ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၁၄ စာ. ၁၆၈-၁၈၁
  • ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပဋိညာဉ်တရားသစ်ကို ဘာကြောင့်လိုအပ်ရသလဲ
  • ပဋိညာဉ်တရားသစ်က ဘာလဲ
  • ပဋိညာဉ်တရားသစ်ကနေ အကျိုးခံစားရသူများ
  • ပဋိညာဉ်တရားသစ်ရဲ့ လက်ရှိနဲ့အနာဂတ်ကောင်းချီးများ
  • မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ပဋိညာဉ်သစ်အားဖြင့် သာ၍ကြီးမားသော ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၁၄ စာ. ၁၆၈-၁၈၁

အခန်းဆယ့်လေး

ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်

၁။ ယေရမိက ဘယ်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့သလဲ။

ယေဟောဝါက ယေရမိကို တာဝန်တစ်ခုပေးတယ်။ အဲဒီတာဝန်ရဲ့ပထမအပိုင်းက “နုတ်ပယ်၊ ဖြိုချ၊ ဖျက်ဆီး၊ မှောက်လှဲ” ဖို့ဖြစ်ပြီး ဒုတိယအပိုင်းက “တည်ဆောက်၊ စိုက်ပျိုး” ဖို့ဖြစ်တယ်။ ယေရမိက ဂုဏ်မောက်နေတဲ့ဂျူးတွေရဲ့ ဆိုးညစ်မှုကိုဖော်ထုတ်ပြီး ဗာဗုလုန်အပါအဝင် ဂျူးတွေအပေါ်ကျရောက်မယ့် ဘုရားသခင့်တရားစီရင်ချက်ကို ကြေညာခြင်းအားဖြင့် တာ၀န်ရဲ့ပထမအပိုင်းကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ယေရမိရဲ့ပရောဖက်ပြုချက်တွေထဲမှာ အနာဂတ်မျှော်လင့်ချက်အကြောင်းလည်း ပါဝင်တယ်။ ဘုရားသခင်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့အဆောက်အအုံနဲ့ စိုက်ပျိုးဖို့ရည်ရွယ်ထားတဲ့အပင်အကြောင်း သူကြိုဟောခဲ့တယ်။ ဥပမာ၊ ယေရမိက ဂျူးတွေ နေရင်းပြည်ကိုပြန်လာပြီး ပြန်လည်တည်ထောင်မယ့်အကြောင်းပြောခြင်းအားဖြင့် တာဝန်ရဲ့ဒုတိယအပိုင်းကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။—ယေ. ၁:၁၀; ၃၀:၁၇၊ ၁၈။

၂။ ယေဟောဝါက သူ့လူမျိုးကို ဘာကြောင့်တရားစီရင်သလဲ။ ဘယ်လောက်အတိုင်းအတာထိ တရားစီရင်သလဲ။

၂ ပြန်လည်တည်ထောင်ခြင်းအကြောင်း ယေရမိကြေညာတာက ဘုရားသခင်ဟာ သူ့လူမျိုးကိုအလိုလိုက်မယ် ဒါမှမဟုတ် သူ့ရဲ့တရားမျှတမှုစံနှုန်းကို လျှော့ချလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်တော့ မဟုတ်ဘူး။ ဘုရားသခင်က ခေါင်းမာတဲ့ဂျူးတွေကို တရားစီရင်မှာဖြစ်တယ်။ (ယေရမိ ၁၆:၁၇၊ ၁၈ ကိုဖတ်ပါ။) ယေရမိခေတ်မှာ ဂျေရုဆလင်မှာရှိတဲ့ လူအနည်းငယ်ကပဲ “တရားသဖြင့်ကျင့်” ပြီး “သစ္စာစောင့်” ကြတယ်။ ယေဟောဝါက သူတို့ကို အဆုံးစွန်အထိ စိတ်ရှည်ခဲ့ပြီးပြီ။ “ငါသည် နောင်တရ၍ ငြီးငွေ့ပြီ” လို့ ကိုယ်တော်ပြောခဲ့တယ်။ (ယေ. ၅:၁; ၁၅:၆၊ ၇) အဲဒီဂျူးတွေက “[ယေဟောဝါရဲ့] စကားကိုငြင်းပယ်သောဘိုးဘေးတို့၏ ဒုစရိုက်များကိုပြုအံ့သောငှာ ပြန်သွား” ကြတယ်။ ဒါ့အပြင် မှားယွင်းတဲ့ဘုရားတွေကိုကိုးကွယ်ပြီး ဘုရားသခင်ကို ဒေါသထွက်စေခဲ့ကြတယ်။ (ယေ. ၁၁:၁၀; ၃၄:၁၈) ဒါကြောင့် ယေဟောဝါက သူ့လူမျိုးကို ပဲ့ပြင်ပြီး “အတော်အတန်” ဆုံးမပါလိမ့်မယ်။ အဲဒီအခါ ဂျူးတချို့က အသိတရားရပြီး ဘုရားသခင်ဆီ ပြန်လှည့်လာနိုင်မယ်။—ယေ. ၃၀:၁၁; ၄၆:၂၈။

၃။ ပဋိညာဉ်တရားသစ်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို သင် ဘာကြောင့်သုံးသပ်သင့်သလဲ။

၃ ဘုရားသခင်က ရေရှည်အကျိုးကျေးဇူးတွေရစေပြီး အကျိုးသက်ရောက်မှုကျယ်ပြန့်တဲ့ ပဋိညာဉ်တရားသစ်အကြောင်း ယေရမိကို ကြိုဟောခိုင်းတယ်။ ကျွန်တော်တို့က ယေရမိရေးခဲ့တဲ့ပရောဖက်ပြုချက်တွေကို သုံးသပ်တဲ့အခါ ပဋိညာဉ်တရားသစ်အကြောင်းကို အာရုံစိုက်သင့်တယ်။ အဲဒီပဋိညာဉ်သစ်က အီဂျစ်ပြည်ကနေထွက်လာတဲ့အစ္စရေးတွေနဲ့ ဖွဲ့ခဲ့တဲ့ပဋိညာဉ်ကို အစားထိုးဖို့ဖြစ်တယ်။ အဲဒီတုန်းက ဖျန်ဖြေသူက မောရှေဖြစ်တယ်။ (ယေရမိ ၃၁:၃၁၊ ၃၂ ကိုဖတ်ပါ။) သခင့်ညစာစားပွဲကျင်းပချိန်မှာ ယေရှုခရစ်က ပဋိညာဉ်တရားသစ်အကြောင်းပြောခဲ့တဲ့အတွက် အဲဒါကို ကျွန်တော်တို့ စိတ်ဝင်စားမှာသေချာတယ်။ (လု. ၂၂:၂၀) တမန်တော်ပေါလုက ဟီဘရူးခရစ်ယာန်တွေဆီရေးတဲ့စာမှာ အဲဒီပဋိညာဉ်အကြောင်း ရည်ညွှန်းခဲ့တယ်။ သူက ယေရမိရဲ့ပရောဖက်ပြုချက်ကိုကိုးကားပြီး ပဋိညာဉ်တရားသစ်ရဲ့အရေးကြီးမှုကို အလေးပေးခဲ့တယ်။ (ဟေဗြဲ ၈:၇-၉) ပဋိညာဉ်တရားသစ်ဆိုတာ ဘာလဲ။ အဲဒီပဋိညာဉ်ကို ဘာကြောင့်လိုအပ်ရသလဲ။ အဲဒီပဋိညာဉ်မှာ ဘယ်သူတွေပါဝင်သလဲ။ သင် ဘယ်လိုအကျိုးရရှိနိုင်သလဲ။ အဲဒီအကြောင်းတွေကို သုံးသပ်ကြည့်ကြစို့။

