အခန်း နှစ်ဆယ့်ရှစ်
ပရဒိသု ပြန်လည်တည်ထောင်လေပြီ!
၁။ ဘာသာတရားများစွာသည် ပရဒိသု အသက်တာ မျှော်လင့်ချက်ကို အဘယ်ကြောင့် အစွဲပြု သွန်သင်လာကြသနည်း။
“လူတို့ မက်မက်မောမော လိုချင်တမ်းတရာများတွင် ပရဒိသုကမ္ဘာ ပါဝင်သည်။ ယင်းသည် အမက်မောဆုံး၊ အစွဲလမ်းဆုံးအရာ ဖြစ်ကောင်းဖြစ်မည်။ ယုံကြည်ကိုးကွယ်မှု အဖုံဖုံတွင် ပရဒိသုကို ပြင်းပြစွာ တမ်းတကြောင်း ထင်ရှားသည်။” ဘာသာတရား စွယ်စုံကျမ်း၌ အထက်ပါအတိုင်း ဆိုထားသည်။ လူ့ဘဝသည် ပရဒိသု—ရောဂါဘယနှင့် သေခြင်း မရှိသော လှပသည့် ဥယျာဉ်တစ်ခု—တွင် အစပြုခဲ့သည်ဟု ကျမ်းစာ၌ ဆိုထားသောကြောင့် ထိုကဲ့သို့သော လိုချင်တမ်းတမှုသည် ဓမ္မတာသာ ဖြစ်သည်။ (ကမ္ဘာဦး ၂:၈-၁၅) ကမ္ဘာ့ဘာသာများစွာက ပရဒိသုပုံစံ တစ်မျိုးမျိုးဖြင့် အနာဂတ်ဘဝ မျှော်လင့်ချက်ကို စွဲကိုင်သွန်သင်လာကြသည်မှာ အံ့ဩစရာ မဟုတ်ပါ။
၂။ အနာဂတ် ပရဒိသုနှင့်ပတ်သက်၍ စစ်မှန်သော မျှော်လင့်ချက်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။
၂ သမ္မာကျမ်းစာပါ ကျမ်းပိုဒ်များစွာတွင် အနာဂတ် ပရဒိသုနှင့်ပတ်သက်သော စစ်မှန်သည့် မျှော်လင့်ချက်အကြောင်း ကျွန်ုပ်တို့ ဖတ်ရှုနိုင်သည်။ (ဟေရှာယ ၅၁:၃) ဥပမာ၊ ဟေရှာယ အခန်းကြီး ၃၅ တွင် မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်အပိုင်းတွင် တောကန္တာရသည် ဥယျာဉ်ကဲ့သို့သော ခြံကျယ်ကြီး၊ အသီးအနှံ ပေါကြွယ်သော စိုက်ခင်းများအဖြစ် ပြောင်းလဲသွားမည့်အကြောင်း ဖော်ပြထားသည်။ မျက်စိကန်းသူများ ပြန်မြင်လာသည်၊ စကားအသူများ စကားပြန်ပြောနိုင်သည်၊ နားပင်းသူများ ပြန်ကြားနိုင်မည်။ ဤကတိထားရာ ပရဒိသုတွင် ဝမ်းနည်းကြေကွဲစရာများ ရှိတော့မည် မဟုတ်ပါ၊ ယင်းက သေခြင်းပင် မရှိတော့ဟု ဆိုလိုသည်။ ထူးမြတ်လှသော ကတိတော်ပါတကား! ထိုစကားများကို မည်သို့ နားလည်သင့်သနည်း။ ယင်းတို့သည် ယနေ့ ကျွန်ုပ်တို့အား မျှော်လင့်ချက် ပေးပါသလော။ ဟေရှာယကျမ်း၏ ဤအခန်းကြီးကို ဆန်းစစ်လေ့လာခြင်းဖြင့် ထိုမေးခွန်းများ၏ အဖြေကို ရရှိပါလိမ့်မည်။
လူဆိတ်ညံလျက်ရှိသော ပြည် ရွှင်လန်းခြင်း
၃။ ဟေရှာယ ပရောဖက်ပြုချက်အရ ပြည်တော်သည် အဘယ် အပြောင်းအလဲ ဖြစ်မည်နည်း။
၃ ဟေရှာယ၏ ပရဒိသု ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ မှုတ်သွင်းခံ ပရောဖက်ပြုချက်ကို ဤစကားလုံးများဖြင့် နိဒါန်းပျိုးလိုက်၏– “တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန် ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၂။
၄။ ဂျူးများ၏ ပြည်တော်သည် အဘယ်အချိန်တွင်နှင့် မည်သို့အားဖြင့် တောကန္တာရကဲ့သို့ ဖြစ်သွားသနည်း။
