ယေဟောဝါ၏ကောင်းကင်ရထားတော် ရွေ့လျားနေ
“ထိုစက်များကိုကား ငါကြားရသည့်အတိုင်း ‘လည်စက်’ ဟုခေါ်ဝေါ်သတည်း။”—ယေဇကျေလ ၁၀:၁၃၊ သမာကျမ်း။
၁။ ယေဟောဝါတွင်မည်သို့သော ယာဉ်ပုံစံရှိသနည်း။
ဤပြေပြစ်သော ဂျက်လေကြောင်းခေတ်တွင် ကမ္ဘာ့ခေါင်းဆောင်များအနေနှင့် ခရီးသွားလာရေးစွမ်းဆောင်မှုတွင် အဆုံးစွန်ခံစားနေရပြီဟု ယူမှတ်ပေမည်။ သို့ပင်ငြားလည်း၊ နှစ်ပေါင်း ၂၆၀၀ ခန့်က၊ ယေဟောဝါဘုရားရှင်က မိမိတွင်မည်သည့်အင်ဂျင်နီယာမှ မမြင်ဘူးသေးသော ခရီးသွားလာရေးတွင် အမြင့်ဆုံးပုံစံကိုရရှိထားကြောင်း ဖော်ပြခဲ့သည်။ ယင်းကားကြီးမားလှသော အံ့မခန်းဖွယ်ရထားတော်ပင်ဖြစ်သည်။ စကြဝဠာ၏ဖန်ဆင်းရှင်သည် ရထားကဲ့သို့သောယာဉ်ကို စီးနင်းခြင်းသည် ထူးဆန်းနေပါသလော။ မထူးဆန်းပါ။ ယေဟောဝါရှင်၏ ကောင်းကင်ရထားတော်သည် လူသားတို့တီထွင်သော မည်သည့်ယာဉ်ထက်မဆို ကွာခြားနေသောကြောင့်ဖြစ်သည်။
၂။ ယေဇကျေလ အခန်းကြီး ၁ ကယေဟောဝါရှင်၏ကောင်းကင်ရထားတော်ကို မည်သို့ရုပ်လုံးဖော်ပြီး ပရောဖက်သည်ကျွန်ုပ်တို့အာရုံကိုမည်သူ့ထံ ဦးဆုံးစူးစိုက်စေသနည်း။
၂ ယေဇကျေလ၏ပရောဖက်ပြုချက်အခန်းကြီး ၁ တွင်ယေဟောဝါရှင်သည် ထူးခြားသောကောင်းကင်ရထားတော်တွင် စီးနင်းနေကြောင်းပုံတင်ဖော်ပြသည်။ ဤအံ့မခန်းဖွယ်လေးဘီးယာဉ်သည် အလိုအလျောက်သွားပြီး၊ အံ့ဖွယ်အရာများစွမ်းဆောင်နိုင်သည်။ ယေဇကျေလသည် ရှေးဗာဗုလုန်၏မြစ်တစ်ခုအနားတွင်ရှိစဉ် ဘီစီအီး ၆၁၃ တွင်ဤကောင်းကင်ဆိုင်ရာ ရထားတော်ရူပါရုံကိုမြင်တွေ့ခဲ့ရသည်။ ပရောဖက်သည်ဦးစွာ ယေဟောဝါ၏ကောင်းကင်ရထားတော်တွင် ခစားနေသောသူများထံ ကျွန်ုပ်တို့ကိုအာရုံစိုက်စေသည်။ ကျွန်ုပ်တို့ဖတ်ရှုသွားစဉ်၊ ယေဇကျေလမြင်တွေ့ခဲ့ရသောအရာကို ကြိုးစား၍ပုံဖော်ကြပါစို့။
သတ္တဝါလေးပါး
၃။ ခေရုဗိမ်လေးပါးတွင် တစ်ပါးစီ၏မျက်နှာလေးခုက မည်သို့အဓိပ္ပာယ်ရှိသနည်း။
၃ ယေဇကျေလက “ငါကြည့်ရှု၍ပြင်းစွာသောလေ၊ ကြီးစွာသောမိုးတိမ်၊ ထွန်းလင်းသောမီးစက်သည် မြောက်မျက်နှာမှပေါ်လာ၏။. . . ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။” (ယေဇကျေလ ၁:၄၊ ၅) ဤသတ္တဝါလေးပါး (ဝါ) ခေရုဗိမ်တစ်ပါးစီသည် အတောင်လေးခုနှင့်မျက်နှာလေးခုစီရှိကြသည်။ သူတို့တွင် ယေဟောဝါ၏တရားမျှတခြင်းကိုဖော်ပြသော ခြင်္သေ့မျက်နှာ၊ ဘုရားရှင်၏တန်ခိုးတော်ကိုကိုယ်စားပြုသော နွားမျက်နှာ၊ ကိုယ်တော်၏ဉာဏ်ပညာတော်ကို ပုံတင်ပြသောရွှေလင်းတမျက်နှာရှိကြသည်။ သူတို့တွင်ယေဟောဝါ၏မေတ္တာတော်ကို ညွှန်ပြသောလူ့မျက်နှာလည်းရှိလေသည်။—တရားဟောရာ ၃၂:၄။ ယောဘ ၁၂:၁၃။ ဟေရှာယ ၄၀:၂၆။ ယေဇကျေလ ၁:၁၀။ ၁ ယောဟန် ၄:၈။
၄။ ခေရုဗိမ်များသည် အဘယ်ကြောင့်မျက်နှာလေးခုရှိသနည်း။ ခေရုဗိမ်များ၏သွားနှုန်းကားမည်သို့နည်း။