ပဋိညာဉ်တရားသစ်ကို ဘာကြောင့်လိုအပ်ရသလဲ

၄။ ပညတ်ပဋိညာဉ်က ဘာကိုလုပ်ဆောင်ပေးခဲ့သလဲ။

၄ ပဋိညာဉ်တရားသစ်ကို နားလည်ဖို့အတွက် အရင်ကပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက်ကို သိဖို့လိုတယ်။ ပညတ်ပဋိညာဉ်က လူများစွာကိုကောင်းချီးရစေမယ့် ကတိထားရာမျိုးနွယ်ကို စောင့်မျှော်နေတဲ့လူမျိုးအတွက် သိပ်ကောင်းတဲ့အရာအတော်များများ လုပ်ဆောင်ပေးခဲ့တယ်။ (က. ၂၂:၁၇၊ ၁၈) အစ္စရေးတွေက ပညတ်ပဋိညာဉ်ကို လက်ခံတဲ့အခါ ဘုရားသခင်ရဲ့ “အထူးပိုင်ဆိုင်ရာ” ဖြစ်လာတယ်။ အဲဒီပဋိညာဉ်အရ လေဝိအနွယ်က အစ္စရေးလူမျိုးအတွက် ယဇ်ပုရောဟိတ်တွေအဖြစ် လုပ်ဆောင်ပေးတယ်။ သိနာတောင်မှာ အစ္စရေးလူမျိုးနဲ့ပဋိညာဉ်ဖွဲ့တဲ့အခါ ယေဟောဝါက “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” အကြောင်းပြောခဲ့ပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ဖြစ်လာမယ်ဆိုတာကိုတော့ မပြောခဲ့ဘူး။ (ထွ. ၁၉:၅-၈) အဲဒီအတောအတွင်းမှာ ပညတ်တရားအားလုံးကို အစ္စရေးတွေတစ်သဝေမတိမ်းမလိုက်နာနိုင်ဘူးဆိုတာကို ပညတ်ပဋိညာဉ်က သိသာထင်ရှားစေခဲ့တယ်။ ဒီလိုနဲ့ ပညတ်ပဋိညာဉ်က သူတို့ရဲ့အပြစ်တွေကို ပေါ်လွင်စေခဲ့တယ်။ ဒါကြောင့် ပညတ်တရားအရ အစ္စရေးတွေက သူတို့ရဲ့အပြစ်တွေကိုဖုံးအုပ်ဖို့ မှန်မှန်ယဇ်ပူဇော်ရတယ်။ အဲဒါက အကြိမ်ကြိမ်ယဇ်ပူဇော်ဖို့မလိုတဲ့ ပြီးပြည့်စုံတဲ့ယဇ်တစ်ခု လိုအပ်တယ်ဆိုတာ ဖော်ပြတယ်။ အပြစ်တွေ ထာဝစဉ်ခွင့်လွှတ်ခံရဖို့ အရေးတကြီးလိုအပ်နေတယ်။—ဂလ. ၃:၁၉-၂၂။

၅။ ယေဟောဝါက ပဋိညာဉ်တရားသစ်အကြောင်း ဘာကြောင့်ကြိုဟောခဲ့သလဲ။

၅ ပညတ်ပဋိညာဉ် အကျိုးသက်ရောက်မှုရှိနေစဉ်မှာပဲ ဘုရားသခင်က ယေရမိကို နောက်ပဋိညာဉ်တစ်ခုဖြစ်တဲ့ ပဋိညာဉ်တရားသစ်အကြောင်း ဘာကြောင့်ပရောဖက်ပြုခိုင်းတယ်ဆိုတာကို ကျွန်တော်တို့ သိမြင်နိုင်ပါပြီ။ ယေဟောဝါက မေတ္တာနဲ့ကြင်နာမှုရှိတဲ့အတွက် ရေရှည်တည်တံ့မယ့်အကူအညီကို လူတစ်မျိုးထက်မက ရရှိစေချင်တယ်။ ဘုရားသခင်က အဲဒီပဋိညာဉ်သစ်မှာပါဝင်မယ့်သူတွေနဲ့ပတ်သက်ပြီး “ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” လို့ ယေရမိကတစ်ဆင့် ပြောခဲ့တယ်။ (ယေ. ၃၁:၃၄) အဲဒီကတိကို ယေရမိခေတ်မှာပေးခဲ့ပေမဲ့ လူသားအားလုံးကို မျှော်လင့်ချက်ရှိစေတယ်။ ဘယ်လိုနည်းနဲ့လဲ။

၆၊ ၇။ (က) လူတချို့က သူတို့ရဲ့အပြစ်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။ (ခ) ပဋိညာဉ်တရားသစ်အကြောင်းသုံးသပ်တာက သင့်ကို ဘာကြောင့်အားရှိစေနိုင်သလဲ။

၆ ကျွန်တော်တို့က မစုံလင်တဲ့သူတွေဖြစ်နေဆဲပဲ။ အဲဒီလိုမစုံလင်ဘူးဆိုတာကိုလည်း မကြာခဏသတိထားမိကြတယ်။ အားနည်းချက်တစ်ခုကိုတွန်းလှန်နေရတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့အဖြစ်မှာ အဲဒီအချက်ကို သိနိုင်တယ်။ သူ ဒီလိုပြောတယ်– “ကြိုးစားတဲ့ကြားက ဒုံရင်းအခြေအနေကိုပြန်ရောက်သွားတဲ့အခါ ကျွန်တော် အရမ်းစိတ်ညစ်တယ်။ ကျွန်တော်လုပ်ခဲ့တာတွေကို ဘယ်တော့မှချေဖျက်နိုင်မှာမဟုတ်ဘူးလို့ ခံစားရတယ်။ ဆုတောင်းဖို့ မနည်းအားယူရတယ်။ ကျွန်တော်ဆုတောင်းတဲ့အခါ ‘ယေဟောဝါ၊ ဒီဆုတောင်းချက်ကို ကိုယ်တော် နားထောင်ပါ့မလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ . . .’ ဆိုပြီး စပြောလေ့ရှိတယ်။” ကြိုးစားတဲ့ကြားက ဒုံရင်းအခြေအနေကိုပြန်ရောက်သွားတဲ့သူ ဒါမှမဟုတ် အပြစ်လုပ်ထားသူတချို့က ဘုရားသခင်ဟာ သူတို့ရဲ့ဆုတောင်းချက်ကိုမကြားအောင် “မိုးတိမ်” နဲ့ကာဆီးထားတယ်လို့ ခံစားတတ်ကြတယ်။ (မြည်. ၃:၄၄) တချို့ကျတော့ အရင်ကလုပ်ခဲ့ဖူးတဲ့အမှားတွေကို ပြန်သတိရပြီး စိတ်ဆင်းရဲနေကြတယ်။ ပုံသက်သေကောင်းတဲ့ခရစ်ယာန်တွေတောင် နောက်ပိုင်းမှနောင်တရမယ့်စကားတွေကို ပြောမိတတ်ကြတယ်။—ယာ. ၃:၅-၁၀။

