အခန်း နှစ်ဆယ့်ခြောက်
“မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ”
၁။ ဟေရှာယ ၃၃:၂၄ ပါ စကားများသည် အဘယ်ကြောင့် နှစ်သိမ့်မှု ပေးသနည်း။
“ဤလောက တစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်” ဟု တမန်တော် ပေါလု ဆိုခဲ့၏။ (ရောမ ၈:၂၂) ဆေးသိပ္ပံပညာ တိုးတက်လာနေသည့်ကြားမှ ဖျားနာမှုနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်ကို ဆက်၍ ကပ်သင့်နေသည်။ သို့သော်လည်း ကတိတော် အထွတ်အထိပ် ဖြစ်သည့် ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် အလွန် ဝမ်းသာစရာပါတကား! “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ” တော့မည့်အချိန်ကို မြင်ယောင်ကြည့်ပါလေ။ (ဟေရှာယ ၃၃:၂၄) ဤကတိတော်သည် အဘယ်အချိန်တွင်၊ မည်သို့ ပြည့်စုံလာမည်နည်း။
၂၊ ၃။ (က) ဣသရေလလူမျိုးသည် မည်သည့်နည်းဖြင့် မကျန်းမမာ ဖြစ်နေကြသနည်း။ (ခ) အာရှုရိသည် ဘုရားသခင်၏ ဆုံးမရန် “တောင်ဝှေး” အဖြစ် မည်သို့ အသုံးတော်ခံရသနည်း။
၂ ဟေရှာယကျမ်းကို ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသောလူများ ဝိညာဉ်ရေး ဖျားနာနေချိန်တွင် ရေးသားခြင်း ဖြစ်သည်။ (ဟေရှာယ ၁:၅၊ ၆) သူတို့သည် အယူဖောက်ပြန်မှုနှင့် စာရိတ္တ ယိုယွင်းမှုထဲတွင် အလွန့်အလွန် နွံနစ်နေပြီ ဖြစ်ရာ ယေဟောဝါ ဘုရားသခင်ထံမှ ပြင်းထန်သော ဆုံးမမှု လိုအပ်သည်။ ထိုသို့ ဆုံးမရန် အာရှုရိသည် ယေဟောဝါ၏ “တောင်ဝှေး” အဖြစ် အသုံးတော်ခံသည်။ (ဟေရှာယ ၇:၁၇; ၁၀:၅၊ ၁၅) ဦးဆုံး မြောက်ပိုင်းဣသရေလ ဆယ်နွယ်နိုင်ငံသည် ဘီ.စီ.အီး. ၇၄၀ တွင် အာရှုရိလက်အောက် ကျရောက်သွားသည်။ (၄ ဓမ္မရာဇဝင် ၁၇:၁-၁၈; ၁၈:၉-၁၁) နှစ်အနည်းငယ် ကြာပြီးနောက် အာရှုရိဘုရင် သနာခရိပ်သည် တောင်ပိုင်းယုဒနိုင်ငံကို မီးကုန်ယမ်းကုန် တိုက်ခိုက်မှု စလေသည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၃; ဟေရှာယ ၃၆:၁) အာရှုရိသည် ပြည်တစ်လျှောက်လုံးရှိ တွေ့သမျှအားလုံးကို သိမ်းကျုံးတိုက်ခိုက်သွားသောကြောင့် ယုဒပြည်၏ လုံးဝ ပျက်သုဉ်းမှုသည်လည်း မလွဲမသွေ တွေ့ကြုံရတော့မလိုပင်။
၃ သို့သော် အာရှုရိသည် ဘုရားသခင့်လူမျိုးကို ဆုံးမရန် မိမိ ရရှိထားသော လုပ်ပိုင်ခွင့်နယ်ကို ကျော်ကာ ယခုတွင် ကမ္ဘာကို အောင်နိုင်ရန် မိမိ၏ လောဘကြီးသော ရည်မှန်းချက်အတိုင်း ကြိုးပမ်းလေတော့သည်။ (ဟေရှာယ ၁၀:၇-၁၁) ယေဟောဝါသည် မိမိ၏ လူမျိုးအပေါ် ယင်း၏ ရက်ရက်စက်စက် ပြုမူမှုကို ဒဏ်မခတ်ဘဲ နေမည်လော။ လူမျိုးတော်၏ ဝိညာဏ ဖျားနာမှုအတွက် ကုသမှု ရှိပါမည်လော။ ထိုမေးခွန်းများအတွက် ယေဟောဝါထံမှ အဖြေကို ဟေရှာယ အခန်းကြီး ၃၃ တွင် ကျွန်ုပ်တို့ ဖတ်ရသည်။
လုယူတတ်သောသူကို လုယူခြင်း
၄၊ ၅။ (က) အာရှုရိသည် အဘယ် ပြောင်းပြန် အတွေ့အကြုံကို တွေ့ကြုံရမည်နည်း။ (ခ) ဟေရှာယသည် ယေဟောဝါလူမျိုးအကျိုးအတွက် အဘယ်အရာကို တောင်းလျှောက်သနည်း။
၄ ပရောဖက်ပြုချက်ကို ဤသို့စတင်၏– ‘သူတစ်ပါး လုယူခြင်းကို မခံရဘဲလျက် လုယူတတ်သောသူ၊ သူတစ်ပါး ဖျက်ဆီးခြင်းကို မခံရဘဲလျက် ဖျက်ဆီးတတ်သောသူ သင်သည် အမင်္ဂလာရှိ၏။ သင်သည် မလုမယူတော့ဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။’ (ဟေရှာယ ၃၃:၁) ဟေရှာယက လုယူတတ်သောသူ အာရှုရိကို တိုက်ရိုက်ပြောထားသည်။ ဤရန်လိုတတ်သောလူမျိုး တန်ခိုးအာဏာ အထွတ်အထိပ် ရောက်နေချိန်တွင် ကျရှုံးမည့်ပုံ မပေါ်ပါ။ ယင်းသည် ယုဒမြို့များစွာကို သိမ်းရုံးဖျက်ဆီးပစ်ကာ ယေဟောဝါ၏ အိမ်တော်နှင့် ၎င်း၏ ပစ္စည်းဥစ္စာများကိုပင် လုယူခြင်းဖြင့် ‘လုယူခြင်းကို မခံရဘဲ လုယူခဲ့’ ကြသည်—ယင်းကို ပြစ်ဒဏ်မခံရမည့်ပုံဖြင့် ပြုလုပ်ကြသည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၄-၁၆; ၂ ရာဇဝင်ချုပ် ၂၈:၂၁) သို့သော် ယခုတစ်ကြိမ်မူ သူတို့ ပြန်ခံရမည့်အလှည့် ဖြစ်မည်။ “သင်သည် . . . လုယူခြင်းကို ခံရမည်” ဟု ဟေရှာယ ရဲရင့်စွာ ကြေညာ၏။ ဤပရောဖက်ပြုချက်သည် သစ္စာရှိသူများအတွက် အလွန် စိတ်သက်သာစရာပင်!
