အခန်း သုံး
စမ်းသပ်ခံရသော်လည်း ယေဟောဝါအပေါ် ဆက်၍သစ္စာစောင့်သိခြင်း!
၁၊ ၂။ အဘယ်ထူးခြားသည့် ဖြစ်ရပ်များက ဒံယေလမှတ်တမ်း၏ ပဏာမနိဒါန်းဖြစ်သနည်း။
နိုင်ငံတကာဇာတ်ခုံပေါ်တွင် အရေးကြီးသော အပြောင်းအလဲ ဖြစ်ပွားနေချိန်တွင် ဒံယေလ၏ပရောဖက်ကျမ်း ပြည်ဖုံးကားပွင့်လာသည်။ အာရှုရိ (အဆီးရီးယား) ၏မြို့တော် နိနေဝေမြို့သည် ရန်သူ့လက်သို့ ကျရောက်ပြီးခါစရှိသည်။ အီဂျစ်နိုင်ငံသည် ယုဒပြည်၏တောင်ပိုင်းတွင် အရေးမပါသည့် အနေအထားသို့ လျှောကျခဲ့သည်။ ဗာဗုလုန်မူကား ကမ္ဘာ့စိုးမိုးရေး ကြိုးပမ်းမှုတွင် အဓိက အင်အားကြီးနိုင်ငံအဖြစ် တစ်ဟုန်ထိုးပေါ်ထွက်လာသည်။
၂ ဘီ.စီ.အီး. ၆၂၅ ခုနှစ်တွင် အီဂျစ်ဘုရင် ဖာရော နေခေါသည် တောင်ပိုင်းသို့ ဗာဗုလုန်၏ နယ်ပယ်ချဲ့ထွင်မှုကို ဟန့်တားပိတ်ဆို့ရန် နောက်ဆုံးကြိုးပမ်းခဲ့သည်။ ထိုရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် သူသည် ဥဖရတ် (ယူဖရေးတီးစ်) မြစ်အထက်ပိုင်း မြစ်ကမ်းပေါ်တည်ရှိသည့် ကာခေမိတ်မြို့သို့ သူ၏စစ်တပ်ကို ဦးဆောင်သွားသည်။ ကာခေမိတ်တိုက်ပွဲဟူ၍ ခေါ်တွင်သည့် ၎င်းတိုက်ပွဲသည် အဆုံးအဖြတ်ပေးသည့် သမိုင်းဝင်ဖြစ်ရပ်ဖြစ်သည်။ အိမ်ရှေ့မင်း နေဗုခဒ်နေဇာ ဦးဆောင်သည့် ဗာဗုလုန်စစ်တပ်သည် ဖာရောမင်း နေခေါ၏တပ်ဖွဲ့များကို ပြုတ်ပြုတ်ပြုန်း ချေမှုန်းလိုက်သည်။ (ယေရမိ ၄၆:၂) ရရှိသည့်အောင်မြင်မှု အရှိန်အဟုန်ဖြင့် နေဗုခဒ်နေဇာသည် ဆီးရီးယားနှင့် ပါလက်စတိုင်းကို တစ်ဟုန်ထိုး တိုက်ခိုက်ခြင်းဖြင့် ၎င်းဒေသမှ အီဂျစ်၏စိုးမိုးမှုကို ဆုံးခန်းတိုင်စေခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဖခမည်းတော် နဗိုပိုလေဇာ အနိစ္စရောက်၍သာ သူ၏စစ်ဆင်ရေးစီမံချက် ယာယီရပ်စဲခဲ့သည်။
၃။ ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ ပထမအကြိမ် တိုက်ခိုက်ခြင်း၏ရလဒ်ကား အဘယ်နည်း။
၃ နောက်တစ်နှစ်တွင် ဗာဗုလုန်ရှင်ဘုရင်အဖြစ် စိုးစံနေပြီဖြစ်သော နေဗုခဒ်နေဇာသည် ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသတွင် ၎င်း၏စစ်ရေးစီမံချက်ကို ပြန်၍အာရုံစိုက်လာသည်။ ၎င်းကာလအတောအတွင်း သူသည် ယေရုရှလင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆို၏– “ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တစ်ဖန်လှန်ပြန်၍ ပုန်ကန်လေ၏။”—၄ ဓမ္မရာဇဝင် ၂၄:၁။
ယေရုရှလင်မြို့ရောက် နေဗုခဒ်နေဇာ
၄။ ဒံယေလ ၁:၁ မှ “ယောယကိမ် နန်းစံသုံးနှစ်တွင်” ဟူသောစကားကို မည်သို့နားလည်ရမည်နည်း။
၄ “သုံးနှစ်” ဟူသောအသုံးအနှုန်းသည် ကျွန်ုပ်တို့အတွက် အထူးစိတ်ဝင်စားဖွယ်ကောင်း၏၊ အကြောင်းမှာ ဒံယေလကျမ်း စစချင်းတွင် ဤသို့ဆိုထား၍ဖြစ်သည်– “ယုဒရှင်ဘုရင် ယောယကိမ် နန်းစံသုံးနှစ်တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ချီလာ၍ ဝန်းရံလေ၏။” (ဒံယေလ ၁:၁) ဘီ.စီ.အီး. ၆၂၈ မှ ၆၁၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ယောယကိမ်၏ နန်းစံတတိယနှစ်တွင် နေဗုခဒ်နေဇာသည် “ဗာဗုလုန်ရှင်ဘုရင်” မဖြစ်သေးဘဲ အိမ်ရှေ့မင်းမျှသာ ရှိသေးသည်။ ဘီ.စီ.အီး. ၆၂၀ ပြည့်နှစ်တွင် နေဗုခဒ်နေဇာသည် ယောယကိမ်အား အခွန်ဘဏ္ဍာဆက်သစေသည်။ သို့သော် သုံးနှစ်ကြာပြီးနောက် ယောယကိမ်ပုန်ကန်လေ၏။ သို့ဖြစ်သောကြောင့် ဘီ.စီ.အီး. ၆၁၈ ခုနှစ်၊ သို့မဟုတ် ဗာဗုလုန်၏ဘဏ္ဍာဆက်မင်းအဖြစ် ယောယကိမ်စိုးစံသည့် တတိယမြောက်နှစ်အတွင်း နေဗုခဒ်နေဇာသည် ပုန်ကန်သည့် ယောယကိမ်အား ဒဏ်ခတ်ရန် ယေရုရှလင်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၅။ ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ ဒုတိယအကြိမ် တိုက်ခိုက်ခြင်း၏ရလဒ်ကား အဘယ်နည်း။
၅ ဤတစ်ကြိမ်လာရောက်ဝိုင်းရံခြင်း၏ အကျိုးရလဒ်မှာ “ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာ အချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံ” လိုက်ခြင်းဖြစ်သည်။ (ဒံယေလ ၁:၂) ယောယကိမ်သည် မြို့ဝိုင်းရံခံရစဉ် အစောပိုင်းကာလအတွင်း လုပ်ကြံခံရခြင်းကြောင့်ဖြစ်စေ၊ ပုန်ကန်ထကြွမှုကြောင့်ဖြစ်စေ သေဆုံးခဲ့ဖွယ်ရှိသည်။ (ယေရမိ ၂၂:၁၈၊ ၁၉) ဘီ.စီ.အီး. ၆၁၈ ခုနှစ်တွင် အသက် ၁၈-နှစ်ရှိသည့်သားတော် ယေခေါနိသည် ရှင်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံလေ၏။ သို့ရာတွင် ယေခေါနိသည် သုံးလနှင့်ဆယ်ရက်မျှသာ စိုးစံပြီးနောက် ဘီ.စီ.အီး. ၆၁၇ ခုနှစ်တွင် အညံ့ခံလိုက်လေ၏။—၄ ဓမ္မရာဇဝင် ၂၄:၁၀-၁၅ နှိုင်းယှဉ်။
၆။ ယေရုရှလင်မြို့ ဗိမာန်တော်မှ အမွန်အမြတ်ထားသော တန်ဆာများကို နေဗုခဒ်နေဇာ မည်သို့ပြုသနည်း။
