ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁၅ စာ. ၁၂-၁၆
  • ယေဟောဝါ၏အဖွဲ့အစည်း ကို သင်လေးမြတ်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏အဖွဲ့အစည်း ကို သင်လေးမြတ်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်ဗိုလ်ခြေများကို တွေ့မြင်ခဲ့သူ
  • ပိုင်းခြားသိမြင်ရန် လေ့လာခြင်း
  • ထိုးထွင်းသိမြင်ရန် တူးဖော်ခြင်း
  • ဟေရှာယ မြင်ခဲ့သောအရာ
  • ယေဇကျေလသည် အဘယ်အရာကိုမြင်ခဲ့သနည်း
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁၅ စာ. ၁၂-၁၆

ယေဟောဝါ၏အဖွဲ့အစည်း ကို သင်လေးမြတ်ပါသလော

“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မိန့်တော်မူသည်ကား၊ ‘ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။’”—ဟေရှာယ ၆၆:၁။

၁၊ ၂။ (က) ယေဟောဝါအဖွဲ့အစည်း၏ အဘယ်မျက်မြင်အထောက်အထားကို သင်ထောက်ပြနိုင်သနည်း။ (ခ) ယေဟောဝါသည် အဘယ်နေရာတွင် ကျိန်းဝပ်တော်မူသနည်း။

ယေဟောဝါ ၌ အဖွဲ့အစည်းတစ်ခုရှိသည်ကို သင်ယုံကြည်သလော။ သို့ဖြစ်လျှင် သင်အဘယ်ကြောင့်ယုံကြည်သနည်း။ သင်ဤသို့ဖြေပေမည်– ‘ဒီလိုလေဗျာ၊ ကျွန်တော်တို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုရှိတယ်။ အကြီးအကဲများအဖွဲ့နဲ့ ကောင်းစွာစီစဉ်ထားတဲ့ အသင်းတော်တစ်ခုရှိတယ်။ ကျွန်တော်တို့ကို ဇယားအတိုင်းမှန်မှန်လည်ပတ်တဲ့ ခန့်အပ်ခံတိုက်နယ်ကြီးကြပ်မှူးရှိတယ်။ ဖွဲ့စည်းထားတဲ့ အစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေကို တက်ရောက်ကြတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံမှာ ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲရုံးရှိတယ်။ ဒါတွေအားလုံးနဲ့ ဒီထက်မကတဲ့ အထောက်အထားတွေက ယေဟောဝါမှာ လည်ပတ်နေတဲ့အဖွဲ့အစည်းတစ်ခုရှိကြောင်းကို ပြသနေတယ်။’

၂ အဆိုပါလက္ခဏာရပ်များသည် အဖွဲ့အစည်းတစ်ခု၏ အထောက်အထားဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်သမျှသည် မြေကြီးပေါ်ရှိအဖွဲ့အစည်းသာဖြစ်မည်ဆိုလျှင် ယေဟောဝါ၏အဖွဲ့အစည်းတစ်ခုလုံးအကြောင်းကို ကျွန်ုပ်တို့နားမလည်ကြသေးချေ။ ယေဟောဝါက မြေကြီးသည် မိမိ၏ခြေတင်ရာမျှသာဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံသည် ကိုယ်တော်၏ပလ္လင်ဖြစ်၏ဟု ဟေရှာယအားမိန့်တော်မူခဲ့သည်။ (ဟေရှာယ ၆၆:၁) အဘယ် “ကောင်းကင်ဘုံ” ကိုယေဟောဝါရည်ညွှန်းနေသနည်း။ ကျွန်ုပ်တို့၏ ကမ္ဘာ့လေထုလော။ အာကာသလော။ သို့မဟုတ် အခြားဘုံတစ်ခုခုကိုလော။ ယေဟောဝါ၏ “သန့်ရှင်းသောကျက်သရေစံရာ [သမ]” ဟုဟေရှာယကဆိုခဲ့ပြီး ယင်းကောင်းကင်ကို “ကျိန်းဝပ်တော်မူရာအရပ်” အဖြစ် ဆာလံဆရာကဖော်ပြထားသည်။ ထို့ကြောင့် ဟေရှာယ ၆၆:၁ တွင်ဖော်ပြထားသော “ကောင်းကင်ဘုံ” သည် ယေဟောဝါ၏အမြင့်မြတ်ဆုံးသော သို့မဟုတ် အဆုံးစွန်ရာထူးကို ယေဟောဝါရယူထားသည့် အရူပနာမ်ဝိညာဉ်ဘောင်ကို ရည်ညွှန်းခြင်းဖြစ်သည်။—ဟေရှာယ ၆၃:၁၅; ဆာလံ ၃၃:၁၃၊ ၁၄။