၇ မကောင်းတဲ့လုပ်ရပ်ကို ဘယ်တော့မှလုပ်မိမှာမဟုတ်ဘူးလို့ ဘယ်သူမှ မယူဆသင့်ဘူး။ (၁ ကော. ၁၀:၁၂) တမန်တော်ပေါလုတောင် သူမှားတတ်တယ်ဆိုတာ အသိအမှတ်ပြုခဲ့တယ်။ (ရောမ ၇:၂၁-၂၅ ကိုဖတ်ပါ။) ကျွန်တော်တို့က အမှားလုပ်မိတဲ့အခါ ပဋိညာဉ်တရားသစ်ကို ပြန်သတိရသင့်တယ်။ လူသားတွေရဲ့အပြစ်ကို ဘုရားသခင်မအောက်မေ့တော့ဘူးဆိုတဲ့အချက်က ပဋိညာဉ်တရားသစ်ရဲ့အဓိကကဏ္ဍဖြစ်မယ်ဆိုပြီး ကိုယ်တော်ကတိပေးခဲ့တယ်။ တုနှိုင်းလို့မရနိုင်တဲ့အကျိုးကျေးဇူးပဲ မဟုတ်လား။ ယေရမိက အဲဒီအကြောင်းကြိုဟောခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့သလို ကျွန်တော်တို့လည်း ပဋိညာဉ်တရားသစ်အကြောင်း ပိုသိလာပြီး အဲဒီကနေ ဘယ်လိုအကျိုးရနိုင်တယ်ဆိုတာကို သိမြင်လာတဲ့အခါ စိတ်လှုပ်ရှားမိနိုင်တယ်။

ဘုရားသခင်က ပဋိညာဉ်တရားသစ်ကို ဘာကြောင့်ဖွဲ့ခဲ့သလဲ။

ပဋိညာဉ်တရားသစ်က ဘာလဲ

၈၊ ၉။ ယေဟောဝါက အပြစ်တွေကိုခွင့်လွှတ်နိုင်ဖို့ ဘာကိုအနစ်နာခံပေးဆပ်ခဲ့သလဲ။

၈ ယေဟောဝါအကြောင်း ပိုသိလာလေ မစုံလင်တဲ့လူသားတွေကို ကိုယ်တော်ဘယ်လောက်သနားကြင်နာတယ်ဆိုတာ နားလည်လာလေပါပဲ။ (ဆာ. ၁၀၃:၁၃၊ ၁၄) ယေရမိက ပဋိညာဉ်တရားသစ်အကြောင်း ကြိုဟောတဲ့အခါ ယေဟောဝါက “သူတို့အပြစ်များကို သည်းခံ [“ခွင့်လွှတ်၊” ကဘ]” ပြီး မအောက်မေ့ဘဲနေမယ်ဆိုတဲ့အချက်ကို အလေးပေးခဲ့တယ်။ (ယေ. ၃၁:၃၄) ယေဟောဝါက ဘယ်လိုနည်းနဲ့ အဲဒီလိုခွင့်လွှတ်မှာလဲဆိုပြီး ယေရမိ စဉ်းစားမိနိုင်တယ်။ ပဋိညာဉ်တရားသစ်လို့ပြောတဲ့အတွက် အနည်းဆုံးတော့ ဘုရားသခင်နဲ့လူတွေကြားမှာ သဘောတူညီမှုတစ်ခုရှိလိမ့်မယ်ဆိုတာကို ယေရမိ နားလည်ခဲ့ပါလိမ့်မယ်။ ယေဟောဝါက ခွင့်လွှတ်ခြင်းအပါအဝင် ယေရမိကတစ်ဆင့်ပြောခဲ့တဲ့ တခြားအရာတွေကို အဲဒီပဋိညာဉ်အားဖြင့် အကောင်အထည်ဖော်ပါလိမ့်မယ်။ ဘုရားသခင်က မေရှိယလုပ်ဆောင်မယ့်အရာတွေအပါအဝင် သူ့ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို အဆင့်ဆင့်ဖော်ပြမှာဖြစ်တယ်။

၉ သားသမီးတွေကို အလိုလိုက်ပြီး မဆုံးမတဲ့မိဘတွေကို သင် တွေ့ဖူးပါလိမ့်မယ်။ ယေဟောဝါက အဲဒီလိုမိဘမျိုးလား။ လုံးဝမဟုတ်ဘူး။ ပဋိညာဉ်တရားသစ်ရဲ့အကျိုးသက်ရောက်ပုံကိုကြည့်ရင် သိနိုင်တယ်။ ဘုရားသခင်က လူသားတွေရဲ့အပြစ်တွေကို ဒီအတိုင်းပဲ ဖယ်ရှားလိုက်မယ့်အစား သူ့ရဲ့တရားမျှတမှုစံနှုန်းတွေကို တိတိကျကျလိုက်နာခဲ့တယ်။ ကိုယ်တော်က အပြစ်တွေကိုခွင့်လွှတ်ဖို့ အကြီးအကျယ်အနစ်နာခံပေးဆပ်ပြီး တရားဝင်နည်းလမ်းတစ်ခုကို ပြင်ဆင်ခဲ့တယ်။ ပဋိညာဉ်တရားသစ်နဲ့ပတ်သက်ပြီး ပေါလုရေးသားခဲ့တာတွေကို သတိပြုကြည့်မယ်ဆိုရင် အဲဒါကို ပိုနားလည်နိုင်ပါလိမ့်မယ်။ (ဟေဗြဲ ၉:၁၅၊ ၂၂၊ ၂၈ ကိုဖတ်ပါ။) ‘အသေခံခြင်းကြောင့် ရွေးနုတ်ခံရကြ၏၊’ “အသွေးသွန်းလောင်းခြင်းမရှိဘဲ အပြစ်လွှတ်ခြင်း မရှိ” ဆိုပြီး ပေါလုပြောခဲ့တယ်။ ပဋိညာဉ်တရားသစ်မှာတော့ အဲဒီသွေးက ပညတ်တရားအရပူဇော်ခဲ့တဲ့ နွားထီးသွေး ဒါမှမဟုတ် ဆိတ်သွေးကိုဆိုလိုတာမဟုတ်ဘူး။ ပဋိညာဉ်တရားသစ်ကို အကျိုးသက်ရောက်မှုရှိစေတာက ယေရှုရဲ့သွေးဖြစ်တယ်။ ယေဟောဝါက ပြီးပြည့်စုံတဲ့ အဲဒီယဇ်ကိုအခြေခံပြီး အပြစ်တွေကို ထာဝစဉ် “ခွင့်လွှတ်” ပေးနိုင်တယ်။ (တ. ၂:၃၈; ၃:၁၉) ဒါပေမဲ့ ဘယ်သူတွေက ဒီပဋိညာဉ်တရားသစ်မှာပါဝင်ပြီး ခွင့်လွှတ်ခံရမလဲ။ ဂျူးလူမျိုးတော့ မဟုတ်ဘူး။ ဘုရားသခင်က ပညတ်တရားအရ တိရစ္ဆာန်ယဇ်တွေပူဇော်တဲ့ဂျူးတွေကို ငြင်းပယ်ပြီး တခြားလူမျိုးတစ်မျိုးကို မျက်နှာသာပေးမယ်လို့ ယေရှုပြောခဲ့တယ်။ (မ. ၂၁:၄၃; တ. ၃:၁၃-၁၅) အဲဒီလူမျိုးက “ဘုရားသခင်၏ အစ္စရေးလူမျိုး” ဖြစ်တယ်။ အဲဒီလူမျိုးကို သန့်ရှင်းသောစွမ်းအားတော်နဲ့ဘိသိက်ပေးခံရတဲ့ ခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတယ်။ ရိုးရိုးလေးပြောရရင် ပညတ်ပဋိညာဉ်က ဘုရားသခင်နဲ့ ဇာတိအစ္စရေးလူမျိုး ဖွဲ့ခဲ့တာဖြစ်တယ်။ ပဋိညာဉ်တရားသစ်ကတော့ ယေဟောဝါနဲ့ ပုံဆောင်အစ္စရေးလူမျိုး ဖွဲ့တာဖြစ်တယ်။ ပဋိညာဉ်တရားသစ်ရဲ့ဖျန်ဖြေသူကတော့ ယေရှုပဲ။—ဂလ. ၆:၁၆; ရော. ၉:၆။

