင့်ပတ်သက်၍ မှတ်သားဖွယ် အသေးစိတ်အချက်တစ်ခုမှာ ယနေ့အချိန်တွင် ဟေရှာယ အခန်းကြီး ၃၂ ဟု သိကြသော အပိုင်းကို ကျမ်း၏ဘေးမာဂျင်တွင် ကျမ်းကူးသူ ကျမ်းတတ်သည် “X” ဟု ကြက်ခြေခတ် အမှတ်အသား မှတ်သားထားခြင်း ဖြစ်သည်။ ကျမ်းတတ်ဖြစ်သူသည် ထိုအမှတ်အသားကို အဘယ်ကြောင့် မှတ်သည်ကို ကျွန်ုပ်တို့ မသိရသော်လည်း သမ္မာကျမ်းစာထဲမှ ဤအပိုင်းတွင် ထူးခြားမှု ရှိသည်ကို ကျွန်ုပ်တို့ သိကြသည်။

ဖြောင့်မတ်စွာနှင့် တရားသဖြင့် အုပ်ချုပ်ခြင်း

၃။ ဟေရှာယကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့တွင် အဘယ်အစိုးရအကြောင်း ပရောဖက်ပြုထားသနည်း။

၃ ဟေရှာယ အခန်းကြီး ၃၂ သည် ကျွန်ုပ်တို့အချိန်တွင် မှတ်သားဖွယ်ကောင်းလောက်အောင် ပြည့်စုံနေသော စိတ်လှုပ်ရှားဖွယ် ဤပရောဖက်ပြုချက်ဖြင့် အစပြုထား၏– ‘ကြည့်ရှုလော့! တရားသဖြင့် [“ဖြောင့်မတ်စွာ၊” သမ္မာ] အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။’ (ဟေရှာယ ၃၂:၁) “ကြည့်ရှုလော့!” ဤအာမေဍိတ်စကားသည် ကျမ်းစာထဲမှ နောက်ဆုံး ပရောဖက်ပြုချက်ကျမ်းတွင် တွေ့ရသော ၎င်းနှင့် ဆင်တူသည့် ဤအာမေဍိတ်စကားကို ပြန်သတိရစေ၏– “ပလ္လင်ပေါ်မှာ ထိုင်တော်မူသောအရှင်ကလည်း ‘ကြည့်ရှုလော့! ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်မည်။’” (ဗျာဒိတ် ၂၁:၅၊ ကဘ) ဟေရှာယကျမ်းနှင့် ဗျာဒိတ်ကျမ်းသည် နှစ်ပေါင်း ၉၀၀ ခန့် ရေးသားချိန် ကွာခြားခဲ့ကာ၊ ကျမ်းနှစ်ကျမ်းစလုံးသည် အစိုးရအသစ်—၁၉၁၄ တွင် ကောင်းကင်၌ နန်းတင်ခံရသော ဘုရင်ယေရှုခရစ်နှင့် ပူးတွဲအုပ်ချုပ်သူများ ဖြစ်သော “မြေကြီးမှ ရွေးနုတ်သောသူ” ၁၄၄,၀၀၀ ပါဝင်သည့် “ကောင်းကင်သစ်”—အကြောင်းအပြင် ကမ္ဘာချီ စည်းလုံးသော လူ့ဘောင်သစ် ဖြစ်သည့် “မြေကြီးသစ်၊” အကြောင်းကို နှလုံးနွေးထွေးဖွယ် ရုပ်လုံးဖော်ပြကြသည်။a (ဗျာဒိတ် ၁၄:၁-၄; ၂၁:၁-၄; ဟေရှာယ ၆၅:၁၇-၂၅) ဤအစီအစဉ်တစ်ခုလုံးကို ခရစ်တော်၏ ရွေးနုတ်ဖိုး ပူဇော်သကာအားဖြင့် ရရှိနိုင်ရန် လုပ်ဆောင်ထားသည်။

၄။ ယခု မြေကြီးသစ်၏ အဘယ်မဏ္ဍိုင် ရှိနေပြီနည်း။

၄ ပူးတွဲအုပ်ချုပ်သူများ ဖြစ်သော ၁၄၄,၀၀၀ ၏ နောက်ဆုံးတံဆိပ်ခတ်ခြင်း ရူပါရုံကို တမန်တော် ယောဟန် မြင်ရပြီးနောက် ဤသို့ဖော်ပြ၏– “ဤအရာများပြီးနောက် ကြည့်ရှုလော့! ဘာသာစကားအဖုံဖုံ ပြောသည့် လူအမျိုးမျိုး၊ အနွယ်နွယ်၊ အစုစုမှ မည်သူမျှ မရေတွက်နိုင်သော လူအုပ်ကြီးတစ်အုပ် ဝတ်လုံဖြူ ဝတ်ကာ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့ ရပ်လျက်နေသည်ကို ငါမြင်၏။” ဤတွင် မြေကြီးသစ်၏ မဏ္ဍိုင် ဖြစ်သော—ယခု အရေအတွက် သန်းနှင့်ချီ ရှိသည့် လူအုပ်ကြီးကို အများစုသည် အသက်ကြီးနေပြီ ဖြစ်ပြီး အနည်းငယ်သာ ကျန်ရှိတော့သည့် ၁၄၄,၀၀၀ ၏ အကြွင်းအကျန်ဘက်သို့ စုသိမ်းခဲ့ကြသည်။ ဤလူအုပ်ကြီးသည် လျင်မြန်စွာ ချဉ်းကပ်လာနေသော ကြီးစွာသောဒုက္ခကို ကပ်ကျော်ပြီး မြေကြီးပရဒိသုတွင် ရှင်ပြန်ထမြောက်လာကြမည့် သစ္စာရှိသူများနှင့် ယုံကြည်ခြင်း တင်ပြရန် အခွင့်အရေး ပေးခြင်းခံရမည့်သူ အခြားသန်းပေါင်းများစွာတို့က ပေါင်းစုလာမည် ဖြစ်သည်။ ဤသို့တင်ပြသူအားလုံးသည် ထာဝရအသက်ဖြင့် ကောင်းချီးပေးခြင်း ခံရမည်။—ဗျာဒိတ် ၇:၄၊ ၉-၁၇၊ ကဘ။

