အိပ်မက်သည် အနာဂတ်ကို ဖော်ပြနိုင်သလော
ရှးအချိန်မှစ၍ လူသားများသည် အိပ်မက်များ၌ အလွန်ပင်စိတ်ဝင်စားခဲ့ကြ၏။ အီဂျစ်လူမျိုးများသည် အိပ်မက်အနက်ပြန်ဆိုချက်အတွက် ဋီကာစာအုပ်များကို ပြုစုခဲ့ကြပြီး ဗာဗုလုန်လူမျိုးများ၌ အိပ်မက်ကို အနက်ပြန်ဆိုသူများရှိကြသည်။ ဂရိလူမျိုးတို့အကြား၌ ဖျားနာသူများသည် သူတို့၏အိပ်မက်များထဲတွင် ကျန်းမာရေးလမ်းညွှန်ချက်များကိုရရှိရန် အက်စ်ကလီပီးယပ်စ်၏ ဗိမာန်များ၌ အိပ်စက်ရသည့် ထုံးစံရှိသည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ဒုတိယရာစုပိုင်းအတွင်းက အာတမဒိုးရပ်စ်ဆိုသူသည် စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအထဲတွင် အိပ်မက်သင်္ကေတများ၏ အနက်ပြန်ဆိုချက်များကို သူဖော်ပြပေးခဲ့သည်။ ထိုအချိန်မှစ၍ ထုတ်ဝေခဲ့သော ထပ်တူစာအုပ် မြောက်မြားစွာတို့သည် သူ၏စာအုပ်အပေါ် အခြေပြုထားကြသည်။ ယနေ့ခေတ်အချိန်ထိတိုင် အိပ်မက်များကို အနက်ပြန်ဆိုရန် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း ၎င်းတို့သည် အနာဂတ်ဖြစ်ရပ်များကို အမှန်ပင်ထိုးထွင်းသိမြင်စေပါသလော။
အနာဂတ်နှင့်ဆိုင်သော အဓိပ္ပာယ်ဆိုလိုချက်များကိုရရှိရန်မှာ အင်အားကြီးမားသည့် စွမ်းအားတစ်ခု၏ လွှမ်းမိုးမှုကို သူတို့ခံရဖို့လိုသည်။ အဆိုပါစွမ်းအားကို ဘုရားသခင်ပေးကမ်းခဲ့သော သာဓကမြောက်မြားစွာကို သမ္မာကျမ်းစာထဲ၌ ကျွန်ုပ်တို့တွေ့ရှိရသည်။ ကိုယ်တော်သည် မိမိ၏ကျေးကျွန်များအပြင် မိမိအား ဝတ်ပြုကိုးကွယ်ခြင်းမရှိသော အချို့သူတို့ကိုလည်း အနာဂတ်ကိုဖော်ပြသည့် အိပ်မက်များ ပေးခဲ့လေသည်။ အမှန်စင်စစ် ယောဘ ၃၃:၁၄-၁၆ (သမ) က “ဘုရားသခင်သည် . . . အိပ်ရာပေါ်တွင် လူတို့ငိုက်မျဉ်းလျက်၊ အိပ်မောကျရာ ညဉ့်အခါ ရူပါရုံအိပ်မက်၌ သူတို့၏နားများကို ဖွင့်ပြီးလျှင် သွန်သင်ဆုံးမချက်ကို တံဆိပ်ခတ်ပိတ်တော်မူ၏” ဟု ဖော်ပြထားလေသည်။
၎င်းကို ဤခေတ်သက္ကရာဇ်မတိုင်မီ နှစ်ပေါင်း ၁,၇၀၀ ကျော်က အသက်ရှင်နေထိုင်ခဲ့သော ယောသပ်၏ခေတ်အချိန်၌ အီဂျစ်ဘုရင်ဖာရော၏အဖြစ်အပျက်တွင် ဘုရားသခင်ပြုခဲ့သည်။ ဖာရော၏အိပ်မက်ကို ကမ္ဘာဦး ၄၁:၁-၇ နှင့် အခန်းငယ် ၂၅ မှ ၃၂ တွင်တွေ့ရကာ ယင်းကို ယောသပ်က “အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် ဝပြော” လိမ့်မည့် ခုနစ်နှစ်တာအကြောင်းကို ကြိုဖော်ပြခြင်းဖြစ်ကြောင်း၊ ၎င်းနောက် ခုနစ်နှစ်တာငတ်မွတ်ခေါင်းပါးမှု လိုက်လာလိမ့်မည်ဖြစ်ကြောင်း အနက်ပြန်ဆိုလေသည်။ ယောသပ်က ဖာရောအား “ဘုရားသခင်ပြုလတ္တံ့သောအမှုကို ဖာရောဘုရင်အား ပြတော်မူ၏” ဟု ရှင်းပြလေသည်။ (ကမ္ဘာဦး ၄၁:၂၈) ထိုအိပ်မက်သည် အမှန်တကယ်ဖြစ်ပျက်လာသောအရာအတွက် ကြိုတင်ဖော်ပြချက်ဖြစ်လေသည်။