၄ ဟေရှာယသည် ဤစကားများကို ဘီ.စီ.အီး. ၇၃၂ ခန့်တွင် ရေးသားခြင်း ဖြစ်သည်။ နှစ်ပေါင်း ၁၂၅ နှစ်ခန့် ကြာပြီးနောက် ဗာဗုလုန်လူမျိုးတို့သည် ယေရုရှလင်မြို့ကို ဖျက်ဆီးပြီး ယုဒလူမျိုးများကို ပြည်နှင်ဒဏ်ပေးသည်။ သူတို့၏ ပြည်တော်သည် လူသူမနေထိုင်သော လူဆိတ်ညံရာအရပ်အဖြစ် ကျန်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၅:၈-၁၁၊ ၂၁-၂၆) ဣသရေလလူမျိုးတို့သည် သစ္စာမဲ့ကြောင်း ထင်ရှားလျှင် ပြည်နှင်ဒဏ် ခံရမည်ဟူသည့် ယေဟောဝါ၏ သတိပေးချက် ဤနည်းဖြင့် ပြည့်စုံသည်။ (တရားဟောရာ ၂၈:၁၅၊ ၃၆၊ ၃၇; ၃ ဓမ္မရာဇဝင် ၉:၆-၈) ဟေဗြဲလူများသည် တိုင်းတစ်ပါးတွင် သုံ့ပန်းဘဝ ရောက်သွားသည့်အခါ သူတို့၏ ရေကောင်းစွာ ရသော စိုက်ခင်းများနှင့် သစ်သီးခြံများကို အနှစ် ၇၀ တိုင် ပစ်ထားခဲ့ရရာ တောကဲ့သို့ ဖြစ်သွားလေသည်။—ဟေရှာယ ၆၄:၁၀; ယေရမိ ၄:၂၃-၂၇; ၉:၁၀-၁၂။
၅။ (က) ပြည်တော်သည် ပရဒိသုနှင့် တူသောအခြေအနေကို မည်သို့ ပြန်လည်ရရှိသနည်း။ (ခ) လူများသည် မည်သည့်သဘောဖြင့် “ထာဝရဘုရား၏ ဘုန်းတော်ကို” တွေ့မြင်ကြသနည်း။
၅ သို့ရာတွင် ဟေရှာယ၏ ပရောဖက်ပြုချက်၌ ပြည်တော်သည် ထာဝစဉ် လူဆိတ်ညံရာ ဖြစ်မည် မဟုတ်ကြောင်း ကြိုဟောထားသည်။ တကယ့် ပရဒိသုတစ်ခုအဖြစ် ပြန်လည်တည်ထောင်လာမည် ဖြစ်သည်။ “လေဗနုန်တောင်၏ ဘုန်း” နှင့် “ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေ” ကို ပြန်လည်ရရှိမည်။a မည်သို့အားဖြင့်နည်း။ ပြည်နှင်ခံရာမှ ပြန်ရောက်လာသောအခါ ဂျူးတို့သည် မိမိတို့၏ လယ်မြေများကို ပြန်လည်ပြုစုပျိုးထောင်ကြ၊ စိုက်ခင်းများကို ရေသွင်းနိုင်ကြပြီး ယခင် အခြေအနေကဲ့သို့ အသီးအနှံ ပေါကြွယ်ဝသည့် ပြည်တော် ပြန်ဖြစ်လာသည်။ ၎င်းအတွက် ယေဟောဝါသာ ဂုဏ်တင်မှု ရသင့်သည်။ ကိုယ်တော်၏ အလိုတော်၊ ကိုယ်တော်၏ ထောက်မမှုနှင့် ကောင်းချီးများကြောင့် ထိုကဲ့သို့သော ပရဒိသုနှင့် တူသည့် အခြေအနေမျိုး ဂျူးလူမျိုးများ ခံစားရကြသည်။ သူတို့၏ ပြည်တော် အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲခြင်းတွင် ယေဟောဝါ၏ လက်တော်ကို သူတို့ အသိအမှတ်ပြုသည့်အခါ “ထာဝရဘုရား၏ ဘုန်းတော်၊ [သူတို့] ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကို” လူများ တွေ့မြင်နိုင်သည်။
၆။ ဟေရှာယစကားများနှင့်ပတ်သက်သော အဘယ် အရေးကြီး ပြည့်စုံချက်ကို တွေ့မြင်ရသနည်း။
၆ သို့သော်လည်း ပြန်လည်တည်ထောင်သော ဣသရေလပြည်တွင် ဟေရှာယ၏ စကားများထဲမှ ပို၍ အရေးကြီးသည့် ပြည့်စုံချက်တစ်ခု ရှိသည်။ ဝိညာဏသဘောအရ ဣသရေလပြည်သည် နှစ်ပေါင်းများစွာ ခြောက်သွေ့သော ကန္တာရအခြေအနေသဖွယ် ဖြစ်ခဲ့သည်။ ပြည်နှင်ခံရသူများ ဗာဗုလုန်တွင် ရှိစဉ် စင်ကြယ်သော ဝတ်ပြုရေးသည် တင်းကျပ်စွာ ကန့်သတ်ခံခဲ့ရသည်။ ဗိမာန်တော်၊ ယဇ်ပလ္လင်နှင့် ဖွဲ့စည်းထားသော ယဇ်ပုရောဟိတ်အဖွဲ့များ မရှိခဲ့ပါ။ နေ့စဉ် ယဇ်ပူဇော်မှုများကို ဆိုင်းငံ့ခဲ့သည်။ ယခု ဟေရှာယသည် ပြောင်းပြန်အခြေအနေကို ပရောဖက်ပြု ဖော်ပြသည်။ ဇေရုဗဗေလ၊ ဧဇရနှင့် နေဟမိကဲ့သို့သော ခေါင်းဆောင်များအောက်တွင် ဣသရေလ ၁၂ နွယ်စလုံးကို ကိုယ်စားပြုသူများသည် ယေရုရှလင်မြို့သို့ ပြန်လာကြပြီး၊ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကာ ယေဟောဝါကို လွတ်လွတ်လပ်လပ် ဝတ်ပြုကိုးကွယ်ကြသည်။ (ဧဇရ ၂:၁၊ ၂) အမှန်ပင် ဝိညာဏ ပရဒိသုပါတကား!
