ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၃၇ စာ. ၂၆၇-၂၇၁
  • ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကုန်သည်များ ငိုကြွေးမြည်တမ်းကြ
  • သူ၏ပျက်သုဉ်းခြင်းကြောင့် ဝမ်းမြောက်ခြင်း
  • ကြိတ်ဆုံကျောက်ကြီးကို ပစ်ချခြင်း
  • ထိတ်လန့်ဖွယ် သွေးသွန်းသည့်အပြစ်
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၃၇ စာ. ၂၆၇-၂၇၁

အခန်း ၃၇

ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း

၁။ “မြေကြီးဘုရင်တို့” သည် မဟာဗာဗုလုန် ရုတ်တရက်ပျက်စီးသည်ကို မည်သို့တုံ့ပြန်ကြမည်နည်း။

ဗာဗုလုန် ဇာတ်သိမ်းခြင်းသည် ယေဟောဝါ၏ လူမျိုးတော်အဖို့ သတင်းကောင်းဖြစ်သော်လည်း လူမျိုးများအနေနှင့် မည်သို့မြင်ကြသနည်း။ ယောဟန်က ဤသို့ဆို၏– “သူနှင့် မတရားသောမေထုန်ပြု၍ အရှက်မရှိဇိမ်ယစ်သော မြေကြီးဘုရင်တို့သည် သူ့ကို ကျွမ်းလောင်သောမီးမှ မီးခိုးကို မြင်သောအခါ သူ့အတွက်ကြောင့် ရင်ဘတ်စည်တီး၍ ဝမ်းနည်းပက်လက် ငိုကြွေးကြလိမ့်မည်။ သူတို့သည် သူခံရသော ညှဉ်းဆဲခြင်းကို ကြောက်ရွံ့သဖြင့် အဝေးမှရပ်လျက် ‘အသင်မြို့ကြီး၊ ခိုင်ခံ့သော အသင်ဗာဗုလုန်မြို့၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အကြောင်းမှာ သင်၏တရားစီရင်ခြင်းသည် တစ်နာရီအတွင်း ရောက်လာသည်တကား’ ဟုဆိုကြလိမ့်မည်။”​—ဗျာဒိတ် ၁၈:၉၊ ၁၀။

၂။ (က) နီမြန်းသောသားရဲ၏ ပုံဆောင်ဦးချိုဆယ်ချောင်းက မဟာဗာဗုလုန်ကို ဖျက်ဆီးသည်ဖြစ်ရာ သူဇာတ်သိမ်းသည်ကို “မြေကြီးဘုရင်တို့” အဘယ်ကြောင့်ပူဆွေးကြသနည်း။ (ခ) ပူဆွေးဝမ်းနည်းသော ဘုရင်တို့သည် အဘယ်ကြောင့် မြို့ပျက်နှင့်ခွာ၍ အဝေးတွင်ရပ်ကြသနည်း။

၂ ဗာဗုလုန်ကို နီမြန်းသောသားရဲ၏ ပုံဆောင်ချိုဆယ်ချောင်းက ဖျက်ဆီးသည်ဖြစ်ရကား လူမျိုးများအနေဖြင့် ထိုသို့ခံစားကြရသည်မှာ အံ့ဩစရာပင်။ (ဗျာဒိတ် ၁၇:၁၆) သို့ရာတွင် ဗာဗုလုန်မရှိတော့သည့်အခါ၊ လူထုကိုငြိမ်ဝပ်စေပြီး အောက်ကျို့နာခံစေရာ၌ အလွန်အသုံးဝင်ကြောင်း “မြေကြီးဘုရင်တို့” သိရကြလိမ့်မည်။ ဘုန်းကြီးဓမ္မဆရာအုပ်စုသည် စစ်ကို သန့်ရှင်းမြင့်မြတ်သောအရာဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြပြီ၊ စစ်သားများကို စုဆောင်းပေးခဲ့ကြပြီ၊ လူငယ်များအား တရားချ၍ ရှေ့တန်းသို့ပို့ခဲ့ကြလေပြီ။ ဘာသာတရားသည် သန့်ရှင်းခြင်းတည်းဟူသော ပိတ်ကားကိုထူပြီး စာရိတ္တဖောက်ပြန်သော အုပ်စိုးရှင်တို့က ၎င်းပိတ်ကားနောက်ကွယ်မှနေ၍ သာမန်ပြည်သူတို့ကို ဖိနှိပ်ခဲ့ကြပြီ။ (ယေရမိ ၅:၃၀၊ ၃၁; မဿဲ ၂၃:၂၇၊ ၂၈ နှိုင်းယှဉ်။) သို့ရာတွင် ဝမ်းနည်းကြေကွဲသော ဤဘုရင်တို့သည် ယခု ၎င်းမြို့ပျက်နှင့် ခပ်လှမ်းလှမ်းခွာ၍ ရပ်နေကြကြောင်းကို သတိပြုပါ။ သူ၏အနားသို့ကပ်လာပြီး အကူအညီမပေးကြပါ။ သူ သေပျောက်သွားသည်ကို ဝမ်းနည်းကြသော်လည်း သူ့အတွက် စွန့်စားလောက်အောင် ဝမ်းမနည်းကြပါ။

ကုန်သည်များ ငိုကြွေးမြည်တမ်းကြ

၃။ မဟာဗာဗုလုန် ကွယ်ပျောက်သည်ကို မည်သူလည်း ဝမ်းနည်းသနည်း၊ အဘယ်ကြောင့်ဟု ယောဟန်ဆိုသနည်း။

