ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁ စာ. ၉-၁၄
  • ဘုရားသခင်နှင့် ကဲသာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နှင့် ကဲသာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ ရှေးကျေးကျွန်များနှင့် နိုင်ငံတော်
  • နိုင်ငံတော်အပေါ်ထားရှိသော ယေရှု၏သဘောထား
  • ခရစ်ယာန်များနှင့် ကဲသာ
  • “မင်းအာဏာစက်” နှင့်ပတ်သက်၍ တိုးသိနားလည်လာမှု
  • အကန့်အသတ်ဖြင့် လက်အောက်ခံခြင်း
  • အခွင့်အာဏာအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကဲသာ၏ဥစ္စာကို ကဲသာအား ဆပ်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အစောပိုင်းခရစ်ယာန်ဘာသာ နှင့် နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • လောကတွင်ရှိသော်လည်း ယင်းနှင့်မစပ်ဆိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁ စာ. ၉-၁၄

ဘုရားသခင်နှင့် ကဲသာ

“ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့။”—လုကာ ၂၀:၂၅။

၁။ (က) ယေဟောဝါ၏မြင့်မြတ်လှသောရာထူးတော်ကား အဘယ်နည်း။ (ခ) ကဲသာအား ဘယ်တော့မျှပေး၍မဖြစ်နိုင်သည့် အဘယ်အရာကို ယေဟောဝါအား ကျွန်ုပ်တို့ပေးရမည်နည်း။

အဆိုပါညွှန်ကြားချက်ကို ယေရှုခရစ်ပေးတော်မူခဲ့စဉ်က ဘုရား၏ကျေးကျွန်များထံမှ ကဲသာ သို့မဟုတ် အစိုးရ တောင်းဆိုမည့် မည်သည့်အရာထက်မဆို သူတို့ထံမှ ဘုရားသခင်တောင်းဆိုမှုများကို ဦးစားပေးရမည်ဟူသည့်အချက် ကိုယ်တော်၏စိတ်ထဲ၌ရှိခဲ့မည်မှာ မလွဲပေ။ “ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော် [ပိုင်သအုပ်စိုးမှု]a သည် ကာလအစဉ်အဆက်တည်ရပါ၏” ဟူ၍ ယေဟောဝါထံ ဆာလံဆရာဆုတောင်းခဲ့သည့်အချက်၏မှန်ကန်မှုကို မည်သူတစ်ဦးတစ်ယောက်ထက်မဆို ယေရှု ပိုသိတော်မူသည်။ (ဆာလံ ၁၄၅:၁၃) မြေတစ်ပြင်လုံးတွင်ရှိသော တိုင်းနိုင်ငံများအပေါ် အုပ်ချုပ်ပိုင်ခွင့်ကို ယေရှုအား မာရ်နတ်ကမ်းလှမ်းခဲ့စဉ်က “‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင် ဦးညွတ်ရှိခိုးရမည်’ ဟု ကျမ်းစာတော်တွင် ဖော်ပြပါရှိ၏” ဟူ၍ ယေရှု ပြန်လည်ဖြေကြားခဲ့သည်။ (လုကာ ၄:၅-၈၊ သတင်းကောင်း) ကဲသာသည် ရောမဧကရာဇ်ပင်ဖြစ်စေ၊ အခြားလူသားအုပ်ချုပ်သူ တစ်ဦးတစ်ယောက်ပင်ဖြစ်စေ သို့မဟုတ် နိုင်ငံတော်ပင်ဖြစ်စေ ဝတ်ပြုကိုးကွယ်မှုကို “ကဲသာ” အား ဘယ်တော့မျှမပေးနိုင်ပါ။

၂။ (က) ဤလောကနှင့်စပ်လျဉ်း၍ စာတန်၏ရာထူးကား အဘယ်နည်း။ (ခ) မည်သူ၏ခွင့်ပြုချက်ဖြင့် သူ၏ရာထူးကို စာတန်ရရှိခြင်းဖြစ်သနည်း။

၂ လောကီတိုင်းနိုင်ငံများသည် စာတန့်ပိုင်ဆိုင်ရာဖြစ်သည်ကို ယေရှုမငြင်းဆိုခဲ့ပါ။ နောက်ပိုင်းတွင် စာတန်ကို “ဤလောကကို အစိုးရသောမင်း” ဟူ၍ ကိုယ်တော်ခေါ်ဆိုခဲ့သည်။ (ယောဟန် ၁၂:၃၁; ၁၆:၁၁) စီ.အီး. ပထမရာစုအကုန်ပိုင်းတွင် တမန်တော်ယောဟန်က “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏” ဟု ရေးသားခဲ့သည်။ (၁ ယောဟန် ၅:၁၉) ယင်းက ယေဟောဝါသည် ကမ္ဘာအပေါ် မိမိ၏ပိုင်သအုပ်စိုးခွင့်ကို စွန့်လွှတ်လိုက်ပြီဟု ဆိုလိုနေခြင်းမဟုတ်ပါ။ တိုင်းနိုင်ငံများအပေါ်အုပ်စိုးခွင့်ကို ယေရှုခရစ်အား ကမ်းလှမ်းခဲ့စဉ်က “ဤတန်ခိုးအာဏာ . . . ရှိသမျှတို့ကို ကိုယ်တော်အား ငါပေးပါအံ့။ ဤအရာများကို ငါ့လက်ဝယ်အပ်နှင်းထားပြီး” ဖြစ်သည်ဟု စာတန်ပြောဆိုခဲ့ကြောင်းကို အမှတ်ရပါ။ (လုကာ ၄:၆၊ သတင်းကောင်း) ဘုရားသခင်၏အခွင့်အားဖြင့်သာ လောကီတိုင်းနိုင်ငံများအပေါ် အခွင့်အာဏာကို စာတန်ကျင့်သုံးခြင်းဖြစ်သည်။