ဝိညာဉ်တော်အားဖြင့် စိတ်အားထက်သန်ကြလော့
၇၊ ၈။ ပြည်နှင်ခံဂျူးများသည် အဘယ်ကြောင့် အပြုသဘောထားများ ရှိဖို့ လိုသနည်း၊ ဟေရှာယ၏ စကားများသည် မည်သို့ အားပေးမှု ဖြစ်သနည်း။
၇ ဟေရှာယ အခန်းကြီး ၃၅ ပါ စကားများတွင် ရွှင်လန်းသံထွက်သည်။ ပရောဖက်သည် နောင်တရသော လူမျိုးတော်အတွက် တောက်ပသော အနာဂတ်တစ်ခုကို ကြွေးကြော်နေသည်။ သူသည် ယုံကြည်စိတ်ချမှုအပြည့်၊ အပြုသဘောဖြင့် ပြောခြင်း ဖြစ်သည်။ ရာစုနှစ် နှစ်ခုကြာပြီးနောက် သူတို့၏ ပြန်လည်တည်ထောင်ခြင်းအစတွင် ပြည်နှင်ခံ ဂျူးများသည် ထိုကဲ့သို့သော ယုံကြည်စိတ်ချမှုနှင့် အပြုသဘောထား ရှိရန် လိုအပ်သည်။ ဟေရှာယမှတစ်ဆင့် ယေဟောဝါသည် သူတို့ကို ဤသို့ ပရောဖက်ပြုနှိုးဆော်တိုက်တွန်း၏– “အားမရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ ‘အားယူကြလော့၊ မစိုးရိမ်ကြနှင့်’ ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့။ ‘အကြောင်းမူကား သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။’”—ဟေရှာယ ၃၅:၃၊ ၄။
၈ ကြာမြင့်စွာ ပြည်နှင်ခံရမှု ပြီးဆုံးချိန်သည် တက်ကြွလုပ်ဆောင်ရမည့်အချိန် ဖြစ်သည်။ ဗာဗုလုန်ကို လက်စားချေရန် ယေဟောဝါ၏ အသုံးတော်ခံ ဖြစ်သော ပါးရှားဘုရင် ကုရုသည် ယေရုရှလင်မြို့၌ ယေဟောဝါ၏ ဝတ်ပြုရေး ပြန်လည်တည်ထောင်ရမည်ဟု ကြေညာခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃၊ ကဘ) ထောင်နှင့်ချီသော ဟေဗြဲမိသားစုများသည် ဗာဗုလုန်မှ ယေရုရှလင်သို့ သွားရမည့် အန္တရာယ်ထူပြောသော ခရီးအတွက် အစီအစဉ်များ ပြုလုပ်ရန် လိုအပ်သည်။ သူတို့ ရောက်သွားသည့်အခါ နေအိမ်အဆောက်အအုံ အလုံအလောက်ကို ဆောက်လုပ်ကြရမည် ဖြစ်ပြီး အလွန် ကြီးမားသည့် တာဝန် ဖြစ်သော ဗိမာန်တော်နှင့် မြို့တည်ဆောက်ရန် ပြင်ဆင်ကြရမည်။ ဗာဗုလုန်ရှိ အချို့ဂျူးများအတွက် ၎င်းအရာအားလုံး ပြီးမြောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်စရာပင်။ သို့ရာတွင် အားလျော့၊ စိတ်လေးနေဖို့အချိန် မရှိပါ။ ဂျူးများသည် တစ်ဦးကို တစ်ဦး အားပေးကာ ယေဟောဝါအား ယုံကြည်ကိုးစားကြရမည် ဖြစ်သည်။ သူတို့ကို ကယ်တင်မည်ဟု ကိုယ်တော် အာမခံထားသည်။
၉။ ပြည်တော်ပြန် ဂျူးများနှင့်ပတ်သက်၍ အဘယ် ထည်ဝါသည့် ကတိတော် ရှိသနည်း။
၉ ဗာဗုလုန်တွင် ပြည်နှင်ခံရရာမှ လွတ်မြောက်လာကြသူများသည် ရွှင်လန်းစရာ အကြောင်းကောင်း ရှိမည်၊ အကြောင်းမှာ ယေရုရှလင်မြို့သို့ သူတို့ ပြန်ရောက်ချိန်တွင် ထည်ဝါသည့် အနာဂတ် စောင့်ကြိုနေသောကြောင့်တည်း။ ဟေရှာယ ဤသို့ ကြိုပြော၏– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိ ပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆို [“ဝမ်းသာအားရစွာ ကြွေးကြော်၊” ကဘ] ကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆က။
၁၀၊ ၁၁။ ပြည်တော်ပြန် ဂျူးများအတွက် ဟေရှာယ၏ စကားများသည် အဘယ်ကြောင့် ဝိညာဉ်ရေးရာကို ဆိုလိုရမည်နည်း၊ ယင်းတို့သည် အဘယ်အရာကို ဆိုလိုသနည်း။
၁၀ ယေဟောဝါသည် မိမိလူမျိုးတော်၏ ဝိညာဏ အခြေအနေနှင့်စပ်လျဉ်း၍ စိတ်တော်တွင် ရှိနေကြောင်း ထင်ရှားသည်။ သူတို့၏ အစောပိုင်း အယူဖောက်ပြန်မှုကြောင့် နှစ်ပေါင်း ၇၀ ပြည်နှင်ဒဏ်ဖြင့် အပြစ်ပေးခံခဲ့ရပြီး ဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဆုံးမဒဏ်ပေးရာတွင် မျက်စိကန်း၊ နားပင်း၊ ခြေဆွံ့၊ စကားအခြင်းတို့ဖြင့် ဒဏ်မခတ်ခဲ့ပါ။ ထို့ကြောင့် ပြည်တော်ပြန် ဣသရေလလူမျိုးသည် ကာယရေး မသန်မစွမ်းမှုများကို ကုသပေးဖို့ မလိုအပ်ပါ။ ယေဟောဝါသည် ပျက်စီးဆုံးရှုံးသွားခဲ့သည့်အရာ၊ တစ်နည်းအားဖြင့် ဝိညာဏ ကျန်းမာရေးကို ပြန်လည်ကုသပေးခြင်း ဖြစ်သည်။
