အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် အတွက် ကိုးကားချက်များ
မတ် ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၁-၄
“မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်”
(ယေရမိ ၁:၆) “ငါကလည်း အိုအရှင်ထာဝရဘုရား အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏။”
အရေးတကြီးဟောပြောရမယ့်သတင်း
၄ ယေရမိကို ကင်းစောင့်အဖြစ် ယေဟောဝါတာဝန်ပေးချိန်မှာ သူ့အသက်က ၂၅ နှစ်ခန့်ပဲ ရှိဦးမယ်။ (ယေ. ၁:၁၊ ၂) အဲဒီအချိန်မှာ ယေရမိက မိမိကိုယ်ကို အစ္စရေးလူကြီးတွေ၊ အသက်ကြီးသူတွေနဲ့ အခွင့်အာဏာရှိသူတွေကို စကားပြောဆိုဖို့ အရည်အချင်းမရှိသေးတဲ့ သူငယ်ဖြစ်တယ်လို့ ယူမှတ်ခဲ့တယ်။ (ယေ. ၁:၆) သူက အထူးသဖြင့် ယဇ်ပုရောဟိတ်တွေ၊ ပရောဖက်အတုအယောင်တွေ၊ ဘုရင်တွေနဲ့ လူအများကြိုက်လမ်းစဉ်ကို လိုက်ပြီး “လမ်းလွဲ” နေသူတွေ၊ “ဖောက်ပြန်” တဲ့လမ်းစဉ်ကို တစိုက်မတ်မတ်လိုက်နေသူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကြောက်မက်ဖွယ် တရားစီရင်ချက်အကြောင်း ကြွေးကြော်ရမှာ ဖြစ်တယ်။ (ယေ. ၆:၁၃; ၈:၅၊ ၆) ကြွေးကြော်ရမယ့်သတင်းက အနှစ်လေးရာနီးပါး စစ်မှန်တဲ့ဝတ်ပြုရေးအတွက် အချက်အချာဖြစ်ခဲ့တဲ့ ဘုရင်ရှောလမုန်ရဲ့ ဝတ်ပြုရာအိမ်တော် ဖျက်ဆီးခံရမယ်။ ဂျေရုဆလင်နဲ့ ယုဒနယ်ဟာ လူမနေတဲ့ဖုန်းဆိုးမြေဖြစ်ပြီး လူတွေက သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမယ်။ ဒါကြောင့် ယေရမိက သူရ,ထားတဲ့သတင်းကို အပူတပြင်း ကြေညာရမယ်ဆိုတာ ထင်ရှားတယ်။
(ယေရမိ ၁:၇-၁၀) ထာဝရဘုရားကလည်း အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ ၈ သူတို့ကိုမကြောက်နှင့်။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်ဟု မိန့်တော်မူပြီးမှ၊ ၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက် သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။ ၁၀ ကြည့်ရှုလော့။ သင်သည် နုတ်ပယ် ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
(ယေရမိ ၁:၁၇-၁၉) သို့ဖြစ်၍ သင်သည် ခါးပန်းကိုစည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကိုမကြောက်နှင့်။ ၁၈ ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တစ်နိုင်ငံလုံးတစ်ဖက်၌ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။ ၁၉ သူတို့သည် သင့်ကိုစစ်တိုက်၍မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
မည်သူ၏စကားကို သင်နားထောင်မည်နည်း—ဘုရားသခင်၏စကားတော်ကိုလော၊ လူ၏စကားကိုလော
၁၈ ပရောဖက်ယေရမိကို ဘုရားသခင်က “သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်” ဟုမိန့်တော်မူ၏။ (ယေရမိ ၁:၈) ယနေ့ ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းမှုမှ ယေဟောဝါ မည်သို့ကယ်တင်နိုင်သနည်း။ ဂါမလျေလကဲ့သို့သော ဘက်မလိုက်တတ်သည့် တရားသူကြီးတစ်ဦးကို ပေါ်ထွက်စေခြင်းအားဖြင့် ဖြစ်နိုင်သည်။ သို့မဟုတ် အကျင့်ပျက်သော၊ ဆန့်ကျင်တိုက်ခိုက်သော အရာရှိတစ်ဦး၏နေရာတွင် သူ့ထက်ပို၍ အကျိုးသင့်အကြောင်းသင့်ရှိသည့် အရာရှိတစ်ဦးက မမျှော်လင့်ဘဲ အစားဝင်ရောက်လာရန် လမ်းကြောင်းပေးခြင်းအားဖြင့် ဖြစ်နိုင်သည်။ သို့သော် တစ်ခါတစ်ရံ ယေဟောဝါသည် မိမိ၏လူမျိုးကို ဆက်၍နှိပ်စက်ညှဉ်းပန်းခံခွင့် ပြုပေမည်။ (၂ တိမောသေ ၃:၁၂) ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းခံခွင့် ပြုသည့်အခါတိုင်း ခံနိုင်ရည်ရှိရန် ခွန်အားပေးပါလိမ့်မည်။ (၁ ကောရိန္သု ၁၀:၁၃) အဘယ်အရာကိုပင် ဘုရားသခင်ခွင့်ပြုပါစေ ဘုရားသခင့်လူမျိုးကို ဆန့်ကျင်တိုက်ခိုက်သူများသည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်းဖြစ်ပြီး အောင်မြင်မည်မဟုတ်ဟူသော နောက်ဆုံးရလဒ် ထွက်ပေါ်လာမည်ကို ကျွန်ုပ်တို့သံသယမရှိပါ။
ခြေကုန်လက်ပန်းကျနေသူတွေကို သင် လန်းဆန်းစေမလား
၁၄ ယေရမိ ဘယ်လိုအားပေးခံရတယ်၊ ခြေကုန်လက်ပန်းကျနေသူတွေကို သူဘယ်လို အားပေးခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဆန်းစစ်သင့်တယ်။ (ယေ. ၃၁:၂၅) ယေရမိဟာ အထူးသဖြင့် ယေဟောဝါဆီကနေ အားပေးမှု ရရှိခဲ့တယ်။ “ခိုင်ခံ့သောမြို့ . . . အရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ ‘သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏” လို့ ယေရမိကို ကိုယ်တော်ပြောခဲ့တယ်။ (ယေ. ၁:၁၈၊ ၁၉) သင့်ကို ယေဟောဝါ အဲဒီလိုပြောခဲ့မယ်ဆိုရင် သင်သိပ်အားရှိသွားမယ် မဟုတ်လား။ ယေရမိက ယေဟောဝါကို “အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ” လို့ခေါ်ခဲ့တာဟာ ခိုင်လုံတဲ့ အကြောင်းရင်းရှိလို့ပဲ။—ယေ. ၁၆:၁၉။
