-
ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
-
-
အပြစ်နှင့်အလျောက် ဒဏ်ပေးသည့် နေ့
၉။ (က) ဧဒုံ၏ ရင်းမြစ်ကား အဘယ်နည်း၊ ဣသရေလနှင့် ဧဒုံတို့၏ ဆက်ဆံရေး အဘယ်သို့ ရှိသနည်း။ (ခ) ဧဒုံလူမျိုးများနှင့်ပတ်သက်၍ ယေဟောဝါ အဘယ်အရာကို မိန့်တော်မူသနည်း။
၉ ယခု ဤပရောဖက်ပြုချက်က ဟေရှာယခေတ်တွင် တည်ရှိခဲ့သော လူမျိုးတစ်မျိုး ဖြစ်သော ဧဒုံလူမျိုးကို ထုတ်နုတ်ပြသည်။ ဧဒုံလူမျိုးများသည် သားဦးအရာကို မိမိ၏ အမြွှာညီအစ်ကိုယာကုပ်အား မုန့်နှင့် ပဲဟင်းဖြင့် ရောင်းစားခဲ့သူ ဧသော (ဧဒုံ) မှ ဆင်းသက်လာကြသူများ ဖြစ်သည်။ (ကမ္ဘာဦး ၂၅:၂၄-၃၄) ယာကုပ်သည် သူ၏ သားဦးအရာကို ရခဲ့ခြင်းကြောင့် ဧသောသည် ညီဖြစ်သူကို အမုန်းပွားလာခဲ့သည်။ နောက်ပိုင်းတွင် ဧဒုံလူမျိုးများနှင့် ဣသရေလလူမျိုးများသည် အမြွှာညီအစ်ကို နှစ်ယောက်မှ ဆင်းသက်လာသည့်တိုင် ရန်သူများ ဖြစ်လာခဲ့သည်။ ဘုရားသခင့်လူမျိုးကို ဤသို့ ရန်မူခြင်းကြောင့် ဧဒုံသည် ဤသို့မိန့်တော်မူသော ယေဟောဝါ၏ အမျက်ဒေါသသင့်ခဲ့၏– “ငါ့ဓားသည် မိုးကောင်းကင်၌ ရောင့်ရဲပြီးမှ တစ်ဖန် ဧဒုံပြည်အပေါ်မှာလည်းကောင်း၊ ငါကျိန်သော လူများတို့အပေါ်မှာလည်းကောင်း ဒဏ်ပေးခြင်းငှာ ရောက်လိမ့်မည်။ ထာဝရဘုရား၏ ဓားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏အသွေး၊ သိုးထီးတို့၏ ကျောက်ကပ်ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။”—ဟေရှာယ ၃၄:၅၊ ၆။
၁၀။ (က) ယေဟောဝါသည် “မိုးကောင်းကင်၌” ကိုယ်တော်၏ ဓားကို အသုံးပြုတော်မူသည့်အခါ မည်သူ့ကို ပြိုလဲစေသနည်း။ (ခ) ယုဒသည် ဗာဗုလုန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အခါ ဧဒုံသည် အဘယ်သဘောထားကို တင်ပြခဲ့သနည်း။
၁၀ ဧဒုံလူမျိုးတို့သည် မြင့်မားသော တောင်တန်းဒေသများ၌ နေထိုင်ကြသည်။ (ယေရမိ ၄၉:၁၆; ဩဗဒိ ၈၊ ၉၊ ၁၉၊ ၂၁) သို့သော်လည်း ယေဟောဝါသည် ဧဒုံအုပ်စိုးရှင်များ၏ မြင့်မားသော ရာထူးအခြေအနေကို ရှုတ်ချခြင်း ဖြစ်သည့် မိမိ၏ တရားစီရင်ခြင်း ဓားတော်ကို “မိုးကောင်းကင်၌” အသုံးပြုတော်မူသည့်အခါ ထိုသဘာဝက အကာအကွယ်များသည် အကူအညီ ဖြစ်မည် မဟုတ်ပါ။ ဧဒုံသည် စစ်အင်အား အလွန် တောင့်တင်းခိုင်မာပြီး ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် တိုင်းပြည်ကို ကာကွယ်ရန် မြင့်သော တောင်တန်းများတစ်လျှောက် ချီတက်သွားလာကြသည်။ သို့သော် အင်အားကြီး ဧဒုံပြည်သည် ယုဒပြည်ကို ဗာဗုလုန်စစ်တပ် တိုက်ခိုက်ချိန်တွင် အကူအညီ လုံးဝ မပေးခဲ့ပါ။ ယင်းအစား ဧဒုံလူမျိုးတို့သည် ယုဒနိုင်ငံ ကျဆုံးသွားခြင်းကို တွေ့မြင်လိုကြပြီး တိုက်ခိုက်သူများကို အားပေးအားမြှောက်ပြုကြသည်။ (ဆာလံ ၁၃၇:၇) ဧဒုံလူမျိုးတို့သည် အသက်လွတ်အောင် ထွက်ပြေးကြသည့် ဂျူးများကိုပင် လိုက်ကာ ဗာဗုလုန်လက်ထဲ အပ်ကြသည်။ (ဩဗဒိ ၁၁-၁၄) ဧဒုံလူမျိုးသည် စွန့်ပစ်ထားသည့် ဣသရေလပြည်ကို သိမ်းယူရန် ကြံပြီး ယေဟောဝါတစ်ဖက်၌ ကြွားဝါသည်။—ယေဇကျေလ ၃၅:၁၀-၁၅။