၅ ကြောက်ရွံ့ထိတ်လန့်ဖွယ် ထိုအခြေအနေ အတောအတွင်း ယေဟောဝါအား သစ္စာစောင့်သိသော ဝတ်ပြုကိုးကွယ်သူများသည် အကူအညီအတွက် ကိုယ်တော်ကို အားကိုးရန် လိုသည်။ ထို့ကြောင့် ဟေရှာယ ဤသို့ တောင်းလျှောက်၏– “အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်မျှော်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၏ လက်ရုံး [ခွန်အားနှင့် အထောက်အမ] ဖြစ်လျက် ဒုက္ခရောက်သောအခါ ကယ်တင်ရာအကြောင်း ဖြစ်တော်မူပါ။ အသံဗလံကြောင့် လူမျိုးတို့သည် ပြေးကြ၏။ ထတော်မူသောအခါ လူမျိုးခြားတို့သည် အရပ်ရပ် ကွဲလွင့်ကြ၏။” (ဟေရှာယ ၃၃:၂၊ ၃၊ သမ္မာ) ယေဟောဝါသည် အတိတ်ကာလ၌ မိမိလူမျိုးတော်ကို ကြိမ်ဖန်များစွာ ကယ်လွှတ်ပေးခဲ့သကဲ့သို့ ကယ်လွှတ်ပေးတော်မူရန် ဟေရှာယ ဆုတောင်းခြင်းသည် အလွန် သင့်လျော်ပါသည်။ (ဆာလံ ၄၄:၃; ၆၈:၁) ဤဆုတောင်းချက်ကို ဟေရှာယ တောင်းလျှောက်ပြီးသည်နှင့် ယေဟောဝါ၏ အဖြေကို သူ ကြိုပြောခဲ့သည်!
၆။ အာရှုရိ၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း၊ အဘယ်ကြောင့် ထိုသို့ ဖြစ်သင့်သနည်း။
၆ “သူတစ်ပါးတို့သည် သင်တို့ [အာရှုရိ] ၏ ဥစ္စာကို ကျိုင်းကောင် [“ပိုးဟပ်၊” ကဘ] သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။” (ဟေရှာယ ၃၃:၄) ယုဒလူတို့သည် အင်းဆက်ပိုးများ၏ ဖျက်ဆီးခြင်းနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော် ဤအကြိမ်တွင် ယုဒ၏ ရန်သူများသည် သိမ်းရုံးဖျက်ဆီးခံရမည်။ အာရှုရိသည် နှိမ့်ချခံရမည် ဖြစ်ပြီး သူ၏ စစ်သားများသည် သူတို့ သိမ်းယူခဲ့သော လက်ရဥစ္စာများစွာကို ယုဒပြည်သူပြည်သားများအတွက် ချန်ထားကာ မဖြစ်မနေ ထွက်ပြေးကြရမည်! ရက်စက်ကြမ်းကြုတ်မှုတွင် နာမည်ကြီးသော အာရှုရိသည် လုယူဖျက်ဆီးခြင်း ခံရမည်မှာ လျော်ကန်လှပါသည်။—ဟေရှာယ ၃၇:၃၆။
မျက်မှောက်ခေတ် အာရှုရိ
၇။ (က) ဝိညာဉ်ရေးတွင် ဖျားနာနေသော ဣသရေလလူမျိုးကို ယနေ့ မည်သူနှင့် နှိုင်းယှဉ်နိုင်သနည်း။ (ခ) ခရစ်ယာန်ဘောင်ကို ဖျက်ဆီးရန် ယေဟောဝါ၏ “တောင်ဝှေး” အဖြစ် မည်သူ အသုံးတော်ခံမည်နည်း။
၇ ဟေရှာယ၏ ပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်နှင့် မည်သို့ သက်ဆိုင်သနည်း။ ဝိညာဉ်ရေးတွင် ဖျားနာနေသော ဣသရေလလူမျိုးကို သစ္စာမဲ့ ခရစ်ယာန်ဘောင်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ ဣသရေလလူမျိုးကို အပြစ်ပေးဆုံးမရန် “တောင်ဝှေး” အဖြစ် အာရှုရိကို ယေဟောဝါ အသုံးပြုခဲ့သကဲ့သို့ ခရစ်ယာန်ဘောင်—အပြင် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၊ “မဟာဗာဗုလုန်” ၏ ကျန်အပိုင်းအားလုံးကိုလည်း အပြစ်ပေးဆုံးမရန် “တောင်ဝှေး” တစ်ခုကို ကိုယ်တော် အသုံးပြုတော်မူမည်။ (ဟေရှာယ ၁၀:၅; ဗျာဒိတ် ၁၈:၂-၈) ထို “တောင်ဝှေး” မှာ ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်မည်—၎င်းအဖွဲ့အစည်းကို ဗျာဒိတ်ကျမ်းထဲတွင် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်း ရှိသော သားရဲနီအဖြစ် ပုံဖော်ထားသည်။—ဗျာဒိတ် ၁၇:၃၊ ၁၅-၁၇။
၈။ (က) ယနေ့ မည်သူ့ကို သနာခရိပ်နှင့် နှိုင်းယှဉ်နိုင်သနည်း။ (ခ) မျက်မှောက်ခေတ် သနာခရိပ်သည် မည်သူတို့ကို တိုက်ခိုက်ဖို့ အတင့်ရဲလာမည်နည်း၊ အဘယ်ရလဒ် ရမည်နည်း။
