ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၁၀ စာ. ၁၁၄-၁၂၇
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရမိက အသိပညာကို စိတ်နှလုံးထဲဖြည့်ထားခဲ့
  • အတွေ့အကြုံမှ သင်ယူခြင်း
  • “ယေဟောဝါ ဘယ်မှာလဲ” လို့ သင် နေ့တိုင်းမေးရဲ့လား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၁၀ စာ. ၁၁၄-၁၂၇

အခန်းတစ်ဆယ်

“ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား

၁၊ ၂။ (က) ယေရမိခေတ်မှာရှိတဲ့ဂျူးတွေနဲ့ ဘုရားသခင်ရဲ့ဆက်ဆံရေးက ဘယ်လိုအခြေအနေရှိသလဲ။ (ခ) သူတို့ရဲ့အခြေအနေပြန်ကောင်းလာအောင် ဘာလုပ်သင့်သလဲ။

ယေရမိက ဝမ်းနည်းမျက်ရည်ကျနေတယ်။ သူ့လူမျိုးရဲ့ လက်ရှိအခြေအနေကြောင့်သာမက သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူ့ကို ဘုရားသခင် ကြိုပြောခိုင်းတဲ့ စကားတွေကြောင့် သူစိတ်ထိခိုက်နေတယ်။ အဆက်မပြတ် ငိုကြွေးနိုင်ဖို့အတွက် သူ့ခေါင်းက မျက်ရည်တွေပြည့်နေတဲ့တွင်း၊ သူ့မျက်လုံးက မျက်ရည်တွေ စီးဆင်းနေတဲ့ စမ်းချောင်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ သူတွေးမိတယ်။ ယေရမိက သူ့လူမျိုးရဲ့ အခြေအနေအတွက် အခုလို ဝမ်းနည်းကြေကွဲနေတာ အကြောင်းရှိပါတယ်။ (ယေ. ၉:၁-၃; ယေရမိ ၈:၂၀၊ ၂၁ ကိုဖတ်ပါ။) ဂျူးတွေဟာ ယေဟောဝါရဲ့ ပညတ်တရားကို ငြင်းပယ်ပြီး ကိုယ်တော့်စကားကို မနာခံတဲ့အတွက် ဘေးဆိုးတွေ ကြုံရတော့မယ်။—ယေ. ၆:၁၉; ၉:၁၃။

၂ ဒါပေမဲ့ ယုဒလူတွေက သူတို့ရဲ့လုပ်ရပ်ကို ယေဟောဝါ ဘယ်လိုမြင်တယ်ဆိုတာ စိတ်မဝင်စားကြဘူး။ ‘အားလုံးအဆင်ပြေတယ်’ လို့ ဘာသာရေး ခေါင်းဆောင်တွေပြောတာကိုပဲ သူတို့ကြားချင်ကြတယ်။ (ယေ. ၅:၃၁; ၆:၁၄) သူတို့က ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကို ဂရုမစိုက်ဘဲ အားလုံးကောင်းတယ်လို့ ပြောမယ့်ဆရာဝန်ကို ရှာနေတဲ့လူနာတွေနဲ့ တူတယ်။ သင်ဟာ အသည်းအသန်ဖျားနေတယ်ဆိုရင် အချိန်မီကုသနိုင်ဖို့ ဘာရောဂါဖြစ်နေတယ်ဆိုတာကို အတိအကျသိချင်မယ်မဟုတ်လား။ အဲဒီလိုပဲ ယေရမိခေတ်မှာရှိတဲ့ဂျူးတွေလည်း ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို မှန်မှန်ကန်ကန်ဆန်းစစ်ပေးနိုင်မယ့်သူကို ရှာသင့်တယ်။ “ယေဟောဝါ ဘယ်မှာလဲ” လို့ သူတို့မေးသင့်တယ်။—ယေ. ၂:၆၊  ၈၊ ကဘ။

၃။ (က) “ယေဟောဝါ ဘယ်မှာလဲ” ဆိုတဲ့မေးခွန်းက ဂျူးတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။ (ခ) ယေဟောဝါကို ဂျူးတွေရှာနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

၃ ဂျူးတွေအနေနဲ့ “ယေဟောဝါ ဘယ်မှာလဲ” လို့ မေးတာက ကြီးလေးတဲ့ကိစ္စပဲဖြစ်ဖြစ်၊ အသေးအဖွဲကိစ္စပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့အခါ ဘုရားသခင့်လမ်းညွှန်မှုကို ရှာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ ဒါပေမဲ့ အဲဒီခေတ်မှာရှိတဲ့ဂျူးတွေ အဲဒီလိုမလုပ်ခဲ့ဘူး။ ဂျေရုဆလင်မြို့ဖျက်ဆီးခံရပြီးနောက် ဗာဗုလုန်ကနေပြန်လာတဲ့ ဂျူးတွေကတော့ ‘ယေဟောဝါကို ရှာခဲ့’ ကြတယ်။ ဒီနည်းနဲ့ သူတို့က ကိုယ်တော့်ကိုတွေ့နိုင်ခဲ့ပြီး ကိုယ်တော့်နည်းလမ်းတွေကိုလည်း သိလာခဲ့ကြတယ်။ (ယေရမိ ၂၉:၁၃၊ ၁၄ ကိုဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါကို ဘယ်လိုရှာနိုင်မလဲ။ တစ်နည်းကတော့ ယေဟောဝါဆီစိတ်ရင်းမှန်နဲ့ဆုတောင်းပြီး လမ်းညွှန်ချက်တောင်းခံခြင်းအားဖြင့်ဖြစ်တယ်။ ဘုရင်ဒါဝိဒ်မှာ အဲဒီလိုသဘောထားမျိုးရှိခဲ့တယ်။ “အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ” ဆိုပြီး သူတောင်းဆိုခဲ့တယ်။ (ဆာ. ၂၅:၄) ဘုရင်ဇေဒကိနန်းစံဆယ်နှစ်မှာ ဆုတောင်းချက်ကိုနားထောင်တဲ့အရှင်က “ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်” ဆိုပြီး ယေရမိကတစ်ဆင့် ဖိတ်ခေါ်ခဲ့တယ်။ (ယေ. ၃၃:၃) ဘုရင်နဲ့ ဖောက်ပြန်တဲ့လူမျိုးဟာ ဘုရားသခင်ကိုခေါ်မယ်ဆိုရင် ဘုရားသခင်က ဂျေရုဆလင်မြို့ဖျက်ဆီးခံရခြင်းနဲ့ အနှစ် ၇၀ ကြာပြီးနောက် ပြန်လည်တည်ထောင်ခြင်းစတဲ့ ‘နက်နဲတဲ့အရာတွေကို’ ဖော်ပြမှာဖြစ်တယ်။

