ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိစေနိုင်!
လက်ရှိ ယုံကြည်စိတ်ချမှုပြဿနာဖြစ်ပေါ်နေခြင်းသည် “နောက်ဆုံးသောနေ့ရက်များ” ၏နိမိတ်တစ်ခုဖြစ်သော်လည်း လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကလည်း ယုံကြည်စိတ်ချမှုပြဿနာပေါ်ခဲ့သည်။ (၂ တိမောသေ ၃:၁၊ ကဘ) လုံးဝမထင်မမှတ်သည့်နေရာဖြစ်သော ပရဒိသု၌ ဦးဆုံးပေါ်ပေါက်ခဲ့သည်။ ထိုနေရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ထိုမြေထဲကအဆင်းလှ၍၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရအရှင် [“ယေဟောဝါ၊” ကဘ] ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကိုသိကျွမ်းရာအပင်လည်းရှိ၏။”—ကမ္ဘာဦး ၂:၈၊ ၉။
ရှေ့ဆက်အခန်းငယ်များက ယင်းသည် မျက်မှောက်ခေတ် ယုံကြည်စိတ်ချမှုပြဿနာနှင့် မည်သို့ပတ်သက်ကြောင်း ရှင်းပြသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထာဝရအရှင် [“ယေဟောဝါ၊” ကဘ] ဘုရားသခင်ကလည်း၊ ‘ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်’ ဟုလူကိုပညတ်ထားတော်မူ၏။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံသည် ယေဟောဝါမိန့်ဆိုခဲ့ရာကို သံသယဖြစ်ဖွယ်တစ်စုံတစ်ရာရှိခဲ့ပါသလော။
ကျွန်ုပ်တို့ ဤသို့ဆက်ဖတ်ရသည်– “မြွေသည် ထာဝရအရှင် [“ယေဟောဝါ၊” ကဘ] ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား ‘သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော’ ဟုမေး၏။ မိန်းမကလည်း၊ ‘ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ “သင်တို့သည်မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်” ဟုဘုရားသခင်အမိန့်တော်ရှိသည်’ ဟုမြွေအားဆို၏။ မြွေကလည်း၊ ‘သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည်မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်’ ဟုမိန်းမအားဆို၏။ ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။”—ကမ္ဘာဦး ၃:၁-၆။
ဘုရားသခင်၏ရှင်းလင်းပြတ်သားသောသတိပေးချက်ကို လျစ်လျူရှုခြင်းဖြင့် အာဒံနှင့်ဧဝတို့သည် ယေဟောဝါအား ယုံကြည်စိတ်ချမှုမရှိကြောင်းတင်ပြခဲ့ကြသည်။ သူတို့သည် ပကတိမြွေမှတစ်ဆင့် ဧဝအားစကားပြောခဲ့သူ၊ ဘုရားသခင့်ရန်သူစာတန်ကို တုပခဲ့ကြသည်။ စာတန်သည် ဘုရားသခင့်အုပ်ချုပ်ပုံကို ယုံကြည်စိတ်ချမှုမရှိခဲ့ပေ။ ယင်းနှင့် ထောင်လွှားပြီး ရည်မှန်းချက်ကြီးလွန်းသည့်စိတ်ကြောင့် သူသည် ဘုရားသခင်ကိုပုန်ကန်ကာ လူသားများလည်း အလားတူလုပ်ဆောင်ကြရန် သွေးဆောင်ခဲ့သည်။ သူသည် ဘုရားသခင်အားကိုးစား၍မရဟူသည့်အတွေးကို သူတို့အထဲသို့သွတ်သွင်းပေးခဲ့သည်။