၈ မျက်မှောက်ခေတ် အာရှုရိသည် မှောက်မှားသော ဘာသာရေးနယ်ပယ် တစ်ခွင်လုံးကို ဝင်ရောက်သောင်းကျန်းသည့်အခါ ရပ်တန့်၍ မရနိုင်တော့ပုံရှိမည်။ သနာခရိပ်၏ သဘောထားကဲ့သို့ပင် စာတန်မာရ်နတ်သည် အပြစ်ပေးခံထိုက်သော အယူဖောက်ပြန်သည့် အဖွဲ့အစည်းများကိုသာမက စစ်မှန်သော ခရစ်ယာန်များကိုလည်း တိုက်ခိုက်လာသည့်အထိ အတင့်ရဲလာမည်။ မဟာဗာဗုလုန်နှင့် စာတန့်လောကမှ ထွက်လာကြသည့် သန်းနှင့်ချီသောသူများသည် ယေဟောဝါ၏ ဘိသိက်ခံ ဝိညာဏသား အကြွင်းအကျန်နှင့်အတူ ယေဟောဝါ၏ နိုင်ငံတော်ဘက်မှ ရပ်တည်ကြသည်။ “ဤလောကကို အစိုးရသောဘုရား” စာတန်သည် မိမိအား ဝတ်ပြုကိုးကွယ်ရန် ငြင်းဆိုသော စစ်မှန်သည့် ခရစ်ယာန်များကို ဒေါသထွက်ကာ စ၍ မီးကုန်ယမ်းကုန် တိုက်ခိုက်မည်။ (၂ ကောရိန္သု ၄:၄; ယေဇကျေလ ၃၈:၁၀-၁၆) ဤတိုက်ခိုက်မှုသည် အလွန် ကြောက်ရွံ့ဖွယ်ကောင်းမည်မှာ သေချာသော်လည်း ယေဟောဝါ၏ လူမျိုးသည် ကြောက်စရာ မလိုပါ။ (ဟေရှာယ ၁၀:၂၄၊ ၂၅) ဘုရားသခင်သည် သူတို့ “ဒုက္ခရောက်သောအခါ ကယ်တင်ရာအကြောင်း ဖြစ်တော်မူ” မည်ဟု အာမခံထား၏။ ကိုယ်တော်သည် ကြားဝင်ကာ စာတန်နှင့် သူ့နောက်လိုက်များကို တစ်စမကျန် ဖျက်ဆီးပစ်တော်မူမည်။ (ယေဇကျေလ ၃၈:၁၈-၂၃) ရှေးအချိန်ကကဲ့သို့ပင် ဘုရားသခင့်လူမျိုးကို လုယူဖျက်ဆီးဖို့ ကြိုးစားသူတို့သည် ကိုယ်တိုင် လုယူဖျက်ဆီးခြင်းကို ခံရကြမည်! (သုတ္တံ ၁၃:၂၂ခ နှိုင်းယှဉ်။) ယေဟောဝါ၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်မည် ဖြစ်ပြီး ကယ်တင်ခံရသူများသည် “ဉာဏ်နှင့်ပညာ [နှင့်] . . . ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘော” တို့ကို ရှာကြံခြင်းကြောင့် ဆုချခံရမည်။—ဟေရှာယ ၃၃:၅၊ ၆၊ ဖတ်။
သစ္စာမဲ့သူများအတွက် သတိပေးချက် တစ်ရပ်
၉။ (က) ယုဒ၏ “သူရဲတို့” နှင့် “မိတ်သဟာယစကားကို ပြောသော တမန်တော်တို့” သည် အဘယ်အရာ ပြုလုပ်ကြမည်နည်း။ (ခ) အာရှုရိတို့သည် ယုဒပြည်၏ အစပြု ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခြင်းကို မည်သို့ တုံ့ပြန်ကြမည်နည်း။
၉ သို့သော် ယုဒပြည်ရှိ သစ္စာမဲ့သူများ၏ ကြမ္မာကား အဘယ်နည်း။ အာရှုရိ၏ လက်ထဲတွင် သူတို့ ကြုံတွေ့ရတော့မည့် အခြေအနေဆိုးနှင့်ပတ်သက်၍ စိတ်မချမ်းသာဖွယ် သရုပ်သကန်ကို ဟေရှာယ ရုပ်လုံးဖော်ပြ၏။ (ဟေရှာယ ၃၃:၇ ဖတ်။) ယုဒစစ်သည်များထဲမှ “သူရဲတို့” သည် အာရှုရိတို့ ချီတက်လာသည့်အခါ ကြောက်ရွံ့၍ အော်ဟစ်ကြသည်။ စစ်တိုက်လိုသော အာရှုရိနှင့် စေ့စပ်ဆွေးနွေးရန် စေလွှတ်ခံရသည့် “မိတ်သဟာယစကားကို ပြောသော တမန်တော်တို့သည်” ပြောင်လှောင်ရှုတ်ချခံရကြသည်။ သူတို့၏ လုပ်ဆောင်မှု အထမမြောက်သောကြောင့် ပြင်းစွာ ငိုကြွေးကြမည်။ (ယေရမိ ၈:၁၅ နှိုင်းယှဉ်။) ရက်စက်ကြမ်းကြုတ်သော အာရှုရိတို့သည် သူတို့ကို သနားမည် မဟုတ်ပါ။ (ဟေရှာယ ၃၃:၈၊ ၉ ဖတ်။) ယုဒပြည်သူပြည်သားများနှင့် ဖွဲ့ထားသော ပဋိညာဉ်ကို ထောက်ထားမှုမရှိ လျစ်လျူရှုကြမည် ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၄-၁၆) အာရှုရိတို့သည် ယုဒပြည်၏ “မြို့များကိုလည်း ပယ်” ပြီး ထိုမြို့များကို အထင်သေး၊ မထီမဲ့မြင်ပြုကာ လူ့အသက်ကိုလည်း တန်ဖိုးမထားကြပါ။ ပုံဆောင်စကားဖြင့် ပြောရလျှင် ပြည်တော်သည်ပင် ညည်းတွားငိုကြွေးသည်အထိ ပျက်ပြုန်းမှု အခြေအနေမှာ အလွန် ဆိုးဝါးမည်။ လေဗနုန်၊ ရှာရုန်၊ ဗာရှန်နှင့် ကရမေလတို့သည်လည်း ထိုပြုတ်ပြုတ်ပြုန်း ပျက်စီးမှုကြောင့် ညည်းတွားငိုကြွေးကြမည်။
၁၀။ (က) ခရစ်ယာန်ဘောင်၏ “သူရဲတို့” သည် အစွမ်းအစ မရှိကြောင်း မည်သို့ ထင်ရှားမည်နည်း။ (ခ) ခရစ်ယာန်ဘောင် ဒုက္ခကာလနှင့် ကြုံတွေ့နေချိန်တွင် စစ်မှန်သော ခရစ်ယာန်များကို မည်သူက အကာအကွယ် ပေးမည်နည်း။