၃ မြေကြီးဘုရင်များသာ မဟာဗာဗုလုန် ကွယ်လွန်သည်ကို ဝမ်းနည်းတသကြသည်မဟုတ်။ “၎င်းပြင်၊ မြေကြီးပေါ်မှ နယ်လှည့်ကုန်သည်များသည် သူတို့၏ ကုန်ပစ္စည်းများကို ဝယ်မည့်သူ မရှိတော့၍ သူ့အတွက်ကြောင့် ဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းကြ၏။ ၎င်းကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ လျှော်ချောထည်၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးပစ္စည်းအမျိုးစုံ၊ ဆင်စွယ်ပစ္စည်းအမျိုးစုံ၊ အဖိုးအတန်ဆုံးသစ်၊ ကြေးနီ၊ သံနှင့် စကျင်ကျောက်တို့ဖြင့် ပြုလုပ်သည့် ပစ္စည်းအမျိုးစုံ၊ ၎င်းပြင်၊ သစ်ကြံပိုး၊ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ သံလွင်ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်နှင့် လူ့အသက်များ ဖြစ်ကြသည်။ မှန်ပေသည်၊ သင်တောင့်တသည့် အရည်ရွှမ်းသော အသီးများသည် သင် [မဟာဗာဗုလုန်] နှင့် ဝေးသွားလေပြီ။ ချိုမြိန်သောစားစရာနှင့် လှပတင့်တယ်သောအရာ ရှိသမျှတို့သည် သင့်အထဲမှ ပျောက်ပျက်ကုန်ပြီ။ လူတို့သည် ၎င်းတို့ကို ဘယ်တော့မျှ တွေ့ရတော့မည်မဟုတ်။”​—ဗျာဒိတ် ၁၈:၁၁-၁၄။

၄။ မဟာဗာဗုလုန်ဇာတ်သိမ်းသည်ကို “နယ်လှည့်ကုန်သည်များ” အဘယ်ကြောင့် ငိုကြွေးမြည်တမ်းကြသနည်း။

၄ မှန်ပေသည်၊ မဟာဗာဗုလုန်သည် ချမ်းသာသောကုန်သည်များ၏ ရင်းနှီးသောမိတ်ဆွေ၊ ဖောက်သည်ကောင်းတစ်ဦးဖြစ်၏။ ဥပမာ၊ ခရစ်ယာန်ဘောင်မှ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းများသည် ရာစုနှစ်များစွာတစ်လျှောက် ရွှေငွေကျောက်မျက်ရတနာ၊ အဖိုးတန်သစ်နှင့် အခြားသောဓနဥစ္စာအမျိုးမျိုးကို တောင်ပုံရာပုံ စုဆောင်းလာခဲ့သည်။ ထို့ပြင် ဘာသာရေးသည် ခရစ်တော်၏ အသရေကိုရှုတ်ချသော ခရစ္စမတ်နှင့် သန့်ရှင်းသည်ဆိုသော အခြားအခါကြီးရက်ကြီး ပွဲသဘင်များနှင့်ဆက်စပ်သည့် အလုအယက်ဝယ်ခြမ်းခြင်းနှင့် သောက်ကြူးပျော်မြူးခြင်းတို့ကို ကောင်းချီးပေးခဲ့ကြပြီ။ ခရစ်ယာန်ဘောင် သာသနာပြုများသည် ဝေးလံသောနိုင်ငံဒေသများသို့ ထိုးဖောက်၍ အရောက်သွားကာ ဤလောက၏ “နယ်လှည့်ကုန်သည်များ” အတွက် ဈေးကွက်များ ဖွင့်လှစ်ပေးခဲ့ပြီ။ ၁၇ ရာစုခေတ်က ဂျပန်နိုင်ငံ၌ ကုန်သည်များနှင့်အတူ ရောက်ရှိလာသော ကက်သလစ်ဘာသာသည် ပဒေသရာဇ်စစ်ပွဲတွင်ပင် ပါဝင်တိုက်ခိုက်ခဲ့သည်။ အိုဆာကာရဲတိုက်အောက်၌ တိုက်ခိုက်ခဲ့သော အဆုံးအဖြတ်ပေးသည့် စစ်ပွဲအကြောင်းကို ဗြိတိန် စွယ်စုံကျမ်းက ဤသို့ဖော်ပြ၏– “တိုကူဂါဝါတပ်များသည် စပိန်နိုင်ငံ၏ နာယကသူတော်စင် ကယ်တင်ရှင် စိန့်ဂျိမ်းစ်၏ရုပ်ပုံနှင့် လက်ဝါးကပ်တိုင် ရေးထိုးထားသည့် တံခွန်များကို ကိုင်ဆောင်သော ရန်သူများအား တိုက်ခိုက်ကြရ၏။” အောင်ပွဲခံသူတို့သည် ကက်သလစ်ဘာသာကို နှိပ်စက်ညှဉ်းပန်း၍ ဂျပန်နိုင်ငံမှ ပျောက်ကွယ်လုမတတ်ဖြစ်အောင် ချေမှုန်းခဲ့သည်။ ထို့အတူ၊ ယနေ့ ချာ့ချ်သည် လောကီရေးရာများ၌ ပါဝင်ခြင်းဖြင့် မိမိအပေါ်သို့ ကောင်းချီးများ သက်ရောက်စေမည်မဟုတ်။

၅။ (က) ကောင်းကင်မှစကားသံက “နယ်လှည့်ကုန်သည်များ” ၏ငိုကြွေးမြည်တမ်းခြင်းအကြောင်းကို မည်သို့ဆက်လက်ဖော်ပြသနည်း။ (ခ) အဘယ်ကြောင့် ကုန်သည်များလည်း “အဝေးကရပ်” ကြသနည်း။