၃။ ကျွန်ုပ်တို့သည် သံသယများကို မည်သို့အောင်နိုင်သနည်း။

၃ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏အဖွဲ့အစည်းကို အမှန်တကယ်သိမြင်ကာ မှန်ကန်စွာနားလည်သဘောပေါက်လိုပါက ကောင်းကင်ကိုရှုမျှော်ရမည်။ ထိုတွင် လူတချို့အတွက် ပြဿနာတစ်ခုရှိသည်။ ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းသည် မျက်မြင်မရဖြစ်ရာ ယင်းသည် အမှန်တည်ရှိကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။ တချို့သည် သံသယဥမင်ကိုပင်ဖြတ်သန်းကာ ‘ကျွန်ုပ်တို့ မည်သို့သေချာစေနိုင်မည်နည်း’ ဟုတွေးတောနေပေမည်။ သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းက သံသယကို မည်သို့အောင်နိုင်မည်နည်း။ သော့ချက်နှစ်ခုမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်တိုင်အပတ်တကုပ်လေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ပါဝင်ခြင်းတို့ဖြစ်သည်။ သို့နှင့် ကျွန်ုပ်တို့သည် အမှန်တရားအလင်းကို သံသယဥမင်အဆုံးတွင်တွေ့ရသည်။ သံသယဖြစ်ခဲ့သော ဘုရားသခင်၏အခြားကျေးကျွန်များရှိခဲ့၏။ ဣသရေလနိုင်ငံသည် ရှုရိရှင်ဘုရင်၏တိုက်ခိုက်မှုကြုံရသောအခါ ဧလိရှဲ၏ကျွန်တစ်ဦးကိစ္စကို သုံးသပ်ကြည့်ကြပါစို့။—ယောဟန် ၂၀:၂၄-၂၉ နှိုင်းယှဉ်; ယာကုပ် ၁:၅-၈။

ကောင်းကင်ဗိုလ်ခြေများကို တွေ့မြင်ခဲ့သူ

၄၊ ၅။ (က) ဧလိရှဲ၏ကျွန်၌ အဘယ်ပြဿနာရှိခဲ့သနည်း။ (ခ) ယေဟောဝါသည် ဧလိရှဲ၏ဆုတောင်းချက်ကို မည်သို့ တုံ့ပြန်ခဲ့သနည်း။

၄ ရှုရိဘုရင်သည် ဧလိရှဲအားဖမ်းဆီးရန် ဒေါသန်မြို့သို့ ညဘက်၌ တပ်မတစ်ခုကိုစေလွှတ်ခဲ့သည်။ ဧလိရှဲ၏ကျွန်သည် နံနက်စောစောထ၍ လေကောင်းလေသန့်ရလိုရငြား သူတို့၏အရှေ့အလယ်ပိုင်းဒေသအိမ်၏ ခေါင်မိုးပြားပေါ်သို့ တက်သွားသောအခါ အလွန်တုန်လှုပ်သွားခဲ့သည်တကား! မြင်းများ၊ စစ်ရထားများဖြင့် ရှုရိဗိုလ်ခြေတစ်ခုလုံး မြို့ကိုဝိုင်းရံထားကာ ဘုရားသခင်၏ပရောဖက်အား ဖမ်းဆီးရန် စောင့်နေကြသည်။ ထိုကျွန်သည် ဧလိရှဲကို ဤသို့ဟစ်အော်ခဲ့သည်– “အိုသခင်၊ အဘယ်သို့ပြုရပါမည်နည်း။” ရှင်းလင်းပြတ်သား၊ အေးဆေးတည်ငြိမ်မှုနှင့် ယုံကြည်မှုအပြည့်ဖြင့် ဧလိရှဲဤသို့တုံ့ပြန်ခဲ့၏– “မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်။” ‘သူတို့ ဘယ်မှာလဲ။ သူတို့ကို မမြင်ရပါလား!’ ဟုထိုကျွန်တွေးနေမည်။ ကျွန်ုပ်တို့လည်း တစ်ခါတစ်ရံ ထိုပြဿနာမျိုးဖြစ်နိုင်သည်—ကောင်းကင်ဗိုလ်ခြေများကို နားလည်မှုမျက်စိများဖြင့်ကြည့်ရန် သို့မဟုတ် ပိုင်းခြားသိမြင်ရန်ပျက်ကွက်ခြင်းဖြစ်သည်။—၄ ဓမ္မရာဇဝင် ၆:၈-၁၆; ဧဖက် ၁:၁၈။

၅ ဧလိရှဲသည် သူ၏ကျွန်မျက်စိပွင့်ဖို့ ဆုတောင်းခဲ့သည်။ ယင်းနောက် ဘာဖြစ်ခဲ့သနည်း။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ထိုလုလင်၏မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏။” (၄ ဓမ္မရာဇဝင် ၆:၁၇) မှန်သည်၊ ဘုရားသခင့်ကျွန်ကို ကာကွယ်ရန်စောင့်နေကြသော ကောင်းကင်ဗိုလ်ခြေများဖြစ်သည့် ကောင်းကင်တမန်တပ်များကို သူမြင်တွေ့ခဲ့သည်။ ယခု ဧလိရှဲ၏ယုံကြည်စိတ်ချမှုကို သူနားလည်နိုင်ပေပြီ။