၃။ (က) ယေဟောဝါ၏မျက်မှောက်တော်တွင် လူမျိုးတို့၏အစိုးရများသည် မည်သည့်ရာထူးအဆင့်ရှိကြသနည်း။ (ခ) ဤလောက၏အစိုးရတို့ကို လက်အောက်ခံခြင်းသည် ဤလောက၏ဘုရားဖြစ်သော စာတန်အား ကျွန်ုပ်တို့ကိုယ်ကို လက်အောက်ခံခြင်း မဟုတ်ကြောင်း မည်သို့ဆိုနိုင်မည်နည်း။

၃ ထိုနည်းတူ နိုင်ငံတော်က အခွင့်အာဏာကျင့်သုံးခြင်းမှာလည်း ပိုင်သအုပ်စိုးရှင်ဖြစ်သော ဘုရားသခင်က ခွင့်ပြုသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၉:၁၁) ထို့ကြောင့် “ယခုရှိသောအာဏာပိုင်တို့” သည် “၎င်းတို့၏နှိုင်းရနေရာများ၌ ဘုရားသခင်နေရာချထားတော်မူ” ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယေဟောဝါ၏မြင့်မြတ်သောပိုင်သအုပ်စိုးခွင့်နှင့်နှိုင်းယှဉ်လိုက်လျှင် သူတို့၏အခွင့်အာဏာသည် သေးငယ်သောအခွင့်အာဏာဖြစ်သွားပါမည်။ သို့သော်လည်း သူတို့သည် လိုအပ်သည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးခြင်း၊ ငြိမ်ဝပ်ပိပြားမှုရှိစေခြင်း၊ ဆိုးသွမ်းသူများကို ဒဏ်ပေးခြင်းတို့ကြောင့် “ဘုရားသခင်၏အစေခံ၊” “ဘုရားသခင်၏အမှုစောင့်” များဖြစ်ကြသည်။ (ရောမ ၁၃:၁၊ ကဘ၊ ၄၊ ၆) သို့ ဖြစ်၍ စာတန်က ဤလောက၊ ဤစနစ်၏ မျက်မြင်မရအုပ်စိုးရှင်ဖြစ်သည့်အတွက်ကြောင့်နှင့် နိုင်ငံတော်အပေါ် ကန့်သတ်မှုရှိသောလက်အောက်ခံမှုကို တင်ပြခြင်းက ခရစ်ယာန်များသည် သူ့လက်အောက်ခံဖြစ်မသွားကြောင်းကို သဘောပေါက်ဖို့လိုသည်။ သူတို့သည် ဘုရားသခင်အား နာခံနေခြင်းဖြစ်သည်။ ဤနှစ်၊ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်သည် ဘုရားသခင်ခွင့်ပြုထားသည့် ယာယီအစီအစဉ်တစ်ခုဖြစ်သော “ဘုရား စီမံခွဲခန့်တော်မူချက်” ၏ တစ်စိတ်တစ်ဒေသဖြစ်ဆဲဖြစ်ကာ ယေဟောဝါ၏မြေကြီးဆိုင်ရာကျေးကျွန်များအဖြစ် အသိအမှတ်ပြုသင့်ပေသည်။—ရောမ ၁၃:၂။

ယေဟောဝါ၏ ရှေးကျေးကျွန်များနှင့် နိုင်ငံတော်

၄။ အီဂျစ်အစိုးရတွင် ယောသပ်အား ထင်ရှားကျော်ကြားသူဖြစ်လာစေရန် ယေဟောဝါ အဘယ်ကြောင့် ခွင့်ပြုခဲ့ရသနည်း။

၄ ယေဟောဝါသည် ခရစ်ယာန်ခေတ်မတိုင်မီအချိန်က မိမိ၏ကျေးကျွန်အချို့ကို နိုင်ငံတော်အစိုးရများနိုင်ငံအုပ်နေရာ၌ အထင်ကရဖြစ်သောရာထူးများကို ရယူခွင့်ပြုခဲ့သည်။ ဥပမာ ဘီ.စီ.အီး. ၁၈ ရာစုအချိန်က ယောသပ်သည် စိုးစံလျက်ရှိသော ဖာရောပြီးလျှင် ဒုတိယအဆင့်နေရာတွင်ရှိသည့် အီဂျစ်နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်လာလေသည်။ (ကမ္ဘာဦး ၄၁:၃၉-၄၃) ဤသို့ ယေဟောဝါလုပ်ဆောင်ခဲ့ခြင်းသည် မိမိရည်ရွယ်ချက်များ အပြီးသတ်စေရန်အတွက် ‘အာဗြဟံ၏မျိုးနွယ်တော်၊’ သူ၏သားစဉ်မြေးဆက်များကို ကာကွယ်ရာတွင် ယောသပ်ကို ကိရိယာတစ်ခုအဖြစ် အသုံးတော်ခံစေခြင်းဖြစ်ကြောင်း နောက်ဆက်တွဲအဖြစ်အပျက်များက သိသာစေသည်။ သို့သော် ယောသပ်ကို အီဂျစ်တွင် ကျွန်အဖြစ်ရောင်းခဲ့ကြောင်းနှင့် ဘုရားသခင်၏ကျေးကျွန်များတွင် မောရှေပညတ်ကော၊ “ခရစ်တော်၏တရား” ပါ မရှိသေးသည့်အချိန်အခါ၌ သူအသက်ရှင်ခဲ့ကြောင်းကို မှတ်သားထားသင့်ပေသည်။—ကမ္ဘာဦး ၁၅:၅-၇; ၅၀:၁၉-၂၁; ဂလာတိ ၆:၂။