စာမျက်နှာ ၁၇၂ ပါ ရုပ်ပုံ

၁၀။ (က) ဒါဝိဒ်ရဲ့ “အညွန့်” က ဘယ်သူလဲ။ (ခ) အဲဒီ “အညွန့်” ကနေ လူတွေဘယ်လိုအကျိုးခံစားရနိုင်သလဲ။

၁၀ ယေရမိက ရောက်လာမယ့်မေရှိယကို ဒါဝိဒ်ရဲ့ “အညွန့်” လို့ခေါ်ခဲ့တယ်။ (ယေ. ၃၃:၁၅) အဲဒီလိုခေါ်တာက သင့်တော်ပါတယ်။ ပရောဖက်အနေနဲ့ ယေရမိအမှုထမ်းဆောင်နေချိန်မှာပဲ ဒါဝိဒ်ရဲ့မင်းဆက် ပြတ်တောက်သွားတယ်။ တစ်နည်းအားဖြင့် အပင်ခုတ်လှဲခံရသလို ဖြစ်သွားတယ်။ ဒါပေမဲ့ အငုတ်လေးတော့ ကျန်ခဲ့တယ်။ အချိန်တန်တဲ့အခါ ယေရှုက ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးကနေ မွေးဖွားလာတယ်။ ယေရှုကို “ယေဟောဝါ ဇေဒကနု [“ယေဟောဝါက ငါတို့ရဲ့ဖြောင့်မတ်ခြင်း၊” ကဘ]” လို့ခေါ်ဆိုနိုင်တယ်။ အဲဒါက ဘုရားသခင်ဟာ အဲဒီအရည်အသွေးကို သိပ်အလေးအနက်ထားတယ်ဆိုတာ ဖော်ပြတယ်။ (ယေရမိ ၂၃:၅၊ ၆ ကိုဖတ်ပါ။) ယေဟောဝါက သူ့ရဲ့တစ်ဦးတည်းသောသားကို မြေကြီးပေါ်မှာ ဆင်းရဲဒုက္ခခံပြီး အသေခံဖို့ ခွင့်ပြုခဲ့တယ်။ ဒီနည်းနဲ့ ယေဟောဝါက သူ့ရဲ့တရားမျှတမှုစံနှုန်းနဲ့အညီ ဒါဝိဒ်ရဲ့ “အညွန့်” ပေးဆက်ခဲ့တဲ့ ရွေးဖိုးပူဇော်သကာရဲ့တန်ဖိုးကိုအခြေခံပြီး အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ ဒါက လူတချို့ကို “ဖြောင့်မတ်” တယ်လို့ကြေညာဖို့၊ ပဋိညာဉ်တရားသစ်ရဲ့အဖွဲ့ဝင်တွေအဖြစ် သန့်ရှင်းသောစွမ်းအားတော်နဲ့ဘိသိက်ပေးဖို့ လမ်းဖွင့်ပေးခဲ့တယ်။ ပဋိညာဉ်တရားသစ်မှာတိုက်ရိုက်မပါဝင်တဲ့သူတွေလည်း အဲဒီကနေ အကျိုးခံစားနိုင်ပြီး အကျိုးခံစားနေကြတယ်။ အဲဒီအချက်က ဖြောင့်မတ်မှုကို ဘုရားသခင်အလေးအနက်ထားတယ်ဆိုတဲ့ နောက်အထောက်အထားတစ်ခုဖြစ်တယ်။ အဲဒီအကြောင်းကို ဆက်သုံးသပ်သွားပါမယ်။—ရော. ၅:၁၈။

စာမျက်နှာ ၁၇၄ ပါ ရုပ်ပုံ

“ခရစ်တော်၏တရား”က ယေဟောဝါအတွက် စိတ်လိုကိုယ်လျောက်အမှုဆောင်ဖို့ လှုံ့ဆော်ပေး

၁၁။ (က) ပဋိညာဉ်တရားသစ်မှာပါတဲ့ပညတ်ကို ဘယ်ပေါ်မှာရေးထားသလဲ။ (ခ) “အခြားသိုး” တွေက ပဋိညာဉ်တရားသစ်မှာပါတဲ့ပညတ်ကို ဘာကြောင့်စိတ်ဝင်စားကြသလဲ။

၁၁ ပဋိညာဉ်တရားသစ်ရဲ့ ထူးခြားတဲ့နောက်ကဏ္ဍတွေကို သင်သိချင်သလား။ ပဋိညာဉ်တရားသစ်နဲ့ပညတ်ပဋိညာဉ်ရဲ့ အဓိကကွာခြားချက်ကတော့ ဘယ်ပေါ်မှာရေးထားတယ်ဆိုတဲ့အချက်ပဲ။ (ယေရမိ ၃၁:၃၃ ကိုဖတ်ပါ။) ပညတ်ပဋိညာဉ်မှာပါတဲ့ ပညတ်ချက်ဆယ်ခုကို ကျောက်ပြားပေါ်မှာ ရေးခဲ့တယ်။ အဲဒါက နောက်ဆုံးမှာ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ ပဋိညာဉ်တရားသစ်မှာပါတဲ့ပညတ်ကိုတော့ လူတွေရဲ့နှလုံးသားပေါ်မှာရေးမယ်၊ အဲဒါက ထာဝစဉ်တည်မြဲမယ်လို့ ယေရမိကြိုဟောခဲ့တယ်။ ပဋိညာဉ်တရားသစ်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေက အဲဒီပညတ်ကို သိပ်တန်ဖိုးထားကြတယ်။ ပဋိညာဉ်တရားသစ်မှာတိုက်ရိုက်မပါဝင်တဲ့၊ မြေကြီးပေါ်မှာ ထာ၀စဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ “အခြားသိုး” တွေကော ဘယ်လိုလဲ။ (ယော. ၁၀:၁၆) သူတို့လည်း ဘုရားသခင့်ပညတ်ကို နှစ်သက်ကြတယ်။ သူတို့က မောရှေပညတ်ကိုလက်ခံပြီး အဲဒီကနေ အကျိုးခံစားခဲ့ရတဲ့ အစ္စရေးပြည်ကတိုင်းတစ်ပါးသားတွေနဲ့ တူတယ်။—ဝတ်. ၂၄:၂၂; တော. ၁၅:၁၅။

၁၂၊ ၁၃။ (က) ပဋိညာဉ်တရားသစ်မှာပါတဲ့ ပညတ်က ဘာလဲ။ (ခ) “ခရစ်တော်၏တရား” အောက်မှာ ဘုရားသခင်အတွက်အမှုဆောင်ဖို့ အတင်းအကျပ်ဖိအားပေးခံရတယ်လို့ သင် ဘာကြောင့်မခံစားရတာလဲ။

