အခန်း နှစ်ဆယ့်ခုနစ်
ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီ
၁၊ ၂။ (က) ယေဟောဝါ၏ လက်စားချေခြင်းနှင့်ပတ်သက်၍ အဘယ်အချက်ကို ကျွန်ုပ်တို့ စိတ်ချနိုင်သနည်း။ (ခ) ဘုရားသခင်၏ တရားစီရင်ချက် လက်စားချေခြင်းက အဘယ်အရာကို ပြီးမြောက်စေသနည်း။
ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သစ္စာရှိကျေးကျွန်များကိုသာမက မိမိ၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်သည့်အခါ ရန်သူများကိုပင် သည်းခံတော်မူ၏။ (၁ ပေတရု ၃:၁၉၊ ၂၀; ၂ ပေတရု ၃:၁၅) ယေဟောဝါ၏ ရန်သူများသည် ကိုယ်တော်၏ သည်းခံခြင်းကို ကျေးဇူးတင်လေးမြတ်စိတ် ရှိချင်မှ ရှိမည်၊ ကိုယ်တော်သည် လုပ်ဆောင်နိုင်စွမ်း မရှိ သို့မဟုတ် လုပ်ဆောင်ရန် စိတ်မပါဟု ယင်းကို ယူမှတ်ကြပေမည်။ သို့သော် ဟေရှာယ အခန်းကြီး ၃၄ တွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါသည် အဆုံးတွင် မိမိ၏ ရန်သူများထံမှ စာရင်းရှင်းရန် အမြဲ တောင်းဆိုတော်မူ၏။ (ဇေဖနိ ၃:၈) ဘုရားသခင်သည် ဧဒုံနှင့် အခြားလူမျိုးများက မိမိ၏ လူမျိုးတော်အား ဆန့်ကျင်နှောင့်ယှက်ခြင်းကို အဟန့်အတား မရှိ ခေတ္တခဏ ခွင့်ပြုထားခဲ့သည်။ သို့သော် ယေဟောဝါ၌ အပြစ်နှင့်အလျောက် ဒဏ်ပေးရန်အတွက် သတ်မှတ်ထားသည့်အချိန် ရှိသည်။ (တရားဟောရာ ၃၂:၃၅) ထိုနည်းတူ ကိုယ်တော် သတ်မှတ်ထားသောအချိန်တွင် ယေဟောဝါ၏ အချုပ်အခြာအာဏာကို ပမာမခန့် ပြုကြသော လက်ရှိ ဆိုးသွမ်းသည့် လောကအစိတ်အပိုင်းအားလုံးအပေါ် လက်စားချေတော်မူမည်။
၂ ဘုရားသခင် လက်စားချေရသည့် အဓိက ရည်ရွယ်ချက်မှာ ကိုယ်တော်၏ အချုပ်အခြာအာဏာ ထင်ရှားစေရန်နှင့် ကိုယ်တော်၏ နာမတော် ဘုန်းထင်ရှားစေရန် ဖြစ်သည်။ (ဆာလံ ၈၃:၁၃-၁၈) အပြစ်နှင့်အလျောက် ဒဏ်ပေးခြင်းကလည်း မိမိ၏ ကျေးကျွန်များသည် ကိုယ်တော့်အား ကိုယ်စားပြုသူ အစစ်အမှန်များ ဖြစ်ကြောင်း ထင်ရှားစေပြီး မလိုလားအပ်သည့် အခြေအနေများမှ သူတို့ကို လွတ်မြောက်စေသည်။ ထို့ပြင် ယေဟောဝါ၏ လက်စားချေခြင်းသည် ကိုယ်တော်၏ တရားမျှတမှုနှင့် အမြဲ အပြည့်အဝ ညီညွတ်သည်။—ဆာလံ ၅၈:၁၀၊ ၁၁။
အသင် လူမျိုးတို့ နားထောင်ကြလော့
၃။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် လူမျိုးတို့အား အဘယ်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းတော်မူသနည်း။
၃ ဧဒုံလူမျိုး၏ အပြစ်နှင့်အလျောက် ဒဏ်ခံရခြင်းအကြောင်း အာရုံမစိုက်မီ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် လူမျိုးအားလုံးအား လေးနက်သည့် ဤဖိတ်ခေါ်ချက်တစ်ရပ်ကို ကမ်းလှမ်းတော်မူ၏– “အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှာ ချဉ်းကပ်ကြလော့။ အိုလူစုတို့ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ။” (ဟေရှာယ ၃၄:၁) ပရောဖက်သည် ဘုရားတရားမဲ့သော လူမျိုးများကို အထပ်ထပ် အပြစ်တင် ပြောဆိုခဲ့သည်။ ယခု သူတို့နှင့်ပတ်သက်သော ဘုရားသခင်၏ လူသိရှင်ကြား ပြစ်တင်ရှုတ်ချမှုကို အကျဉ်းချုံး ဖော်ပြတော့မည်။ ထိုသတိပေးချက်များသည် ကျွန်ုပ်တို့ခေတ်အတွက် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိသလော။
၄။ (က) ဟေရှာယ ၃၄:၁ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း လူမျိုးတို့သည် အဘယ်အရာ ပြုလုပ်ရန် ဖိတ်ခေါ်ခံရသနည်း။ (ခ) လူမျိုးများအပေါ် ယေဟောဝါ၏ တရားစီရင်ချက်က ကိုယ်တော်သည် ရက်စက်ကြမ်းကြုတ်သောဘုရား ဖြစ်ကြောင်း သက်သေထူသလော။ (စာမျက်နှာ ၁၇၃ မှ လေးထောင့်ကွက်ကိုရှု။)