၅။ ဗာဗုလုန်မြို့ကြီး “ငြိမ်သက်ခြင်းရှိမည်အကြောင်းကိုပြုစု” ကြရန် ပြည်နှင်ခံဂျူးများ အဘယ်ကြောင့်မိန့်မှာခံရသနည်း။

၅ ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် ပြည်နှင်ဒဏ်ခံဂျူးလူမျိုးများအား ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံရစဉ် အုပ်ချုပ်သူများကို လက်အောက်ခံရန်နှင့် ထိုမြို့ငြိမ်းချမ်းမှုရှိဖို့အတွက် ဆုတောင်းပေးရန်အတွက်ပင် ယေဟောဝါ၏မှုတ်သွင်းခြင်းအားဖြင့် သစ္စာရှိ ပရောဖက်ယေရမိ ပြောကြားခဲ့လေသည်။ သူတို့ထံရေးသားခဲ့သောစာ၌ “ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် . . . သိမ်းသွားစေတော်မူသောသူအပေါင်းတို့အား မိန့်တော်မူသည်ကား ‘ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ငြိမ်သက်ခြင်းရှိမည်အကြောင်းကိုပြုစု၍ ထိုမြို့အဖို့အလိုငှာ ထာဝရဘုရားအား မေတ္တာပို့ ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့် သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်’” ဟူ၍ ရေးသားဖော်ပြထားသည်။ (ယေရမိ ၂၉:၄၊ ၇) ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော်အားလွတ်လပ်စွာဝတ်ပြုကိုးကွယ်နိုင်ခြင်းငှာ သူတို့အတွက်နှင့် သူတို့နေထိုင်နေသောနိုင်ငံအတွက် “ငြိမ်သက်ခြင်းကိုရှာဖွေ” ရန် အကြောင်းတရားအမြဲရှိ၏။—၁ ပေတရု ၃:၁၁၊ သမ။

၆။ အဆင့်မြင့်အစိုးရရာထူးများကို ရရှိထားကြသော်လည်း ဒံယေလနှင့် သူ၏အဖော်သုံးဦးတို့သည် ယေဟောဝါ၏ပညတ်တော်များနှင့်ပတ်သက်၍ အလျော့ပေးလိုက်လျောခြင်းကို အဘယ်နည်းဖြင့် ငြင်းဆန်ခဲ့ကြသနည်း။

၆ ဗာဗုလုန်နိုင်ငံ၌ ပြည်နှင်ဒဏ်ခံရစဉ်အတောအတွင်း ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်ဖမ်းသွားခံခဲ့ရသော ဒံယေလနှင့် အခြားသစ္စာရှိဂျူးသုံးဦးတို့သည် နိုင်ငံတော်မှ လေ့ကျင့်ပေးမှုကို လိုက်နာခဲ့ပြီး ဗာဗုလုန်တွင် အဆင့်မြင့် အစိုးရဝန်ထမ်းများဖြစ်လာလေသည်။ (ဒံယေလ ၁:၃-၇; ၂:၄၈၊ ၄၉) သို့ရာတွင် လေ့ကျင့်ရာကာလအတောအတွင်း၌ပင် မောရှေမှတစ်ဆင့် သူတို့၏ဘုရားသခင်၊ ယေဟောဝါပေးတော်မူခဲ့သော ပညတ်တော်ကို ချိုးဖောက်သွားမိစေနိုင်သည့် အစားအသောက်ကိစ္စတွင် ခိုင်မြဲစွာရပ်တည်ခဲ့ကြသည်။ ယင်းအတွက် သူတို့ ကောင်းချီးခံစားခဲ့ရသည်။ (ဒံယေလ ၁:၈-၁၇) နိုင်ငံ့ရုပ်တုကို နေဗုခဒ်နေဇာမင်းကြီး ထူခဲ့စဉ်က ဒံယေလ၏ဟေဗြဲအဖော်သုံးဦးတို့သည် သူတို့၏နိုင်ငံတော်အရာရှိချင်းတို့နှင့်အတူ ထိုအခမ်းအနားကိုတက်ရောက်ရန် အတင်းအကျပ်ပြုခြင်းခံကြရပုံရှိ၏။ သို့သော်လည်း နိုင်ငံ့ရုပ်တုကို “ပျပ်ဝပ်ကိုးကွယ်” ခြင်းပြုရန် သူတို့ငြင်းဆန်ခဲ့ကြသည်။ နောက်တစ်ဖန် သူတို့၏သမာဓိကို ယေဟောဝါကောင်းချီးပေးခဲ့လေသည်။ (ဒံယေလ ၃:၁-၆၊ ၁၃-၂၈) ယနေ့ ၌လည်း ထိုနည်းထပ်တူပင် ယေဟောဝါသက်သေများသည် သူတို့နေထိုင်လျက်ရှိသောနိုင်ငံ၏အလံကို လေးစားမှုရှိကြသော်လည်း ယင်းကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်မဟုတ်ချေ။—ထွက်မြောက်ရာ ၂၀:၄၊ ၅; ၁ ယောဟန် ၅:၂၁။