၆ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ ဗိမာန်တော်မှ အမွန်အမြတ်ထားသော တန်ဆာများကို လက်ရပစ္စည်းများအဖြစ် “ရှိနာပြည်၌ရှိသော မိမိဘုရား [မားဒွတ်ခ်၊ သို့မဟုတ် ဟေဗြဲဘာသာဖြင့် မေရောဒပ်] ၏ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။” (ဒံယေလ ၁:၂; ယေရမိ ၅၀:၂) မားဒွတ်ခ်၏ဘုရားကျောင်းနှင့်ပတ်သက်၍ နေဗုခဒ်နေဇာက “ငါသည် ရွှေငွေ ကျောက်သံပတ္တမြားတို့ကို ဘုရားကျောင်းအတွင်း၌ သိုလှောင်သိမ်းဆည်းထား၍ . . . နိုင်ငံတော်၏ ဘဏ္ဍာတိုက် ကို ထိုနေရာတွင်ထားရှိသည်” ဟုပြောဆိုကြောင်းဖော်ပြသည့် ဗာဗုလုန် ကမ္ပည်းကျောက်စာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အမွန်အမြတ်ထားသည့် ဤတန်ဆာများအကြောင်းကို ဘုရင်ဗေလရှာဇာ လက်ထက်တွင် တစ်ဖန်ဖတ်ရှုရပါမည်။—ဒံယေလ ၅:၁-၄။
ယေရုရှလင်မြို့မှ လူငယ်အကျော်အမော်များ
၇၊ ၈။ ဒံယေလ ၁:၃၊ ၄ နှင့် ၆ တို့မှ ဒံယေလနှင့် သူ၏အဖော်သုံးဦးတို့၏ နောက်ကြောင်းကို မည်သို့သိရှိနိုင်သနည်း။
၇ ယေဟောဝါ၏ဗိမာန်တော်မှ ရတနာပစ္စည်းများကိုသာ ဗာဗုလုန်သို့ ယူဆောင်သွားခဲ့သည်မဟုတ်။ မှတ်တမ်းက ဤသို့ဆို၏– “ထိုအခါ ရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်ကို ခေါ်တော်မူ၍ မကောင်းသောလက္ခဏာကင်းလျက် လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍ ကောင်းသောဉာဏ်နှင့်တကွ အထူးထူးအပြားပြားသော အတတ်ပညာများကိုလေ့ကျက်၍ နန်းတော်၌အမှုထမ်းခြင်းငှာ တတ်စွမ်းနိုင်သောလူပျို [“ကလေး၊” ကဘ] တို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍ ခါလဒဲဘာသာအတတ်ကိုသင်စေဟု အမိန့်တော်ရှိ၏။”—ဒံယေလ ၁:၃၊ ၄။
၈ မည်သူတို့ အရွေးခံရကြသနည်း။ ကျမ်းစာက ဤသို့ဆို၏– “ထိုသူတို့တွင် ယုဒအမျိုးသား ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။” (ဒံယေလ ၁:၆) ဤအချက်က ဒံယေလနှင့် သူ့အပေါင်းအဖော်တို့၏ မရှင်းလင်းသောနောက်ကြောင်းကို အတန်အရာ ထင်လင်းစေသည်။ သာဓကအားဖြင့်၊ သူတို့သည် မင်းမျိုးမင်းနွယ်ဖြစ်သည့် “ယုဒအမျိုးသား” များဖြစ်ကြကြောင်း သိရှိရသည်။ သူတို့သည် တော်ဝင်အမျိုးအနွယ်ထဲမှ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ယုတ်စွအဆုံး အရေးပါ၍ ဩဇာအရှိန်အဝါရှိသည့် မိသားစုထဲမှ ဖြစ်ရမည်ဟု ကျိုးကြောင်းဆီလျော်စွာ တွေးဆနိုင်သည်။ သူတို့အားလုံးသည် “ကလေး” ဟူ၍ခေါ်နိုင်သည့် ဆယ်ကျော်သက် အရွယ်၌ပင် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ကြသည့်အပြင် ထိုးထွင်းဉာဏ်၊ ဉာဏ်ပညာ၊ အသိပညာ၊ ပိုင်းခြားဉာဏ်တို့နှင့် ပြည့်စုံကြသည်။ ဒံယေလနှင့် သူ၏အဖော်တို့သည် ယေရုရှလင်မြို့ရှိ လူငယ်လူရွယ်တို့တွင် ထူးချွန်သည့် အကျော်အမော်များ ဖြစ်ရပေမည်။
၉။ ဒံယေလနှင့် သူ၏အဖော်သုံးဦး၌ ဘုရားတရားကြောက်ရွံ့သည့်မိဘများ ရှိသည်ဟု အဘယ်ကြောင့် အသေအချာ ပြောနိုင်သနည်း။
၉ ဤလူငယ်တို့၏ မိဘများမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်တမ်းက မဖော်ပြပါ။ သို့သော် ၎င်းတို့သည် မိဘတာဝန်ကို အလေးအနက်ခံယူသော ဘုရားတရားကြည်ညိုသူများ ဖြစ်ကြမည်မှာ သေချာသည်။ ထိုအချိန်၌ ယေရုရှလင်မြို့တွင် အထူးသဖြင့် ‘မင်းညီမင်းသားများနှင့် မှူးကြီးမတ်ကြီးများ’ အတွင်း ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေး ယိုယွင်းပျက်ပြားနေသည်ကိုထောက်လျှင် ဒံယေလနှင့် အဖော်သုံးယောက်တွင်တွေ့ရသည့် ထူးကဲသော အရည်အသွေးများမှာ မတော်တဆ ဖြစ်ပေါ်လာသည့်အရာများ မဟုတ်သည်မှာထင်ရှားသည်။ မိမိတို့၏သားငယ်များကို တစ်ရပ်တစ်ကျေးသို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်ရသည့် မိဘတို့အနေဖြင့် ရင်ကွဲနာကျမည်မှာ ပြောစရာပင်လိုမည်မဟုတ်။ နောင်ဖြစ်ပေါ်လာသည့် အကျိုးရလဒ်ကိုသာ သူတို့သိမြင်နိုင်ခဲ့မည်ဆိုလျှင် သူတို့ခမျာ မည်မျှဂုဏ်ယူဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! မိဘတို့အနေဖြင့် သားသမီးများကို “ယေဟောဝါ၏ ကျင့်ဝတ်စည်းကမ်းနှင့် စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းနှင့်အညီ” မွေးမြူရန် အမှန်ပင်အရေးကြီးလှသည်တကား!—ဧဖက် ၆:၄၊ ကဘ။
စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲ
၁၀။ ဤဟေဗြဲလူငယ်များ အဘယ်အရာများ သင်ကြားခံရသနည်း။ ၎င်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၁၀ ဤနယ်နှင်ခံလူငယ်တို့အဖို့ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲ ချက်ချင်းပင်စတင်လေသည်။ ဤဆယ်ကျော်သက် ဟေဗြဲကလေးများကို ဗာဗုလုန်စနစ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် သူတို့အား “ခါလဒဲစာပေကျမ်းဂန်နှင့် ဘာသာစကားကိုသင်စေ” ဟု နေဗုခဒ်နေဇာက မင်းအရာရှိများအား အမိန့်တော်ရှိ၏။ (ဒံယေလ ၁:၄၊ သမ္မာ) ဤကား သာမန်ပညာရေး မဟုတ်ပါ။ ၎င်းတွင် “ဆူမေးရီးယန်းဘာသာ၊ အက္ကယ်ဒီယန်းဘာသာ၊ အာရမိတ်ဘာသာ . . . နှင့် အခြားသော ဘာသာစကားများအပြင် ၎င်းဘာသာများဖြင့် ရေးသားထားသည့် ကျယ်ပြန့်သောစာပေများကို သင်ယူလေ့လာခြင်း ပါဝင်သည်” ဟူ၍ အပြည်ပြည်ဆိုင်ရာ စံ သမ္မာကျမ်းစာ စွယ်စုံကျမ်း ကရှင်းလင်းဖော်ပြသည်။ “ကျယ်ပြန့်သောစာပေများ” တွင် သမိုင်း၊ သင်္ချာ၊ နက္ခတ္တဗေဒ အစရှိသည်တို့ ပါဝင်သည်။ သို့သော် “အတိတ်နိမိတ်ဖတ်ခြင်းနှင့် နက္ခတ်ဗေဒင်အတတ် နှစ်ရပ်စလုံးနှင့် . . . ဆက်နွှယ်သည့် ဘာသာရေးစာပေများ အများဆုံးပါဝင်သည်။”