၄ ရှိပါသည်။ စကြဝဠာ အချုပ်အခြာပိုင်ရှင်သည် ဘုရားတရားမဲ့သော ဤအစီအစဉ်စနစ်၏ အင်အားစုအားလုံးနှင့် အချေအတင် ပြောစရာ ရှိသည်။ ထို့ကြောင့် ယေဟောဝါ ကမ္ဘာချီ ကြေညာစေသော ကျမ်းစာအခြေပြု သတင်းစကားကို နားထောင်ရန် “လူမျိုးတို့” နှင့် “မြေကြီး” တို့သည် ဆင့်ခေါ်ခြင်း ခံရလေသည်။ ဟေရှာယသည် ဆာလံ ၂၄:၁ ပါ ဆင်တူစကားများဖြင့် ဤသတင်းစကားသည် မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းမည်ဟု ဆို၏—ယေဟောဝါသက်သေတို့ “မြေကြီးစွန်း တိုင်အောင်” ဟောပြောသောအခါ ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံသွားသည့် ပရောဖက်ပြုချက် ဖြစ်သည်။ (တမန်တော် ၁:၈) သို့ရာတွင် လူမျိုးတို့သည် နားမထောင်ကြပါ။ အဆုံးရောက်လာတော့မည် ဟူသော သတိပေးချက်ကို သူတို့ အလေးမထားခဲ့ကြပါ။ ယင်းသို့အလေးမထားခြင်းက ယေဟောဝါ၏ မိန့်တော်မူချက်များ ပြည့်စုံရေးကို အဟန့်အတား ဖြစ်စေမည် မဟုတ်ပေ။
၅၊ ၆။ (က) လူမျိုးတို့သည် ဘုရားသခင်နှင့် စာရင်းရှင်းရန် အဘယ်အတွက်ကြောင့် ဆင့်ခေါ်ခံရသနည်း။ (ခ) “သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည် ဖြစ်ကြလိမ့်မည်” မှာ မည်သို့ မှန်ကန်သနည်း။
၅ ယခု ဘုရားတရားမဲ့သော လူမျိုးတို့အတွက် မှောင်မိုက်သော ရှေ့အလားအလာကို ပရောဖက်ပြုချက်၌ ဖော်ပြသည်—၎င်းသည် နောက်ပိုင်းတွင် ဖော်ပြမည့် ဘုရားသခင့် လူမျိုးတော်၏ တောက်ပသော မျှော်လင့်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ (ဟေရှာယ ၃၅:၁-၁၀) ပရောဖက်က ဤသို့ ဖော်ပြ၏– “ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ ထွက်၍ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏။ သူတို့တွင် အသေခံရသောသူတို့ကို ပြင်သို့ ပစ်လိုက်သဖြင့် အသေကောင်တို့သည် နံစော်၍ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည် ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၃၄:၂၊ ၃။
၆ လူမျိုးများ၏ သွေးပြစ်ကျူးလွန်မှုကို အာရုံစိုက်စေသည်။ ယနေ့ ခရစ်ယာန်ဘောင် နိုင်ငံတို့သည် သွေးပြစ် အကျူးလွန်ဆုံး နိုင်ငံများ ဖြစ်သည်။ ကမ္ဘာစစ်ကြီး နှစ်ခုနှင့် စစ်ပွဲငယ်များစွာတို့ဖြင့် မြေကြီးပေါ်တွင် သွေးချောင်းစီးစေခဲ့သည်။ ဤသွေးပြစ်ကျူးလွန်မှုအားလုံးအတွက် မည်သူသည် တရားမျှတစွာ တောင်းဆိုထိုက်သနည်း။ ကြီးမြတ်တော်မူသော အသက်ပေးရှင်၊ ဖန်ဆင်းရှင်မှတစ်ပါး အခြားသူ မရှိပေ။ (ဆာလံ ၃၆:၉) ယေဟောဝါ၏ ပညတ်တော်တွင် ဤသို့ စံချထား၏– “အသက်အတွက် အသက်ကို . . . ခံရမည်။” (ထွက်မြောက်ရာ ၂၁:၂၃-၂၅; ကမ္ဘာဦး ၉:၄-၆) ဤပညတ်နှင့်အညီ ကိုယ်တော်သည် လူမျိုးတို့၏ အသွေးကို စီးစေမည်—သူတို့ သေသည်တိုင်အောင် ဖြစ်သည်။ မြေမြှုပ်သင်္ဂြိုဟ်ခြင်း မခံရသော အသေကောင်များ၏ အပုပ်နံ့သည် လေထဲတွင်အပြည့် ဖြစ်မည်—အမှန်ပင် ရှက်ဖွယ်ကောင်းသည့် သေခြင်းပါတကား! (ယေရမိ ၂၅:၃၃) ပြန်ပေးဆပ်ရန် တောင်းဆိုခံရသော အသွေးသည် တောင်များကို အရည်ပျော်စေလောက်သည်အထိ ဖြစ်မည်။ (ဇေဖနိ ၁:၁၇) သူတို့၏ စစ်တပ်များ လုံးဝပျက်စီးခြင်းနှင့်အတူ ကမ္ဘာ့လူမျိုးများတို့သည် ကျမ်းစာပရောဖက်ပြုချက်တွင် တစ်ခါတစ်ရံ တောင်များဖြင့် ပုံဖော်တင်ပြခြင်း ခံရသော သူတို့၏ အစိုးရများ ကျရှုံးပျက်စီးခြင်းကို မြင်တွေ့ကြရမည်။—ဒံယေလ ၂:၃၅၊ ၄၄၊ ၄၅; ဗျာဒိတ် ၁၇:၉။