၄၊ ၅။ ယေဟောဝါကို ဂျူးတွေရှာနိုင်တဲ့ နောက်နည်းလမ်းတွေက ဘာတွေလဲ။

၄ ယေဟောဝါကို ဂျူးတွေရှာနိုင်တဲ့ ဒုတိယနည်းကတော့ သူတို့ကို ကိုယ်တော်ဘယ်လိုလမ်းညွှန်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကို ပြန်လေ့လာဆန်းစစ်ခြင်းအားဖြင့်ဖြစ်တယ်။ အဲဒီလိုဆန်းစစ်ခြင်းအားဖြင့် ဘာလုပ်ရင် ဘုရားသခင့်မျက်နှာသာရတယ်၊ ဘာလုပ်ရင်တော့ ဘုရားသခင်ဒေါသထွက်တယ်ဆိုတာတွေကို သူတို့ပြန်သတိရလာပါလိမ့်မယ်။ ဂျူးတွေဆီမှာ မောရှေရေးတဲ့ကျမ်းတွေ၊ အစ္စရေးနဲ့ယုဒဘုရင်တွေရဲ့ရာဇဝင်ကျမ်းတွေအပြင် သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ကျမ်းစောင်တွေ ရှိတယ်။ အဲဒါတွေကို တွေးတောဆင်ခြင်ခြင်း၊ ဘုရားသခင့်စစ်မှန်တဲ့ပရောဖက်တွေရဲ့စကားကို နားထောင်ခြင်းအားဖြင့် “ယေဟောဝါ ဘယ်မှာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေကို သူတို့ရရှိနိုင်မှာဖြစ်တယ်။

၅ ယေဟောဝါကို ဂျူးတွေရှာနိုင်တဲ့ တတိယနည်းကတော့ သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့အတွေ့အကြုံတွေကနေ သင်ခန်းစာယူခြင်းအားဖြင့်ဖြစ်တယ်။ သူတို့က အဲဒီလိုသင်ခန်းစာယူနိုင်ဖို့ ကိုယ်တိုင်စမ်းသပ်ကြည့်စရာ မလိုဘူး။ အတိတ်မှာ သူတို့လုပ်ခဲ့တာတွေ၊ သူတို့ရဲ့လုပ်ရပ်ကို ယေဟောဝါ ဘယ်လိုမြင်တယ်ဆိုတာတွေကို ပြန်တွေးတောဆင်ခြင်ခြင်းအားဖြင့် အကျိုးရနိုင်တယ်။ သူတို့သာ ကြည့်တတ်မြင်တတ်မယ်ဆိုရင် သူတို့ရဲ့လုပ်ရပ်ကို ဘုရားသခင် ဘယ်လိုမြင်တယ်ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။—သု. ၁၇:၁၀။

စာမျက်နှာ ၁၁၆ ပါရုပ်ပုံ

၆။ ယောဘရဲ့အဖြစ်ကနေ သင် ဘယ်လိုအားပေးမှုရရှိနိုင်သလဲ။

၆ အခု ကျွန်တော်တို့အချိန်နဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ သင့်အနေနဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ၊ ဘာလုပ်မယ်ဆိုတာကို ရွေးချယ်တဲ့အခါ “ယေဟောဝါ ဘယ်မှာလဲ” လို့ အမြဲမေးရဲ့လား။ မေးသင့်သလောက် မမေးဖြစ်ခဲ့ဖူးလို့ တချို့ခံစားရနိုင်တယ်။ သင်လည်း အဲဒီလိုခံစားရတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ သစ္စာရှိဘိုးဘေးတစ်ယောက်ဖြစ်တဲ့ ယောဘတောင် အဲဒီလိုခံစားခဲ့ရတယ်။ ယောဘက ဖိစီးမှုကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲအာရုံစိုက်လာတယ်။ အဲဒီအခါ ဧလိဟုက “‘ငါ့ကိုဖန်ဆင်းတော်မူထသော . . . ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်” ဆိုတဲ့ လူတွေမှာဖြစ်တတ်တဲ့သဘောထားကို ပြန်အမှတ်ရစေခဲ့တယ်။ (ယောဘ ၃၅:၁၀) “ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့ကို . . . ဆင်ခြင်လော့” ဆိုပြီး ယောဘကို ဧလိဟုတိုက်တွန်းခဲ့တယ်။ (ယောဘ ၃၇:၁၄) ယောဘဟာ သူ့ဝန်းကျင်မှာရှိတဲ့ ယေဟောဝါရဲ့အံ့မခန်းဖွယ်ဖန်ဆင်းခြင်းလက်ရာတွေ၊ လူတွေနဲ့ ဘုရားသခင်ဆက်ဆံပုံတွေကို စဉ်းစားဆင်ခြင်ဖို့လိုတယ်။ ယောဘဟာ သူကိုယ်တိုင်ရဲ့အတွေ့အကြုံကနေ ယေဟောဝါရဲ့နည်းလမ်းတွေကို နားလည်လာတယ်။ သူ အပြင်းအထန်စုံစမ်းခံရပြီးနောက် သူ့တွေးခေါ်ပုံကို ယေဟောဝါတည့်မတ်ပေးလိုက်တဲ့အခါ “အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ အံ့ဩ၍မကုန်နိုင်သောအရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏” လို့ ပြောခဲ့တယ်။—ယောဘ ၄၂:၃၊ ၅။

၇။ ဘယ်အကြောင်းကို ဆက်ဆွေးနွေးကြမလဲ။ (စာမျက်နှာ ၁၁၆ က ရုပ်ပုံကိုကြည့်ပါ။)

၇ ပရောဖက်ယေရမိကိုယ်တိုင်လည်း ယေဟောဝါကို ဆက်ရှာခဲ့တဲ့အတွက် ကိုယ်တော့်ကိုတွေ့ခဲ့တယ်။ ယေရမိဟာ သူ့တစ်ခေတ်တည်းသားတွေနဲ့မတူဘဲ ဆယ်စုနှစ်များစွာ သစ္စာရှိရှိအမှုဆောင်ခဲ့ပြီး “ယေဟောဝါ ဘယ်မှာလဲ” လို့ အမြဲမေးခဲ့တယ်။ ဆုတောင်းခြင်း၊ လေ့လာခြင်းနဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအားဖြင့် ယေဟောဝါကို ဘယ်လိုရှာတွေ့နိုင်တယ်ဆိုတာ ယေရမိရဲ့ပုံနမူနာကနေ သိလာပါလိမ့်မယ်။ ဒီအခန်းမှာ အဲဒီအကြောင်းကို ဆက်ဆွေးနွေးကြပါမယ်။—၆ ရာ. ၂၈:၉။

“ယေဟောဝါ ဘယ်မှာလဲ” လို့မေးတာက ဘာအဓိပ္ပာယ်လဲ။ ယေရမိခေတ်ကဂျူးတွေ ယေဟောဝါကို ဘယ်လိုနည်းတွေနဲ့ ရှာနိုင်သလဲ။