၁၁။ ဗာဗုလုန်၏ နန်းတွင်းဘဝကို ဟေဗြဲလူငယ်များ အသေအချာခံယူစေရန် အဘယ်သို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့သနည်း။
၁၁ ဤဟေဗြဲလူငယ်များအနေဖြင့် ဗာဗုလုန်၏နန်းတွင်း ထုံးစံဓလေ့များနှင့် ယဉ်ကျေးမှုတို့ကို အပြည့်အဝခံယူရန်အတွက် ရှင်ဘုရင်သည် “ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။” (ဒံယေလ ၁:၅) ၎င်းပြင်၊ “မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဟု အသီးအသီး အမည်သစ်ကိုပေး၏။” (ဒံယေလ ၁:၇) သမ္မာကျမ်းစာခေတ်တွင် လူတစ်ဦး၏ဘဝတွင် ထူးခြားသည့်ဖြစ်ရပ် တစ်ခုအတွက် အမှတ်သင်္ကေတအဖြစ် နာမည်အသစ်ပေးခြင်းမှာ သာမန်အလေ့အထတစ်ရပ်ဖြစ်သည်။ သာဓကအနေဖြင့် ယေဟောဝါက အာဗြံနှင့်စာရဲတို့၏အမည်ကို အာဗြဟံနှင့်စာရာအဖြစ် ပြောင်းလဲတော်မူခဲ့၏။ (ကမ္ဘာဦး ၁၇:၅၊ ၁၅၊ ၁၆) လူတစ်ဦးအနေဖြင့် အခြားလူတစ်ဦး၏နာမည်ကို ပြောင်းလဲပေးခြင်းသည် ထိုသူ၌ အခွင့်အာဏာရှိကြောင်း၊ လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ထင်ရှားသည့် သာဓကဖြစ်သည်။ ယောသပ်သည် အီဂျစ်ပြည်၏ရိက္ခာဝန် ဖြစ်လာသည့်အခါ၌ ဖာရောမင်းက သူ့အား ဇာဖဏာသ-ဖာဏ ဘွဲ့နာမနှင့် ချီးမြှောက်ခဲ့၏။—ကမ္ဘာဦး ၄၁:၄၄၊ ၄၅; ၄ ဓမ္မရာဇဝင် ၂၃:၃၄; ၂၄:၁၇ နှိုင်းယှဉ်။
၁၂၊ ၁၃။ ဟေဗြဲလူငယ်တို့၏ နာမည်များကို ပြောင်းလဲခြင်းသည် သူတို့၏ ယုံကြည်ခြင်းကိုဖျက်ဆီးရန် အားထုတ်ခြင်းတစ်ရပ် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၁၂ ဒံယေလနှင့် ဟေဗြဲအဖော်သုံးဦးတို့၏အဖြစ်တွင် နာမည်ပြောင်းခြင်းသည် ထူးခြားသည့်အဓိပ္ပာယ်ရှိသည်။ သူတို့အား မိဘများပေးခဲ့သည့် အမည်များမှာ ယေဟောဝါအား ကိုးကွယ်ခြင်းနှင့်ညီညွတ်သည်။ “ဒံယေလ” မှာ “ငါ၏တရားသူကြီးသည် ဘုရားသခင်ဖြစ်တော်မူ၏” ဟူ၍အဓိပ္ပာယ်ရှိသည်။ “ဟာနနိ” ၏အဓိပ္ပာယ်မှာ “ယေဟောဝါသည် မျက်နှာသာပေးတော်မူ၏” ဟူ၍ဖြစ်သည်။ “မိရှေလ” မှာ “ဘုရားသခင်နှင့် အဘယ်သူတူသနည်း” ဟူ၍အဓိပ္ပာယ်ရှိဟန်တူသည်။ “အာဇရိ” မှာ “ယေဟောဝါ ကယ်မတော်မူ၏” ဟူ၍အဓိပ္ပာယ်ရှိသည်။ သူတို့၏မိဘများက မိမိတို့၏သားများသည် ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် လူလားမြောက်ကြီးပြင်းလာပြီး ကိုယ်တော်၏ကျေးဇူးသစ္စာစောင့်သိသော သစ္စာရှိအမှုထမ်းများ ဖြစ်လာမည်ကို စိတ်ထက်သန်စွာ မျှော်လင့်ခဲ့ကြမည်မှာ ယုံမှားဖွယ်မရှိ။
၁၃ သို့ရာတွင် ဟေဗြဲလူငယ် လေးဦးအားပေးသည့် အမည်သစ်များမှာ မှောက်မှားသည့် ဘုရားများ၏အမည်နှင့် နီးကပ်စွာဆက်နွှယ်မှုရှိကြသဖြင့် မှန်သောဘုရားသခင်ကို မှားသောဤဘုရားများက နှိပ်ကွပ်လိုက်ပြီဖြစ်ကြောင်း တင်ပြလိုခြင်းဖြစ်သည်။ ၎င်းလူငယ်တို့၏ ယုံကြည်ခြင်းကိုဖျက်ဆီးရန် လျှို့ဝှက်ကြံစည်အားထုတ်မှုပါတကား!
၁၄။ ဒံယေလနှင့် သူ၏အဖော်သုံးဦးအား ပေးသည့်နာမည်သစ်များမှာ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၄ ဒံယေလ၏နာမည်ကို “ဘုရင်မင်းမြတ်၏ အသက်တော်ကို ကာကွယ်သည်” ဟူ၍အဓိပ္ပာယ်ရှိသည့် ဗေလတရှာဇာအဖြစ် ပြောင်းပေးသည်။ ဤကား ဗာဗုလုန်၏ အဓိကနတ်ဘုရား ဗာလ၊ သို့မဟုတ် မားဒွတ်ခ်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အတိုကောက်ဖြစ်သည်မှာ ထင်ရှားသည်။ ဒံယေလအတွက် နာမည်အသစ် ရွေးချယ်ရာတွင် နေဗုခဒ်နေဇာ ပါဝင်ပတ်သက်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ၎င်းနာမည်သည် သူ “ကိုးကွယ်သောဘုရား၏ နာမအားဖြင့်” ဖြစ်သောကြောင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အသိအမှတ်ပြုခဲ့သည်။ (ဒံယေလ ၄:၈) ဟာနနိအား ရှာဒရက် ဟူ၍အမည်ပြောင်းပေးလိုက်သည်။ ယင်းအမည်မှာ “အကူး၏ အမိန့်တော်” ဟူ၍အဓိပ္ပာယ်ရှိသည့် ပေါင်းစပ်အမည်ဖြစ်သည်ဟု ပညာရှင်အချို့က ယူဆကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အကူးဆိုသည်မှာ ဆူမေးရီးယန်း နတ်ဘုရားတစ်ပါး၏ အမည်ဖြစ်သည်။ မိရှေလ၏အမည်ကို မေရှက် (မိ․ရှာ․အကူး ဖြစ်ဖွယ်ရှိသည်) ဟူ၍ပြောင်းပေးလိုက်ရာ “ဘုရားသခင်နှင့် အဘယ်သူ တူသနည်း” ကို “အကူး ဖြစ်သည့်အတိုင်း မည်သူဖြစ်သနည်း” ဟူ၍ ပါးနပ်စွာ လှည့်ပတ်ခြင်းဖြစ်သည်မှာ သိသာလှသည်။ အာဇရိ၏ ဗာဗုလုန်အမည်မှာ အဗေဒနေဂေါဖြစ်ရာ “နေဂေါ၏ အမှုထမ်း” ဟူ၍အဓိပ္ပာယ်ပေါက်ပုံရသည်။ “နေဂေါ” ဆိုသည်မှာ နတ်ဘုရားတစ်ပါးအမည် “နေဘော” ၏မူကွဲတစ်မျိုးဖြစ်ပြီး ဗာဗုလုန်ရှင်ဘုရင် အတော်များများက မိမိတို့အမည်တွင် ယင်းကိုထည့်၍ မှည့်ခေါ်လေ့ရှိကြသည်။
ယေဟောဝါအပေါ် သစ္စာစောင့်သိရန် သန္နိဋ္ဌာန် ချထား
၁၅၊ ၁၆။ အဘယ်အန္တရာယ်များကို ယခု ဒံယေလနှင့် သူ၏အဖော်များ ရင်ဆိုင်ရသနည်း။ သူတို့၏တုံ့ပြန်မှုက မည်သို့နည်း။