၁၅ ယေဟောဝါက ယေရမိကို “သင်နှင့်အတူငါရှိသည်” ဆိုပြီးပြောခဲ့တာ မှတ်သားစရာပါပဲ။ အားပေးမှု လိုအပ်နေသူ တစ်ယောက်အတွက် သင်လုပ်ပေးနိုင်တဲ့အရာတစ်ခုကို အဲဒီစကားမှာ သင်တွေ့သလား။ ညီအစ်ကိုညီအစ်မတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် အားပေးမှု လိုအပ်နေတယ်ဆိုတာကို သိတာက တစ်ကဏ္ဍ၊ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးတာက တစ်ကဏ္ဍဖြစ်တယ်။ အခြေအနေ အတော်များများမှာ အထိရောက်ဆုံးကတော့ ယေရမိနဲ့အတူ ဘုရားသခင် ရှိနေပေးခဲ့သလို လိုအပ်နေသူနဲ့အတူ သင် ရှိနေပေးဖို့ပဲဖြစ်တယ်။ အဲဒီနောက် အားပေးစကား တစ်ခွန်းနှစ်ခွန်း ပြောနိုင်တယ်။ ကရားရေလွှတ်ပြောတာထက် သေချာစဉ်းစားပြီးပြောတဲ့ အားပေးနှစ်သိမ့်စကား အနည်းငယ်က ပိုကောင်းတယ်။ စကားကြီးစကားကျယ်တွေ ဖွဲ့နွဲ့ပြောနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ စိုးရိမ်ပေးမှုနဲ့ ခရစ်ယာန်မေတ္တာကို ဖော်ပြတဲ့ စကားလုံး ရိုးရိုးလေးတွေကိုသုံးပါ။ အဲဒီလိုစကားလုံးတွေက တကယ့်ကို အကျိုးရှိနိုင်ပါတယ်။—သုတ္တံ ၂၅:၁၁ ကိုဖတ်ပါ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၂:၁၃) ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော ငါ့ကိုစွန့်ပယ်၍ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
(ယေရမိ ၂:၁၈) ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက်အံ့သောငှာ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့်လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှာ အာရှုရိလမ်းသို့ အဘယ်ကြောင့်လိုက်သနည်း။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၂:၁၃၊ ၁၈။ သစ္စာမဲ့ဣသရေလလူမျိုးသည် မကောင်းမှုနှစ်ခုပြုခဲ့သည်။ ကောင်းချီး၊ လမ်းညွှန်မှုနှင့် ကာကွယ်မှုပေးစွမ်းနိုင်သော ယေဟောဝါကို သူတို့စွန့်ပစ်ခဲ့ကြသည်။ အီဂျစ်၊ အာရှုရိတို့နှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် ပုံဆောင်သဘောအရ မိမိတို့ဘာသာ ရေတွင်းတူးကြသည်။ ယနေ့လည်း လူ့အတွေးအခေါ်၊ သီအိုရီနှင့် လောကနိုင်ငံရေးများကြောင့် စစ်မှန်သောဘုရားသခင်ကို စွန့်ပစ်ခြင်းသည် “အသက်စမ်းရေတွင်း” ကိုစွန့်ပယ်၍ “ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို” တူးခြင်းဖြစ်၏။
(ယေရမိ ၄:၁၀) ငါကလည်း အိုအရှင်ထာဝရဘုရား သန်လျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း သင်တို့သည် ငြိမ်သက်ခြင်းရှိကြလိမ့်မည်ဟု ကိုယ်တော်သည်မိန့်တော်မူသောအားဖြင့် ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီတကားဟု လျှောက်ဆို၏။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၄:၁၀; ၁၅:၁၈—ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် ပုန်ကန်သောလူမျိုးကို လှည့်စားသနည်း။ ယေရမိခေတ်က ပရောဖက်များသည် “မဟုတ်မမှန်ဟောပြောကြ၏။” (ယေရမိ ၅:၃၁; ၂၀:၆; ၂၃:၁၆၊ ၁၇၊ ၂၅-၂၈၊ ၃၂) ထိုသို့ မဟုတ်မမှန် ပရောဖက်ပြုနေခြင်းကို ယေဟောဝါ မတားဆီးခဲ့ပါ။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၄:၁-၁၀) အိုဣသရေလအမျိုး သင်သည်ပြန်လာလိုလျှင် ငါ့ထံသို့ပြန်လာပါ။ သင်၏ ရွံရှာဖွယ်တို့ကိုပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။ ၂ သင်ကလည်း ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း ထိုဘုရားသခင်အားဖြင့် မိမိတို့ကိုကောင်းချီးပေး၍ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ၃ ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့အား မိန့်တော်မူသည်ကား သင်တို့၏လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကိုမကြဲကြနှင့်။ ၄ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ထာဝရဘုရားအဖို့အလိုငှာ အရေဖျားလှီးမင်္ဂလာကိုခံ၍ သင်တို့နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ် သင်တို့၏အကျင့်မကောင်းသောကြောင့် ငါ့အမျက်သည် မီးကဲ့သို့ထွက်၍ အဘယ်သူမျှမငြိမ်းနိုင်အောင် လောင်လိမ့်မည်။ ၅ ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု ယေရုရှလင်မြို့မှစ၍ တစ်ပြည်လုံးကြွေးကြော်၍ သတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များအတွင်းသို့ ဝင်ကြကုန်အံ့ဟု အရပ်ရပ်၌ အနှံ့အပြားကြွေးကြော်ကြလော့။ ၆ ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍မနေကြနှင့်။ အကြောင်းမူကား ကြီးစွာသော ပျက်စီးခြင်းဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည်ဆောင်ခဲ့မည်။ ၇ ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာအရပ် ဖြစ်စေခြင်းငှာ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍ သင်၏မြို့တို့သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ၈ ထိုအကြောင်းကြောင့် လျော်တေအဝတ်ကို ဝတ်စည်းလျက် ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် ငါတို့မှလွှဲရှောင်၍မသွားသေး။ ၉ ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေလျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ၁၀ ငါကလည်း အိုအရှင်ထာဝရဘုရား သန်လျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း သင်တို့သည် ငြိမ်သက်ခြင်းရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့် ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီတကားဟု လျှောက်ဆို၏။
မတ် ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၅-၇
“ဘုရားအလိုတော်ကို သူတို့ မဆောင်ကြတော့”
(ယေရမိ ၆:၁၃-၁၅) အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကိုသုံးကြ၏။ ၁၄ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက် ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။ ၁၅ သူတို့သည် ရွံရှာဖွယ်သောအမှုကိုပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထို့ကြောင့် တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