ယေဟောဝါဆီ ယေရမိ ဆုတောင်းခဲ့

၈။ ယေရမိဟာ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့သလဲ။

၈ ယေရမိဟာ ယေဟောဝါရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက် လှိုက်လှိုက်လှဲလှဲဆုတောင်းပြီး ကိုယ်တော့်ကိုရှာခဲ့တယ်။ သူက လူတွေမကြိုက်တဲ့သတင်းကို ကြေညာရတဲ့အခါ၊ ဆက်မလုပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ၊ တချို့ကိစ္စတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိချင်တဲ့အခါ ဘုရားသခင်ဆီ အကူအညီတောင်းခဲ့တယ်။ ဘုရားသခင်က သူ့ကိုအဖြေပေးပြီး ဘာ ဆက်လုပ်ရမယ်ဆိုတာ လမ်းညွှန်ခဲ့တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

၉။ (က) ယေရမိ ၁၅:၁၅၊ ၁၆ မှာ ယေရမိဟာ သူ့ခံစားချက်ကို ဘယ်လိုဖော်ပြခဲ့သလဲ။ သူ့ကို ယေဟောဝါ ဘယ်လိုကူညီခဲ့သလဲ။ (ခ) ကိုယ့်ခံစားချက်တွေကို ဆုတောင်းပြီးပြောပြဖို့ အရေးကြီးတယ်လို့ သင်ဘာကြောင့်ထင်သလဲ။

၉ တစ်ခါက ယေရမိဟာ လူတွေကိုကြေညာဖို့ တရားစီရင်ချက်သတင်းတစ်ခုရတဲ့အခါ လူတိုင်းက သူ့ကိုကျိန်ဆဲတော့မှာပဲဆိုတာ ကြိုသိနေတယ်။ ဒါကြောင့် သူ့ကိုသတိရပေးပါဆိုပြီး ဘုရားသခင်ကို တောင်းဆိုခဲ့တယ်။ ယေရမိ ၁၅:၁၅၊ ၁၆ မှာမှတ်တမ်းတင်ထားတဲ့ ယေရမိရဲ့ဆုတောင်းချက်ကို သုံးသပ်ကြည့်ပါ။ အဲဒီဆုတောင်းချက်မှာ ယေရမိရဲ့စိတ်ဒုက္ခနဲ့ ယေဟောဝါပေးတဲ့အကူအညီကို သူဘယ်လိုသဘောထားတယ်ဆိုတာကို ဖော်ပြထားတယ်။ (ကျမ်းချက်ဖတ်ပါ။) သူက ဘုရားသခင်ရဲ့စကားကိုတွေ့ပြီး စားလိုက်တဲ့အခါ ပြန်ရွှင်လန်းလာတယ်လို့ တင်စားဖော်ပြထားတယ်။ ယေဟောဝါက သူ့နာမည်ကိုခံယူရတဲ့အခွင့်ထူးနဲ့ သူ့သတင်းကိုကြေညာရတဲ့အခွင့်ထူးကို တန်ဖိုးထားလာအောင် ယေရမိကို ကူညီပေးခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “ယေဟောဝါ ဘယ်မှာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေကို ယေရမိ ကောင်းကောင်းနားလည်သွားတယ်။ ဒီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။

၁၀။ ဘုရားသခင့်နာမည်ကိုသုံးပြီး မဟောတော့ဘူးလို့ ယေရမိပြောတဲ့အခါ ဘုရားသခင် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၀ တစ်ခါက ဣမေရရဲ့သား ယဇ်ပုရောဟိတ်ပါရှုရက ယေရမိကို ရိုက်နှက်ခဲ့တယ်။ အဲဒီနောက် ယေရမိက ယေဟောဝါရဲ့နာမည်ကိုသုံးပြီး ထပ်မဟောတော့ဘူးလို့ ပြောမိတယ်။ သူ အဲဒီလိုပြောပြီး ဆုတောင်းတာကို ဘုရားသခင် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ယေရမိ ၂၀:၈၊ ၉ ကိုဖတ်ပါ။) ဘုရားသခင်က ယေရမိကို ကောင်းကင်ကနေ တိုက်ရိုက်အဖြေပေးခဲ့တယ်လို့ ကျမ်းစာမှာ မပြောထားဘူး။ ဒါပေမဲ့ ဘုရားသခင့်စကားတွေက သူ့အရိုးထဲမှာ လောင်မြိုက်နေတဲ့မီးလိုဖြစ်လာတဲ့အတွက် မဟောဘဲမနေနိုင်ခဲ့ဘူးဆိုတာကိုတော့ ဖော်ပြထားတယ်။ ဒါကြောင့် သူ့ခံစားချက်တွေကို ဘုရားသခင်ကို အိတ်သွန်ဖာမှောက်ပြောပြတာ၊ ဘုရားသခင့်အလိုတော်နဲ့ပတ်သက်ပြီး သူသိထားသလောက်ကို ပြန်စဉ်းစားတာက ဘုရားသခင်လုပ်စေချင်တဲ့အရာကို ဆက်လုပ်ဖို့ သူ့ကိုလှုံ့ဆော်ပေးခဲ့တယ်။

၁၁၊ ၁၂။ ယေရမိက လူဆိုးတွေ ဘာကြောင့်ကြီးပွားနေသလဲဆိုပြီး မေးတဲ့အခါ ဘယ်လိုအဖြေမျိုး ပြန်ရခဲ့သလဲ။

၁၁ ယေရမိက လူဆိုးတွေ ကြီးပွားနေတာကိုမြင်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ (ယေရမိ ၁၂:၁၊ ၃ ကိုဖတ်ပါ။) ယေဟောဝါရဲ့ဖြောင့်မတ်မှုကို သူ လုံးဝသံသယမဝင်ခဲ့ပေမဲ့ သူ့မေးခွန်းတွေရဲ့အဖြေကိုတော့ သိချင်ခဲ့တယ်။ ယေရမိ အဲဒီလိုဘွင်းဘွင်းမေးခဲ့တာကိုထောက်ရင် သူနဲ့ဘုရားသခင်ကြားက ရင်းနှီးမှုနှောင်ကြိုးဟာ သားအဖနှစ်ဦးရဲ့ရင်းနှီးမှုနှောင်ကြိုးလို သိပ်ခိုင်မြဲတယ်ဆိုတာ သိသာတယ်။ ဂျူးအများစုက ဆိုးသွမ်းနေလျက်နဲ့ ဘာကြောင့်ကြီးပွားနေတယ်ဆိုတာကို ယေရမိ နားမလည်နိုင်ဘူး။ ကျေနပ်လောက်တဲ့အဖြေကို ယေရမိ ရခဲ့သလား။ လူဆိုးတွေကို မြေပေါ်ကနေဆွဲနုတ်ပစ်မယ်ဆိုပြီး ယေရမိကို ယေဟောဝါအာမခံခဲ့တယ်။ (ယေ. ၁၂:၁၄) ယေရမိက သူ့ဆုတောင်းချက်တွေပြည့်စုံလာတာကို မြင်ရတဲ့အခါ ဘုရားသခင်ရဲ့တရားမျှတမှုကို ပိုပြီးယုံကြည်စိတ်ချလာတယ်။ ရလဒ်အနေနဲ့ ယေရမိက သူ့ခံစားချက်တွေကို သူ့ဖခင်ဘုရားသခင်ဆီ ပိုပြီးဆုတောင်းပြောပြခဲ့မှာ သေချာတယ်။