၆။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းကို မည်သို့ထိုးထွင်းသိမြင်နိုင်သနည်း။

၆ တစ်ခါတစ်ရံ ကျွန်ုပ်တို့တွင် ဧလိရှဲ၏ကျွန်နည်းတူ သိမြင်နားလည်နိုင်စွမ်းဆိုင်ရာပြဿနာရှိသလော။ ကျွန်ုပ်တို့အားခြိမ်းခြောက်နေသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများ သို့မဟုတ် နိုင်ငံတချို့ရှိခရစ်ယာန်လုပ်ငန်းကိုသာ မြင်လေ့ရှိသလော။ သို့ဖြစ်လျှင် ကျွန်ုပ်တို့အား ထွန်းလင်းပေးဖို့ အထူးအဆင်းအာရုံတစ်ခုကို မျှော်လင့်နိုင်ပါသလော။ မမျှော်လင့်နိုင်ပါ၊ အကြောင်းမှာ ဧလိရှဲ၏ကျွန်၌ မရှိခဲ့သောအရာ—ကောင်းကင်အဖွဲ့အစည်းကို ထိုးထွင်းသိမြင်စေနိုင်သော အဆင်းအာရုံများစွာပါဝင်သည့်စာအုပ်၊ သမ္မာကျမ်းစာတစ်အုပ်လုံး—ကို ကျွန်ုပ်တို့ရရှိထား၍ဖြစ်သည်။ ထိုမှုတ်သွင်းခံစကားသည် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ကျွန်ုပ်တို့၏အသက်တာလမ်းစဉ်ကို တည့်မတ်စေသည့် လမ်းညွှန်မူများကိုလည်းပေးထားသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကိုရရှိရန် ကြိုးစားအားထုတ်ကာ ယေဟောဝါ၏အစီအစဉ်အပေါ် လေးမြတ်သည့်စိတ်ကို ပြုစုပျိုးထောင်ရမည်။ ယင်းကို ဆုတောင်းခြင်း၊ ဆင်ခြင်တွေးတောခြင်းတို့နှင့်တွဲဖက်ကာ ကိုယ်ပိုင်လေ့လာခြင်းအားဖြင့် လုပ်ဆောင်နိုင်သည်။—ရောမ ၁၂:၁၂; ဖိလိပ္ပိ ၄:၆; ၂ တိမောသေ ၃:၁၅-၁၇။

ပိုင်းခြားသိမြင်ရန် လေ့လာခြင်း

၇။ (က) အချို့၌ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနှင့်ပတ်သက်၍ အဘယ်ပြဿနာရှိနိုင်သနည်း။ (ခ) ကိုယ်ပိုင်လေ့လာမှုကို ကြိုးစားလုပ်ခြင်းသည် အဘယ်ကြောင့်အကျိုးနပ်သနည်း။

၇ ကိုယ်ပိုင်လေ့လာမှုသည် ကျောင်းတွင် သင်ယူခြင်းကို ဘယ်တော့မျှမပျော်မွေ့ခဲ့သော သို့မဟုတ် သင်ယူရန်အခွင့်အရေးမရခဲ့သူများစွာအတွက် ပျော်စရာကောင်းမည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့၏နားလည်နိုင်မှုမျက်စိများဖြင့် ယေဟောဝါ၏အဖွဲ့အစည်းကို ပိုင်းခြားသိမြင်ပြီး လေးမြတ်လိုလျှင် ကျွန်ုပ်တို့သည် လေ့လာလိုသည့်ဆန္ဒကို ပျိုးထောင်ပေးရမည်။ မပြင်ဆင်ဘဲ အရသာရှိလှသည့်အစာကို သင်စားသုံးနိုင်သလော။ မည်သည့် စားဖိုမှူး သို့မဟုတ် ထမင်းချက်တစ်ဦးဦးက အလွန်အရသာရှိသော အစားအစာကို ပြင်ဆင်ရန် အလုပ်အတော်များမည်ဟု သင့်အားပြောပြပေမည်။ သို့တိုင် ယင်းကို နာရီဝက် သို့မဟုတ် ထိုမျှပင်မကြာသောအချိန်အတွင်း စားသုံး၍ကုန်နိုင်၏။ အခြားတစ်ဖက်တွင် ကိုယ်ပိုင်လေ့လာမှု၏အကျိုးကျေးဇူးများသည် အသက်တာတစ်လျှောက်လုံးအထိ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့လုပ်နိုင်သောတိုးတက်မှုကို တွေ့မြင်ရသောအခါ ကိုယ်ပိုင်လေ့လာလိုစိတ်ရှိလာသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုနှင့် မိမိ၏သွန်သင်ခြင်းကို အမြဲဂရုစိုက်သွားရန်နှင့် လူထုရှေ့စာဖတ်ခြင်းကို ဆက်၍ပြုလုပ်သွားရန်လိုကြောင်း တမန်တော်ပေါလုက မှန်ကန်စွာဆိုခဲ့၏။ တစ်သမတ်တည်းလုံ့လစိုက်ထုတ်ဖို့လိုသော်လည်း ယင်း၏အကျိုးများသည် ထာဝရအတွက်ဖြစ်နိုင်သည်။—၁ တိမောသေ ၄:၁၃-၁၆။