၅-၇။ ကြိုဟောထားသော “မင်းသားမှူးမတ်” တို့သည် ဘုရားသခင့် သိုးတော်စုတွင် အဘယ်အခန်းကဏ္ဍမှ ပါဝင်ကြသနည်း။

၅ သို့ရာတွင် မုန်းတီးမှု ပြည့်နေသော လက်ရှိလောက ရှိနေသေးသရွေ့ လူအုပ်ကြီးအဝင် ဖြစ်သူများသည် အကာအကွယ် လိုအပ်သည်။ ကြီးမားသော အတိုင်းအတာဖြင့် ယင်းအကာအကွယ်ကို “တရားသဖြင့် စီရင်ကြ” သော “မင်းသားမှူးမတ်” တို့အားဖြင့် စီမံပေးသည်။ ထူးခြားမြင့်မြတ်သော အစီအစဉ်ပါတကား! ထို “မင်းသားမှူးမတ်တို့” အကြောင်းကို ဟေရှာယ ထပ်၍ ပြောဆိုသော ပရောဖက်ပြုချက်၏ ဤစိတ်ချမ်းမြေ့ဖွယ်စကားများတွင် တွေ့ရ၏– “ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာ အရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သော မြေ၌ စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၃၂:၂။

၆ ကမ္ဘာချီ ဘေးအန္တရာယ်များ ကြုံတွေ့နေရသည့် ယနေ့အချိန်တွင် “မင်းသားမှူးမတ်တို့” လိုအပ်ပါသည်။ မှန်ပါသည်၊ “သိုးစုတစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှု” ပြီး ယေဟောဝါ၏ ဖြောင့်မတ်သော မူများနှင့်အညီ ယေဟောဝါ၏ သိုးများကို ကြည့်ရှုစောင့်ရှောက်သော၊ တရားသဖြင့် အုပ်ထိန်းသော အကြီးအကဲများ ရှိဖို့ လိုအပ်သည်။ (တမန်တော် ၂၀:၂၈) ထိုကဲ့သို့သော “မင်းသားမှူးမတ်” တို့သည် ၁ တိမောသေ ၃:၂-၇ နှင့် တိတု ၁:၆-၉ တွင် ဖော်ပြထားသော အရည်အချင်းများကို ပြည့်မီရမည်။

၇ အခက်အခဲ ဘေးဒုက္ခနှင့် ပြည့်နေသော “အစီအစဉ်စနစ်ဆုံးခန်း” အကြောင်း ပရောဖက်ပြုဖော်ပြရာတွင် ယေရှု ဤသို့ မိန့်တော်မူ၏– “စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။” (မဿဲ ၂၄:၃-၈) ယေရှု၏ နောက်လိုက်များသည် မျက်မှောက်ခေတ်၏ အန္တရာယ် မကင်းသော လောကအခြေအနေများကို အဘယ်ကြောင့် စိုးရိမ်တုန်လှုပ်ခြင်း မရှိသနည်း။ အကြောင်းတစ်ခုမှာ “မင်းသားမှူးမတ်တို့”—ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” အဝင် ဖြစ်ပါစေ—သူတို့သည် သိုးတော်စုကို သစ္စာစောင့်သိစွာ ကာကွယ်ပေးနေကြသည်။ (ယောဟန် ၁၀:၁၆) သူတို့သည် လူမျိုးရေးစစ်ပွဲများနှင့် အမျိုးဖြုတ် သတ်ဖြတ်မှုကဲ့သို့သော ကြောက်မက်ဖွယ် အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင်ပင် မကြောက်မရွံ့ဘဲ ညီအစ်ကို ညီအစ်မများကို စောင့်ရှောက်ပေးကြသည်။ ဝိညာဉ်ရေး ပြတ်လပ်နေသော လောကအလယ်တွင် သူတို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာထဲမှ တည်ဆောက်ဖွယ် သမ္မာတရားအားဖြင့် စိတ်အားငယ်သော စိုးလ်များ လန်းဆန်းဖို့ သေချာစေရန် လုပ်ဆောင်ပေးသည်။

၈။ ယေဟောဝါသည် အခြားသိုးအဝင် ဖြစ်သော “မင်းသားမှူးမတ်တို့” ကို မည်သို့ လေ့ကျင့်ပေးပြီး အသုံးပြုနေတော်မူသနည်း။

၈ လွန်ခဲ့သော အနှစ် ၅၀ အတွင်း “မင်းသားမှူးမတ်တို့” သည် မည်သူများ ဖြစ်ကြောင်း ပေါ်လွင်လာသည်။ အခြားသိုးအဝင် ဖြစ်သော “မင်းသားမှူးမတ်တို့” ကို ဖြစ်ထွန်းလာနေသော “အကဲအမှူး” အတန်းအစားအဖြစ် လေ့ကျင့်ပေးလျက်ရှိသည်၊ သို့ဖြင့် ကြီးစွာသောဒုက္ခပြီးနောက် သူတို့ထဲမှ အရည်အချင်းရှိသူများကို “မြေကြီးသစ်” တွင် စီမံခန့်ခွဲရေးတာဝန် ဆောင်ရွက်ဖို့ ခန့်အပ်ရန်အတွက် အဆင်သင့်ရှိမည်။ (ယေဇကျေလ ၄၄:၂၊ ၃၊ ကဘ; ၂ ပေတရု ၃:၁၃) နိုင်ငံတော်လုပ်ငန်းကို ဦးဆောင်ရာတွင် ဝိညာဏ လမ်းညွှန်မှုနှင့် လန်းဆန်းမှု ပေးခြင်းအားဖြင့် သူတို့သည် “ကျောက်လုံးကြီး အရိပ်ကဲ့သို့” ဖြစ်ကြောင်း၊ ဝတ်ပြုရေး နယ်ပယ်အတွင်းရှိ သိုးတော်စုကို သက်သာစေကြောင်း မိမိတို့ကိုယ်ကို သက်သေထူနေကြသည်။b