၁၂ ဇေဒကိနန်းစံချိန်ကုန်ဆုံးခါနီးမှာ ဗာဗုလုန်တွေက ဂျေရုဆလင်ကို လာဝိုင်းတယ်။ အဲဒီအချိန်မှာ ယေရမိက ယေဟောဝါဟာ “လူအသီးသီးတို့ ကျင့်ကြံပြုမူသည်အတိုင်း အကျိုးအပြစ်ကိုပေးခြင်းငှာ လူသားများသွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု” နေတယ်လို့ ပြောခဲ့တယ်။ (ယေ. ၃၂:၁၉) ယေဟောဝါက တရားမျှတတဲ့ဘုရားသခင်ဖြစ်တယ်၊ လူတစ်ဦးစီလုပ်နေတဲ့အရာတွေကို မြင်ပြီး သူ့ကျေးကျွန်တွေ စိတ်ရင်းမှန်နဲ့ဆုတောင်းတာကို နားထောင်တဲ့အရှင်ဖြစ်တယ်ဆိုတာကို ယေရမိသိလာတယ်။ အချိန်တန်တဲ့အခါ ဘုရားသခင့်ကျေးကျွန်တွေကလည်း ဘုရားသခင်ဟာ “လူအသီးသီးတို့ကျင့်ကြံပြုမူသည်အတိုင်း” ပြန်ဆပ်ပေးတယ်ဆိုတဲ့အထောက်အထားတွေကို ပိုမြင်တွေ့ကြပါလိမ့်မယ်။

၁၃။ ဘုရားသခင့်အလိုတော် ပြည့်စုံနေတာကို သင်ဘာကြောင့်ယုံကြည်စိတ်ချသလဲ။

၁၃ ဘုရားသခင်ဟာ အခုအချိန်မှာရော အနာဂတ်မှာပါ သူ့အလိုတော်ကို တရားမျှတမှုရှိရှိ၊ ဉာဏ်ပညာရှိရှိ အကောင်အထည်ဖော်မယ်ဆိုတာကို ကျွန်တော်တို့ သံသယဖြစ်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ယေရမိ ကြုံတွေ့ခဲ့ရတာတွေကို စဉ်းစားသုံးသပ်ပြီး ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် အကျိုးရနိုင်ပါတယ်။ အဲဒီလိုရင်ဖွင့်ဆုတောင်းတာက ယေဟောဝါရဲ့အလိုတော် ကျိန်းသေပြည့်စုံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်စိတ်ချမှုကို ပိုခိုင်ခံ့စေနိုင်တယ်။ ကျွန်တော်တို့က လက်ရှိအချိန်မှာ တချို့ကိစ္စတွေ ဘာကြောင့်ဖြစ်ပျက်နေတယ်၊ ဘုရားသခင့်အလိုတော်က ဘာကြောင့် ဒီအရှိန်နဲ့ ဖြစ်မြောက်နေတယ်ဆိုတာတွေကို အပြည့်အဝနားမလည်ရင်တောင် ကိစ္စရပ်တွေကို ဘုရားသခင်အပြည့်အဝထိန်းချုပ်ထားတာကို ယုံကြည်စိတ်ချတယ်ဆိုပြီး ဆုတောင်းပြောပြနိုင်တယ်။ ဘုရားသခင်က သူ့အလိုတော်ကို ဘယ်အချိန်မှာ ဘယ်လိုအရှိန်နဲ့ အကောင်အထည်ဖော်ရမယ်ဆိုတာကို အသိဆုံးဖြစ်တယ်။ ဒီအချက်က သိပ်သေချာတဲ့အတွက် ကျွန်တော်တို့ လုံးဝသံသယဖြစ်စရာမလိုဘူး။ ဒါကြောင့် ဘုရားသခင့်အလိုတော်ကို နားလည်နိုင်ဖို့၊ အဲဒီအလိုတော်ပြည့်စုံနေတဲ့ အထောက်အထားတွေကို တွေ့မြင်နိုင်ဖို့ ဆုတောင်းခြင်းအားဖြင့် “ယေဟောဝါ ဘယ်မှာလဲ” ဆိုပြီး ကျွန်တော်တို့ ဆက်မေးသွားကြမယ်။—ယောဘ ၃၆:၅-၇၊ ၂၆။

ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကိုရှာခဲ့တဲ့ ယေရမိရဲ့အတွေ့အကြုံကနေ သင် ဘာကိုစိတ်ချနိုင်သလဲ။

ယေရမိက အသိပညာကို စိတ်နှလုံးထဲဖြည့်ထားခဲ့

၁၄။ ယေရမိဟာ ဘုရားသခင့်လူမျိုးရဲ့သမိုင်းကြောင်းကို ရှာဖွေလေ့လာခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၄ “ယေဟောဝါ ဘယ်မှာလဲ” လို့မေးနိုင်ဖို့ ယေဟောဝါအကြောင်း “သိနားလည်” ရမယ်ဆိုတာကို ယေရမိအသိအမှတ်ပြုတယ်။ (ယေ. ၉:၂၄) ယေရမိဟာ ဓမ္မရာဇဝင်ပထမစောင်နဲ့ ဒုတိယစောင်ဆိုတဲ့ကျမ်းတွေကို ပြုစုတဲ့အခါ ဘုရားသခင့်လူမျိုးရဲ့သမိုင်းကြောင်းကို လေ့လာခဲ့မှာသေချာတယ်။ “ရှောလမုန်ဝတ္ထု၊” ‘အစ္စရေးရာဇဝင်’ နဲ့ “ယုဒရာဇဝင်” ဆိုပြီး သူသတ်သတ်မှတ်မှတ်ဖော်ပြခဲ့တယ်။ (၃ ရာ. ၁၁:၄၁; ၁၄:၁၉; ၁၅:၇) ဒါကြောင့် အခြေအနေအမျိုးမျိုးကို ယေဟောဝါ ဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတာ ယေရမိနားလည်ခဲ့တယ်။ ဘာက ယေဟောဝါကို ရွှင်လန်းစေတယ်၊ လူတွေရဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တော်ဘယ်လိုရှုမြင်တယ်ဆိုတာကို ယေရမိ သိမြင်နိုင်ခဲ့တယ်။ ဒါ့အပြင် မောရှေ၊ ယောရှု၊ ရှမွေလ၊ ဒါဝိဒ်နဲ့ ရှောလမုန်တို့ရေးခဲ့တဲ့ ကျမ်းစောင်တွေကိုလည်း သူဖတ်ရှုနိုင်တယ်။ သူနဲ့တစ်ခေတ်တည်းသား ပရောဖက်တွေအပါအဝင် အစောပိုင်းက ပရောဖက်တွေအကြောင်းကိုလည်း ကောင်းကောင်းသိခဲ့မှာသေချာတယ်။ ယေရမိ အဲဒီလိုကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အတွက် ဘယ်လိုအကျိုးရခဲ့သလဲ။