-
-
ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
-
-
၁၂။ (က) ယေဟောဝါသည် ဧဒုံကို အပြစ်ပေးရန် မည်သူ့ကိုအသုံးပြုသနည်း။ (ခ) ဧဒုံနှင့်ပတ်သက်၍ ပရောဖက် သြဗဒိ မည်သို့ ကြိုဟောသနည်း။
၁၂ ဘုရားသခင်သည် ဧဒုံကို အပြစ်ပေးဆုံးမရန် ရည်ရွယ်ရခြင်းမှာ ဇိအုန်ဟု ခေါ်သော ကိုယ်တော်၏ မြေကြီးအဖွဲ့အစည်းကို မလိုတမာစိတ်ဖြင့် ပြုမူခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်ပြုချက်၌ ဤသို့ ဆို၏– “ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာနှစ် ရောက်လေပြီ။” (ဟေရှာယ ၃၄:၈) ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့ ပျက်စီးပြီးနောက် မကြာမီအချိန်တွင် ယေဟောဝါသည် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာအားဖြင့် ဧဒုံလူမျိုးတို့အပေါ် ကိုယ်တော်၏ ဖြောင့်မတ်သော လက်စားချေမှုကို စ၍ ပြတော်မူ၏။ (ယေရမိ ၂၅:၁၅-၁၇၊ ၂၁) ဗာဗုလုန်စစ်တပ်သည် ဧဒုံပြည်ကို တိုက်ခိုက်သည့်အခါ မည်သည့်အရာကမျှ ဧဒုံလူမျိုးများအား မကယ်တင်နိုင်ပါ! တောတောင် ထူထပ်သော ပြည်အပေါ် “အပြစ်ပေးတော်မူရာနှစ်” ဖြစ်သည်။ ယေဟောဝါသည် ပရောဖက် သြဗဒိမှတစ်ဆင့် ဤသို့ ကြိုပြောထား၏– “သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်း အပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ၍ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ . . . သင်ပြုသည်အတိုင်း သင်၌ သူတစ်ပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။”—ဩဗဒိ ၁၀၊ ၁၅; ယေဇကျေလ ၂၅:၁၂-၁၄။
ခရစ်ယာန်ဘောင်၏ မျှော်လင့်ချက် ကင်းသော အနာဂတ်
၁၃။ ယနေ့မည်သူသည် ဧဒုံနှင့် တူသနည်း၊ အဘယ်ကြောင့်နည်း။
၁၃ မျက်မှောက်ခေတ်တွင် ဧဒုံကဲ့သို့ ရာဇဝင် ရှိသည့် အဖွဲ့အစည်းတစ်ခု ရှိသည်။ အဘယ် အဖွဲ့အစည်းနည်း။ မျက်မှောက်ခေတ် ယေဟောဝါ၏ ကျေးကျွန်များကို ရှုတ်ချပြောဆို၊ နှိပ်စက်ညှဉ်းပန်းရာတွင် မည်သူ ဦးဆောင်လာခဲ့သနည်း။ ခရစ်ယာန်ဘောင်သည် မိမိ၏ ဓမ္မဆရာအတန်းအစားအားဖြင့် ထိုသို့ ပြုလုပ်ခဲ့သည် မဟုတ်လော။ အမှန်ပင်! ခရစ်ယာန်ဘောင်သည် ဤလောကအမှုရေးရာများတွင် မိမိကိုယ်ကို တောင်ကဲ့သို့သော အမြင့်အနေအထားသို့ မြှင့်တင်ခဲ့သည်။ သူသည် လူ့အစီအစဉ်စနစ်တွင် မြင့်မားသော နေရာကို ယူထားပြီး သူ၏ ဘာသာတရားများက မဟာဗာဗုလုန်၏ အကြီးအမှူးနေရာကို ယူကာ ဖွဲ့စည်းထားသည်။ သို့သော် မျက်မှောက်ခေတ် ဧဒုံလူမျိုးသည် ယေဟောဝါလူမျိုး၊ ကိုယ်တော့်သက်သေခံများအား စော်ကားသော အပြုအမူကြောင့် “အပြစ်ပေးတော်မူရာ နှစ်” ရောက်လာမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
-