၉။ ယနေ့အချိန်တွင် “မင်းသားမှူးမတ်တို့” လိုအပ်ကြောင်း အဘယ်အခြေအနေများက တင်ပြသနည်း။

၉ စာတန့်ဆိုးညစ်သော လောက၏ အန္တရာယ် ထူပြောသော ဤနောက်ဆုံးသော နေ့ရက်များအတွင်း ဆက်ကပ်အပ်နှံပြီး ခရစ်ယာန်များသည် ထိုကဲ့သို့သော ကာကွယ်ပေးမှုကို အလွန် လိုအပ်သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) မှောက်မှားသော အယူဝါဒနှင့် ကောက်ကျစ်သော ဝါဒဖြန့်မှု၏ ပြင်းထန်သော လေများ တိုက်ခတ်နေပါသည်။ လူမျိုးများအကြားနှင့် ပြည်တွင်းတွင် ဖြစ်သော စစ်ပွဲများပုံစံဖြင့် တစ်မျိုး၊ ယေဟောဝါ ဘုရားသခင်၏ သစ္စာရှိ ဝတ်ပြုကိုးကွယ်သူများကို တိုက်ရိုက်ထိပါးသည့်ပုံစံဖြင့် တစ်ဖုံ မုန်တိုင်းများ တိုက်ခတ်နေပါသည်။ ဝိညာဏ မိုးခေါင်ခြင်းကြောင့် ခြောက်သွေ့နေသော လောကအတွင်း ခရစ်ယာန်များသည် ဝိညာဉ်ရေး ရေငတ်မှုကို ပြေစေရန်အတွက် သန့်စင်သောရေ၊ မညစ်ညမ်းထားသော သမ္မာတရားစီးရာ ရေချောင်း အလွန် လိုအပ်သည်။ ဝမ်းသာစရာမှာ ယေဟောဝါသည် ကိုယ်တော်၏ နန်းစံဘုရင်၊ ကိုယ်တော်၏ ဘိသိက်ခံ ညီတော်များနှင့် အထောက်အကူ ပေးနေကြသော အခြားသိုးမှ “မင်းသားမှူးမတ်တို့” အားဖြင့် အကူအညီ လိုအပ်နေသော ဤအချိန်တွင် စိတ်ပျက်အားလျော့နေသူများနှင့် စိတ်ဓာတ်ကျနေသူများကို အားပေးမှုနှင့် လမ်းညွှန်မှု ပေးမည်ဟု ကတိပြုထားတော်မူသည်။ ထိုအကြောင်းကြောင့် ယေဟောဝါသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု လွှမ်းမိုးစေရန် ကြီးကြပ်ပေးတော်မူမည်။

မျက်စိ၊ နား၊ နှလုံးတို့ဖြင့် အာရုံစိုက်ခြင်း

၁၀။ ယေဟောဝါသည် ကိုယ်တော်၏ လူမျိုး “မြင်” နိုင်၊ “ကြား” နိုင်ရန် အဘယ်အစီအစဉ်များကို ပြုလုပ်ပေးထားတော်မူသနည်း။

၁၀ လူအုပ်ကြီးသည် ယေဟောဝါ၏ သီအိုကရက်တစ် အစီအစဉ်များကို မည်သို့ တုံ့ပြန်ခဲ့သနည်း။ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၃) နှစ်များတစ်လျှောက် ယေဟောဝါသည် မိမိ၏ အဖိုးထိုက်သော ကျေးကျွန်များကို ညွှန်ကြားချက်များ ပေးရန်နှင့် ရင့်ကျက်စေဖို့အတွက် စီမံပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် ကျင်းပနေသည့် သီအိုကရက်တစ် ဓမ္မအမှုကျောင်းနှင့် အခြားစည်းဝေးများ၊ ခရိုင်၊ ပြည်လုံးကျွတ်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများအပြင် သိုးတော်စုကို မေတ္တာပါ ဂရုစိုက်စောင့်ရှောက်ရန် “မင်းသားမှူးမတ်တို့” အတွက် အထူးသင်တန်းများလည်း ရှိသည်၊ ၎င်းတို့အားလုံးသည် စည်းလုံးသည့် သန်းနှင့်ချီသော ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းကို တည်ဆောက်ရန် အထောက်အကူ ပေးခဲ့ပြီ။ ထိုသိုးထိန်းများသည် မြေကြီးပေါ်ရှိ မည်သည့်နေရာတွင်ပင် ရှိပါစေ တိုးတက်နေသော သမ္မာတရားစကားများဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နားလည်သဘောပေါက်ရန် သူတို့၏ နားများကို စွင့်ထားကြသည်။ သမ္မာကျမ်းစာဖြင့် လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ဖြင့် သူတို့သည် နားထောင်ရန်နှင့် နာခံရန် အမြဲ အသင့်ရှိကြသည်။—ဆာလံ ၂၅:၁၀။

၁၁။ ယခု ဘုရားသခင့် လူမျိုးတော်သည် မသေချာမရေရာ၊ ထစ်ထစ်အအ မပြောဘဲ ယုံကြည်စိတ်ချမှုဖြင့် အဘယ်ကြောင့် ဟောပြောနေကြသနည်း။