၁၅။ ဧလိယရဲ့ပရောဖက်ပြုချက်အကြောင်း ယေရမိရှာဖွေလေ့လာတဲ့အတွက် ဘာအကျိုးရခဲ့သလဲ။

၁၅ ယေရမိဟာ ရှမာရိမြို့က ဘုရင်အာဟပ်ရဲ့မိဖုရားဆိုး ယေဇဗေလအကြောင်းကို မှတ်တမ်းတင်ခဲ့တယ်။ သူ့မှတ်တမ်းမှာ ယေဇဗေလကို ယေဇရေလမြို့ရဲ့မြေကွက်မှာ ခွေးတွေစားကြမယ်ဆိုတဲ့ ဧလိယရဲ့ကြေညာချက်လည်း ပါဝင်တယ်။ (၃ ရာ. ၂၁:၂၃) နောက် ၁၈ နှစ်လောက်ကြာတဲ့အခါ ယေဇဗေလဟာ ယေရမိမှတ်တမ်းမှာပါတဲ့အတိုင်း ပြတင်းပေါက်ကနေ တွန်းချခံရတယ်။ သူ့ကို ယေဟုရဲ့မြင်းတွေက နင်းပစ်ပြီး ခွေးတွေက စားပစ်လိုက်တယ်။ (၄ ရာ. ၉:၃၁-၃၇) ဧလိယရဲ့ပရောဖက်ပြုချက်နဲ့ အသေးစိတ်ပြည့်စုံချက်တွေကို ရှာဖွေလေ့လာတာက ဘုရားသခင့်စကားအပေါ် ယေရမိရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့မှာသေချာတယ်။ ပရောဖက်တစ်ဦးအနေနဲ့ ယေရမိ ဇွဲရှိရှိအမှုဆောင်နိုင်ခဲ့တာက ယေဟောဝါလုပ်ဆောင်ခဲ့တာတွေကို လေ့လာခြင်းကနေ ရလာတဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။

၁၆၊ ၁၇။ ယေရမိဟာ ဘုရင်ဆိုးတွေအုပ်ချုပ်ချိန်မှာ ဘာကြောင့် ဆက်ပြီးဇွဲရှိရှိသတိပေးနိုင်ခဲ့တယ်လို့ သင်ထင်သလဲ။

၁၆ နောက်ဥပမာတစ်ခုကို ကြည့်ရအောင်။ ယေရမိက နှိပ်စက်ခံရတာတောင် ယောယကိမ်နဲ့ဇေဒကိလို ဘုရင်ဆိုးတွေကို ဘာကြောင့်ဆက်သတိပေးနိုင်ခဲ့တယ်လို့ သင်ထင်သလဲ။ အဓိကအကြောင်းရင်းကတော့ ယေဟောဝါဟာ ယေရမိကို ယုဒဘုရင်တွေရှေ့မှာ “ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံ” ဖြစ်စေခဲ့လို့ပဲ။ (ယေ. ၁:၁၈၊ ၁၉) ဒါပေမဲ့ ယုဒနဲ့အစ္စရေးဘုရင်တွေရဲ့အုပ်ချုပ်မှုအကြောင်း ယေရမိ ကောင်းကောင်းရှာဖွေလေ့လာခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ မနာရှေဟာ “ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကိုတည်” ပြီး သူ့သားကို မီးရှို့ပူဇော်တဲ့အပြင် အပြစ်မဲ့တဲ့လူပေါင်းများစွာကို သတ်ခဲ့တဲ့အကြောင်း ယေရမိမှတ်တမ်းတင်ခဲ့တယ်။ (၄ ရာ. ၂၁:၁-၇၊ ၁၆; ယေရမိ ၁၅:၄ ကိုဖတ်ပါ။) မနာရှေဟာ ယေဟောဝါရှေ့မှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး “ဆုတောင်း” တဲ့အခါ ယေဟောဝါက သူ့ကို ဘုရင်အဖြစ် ပြန်နန်းထိုင်စေခဲ့တဲ့အကြောင်းကိုလည်း ယေရမိသိခဲ့မှာ သေချာတယ်။—၂ ရာဇဝင်ချုပ် ၃၃:၁၂၊ ၁၃ ကိုဖတ်ပါ။

၁၇ ယေရမိက မနာရှေကို ယေဟောဝါကရုဏာပြတဲ့အကြောင်းကိုတော့ သူ့ရဲ့ကျမ်းစောင်တွေမှာ ထည့်မရေးခဲ့ဘူး။ မနာရှေဟာ ယေရမိ ပရောဖက်တာဝန် မထမ်းဆောင်ခင် ၁၅ နှစ်လောက်မှာပဲ သေဆုံးသွားတဲ့အတွက် သူ့ရဲ့ဆိုးသွမ်းမှုတွေကို နောင်တရတဲ့အခါ ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာကို ယေရမိ ကြားခဲ့မှာပဲ။ ရုပ်တုကိုးကွယ်ပြီး လူတွေအများကြီးကိုသတ်ခဲ့တဲ့ ဘုရင်တောင် နောင်တယူတဲ့အတွက် ခွင့်လွှတ်ခံခဲ့ရတယ်။ ယေရမိက မနာရှေရဲ့ကြောက်စရာကောင်းတဲ့လုပ်ရပ်နဲ့ အကျိုးဆက်တွေကို လေ့လာသိရှိထားတဲ့အတွက် ဇေဒကိလိုဘုရင်တွေကိုလည်း ယေဟောဝါရဲ့ကရုဏာနဲ့ ခိုင်မြဲတဲ့မေတ္တာကိုရှာဖို့ တိုက်တွန်းတာက အကျိုးရှိတယ်ဆိုတာ နားလည်ခဲ့တယ်။ သင်သာ ယေရမိနေရာမှာရှိမယ်ဆိုရင် မနာရှေလိုဖြစ်ရပ်တွေက တခြားဘုရင်ဆိုးတွေအုပ်ချုပ်ချိန်မှာ ဆက်ပြီးဇွဲရှိရှိအမှုဆောင်ဖို့ သင့်ကိုအားပေးမှု ဖြစ်စေမလား။

