ကျွန်ုပ်တို့တွင် ရွှင်လန်းမှုအတွက် ဟစ်ကြွေးရန် အကြောင်းရင်းရှိ
“ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။”—ဟေရှာယ ၃၅:၁၀၊ သမ။
၁။ ယနေ့ အထူးရွှင်လန်းနိုင်သူများကား မည်သူတို့ဖြစ်သနည်း။
ယခုခေတ်တွင် အမှန်ရွှင်လန်းနိုင်သူ အနည်းငယ်သာရှိသည်ကို အသင်တွေ့ရှိပေမည်။ သို့သော် ယေဟောဝါသက်သေများသည် စစ်မှန်သောခရစ်ယာန်များဖြစ်သောကြောင့် ရွှင်လန်းမှုရှိကြသည်။ ထပ်တူရွှင်လန်းမှုမျိုးကို သက်သေခံများနှင့် ပေါင်းသင်းနေသည့် ယခုထိ နှစ်ခြင်းမခံရသေးသော အခြားလူကြီးလူငယ် သန်းပေါင်းများစွာတို့လည်း ရရှိနိုင်၏။ ဤရွှင်လန်းမှုကို သင်ရရှိထားပြီဖြစ်ကြောင်း သို့မဟုတ် ရရှိနိုင်မည်ဖြစ်ကြောင်း အထက်ပါစကားများကို ဤမဂ္ဂဇင်းတွင် ယခုသင်ဖတ်ရှုနေခြင်းက တင်ပြပါသည်။
၂။ ခရစ်ယာန်တစ်ဦး၏ရွှင်လန်းမှုသည် လူအများ၏ယေဘုယျအခြေအနေနှင့် မည်သို့ကွာခြားသနည်း။
၂ လူအများစုက သူတို့၏အသက်တာတွင် တစ်ခုခုလိုအပ်နေသည်ဟု ခံစားရကြသည်။ အသင်ကော မည်သို့နည်း။ သင်အသုံးပြုနိုင်သည့်ပစ္စည်းတိုင်းကို သင်ပိုင်ဆိုင်ချင်မှပိုင်ဆိုင်မည်။ မျက်မှောက်ခေတ် လူကုံထံနှင့်အာဏာရှိသူများတွင်ရှိသော အသုံးအဆောင်ပစ္စည်းအားလုံး သင့်ထံတွင်မရှိသည်မှာသေချာသည်။ ယခုထက်လည်း ပိုပြီးကျန်းမာသန်စွမ်း လိုပေမည်။ သို့တိုင် ရွှင်လန်းမှုနှင့်ပတ်သက်၍ ပြောဆိုရလျှင် မြေကြီးသား သန်းပေါင်းများစွာတို့ထက် သင်သည် ကျန်းမာချမ်းသာပါသည်ဟု စိတ်ချလက်ချပြောနိုင်၏။ မည်သို့အားဖြင့်နည်း။
၃။ အဘယ်အဓိပ္ပာယ်ပြည့်ဝသောစကားများကို ကျွန်ုပ်တို့အာရုံပြုသင့်သနည်း။ အဘယ်ကြောင့်နည်း။
၃ ယေရှု၏ ဤစကားများကို ပြန်သတိရပါ– “သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း သင်တို့ဝမ်းမြောက် [“ရွှင်လန်း၊” ကဘ] စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။” (ယောဟန် ၁၅:၁၁) “သင်တို့ဝမ်းမြောက် [“ရွှင်လန်း၊” ကဘ] စရာအကြောင်း စုံလင်စေ” ပေမည်။ အလွန်ကောင်းသော ဖော်ပြချက်ပါတကား! ခရစ်ယာန်ဘဝပုံစံကို ခရေစေ့တွင်းကျလေ့လာကြည့်ရှုကြရာတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှု စုံလင်ရသည့် အကြောင်းများစွာရှိကြောင်း ထင်ရှားသည်။ သို့သော် လောလောဆယ်တွင် ဟေရှာယ ၃၅:၁၀ (သမ) ပါအဓိပ္ပာယ်ပြည့်ဝသောစကားများကို မှတ်သားပါ။ ယင်းသည် ယနေ့ကျွန်ုပ်တို့နှင့် များစွာသက်ဆိုင်နေသောကြောင့် အမှန်တကယ်အဓိပ္ပာယ်ပြည့်ဝသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထာဝရဘုရားနုတ်တော်မူသောသူတို့သည် ပြန်လာရာ ရွှင်လန်းခြင်းသရဖူကို အမြဲဆောင်း၍ ဇိအုန်မြို့သို့ကြွေးကြော်လျက် လာရောက်ကြလိမ့်မည်။ ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။”