၅ ကောင်းကင်မှစကားသံက ဤသို့ဆက်၍ဆို၏– “၎င်းကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကား၍ သူ့ကြောင့် ချမ်းသာကြွယ်ဝလာသော နယ်လှည့်ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းကို ကြောက်ရွံသဖြင့် အဝေးကရပ်ပြီး ဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းလျက် ‘လျှော်ချောထည်၊ ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို ဝတ်ဆင်လျက် ရွှေတန်ဆာ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ပြိုးပြိုးပြောင်ပြောင် ဆင်ယင်ဝတ်စားထားသောမြို့ကြီး၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ အကြောင်းမှာ ထိုမျှကြွယ်ဝသော စည်းစိမ်ဥစ္စာသည် တစ်နာရီအတွင်း ဆုံးရှုံးရသည်တကား’ ဟုဆိုကြလိမ့်မည်။” (ဗျာဒိတ် ၁၈:၁၅-၁၇ခ) မဟာဗာဗုလုန် ဖျက်ဆီးခံရသဖြင့် “ကုန်သည်တို့” သည် ထိုစီးပွားဖက် ဆုံးရှုံးရသည့်အတွက် ငိုကြွေးကြ၏။ သူတို့အဖို့ တကယ်ပင် “အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။” သို့သော် သူတို့ငိုကြွေးကြသည်မှာ လုံးလုံးလျားလျား ကိုယ်ကျိုးအတွက်ဖြစ်ပြီး သူတို့သည် ဘုရင်များနည်းတူ “အဝေးကရပ်” နေကြကြောင်း သတိပြုပါ။ မဟာဗာဗုလုန်၏ အနားသို့ချဉ်းကပ်ပြီး အကူအညီမပေးကြချေ။

၆။ ကောင်းကင်မှစကားသံက သင်္ဘောမာလိန်မှူးနှင့် သင်္ဘောသားများ၏ ငိုကြွေးခြင်းအကြောင်းကို မည်သို့ဖော်ပြသနည်း၊ သူတို့အဘယ်ကြောင့် ငိုကြွေးကြသနည်း။

၆ မှတ်တမ်းက ဤသို့ဆက်၍ဆို၏– “သင်္ဘောမာလိန်မှူး ရှိရှိသမျှ၊ အရပ်ရပ်သို့ ရေကြောင်းခရီး သွားလာသူ ရှိရှိသမျှ၊ သင်္ဘောသားများနှင့် ပင်လယ်ကိုအမှီပြု၍ အသက်မွေးသောသူ အပေါင်းတို့သည် အဝေးကရပ်လျက် သူ့ကိုကျွမ်းလောင်သောမီးမှ မီးခိုးကို မြင်သောအခါ ‘အဘယ်မြို့သည် ဤမြို့ကြီးနှင့် တူသနည်း’ ဟုအော်ဟစ်၍ ဆိုကြ၏။ သူတို့သည် မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုကြဲဖြန့်လျက် ‘မိမိ၏ကြီးမားသော အသုံးစရိတ်ဖြင့် ပင်လယ်ကူးသင်္ဘော ပိုင်ရှင်အပေါင်းတို့အား ချမ်းသာကြွယ်ဝစေသောမြို့ကြီး၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ အကြောင်းမှာ၊ သူသည် တစ်နာရီအတွင်း ပျက်စီးဆုံးရှုံးလေပြီတကား’ ဟုအော်ဟစ်လျက်၊ ဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းလျက် ဆိုကြ၏။” (ဗျာဒိတ် ၁၈:၁၇ခ-၁၉) ရှေးဗာဗုလုန်သည် စီးပွားရေးမြို့တစ်မြို့ဖြစ်၍ သင်္ဘောစုကြီးရှိ၏။ ထို့နည်းတူ မဟာဗာဗုလုန်လည်း မိမိ၏လူတည်းဟူသော “ရေများ” ဖြင့် စီးပွားရေးများစွာပြု၏။ ဤနည်းဖြင့် မိမိ၏ဘာသာရေး လက်အောက်ခံများစွာတို့အား အလုပ်အကိုင်ရစေ၏။ မဟာဗာဗုလုန်၏ ပျက်စီးခြင်းသည် ထိုသူတို့အဖို့ မည်မျှကြီးမားသည့် စီးပွားရေးနစ်နာမှုတစ်ရပ် ဖြစ်မည်တကား! သူလောက် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် ပေးနိုင်သောအရာ ဘယ်တော့မျှရှိမည်မဟုတ်။

သူ၏ပျက်သုဉ်းခြင်းကြောင့် ဝမ်းမြောက်ခြင်း

၇၊ ၈။ ကောင်းကင်မှအသံက မဟာဗာဗုလုန်နှင့်ပတ်သက်သော သတင်းစကားကို မည်သို့အထွတ်အထိပ်ရောက်စေပြီး ထိုစကားကို မည်သူတို့က တုံ့ပြန်ကြမည်နည်း။

၇ ရှေးဗာဗုလုန်သည် မေဒိနှင့် ပေရသိလူတို့၏ မှောက်လှန်ခြင်းကို ခံရသောအခါ “မိုးမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသောအသံကို ပြုကြလိမ့်မည်” ဟု ယေရမိက ပရောဖက်ပြု၍ဆို၏။ (ယေရမိ ၅၁:၄၈) မဟာဗာဗုလုန် ဖျက်ဆီးခံရသောအခါ ကောင်းကင်မှလာသော စကားသံသည် သူနှင့်ပတ်သက်၍ အောက်ပါအတိုင်းဆိုလျက် ၎င်းသတင်းကို အထွတ်အထိပ်သို့ ရောက်စေလိမ့်မည်– “အိုကောင်းကင်မှစ၍ အသင်သန့်ရှင်းသူတို့၊ အသင်တမန်တော်နှင့် အသင်ပရောဖက်တို့၊ သူ့အတွက်ကြောင့် ဝမ်းမြောက်ကြလော့။ အကြောင်းမှာ ဘုရားသခင်သည် သင်တို့အဖို့ သူ့ကို အပြစ်ဒဏ်စီရင်တော်မူပြီ။” (ဗျာဒိတ် ၁၈:၂၀) ဘုရားသခင်၏ရှေးရန်သူ ဖျက်ဆီးခံရသည်ကို ယေဟောဝါနှင့် ကောင်းကင်တမန်များအပြင်၊ ယခုထမြောက်၍ အကြီးအကဲ ၂၄ ပါးအစီအစဉ်၌ နေရာယူပြီဖြစ်သော တမန်တော်များနှင့် ရှေးခရစ်ယာန်ပရောဖက်များ ရွှင်လန်းကြပါလိမ့်မည်။​—ဆာလံ ၉၇:၈-၁၂ နှိုင်းယှဉ်။