၁၂ ‘ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေရဲ့ နှလုံးသားပေါ် ရေးထားတဲ့ပညတ်က ဘာလဲ’ လို့ အမေးခံရရင် သင်ဘယ်လိုဖြေမလဲ။ အဲဒီပညတ်ကို “ခရစ်တော်၏တရား” လို့လည်းခေါ်တယ်။ အဲဒီပညတ်ကို ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့ ပုံဆောင်အစ္စရေးတွေကို ဦးဆုံးပေးခဲ့တာဖြစ်တယ်။ (ဂလ. ၆:၂; ရော. ၂:၂၈၊ ၂၉) “ခရစ်တော်၏တရား” ကို မေတ္တာဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့ အကျဉ်းချုပ်ဖော်ပြနိုင်တယ်။ (မ. ၂၂:၃၆-၃၉) ဘိသိက်ပေးခံရသူတွေက သူတို့ရဲ့နှလုံးသားပေါ်မှာရေးထားတဲ့ အဲဒီပညတ်ကို ဘယ်လိုနည်းနဲ့ရကြသလဲ။ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ကဏ္ဍတွေဖြစ်တဲ့ ကျမ်းစာကိုလေ့လာခြင်း၊ ယေဟောဝါဆီဆုတောင်းခြင်းအားဖြင့် ရကြတယ်။ တကယ်တော့ ပဋိညာဉ်တရားသစ်မှာမပါဝင်ပေမယ့် အဲဒီကနေ အကျိုးခံစားချင်တဲ့ ခရစ်ယာန်စစ်အားလုံးလည်း အဲဒါတွေကို ပုံမှန်လုပ်ဆောင်သင့်တယ်။

၁၃ “ခရစ်တော်၏တရား” ကို “လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရား၊” “လွတ်လပ်သူများနှင့်ဆိုင်သောတရား” လို့ ခေါ်ထားတယ်။ (ယာ. ၁:၂၅; ၂:၁၂) မောရှေရဲ့ပညတ်အောက်မှာ မွေးဖွားလာတဲ့သူတွေ အများကြီးရှိခဲ့ပေမဲ့ ပဋိညာဉ်တရားသစ်၊ တစ်နည်းအားဖြင့် ခရစ်တော်ရဲ့တရားအောက်မှာမွေးဖွားလာတဲ့သူ တစ်ယောက်မှမရှိဘူး။ ခရစ်တော်ရဲ့တရားကိုနာခံသူတွေက ဘုရားသခင်အတွက်အမှုဆောင်ဖို့ အတင်းအကျပ်ဖိအားပေးမခံရဘူး။ ဘုရားသခင်ရဲ့ပညတ်ကို နှလုံးသားပေါ်မှာရေးသားနိုင်တယ်၊ ယေရမိကြိုဟောခဲ့တဲ့ပဋိညာဉ်ရဲ့ ထာဝစဉ်တည်မြဲတဲ့အကျိုးကျေးဇူးတွေကို လူသားအားလုံး ခံစားနိုင်တယ်ဆိုတာကို သိရတဲ့အတွက် သူတို့ဝမ်းမြောက်ကြတယ်။

ဘုရားသခင်က ပဋိညာဉ်တရားသစ်အားဖြင့် အပြစ်တွေကိုခွင့်လွှတ်နိုင်ဖို့ ဘာလုပ်ဆောင်ခဲ့သလဲ။ နှလုံသားပေါ်မှာရေးတဲ့ ပညတ်အကြောင်း သင်ဘယ်လိုသင်ယူနိုင်သလဲ။

ပဋိညာဉ်တရားသစ်ကနေ အကျိုးခံစားရသူများ

၁၄။ ပဋိညာဉ်တရားသစ်ကနေ ဘယ်သူတွေ အကျိုးခံစားရသလဲ။

၁၄ ပဋိညာဉ်တရားသစ်မှာ ၁၄၄,၀၀၀ ပဲပါဝင်တယ်ဆိုတာကို သိလာတဲ့အခါ အဲဒီကနေ သူတို့ပဲအကျိုးခံစားရတယ်လို့ တချို့ယူဆကြလိမ့်မယ်။ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲမှာ မုန့်နဲ့ ‘ပဋိညာဉ်တရားနဲ့ဆိုင်တဲ့သွေး’ ကိုပုံဆောင်တဲ့စပျစ်ဝိုင်ကို ဘိသိက်ပေးခံရသူတွေပဲ သုံးဆောင်တဲ့အတွက် အဲဒီလိုယူဆကြတာဖြစ်နိုင်တယ်။ (မာ. ၁၄:၂၄) ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့သူတွေက လူမျိုးအားလုံးကိုကောင်းချီးရစေမယ့် အာဗြဟံရဲ့ “အမျိုးအနွယ်” အဖြစ် ယေရှုနဲ့ပူးပေါင်းကြမယ်ဆိုတာကို အမှတ်ရပါ။ (ဂလ. ၃:၈၊ ၉၊ ၂၉; က. ၁၂:၃) ယေဟောဝါက အာဗြဟံရဲ့ “အမျိုးအနွယ်” အားဖြင့် လူအားလုံးကို ကောင်းချီးပေးမယ်ဆိုတဲ့ကတိကို ပဋိညာဉ်တရားသစ်ကိုသုံးပြီး ပြည့်စုံစေပါလိမ့်မယ်။

၁၅။ ဘိသိက်ပေးခံရသူတွေ ဘာတာဝန်ရမယ်လို့ ကြိုဟောထားသလဲ။

၁၅ အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ ယေရှုခရစ်က ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်နေတယ်။ သူက အပြစ်တွေကိုခွင့်လွှတ်စေနိုင်တဲ့ ပြီးပြည့်စုံတဲ့ယဇ်ကို ပူဇော်ခဲ့တယ်။ (ဟေဗြဲ ၂:၁၇၊ ၁၈ ကိုဖတ်ပါ။)  ဘုရားသခင်က “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” အကြောင်း နှစ်ပေါင်းများစွာကတည်းက ကြိုဟောခဲ့တယ်။ (ထွ. ၁၉:၆) “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး” လို့ပြောတဲ့အတွက် အဲဒီယဇ်ပုရောဟိတ်တွေက ဘုရင်တွေအဖြစ်လည်း အုပ်စိုးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါပေမဲ့ ဇာတိအစ္စရေးလူမျိုးမှာ ယဇ်ပုရောဟိတ်တွေက တစ်နွယ်၊ ဘုရင်တွေက နောက်တစ်နွယ်ဖြစ်တယ်။ ဒါကြောင့် ကြိုဟောထားတဲ့အတိုင်း ဘုရင်တွေအနေနဲ့ရော ယဇ်ပုရောဟိတ်တွေအနေနဲ့ပါ အမှုဆောင်မယ့်လူမျိုးက ဘယ်လိုပေါ်လာနိုင်မလဲ။ တမန်တော်ပေတရုက စွမ်းအားတော်အားဖြင့် သန့်ရှင်းအောင်ဆေးကြောခံရသူတွေဆီ ပထမစာစောင်ကို ရေးခဲ့တယ်။ (၁ ပေ. ၁:၁၊ ၂) ပေတရုက သူတို့ကို “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု” လို့ခေါ်ခဲ့တယ်။ (၁ ပေ. ၂:၉) ဒါကြောင့် ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့ ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေက လက်ထောက်ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြပါလိမ့်မယ်။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့က ဘုရင်အဖြစ် “အစိုးရ” နေတဲ့ အပြစ်ရဲ့လက်အောက်မှာ နေ့စဉ်နဲ့အမျှ ရုန်းကန်တွန်းလှန်နေရတယ်။ လက်ထောက်ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်မယ့်သူတွေလည်း အဲဒီလိုကြုံဖူးကြမှာပဲ။ (ရော. ၅:၂၁) အပြစ်လုပ်မိပြီးတဲ့နောက် အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်က ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ သူတို့သိကြပါလိမ့်မယ်။ ဒါကြောင့် အပြစ်လုပ်ချင်တဲ့စိတ်ကို ကျွန်တော်တို့အနိုင်ရသွားတဲ့အခါ သူတို့က ခရစ်တော်နဲ့အတူ စာနာပေးနိုင်ကြလိမ့်မယ်။