အတွေ့အကြုံမှ သင်ယူခြင်း

၁၈။ ဥရိယရဲ့အဖြစ်ကနေ ယေရမိ ဘာသင်ယူခဲ့သလဲ။ သင် ဘာကြောင့် အဲဒီလိုဖြေတာလဲ။

၁၈ ယေရမိက ပရောဖက်တာဝန်ထမ်းဆောင်နေချိန်မှာ တစ်ခေတ်တည်းသားတွေရဲ့ လုပ်ရပ်တွေကနေလည်း သင်ယူခဲ့မှာသေချာတယ်။ တစ်ယောက်ကတော့ ပရောဖက်ဥရိယဖြစ်တယ်။ သူဟာ ယောယကိမ်နန်းစံချိန်အတွင်း ဂျေရုဆလင်မြို့နဲ့ယုဒပြည်အကြောင်း ပရောဖက်ပြုခဲ့တယ်။ ဒါပေမဲ့ ဥရိယက ဘုရင်ယောယကိမ်ကို ကြောက်တဲ့အတွက် အီဂျစ်ပြည်ကို ထွက်ပြေးတယ်။ ဘုရင်က လူလွှတ်ပြီး ဥရိယကို အီဂျစ်ပြည်ကနေ ပြန်ခေါ်လာခိုင်းတယ်။ အဲဒီနောက် ဥရိယ အသတ်ခံလိုက်ရတယ်။ (ယေ. ၂၆:၂၀-၂၃) ဥရိယရဲ့အဖြစ်ကနေ ယေရမိ သင်ခန်းစာယူခဲ့သလား။ ယေရမိက ဂျူးတွေကြုံရတော့မယ့် ဘေးဆိုးအကြောင်းကို ဗိမာန်တော်မှာတောင် ဆက်ကြေညာခဲ့တယ်ဆိုတဲ့အချက်က ဥရိယရဲ့အဖြစ်ကနေ သင်ခန်းစာယူခဲ့တယ်ဆိုတာ ဖော်ပြတယ်။ ယေရမိဟာ သတ္တိရှိမြဲရှိခဲ့တယ်။ ယေဟောဝါကလည်း သူ့ကို မစွန့်ပစ်ခဲ့ဘူး။ သတ္တိခဲယေရမိရဲ့အသက်ကိုကာကွယ်ပေးဖို့ ရှာဖန်ရဲ့သား အဟိကံကို ဘုရားသခင်လှုံ့ဆော်ပေးခဲ့တာသေချာတယ်။—ယေ. ၂၆:၂၄။

၁၉။ ယေဟောဝါက သူ့လူတွေဆီ ပရောဖက်တွေ အကြိမ်ကြိမ်စေလွှတ်ခဲ့တယ်ဆိုတဲ့အချက်ကနေ ယေရမိ ဘာနားလည်ခဲ့ရသလဲ။

၁၉ ယေရမိဟာ လူတွေကိုသတိပေးဖို့ သူ့ကို ယေဟောဝါအသုံးပြုခဲ့တဲ့အတွေ့အကြုံကနေလည်း သင်ယူခဲ့တယ်။ ယောယကိမ်နန်းစံလေးနှစ်မှာ ယေဟောဝါက ဘုရင်ယောရှိအချိန်ကစပြီး သူပြောခဲ့တဲ့စကားအားလုံးကို ယေရမိကို ရေးခိုင်းတယ်။ ဘုရားသခင် ဘာဖြစ်လို့ ဒီလိုရေးခိုင်းတာလဲ။ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာရင် ခွင့်လွှတ်ခံရမယ်ဆိုပြီး လူတွေကိုအားပေးဖို့ဖြစ်တယ်။ (ယေရမိ ၃၆:၁-၃ ကိုဖတ်ပါ။) ယေရမိဟာ စောစောထပြီး ဘုရားသခင်ပြောခိုင်းတဲ့သတိပေးချက်တွေကို ကြေညာတယ်။ ရွံစရာကောင်းတဲ့အကျင့်တွေကိုရပ်ဖို့ လူတွေကို အသနားခံတယ်။ (ယေ. ၄၄:၄) ဘုရားသခင်ဟာ သူ့လူတွေကိုသနားလို့ ပရောဖက်တွေစေလွှတ်တယ်ဆိုတာကို သူ့အတွေ့အကြုံကနေ ယေရမိ နားလည်ခဲ့တယ်။ အဲဒီအချက်က သူ့ကိုလည်း သနားစိတ်ဝင်စေခဲ့တယ်။ (၆ ရာ. ၃၆:၁၅) ဂျေရုဆလင်မြို့ဖျက်ဆီးခံရတဲ့အခါ ယေရမိ လွတ်မြောက်သွားပြီး “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏” လို့ ပြောနိုင်ခဲ့တယ်။—မြည်. ၃:၂၂၊ ၂၃။

စာမျက်နှာ ၁၂၃ ပါရုပ်ပုံ

ဘုရားသခင်လုပ်ဆောင်ခဲ့တာတွေကို ရှာဖွေလေ့လာတာ၊ ကိုယ်တိုင်နဲ့တခြားသူတွေရဲ့အတွေ့အကြုံကို တွေးတောဆင်ခြင်တာကနေ ယေရမိ ဘာအကျိုးရခဲ့သလဲ။ ဒီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

“ယေဟောဝါ ဘယ်မှာလဲ” လို့ သင် နေ့တိုင်းမေးရဲ့လား

၂၀။ ယေဟောဝါကိုရှာတဲ့နေရာမှာ ယေရမိကို သင် ဘယ်လိုအတုယူနိုင်သလဲ။

၂၀ သင်က နေ့တိုင်း ဆုံးဖြတ်ချက်တွေချရတဲ့အခါ “ယေဟောဝါ ဘယ်မှာလဲ” လို့ မေးပြီး ကိုယ်တော့်အလိုတော်ကို သိအောင်လုပ်ဖို့ ပန်းတိုင်ထားသလား။ (ယေ. ၂:၆-၈) ယေရမိဟာ သူ့ခေတ်ကဂျူးတွေနဲ့မတူဘဲ ဘယ်လမ်းစဉ်လိုက်သင့်တယ်ဆိုတာ သိနိုင်ဖို့ တန်ခိုးအကြီးဆုံးအရှင်ရဲ့အကူအညီကို အမြဲတောင်းခံခဲ့တယ်။ ကျွန်တော်တို့လည်း ယေရမိကိုအတုယူပြီး နေ့တိုင်း ဆုံးဖြတ်ချက်တွေချတဲ့အခါ ယေဟောဝါရဲ့အမြင်ကိုသိအောင် ရှာတာက ပညာရှိလမ်းစဉ်ဖြစ်တယ်။

၂၁။ ဆုတောင်းခြင်းက သင့်ရဲ့အမှုဆောင်လုပ်ငန်းမှာ၊ အထူးသဖြင့် ကြမ်းကြမ်းတမ်းတမ်းပြောဆိုခံရတဲ့အခါမျိုးမှာ ဘယ်လိုကူညီပေးနိုင်သလဲ။