၇။ (က) ဗာဗုလုန်အစိုးရအဖွဲ့တွင် မြင့်မားသည့်ရာထူးတစ်နေရာကို ရရှိထားသော်လည်း ဒံယေလသည် အလွန်ကောင်းသည့်အဘယ်ရပ်တည်မှုကို ပြုခဲ့သနည်း။ (ခ) ခရစ်ယာန်ခေတ်တွင် အဘယ်ပြောင်းလဲမှုများ ဖြစ်လာသနည်း။

၇ နီယို-ဗာဗုလုန်မင်းဆက် ကျဆုံးပြီးနောက် ဗာဗုလုန်နေရာတွင်အစားဝင်သော မေဒိပေရသိ အစိုးရသစ်လက်အောက်တွင် ဒံယေလသည် အဆင့်မြင့်အစိုးရရာထူးတစ်ခု ပေးအပ်ခြင်းခံရသည်။ (ဒံယေလ ၅:၃၀၊ ၃၁; ၆:၁-၃) သို့သော်လည်း သူ၏အဆင့်မြင့်ရာထူးကြောင့် သူ၏သမာဓိကို အလျော့ပေးလိုက်လျောရန် ခွင့်မပြုခဲ့ပေ။ နိုင်ငံ့ဥပဒေက ယေဟောဝါအစား ဒါရိမင်းကို ဝတ်ပြုကိုးကွယ်ရန် သူ့ထံမှတောင်းဆိုလာသောအခါ သူငြင်းဆန်ခဲ့သည်။ ယင်းအတွက်ကြောင့် ခြင်္သေ့များရှိရာသို့ ပစ်ချခံရသော်လည်း သူ့ကို ယေဟောဝါကယ်နုတ်တော်မူခဲ့သည်။ (ဒံယေလ ၆:၄-၂၄) ယင်းတို့သည် ခရစ်ယာန်ခေတ်မတိုင်မီအချိန်က ဖြစ်၏။ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ကျေးကျွန်များသည် “ခရစ်တော်တရားအောက်” သို့ ရောက်ရှိလာသည်။ ဂျူးအစီအစဉ်စနစ်အောက်၌ ခွင့်ပြုခဲ့သောအရာများစွာတို့ကို ယခု မိမိလူမျိုးတော်နှင့် ယေဟောဝါဆက်ဆံသည့် နည်းလမ်းပေါ်မူတည်၍ ကွဲပြားစွာရှုမြင်ကြရမည်။—၁ ကောရိန္သု ၉:၂၁; မဿဲ ၅:၃၁၊ ၃၂; ၁၉:၃-၉။

နိုင်ငံတော်အပေါ်ထားရှိသော ယေရှု၏သဘောထား

၈။ ယေရှုသည် နိုင်ငံရေးရာများ၌ ပါဝင်ပတ်သက်ခြင်းကို ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အဘယ်အဖြစ်အပျက်က တင်ပြသနည်း။

၈ ကမ္ဘာပေါ်တွင် ယေရှုခရစ်ရှိတော်မူစဉ်က မိမိ၏နောက်တော်လိုက်များအတွက် သာ၍မြင့်မားသောစံနှုန်းကို ချမှတ်ပေးခဲ့ပြီး နိုင်ငံရေး သို့မဟုတ် စစ်ရေးကိစ္စများတွင် ပါဝင်မှုမှန်သမျှကို ကိုယ်တော်ငြင်းပယ်ခဲ့သည်။ မုန့်အနည်းငယ်၊ ငါးငယ်နှစ်ကောင်နှင့် လူထောင်ပေါင်းအတော်များများကို အံ့ဖွယ်နည်းဖြင့် ယေရှုကျွေးမွေးပြီးနောက် ဂျူးတို့က ကိုယ်တော့်ကိုသိမ်းယူ၍ မင်းမြှောက်လိုခဲ့ကြသည်။ သို့သော် ယေရှုသည် တောင်ပေါ်သို့ အလျင်အမြန်ထွက်သွားကာ သူတို့ကိုရှောင်ဖယ်ခဲ့လေသည်။ (ယောဟန် ၆:၅-၁၅) ဤဖြစ်ရပ်နှင့်ပတ်သက်၍ The New International Commentary on the New Testament က “ထိုခေတ်က ဂျူးတို့သည် အမျိုးသားရေးစိတ်ဓာတ်ပြင်းပြကြရာ အံ့ဖွယ်အမှုကို မြင်တွေ့ ကြရသောသူတို့သည် ရောမကို ဆန့်ကျင်ရန်အတွက် သူတို့ကိုဦးဆောင်ဦးရွက်ပြုမည့် ဘုရားသခင်စေလွှတ်သော ခေါင်းဆောင်မှာ ဤသူပင်ဖြစ်သည်ဟု ယူမှတ်ကြမည်မှာမလွဲ။ ထို့ကြောင့် ကိုယ်တော့်ကို ဘုရင်မြှောက်ရန်အတွက် သူတို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်” ဟု ဖော်ပြထား၏။ ယေရှုသည် အဆိုပါ ရှင်ဘုရင်အဖြစ်နိုင်ငံရေးခေါင်းဆောင်အဖြစ် ကမ်းလှမ်းချက်ကို “ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည်” ဟု ယင်းက ဖြည့်စွက်ဖော်ပြသည်။ ရောမစိုးမိုးမှုကိုဆန့်ကျင်သော ဂျူးတို့၏ မည်သည့်ထကြွမှုကိုမဆို ခရစ်တော်ထောက်ခံခဲ့ခြင်းမရှိပေ။ အမှန်သော် ကိုယ်တော်သေဆုံးပြီးသည့်နောက် ဆန့်ကျင်ပုန်ကန်မှု၏အကျိုးဆက်အဖြစ် မည်သည့်အရာဖြစ်ပျက်လိမ့်မည်အကြောင်း ကိုယ်တော်ကြိုတင်၍ ဟောကြားတော်မူခဲ့သည်။ ယေရုရှလင်ပြည်သားတို့အတွက် မရေမတွက်နိုင်သောဘေးဒုက္ခများနှင့် ထိုမြို့၏ပျက်စီးခြင်းတို့ဖြစ်သည်။—လုကာ ၂၁:၂၀-၂၄။