၄။ ဟေရှာယ ၃၅:၁၀ တွင် အဘယ်ရွှင်လန်းမှုမျိုးကို ဖော်ပြထားသနည်း။ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်အာရုံပြုသင့်သနည်း။
၄ ‘ရွှင်လန်းခြင်းသရဖူကို အစဉ်အဆက်ဆောင်း’ မည်။ ‘အစဉ်အဆက်’ ဟူသည် ဟေရှာယအသုံးပြုခဲ့သည့်ဟေဗြဲစကားလုံး၏ တိကျသောဘာသာပြန်ချက်ဖြစ်သည်။ သို့သော် ဤအခန်းငယ်၏ ဆိုလိုရင်းကား “ထာဝစဉ်” ဖြစ်ကြောင်း အခြားကျမ်းချက်များကထောက်ခံသည်။ (ဆာလံ ၄၅:၆; ၉၀:၂; ဟေရှာယ ၄၀:၂၈) ထို့ကြောင့် ရွှင်လန်းမှုအတောမသတ်ဘဲ ထာဝစဉ်ရွှင်လန်းနိုင်ခွင့်—ဟုတ်မှန်ခြေမြစ်သောအခြေအနေများ တည်ရှိပါလိမ့်မည်။ အလွန်နှစ်ခြိုက်ဖွယ်ရာ မဟုတ်ပေလော။ သို့ရာတွင် ဤအခန်းငယ်သည် စိတ်ကူးသက်သက်ဖြစ်သည်၊ ‘ဒါဟာ ငါ့ရဲ့နေ့စဉ်ပြဿနာတွေနဲ့ စိုးရိမ်မှုတွေလို ငါနဲ့ တကယ်မပတ်သက်ဘူး’ ဟုသင့်အားယူမှတ်စေပေမည်။ သို့သော် ဖြစ်ရပ်မှန်များက ထိုသို့မတင်ပြပါ။ ဟေရှာယ ၃၅:၁၀ ပါပရောဖက်ပြုချက်ဆိုင်ရာ ကတိတော်သည် ယနေ့ သင့်အတွက် အဓိပ္ပာယ်ရှိသည်။ မည်သို့အဓိပ္ပာယ်ရှိသည်ကိုသိရှိရန် ဤအလွန်ပြောင်မြောက်သော ဟေရှာယ ၃၅ ၏ရှေ့နောက်စကားကို တစ်ပိုင်းစီသုံးသပ်ကြည့်ကြစို့။ သဘောပေါက်နားလည်သည့်အချက်ကို သင်အမှန်တကယ်နှစ်ခြိုက်ပါလိမ့်မည်။
ရွှင်လန်းရန်လိုနေသောလူများ
၅။ ဟေရှာယ အခန်းကြီး ၃၅ ပါပရောဖက်ပြုချက်သည် ပရောဖက်ပြုချက်ဆိုင်ရာ အဘယ်နောက်ခံမှပေါ်ပေါက်လာသနည်း။
၅ အထောက်အကူအဖြစ် ဤအလွန်စိတ်ဝင်စားစရာကောင်းသော ပရောဖက်ပြုချက်၏ နောက်ခံအခြေအနေ၊ သမိုင်းဝင်အဖြစ်အပျက်ကို လေ့လာကြည့်ကြစို့။ ယင်းကို ဟေဗြဲပရောဖက်ဟေရှာယသည် ဘီ.စီ.အီး ၇၃၂ ခုခန့်က ရေးသားခဲ့သည်။ ထိုအချိန်ကား ယေရုရှလင်မြို့ကို ဗာဗုလုန်စစ်တပ်များ မဖျက်ဆီးမီ ဆယ်စုနှစ်များစွာအချိန်ကဖြစ်သည်။ ဟေရှာယ ၃၄:၁၊ ၂ ကဖော်ပြသည့်အတိုင်း ဘုရားသခင်သည် ဟေရှာယ ၃၄:၆ တွင်အမည်ဖော်ထားသည့် ဧဒုံလူမျိုးအပါအဝင် လူမျိုးများကိုလက်တုံ့ပြန်မည်ဟု ပရောဖက်ပြုထားတော်မူသည်။ ရှေးဗာဗုလုန်လူမျိုးကို အသုံးပြုကာ ယင်းအမှုကိုဆောင်ရွက်စေကြောင်း ထင်ရှားသည်။ ထိုနည်းတူ ဂျူးတို့သည် သစ္စာမဲ့သောကြောင့် ယုဒနိုင်ငံကို လူသူဆိတ်ညံရာအရပ်ဖြစ်စေရန် ဗာဗုလုန်လူမျိုးကို ဘုရားသခင်အသုံးပြုတော်မူခဲ့သည်။ ရလဒ်ကားအသို့နည်း။ ဘုရားသခင့်လူမျိုးတော်သည် သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရပြီး သူတို့၏နေရင်းပြည်သည် အနှစ် ၇၀ ကြာ လွင်တီးခေါင်ဖြစ်သွားလေသည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁။
၆။ ဧဒုံလူမျိုးအပေါ်ကျရောက်မည့်အရာနှင့် ဂျူးလူမျိုးအပေါ်ကျရောက်မည့်အရာတို့သည် မည်သို့ကွဲပြားခြားနားသနည်း။