၈။ အဘယ်သဘောထားကို နယပုံပြင်ကျမ်းက အကြံပြုထားသနည်း။

၈ ရှေးပညာရှိတစ်ဦး ဤသို့ဆိုသည်– “ငါ့သား [သို့မဟုတ် သမီး]၊ [“အကယ်၍၊” ကဘ] သင်သည် ပညာစကားကိုနားထောင်၍ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင်၊ ငါ့စကားကိုနားခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌သွင်းမိလျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း၊ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။”—သု. ၂:၁-၅။

၉။ (က) ရွှေ၏တန်ဖိုးကို “ဘုရားသခင်ကိုသိကျွမ်းခြင်းပညာ” တန်ဖိုးနှင့်နှိုင်းယှဉ်လျှင် မည်သို့ဖြစ်သနည်း။ (ခ) ကျွန်ုပ်တို့သည် တိကျမှန်ကန်သောအသိပညာရရှိရန် အဘယ်ကိရိယာများလိုသနည်း။

၉ တာဝန်သည် မည်သူတွင်ရှိကြောင်း သင်သတိပြုမိပါသလော။ ‘အကယ်၍ သင်’ ကိုအထပ်ထပ်ဖော်ပြထား၏။ ထို့အပြင် ‘အကယ်၍သင်သည် ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ သင်ရှာဖွေလျှင်’ ဟူသောစကားကို သတိပြုပါ။ ဘိုလီးဗီးယား၊ မက္ကဆီကို၊ တောင်အာဖရိကနှင့် အခြားနိုင်ငံများတွင် ငွေနှင့်ရွှေကို ရာစုနှစ်များစွာတူးဖော်ခဲ့ကြသော သတ္တုတွင်းသမားများကို စဉ်းစားကြည့်ပါ။ ပေါက်ချွန်းများ၊ ဂေါ်ပြားများကိုအသုံးပြုကာ အဖိုးတန်ရတနာများထွက်လာမည့်ကျောက်များကို ကြိုးစားပမ်းစားတူးဖော်ခဲ့ကြသည်။ ရွှေကို မည်မျှတန်ဖိုးထားကြသနည်းဟူမူ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သတ္တုတွင်းတစ်ခုကို ရွှေရှာရန် အရှည် ၃၆၇ မိုင်နှင့် အနက် တစ်မိုင်ခန့်ရှိသောဥမင်လိုဏ်ခေါင်းကိုတူးဖော်ခဲ့ကြသည်။ သို့သော် ရွှေကိုသင်စားနိုင်သလော။ သောက်နိုင်သလော။ သဲကန္တာရထဲတွင် အစာရေစာငတ်၍ သေလုမြောပါးဖြစ်နေပါက သင့်ကိုအဆာပြေစေမည်လော။ မပြေစေပါ၊ ယင်း၏တန်ဖိုးသည် စီးပွားရေးအရဖြစ်၍ တစ်ဦးစီကစိတ်ကြိုက်ဆုံးဖြတ်ကာ နိုင်ငံတကာဈေးကွက်၌ တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေသည်။ သို့သော် ယင်းအတွက် လူတို့သေဆုံးခဲ့ကြသည်။ ဝိညာဉ်ရေးရွှေ၊ “ဘုရားသခင်ကိုသိကျွမ်းခြင်းပညာ” ကိုရဖို့ မည်မျှကြိုးစားသင့်သနည်း။ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ ကိုယ်တော့်အဖွဲ့အစည်းနှင့် ကိုယ်တော့်ရည်ရွယ်ချက်တို့ကို သိကျွမ်းခြင်းပညာကို စဉ်းစားကြည့်ပါလေ! ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး ပေါက်ချွန်းများနှင့်ဂေါ်ပြားများကို အသုံးပြုနိုင်သည်။ ၎င်းတို့မှာ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကိုတူးဖော်ကာ ယင်းဆိုလိုရင်းကိုပိုင်းခြားသိမြင်နိုင်ရန် ကျွန်ုပ်တို့အားထောက်ကူသော ကျမ်းစာအခြေခံစာပေများဖြစ်သည်။—ယောဘ ၂၈:၁၂-၁၉။