ရလဒ်ကားအဘယ်နည်း။ ထစ်ငေါ့သော ဆက်ဆံရေး
သူတစ်ပါးကို ယုံကြည်စိတ်ချမှုမရှိသူတို့သည် မိတ်ဆွေနည်းကြောင်း သင်သတိပြုမိမည်။ ဘီ.စီ.အီး. ပထမရာစုမှ လက်တင်စာရေးဆရာ ပတ်ဘလီးယပ်စ် ဆိုင်းရပ်စ်က ဤသို့ရေးသားခဲ့သည်– “ယုံကြည်စိတ်ချမှုသည် မိတ်ဆွေဖြစ်ခြင်း၏ တစ်ခုတည်းသောနှောင်ကြိုးဖြစ်၏။” အာဒံနှင့်ဧဝတို့သည် သူတို့၏ပုန်ကန်သည့်လုပ်ရပ်အားဖြင့် ဘုရားသခင်ကို မယုံကြည်ကြောင်းပြခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကိုယုံကြည်စရာအကြောင်း အမှန်မရှိတော့ချေ။ ယုံကြည်ကိုးစားမှု သို့မဟုတ် ယုံကြည်စိတ်ချမှုပျက်သွားသည့်ရလဒ်အဖြစ် ပထမလူသားများသည် ဘုရားသခင်၏မိတ်ဆွေအဖြစ်ကို ဆုံးရှုံးခဲ့ကြသည်။ ယေဟောဝါသည် သူတို့ပုန်ကန်သည့်အတွက် အပြစ်ပေးပြီးနောက် သူတို့ကိုနောက်တစ်ခါစကားပြောဆိုခဲ့ကြောင်း အဘယ်အထောက်အထားမျှမရှိချေ။
အာဒံနှင့်ဧဝတို့၏အချင်းချင်းဆက်ဆံရေးသည်လည်း ထိခိုက်ခဲ့သည်။ ဧဝကို ယေဟောဝါ ဤသို့သတိပေးတော်မူခဲ့သည်– “ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်။” (ကမ္ဘာဦး ၃:၁၆) ယေရုရှလင်ကျမ်းစာက ဤသို့ဆိုသည်– “သူသည် သင့်သခင်ဖြစ်လိမ့်မည်။” ဘုရားသခင်အလိုတော်ရှိသကဲ့သို့ သူ၏ဇနီးကိုမေတ္တာပါပါဦးစီးမည့်အစား အာဒံသည် ယခုသူမအပေါ်အနိုင်အထက်ပြုသည့် သူမ၏သခင်ဖြစ်လာခဲ့လေသည်။
သူတို့အပြစ်ပြုပြီးနောက် အာဒံသည် သူ၏ဇနီးကိုအပြစ်ပုံချရန် ကြိုးစားခဲ့သည်။ သူတို့သည် ပြည့်ဝစုံလင်သောဥယျာဉ်တစ်ခုမှ လက်စမသတ်ရသေးသောကမ္ဘာ့ဒေသအရပ်တစ်ခုသို့ နှင်ထုတ်ခံရပြီး မြေမှုန့်သို့မပြန်မီ မစုံလင်သောအခြေအနေများအောက် အပင်ပန်းခံရကြခြင်းသည် သူမ၏လုပ်ရပ်ကြောင့်ဖြစ်သည်ဟု အာဒံယူဆခဲ့သည်။ (ကမ္ဘာဦး ၃:၁၇-၁၉) ယင်းသည် သူတို့နှစ်ဦးကြားတွင် ပင်မပြဿနာဖြစ်ခဲ့မည်ဟု ကျွန်ုပ်တို့အမှန်ပင်ယူမှတ်နိုင်သည်။ အာဒံသည် ဧဝ၏စကားကို နောက်ဘယ်တော့မျှနာခံတော့မည်မဟုတ်ဟုဆိုကာ အလွန်အကျွံတုံ့ပြန်ခဲ့ပေမည်။ သို့ဖြင့် သူသည် ‘အခုအချိန်ကစပြီး ငါဟာအာဏာပိုင်ပဲ!’ ဟုသူမအားပြောရာတွင်မှန်ကန်သည်ဟု ယူဆခဲ့မည်။ အခြားတစ်ဖက်တွင်မူ အာဒံသည် မိသားစုဦးစီးအဖြစ် တာဝန်ပျက်ကွက်ခဲ့ကြောင်း ဧဝတွေ့မြင်ခဲ့မည်ဖြစ်ရာ သူ့အပေါ်ယုံကြည်စိတ်ချမှုပျောက်စေခဲ့ပေမည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်အား ယုံကြည်စိတ်ချမှုမရှိကြောင်း ဖော်ပြခဲ့ခြင်းကြောင့် လူသားများသည် ကိုယ်တော်၏မိတ်ဆွေအဖြစ်ကိုသာမက သူတို့အချင်းချင်း၏ဆက်ဆံရေးသည်လည်း ပျက်ပြားခဲ့သည်။