၈ တကယ်ပင်၊ ကောင်းကင်ဘုံသို့ ထမြောက်ပြီဖြစ်စေ၊ မြေကြီးပေါ်တွင်ရှိဆဲပင်ဖြစ်စေ၊ “သန့်ရှင်းသူများ” အားလုံးနှင့်တကွ အပေါင်းပါအခြားသိုးဝင် လူအုပ်ကြီးသည် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြလိမ့်မည်။ အချိန်တန်သော်၊ ရှေးသစ္စာရှိပုဂ္ဂိုလ်အားလုံး စနစ်သစ်တွင် ထမြောက်လာပြီး အတူဝမ်းမြောက်ကြပါလိမ့်မည်။ ဘုရားသခင့်လူမျိုးတော်သည် မိမိတို့ကိုညှဉ်းပန်းနှိပ်စက်သော မိစ္ဆာဘာသာရေးသမားများအား ကိုယ်တိုင်လက်စားချေဖို့ မကြိုးစားခဲ့ပါ။ “လက်စားချေခြင်းအမှုသည် ငါနှင့်ဆိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်” ဟူသော ယေဟောဝါ၏စကားတော်ကို သူတို့နှလုံးသွင်းခဲ့ကြပြီ။ (ရောမ ၁၂:၁၉၊ သမ္မာ; တရားဟောရာ ၃၂:၃၅၊ ၄၁-၄၃) ယခု ယေဟောဝါ ဆပ်ပေးတော်မူပြီ။ မဟာဗာဗုလုန် သွန်းခဲ့သမျှသွေးအတွက် လက်စားချေပြီးဖြစ်လိမ့်မည်။

ကြိတ်ဆုံကျောက်ကြီးကို ပစ်ချခြင်း

၉၊ ၁၀။ (က) အားကြီးသောကောင်းကင်တမန်တစ်ပါးက ယခုဘာပြု၍ ဘာပြောသနည်း။ (ခ) ဗျာဒိတ် ၁၈:၂၁ ပါ အားကြီးသောကောင်းကင်တမန်၏ လုပ်ဆောင်ချက်နှင့်တူသည့် အဘယ်အမှုကို ယေရမိလက်ထက်၌ပြုခဲ့၍ ၎င်းက ဘာကိုအာမခံသနည်း။ (ဂ) ယောဟန်မြင်ရသည့် အားကြီးသောကောင်းကင်တမန်၏ လုပ်ဆောင်ချက်က ဘာကိုအာမခံသနည်း။

၉ ယောဟန် ဆက်၍မြင်ရသောအရာက မဟာဗာဗုလုန်ကို ယေဟောဝါ အပြီးအပြတ် တရားစီရင်တော်မူကြောင်း ထောက်ခံ၏– “တစ်ဖန် အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကြီးနှင့်တူသော ကျောက်တစ်လုံးကို ချီမ၍ ပင်လယ်ထဲသို့ပစ်ချလျက် ‘ဗာဗုလုန်မြို့ကြီးသည် ဤသို့ပင် တအားပစ်ချခံရသဖြင့် ဘယ်သောအခါမျှ ပြန်တွေ့ရတော့မည်မဟုတ်’ ဟုဆို၏။” (ဗျာဒိတ် ၁၈:၂၁) ယေရမိလက်ထက်၌လည်း လေးနက်သော ပရောဖက်ပြုချက် အဓိပ္ပာယ်ပါသည့် အလားတူလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ယေရမိသည် “ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတ္တံ့သော ဘေးဥပဒ်အပေါင်း” ကို စာစောင်တစ်ခု၌ရေးမှတ်ရန် မှုတ်သွင်းတော်မူခြင်းခံရ၏။ သူသည် ထိုစာစောင်ကို စရာယအားပေး၍ သူ့အား ဗာဗုလုန်သို့သွားခိုင်း၏။ စရာယသည် ယေရမိညွှန်ကြားသည့်အတိုင်း ထိုမြို့သို့ရောက်သောအခါ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤအရပ်၌လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍ သုတ်သင်ပယ်ရှင်းမည်အကြောင်းကို ခြိမ်းတော်မူပြီ” ဟူသော ကြေညာချက်တစ်ရပ်ကို ဖတ်ကြားလေသည်။ ထို့နောက် စရာယသည် ထိုစာစောင်ကို ကျောက်တစ်လုံးနှင့်တွဲချည်၍ ဥဖရတ်မြစ်ထဲသို့ပစ်ချကာ “ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါရောက်စေသော ဘေးဥပဒ်ထဲက နောက်တစ်ဖန် မထမြောက်ရ” ဟုဆို၏။​—ယေရမိ ၅၁:၅၉-၆၄။