ထိုးထွင်းသိမြင်ရန် တူးဖော်ခြင်း

၁၀။ ဒံယေလသည် အဆင်းအာရုံတစ်ခုတွင် အဘယ်အရာမြင်ခဲ့သနည်း။

၁၀ ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်း အသိပညာကိုယ်နှိုက်ကိုစတင်ရရှိရန် ဝိညာဉ်ရေးတူးဖော်မှုပြုကြစို့။ အခရာကျသောထိုးထွင်းသိမြင်မှုတစ်ခုအတွက် မိမိ၏ပလ္လင်ပေါ်စံတော်မူသော အသက်ကြီးသူနှင့်ပတ်သက်သည့် ဒံယေလတွေ့မြင်သည့်အဆင်းအာရုံကို သုံးသပ်ကြည့်ကြစို့။ ဒံယေလ ဤသို့ရေးသည်– “ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကိုတည်ထားလျက်ရှိ၍၊ အသက်ကြီးသောသူတစ်ဦးသည်ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည်ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည်မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌မီးစက်လှည်းဘီးရှိ၏။ မျက်နှာတော်မှမီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိများစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍၊ ကုဋေသင်္ချေမကရှေ့တော်၌ခစား၍နေကြ၏။ တရားစီရင်ခြင်းငှာ ပြင်ဆင်၍စာစောင်များကိုဖွင့်ထားကြ၏။” (ဒံယေလ ၇:၉၊ ၁၀) ယေဟောဝါကိုအမှုဆောင်နေကြသော ဤထောင်ပေါင်းများစွာသောသူများကား မည်သူများနည်း။ “ပေါက်ချွန်းများ” နှင့် “ဂေါ်ပြားများ” သဖွယ်အသုံးပြုနိုင်သော ကမ္ဘာသစ်ဘာသာပြန်ကျမ်းရှိ ဘေးကွက်လပ်အညွှန်းက ဆာလံ ၆၈:၁၇ နှင့် ဟေဗြဲ ၁:၁၄ စသည်တို့ကို ညွှန်းထားသည်။ မှန်ပါသည်၊ ထိုအမှုဆောင်များသည် ကောင်းကင်တမန်များဖြစ်၏!

၁၁။ ဒံယေလမြင်ရသည့်အဆင်းအာရုံသည် ဧလိရှဲ၏စကားများကိုနားလည်ရန် ကျွန်ုပ်တို့အား မည်သို့ထောက်ကူနိုင်သနည်း။

၁၁ ဘုရားသခင့်ဩဇာအောက်ရှိ သစ္စာရှိကောင်းကင်တမန်အားလုံးကို မြင်တွေ့ခဲ့သည်ဟု ဒံယေလမှတ်တမ်းက မဆိုထားပါ။ နောက်ထပ်သန်းပေါင်းများစွာရှိနိုင်သေးသည်။ သို့ရာတွင် ဧလိရှဲသည် အဘယ်ကြောင့် ဤသို့ပြောနိုင်ခဲ့ခြင်းကို အမှန်ပင် ကျွန်ုပ်တို့ ယခုလေးမြတ်နိုင်သည်– “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူဘက်၌နေသောသူတို့ထက် သာ၍များကြသည်။” ရှုရိဘုရင်၏တပ်သည် သစ္စာမဲ့ကောင်းကင်တမန်များဖြစ်သည့် နတ်ဆိုးများ၏ထောက်မမှုကိုပင်ရထားလင့်ကစား ယေဟောဝါ၏ကောင်းကင်တပ်သည် ပို၍သာလွန်များပြားသည်!—ဆာလံ ၃၄:၇; ၉၁:၁၁။

၁၂။ သင်သည် ကောင်းကင်တမန်များအကြောင်း မည်သို့ပိုမိုသိရှိနိုင်သနည်း။

၁၂ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းကင်တမန်များ၏ကဏ္ဍစသော သူတို့၏အကြောင်းပို၍ သင်သိချင်ပါလိမ့်မည်။ ကောင်းကင်တမန်အတွက် ဂရိစကားလုံးမှာ “တမန်” ဟုလည်းအဓိပ္ပာယ်ရှိသောကြောင့် သူတို့သည် တမန်များဖြစ်ကြောင်း ကျွန်ုပ်တို့သိနိုင်သည်။ သို့ရာတွင် ၎င်းတို့၏တာဝန်မှာ ထိုထက်မကမြောက်မြားစွာရှိသေးသည်။ သို့သော် ယင်းကိုသိရှိရန် သင်တူးဖော်ရမည်။ သင်၌ ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း(လိပ်) စာအုပ်ရှိပါက “ကောင်းကင်တမန်များ” ဆောင်းပါးကိုလေ့လာနိုင်သည်၊ သို့မဟုတ် ကောင်းကင်တမန်များနှင်ပတ်သက်၍ ကင်းမျှော်စင်ရှိ ယခင်ဆောင်းပါးများကို သုံးသပ်နိုင်သည်။ ဘုရားသခင်၏ ဤကောင်းကင်ကျေးကျွန်များအကြောင်း များစွာသင်လေ့လာနိုင်သည်နှင့်အမျှ အံ့အားသင့်လာကာ သူတို့၏ထောက်မမှုကို လေးမြတ်လာပါလိမ့်မည်။ (ဗျာဒိတ် ၁၄:၆၊ ၇) သို့ရာတွင် ဘုရားသခင်၏ကောင်းကင်အဖွဲ့အစည်းတွင် နာမ်ဝိညာဉ်သတ္တဝါအချို့သည် အထူးရည်ရွယ်ချက်များကို ဆောင်ရွက်ကြသည်။

