ယခုမှစ၍ ထာဝစဉ်ရွှင်လန်းခြင်း
“ငါသည် ထာဝရဘုရားကို အစဉ်မျက်မှောက်ပြုပါပြီ။ . . . သို့ဖြစ်၍ ငါ့စိတ်နှလုံး ဝမ်းမြောက်လျက် ငါ့ဝိညာဉ်သည် ရွှင်လန်းပါ၏။ ငါ့ကိုယ်ခန္ဓာလည်း လုံခြုံစွာ တည်းခိုပါလိမ့်မည်။”—ဆာလံ ၁၆:၈၊ ၉၊ သမ။
၁။ စစ်မှန်သောဝတ်ပြုရေးသည် နှစ်ရာစုပေါင်းတစ်လျှောက် လူတစ်ဦးချင်းစီကို အဘယ်အကျိုးပြုခဲ့ပြီနည်း။
နှစ်ရာစုပေါင်းတစ်လျှောက် မရေတွက်နိုင်လောက်အောင် များပြားသောသူတို့သည် စစ်မှန်သောဘုရားသခင် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ခြင်းမှ ရွှင်လန်းမှုကြွယ်ဝစွာခံစားခဲ့ကြရပြီ။ စစ်မှန်သောဝတ်ပြုရေး၌ ရွှင်လန်းခဲ့သူတို့တွင် ဒါဝိဒ်သည် တစ်ဦးမျှဖြစ်သည်။ ယေရုရှလင်မြို့သို့ ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ခဲ့ချိန်တွင် “ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက် တံပိုးမှုတ်လျက် ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။ (၂ ဓမ္မရာဇဝင် ၆:၁၅) ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ခြင်းမှ ခံစားရသောရွှင်လန်းမှုသည် အတိတ်ကအဖြစ်အပျက်တစ်ခုမျှမဟုတ်ပါ။ ယင်းကို အသင်ခံစားနိုင်ပါသည်။ အသစ်သောရွှင်လန်းမှုအချို့ကိုပင် များမကြာမီ သင်ခံစားနိုင်ပေဦးမည်ပါတကား!
၂။ ဟေရှာယ အခန်းကြီး ၃၅ သည်ဂျူးပြည်တော်ပြန်များအပေါ် ပထမအကြိမ်ပြည့်စုံသည့်အပြင် ယနေ့ နောက်ထပ်ပြည့်စုံချက်တစ်ခုတွင် မည်သူတို့ပါဝင်သနည်း။
၂ ရှေ့ဆောင်းပါးတွင် ဟေရှာယ အခန်းကြီး ၃၅ ၌မှတ်တမ်းတင်ထားသည့် စိတ်အားတက်ကြွဖွယ်ပရောဖက်ပြုချက်၏ အဦးပိုင်းပြည့်စုံချက်ကို ဆန်းစစ်လေ့လာခဲ့သည်။ ရှေးခေတ်ဂျူးလူမျိုးတွင် ဖြစ်ပျက်ခဲ့သောကြောင့် ယင်းကို ပြန်လည်ထူထောင်ရေးပရောဖက်ပြုချက်ဟု မှန်ကန်စွာခေါ်ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ခေတ်တွင်လည်း ထပ်တူပြည့်စုံချက်တစ်ခုရှိသည်။ မည်သို့အားဖြင့်နည်း။ အမှန်မှာ ယေရှု၏တမန်တော်များနှင့် စီ.အီး. ၃၃ ခုနှစ်က အခြားသူများဖြင့်အစပြုကာ ယေဟောဝါရှင်သည် ဝိညာဏဣသရေလလူမျိုးနှင့် ဆက်ဆံတော်မူခဲ့သည်။ ထိုသူများသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသူများဖြစ်ကြ၏။ သူတို့သည် “ဘုရားသခင်၏ဣသရေလအမျိုး” ဟုတမန်တော်ပေါလုခေါ်သည့်အဖွဲ့ဝင်များ ဖြစ်လာကြပါသည်။ (ဂလာတိ ၆:၁၆; ရောမ ၈:၁၅-၁၇) ၁ ပေတရု ၂:၉ တွင် ဤခရစ်ယာန်များကို ‘ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်တော်မူရာ’ အဖြစ် ခေါ်ဆိုထားကြောင်းကိုလည်း သတိရပါ။ ပေတရုက “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ [သူတို့အား] ခေါ်သွင်းတော်မူသောသူ၏ ‘ဂုဏ်ကျေးဇူးများကို [သူတို့] ဖော်ပြ’” သင့်ကြောင်း တင်ပြခြင်းအားဖြင့် ဝိညာဏဣသရေလလူမျိုး၏တာဝန်ကို ဆက်လက်ဖော်ပြပါသည်။
ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံချက်
၃၊ ၄။ မျက်မှောက်ခေတ်တွင် ဟေရှာယ အခန်းကြီး ၃၄ ပြည့်စုံသောအခါ အဘယ်အခြေအနေရှိသနည်း။