၁၀ စာစောင်ကို ကျောက်လုံးနှင့်တွဲချည်ပြီး မြစ်ထဲသို့ပစ်ချခြင်းက ဗာဗုလုန်မြို့ ဧကန်တိမ်ကောပြီး ဘယ်တော့မျှ ပြန်ပေါ်လာမည်မဟုတ်ကြောင်း အာမခံ၏။ အားကြီးသောကောင်းကင်တမန် အလားတူစွာပြုသည်ကို တမန်တော်ယောဟန် မြင်ရခြင်းသည်လည်း မဟာဗာဗုလုန်နှင့်ဆိုင်သော ယေဟောဝါ၏ ရည်ရွယ်ချက် ဧကန်ဖြစ်မြောက်မည်ကို ခိုင်လုံစွာအာမခံ၏။ ယနေ့ ရှေးဗာဗုလုန်၏ လုံးဝပြိုပျက်နေသည့် အခြေအနေက မဝေးတော့သည့် အနာဂတ်တွင် မိစ္ဆာဘာသာတရား မည်သို့တွေ့ကြုံရမည်ကို အလေးအနက် သက်သေပြ၏။

၁၁၊ ၁၂။ (က) အားကြီးသောကောင်းကင်တမန်က ယခု မဟာဗာဗုလုန်အား မည်သို့ဆိုသနည်း။ (ခ) အယူဝါဒဖောက်ပြန်သော ယေရုရှလင်နှင့်ပတ်သက်၍ ယေရမိ မည်သို့ပရောဖက်ပြု၍ ၎င်းသည် ယနေ့ကျွန်ုပ်တို့ခေတ်အတွက် ဘာအဓိပ္ပာယ်ဆောင်သနည်း။

၁၁ ယခု၊ အားကြီးသောကောင်းကင်တမန်က မဟာဗာဗုလုန်အား ဤသို့ဆို၏– “သင့်အထဲ၌ တေးသံရှင် စောင်းသမားများ၊ ဂီတပညာရှင်များ၊ ပလွေမှုတ်သူများ၊ တံပိုးမှုတ်သူများ၏ အသံကို နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ သင့်အထဲ၌ မည်သည့်လုပ်ငန်းနှင့်ဆိုင်သော လက်မှုပညာရှင်ကိုမျှ နောက်တစ်ဖန် တွေ့ရတော့မည်မဟုတ်။ သင့်အထဲ၌ ကြိတ်ဆုံသံကို နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ သင့်အထဲ၌ မီးခွက်အလင်း နောက်တစ်ဖန် ထွန်းလင်းတော့မည်မဟုတ်။ သင့်အထဲ၌ သတို့သား၊ သတို့သမီး၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်၏နယ်လှည့်ကုန်သည်တို့သည် မြေကြီးပေါ်မှ ရာထူးအဆင့် မြင့်သူများဖြစ်ကြ၏။ အကြောင်းမှာ၊ လူမျိုးအပေါင်းတို့သည် သင်၏နတ်ဝိဇ္ဇာအတတ်ကြောင့် လမ်းလွဲကြကုန်၏။”​—ဗျာဒိတ် ၁၈:၂၂၊ ၂၃။

၁၂ ယေရမိကလည်း အယူဝါဒဖောက်ပြန်သော ယေရုရှလင်နှင့်ပတ်သက်၍ အလားတူအသုံးအနှုန်းမျိုးဖြင့် ဤသို့ပရောဖက်ပြု၏– “ဤသူတို့တွင် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။ ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့သြဖွယ်ရာဖြစ်လိမ့်မည်။” (ယေရမိ ၂၅:၁၀၊ ၁၁) ဘီစီ ၆၀၇ ခုနှစ်နောက်ပိုင်းတွင် ယေရုရှလင်မြို့၏ ဆိတ်ညံခြင်းအဖြစ်က ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်သည့်အတိုင်း မဟာဗာဗုလုန်၏ အဓိကအပိုင်းဖြစ်သော ခရစ်ယာန်ဘောင်သည် အသက်ကင်းမဲ့သော အပြိုအပျက်ဖြစ်ရလိမ့်မည်။ တစ်ချိန်က ပျော်ရွှင်မြူးထူး၍ နေ့စဉ်အသံဗလံများဖြင့် စည်ကားလှသော ခရစ်ယာန်ဘောင်သည် ရှုံးနိမ့်ပြီး စွန့်ပစ်ခြင်းခံရလိမ့်မည်။

၁၃။ မဟာဗာဗုလုန်သည် အဘယ်ပြောင်းလဲမှုနှင့် ရုတ်တရက်တွေ့ကြုံရပြီး ၎င်းသည် “နယ်လှည့်ကုန်သည်များ” အပေါ် အဘယ်အကျိုးအပြစ် သက်ရောက်စေသနည်း။

၁၃ ယောဟန်အား ကောင်းကင်တမန်ဆိုသည့်အတိုင်း မဟာဗာဗုလုန်တစ်ခုလုံး သည် တန်ခိုးကြီးသော အပြည်ပြည်ဆိုင်ရာ အင်ပါယာအဖြစ်မှ သဲကန္တာရသဖွယ် ခြောက်သွေ့သော လွင်တီးခေါင်အဖြစ်သို့ ပြောင်းလဲသွားမည်။ ရာထူးအဆင့်မြင့်သော သန်းကြွယ်သူဌေးများအပါအဝင် သူ၏ “နယ်လှည့်ကုန်သည်တို့” သည် ဘာသာရေးကို ကိုယ်ကျိုးအတွက်ဖြစ်စေ၊ မျက်နှာပန်းအတွက်ဖြစ်စေ သုံးစွဲလာကြပြီး ဘုန်းကြီးဓမ္မဆရာအုပ်စုကလည်း သူတို့နှင့်အတူ ထင်ပေါ်ကျော်ကြားမှုကို ခွဲဝေခံစားရာ၌ အကျိုးရှိသည်ကိုတွေ့ရကြ၏။ သို့သော် ထိုကုန်သည်တို့သည် မိမိတို့၏ကြံရာပါ မဟာဗာဗုလုန်ကို လက်လွှတ်ရတော့မည်။ သူသည် မိမိ၏ လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးကျင့်စဉ်များဖြင့် မြေကြီးပေါ်ရှိ လူမျိုးများကို လှည့်စားနိုင်တော့မည်မဟုတ်။