၂၁ ကြီးလေးတဲ့ကိစ္စတွေ ဒါမှမဟုတ် ဘဝကိုပြောင်းလဲစေနိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေလောက်ပဲ မဟုတ်ဘူး။ သင် စီစဉ်ထားတဲ့နေ့မှာ အမှုဆောင်ထွက်တာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဆိုရင်ကော။ သင် အိပ်ရာနိုးတဲ့အခါ မိုးအုံ့နေတာကို သတိပြုမိတယ်ဆိုပါစို့။ စီစဉ်ထားတဲ့ရပ်ကွက်ကလည်း ထပ်ခါထပ်ခါ ဟောပြီးသားရပ်ကွက် ဖြစ်နေတယ်။ အဲဒီရပ်ကွက်မှာရှိတဲ့ လူတချို့က သင့်ကို ယဉ်ယဉ်ကျေးကျေးပြောပြီး ထွက်သွားခိုင်းသလို တချို့က အော်ဟစ်မောင်းထုတ်ခဲ့တာကို သင် ပြန်သတိရမိတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်က ဆုတောင်းပြီး “ယေဟောဝါ ဘယ်မှာလဲ” လို့ မေးသလား။ အဲဒီလိုလုပ်မယ်ဆိုရင် သင်ဟောမယ့်သတင်းက ဘယ်လောက်ကောင်းတယ်ဆိုတာ စဉ်းစားမိဖို့၊ ဘုရားသခင်က အဲဒီသတင်းကိုကြေညာစေချင်တယ်ဆိုတာ ပိုသဘောပေါက်လာဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒီအခါ ယေရမိလိုပဲ သင်လည်း ယေဟောဝါရဲ့စကားက သင့်ကိုဝမ်းမြောက်ရွှင်လန်းစေတယ်လို့ ခံစားရပါလိမ့်မယ်။ (ယေ. ၁၅:၁၆၊ ၂၀) အမှုဆောင်ထွက်နေချိန်မှာ သင့်ကိုကြမ်းကြမ်းတမ်းတမ်းပြောဆိုတဲ့သူ၊ သင့်ကိုကြိမ်းမောင်းတဲ့သူနဲ့ တွေ့တယ်ဆိုရင်ကော။ အဲဒီအခါလည်း သင့်ခံစားချက်တွေကို ဘုရားသခင်ဆီ ဆုတောင်းပြီးပြောပြနိုင်ပါတယ်။ သင် တကယ် အဲဒီလိုလုပ်မလား။ ဘုရားသခင်က သင် ကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်အောင် သင့်ကို သန့်ရှင်းသောစွမ်းအားတော်ပေးနိုင်တယ်။ အဲဒီအခါ ဘုရားသခင်ရဲ့သတင်းစကားကို ဟောပြောချင်စိတ်က အပျက်သဘောထားတွေကို အနိုင်ရသွားလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။—လု. ၁၂:၁၁၊ ၁၂။

၂၂။ ဆုတောင်းချက်တချို့က ဘာကြောင့် ဘုရားသခင်ဆီမရောက်အောင် တားဆီးခံရနိုင်သလဲ။

၂၂ ဆုတောင်းချက်တချို့က ဘုရားသခင်ဆီမရောက်အောင် တားဆီးခံရနိုင်တယ်ဆိုတာကိုလည်း သတိရသင့်တယ်။ (မြည်တမ်းစကား ၃:၄၄ ကိုဖတ်ပါ။) ပုန်ကန်တဲ့ဂျူးတွေရဲ့ဆုတောင်းချက်တွေကို ယေဟောဝါ နားမထောင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘုရားသခင့်စကားကို နားမထောင်ဘဲ တရားမဲ့စွာ ကျင့်ကြံပြုမူနေလို့ပဲ။ (သု. ၂၈:၉) လူတစ်ယောက်ဟာ သူ့ဆုတောင်းချက်နဲ့အညီ မလုပ်ဆောင်ဘူးဆိုရင် ဘုရားသခင် စိတ်ပျက်ပြီး သူ့ဆုတောင်းချက်ကို နားထောင်တော့မှာမဟုတ်ဘူးဆိုတဲ့သင်ခန်းစာကို ယေရမိ ရခဲ့သလို ကျွန်တော်တို့လည်း ရသင့်ပါတယ်။ ဒါကြောင့် ယေဟောဝါကိုစိတ်ပျက်စေမယ့် လုပ်ရပ်တွေကိုရှောင်ဖို့ သိပ်အရေးကြီးတယ်။

၂၃၊ ၂၄။ (က) ဘုရားသခင့်အလိုတော်ကို သိချင်တယ်ဆိုရင် ဘာလုပ်ဖို့လိုအပ်သလဲ။ (ခ) ကိုယ်ပိုင်လေ့လာမှုကနေ ပိုအကျိုးရအောင် သင် ဘာလုပ်နိုင်သလဲ။

၂၃ ယေဟောဝါရဲ့လမ်းညွှန်မှုရဖို့ စိတ်ရင်းမှန်နဲ့ဆုတောင်းရမယ့်အပြင် ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့လည်း လိုအပ်တယ်။ အဲဒါက ယေဟောဝါရဲ့အလိုတော်ကို သိရှိစေနိုင်တဲ့ အဓိကနည်းတစ်ခုဖြစ်တယ်။ ဒီကိစ္စမှာ ကျွန်တော်တို့က ယေရမိထက် တစ်ပန်းသာတယ်။ ကျွန်တော်တို့မှာ ကျမ်းစာအပြည့်အစုံရှိတယ်။ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ကျမ်းစောင်တွေကိုပြုစုဖို့ နက်နက်နဲနဲရှာဖွေလေ့လာခဲ့တဲ့ ယေရမိလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာကိုစေ့စေ့စပ်စပ်ဖတ်ရှုနိုင်တယ်၊ “ယေဟောဝါ ဘယ်မှာလဲ” လို့မေးပြီး ကိုယ်တော့်လမ်းညွှန်ချက်ကို ရှာနိုင်တယ်။ သင်က ဘုရားသခင့်အလိုတော်ကို သိအောင်လုပ်ပြီး ကိုယ်တော့်ကို ယုံကြည်ကိုးစားမယ်ဆိုရင် “ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာ” တဲ့အပင်နဲ့ တူပါလိမ့်မယ်။—ယေရမိ ၁၇:၅-၈ ကိုဖတ်ပါ။

စာမျက်နှာ ၁၂၅ ပါရုပ်ပုံ

၂၄ သင်က ကျမ်းစာကိုဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ အခြေအနေပေါ်မူတည်ပြီး သင့်ကို ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာ သိမြင်အောင်ကြိုးစားပါ။ သင် မှတ်ထားချင်တဲ့၊ လက်တွေ့ကျင့်သုံးချင်တဲ့ ကျမ်းစာမူတွေကို ရှာဖွေပါ။ ကျမ်းစာမှာပါတဲ့ သမိုင်းမှတ်တမ်းတွေ၊ ဘုရားသခင့်ပညတ်တွေ၊ မူတွေနဲ့ ပညာရှိစကားတွေကို ဖတ်တဲ့အခါ အဲဒါတွေက နေ့တိုင်း ဆုံးဖြတ်ချက်ချရာမှာ သင့်ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ စဉ်းစားပါ။ “ယေဟောဝါ ဘယ်မှာလဲ” ဆိုတဲ့ သင့်မေးခွန်းကို ကျမ်းစကားတွေကတစ်ဆင့် ကိုယ်တော်အဖြေပေးနိုင်တယ်။ ဒီနည်းအားဖြင့် အခြေအနေဆိုးတွေကို ကြုံရတဲ့အခါ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။ ‘သင်မသိနိုင်အောင် နက်နဲတဲ့အရာတွေ’ ဒါမှမဟုတ် သင်နားမလည်ခဲ့တဲ့အရာတွေကို သိနားလည်လာအောင် ကျမ်းစာက ကူညီပေးပါလိမ့်မယ်။—ယေ. ၃၃:၃။