၁၀ မဝေးတော့သည့် အနာဂတ်တွင် တိုင်းနိုင်ငံများက ဘာသာရေးကို ရုတ်တရက် အစပြုတိုက်ခိုက်သည့်အခါ အလားတူ အခြေအနေများ အမှန် ဖြစ်ပျက်လာမည်။ ဟေဇကိခေတ်ကကဲ့သို့ ထိုဖျက်ဆီးတတ်သော အလုံးအရင်းကို ကိုယ်ထိလက်ရောက် ပြန်လည်ခုခံခြင်းသည် အချည်းနှီး ဖြစ်မည်။ ခရစ်ယာန်ဘောင်၏ “သူရဲတို့”—နိုင်ငံရေးသမားများ၊ ငွေကြေးထောက်ပံ့သူများ၊ အခြားသြဇာအာဏာရှိသူများ—သည် သူမအား ပြန်အကူအညီပေးနိုင်မည် မဟုတ်ပါ။ ခရစ်ယာန်ဘောင်၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်အတွက် ရေးဆွဲထားသော နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ ‘ပဋိညာဉ်များ’ သို့မဟုတ် သဘောတူစာချုပ်များသည် ဖောက်ဖျက်ခြင်း ခံရမည်။ (ဟေရှာယ ၂၈:၁၅-၁၈) ဖျက်ဆီးခြင်း မခံရဖို့ သံတမန်များအားဖြင့် အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီး ဖြစ်မည်။ ခရစ်ယာန်ဘောင်၏ ပိုင်ဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အသိမ်းခံရ သို့မဟုတ် ဖျက်ဆီးခံရသောကြောင့် စီးပွားရေး လုပ်ဆောင်မှုများ ရပ်ဆိုင်းသွားမည်။ ခရစ်ယာန်ဘောင်အပေါ် သံယောဇဉ် တွယ်နေဆဲရှိသူတို့သည် လုံခြုံရာ အဝေးမှ ရပ်ကြည့်နေရုံမျှ လွဲ၍ ဘာမျှ မတတ်နိုင်ဘဲ သူမ၏ ကျရှုံးမှုကြောင့် ညည်းတွားငိုကြွေးကြသည်။ (ဗျာဒိတ် ၁၈:၉-၁၉) ခရစ်ယာန်စစ်များသည် ခရစ်ယာန်အတုများနှင့်အတူ ဖျက်ဆီးခြင်းခံရမည်လော။ မခံရပါ၊ ယေဟောဝါ ကိုယ်တော်တိုင် ဤအာမခံချက်ကို ပေးထား၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ယခု ငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကိုကိုယ် ချီးမြှောက်မည်။’” (ဟေရှာယ ၃၃:၁၀) နောက်ဆုံးတွင် ယေဟောဝါသည် ဟေဇကိကဲ့သို့သော သစ္စာရှိသူများ၏ အကျိုးအတွက် ကြားဝင်ကာ အာရှုရိ၏ ချီတက်တိုက်ခိုက်မှုကို ရပ်ဆိုင်းပစ်မည်။—ဆာလံ ၁၂:၅။
၁၁၊ ၁၂။ (က) ဟေရှာယ ၃၃:၁၁-၁၄ ပါ စကားများသည် မည်သည့်အချိန်နှင့် မည်သို့ ပြည့်စုံခဲ့ကြောင်း တွေ့ရသနည်း။ (ခ) ယေဟောဝါ၏ စကားများသည် ယနေ့အချိန်အတွက် အဘယ်သတိပေးချက် ဖြစ်သနည်း။
၁၁ သစ္စာမဲ့သူများသည် ယင်းသို့သော အကာအကွယ်ပေးမှုအပေါ် ကိုးစား၍ မရပါ။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင်တို့သည် ဖွဲကို ကိုယ်ဝန်ဆောင်၍ အမှိုက်ကို ဖွားမြင်ရလိမ့်မည်။ သင်တို့စိတ်သဘောသည် မီးဖြစ်၍ သင်တို့ကိုဖျက်ဆီးလိမ့်မည်။ လူများတို့သည် ထုံးကျောက်ကိုဖုတ်သကဲ့သို့လည်းကောင်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ ဝေးသောသူတို့ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့ ငါ့တန်ခိုးကို ဝန်ခံကြလော့။ အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သော မီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်းကို ခံလျက် နေရမည်နည်း။” (ဟေရှာယ ၃၃:၁၁-၁၄) ဤစကားများသည် ရန်သူအသစ် ဖြစ်သောဗာဗုလုန်နှင့် ယုဒ ရင်ဆိုင်ရချိန်တွင် သက်ဆိုင်ကြောင်း ထင်ရှားသည်။ ဟေဇကိ သေဆုံးပြီးနောက် ယုဒလူမျိုးသည် ဆိုးသွမ်းသော လမ်းပေါ် ပြန်ရောက်သွားသည်။ ဆယ်စုနှစ် အနည်းငယ် ကြာသည့်အခါ ဘုရားသခင့် အမျက်ဒေါသမီးသည် တစ်နိုင်ငံလုံးကို လောင်စေသည့်အထိ ယုဒပြည်၏ အခြေအနေ ဆိုးရွားလာသည်။—တရားဟောရာ ၃၂:၂၂။
၁၂ ဘုရားသခင့် တရားစီရင်ချက်ကို လွဲရှောင်ရန် နာခံမှုမရှိသူများ၏ ယုတ်ညံ့သော အကြံအစည်များသည် ရိုးပြတ်ကဲ့သို့ပင် အသုံးကျမည် မဟုတ်ကြောင်း ထင်ရှားသည်။ အမှန်ဆိုလျှင် လူမျိုးတော်၏ မာနကြီး၊ ပုန်ကန်တတ်သော စိတ်သဘောထားသည်ပင် ယင်း၏ ပျက်စီးခြင်းသို့ ဦးတည်စေသောအရာ ဖြစ်မည်။ (ယေရမိ ၅၂:၃-၁၁) လူဆိုးများသည် “ထုံးကျောက်ကို ဖုတ်သကဲ့သို့”—လုံးဝ ဖျက်ဆီးခံရမည်! ဤကျရောက်အံ့ဆဲဆဲ ဖြစ်သော ပျက်စီးခြင်းဘေးကို စဉ်းစားကြည့်လိုက်သည့်အခါ ပုန်ကန်သော ယုဒပြည်သူပြည်သားများသည် အလွန် ကြောက်ရွံ့တုန်လှုပ်ကြသည်။ သစ္စာမဲ့ ယုဒလူမျိုးနှင့်ပတ်သက်သော ယေဟောဝါ၏ မိန့်တော်မူချက်များသည် ယနေ့ ခရစ်ယာန်ဘောင် အဖွဲ့ဝင်များ၏ အခြေအနေကို ဖော်ပြသည်။ ဘုရားသခင့် သတိပေးချက်များကို သူတို့ မလိုက်လျှောက်ပါက သူတို့ အနာဂတ်သည် ကြောက်စရာပင်။