၉။ (က) ယေရှုသည် မိမိနိုင်ငံနှင့် ဤလောကတို့၏ဆက်ဆံရေးအကြောင်းကို မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဤလောကအစိုးရနှင့်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ မိမိ၏နောက်တော်လိုက်များကို ယေရှု အဘယ်ညွှန်ကြားချက်ပေးခဲ့သနည်း။

၉ မိမိမသေဆုံးမီအချိန်ကလေးတွင် ယေရှုသည် ယုဒရှိ ရောမဧကရာဇ်၏ အထူးကိုယ်စားလှယ်ကို “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်” ဟု မိန့် ကြားတော်မူခဲ့သည်။ (ယောဟန် ၁၈:၃၆) နိုင်ငံရေးအစိုးရများ၏အုပ်စိုးမှုကို ကိုယ်တော်၏နိုင်ငံတော်က အဆုံးမတိုင်စေသေးမီအချိန်အထိ ခရစ်တော်၏တပည့်တော်များသည် ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ကြ၏။ ခန့်အပ်ထားသောအခွင့်အာဏာရှိသူများကို နာခံမှုတင်ပြကြသော်လည်း သူတို့၏နိုင်ငံရေးလုပ်ရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုကြချေ။ (ဒံယေလ ၂:၄၄; မဿဲ ၄:၈-၁၀) “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု ဖော်ပြရင်း မိမိ၏တပည့်တော်များအတွက် ညွှန်ကြားချက်များကို ယေရှုပေးတော်မူခဲ့၏။ (မဿဲ ၂၂:၂၁) အစောပိုင်း၌ မိမိ၏တောင်ပေါ်ဒေသနာတွင် ယေရှုက “အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၅:၄၁) ဤဒေသနာ၏ ရှေ့နောက်စကားက ဘုရားသခင်၏ပညတ်နှင့်ကိုက်ညီသော လူသားချင်းဆက်ဆံရေး၌လည်းကောင်း၊ အစိုးရတောင်းဆိုမှုများ၌လည်းကောင်း တရားဝင်တောင်းခံလာမှုများကို လိုလိုလားလားလက်အောက်ခံခြင်းနှင့်ပတ်သက်သည့်မူကို ယေရှုသည် သရုပ်ဖော်ပြနေခြင်းဖြစ်သည်။—လုကာ ၆:၂၇-၃၁; ယောဟန် ၁၇:၁၄၊ ၁၅။

ခရစ်ယာန်များနှင့် ကဲသာ

၁၀။ သမိုင်းပညာရှင်တစ်ဦး၏အလိုအရ ကဲသာနှင့်စပ်လျဉ်း၍ အစောပိုင်းခရစ်ယာန်များသည် ဩတ္တပ္ပစိတ်နှင့်လျော်ညီစွာ အဘယ်တာဝန်ကို လုပ်ဆောင်ခဲ့ကြသနည်း။

၁၀ ဤတိုတုတ်သော ညွှန်ကြားချက်များက ခရစ်ယာန်များနှင့် နိုင်ငံတော်တို့အကြားရှိ ဆက်ဆံရေးကို လွှမ်းမိုးရန်ဖြစ်သည်။ “ရောက်ရှိလာမည့် ရာစုနှစ်ပေါင်းများစွာအတွင်း ခရစ်ယာန်တစ်ဦးသည် နိုင်ငံတော်အပေါ် သူ၏တာဝန်နှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်သည့် အဘယ်အခါတွင်မဆို ခရစ်တော်၏ခိုင်လုံယုံကြည်လောက်သော သွန်သင်ချက်ကို လိုက်နာသည်။ သူသည် အခွန်များကို ပေးဆောင်လိမ့်မည်– စည်းကြပ်ကောက်ခံသည့်ငွေသည် များပြားမည်ဖြစ်သည်—အနောက်တိုင်းအင်ပါယာ မပြိုကွဲမီ ယင်းသည် မခံရပ်နိုင်လောက်အောင်ဖြစ်လာ—သော်လည်း ခရစ်ယာန်တစ်ဦးသည် ယင်းကို ပေးပေလိမ့်မည်။ ထိုနည်းတူ ဘုရားသခင်ပိုင်ဆိုင်သောအရာများကို ကဲသာထံသို့ပေးဆက်ရန် တောင်းဆိုခြင်းမခံရပါက အခြားနိုင်ငံတာဝန်အားလုံးတို့ကိုလည်း သူသည်လက်ခံလိမ့်မည်” ဟု သမိုင်းပညာရှင် အီး. ဒဗလျူ. ဘာနက်စ်က The Rise of Christianity ဟူသည့် သူ၏စာအုပ်ထဲတွင် ရေးသားခဲ့သည်။

၁၁။ လောကီမင်းများအား အဘယ်သို့ဆက်ဆံရမည်နှင့်စပ်လျဉ်း၍ ခရစ်ယာန်များအား ပေါလု မည်သို့ ဩဝါဒပေးခဲ့သနည်း။