၁၁ ထို့နောက် ပရောဖက်ပြုချက်က ဤသို့ သတိပေး၏– “စိတ်မြန်သောသူတို့သည် ဆင်ခြင်၍ သိမြင်ကြလိမ့်မည်။ နှုတ်ဆွံ့သောသူ၏ လျှာသည်လည်း ပီသစွာ ပြောတတ်လိမ့်မည်။” (ဟေရှာယ ၃၂:၄၊ သမ္မာ) အမှားအမှန်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အလောတကြီး မပြုလုပ်ပါနှင့်။ သမ္မာကျမ်းစာက ဤသို့ ဆို၏– “သတိမရှိဘဲ စကားများသောသူ ရှိလျှင် ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက် မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့် ရှိ၏။” (သုတ္တံ ၂၉:၂၀; ဒေသနာ ၅:၂) ၁၉၁၉ မတိုင်မီက ယေဟောဝါ၏ လူများကိုယ်နှိုက်ပင် ဗာဗုလုန် အယူအဆများနှင့် စွန်းထင်းခဲ့သည်။ သို့သော် ထိုနှစ်မှ စတင်၍ ယေဟောဝါသည် သူတို့အား မိမိရည်ရွယ်တော်မူချက်ကို ပိုမို ရှင်းလင်းနားလည်လာစေခဲ့သည်။ ကိုယ်တော် ဖွင့်ပြသည့် သမ္မာတရားများကို သူတို့ တွေ့ရှိလာခဲ့ကြရာ အဆောတလျင် မဟုတ်ဘဲ ကောင်းစွာ ဆင်ခြင်သုံးသပ်ကာ ယခု သူတို့သည် မသေချာသောအရာကို ထစ်ထစ်အအ ပြောနေခြင်း မဟုတ်ဘဲ သေချာသော ယုံကြည်ချက်ဖြင့် ဟောပြောနေကြလေပြီ။

“ဉာဏ်မဲ့သူ”

၁၂။ “ယုတ်သောသူ” တို့သည် မည်သူများ ဖြစ်ပြီး သူတို့တွင် ရက်ရောမှု မရှိကြောင်း မည်သည့်နည်းဖြင့် တင်ပြကြသနည်း။

၁၂ ဟေရှာယ၏ ပရောဖက်ပြုချက်သည် နောက်ဆက်၍ ဆန့်ကျင်ဘက်အရာတစ်ခုကို ဖော်ပြ၏– “ယုတ်သောသူ [“ဉာဏ်မဲ့သူ၊” ကဘ] ကို နောက်တစ်ဖန် မြင့်မြတ်သော [“ရက်ရောသော၊” ကဘ] သူ ဟူ၍လည်းကောင်း၊ လိမ်လည်သူကို နောက်တစ်ဖန် မြင့်မြတ်သူ ဟူ၍လည်းကောင်း မခေါ်ရ။ အကြောင်းမူကား ယုတ်သောသူသည် ယုတ်သောစကားကို ပြော” တတ်၏။ (ဟေရှာယ ၃၂:၅၊ ၆က၊ သမ္မာ) မည်သူသည် “ဉာဏ်မဲ့သူ” ဖြစ်သနည်း။ ဘုရင်ဒါဝိဒ်သည် အလေးအနက် ဖော်ပြသည့်အနေဖြင့် ဤသို့ နှစ်ထပ်ကွမ်း အဖြေပေးသည်– “‘ဘုရားသခင်မရှိ’ ဟု မိုက်သောသူ [“ဉာဏ်မဲ့သူ၊” ကဘ] သည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သောအမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်မျှ မရှိ။” (ဆာလံ ၁၄:၁; ၅၃:၁) အမှန်ပင်၊ အမြစ်စွဲနေသော ဘုရားမဲ့ဝါဒီများက ယေဟောဝါ မရှိဟု ဆိုကြသည်။ “ပညာတတ်များ” နှင့်အခြားသူတို့သည် ဘုရား မရှိသကဲ့သို့ ပြုမူကြကာ မိမိတို့သည် မည်သူ့ထံတွင်မျှ စာရင်းရှင်းရန် အကြောင်းမရှိဟု ထင်မှတ်နေကြသည်။ ထိုသို့သောသူများတွင် သမ္မာတရား မရှိပါ။ သူတို့၏ စိတ်နှလုံးတွင် ရက်ရောမှု မရှိပါ။ သူတို့တွင် မေတ္တာနှင့်ပတ်သက်သော သတင်းကောင်း မရှိပါ။ ခရစ်ယာန်စစ်များနှင့် ဆန့်ကျင်လျက် သူတို့သည် ဒုက္ခရောက်၊ လိုအပ်နေသူများကို ကူညီထောက်ပံပေးရန် တုံ့ဆိုင်းကြသည် သို့မဟုတ် လုံးဝ မကူညီဘဲ နေကြ၏။

၁၃၊ ၁၄။ (က) မျက်မှောက်ခေတ် အယူဖောက်ပြန်သူများသည် ယုတ်မာသည့်အမှုကို မည်သို့ ပြုလုပ်ကြသနည်း။ (ခ) အယူဖောက်ပြန်သူများသည် ဆာလောင်မွတ်သိပ်သူများနှင့် ရေငတ်သူများကို မည်သို့ အငတ်ထားကြသနည်း၊ သို့သော် နောက်ဆုံးအကျိုးရလဒ်မှာ အဘယ်အရာ ဖြစ်မည်နည်း။