၃ ဤရာစုနှစ်အစောပိုင်းတွင် ဝိညာဏဣသရေလလူမျိုးမှအကြွင်းအကျန်သည် ဤသတင်းတရားကို တက်ကြွလှုပ်ရှားစွာ မှန်မှန်မကြေညာခဲ့သောအချိန်တစ်ချိန်ရှိခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏အံ့ဖွယ်အလင်းတော်တွင် အပြည့်အဝရွှင်လန်းမှု မရှိခဲ့ကြသည့်အချိန်ဖြစ်သည်။ အမှန်မှာ သူတို့သည် အတော်အတန်မှောင်သောမှောင်မိုက်တွင် ရှိခဲ့ကြသည်။ အဘယ်အချိန်တွင်ထိုသို့ဖြစ်သနည်း။ ယင်းကို ယေဟောဝါဘုရားသခင်သည် မည်သို့စီရင်တော်မူသနည်း။
၄ ယင်းကား ၁၉၁၄ ခုနှစ်၌ ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီး များမကြာမီ ပထမကမ္ဘာစစ်ကာလအတွင်းဖြစ်သည်။ နိုင်ငံအသီးအသီးမှ ချာ့ချ်များ၏ဓမ္မဆရာတို့၏ ထောက်ခံအားပေးမှုဖြင့် လူမျိုးတို့သည် တစ်ဦးကိုတစ်ဦးအမျက်ထွက်နေကြသည်။ (ဗျာဒိတ် ၁၁:၁၇၊ ၁၈) ဘုရားသခင်သည် မာနထောင်လွှားသောဧဒုံလူမျိုးကို ဆန့်ကျင်ခဲ့သကဲ့သို့ ခရစ်ယာန်ဘောင်နှင့်သူမ၏ချီးမြှင့်ခံရသောဓမ္မဆရာအတန်းအစားကို လုံးဝဆန့်ကျင်တော်မူခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ပုံဆောင်ရာမျက်မှောက်ခေတ်ဧဒုံလူမျိုးဖြစ်သည့် ခရစ်ယာန်ဘောင်အပေါ် ဟေရှာယအခန်းကြီး ၃၄ ပါပရောဖက်ပြုချက်သည် မျက်မှောက်အချိန်တွင်ပြည့်စုံစရာအကြောင်းရှိသည်။ ရှေးဧဒုံလူမျိုးအပေါ် ပထမအကြိမ်ပြည့်စုံခဲ့သကဲ့သို့ပင် ထာဝရဖျက်ဆီးခြင်းဆိုင်ရာ ဤပရောဖက်ပြုချက်သည် ကျိန်းသေပြည့်စုံမည်ဖြစ်သည်။—ဗျာဒိတ် ၁၈:၄-၈၊ ၁၉-၂၁။
၅။ ကျွန်ုပ်တို့ခေတ်တွင် ဟေရှာယ အခန်းကြီး ၃၅ ၏ပြည့်စုံမှုသည် အဘယ်ပြည့်စုံခြင်းမျိုးဖြစ်နေသနည်း။
၅ ရွှင်လန်းနိုင်စရာအကြောင်းကို အလေးအနက်ဖော်ပြသော ဟေရှာယ၏ပရောဖက်ပြုချက်ပါ အခန်းကြီး ၃၅ ကော အသို့နည်း။ ယင်းသည်လည်း ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံနေပါသည်။ မည်သို့အားဖြင့်နည်း။ ဝိညာဏဣသရေလလူမျိုးကို သုံ့ပန်းဘဝမှ လွတ်မြောက်စေပြီး ပြန်လည်ထူထောင်ပေးခြင်းအားဖြင့် ပြည့်စုံခဲ့ပြီ။ ယနေ့တိုင်အသက်ရှင်နေဆဲရှိသူ မြောက်မြားစွာတို့၏ အသက်တာအတွင်း အမှန်တကယ်ပင် များမကြာမီကဖြစ်ပျက်ခဲ့သော သီအိုကရက်တစ်သမိုင်းဖြစ်ရပ်မှန်များကို စစ်ဆေးကြည့်ကြစို့။
၆။ ဝိညာဏဣသရေလအကြွင်းအကျန်သည် သုံ့ပန်းအဖြစ်သို့ရောက်ခဲ့သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၆ ပထမကမ္ဘာစစ်ကာလအတွင်း နှိုင်းယှဉ်ချက်အရ အချိန်တိုကလေးတွင် ဝိညာဏဣသရေလအကြွင်းအကျန်သည် ဝိညာဉ်ရေးအရလုံးလုံးလျားလျားစင်ကြယ်မှုကို မထိန်းသိမ်း၊ ဘုရားသခင့်အလိုတော်နှင့် အပြည့်အဝညီညွတ်ခြင်းမရှိခဲ့ပါ။ သူတို့အနက် အချို့သူများသည် အယူဝါဒဆိုင်ရာမှားယွင်းမှုများနှင့် စွန်းကွက်ခဲ့ပြီး စစ်ဖြစ်နေသောလူမျိုးများကို ထောက်ခံအားပေးရန် ဖိစီးခံရသောအခါ ယေဟောဝါဘက်တွင် ပြတ်ပြတ်သားသားရပ်တည်ရန် ပျက်ကွက်ခြင်းအားဖြင့် အလျှော့ပေးလိုက်လျောမှုများပြုကြသည်။ သူတို့သည် ဤစစ်ဖြစ်သည့်နှစ်များအတွင်း ပုံစံမျိုးစုံဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းခံခဲ့ရပြီး ဒေသများစွာတွင် သူတို့၏ကျမ်းစာစာပေစာတမ်းများပင် ပိတ်ပင်ခံခဲ့ရသည်။ နောက်ဆုံးတွင် ဦးစီးဦးဆောင်သောညီအစ်ကိုအချို့သည် မဟုတ်မမှန်သောစွဲချက်များဖြင့် ထောင်ချခံခဲ့ရကြသည်။ ပြန်ပြောင်းဆင်ခြင်ကြည့်ရာတွင် ဘုရားသခင်၏လူမျိုးတော်သည် လွတ်လပ်မည့်အစား တစ်နည်းတစ်ဖုံအားဖြင့် သုံ့ပန်းဘဝတွင်ရှိနေကြသည်။ (ယောဟန် ၈:၃၁၊ ၃၂ နှိုင်းယှဉ်။) သူတို့သည် ဝိညာဏစက္ခုအလင်း ကွယ်နေကြသည်။ (ဧဖက် ၁:၁၆-၁၈) ဘုရားသခင်ကိုချီးမွမ်းခြင်းနှင့်ပတ်သက်၍ အတော်အတန်ဆွံ့အနေကြရာ ဝိညာဉ်အသီးမသီးနိုင်တော့ပါ။ (ဟေရှာယ ၃၂:၃၊ ၄; ရောမ ၁၄:၁၁; ဖိလိပ္ပိ ၂:၁၁) ယင်းသည် ဗာဗုလုန်တွင် သုံ့ပန်းအဖြစ်ရောက်နေသော ရှေးဂျူးလူမျိုး၏အခြေအနေနှင့် တူညီနေသည်ကို သင်တွေ့မြင်သလော။