၇။ “ကောင်းကင်” ကား အဘယ်နည်း၊ “ကောင်းကင်တပ်တို့” ဟူသည် အဘယ်နည်း။
၇ ဟေရှာယသည် ကွင်းကွင်းကွက်ကွက် မြင်သာစေသော စကားအသုံးအနှုန်းကို အသုံးပြုကာ ဤသို့ ထပ်၍ ဆို၏– “ခပ်သိမ်းသော ကောင်းကင်တန်ဆာ [“တပ်၊” ကဘ] တို့သည် ပြုတ်၍ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့လည်းကောင်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့လည်းကောင်း ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။” (ဟေရှာယ ၃၄:၄) “ခပ်သိမ်းသော ကောင်းကင်တပ်တို့” ဟူသော အသုံးအနှုန်းသည် ပကတိကြယ်များ၊ ဂြိုဟ်များကို ဆိုလိုခြင်း မဟုတ်ပါ။ အခန်းငယ် ၅ နှင့် ၆ ၌ ဖျက်ဆီးခြင်း ဓားသည် ထို “ကောင်းကင်” တွင် ရှိသော သူတို့၏ အသွေးနှင့် ဝပြီဟု ဖော်ပြထားသည်။ ထို့ကြောင့် ၎င်းသည် လူသားနယ်ပယ်အတွင်းရှိ အရာတစ်ခုခုကို ကိုယ်စားပြုခြင်း ဖြစ်ရမည်။ (၁ ကောရိန္သု ၁၅:၅၀) အစိုးရမင်းအာဏာစက်များ၏ မြင့်မားသော အနေအထားကြောင့် လူသားအစိုးရများအား မြေကြီးလူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးအုပ်ချုပ်သည့် ကောင်းကင်အဖြစ် ဖော်ပြကြသည်။ (ရောမ ၁၃:၁-၄) ထို့ကြောင့် “ကောင်းကင်တပ်တို့” ဟူသည် ထိုလူ့အစိုးရများ၏ တပ်ပေါင်းစုကို ကိုယ်စားပြုသည်။
၈။ ပုံဆောင် ကောင်းကင်သည် “စာလိပ်ကဲ့သို့” မည်သို့ ဖြစ်သနည်း၊ သူတို့၏ ‘တပ်များ’ သည် မည်သို့ ဖြစ်သွားသနည်း။
၈ ထို “တပ်” တို့သည် ပျက်စီးနိုင်သော အရာကဲ့သို့ “ပြုတ်” ကုန်မည်။ (ဆာလံ ၁၀၂:၂၆; ဟေရှာယ ၅၁:၆) ရိုးရိုးမျက်စိနှင့် ကြည့်လျှင် ကျွန်ုပ်တို့အထက်ရှိ ပကတိ ကောင်းကင်သည် အခုံးပုံ မြင်ရသည်၊ ယင်းပုံသည် ယေဘုယျအားဖြင့် အတွင်းဘက်တွင် စာများကို ရေးသားလေ့ရှိသော ရှေးခေတ်စာလိပ်တစ်ခုနှင့် ဆင်တူသည်။ စာလိပ်အတွင်းဘက်၌ ရေးသားထားရာများကို ဖတ်ပြီးသွားသည့်အခါ ဖတ်ပြီးသွားသည့် စာလိပ်ကို လိပ်လိုက်ပြီး သိမ်းလိုက်သည်။ အလားတူပင် “မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်” ဖြစ်ရာ လူ့အစိုးရများ၏ အဆုံး ရောက်လာမည်။ သူတို့သမိုင်း၏ နောက်ဆုံး စာမျက်နှာ ရောက်လာသည့်အခါ သူတို့သည် အာမဂေဒုန်၌ အဆုံးသတ်သွားမည်။ သူတို့၏ စွဲမှတ်ဖွယ်ကောင်းသော ‘တပ်များ’ သည် စပျစ်ပင်မှ ညှိုးနွမ်းသောအရွက် ကြွေသကဲ့သို့ သို့မဟုတ် သင်္ဘောသဖန်းပင်မှ ‘တွန့်ရှုံ့သည့်အသီး’ ကြွေကျသကဲ့သို့ ဖြစ်မည်။ သူတို့၏ အချိန် ကုန်သွားမည်။—ဗျာဒိတ် ၆:၁၂-၁၄ နှိုင်းယှဉ်။
အပြစ်နှင့်အလျောက် ဒဏ်ပေးသည့် နေ့
၉။ (က) ဧဒုံ၏ ရင်းမြစ်ကား အဘယ်နည်း၊ ဣသရေလနှင့် ဧဒုံတို့၏ ဆက်ဆံရေး အဘယ်သို့ ရှိသနည်း။ (ခ) ဧဒုံလူမျိုးများနှင့်ပတ်သက်၍ ယေဟောဝါ အဘယ်အရာကို မိန့်တော်မူသနည်း။