၁၃ ယင်းသို့သော ဉာဏ်မဲ့သူအများတို့သည် ဘုရားသခင့် သမ္မာတရားကို ထောက်ခံသူများအား မုန်းတီးကြသည်။ “စိတ်နှလုံးဖြင့် ဒုစရိုက်ကို ကြံစည်၍ လှောင်ပြောင်ခြင်း၊ ထာဝရဘုရားအား မှောက်မှားပြောဆို” ၏။ (ဟေရှာယ ၃၂:၆ခ၊ သမ) ဤအချက်သည် မျက်မှောက်ခေတ် အယူဖောက်ပြန်သူများနှင့် မည်မျှ မှန်ကန်လိုက်သည် ဖြစ်ခြင်း! ဥရောပနှင့် အာရှနိုင်ငံ အတော်များများတွင် အယူဖောက်ပြန်သူများသည် သမ္မာတရား၏ အခြားရန်သူများနှင့် ပူးပေါင်းပြီး ယေဟောဝါသက်သေများ ပိတ်ပင်ခံရရန် သို့မဟုတ် ကန့်သတ်ခံရရန် ဟူသော ရည်ရွယ်ချက်ဖြင့် အစိုးရအာဏာပိုင်များထံ ဗြောင်ကျကျ လိမ်လည်စကားများကို ပြောဆိုကြသည်။ သူတို့သည် ယေရှု ပရောဖက်ပြုခဲ့သော “ကျွန်ဆိုး” ၏ စိတ်ဓာတ်ကို အထင်အရှား ပြကြ၏– “အကြင်ကျွန်ဆိုးက ငါ့အရှင် လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက် နေ၏။ ထိုကျွန် မကြည့်မမျှော်သော နေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းပြစွာ ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာအရပ်၌ လျှို့ဝှက်သောသူတို့နှင့်တကွ နေရာချလတ္တံ့။”—မဿဲ ၂၄:၄၈-၅၁။

၁၄ ထိုအတောအတွင်း အယူဖောက်ပြန်မှုက “မွတ်သိပ်သူအား ဆာလောင်စေခြင်း၊ ရေငတ်သူအား အငတ်ထားခြင်းများကို” ဖြစ်စေသည်။ (ဟေရှာယ ၃၂:၆ဂ၊ သမ္မာ) သမ္မာတရား၏ ရန်သူများသည် ဆာလောင်မွတ်သိပ်သူများအတွက် ဝိညာဏအစာ ပြတ်လပ်သွားအောင် ပြုလုပ်ကြပြီး လန်းဆန်းမှု ဖြစ်စေသော နိုင်ငံတော် သတင်းတရားရေကို မပေးဘဲ အငတ်ထားရန် ကြိုးစားကြသည်။ သို့သော် နောက်ဆုံးရလဒ်မှာ ကိုယ်တော်၏ ပရောဖက် နောက်ထပ်တစ်ဦးအားဖြင့် မိမိလူမျိုးကို ယေဟောဝါ ကြေညာခဲ့သည့်အတိုင်း ဖြစ်မည်– “‘သူတို့သည် သင့်ကို စစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။”—ယေရမိ ၁:၁၉; ဟေရှာယ ၅၄:၁၇။

၁၅။ ယနေ့ မည်သူတို့သည် အထူးသဖြင့် “လိမ်လည်” သူများ ဖြစ်ကြပြီး သူတို့သည် အဘယ် “မုသာစကား” ကို ပြောဆိုခဲ့ကြကာ အဘယ်ရလဒ် ရကြသနည်း။

၁၅ ၂၀ ရာစု အလယ်နှစ်များမှ စ၍ ခရစ်ယာန်ဘောင် နိုင်ငံများတွင် စာရိတ္တ ယိုယွင်းမှုကို တံခါးမရှိ ဓားမရှိ ပြုမှုနေသည်။ အဘယ်ကြောင့်နည်း။ ပရောဖက်ပြုချက်က အကြောင်းရင်းတစ်ခုကို ဤသို့ ကြိုဟော၏– “လိမ်လည်သူ၏ အလေ့အလာများလည်း ဆိုးလှ၏။ ဆင်းရဲနွမ်းပါးသူ၏ အမှုသည် မှန်သော်လည်း ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှာ မကောင်းသောအကြံကို ကြံတတ် [“အကျင့်လျော့ရဲမှုများ ပြုရန် သွန်သင်ပေး၊” ကဘ] ၏။” (ဟေရှာယ ၃၂:၇၊ သမ္မာ) ဤစကားများ ပြည့်စုံချက်တွင် အထူးသဖြင့် ဓမ္မဆရာများစွာသည် အိမ်ထောင်မပြုမီ သံဝါသပြုခြင်း၊ လက်မထပ်ဘဲ အတူပေါင်းသင်းနေထိုင်ခြင်း၊ လိင်တူမေထုန်တို့ကို ကြိုက်ရာပြုခွင့် ရှိသည်ဟူသည့် သဘောထား ခံယူထားကြသည်—အမှန်ပင် “မတရားသောမေထုန်၌ မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း” ဖြစ်သည်။ (ဧဖက် ၅:၃) သို့ဖြင့် သူတို့သည် သူတို့၏ မုသာစကားများဖြင့် မိမိတို့၏ သိုးများကို “ဖျက်ဆီး” ကြသည်။