၇၊ ၈။ မျက်မှောက်ခေတ် အကြွင်းအကျန်သည် အဘယ်ပြန်လည်ထူထောင်ရေးမျိုးကို ကြုံတွေ့သနည်း။
၇ သို့သော် ဘုရားသခင်သည် ကိုယ်တော်၏မျက်မှောက်ခေတ်အမှုတော်ထမ်းများကို ထိုအခြေအနေမျိုးတွင် ပစ်ထားတော်မူမည်လော။ ပစ်မထားပါ။ ကိုယ်တော်သည် ဟေရှာယအားဖြင့်ကြိုဟောထားသည့်အတိုင်း သူတို့ကို နဂိုအခြေအနေပြန်ရောက်ရန် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ထားတော်မူသည်။ သို့ဖြစ်သောကြောင့် အခန်းကြီး ၃၅ တွင်ပါရှိသော ဤပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်တွင် ထူးခြားစွာပြည့်စုံလာရန်ရှိသည်။ ယင်းက ဝိညာဏဣသရေလအကြွင်းအကျန်ကို ဝိညာဏပရဒိသုတွင် ကြီးပွားချမ်းသာပြီး ကျန်းမာရေးပြည့်ဝသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းဖြစ်သည်။ ဟေဗြဲ ၁၂:၁၂ တွင်ပေါလုသည် ဟေရှာယ ၃၅:၃ ကိုပုံဆောင်သဘောဖြင့်ဖော်ပြခဲ့၏။ ယင်းက ဟေရှာယပရောဖက်ပြုချက်၏ ဤအပိုင်းသည် ဝိညာဏသက်ဆိုင်ပုံရှိကြောင်း ကျွန်ုပ်တို့မမှားမယွင်းဖော်ပြခြင်းကို ထောက်ခံပါသည်။
၈ စစ်ပြီးကာလတွင် ဝိညာဏဣသရေလလူမျိုးမှ ဘိသိက်ခံအကြွင်းအကျန်သည် သုံ့ပန်းဘဝမှ လွတ်မြောက်လာခဲ့ဘိသကဲ့သို့ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် သာ၍ကြီးမြတ်သောကုရုဖြစ်သော ယေရှုခရစ်တော်ကို အသုံးပြုကာ သူတို့ကိုလွတ်မြောက်စေတော်မူခဲ့သည်။ သို့အားဖြင့် ဤအကြွင်းအကျန်သည် ယေရုရှလင်မြို့တွင် ပကတိဗိမာန်တော်ကို ပြန်ဆောက်ဖို့ရန် မိမိတို့၏နေရင်းပြည်သို့ပြန်သွားခဲ့သော ရှေးဂျူးအကြွင်းအကျန်များ ပြုလုပ်ခဲ့သကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လုပ်ဆောင်နိုင်ကြသည်။ ထို့ပြင် မျက်မှောက်ခေတ် ဤဝိညာဏဣသရေလလူမျိုးများသည် ပုံဆောင်ဧဒင်ဥယျာဉ်ဖြစ်သည့် စိမ်းလန်းစိုပြည်သောဝိညာဏပရဒိသုကို စတင်ပြုစုပျိုးထောင်နိုင်ကြသည်။
၉။ ဟေရှာယ ၃၅:၁၊ ၂၊ ၅-၇ တွင်ဖော်ပြထားသော အခြေအနေမျိုးသည် ကျွန်ုပ်တို့ခေတ်တွင် မည်သို့ဖြစ်ပျက်လာသနည်း။
၉ အထက်ပါကို စိတ်တွင်ထားပြီး ဟေရှာယ အခန်းကြီး ၃၅ ကိုတစ်ဖန်ပြန်သုံးသပ်ရန် အခန်းငယ် ၁ နှင့် ၂ ကိုဦးဆုံးကြည့်ကြစို့။ သူတို့အမြင်တွင် ရေမရှိသောအရပ်ဒေသနှင့်တူသည့်နေရာသည် အမှန်ပင်စတင်သီးပွင့်ဝေဆာပြီး ရှေးရှာရုန်လွင်ပြင်ကဲ့သို့ သီးနှံလှိုင်လှိုင်ထွက်ရှိလာသည်ကို တွေ့ရှိရသည်။ ထို့နောက် အခန်းငယ် ၅ မှ ၇ ကိုကြည့်ပါ။ အကြွင်းအကျန်မှ အရေအတွက်အတော်အတန် သက်ရှိထင်ရှားနေဆဲရှိပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် တက်ကြွလှုပ်ရှားစွာပါဝင်နေသူတို့သည် သူတို့၏သိမြင်သောမျက်စိများ ဖွင့်ပေးခံရကြသည်။ သို့ဖြစ်၍ သူတို့သည် ၁၉၁၄ ခုနှစ်နှင့်နောက်ပိုင်းကာလများတွင် ဖြစ်ပျက်ခဲ့သောအရာများ၏အဓိပ္ပာယ်ကို ပို၍သဘောပေါက်လာနိုင်ကြသည်။ ထို့ပြင်ယင်းသည် ယနေ့အကြွင်းအကျန်နှင့်ယှဉ်တွဲပြီး အမှုဆောင်နေကြသော “လူအုပ်ကြီး” အဝင်ဖြစ်သူ ကျွန်ုပ်တို့များစွာကို ဩဇာသက်ရောက်ခဲ့ပြီ။—ဗျာဒိတ် ၇:၉။