၆ သို့ရာတွင် ဧဒုံလူမျိုးနှင့် ဂျူးလူမျိုး၏အဖြစ်အပျက်တွင် သိသာထင်ရှားသောကွဲပြားခြားနားမှုတစ်ခုရှိသည်။ ဧဒုံလူမျိုးများအပေါ်ကျရောက်ခဲ့သော ဘုရားသခင့်လက်တုံ့ပြန်မှုသည် ထာဝစဉ်ဖြစ်သည်; သူတို့သည် တဖြည်းဖြည်းနှင့် လူမျိုးတစ်မျိုးအဖြစ် မတည်ရှိတော့ချေ။ မှန်ပါသည်၊ ဧဒုံလူမျိုးများနေထိုင်ခဲ့သော ကမ္ဘာကျော်ပက်တရာမြို့၏အပျက်အယွင်းများသို့ ယခုတိုင် သင် လည်ပတ်ကြည့်ရှုနိုင်သည်။ သို့သော် ယခု ‘ဧဒုံလူမျိုး’ ဟူ၍ခေါ်ဆိုနိုင်မည့် လူမျိုး သို့မဟုတ် လူများမရှိချေ။ တစ်ဖက်တွင် ဗာဗုလုန်လူမျိုးသည် ယုဒနိုင်ငံကို ထာဝစဉ်လူဆိတ်ညံရာအရပ်၊ ထာဝစဉ်ရွှင်လန်းမှု ဆိတ်သုဉ်းရာအရပ် ဖြစ်စေမည်လော။
၇။ ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းအဖြစ်ဖမ်းဆီးခံနေရသောဂျူးများသည် ဟေရှာယ အခန်းကြီး ၃၅ ကိုမည်သို့တုံ့ပြန်ခဲ့မည်နည်း။
၇ ဤတွင် ဟေရှာယအခန်းကြီး ၃၅ ပါအံ့မခန်းဖွယ် ပရောဖက်ပြုချက်တွင် စိတ်လှုပ်ရှားဖွယ်အဓိပ္ပာယ်ရှိသည်။ ယင်းပရောဖက်ပြုချက်သည် ဂျူးများ သူတို့၏နေရင်းပြည်သို့ ဘီ.စီ.အီး. ၅၃၇ ခုတွင်ပြန်လာခဲ့သောအခါ ပထမအကြိမ်ပြည့်စုံခဲ့သည့်အတွက် ယင်းကိုပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်ဟု ခေါ်ဆိုနိုင်ပါသည်။ ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းအဖြစ်ရှိနေသော ဣသရေလလူမျိုးသည် သူတို့၏နေရင်းပြည်သို့ ပြန်သွားရန် လွတ်မြောက်ခွင့်ရကြ၏။ (ဧဇရ ၁:၁-၁၁) သို့တိုင် ဤဘုရားပေးပရောဖက်ပြုချက်ကို ဆင်ခြင်သုံးသပ်ခဲ့ကြသည့် ဗာဗုလုန်နိုင်ငံ၌ သုံ့ပန်းများအဖြစ်ရှိနေကြသော ဂျူးများသည် သူတို့၏နေရင်းယုဒပြည်သို့ ပြန်ရောက်သည့်အခါ အဘယ်အခြေအနေများတွေ့ရှိမည်နည်းဟု စဉ်းစားခဲ့ကြပေမည်။ သူတို့ကိုယ်တိုင်လည်း အဘယ်အခြေအနေတွင်ရှိကြမည်နည်း။ ယင်း၏အဖြေများသည် ရွှင်လန်းစွာကြွေးကြော်စရာအကြောင်း အဘယ်ကြောင့်အမှန်တကယ်ရှိကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ ကြည့်ကြပါစို့။
၈။ ဂျူးများသည် ဗာဗုလုန်နိုင်ငံမှ ပြန်လာသည့်အချိန်တွင် အဘယ်အခြေအနေများကို တွေ့မြင်ခဲ့ကြရမည်နည်း။ (ယေဇကျေလ ၁၉:၃-၆; ဟောရှေ ၁၃:၈ နှိုင်းယှဉ်။)
၈ နေရင်းပြည်သို့ပြန်နိုင်ပြီဟု ကြားရသောအခါကပင် ဂျူးများအတွက် အလားအလာကောင်းမည့်ပုံမရှိပါ။ သူတို့၏တိုင်းပြည်သည် လူ့တစ်သက်တာဖြစ်သော အနှစ်ခုနစ်ဆယ်တိုင် ဆိတ်ညံရာအရပ်ဖြစ်ခဲ့၏။ ပြည်တော်၏အခြေအနေကော မည်သို့နည်း။ မည်သည့်စိုက်ခင်း၊ မည်သည့်စပျစ်ဥယျာဉ်မဆို တောကန္တာရဖြစ်သွားသည်။ ရေပေးသွင်းခဲ့သောဥယျာဉ်များ သို့မဟုတ် မြေကွက်များသည် သွေ့ခြောက်၍ သုံးမရသောမြေ သို့မဟုတ် ကန္တာရဖြစ်နေပေမည်။ (ဟေရှာယ ၂၄:၁၊ ၄; ၃၃:၉; ယေဇကျေလ ၆:၁၄) သားရဲတိရစ္ဆာန်များ မည်မျှပေါများမည်ကိုလည်း စဉ်းစားကြည့်ပါ။ ၎င်းတို့တွင် ခြင်္သေ့များ၊ ကျားသစ်များ အစရှိသည့် သားစားသတ္တဝါများပါဝင်ပေမည်။ (၃ ဓမ္မရာဇဝင် ၁၃:၂၄-၂၈; ၄ ဓမ္မရာဇဝင် ၁၇:၂၅၊ ၂၆; ရှောလမုန်သီချင်း ၄:၈) ထို့ပြင် ယောက်ျား၊ မိန်းမ သို့မဟုတ် ကလေးသူငယ်တို့ကို ကိုက်သတ်နိုင်သည့် ဝက်ဝံများကိုလည်း