၁၆။ အဘယ်အရာက ခရစ်ယာန်စစ်များအား ပျော်ရွှင်စေသနည်း။

၁၆ တစ်ဖက်တွင်မူ ပရောဖက် ဆက်ပြောသော ဤစကားများ ပြည့်စုံခြင်းက မည်မျှ လန်းဆန်းမှုပါနည်း! “စေတနာရှိ [“ရက်ရော၊” ကဘ] သောသူမူကား စေတနာ [“ရက်ရောခြင်း၊” ကဘ] နှင့် ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာ [“ရက်ရောခြင်း၊” ကဘ] နှင့် ဆိုင်သောအရာများအားဖြင့် တည်ရလိမ့်မည်။” (ဟေရှာယ ၃၂:၈) ယေရှုခရစ် ကိုယ်တော်တိုင် ရက်ရောရန် ဤသို့ မိန့်တော်မူခဲ့ခြင်းဖြင့် အားပေးခဲ့၏– “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” (လုကာ ၆:၃၈) တမန်တော် ပေါလုကလည်း ရက်ရောသူများသည် ကောင်းချီးများ ခံစားရသည်ကို ဤသို့ ပြော၍ တင်ပြခဲ့၏– “‘အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်’ ဟု သခင်ယေရှု မိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်။” (တမန်တော် ၂၀:၃၅) ခရစ်ယာန်စစ်များသည် စည်းစိမ်ဥစ္စာ ရှာဖွေရယူခြင်း သို့မဟုတ် လူမှုရေး ထင်ပေါ်ကျော်ကြားမှုအားဖြင့် မဟုတ်ဘဲ ရက်ရောခြင်းအားဖြင့် ပျော်ရွှင်မှု ရရှိကြသည်– သူတို့၏ ဘုရားသခင် ယေဟောဝါ ရက်ရောသကဲ့သို့ ဖြစ်သည်။ (မဿဲ ၅:၄၄၊ ၄၅) သူတို့သည် “ပျော်ရွှင်သော ဘုရားသခင်၏ ဘုန်းအသရေနှင့် ပြည့်စုံသော သတင်းကောင်း” ကိုအခြားသူများ သိစေရန် မိမိတို့ကိုယ်ကို ရက်ရက်ရောရော ပေးဆပ်ခြင်း ဖြစ်သော ဘုရားသခင့် အမှုတော်ဆောင်ခြင်းမှ အကြီးမားဆုံးသော ပျော်ရွှင်မှုကို ရကြသည်။—၁ တိမောသေ ၁:၁၁၊ ကဘ။

၁၇။ ယနေ့အချိန်တွင် မည်သူသည် ဟေရှာယ ရည်ညွှန်းဖော်ပြခဲ့သော ‘သတိမရှိသောသမီးများ’ နှင့် တူသနည်း။

၁၇ ဟေရှာယ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “ငြိမ်သက်စွာနေသော မိန်းမတို့ ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့ ငါ့စကားကို နားထောင်ကြလော့။ သတိမရှိသော မိန်းမတို့ သင်တို့သည် တစ်နှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား စပျစ်သီးကို သိမ်းခြင်းအမှု ပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလ မရောက်ရ။ ငြိမ်သက်စွာနေသော မိန်းမတို့ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့ ပူပန်ခြင်း ရှိကြလော့။” (ဟေရှာယ ၃၂:၉-၁၁က) ဤအမျိုးသမီးများ၏ သဘောထားသည် ဘုရားသခင်ကို ကိုးကွယ်ပါသည်ဟု ဆိုကြသော်လည်း ကိုယ်တော်၏ လုပ်ငန်းတော်တွင် ဇွဲမရှိသူများကို ကျွန်ုပ်တို့အား သတိရစေပေမည်။ ထိုကဲ့သို့သောသူများကို “ပြည့်တန်ဆာများ . . . ၏ အမိ၊ မဟာဗာဗုလုန်” ဘာသာတရားတွင် တွေ့ရသည်။ (ဗျာဒိတ် ၁၇:၅၊ ကဘ) ဥပမာ၊ ခရစ်ယာန်ဘောင် ဘာသာဝင်များသည် ဟေရှာယ ဖော်ပြသော ထို “မိန်းမတို့” နှင့် အလွန် တူကြသည်။ သူတို့သည် မကြာမီ မိမိတို့ကို ဝါးမျိုတော့မည့် တရားစီရင်ခြင်း၊ လှုပ်ခါခြင်းတို့နှင့်ပတ်သက်၍ စိတ်အေးလက်အေး၊ “ငြိမ်သက်စွာနေ” ကြသည်။

၁၈။ “ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့” ဟု မည်သူ ညွှန်ကြားခံရသနည်း၊ အဘယ်ကြောင့်နည်း။

၁၈ သို့ဖြစ်၍ မှောက်မှားသော ဘာသာအား တောင်းဆိုချက် ဆက်၍ ထွက်ပေါ်လာသည်– “အဝတ်တန်ဆာ ရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။ ရင်ဘတ်ကို ခတ်ခြင်း၊ သာယာသော လယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။ ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၁ခ-၁၃) “အဝတ်တန်ဆာ ရှိသမျှတို့ကို ပယ်ချွတ်” ဟူသော စကားအသုံးအနှုန်းက ဝတ်ထားသမျှ အဝတ်အစားအားလုံး ချွတ်လိုက်ခြင်းကို မဆိုလိုပါ။ ရှေးခေတ်ထုံးစံမှာ အောက်ခံဝတ်ရုံပေါ်တွင် အပေါ်ဝတ်လုံကို ဝတ်ဆင်ကြသည်။ အပေါ်ဝတ်လုံသည် အများအားဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသိသာစေသည်။ (၄ ဓမ္မရာဇဝင် ၁၀:၂၂၊ ၂၃; ဗျာဒိတ် ၇:၁၃၊ ၁၄) ထို့ကြောင့် ပရောဖက်ပြုချက်က မှောက်မှားသော ဘာသာတရား၏ အသင်းအဖွဲ့များအား မိမိတို့၏ အပေါ်ဝတ်လုံ—ဘုရားသခင့် ကျေးကျွန်များအဖြစ် အယောင်ဆောင်နေမှုကို—ချွတ်၍ သူတို့အပေါ် ကျရောက်အံ့ဆဲဆဲ ဖြစ်သော တရားစီရင်ခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် လျှော်တေအဝတ်ကို အစားထိုး ဝတ်ရန် အမိန့်ပေးခြင်း ဖြစ်သည်။ (ဗျာဒိတ် ၁၇:၁၆) ဘုရားသခင်၏ “ရွှင်လန်းသောမြို့” ဖြစ်သည်ဟု ဆိုကြသော ခရစ်ယာန်ဘောင် ဘာသာရေး အဖွဲ့အစည်းများအကြားတွင် ဖြစ်စေ၊ မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၏ ကျန်အဖွဲ့ဝင်များအကြားတွင် ဖြစ်စေ ဘုရားရေးရာအသီးများ မတွေ့ရပါ။ သူတို့ သြဇာခံနယ်မြေများသည် ဂရုမစိုက် လျစ်လျူရှုထားခြင်း၊ စွန့်ပစ်ထားခြင်းကြောင့် “ဆူးပင်အမျိုးမျိုး” သာ ပေါက်နေသည်။