သင်သည် ပြည့်စုံချက်အဝင်ဖြစ်သလော
၁၀၊ ၁၁။ (က) ဟေရှာယ ၃၅:၅-၇ ၏ပြည့်စုံချက်တွင် အသင်မည်သို့ပါဝင်ပတ်သက်နေသနည်း။ (ခ) ဤပြောင်းလဲမှုများကို သင်မည်သို့ယူမှတ်သနည်း။
၁၀ သင့်ကိုယ်ကို နမူနာအဖြစ်ကြည့်ပါ။ သင်သည် ယေဟောဝါသက်သေများနှင့် မပေါင်းသင်းမီ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ခဲ့သလော။ ဖတ်ခဲ့လျှင် မည်မျှနားလည်ခဲ့သနည်း။ သာဓကအနေနှင့် သင်သည် သေလွန်သူများ၏အခြေအနေနှင့်ပတ်သက်သော အမှန်တရားကို ယခုသိရှိလာပြီ။ ယင်းအကြောင်းကိုစိတ်ဝင်စားသူတစ်ဦးအား သင်သည် ကမ္ဘာဦး အခန်းကြီး ၂၊ ဒေသနာ အခန်းကြီး ၉ နှင့်ယေဇကျေလ အခန်းကြီး ၁၈ ပါသက်ဆိုင်ရာကျမ်းချက်များအပြင် အခြားကျမ်းပိုဒ်မြောက်မြားစွာကို ထောက်ပြလာနိုင်ပြီဖြစ်သည်။ အကြောင်းအရာများစွာ၊ ဖြေရှင်းချက်များစွာကို ကျမ်းစာမည်သို့သွန်သင်ထားကြောင်း သင်ကောင်းစွာနားလည်နေသည်။ ရိုးရိုးရှင်းရှင်းတင်ပြရလျှင် သမ္မာကျမ်းစာသည် သင့်အတွက်ယုတ္တိရှိပြီး အခြားသူများကို ယင်းအကြောင်း အတော်အတန်ရှင်းပြနိုင်ပြီဖြစ်သည်။
၁၁ သို့ရာတွင် ‘ကျမ်းစာသမ္မာတရားအားလုံးကို ကျွန်ုပ်မည်သို့နားလည်လာသနည်း’ ဟုကျွန်ုပ်တို့တစ်ဦးစီအနေနှင့် မိမိကိုယ်ကို မေးစမ်းကြည့်လျှင်ကောင်းမည်။ ယေဟောဝါ၏လူမျိုးတော်နှင့်အတူ ကျမ်းစာမလေ့လာမီက ထိုကျမ်းပိုဒ်အားလုံးကို ရှာတတ်သလော။ ယင်းကျမ်းပိုဒ်တို့ကို သဘောပေါက်နားလည်ပြီး ဆိုလိုချက်ကိုပါ မှန်ကန်စွာကောက်ချက်ချနိုင်ခဲ့သလော။’ ရှင်းရှင်းဖြေဆိုရလျှင် မသိခဲ့ပါဟူ၍ဖြစ်မည်။ ဤသို့ပြောလိုက်သည့်အတွက် မည်သူမျှစိတ်မရှိသင့်ပါ။ သို့သော် အမှန်မှာ သင်သည် ဤကျမ်းချက်များ၊ ယင်းတို့၏အဓိပ္ပာယ်များနှင့်ပတ်သက်၍ မျက်စိကွယ်ခဲ့ကြောင်း ကျွန်ုပ်တို့ပြောနိုင်ပါသည်။ မှန်သည်မဟုတ်လော။ ယင်းကျမ်းချက်များသည် သမ္မာကျမ်းစာတွင်ရှိနေပါသည်။ သို့သော် ယင်းတို့ကိုသင်မမြင်၊ ယင်းတို့၏အဓိပ္ပာယ်ကိုလည်း မသိရှိခဲ့ပါ။ သို့ဖြစ်လျှင် သင်၏မျက်စိသည် ဝိညာဉ်ရေးအရ မည်သို့ဖွင့်ပေးခံရသနည်း။ ဟေရှာယ ၃၅:၅ ကိုဘိသိက်ခံအကြွင်းအကျန်အပေါ် ပြည့်စုံစေရန် ယေဟောဝါ၏လုပ်ဆောင်ချက်ကြောင့်ဖြစ်သည်။ ထပ်တစ်ဖန် သင်သည်လည်း မျက်စိများပွင့်လာသည်။ သင်သည် ဝိညာဏမှောင်မိုက်တွင် မရှိတော့ပါ။ သင်မြင်နိုင်ပေပြီ။—ဗျာဒိတ် ၃:၁၇၊ ၁၈ နှိုင်းယှဉ်။
၁၂။ (က) ဤအချိန်သည် အံ့ဖွယ်တန်ခိုးဖြင့် ကာယရေးကုသမှုပြုပေးသည့်အချိန်မဟုတ်ကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။ (ခ) ညီအစ်ကိုအက်ဖ်.ဒဘလျူ.ဖရန့်ဇ်၏အဖြစ်အပျက်က ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံနေသော ဟေရှာယ ၃၅:၅ ကိုမည်သို့ပုံဖော်ပြသနည်း။