သတိမမူဘဲနေ၍မရပါ။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၇; ၄ ဓမ္မရာဇဝင် ၂:၂၄; သု. ၁၇:၁၂) မြွေပွေးများနှင့် အခြားအဆိပ်ပြင်းသောမြွေဆိုးများ သို့မဟုတ် ကင်းမြီးကောက်များကိုမူပြောနေစရာပင်မလိုပေ။ (ကမ္ဘာဦး ၄၉:၁၇; တရားဟောရာ ၃၂:၃၃; ယောဘ ၂၀:၁၆; ဆာလံ ၅၈:၄; ၁၄၀:၃; လုကာ ၁၀:၁၉) သင်သည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဗာဗုလုန်နိုင်ငံမှ ပြန်လာခဲ့သောဂျူးများအဝင်ဖြစ်မည်ဆိုလျှင် ထိုကဲ့သို့သောအရပ်ဒေသမျိုးတွင် သင်သွားလာဝံ့မည်မဟုတ်ပါ။ ထိုသူများ ပြန်ရောက်ရှိချိန်တွင် ပရဒိသုမဟုတ်သည်ကား သေချာပါသည်။
၉။ ပြည်တော်ပြန်များသည် မျှော်လင့်ချက်နှင့် ယုံကြည်စိတ်ချမှုရှိနိုင်ကြသည့်အကြောင်းရင်းကား အဘယ်နည်း။
၉ သို့ဖြစ်လျက်ပင် ယေဟောဝါကိုယ်တော်တိုင် မိမိအားဝတ်ပြုသူများကို ပြည်တော်ပြန်ရန် ဦးဆောင်ပေးတော်မူခဲ့ရာ စိုပြည်စည်ပင်ခြင်းမရှိသောအခြေအနေကို ပြောင်းပြန်ဖြစ်စေနိုင်သောအစွမ်းသတ္တိ ကိုယ်တော်၌ရှိတော်မူသည်။ ဖန်ဆင်းတော်မူရှင်သည် ထိုသို့ပြုနိုင်တော်မူကြောင်းကို သင်ယုံကြည်လက်ခံနိုင်သည်မဟုတ်လော။ (ယောဘ ၄၂:၂; ယေရမိ ၃၂:၁၇၊ ၂၁၊ ၂၇၊ ၃၇၊ ၄၁) သို့ဖြစ်၍ ကိုယ်တော်သည် ပြည်တော်ပြန်ဂျူးများအတွက်လည်းကောင်း၊ သူတို့၏တိုင်းပြည်အတွက်လည်းကောင်း အဘယ်အမှုကိုပြုတော်မူမည်နည်း။—အဘယ်အမှုကိုအမှန်ပြုတော်မူခဲ့သနည်း။ ယင်းက ယနေ့ ဘုရားသခင့်လူမျိုးတော်အပေါ်နှင့် သင်၏—လက်ရှိနှင့် အနာဂတ်အခြေအနေအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။ ဦးဆုံး ထိုစဉ်က အဘယ်အမှုများဖြစ်ပျက်ခဲ့သည်ကို ကြည့်ကြစို့။
ပြောင်းလဲလာသောအခြေအနေကြောင့် ရွှင်လန်းခဲ့ကြ
၁၀။ ဟေရှာယ ၃၅:၁၊ ၂ ကအဘယ်ပြောင်းလဲမှုအကြောင်း ကြိုတင်ဖော်ပြသနည်း။
၁၀ ကုရုက ဂျူးများကို ထိုကြမ်းတမ်းသောပြည်သို့ ပြန်ခွင့်ပြုချိန်တွင် အဘယ်အမှုဖြစ်ပျက်မည်နည်း။ ဟေရှာယ ၃၅:၁၊ ၂ ပါစိတ်လှုပ်ရှားဖွယ်ကောင်းသော ဤပရောဖက်ပြုချက်ကို ဖတ်ကြည့်ပါ– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏တင့်တယ်ခြင်းအသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။”
၁၁။ ဟေရှာယသည် ပြည်တော်နှင့်ပတ်သက်၍ မိမိသိရှိထားနှင့်သည့် အဘယ်အရာကို ဥပမာအဖြစ်တင်ပြသနည်း။
၁၁ သမ္မာကျမ်းစာခေတ်က လေဗနုန်တောင်၊ ကရမေလတောင်နှင့် ရှာရုန်အရပ်တို့သည် စိမ်းလန်းစိုပြည်မှုကြောင့် ကျော်ကြားခဲ့သည်။ (၁ ရာဇဝင်ချုပ် ၅:၁၆; ၂၇:၂၉; ၂ ရာဇဝင်ချုပ် ၂၆:၁၀; ရှောလမုန်သီချင်း ၂:၁; ၄:၁၅; ဟောရှေ ၁၄:၅-၇) ဘုရားသခင်၏ထောက်မကူညီမှုဖြင့် အသွင်ပြောင်းလဲလာသောပြည်တော်၏အခြေအနေကိုဖော်ပြရန် ဟေရှာယသည် ထိုအရပ်ဒေသများကို ဥပမာအဖြစ်အသုံးပြုခဲ့သည်။ သို့သော် ယင်းသည် မြေဆီလွှာတွင်လောက်သာ အကျိုးသက်ရောက်သလော။ လုံးဝမဟုတ်ပါ!