၁၅ ဗာဗုလုန်နာမည်များ၊ ပြန်လည်ပညာပေးရေး အစီအစဉ်နှင့် အထူးဓာတ်စာ အားလုံးတို့သည် ဒံယေလနှင့် ဟေဗြဲလူငယ်သုံးဦးအား ဗာဗုလုန် ဘဝလမ်းစဉ်ထဲသို့ ရောယှက်သွားစေရန် သက်သက်မျှသာမဟုတ်ဘဲ သူတို့၏ဘုရားသခင် ယေဟောဝါ၊ သူတို့၏ဘာသာရေး လေ့ကျင့်မှု၊ နောက်ခံတို့နှင့် ကင်းကွာစိမ်းကားသွားစေရန်အတွက်လည်း ဖြစ်ပေသည်။ ဤသို့သောဖိအားနှင့် ဖြားယောင်းသွေးဆောင်မှုတို့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရာ၌ ဤလူငယ်များ မည်သို့ပြုကြမည်နည်း။
၁၆ မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဆို၏– “ဒံယေလမူကား၊ ပွဲတော်စာနှင့် စပျစ်ရည်တော်ဖြင့် ကိုယ်ကိုမသန့်အောင်မပြုရာဟု အကြံရှိ [“သန္နိဋ္ဌာန်ချထား၊” ကဘ]. . . ၏။” (ဒံယေလ ၁:၈က၊ သမ) ဒံယေလတစ်ဦးတည်းကိုသာ အမည်နှင့်တကွ ဖော်ပြထားသော်လည်း ဆက်လက်ဖြစ်ပျက်သည့် ဖြစ်ရပ်များကိုထောက်ရှုလျှင် သူ၏အဖော်သုံးဦးလည်း သူ၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း သိသာသည်။ ‘သန္နိဋ္ဌာန်ချထား၏’ ဟူသောစကားက နေရင်းပြည်၌ ဒံယေလ၏မိဘများနှင့် အခြားသူများ ပို့ချသည့်သွန်သင်ချက်သည် သူ၏စိတ်နှလုံးထဲသို့ ရောက်ရှိကြောင်း ပြသသည်။ အလားတူ လေ့ကျင့်သင်ကြားမှုက အခြားဟေဗြဲလူငယ်သုံးဦးအား ဆုံးဖြတ်ချက်ချရာတွင် လမ်းညွှန်ထိန်းကျောင်းပေးမည်မှာ ယုံမှားဖွယ်မရှိပေ။ ဤအချက်က သားသမီးများ ငယ်ရွယ်လွန်းသဖြင့် နားလည်နိုင်မည်မဟုတ်ဟု ထင်ရစေကာမူ သွန်သင်ဆုံးမခြင်း၏တန်ဖိုးကို ကောင်းစွာထင်ရှားစေသည်။—သုတ္တံ ၂၂:၆; ၂ တိမောသေ ၃:၁၄၊ ၁၅။
၁၇။ ဒံယေလနှင့် သူ၏အဖော်တို့သည် အခြားအစီအစဉ်များကို မကန့်ကွက်ဘဲ ဘုရင့်ပွဲတော်စာကိုသာ အဘယ်ကြောင့် ကန့်ကွက်ကြသနည်း။
၁၇ ဤဟေဗြဲလူငယ်တို့သည် အခြားသောအစီအစဉ်များကို မကန့်ကွက်ဘဲ ပွဲတော်မှကြွင်းသောအစာနှင့် စပျစ်ရည်လောက်ကိုသာ အဘယ်ကြောင့် ကန့်ကွက်ကြသနည်း။ “ကိုယ်ကို မသန့်အောင်မပြုရာ” ဟူသော ဒံယေလ၏အကြံက အကြောင်းရင်းကို ရှင်းလင်းနားလည်စေသည်။ “ခါလဒဲစာပေကျမ်းဂန်နှင့် ဘာသာစကားကိုသင်” ရခြင်း၊ ဗာဗုလုန်အမည် ပေးခံရခြင်းတို့သည် မနှစ်မြို့စရာကောင်းစေကာမူ လူတစ်ဦးကို မညစ်ညူးစေနိုင်ပါ။ ထိုထက်နှစ်ပေါင်း ၁,၀၀၀ နီးပါးရှေးကျသည့် မောရှေ၏စံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် “အီဂျစ်အမျိုးသားတို့၏ အတတ်ပညာအလုံးစုံကို ဆည်းပူး” ခဲ့ရသော်လည်း ယေဟောဝါအပေါ် ဆက်၍ ကျေးဇူးသစ္စာ စောင့်သိခဲ့သည်။ မိဘအရင်းတို့၏ ပြုစုပျိုးထောင်မှု ခံခဲ့ရခြင်းကြောင့် ခိုင်မာသည့် အခြေခံအုတ်မြစ် ရရှိခဲ့သည်။ ထို့ကြောင့် “မောရှေသည် အသက်အရွယ်ကြီးသည့်အခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရခြင်းကို သာ၍အလိုရှိသဖြင့် . . . ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင် သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။”—တမန်တော် ၇:၂၂၊ သက; ဟေဗြဲ ၁၁:၂၄၊ ၂၅။
၁၈။ ဘုရင့်ပွဲတော်စာသည် အဘယ်နည်းများဖြင့် ဟေဗြဲလူငယ်တို့အား ညစ်ညူးစေနိုင်သနည်း။
၁၈ ဗာဗုလုန်ရှင်ဘုရင်၏ ပွဲတော်မှကြွင်းသော အစားအသောက်များက ဤလူငယ်တို့ကို အဘယ်သို့ ညစ်ညူးစေမည်နည်း။ ပထမ၊ ပွဲတော်မှကြွင်းသောအစာတွင် မောရှေပညတ်တရား တားမြစ်ထားသည့်အစာများ ပါဝင်နိုင်ဖွယ်ရှိသည်။ သာဓကအနေဖြင့် ဗာဗုလုန်လူမျိုးသည် ပညတ်တရားအောက်ရှိ ဣသရေလလူမျိုးအတွက် တားမြစ်ထားသည့် မသန့်ရှင်းသည့် တိရစ္ဆာန်များကို စားကြသည်။ (ဝတ်ပြုရာ ၁၁:၁-၃၁; ၂၀:၂၄-၂၆; တရားဟောရာ ၁၄:၃-၂၀) ဒုတိယ၊ ဗာဗုလုန်လူမျိုးသည် တိရစ္ဆာန်များကိုသတ်ရာတွင် သွေးကိုထုတ်ပစ်ပြီးမှ စားသည့်ဓလေ့မရှိချေ။ သွေးမထုတ်သည့်အသားကိုစားခြင်းသည် သွေးနှင့်ဆိုင်သော ယေဟောဝါ၏ပညတ်ချက်ကို တိုက်ရိုက်ချိုးဖောက်ရာရောက်သည်။ (ကမ္ဘာဦး ၉:၁၊ ၃၊ ၄; ဝတ်ပြုရာ ၁၇:၁၀-၁၂; တရားဟောရာ ၁၂:၂၃-၂၅) တတိယ၊ မှောက်မှားသည့်နတ်ဘုရားများကို ကိုးကွယ်သူတို့သည် မိတ်သဟာယစားသောက်ပွဲတွင် မစားသောက်မီ အစားအစာများကို ထုံးတမ်းစဉ်လာအရ ရုပ်တုများထံ ပူဇော်လေ့ရှိကြသည်။ ယေဟောဝါ၏အမှုထမ်းတို့သည် ထိုသို့ပြုလုပ်ကြမည်မဟုတ်။ (၁ ကောရိန္သု ၁၀:၂၀-၂၂ နှိုင်းယှဉ်။) နောက်ဆုံးအနေနှင့်၊ နေ့စဉ်ရက်ဆက် အဆီအအိမ့်ကိုစား၍ အရက်ယမကာကိုသောက်လျှင် လူငယ်များအတွက်မဆိုထားနှင့် အသက်အရွယ်မရွေး လူအားလုံးအတွက် ကျန်းမာရေးအကျိုးပြုမည်မဟုတ်။
၁၉။ ဟေဗြဲလူငယ်တို့သည် မည်သို့ ဆင်ခြင်နိုင်ဖွယ်ရှိသနည်း။ သို့သော် မှန်ကန်သည့်ဆုံးဖြတ်ချက် ချနိုင်ရန် သူတို့ကို အဘယ်အရာက ထောက်ကူခဲ့သနည်း။