၁၂ ဤအချိန်သည် သမိုင်းတွင်အံ့ဖွယ်ရာကုသမှုများပြုလုပ်ချိန်မဟုတ်ကြောင်း သမ္မာကျမ်းစာနှင့် နှစ်ရာစုများတစ်လျှောက် ဘုရားသခင်၏အစီအမံများကို တက်ကြွထက်သန်စွာလေ့လာခဲ့သူများ သိနားလည်ကြသည်။ (၁ ကောရိန္သု ၁၃:၈-၁၀) ထို့ကြောင့် ယေရှုခရစ်တော်က မိမိသည် ဘုရားသခင်၏ပရောဖက်၊ မေရှိယဖြစ်ကြောင်း သက်သေထူရန် ကွယ်နေသောမျက်လုံးများကို ဖွင့်ပေးဖို့ ကျွန်ုပ်တို့မမျှော်လင့်ပါ။ (ယောဟန် ၉:၁-၇၊ ၃၀-၃၃) နားပင်းသူအားလုံးကို တစ်ဖန်ပြန်ကြားရရန် ကိုယ်တော်လုပ်ပေးနေတော်မမူပါ။ ဘိသိက်ခံတစ်ယောက်ဖြစ်ပြီး ထိုစဉ်ကကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သူ ဖရက်ဒရစ်ခ် ဒဘလျူ ဖရန့်ဇ်သည် အသက် ၁၀၀ ပြည့်ခါနီးချိန်တွင် မျက်စိကွယ်သွားသည့်အပြင် နားကြားကိရိယာကိုပါ အသုံးပြုခဲ့ရသည်။ နှစ်အတန်ကြာ စာမဖတ်နိုင်ပါ; သို့သော်လည်း ဟေရှာယ ၃၅:၅ ပါအဓိပ္ပာယ်မျိုးဖြင့် သူသည်မျက်စိကန်းသည် သို့မဟုတ် နားပင်းသည်ဟု သူ့ကိုမည်သူယူမှတ်မည်နည်း။ ထူးခြားထက်မြက်သော သူ၏ဝိညာဏစက္ခုအာရုံသည် ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်လူမျိုးတော်အတွက် ကောင်းချီးတစ်ရပ်ဖြစ်ခဲ့ပါသည်။
၁၃။ ဘုရားသခင်၏မျက်မှောက်ခေတ်လူမျိုးသည် အဘယ်ပြောင်းလဲမှု သို့မဟုတ် ပြန်လည်တည်ထောင်မှုကို တွေ့ကြုံရသနည်း။
၁၃ သင်၏လျှာကော အသို့နည်း။ ဘုရားသခင်၏ဘိသိက်ခံများသည် ဝိညာဉ်ရေးသုံ့ပန်းဘဝရောက်နေစဉ်က ဆွံ့အသူများဖြစ်ခဲ့ကြပေမည်။ သို့သော် ဘုရားသခင်သည် ယင်းအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်နှင့် သူတို့၏လျှာများသည် တည်ထောင်ပြီးဖြစ်သော ဘုရားသခင်၏နိုင်ငံတော်နှင့် အနာဂတ်အတွက် ဘုရားသခင့်ကတိတော်များနှင့်ပတ်သက်၍ သိရှိထားသမျှကို ဝမ်းမြောက်ဝမ်းသာ စတင်ကြွေးကြော်ခဲ့ကြသည်။ သင်၏လျှာဆွံ့အမနေစေရန် သူတို့ ကူညီပေးခဲ့ပေမည်။ ယခင်က သင်သည် အခြားသူများကိုကျမ်းစာသမ္မာတရားအကြောင်း မည်မျှပြောဆိုခဲ့သနည်း။ တစ်ချိန်က သင်သည် ‘သင်ရတာတော့ ပျော်ပါတယ်၊ ဒါပေမဲ့ သူစိမ်းတွေကို ဘယ်တော့မှ သွားပြောမှာမဟုတ်ဘူး’ ဟု တွေးခဲ့ဖူးမည်။ သို့ရာတွင် ‘စကားအသောသူသည်’ ယခု ‘ဝမ်းမြောက်စွာကြွေးကြော်ခွင့်ရနေကြ’ ပြီ မဟုတ်လော။—ဟေရှာယ ၃၅:၆၊ သမ။
၁၄၊ ၁၅။ ကျွန်ုပ်တို့ခေတ်တွင် များစွာသောသူတို့သည် “သန့်ရှင်းသောလမ်း” ပေါ် မည်သို့လျှောက်နေကြသနည်း။
၁၄ ရှေးခေတ်ကဂျူးများသည် ဗာဗုလုန်ပြည်မှ လွတ်မြောက်ခဲ့ကြသောအခါ သူတို့၏နေရင်းပြည်သို့ပြန်ရန် ခရီးရှည်ကြီးကို နှင်ခဲ့ကြရသည်။ ကျွန်ုပ်တို့ခေတ်တွင် အဘယ်ခရီးနှင့်တူသနည်း။ ဟေရှာယ ၃၅:၈ (သမ္မာ) ကိုကြည့်ပါ– “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကိုမလျှောက်မသွားရ။”
၁၅ ဝိညာဉ်ရေးသုံ့ပန်းဘဝမှ လွတ်မြောက်ချိန်ကစပြီး ဘိသိက်ခံအကြွင်းအကျန်သည် ယခုသန်းနှင့်ချီရှိသောအခြားသိုးများနှင့်အတူ လက်တွဲကာ မဟာဗာဗုလုန်ထဲမှထွက်ကြ၍ ဝိညာဏပရဒိသုကိုဦးတည်သော သန့်ရှင်းစင်ကြယ်သည့် ပုံဆောင်လမ်းမကြီးပေါ်တွင် ခရီးနှင်လာကြသည်။ ကျွန်ုပ်တို့သည် ဤသန့်ရှင်းသောလမ်းပေါ်တွင် ဆက်ပြီးလျှောက်နိုင်ဖို့အရည်အချင်းပြည့်မီရန် အစွမ်းကုန်ကြိုးစားနေကြပါသည်။ မိမိကိုယ်ကိုစဉ်းစားကြည့်ပါ။ ယခုသင်လိုက်နေသည့် စာရိတ္တစံနှုန်းများနှင့် အခြေခံမူများသည် သင်လောကတွင်ရှိနေခဲ့စဉ်ကထက် ပိုပြီးမြင့်မားသည်မဟုတ်လော။ သင်၏အတွေးအခေါ်၊ အကျင့်အကြံတို့ကို ယေဟောဝါ၏စံနှုန်းများနှင့် ကိုက်ညီစေရန် အပတ်တကုတ်ကြိုးစားအားထုတ်နေသည် မဟုတ်ပေလော။—ရောမ ၈:၁၂၊ ၁၃; ဧဖက် ၄:၂၂-၂၄။