ထိတ်လန့်ဖွယ် သွေးသွန်းသည့်အပြစ်

၁၄။ အဘယ်အကြောင်းကြောင့် ယေဟောဝါ ထိုသို့ပြင်းထန်စွာ တရားစီရင်တော်မူသည်ကို အားကြီးသောကောင်းကင်တမန်ကဖော်ပြ၍ ယေရှုလည်း ကမ္ဘာပေါ်မှာရှိစဉ် အလားတူစွာ မည်သို့မိန့်ဆိုခဲ့သနည်း။

၁၄ အဆုံး၌ အားကြီးသောကောင်းကင်တမန်က မဟာဗာဗုလုန်ကို ယေဟောဝါ အဘယ်ကြောင့် ဤမျှပြင်းထန်စွာ စီရင်တော်မူကြောင်းကို တင်ပြ၏။ ကောင်းကင်တမန်က “မှန်ပေသည်၊ သူ့အထဲ၌ ပရောဖက်တို့မှစ၍ သန့်ရှင်းသူတို့နှင့် မြေကြီးပေါ်မှာ အသတ်ခံရသောသူ ရှိသမျှတို့၏သွေးကို တွေ့ရ၏။” (ဗျာဒိတ် ၁၈:၂၄) ယေရှုကမ္ဘာပေါ်ရှိစဉ် ယေရုရှလင်မြို့ရှိ ဘာသာရေးခေါင်းဆောင်များသည် “ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍ မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏အသွေး” အတွက် တာဝန်မကင်းကြောင်း မိန့်တော်မူခဲ့၏။ သို့နှင့်အညီ ကောက်ကျစ်သော ၎င်းလူမျိုးဆက်သည် အေဒီ ၇၀ ပြည့်နှစ်၌ ဖျက်ဆီးခံရ၏။ (မဿဲ ၂၃:၃၅-၃၈) ယနေ့တွင် ဘာသာရေးသမားများဖြစ်သည့် မျိုးဆက်နောက်တစ်ဆက်သည် ဘုရားသခင့်အမှုထမ်းများကို နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် သွေးပြစ်ကျူးလွန်၏။

၁၅။ နာဇီဂျာမနီနိုင်ငံမှ ကက်သလစ်ချာ့ချ်သည် အဘယ်အချက်နှစ်ချက်ကြောင့် သွေးပြစ်ရှိသနည်း။

၁၅ ကက်သလစ်ချာ့ချ်နှင့် နာဇီဂျာမနီ ဟူသောစာအုပ်၌ ဂွင်တာလူဝီက ဤသို့ရေး၏– “[၁၉၃၃ ခုနှစ်] ဧပြီလ ၁၃ ရက်နေ့၌ ဘဗဲရီးယားနယ်တွင် ယေဟောဝါသက်သေများ ဖိနှိပ်ချုပ်ချယ်ခံရသောအခါ ကက်သလစ်ချာ့ချ်သည် ပိတ်ပင်ခံရသော၎င်းဘာသာကို ကျင့်သုံးဆဲဂိုဏ်းသားကိုတွေ့လျှင် သတင်းပို့ရန်ဟူသော ပညာရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်ကိုပင် လက်ခံခဲ့သည်။” ဤနည်းဖြင့် ကက်သလစ်ချာ့ချ်သည် ထောင်ပေါင်းများစွာသော သက်သေခံများ ချွေးတပ်စခန်း အပို့ခံရသည့်ကိစ္စ၌ တာဝန်မကင်းပါ။ ၎င်း၏လက်သည် အသတ်ခံရသောသက်သေခံတို့၏ သွေးစိမ်းဖြင့် စွန်းထင်းနေ၏။ ဝီလ်ဟဲလ်မ် ကူစာရိုစသော သက်ငယ်သက်သေခံတို့က မိမိတို့သည် လက်မရွံ့တပ်ဖွဲ့၏ပြောင်းဝတွင် သေရဲကြောင်းပြသောအခါ ဟစ်တလာက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းခြင်းကို ငြင်းဆန်သူများသည် လက်မရွံ့တပ်ဖွဲ့၏ ကွပ်မျက်ခြင်းနှင့်မတန်ဟု မှတ်ယူ၏။ ထို့ကြောင့် ဝီလ်ဟဲလ်မ်၏ညီ ဝို့ဖ်ဂန်းသည် အသက် ၂၀ အရွယ်၌ ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံရသည်။ တစ်ချိန်တည်း၌ ကက်သလစ်ချာ့ချ်က အဖနိုင်ငံတော်အတွက် တပ်ထဲ၌ မိမိတို့အသက်ကိုစတေးကြရန် ဂျာမန်ကက်သလစ်ဘာသာဝင် လူငယ်များကို အားပေးခဲ့သည်။ ချာ့ချ်ကျူးလွန်သော သွေးပြစ်ကြီး ထင်ရှားလှသည်တကား။

၁၆၊ ၁၇။ (က) မဟာဗာဗုလုန်အား အဘယ်သွေးစွန်းခြင်းအပြစ်အတွက် စွဲဆိုရမည်နည်း၊ ဗက်တီကင်သည် ဂျူးများကို နာဇီတို့သိမ်းရုံးသတ်ဖြတ်သည့်ကိစ္စတွင် အဘယ်သို့ သွေးပြစ်မကင်းသနည်း။ (ခ) မျက်မှောက်ခေတ်၌ ဖြစ်ပွားသည့် ရာချီစစ်ပွဲများတွင် လူသန်းပေါင်းများစွာ သတ်ဖြတ်ခံရသည့်ကိစ္စ၌ မိစ္ဆာဘာသာသည် အဘယ်နည်းတစ်နည်းအရ အပြစ်မကင်းသနည်း။