၁၆။ “လူအုပ်ကြီး” က ဗျာဒိတ် ၇:၉၊ ၁၄ ကနေ ဘယ်လိုအားပေးမှုရနိုင်သလဲ။

၁၆ ဗျာဒိတ် ၇:၉၊ ၁၄ မှာ “လူအုပ်ကြီး” က “ဝတ်လုံဖြူကိုဝတ်” ထားတယ်လို့ ဖော်ပြထားတယ်။ ဒါက ဘုရားသခင်ရှေ့မှာ စင်ကြယ်တဲ့အနေအထားရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ “ကြီးစွာသောဒုက္ခ” ကို လွတ်မြောက်ဖို့မျှော်လင့်ချက်ရှိတဲ့ အဲဒီလူအုပ်ကြီးကို အခု စုသိမ်းနေတုန်းပဲ။ ဒါကြောင့် သူတို့က အခုကတည်းက အတိုင်းအတာတစ်ခုအထိ ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်တဲ့အနေအထားကို ရရှိထားကြတယ်။ သူတို့က ယေဟောဝါရဲ့မိတ်ဆွေတွေအဖြစ် ဖြောင့်မတ်တယ်လို့ ကြေညာခံကြရတယ်။ (ရော. ၄:၂၊ ၃; ယာ. ၂:၂၃) သိပ်ကောင်းတဲ့ အကျိုးကျေးဇူးပါပဲ။ သင်က လူအုပ်ကြီးအဝင်ဖြစ်မယ်ဆိုရင် ဘုရားသခင်ရှေ့မှာစင်ကြယ်နေဖို့ သင်ကြိုးစားတဲ့အခါ ကိုယ်တော်က သင့်ကို လိုလိုလားလားကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

၁၇။ ယေဟောဝါက အပြစ်တွေကို ဘယ်သဘောနဲ့ လုံးဝ “မအောက်မေ့” တာလဲ။

၁၇ ဘုရားသခင့်မျက်နှာသာရတဲ့သူတွေရဲ့အပြစ်က ဘယ်လိုဖြစ်သွားသလဲ။ “ငါသည် သူတို့အပြစ်များကို သည်းခံ [“ခွင့်လွှတ်၊” ကဘ] မည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” လို့ ယေရမိကတစ်ဆင့် ယေဟောဝါပြောခဲ့တာကို ပြန်အမှတ်ရပါ။ (ယေ. ၃၁:၃၄) ဘုရားသခင်က ယေရှုရဲ့ယဇ်ကိုအခြေခံပြီး ဘိသိက်ပေးခံရသူတွေရဲ့အပြစ်ကို ခွင့်လွှတ်ခဲ့တယ်။ အဲဒီလိုပဲ၊ ဘုရားသခင်က အဲဒီ ‘ပဋိညာဉ်တရားနှင့်ဆိုင်သည့်သွေး’ ကိုပဲ အခြေခံပြီး လူအုပ်ကြီးရဲ့အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ ဘုရားသခင်က အပြစ်တွေကို ‘မအောက်မေ့ဘူး’ လို့ ယေရမိပြောတဲ့အခါ ကိုယ်တော်က မှတ်ဉာဏ်မကောင်းဘူး၊ အပြစ်တွေကိုမမှတ်မိနိုင်ဘူးဆိုတဲ့သဘောမဟုတ်ဘူး။ ယေဟောဝါက နောင်တရတဲ့အပြစ်လုပ်သူကို လိုအပ်သလိုဆုံးမပြီး ခွင့်လွှတ်လိုက်တာနဲ့တစ်ပြိုင်နက် သူလုပ်ခဲ့တဲ့အပြစ်ကို ကျောဘက်ကိုပစ်လိုက်တယ်ဆိုတဲ့သဘောဖြစ်တယ်။ ဗာသရှေဘနဲ့ဥရိယအပေါ် ဘုရင်ဒါဝိဒ်ကျူးလွန်ခဲ့တဲ့အပြစ်တွေအကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်က ဆုံးမခံခဲ့ရပြီး အပြစ်ရဲ့ဆိုးကျိုးတွေကို ခံစားခဲ့ရတယ်။ (၂ ရာ. ၁၁:၄၊ ၁၅၊ ၂၇; ၁၂:၉-၁၄; ဟေရှာ. ၃၈:၁၇) ဒါပေမဲ့ ဘုရားသခင်က ဒါဝိဒ်ရဲ့အပြစ်တွေကို ဆက်ပြီးတေးမှတ်မထားဘူး။ (၂ ရာဇဝင်ချုပ် ၇:၁၇၊ ၁၈ ကိုဖတ်ပါ။) ပဋိညာဉ်တရားသစ်မှာဖော်ပြထားတဲ့အတိုင်း ယေဟောဝါက ယေရှုရဲ့ယဇ်ကိုအခြေခံပြီး အပြစ်တွေကိုခွင့်လွှတ်လိုက်ပြီဆိုရင် အဲဒီအပြစ်တွေကို လုံးဝမအောက်မေ့တော့ဘူး။—ယေဇ. ၁၈:၂၁၊ ၂၂၊

၁၈၊ ၁၉။ ပဋိညာဉ်တရားသစ်မှာ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ဘာသင်ခန်းစာပါသလဲ။

၁၈ ပဋိညာဉ်တရားသစ်က အပြစ်ရှိတဲ့လူသားအားလုံးနဲ့ ယေဟောဝါရဲ့ဆက်ဆံပုံကို အလေးပေးဖော်ပြတယ်။ အဲဒီလူတွေထဲမှာ ပဋိညာဉ်တရားသစ်မှာပါတဲ့ ဘိသိက်ပေးခံရသူတွေရော မြေကြီးမျှော်လင့်ချက်ရှိတဲ့သူတွေပါ ပါဝင်တယ်။ ယေဟောဝါက သင့်အပြစ်တွေကိုခွင့်လွှတ်လိုက်ပြီဆိုရင် အဲဒီအပြစ်တွေကို ပြန်အစဖော်တော့မှာမဟုတ်ဘူးဆိုတာ သင်စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ပဋိညာဉ်တရားသစ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိကနေ ကျွန်တော်တို့ယောက်တိုင်း သင်ခန်းစာယူနိုင်တယ်။ ‘ငါက ဘုရားသခင်ကိုအတုယူတဲ့အနေနဲ့ တခြားသူတွေ ငါ့အပေါ်လုပ်တဲ့အမှားတွေ၊ စိတ်ဆိုးစရာတွေကို ခွင့်လွှတ်ပြီးတဲ့နောက် ပြန်အစမဖော်ဘဲနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ (မ. ၆:၁၄၊ ၁၅) အဲဒါက စိတ်ဆိုးစရာအသေးအဖွဲကိစ္စတွေအပြင် အိမ်ထောင်ဖက်တစ်ဦး အိမ်ထောင်ရေးဖောက်ပြန်မှုလိုမျိုး ကြီးလေးတဲ့ကိစ္စတွေနဲ့လည်း သက်ဆိုင်တယ်။ ဖောက်ပြန်တဲ့အိမ်ထောင်ဖက် နောင်တရလို့ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်က ခွင့်လွှတ်လိုက်ပြီဆိုရင် အပြစ်ကို “မအောက်မေ့ဘဲနေ” သင့်တယ်မဟုတ်လား။ အမှားတွေကို ကျောဘက်ပစ်လိုက်ဖို့ မလွယ်ကူပေမဲ့ ဒါက ယေဟောဝါကိုအတုယူနိုင်တဲ့နည်းတစ်နည်းဖြစ်တယ်။a