၁၆။ ကျွန်ုပ်တို့သည် သန့်ရှင်းသောလမ်းပေါ်လျှောက်ကြရာတွင် အဘယ်အခြေအနေများကို မွေ့လျော်နိုင်သနည်း။
၁၆ ဤသန့်ရှင်းသောလမ်းပေါ်တွင် သင်ဆက်လက်လျှောက်သွားနေစဉ် သားရဲကဲ့သို့သောသူများကို စိုးရိမ်ကြောက်လန့်စရာ မရှိသလောက်ပင်ဖြစ်သည်။ လောကတွင် လောဘရမ္မက်ကြီးသူ သို့မဟုတ် ရန်လိုမုန်းထားသူများသည် ပုံဆောင်သဘောအရ သင့်ကို ‘အရှင်လတ်လတ်ဝါးမျိုပစ်’ မည်စိုး၍ သတိထားနေရ၏။ များစွာသောသူတို့သည် အခြားသူများနှင့်ဆက်ဆံရာတွင် အမြဲပင် နိုင်ထက်စီးနင်းပြုကျင့်တတ်ကြ၏။ ဘုရားသခင်၏လူများအလယ်တွင် ယင်းနှင့်မည်မျှကွာခြားလိုက်သည်ဖြစ်ခြင်း! သူတို့အလယ်တွင် သင်သည် အကာအကွယ်ရှိဝန်းကျင်၌ ရှိနေရသည်။ သင်၏ခရစ်ယာန်ညီအစ်ကိုချင်းတို့သည် မစုံလင်ကြသည်ကား အမှန်ပင်; ရံဖန်ရံခါ တစ်ဦးတစ်ယောက်ကအမှားလုပ်မိသည် သို့မဟုတ် စိတ်နာစရာလုပ်မိသည်။ သို့သော် သင့်ညီအစ်ကိုများသည် သင့်ကို တမင်သက်သက်နစ်နာစေရန် သို့မဟုတ် သင့်ကိုဝါးမျိုဖို့ရန် မရည်ရွယ်ပါ။ (ဆာလံ ၅၇:၄; ယေဇကျေလ ၂၂:၂၅; လုကာ ၂၀:၄၅-၄၇; တမန်တော် ၂၀:၂၉; ၂ ကောရိန္သု ၁၁:၁၉၊ ၂၀; ဂလာတိ ၅:၁၅) ယင်းအစား သူတို့သည် သင့်ကိုစိတ်ဝင်စားသည်; သင့်ကိုကူညီခဲ့ပြီ; သင်နှင့်အတူ အမှုဆောင်လိုကြသည်။
၁၇၊ ၁၈။ အဘယ်သဘောမျိုးဖြင့် ယခု ပရဒိသုတည်ရှိနေသနည်း။ ယင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သနည်း။
၁၇ ထို့ကြောင့် ဟေရှာယအခန်းကြီး ၃၅ ကိုစိစစ်ကြည့်ရာတွင် အခန်းငယ် ၁ မှ ၈ ၏လတ်တလောပြည့်စုံချက်ကို သတိပြုကြမည်။ ဝိညာဏပရဒိသုဟု မှန်ကန်စွာခေါ်နိုင်သည့်အရာကို တွေ့ရှိထားကြောင်း မထင်ရှားသလော။ မစုံလင်သေးသည်ကား မှန်သည်။ သို့သော် ပရဒိသုအစစ်အမှန်ဖြစ်သည်။ အကြောင်းမူကား အခန်းငယ် ၂ ၌ဖော်ပြထားသကဲ့သို့ ဤတွင် “ထာဝရဘုရား၏ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်းမြင်” နိုင်ပြီဖြစ်သောကြောင့်တည်း။ အကျိုးသက်ရောက်မှုကားအဘယ်နည်း။ အခန်းငယ် ၁၀ (သမ) က ဤသို့နိဂုံးချုပ်သည်– “ထာဝရဘုရားနုတ်တော်မူသောသူတို့သည် ပြန်လာရာ ရွှင်လန်းခြင်းသရဖူကို အမြဲဆောင်း၍ ဇိအုန်မြို့သို့ကြွေးကြော်လျက် လာရောက်ကြလိမ့်မည်။ ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။” ကျွန်ုပ်တို့သည် မှောက်မှားသောဘာသာမှ ထွက်လာခဲ့ပြီး ဘုရားသခင့်မျက်နှာသာတော်အောက်တွင် စစ်မှန်သောဝတ်ပြုရေးကို လိုက်စားနေခြင်းသည် အမှန်ပင်ရွှင်လန်းမှုရှိစေသည်။
၁၈ စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သောရွှင်လန်းမှုသည် ဆက်၍သာတိုးပွားနေသည် မဟုတ်သလော။ လူသစ်များသည် ပြောင်းလဲလာကြပြီး သမ္မာတရားတွင် အခြေချလာကြသည်ကို သင်တွေ့မြင်နေရသည်။ အသင်းတော်တွင် လူငယ်များသည် ကြီးပြင်းလာကြပြီး ဝိညာဉ်ရေးဘက်တိုးတက်သည်ကို သင်တွေ့မြင်နေရသည်။ သင်သိရှိသူများ နှစ်ခြင်းယူကြသည်ကို သင်တွေ့မြင်နေသည်။ ယင်းတို့သည် ယနေ့ရွှင်လန်းအားရစရာ၊ အကြီးအကျယ်ရွှင်လန်းဖို့ကောင်းသောအကြောင်းများ မဟုတ်ပေလော။ မှန်ပေသည်၊ ကျွန်ုပ်တို့၏ဝိညာဏလွတ်လပ်မှုနှင့် ဝိညာဏပရဒိသုအခြေအနေများကို အခြားသူများလည်း ဝေမျှခံစားလာနေကြကြောင်း တွေ့ရှိရခြင်းသည် အမှန်တကယ်ပင် ပျော်ရွှင်စရာပါတကား!
ဖြစ်လာဦးမည့် ပြည့်စုံချက်တစ်ခု!