၄ ခေရုဗိမ်တစ်ပါးစီတွင် အရပ်လေးမျက်နှာကို တစ်ဘက်ချင်းသို့ ကြည့်ရှုနေသောမျက်နှာတစ်ခုစီရှိသည်။ သို့ဖြင့်ခေရုဗိမ်များသည် လမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်နိုင်ပြီး၊ လိုချင်သောလမ်းကြောင်းကိုကြည့်ရှုနေသောဘက်သို့ လိုက်လျှောက်နိုင်သည်။ သို့သော်ထိုခေရုဗိမ်များ၏ သွားနှုန်းကောမည်သို့နည်း။ သူတို့သည်လျှပ်စစ်ပြက်သောနှုန်းနှင့်အညီ လှုပ်ရှားနိုင်ပါသည်တကား။ (ယေဇကျေလ ၁:၁၄) လူလုပ်သောမည်သည့်ယာဉ်မျှ ထိုမျှလောက်နှုန်းမရောက်နိုင်သေးချေ။
၅။ ယေဇကျေလက ရထားတော်၏ဘီးနှင့်ဘီးဝန်းကို မည်သို့ဖော်ပြသနည်း။
၅ ရုတ်တရက်တွင် လှည်း၏ဘီးများမြင်တွေ့ရသည်။ သာမန်မဟုတ်ပါတကား။ အခန်းငယ် ၁၆ နှင့် ၁၈ ကဆိုသည်။ “ပုံသဏ္ဌာန်မူကား ဘီးတစ်ခုအထဲ၌ဘီးတစ်ခုတပ်သကဲ့သို့ဖြစ်၏။ ဘီးဝန်းတို့သည်လည်းမြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ . . . မျက်စိနှင့်ပြည့်ကြ၏။” ခေရုဗိမ်တစ်ပါးစီ၏ဘေးရှိ ဘီးတစ်ဘီးသည် လေးနေရာနှင့်ဆက်နွယ်နေသော ဘီးလေးဘီးကိုသွားလာစေနိုင်သည်။ ဘီးတို့သည်ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူပြီး တောက်ပသည်။ ယင်းကဘုန်းတန်ခိုးနှင့်ပြည့်စုံသော ရူပါရုံကိုပိုမိုလှပ ထွန်းလင်းစေ၏။ ဘီးဝန်းတို့သည် “မျက်စိနှင့်ပြည့်” နေသောကြောင့် သူတို့သည်ခြေဦးတည့်ရာ အကန်းသဖွယ်သွားမနေကြချေ။ ဘီးတို့သည်ကြီးမားလှသောကြောင့် သူတို့၏ဝင်ရိုးပေါ်တွင်တစ်ခါလည်ရုံနှင့် အတော်ဝေးဝေးရောက်ရှိနိုင်သည်။ သူတို့သည်ခေရုဗိမ်လေးပါးပမာ လျှပ်စစ်ပြက်သကဲ့သို့ လျင်မြန်စွာသွားလာနိုင်သည်။
ဘီးများအတွင်းရှိဘီးများ
၆။ (က) ရထားတော်သည်မည်သို့ ဘီးအတွင်း၌ ဘီးများရှိသနည်း။ (ခ) ဘီးများ၏သွားရာဘက်သည် ဘာနှင့်တညီတည်းဖြစ်သနည်း။
၆ အခြားထူးခြားသည့်အရာရှိသေးသည်။ ဘီးတစ်ခုထဲတွင်ဘီးတစ်ခုရှိပြီး တူညီသောအချင်းရှိကာ မူရင်းဘီးထဲသို့ ကန့်လန့်အံဝင်လျက်ရှိသည်။ သို့မှသာလျှင် “သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်” သည်ဟုဆိုနိုင်ပေမည်။ (အခန်းငယ် ၁၇) ချက်ချင်းပင်၊ ဘီးများသည် လမ်းကိုပြောင်းလိုက်နိုင်သည်။ အကြောင်းမှာ၊ တစ်ဘက်စီကိုမျက်နှာမူနေသော ဘီးတစ်ဘက်ချင်းရှိနေသောကြောင့်ဖြစ်သည်။ ဘီးတို့သည်ခေရုဗိမ်လေးပါး သွားရာဘက်သို့တညီတည်းလိုက်သည်။ အားကောင်းလှသောယာဉ်တစ်စီးသည် ရေပေါ်တွင်လျှပ်၍သွားစဉ် လေဖြင့်ဖေးမထားသကဲ့သို့ ဘီးလေးခုအပေါ်တွင် ဘုရားရှင်၏ရထားတော်ကိုယ်ထည်သည် မျက်မြင်မရအထောက်အမဖြင့် စီးနင်းနိုင်သည်။
၇။ ဘီးများ၏တန်ခိုးပင်ရင်းကား အဘယ်နည်း။
၇ ဘီးများသည် ခေရုဗိမ်လေးပါးသွားလေသမျှအတိုင်း တညီတည်းလိုက်နိုင်ရန် ဤတန်ခိုးများကိုအဘယ်က ရရှိသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်ထံတော်မှ သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်သည်။ အခန်းငယ် ၂၀ က “ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သူတို့သည်လည်းသွားကြ၏။. . . သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏” ဟုဆိုထားသည်။ ခေရုဗိမ်တို့တွင်ရှိသော ထပ်တူမျက်မြင်မရ လှုပ်ရှားလျက်ရှိသော ဘုရားသခင့်တန်ခိုးတော်သည် ထိုဘီးများထဲတွင်ရှိလေသည်။