မည်သူ့ကို ကျွန်ုပ်တို့ကိုးစားနိုင်သနည်း
အာဒံနှင့်ဧဝတို့ဖော်ပြသည့်ပုံသက်သေကဲ့သို့ လူယောက်တိုင်းကို ကျွန်ုပ်တို့ယုံကြည်၍မရပါ။ ကျွန်ုပ်တို့၏ယုံကြည်စိတ်မှုကို မည်သူရထိုက်သည်၊ မရထိုက်သည်ကို မည်သို့သိနိုင်သနည်း။
ဆာလံ ၁၄၆:၃ ကကျွန်ုပ်တို့ကို ဤသို့အကြံပေးထားသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” ထို့အပြင် ယေရမိ ၁၇:၅-၇ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ထံတော်မှထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။” အခြားတစ်ဖက်တွင်မူ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုကိုးစားသောသူ၊ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုမိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။”
လူကိုယုံကြည်ခြင်းသည် အမြဲမှားသည်တော့မဟုတ်ပါ။ ထိုကျမ်းချက်များဖော်ပြနေသည်ကား ဘုရားသခင်အား ယုံကြည်စိတ်ချမှုသည် ဘယ်တော့မျှလွဲမှားမည်မဟုတ်၊ သို့သော် မစုံလင်သောလူသားများကို ယုံကြည်စိတ်ချခြင်းမှာမူ ဘေးတွေ့စေနိုင်သောအခါများရှိခြင်းဖြစ်သည်။ သာဓကအနေဖြင့် ဘုရားသခင်သာတတ်နိုင်သောအရာ—ကယ်တင်ပြီး လုံးလုံးငြိမ်းချမ်းလုံခြုံစေခြင်း—ကိုလူသားများထံမှရမည်ဟု ကိုးစားသူတို့သည် စိတ်ပျက်ကြမည်သာဖြစ်သည်။—ဆာလံ ၄၆:၉; ၁ သက်သာလောနိတ် ၅:၃။
အမှန်မှာ လူသားများနှင့် လူ့အဖွဲ့အစည်းများသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီလုပ်ဆောင်ပြီး ဘုရားသခင်ရေးရာမူများကိုကျင့်သုံးမှသာလျှင် ယုံကြည်စိတ်ချထိုက်သူများဖြစ်ကြမည်။ ထို့ကြောင့် ကျွန်ုပ်တို့ကို အခြားသူများယုံကြည်စိတ်ချစေလိုလျှင် ကျွန်ုပ်တို့သည် အမှန်အတိုင်းပြောသူ၊ ရိုးသားပြီးယုံကြည်အားထားနိုင်သူဖြစ်ရမည်။ (သု. ၁၂:၁၉; ဧဖက် ၄:၂၅; ဟေဗြဲ ၁၃:၁၈) သမ္မာကျမ်းစာမူများနှင့်အညီ ကျွန်ုပ်တို့ပြုမူကျင့်ကြံမှသာ အခြားသူများက မိမိကိုယုံကြည်စိတ်ချခြင်းသည် လျော်ကန်မည်ဖြစ်ပြီး အပြန်အလှန်အားပေးအားယူစရာ ဖြစ်ပေလိမ့်မည်။
ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိစေခြင်း
ယေဟောဝါသက်သေများသည် ဘုရားသခင်အားယုံကြည်စိတ်ချပြီး အခြားသူများသည်လည်း အလားတူပြုမူကြရန် အားပေးတိုက်တွန်းဖို့ ခိုင်လုံသောအကြောင်းရှိကြသည်။ ယေဟောဝါသည် သစ္စာရှိပြီး သစ္စာစောင့်သိကာ၊ “ဘုရားသခင်သည် မုသာမသုံးနိုင်” သောကြောင့် မိန့်မြွက်ခဲ့သမျှကို ဆောင်ရွက်တော်မူလိမ့်မည်ဟု အမြဲယုံကြည်အားထားနိုင်သူဖြစ်သည်။ မေတ္တာရှင်ဘုရားသခင်အား ယုံကြည်စိတ်ချခြင်းသည် ဘယ်တော့မျှစိတ်ပျက်စရာဖြစ်မည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၈; ဆာလံ ၉၄:၁၄; ဟေရှာယ ၄၆:၉-၁၁; ၁ ယောဟန် ၄:၈။