၁၉။ ဟေရှာယ အခန်းကြီး ၃၅ က ကျွန်ုပ်တို့ကို အဘယ်မျှော်လင့်ချက်ရှိစေသနည်း။
၁၉ ပြည်တော်ပြန်ဂျူးများအပေါ် ပထမပြည့်စုံခြင်းနှင့် ယနေ့ ဝိညာဉ်ရေးအရပြည့်စုံနေခြင်းတို့နှင့်ပတ်သက်၍ ဟေရှာယ အခန်းကြီး ၃၅ ကို ဤအထိသုံးသပ်ဆင်ခြင်ခဲ့ကြပြီ။ သို့သော် ယင်းသည် အဆုံးမဟုတ်ပါ။ များစွာကျန်ရှိသေးသည်။ ကမ္ဘာမြေကြီးပေါ်တွင် တကယ့်ပရဒိသုအခြေအနေများ ပြန်လည်ထူထောင်တော့မည်အကြောင်းနှင့်ဆိုင်သော ကျမ်းစာအာမခံချက်နှင့်လည်း ယင်းကဆက်စပ်နေပါသည်။—ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၄၊ ၅။
၂၀၊ ၂၁။ ဟေရှာယ အခန်းကြီး ၃၅ ၏နောက်ထပ်ပြည့်စုံချက်တစ်ခုရှိသေးသည်ဟု ယုံကြည်ခြင်းသည် အဘယ်ကြောင့်ယုတ္တိရှိပြီး ကျမ်းစာနှင့်ညီညွတ်သနည်း။
၂၀ ယေဟောဝါသည် ပရဒိသုတစ်ခုအကြောင်းကို ဤမျှကွက်ကွက်ကွင်းကွင်း ရုပ်လုံးဖော်ပြထားတော်မူပြီးကာမှ ဝိညာဏရေးရာများလောက်သာပြည့်စုံဖို့ရန် ကန့်သတ်ထားပါက ရှေ့နောက်ညီညွတ်သောအရှင်ဖြစ်မည်မဟုတ်ပါ။ ဤသို့ဆိုသဖြင့် ဝိညာဏပြည့်စုံချက်များသည် အရေးမပါဟူ၍ ဆိုလိုနေခြင်းမဟုတ်ပါ။ တကယ့်ပရဒိသု ဖြစ်ပေါ်လာသည်ဆိုဦးတော့ သာယာလှပသောရှုခင်းနှင့် အေးချမ်းငြိမ်သက်သောတိရစ္ဆာန်များအလယ်တွင် ဝိညာဉ်ရေးအရဖောက်ပြန်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများအလား ပြုမူကျင့်ကြံသူများ ဝန်းရံနေမည်ဆိုလျှင် ကျွန်ုပ်တို့ကျေနပ်နိုင်မည်မဟုတ်ပါ။ (တိတု ၁:၁၂ နှိုင်းယှဉ်။) မှန်ပါသည်၊ ဝိညာဉ်ရေးအရ ဦးဆုံးပြည့်စုံရမည်။ အကြောင်းမူကား ယင်းသည် အရေးအကြီးဆုံးဖြစ်သည်။
၂၁ သို့တိုင် လာလတ္တံ့သောပရဒိသုသည် ယခုကျွန်ုပ်တို့ခံစားနေရသည့်၊ အနာဂတ်တွင် ထပ်ဆင့်ခံစားရဦးမည့် ဝိညာဏရေးရာရှုထောင့်များနှင့်သာ ပြီးမည်မဟုတ်ပါ။ ဟေရှာယ အခန်းကြီး ၃၅ ကဲ့သို့သောပရောဖက်ပြုချက်များသည် စာသားအတိုင်းပြည့်စုံဖို့ရန် ကျွန်ုပ်တို့မျှော်လင့်စရာ ခိုင်လုံသောအကြောင်းရှိသည်။ အဘယ်ကြောင့်နည်း။ အမှန်မှာ အခန်းကြီး ၆၅ တွင် ဟေရှာယက “ကောင်းကင်သစ်နှင့်မြေကြီးသစ်” အကြောင်း တင်ကူးပြောခဲ့သည်။ ယေဟောဝါရှင်၏နေ့တော်ရက်ကြီးပြီးနောက် ဆက်ဖြစ်လာမည့်အရာကို ဖော်ပြရာတွင် ယင်းကို တမန်တော်ပေတရုတင်ပြခဲ့သည်။ (ဟေရှာယ ၆၅:၁၇၊ ၁၈; ၂ ပေတရု ၃:၁၀-၁၃) ဟေရှာယဖော်ပြခဲ့သော အသွင်အပြင်များသည် “မြေကြီးသစ်” ဖြစ်ပေါ်လာသည့်အခါ အမှန်တကယ်တည်ရှိမည်ဟု ပေတရုညွှန်ပြနေခြင်းဖြစ်သည်။ ထိုတွင် သင်နှင့်ရင်းနှီးကျွမ်းဝင်သည့် သရုပ်ဖော်ပြချက်များ—အိမ်ဆောက်၍နေထိုင်ခြင်း; စပျစ်ဥယျာဉ်ကိုစိုက်၍ စားခြင်း; မိမိပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ခြင်း; တောခွေးနှင့်သိုးသငယ် အတူနေထိုင်ခြင်း; မြေမဟီတစ်လွှားအန္တရာယ်ကင်းဝေးခြင်းတို့ပါဝင်သည်။ တစ်နည်းဆိုရလျှင် အသက်တာရှည်ခြင်း၊ အိုးအိမ်လုံခြုံမှုရှိခြင်း၊ အစားအသောက်အလျှံပယ်ရှိခြင်း၊ ကျေနပ်ဖွယ်ကောင်းသောအလုပ်; တိရစ္ဆာန်များစပ်ကြား ငြိမ်သက်အေးချမ်းမှုရှိခြင်းနှင့် လူနှင့်တိရစ္ဆာန်စပ်ကြား ငြိမ်သက်အေးချမ်းခြင်းတို့ဖြစ်သည်။
၂၂၊ ၂၃။ ဟေရှာယ အခန်းကြီး ၃၅ ၏အနာဂတ်ပြည့်စုံချက်၌ ရွှင်လန်းစရာ အဘယ်အခြေခံအကြောင်းရှိသနည်း။
၂၂ ထိုအလားအလာသည် သင့်ကိုရွှင်လန်းမှု ပြည့်ဝစေသည်မဟုတ်လော။ ပြည့်ဝစေသင့်သည်။ အကြောင်းမူကား ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤအတိုင်းအသက်ရှင်ဖို့ရန် ဖန်ဆင်းထားတော်မူပြီ။ (ကမ္ဘာဦး ၂:၇-၉) ထို့ကြောင့် ကျွန်ုပ်တို့သုံးသပ်နေသည့် ဟေရှာယ အခန်းကြီး ၃၅ တွင်ပါသောပရောဖက်ပြုချက်က အဘယ်အဓိပ္ပာယ်ရှိသနည်း။ ရွှင်လန်းစွာ ကြွေးကြော်ဖို့အတွက် အခြားအကြောင်းတစ်ခုရှိသေးခြင်းဖြစ်သည်။ ပကတိသဲကန္တာရများနှင့် ရေမရသောဒေသများသည် စည်ပင်ဖွံ့ဖြိုးပြီး ကျွန်ုပ်တို့ရွှင်လန်းစရာဖြစ်စေမည်။ ယခုအခါတွင် မျက်မမြင်ဖြစ်နေကြရသော အပြာရောင်မျက်လုံး၊ အညိုရောင်မျက်လုံး သို့မဟုတ် အခြားနှစ်သက်ဖွယ် မျက်လုံးအရောင်အသွေးပိုင်ရှင်များသည် ထိုအခါ မျက်စိပြန်မြင်လာကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုချင်းတို့အထဲမှ နားပင်းနေသူများသာမက နားကောင်းကောင်းမကြားရသောသူများပင်လျှင် ကြည်လင်သောအသံများကို ကြားကြရမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် ဖတ်ရှုပြီးရှင်းပြခြင်းကိုနားထောင်ဖို့ရန်သာမက သစ်ပင်များကို လေပြေလေညင်းတိုက်ခတ်သည့် နှစ်ခြိုက်ဖွယ်အသံ၊ ကလေးတစ်ဦး၏ရယ်မောသံ၊ ကျေးငှက်တစ်ကောင်၏ ကျူးရင့်သံတို့ကို နားထောင်ဖို့ရန် ဤစွမ်းရည်ကို အသုံးပြုရမည်ဆိုလျှင် မည်မျှရွှင်လန်းစရာကောင်းလိုက်မည်ဖြစ်ခြင်း!