၈။ ဘီးများကိုမည်သည့်အမည်ပေးထားပြီး အဘယ်ကြောင့်နည်း။
၈ ဘီးများကို “လည်စက်” ဟူသောအသုံးအနှုန်းဖြင့်ရည်ညွှန်းထားသည်။ (ယေဇကျေလ ၁၀:၁၃) ထိုသို့ခေါ်ရခြင်းမှာ ဘီးတစ်ခုစီ၏လုပ်ဆောင်ချက်ကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းတို့သည်လှိမ့်သွားသည် သို့မဟုတ် အမြန်လှည့်သည်။ ဤကောင်းကင်ရထားတော်အပိုင်းကို ထိုသို့ခေါ်ဆိုခြင်းဖြင့် ကောင်းကင်ရထားတော်၏ သွားနှုန်းကိုအာရုံစိုက်စေသည်။ ယင်း၏ဘီးတို့သည် လျင်မြန်လှစွာလှည့်သော်လည်း သူတို့တွင်မျက်စိပြည့်နေခြင်းက သူတို့၏လမ်းကိုသူတို့အမြဲ မြင်တွေ့နိုင်သည်။
၉။ ရထားတော်၏လျင်မြန်လှသော လေးဘီးအထက်၌ ဘာရှိသည်ကို ယေဇကျေလမည်သို့ ဖော်ပြသနည်း။
၉ ယခု၊ ထိုကြောက်မက်ဖွယ် မြင့်မား၍အလျင်အမြန်သွားနေသည့် လေးဘီး၏အထက်တွင် ဘာရှိသည်ကိုကြည့်ကြပါစို့။ ယေဇကျေလအခန်းကြီး ၁ အခန်းငယ် ၂၂ က “သတ္တဝါတို့ဦးခေါင်းများအထက်ကြက်ပြီးသောကြောက်ရွံ့ဖွယ် ရေခဲရောင်ပိတာန်အသွင်သည် ဦးခေါင်းများကိုမိုးလျက်ရှိသည်” ဟုဆိုထားသည်။ (သမာ) မျက်နှာကြက်တို့သည်မာကျောသော်လည်း အလင်းထိုးဖောက်ဝင်နိုင်ပြီး “ကြောက်ရွံ့ဖွယ်သောရေခဲရောင်ကဲ့သို့” ဖြစ်သည်။ ထောင်ပေါင်းများစွာသော စိန်တုံးများကိုနေရောင်ထိသောအခါ အရောင်လက်သကဲ့သို့ဖြစ်သည်။ အမှန်ပင်စိုးရွံ့ဖွယ်ပါတကား။
ဘုန်းတန်ခိုးထွန်းတောက်သော ရထားစီးတော်မူရှင်
၁၀။ (က) ပလ္လင်နှင့်ပလ္လင်ပေါ်ရှိသူအကြောင်းကို မည်သို့ဖော်ပြသနည်း။ (ခ) ရထားစီးတော်မူသောသူသည် ဘုန်းနှင့်ပြည့်လွှမ်းရာတွင် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။
၁၀ ရထားစီးသူသည် ယေဇကျေလကိုစကားပြောရန် ရထားရပ်သွားကြောင်းထင်ရှားသည်။ မျက်နှာကြက်အပေါ်တွင် နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်လာသည်။ ပလ္လင်ပေါ်တွင် လူနှင့်သဏ္ဌာန်တူသော သူတစ်ဦးရှိသည်။ လူသဏ္ဌာန်သည် ယေဇကျေလအား ဤဘုရားရေးရာဖော်ပြချက်ကို နားလည်ရန်အကောင်းဆုံး အကူအညီပေးနိုင်သည်။ သို့သော်ထိုလူသားပုံသဏ္ဌာန်သည်ဘုန်းတော်ဖြင့် လွှမ်းနေသောကြောင့် ယင်းသည်အီလက်ထရွန်ကဲ့သို့ ငွေနှင့်ရွှေရောစပ်ထားသောအရောင် တောက်ပလျက်ရှိသည်။ စိုးရွံ့ဖွယ်အလှပါတကား။ ဤလူသဏ္ဌာန်၏ခါးမှ ထိုတင့်တယ်သောဘုန်းတော်တို့သည် အထက်ပိုင်းနှင့်အောက်ပိုင်းသို့ ထွန်းတောက်လျက်ရှိသည်။ သဏ္ဌာန်တစ်ခုလုံးသည် ဘုန်းတော်နှင့်ဝန်းရံလျက်ရှိသည်။ ယင်းကယေဟောဝါသည် မဖော်ပြနိုင်လောက်အောင် ဘုန်းတန်ခိုးထွန်းတောက်ကြောင်း တင်ပြသည်။ ထို့ပြင်၊ ရထားစီးသူနှင့်အတူ လှပသောသက်တံ့သည် လိုက်ပါလျက်ရှိသည်။ မုန်တိုင်းကျပြီးနောက် သက်တံ့သည်မည်မျှတည်ငြိမ်မှုနှင့် ငြိမ်သက်မှုကိုဖြစ်ပေါ်စေပါသည်တကား။ ထိုသို့သောတည်ငြိမ်သည့်သဘောရှိသည့်အတွက် ယေဟောဝါရှင်သည် မိမိ၏အရည်အချင်းများဖြစ်သော ဉာဏ်ပညာ၊ တရားမျှတခြင်း၊ တန်ခိုးနှင့်မေတ္တာတော်ကို စုံလင်မျှတစွာထားရှိလေသည်။