ဟေရှာယ မြင်ခဲ့သောအရာ

၁၃၊ ၁၄။ ဟေရှာယသည် အဆင်းအာရုံတွင် အဘယ်အရာမြင်ခဲ့ပြီး ယင်းက သူ့ကို မည်သို့အကျိုးသက်ရောက်မှုရှိခဲ့သနည်း။

၁၃ ယခု ဟေရှာယမြင်သည့်အဆင်းအာရုံတွင် တူးဖော်ကြည့်ကြစို့။ အခန်းကြီး ၆၊ အခန်းငယ် ၁ မှ ၇ အထိသင်ဖတ်ကြည့်သောအခါ သင်စိတ်စွဲမှတ်သွားသင့်သည်။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် . . . ပလ္လင်ပေါ်မှာထိုင်တော်မူသည်ကို မြင်” ရပြီး “ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ရပ်နေကြ” သည်ဟု ဟေရှာယကဆိုသည်။ သူတို့သည် ယေဟောဝါ၏ဘုန်းတော်ကိုကြွေးကြော်ကာ ကိုယ်တော်၏သန့်ရှင်းမှုကို ချီးမွမ်းကြသည်။ ဤမှတ်တမ်းကိုဖတ်ခြင်းဖြင့်ပင် သင့်ကိုအကျိုးသက်ရောက်မှုရှိသင့်သည်။ ဟေရှာယ၏တုံ့ပြန်ချက်ကား အဘယ်နည်း။ “ငါကလည်း၊ ‘ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသောလူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကား’ ဟုဆို၏။” ထိုအဆင်းအာရုံသည် သူ့အတွက် မည်မျှစွဲမှတ်ဖွယ်ဖြစ်မည်ပါတကား! အသင်ကော။

၁၄ ဟေရှာယသည် ဤဘုန်းရှိသောမြင်ကွင်းကို မည်သို့ခံရပ်နိုင်သနည်း။ သရပ်တစ်ပါးက သူ့ကိုကယ်တင်ပြီး ဤသို့ပြောကြောင်း သူရှင်းပြသည်– “သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်းပြေရှင်းပြီ။” (ဟေရှာယ ၆:၇) ဟေရှာယသည် ဘုရားသခင်၏ကြင်နာမှုကို ကိုးစားနိုင်ပြီး ယေဟောဝါ၏စကားတော်ကို အာရုံစိုက်နိုင်သည်။ ယခု ဤအဆင့်မြင့်သောနာမ်ဝိညာဉ်သတ္တဝါများအကြောင်း သင်ပိုမသိလိုပေလော။ သို့ဆိုလျှင် သင်ဘာလုပ်ရမည်နည်း။ အချက်အလက်များပို၍သိရှိရန် တူးဖော်ပါ။ အထောက်အကူတစ်ခုအဖြစ် ကင်းမျှော်စင်စာပေအညွှန်းကို အသုံးပြုကာ ရှင်းလင်းဖော်ပြသောအချက်အလက်ရင်းမြစ်များစွာကို ယင်းအညွှန်းများ၌ လိုက်ကြည့်ပါ။

ယေဇကျေလသည် အဘယ်အရာကိုမြင်ခဲ့သနည်း

၁၅။ ယေဇကျေလမြင်ရသည့်အဆင်းအာရုံကို ယုံကြည်အားထားနိုင်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၅ နာမ်ဝိညာဉ်သတ္တဝါနောက်တစ်မျိုးကို ထပ်၍သုံးသပ်ကြည့်ကြစို့။ ယေဇကျေလသည် ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေစဉ်၌ပင် မှုတ်သွင်းခံအဆင်းအာရုံတစ်ခုရရန် အခွင့်ထူးရရှိခဲ့သည်။ သင့်သမ္မာကျမ်းစာတွင် ယေဇကျေလ အခန်းကြီး ၁၊ ပထမအခန်းငယ်သုံးခုကို ဖွင့်ကြည့်ပါ။ မှတ်တမ်းကို မည်သို့စထားသနည်း။ ‘ရှေးသရောအခါ၊ ဝေးလှသော . . .  ဒေသတစ်ခုတွင်’ ဟုဆိုထားပါသလော။ မဆိုထားပါ၊ ယင်းသည် ဒဏ္ဍာရီဆန်သောခေတ်ကာလတစ်ခုမှ လုပ်ကြံထားသောပုံပြင်မဟုတ်ပါ။ အခန်းငယ် ၁ ကဤသို့ဖော်ပြ၏– “သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီးနန်းကျ ပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင် ခေဗာမြစ်နားမှာရှိစဉ်၊ မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံ [အဆင်းအာရုံ] ကိုမြင်ရ၏။” ဤအခန်းငယ်နှင့်ပတ်သက်၍ အဘယ်အရာကို သင်သတိပြုမိသနည်း။ တိကျသောရက်စွဲနှင့် တိကျသောနေရာကို ဖော်ပြထား၏။ ဤအသေးစိတ်အချက်အလက်များက ဘီ.စီ.အီး. ၆၁၃ ခုနှစ်၊ ယေခေါနိဘုရင် ပြည်နှင်ခံရသည့် ငါးနှစ်မြောက်ကို ညွှန်ပြသည်။