၁၂။ ဟေရှာယ အခန်းကြီး ၃၅ ပါပရောဖက်ပြုချက်သည် လူများကိုဗဟိုပြုသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၂ ပြည်တော်သည် “ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်” ဟုဟေရှာယ ၃၅:၂ က ဆိုသည်။ မြေဆီလွှာနှင့် အပင်များသည် စာသားအတိုင်း “ဝမ်းမြောက်ခြင်း . . . နှင့်တကွ မြူးထူး” ခြင်းမရှိနိုင်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ သို့တိုင် မြေဆီမြေနှစ်ကောင်းလာပြီး သီးနှံအထွက်များလာခြင်းက တွေ့မြင်သူများကို ထိုသို့ခံစားရစေသည်။ (ဝတ်ပြုရာ ၂၃:၃၇-၄၀; တရားဟောရာ ၁၆:၁၅; ဆာလံ ၁၂၆:၅၊ ၆; ဟေရှာယ ၁၆:၁၀; ယေရမိ ၂၅:၃၀; ၄၈:၃၃) ဤပရောဖက်ပြုချက်သည် လူများကိုဗဟိုပြုထားသောကြောင့် ပကတိမြေကြီး၏ အပြောင်းအလဲများသည် လူများတွင် အလားတူအပြောင်းအလဲများရှိလိမ့်မည်ကို တင်ပြနေခြင်းဖြစ်နိုင်သည်။ သို့ဖြစ်သောကြောင့် ဟေရှာယ၏စကားများသည် နေရင်းပြည်သို့ပြန်လာကြသော ဂျူးများ၏ ပြောင်းလဲသောအသွင်၊ အထူးသဖြင့် သူတို့၏ရွှင်လန်းမြူးထူးခြင်းကို အဓိကအာရုံပြုခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်နိုင်စရာအကြောင်းရှိသည်။
၁၃၊ ၁၄။ လူတို့တွင် အဘယ်ပြောင်းလဲမှုဖြစ်ပေါ်မည်ဟု ဟေရှာယ ၃၅:၃၊ ၄ ကကြိုတင်ဟောသနည်း။
၁၃ ထိုသို့နှင့်အညီ ဂျူးများသည် ဗာဗုလုန်နိုင်ငံမှ လွတ်မြောက်ပြီး ပြန်လာသည့်အခါ ဤစိတ်အားတက်ကြွဖွယ်ရာကောင်းသော ပရောဖက်ပြုချက် မည်သို့ပြည့်စုံလာသည်ကို ထပ်ဆင့်လေ့လာစိစစ်ကြည့်ကြစို့။ အခန်းငယ် ၃ နှင့် ၄ တွင် ဟေရှာယသည် ပြည်တော်ပြန်များ၏ အခြားအသွင်ပြောင်းလဲမှုများအကြောင်း ဤသို့ဖော်ပြသည်– “အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သောဒူးတို့ကို မြဲမြံစေကြလော့။ ‘အားယူကြလော့၊ မစိုးရိမ်ကြနှင့်’ ဟု ကြောက်တတ်သောသူတို့အားဆိုကြလော့။ ‘အကြောင်းမူကား သင်တို့၏ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍ သင်တို့ကိုကယ်တင်တော်မူလိမ့်မည်။’”
၁၄ မြေပြင်၏လွင်တီးခေါင်အခြေအနေကို ပြောင်းလဲပစ်နိုင်သော ကျွန်ုပ်တို့၏ဘုရားသခင်သည် မိမိအားဝတ်ပြုသူများကို ဤမျှစိတ်ဝင်စားကြောင်း စဉ်းစားကြည့်ခြင်းက ခွန်အားရှိစေသည်မဟုတ်လော။ ကိုယ်တော်သည် ဂျူးသုံ့ပန်းများကို အနာဂတ်နှင့်ပတ်သက်ပြီး အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်တကြီးဖြစ်ခြင်း မရှိစေလိုပါ။ (ဟေဗြဲ ၁၂:၁၂) ထိုဂျူးသုံ့ပန်းများ၏အခြေအနေကို စဉ်းစားကြည့်ပါ။ သူတို့၏အနာဂတ်နှင့်စပ်လျဉ်းသော ဘုရားသခင်၏ပရောဖက်ပြုချက်များကြောင့် မျှော်လင့်ချက်ရှိပြီး အားယူနိုင်ခြင်းမှအပ သူတို့တွင် အကောင်းမြင်စိတ်ရှိနိုင်ဖို့ အလွန်ခဲယဉ်းပေမည်။ သူတို့သည် မှောင်မဲသောမြေတိုက်ခန်းထဲတွင် ရောက်ရှိနေဘိသကဲ့သို့ဖြစ်ပြီး ယေဟောဝါ၏အမှုတော်ကို လွတ်လပ်စွာနှင့် တက်ကြွလှုပ်ရှားစွာဆောင်ရွက်ခွင့်မရှိနိုင်ဘဲဖြစ်နေကြ၏။ သူတို့ရှေ့တွင် မည်သည့်အလင်းရောင်ကိုမျှ မမြင်ရဘိသကဲ့သို့ဖြစ်နေပုံရှိသည်။—တရားဟောရာ ၂၈:၂၉; ဟေရှာယ ၅၉:၁၀ နှိုင်းယှဉ်။