၁၁။ ယေဇကျေလသည် ယေဟောဝါ၏ရထားတော်နှင့် ပလ္လင်တော်ကြောင့် မည်သို့ထိခိုက်သနည်း။
၁၁ ယေဟောဝါရှင်၏ရထားတော်နှင့်ပလ္လင်တော်သည် အလင်းရောင်နှင့်လှပသောအရောင်များဖြင့် ဝန်းရံလျက်ရှိသည်။ ဖုံးကွယ်ရာနှင့်မှောင်မိုက်၏မင်းသားဖြစ်သော စာတန်နှင့်မည်မျှ ကွာခြားလှပါသည်တကား။ ယေဇကျေလသည် ဤအရာများကြောင့် မည်သို့ထိခိုက်ပါသနည်း။ “ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏” ဟုသူဆိုလေသည်။—ယေဇကျေလ ၁:၂၈။
ရထားတော်ကဘာကိုပုံဖော်
၁၂။ ယေဟောဝါ၏ကောင်းကင်ရထားတော်က ဘာကိုပုံဆောင်သနည်း။
၁၂ ဤထူးခြားလှသောရထားတော်သည် ဘာကိုပုံဆောင်သနည်း။ ယေဟောဝါဘုရားရှင်၏ ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းကိုဖြစ်သည်။ ယင်းကိုမျက်မြင်မရဘုံတွင်ရှိ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်သတ္တဝါများဖြစ်သော သရပ်များ၊ ခေရုဗိမ်များ၊ ကောင်းကင်တမန်များနှင့် ဖွဲ့စည်းထားသည်။ ယေဟောဝါသည် အကြီးမြတ်ဆုံးဘုရားသခင် ဖြစ်သည့်အလျောက် ကိုယ်တော်၏နာမ်ဝိညာဉ်သတ္တဝါအားလုံးသည် ကိုယ်တော်ထံလက်အောက်ခံကြပြီး၊ သူတို့အားကောင်းကျိုးပြုလိုသောသဘောဖြင့် အုပ်စိုးကာ ကိုယ်တော်၏ရည်ရွယ်ချက်နှင့်အညီ သူတို့အားအသုံးပြုတော်မူ၏။—ဆာလံ ၁၀၃:၂၀။
၁၃။ (က) ယေဟောဝါသည်မိမိ၏အဖွဲ့အစည်းကို စီးနင်းတော်မူကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ယေဟောဝါ၏ရွေ့လျားနေသော လေးဘီးရထားတော်ရူပါရုံက သင့်အားမည်သို့ထိခိုက်သနည်း။
၁၃ မှန်ပါသည်။ ရထားပေါ်တွင်ရှိတော်မူသည့်အလား ယေဟောဝါသည်ဤအဖွဲ့အစည်းကို စီးနင်းပြီး ကိုယ်တော်၏ဝိညာဉ်တော်စေ့ဆော်သည့်အတိုင်း ရွေ့လျားစေလိုသည့်နေရာသို့ ယင်းကိုရွေ့လျားစေ၏။ ယင်းသည်အထိန်း သို့မဟုတ် အမြော်အမြင်ရှိသောကြီးကြပ်မှု ကင်းမဲ့ကာ ထင်ရာစိုင်းနေခြင်းမဟုတ်ပါ။ ဘုရားသခင်သည် ဤအဖွဲ့အစည်းအား သွားလိုရာသွားစေဟု လွှတ်ထားတော်မမူချေ။ သို့အစား၊ ယင်းသည်ကိုယ်တော်၏ လမ်းညွှန်ရာကို လိုက်လျှောက်သည်။ ဘုရားသခင်၏ရည်စူးချက်အတိုင်း အပြည့်အဝပြီးမြောက်စေရန် အားလုံးသည်အတူတကွ ရှေ့သို့ချီတက်လျက်ရှိသည်။ ယေဟောဝါ၏ရွေ့လျားနေသော ကောင်းကင်ဆိုင်ရာ လေးဘီးရထားတော် ရူပါရုံအားဖြင့် ထူးမြတ်လှသော ကောင်းကင်အဖွဲ့အစည်းကို ဖွင့်ပြပါသည်တကား။ ယင်းနှင့်အညီ၊ ယေဟောဝါအဖွဲ့အစည်းအား လုံးဝစုံလင်ညီမျှသော လေးထောင့်စတုရန်းပုံဖြင့် ခိုင်းနှိုင်းထားလေသည်။
ကင်းစောင့်အဖြစ်ခန့်အပ်ခြင်း
၁၄။ မည်သူကိုပရောဖက်ယေဇကျေလဖြင့် ပုံခိုင်းထားသနည်း။