၉ ယခု ဤပရောဖက်ပြုချက်က ဟေရှာယခေတ်တွင် တည်ရှိခဲ့သော လူမျိုးတစ်မျိုး ဖြစ်သော ဧဒုံလူမျိုးကို ထုတ်နုတ်ပြသည်။ ဧဒုံလူမျိုးများသည် သားဦးအရာကို မိမိ၏ အမြွှာညီအစ်ကိုယာကုပ်အား မုန့်နှင့် ပဲဟင်းဖြင့် ရောင်းစားခဲ့သူ ဧသော (ဧဒုံ) မှ ဆင်းသက်လာကြသူများ ဖြစ်သည်။ (ကမ္ဘာဦး ၂၅:၂၄-၃၄) ယာကုပ်သည် သူ၏ သားဦးအရာကို ရခဲ့ခြင်းကြောင့် ဧသောသည် ညီဖြစ်သူကို အမုန်းပွားလာခဲ့သည်။ နောက်ပိုင်းတွင် ဧဒုံလူမျိုးများနှင့် ဣသရေလလူမျိုးများသည် အမြွှာညီအစ်ကို နှစ်ယောက်မှ ဆင်းသက်လာသည့်တိုင် ရန်သူများ ဖြစ်လာခဲ့သည်။ ဘုရားသခင့်လူမျိုးကို ဤသို့ ရန်မူခြင်းကြောင့် ဧဒုံသည် ဤသို့မိန့်တော်မူသော ယေဟောဝါ၏ အမျက်ဒေါသသင့်ခဲ့၏– “ငါ့ဓားသည် မိုးကောင်းကင်၌ ရောင့်ရဲပြီးမှ တစ်ဖန် ဧဒုံပြည်အပေါ်မှာလည်းကောင်း၊ ငါကျိန်သော လူများတို့အပေါ်မှာလည်းကောင်း ဒဏ်ပေးခြင်းငှာ ရောက်လိမ့်မည်။ ထာဝရဘုရား၏ ဓားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏အသွေး၊ သိုးထီးတို့၏ ကျောက်ကပ်ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။”—ဟေရှာယ ၃၄:၅၊ ၆။
၁၀။ (က) ယေဟောဝါသည် “မိုးကောင်းကင်၌” ကိုယ်တော်၏ ဓားကို အသုံးပြုတော်မူသည့်အခါ မည်သူ့ကို ပြိုလဲစေသနည်း။ (ခ) ယုဒသည် ဗာဗုလုန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အခါ ဧဒုံသည် အဘယ်သဘောထားကို တင်ပြခဲ့သနည်း။
၁၀ ဧဒုံလူမျိုးတို့သည် မြင့်မားသော တောင်တန်းဒေသများ၌ နေထိုင်ကြသည်။ (ယေရမိ ၄၉:၁၆; ဩဗဒိ ၈၊ ၉၊ ၁၉၊ ၂၁) သို့သော်လည်း ယေဟောဝါသည် ဧဒုံအုပ်စိုးရှင်များ၏ မြင့်မားသော ရာထူးအခြေအနေကို ရှုတ်ချခြင်း ဖြစ်သည့် မိမိ၏ တရားစီရင်ခြင်း ဓားတော်ကို “မိုးကောင်းကင်၌” အသုံးပြုတော်မူသည့်အခါ ထိုသဘာဝက အကာအကွယ်များသည် အကူအညီ ဖြစ်မည် မဟုတ်ပါ။ ဧဒုံသည် စစ်အင်အား အလွန် တောင့်တင်းခိုင်မာပြီး ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် တိုင်းပြည်ကို ကာကွယ်ရန် မြင့်သော တောင်တန်းများတစ်လျှောက် ချီတက်သွားလာကြသည်။ သို့သော် အင်အားကြီး ဧဒုံပြည်သည် ယုဒပြည်ကို ဗာဗုလုန်စစ်တပ် တိုက်ခိုက်ချိန်တွင် အကူအညီ လုံးဝ မပေးခဲ့ပါ။ ယင်းအစား ဧဒုံလူမျိုးတို့သည် ယုဒနိုင်ငံ ကျဆုံးသွားခြင်းကို တွေ့မြင်လိုကြပြီး တိုက်ခိုက်သူများကို အားပေးအားမြှောက်ပြုကြသည်။ (ဆာလံ ၁၃၇:၇) ဧဒုံလူမျိုးတို့သည် အသက်လွတ်အောင် ထွက်ပြေးကြသည့် ဂျူးများကိုပင် လိုက်ကာ ဗာဗုလုန်လက်ထဲ အပ်ကြသည်။ (ဩဗဒိ ၁၁-၁၄) ဧဒုံလူမျိုးသည် စွန့်ပစ်ထားသည့် ဣသရေလပြည်ကို သိမ်းယူရန် ကြံပြီး ယေဟောဝါတစ်ဖက်၌ ကြွားဝါသည်။—ယေဇကျေလ ၃၅:၁၀-၁၅။
၁၁။ ယေဟောဝါသည် ဧဒုံလူမျိုး၏ သစ္စာမဲ့ အပြုအမူအတွက် မည်သို့ ပြန်ပေးဆပ်မည်နည်း။
၁၁ ယေဟောဝါသည် ဧဒုံလူမျိုး၏ ညီအစ်ကို မဆန်သော ဤအပြုအမူများကို ဂရုမပြုဘဲ နေတော်မူသလော။ မနေပါ။ ယင်းအစား ဧဒုံနှင့်ပတ်သက်၍ ကိုယ်တော် ဤသို့ ကြို၍ မိန့်တော်မူ၏– “စိုင်များနှင့် နွားလားဥသဘမှစ၍ ဆူဖြိုးသော အကောင်များတို့သည် လဲကြသဖြင့် သူတို့နေရာ မြေသည် သူတို့အသွေးနှင့် ပြည့်၍ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။” (ဟေရှာယ ၃၄:၇၊ သမ္မာ) ယေဟောဝါသည် နိုင်ငံအတွင်းရှိ ကြီးမြတ်သောသူများနှင့် သိမ်ငယ်သူများကို စိုင်များ၊ နွားလားဥသဘများအဖြစ်လည်းကောင်း၊ သိုးသငယ်များ၊ ဆိတ်ထီးများအဖြစ်လည်းကောင်း ပုံဆောင်ဖော်ပြတော်မူ၏။ ဤသွေးပြစ်ကျူးလွန်သော လူမျိုး၏ နိုင်ငံသည် ယေဟောဝါ၏ ဖျက်ဆီးခြင်း “ဓားတော်” ကြောင့် ပြည်သားများ ကိုယ်နှိုက်၏ အသွေးဖြင့် သွေးချောင်းစီးစေမည်။
၁၂။ (က) ယေဟောဝါသည် ဧဒုံကို အပြစ်ပေးရန် မည်သူ့ကိုအသုံးပြုသနည်း။ (ခ) ဧဒုံနှင့်ပတ်သက်၍ ပရောဖက် သြဗဒိ မည်သို့ ကြိုဟောသနည်း။