က၈၈ ၄/၁ ၁၁-၁၂ အပိုဒ် ၇-၈
ယေရမိ—ဘုရားသခင့် တရားစီရင်ချက်ကို ကြေညာတဲ့ လူကြိုက်မများတဲ့ ပရောဖက်
၇ “သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်” လို့ ယေဟောဝါပြောတယ်။ (ယေရမိ ၁:၁၉) ဒီပရောဖက်ကို ဂျူးတွေနဲ့ အုပ်ချုပ်သူတွေက ဘာကြောင့် တိုက်ခိုက်ချင်တာလဲ။ ယေရမိရဲ့သတင်းစကားက သူတို့ရဲ့ အပြစ်နဲ့ ဝတ်ပြုရေးကို ထုံးစံအတိုင်းပဲ လုပ်နေတာကို ဖော်ထုတ်တဲ့အတွက်ဖြစ်တယ်။ ယေရမိ သူတို့ကို ဒီလို ပြင်းပြင်းထန်ထန် ပြောတယ်– “ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပါဌ်တော်ကို မနှစ်သက်ကြ။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူ အပေါင်းတို့သည် မတရားသောစီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့ [ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးစံနှုန်းတွေကို ထိန်းသိမ်းသင့်သူတွေကိုယ်တိုင်] သည် မုသာကိုသုံးကြ၏။”—ယေရမိ ၆:၁၀၊ ၁၃။
၈ သူတို့က ယဇ်ပူဇော်တာတွေကို စိတ်မပါဘဲ ဦးစီးလုပ်ဆောင်နေကြတယ်။ မှန်ရာကိုလုပ်မယ့်အစား ထုံးတမ်းစဉ်လာတွေကို ဦးစားပေးတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေက ငြိမ်သက်ခြင်း မရှိဘဲနဲ့ ‘ငြိမ်သက်ခြင်း ရှိတယ်။ ငြိမ်သက်ခြင်း ရှိတယ်’ ဆိုပြီးပြောတဲ့အတွက် လူမျိုးတစ်မျိုးလုံးကို ထင်ယောင်ထင်မှား ဖြစ်စေတယ်။ (ယေရမိ ၆:၁၄။ ၈:၁၁၊ ကဘ) ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း အတူရှိတယ်လို့ ပြည်သူတွေကို လှည့်စားကြတယ်။ သန့်ရှင်းတဲ့မြို့နဲ့ ဗိမာန်တော်ရှိပြီး ယေဟောဝါ ကာကွယ်ပေးတဲ့လူမျိုးဖြစ်လို့ ဘာမှစိုးရိမ်စရာမလိုဘူးလို့ သူတို့ ထင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါ အဲဒီလိုပဲ ရှုမြင်သလား။
(ယေရမိ ၇:၁-၇) ထာဝရဘုရား၏အထံတော်က နှုတ်ကပါဌ်တော်သည် ယေရမိသို့ရောက်လာ၍ သင်သည် ဗိမာန်တော်တံခါးဝ၌ရပ်လျက် ကြွေးကြော်ရမည့်စကားဟူမူကား၊ ၂ ထာဝရဘုရားကို ကိုးကွယ်ခြင်းငှာ ဤတံခါးတို့အတွင်းသို့ဝင်သော ယုဒအမျိုးသားအပေါင်းတို့ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ကို နားထောင်ကြလော့။ ၃ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။ ၄ ဤသည်ကား ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။ ၅ သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များတို့ကို စုံလင်စွာပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်းတို့ကို သေချာစွာတရားသဖြင့် စီရင်လျှင်လည်းကောင်း၊ ၆ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌မသတ်၊ ကိုယ်အကျိုးကိုဖျက်၍ အခြားတစ်ပါးသောဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်လည်းကောင်း၊ ၇ သင်တို့ဘိုးဘေးတို့အား ငါသည် အစဉ်မပြတ်ပေးသောပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကိုငါနေစေမည်။
က၈၈ ၄/၁ ၁၂ အပိုဒ် ၉-၁၀
ယေရမိ—ဘုရားသခင့် တရားစီရင်ချက်ကို ကြေညာတဲ့ လူကြိုက်မများတဲ့ ပရောဖက်
၉ ယေဟောဝါက ယေရမိကို လူအများရှေ့ ဗိမာန်တော်တံခါးမှာရပ်ပြီး ဝတ်ပြုဖို့လာတဲ့သူတွေကို ဘုရားသခင့်စကားကို ကြေညာခိုင်းတယ်။ ဒီလို ပြောရတယ်– ‘ဤသည်ကား ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။ အဲဒါက အကျိုးမရှိတဲ့ မုသာစကား’ ဖြစ်တယ်။ ဂျူးတွေဟာ ဗိမာန်တော်ကို အဆောင်လက်ဖွဲ့လို သဘောထားတာက ယုံကြည်ခြင်းနဲ့မဟုတ်ဘဲ အမြင်အားဖြင့် ကျင့်ဆောင်နေတာဖြစ်တယ်။ ယေဟောဝါရဲ့ ဒီသတိပေးချက်ကို သူတို့ မေ့နေကြတယ်– “ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သောဗိမာန်ကို ငါ့အဖို့ တည်ဆောက်ကြမည်နည်း။” သူတို့ရဲ့ ဗိမာန်တော်ဟာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါအတွက် ဘာမှမပြောပလောက်ဘူး။—ယေရမိ ၇:၁-၈။ ဟေရှာယ ၆၆:၁။
၁၀ ယေရမိ ဒီလိုဆက်ပြောတယ်– “သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကိုသတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊ . . . အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရကြမည်လော။” ဂျူးတွေဟာ ဘုရားရွေးချယ်ထားတဲ့ လူမျိုးဖြစ်လို့ သူတို့ဘာပဲလုပ်လုပ် ဘုရားသည်းခံမှာ၊ ဗိမာန်တော်မှာ ပူဇော်သက္ကာတွေ ပေးနေရင်ပြီးရောလို့ ထင်ကြတယ်။ ယေဟောဝါကို ကလေးကို အလိုလိုက်လွန်းတဲ့ အဖေတစ်ယောက်လို သဘောထားရင်တော့ သူတို့မှားနေပြီ။—ယေရမိ ၇:၉၊ ၁၀။ ထွက်မြောက်ရာ ၁၉:၅၊ ၆။
(ယေရမိ ၇:၈-၁၅) အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။ ၉ သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကိုသတ်လျက်၊ သူ့မယားကို ပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသော ဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊ ၁၀ ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်၌ ငါ့ရှေ့မှာဝင်၍ရပ်လျက် ဤရွံရှာဖွယ်သောအမှု အလုံးစုံတို့ကိုပြုသောကြောင့် အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရကြမည်လော။ ၁၁ ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို သင်တို့သည် ဓားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ၁၂ ရှေးဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့် ထိုအရပ်ကို အဘယ်သို့ငါပြုဖူးသည်ကို ကြည့်ရှုကြလော့။ ၁၃ ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်လည်းကောင်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်လည်းကောင်း၊ ၁၄ ရှိလောရွာကို ငါပြုသကဲ့သို့ ငါ၏နာမဖြင့်သမုတ်သော သင်တို့ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။ ၁၅ သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ထံမှငါနှင်ထုတ်မည်။
“အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
၁၂ ယေဟောဝါက ယောယကိမ်နန်းတက်စမှာ ယေရမိကို ဗိမာန်တော်ဆီသွားပြီး ယုဒလူတွေရဲ့ဆိုးသွမ်းမှုကို ပွင့်ပွင့်လင်းလင်းပြစ်တင်ရှုတ်ချဖို့ မိန့်မှာခဲ့တယ်။ ဘုရားသခင့်ဗိမာန်တော်က သူတို့ကိုကာကွယ်ပေးလိမ့်မယ်လို့ သူတို့ယူဆနေကြတယ်။ ဒါပေမဲ့ သူတို့က ‘သူ့ဥစ္စာကိုခိုးတာ၊ လူ့အသက်ကိုသတ်တာ၊ သူ့မယားကိုပြစ်မှားတာ၊ မဟုတ်မမှန်ဘဲကျိန်ဆိုတာ၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကိုမီးရှို့တာ၊ အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်တာ’ စတဲ့အကျင့်တွေကိုမစွန့်ရင် ယေဟောဝါက ဗိမာန်တော်ကို စွန့်ပစ်မှာဖြစ်တယ်။ ယေဟောဝါက ယဇ်ပုရောဟိတ်မင်း ဧလိခေတ်က ရှိလောမှာရှိတဲ့ တဲတော်ကို စွန့်ပစ်ခဲ့သလို ဗိမာန်တော်မှာ ဝတ်ပြုနေတဲ့ အရေခြုံသမားတွေကိုလည်း စွန့်ပစ်မှာဖြစ်တယ်။ ယုဒပြည်က “လူဆိတ်ညံရာအရပ်” ဖြစ်သွားလိမ့်မယ်။ (ယေ. ၇:၁-၁၅၊ ၃၄; ၂၆:၁-၆) ဒီသတင်းစကားကို ကြေညာဖို့ ယေရမိ ဘယ်လောက်သတ္တိရှိဖို့ လိုမယ်ဆိုတာ စဉ်းစားကြည့်ပါ။ သူက ထင်ပေါ်ကျော်ကြားတဲ့ ဩဇာအာဏာရှိသူတွေရှေ့မှာ လူသိရှင်ကြား ကြေညာရတာ ဖြစ်နိုင်တယ်။ ဒီနေ့အချိန်မှာလည်း ညီအစ်ကိုညီအစ်မတချို့ဟာ လမ်းပေါ်သက်သေခံဖို့ ဒါမှမဟုတ် ချမ်းသာတဲ့သူတွေ၊ အရေးပါအရာရောက်သူတွေကို သက်သေခံဖို့ သတ္တိတော်တော်လိုအပ်တယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ ဘုရားသခင်က ယေရမိကိုထောက်မပေးခဲ့သလို ကျွန်တော်တို့ကိုလည်း ထောက်မပေးမယ်ဆိုတာကို စိတ်ချနိုင်ပါတယ်။—ဟေဗြဲ ၁၀:၃၉; ၁၃:၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၆:၁၆) ထာဝရဘုရားမိန့်တော်မူသည်ကား လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင် စိတ်နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင် ငါတို့သည်မလိုက်ဟု ပြန်ပြောကြ၏။
ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော
၁၁ ကျွန်ုပ်တို့သည် ဘုရားသခင့်စကားတော်ကို အမှန်ပင် အနီးကပ် လမ်းညွှန်ခွင့် ပြုနေသလော။ တစ်ခါတစ်ရံ မိမိကိုယ်ကို ရိုးသားစွာဖြင့် ခေတ္တရပ်နား၍ ဆန်းစစ်ကြည့်လျှင် အကျိုးရှိ၏။ ထိုသို့ပြုနိုင်ရန် အကူအညီဖြစ်စေမည့် ကျမ်းချက်တစ်ချက်ကို သုံးသပ်ကြည့်ပါ။ ‘ထာဝရ ဘုရားသခင် မိန့်တော်မူသည်ကား “လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင် စိတ်နှလုံးသက်သာကြလိမ့်မည်။”’ (ယေရမိ ၆:၁၆) အဆိုပါစကားများက လမ်းဆုံလမ်းဝတွင် ခေတ္တရပ်၍ လမ်းညွှန်မေးနေသည့် ခရီးသည်တစ်ဦးကို မြင်ယောင်စေသည်။ ဝိညာဉ်ရေးသဘောအရကြည့်လျှင် ယေဟောဝါအား ပုန်ကန်သော ဣသရေလလူမျိုးသည် ထိုနည်းတူပြုရန် လိုအပ်ခဲ့သည်။ သူတို့သည် “ရှေးလမ်းဟောင်းတို့ကို” ပြန်ရှာတွေ့ဖို့လိုသည်။ သူတို့၏ သစ္စာရှိဘိုးဘေးများသည် ထို “ကောင်းသောလမ်း” တွင်လျှောက်ခဲ့ကြသော်လည်း သူတို့မူ ထိုလမ်းမှ မိုက်မဲစွာ လွဲရှောင်သွားခဲ့ကြသည်။ ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် ယေဟောဝါထံမှ မေတ္တာပါ ဤသတိပေးချက်ကို ခေါင်းမာမာနှင့် ငြင်းပယ်ခဲ့ကြ၏။ အဆိုပါအခန်းငယ်ကပင် ဤသို့ဆက်ပြောသည်– “‘ငါတို့သည် မလိုက်’ ဟုပြန်ပြောကြ၏။” မျက်မှောက်ခေတ် ဘုရားသခင်၏လူတို့မူ ဤဆုံးမစကားကို သူတို့နှင့်ခြားနားစွာ တုံ့ပြန်ကြသည်။
(ယေရမိ ၆:၂၂၊ ၂၃) ထာဝရဘုရား မိန့်တော်မူသည်ကား လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာသောလူမျိုးကို မြေကြီးစွန်းမှ ငါနှိုးဆော်မည်။ ၂၃ လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်းစီး၍ သင်ရှိရာသို့ချီလာကြလိမ့်မည်။
က၈၈ ၄/၁ ၁၃ အပိုဒ် ၁၅
ယေရမိ—ဘုရားသခင့် တရားစီရင်ချက်ကို ကြေညာတဲ့ လူကြိုက်မများတဲ့ ပရောဖက်
ယုဒ အဖိုးပေးဆပ်ရ
၁၅ ဘီစီ ၆၃၂ လောက်မှာ အဆီးရီးယားက ခါလဒဲနဲ့ မေဒိ လက်ထဲကျသွားပြီး ယုဒပြည်တောင်ပိုင်းက အီဂျစ်လည်း အာဏာမရှိတော့ဘူး။ ယုဒအတွက် စိုးရိမ်စရာက မြောက်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်မှာကို ဖြစ်တယ်။ ဒါကြောင့် ယေရမိက ဂျူးလူမျိုးကို သတင်းဆိုး ပြောပြရတယ်။ “လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှပေါ်လာလိမ့်မည်။ . . . ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ . . . အိုဇိအုန်သတို့သမီး စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်းစီး၍ သင်ရှိရာသို့ချီလာကြလိမ့်မည်။” သစ္စာမရှိတဲ့ ယုဒကို ဒဏ်ခတ်ဖို့ ဘုရားအသုံးပြုမယ့် ကမ္ဘာ့အာဏာစက်က ဗာဗုလုန်ဖြစ်တယ်။—ယေရမိ ၆:၂၂၊ ၂၃။ ၂၅:၈၊ ၉။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၅:၂၆–၆:၅) ဝပ်လျက်နေသောမုဆိုးကဲ့သို့ ချောင်းမြောင်းသောလူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကိုထောင်ခြင်းငှာ ထောင်ချောက်ကို ထားကြပြီ။ ၂၇ ငှက်ထောင်အိမ်သည် ငှက်တို့နှင့်ပြည့်သကဲ့သို့ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွား၍ ရတတ်ခြင်းသို့ရောက်ကြ၏။ ၂၈ ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။ ၂၉ ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍ ငါစိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရားမိန့်တော်မူ၏။ ၃၀ အံ့သြရွံရှာဖွယ်သောအမှုကို ပြည်တော်၌ပြုကြ၏။ ၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။