၁၆ သို့သော် ပရောဖက်ပြုချက်က မဟာဗာဗုလုန်သည် “မြေကြီးပေါ်မှာ အသတ်ခံရသောသူ ရှိသမျှ တို့၏သွေး” အတွက် ပေးဆပ်ရမည်ဟုဆို၏။ ဤအဆိုသည် ယခုခေတ်တွင် တကယ်ပင်မှန်လှ၏။ ဥပမာ၊ ကက်သလစ်တို့၏လှည့်ကွက်ကြောင့် ဂျာမနီနိုင်ငံ၌ ဟစ်တလာ အာဏာရလာသည်ဖြစ်ရာ ဂျူးခြောက်သန်းကို နာဇီတို့ သိမ်းရုံးသတ်ဖြတ်မှုကိစ္စ၌ ဗက်တီကင်သည် အလွန်ကြီးလေးသော သွေးပြစ်နှင့် မကင်းချေ။ ထို့ပြင် ကျွန်ုပ်တို့ခေတ်တွင် ရာပေါင်းများစွာသောစစ်ပွဲများ၌ လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့ပြီ။ မိစ္ဆာဘာသာကို အပြစ်ဆိုရမည်လော။ ဆိုရပေမည်။ နည်းနှစ်နည်းအားဖြင့် ဆိုနိုင်သည်။

၁၇ တစ်နည်းမှာ စစ်ပွဲများစွာတို့သည် ဘာသာရေးကွဲပြားမှုနှင့် ဆက်စပ်၏။ ဥပမာ၊ အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားသော ၁၉၄၆-၄၈ ခုနှစ် မွတ်စလင်နှင့် ဟိန္ဒူအဓိကရုဏ်းမှာ ဘာသာရေးလှုံ့ဆော်မှုကြောင့်ဖြစ်၏။ အသက်ပေါင်း သိန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ၌ဖြစ်ပွားသော အီရတ်နှင့် အီရန်စစ်ပွဲသည် ဂိုဏ်းဂဏကွဲပြားမှုကြောင့်ဖြစ်ပြီး လူသိန်းနှင့်ချီ၍ သတ်ဖြတ်ခံရသည်။ မြောက်အိုင်ယာလန်မှ ကက်သလစ်နှင့် ပရိုတက်စတင့်အဓိကရုဏ်းသည် လူ့အသက်ထောင်ပေါင်းများစွာကို ချွေယူခဲ့ပြီ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ဆောင်းပါးရှင် စီ၊အယ်လ်၊စာလ်ဇဘာဂါက ၁၉၇၆ ခုနှစ်၌ ဤသို့ရေး၏– “ကမ္ဘာတစ်လွှား ယခုတိုက်နေသော စစ်ပွဲများ၏ထက်ဝက် သို့မဟုတ် ထက်ဝက်မကမှာ ပွင့်လင်းသော ဘာသာရေးတိုက်ပွဲ မဟုတ်လျှင် ဘာသာရေး အငြင်းပွားမှုများနှင့် ဆက်နွှယ်နေ၏။ ဤအချက်မှာ ဝမ်းနည်းဖွယ်ကောင်းသော အမှန်တရားဖြစ်သည်။” မဟာဗာဗုလုန်၏ ဘောင်ဘင်ခတ်သော သမိုင်းတစ်လျှောက် အမှန်ပင် ဤသို့ဖြစ်၏။

၁၈။ အဘယ်ဒုတိယနည်းဖြင့်လည်း ကမ္ဘာ့ဘာသာတရားများသည် သွေးပြစ်မကင်းသနည်း။

၁၈ ဒုတိယတစ်နည်းမှာ အဘယ်နည်း။ ကမ္ဘာ့ဘာသာတရားများသည် ယေဟောဝါ၏ အမှုတော်ထမ်းများထံမှ ကိုယ်တော်ဘာတောင်းဆိုကြောင်းကို မိမိတို့၏နောက်လိုက်များအား နားလည်လက်ခံအောင် မသွန်သင်ခဲ့၍ ရှေ့တော်၌ သွေးစွန်းခြင်းအပြစ်ကို ကျူးလွန်၏။ သူတို့သည် ဘုရားသခင်၏စစ်မှန်သော ဝတ်ပြုသူများမှန်လျှင် ယေရှုခရစ်ကိုတုပ၍ အခြားသူတို့အား နိုင်ငံသားမရွေး ချစ်ရမည်ဖြစ်ကြောင်း လူတို့အား နားလည်လက်ခံအောင် မသင်ကြားခဲ့ချေ။ (မိက္ခာ ၄:၃၊ ၅; ယောဟန် ၁၃:၃၄၊ ၃၅; တမန်တော် ၁၀:၃၄၊ ၃၅; ၁ ယောဟန် ၃:၁၀-၁၂) မဟာဗာဗုလုန်အဝင် ဘာသာတရားတို့သည် ဘာသာဝင်များအား ဤသို့မသင်ကြားခဲ့သောကြောင့် သူတို့သည် အပြည်ပြည်စစ်ဝဲဂယက်ထဲသို့ ကျရောက်ရကြ၏။ ဤအချက်သည် ၂၀ ရာစု၏ ပထမနှစ်ငါးဆယ်အတွင်းမှ ကမ္ဘာစစ်ပွဲနှစ်ခု၌ ထင်ရှားသိသာလှသည်ဖြစ်ခြင်း။ ထိုစစ်နှစ်ခုစလုံး ခရစ်ယာန်ဘောင်၌စတင်ပြီး ဘာသာရေးသမားချင်း သတ်ဖြတ်သုတ်သင်ကြ၏။ ခရစ်ယာန်အမည်ခံသူတိုင်းသာ ကျမ်းစာမူများကို လိုက်လျှောက်ခဲ့မည်ဆိုလျှင် ထိုစစ်များ ဖြစ်ပွားခဲ့မည်မဟုတ်။