၁၂ ဘုရားသခင်သည် ဧဒုံကို အပြစ်ပေးဆုံးမရန် ရည်ရွယ်ရခြင်းမှာ ဇိအုန်ဟု ခေါ်သော ကိုယ်တော်၏ မြေကြီးအဖွဲ့အစည်းကို မလိုတမာစိတ်ဖြင့် ပြုမူခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်ပြုချက်၌ ဤသို့ ဆို၏– “ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာနှစ် ရောက်လေပြီ။” (ဟေရှာယ ၃၄:၈) ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့ ပျက်စီးပြီးနောက် မကြာမီအချိန်တွင် ယေဟောဝါသည် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာအားဖြင့် ဧဒုံလူမျိုးတို့အပေါ် ကိုယ်တော်၏ ဖြောင့်မတ်သော လက်စားချေမှုကို စ၍ ပြတော်မူ၏။ (ယေရမိ ၂၅:၁၅-၁၇၊ ၂၁) ဗာဗုလုန်စစ်တပ်သည် ဧဒုံပြည်ကို တိုက်ခိုက်သည့်အခါ မည်သည့်အရာကမျှ ဧဒုံလူမျိုးများအား မကယ်တင်နိုင်ပါ! တောတောင် ထူထပ်သော ပြည်အပေါ် “အပြစ်ပေးတော်မူရာနှစ်” ဖြစ်သည်။ ယေဟောဝါသည် ပရောဖက် သြဗဒိမှတစ်ဆင့် ဤသို့ ကြိုပြောထား၏– “သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်း အပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ၍ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ . . . သင်ပြုသည်အတိုင်း သင်၌ သူတစ်ပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။”—ဩဗဒိ ၁၀၊ ၁၅; ယေဇကျေလ ၂၅:၁၂-၁၄။
ခရစ်ယာန်ဘောင်၏ မျှော်လင့်ချက် ကင်းသော အနာဂတ်
၁၃။ ယနေ့မည်သူသည် ဧဒုံနှင့် တူသနည်း၊ အဘယ်ကြောင့်နည်း။
၁၃ မျက်မှောက်ခေတ်တွင် ဧဒုံကဲ့သို့ ရာဇဝင် ရှိသည့် အဖွဲ့အစည်းတစ်ခု ရှိသည်။ အဘယ် အဖွဲ့အစည်းနည်း။ မျက်မှောက်ခေတ် ယေဟောဝါ၏ ကျေးကျွန်များကို ရှုတ်ချပြောဆို၊ နှိပ်စက်ညှဉ်းပန်းရာတွင် မည်သူ ဦးဆောင်လာခဲ့သနည်း။ ခရစ်ယာန်ဘောင်သည် မိမိ၏ ဓမ္မဆရာအတန်းအစားအားဖြင့် ထိုသို့ ပြုလုပ်ခဲ့သည် မဟုတ်လော။ အမှန်ပင်! ခရစ်ယာန်ဘောင်သည် ဤလောကအမှုရေးရာများတွင် မိမိကိုယ်ကို တောင်ကဲ့သို့သော အမြင့်အနေအထားသို့ မြှင့်တင်ခဲ့သည်။ သူသည် လူ့အစီအစဉ်စနစ်တွင် မြင့်မားသော နေရာကို ယူထားပြီး သူ၏ ဘာသာတရားများက မဟာဗာဗုလုန်၏ အကြီးအမှူးနေရာကို ယူကာ ဖွဲ့စည်းထားသည်။ သို့သော် မျက်မှောက်ခေတ် ဧဒုံလူမျိုးသည် ယေဟောဝါလူမျိုး၊ ကိုယ်တော့်သက်သေခံများအား စော်ကားသော အပြုအမူကြောင့် “အပြစ်ပေးတော်မူရာ နှစ်” ရောက်လာမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၁၄၊ ၁၅။ (က) ဧဒုံပြည်နှင့် ခရစ်ယာန်ဘောင် နှစ်ခုစလုံးတွင် အဘယ်အရာ ဖြစ်ပျက်မည်နည်း။ (ခ) မီးလောင်သည့် ကတ္တရာစေးနှင့် မီးခိုး အစဉ်တက်နေခြင်းတို့က ဘာကို ဆိုလိုပြီး ဘာကို မဆိုလိုခြင်း ဖြစ်သနည်း။
၁၄ ထို့ကြောင့် ဟေရှာယ ပရောဖက်ပြုချက်၏ ဤကျန်အပိုင်းကို သုံးသပ်သည့်အခါ ရှေးခေတ် ဧဒုံကိုသာမက ခရစ်ယာန်ဘောင်ကိုပါ ကျွန်ုပ်တို့ ထည့်စဉ်းစားကြသည်– “ထိုပြည်၏ မြစ်များသည် ပြောင်းလဲ၍ ကတ္တရာစေး၊ မြေမှုန့်လည်း ကန့်၊ တစ်ပြည်လုံးလည်း မီးလောင်သော ကတ္တရာစေး ဖြစ်လိမ့်မည်။ နေ့ညမပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။” (ဟေရှာယ ၃၄:၉၊ ၁၀က၊ သမ္မာ) ဧဒုံပြည်သည် မည်မျှ ခြောက်သွေ့သွားသနည်း ဟူမူ ဖုန်မှုန့်သည် ကန့်အလား၊ တောင်ကြားရှိ ချောင်းများသည် ရေမရှိဘဲ ကတ္တရာစေးဖြင့် ပြည့်ဘိသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုအခါ ထိုအလွန် မီးလောင်လွယ်သည့် လောင်စာများကို မီးရှို့လေသည်!—ဗျာဒိတ် ၁၇:၁၆၊ ၁၇ နှိုင်းယှဉ်။