ထင်ရှားကျော်ကြားသော ဗာဗုလုန်ရှင်ဘုရင်တစ်ပါး၌လည်း ထပ်တူအတွေ့အကြုံမျိုးရှိခဲ့သည်။ နေဗုခဒ်နေဇာသည် သူ့အား လွန်စွာမှအနှောင့်အယှက်ပေးလျက်ရှိသော အိပ်မက်တစ်ခုကို မြင်မက်ခဲ့သော်လည်း ၎င်းကို သူမမှတ်မိနိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့် သူသည် မိမိ၏မှော်အတတ်ပညာရှင်တို့ကိုဆင့်ခေါ်၍ အိပ်မက်နှင့် ၎င်း၏အနက်ကို မိမိအား ဖော်ပြစေလေသည်။ ၎င်းမှာ သူတို့အတွက် မဖြစ်နိုင်သော တောင်းဆိုချက်တစ်ရပ်ဖြစ်လေသည်။—ဒံယေလ ၂:၁-၁၁။
ဘုရင်မင်းကြီးကို ဘုရားသခင်က အိပ်မက်ပေးခဲ့ခြင်းဖြစ်ရာ ထိုအိပ်မက်နှင့် ၎င်း၏အနက်ကို ပရောဖက် ဒံယေလ ပြန်ဆိုရန် ကိုယ်တော်တတ်နိုင်တော်မူသည်။ ဒံယေလ ၂:၁၉ က “ညအခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအား . . . ဖော်ပြတော်မူ၏” ဟု ဆိုလေသည်။ ဒံယေလက “အရှင်မင်းကြီးမေးမြန်းတော်မူသောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဖော်ခြင်းငှာ မတတ်နိုင်ကြပါ။ နက်နဲသောအရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ဖြစ်လတ္တံ့သောအရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသောဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏” ဟူ၍ အဆိုပါအိပ်မက်အတွက် ဘုရားသခင်ကို ဂုဏ်တင်ခဲ့သည်။—ဒံယေလ ၂:၂၇၊ ၂၈။
တစ်ခါတစ်ရံ ဘုရားသခင်သည် မိမိလူမျိုးတော်အား အိပ်မက်များအားဖြင့် ညွှန်ကြားချက်များပေးပြီး တစ်ခါတစ်ရံတွင်မူ ဘုရားပေးအကူအညီတော်နှင့်ဆိုင်သော အာမခံချက် သို့မဟုတ် သူတို့ကို မိမိမည်သို့ကူညီပေးနေကြောင်း နားလည်စေရန် ကူညီပေးလေသည်။ ယာကုပ်၏အဖြစ်အပျက်တွင် ဘုရားသခင်သည် မိမိ၏နှစ်သက်လက်ခံမှုကို အိပ်မက်အားဖြင့် ဖော်ပြခဲ့လေသည်။—ကမ္ဘာဦး ၄၈:၃၊ ၄။
ယေရှု၏မွေးစားဖခင်ယောသပ်သည် မာရိကိုယ်ဝန်ရှိနေကြောင်း သိရှိရသောအခါ သူမကို ကွာရှင်းရန် ဆုံးဖြတ်ခဲ့၏။ ထိုအခါ သူသည် ထိုသို့မပြုလုပ်ရန် အိပ်မက်ထဲ၌ ညွှန်ကြားချက်ကို လက်ခံရရှိလေသည်။ မဿဲ ၁:၂၀ က “ထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ‘ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏’” ဟု ဆိုလေသည်။ နောက်ပိုင်း၌ “ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ‘သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး . . . လော့’” ဟူ၍ အိပ်မက်ထဲတွင် သတိပေးချက်တစ်ခုကို လက်ခံရရှိလေသည်။—မဿဲ ၂:၁၃။
ဘုရားသခင့်ထံတော်မှမဟုတ်သော အိပ်မက်များ