၆ အိုဗင်ယာမိန်အမျိုးသားတို့ ယေရုရှလင်မြို့ထဲကထွက်၍ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှူးကိုမြှောက်၍ ပြကြလော့။ အကြောင်းမူကား ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက်မျက်နှာက ပေါ်လာ၏။ ၂ အဆင်းလှ၍ နူးညံ့သိမ်မွေ့သောသူ တည်းဟူသော ဇိအုန်သတို့သမီးကို ငါဖျက်ဆီးမည်။ ၃ သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့လာ၍ သူ့တစ်ဖက်ပတ်လည်၌ တဲဆောက်၍ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။ ၄ သူ့ကိုစစ်တိုက်ခြင်းငှာ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ခက်လှ၏။ မွန်းလွဲပြီ။ မိုးချုပ်လေပြီ။ ၅ ထကြ။ ညအခါတက်သွား၍ သူ၏ ဘုံဗိမာန်တို့ကို ဖျက်ဆီးကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
မတ် ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၈-၁၁
“ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့သာ လူသားတွေ အောင်မြင်နိုင်”
(ယေရမိ ၁၀:၂-၅) ထာဝရဘုရား မိန့်တော်မူသည်ကား သာသနာပလူတို့၏ ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင်နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။ ၃ လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား သူတို့သည် တော၌သစ်ပင်ကိုခုတ်လှဲ၍ ပုဆိန်နှင့်လုပ်တတ်သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊ ၄ ရွှေ ငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင် မလှုပ်ရှားစေခြင်းငှာ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။ ၅ သူသည် စွန်ပလွံပင်ကဲ့သို့ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သောကြောင့် ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
(ယေရမိ ၁၀:၁၄၊ ၁၅) လူမည်သည်ကား မိမိဉာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ဖြစ်၏။ ရုပ်တုကိုသွန်းသောသူတိုင်း မိမိလုပ်သောရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။ ၁၅ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။
it-1-E ၅၅၅
သခွား
ရုပ်တုကိုးကွယ်သူတွေရဲ့ ရုပ်တုတွေကို ပရောဖက်ယေရမိက တိရစ္ဆာန်တွေကို ခြောက်ဖို့ စိုက်ခင်းထဲက တုတ်တွေ၊ တိုင်တွေ၊ ‘သခွားခင်းထဲက စာခြောက်ရုပ်’ နဲ့ နှိုင်းယှဉ်ခဲ့တယ်။—ယေ. ၁၀:၅။
(ယေရမိ ၁၀:၆၊ ၇) အိုထာဝရဘုရား ကိုယ်တော်နှင့် အဘယ်သူမျှမတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။ ၇ အိုလူအမျိုးမျိုးတို့၏ဘုရင် ကိုယ်တော်ကို ကြောက်သင့်သည်ဖြစ်၍ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့်တူသောသူ တစ်စုံတစ်ယောက်မျှ မရှိပါ။
(ယေရမိ ၁၀:၁၀-၁၃) ထာဝရဘုရားမူကား မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။ ၁၁ သာသနာပလူတို့အား ပြောရသောစကားဟူမူကား ကောင်းကင်နှင့် မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။ ၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူပြီ။ ၁၃ အသံတော်ကို လွှတ်တော်မူသောအခါ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။
ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း
၁၀ အထက်မိုးကောင်းကင်သို့ မျှော်ကြည့်သည်ဖြစ်စေ၊ ဤကမ္ဘာမြေပေါ်ရှိ ဖန်ဆင်းရာတို့ကို ငေးမောကြည့်သည်ဖြစ်စေ ဖန်ဆင်းရှင်တစ်ပါးရှိသည်မှာ ရှင်းနေပါသည်။ (ယေရမိ ၁၀:၁၂) “ကျွန်တော်မျိုးတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ . . . ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ခံထိုက်တော်မူ၏” ဟူ၍ ကောင်းကင်သတ္တဝါများ ကြွေးကြော်ကြသည့်စကားကို ကျွန်ုပ်တို့ အကြွင်းမဲ့ သဘောတူသင့်သည်။ (ဗျာ. ၄:၁၁၊ ကဘ) သို့တိုင်၊ သိပ္ပံပညာရှင်အများသည် မိမိတို့၏ပကတိမျက်စိနှင့်မြင်ရသည့် အရာဝတ္ထုများ၏ ဒီဇိုင်းပုံစံကို တအံ့တသြဖြစ်ကြသည့်တိုင် ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသော သက်သေအထောက်အထားကိုကား ‘သူတို့၏ဉာဏ်မျက်စိ’ ဖြင့်မမြင်ကြချေ။ (ဧဖက် ၁:၁၈-၂၀) ထိုအခြေအနေကို ဤနည်းဖြင့် ပုံဖော်ပေးနိုင်ပါသည်– “သဘာဝအလှနှင့် ဒီဇိုင်းပုံစံတို့ကို အလွန်အမင်း အံ့သြနေလျက်နှင့် မဟာပုံစံပြုလုပ်ရှင်မရှိဟု ငြင်းဆိုခြင်းသည် အင်မတန်လက်ရာမြောက်သော ပန်းချီကားတစ်ချပ်ကို အလွန်နှစ်သက်သဘောကျနေပြီး တစ်ချိန်တည်းတွင် ပတ္တူစအလွတ်ကို ဤမျှပြောင်မြောက်သော ပန်းချီကားဖြစ်ရန် ဖန်တီးပေးလိုက်သည့် ပန်းချီဆရာမရှိဟု ငြင်းဆိုလိုက်ခြင်းနှင့် တူသည်။ ထို့ကြောင့် ဘုရားသခင်အား မယုံကြည်သူများကို ‘ဆင်ခြေမပေးနိုင်’ သူများဟု ခေါ်ခြင်းသည် အံ့ဩစရာမဟုတ်ပေ!