၁၅၊ ၁၆။ (က) ယေဟောဝါသည် ပြည်တော်ပြန်များအတွက် အဘယ်အရာပြုပေးတော်မူသည်ဟု ဆိုနိုင်သနည်း။ (ခ) ပြည်တော်ပြန်တို့သည် အံ့ဖွယ်နည်းဖြင့် ကာယရေးအရ ကုသပေးခံရမည်ဟု အဘယ်ကြောင့်မျှော်လင့်ခဲ့ကြမည်မဟုတ်သနည်း။ သို့သော် ဟေရှာယ ၃၅:၅၊ ၆ နှင့်အညီ ဘုရားသခင်သည် အဘယ်အမှုကိုပြုတော်မူသနည်း။
၁၅ သို့သော် ယေဟောဝါသည် သူတို့ကိုပြည်တော်ပြန်ခွင့်ပြုရန် ကုရုအား စေခိုင်းတော်မူသည့်အခါ ပြောင်းလဲမှုကြီး ဖြစ်ခဲ့သည်တကား! ဘုရားသခင်သည် ထိုအချိန်တွင် မျက်စိကန်း၊ နားပင်း၊ ကိုယ်အင်္ဂါချို့ယွင်းသော မည်သည့်ဂျူးတစ်ဦးကိုမျှ အံ့ဖွယ်နည်းဖြင့် ရောဂါကုသပေးခဲ့သည်ဟူသော ကျမ်းစာအထောက်အထားမရှိပါ။ သို့ရာတွင် ကိုယ်တော်သည် သာ၍ကြီးကျယ်ခမ်းနားသောအမှုတစ်ခုကို အမှန်ပြုတော်မူခဲ့သည်။ သူတို့မြတ်နိုးတွယ်တာရသောပြည်တော်၏အလင်းနှင့် လွတ်လပ်မှုကို သူတို့အား ပြန်ရရှိစေတော်မူခဲ့သည်။
၁၆ ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့် ကာယရေးအရ ဤကဲ့သို့ကုသပေးရန် ပြည်တော်ပြန်များ မျှော်လင့်ခဲ့ကြောင်း အဘယ်တင်ပြချက်မျှမရှိပါ။ ဘုရားသခင်သည် ဣဇာက်၊ ရှံဆုန်၊ ဧလိတို့ကို ထိုသို့ပြုတော်မမူခဲ့ကြောင်း သူတို့သိရှိသည်။ (ကမ္ဘာဦး ၂၇:၁; တရားသူကြီး ၁၆:၂၁၊ ၂၆-၃၀; ၁ ဓမ္မရာဇဝင် ၃:၂-၈; ၄:၁၅) သို့သော် ပုံဆောင်စကားအားဖြင့် သူတို့၏အခြေအနေကို ဘုရားသခင်ပြောင်းလဲပေးမည်ဟု မျှော်လင့်ခဲ့ကြမည်ဆိုလျှင် သူတို့စိတ်ပျက်ကြရမည်မဟုတ်။ အခန်းငယ် ၅ နှင့် ၆ သည် ပုံဆောင်သဘောအရ အမှန်တကယ်ပင်ပြည့်စုံလာပါသည်။ ဟေရှာယက တိကျစွာ ဤသို့ကြိုပြောခဲ့သည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”
ပြည်တော်ကို ပရဒိသုကဲ့သို့ဖြစ်စေခြင်း
၁၇။ ယေဟောဝါသည် ရုပ်ပိုင်းဆိုင်ရာ အဘယ်ပြောင်းလဲမှုများကို ပြုတော်မူခဲ့ကြောင်းထင်ရှားသနည်း။
၁၇ ဟေရှာယ ဆက်လက်ဖော်ပြသည့် အခြေအနေများကြောင့် ထိုပြည်တော်ပြန်များသည် အမှန်ဝမ်းသာအားရစွာ ကြွေးကြော်နိုင်ကြပါမည်– “အကြောင်းမူကား တော၌စမ်းရေထွက်၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်။” (ဟေရှာယ ၃၅:၆ခ၊ ၇) ယနေ့ ထိုအရပ်ဒေသတစ်လျှောက် ဤကဲ့သို့သောအခြေအနေမျိုးကို မြင်ရလိမ့်မည်မဟုတ်သော်လည်း တစ်ချိန်က ယုဒပြည်နယ်အရပ်သည် “ကျေးလက်ပရဒိသု” ဖြစ်ခဲ့ကြောင်း သာဓကရှိပေသည်။a
၁၈။ ဂျူးပြည်တော်ပြန်များသည် ဘုရားသခင်၏ကောင်းချီးများကို မည်သို့တုံ့ပြန်ခဲ့ပုံရှိသနည်း။