၁၁ နောင်တရသော ဂျူးများသည် သူတို့၏ ဝိညာဏ အမြင်အာရုံနှင့် ယေဟောဝါ၏ နှုတ်ကပါဌ်တော်ကို နားထောင်၊ နာခံ၊ ဟောပြောနိုင်စွမ်း ဖြစ်သော သူတို့၏ ဝိညာဏ အာရုံကို ပြန်လည်ရရှိခြင်းဖြင့် ကုသမှုကို ခံရသည့်သဘော ဖြစ်သည်။ သူတို့သည် ယေဟောဝါနှင့် နီးကပ်စွာ နေရန် လိုအပ်ကြောင်း အသိတရား ရလာကြသည်။ သူတို့၏ အမူအကျင့်ကောင်းများအားဖြင့် မိမိတို့၏ ဘုရားသခင်ကို ရွှင်လန်းစွာ ချီးမွမ်း “ကြွေးကြော်” ကြသည်။ ယခင်က “ခြေဆွံ့သောသူ” သည် ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်မှုတွင် စိတ်အားထက်သန်၊ တက်ကြွမှု ရှိလာသည်။ ပုံဆောင်သဘောအရ သူသည် “ဒရယ်ကဲ့သို့ ခုန်” မည်။
ယေဟောဝါသည် မိမိ၏ လူမျိုးကို လန်းဆန်းစေ
၁၂။ ယေဟောဝါသည် ပြည်တော်ကို မည်သည့် အတိုင်းအတာအထိ ရေဖြင့် ကောင်းချီးပေးမည်နည်း။
၁၂ ရေမရှိသော ပရဒိသုကို စိတ်ကူး၍ပင် မဖြစ်နိုင်ပါ။ ဧဒင်ရှိ မူလပရဒိသုတွင် ရေအလျှံပယ် ရှိခဲ့သည်။ (ကမ္ဘာဦး ၂:၁၀-၁၄) ဣသရေလလူမျိုးကို ပေးခဲ့သော ပြည်တော်သည်လည်း “ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသော ပြည်” ဖြစ်ခဲ့သည်။ (တရားဟောရာ ၈:၇) သို့ဖြစ်၍ ဟေရှာယက ဤလန်းဆန်းဖွယ်ကတိ ပေးခြင်းသည် သင့်လျော်၏– “တော၌ စမ်းရေထွက်၍ လွင်ပြင်၌ မြစ်ရေ စီးလိမ့်မည်။ တံလျှပ်သည် ရေကန် ဖြစ်လိမ့်မည်။ သွေ့ခြောက်သော မြေသည် စမ်းရေတွင်း ဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား မြက်ပင် ပေါက်လိမ့်မည်။” (ဟေရှာယ ၃၅:၆ခ၊ ၇) ဣသရေလလူမျိုးများသည် မိမိတို့၏ ပြည်တော်ကို ပြန်ပြုစုထူထောင်သည့်အခါ တစ်ချိန်က ခွေးအများ ခိုအောင်းခဲ့သည့် စွန့်ပစ်ခံထားရသော မြေသည် စိမ်းစိုပြီး ထူထပ်ပေါက်ရောက်နေသော သစ်ပင်၊ မြက်ပင်များနှင့် ဖုံးလွှမ်းနေသည်ကို တွေ့ရမည်။ ခြောက်သွေ့ပြီး ဖုန်ထူသော မြေသည် ဂမာပင်များနှင့် ရေကြိုက်သော အခြားကျူပင်များ ပေါက်နိုင်သည့် ‘ရွှံ့နွံပေါများသော’ နေရာကဲ့သို့ အသွင်ပြောင်းသွားမည် ဖြစ်သည်။—ယောဘ ၈:၁၁။
၁၃။ ပြန်လည်တည်ထောင်ထားသော ပြည်တော်သည် အဘယ် အလျှံပယ် ဝိညာဏရေကို ရရှိကြမည်နည်း။
၁၃ သို့သော် ပို၍ အရေးပါသည့်အရာမှာ တိုင်းပြည်ရင်းသို့ ပြန်ရောက်လာသည့် ဂျူးများသည် သမ္မာတရားဆိုင်ရာ ဝိညာဏရေကို အလျှံပယ် ရရှိမည် ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ နှုတ်ကပါဌ်တော်အားဖြင့် အသိပညာ၊ အားပေးမှုနှင့် နှစ်သိမ့်မှုတို့ကို ပေးမည်။ ထို့ပြင် သစ္စာရှိ အသက်ကြီးသူများနှင့် မင်းသားများသည် “သွေ့ခြောက်သော မြေ၌ စီးသော ချောင်းရေ” ကဲ့သို့ ဖြစ်ကြမည်။ (ဟေရှာယ ၃၂:၁၊ ၂) ဧဇရ၊ ဟဂ္ဂဲ၊ ယောရှု၊ နေဟမိ၊ ဇာခရိ၊ ဇေရုဗဗေလတို့ကဲ့သို့သော စင်ကြယ်သော ဝတ်ပြုရေးကို ပြုစုပျိုးထောင်သူများသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံရာ၌ အမှန်ပင် သက်ရှိသက်သေများ ဖြစ်မည်။—ဧဇရ ၅:၁၊ ၂; ၇:၆၊ ၁၀; နေဟမိ ၁၂:၄၇။
“သန့်ရှင်းရာလမ်း”
၁၄။ ဗာဗုလုန်နှင့် ယေရုရှလင်မြို့စပ်ကြား လမ်းခရီးအကြောင်း ရှင်းပြပါ။
၁၄ သို့ရာတွင် ပြည်နှင်ခံ ဂျူးများသည် ထိုကဲ့သို့သော ကာယနှင့် ဝိညာဏ ပရဒိသုအခြေအနေများကို မခံစားရမီ သူတို့သည် ဗာဗုလုန်မှ ယေရုရှလင်မြို့သို့ အန္တရာယ်ထူပြောသော ခရီးရှည်ကို နှင်ရမည် ဖြစ်သည်။ တိုက်ရိုက်လမ်းကြောင်းသည် မိုင် ၅၀၀ ခန့် ရှည်ပြီး ခြောက်သွေ့၊ ကြမ်းတမ်းသော နယ်မြေကို ဖြတ်သွားရမည် ဖြစ်သည်။ အခက်အခဲ ပိုနည်းသော လမ်းကြောင်းသည် မိုင် ၁,၀၀၀ ခရီး ဝေးမည်။ မည်သည့်လမ်းကြောင်းမဆိုသည် လေ၊ မိုးကဲ့သို့သော သဘာဝ အင်အားစုများကို လပေါင်းများစွာ ရင်ဆိုင်ရကာ ခရီးနှင်ရမည် ဖြစ်ပြီး သားရိုင်းတိရစ္ဆာန်များ၊ သားရိုင်းကဲ့သို့သော လူများ၏ အန္တရာယ်ပေးမှုများနှင့် ကြုံတွေ့နိုင်သည်။ သို့သော် ဟေရှာယ၏ ပရောဖက်ပြုချက်ကို ယုံကြည်စိတ်ချသူများသည် အလွန်အမင်း စိုးရိမ်မည် မဟုတ်ပါ။ အဘယ်ကြောင့်နည်း။
၁၅၊ ၁၆။ (က) သစ္စာရှိဂျူးများ၏ ပြည်တော်ပြန် လမ်းခရီးတွင် အဘယ် ကာကွယ်မှုကို ယေဟောဝါ ပြင်ဆင်ပေးသနည်း။ (ခ) ယေဟောဝါသည် ဂျူးများအတွက် အခြား အဘယ်သဘောဖြင့် လုံခြုံမှု ရှိသည့် လမ်းမကြီးတစ်ခုကို ပြင်ဆင်ပေးသနည်း။