၁၉ ပဋိညာဉ်တရားသစ်ကနေရတဲ့ အဲဒီသင်ခန်းစာကို နှင်ထုတ်ခံခဲ့ရပေမဲ့ နောင်တယူပြီး အသင်းတော်ထဲပြန်ရောက်လာတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ကျင့်သုံးနိုင်တယ်။ အဲဒီလူက သင့်ကို တစ်နည်းနည်းနဲ့ ထိခိုက်အောင်လုပ်ခဲ့တယ် ဒါမှမဟုတ် နာမည်ဖျက်ခဲ့တယ်ဆိုရင်ကော။ အခု သူ့ကို အသင်းတော်မှာပြန်လက်ခံလိုက်ပြီ။ ယေရမိ ၃၁:၃၄ မှာပါတဲ့စကားတွေက သင့်ရဲ့အတွေးအခေါ်နဲ့တုံ့ပြန်ပုံအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။ ကျွန်တော်တို့က အပြစ်လုပ်တဲ့သူကိုခွင့်လွှတ်ပြီး သူ့အမှားတွေကို ပြန်အစမဖော်ဘဲနေမလား။ (၂ ကော. ၂:၆-၈) ပဋိညာဉ်တရားသစ်ကို ကျေးဇူးတင်လေးမြတ်သူတိုင်းက ကိုယ့်အသက်တာမှာ အဲဒါကိုလက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါလိမ့်မယ်။

ပဋိညာဉ်တရားသစ်ကနေရတဲ့ ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့သင်ခန်းစာကို သင်ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်သလဲ။

ပဋိညာဉ်တရားသစ်ရဲ့ လက်ရှိနဲ့အနာဂတ်ကောင်းချီးများ

၂၀။ သင့်သဘောထားက ယေရမိခေတ်က လူများစွာရဲ့သဘောထားနဲ့ ဘယ်လိုကွာခြားသလဲ။

၂၀ ယေရမိခေတ်မှာ ဂျူးများစွာက “ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေး” ဆိုပြီး ပြောကြတယ်။ (ဇေ. ၁:၁၂) ယေဟောဝါက ဘယ်သူလဲ၊ ဘယ်လိုဘုရားမျိုးလဲဆိုတာကို သူတို့သိပေမဲ့ ကိုယ်တော်က အပြစ်ပေးမှာမဟုတ်ဘူး၊ သူတို့ကို စံနှုန်းတစ်ခုခုနဲ့အညီ အသက်ရှင်ဖို့လည်း မမျှော်လင့်ဘူးဆိုပြီး ထင်နေကြတယ်။ ဒါပေမဲ့ သင်က ဘုရားသခင်မမြင်တဲ့အရာ ဘာမှမရှိဘူးဆိုတာ သိပါတယ်။ သင်က ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းတာကိုရှောင်ချင်မှာ သေချာတယ်။ (ယေ. ၁၆:၁၇) ယေဟောဝါက မေတ္တာရှိတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုလည်း သင်သိတယ်။ သင့်ရဲ့အကျင့်ကောင်းတွေကို တခြားသူတွေ မြင်မြင်၊ မမြင်မြင် ကိုယ်တော်မြင်တယ်။—၆ ရာ. ၁၆:၉။

စာမျက်နှာ ၁၇၉ ပါ ရုပ်ပုံ

ဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုသူတွေက ကိုယ်တော်ပေးမယ့် အနာဂတ်ကောင်းချီးတွေကို ခံစားရလိမ့်မယ်

၂၁၊ ၂၂။ “ထာဝရဘုရားကို သိလော့” ဆိုပြီး သင့်ကိုပြောဖို့မလိုတော့တာ ဘာကြောင့်လဲ။

၂၁ ပဋိညာဉ်တရားသစ်ရဲ့ထူးခြားတဲ့ကဏ္ဍတစ်ခုကတော့ “ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ . . . ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား . . . ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်” ဆိုတဲ့အချက်ဖြစ်တယ်။ (ယေ. ၃၁:၃၃၊ ၃၄) အခု မြေကြီးပေါ်မှာရှိနေတဲ့ ဘိသိက်ပေးခံရသူတွေက သူတို့ထဲမှာ ဘုရားသခင်ရဲ့ပညတ်ရှိတယ်ဆိုတာကို ဖော်ပြနေကြတယ်။ သူတို့က လူ့သွန်သင်ချက်တွေကို အားကိုးမယ့်အစား အဲဒီပညတ်မှာပါတဲ့အမှန်တရားတွေကို မြတ်နိုးကြတယ်။ သူတို့က လူအုပ်ကြီးမှာပါဝင်တဲ့သူတွေကို ကျမ်းစာအသိပညာဝေမျှပေးကြတယ်။ ဒါကြောင့် မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း ယေဟောဝါအကြောင်းသိလာပြီး ကိုယ်တော့်ကိုချစ်မြတ်နိုးလာကြတယ်။ သူတို့က ကိုယ်တော့်လမ်းညွှန်ချက်တွေကို လိုလိုလားလားနာခံပြီး ကိုယ်တော့်ကတိတွေကို ယုံကြည်ကိုးစားကြတယ်။ သင်လည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ သင်က ကိုယ်တော့်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ်သိကျွမ်းပြီး ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်။ သိပ်ကောင်းတဲ့အကျိုးကျေးဇူးပါပဲ။

၂၂ သင်က ယေဟောဝါနဲ့ဆက်ဆံရေးပိုခိုင်မြဲအောင် ဘယ်လိုလုပ်ခဲ့သလဲ။ သင့်ဆုတောင်းချက်တွေကို ကိုယ်တော်အဖြေပေးခဲ့တဲ့အချိန်တွေကို သင်မှတ်မိမှာသေချာတယ်။ အဲဒီလိုတွေ့ကြုံမှုတွေကြောင့် ဘုရားသခင်ကို သင် ပိုပြီးကျေးဇူးတင်လေးမြတ်လာတယ်။ အခက်အခဲတစ်ခုကိုဖြေရှင်းနိုင်ဖို့ကူညီပေးတဲ့ ကျမ်းချက်ကိုပြန်မှတ်မိတဲ့အခါ ဘုရားသခင့်ထောက်မမှုကို သင်ခံစားခဲ့ရမှာပဲ။ အဲဒီလိုတွေ့ကြုံမှုတွေကို တန်ဖိုးထားပါ။ သင်က သမ္မာကျမ်းစာကို ဆက်လေ့လာတာနဲ့အမျှ ကိုယ်တော့်ကို ပိုသိကျွမ်းလာပါလိမ့်မယ်။ အဲဒါက အမြဲခံစားရမယ့်အကျိုးကျေးဇူးတစ်ခု ဖြစ်တယ်။