၂၃ ယင်းကား အဆစ်အမြစ်ကိုက်ခဲသူများအပါအဝင် မသန်မစွမ်းသူများလည်း နာကျင်မှုမရှိဘဲသွားလာနိုင်မည့်အဓိပ္ပာယ်သက်ရောက်သည်။ မည်မျှစိတ်ချမ်းသာစရာပါတကား! ထိုအခါ တောင်ကျချောင်းရေများသည် ကန္တာရကိုဖြတ်ပြီး တသွင်သွင်စီးဆင်းလိမ့်မည်။ တလိမ့်လိမ့်တက်လာသောရေကို ကျွန်ုပ်တို့တွေ့ရမည်။ တပွက်ပွက်ပန်းထွက်နေသောရေသံကိုလည်း ကြားရမည်ဖြစ်သည်။ ထိုနေရာတွင် လမ်းလျှောက်ကြပြီး စိမ်းလန်းသောမြက်ပင်နှင့် ကျူပင်များကို တွေ့ထိကိုင်တွယ်နိုင်မည်ဖြစ်သည်။ ယင်းသည် ပြန်လည်ထူထောင်ထားသော ပရဒိသုအမှန်ပင်ဖြစ်လိမ့်မည်။ ခြင်္သေ့ သို့မဟုတ် ယင်းကဲ့သို့သော အခြားတိရစ္ဆာန်တစ်ကောင်ကောင်၏ဝန်းကျင်တွင် ကြောက်စရာမလိုဘဲ နေရခြင်းသည် မည်မျှပျော်ရွှင်စရာဖြစ်မည်ကို စဉ်းစားကြည့်လေ။ ကျွန်ုပ်တို့အားလုံး ဤမြင်ကွင်းကို စိတ်ကူးနှင့်တွေးမိပြီး ကြည်နူးနှစ်ခြိုက်ခဲ့ကြပြီဖြစ်ရာ ဤအကြောင်းကို အထူးတလည်ဖော်ပြနေစရာမလိုပါ။
၂၄။ ဟေရှာယ ၃၅:၁၀ တွင်ပါသောစကားနှင့် ကျွန်ုပ်တို့အဘယ်ကြောင့် သဘောတူညီနိုင်သနည်း။
၂၄ ဟေရှာယက ဤသို့အာမခံထားသည်– “ထာဝရဘုရားနုတ်တော်မူသောသူတို့သည် ပြန်လာရာ ရွှင်လန်းခြင်းသရဖူကို အမြဲဆောင်း၍ ဇိအုန်မြို့သို့ကြွေးကြော်လျက် လာရောက်ကြလိမ့်မည်။” ထို့ကြောင့် ကျွန်ုပ်တို့သည် ရွှင်လန်းစွာကြွေးကြော်နိုင်ရန်အကြောင်းရှိသည်ဟု သဘောတူနိုင်ကြပါသည်။ ယေဟောဝါရှင်သည် ကိုယ်တော်၏လူမျိုးတော်အတွက် ဝိညာဏပရဒိသုတွင် ပြုလုပ်ပေးနေသောအရာအပေါ် ရွှင်လန်းစရာနှင့် လက်တစ်ကမ်းအနာဂတ်တွင်ဖြစ်လာမည့် တကယ့်ပရဒိသုတွင် ကျွန်ုပ်တို့မျှော်လင့်နိုင်သည့်အရာအပေါ် ရွှင်လန်းစရာများရှိသည်ကို ကျွန်ုပ်တို့သဘောတူနိုင်ကြသည်။ ရွှင်လန်းသူများဖြစ်ကြသည့်—ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး—ဟေရှာယက ဤသို့နိဂုံးချုပ်ထားပါသည်– “ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။”—ဟေရှာယ ၃၅:၁၀၊ သမ။
သင်သတိပြုမိသလော
◻ ဟေရှာယ အခန်းကြီး ၃၅ ၏ဒုတိယပြည့်စုံချက်ကား အဘယ်နည်း။
◻ ဟေရှာယကြိုတင်ဟောသော အံ့ဖွယ်ပြောင်းလဲမှုများနှင့် ဝိညာဏသဘောအရ အလားသဏ္ဌာန်တူညီသည့်အချက်ကား အဘယ်သနည်း။
◻ ဤပရောဖက်ပြုချက်ပြည့်စုံခြင်းတွင် သင်မည်သို့ပါဝင်ခဲ့ပြီနည်း။
◻ ဟေရှာယ အခန်းကြီး ၃၅ သည် အနာဂတ်အတွက် မျှော်လင့်ချက်ပြည့်ဝစေသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
၁၉၁၈၊ ဇွန်လတွင် ထင်ရှားသောညီအစ်ကိုခုနစ်ဦး အချုပ်ခံခဲ့ရသည့် နယူးယောက်မြို့၊ ဘရွတ်ကလင်ရပ်ကွက်ရှိ ရေမန်ဒ်လမ်း အကျဉ်းထောင်ပုံ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ညီအစ်ကိုဖရန့်ဇ်သည် သူ့အသက်တာ၏ အဆုံးပိုင်းနှစ်များတွင် မျက်စိကွယ်သွားသော်လည်း သူ၏ဝိညာဏစက္ခုအာရုံသည် ဆက်၍ရှင်သန်နေခဲ့သည်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဝိညာဏကြီးထွားမှုနှင့် တိုးတက်မှုသည် ရွှင်လန်းစရာအကြောင်းများဖြစ်