၁၉။ မဟာဗာဗုလုန်သည် အဘယ်ထိတ်လန့်ဖွယ် သွေးစွန်းခြင်းအပြစ်ကို ရွက်ထားသနည်း။

၁၉ ယေဟောဝါသည် ထိုသွေးပြစ်ရှိသမျှကို မဟာဗာဗုလုန်၏ခေါင်းပေါ်သို့ ပုံချတော်မူ၏။ ဘာသာရေးခေါင်းဆောင်များ၊ အထူးသဖြင့် ခရစ်ယာန်ဘောင်မှ ခေါင်းဆောင်များကသာ မိမိတို့လူများအား ကျမ်းစာသမ္မာတရား ပို့ချခဲ့မည်ဆိုလျှင် ဤမျှကြီးမားသော သွေးချောင်းစီးမှု ဖြစ်ခဲ့မည်မဟုတ်။ သို့ဖြစ်၍ မဟာဗာဗုလုန်​—ပြည့်တန်ဆာကြီး၊ ကမ္ဘာ့မိစ္ဆာဘာသာအင်ပါယာသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မိမိညှဉ်းပန်းသတ်ဖြတ်ခဲ့သော “ပရောဖက်တို့မှစ၍ သန့်ရှင်းသူတို့” ၏သွေးအတွက်သာမက “မြေကြီးပေါ်မှာ အသတ်ခံရသောသူ ရှိသမျှ တို့၏သွေး” အတွက်ပါ ယေဟောဝါရှေ့တော်၌ ထုချေရှင်းလင်းရလိမ့်မည်။ မဟာဗာဗုလုန်သည် တကယ်ပင် ထိတ်လန့်ဖွယ်သွေးစွန်းခြင်းအပြစ်ကို ရွက်ထား၏။ သူအပြီးသတ်ချေမှုန်းခံရသောအခါ လူတို့ရင်အေးရကြလတ္တံ့။

[စာမျက်နှာ ၂၇၀ ပါ လေးထောင့်ကွက်]

အလျှော့ပေးခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုး

ကက်သလစ်ချာ့ချ်နှင့် နာဇီဂျာမနီ ဟူသောစာအုပ်၌ ဂွင်တာလူဝီက ဤသို့ရေး၏– “ဂျာမန်ကက်သလစ်ဘာသာအနေဖြင့် အစကတည်းက နာဇီအစိုးရအား လုံးဝအလျှော့မပေးရေး ပေါ်လစီကိုလိုက်ခဲ့ပါမူ ကမ္ဘာ့သမိုင်း လမ်းကြောင်းပြောင်းခဲ့ဖို့ အကြောင်းများစွာရှိ၏။ ဤသို့သော ရုန်းကန်လှုပ်ရှားခြင်းသည် အဆုံး၌ ဟစ်တလာကိုမနိုင်၊ သူကျူးလွန်သောရာဇဝတ်မှု အမြောက်အမြားကို မဟန့်တားနိုင်သည့်တိုင်အောင်၊ ချာ့ချ်၏စာရိတ္တဆိုင်ရာသိက္ခာကို အတိုင်းအဆမရှိ မြှင့်တင်ခဲ့မည်ဖြစ်၏။ ဤတွန်းလှန်မှုကြောင့် လူ့အသက်ပေါင်းများစွာ မလွဲဧကန် စတေးခံရမည်မှန်သော်လည်း အမွန်မြတ်ဆုံးသောအရေးအတွက် အသက်စွန့်ခြင်းဖြစ်ခဲ့ပေမည်။ ဟစ်တလာအနေဖြင့် မိမိ၏နိုင်ငံသားများကိုပင် အားမထားနိုင်လျှင် ထိုးစစ်ဆင်ရဲချင်မှ ဆင်ရဲမည်ဖြစ်၍ အသက်သန်းပေါင်းများစွာကို ကယ်တင်ခဲ့ပါလိမ့်မည်။ . . . ဂျာမန်အမျိုးသား နာဇီဆန့်ကျင်ရေးသမား ထောင်ပေါင်းများစွာ ဟစ်တလာ၏ ချွေးတပ်စခန်းများ၌ သေသည်အထိ နှိပ်စက်ညှဉ်းပန်း ခံရသောအခါ၊ ပိုလန်အမျိုးသား ပညာတတ်များ သတ်ဖြတ်ခံရသောအခါ၊ ရုရှားအမျိုးသားများ လူစဉ်မမီသည့် စလားဗစ်လူမျိုးအဖြစ် ဆက်ဆံခံရ၍ သိန်းချီပြီးသေဆုံးသောအခါ၊ လူပေါင်း ၆,၀၀၀,၀၀၀ ကို ‘အာရိယန်မျိုးနွယ်မဟုတ်’ ခြင်းအတွက် သတ်ဖြတ်သောအခါ၊ ဂျာမနီနိုင်ငံမှ ကက်သလစ်ချာ့ချ်အရာရှိများက ထိုရာဇဝတ်မှုများ ကျူးလွန်သော အနှီအစိုးရကို မြှောက်ပင့်ပေး၏။ သာသနာပိုင် ဦးစီးနာယကဖြစ်သူ၊ ရိုမင်ကက်သလစ်ချာ့ချ်၏ အကြီးမြင့်ဆုံးသော စာရိတ္တဆိုင်ရာအာစရိယ၊ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးသည် ရေငုံ၍နေ၏။” ​—စာမျက်နှာ၊ ၃၂၀၊ ၃၄၁။

[စာမျက်နှာ ၂၆၈ ပါ ရုပ်ပုံ]

“အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း” ဟု အုပ်စိုးရှင်များဆိုကြ

[စာမျက်နှာ ၂၆၈ ပါ ရုပ်ပုံ]

“အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း” ဟုကုန်သည်များဆိုကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