၁၅ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့ ကတိပြုတော်မူ၏– “ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မလျှောက်မသွားရ။ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍ မိုက်သောသူသော်လည်း လမ်းမလွဲရ။ ထိုလမ်း၌ ခြင်္သေ့ မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။” (ဟေရှာယ ၃၅:၈၊ ၉) ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ပြန်လည်ရွေးနုတ်ခဲ့သည်! သူတို့သည် ကိုယ်တော်၏ “ရွေးနုတ်သောသူတို့” ဖြစ်ပြီး သူတို့၏ ပြည်တော်ပြန် လမ်းခရီးကို အကာအကွယ် ပေးမည်ဟု ကိုယ်တော် အာမခံတော်မူ၏။ ဗာဗုလုန်မှ ယေရုရှလင်သို့ သွားသော လမ်းကို ပကတိ လမ်းဖို့၍ ကာရံပေးခဲ့သလော။ မဟုတ်ပါ၊ လမ်းခရီး၌ မိမိလူမျိုးတော်အား ယေဟောဝါ အကာအကွယ် ပေးမည်မှာ သေချာရကား ထိုကဲ့သို့သော အဝေးပြေး လမ်းမပေါ်တွင် သွားနေသကဲ့သို့ ဖြစ်မည်။—ဆာလံ ၉၁:၁-၁၆ နှိုင်းယှဉ်။
၁၆ ဂျူးများသည် ဝိညာဏ အန္တရာယ်များမှလည်း အကာအကွယ် ရရှိခဲ့ကြသည်။ ပုံဆောင် လမ်းမကြီးသည် “သန့်ရှင်းရာလမ်း” ဖြစ်သည်။ မြင့်မြတ်သောအရာများကို မလေးမခန့် ပြုမူသူများ သို့မဟုတ် ဝိညာဉ်ရေးတွင် မသန့်ရှင်းသူများ ထိုလမ်းတွင် လျှောက်သွားခွင့် မရပါ။ ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ထိုသို့သောသူများကို အလိုမရှိပါ။ အရည်အချင်း ရှိသူများသည် အမှန်ပင် လှုံ့ဆော်ခံခဲ့ရသည်။ ယုဒပြည်၊ ယေရုရှလင်မြို့သို့ ပြန်ခြင်းသည် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ မိမိတို့၏ အကျိုးစီးပွားအတွက်သော်လည်းကောင်း မဟုတ်ပါ။ ဝိညာဉ်ရေး စိတ်ထားရှိ ဂျူးများအဖို့ ပြည်တော်ပြန်ခြင်း၏ အဓိက အကြောင်းရင်းမှာ ယေဟောဝါ၏ စင်ကြယ်သော ဝတ်ပြုရေးကို ပြည်တော်တွင် ပြန်လည်တည်ထောင်ရန် ဖြစ်ကြောင်း သူတို့ သဘောပေါက်ကြသည်။—ဧဇရ ၁:၁-၃။
ယေဟောဝါ၏ လူမျိုးတော် ရွှင်လန်း
၁၇။ ဟေရှာယ ပရောဖက်ပြုချက်သည် သစ္စာရှိဂျူးများ နှစ်ပေါင်းများစွာ ပြည်နှင်ခံရချိန်အတွင်း မည်သို့ နှစ်သိမ့်မှု ဖြစ်ခဲ့သနည်း။
၁၇ ဟေရှာယ ပရောဖက်ပြုချက်၏ အခန်းကြီး ၃၅ ကို ဤရွှင်လန်းဖွယ် မှတ်ချက်ဖြင့် အဆုံးသတ်ထား၏– “ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆို [“ရွှင်လန်းစွာကြွေးကြော်၊” ကဘ] လျက်၊ ထာဝရ ဝမ်းမြောက်ခြင်း သရဖူကို ဆောင်းလျက် ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။” (ဟေရှာယ ၃၅:၁၀) ပြည်နှင်ခံရချိန် အတောအတွင်း ဤပရောဖက်ပြုချက်ကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်အဖြစ် မျှော်ကိုးခဲ့ကြသော ဂျူးသုံ့ပန်းများသည် ၎င်းအသေးစိတ် အဖုံဖုံသည် မည်သို့ ပြည့်စုံလာမည်ကို စဉ်းစားခဲ့ကြပေမည်။ ဖြစ်ဖွယ်ရှိသည်မှာ သူတို့သည် ပရောဖက်ပြုချက်၏ ကဏ္ဍများစွာကို နားမလည်ခဲ့ကြပေ။ သို့သော် သူတို့သည် “ပြန်လာ၍ . . . ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်” ကို ရှင်းလင်းစွာ နားလည်ခဲ့သည်။
၁၈။ ဗာဗုလုန်၌ ဝမ်းနည်းမှုနှင့် ညည်းတွားမှုတို့ကို ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ရွှင်လန်းဝမ်းမြောက်မှုနှင့် မည်သည့်နည်းဖြင့် အစားထိုးသနည်း။
၁၈ ထို့ကြောင့် ဘီ.စီ.အီး. ၅၃၇ တွင် (ကျွန်များနှင့် ဗိမာန်တော် သီချင်းသည် ၇,၀၀၀ ကျော် ပါဝင်သော) အမျိုးသား ၅၀,၀၀၀ ခန့်သည် အမျိုးသမီးများ၊ ကလေးများနှင့်အတူ ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်စိတ်ချမှုဖြင့် ယေရုရှလင်မြို့သို့ လေးလကြာ ခရီးကို နှင်ခဲ့ကြသည်။ (ဧဇရ ၂:၆၄၊ ၆၅) လအနည်းငယ်မျှ ကြာပြီးနောက် ဗိမာန်တော်ကို အပြီးပြန်လည်တည်ဆောက်ရန်အတွက် ပဏာမ ခြေလှမ်းအဖြစ် ယေဟောဝါ၏ ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ အနှစ် ၂၀၀ သက်တမ်းရှိ ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ ဗာဗုလုန်တွင် ရှိစဉ် လူမျိုးတော်၏ ဝမ်းနည်းမှု၊ ညည်းတွားမှုများကို ပြန်လည်တည်ထောင်ထားသော ပြည်တွင် ဝမ်းမြောက်ခြင်း၊ ရွှင်လန်းခြင်းတို့ဖြင့် အစားထိုးလိုက်သည်။ ယေဟောဝါသည် မိမိ၏ ကတိတော်ကို ပြည့်စုံစေခဲ့ပြီ။ ပရဒိသု—ပကတိရော ဝိညာဏပါ—ပြန်လည်တည်ထောင်ခဲ့ပြီ!