“တရားသဖြင့် ကျင့်ခြင်း”
၁၃။ “တရားသဖြင့်ပြု” သူအတွက် အဘယ် ကတိတော် ရှိသနည်း၊ ၎င်းသည် ယေရမိကိစ္စတွင် မည်သို့ ပြည့်စုံခဲ့သနည်း။
၁၃ ကွာခြားချက်အနေနှင့် ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “တရားသဖြင့် ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍ တံစိုးကိုလည်း ငြင်းပယ်ထသော သွေးသွန်းခြင်းအမှုကို နားမခံ၊ ဆိုးသောအမှုကို မမြင်အောင် မျက်စိပိတ်သောသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံရလိမ့်မည်။ ထိုသူအား အစာကို အစဉ် ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။” (ဟေရှာယ ၃၃:၁၅၊ ၁၆၊ သမ္မာ) နောက်ပိုင်း၌ တမန်တော် ပေတရု ဖော်ပြသည့်အတိုင်းပင် “ဘုရားရေးရာ ဆက်ကပ်အပ်နှံထားသူတို့ကို စုံစမ်းခြင်းအထဲက မည်သို့ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း . . . တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း ယေဟောဝါ သိတော်မူ၏။” (၂ ပေတရု ၂:၉-၁၀၊ ကဘ) ယေရမိသည် ထိုကဲ့သို့သော လွတ်မြောက်မှုနှင့် တွေ့ကြုံခဲ့ရသည်။ ဗာဗုလုန် ဝန်းရံတိုက်ခိုက်ချိန်အတွင်း လူများသည် “မုန့်ကို ချိန်လျက် စိုးရိမ်သောစိတ်နှင့် စား” ခဲ့ကြရသည်။ (ယေဇကျေလ ၄:၁၆) အမျိုးသမီးအချို့သည် မိမိတို့၏ ကလေးအသားကိုပင် စားခဲ့ကြရသည်။ (မြည်တမ်းစကား ၂:၂၀) သို့သော် ယေဟောဝါသည် ယေရမိ လုံခြုံစွာ ရှိနေစေရန် အသေအချာ စီစဉ်ပေးခဲ့သည်။
၁၄။ ယနေ့ ခရစ်ယာန်များသည် မည်သို့ “တရားသဖြင့် ပြု” နိုင်သနည်း။
၁၄ ထိုနည်းတူပင် ယနေ့ ခရစ်ယာန်များသည် ယေဟောဝါ၏ စံနှုန်းများကို နေ့စဉ် ဂရုပြုခြင်းဖြင့် ‘တရားသဖြင့် ဆက်ကျင့်နေ’ ရမည်။ (ဆာလံ ၁၅:၁-၅) သူတို့သည် “အမှန်ကို ပြောဆို” ရမည် ဖြစ်ပြီး လိမ်လည်ခြင်းနှင့် မုသာစကားတို့ကို ငြင်းပယ်ရမည်။ (သုတ္တံ ၃:၃၂) ဒေသများစွာတွင် ကလိမ်ကျခြင်းနှင့် လာဘ်စားခြင်းသည် သာမန်အရာ ဖြစ်နိုင်သော်လည်း ယင်းတို့သည် “တရားသဖြင့်ကျင့်” သူနှင့် ဖီလာဆန့်ကျင် ဖြစ်သည်။ ခရစ်ယာန်များသည် စီးပွားရေး လုပ်ငန်းများတွင်လည်း “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်” ရမည် ဖြစ်ပြီး ဥပဒေနှင့် မလွတ်ကင်းသော သို့မဟုတ် မရိုးသားသော အကြံများကို ကြိုးစားရှောင်ကြဉ်ရမည်။ (ဟေဗြဲ ၁၃:၁၈; ၁ တိမောသေ ၆:၉၊ ၁၀) “သွေးပြစ်ကျူးလွန်ခြင်းအမှုကို နားမခံ၊ ဆိုးသောအမှုကို မမြင်အောင် မျက်စိပိတ်သူ” တစ်ဦးသည် တေးဂီတနှင့် ဖျော်ဖြေမှုကို စိစစ်ရွေးချယ်မည် ဖြစ်သည်။ (ဆာလံ ၁၁၉:၃၇) ယေဟောဝါသည် တရားစီရင်ရာနေ့တွင် ထိုစံနှုန်းများနှင့်အညီ နေထိုင်သည့် မိမိအား ဝတ်ပြုသူများကို အကာအကွယ်ပေး၊ ထောက်မတော်မူမည်။—ဇေဖနိ ၂:၃။
သူတို့၏ ဘုရင်မင်းမြတ်ကို ကြည့်ရှုခြင်း
၁၅။ အဘယ်ကတိတော်သည် သစ္စာရှိဂျူးသုံ့ပန်းများကို ထောက်မ,မည်နည်း။