(ယေရမိ ၁၀:၂၁-၂၃) အကြောင်းမူကား သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ ၂၂ အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍ မြေခွေးနေရာတွင်း ဖြစ်စေခြင်းငှာ ကြီးသောအသံဗလံသည် မြောက်မျက်နှာကလာ၏။ ၂၃ အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။
ဘုရားသခင်ကို သင် စိတ်ဆိုးနေသလား
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေ ဖြစ်ပျက်နေတာက လူ့အုပ်ချုပ်မှုဟာ လုံးဝမအောင်မြင်ဘူးဆိုတာကို ဖော်ပြလိုက်တာပဲ။ လူ့အုပ်ချုပ်မှုတွေက ငြိမ်းချမ်းမှု၊ လုံခြုံ မှု၊ ပျော်ရွှင်မှုတို့ကို မဆောင်ကြဉ်းပေးနိုင်တဲ့အပြင် ကမ္ဘာမြေကြီးကိုလည်း ရစရာမရှိအောင် ဖျက်ဆီးနေကြပါတယ်။ ဒါကြောင့် ကျမ်းစာပါ ဒီအခြေခံအမှန်တရား မှန်ကန်ကြောင်း ပိုပြီးပေါ်လွင်လာပါတယ်– ‘လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။’ (ယေရမိ ၁၀:၂၃) ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကသာ လူတွေအတွက် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံ မှုတို့ကို လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါက ဘုရားရည်ရွယ်ချက်လည်း ဖြစ်နေလို့ပါ။—ဟေရှာယ ၄၅:၁၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၉:၂၄) ဝါကြွားသောသူမည်သည်ကား ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရား ဖြစ်ကြောင်းတည်းဟူသော ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ
၁၆ ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေ ဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားသင့်တယ်။ (ယေ. ၉:၂၄) အဲဒါကြောင့် ကျွန်ုပ်တို့က အမြဲတမ်း ဆုံးဖြတ်ချက်ကောင်းတွေချပြီး ဘုရားသခင့် မြင့်မားတဲ့စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးမိဖို့ သတိပြုရမယ်၊ အဲဒါက ယေဟောဝါနဲ့ ကျွန်ုပ်တို့ကို ဝေးကွာသွားစေနိုင်တယ်။—ဆာ. ၁၃၈:၆; ရော. ၁၂:၃။
(ယေရမိ ၁၁:၁၀) ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှာ ပြန်သွားကြပြီ။ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုအံ့သောငှာ လိုက်သွားကြပြီ။ သူတို့၏ဘိုးဘေးများနှင့် ငါဖွဲ့သောပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၃:၁၁-၂၂; ၁၁:၁၀-၁၂၊ ၁၇—ရှမာရိ ပြည်သည် ဘီစီ ၇၄၀ တွင် ကျဆုံးခဲ့သော်လည်း ယေရမိက မြောက်ပိုင်းဆယ်နွယ်နိုင်ငံအကြောင်း အဘယ်ကြောင့် ထည့်ကြေညာခဲ့သနည်း။ ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ ဖျက်ဆီးခံရခြင်းသည် ယုဒတစ်နွယ်တည်းအတွက် မဟုတ်ဘဲ ဣသရေလ တစ်မျိုးလုံးအပေါ် ယေဟောဝါ၏ တရားစီရင်ချက်ကို ဖော်ပြနေသောကြောင့်ဖြစ်၏။ (ယေဇကျေလ ၉:၉၊ ၁၀) ထို့ပြင် ဆယ်နွယ်နိုင်ငံ ကျဆုံးသွားပြီးနောက်တွင်ပင် ယေရုရှလင်မြို့၌ ဣသရေလလူများ ဆက်လက်ကျန်ရှိနေသောကြောင့် ဘုရားသခင့် ပရောဖက်သည် ဣသရေလလူမျိုးကို ထည့်ကြေညာခဲ့ခြင်းဖြစ်၏။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၁၁:၆-၁၆) ထာဝရဘုရားကလည်း သင်သည် ယုဒမြို့များနှင့် ယေရုရှလင်မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကားဟူမူကား သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင်၍ ကျင့်ကြလော့။ ၇ အကြောင်းမူကား ငါ့စကားကို နားထောင်ကြလော့ဟု သင်တို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင် ငါသည်စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊ ၈ သူတို့သည်နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောမိမိတို့စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း တစ်ယောက်မျှမကြွင်း လိုက်သွားကြသောကြောင့် ငါမှာထား၍ သူတို့မကျင့်သော ဤပဋိညာဉ်စကား အလုံးစုံတို့ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော်မူ၏။ ၉ တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။ ၁၀ ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှာ ပြန်သွားကြပြီ။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုအံ့သောငှာ လိုက်သွားကြပြီ။ သူတို့၏ဘိုးဘေးများနှင့် ငါဖွဲ့သောပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။ ၁၁ သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား သူတို့မလွတ်နိုင်သော ဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော်လည်း ငါနားမထောင်ဘဲနေမည်။ ၁၂ ထိုအခါ ယုဒမြို့သူရွာသားနှင့် ယေရုရှလင်မြို့သားတို့သည် နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်ဖူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း ဘေးရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာမပေးဘဲ နေကြလိမ့်မည်။ ၁၃ အိုယုဒပြည် သင်သည် မြို့များအရေအတွက်ရှိသည်အတိုင်း သင်၏ဘုရားများ ရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေအတွက်ရှိသည်အတိုင်း ရှက်ဖွယ်သောရုပ်တုအဖို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်းရှို့ရာ ယဇ်ပလ္လင်များကိုတည်ကြပြီ။ ၁၄ သို့ဖြစ်၍ သင်သည် ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ သူတို့အော်ဟစ်သောစကားကို ငါနားမထောင်။ ၁၅ ငါချစ်သောအစ်မသည် များစွာသောသူတို့နှင့် မတရားသဖြင့်ပေါင်းဖော်၍ ဆိုးညစ်စဉ်တွင် ငါ့အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသောအမဲသားကို မပူဇော်ရ။ ဒုစရိုက်ကိုပြုစဉ်တွင်ပင် ဝမ်းမြောက်ပါသည်တကား။ ၁၆ စိမ်းလန်းလှပ၍ ကောင်းသောအသီးကိုသီးသော သံလွင်ပင်ဟု သင့်ကို ထာဝရဘုရား သမုတ်တော်မူ၏။ ကြီးသောအသံဗလံနှင့် ထိုအပင်ကိုမီးရှို့တော်မူ၍ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
မတ် ၂၇-ဧပြီ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၁၂-၁၆
“အစ္စရေးလူမျိုး ယေဟောဝါကို မေ့လျော့ခဲ့”