လူမျိုးသစ် ဖွားမြင်ခြင်း
၁၉။ ဟေရှာယ ပရောဖက်ပြုချက်သည် ဘီ.စီ.အီး. ခြောက်ရာစုတွင် အနည်းအကျဉ်းဖြင့်သာ ပြည့်စုံခဲ့သည်ဟု အဘယ်ကြောင့် ဆိုရမည်နည်း။
၁၉ ဘီ.စီ.အီး. ခြောက်ရာစုတွင် ဟေရှာယ အခန်းကြီး ၃၅ သည် အနည်းအကျဉ်းသာ ပြည့်စုံခဲ့သည်။ ပြည်တော်ပြန်ဂျူးများ ခံစားရသည့် ပရဒိသု အခြေအနေသည် ကြာရှည် မတည်ခဲ့ပါ။ အတန်ကြာသော် မှောက်မှားသော ဘာသာရေး သွန်သင်ချက်များနှင့် မျိုးချစ်စိတ်ဓာတ်တို့က စင်ကြယ်သော ဝတ်ပြုရေးကို ညစ်ညူးစေခဲ့သည်။ ဂျူးလူမျိုးများသည် ဝိညာဉ်ရေးအရ ဝမ်းနည်းမှုနှင့် ညည်းတွားမှုကို တစ်ဖန် ပြန်လည်ခံစားကြရပြန်သည်။ နောက်ဆုံးတွင် ယေဟောဝါသည် သူတို့ကို မိမိ၏ လူမျိုးအဖြစ်မှ ငြင်းပယ်လိုက်သည်။ (မဿဲ ၂၁:၄၃) တစ်ဖန် မနာခံမှုကြောင့် သူတို့၏ ရွှင်လန်းမှုသည် မတည်မြဲပါ။ ယင်းတို့အားလုံးက ဟေရှာယ အခန်းကြီး ၃၅ သည် နောက်ထပ်၊ သာ၍ ကြီးမားသော ပြည့်စုံချက် ရှိမည် ဖြစ်ကြောင်း ညွှန်ပြသည်။
၂၀။ စီ.အီး. ပထမရာစုတွင် အဘယ် ဣသရေလ လူမျိုးသစ် ပေါ်ပေါက်လာသနည်း။
၂၀ ယေဟောဝါ၏ သတ်မှတ်အချိန်တွင် နောက်ထပ် ဣသရေလလူမျိုး၊ ဝိညာဏလူမျိုး ပေါ်ပေါက်လာသည်။ (ဂလာတိ ၆:၁၆) ယေရှုသည် မိမိ၏ မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ဤဣသရေလ လူမျိုးသစ် မွေးဖွားလာရန်အတွက် အသင့်ပြင်ဆင်ပေးခဲ့သည်။ ကိုယ်တော်သည် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့ပြီး ကိုယ်တော်၏ သွန်သင်ချက်များအားဖြင့် သမ္မာတရားရေ တစ်ဖန် စစီးဆင်းလာသည်။ ကိုယ်တော်သည် ကာယရေးနှင့် ဝိညာဉ်ရေးနှ စ်တန်စလုံး ဖျားနာသူများကို ကုသပေးခဲ့သည်။ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို ကြွေးကြော်သည်နှင့်အမျှ ရွှင်လန်းစွာ ကြွေးကြော်မှု ပေါ်ထွက်လာသည်။ ကိုယ်တော် သေဆုံး၍ ရှင်ပြန်ထမြောက်ပြီး ရက်သတ္တပတ် ခုနစ်ပတ် ကြာပြီးနောက် ဘုန်းရှိသော ယေရှုသည် ခရစ်ယာန် အသင်းတော်ကို တည်ထောင်ခဲ့သည်၊ ထိုအသင်းတော်သည် ဘုရားသခင့် ဝိညာဏသားများနှင့် ယေရှု၏ ညီတော်များအဖြစ် မွေးဖွားခဲ့သော၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘိသိက်ခံခဲ့ပြီး ကိုယ်တော် သွန်းခဲ့သည့် အသွေးတော်ဖြင့် ရွေးနုတ်ခဲ့သော ဂျူးများနှင့် အခြားသူများဖြင့် ဖွဲ့စည်းထားသည့် ဝိညာဏ ဣသရေလလူမျိုး ဖြစ်သည်။—တမန်တော် ၂:၁-၄; ရောမ ၈:၁၆၊ ၁၇; ၁ ပေတရု ၁:၁၈၊ ၁၉။
၂၁။ ပထမရာစု ခရစ်ယာန် အသင်းတော်နှင့်ပတ်သက်၍ အဘယ် အဖြစ်အပျက်များက ဟေရှာယ ပရောဖက်ပြုချက်၏ ကဏ္ဍအချို့ ပြည့်စုံသည်ဟု ရှုမြင်နိုင်သနည်း။
၂၁ တမန်တော် ပေါလုသည် ဝိညာဏ ဣသရေလလူမျိုး အဖွဲ့ဝင်များထံ စာရေးစဉ် ဟေရှာယ ၃၅:၃ မှ စကားများကို ရည်ညွှန်းကာ ဤသို့ ဆို၏– “တွဲလွဲနေသော လက်တို့နှင့် အားမရှိသော ဒူးတို့ကို ခိုင်ခံ့စေကြလော့။” (ဟေဗြဲ ၁၂:၁၂) သို့ဖြစ်၍ စီ.အီး. ပထမရာစုတွင် ဟေရှာယ အခန်းကြီး ၃၅ မှ စကားများ ပြည့်စုံခဲ့သည်မှာ ထင်ရှားသည်။ ပကတိစာသားအရ ယေရှုနှင့် ကိုယ်တော်၏ တမန်တော်များသည် အံ့ဖွယ်နည်းဖြင့် မျက်စိကန်းသူများကို မြင်စေခဲ့၊ နားပင်းသူများကို ကြားစေခဲ့ကြသည်။ “ခြေဆွံ့” နေသူများကို လမ်းလျှောက်စေခဲ့ကြပြီး စကားအသူများကို စကား ပြန်လည်ပြောစေခဲ့ကြသည်။ (မဿဲ ၉:၃၂; ၁၁:၅; လုကာ ၁၀:၉) ပို၍ အရေးပါသည်မှာ နှလုံးရိုးဖြောင့်သူများကို မှောက်မှားသော ဘာသာမှ လွတ်မြောက်စေခဲ့ပြီး ခရစ်ယာန် အသင်းတော်အတွင်းရှိ ဝိညာဏ ပရဒိသုတွင် ခံစားပျော်မွေ့စေခဲ့ကြသည်။ (ဟေရှာယ ၅၂:၁၁; ၂ ကောရိန္သု ၆:၁၇) ဗာဗုလုန်မှ ပြန်လာသော ဂျူးများ၏ အဖြစ်အပျက်တွင်ကဲ့သို့ ထိုလွတ်မြောက်လာသူများသည် အပြုသဘောနှင့် ရဲရင့်သည့် စိတ်ဓာတ် မရှိမဖြစ် လိုအပ်ကြောင်း တွေ့ရှိခဲ့ကြသည်။—ရောမ ၁၂:၁၁။