၁၉ လုပ်သင့်သည့်အရာကို သိခြင်းသည် တစ်ကဏ္ဍ၊ ဖိအားပေးခြင်း သို့မဟုတ် သွေးဆောင်ခြင်းခံရစဉ်တွင် လုပ်သင့်သည်ကို သတ္တိရှိရှိလုပ်ခြင်းသည် အခြားတစ်ကဏ္ဍဖြစ်သည်။ ဒံယေလနှင့် သူ၏မိတ်ဆွေသုံးဦးအနေဖြင့် မိမိတို့သည် မိဘဆွေမျိုးများနှင့် အနေဝေးသောကြောင့် မိမိတို့လုပ်သည့်အရာကို သူတို့ သိမည်မဟုတ်ဟု တွက်ဆကြပေမည်။ ရှင်ဘုရင်၏ အမိန့်တော်ဖြစ်သည့်အပြင် အခြားရွေးချယ်စရာ မရှိဟူ၍လည်း ဆင်ခြင်ကြပေမည်။ ၎င်းပြင် အခြားလူငယ်များသည် ၎င်းအစီအစဉ်ကို ရှောရှောရှူရှူလက်ခံ၍ ပါဝင်ရခြင်းကို အခက်အခဲတစ်ခုအဖြစ် ယူဆမည်မဟုတ်ဘဲ အခွင့်အရေးတစ်ရပ်အဖြစ် ယူဆကြမည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော် ဤကဲ့သို့မှားယွင်းသော အတွေးအခေါ်သည် လူငယ်အများအတွက် ကျော့ကွင်းဖြစ်သည့် လျှို့ဝှက်စွာ အပြစ်ကျူးလွန်ခြင်း အန္တရာယ်ချောက်ပေါက်ထဲသို့ ကျရောက်စေနိုင်သည်။ ၎င်းဟေဗြဲလူငယ်တို့က “ထာဝရဘုရား၏ မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ” ကြောင်း၊ “ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူ” မည်ဖြစ်ကြောင်းကို သိရှိထား၏။ (သုတ္တံ ၁၅:၃; ဒေသနာ ၁၂:၁၄) ဤသစ္စာရှိ လူငယ်များ၏လမ်းစဉ်မှ ကျွန်ုပ်တို့အားလုံး သင်ခန်းစာယူကြပါစို့။
ရဲစွမ်းသတ္တိနှင့် မဆုတ်မနစ်သောဇွဲ ဆုချခံရ
၂၀၊ ၂၁။ ဒံယေလသည် မည်သို့ပြုမူလုပ်ဆောင်သနည်း။ အဘယ်ရလဒ် ရရှိသနည်း။
၂၀ ဖောက်ပြန်ယိုယွင်းသည့် ဩဇာများကိုတွန်းလှန်ရန် သန္နိဋ္ဌာန်ချပြီးနောက် ဒံယေလသည် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်လေ၏။ “မသန့်အောင် မပြုရစေရန် မိန်းမစိုးအုပ်ထံ [“မရမနေ၊” ကဘ] အခွင့်ပန်၏။” (ဒံယေလ ၁:၈ခ၊ သမ) ‘မရမနေ အခွင့်ပန်၏’ ဟူသောစကားသည် မှတ်သားလောက်ပေသည်။ သွေးဆောင်မှုများကို အောင်မြင်စွာ တွန်းလှန်လိုသော်လည်းကောင်း၊ အားနည်းမှုအချို့ကို အောင်နိုင်လိုသော်လည်းကောင်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်ရန် အများအားဖြင့် လိုအပ်ပေသည်။—ဂလာတိ ၆:၉။
၂၁ ဒံယေလ၏ကိစ္စ၌ မဆုတ်မနစ်သောဇွဲသည် အကျိုးဖြစ်ထွန်းခဲ့သည်။ “ဘုရားသခင် ပြုပြင်တော်မူသောအားဖြင့် မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနား” လေ၏။ (ဒံယေလ ၁:၉) ဒံယေလနှင့် သူ၏အဖော်တို့အတွက် နောက်ဆုံးတွင် အစစအရာရာ အဆင်ပြေသွားသည်မှာ သူတို့ ရုပ်ဆင်းလှ၍၊ ဉာဏ်ရည်ထက်၍ မဟုတ်ဘဲ ယေဟောဝါ၏ ကောင်းချီးကြောင့်ဖြစ်ပေသည်။ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဟူသော ဟေဗြဲစကားပုံကို ဒံယေလ မုချသတိရခဲ့ပေမည်။ (သုတ္တံ ၃:၅၊ ၆) ထိုဆုံးမစကားကို လိုက်နာခြင်းသည် အမှန်ပင် အကျိုးနပ်ပေသည်။
၂၂။ အဘယ် ယထာဘူတကျသည့် ကန့်ကွက်ချက်ကို မိန်းမစိုးအုပ်တင်ပြသနည်း။
၂၂ အစ၌ မိန်းမစိုးအုပ်က ကန့်ကွက်သည်– “သင်တို့အဖို့ အစားအသောက် စီမံတော်မူသော ငါ့သခင် ဘုရင်မင်းမြတ်ကို ငါကြောက်လှ၏။ သင်တို့သည် သက်တူရွယ်မျှသူ လူပျိုတော်တို့ထက် ရှေ့တော်တွင် အဘယ်ကြောင့် မျက်နှာညှိုးငယ် ရှိစေကြမည်နည်း။ ငါ၌ ဦးခေါင်းဖြတ်ဒဏ် ရာဇဝတ်သင့်မည်ကို စိုးရိမ်သည်။” (ဒံယေလ ၁:၁၀၊ သမ) ဤကန့်ကွက်ချက်နှင့် စိုးရွံ့မှုတို့သည် ယထာဘူတကျပေသည်။ ရှင်ဘုရင် နေဗုခဒ်နေဇာသည် အမိန့်တော်ဖီဆန်သူအား ချမ်းသာခွင့်ပေးမည်မဟုတ်သဖြင့် ရှင်ဘုရင်၏ ညွှန်ကြားချက်ကို ဆန့်ကျင်လျှင် မိမိ၏ “ဦးခေါင်း” ဘေးတွေ့မည်ဖြစ်ကြောင်း မိန်းမစိုးအုပ် နားလည်၏။ ဒံယေလ မည်သို့ပြုမည်နည်း။
၂၃။ မိမိလိုက်လျှောက်သည့် လမ်းစဉ်အားဖြင့် ထိုးထွင်းဉာဏ်နှင့် ဉာဏ်ပညာကို ဒံယေလ မည်သို့ပြသသနည်း။
၂၃ ဤနေရာတွင် ထိုးထွင်းဉာဏ်နှင့် ဉာဏ်ပညာ လိုအပ်လာသည်။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏” ဟူသောစကားပုံကို လူငယ်ဒံယေလ သတိရခဲ့ပေမည်။ (သုတ္တံ ၁၅:၁) ဒံယေလသည် မိမိ၏ခွင့်ပန်ချက်ကို အလျှော့မပေးဘဲ မရမက ဇွတ်အတင်း တောင်းဆိုခြင်းဖြင့် တစ်ဖက်သား အကျိုးနစ်နာစရာဖြစ်အောင် နှိုးဆွမည့်အစား ဤကိစ္စကို အသာထားလိုက်သည်။ အချိန်သင့်သည့်အခါ ‘အုပ်ထိန်းသူ’ ထံချဉ်းကပ်လေ၏။ ဤသူသည် ရှင်ဘုရင်ထံ တိုက်ရိုက်ရှင်းလင်းရန် တာဝန်မရှိသောကြောင့် အနည်းအကျဉ်း လိုက်လျောလိုသည့်သဘော ရှိပုံရသည်။—ဒံယေလ ၁:၁၁။
ဆယ်ရက်စမ်းသပ်ရန် အကြံပြု
၂၄။ အဘယ်စမ်းသပ်မှုပြုရန် ဒံယေလ အကြံပြုသနည်း။
၂၄ ဒံယေလက အုပ်ထိန်းသူအား စမ်းသပ်မှုပြုရန် ဤသို့အကြံပြုတင်ပြသည်– “အကျွန်ုပ်တို့ စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံး ပေး [၍] စမ်းပါ။ ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့် ပွဲတော်မှကြွင်းသောအစာကို စားသောက်သော လူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ အကျွန်ုပ်တို့ကို စီရင်တော်မူပါ။”—ဒံယေလ ၁:၁၂၊ ၁၃။
၂၅။ ဒံယေလနှင့် သူ၏အဖော်တို့အား ကျွေးမွေးသည့် “ဟင်းသီးဟင်းရွက်” တွင် အဘယ်အရာများ ပါဝင်ဖွယ်ရှိသနည်း။