၁၅ ဟေရှာယသည် ဆက်၍ အနာဂတ်နှင့်ပတ်သက်သော ဤစိတ်တက်ကြွဖွယ် အရိပ်အမြွက်ကို ဖော်ပြ၏– “သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍ ဝေးလှသော ပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်။ သင်သည် ကြောက်လန့်ဖွယ်သော အခြင်းအရာကို အောက်မေ့သောအခါ ‘စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။’ ကြမ်းတမ်းသော လူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစကားကို ပြောသောလူမျိုးကို သင်သည် မတွေ့မမြင်ရ။” (ဟေရှာယ ၃၃:၁၇-၁၉) နိုင်ငံတော်ကို အဝေးမှသာ သူတို့ တွေ့မြင်နိုင်ခဲ့သည့်တိုင် အနာဂတ် မေရှိယဘုရင်နှင့် ကိုယ်တော်၏ နိုင်ငံတော်ဆိုင်ရာ ကတိတော်သည် ဗာဗုလုန်တွင် ဆယ်စုနှစ်နှင့်ချီ၍ သုံ့ပန်း ဖြစ်နေသော သစ္စာရှိဂျူးများကို ထောက်မပေးမည်။ (ဟေဗြဲ ၁၁:၁၃) နောက်ဆုံးတွင် မေရှိယအုပ်ချုပ်မှုသည် ဖြစ်ရပ်မှန် ဖြစ်လာသည့်အခါ ဗာဗုလုန်၏ နိုင်ထက်စီးနင်း အုပ်ချုပ်မှုသည် မှတ်ဉာဏ်တွင် ရေးရေးသာ ကျန်မည်။ အာရှုရိ၏ တိုက်ခိုက်မှုမှ လွတ်မြောက်သူများသည် ဝမ်းမြောက်စွာ ဤသို့ မေးကြမည်– “ကျွန်ုပ်တို့ကို အခွန်ကောက်၊ ဝန်ပိစေပြီး ကျွန်ုပ်တို့ထံမှ ဆက်ကြေး တောင်းဆိုကြသော နိုင်လိုမင်းထက်ပြုသော မင်း၏ အရာရှိများ အဘယ်မှာနည်း။”—ဟေရှာယ ၃၃:၁၈၊ မောဖက်။
၁၆။ မည်သည့်အချိန်မှစ၍ ဘုရားသခင့် လူမျိုးတော်သည် မေရှိယဘုရင်ကို “ကြည့်မြင်” နိုင်ခဲ့ကြပြီး အဘယ်ရလဒ် ရရှိသနည်း။
၁၆ ဟေရှာယ၏ စကားများသည် ဗာဗုလုန်သုံ့ပန်းဘဝမှ နေရင်းအခြေအနေသို့ ပြန်ရမည်ဟု အာမခံသော်လည်း ဂျူးသုံ့ပန်းတစ်ဦးစီသည် ထိုပရောဖက်ပြုချက်၏ ဤအပိုင်း လုံးဝ ပြည့်စုံမှုကို စံစားရရန် ရှင်ပြန်ထမြောက်ခြင်းကို စောင့်ဆိုင်းနေကြရမည်။ ယနေ့ ဘုရားသခင့် ကျေးကျွန်များကော အသို့နည်း။ ၁၉၁၄ ခုနှစ်ကတည်းက ယေဟောဝါ၏ လူမျိုးတော်သည် ဝိညာဏ အလှကျက်သရေအားလုံးနှင့် ပြည့်စုံသော မေရှိယဘုရင် ယေရှုခရစ်တော်ကို “ကြည့်မြင်” သို့မဟုတ် ရှင်းလင်းစွာ ခွဲခြားသိနိုင်ခဲ့ကြပြီ။ (ဆာလံ ၄၅:၂; ၁၁၈:၂၂-၂၆) ရလဒ်အနေဖြင့် သူတို့သည် စာတန့်ဆိုးသွမ်းသော အစီအစဉ်စနစ်၏ ဖိနှိပ်မှု၊ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင့် နိုင်ငံတော် ပလ္လင်၊ ဇိအုန်တောင်အောက်ရှိ စစ်မှန်သော ဝိညာဏ လုံခြုံမှုကို ခံစားကြရသည်။
၁၇။ (က) ဇိအုန်နှင့်ပတ်သက်၍ အဘယ်ကတိတော်များ ရှိသနည်း။ (ခ) ဇိအုန်နှင့်ပတ်သက်သော ယေဟောဝါ၏ ကတိတော်များသည် မေရှိယနိုင်ငံတော်နှင့် မြေကြီးပေါ်ရှိ ယင်းကို ထောက်ခံသူများအပေါ် မည်သို့ ပြည့်စုံခဲ့သနည်း။
၁၇ ဟေရှာယ ဤသို့ ဆက်ဆို၏– “ငါတို့ ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင်တစ်ခုမျှ မရွေ့၊ ကြိုးတစ်ခုမျှ မပြတ်၊ အလျှင်း မပျက်ရသောတဲ တည်းဟူသော ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ်၌ တက်သော ရဲလှေ၊ အားကြီးသော သင်္ဘောတစ်စင်းမျှ မလျှောက်မသွားရ။” (ဟေရှာယ ၃၃:၂၀၊ ၂၁) မေရှိယနိုင်ငံတော်ကို အမြစ်လှန်၊ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ကြောင်း ဟေရှာယက ကျွန်ုပ်တို့ကို စိတ်ချစေသည်။ ထို့ပြင် ယနေ့ မြေကြီးပေါ်ရှိ နိုင်ငံတော်ကို သစ္စာရှိစွာ ထောက်ခံသော သူများအပေါ်တွင်လည်း ထိုသို့သော ကာကွယ်မှုကို ပေးကြောင်း ထင်ရှားသည်။ များစွာသောသူတို့သည် ပြင်းထန်သော စမ်းသပ်မှုများကို ကြုံတွေ့ရသည့်တိုင် မည်သည့်ကြိုးစားအားထုတ်မှုကမျှ အဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မတတ်နိုင်ကြောင်း ဘုရားသခင့် နိုင်ငံတော် လက်အောက်ခံများအား အာမခံထားသည်။ (ဟေရှာယ ၅၄:၁၇) မြို့တစ်ခုကို ကျုံး သို့မဟုတ် တူးမြောင်းက အကာအကွယ် ပေးသကဲ့သို့ ယေဟောဝါသည် မိမိလူမျိုးတော်ကို ကာကွယ်တော်မူမည်။ သူတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် ရန်သူများသည် “ရဲလှေ” သို့မဟုတ် “အားကြီးသော သင်္ဘော” ကဲ့သို့ အစွမ်းတန်ခိုး ရှိသည့်တိုင် ဖျက်ဆီးခြင်း ခံရမည်!