၂၃။ ယေဟောဝါကိုသိကျွမ်းခြင်းက မလိုအပ်ဘဲခံစားနေရတဲ့စိတ်သောကတွေကနေ ဘယ်လိုကင်းဝေးစေနိုင်သလဲ။

၂၃ ပဋိညာဉ်တရားသစ်က ကျွန်တော်တို့အခုရရှိနိုင်တဲ့ နောက်ကောင်းချီးတစ်ခုနဲ့လည်း ဆက်စပ်နေတယ်။ အပြစ်တွေကို ပဋိညာဉ်တရားသစ်နဲ့အညီ ယေဟောဝါခွင့်လွှတ်ပေးတယ်ဆိုတာကို သိထားခြင်းက ကျွန်တော်တို့ကို အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကနေ ကင်းဝေးစေနိုင်တယ်။ ဥပမာ၊ ဘုရားသခင့်စံနှုန်းကိုမသိခင်မှာ ကိုယ်၀န်ဖျက်ချခဲ့သူတချို့က အသက်တစ်ချောင်းကိုသတ်ခဲ့မိတဲ့အတွက် အပြစ်ရှိတယ်လို့ခံစားရပြီး ဝမ်းနည်းနေလိမ့်မယ်။ တချို့က စစ်ပွဲမှာပါဝင်တိုက်ခိုက်ရင်း လူသတ်မိတဲ့အတွက် အဲဒီလိုခံစားနေရတယ်။ ပဋိညာဉ်တရားသစ်ရဲ့အခြေခံဖြစ်တဲ့ ယေရှုရဲ့ရွေးဖိုးပူဇော်သကာက စစ်မှန်တဲ့နောင်တရသူတွေကို ခွင့်လွှတ်မှုရစေနိုင်တယ်။ ယေဟောဝါက ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်တဲ့အခါ အဲဒီကိစ္စကို ပြည်ဖုံးကားချလိုက်ပြီလို့ ယုံကြည်စိတ်ချသင့်တယ်မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့က ယေဟောဝါအကြွင်းမဲ့ခွင့်လွှတ်ပြီးသားအပြစ်တွေကို တနုံ့နုံ့ပြန်တွေးနေစရာမလိုတော့ဘူး။

၂၄။ ယေရမိ ၃၁:၂၀ မှာပါတဲ့မှတ်တမ်းက သင့်ကို ဘယ်လိုအားရှိစေနိုင်သလဲ။

၂၄ ဘုရားသခင် ခွင့်လွှတ်တယ်ဆိုတဲ့ အထောက်အထားကို ယေရမိ ၃၁:၂၀ မှာတွေ့နိုင်တယ်။ (ကျမ်းချက်ဖတ်ပါ။) ယေရမိခေတ်မတိုင်ခင် ဆယ်စုနှစ်တွေကတည်းက ယေဟောဝါဟာ မြောက်ပိုင်းအစ္စရေးဆယ်နွယ်နိုင်ငံကို ရုပ်တုကိုးကွယ်မှုကြောင့် အပြစ်ပေးခဲ့တယ်။ ထင်ရှားတဲ့ဧဖရိမ်မျိုးနွယ်က အဲဒီဆယ်နွယ်နိုင်ငံကို ကိုယ်စားပြုတယ်။ သူတို့က ပြည်နှင်ခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို သံယောဇဉ်ကြီးတဲ့အတွက် မြတ်နိုးကြင်နာမှုပြခဲ့တယ်။ ကိုယ်တော်က သူတို့ကို “ချစ်ဖွယ်သောသူငယ်” လို ချစ်မြတ်နိုးနေတုန်းပဲ။ သူတို့အကြောင်းစဉ်းစားလိုက်တိုင်း ကိုယ်တော်က “စိတ်ကြင်နာခြင်း” ရှိတယ်။ ရင်ထဲအသည်းထဲအထိ ခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပဋိညာဉ်တရားသစ်အကြောင်းပြောထားတဲ့ကျမ်းချက်ရဲ့ ရှေ့ပိုင်းမှာပါတဲ့ ဒီမှတ်တမ်းက ယေဟောဝါဟာ အတိတ်ကအမှားအတွက် နောင်တရသူတွေကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တယ်ဆိုတာ ဖော်ပြတယ်။

၂၅။ ပဋိညာဉ်တရားသစ်အတွက် ယေဟောဝါကို သင် ဘာကြောင့်ကျေးဇူးတင်နိုင်သလဲ။

၂၅ ပဋိညာဉ်တရားသစ်အားဖြင့် အပြစ်တွေကိုခွင့်လွှတ်မယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိက ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုကုန်ဆုံးချိန်မှာ အပြည့်ဝဆုံးသဘောနဲ့ အကျိုးသက်ရောက်ပါလိမ့်မယ်။ ယေရှုခရစ်နဲ့ လက်ထောက်ယဇ်ပုရောဟိတ်တွေဖြစ်တဲ့ ၁၄၄,၀၀၀ က သစ္စာရှိတဲ့လူသားတွေကို ပြီးပြည့်စုံတဲ့အခြေအနေကို ပြန်ရောက်စေပါလိမ့်မယ်။ လူသားတွေက နောက်ဆုံးစမ်းသပ်ခံရပြီးတဲ့နောက် ယေဟောဝါရဲ့စကြဝဠာမိသားစုဝင်အဖြစ် အပြည့်အဝပါဝင်ခွင့်ရပါလိမ့်မယ်။ (ရောမ ၈:၁၉-၂၂ ကိုဖတ်ပါ။) ရာစုနှစ်တွေတစ်လျှောက် လူသားအားလုံးက အပြစ်ရဲ့ဖိစီးမှုအောက်မှာ ညည်းတွားနေရတယ်။ ဒါပေမဲ့ ယေဟောဝါဖန်ဆင်းခဲ့တဲ့လူသားတွေက “ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှုဘုန်းအသရေ၊” တစ်နည်းအားဖြင့် အပြစ်နဲ့သေခြင်းလက်အောက်ကနေ လွတ်မြောက်မှုကို ခံစားရလိမ့်မယ်။ ဒါကြောင့် သင်က မေတ္တာပါတဲ့အစီအစဉ်ဖြစ်တဲ့ ပဋိညာဉ်တရားသစ်ကနေ အကျိုးကျေးဇူးအများကြီးရရှိနိုင်တယ်ဆိုတာ စိတ်ချပါ။ သင်က ဒါဝိဒ်ရဲ့ “အညွန့်” အားဖြင့် အခုနဲ့ထာဝစဉ် အကျိုးခံစားနိုင်ပါလိမ့်မယ်။ ဘုရားသခင်က ‘မြေကြီးပေါ်မှာ ဖြောင့်မတ်စွာစီရင်’ တဲ့အခါ သင် အသက်ရှင်နိုင်ပါလိမ့်မယ်။—ယေ. ၃၃:၁၅။

သင်က ပဋိညာဉ်တရားသစ်ကနေ အခုရော အနာဂတ်မှာပါ ဘယ်လိုနည်းနဲ့ အကျိုးကျေးဇူးရနိုင်သလဲ။

a ဂေါမာအပေါ် ဟောရှေရဲ့ဆက်ဆံပုံက ယေဟောဝါရဲ့ လိုလိုလားလားခွင့်လွှတ်ချင်တဲ့သဘောကို တင်စားဖော်ပြတယ်။ ဟောရှေ ၂:၁၄-၁၆ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