၂၅ “ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ” ဆယ်ရက်ကြာ စားသောက်ပြီးနောက် သူတို့သည် အခြားသူတို့နှင့် ယှဉ်လိုက်သည့်အခါ “မျက်နှာညှိုးငယ်” သွားမည်လော။ “ဟင်းသီးဟင်းရွက်” ဟူ၍ပြန်ဆိုသည့် ဟေဗြဲစာလုံးမှာ အခြေခံအားဖြင့် “အစေ့” ဟူ၍အဓိပ္ပာယ်ရှိသည်။ ဘာသာပြန်ကျမ်းအချို့က ယင်းကို “ပဲသီး” ဟူ၍ပြန်ဆိုကြသည်။ အဓိပ္ပာယ်မှာ “(ပဲတောင့်ရှည်၊ ပဲစေ့၊ ပဲနီကလေး အစရှိသော) စားသုံးနိုင်သည့် ပဲမျိုးဝင် အစေ့အဆန်များ” ဖြစ်သည်။ ထက်အောက်စကားများက ၎င်းအစားအစာတွင် စားသုံးနိုင်သည့် အစေ့အဆန်ထက်မက ပါဝင်ကြောင်း ပြဆိုသည်ဟု ပညာရှင်အချို့က ယူဆကြသည်။ “ဒံယေလနှင့် သူ၏အဖော်တို့ တောင်းလျှောက်သည့်အရာမှာ ပွဲတော်စာမှ အသားများသော အဆီအအိမ့် အစားအစာမျိုးမဟုတ်ဘဲ သာမန်အများပြည်သူ စားသုံးနေကျ ရိုးရိုးဟင်းသီးဟင်းရွက်မျှသာ ဖြစ်သည်” ဟူ၍ ရည်ညွှန်းကျမ်းတစ်စောင်က ဖော်ပြသည်။ ထို့ကြောင့်၊ ဟင်းသီးဟင်းရွက်ဆိုရာ၌ ပဲအမျိုးမျိုး၊ သခွားသီး၊ ကြက်သွန်ဖြူ၊ တောကြက်သွန်ဥမြိတ်ရှည်၊ ပဲနီကလေး၊ ဖရဲမျိုး၊ ကြက်သွန်နီတို့နှင့် ချက်ပြုတ်သည့် အာဟာရကြွယ်ဝသော ဟင်းလျာများနှင့် သီးနှံအစေ့ အမျိုးမျိုးဖြင့်ပြုလုပ်သည့် ပေါင်မုန့်တို့ ပါဝင်နိုင်ပေသည်။ ဤသို့သောအစာကို အာဟာရဓာတ် ချို့တဲ့သည့်အစာအဖြစ် ယူဆကြမည်မဟုတ်။ အုပ်ထိန်းသူလည်း ဤအချက်ကို နားလည်ပုံရသည်။ သို့နှင့် “ဝန်ခံ၍ ဆယ်ရက် စုံစမ်းလေ၏။” (ဒံယေလ ၁:၁၄) ရလဒ်ကားအဘယ်နည်း။
၂၆။ ဆယ်ရက်ကြာ စမ်းသပ်မှု၏ရလဒ်ကား အဘယ်နည်း။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
၂၆ “ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည် ပွဲတော်မှကြွင်းသောအစာကို စားသောလူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ဖွံ့ဝလျက်ရှိ၏။” (ဒံယေလ ၁:၁၅) ဟင်းသီးဟင်းရွက်စားခြင်းက အသားစားခြင်းထက် ပိုကောင်းသည်ဟူသော သာဓကအဖြစ် ဤအဖြစ်အပျက်ကို မယူမှတ်သင့်ပေ။ ဓာတ်စာတစ်မျိုးမျိုးသည် ဆယ်ရက်အတွင်း သိသာထင်ရှားသည့်အကျိုး ဖြစ်ထွန်းဖို့ဆိုသည်မှာ မလွယ်ကူလှသော်လည်း ယေဟောဝါအဖို့မူကား ထိုမျှတိုတောင်းသည့်ကာလအတွင်း မိမိရည်ရွယ်ချက်ကို အထမြောက်စေနိုင်တော်မူ၏။ “ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ဟူ၍ ကိုယ်တော့်နှုတ်ကပါဌ်တော်ကဆို၏။ (သုတ္တံ ၁၀:၂၂) ဟေဗြဲလူငယ်လေးဦးသည် ယေဟောဝါအပေါ် အကြွင်းမဲ့ယုံကြည်ကိုးစားကြသဖြင့် သူတို့ကို ကိုယ်တော် စွန့်ပစ်တော်မမူခဲ့ချေ။ ရာစုနှစ်များစွာလွန်ပြီးနောက် ယေရှုခရစ်သည် ရက်ပေါင်း ၄၀ အစာမစားဘဲ အသက်ရှင်နိုင်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်က တရားဟောရာ ၈:၃ တွင်တွေ့ရသည့် စကားများကို ကိုးကားခဲ့သည်။ ဤသို့ဖတ်ရသည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်။” ဤကိစ္စတွင် ဒံယေလနှင့် သူ၏မိတ်ဆွေတို့၏ အတွေ့အကြုံသည် အကောင်းဆုံးနမူနာ ဖြစ်ပေသည်။
ပွဲတော်စာနှင့် စပျစ်ရည်အစား ထိုးထွင်းဉာဏ်နှင့် ဉာဏ်ပညာ
၂၇၊ ၂၈။ ဒံယေလနှင့် သူ၏မိတ်ဆွေသုံးဦး စားသောက်သည့် အစားအစာသည် ရှေ့တွင်ရှိသည့် သာ၍ကြီးမားသည့် အရာများအတွက် သူတို့ကို အဘယ်နည်းများဖြင့် အသင့်ပြင်ဆင်ပေးသနည်း။
၂၇ ထိုဆယ်ရက်သည် အစမ်းသဘောသာဖြစ်၏၊ ရရှိသည့်ရလဒ်မှာ ယုံကြည်လက်ခံလောက်ပေသည်။ “ထိုအခါ စားတော်ကဲ [“အုပ်ထိန်းသူ၊” ကဘ] သည် သူတို့အစာကိုလည်းကောင်း၊ သူတို့သောက်ဖို့ စပျစ်ရည်ကိုလည်းကောင်း ရုပ်သိမ်း၍ ဟင်းသီးဟင်းရွက်နှင့်သာ ကျွေးမွေး၏။” (ဒံယေလ ၁:၁၆) လေ့ကျင့်ရေးအစီအစဉ်တွင်ပါဝင်သည့် အခြားလူငယ်တို့က ဒံယေလနှင့် သူ့အဖော်တို့ကို မည်သို့ထင်မြင်ကြမည်ကို နားလည်ရန်မခက်ပေ။ သူတို့အမြင်တွင် ရှင်ဘုရင်၏ ပွဲတော်စာကို ငြင်းပယ်၍ နေ့စဉ် ဟင်းသီးဟင်းရွက်စားခြင်းသည် အလွန် မိုက်မဲရာကျပေမည်။ သို့သော် ဤဟေဗြဲလူငယ်တို့အပေါ် များမကြာမီ ကြီးမားသည့် စမ်းသပ်စစ်ဆေးခြင်းများ ကျရောက်တော့မည်ဖြစ်ရာ သူတို့အနေဖြင့် နိုးကြားမှုနှင့် စိတ်တည်ငြိမ်မှုကို အစွမ်းကုန် စုစည်ထားရန်လိုအပ်သည်။ အရေးအကြီးဆုံးမှာ ယုံကြည်ခြင်း စမ်းသပ်မှုများကို ခံရပ်အောင်မြင်စေရန် ထောက်ကူပေးမည့်အရာမှာ ယေဟောဝါအပေါ်ထားရှိသည့် သူတို့၏ယုံကြည်ခြင်းနှင့် ကိုးစားခြင်းပင်ဖြစ်သည်။—ယောရှု ၁:၇ နှိုင်းယှဉ်။
၂၈ ဤလူငယ်တို့နှင့်အတူ ယေဟောဝါ ရှိတော်မူကြောင်း ဆက်လက်ပြောသည့်စကားများ၌ ထင်ရှားစွာ တွေ့မြင်နိုင်သည်– “ဘုရားသခင်သည် ထိုလူပျို လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာများကို သိစေခြင်းငှာ၊ ထိုးထွင်း၍နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း အမျိုးမျိုးသောရူပါရုံနှင့် အိပ်မက်များကို နားလည်နိုင်သောဉာဏ်ပညာနှင့် ပြည့်စုံ၏။” (ဒံယေလ ၁:၁၇၊ သမ္မာ) ရောက်လတ္တံ့သော ခက်ခဲသည့်ကာလများကို ရင်ဆိုင်နိုင်ရန် သူတို့သည် ကာယခွန်အားနှင့် ကျန်းမာရေးကောင်းဖို့ထက်မက လိုအပ်သည်။ “ဉာဏ်ပညာသည် သင့်နှလုံးထဲသို့ဝင်၍၊ အသိပညာကိုလည်း သင်နှစ်သက်သဖြင့် ဆိုးသောလမ်းမှ ကယ်လွှတ်သည့်ပြင်၊ . . . ပညာသတိသည် သင့်ကိုစောင့်ရှောက်၍ ဉာဏ်ပဠိဘာန်လည်း ကွယ်ကာစောင့်ထိန်းလိမ့်မည်။” (သုတ္တံ ၂:၁၀-၁၇၊ သမ) ရှေ့တွင် ရင်ဆိုင်ရမည့်စမ်းသပ်မှုများအတွက် အသင့်ဖြစ်စေရန် သစ္စာရှိလူငယ်လေးဦးအား ယေဟောဝါ ပေးတော်မူသည့်အရာများမှာ ဤအရာတို့ပင်ဖြစ်သည်။