၁၁ ယင်းသည် ခရစ်တော်သေဆုံးပြီး နှစ်ပေါင်း ၂၀ ကျော်ကျော်လေးလောက်က ရောမရှိ ခရစ်ယာန်များအား “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဟု တမန်တော်ပေါလု ပြောဆိုခဲ့သည့်အချက်နှင့် ကိုက်ညီပေသည်။ (ရောမ ၁၃:၁) ပေါလုသည် ရောမ၌ ဒုတိယအကြိမ်ထောင်ကျပြီး သတ်ဖြတ်ခြင်းမခံရမီအချိန်လေးဖြစ်သော နောက်ဆယ်နှစ်အကြာခန့်တွင် “အရာရှိများ၊ အာဏာပိုင်များအောက် ဝန်ခံ၍လိုက်နာလျက် ကောင်းမှုခပ်သိမ်းပြုရန် အသင့်ရှိလျက် မည်သူ့ကိုမျှမကဲ့ရဲ့ဘဲ ရန်မလိုသူ၊ နူးညံ့သူ၊ သူခပ်သိမ်းတို့ရှေ့ သိမ်မွေ့သူဖြစ်ကြစေရန် သူတို့ [ကရေတေပြည်သားခရစ်ယာန်များ] ကို သတိပေးလော့” ဟု တိတုထံသို့ စာရေးခဲ့သည်။—တိတု ၃:၁၊ ၂၊ သမ။

“မင်းအာဏာစက်” နှင့်ပတ်သက်၍ တိုးသိနားလည်လာမှု

၁၂။ (က) ချားလ်စ် တေဇ် ရပ်စယ်လ်သည် အစိုးရအာဏာပိုင်များနှင့်စပ်လျဉ်း၍ အဘယ်အရာကို ခရစ်ယာန်တစ်ဦး၏ သင့်မြတ်လျော်ကန်သောအခြေအနေအဖြစ် ယူဆခဲ့သနည်း။ (ခ) ပထမကမ္ဘာစစ်အတောအတွင်း ဘိသိက်ခံခရစ်ယာန်များသည် လက်နက်ကိုင်တပ်ဖွဲ့တွင် အမှုထမ်းခြင်းနှင့်စပ်လျဉ်း၍ အဘယ်အမျိုးမျိုးသော ရှုမြင်ပုံများရှိခဲ့ကြသနည်း။

၁၂ “ယေရှုကော တမန်တော်များပါ လောကီမင်းများနှင့် မည်သည့်အခါကမျှဝင်စွက်ဖက်ခဲ့ခြင်းမရှိပေ။ . . . သူတို့က ချာ့ချ်ကို ဥပဒေနာခံရန်၊ အခွင့်အာဏာရှိသူများ၏ ရာထူးတို့ကြောင့် သူတို့ကို လေးစားရန်၊ . . . သူတို့အတွက်သတ်မှတ်ထားသောအခွန်အတုတ်များကို ပေးဆောင်ရန်၊ ဘုရားသခင်၏ပညတ်တော်များနှင့် ဆန့်ကျင်သည့်အရာများမှလွဲ၍ (တ. ၄:၁၉; ၅:၂၉) ပြဋ္ဌာန်းထားသော မည်သည့်ဥပဒေကိုမျှ အာခံမှုမပြုကြရန် သွန်သင်ပေးခဲ့သည်။ (ရော. ၁၃:၁-၇; မ. ၂၂:၂၁) ယေရှု၊ တမန်တော်များနှင့် အစောပိုင်းချာ့ချ်တို့သည် ဤလောက၏အစိုးရများ၌ မပါဝင်ဘဲ သီးခြားနေခဲ့သော်လည်း အားလုံးတို့သည် ဥပဒေလိုက်နာသူများဖြစ်ကြသည်” ဟု ၁၈၈၆ ခုနှစ် အစောပိုင်းတွင် The Plan of the Ages စာအုပ်ထဲ၌ ချားလ်စ် တေဇ် ရပ်စယ်လ်က ရေးသားဖော်ပြခဲ့သည်။ တမန်တော်ပေါလုဖော်ပြခဲ့သော “အထက်အာဏာပိုင်များ” သို့မဟုတ် “မင်းအာဏာစက်” ကို လူ့အစိုးရအာဏာပိုင်များအဖြစ် ဤစာအုပ်က တိကျမှန်ကန်စွာ ဖော်ပြခဲ့လေသည်။ (ရောမ ၁၃:၁၊ ကဘ) ၁၉၀၄ ခုနှစ်တွင် The New Creation ဟူသည့်စာအုပ်က စစ်မှန်သောခရစ်ယာန်များသည် “သွေးထိုးလှုံ့ဆော်သူ၊ ရန်လိုသူ၊ အပြစ်ရှာတတ်သူများမဟုတ်ဘဲ မျက်မှောက်ခေတ်၌ ဥပဒေအလိုက်နာဆုံးသောသူများအဝင် ဖြစ်သင့်သည်” ဟု ဖော်ပြခဲ့သည်။ ယင်းကို အချို့သူများက ပထမကမ္ဘာစစ်တွင် လက်နက်ကိုင်တပ်ဖွဲ့၌ အမှုထမ်းရန် လက်ခံဖို့အထိပင် အာဏာပိုင်များကို လုံးဝလက်အောက်ခံဖို့ ဆိုလိုသည်ဟု နားလည်ကြသည်။ သို့သော် အခြားသူများကမူ “ဓားကို ကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟူသည့် ယေရှု၏ဖော်ပြချက်နှင့် ယင်းသည် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ယူဆကြ၏။ (မဿဲ ၂၆:၅၂) ရှင်းနေသည်မှာ အာဏာစက်များကို ခရစ်ယာန်များ လက်အောက်ခံခြင်းနှင့်ပတ်သက်သော သာ၍ရှင်းလင်းပြတ်သားသည့် သိနားလည်မှုတစ်ရပ် လိုအပ်လျက်ရှိနေခြင်းပင်ဖြစ်သည်။