၁၈ ကတိထားရာပြည်သို့ ပြန်ပို့ဆောင်ခံရသောအခါ ဂျူးအကြွင်းအကျန်များသည် ရွှင်လန်းနိုင်စရာအကြောင်းများနှင့်စပ်လျဉ်း၍ မည်သို့ခံစားခဲ့ရကြမည်ကို စဉ်းစားကြည့်ပါ! သူတို့သည် မြေခွေးနှင့် အခြားသားရဲတိရစ္ဆာန်များ မှီတင်းကျက်စားရာ သုံးမရသည့်မြေကို အသွင်ပြောင်းလဲရသည့်အခွင့်ရရှိကြသည်။ အသင်သည် ထိုကဲ့သို့သော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခွင့်ရ၍ သင့်ကြိုးပမ်းမှုများအပေါ် ဘုရားသခင်ကောင်းချီးချပေးတော်မူမည်ဟု အထူးသဖြင့်သိရှိထားလျှင် အားရရွှင်လန်းမည်မဟုတ်ပေလော။
၁၉။ ဗာဗုလုန်သုံ့ပန်းအဖြစ်မှ ပြန်လာခြင်းသည် အဘယ်သဘောဖြင့် စည်းကမ်းသတ်မှတ်ချက်ရှိသနည်း။
၁၉ သို့သော် ဗာဗုလုန်တွင်ရှိ မည်သည့်ဂျူးသုံ့ပန်းမဆို ထိုပြန်လည်ထူထောင်ခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန် ပြန်သွားနိုင်သည် သို့မဟုတ် ပြန်သွားခဲ့သည်မဟုတ်ပါ။ ဘုရားသခင်က စည်းကမ်းချက်များကို ချမှတ်ပေးတော်မူခဲ့သည်။ ဗာဗုလုန်ဆိုင်ရာ တိတ္ထိဘာသာရေးအကျင့်အကြံများနှင့်ညစ်ညူးသူ မည်သူမျှပြန်သွားခွင့်မရှိချေ။ (ဒံယေလ ၅:၁၊ ၄၊ ၂၂၊ ၂၃; ဟေရှာယ ၅၂:၁၁) ဉာဏ်ပညာမဲ့သောလမ်းစဉ်ကို မိုက်မဲစွာပြုမူကျင့်ကြံသူ မည်သူမဆိုလည်း ပြန်ခွင့်မရပါ။ ဤကဲ့သို့သောသူအားလုံးသည် အရည်အချင်းမပြည့်မီကြပေ။ အခြားတစ်ဖက်တွင်မူ ဘုရားသခင့်စံနှုန်းများကို လိုက်မီသောသူများ၊ နှိုင်းရသဘောဖြင့် ဘုရားသခင့်ရှေ့ သန့်ရှင်းသူအဖြစ် ရှုမြင်ခံရသူများသည် ယုဒပြည်နယ်သို့ ပြန်သွားနိုင်ကြသည်။ ဤသူတို့သည် သန့်ရှင်းသောလမ်းပေါ် လျှောက်လာသည့်နှယ် ပြည်တော်ပြန်နိုင်ကြသည်။ ယင်းကို အခန်းငယ် ၈ (သမ္မာ) တွင် ဟေရှာယ ရှင်းလင်းစွာဖော်ပြသည်– “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကိုမလျှောက်မသွားရ။ မိုက်သောသူသည်လည်း မလှည့်လည်ရ။”
၂၀။ ဂျူးများသည် ပြန်လာကြစဉ် အဘယ်အရာကို ကြောက်ရွံ့စရာမလိုဘဲရှိသနည်း။ ယင်းကြောင့် အဘယ်အကျိုးခံစားရသနည်း။
၂၀ ပြည်တော်ပြန်ဂျူးများသည် သားရဲကဲ့သို့သောလူများနှင့် လှည့်လည်လုယက်သောအုပ်စုများ၏ တိုက်ခိုက်မှုကို ကြောက်ရွံ့စရာမလိုပေ။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် မိမိပြန်လည်ရွေးနုတ်ထားသောလူမျိုးတော်၏လမ်းပေါ်တွင် ဤသို့သောသူများကို ရှိခွင့်ပြုမည်မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အကောင်းဘက်မြင်သည့် ရွှင်လန်းသောနှလုံးနှင့် ပျော်ရွှင်သောအလားအလာများရှိခြင်းဖြင့် ခရီးနှင်နိုင်ကြပေမည်။ ဤပရောဖက်ပြုချက်ကို နိဂုံးချုပ်ရာတွင် ဟေရှာယ မည်သို့ဆိုကြောင်း သတိပြုပါ– “ခြင်္သေ့မှစ၍ ငမ်းစမ်းသောသားရဲတစ်ကောင်မျှ မတက်မသန်းရ။ တွေ့လည်းမတွေ့ရချေ။ အရွေးခံရသူတို့သာလျှင် လျှောက်သွားခွင့်ရလျက် ထာဝရဘုရားနုတ်တော်မူသောသူတို့သည် ပြန်လာရာ ရွှင်လန်းခြင်းသရဖူကို အမြဲဆောင်း၍ ဇိအုန်မြို့သို့ကြွေးကြော်လျက် လာရောက်ကြလိမ့်မည်။ ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။”—ဟေရှာယ ၃၅:၉၊ ၁၀၊ သမ။