၂၉။ ဒံယေလသည် ‘ရူပါရုံနှင့် အိပ်မက်အမျိုးမျိုးကို’ နားလည်နိုင်စွမ်း အဘယ်ကြောင့်ရှိသနည်း။
၂၉ ဒံယေလသည် “အမျိုးမျိုးသောရူပါရုံနှင့် အိပ်မက်များကို နားလည်နိုင်သောဉာဏ်ပညာနှင့် ပြည့်စုံ၏” ဟုကျမ်းစာကဆို၏။ သူသည် စိတ်နယ်လွန် တန်ခိုးရှင်တစ်ဦးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ စိတ်ဝင်စားဖွယ်မှာ ဒံယေလသည် ကြီးမြတ်သော ဟေဗြဲပရောဖက်တစ်ဦးအဖြစ် မှတ်ယူခြင်းခံရသော်လည်း “အချုပ်အခြာအာဏာပိုင်သခင် ယေဟောဝါ မိန့်တော်မူသည်ကား၊” သို့မဟုတ် ”ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူသည်ကား” ဟူသောကြွေးကြော်ချက်မျိုး ကြွေးကြော်ရန် မည်သည့်အခါမျှ မှုတ်သွင်းခြင်းမခံခဲ့ရပေ။ (ဟေရှာယ ၂၈:၁၆၊ ကဘ; ယေရမိ ၆:၉) သို့သော်လည်း ဒံယေလသည် ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကြောင့်သာ ယေဟောဝါ၏ရည်ရွယ်ချက်ကို ဖွင့်ပြသည့် ရူပါရုံနှင့် အိပ်မက်များကို နားလည်၍ အနက်အဓိပ္ပာယ် ဖွင့်နိုင်ခြင်းဖြစ်သည်။
နောက်ဆုံး၌ အရေးအကြီးဆုံး စမ်းသပ်မှု ရောက်လာ
၃၀၊ ၃၁။ ဒံယေလနှင့် သူ၏အဖော်တို့ ရွေးချယ်သည့်လမ်းစဉ်သည် သူတို့အဖို့ အကျိုးရှိကြောင်း မည်သို့ထင်ရှားသနည်း။
၃၀ သုံးနှစ်ကြာ ပြန်လည်ပညာသင်ကြားခြင်းနှင့် လေ့ကျင့်မွမ်းမံခြင်း ပြီးဆုံးသွားသည်။ ၎င်းနောက် အရေးအကြီးဆုံး စမ်းသပ်မှု—ရှင်ဘုရင်ထံ ကိုယ်တိုင်ဝင်ရောက် တွေ့ဆုံခြင်း—ရောက်လာသည်။ “ရှေ့တော်သို့ သွင်းဆက်ရန် ချိန်းချက်သောနေ့တိုင်သော် မိန်းမစိုးအုပ်သည် လူပျိုတော်တို့ကို နေဗုခဒ်နေဇာမင်းထံ သွင်းဆက်” လေ၏။ (ဒံယေလ ၁:၁၈၊ သမ) မိမိတို့ မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ဤလူငယ်လေးဦး ပြသရမည့်အချိန်ပေတည်း။ ဗာဗုလုန်လူတို့၏ လမ်းစဉ်ကိုမလိုက်ဘဲ ယေဟောဝါ၏တရားတော်ကို စွဲကိုင်ခြင်းသည် သူတို့အတွက် အကျိုးဖြစ်ထွန်းပါသလော။
၃၁ “ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေးမေးမြန်းတော်မူပြီးလျှင် ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့်တူသောသူ တစ်ယောက်မျှမရှိသောကြောင့် သူတို့သည် အထံတော်၌ ခစားရသောအခွင့်အရာကို ရကြ၏။” (ဒံယေလ ၁:၁၉) လွန်ခဲ့သည့်သုံးနှစ်အတွင်း သူတို့၏လုပ်ရပ်သည် မှန်ကန်ကြောင်း အကြွင်းမဲ့ထင်ရှားခဲ့လေသည်တကား! သူတို့၏ယုံကြည်ခြင်းနှင့် မှားမှန်သိစိတ် ညွှန်ကြားသည့်အတိုင်း အစားအစာ ရွေးချယ်သတ်မှတ် လိုက်နာခဲ့ခြင်းသည် ရူးမိုက်သည့်လုပ်ရပ်မဟုတ်ပေ။ အသေးအမွှားဟု ထင်ရသည့်အရာများ၌ပင် သစ္စာရှိခြင်းအားဖြင့် ဒံယေလနှင့် သူ၏မိတ်ဆွေတို့သည် သာ၍ကြီးမြတ်သည့်အရာများဖြင့် ကောင်းချီးခံစားရကြ၏။ “အထံတော်၌ ခစားရသောအခွင့်အရာ” မှာလေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်သည့်လူငယ်အားလုံး ထားရှိခဲ့ကြသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ပေသည်။ ဤဟေဗြဲလူငယ်လေးဦးသာ ရွေးချယ်ခံရသူများ ဟုတ်မဟုတ် သမ္မာကျမ်းစာက မဆိုထားချေ။ မည်သို့ပင်ဆိုစေ၊ သူတို့၏သစ္စာရှိလမ်းစဉ်သည် သူတို့အဖို့ အမှန်ပင် ‘အကျိုးကြီးလှပေ၏။’—ဆာလံ ၁၉:၁၁။
၃၂။ ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့် အာဇရိတို့သည် ဘုရင့်နန်းတော်တွင် အမှုတော်ထမ်းရခြင်းထက် ကြီးမားသည့်အခွင့်အရေး ရရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၃၂ “အမှုအရေး၌ လိမ္မာကျွမ်းကျင်သောသူကို တွေ့ရှိသလော။ ထိုသူသည် . . . ဘုရင်မင်းရှေ့တော်၌ ရပ်နေခွင့် ရရှိလိမ့်မည်” ဟူ၍ကျမ်းစာကဆို၏။ (သုတ္တံ ၂၂:၂၉၊ သမ္မာ) ထို့ကြောင့် ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့် အာဇရိတို့ကို အထံတော်၌ခစားရန် နေဗုခဒ်နေဇာ ရွေးချယ်လိုက်ခြင်းဆိုသည်မှာ မင်းမှူးမတ်များအဖြစ် အမှုတော်ထမ်းခြင်းမည်၏။ ဤအဖြစ်အပျက်အားလုံးတွင် ဤလူငယ်များမှတစ်ဆင့်—အထူးသဖြင့် ဒံယေလမှတစ်ဆင့်—ဘုရားသခင့်ရည်ရွယ်ချက်၏ အရေးကြီးသော သွင်ပြင်လက္ခဏာများကို ထင်ရှားစေရန်အလို့ငှာ အခြေအနေကို ယေဟောဝါ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်သွားသည်ကို တွေ့မြင်နိုင်သည်။ နေဗုခဒ်နေဇာ၏ မင်းမှူးမတ်အဖြစ် ရွေးချယ်ခံရခြင်းသည် ဂုဏ်ယူစရာဖြစ်သော်လည်း အံ့ဖွယ်ကောင်းသောနည်းဖြင့် စကြဝဠာဘုရင်မင်းမြတ် ယေဟောဝါ၏ အသုံးတော်ခံရခြင်းသည် သာ၍ပင် ဂုဏ်ယူစရာဖြစ်ပေသည်။
၃၃၊ ၃၄။ (က) ဟေဗြဲလူငယ်များကို ရှင်ဘုရင် အဘယ်ကြောင့် အထင်ကြီးလေးစားသွားသနည်း။ (ခ) ဟေဗြဲလူငယ်လေးဦး၏ အတွေ့အကြုံမှ အဘယ်သင်ခန်းစာ ရယူနိုင်သနည်း။