၁၃။ ၁၉၂၉ ခုနှစ်တွင် မင်းအာဏာစက်များနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်သည်ဟူသည့် သိနားလည်မှုတွင် အဘယ်ပြောင်းလဲမှုကို တင်ပြခဲ့ပြီး ယင်းက အကျိုးကျေးဇူးရှိကြောင်း မည်သို့သာဓက တင်ပြခဲ့သနည်း။

၁၃ ၁၉၂၉ ခုနှစ်တွင် အစိုးရများစွာတို့က ဘုရားသခင့်မိန့်မှာထားတော်မူရာများကို တားမြစ်ခြင်း သို့မဟုတ် ဘုရားသခင့်ပညတ်တော်များက တားမြစ်ထားရာများကို တောင်းဆိုခြင်းများ စတင်ပြုလုပ်နေစဉ်ကာလ၌ မင်းအာဏာစက်များသည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်သာဖြစ်ရမည်ဟု ခံယူလာကြသည်။b ၎င်းမှာ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ဒုတိယကမ္ဘာစစ်အတွင်း ခက်ခဲသောကာလပိုင်းတစ်လျှောက်၊ အင်အားခြင်းမျှသောအခြေအနေနှင့် စစ်ရေးပြင်ဆင်မှုပြုနေသော စစ်အေးကာလတစ်လျှောက်လုံးအတွင်း ယေဟောဝါ၏ကျေးကျွန်များ သိနားလည်ခဲ့မှုဖြစ်သည်။ နောက်ကြောင်းပြန်ကြည့်သော် ယေဟောဝါနှင့် ခရစ်တော်တို့၏တန်ခိုးသြဇာလွှမ်းမိုးမှုကို ဂုဏ်တင်သော ဤအမြင်က ဘုရားသခင့်လူမျိုးတော်ကို ခက်ခဲသောကာလတစ်လျှောက်လုံးအတွင်း အလျော့ပေးလိုက်လျောမှုမရှိဘဲ ကြားနေရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီဖြစ်စေခဲ့သည်။

အကန့်အသတ်ဖြင့် လက်အောက်ခံခြင်း

၁၄။ ၁၉၆၂ ခုနှစ်တွင် ရောမ ၁၃:၁၊ ၂ နှင့် ဆက်နွှယ်လျက်ရှိသော ကျမ်းချက်များအပေါ် မည်သို့တိုး၍ထွန်းလင်းသိရှိခဲ့ကြသနည်း။

၁၄ ၁၉၆၁ ခုနှစ်တွင် သန့်ရှင်းသောကျမ်းစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပြီးစီးသွားခဲ့သည်။ ယင်းကို ပြင်ဆင်မှုပြုရာတွင် ကျမ်းစာ မူရင်းဘာသာစကားကို နက်နက်နဲနဲလေ့လာမှုပြုရန် လိုအပ်ခဲ့သည်။ တိကျမှန်ကန်သော စကားလုံး၏အနက်ပြန်ချက်ကို ရောမအခန်းကြီး ၁၃ ၌သာမဟုတ်ဘဲ တိတု ၃:၁၊ ၂ နှင့် ၁ ပေတရု ၂:၁၃၊ ၁၇ မှာကဲ့သို့သောအပိုဒ်များ၌လည်း အသုံးပြုထားခြင်းက “မင်းအာဏာစက်” ဟူသည့်အသုံးအနှုန်းသည် ပိုင်သအုပ်စိုးသော အာဏာပိုင်ရှင် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုကိုမဟုတ်ဘဲ လူ့အစိုးရအာဏာပိုင်များသာဖြစ်ကြောင်း ရည်ညွှန်းသည်မှာ ရှင်းလင်းနေပါသည်။ ၁၉၆၂ ခုနှစ်နှောင်းပိုင်းတွင် ရောမအခန်းကြီး ၁၃ ကို တိတိကျကျရှင်းပြထားပြီး စီ. တီ. ရပ်စယ်လ်အချိန်က ယူဆခဲ့သည်ထက် ပို၍ရှင်းလင်းသောရှုမြင်ချက်လည်းပေးသည့် ကင်းမျှော်စင်ဆောင်းပါးများကို ထုတ်ဝေခဲ့သည်။ အဆိုပါဆောင်းပါးများက အာဏာပိုင်များကို ခရစ်ယာန်များလက်အောက်ခံခြင်းသည် အကြွင်းမဲ့မဖြစ်နိုင်ကြောင်း ညွှန်ပြထား၏။ ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင်၏ပညတ်တော်များနှင့် ဆန့်ကျင်ဘက်မဖြစ်ဟူသည့် အချက်ပေါ်မူတည်၍ အကန့်အသတ် ဖြင့် နာခံရမည်။ ကင်းမျှော်စင် ပါ ထပ်ဆင့်ဆောင်းပါးများက ဤအရေးကြီးသည့်အချက်ကို အလေးပေးဖော်ပြသွားခဲ့သည်။c