အိပ်မက်အနက်ပြန်ခြင်းသည် ဘုရားသခင့်လူမျိုးတော်မဟုတ်သူများအကြား၌ ဖြစ်လေ့ရှိသောကြောင့် အိပ်မက်အများစုသည် အနာဂတ်ကို ဖော်ပြပေးသော ယုံကြည်စိတ်ချရသည့်အရာများအဖြစ် ယူမှတ်၍မရပေ။ ဘုရားသခင့်ပရောဖက် ယေရမိ၏လက်ထက်တွင် မှောက်မှားသောပရောဖက်များက “ငါသည်အိပ်မက်မြင်မက်ပြီ! အိပ်မက်မြင်ပြီ!” ဟု ဆိုကြ၏။ (ယေရမိ ၂၃:၂၅) သူတို့၏ရည်ရွယ်ချက်များမှာ ဘုရားသခင်သည် သူတို့မှတစ်ဆင့် စကားပြောဆိုသည်ဟု အထင်ရောက်အောင် လူများကို လှည့်ဖြားရန်အတွက်ဖြစ်၏။ အဆိုပါ အိပ်မက်ရှင်များနှင့်ပတ်သက်၍ ယေရမိက မှုတ်သွင်းခံရခြင်းအားဖြင့် ပြောဆိုသည်မှာ “ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ‘သင်တို့တွင်ရှိသောပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကိုမလှည့်စားကြစေနှင့်။ သင်တို့မြင်စေသော [“သူတို့မြင်သော၊” ကဘ] အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။ တစ်ဖန်မိန့်တော်မူသည်ကား “. . . ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြာတတ်ကြ၏”’” ဟူ၍ဖြစ်သည်။—ယေရမိ ၂၉:၈၊ ၉။
ထိုမှောက်မှားသော ပရောဖက်များသည် “အနာဂတ်ဆရာ” များဖြစ်ကြသောကြောင့် သူတို့၏အိပ်မက်များသည် လူတို့ကို လှည့်ဖြားရန်ရည်ရွယ်ချက်အတွက် နာမ်ဝိညာဉ်ဆိုးစွမ်းအားများ၏ လွှမ်းမိုးမှုကို ခံရနိုင်ပေသည်။ “တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သောသူတို့သည် မုသာရူပါရုံကိုမြင်၍ မမှန်သောအိပ်မက်ကို ဟောပြောကြ၏” ဟု ဇာခရိ ၁၀:၂ ဖော်ပြထားသောအချက်တွင်လည်း ထပ်တူအချက်ကိုပင် ညွှန်ပြနေခြင်းဖြစ်လေသည်။
မာရ်နတ်သည် ယေရမိနှင့် ဇာခရိတို့၏လက်ထက်ရှိ မှောက်မှားသော ပရောဖက်များပြုခဲ့ကြသကဲ့သို့ပင် ဘုရားသခင်က ရူပါရုံနှင့် အိပ်မက်များမှတစ်ဆင့် သူတို့ကို မိန့်ကြားပါသည်ဟု လွှဲမှားစွာပြောဆိုကြရန် ဘာသာရေးခေါင်းဆောင်များကို နှစ်ထောင်ပေါင်းများစွာ အသုံးပြုလာခဲ့သော လှည့်ဖြားသူကြီးပင်ဖြစ်သည်။ ထိုကဲ့သို့သောသူများနှင့်ပတ်သက်၍ မှုတ်သွင်းခံကျမ်းစာရေးသားသူ ယုဒက ပထမရာစုရှိ ခရစ်ယာန်များအား “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်းအစိုးရတော်မူသောအရှင်၊ ငါတို့သခင်ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးကစီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့်အမှတ်တမဲ့ဝင်ကြပြီ” ဟု ရေးသားခဲ့၏။ ဆိုရမည်ဆိုလျှင် ဤသူများသည် ‘အိပ်မက်များကို နှစ်သက်ကြ၏’ ဟု သူပြောခဲ့လေသည်။—ယုဒ ၄၊ ၈။
ပြောဆိုချက်များကို စစ်ဆေးပါ