၁၅ မီး၊ ကတ္တရာစေးနှင့် ကန့်ဟူ၍ ဖော်ပြထားခြင်းက မီးတောက်လောင်နေသော ငရဲ ရှိခြင်း၏ သက်သေသာဓက ဖြစ်သည်ဟု အချို့ ယူမှတ်ခဲ့ကြသည်။ သို့သော် ဧဒုံသည် ထာဝစဉ် မီးကျွမ်းလောင်ခံရရန် ဒဏ္ဍာရီလာ မီးတောက်ငရဲအတွင်း ပစ်ချခံရခြင်း မဟုတ်ပါ။ ယင်းအစား ၎င်းသည် ဖျက်ဆီးခံရခြင်း ဖြစ်သည်၊ မီးနှင့် ကန့်တွင် လုံးဝ လောင်ကျွမ်းသွားသကဲ့သို့ ကမ္ဘာ့ဇာတ်ခုံမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ပရောဖက်ပြုချက်တွင် နောက်ဆုံးရလဒ်ကို ဆက်ဖော်ပြထားသည့်အတိုင်း ထာဝရ ညှဉ်းဆဲခံရခြင်း မဟုတ်ဘဲ “ဆိတ်ညံ၊ . . . လွတ်လပ်၊ . . . လဟာ” ဖြစ်နေသည်။ (ဟေရှာယ ၃၄:၁၀-၁၂) ယင်းသို့ ဖြစ်ကြောင်းကို “အစဉ်တက်လိမ့်” မည့် မီးခိုးက ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။ အိမ်တစ်လုံး မီးလောင်သည့်အခါ မီးညွှန့် ကျိုးသွားပြီးနောက် အချိန်အတော်ကြာကြာအထိ ပြာထဲမှ မီးခိုးများ ထွက်နေခြင်းက တွေ့မြင်သူများအား မီးဟုန်းဟုန်း တောက်ခဲ့ကြောင်း သိမြင်စေသည့် အထောက်အထား ဖြစ်သည်။ ယနေ့ခရစ်ယာန်များသည် ဧဒုံပြည် ပျက်စီးခြင်းမှ သင်ခန်းစာများ ယူနေကြရာ ဧဒုံပြည်ကို လောင်ကျွမ်းသည့် မီးခိုးသည် တက်နေဆဲ ဖြစ်သည့် သဘောပင်။
၁၆၊ ၁၇။ ဧဒုံပြည်သည် မည်သို့ ဖြစ်လာမည်နည်း၊ ထိုကဲ့သို့သော အခြေအနေ မည်မျှ ကြာရှည်မည်နည်း။
၁၆ ရောက်ရှိလာတော့မည့် ဖျက်ဆီးခြင်းဘေးကို ဖော်ပြသည့်အနေနှင့် ဧဒုံပြည်သားတို့နေရာတွင် သားရိုင်းတိရစ္ဆာန်များ အစားထိုးမည်အကြောင်း ကြိုဟောကာ ဟေရှာယ ပရောဖက်ပြုချက်ကို ဤသို့ ဆက်ဖော်ပြ၏– “ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍ ကာလအစဉ်အမြဲ အဘယ်သူမျှ မလျှောက်မသွားရ။ ဝန်ပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေခံ၍ ဣဗိတ်ငှက် [နားရွက်ရှည်သောဇီးကွက်] နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း၍ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။ မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ်တော် မရှိရ။ မင်းရိုး ပြတ်ရလိမ့်မည်။ ဘုံဗိမာန်တို့၌လည်းကောင်း၊ ရဲတိုက်တို့၌လည်းကောင်း ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ မြေခွေး [ခွေးအ] ခိုရာ၊ ကုလားအုတ်ငှက်နေရာ ဖြစ်ရလိမ့်မည်။ ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တစ်ကောင်ကို တစ်ကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ ခိုလှုံရာကို တွေ့လိမ့်မည်။ ခုန်တတ်သော မြွေသည်လည်း ထိုအရပ်၌ အသိုက် လုပ်၍ ဥလိမ့်မည်။”—ဟေရှာယ ၃၄:၁၀ခ-၁၅။a
၁၇ မှန်ပါသည်၊ ဧဒုံပြည်သည် လူသူမရှိသော နယ်မြေတစ်ခု ဖြစ်သွားမည်။ သားရိုင်းတိရစ္ဆာန်များ၊ ငှက်များနှင့် မြွေများသာ နေထိုင်သည့် လွင်တီးခေါင်ဒေသ ဖြစ်သွားမည်။ ဤခြောက်သွေ့သော ပြည်အခြေအနေသည် အခန်းငယ် ၁၀ တွင် ဖော်ပြထားသည့်အတိုင်း “အစဉ်အဆက်” ဆက်တည်ရှိသွားမည်။ ပြန်လည်တည်ထောင်ခြင်း ရှိမည် မဟုတ်ပါ။—ဩဗဒိ ၁၈။
ယေဟောဝါ၏ စကားတော် သေချာပေါက် ပြည့်စုံမှု
၁၈၊ ၁၉။ “ယေဟောဝါ၏ ကျမ်းစာ” ကား အဘယ်နည်း၊ ဤ “ကျမ်းစာ” တွင် ခရစ်ယာန်ဘောင်အတွက် အဘယ်အရာ သိုထားပေးသနည်း။