(ယေရမိ ၁၃:၁-၅) တစ်ဖန် ထာဝရဘုရားက သင်သည် ချည်ခါးပန်းကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျော်ရဟု ငါ့အားမိန့်တော်မူသောစကားတော်အတိုင်း၊ ၂ ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။ ၃ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊ ၄ သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီးလျှင် ဥဖရတ်မြစ်သို့ ထသွား၍ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊ ၅ မိန့်တော်မူသည်အတိုင်း ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ
၁၇ ယေရမိရထားတဲ့တာဝန်မှာ ဘုရားသခင့် လမ်းညွှန်ချက်ကို နာခံဖို့လည်း ပါဝင်တယ်။ သင်သာ ယေရမိနေရာမှာရှိမယ်ဆိုရင် ပေးလာတဲ့ ဘယ်ညွှန်ကြားချက်တွေကိုမဆို လက်ခံမလား။ တစ်ခါက ယေဟောဝါက ယေရမိကို ချည်ခါးစည်းကြိုးကိုယူပြီး ခါးမှာစည်းခိုင်းတယ်။ ပြီးတော့ ယူဖရေးတီးမြစ်အထိ သွားခိုင်းတယ်။ မြေပုံကိုကြည့်လိုက်ရင် သူသွားတဲ့ခရီးက မိုင် ၃၀၀ လောက်ရှိတယ်ဆိုတာ သိရလိမ့်မယ်။ ယေရမိက အဲဒီနေရာကို ရောက်တဲ့အခါ ခါးစည်းကြိုးကို ကျောက်ကြိုကျောက်ကြားမှာ ဝှက်ထားပြီး ဂျေရုဆလင်မြို့ကို ပြန်လာရတယ်။ နောက်ပိုင်းမှာ ဘုရားသခင်က ခါးစည်းကြိုးကို ပြန်သွားယူခိုင်းတယ်။ (ယေရမိ ၁၃:၁-၉ ကိုဖတ်ပါ။) ဒါကြောင့် ယေရမိဟာ စုစုပေါင်းမိုင် ၁,၂၀၀ လောက်ကို သွားခဲ့ရမှာဖြစ်တယ်။ ဒီလောက်ဝေးတဲ့ခရီးကို လနဲ့ချီပြီး သူခြေကျင်သွားခဲ့တာကို ကျမ်းစာဝေဖန်သူတွေ ဘယ်လိုမှ မယုံနိုင်ကြဘူး။ (ဧဇ. ၇:၉) ဒါပေမဲ့ ဘုရားသခင် အဲဒီလိုပြောခဲ့တယ်။ ယေရမိလည်း အဲဒီလိုလုပ်ခဲ့တယ်။
(ယေရမိ ၁၃:၆၊ ၇) ထို့နောက် ကာလအင်တန်ကြာပြီးမှ ထာဝရဘုရားက သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။ ၇ ငါသည်လည်း ဥဖရတ်မြစ်နားသို့သွားပြီးလျှင် ဝှက်ထားရာအရပ်၌တူး၍ ခါးပန်းကိုထုတ်သောအခါ ခါးပန်းသည်ဆွေးမြေ့၍ အသုံးမရဖြစ်၏။
စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ
၁၈ ပရောဖက်ဟာ ယုဒတောင်တန်းတွေတစ်လျှောက် ခရီးကြမ်းနှင်ပြီးနောက် သဲကန္တာရကိုဖြတ်ကျော်ပြီး ယူဖရေးတီးမြစ်အထိ သွားခဲ့တာကို မြင်ယောင်ကြည့်ပါ။ ချည်ခါးစည်းကြိုးကို ဝှက်ထားဖို့အတွက်နဲ့ ဒီလောက်ဝေးတဲ့ခရီးကို နှင်ခဲ့ရတာဖြစ်တယ်။ အိမ်နီးချင်းတွေက သူ့ကို အချိန်အတော်ကြာမတွေ့ရတဲ့အတွက် သူဘယ်များရောက်နေမလဲဆိုတာကို သိချင်ကြပါလိမ့်မယ်။ သူပြန်လာတဲ့အခါ ချည်ခါးစည်းကြိုး မပါလာတော့ဘူး။ အဲဒီနောက် ‘အသုံးမ၀င်’ တော့ဘဲ ဆွေးမြည့်သွားပြီဖြစ်တဲ့ ခါးစည်းကြိုးကိုပြန်ယူဖို့ ဘုရားသခင်က သူ့ကို နောက်တစ်ခေါက် ပြန်သွားခိုင်းတယ်။ ‘ဒါကတော့ လွန်လွန်းနေပြီ။ အဓိပ္ပာယ်ကို မရှိဘူး’ လို့တွေးမိဖို့ ဘယ်လောက်လွယ်ကူလိမ့်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ယေရမိက ဘုရားသခင်ပုံသွင်းပေးတာကို ခံယူတဲ့သူဖြစ်လို့ အဲဒီလိုမတုံ့ပြန်ခဲ့ဘူး။ သူက မကျေမနပ်ဖြစ်မနေဘဲ ဘုရားသခင်ခိုင်းတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။
(ယေရမိ ၁၃:၈-၁၁) ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား ၉ ထိုနည်းတူ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။ ၁၀ ငါ့စကားကိုနားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသောသဘောအတိုင်းကျင့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည် အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။ ၁၁ ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့ ဣသရေလအမျိုး ရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှာ ငါ၌မှီဝဲစေသော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။
စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ
၁၉ ဒုတိယအကြိမ်သွားပြီးမှပဲ ဘုရားသခင်က အကျိုးအကြောင်း ရှင်းပြခဲ့တယ်။ “ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသောသဘောအတိုင်းကျင့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည် အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်” ဆိုတဲ့ အရေးကြီးသတင်းစကားကို ကြေညာရာမှာ အဲဒီလုပ်ရပ်က ယေရမိကို ထောက်ကူပေးခဲ့တယ်။ (ယေ. ၁၃:၁၀) ယေဟောဝါ သူ့လူမျိုးကို သွန်သင်ပေးပုံက ဘယ်လောက် ထိရောက်လိုက်ပါသလဲ။ အသေးအဖွဲ ဖြစ်ပုံရတဲ့ကိစ္စမှာ ယေရမိ စိတ်ရောကိုယ်ပါ နာခံခဲ့တာက လူတွေရဲ့ စိတ်နှလုံးထိမိအောင် ယေဟောဝါသွန်သင်ပေးရာမှာ အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်။—ယေ. ၁၃:၁၁။
၂၀ ဘုရားသခင်က တစ်ခုခုသွန်သင်ပေးဖို့ ဒီနေ့ခရစ်ယာန်တွေကို မိုင်ရာနဲ့ချီ ခရီးမနှင်ခိုင်းတော့ပါဘူး။ ဒါပေမဲ့ သင့်ခရစ်ယာန်လမ်းစဉ်ကြောင့် အိမ်နီးချင်းတွေ၊ အပေါင်းအသင်းတွေက သင့်ကိုအံ့သြပြီး ဝေဖန်တဲ့အထိတောင် ဖြစ်လာနိုင်တယ်။ သင့်ရဲ့ဝတ်စားဖြီးလိမ်းပုံ၊ သင်ရွေးချယ်တဲ့ပညာရေး၊ သင်ရွေးချယ်တဲ့အလုပ် ဒါမှမဟုတ် အရက်ယမကာနဲ့ပတ်သက်တဲ့ သင့်အမြင်ကိုတောင် အံ့သြပြီး ဝေဖန်လာနိုင်တယ်။ သင်က ယေရမိလို ဘုရားသခင့် လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားမလား။ သင့်ရဲ့ပုံဆောင်နှလုံးကို ဘုရားသခင် ပုံသွင်းပေးတာကို လက်ခံတဲ့အတွက် သင်ရွေးချယ်လိုက်တဲ့ အရာတွေက သက်သေခံနိုင်ဖို့ အခွင့်အရေး ရစေနိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ကျမ်းစာမှာပါတဲ့ ဘုရားသခင့် လမ်းညွှန်ချက်ကို နာခံပြီး သစ္စာရှိကျွန်အတန်းအစားရဲ့ လမ်းညွှန်ချက်ကို လက်ခံမယ်ဆိုရင် သင် ထာဝရကောင်းကျိုး ခံစားရပါလိမ့်မယ်။ သင်က စဉ်းလဲတဲ့စိတ်နှလုံး လှည့်စားတာကိုခံမယ့်အစား ယေရမိလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင် ပုံသွင်းပေးတာကို လက်ခံပါ။ သင့်ကို ထာဝစဉ်အသုံးပြုနိုင်တဲ့ အသရေရှိတဲ့အိုးအဖြစ် ကိုယ်တော်ပုံသွင်းပေးတာကို လက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါ။
it-1-E ၁၁၂၁ အပိုဒ် ၂
ခါး