လူတစ်ဦးက ဘုရားသခင်သည် သူ့ကို အိပ်မက်ထဲ၌မိန့်ကြားတော်မူခဲ့သည် သို့မဟုတ် အနာဂတ်ဖြစ်ရပ်များနှင့်ဆိုင်သော သူ၏အိပ်မက်များသည် တကယ်ဖြစ်လာကြောင်း ဆိုကောင်းဆိုမည်ဖြစ်သော်လည်း ယင်းက သူ့ကို ယုံကြည်ရန်၊ သူ့နောက်သို့ ဇွတ်လိုက်ရန် အကြောင်းမခိုင်လုံပေ။ “သင်တို့တွင်ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည်ပေါ်လာ၍၊ သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟုပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သောသူတို့၏စကားကို နားမထောင်ရ။ . . . ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်” ဟု တရားဟောရာ ၁၃:၁-၃၊ ၅ တွင်တွေ့ရသော ဣသရေလလူမျိုးများထံရေးသားခဲ့သည့် ညွှန်ကြားချက်ကို သတိပြုပါ။ ဘုရားသခင်သည် မိမိလူမျိုးတော်၏သစ္စာစောင့်သိမှုကို စမ်းသပ်သောအနေဖြင့် ထိုသို့သောသူကို လွဲမှားစွာပြောဆိုခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကြည်ညိုလေးစားဖွယ်ကောင်းသော အိပ်မက်ရှင်များ၏အဆိုကို ဇွတ်မှိတ်ယုံစားမည့်အစား “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” လျက်ရှိသော မျက်မြင်မရလှည့်ဖြားသူကြီး၏ လှည့်ဖြားမှုကို ရှောင်ရှားနိုင်ရန်အတွက် သူတို့၏အဆိုများကို စစ်ဆေးခြင်းသည် ကျွန်ုပ်တို့အတွက် ပညာရှိလမ်းစဉ်ပင်ဖြစ်လေသည်။ (ဗျာဒိတ် ၁၂:၉) သို့သော် သူတို့ကို ယုံကြည်စိတ်ချနိုင်လောက်စွာ မည်သို့စစ်ဆေးနိုင်မည်နည်း။
ဘုရားသခင်၏ အက္ခရာတင်နှုတ်ကပါဌ်တော်သည် သမ္မာတရားကို ရရှိရန် ကျွန်ုပ်တို့၏ ဘုရားပေးလမ်းညွှန်ချက်ပင်ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ယေရှုခရစ်တော်က “ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် သမ္မာတရားဖြစ်ပါ၏” ဟု မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၇:၁၇) ထို့ကြောင့် ၁ ယောဟန် ၄:၁ တွင် “ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ” ဟုကျွန်ုပ်တို့ကို သတိပေးဆုံးမထားသည်။ သမ္မာကျမ်းစာနှင့် ဂရုတစိုက်နှိုင်းယှဉ်ကြည့်သောအခါ သူတို့၏အဆိုများ၊ ယူဆချက်များနှင့် လုပ်ရပ်များတို့သည် ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မည်။ အဘယ်အရာသည် အမှန်တရားဖြစ်သည်နှင့်စပ်လျဉ်း၍ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ယုံကြည်အားထားလောက်သော ကျမ်းပင်ဖြစ်သည်။
ထူးခြားသည့်အသိပညာများကို ပြောဆိုသော အိပ်မက်ရှင်သည် ဗေဒင် သို့မဟုတ် အခြားမှော်အတတ်များကို အသုံးပြုပါသလော။ ပြောဆိုပါက ဘုရားသခင်သည် သူ့ကို ရှုတ်ချထား၏။ “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။”—တရားဟောရာ ၁၈:၁၀-၁၂။
ထိုသူက မသေနိုင်သော ဝိညာဉ်စိုးလ်တစ်ပါး သူ၌ရှိသည်ဟုဆိုပါက “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟူ၍ ရှင်းလင်းစွာဖော်ပြထားသော ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ထိုသူဆန့်ကျင်နေခြင်းဖြစ်သည်။ (ယေဇကျေလ ၁၈:၄) သူသည် မိမိကိုယ်ကို ဂုဏ်တင်၍ ပုဂ္ဂိုလ်ရေးနောက်လိုက်ရန် ဆွဲဆောင်သလော။ မဿဲ ၂၃:၁၂ က “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့” ဟု သတိပေးထားသည်။ ထို့ပြင် တမန်တော် ၂၀:၃၀ က ခရစ်ယာန်များအား “တပည့်တော်များကို သွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်” ဟု သတိပေးထား၏။