၁၈ ထိုခေတ်သစ် ဧဒုံ ဖြစ်သော ခရစ်ယာန်ဘောင်အတွက် မျှော်လင့်ချက် မဲ့သော အနာဂတ် ဖြစ်မည်ကို ကြို၍ အရိပ်ပြေးနေသည်! သူသည် ယေဟောဝါ ဘုရားသခင်၏ သက်သေခံများအား ကြမ်းတမ်းခက်ထန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းဖြင့် ကိုယ်တော်၏ ခါးသီးသော ရန်သူ ဖြစ်စေခဲ့ကြသည်။ ယေဟောဝါသည် မိမိ၏ စကားတော်ကို ပြည့်စုံစေမည်မှာ သေချာသည်။ ဤပရောဖက်ပြုချက်နှင့် ၎င်း၏ ပြည့်စုံချက်ကို ယှဉ်ကြည့်လိုက်သည့်အခါတိုင်း နှစ်ခုစလုံးသည် တစ်ထပ်တည်း ကျနေသည်ကို တွေ့ရမည်—စွန့်ပစ်ခံရသော ဧဒုံပြည်တွင် နေထိုင်ကြသည့် သတ္တဝါများသည် ‘အဖော်’ ကိုယ်စီ ရှိသကဲ့သို့ ဖြစ်မည်။ ဟေရှာယသည် အနာဂတ် ကျမ်းစာပရောဖက်ပြုချက် ကျောင်းသားများအား ဤသို့ ဆိုထား၏– “ထာဝရဘုရား [ယေဟောဝါ] ၏ ကျမ်းစာကို ကြည့်ရှု၍ ဖတ်ကြလော့။ ထိုတိရစ္ဆာန်တစ်ကောင်မျှ မပေါ်ဘဲ မနေရ။ အမတစ်ကောင်မျှ မိမိအဖော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော် ရှိ၏။ ဝိညာဉ်တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏။ သူတို့ကို စာရေးတံ ပြုလျက်၊ လက်တော်နှင့် မျဉ်းကြိုးကို တန်းလျက် သူတို့နေရာကို ခွဲဝေတော်မူ၏။ သူတို့သည် ထိုပြည်ကို အမြဲ အမွေခံ၍ အမျိုးအနွယ် အစဉ်အဆက် နေရကြလိမ့်မည်။”—ဟေရှာယ ၃၄:၁၆၊ ၁၇။
၁၉ ကျရောက်လာတော့မည့် ခရစ်ယာန်ဘောင် ပျက်စီးခြင်းအကြောင်းကို “ယေဟောဝါ၏ ကျမ်းစာ” တွင် ကြိုပြောခဲ့ပြီး ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ မကျေအေးနိုင်သော ရန်သူများ၊ နောင်တမရဘဲ မိမိလူမျိုးကို ဖိနှိပ်သူများနှင့် စာရင်းရှင်းမည် ဖြစ်ကြောင်း ဤ “ယေဟောဝါ၏ ကျမ်းစာ” ၌ အသေးစိတ် ဖော်ပြထားသည်။ ရှေးခေတ်ဧဒုံနှင့်ပတ်သက်သည့် ရေးသားထားချက် ပြည့်စုံခဲ့ပြီး ထိုပရောဖက်ပြုချက်သည် ခေတ်သစ်ဧဒုံ ဖြစ်သော ခရစ်ယာန်ဘောင်နှင့် သက်ဆိုင်ကြောင်း၊ အလားတူပင် ဖြစ်ပျက်လာမည် ဖြစ်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေသည်။ ယေဟောဝါ၏ အရေးယူဆောင်ရွက်မှု စည်းမျဉ်းဥပဒေ “မျဉ်းကြိုး” က ဝိညာဉ်ရေးတွင် သေအံ့ဆဲဆဲ ဖြစ်သော ဤအဖွဲ့အစည်းသည် လူဆိတ်ညံရာ လွင်တီးခေါင် ဖြစ်သွားမည်ဟု အာမခံသည်။
၂၀။ ရှေးခေတ် ဧဒုံကဲ့သို့ ခရစ်ယာန်ဘောင်သည် အဘယ်အရာနှင့် တွေ့ကြုံရမည်နည်း။
၂၀ ခရစ်ယာန်ဘောင်သည် သူမ၏ နိုင်ငံရေးမိတ်ဆွေများနှင့် ငြိမ်သက်မှု ရရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သော်လည်း အချည်းနှီးသာ ဖြစ်မည်! ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ နှင့် ၁၈ အရ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ယေဟောဝါသည် ခရစ်ယာန်ဘောင် အပါအဝင် မဟာဗာဗုလုန် အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်ရန် သူတို့၏ နှလုံးတွင် အကြံပေါ်စေတော်မူမည်။ ၎င်းက အတုအယောင် ခရစ်ယာန်များကို မြေကြီးတစ်ပြင်လုံးမှ ဖယ်ရှားပစ်စေမည်။ ခရစ်ယာန်ဘောင်၏ အခြေအနေသည် ဟေရှာယ အခန်းကြီး ၃၄ တွင် ဖော်ပြထားသော မျှော်လင့်ချက် မဲ့သောအခြေအနေကဲ့သို့ ဖြစ်လာမည်။ ပြတ်သားသည့် “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး” ကျရောက်ချိန်တွင်ပင် သူ ရှိနေတော့မည် မဟုတ်ပါ! (ဗျာဒိတ် ၁၆:၁၄) ရှေးခေတ် ဧဒုံကဲ့သို့ ခရစ်ယာန်ဘောင်သည် “အစဉ်အဆက်” မြေကြီးပြင်ပေါ်မှ လုံးဝ ပယ်ရှင်းခံရမည်။
[အောက်ခြေမှတ်ချက်]