၁၆။ ယေဇကျေလသည် အဘယ်အရာကို မြင်ခဲ့သနည်း။

၁၆ ယေဟောဝါ၏လက်တော်သည် ယေဇကျေလအပေါ်သက်ရောက်ရာ၊ သူသည် ဘီးအဝန်းများပတ်ပတ်လည်တွင် မျက်လုံးများရှိသော ဧရာမဘီးများပါသည့် ကောင်းကင်ရထားကြီးရှိ ပလ္လင်တွင်စံတော်မူသော ယေဟောဝါ၏ စိုးရွံ့ဖွယ်အဆင်းအာရုံတစ်ခုကို စတင်မြင်တွေ့ခဲ့သည်။ ဤတွင် ကျွန်ုပ်တို့စိတ်ဝင်စားသော အသေးစိတ်အချက်အလက်မှာ ထိုတွင် သတ္တဝါလေးပါးရှိပြီး တစ်ပါးစီသည် ဘီးတစ်ခုစီတွင်ရပ်နေခြင်းဖြစ်သည်။ “ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံဏ္ဌာန်ကိုဆောင်၍၊ မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။ မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါလေးပါးတို့သည် လက်ယာဘက်၌လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်လည်းကောင်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ ရွှေလင်းတ [“လင်းယုန်၊” ကဘ] မျက်နှာနှင့်လည်းကောင်းပြည့်စုံကြ၏။”—ယေဇကျေလ ၁:၅၊ ၆၊ ၁၀။

၁၇။ ခေရုဗိမ်များ၏မျက်နှာလေးခုသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။

၁၇ ဤသတ္တဝါလေးပါးသည် အဘယ်အရာများနည်း။ ၎င်းတို့သည် ခေရုဗိမ်များဖြစ်သည်ဟု ယေဇကျေလကိုယ်နှိုက်ကဆိုသည်။ (ယေဇကျေလ ၁၀:၁-၃၊ ၁၄) ၎င်းတို့သည် အဘယ်ကြောင့် မျက်နှာလေးခုရှိရသနည်း။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါ၏ ထူးခြားထင်ရှားသောအရည်အချင်းလေးခုကို ကိုယ်စားပြုခြင်းဖြစ်သည်။ လင်းယုန်မျက်နှာသည် အဝေးသို့မြင်နိုင်စွမ်းရှိသော ဉာဏ်ပညာကို ပုံဆောင်၏။ (ယောဘ ၃၉:၂၇-၂၉) နွားမျက်နှာသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်း၏လည်ပင်းနှင့်ပခုံးများရှိ ဧရာမခွန်အားဖြင့် နွားရိုင်းတစ်ကောင်သည် မြင်းတစ်ကောင်နှင့်မြင်းစီးသူကို လေထဲသို့ပင့်မြှောက်နိုင်ကြောင်း သိရှိခဲ့ကြရသည်။ မှန်ပါသည်၊ နွားသည် ယေဟောဝါ၏ အကန့်အသတ်မဲ့ တန်ခိုးတော်ကို ပုံဆောင်သည်။ ခြင်္သေ့ကို သတ္တိရှိသော တရားမျှတမှု ပုံဆောင်ချက်တစ်ရပ်အဖြစ် အသုံးပြုထားသည်။ နောက်ဆုံးလူ့မျက်နှာသည် ဘုရားသခင်၏မေတ္တာတော်ကို လျောက်ပတ်စွာကိုယ်စားပြု၏။ အကြောင်းမှာ လူသည် ဤအရည်အသွေးကို အသိဉာဏ်ရှိရှိပြသနိုင်သည့် တစ်မျိုးတည်းသောမြေကြီးဆိုင်ရာသတ္တဝါဖြစ်သောကြောင့်ပင်။—မဿဲ ၂၂:၃၇၊ ၃၉; ၁ ယောဟန် ၄:၈။

၁၈။ တမန်တော်ယောဟန်သည် ကောင်းကင်အဖွဲ့အစည်းဆိုင်ရာ ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်မှုကို မည်သို့ထပ်ဆင့်ဖြည့်စွက်ပေးသနည်း။