ယေဟောဝါအားယုံကြည်စိတ်ချမှု၌ စည်းလုံးပြီး၊ ကိုယ်တော့်မူများနှင့်အညီ အသက်ရှင်နေထိုင်သူတို့သည် အချင်းချင်းကိုယုံကြည်စိတ်ချရန် လှုံ့ဆော်တိုက်တွန်းခံကြရသည်။ ယုံကြည်စိတ်ချမှုပြဿနာ ဖြစ်ပေါ်နေသော လောကတွင် ယုံကြည်ကိုးစားထိုက်သူတို့ကိုတွေ့ရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား! ကျွန်ုပ်တို့သည် လူတိုင်းပြောဆိုလုပ်ကိုင်သမျှကို အပြည့်အဝယုံကြည်စိတ်ချနိုင်မည်ဆိုလျှင် လောကကြီးသည် မည်မျှခြားနားလိုက်မည်ကို မြင်ယောင်ကြည့်လေ! ဘုရားသခင်ကတိပေးတော်မူခဲ့သော လာမည့်ကမ္ဘာသစ်တွင် ယင်းသို့ဖြစ်လာပါလိမ့်မည်။ ယုံကြည်စိတ်ချမှုပြဿနာ နောက်တစ်ဖန်ဖြစ်တော့မည်မဟုတ်ချေ။
ထိုအချိန်အခါတွင် သင်အသက်ရှင်လိုပါသလော။ ထိုသို့ဆိုလျှင် အသက်ရှင်ဖို့ရန် ကိုယ်တော်တောင်းဆိုထားရာများကို ပိုမိုသိရှိဖို့ လေ့လာသင်ယူခြင်းအားဖြင့် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်၏ကတိတော်များကိုလည်းကောင်း ယုံကြည်စိတ်ချမှု တိုးပွားလာစေရန် ကြိုးစားဖို့ ယေဟောဝါသက်သေများက သင့်ကို ဖိတ်ခေါ်နေကြပါသည်။ သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ဘုရားသခင်တည်ရှိကြောင်း၊ ကိုယ်တော်သည် လူသားတို့၏အကျိုးကိုလိုလားတော်မူကြောင်းနှင့် ကိုယ်တော့်နိုင်ငံတော်အားဖြင့် ကမ္ဘာ့ပြဿနာများကိုဖြေရှင်းပေးရန် မကြာမီလုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်းတို့ကို သက်သေအထောက်အထားများရမည်ဖြစ်သည်။ သန်းနှင့်ချီသောလူတို့သည် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်စကားတော်သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရန်သင်ယူခဲ့ကြပြီ။ ယေဟောဝါသက်သေများသည် သူတို့အခမဲ့အကျိုးဆောင် ကမ်းလှမ်းကြသောကျမ်းစာသင်အံမှုအစီအစဉ်ကို သင့်အားဝမ်းမြောက်စွာပြသပေးလိုကြပါလိမ့်မည်။ သို့မဟုတ် ထပ်ဆင့်သိလိုလျှင် ဤမဂ္ဂဇင်းထုတ်ဝေသူများထံစာရေးပါ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဘုရားသခင်ကို ယုံကြည်စိတ်ချမှုမရှိခြင်းသည် လူသားချင်းဆက်ဆံရေးကိုထိခိုက်စေ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
လူတို့သည် ဘုရားသခင်ရေးရာမူများနှင့်အညီ ကျင့်ကြံပြုမူသမျှသာ သူတို့ကို ယုံကြည်စိတ်ချနိုင်သည်