၂၂။ မျက်မှောက်ခေတ်တွင် စိတ်နှလုံးရိုးဖြောင့်သော သမ္မာတရား ရှာဖွေသူ ခရစ်ယာန်များသည် ဗာဗုလုန် သုံ့ပန်းဘဝသို့ မည်သို့ ရောက်ခဲ့သနည်း။
၂၂ ကျွန်ုပ်တို့ခေတ်တွင်ကော အသို့နည်း။ ဟေရှာယ၏ ပရောဖက်ပြုချက်သည် နောက်ထပ် ပြည့်စုံစရာ၊ ယနေ့ ခရစ်ယာန် အသင်းတော်၌ ပို၍ အသေးစိတ် ပြည့်စုံစရာ ရှိသလော။ ရှိပါသည်။ တမန်တော်များ သေဆုံးပြီးနောက် ဘိသိက်ခံ ခရစ်ယာန်စစ်များ အရေအတွက် အကြီးအကျယ် လျော့နည်းခဲ့ပြီး မှောက်မှားသော ခရစ်ယာန် “တောပင်များ” သည် ကမ္ဘာ့မြင်ကွင်းတွင် လွှမ်းမိုးကြီးစိုးခဲ့သည်။ (မဿဲ ၁၃:၃၆-၄၃; တမန်တော် ၂၀:၃၀; ၂ ပေတရု ၂:၁-၃) ၁၉ ရာစုအတွင်းတွင် စိတ်နှလုံးရိုးဖြောင့်သူများသည် ခရစ်ယာန်ဘောင်မှ မိမိတို့ကိုယ်ကို စတင်၍ သီးခြားဖြစ်စေခဲ့ကြပြီး စင်ကြယ်သော ဝတ်ပြုရေးကို ရှာဖွေခဲ့ကြလျက်ပင် သူတို့၏ သိနားလည်မှုတွင် ကျမ်းစာနှင့် မညီသော သွန်သင်ချက်များဖြင့် ဆက်စွန်းထင်းနေဆဲ ဖြစ်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ယေရှုကို မေရှိယဘုရင်အဖြစ် နန်းတင်ခဲ့သည်၊ သို့သော် ယင်းနောက် မကြာမီတွင် ထိုစိတ်နှလုံးရိုးဖြောင့်သည့် သမ္မာတရား ရှာဖွေသူများအတွက် အခြေအနေသည် မှောင်မိုက်ပုံပေါက်ခဲ့သည်။ ပရောဖက်ပြုချက် ပြည့်စုံသည့်အနေဖြင့် လူမျိုးများသည် ‘သူတို့ကို စစ်တိုက်အနိုင်ယူ’ ကာ ထိုစိတ်နှလုံးရိုးဖြောင့်သူများ၏ သတင်းကောင်း ဟောပြောရန် ကြိုးစားအားထုတ်မှုများ ပိတ်ပင်ခံခဲ့ရသည်။ အမှန်ပင်၊ သူတို့သည် ဗာဗုလုန်သုံ့ပန်းဘဝ ရောက်ခဲ့သည်။—ဗျာဒိတ် ၁၁:၇၊ ၈။
၂၃၊ ၂၄။ ၁၉၁၉ ခုနှစ်ကတည်းက ဘုရားသခင့် လူမျိုးတော်အကြားတွင် ဟေရှာယ၏ စကားများ မည်သည့်နည်းဖြင့် ပြည့်စုံခဲ့သနည်း။
၂၃ သို့ရာတွင် ၁၉၁၉ ၌ အခြေအနေ ပြောင်းသွားခဲ့သည်။ ယေဟောဝါသည် မိမိ၏ လူမျိုးကို သုံ့ပန်းဘဝမှ ကယ်နုတ်ခဲ့သည်။ သူတို့သည် အစောပိုင်းက မိမိတို့၏ ဝတ်ပြုရေးကို ယိုယွင်းစေခဲ့သော မှားယွင်းသည့် သွန်သင်ချက်များကို စတင် ငြင်းပယ်ခဲ့ကြသည်။ ရလဒ်အနေနှင့် သူတို့သည် ကုသမှုကို ခံခဲ့ကြရသည်။ သူတို့သည် ဝိညာဏ ပရဒိသုသို့ ရောက်နေကြကာ ယင်းသည် ယနေ့အချိန်၌ပင် ကမ္ဘာတစ်ခုလုံးသို့ ဆက်ကျယ်ပြန့်နေသည်။ ဝိညာဏသဘောအရ မျက်စိကန်းသူများသည် မြင်ရန်နှင့် နားပင်းသူများသည် ကြားရန် သင်ယူနေကြသည်—ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုပ်ရှားဆောင်ရွက်မှုများကို အပြည့်အဝ နိုးနိုးကြားကြား ရှိလာကြကာ ယေဟောဝါနှင့် နီးကပ်စွာ နေရန် လိုကြောင်း မပြတ် သတိပြုမိလာကြသည်။ (၁ သက်သာလောနိတ် ၅:၆; ၂ တိမောသေ ၄:၅) ခရစ်ယာန်စစ်များသည် စကားအ,ခြင်း မရှိတော့ဘဲ ကျမ်းစာသမ္မာတရားကို အခြားသူများအား ကြေညာခြင်းဖြင့် “ကြွေးကြော်” ရန် စိတ်အားထက်သန်ကြသည်။ (ရောမ ၁:၁၅) ဝိညာဉ်ရေးတွင် အားနည်းသူများ သို့မဟုတ် “ခြေဆွံ့” သူများသည် ယခု ဇွဲ၊ ရွှင်လန်းမှုကို ပြသကြသည်။ တင်စားပြရမည်ဆိုလျှင် သူတို့သည် “ဒရယ်ကဲ့သို့ ခုန်” နိုင်ကြပြီ။
