ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး သတိပြုမိရာ
အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာ့ အစောဆုံး ယဉ်ကျေးမှုတွေ အစပြုခဲ့တဲ့နေရာဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် ပေါကြွယ်ဝတဲ့ဒေသလည်း ဖြစ်တယ်။
ခါနာန်လူမျိုး စပျစ်ဝိုင်လုပ်သူများ
၂၀၁၃ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၇၀၀ လောက်က တည်ရှိခဲ့တဲ့ ခါနာန်လူမျိုးတွေရဲ့ မြေအောက် စပျစ်ဝိုင် သိုလှောင်ခန်းကြီးတစ်ခုကို တူးဖော်တွေ့ရှိခဲ့တယ်။ အဲဒီမြေအောက်ခန်းမှာ လက်ရှိဝိုင်ပုလင်းအရွယ်အစား ၃,၀၀၀ လောက်ဝင်ဆံ့နိုင်တဲ့ အိုးကြီး ၄၀ လောက်ကို သိမ်းဆည်းသိုလှောင်တယ်။ သုတေသီတစ်ယောက်က အိုးကြီးတွေမှာ ကပ်ကျန်နေတာတွေကို ဓာတ်ခွဲကြည့်တဲ့အခါ ခါနာန်လူမျိုးတွေက စပျစ်ဝိုင်ကို ဂရုတစိုက်လုပ်တတ်တဲ့သူတွေဖြစ်တယ်ဆိုတာ သတိပြုမိခဲ့တယ်။ “စပျစ်ဝိုင်ပြုလုပ်နည်း တစ်သမတ်တည်းနဲ့ လုပ်ဆောင်ထားတာ တွေ့ရတယ်” ဆိုပြီး သူပြောခဲ့တယ်။
သင်သိပါသလား။ ရှေးအစ္စရေးလူမျိုးတွေရဲ့ ‘အကောင်းဆုံး စပျစ်ဝိုင်’ ထုတ်လုပ်ခြင်းနဲ့ စပျစ်ဝိုင်ကို အိုးကြီးတွေနဲ့ သိုလှောင်တဲ့အကြောင်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။—ရှောလမုန်သီချင်း ၇:၉၊ ကဘ; ယေရမိ ၁၃:၁၂၊ ကဘ။
လူဦးရေ တစ်ဟုန်ထိုး တိုးပွားလာခြင်း
ဂါဒီယန်း သတင်းစာဖော်ပြချက်အရ အီဂျစ်နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ကထက် ၂၀၁၂ ခုနှစ်မှာ ကလေးဦးရေ ၅၆၀,၀၀၀ ပိုမိုမွေးဖွားကြတာကို တွေ့ရတယ်။ “အဲဒါက အီဂျစ်လူမျိုးတွေရဲ့ သမိုင်းမှာ အမြင့်ဆုံး မွေးဖွားနှုန်းပဲ” ဆိုပြီး ဘာစီးရာ အီဂျစ် သုတေသနကုမ္ပဏီက မားဂတ် အော့စမန်း ပြောတယ်။ တကယ်လို့ အဲဒီနှုန်းအတိုင်းသာဆက်သွားမယ်ဆိုရင် အီဂျစ်နိုင်ငံဟာ ရေ၊ စွမ်းအင်နဲ့ အစာ ရှားပါးမှုတွေ အဆမတန် ကြုံရလိမ့်မယ်ဆိုပြီး ကျွမ်းကျင်သူ ပညာရှင်တချို့က ပြောတယ်။
သင်သိပါသလား။ ကျမ်းစာအရ ဘုရားသခင့်ရည်ရွယ်ချက်က လူသားတွေဟာ တော်သင့်တဲ့နှုန်းနဲ့ “မြေကြီးကိုပြည့်စေ” ပြီး အားလုံးအတွက် အစာရေစာ အလုံအလောက် ရှိမှာဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈; ဆာလံ ၇၂:၁၆။
ဒင်္ဂါးပြားများ ရှာဖွေတွေ့ရှိ
“လေးနှစ်မြောက်နှစ်” လို့ ရေးထွင်းထားတဲ့ ကြေးဒင်္ဂါးပြား ၁၀၀ ကျော်ကို အစ္စရေးနိုင်ငံရဲ့ အဝေးပြေးလမ်းမ အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ရောမတွေကို ဂျူးလူမျိုး တော်လှန်ပုန်ကန်တဲ့ လေးနှစ်မြောက်ကို ရည်ညွှန်းတာဖြစ်ပြီး အဲဒီတော်လှန်ပုန်ကန်မှုက ဂျေရုဆလင်မြို့ ပျက်စီးခြင်း (အေဒီ ၆၉-၇၀) ကို ဦးတည်စေခဲ့တယ်။ “ရောမစစ်တပ် ချီတက်တိုက်ခိုက်ပြီး ဖျက်ဆီးတော့မှာကို ကြိုသိခဲ့သူတစ်ယောက်က ကြောက်ကြောက်နဲ့ လုပ်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ နောက်ပိုင်းပြန်လာယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝှက်ထားခဲ့တာဖြစ်နိုင်တယ်” လို့ တူးဖော်ရှာဖွေရေးလုပ်ငန်းရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ပက်ဘလို ဘတ်ဇာက ပြောတယ်။
သင်သိပါသလား။ ဂျေရုဆလင်ကို ရောမတွေဝိုင်းရံမယ်ဆိုပြီး အေဒီ ၃၃ ခုနှစ်မှာ ယေရှုကြိုပြောခဲ့တယ်။ ဘေးကင်းလုံခြုံမှုအတွက် တောင်ပေါ်ကို တက်ပြေးကြဖို့ ခရစ်ယာန်တွေကို ယေရှုတိုက်တွန်းခဲ့တယ်။—လုကာ ၂၁:၂၀-၂၄။