ခါးစည်းကြိုးက ခါးမှာ စွဲမြဲနေသလို အစ္စရေးတစ်မျိုးလုံးနဲ့ ယုဒတစ်မျိုးလုံးကို ယေဟောဝါက သူဆီမှာ စွဲမြဲစေခဲ့တယ်။ သူတို့ကို ချီးမွမ်းစရာ၊ လှပတဲ့အရာ ဖြစ်စေခဲ့တယ်။ (ယေ. ၁၃:၁၁) ယေရှုခရစ်ရဲ့ ဖြောင့်မတ်တဲ့အုပ်ချုပ်မှုကို ပုံဆောင်စကားနဲ့ သစ္စာတရား ခါးစည်းကြိုး၊ ဖြောင့်မတ်ခြင်း ခါးစည်းကြိုး စည်းထားတယ်လို့ ဖော်ပြထားတယ်။ ယေရှုက ဖြောင့်မတ်ခြင်းနဲ့ သစ္စာတရားပေါ်အခြေပြုပြီး အခွင့်အာဏာတန်ခိုး အသုံးပြုမှာကို ဖော်ပြတယ်။ ခါးစည်းကြိုးက အထောက်အကူဖြစ်စေသလို ဖြောင့်မတ်ခြင်း အရည်အသွေးက ယေဟောဝါခန့်အပ်ထားတဲ့ တရားသူကြီးအဖြစ် လုပ်ဆောင်ဖို့ ခွန်အားဖြစ်စေတယ်။—ဟေရှာ. ၁၁:၁၊ ၅။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၁၂:၁၊ ၂) အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွေးသောအခါ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း စစ်ကြောစီရင်တော်မူခြင်း အကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါသနည်း။ အလွန်သစ္စာပျက်သောသူ အပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။ ၂ ကိုယ်တော်သည် သူတို့ကိုစိုက်တော်မူသဖြင့် သူတို့သည် အမြစ်ကျ၍ ကြီးပွားလျက် အသီးကိုသီးကြပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့်နီး၍ နှလုံးနှင့်ဝေးတော်မူ၏။
(ယေရမိ ၁၂:၁၄) ထာဝရဘုရား မိန့်တော်မူသည်ကား ငါပေးသနား၍ ငါ၏လူ ဣသရေလအမျိုး ပိုင်ထိုက်သော အမွေကိုထိခိုက်သော ငါ၏အိမ်နီးချင်းဆိုး အပေါင်းတို့ကို သူတို့ပြည်ထဲက ငါနုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနုတ်မည်။
“ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
၁၁ ယေရမိက လူဆိုးတွေ ကြီးပွားနေတာကို မြင်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ (ယေရမိ ၁၂:၁၊ ၃ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ဖြောင့်မတ်မှုကို သူ လုံးဝသံသယမဝင်ခဲ့ပေမဲ့ သူ့မေးခွန်းတွေရဲ့ အဖြေကိုတော့ သိချင်ခဲ့တယ်။ ယေရမိ အဲဒီလို ဘွင်းဘွင်းမေးခဲ့တာကိုထောက်ရင် သူနဲ့ဘုရားသခင်ကြားက ရင်းနှီးမှုနှောင်ကြိုးဟာ သားအဖနှစ်ဦးရဲ့ ရင်းနှီးမှုနှောင်ကြိုးလို သိပ်ခိုင်မြဲတယ်ဆိုတာ သိသာတယ်။ ဂျူးအများစုက ဆိုးသွမ်းနေလျက်နဲ့ ဘာကြောင့် ကြီးပွားနေတယ်ဆိုတာကို ယေရမိ နားမလည်နိုင်ဘူး။ ကျေနပ်လောက်တဲ့အဖြေကို ယေရမိ ရခဲ့သလား။ လူဆိုးတွေကို မြေပေါ်ကနေ ဆွဲနုတ်ပစ်မယ်ဆိုပြီး ယေရမိကို ယေဟောဝါ အာမခံခဲ့တယ်။ (ယေ. ၁၂:၁၄) ယေရမိက သူ့ဆုတောင်းချက်တွေ ပြည့်စုံလာတာကို မြင်ရတဲ့အခါ ဘုရားသခင်ရဲ့ တရားမျှတမှုကို ပိုပြီး ယုံကြည်စိတ်ချလာတယ်။ ရလဒ်အနေနဲ့ ယေရမိက သူ့ခံစားချက်တွေကို သူ့ဖခင်ဘုရားသခင်ဆီ ပိုပြီးဆုတောင်းပြောပြခဲ့မှာ သေချာတယ်။
(ယေရမိ ၁၅:၁၇) ပွဲခံသောသူအစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့် တစ်ယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသအမျက်နှင့် ပြည့်စေတော်မူပြီ။
ယေရမိကဲ့သို့ ရဲရင့်လော့
ကျွန်ုပ်တို့၏အပေါင်းအသင်းများကို သတိထားကြစို့
၁၆ မိမိအား ရဲရင့်စေခဲ့သည့် အခြားအရာတစ်ခုကို ယေရမိ ဤသို့ပြောပြသည်– “ပွဲခံသောသူအစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့် တစ်ယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသအမျက်နှင့် ပြည့်စေတော်မူပြီ။” (ယေရမိ ၁၅:၁၇) ယေရမိသည် မကောင်းသောအပေါင်းအသင်းများကြောင့် အကျင့်ယိုယွင်းသွားမည့်အစား တစ်ဦးတည်းနေလို၏။ ယနေ့ ကျွန်ုပ်တို့သည်လည်း ကိစ္စရပ်များကို ထိုနည်းတူ ရှုမြင်ကြသည်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့၊” နှစ်ပေါင်းများစွာ ကျွန်ုပ်တို့တွင်ရှိသည့် အကျင့်ဓလေ့ကောင်းများပင် “ယိုယွင်းတတ်၏” ဟူသော တမန်တော်ပေါလု၏ သတိပေးချက်ကို ကျွန်ုပ်တို့ ဘယ်တော့မျှ မမေ့ကြပါ။—၁ ကောရိန္သု ၁၅:၃၃။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၁၃:၁၅-၂၇) သင်တို့သည် နားထောင်နာယူကြလော့။ ထောင်လွှားသောစိတ် မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။ ၁၆ မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကို မျှော်လင့်သောအခါ သေမင်းအရိပ်၊ ထူထပ်သောမှောင်မိုက်ကို ဖြစ်စေတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ၁၇ သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား သင်တို့မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုကို သိမ်းသွားသောကြောင့် ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရ ည်ကျမည်။ ၁၈ ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသောသရဖူသည် သင်တို့၏ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု ရှင်ဘုရင်နှင့် မိဖုရားတို့အားပြောလော့။ ၁၉ တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှမဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။ ၂၀ မြောက်မျက်နှာက လာသောသူတို့ကို မျှော်၍ကြည့်လော့။ သင့်အား ငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိသနည်း။ ၂၁ သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကိုအစိုးတရပြုစေခြင်းငှာ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမ ခံရသောဝေဒနာကို သင်ခံရလိမ့်မည်မဟုတ်လော။ ၂၂ သင်ကလည်း အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌အောက်မေ့လျှင် သင်၏အပြစ်များသောကြောင့် သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်း မစီးရ။ ၂၃ အဲသယောပိလူသည် မိမိအရေ၏ အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည် သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ ၂၄ ထို့ကြောင့် ဖွဲကို လေပြင်းတိုက်လွှင့်သကဲ့သို့ ထိုသူတို့ကို ငါလွင့်စေမည်။ ၂၅ သင်သည် ငါ့ကိုမေ့လျော့၍ မုသာ၌ မှီဝဲဆည်းကပ်သောကြောင့် သင့်အဖို့ ငါတိုင်းထွာ၍ ပေးလတ္တံ့သော အငန်းအတာကား ဤသို့တည်း။ ၂၆ ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ပြမည်။ ၂၇ သင်၏မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသောမေထုန်၏ညစ်ညူးခြင်း၊ တောင်ပေါ်၌လည်းကောင်း၊ လယ်ပြင်၌လည်းကောင်းပြုသော စက်ဆုပ်ရွံရှာဖွယ်တို့ကို ငါသိမြင်၏။ အိုယေရုရှလင်မြို့ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။