၂၄ ပြန်လည်ထူထောင်ခဲ့သော ဤခရစ်ယာန်များသည် “သန့်ရှင်းရာလမ်း” ပေါ်တွင် လျှောက်ကြသည်။ မဟာဗာဗုလုန်မှ ဝိညာဏ ပရဒိသုသို့ ရောက်စေသော ဤထွက်ပေါက် “လမ်း” ကို ဝိညာဉ်ရေးအရ သန့်ရှင်းသော ဝတ်ပြုသူအားလုံးအတွက် ဖွင့်ထားပေးပါသည်။ (၁ ပေတရု ၁:၁၃-၁၆) သူတို့သည် အကာအကွယ်အတွက် ယေဟောဝါကို အားကိုးနိုင်ကြပြီး စစ်မှန်သော ဝတ်ပြုရေး ပပျောက်သွားရန် စာတန်၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုများ အောင်မြင်မည် မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (၁ ပေတရု ၅:၈) နာခံမှု မရှိသောသူများနှင့် သားရိုင်းတိရစ္ဆာန်ကဲ့သို့ အမူအကျင့်ရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ သန့်ရှင်းသော လမ်းမကြီးပေါ်ရှိသူများအား ဖျက်လိုဖျက်ဆီး ပြုခွင့် ရမည် မဟုတ်ပါ။ (၁ ကောရိန္သု ၅:၁၁) ဤကာကွယ်ထားသော ဝန်းကျင်အတွင်းတွင် ယေဟောဝါ ရွေးနုတ်ထားသော—ဘိသိက်ခံများနှင့် “အခြားသိုး” များ—သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ဝတ်ပြုရာတွင် ရွှင်လန်းမှု တွေ့ရှိကြသည်။—ယောဟန် ၁၀:၁၆။
၂၅။ ဟေရှာယ အခန်းကြီး ၃၅ သည် ပကတိ ပြည့်စုံချက် ရှိဦးမည်လော။ ရှင်းပြပါ။
၂၅ အနာဂတ်နှင့်ပတ်သက်၍ကော မည်သို့နည်း။ ဟေရှာယ ပရောဖက်ပြုချက်သည် ပကတိနည်းဖြင့် ပြည့်စုံပါဦးမည်လော။ ပြည့်စုံပါမည်။ ပထမရာစု၌ ယေရှုနှင့် ကိုယ်တော့်တမန်တော်များအားဖြင့် အံ့ဖွယ်ကုသမှုများ ပြုလုပ်ခြင်းက အနာဂတ်တွင် ကြီးမားသော အတိုင်းအတာဖြင့် ထိုကဲ့သို့သော ကုသမှုများ လုပ်ဆောင်ရန် ယေဟောဝါ ဆန္ဒ ရှိပြီး ကိုယ်တော် တတ်နိုင်တော်မူကြောင်း သက်သေပြခဲ့ခြင်း ဖြစ်သည်။ မှုတ်သွင်းခံ ဆာလံကျမ်းများ၌ မြေကြီးပေါ် ငြိမ်သက်သော အခြေအနေများတွင် ထာဝရ အသက် ရမည်အကြောင်း ဖော်ပြထားသည်။ (ဆာလံ ၃၇:၉၊ ၁၁၊ ၂၉) ယေရှုက ပရဒိသု အသက်တာကို ကတိပြုတော်မူခဲ့သည်။ (လုကာ ၂၃:၄၃) သမ္မာကျမ်းစာ ဦးဆုံးကျမ်းမှစ၍ နောက်ဆုံးကျမ်းအထိ ပကတိ ပရဒိသု မျှော်လင့်ချက်ကို ပေးထားသည်။ ထိုအချိန်တွင် မျက်စိကန်းသူ၊ နားပင်းသူ၊ ခြေဆွံ့သူနှင့် စကားအသူများသည် ကာယရေးအရ ထာဝစဉ် ကုသမှု ခံရမည်။ ဝမ်းနည်းမှု ညည်းတွားမှုများ ပျောက်လွင့်သွားမည်။ ရွှင်လန်းဝမ်းမြောက်မှုသည် ထာဝစဉ်၊ အစဉ်အဆက် တည်ရှိသွားမည်။—ဗျာဒိတ် ၇:၉၊ ၁၆၊ ၁၇; ၂၁:၃၊ ၄။
၂၆။ ဟေရှာယ၏ စကားများသည် ယနေ့ခရစ်ယာန်များအတွက် မည်သို့ အားပေးမှု ဖြစ်သနည်း။
၂၆ ခရစ်ယာန်စစ်များသည် ပကတိ မြေကြီးပရဒိသု ပြန်လည်တည်ထောင်ခြင်းကို စောင့်မျှော်နေစဉ် ယခုအချိန်၌ပင် ဝိညာဏ ပရဒိသု ကောင်းချီးများကို စံစားကြသည်။ သူတို့သည် စုံစမ်းမှုများနှင့် ဆင်းရဲဒုက္ခများကို အပြုသဘောဖြင့် ရင်ဆိုင်ကြသည်။ ယေဟောဝါအပေါ် မတိမ်းယိမ်းသည့် ယုံကြည်စိတ်ချမှုဖြင့် တစ်ယောက်ကို တစ်ယောက် အားပေးကြပြီး “အားမရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ ‘အားယူကြလော့၊ မစိုးရိမ်ကြနှင့်’ ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့” ဟူသည့် သတိပေးချက်ကို လိုက်နာကြသည်။ “သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်” ဟု ပရောဖက်ပြုချက်၌ အာမခံထားသည်ကို သူတို့ အကြွင်းမဲ့ ယုံကြည်စိတ်ချကြသည်။—ဟေရှာယ ၃၅:၃၊ ၄။
[အောက်ခြေမှတ်ချက်]
a သမ္မာကျမ်းစာစောင်များ၌ ရှေးခေတ်လေဗနုန်ကို ဧဒင်ဥယျာဉ်နှင့် နှိုင်းယှဉ်နိုင်သည့် ထူထပ်စွာ ပေါက်ရောက်သော သစ်တောများ၊ လှပခန့်ညားသော အာရဇ်ပင်များ ရှိသည့် ဖြစ်ထွန်းသော ပြည်အဖြစ် ဖော်ပြထားသည်။ (ဆာလံ ၂၉:၅; ၇၂:၁၆; ယေဇကျေလ ၂၈:၁၁-၁၃) ရှာရုန်သည် စမ်းချောင်းများ၊ ဝက်သစ်ချတောများကြောင့် နာမည်ကြီးခဲ့ပြီး ကရမေလသည် စပျစ်ဥယျာဉ်များ၊ သစ်သီးခြံများနှင့် ပန်းများဖြင့် လွှမ်းခြုံထားသော တောင်စောင်းများကြောင့် ကျော်ကြားသည်။