၁၉။ အယူဖောက်ပြန်သော “ယေရုရှလင်” ၏ အဘယ်အခြေအနေကို ဟေရှာယ ဖော်ပြခဲ့သနည်း။

၁၉ ဤဝမ်းနည်းဖွယ် အသွင်အပြင်သည် အယူဖောက်ပြန်သော “ယေရုရှလင်” တစ်ခွင်လုံးသို့ ဆက်ကူးသွားသည်– “ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့် ပြည့်စုံ၍ [“ရှင်းလင်းသောနေရာဖြစ်လာ၍၊” ကဘ] ရိုင်းသော မြည်းပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၄) မှန်ပါသည်၊ ဩဖေလအရပ်ပင် ပါဝင်သည်။ ဩဖေလသည် ယေရုရှလင်မြို့၏ အမြင့်ပိုင်းတွင် တည်ရှိသော ခိုင်မာသည့် ခံတပ်တစ်ခု ဖြစ်သည်။ ဩဖေလအရပ်သည် ရှင်းလင်းသောနေရာ ဖြစ်သွားသည်ဟု ဆိုခြင်းက ထိုမြို့သည် လုံးဝ ဖျက်ဆီးခံရကြောင်း သိသာထင်ရှားသည်။ ဟေရှာယ၏ စကားများက အယူဖောက်ပြန်သော “ယေရုရှလင်”—ခရစ်ယာန်ဘောင်—သည် ဘုရားသခင့် အလိုတော်ဆောင်ခြင်းတွင် သတိဝီရိယ မရှိကြောင်း ဖော်ပြသည်။ သမ္မာတရားနှင့် တရားမျှတမှု ရှိဖို့ ဝေးစွ၊ ဝိညာဉ်ရေးအရ သီးပွင့်မှု မရှိ—အလွန်ပင် သားရဲဆန်သည်။

ဘုန်းကျက်သရေနှင့် ပြည့်သော ခြားနားမှု!

၂၀။ ဘုရားသခင့် လူမျိုးတော်အပေါ် သန့်ရှင်းတော် ဝိညာဉ်တော် သွန်းလောင်းခြင်း၏ အကျိုးဆက်ကား အဘယ်နည်း။

၂၀ ယေဟောဝါ၏ အလိုတော် ဆောင်ရွက်သူများအတွက် နှလုံးနွေးထွေးဖွယ် မျှော်လင့်ချက်ကို ဟေရှာယ ဆက်တင်ပြ၏။ ဘုရားသခင့် လူမျိုးတော်၏ လွင်တီးခေါင် အခြေအနေမှာ “ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့ သွန်းလောင်း၍ တောသည် အသီးအနှံများသော လယ်ဖြစ်၍ အသီးအနှံများသော လယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီ” အချိန်အထိသာ ဖြစ်မည်။ (ဟေရှာယ ၃၂:၁၅) ဝမ်းသာစရာမှာ ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါ၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူမျိုးတော်အပေါ် ကြွယ်ဝစွာ သွန်းလောင်းခဲ့ပြီး အသီးများစွာ သီးသော ဘိသိက်ခံ သက်သေခံများ၏ ဥယျာဉ်ကို ပြန်လည်တည်ထောင်ကာ ဆက်၍ အခြားသိုးများ၏ ကျယ်ပြန့်လာနေသော တောအုပ် ပေါ်ထွန်းလာရန် ဖြစ်သည်။ ကြွယ်ဝမှုနှင့် ကြီးပွားမှုတို့သည် ယနေ့ ကိုယ်တော့် မြေကြီးအဖွဲ့အစည်း၏ အဓိကအချက်များ ဖြစ်သည်။ ပြန်လည်တည်ထောင်ထားသော ဝိညာဏ ပရဒိသုတွင် ကိုယ်တော့် လူမျိုးတော်သည် ရောက်လာတော့မည့် ကိုယ်တော့် နိုင်ငံတော်အကြောင်းကို ကမ္ဘာတစ်ဝန်း ကြေညာကြစဉ် ‘ယေဟောဝါ၏ ဘုန်းတော် . . . ၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်’ ထင်ရှားပြကြသည်။—ဟေရှာယ ၃၅:၁၊ ၂။

၂၁။ ယနေ့ မည်သည့်နေရာတွင် ဖြောင့်မတ်မှု၊ ငြိမ်သက်မှုနှင့် လုံခြုံမှုကို ရှာတွေ့ရသနည်း။