a မာလခိလက်ထက်၌ ဤပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ (မာလခိ ၁:၃) ဧဒုံလူမျိုးတို့သည် မိမိတို့၏ လူဆိတ်ညံလျက် ရှိသော ပြည်ကို ပြန်လည်ပိုင်ဆိုင်ရမည်ဟု မျှော်လင့်ခဲ့ကြကြောင်း မာလခိ မှတ်တမ်းတင်ထားသည်။ (မာလခိ ၁:၄) သို့ရာတွင် ၎င်းသည် ဘုရားသခင့် အလိုတော် မဟုတ်ပါ၊ နောက်ပိုင်းတွင် အခြားလူမျိုးတစ်မျိုး ဖြစ်သော နာဘတန်လူမျိုးများသည် ဧဒုံပြည်ကို သိမ်းယူခဲ့ကြသည်။
[စာမျက်နှာ ၁၇၃ ပါ လေးထောင့်ကွက်]
ဒေါသကြီးသော ဘုရားလော
ဟေဗြဲကျမ်းစာစောင်များတွင် ဖော်ပြထားသကဲ့သို့ ဟေရှာယ ၃၄:၂-၇ တွင် တွေ့ရသည့် အသုံးအနှုန်းများက ယေဟောဝါသည် ရက်စက်ကြမ်းကြုတ်ပြီး ဒေါသကြီးသော ဘုရားသခင် ဖြစ်သည်ဟု များစွာသောသူတို့ကို ယူမှတ်စေခဲ့သည်။ ထိုသို့ မှန်ပါသလော။
မမှန်ပါ။ ဘုရားသခင်သည် တစ်ခါတစ်ရံ မိမိ၏ ဒေါသကို တင်ပြသော်လည်း ထိုဒေါသသည် အမြဲပင် အကြောင်းပြချက် ခိုင်လုံသည်။ ၎င်းသည် မူပေါ်တွင် အမြဲ အခြေခံပြီး ထိန်းချုပ်မှု မရှိသော စိတ်လှုပ်ရှားမှုတွင် အခြေမခံပါ။ ထို့ပြင် ယင်းသည် အမြဲပင် ဖန်ဆင်းရှင်၏ အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ခံထိုက်မှု၊ အမှန်တရားကို တစ်သမတ်တည်း စွဲကိုင်မှုတို့နှင့်အညီ ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးမှုနှင့် ဖြောင့်မတ်ခြင်း ကျင့်သုံးသူများအား ကိုယ်တော် ချစ်မြတ်နိုးမှုတို့က စိုးမိုးထားသည်။ ယေဟောဝါသည် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်သော အကြောင်းအချက်အားလုံးကို တွေ့ မြင်တော်မူပြီး အခြေအနေတစ်ခုနှင့်ပတ်သက်၍ စုံလင်ပြီး အကန့်အသတ်မရှိ သိတော်မူ၏။ (ဟေဗြဲ ၄:၁၃) ကိုယ်တော်သည် နှလုံးတွင်းကို ထိုးဖောက်သိမြင်တော်မူပြီး မသိရှိမှု၊ ဂရုမစိုက်မှုတို့၏ အတိုင်းအတာ သို့မဟုတ် တမင် အပြစ်ပြုလုပ်ခြင်းတို့ကို သိမြင်မှတ်သားကာ မျက်နှာမလိုက်ဘဲ ဆောင်ရွက်တော်မူသည်။—တရားဟောရာ ၁၀:၁၇၊ ၁၈; ၁ ဓမ္မရာဇဝင် ၁၆:၇; တမန်တော် ၁၀:၃၄၊ ၃၅။
သို့ရာတွင် ယေဟောဝါ ဘုရားသခင်သည် “အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘော ရှိတော်မူ” ၏။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ကိုယ်တော်ကို ကြောက်ရွံ့ပြီး ဖြောင့်မတ်ခြင်းတရားကို ကြိုးစားလုပ်ဆောင်နေသူများသည် ကရုဏာတော်ကို ခံစားရကြသည်၊ အကြောင်းမှာ လူသည် မစုံလင်မှုကို အမွေခံထားရကြောင်းကို အနန္တတန်ခိုးရှင် သိတော်မူရာ ယင်းကြောင့် ထိုသူအပေါ်တွင် ကိုယ်တော် ကရုဏာပြတော်မူ၏။ ယနေ့အချိန်တွင် ဘုရားသခင်သည် ယေရှု၏ ပူဇော်သကာပေါ် အခြေခံ၍ ကရုဏာပြတော်မူ၏။ (ဆာလံ ၁၀၃:၁၃၊ ၁၄) သင့်လျော်သောအချိန်တွင် မိမိတို့အပြစ်ကို အသိအမှတ်ပြုပြီး နောင်တယူကာ ကိုယ်တော်အား အမှန်အမှုဆောင်သူများထံမှ ယေဟောဝါ၏ အမျက်တော်ကို ဖယ်ရှားပစ်တော်မူ၏။ (ဟေရှာယ ၁၂:၁) အနှစ်ချုပ်ဆိုရလျှင် ယေဟောဝါသည် ဒေါသကြီးသော ဘုရား မဟုတ်ဘဲ ပျော်ရွှင်သော ဘုရား ဖြစ်တော်မူ၏၊ ချဉ်းကပ်ရန် ခဲယဉ်းသော ဘုရား မဟုတ်ဘဲ ကိုယ်တော်ထံ အမှန် ချဉ်းကပ်လိုသူများအတွက် ချဉ်းကပ်ရန် လွယ်သော ဘုရား၊ သင့်တင့်ငြိမ်ဝပ်သော ဘုရား ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁) ၎င်းတို့သည် မှောက်မှားသော တိတ္ထိဘုရားများနှင့် ထိုဘုရားများအား ရုပ်လုံးဖော် ရေးဆွဲထားသည့် အရုပ်များရှိ ကရုဏာကင်းမဲ့၊ ရက်စက်ကြမ်းကြုတ်သော အမူအကျင့်များနှင့် အလွန် ကွာခြားပါသည်။