၂၁။ ဟေရှာယ အခန်းကြီး ၃၅ ၏ပြည့်စုံနှင့်ပြီးသောအရာကို ယနေ့ ကျွန်ုပ်တို့ မည်သို့သဘောထားသင့်သနည်း။
၂၁ ဤတွင် မည်မျှကောင်းမွန်သောပရောဖက်ပြု ရုပ်ပုံလွှာတစ်ခုကို ကျွန်ုပ်တို့ရရှိထားပါသည်တကား! သို့သော် ယင်းကို ကျွန်ုပ်တို့၏လက်ရှိအခြေအနေ သို့မဟုတ် အနာဂတ်နှင့် အနည်းအကျဉ်းမျှပင် မသက်ဆိုင်သော စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု၊ အတိတ်က သမိုင်းတစ်ခုကဲ့သို့သာ သဘောထားပြီး မရှုမြင်သင့်ပါ။ အမှန်မှာ ဤပရောဖက်ပြုချက်သည် ဘုရားသခင်၏လူမျိုးတော်တွင် အံ့သြဖွယ်နည်းဖြင့် ယနေ့ပင် ပြည့်စုံနေရာ ကျွန်ုပ်တို့တစ်ဦးစီနှင့် အမှန်ပင်ပတ်သက်နေပါသည်။ ယင်းက ကျွန်ုပ်တို့အား ရွှင်လန်းစွာကြွေးကြော်ရန် ခိုင်လုံသောအကြောင်းရှိစေသည်။ သင်၏ယခုဘဝ၊ အနာဂတ်ဘဝနှင့်ပတ်သက်သော ဤရှုမြင်ချက်များကို နောက်ဆောင်းပါးတွင် ဆွေးနွေးတင်ပြထားပါသည်။
[အောက်ခြေမှတ်ချက်များ]
a (ယူအင်န် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ကိုယ်စား) သီးနှံစိုက်ပျိုးရေးပညာရှင် ဝေါလ်တာ စီ. လော်ဒါမီလ်ခ်သည် ထိုဒေသကို သုတေသနပြုချက်မှ သူ၏တွေ့ရှိချက်ကို ဤသို့တင်ပြသည်– “ဤပြည်သည် တစ်ချိန်က ကျေးလက်ပရဒိသုတစ်ခုဖြစ်ခဲ့သည်။” ယင်း၏ရာသီဥတုသည်လည်း “ရောမခေတ်ကတည်းက” သိသိသာသာ မပြောင်းလဲခဲ့ကြောင်းနှင့် “တစ်ချိန်က အိုးပစ်မကွဲ သီးနှံရှင်သန်ခဲ့သောပြည်က ‘ကန္တာရ’ ဖြစ်လာခြင်းသည် သဘာဝကြောင့်မဟုတ်ဘဲ လူ့လက်ချက်ဖြစ်” ကြောင်း သူတင်ပြသည်။
သင်မှတ်မိသလော
◻ ဟေရှာယ အခန်းကြီး ၃၅ သည် အဘယ်အချိန်တွင် ပထမအကြိမ်ပြည့်စုံသနည်း။
◻ ပရောဖက်ပြုချက်၏ အဦးပိုင်းပြည့်စုံချက်က အဘယ်အကျိုးသက်ရောက်စေမည်နည်း။
◻ ဟေရှာယ ၃၅:၅၊ ၆ ကိုယေဟောဝါ မည်သို့ပြည့်စုံစေတော်မူသနည်း။
◻ ပြည်တော်ပြန်ဂျူးများသည် ပြည်တော်၌လည်းကောင်း၊ သူတို့၏အခြေအနေတွင်လည်းကောင်း အဘယ်အပြောင်းအလဲများကို တွေ့ကြုံခဲ့ကြရသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
တစ်ချိန်က ဧဒုံလူမျိုးများနေထိုင်ခဲ့ရာ ပက်တရာမြို့၏အပျက်အယွင်းများဒေသ
[Credit Line]
Garo Nalbandian
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဂျူးများ ပြည်နှင်ခံရစဉ် ယုဒပြည်နယ်ဒေသအများစုသည် လွင်တီးခေါင်ဖြစ်ပြီး ဝက်ဝံများနှင့် ခြင်္သေ့များကဲ့သို့သော သားရဲများ မှီတင်းကျက်စားရာအရပ်ဖြစ်ခဲ့
[Credit Line]
Garo Nalbandian
ဝက်ဝံနှင့်ခြင်္သေ့– တောလည်-တိရစ္ဆာန်ဥယျာဉ်၊ ရာမတ်ဂန်၊ တဲလ်အဗစ်