၁၄ သို့သော်ပရောဖက်ယေဇကျေလအားဖြင့် မည်သူ့ကိုပုံတင်ပြသနည်း။ ရာဇဝင်ဖြစ်ရပ်များက ယေဟောဝါရှင်၏ ဝိညာဏဘိသိတ်ခံသက်သေများသည် ကောင်းကင်ဆိုင်ရာရထားတော်နှင့် ဆက်နွယ်နေကြောင်း ထင်ရှားသည်။ သို့ဖြင့်၊ ယေဇကျေလသည် ၁၉၁၉ မှစ၍ ယေဟောဝါသက်သေ ဘိသိက်ခံအကြွင်းအကျန်များကို ပုံဆောင်သည်။ ဝိညာဏအရ၊ သူတို့အား ကမ္ဘာတစ်ခုလုံးတွင် ယေဟောဝါ၏သက်သေများအဖြစ် အသက်ပြန်ဝင်စေရန် ထိုနှစ်တွင်ဘုရားရှင်၏ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းသည် ဘိသိက်ခံအကြွင်းအကျန်များနှင့် ထိတွေ့ခဲ့သည်။ (ဗျာဒိတ် ၁၁:၁-၁၂၊ နှင့်နှိုင်းယှဉ်) ယနေ့အချိန်မှာကဲ့သို့ပင်၊ ယင်းရထားကဲ့သို့သောအဖွဲ့အစည်းသည် ထိုစဉ်ကရွေ့လျားလျက်ရှိသည်။ အမှန်တွင်၊ ဘီးလည်နှုန်းသည် ယခင်ကထက်ပိုမိုမြန်ဆန်လျက်ရှိသည်။ ယေဟောဝါသည် လျင်မြန်စွာဖြင့်ရှေ့သို့ စီးနင်းလျက်ရှိပါသည်တကား။
၁၅။ ကောင်းကင်ရထားတော် စီးနင်းသူ၏အသံတော်က ဘာကိုမိန့်ဆိုသနည်း။ ယေဇကျေလသည်မည်သည့်တာဝန် အပ်နှင်းခံရသနည်း။
၁၅ ယေဇကျေလက အဘယ်ကြောင့်ကောင်းကင်ရထားတော်သည် သူ့ရှေ့တွင်ရောက်လာပြီး ရပ်သွားသည်ကို သိလိုသည်။ ရထားတော်ပေါ်တွင်ထိုင်နေသူထံမှအသံတစ်သံ သူ့ထံရောက်ရှိလာသည်ကို သူကြားသိရသည်။ ဤတုန်လှုပ်အံ့သြဖွယ်မြင်ကွင်း၏ လွှမ်းမိုးမှုကြောင့် ယေဇကျေလသည် ပျပ်ဝပ်လိုက်သည်။ ကောင်းကင်ရထားတော် စီးနင်းသူ၏ပြောဆိုသံကို နားထောင်ပါလေ။ “အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အားငါပြောမည်။” (ယေဇကျေလ ၂:၁) ထိုနောက်ယေဟောဝါသည် ယေဇကျေလအား ကင်းစောင့်တာဝန် အပ်နှင်းပြီး ပုန်ကန်သောဣသရေလအမျိုးကို သတိပေးရန်ဖြစ်သည်။ ဘုရားရှင်၏နာမ၌ပင်ဟောပြောရန် သူ့အားပေးအပ်ခဲ့သည်။ ယေဇကျေလ၏နာမည်အနက်မှာ “ဘုရားသခင်ခွန်အားရှိစေသည်” ဟူ၍ဖြစ်သည်။ ထို့ကြောင့်ဘုရားရှင်သည် ယေဇကျေလအတန်းအစားအား ခွန်အားရှိစေပြီး သူတို့အားစေလွှတ်ခဲ့သည်။ သူတို့အားခရစ်ယာန်ဘောင် ကင်းစောင့်သဖွယ် ခန့်အပ်ခဲ့သည်။
၁၆၊ ၁၇။ (က) ကောင်းကင်ရထားတော်ရူပါရုံသည် ယေဇကျေလအား မည်သို့အကျိုးပြုသနည်း။ (ခ) ကျွန်ုပ်တို့လက်ထက်တွင်၊ ကောင်းကင်ရထားတော် ရူပါရုံအကြောင်းနားလည်ခြင်းက ယေဇကျေလအတန်းအစားနှင့် လူအုပ်ကြီးကို မည်သို့ထိခိုက်သနည်း။
၁၆ ကောင်းကင်ရထားတော်ရူပါရုံသည် ယေဇကျေလအားငြိမ်သက်၊ မိန်းမောစေသည်။ သို့သော်လည်းယင်းသည် ယေရုရှလင်ဖျက်ဆီးခံရတော့မည့်သတင်းကို ကြေညာရန်ကင်းစောင့်တစ်ဦးအဖြစ် သူ၏တာဝန်ကိုပြင်ဆင်မှုလည်းဖြစ်စေသည်။ ယနေ့ကင်းစောင့်အတန်းအစားလည်း အလားတူပင်ဖြစ်သည်။ ယေဟောဝါ၏ကောင်းကင်ရထားတော် ရွေ့လျားနေခြင်း ရူပါရုံကိုသူတို့နားလည်ခြင်းက ဘိသိက်ခံအကြွင်းအကျန်များအပေါ် ကြီးမားသောထိခိုက်မှုကိုဖြစ်စေခဲ့သည်။ ၁၉၃၁ တွင် Vindication အတွဲ ၁ တွင်ဖော်ပြသည်နှင့်အညီ ယေဇကျေလ၏ရူပါရုံကို ပို၍သိရှိလာကြသည်။ သူတို့သည်ထိုသို့လေးမြတ်သောသဘောနှင့် ပြည့်လွှမ်းသောကြောင့် ၁၉၃၁၊ အောက်တိုဘာ ၁၅ မှ ၁၉၅၀၊ ဩဂုတ် ၁ အထိကင်းမျှော်စင် မျက်နှာဖုံးဒီဇိုင်းတွင် အထက်ပိုင်းလက်ယာဘက်ထောင့်၌ ယေဇကျေလရူပါရုံတွင် ကောင်းကင်ရထားတော်၏ပုံကို ပန်းချီဆရာတစ်ဦး၏ ရှုမြင်သုံးသပ်ရေးဆွဲထားသောပုံ ပါခဲ့သည်။ သို့ဖြင့်၊ ယေဇကျေလအတန်းအစားသည် သူတို့အားလွှဲအပ်ထားသောတာဝန်ကို လုပ်ဆောင်ခဲ့ပြီး ဘုရားရေးရာသတိပေးချက်ကို ကြေညာကာ သူတို့သည် ကင်းစောင့်အဖြစ်ထမ်းဆောင်လျက်ရှိသည်။ ကိုယ်တော်၏ကောင်းကင်ရထားတော်အထက် ပလ္လင်တွင်ထိုင်နေတော်မူသော ယေဟောဝါထံတော်မှ ခရစ်ယာန်ဘောင်အပေါ် မီးလျှံအားဖြင့် ဖျက်ဆီးခြင်းအချိန်သည် တစ်ခါကမျှ ဤမျှလောက် နီးကပ်ခြင်းမရှိသေးပါတကား။
၁၇ ယနေ့တွင်၊ သိုးကဲ့သို့သူများဖြစ်သည့် “လူအုပ်ကြီး” သည် ဘိသိက်ခံအကြွင်းအကျန်များနှင့် ပေါင်းသင်းလျက်ရှိသည်။ (ဗျာဒိတ် ၇:၉) အတူတကွ၊ သူတို့သည် ခရစ်ယာန်ဘောင်နှင့် စာတန်စနစ်တစ်ခုလုံးအပေါ် လာလတံ့သောဖျက်ဆီးခြင်းဘေးကို သတိပေးကြေညာလျက်ရှိသည်။ ထိုသတိပေးခြင်းလုပ်ငန်းကို အလျင်အမြန်လုပ်ဆောင်နေပြီး ဗျာဒိတ် ၁၄:၆၊ ၇ တွင်ဖော်ပြသည့်အတိုင်း ယင်းကိုကောင်းကင်တမန်များက ထောက်မလျက်ရှိသည်။
ကောင်းကင်ရထားတော်နှင့်ရွေ့လျားနေခြင်း
၁၈။ ကောင်းကင်တမန်များ၏ ထောက်မမှုကိုဆက်လက်ရနေရန် ဘာပြုလုပ်ရမည်နည်း။ ကျွန်ုပ်တို့သည်ဘာကိုတုံ့ပြန်ရန် အသင့်ရှိရမည်နည်း။
၁၈ ထောက်မထားသောကောင်းကင်တမန်များသည် ယေဟောဝါရှင်၏မြေကြီးဆိုင်ရာကျေးကျွန်များ သူတို့၏ဘုရားရေးရာ တရားစီရင်ခြင်းသတိပေးချက်ကို လုပ်ဆောင်ရာတွင်ကူညီပေးစဉ် ဘုရားရှင်၏ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းအဝင်အဖြစ် တညီတည်းရွေ့လျားလျက်ရှိသည်။ ဘုရားရှင်၏ ဤအားကြီးလှသော ကောင်းကင်တမန်များ၏ ကာကွယ်မှုနှင့်လမ်းညွှန်မှုကို ဆက်လက်၍ကျွန်ုပ်တို့ခံစားလိုလျှင် ကျွန်ုပ်တို့လည်းတညီတည်း ရွေ့လျားရမည်ဖြစ်ပြီး ပုံဆောင်ရာလည်စက်များကို အမီလိုက်ရမည်။ ထို့ပြင်၊ ကိုယ်တော်၏ကောင်းကင်ရထားတော်နှင့်ယှဉ်လျက် ရွေ့လျားနေသော ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းအဝင်အနေနှင့် ကျွန်ုပ်တို့သည်ဘုရားရှင်၏ ဝိညာဉ်တော်ဦးဆောင်မှုကို တုံ့ပြန်ရန်အသင့်ရှိနေရမည်။ (ဖိလိပ္ပိ ၂:၁၃၊ နှင့်နှိုင်းယှဉ်) ကျွန်ုပ်တို့သည်ယေဟောဝါသက်သေများဖြစ်လျှင် ကောင်းကင်ရထားတော်သွားသည့်ဘက်အတိုင်း ရွေ့လျားရမည်။ အမှန်ပင်ကျွန်ုပ်တို့သည် ယင်းရည်ရွယ်ချက်နှင့်ကန့်လန့်ဖြတ်ပြုလုပ်လိုမည်မဟုတ်ချေ။ ကျွန်ုပ်တို့သွားရမည့်လမ်းကိုပြသသောအခါ ကျွန်ုပ်တို့လိုက်လျှောက်သင့်သည်။ သို့ဖြင့်၊ အသင်းတော်သည် ကွဲပြားမည်မဟုတ်ချေ။—၁ကောရိန္သု ၁:၁၀။
၁၉။ (က) ကောင်းကင်ရထားတော်၏ဘီးများပတ်ပတ်လည်၌ မျက်စိများရှိသကဲ့သို့ ယေဟောဝါ၏လူမျိုးသည် ဘာကိုနိုးနိုးကြားကြား ရှိရမည်နည်း။ (ခ) ဤလှုပ်ရှားထကြွသောအချိန်တွင် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်နေသင့်သနည်း။