၂၁ ယခု ယေဟောဝါ၏ ထူးမြတ်သော ကတိတော်ကို နားထောင်ကြည့်ပါ– “တော [“ကန္တာရ၊” ကဘ] ၌ကား တရားသဖြင့် စီရင်ခြင်း တည်၍ အသီးအနှံများသော လယ် [“ဥယျာဉ်၊” ကဘ] ၌ကား ဖြောင့်မတ်ခြင်း ပါရမီသည် အမြဲ နေရလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်း အကျိုးမူကား ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။” (ဟေရှာယ ၃၂:၁၆၊ ၁၇) ယနေ့ ယေဟောဝါ လူမျိုးတော်၏ ဝိညာဏ အခြေအနေနှင့်ပတ်သက်သော ဤပုံဖော်ချက်များသည် အလွန် သင့်လျော်ပါသည်! မုန်းတီးမှု၊ အကြမ်းဖက်မှု၊ ဝိညာဉ်ရေး နိမ့်ကျခေါင်းပါးမှုတို့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော လူသားအများစုနှင့် မတူဘဲ စစ်မှန်သော ခရစ်ယာန်များသည် “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ” ဖြစ်သော်လည်း ကမ္ဘာချီ စည်းလုံးညီညွတ်လျက် ရှိနေကြသည်။ သူတို့သည် ဘုရားသခင့် ဖြောင့်မတ်ခြင်းနှင့်အညီ နေထိုင်၊ လုပ်ကိုင်၊ အမှုဆောင်ကြသည်၊ နောက်ဆုံးတွင် စစ်မှန်သော ငြိမ်သက်မှုနှင့် လုံခြုံမှုကို ထာဝစဉ် ခံစားရရန် ယုံကြည်စိတ်ချလျက် လုပ်ဆောင်နေကြသည်။—ဗျာဒိတ် ၇:၉၊ ၁၇။

၂၂။ ဘုရားသခင့် လူမျိုးတော်နှင့် မှောက်မှားသော ဘာသာရေးတွင် ရှိသူများ၏ အခြေအနေ မည်သို့ ကွာခြားသနည်း။

၂၂ ဝိညာဏ ပရဒိသုတွင် ဟေရှာယ ၃၂:၁၈ ပါစကားများ ပြည့်စုံလျက် ရှိသည်။ ယင်းတွင် ဤသို့ ဆိုထား၏– “ငါ၏ လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသော မြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” သို့သော် ခရစ်ယာန် အတုများအတွက် “မိုးသီးကျသဖြင့် တောအုပ်ကို လှဲ၍ မြို့ကိုလည်း မြေနှင့်တညီတည်း ဖြိုဖျက်လိမ့်မည်။” (ဟေရှာယ ၃၂:၁၉) မှန်ပါသည်၊ ပြင်းထန်သော မိုးသီးမုန်တိုင်းတစ်ခုကဲ့သို့ ယေဟောဝါ၏ တရားစီရင်ချက်သည် မှောက်မှားသော ဘာသာရေး အရေခြုံမြို့၊ ၎င်းကို အထောက်အမ ပေးသည့် ယုတ်ညံ့သော “တောအုပ်” တို့ကို အစတုံး ဖျက်ဆီးတိုက်ခိုက်ရန် အသင့်ရှိနေပြီ!

၂၃။ အဘယ် ကမ္ဘာချီလုပ်ငန်းသည် ပြီးခါနီးပြီနည်း၊ ယင်းလုပ်ငန်းတွင် ပါဝင်သူများကို မည်သို့ သတ်မှတ်ဖို့ ဖြစ်သနည်း။

၂၃ ပရောဖက်ပြုချက်၏ ဤအပိုင်းကို ဤသို့ နိဂုံးချုပ်၏– “ရေရှိရာ အရပ်ရပ်တို့၌ မျိုးစေ့ကို ကြဲ၍ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။” (ဟေရှာယ ၃၂:၂၀) နွားနှင့် မြည်းတို့သည် ဘုရားသခင့် ရှေးလူမျိုးတို့ လယ်ထွန်ရာတွင်နှင့် မျိုးစေ့ကြဲရာတွင် အသုံးပြုခဲ့ကြသော ဝန်တင်တိရစ္ဆာန်များ ဖြစ်သည်။ ယနေ့ ယေဟောဝါ၏ လူမျိုးတော်သည် သမ္မာကျမ်းစာ, စာပေစာတမ်းများ သန်းထောင်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေနိုင်ရန် ပုံနှိပ်စက်၊ လျှပ်စစ်ပစ္စည်းများ၊ ခေတ်မီအဆောက်အဦများနှင့် သယ်ယူပို့ဆောင်ရေးစနစ်တို့အပြင် အထူးသဖြင့် စည်းလုံးသော သီအိုကရက်တစ် အဖွဲ့အစည်းတစ်ခုကို အသုံးပြုကြသည်။ စေတနာ့ဝန်ထမ်းများသည် ထိုကိရိယာများကို အသုံးပြုကာ နိုင်ငံတော် သမ္မာတရားသတင်းကို ကမ္ဘာတစ်ဝန်း ပျံ့နှံ့စေသည်၊ စာသားအတိုင်း ပြောရလျှင် “ရေရှိရာ အရပ်ရပ်တို့၌” ကြဲဖြန့်ကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော သန်းနှင့်ချီသည့် ယောက်ျားမိန်းမတို့ကို စုသိမ်းပြီး ဖြစ်ကာ အခြားများစွာသောသူတို့သည် သူတို့နှင့် ပူးပေါင်းလာကြသည်။ (ဗျာဒိတ် ၁၄:၁၅၊ ၁၆) သူတို့အားလုံးကို အမှန်ပင် “ပျော်ရွှင်” သူများဟု သတ်မှတ်သင့်ပေသည်!

[အောက်ခြေမှတ်ချက်များ]

a ဟေရှာယ ၃၂:၁ မှ “ရှင်ဘုရင်” သည် ပဏာမအနေဖြင့် ဟေဇကိမင်းကို ရည်ညွှန်းခြင်း ဖြစ်ခဲ့ပေမည်။ သို့ရာတွင် ဟေရှာယ အခန်းကြီး ၃၂ ၏ အဓိကပြည့်စုံချက်သည် ဘုရင်ယေရှုခရစ်နှင့် သက်ဆိုင်သည်။

b ယေဟောဝါသက်သေများ ထုတ်ဝေသော ကင်းမျှော်စင်၊ မတ် ၁၊ ၁၉၉၉၊ စာမျက်နှာ ၁၃-၁၈ ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