၁၈။ ယေဟောဝါသည် အဘယ်တာဝန်ကို ယူတော်မူသနည်း။
၁၈ သို့သော် ဘုရားသခင့် နိုင်ငံတော်ကို ချစ်မြတ်နိုးသူများသည် ဘုရားသခင့် ကာကွယ်ပေးမှုကို အဘယ်ကြောင့် ဤမျှ စိတ်ချနိုင်ကြသနည်း။ ဟေရှာယ ဤသို့ ရှင်းပြ၏– “အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင် ဖြစ်၍ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။” (ဟေရှာယ ၃၃:၂၂) ယေဟောဝါသည် အချုပ်အခြာအာဏာရှင် တစ်ပါးအနေဖြင့် မိမိ၏ ရာထူးကို အမှတ်ပြုကာ မိမိ၏ လူမျိုးတော်အား အကာအကွယ်ပေး၊ ညွှန်ကြားပေးခြင်း တာဝန်ကို ယူတော်မူ၏။ ကိုယ်တော်၏ လူမျိုးသည် မေရှိယဘုရင်အားဖြင့် ကိုယ်တော်၏ အုပ်ချုပ်မှုကို လိုလိုလားလား လက်အောက်ခံခြင်းက ယေဟောဝါတွင် ပညတ်ဥပဒေများကို ထုတ်ဆင့်ပိုင်ခွင့်သာမက ယင်းတို့ကို အတည်ပြုပိုင်ခွင့်အာဏာလည်း ရှိကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ သို့သော် ယေဟောဝါသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ချစ်မြတ်နိုးတော်မူသောကြောင့် ကိုယ်တော့်သားတော်အားဖြင့် ဖြစ်သော ကိုယ်တော်၏ အုပ်ချုပ်မှုသည် ကိုယ်တော်အား ဝတ်ပြုသူများအတွက် မည်သို့ပင်ဖြစ်စေ ဝန်မလေးစေပါ။ ယင်းအစား ကိုယ်တော့် အုပ်ချုပ်မှုကို လက်အောက်ခံခြင်းအားဖြင့် သူတို့ “အကျိုး” ရရှိကြသည်။ (ဟေရှာယ ၄၈:၁၇) ကိုယ်တော်သည် မိမိအား သစ္စာစောင့်သိသူများကို ဘယ်တော့မျှ စွန့်ပစ်မည် မဟုတ်ပါ။—ဆာလံ ၃၇:၂၈။
၁၉။ ယေဟောဝါအား သစ္စာရှိသောလူမျိုး၏ ရန်သူများသည် တိုက်ခိုက်နိုင်စွမ်း မရှိကြောင်း ဟေရှာယ မည်သို့ ဖော်ပြသနည်း။
၁၉ ယေဟောဝါအား သစ္စာရှိသော လူမျိုး၏ ရန်သူများကို ဟေရှာယ ဤသို့ ဆို၏– “သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက် ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာ မချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍ များစွာသော ဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။” (ဟေရှာယ ၃၃:၂၃) ချဉ်းကပ်လာသော မည်သည့်ရန်သူမဆိုသည် ရွက်ကြိုးများက ပြုတ်၊ ရွက်တိုင်များက မခိုင်ခံ့ လှုပ်ယမ်းနေကာ ရွက်မရှိသော စစ်သင်္ဘောတစ်စီးကဲ့သို့ ယေဟောဝါအား တိုက်ခိုက်နိုင်စွမ်း မရှိကြောင်း တွေ့ရကြမည်။ ဘုရားသခင့် ရန်သူများ ပျက်စီးခြင်းက မသန်မစွမ်းသူများပင် လုယူနိုင်လောက်သည့်အထိ လက်ရပစ္စည်းများစွာ ကျန်ရစ်မည်။ ထို့ကြောင့် ယေဟောဝါသည် ရောက်လာတော့မည့် “ကြီးစွာသောဆင်းရဲဒုက္ခ” တွင် ရန်သူများအပေါ် ဘုရင်ယေရှုခရစ်အားဖြင့် အောင်ပွဲခံမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—ဗျာဒိတ် ၇:၁၄။
ကုသမှု တစ်ရပ်
၂၀။ ဘုရားသခင့် လူမျိုးတော်သည် အဘယ်ကုသမှုမျိုးကို ခံစားရမည်နည်း၊ မည်သည့်အချိန်တွင်နည်း။
၂၀ ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းကို နှလုံးနွေးထွေးဖွယ် ကတိတော်တစ်ခုဖြင့် ဤသို့ နိဂုံးချုပ်ထား၏– “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။” (ဟေရှာယ ၃၃:၂၄) ဤတွင် ဟေရှာယ ပြောသည့် ဖျားနာမှုသည် ဒုစရိုက် သို့မဟုတ် “အပြစ်” နှင့် ဆက်နွှယ်နေသည့်အတွက် ပဏာမအနေဖြင့် ဝိညာဏ ဖျားနာမှုကို ဆိုလိုခြင်း ဖြစ်သည်။ ဤစကားများ၏ ဦးဆုံး သက်ဆိုင်မှုတွင် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီးနောက် လူမျိုးတော်သည် ဝိညာဉ်ရေးဘက် ကုသမှုခံရမည်ဟု ယေဟောဝါ ကတိပြုတော်မူ၏။ (ဟေရှာယ ၃၅:၅၊ ၆; ယေရမိ ၃၃:၆; ဆာလံ ၁၀၃:၁-၅ နှိုင်းယှဉ်။) ပြည်တော်ပြန်ဂျူးများသည် သူတို့၏ ယခင်အပြစ်များမှ ခွင့်လွှတ်မှု ခံရသည် ဖြစ်ရာ ယေရုရှလင်မြို့တွင် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ကြမည်။