သူသည် အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံသလော။ “အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။ အသင့်အတင့်နေခြင်းငှာပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကို ငြိမ်သက်စွာကြဲတတ်ကြ၏” ဟူ၍ ယာကုပ် ၃:၁၇၊ ၁၈ က သူ့ကို ရှုတ်ချထားသည်။ သူသည် နိုင်ငံရေးအာဏာ သို့မဟုတ် လောကသြဇာတို့အတွက် ကြိုးစားအားထုတ်သလော။ “ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ဟုဆိုလျက် ဘုရားသခင်၏နှုတ်ကပါဌ်တော်က သူ့ကို ပြင်းပြင်းထန်ထန်ရှုတ်ချထားသည်။ သို့ဖြင့် သမ္မာကျမ်းစာက မှားယွင်းမှုကို လှစ်ဟပြလေသည်။—ယာကုပ် ၄:၄။
လူတစ်ဦးသည် သေဆုံးသွားပြီဖြစ်သော မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးနှင့်ပတ်သက်၍ အိပ်မက်မြင်မက်ပါက ထိုပုဂ္ဂိုလ်အတွက် သူစိုးရိမ်မှုဖြစ်နေသောကြောင့်ဖြစ်ပေမည်။ အိပ်မက်မြင်မက်သောည၌ပင် ထိုပုဂ္ဂိုလ်သေဆုံးသွားခြင်းက ထိုအိပ်မက်သည် အနာဂတ်ကို ကြိုဟောသည်ဟု သက်သေမထူပေ။ တကယ်ဖြစ်လာဟန်ရှိသည့် ဤအိပ်မက်မျိုးတိုင်းနှင့်ပတ်သက်၍ တကယ်မဖြစ်လာသော အိပ်မက်ရာပေါင်းများစွာရှိလေသည်။
ဘုရားသခင်သည် မိမိ၏အက္ခရာတင်နှုတ်ကပါဌ်တော်ကို ပြုစုစဉ် ယခင်အချိန်က အနာဂတ်ဖြစ်ရပ်များကို ဖော်ပြရန်နှင့် ညွှန်ကြားချက်များကိုပေးရန် အိပ်မက်များကို အသုံးပြုခဲ့သော်လည်း ယနေ့အချိန်၌ ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ပေ။ ထိုအက္ခရာတင်နှုတ်ကပါဌ်တော်တွင် ယခုအချိန်၌ လူသားများအတွက်လိုအပ်သော ဘုရားသခင်ထံမှ ညွှန်ကြားချက်များ အားလုံးပါရှိပြီး ၎င်း၏ပရောဖက်ပြုချက်များသည် အနှစ်တစ်ထောင်ထက်မကသော အနာဂတ်ဖြစ်ရပ်များနှင့် ပတ်သက်နေလေသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ထို့ကြောင့် ကျွန်ုပ်တို့၏အိပ်မက်များသည် အနာဂတ်ဖြစ်ရပ်များနှင့်ဆိုင်သော ဘုရားသခင်ထံမှညွှန်ကြားချက်များမဟုတ်ဘဲ ကျွန်ုပ်တို့၏မှတ်ဉာဏ် ကောင်းမွန်နေရန် ဆက်လက်ထိန်းသိမ်းထားဖို့ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များအဖြစ် ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပေသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဖာရော၏အိပ်မက်က ဖြစ်ပျက်လာမည့်အရာကို ဖော်ပြသကဲ့သို့ ဘုရားသခင်၏နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့၏အနာဂတ်အပေါ် ထွန်းလင်းပြပေးသည်