၁၅၊ ၁၆။ (က) ရောမအခန်းကြီး ၁၃ နှင့်ပတ်သက်သည့် အသစ်သောသိနားလည်မှုက အဘယ်သာ၍ကောင်းသောမျှတမှုကို ရရှိစေသနည်း။ (ခ) အဘယ်မေးခွန်းများ ဖြေဆိုရန် ကျန်ရှိနေသေးသနည်း။

၁၅ ရောမအခန်းကြီး ၁၃ ကို မှန်ကန်စွာနားလည်သဘောပေါက်စေသော ဤသော့ချက်က ယေဟောဝါ၏လူမျိုးတော်အား အလျော့ပေးလိုက်လျောမှုမရှိဘဲ အရေးကြီးသည့်ကျမ်းစာမူများအပေါ်ရပ်တည်လျက် နိုင်ငံရေးအာဏာပိုင်များကို မျှတထိုက်တန်စွာ လေးစားမှုတင်ပြသွားစေနိုင်ခဲ့သည်။ (ဆာလံ ၉၇:၁၁; ယေရမိ ၃:၁၅) ယင်းက ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေး၊ နိုင်ငံတော်နှင့် သူတို့၏ဆက်သွယ်မှုတို့တွင် လျော်ကန်သည့်အမြင်ကို ရှိစေလေသည်။ ကဲသာ၏ဥစ္စာကို ကဲသာအား ပေးဆပ်နေစဉ် ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ပေးဆပ်ရန်လည်း သူတို့လျစ်လျူမရှုထားကြောင်း စိတ်ချသေချာစေသည်။

၁၆ သို့သော် ကဲသာ၏ဥစ္စာ အတိအကျကား အဘယ်နည်း။ ခရစ်ယာန်များထံမှ အဘယ်တရားဝင်တောင်းဆိုမှုများကို နိုင်ငံတော်က တောင်းဆိုနိုင်သနည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို ဆွေးနွေးသုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

a ဆာလံ ၁၀၃:၂၂၊ အောက်ခြေမှတ်ချက်၊ ကဘ ရှု။

b ကင်းမျှော်စင် ဇွန် ၁ နှင့် ၁၅၊ ၁၉၂၉ [လိပ်]။

c ကင်းမျှော်စင် နိုဝင်ဘာ ၁ နှင့် ၁၅၊ ဒီဇင်ဘာ ၁၊ ၁၉၆၂ [လိပ်]; နိုဝင်ဘာ ၁၊ ၁၉၉၀ [လိပ်]; ဖေဖော်ဝါရီ ၁၊ ၁၉၉၃ ဇူလိုင် ၁၊ ၁၉၉၄ ရှု။

“နိုင်ငံတော်သည် ဘုရားသခင်အစပြုတည်ထောင်ထားရာဖြစ်သောကြောင့် ရည်ရွယ်တော်မူချက်များ၏ကန့်သတ်မှုဘောင်အတွင်း၌သာ နာခံမှုပြုရန် အမိန့်ပေးပိုင်ခွင့်ရှိနိုင်ကြောင်း တမန်တော်များရေးသားသည့် ယေဘုယျရှေ့နောက်စကားမှာကဲ့သို့ ယင်း၏ကပ်လျက်ရှိသောရှေ့နောက်စကားမှလည်း သိသာထင်ရှားပေသည်။ အထူးသဖြင့် နိုင်ငံတော်သည် ဘုရားသခင် တစ်ပါးတည်းနှင့်သာထိုက်တန်သော သစ္စာစောင့်သိမှုကို တောင်းဆိုခြင်းအား ဆီးတားခြင်းသာမဟုတ်ဘဲ ဆီးတားရမည်ဖြစ်သည်” ဟု ပါမောက္ခ အက်ဖ်. အက်ဖ်. ဘရူစ်က ရောမအခန်းကြီး ၁၃ နှင့်ပတ်သက်သော သူ၏မှတ်ချက်တွင် ရေးသားဖော်ပြခဲ့သည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။

သင်ရှင်းပြနိုင်မည်လော

◻ အထက်အာဏာပိုင်များကို လက်အောက်ခံခြင်းသည် စာတန်ကို လက်အောက်ခံခြင်းဖြစ်သည်ဟု အဘယ်ကြောင့်ဆိုလိုခြင်းမဟုတ်သနည်း။

◻ ကိုယ်တော့်ခေတ်ရှိ နိုင်ငံရေးရာများအပေါ် ယေရှု၏သဘောထားကား အဘယ်နည်း။

◻ ကဲသာအား သူတို့ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ မိမိ၏နောက်တော်လိုက်များကို ယေရှု အဘယ်သြဝါဒပေးတော်မူခဲ့သနည်း။

◻ လူမျိုးတို့၏မင်းများအား အဘယ်သို့ဆက်ဆံရမည်နှင့်စပ်လျဉ်း၍ ခရစ်ယာန်များအား ပေါလု မည်သို့ ဩဝါဒပေးခဲ့သနည်း။

◻ အထက်အာဏာပိုင်များ မည်သူမည်ဝါဖြစ်သည်နှင့်စပ်လျဉ်းသော သိနားလည်မှုသည် နှစ်များတစ်လျှောက် မည်သို့တိုးတက်ပြောင်းလဲလာသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စာတန်က နိုင်ငံတော်တန်ခိုးအာဏာကို ကိုယ်တော်အားကမ်းလှမ်းသောအခါ ယေရှုငြင်းပယ်ခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

စစ်မှန်သောခရစ်ယာန်များသည် “မျက်မှောက်ခေတ်၌ ဥပဒေအလိုက်နာဆုံးသောသူများအဝင် ဖြစ်သင့်သည်” ဟု ရပ်စယ်လ် ရေးသားခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