၂၁။ ယနေ့ ယေဟောဝါအား ဝတ်ပြုသူများသည် အဘယ်နည်းများဖြင့် ဝိညာဉ်ရေးဘက် ကုသမှုများကို ခံစားရသနည်း။
၂၁ သို့ရာတွင် ဟေရှာယ၏ ပရောဖက်ပြုချက်သည် မျက်မှောက်ခေတ်၌ ပြည့်စုံရန် ရှိသည်။ ယနေ့ ယေဟောဝါ၏ လူမျိုးတော်သည်လည်း ဝိညာဉ်ရေးဘက်တွင် ကုသမှု ခံကြရသည်။ သူတို့သည် မသေနိုင်သော ဝိညာဉ်စိုးလ်၊ သုံးပါးတစ်ဆူ၊ မီးငရဲစသည့် မှောက်မှားသော သွန်သင်ချက်များမှ လွတ်မြောက်ခဲ့ကြသည်။ စာရိတ္တ လမ်းညွှန်မှုကို ရရှိကြပြီး စာရိတ္တ ယိုယွင်းသည့် အကျင့်များမှ လွတ်ကင်းကြကာ ဆုံးဖြတ်ချက်ကောင်းများ ချရန် အကူအညီ ရကြသည်။ ယေရှုခရစ်၏ ရွေးနုတ်ဖိုး ပူဇော်သကာကျေးဇူးကြောင့် ဘုရားသခင့် ရှေ့မှောက်တွင် သန့်ရှင်းသော အနေအထားဖြင့် ရပ်တည်နိုင်ကြပြီး စင်ကြယ်သော သြတ္တပ္ပစိတ်ကို ရရှိခံစားကြရသည်။ (ကောလောသဲ ၁:၁၃၊ ၁၄; ၁ ပေတရု ၂:၂၄; ၁ ယောဟန် ၄:၁၀) ဤဝိညာဉ်ရေးဘက် ကုသမှုသည် ကာယရေးကိုလည်း အကျိုးဖြစ်စေသည်။ ဥပမာ၊ လိင်စာရိတ္တ ယိုယွင်းခြင်းနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ခြင်းဖြင့် ခရစ်ယာန်များသည် လိင်ကြောင့် ကူးစက်တတ်သော ရောဂါများနှင့် ကင်ဆာဝေဒနာ ပုံစံတစ်မျိုးမျိုး ဖြစ်ခြင်းမှ အကာအကွယ် ရကြသည်။—၁ ကောရိန္သု ၆:၁၈; ၂ ကောရိန္သု ၇:၁။
၂၂၊ ၂၃။ (က) ဟေရှာယ ၃၃:၂၄ သည် အနာဂတ်တွင် မည်သို့ ခမ်းနားစွာ ပြည့်စုံဖို့ ရှိသနည်း။ (ခ) ယနေ့ စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများ၏ သန္နိဋ္ဌာန်ကား အဘယ်နည်း။
၂၂ ထို့ပြင် ဟေရှာယ ၃၃:၂၄ ပါ စကားများသည် အာမဂေဒုန်ပြီးနောက် ဘုရားသခင့် ကမ္ဘာသစ်တွင် ပို၍ ကြီးကျယ်ခမ်းနားစွာ ပြည့်စုံစရာ ရှိသည်။ မေရှိယနိုင်ငံတော် အုပ်ချုပ်မှုအောက်ရှိ လူသားများသည် ဝိညာဉ်ရေးဘက် ကုသမှုနှင့်အတူ ထူးမြတ်သော ကာယရေး ကုသမှုကို ခံစားရကြမည်။ (ဗျာဒိတ် ၂၁:၃၊ ၄) စာတန့်အစီအစဉ်စနစ် ပျက်စီးပြီးသည်နှင့် မကြာမီအချိန်တွင် ယေရှု မြေကြီးပေါ်ရှိစဉ်ကကဲ့သို့ အံ့ဖွယ်အမှုများသည် ကမ္ဘာချီအတိုင်းအတာဖြင့် ဖြစ်လာမည်မှာ ယုံမှားဖွယ် မရှိချေ။ မျက်စိကန်းသောသူများ ပြန်မြင်လာမည်၊ နားပင်းသူများ ပြန်ကြားရမည်၊ ခြေဆွံ့သူများ လှမ်းလျှောက်ကြမည်! (ဟေရှာယ ၃၅:၅၊ ၆) ကြီးစွာသောဒုက္ခကို ကပ်ကျော်သူအားလုံးသည် မြေကြီးကို ပရဒိသု အခြေအနေ ဖြစ်အောင် လုပ်ဆောင်သည့် မြင့်မြတ်သော လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန် အလို့ငှာ ထိုသို့ ဖြစ်လာမည်တည်း။
၂၃ နောက်ပိုင်း ရှင်ပြန်ထမြောက်မှုများ စတင်လာသည့်အခါ ထိုရှင်ပြန်ထမြောက်လာသူများသည် ကျန်းကျန်းမာမာနှင့် ထလာကြမည်မှာ သေချာသည်။ သို့သော် ရွေးနုတ်ဖိုး ပူဇော်သကာ၏ အကျိုးကျေးဇူးသည် ပို၍ ကြီးမားသော အတိုင်းအတာဖြင့် အကျိုးသက်ရောက်လာသည်နှင့်အမျှ လူသားများ၏ ကာယရေး အကျိုးဖြစ်ထွန်းမှုများသည် စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ခံရသည်အထိ တာသွားမည်။ သို့ဖြင့် ဖြောင့်မတ်သောသူများသည် အပြည့်ဝဆုံး အရည်အသွေးဖြင့် ‘အသက်ရှင်’ လာကြမည်။ (ဗျာဒိတ် ၂၀:၅၊ ၆) ထိုအချိန်တွင် ဝိညာဏ၊ ကာယနှစ်တန်စလုံးတွင် “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆို” ရတော့ပါ။ စိတ်အားတက်ဖွယ် ကတိတော်ပါတကား! ယနေ့ စစ်မှန်သော ဝတ်ပြုသူအားလုံးသည် ယင်းကတိတော် ပြည့်စုံရာတွင် ပါဝင်ခံစားရသူများအဝင် ဖြစ်ရန် သန္နိဋ္ဌာန် ချနိုင်ကြပါစေ!