၃၃ ဟေဗြဲလူငယ်လေးဦးအား ယေဟောဝါ ပေးသနားတော်မူသည့် ဉာဏ်ပညာနှင့် ထိုးထွင်းဉာဏ်တို့သည် နန်းတွင်း အတိုင်ပင်ခံနှင့် ပညာရှိအားလုံးတို့ထက် များစွာသာလွန်ကြောင်းကို နေဗုခဒ်နေဇာ များမကြာမီ တွေ့မြင်လိုက်ရသည်။ “ဘုရင်မင်း မေးစစ်သမျှသော ဉာဏ်ပညာနှင့် အသိပညာကို ထိုလုလင်တို့သည် နိုင်ငံတော်တွင် မှော်ဆရာ၊ ဗေဒင်ဆရာ ရှိသမျှထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။” (ဒံယေလ ၁:၂၀၊ သမ္မာ) ဤသို့ပင်ဖြစ်ရမည် မဟုတ်လော။ “မှော်ဆရာ၊ ဗေဒင်ဆရာ” တို့သည် ဗာဗုလုန်၏ လောကီပညာနှင့် အယူသီးသော အတတ်ပညာတို့ကို အားထားမှီခိုကြသော်လည်း ဒံယေလနှင့် သူ၏မိတ်ဆွေတို့မူကား အထက်မှသက်ရောက်သည့် ဉာဏ်ပညာကို အားကိုးယုံကြည်ကြသည်။ ဤပညာနှစ်ရပ်သည် နှိုင်းယှဉ်ဘက် မဟုတ်သကဲ့သို့ ယှဉ်ပြိုင်ဘက်လည်း မဟုတ်ပေ။
၃၄ ခေတ်ကာလတစ်လျှောက် အခြေအနေမှာ တကယ်တမ်း များစွာပြောင်းလဲခဲ့ခြင်းမရှိပေ။ ဂရိအတွေးအခေါ်နှင့် ရောမတရားဥပဒေ ခေတ်စားစဉ် စီ.အီး. ပထမရာစုအတွင်း တမန်တော်ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခြင်းခံရလေသည်– “လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား ‘ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏’ ဟုလာသတည်း။ တစ်ဖန်တုံ၊ ‘ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏’ ဟုလာသတည်း။ ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှ လူတို့၌ ဝါကြွားခြင်း မရှိစေနှင့်။” (၁ ကောရိန္သု ၃:၁၉-၂၁) ယနေ့၊ ကျွန်ုပ်တို့သည် လောက၏ ဖိတ်ဖိတ်တောက်သော မက်မောဖွယ်ရာ အသွင်အပြင်ကြောင့် အလွယ်တကူ ယိမ်းယိုင်ခြင်းမရှိစေရန် ယေဟောဝါ သင်ကြားပေးသမျှကို စွဲကိုင်ထားရန်လိုသည်။—၁ ယောဟန် ၂:၁၅-၁၇။
အဆုံးတိုင်အောင် သစ္စာရှိခြင်း
၃၅။ ဒံယေလ၏ အဖော်သုံးဦးအကြောင်း ကျွန်ုပ်တို့ မည်မျှသိရှိရသနည်း။
၃၅ ဟာနနိ၊ မိရှေလနှင့် အာဇရိတို့၏ ခိုင်ခံ့သောယုံကြည်ခြင်းကို ဒံယေလ အခန်းကြီး ၃ မှ ဒုရလွင်ပြင်ရှိ နေဗုခဒ်နေဇာ၏ ရွှေရုပ်တုနှင့် မီးပြင်းဖို စမ်းသပ်မှုတို့နှင့် ပတ်သက်သည့်အဖြစ်၌ အထင်အရှား ဖော်ပြထားသည်။ ဘုရားသခင်ကိုကြောက်ရွံ့သည့် ဤဟေဗြဲလူတို့သည် သေသည့်တိုင်အောင် ယေဟောဝါအပေါ် သစ္စာစောင့်ထိန်းခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ။ တမန်တော်ပေါလုက “ယုံကြည်ခြင်းအားဖြင့် . . . မီးအရှိန်ကိုငြိမ်းစေ” သူများအကြောင်း ရေးသားရာ၌ သူတို့ကို အသေအချာ ရည်ညွှန်းခဲ့သောကြောင့် ဤအကြောင်းကို ကျွန်ုပ်တို့ ကောင်းစွာသိကြသည်။ (ဟေဗြဲ ၁၁:၃၃၊ ၃၄) သူတို့သည် ယေဟောဝါ၏အမှုထမ်းများ ကြီးငယ်မဟူအတွက် ပြောင်မြောက်သော စံနမူနာဖြစ်သည်။
၃၆။ ဒံယေလသည် အဘယ်ထူးခြားသည့်အလုပ် ရရှိခဲ့သနည်း။
၃၆ ဒံယေလနှင့်စပ်လျဉ်း၍ အခန်းကြီး ၁ ၏နောက်ဆုံးပိတ်အခန်းငယ်က ဤသို့ဆို၏– “ဒံယေလသည် ကုရုမင်းကြီး နန်းစံပထမနှစ်တိုင်အောင် ရှိနေသတည်း။” ကုရုသည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်၌ ဗာဗုလုန်ကို ညတွင်းချင်း ဖြုတ်ချခဲ့ကြောင်း သမိုင်းကဖော်ပြသည်။ ဒံယေလသည် သူ၏ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကြောင့် ကုရုမင်း၏နန်းတော်တွင် ဆက်လက် အမှုတော်ထမ်းခဲ့သည်မှာ ထင်ရှားသည်။ စင်စစ်ဆိုလျှင် “ပေရသိ ရှင်ဘုရင်ကုရု နန်းစံသုံးနှစ်တွင်” ယေဟောဝါသည် ဒံယေလအား ထူးခြားသောအမှုတစ်ခုကို ဖွင့်ပြတော်မူခဲ့ကြောင်း ဒံယေလ ၁၀:၁ ကဆိုသည်။ အကယ်၍ ဒံယေလသည် ဘီ.စီ.အီး. ၆၁၇ ခုနှစ်တွင် ဗာဗုလုန်သို့ ခေါ်ဆောင်သွားခြင်းခံရစဉ်က ဆယ်ကျော်သက်တစ်ဦး ဖြစ်ခဲ့ပါမူ ထိုနောက်ဆုံးရူပါရုံကို ရရှိသည့်အချိန်တွင် သူသည် အသက် ၁၀၀ နီးပါးရှိနေပေမည်။ ယေဟောဝါ၏အမှုတော်ကို နှစ်ရှည်လများ သစ္စာရှိစွာ ထမ်းရွက်ခွင့်ရခြင်းသည် မင်္ဂလာရှိလှပေစွ!
၃၇။ ဒံယေလကျမ်း အခန်းကြီး ၁ ကိုသုံးသပ်ခြင်းမှ အဘယ်သင်ခန်းစာများကို ကျွန်ုပ်တို့ ရယူနိုင်သနည်း။
၃၇ ဒံယေလကျမ်း၏ ပထမအခန်းကြီးက သစ္စာရှိ လူငယ်လေးဦး ယုံကြည်ခြင်းစမ်းသပ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ခဲ့သည့်အကြောင်းထက်မက ဖော်ပြသည်။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို အထမြောက်စေရန် အလိုတော်ရှိသည့် မည်သူ့ကိုမဆို အသုံးပြုနိုင်ကြောင်း ဖော်ပြသည်။ ယေဟောဝါ ခွင့်ပြုတော်မူလျှင် ဘေးဆိုးကပ်ဆိုးဟုထင်ရသည့် အခြေအနေပင်လျှင် အကျိုးရှိသည့် ရည်ရွယ်ချက်ကို ဖြစ်မြောက်စေနိုင်ကြောင်း ဤမှတ်တမ်းက သက်သေထူသည်။ ၎င်းပြင် သေးငယ်သည့်အရာ၌သစ္စာရှိလျှင် ကြီးမားသည့်အကျိုး ရရှိစေနိုင်ကြောင်းကိုလည်း ဖော်ပြသည်။
အဘယ်အရာ သိမြင်ခဲ့သနည်း
• ဒံယေလနှင့် သူ၏ငယ်ရွယ်သည့် မိတ်ဆွေသုံးဦးတို့၏ နောက်ခံအကြောင်းနှင့် ပတ်သက်၍ မည်သို့ပြောနိုင်သနည်း။
• ဟေဗြဲလူငယ်လေးဦး၏ ကောင်းမွန်သော ပြုစုပျိုးထောင်ခြင်းသည် ဗာဗုလုန်တွင် မည်သို့စမ်းသပ်ခံရသနည်း။
• ဟေဗြဲလူငယ်လေးဦးအား သူတို့၏ ရဲစွမ်းသတ္တိရှိသော ရပ်တည်မှုအတွက် ယေဟောဝါ မည်သို့ဆုချတော်မူခဲ့သနည်း။
• ဒံယေလနှင့် သူ၏အဖော်သုံးဦးထံမှ ယေဟောဝါ၏ မျက်မှောက်ခေတ် အမှုထမ်းများ အဘယ်သင်ခန်းစာများ ရရှိနိုင်သနည်း။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]