၁၉ ဘုရားရှင်၏ရထားတော် ဘီးပတ်ပတ်လည်ရှိမျက်စိများက နိုးကြားမှုကိုပြသသည်။ ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းသည် နိုးကြားနေသည့်အတိုင်း ကျွန်ုပ်တို့သည် ယေဟောဝါရှင်၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းကိုထောက်မရန် နိုးကြားနေရမည်။ အသင်းတော်ဆိုင်ရာအနေနှင့် ဒေသခံအကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုသို့သောနိုးကြားမှုကိုတင်ပြနိုင်သည်။ (ဟေဗြံ ၁၃:၁၇) ဤလှုပ်ရှားထကြွနေသောအချိန်တွင် ခရစ်ယာန်များသည် ယေဟောဝါအဖွဲ့အစည်းနှင့် အလွန်ပင်နီးကပ်စွာနေရန်လိုအပ်သည်။ ဖြစ်ရပ်များအပေါ် ကျွန်ုပ်တို့၏ကိုယ်ပိုင်အနက်ဖွင့်လိုမည်မဟုတ်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းကင်ရထားတော်နှင့် ရွေ့လျားနေရာရောက်မည်မဟုတ်ချေ။ ‘ကောင်းကင်ရထားတော်သည် မည်သည့်ဘက်သို့ရွေ့လျားနေသနည်း’ ဟုမိမိတို့ကိုယ်ကို အမြဲမေးကြပါစို့။ ကျွန်ုပ်တို့သည် ဘုရားရှင်၏မျက်မြင်ရအဖွဲ့အစည်းနှင့်အတူ ရှေ့သို့တိုးနေလျှင် မျက်မြင်မရအဖွဲ့အစည်းနှင့်အတူ ရွေ့လျားနေရာလည်းရောက်ပေမည်။
၂၀။ ပေါလုသည်ဖိလိပ္ပိ ၃:၁၃-၁၆ တွင် မည်သည့်သွန်သင်ချက်ကောင်း ပေးထားသနည်း။
၂၀ ယင်းနှင့်စပ်လျဉ်း၍ပေါလုက ရေးသားခဲ့သည်။ “ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုမရရှိသေးကြောင်း ငါသိ၏။ ငါသည်နောက်၌ရှိသောအရာကို မေ့ပစ်ပြီးလျှင် ရှေ့၌ရှိသောအရာသို့ရောက်ခြင်းငှာ အစွမ်းကုန်ကြိုးစား၏။ သို့ဖြစ်၍ ငါသည်ဆုကိုရရန် ပန်းတိုင်သို့ရှေ့ရှူလျက်ပြေး၏။ ထိုဆုကား အထက်အရပ်၌ အသက်ရှင်ရေးအတွက် ခရစ်တော်ယေရှုအားဖြင့် ထာဝရဘုရား ဖိတ်ခေါ်တော်မူခြင်းပင် ဖြစ်သတည်း။ ငါတို့တွင်ရင့်ကျက်သူတို့သည် ဤစိတ်သဘောမျိုး ထားရှိသင့်ကြ၏။ အကယ်၍အချို့တို့သည် ကွဲလွဲသောစိတ်သဘောရှိပါလျှင် ထာဝရဘုရားသည် ယင်းကိုပင် ရှင်းလင်းဖော်ပြတော်မူလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင်အောင် လိုက်လျှောက်ခဲ့သည့်ပုံစံအတိုင်း ပြုကျင့်ကြစို့။”—ဖိလိပ္ပိ ၃:၁၃-၁၆၊ သတင်းကောင်း ။
၂၁။ မည်သည့်ပုံစံကိုလိုက်လျှောက်ခြင်းဖြင့် ဘုရားအဖွဲ့အစည်းနှင့်အတူ ဝိညာဉ်ရေးတိုးတက်မှုကို လုပ်ဆောင်နိုင်သနည်း။
၂၁ ဤတွင် “ပုံစံ” ဟုဆိုရာ၌ကိုယ့်ကိုယ်ကို ရုန်းမထွက်နိုင်သော ဆိုးယုတ်သောလမ်းကြောင်းကို ဆိုလိုနေခြင်းမဟုတ်ချေ။ ယေဟောဝါ၏ကျေးကျွန်များသည် သူတို့ဝိညာဏတိုးတက်မှုကိုလုပ်ဆောင်နေသော လုပ်ရိုးလုပ်စဉ်ပုံစံကောင်းများရှိသည်။ ယင်းလုပ်ရိုးလုပ်စဉ်ပုံစံကား၊ ကိုယ်ပိုင်ကျမ်းစာသင်အံမှုကျင်းပခြင်း၊ အသင်းတော်စည်းဝေးများတက်ရောက်ခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကို မှန်မှန်ကြေညာခြင်းနှင့် ဘုရားသခင့်ကောင်းကင်ဆိုင်ရာအဖွဲ့အစည်း၏ အရည်အချင်းများကို ရောင်ပြန်ခြင်းများအားဖြင့်ဖြစ်သည်။ ထိုကဲ့သို့ပုံစံသည် သူတို့အားယေဟောဝါရှင်၏ ကောင်းကင်ဆိုင်ရာရထားကဲ့သို့သော အဖွဲ့အစည်း၏ဦးဆောင်မှုကို လိုက်လျှောက်နိုင်ရန် ကူညီပေးသည်။ ဤကဲ့သို့စွဲမြဲခြင်းဖြင့်၊ ကျွန်ုပ်တို့၏ပန်းတိုင်သည် ကောင်းကင်တွင်မသေနိုင်သော အသက်ဆုကျေးဇူးဖြစ်စေ သို့မဟုတ် မြေကြီးပရဒိသုတွင် ထာဝရအသက်ဖြစ်စေ ကျွန်ုပ်တို့ရရှိပေမည်။
၂၂။ (က) ဘိသိက်ခံအကြွင်းအကျန်များနှင့် အခြားသိုးမှလူအုပ်ကြီးတို့ စည်းလုံးစွာဖွဲ့စည်းနိုင်ရန် ဘာပြုလုပ်ရမည်နည်း။ (ခ) မည်သည့်အရာသည် ဘုရားသခင်မမြင်ဘဲမရှိသနည်း။
၂၂ ယောဟန် ၁၀:၁၆ ဖော်ပြသည့်အတိုင်း၊ “အခြားသိုး” များနှင့်ယေဇကျေလ အတန်းအစားသည် စည်းလုံးစွာဖြင့် ဖွဲ့စည်းခံရမည်။ သို့ဖြင့်၊ ယေဟောဝါ၏အဖွဲ့အစည်းရှိသူအားလုံးသည် ဘုရားရှင်၏ကောင်းကင်ရထားတော်နှင့် တညီတည်းရွေ့လျားမည်ဆိုလျှင် ယေဇကျေလ အခန်းကြီး ၁ တွင်မှတ်တမ်းတင်ထားသော ရူပါရုံ၏ပုံတင်ပြချက်နှင့် အဓိပ္ပာယ်ကိုအပြည့်အဝသဘောပေါက်ရန် လိုအပ်သည်။ ယင်းရူပါရုံက ကျွန်ုပ်တို့သည်မျက်မြင်ရဖြစ်စေ၊ မျက်မြင်မရဖြစ်စေ ဘုရားရှင်၏အဖွဲ့အစည်းနှင့်အညီ ရွေ့လျားနေရန်လိုကြောင်း ကျွန်ုပ်တို့အားလေးမြတ်ရန် ကူညီပေးသည်။ ယေဟောဝါ၏မျက်စိတော်သည် “စုံလင်သောစေတနာစိတ်ရှိသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ” ကြောင်းကိုလည်းသတိရနေပါ။ (၂ ရာဇဝင်ချုပ် ၁၆:၉) ယေဟောဝါရှင်မမြင်သောအရာ ဘာမျှမရှိချေ။ အထူးသဖြင့် မိမိကိုယ်ကိုစကြဝဠာအချုပ်အခြာအဖြစ် ဂုဏ်တင်မည့် မိမိ၏ရည်ရွယ်ချက်နှင့်စပ်လျဉ်းသော အရာဟူသမျှကို မမြင်မရှိချေ။
၂၃။ ယေဟောဝါ၏ကောင်းကင်ရထား ရွေ့လျားနေစဉ် ကျွန်ုပ်တို့ဘာပြုလုပ်ရမည်နည်း။
၂၃ ယေဟောဝါ၏ကောင်းကင်ရထားတော်သည် ယနေ့တွင်အမှန်ပင် ရွေ့လျားလျက်ရှိသည်။ မကြာမီ၊ ရထားတော်စီးနင်းတော်မူသော ဘုန်းထွန်းတောက်သောသူနှင့်အညီ အရာခပ်သိမ်းသည် ဘုန်းထင်ရှားလာမည်။ စကြဝဠာ၏အချုပ်အခြာအရှင်အဖြစ် အရာခပ်သိမ်းသည် ကိုယ်တော်အား ထင်ရှားစေမည်ဖြစ်သည်။ ကိုယ်တော်၏သရပ်များ၊ ခေရုဗိမ်များ၊ ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အားထောက်မလျက်ရှိသည်။ ထို့ကြောင့်၊ ယေဟောဝါ၏ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူ ရှေ့သို့တိုးနေကြပါစို့။ သို့သော်ကျွန်ုပ်တို့သည် ထိုလျင်မြန်စွာရွေ့လျားနေသော ကောင်းကင်ရထားတော်ကို မည်သို့အမီလိုက်နိုင်မည်နည်း။
သင်မည်သို့ဖြေမည်နည်း
▫ ယေဇကျေလမြင်တွေ့ရသော သတ္တဝါလေးပါးသည် မည်သည့်အရည်အချင်းများကို ပုံဆောင်သနည်း။
▫ ယေဟောဝါ၏ကောင်းကင်ရထားတော်သည် ဘာကိုပုံဆောင်သနည်း။
▫ ဘုရားသခင်ပရောဖက် ယေဇကျေလသည် မည်သူ့ကိုပုံဆောင်သနည်း။
▫ ယေဟောဝါ၏ကောင်းကင်ရထားတော်ကို နားလည်ခြင်းက ယေဇကျေလအတန်းအစားနှင့် လူအုပ်ကြီးကိုမည်သို့ထိခိုက်သနည်း။