၂၅၊ ၂၆။ ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားတာက ကျွန်တော်တို့ကို ဘာကြောင့်အကျိုးပြုနိုင်သလဲ။

၂၅ သင်ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့အတွေ့အကြုံတွေကိုလည်း ပြန်စဉ်းစားနိုင်တယ်။ ဥပမာ၊ တချို့က ဥရိယလိုပဲ ယေဟောဝါကို အားမကိုးတော့ဘူးဆိုတာ သင် သတိထားမိမယ်။ (၂ တိ. ၄:၁၀) သင်က သူတို့ဆီကနေ သင်ခန်းစာယူပြီး သူတို့ကြုံခဲ့ရတဲ့ဆိုးကျိုးတွေကို ရှောင်နိုင်ပါတယ်။ ယေရမိဟာ ဘုရားသခင်ရဲ့သနားကရုဏာကို လေးမြတ်ခဲ့တယ်။ ဒါကြောင့် သင်လည်း သင့်အပေါ်ထားတဲ့ ယေဟောဝါရဲ့ခိုင်မြဲတဲ့မေတ္တာကို မကြာခဏ ပြန်စဉ်းစားပါ။ သင့်အခြေအနေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အမြင့်ဆုံးအရှင်က သင့်ကို ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့။ ယေရမိကို ကိုယ်တော်ဂရုစိုက်ခဲ့သလို သင့်ကိုလည်း ဂရုစိုက်ပါတယ်။

၂၆ အခုအချိန်မှာ လူတစ်ယောက်စီကို ယေဟောဝါ ဘယ်လိုကူညီနေတယ်ဆိုတာ သင်တွေးတောဆင်ခြင်တဲ့အခါ ကိုယ်တော်က နည်းအမျိုးမျိုးနဲ့ နေ့တိုင်းလမ်းညွှန်နေတယ်ဆိုတဲ့အချက်ကို သိလာပါလိမ့်မယ်။ ဂျပန်နိုင်ငံက အာကီဆိုတဲ့ ညီမငယ်တစ်ယောက်က ခရစ်ယာန်မဖြစ်ထိုက်ဘူးလို့ ခံစားခဲ့ရတယ်။ တစ်နေ့၊ တိုက်နယ်ကြီးကြပ်မှူးရဲ့ဇနီးနဲ့အတူ အမှုဆောင်ထွက်နေတုန်း အာကီက ဗျာဒိတ်ကျမ်းမှာပါတဲ့ ယေရှုရဲ့စကားတွေကို ကိုးကားပြီး “ယေဟောဝါက ကျွန်မကို ထွေးထုတ်တော့မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်မကို အချိန်နည်းနည်းထပ်ပေးပါလို့ ကိုယ်တော့်ကို အသနားခံခဲ့တယ်” လို့ပြောတယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီးက အာကီကို အားပေးပြီး “ညီမက မပူမအေး နွေးနေတဲ့ ခရစ်ယာန်တစ်ယောက်ပဲလို့ ကျွန်မ တစ်ခါမှမထင်ခဲ့ဘူး” လို့ပြောတယ်။ အဲဒီအားပေးစကားကို သူ သေချာပြန်စဉ်းစားမိတယ်။ တကယ်တော့ ယေဟောဝါက သူ့ကို မပူမအေးဖြစ်နေတဲ့သူလို့ ထင်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားတစ်ခုမှ မရှိပါဘူး။ နောက်ပိုင်းမှာ အာကီက “ကိုယ်တော်အလိုရှိတဲ့နေရာကို ကျွန်မကို စေလွှတ်ပါ။ ကိုယ်တော်လုပ်စေချင်တဲ့အရာမှန်သမျှကို ကျွန်မ လုပ်ပါ့မယ်” လို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ အဲဒီအချိန်လောက်မှာပဲ ဂျပန်အုပ်စုလေးရှိတဲ့ နိုင်ငံတစ်ခုကို သူသွားလည်ပတ်တယ်။ အဲဒီအုပ်စုလေးမှာ ဂျပန်စကားပြောတတ်ပြီး လာအမှုဆောင်နိုင်တဲ့သူ လိုအပ်နေတယ်။ ဖြစ်ချင်တော့ အာကီက အဲဒီနိုင်ငံမှာ မွေးဖွားခဲ့တဲ့အတွက် အဲဒီကို ပြောင်းရွှေ့ပြီးကူညီပေးဖို့ သိပ်မခက်တော့ဘူးပေါ့။ ဒါပေမဲ့ သူဘယ်မှာနေမလဲ။ ညီအစ်မတစ်ယောက်က သူ့သမီး မကြာသေးခင်ကပဲ အိမ်ပြောင်းသွားတဲ့အတွက် အဲဒီအခန်းမှာ လာနေဖို့ ကမ်းလှမ်းတယ်။ အရာအားလုံးအဆင်ပြေသွားပြီး ယေဟောဝါက သူ့အတွက် လမ်းဖွင့်ပေးခဲ့တယ်လို့ အာကီပြောတယ်။

၂၇။ “ယေဟောဝါ ဘယ်မှာလဲ” လို့ မေးမယ်ဆိုရင် သင် ဘာအကျိုးကျေးဇူးတွေရမလဲ။

၂၇ ညီအစ်ကိုညီအစ်မများစွာဟာ ကျမ်းစာဖတ်တဲ့အချိန် ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အချိန်မှာ ဘုရားသခင့်လမ်းညွှန်မှုရရှိခဲ့တဲ့အကြောင်း ပြန်ပြောပြနိုင်ပါတယ်။ သင့်မှာလည်း အဲဒီလိုတွေ့ကြုံမှုမျိုး ရှိပါလိမ့်မယ်။ အဲဒီအရာတွေက သင့်ကို ယေဟောဝါနဲ့ပိုရင်းနှီးစေပြီး ကိုယ်တော့်ဆီ ခဏခဏ စိတ်ထက်သန်စွာဆုတောင်းဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ကျွန်တော်တို့က “ယေဟောဝါ ဘယ်မှာလဲ” လို့ နေ့တိုင်းမေးနေမယ်ဆိုရင် ကျွန်တော်တို့ကို ကိုယ်တော်လမ်းပြပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၃၀:၂၁။

“ယေဟောဝါ ဘယ်မှာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေကို သင်ဘယ်လိုရှာတွေ့နိုင်မလဲ။ ဘုရားသခင်ရဲ့လမ်းညွှန်မှုကို သင်ဘယ်လိုနည်းတွေနဲ့ ရှာနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