၁၈ ၎င်းကို အပြည့်အဝရုပ်လုံးပေါ်စေရန် ကျွန်ုပ်တို့ကိုထောက်ကူနိုင်သော အခြားအဆင်းအာရုံများရှိသည်။ ယင်းတို့တွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်ကျမ်း၌ ဖော်ပြထားသော ယောဟန်မြင်တွေ့ရသည့်အဆင်းအာရုံများပါဝင်သည်။ သူသည် ယေဇကျေလနည်းတူ ခေရုဗိမ်များခြံရံလျက် ဘုန်းရှိသောပလ္လင်ပေါ်စံတော်မူသော ယေဟောဝါကိုမြင်ရသည်။ ခေရုဗိမ်များ ဘာလုပ်နေကြသနည်း။ သူတို့သည် ဟေရှာယအခန်းကြီး ၆ ပါသရပ်များ၏ကြွေးကြော်မှုကို ဤသို့သံပြိုင်ဆိုကြသည်– “အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်၏။” (ဗျာဒိတ် ၄:၆-၈) ယောဟန်သည် ပလ္လင်နားတွင် သိုးသငယ်ကိုလည်း မြင်ခဲ့သည်။ ၎င်းသည် မည်သူ့ကို ကိုယ်စားပြုသနည်း။ ဘုရားသခင်၏သိုးသငယ် ယေရှုခရစ်ဖြစ်၏။—ဗျာဒိတ် ၅:၁၃၊ ၁၄။

၁၉။ ဤလေ့လာမှုမှ ယေဟောဝါ၏အဖွဲ့အစည်းနှင့်ပတ်သက်၍ အဘယ်အရာကို သင်ပိုင်းခြားသိမြင်ခဲ့သနည်း။

၁၉ ဤအဆင်းအာရုံများဖြင့် ကျွန်ုပ်တို့ အဘယ်အရာကိုပိုင်းခြားသိမြင်ခဲ့ရသနည်း။ ထိုကောင်းကင်အဖွဲ့အစည်းအထွတ်အထိပ်တွင် ပလ္လင်ပေါ်စံတော်မူသော ယေဟောဝါဘုရားသခင်သည် နှုတ်ကပါဌ်တော် သို့မဟုတ် လိုဂေါ့စ်ဖြစ်သူ သိုးသငယ်ယေရှုခရစ်နှင့်အတူ ကျိန်းဝပ်တော်မူ၏။ ထို့အပြင် ကျွန်ုပ်တို့သည် သရပ်များနှင့် ခေရုဗိမ်များအပါအဝင် ကောင်းကင်တမန်များ၏ကောင်းကင်ဗိုလ်ခြေကို သိခဲ့ရသည်။ သူတို့သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကို ဆောင်ရွက်နေသော စည်းလုံးသည့်ဧရာမအဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ်၏။ ထိုရည်ရွယ်ချက်များအနက်တစ်ခုမှာ ဤဆုံးခန်းကာလ၌ ကမ္ဘာတစ်ဝန်းသတင်းကောင်းဟောပြောခြင်းဖြစ်သည်။—မာကု ၁၃:၁၀; ယောဟန် ၁:၁-၃; ဗျာဒိတ် ၁၄:၆၊ ၇။

၂၀။ အဘယ်မေးခွန်းကို နောက်ဆောင်းပါးတွင် ဖြေဆိုသွားမည်နည်း။

၂၀ နောက်ဆုံးအနေဖြင့် မြေကြီးပေါ်တွင် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏အလိုတော် မည်သို့ဆောင်ရမည်ကိုသင်ယူရန် ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် စည်းဝေးကြသော ယေဟောဝါသက်သေများရှိပါသည်။ အမှန်ပင်၊ ယခု စာတန်နှင့် အမှန်တရား၏ရန်သူများဘက်ရှိသူတို့ထက် ကျွန်ုပ်တို့နှင့်အတူရှိသူပိုများခြင်းကို ကျွန်ုပ်တို့လေးမြတ်နိုင်သည်။ သို့ဖြစ်လျှင် ကောင်းကင်အဖွဲ့အစည်းသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ နောက်ဆောင်းပါးက ၎င်းနှင့်အခြားကိစ္စများကို သုံးသပ်သွားပါလိမ့်မည်။

ပြန်လည်သုံးသပ်ရန် မေးခွန်းများ

◻ ယေဟောဝါ၏အဖွဲ့အစည်းကို မှန်ကန်စွာနားလည်သဘောပေါက်ရန် ကျွန်ုပ်တို့ အဘယ်အရာကို ပိုင်းခြားသိမြင်ရမည်နည်း။

◻ ဧလိရှဲ၏ကျွန်သည် အဘယ်အရာကို ကြုံတွေ့ခဲ့ရပြီး ပရောဖက်က သူ့ကို မည်သို့အားပေးခဲ့သနည်း။

◻ ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှုကို မည်သို့ရှုမြင်သင့်သနည်း။

◻ ဒံယေလ၊ ဟေရှာယနှင့် ယေဇကျေလတို့သည် ကောင်းကင်အဖွဲ့အစည်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို မည်သို့ဖော်ပြသနည်း။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုယ်ပိုင်လေ့လာမှု၏အကျိုးကျေးဇူး များသည် ကောင်းစွာပြင်ဆင်ထားသောအစားအစာထက် အဆမတန်သာလွန်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကောင်းကင်ဗိုလ်ခြေများဆိုင်ရာအဆင်းအာရုံသည် ဧလိရှဲ၏ဆုတောင်းချက်ကို ယေဟောဝါ၏ဖြေကြားမှုဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